Friday, October 26, 2018

ကြောက်ကြောက်နဲ့လုပ်ရမတဲ့လား(မျိုးမြင့်ချို)

0 comments
(ကြောက်ကြောက်နဲ့လုပ်ရမတဲ့လား)
လူဟာ ကြောက်စရာရှိကြောက်ရမှာပဲ။ အဲ့ဒါသွားပြီး မကြောက်နဲ့ပြောလို့မရသလို ကြောက်ရကောင်းလားလို့ အပြစ်ပြောလို့လည်း မဖြစ်ဘူး။ ကြောက်ရတာမှာလည်း ကိုယ်စီခိုင်လုံတဲ့အကြောင်းတွေရှိပါတယ်။ ကြောက်ရလောက်တဲ့အခြေအနေတွေရှိပါတယ်။

အဲ့သလိုပဲ လူမှာ လုပ်စရာတွေရှိတယ်။ လုပ်စရာရှိ လုပ်ရတာပါပဲ။ အဲ့ဒါသွားပြီး မလုပ်ရကောင်းလား သွားပြောလို့မဖြစ်သလို အပြစ်ဖို့လို့လည်းမဖြစ်ဘူး။ မလုပ်ရတာမှာလည်း မလုပ်လောက်တဲ့အကြောင်းတရားတွေ အခြေအနေတွေရှိပါတယ်။

ဒီနေရာမှာ ပြောချင်တာက အကြောက်အကြောင်းပါ။ ဟီရိသြတပ္ဗတို့ဘာတို့တွေတော့ တခြားလူတွေပြောကြပါစေ၊ ပြောလည်းပြောနေကြတာပါပဲ။ ဘာမှလည်း သိတ်ဆန်းတဲ့ကိစ္စမှမဟုတ်တာ။ စာရွတ်ပြလိုက်ပြီးတာပဲဟာ။ သတ္တိတွေ ဗျတ္တိတွေလည်း မဟုတ်ဘူး။ အဲ့ဒါတွေလည်း နေရာတကာမှာ ပြောသံကြားနေရတာပါပဲ။

ဒီနေရာမှာပြောချင်တာက လုပ်စရာအကြောင်းပါ။ အလုပ်(ဝင်ငွေရတဲ့)ကိစ္စပြောမှာ မဟုတ်ပါဘူး။ ကျနော်လည်း ဝင်ငွေရတဲ့အလုပ် လုပ်နေရတာပါပဲ။ အဲ့ဒီအလုပ်မျိုး လူတိုင်းလုပ်နေကြတာပါပဲ။ အဆန်းတကြယ်ဖြစ်စရာမှလည်း မရှိတာ။ အလုပ်မလုပ်ရင် ထမင်းက ဘယ်သူလာ အလကားတင်ကျွေးတာလိုက်လို့။

ဆိုတော့ လူဟာ ကြောက်တတ်တယ်။ လူမှာ လုပ်စရာတွေရှိတယ်။

လုပ်စရာမှာ ကြောက်စရာကောင်းမှန်း ကြိုသိရတာတွေလည်းရှိတယ်။ ဥပမာ စစ်အာဏာရှင်စနစ်အောက်မှာ သူ့သွားဆန့်ကျင်ရင် အဖမ်းခံရမယ် ထောင်ကျမယ် ဒီ့ထက်ပိုဆိုးရင် အသတ်ပါခံရမယ်။ ဒါက မလုပ်ခင်ကတည်းက ကြောက်စရာကောင်းမှန်း ကြိုသိနိုင်တာ။

နောက်တခုက လုပ်နေရင်းမှ ကြောက်စရာကောင်းမှန်းသိသွားတာမျိုးပါ။ ခုပြောချင်တာက မလုပ်ခင်ကတည်းက ကြောက်စရာကောင်းမှန်းကြို သိထားတဲ့အလုပ်အကြောင်းဖြစ်တော့ လုပ်နေရင်းကြောက်စရာဖြစ်လာတဲ့အလုပ်အကြောင်းကို ချန်ထားခဲ့ပါမယ်။

ပြန်ကောက်ရရင် လူဟာ ကြောက်တတ်တယ်။ လူမှာ လုပ်စရာတွေရှိတယ်။ လုပ်စရာတွေမှာ ကြောက်စရာမှန်းကြိုသိတာနဲ့ မသိတာရှိတယ်။

စစ်တပ်က အာဏာမှန်သမျှကိုင် သေနတ်ခါးထိုး ဓားမိုးအုပ်စိုးနေတုန်းက နိုင်ငံရေးခေါင်းဆောင်(ဆိုသူ)က သူ့နောက်လိုက်တွေကို တိုက်တွန်းတယ်။ “လူဟာကြောက်တတ်တယ်၊ ကြောက်ပေမယ့် မလုပ်လို့တော့ မဖြစ်ဘူး၊ ကြောက်ကြောက်နဲ့ပဲ လုပ်ရမယ်ဆိုပြီး“

အဲ့ဒီတိုက်တွန်းချက် အဲ့ဒီအသိအမြင် အကောက်အယူဟာ အန္တရာယ်အလွန်ကြီးတယ်။ မှားတယ်။ ကြောက်လည်း ကြောက်တတ်တယ်။ ကြောက်စရာကောင်းမှန်းလည်း ကြိုသိတယ်ဆိုရင် ဘာမှမလုပ်တာကောင်းတယ်။ အဲ့သလို ခေါင်းဆောင်ရဲ့စကားကို အဟုတ်မှတ်ပြီး ကြောက်ကြောက်တွေနဲ့ လျှောက်လုပ်တော့ တကယ့်ကျဉ်းထဲကျပ်ထဲ(စစ်ထောက်လှမ်းရေးစစ်ကြောရေးစခန်း)ရောက်တော့ ရိုက်ဖို့နေနေသာသာ ရွယ်တောင် မရွယ်ရသေးဘူး အူမချေးခါးမကျန် အိပ်သွန်ဖါမှောက် အကုန်ဖွင့်ချတော့တာပဲ။ ကိုယ့်လူတွေ ထိုးကျွေးပြီး ကိုယ်လွတ်ရုန်းတော့တာပဲ။ အဲ့လိုလုပ်တဲ့လူတိုင်း လွတ်သလားဆိုတော့ မလွတ်ဘူး။ ကိုယ်လည်းခံရ သူများလည်း ခံရ။ ကိုယ်နံမည်ပျက်တာပဲအဖတ်တင်တယ်။

နောက်တခုတွေးရမှာက အဲ့သလိုမျိုးအတွေးအခေါ်ကို နောက်လိုက်တွေခေါင်းထဲထည့်ပေးတဲ့(ခေါင်းဆောင်)ဆိုသူ။ စစ်အာဏာရှင်စနစ်မှာမှ မဟုတ်ဘူး။ ဘယ်စနစ်မှာဖြစ်ဖြစ် သူ့သွားဆန့်ကျင်ရင် ခေါင်းဆောင်ရော နောက်လိုက်ရော ခံကြရတာချည်းပဲ။ ခံကြရတာချည်းပဲဆိုလို့ အတူတူတော့မမှတ်နဲ့။ ခေါင်းဆောင်က အခံရသက်သာတယ်။ ခေါင်းဆောင်ဖြစ်မှုဆိုတာက သူ့ကို အကာအကွယ်ရထားစေတယ်။ သူ့ထိရင် မြည်လာမယ့်အသံတွေရှိတယ်။ ထွက်လာမယ့်စကားတွေရှိတယ်။ နောက်လိုက်ကို စစ်ကြောရေးမှာ ဒါမှမဟုတ် ထောင်ထဲမှာ သတ်ပလိုက် အသံ ဒီလောက်မထွက်ဘူး။ တချို့များ အသတ်သာခံသွားရရော ဘယ်သူ့ဆီက ဘာသံမှထွက်မလာဘူး။ ခေါင်းဆောင်ကြတော့ အထိန်းသိမ်းခံထားရတာတောင် စန္ဒယားမတီးရလို့၊ ရေဒီယို နားမထောင်ရလို့၊ နေ့စဉ်သတင်းစာ မဖတ်ရလို့၊ ကိုယ်ပိုင်ဆရာဝန်နဲ့ မတွေ့ရလို့၊ ရှေ့နေနဲ့ မတွေ့ရလို့၊ သားတွေမယားတွေနဲ့မတွေ့ရလို့ စတာတွေပါ အသံကျယ်ကျယ်လောင်လောင်ထွက်တယ်။

နောက်လိုက်တွေ အစာအငတ်ခံတိုက်ပွဲဝင်ပြီး ကျဆုံးသွားတာဖြစ်ဖြစ်၊ အာဏာပိုင်တွေက မသေ သေအောင် ဆေးကုမပေးပဲထားတာဖြစ်ဖြစ်၊ ထောင်တွင်း နိုင်ကျဉ်းရပိုင်ခွင့်တောင်းလို့ အရိုက်အနှက်ခံရ၊ ထောင်ပြောင်းခံရ၊ ဒေါက်ခြေကျဉ်းမိရလည်း အလွန်ဆုံးတော်ရိရော်ရိနဲ့ ပြီးပြီးပျောက်ပျောက် ပျက်ပျက်ပြယ်ပြယ်ဖြစ်ကြတာများတယ်။

ဆိုတော့ “ကြောက်လည်း ကြောက်ကြောက်နဲ့လုပ်ရမှာပဲ“ဆိုတဲ့ အယူအဆအမှားကို နောက်လိုက်တွေခေါင်းထဲထည့်ပေးရုံမက ကိုယ်တိုင်လည်း အဲ့ဒီအတိုင်းကျင့်သုံးခဲ့တဲခေါင်းဆောင်မျိုးဟာ စကားကို လက်လွတ်စံပယ်ပြော တရားလက်လွတ်ပြောသူဖြစ်သလို ကိုယ်ကြတော့ အခွင့်သာတာနဲ့ ကိုယ်လွတ်ရုန်းသူမျိုး (တွေ)ဖြစ်တတ်တယ်။ ကိုယ်လွတ်ရုန်းစရာမလိုအောင် အခြေအနေတွေ အခွင့်အရေးတွေရနှင့်ထားပြီးသူ(တွေ)လည်း ဖြစ်တတ်တယ်။

အဲ့ဒီခေါင်းဆောင်မျိုးဟာ ကျနော်တို့ သတိထားရမယ့်ခေါင်းဆောင်(တွေ)ပါပဲ။

ကျနော်လည်း ကြောက်တတ်တယ်။ ကြောက်ကြောက်နဲ့တော့ ဘာမှမလုပ်ဘူး။ ကြောက်ကြောက်နဲ့လုပ်သူတွေကိုလည်း အားမပေးဘူး။ အဲ့လိုတိုက်တွန်းတဲ့ ကိုယ်တိုင်လည်းကျင့်သုံးတဲ့ခေါင်းဆောင်မျိုးကိုလည်း အကြောင်းသိသွားတဲ့အခါ လမ်းခွဲခဲ့တယ်။

ကျနော်တို့ ကြောက်ရင် ဘာမှမလုပ်တာကောင်းတယ်။ မလုပ်ရင် ကိုယ်လည်းဒုက္ခမရောက်ဘူး။ သူများလည်း ဒုက္ခမပေးမိဘူး။ လုပ်ပြီဆိုရင်တော့ မကြောက်ပဲလုပ်မှဖြစ်မှာပါ။
မျိုးမြင့်ချို(အောက်တိုဘာ ၂၅၊ ၂ဝ၁၈)

0 comments:

Post a Comment