Saturday, October 27, 2018

ကိုယ်ပိုင်လက္ခဏာ နိုင်ငံရေး(ပြန်ဆိုသူ)Ko Htay Naing

0 comments
ကိုယ်ပိုင်လက္ခဏာ နိုင်ငံရေး

(လစ်ဘရယ်ဒီမိုကရေစီ ဒီတောင်ကို ကျော်နိုင်ပါ့မလား)
လွန်ခဲ့သော အနှစ် နှစ်ဆယ်ခန့်က ဖရန်စစ်ဖူကူယားမားသည် လစ်ဘရယ်ဒီမိုကရေစီစနစ် အောင်ပွဲခံပြီဟု ကြေညာခဲ့သည်။ ဒီကနေ့ သူ့စာအုပ်အသစ်တွင် ကိုယ်ပိုင်လက္ခဏာနိုင်ငံရေးကြောင့် ထိုစနစ် တစစီ ကြေမွလာခြင်းကို သူမြင်နေရကြောင်းပြောသည်။
ကိုယ်ပိုင်လက္ခဏာနိုင်ငံရေး (identity politics) ဆိုသည်မှာ နိုင်ငံရေးကို ကျယ်ကျယ်ပြန့်ပြန့်(စဉ်းစားရမည့်)အစား လူတို့အနေဖြင့် ၎င်းတို့၏ မျိုးနွယ်စု၊ လူမျိုးအုပ်စု၊ လိင်အုပ်စု၊ ဘာသာရေးတို့ကို အခြေခံသည့် နိုင်ငံရေးရပ်တည်ချက်ကို စွဲကိုင်လာကြခြင်းဖြစ်သည်။ ကိုယ်ပိုင်လက္ခဏာ နိုင်ငံရေးသည် လက်ဝဲ(အယူအဆ)၌ မြစ်ဖျားခံခြင်းဖြစ်သော်လည်း လက်ယာ၌ ပိုအစွမ်းပြသည်။ ဒေါ်နယ်ထရမ့်ကို ရွေးကောက်ခြင်း၊ ဥရောပသမဂ္ဂမှခွဲထွက်ရန် ဗြိတိန်၌ မဲနိုင်ခြင်းတို့ကို မီးထိုးပေးခဲ့သည်။

ကိုယ်ပိုင်လက္ခဏာနိုင်ငံရေး မျက်မှောက်ခေတ်တွင် အပြင်းထန်ဆုံးအင်အားတခုအဖြစ် မည်သို့ပေါ်ထွက်လာရသနည်း၊ လူ့အဖွဲ့အစည်း အနေဖြင့် ညီညွတ်မှုကို မည်သို့မည်ပုံ ပြန်လည်ရရှိနိုင်သနည်း စသဖြင့်တို့ကို The Economist မဂ္ဂဇင်းမှ မစ္စတာ ဖူကူယားမားအား မေးမြန်း ခဲ့ပါသည်။ စာအုပ်မှ ကောက်နုတ်ချက်ကိုလည်း အင်တာဗျူးအဆုံး၌ ထည့်သွင်းထားပါသည်။

မေး။ ။ ကိုယ်ပိုင်လက္ခဏာဆိုတာ နိုင်ငံရေးရဲ့အစိတ်အပိုင်းတခုလို အမြဲပါနေတာပါ။ ခုမှ ချက်ချင်းထပြီး ကိုယ်ပိုင်လက္ခဏာနိုင်ငံရေးဆိုပြီး ပြောနေကြတာလဲ။
ဖြေ။ ။ ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်း ဥရောပနဲ့ မြောက်အမေရိကနိုင်ငံရေးရဲ့ ပင်မဝင်ရိုးဟာ နေရာရွှေ့လာတယ်။ ၂ဝ ရာစု တခုလုံးနီးပါး နိုင်ငံရေး (မူ)ကွဲတယ်ဆိုတာ စီးပွားရေးမှာတန်းတူညီမျှဖို့ နိုင်ငံတော်က ဘယ်လောက်ဝင်စွက်မလဲဆိုတာနဲ့ ပုဂ္ဂလိကကဏ္ဍမှာ လူတဦးချင်းစီ(ရဲ့) လွတ်လပ်မှုကို ဘယ်လောက်ခွင့်ပြုမလဲဆိုတဲ့ကွဲပြားမှုသာ ဖြစ်တယ်။ ဒီကနေ့ နိုင်ငံရေးကတော့ ကိုယ်ပိုင်လက္ခဏာတွေ ထည့်ပြောတဲ့အပေါ် ဗဟိုပြုလာပြီ။ ဂလိုဘယ်လိုက်ဇေးရှင်းဆန့်ကျင်တဲ့ ပေါ်ပြူလစ်လှုပ်ရှားမှု ရှိလာတယ်။ စီးပွားရေးမညီမျှမှုတွေကြောင့်လည်းပါတယ်။ လူအုပ်စုလိုက် ရွေ့ပြောင်းမှုတွေ အကြီအကျယ်ဖြစ်လာတာကြောင့် မိရိုးဖလာတွေကို ခြိမ်းခြောက်လာခြင်းကြောင့်လည်းပါတယ်။
ဘရီဇစ်မှာ ထောက်ခံမဲပေးခဲ့သူတွေအနေနဲ့ ဒီလိုရွေးချယ်လိုက်တဲ့အတွက် စီးပွားရေးအရ ရလဒ်ဆိုးတွေဖြစ်လာမှာကိုသိပေမယ့် ဗြိတိသျှ ကိုယ်ပိုင်လက္ခဏာကိုကာကွယ်ဖို့က သူတို့အတွက် ပိုအရေးကြီးတယ်လို့ခံယူတယ်။ ဟန်ဂေရီ အမျိုးသားရေးအစိုးရဆိုရင်လည်း သူတို့ဟာ ခေတ်ဟောင်းက ဆိုဗီယက်နိုင်ငံကြီးနဲ့ အိုင်ဒီယော်လော်ဂျီကွဲပြားတာမှန်ပေမယ့် လစ်ဘရယ်ဂျာမနီနဲ့ ပူတင်ရဲ့ရုရှား ဘယ်သူနဲ့ ပိုတူသလဲဆိုရင် ရုရှားဖက်ကိုခံစားလို့ရတယ်။ ဥရောပ အမေရိကတလွှား တချိန်က လက်ဝဲပါတီတွေကိုထောက်ခံခဲ့တဲ့ လက်လုပ်လက်စား လူတန်းစားဟာ ခုတော့ ကိုယ်ပိုင်လက္ခဏာကိစ္စကိုအခြေပြုပြီး ပေါ်ပြူလစ် ပုန်ကန်သူတွေဆီကို ဘက်ပြောင်းသွားကြပြီ။

မေး။ ။ ခင်ဗျားစာအုပ်ထဲမှာ "(စနစ်ရဲ့ ပြဿနာတွေကို အစားပြန်ပေးတဲ့နည်းနဲ့) သက်သာအောင် ကုသပေးနေသူ သူကိုယ်တိုင် ခေတ်သစ် ကိုယ်ပိုင်လက္ခဏာနိုင်ငံရေး ကို ဝမ်းဆွဲဆရာမလုပ်ပြီး မွေးပေးလိုက်တယ်"ဆိုတာ ဘာကိုဆိုလိုတာလဲ။
ဖြေ။ ။ ခေတ်သစ် ကိုယ်ပိုင်လက္ခဏာရဲ့ နောက်ခံသဘောတရားက မိမိကိုယ်ကို လေးစားမှုအပေါ်မှာ တည်ဆောက်ထားတာ။ ဆိုလိုတာက အငုံ့စိတ်ထဲမှာ တခြားသူတွေက ကိုယ့်ကိုနှိမ်ချဆက်ဆံတာ၊ ဒါကို ဒေါသထွက်တာ၊ ဆန့်ကျင်တာ၊ လူတောမတိုးတာ (အသိအမှတ်အပြု မခံရတာ)တွေနဲ့ ရောပြွမ်းနေတယ်။ နှစ်ဆယ်ရာစုအလယ်ပိုင်းအရောက်မှာ ဘုန်းတော်ကြီးတွေ သင်းအုပ်ဆရာတွေအစား စိတ်ကုဆရာ တွေက လူတွေ မိမိကိုယ်မိမိယုံကြည်မှုရှိအောင် ကုသပေးနေသူတွေအဖြစ် ခေတ်စားလာတယ်။ ဒီလိုကုထုံးတွေက ကျောင်းတွေ၊ ဆေးရုံတွေ၊ လူမှုရေးလုပ်ငန်းတွေနဲ့ အစိုးရနယ်ပယ်ထိ လူ့အဖွဲ့အစည်းတွေအကြား ပျံ့နှံ့သွားတယ်။ ဒီလိုဖြစ်ခဲ့ရာမှာလည်း ၁၉၆ဝ ပြည့်နှစ်များက လူထုလှုပ်ရှားမှုတွေနဲ့ ဆက်စပ်နေတယ်။ အာဖရိကန်-အမေရိကန်(လူမည်း)တွေကို နေရာမပေးတာ၊ အမျိုးသမီးတွေ၊ လိင်တူချစ်သူတွေ စသဖြင့်တွေကို(သမားရိုးကျ ဘာသာရေးအဆောက်အအုံတွေက)နှိမ်ထားတာတွေနဲ့ ဆက်စပ်တယ်။ ဒီကနေ့ ကျနော်တို့ရင်ဆိုင်နေရတဲ့ တိုက်ပွဲတွေမှာ လူမျိုးအုပ်စု၊ ကျား/မ (ခွဲခြားမှု)၊ နှစ်သက်သလို လိင်ရွေးချယ်ခွင့် စသဖြင့်တွေ တောင်းဆိုလာကြတဲ့အခါကျတော့ ရုပ်ပိုင်းဆိုင်ရာအရင်းအမြစ်တွေ မပေးချင်တာထက် ဂုဏ်သိက္ခာအပွန်းမခံနိုင်တာက ပိုအရေးကြီးတာမျိုး ဖြစ်လာတယ်။

မေး။ ။ လစ်ဘရယ်ဒီမိုကရေစီ(ပုဂ္ဂလိကလွတ်လပ်ခွင့် အသားပေး)နဲ့ ကိုယ်ပိုင်လက္ခဏာနိုင်ငံရေး(အုပ်စုလိုက်ရပိုင်ခွင့် အသားပေး) သဟဇာတ ဖြစ်ရဲ့လား။
ဖြေ။ ။ မေးခွန်းက ဘယ်အုပ်စုကိုရည်ညွှန်းသလဲဆိုတာနဲ့ ဆိုင်တယ်။ စကော့တလန်၊ ကွိဘက်၊ ကက်တလိုနီယာဒေသများမှ လွတ်လပ်ရေး လှုပ်ရှားမှုတွေဟာ ဒေသအလိုက်ပြိုကွဲမှုတွေဖြစ်ပြီး အချုပ်အခြာပိုင် သီးခြားနိုင်ငံတွေအဖြစ် ဦးတည်တယ်။ ဒါပေမဲ့ နိုင်ငံအသစ်တွေဟာ တသီးပုဂ္ဂလအခွင့်အရေးကိုကာကွယ်မယ့် လစ်ဘရယ်ဒီမိုကရေစီတွေပဲ ပြန်ဖြစ်လာမှာ။ ဒီလိုပြိုကွဲမှုမှာ ဒီမိုကရေစီခြိမ်းခြောက်ခံရတာ မဟုတ်ဘူး။ ဒီမိုကရေစီကျကျ လမ်းခွဲကြဖို့တော့ လိုတာပေါ့လေ။

အခြားတဖက်မှာတော့ (ယဉ်ကျေးမှုကို ထိန်းသိမ်းတဲ့)တချို့လူမျိုးစုတွေကိုယ်၌က တသီးပုဂ္ဂလလွတ်လပ်ခွင့်ကို ချိုးဖောက်နေတာမျိုး ဖြစ်နိုင်တယ်။ ဥပမာ အနောက်တိုင်းက မူဆလင်မိသားစုမှာ သူတို့သမီးကို သူသဘောမကျသူနဲ့ အတင်းပေးစားတာမျိုး၊ အလုပ်လုပ်ခွင့် မပေးတာမျိုးရှိနိုင်တယ်။ ဒီနေရာမှာ ကျနော့်အမြင် အုပ်စုလိုက်ရပိုင်ခွင့်က တဦးချင်းရပိုင်ခွင့်ကို မတရားသဖြင့်ဖိနှိပ်လိုက်တယ်လို့ ထင်တာပဲ။ ဒီကိစ္စမျိုးမှာ လစ်ဘရယ်ဒီမိုကရေစီအနေနဲ့ အခြေခံစည်းမျဉ်းအရဆို တသီးပုဂ္ဂလဖက်ကနေ ရပ်တည်ရမှာပဲ။

မေး။ ။ ခင်ဗျားစာအုပ်မှာ "ယုံကြည်မှုအခြေခံ အမျိုးသားကိုယ်ပိုင်လက္ခဏာကို စွမ်းစွမ်းတမံ ပြန်လည်မြှင့်တင်ဖို့၊ လက်ဝဲလက်ယာ တိုက်ခိုက်မှုတွေကနေကာကွယ်ဖို့ လိုတယ်"လို့ ပါတယ်။ "ယုံကြည်မှုအခြေခံ အမျိုးသားကိုယ်ပိုင်လက္ခဏာ (creedal national identity)" ဆိုတာ ဘာလဲ။ လက်တွေ့ကျင့်သုံးရင် ဘာနဲ့တူသလဲ။
ဖြေ။ ။ ယုံကြည်မှုအခြေခံ အမျိုးသားကိုယ်ပိုင်လက္ခဏာဆိုတာ ဇီဝဗေဒထက်(တမျိုးသားလုံးရဲ့) တွေးခေါ်ယုံကြည်မှု စတာတွေကို အခြေခံတယ်။ ဇီဝအခြေခံကိုဥပမာပေးရရင် ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာအော်ဘန်ပြောတဲ့ "ဟန်ဂေရီ အမျိုးသားကိုယ်ပိုင်လက္ခဏာဆိုတာ ဟန်ဂေရီ အမျိုးအနွယ်ကို အခြေခံတယ်" ဆိုတာမျိုးပဲ။ ဒါက ကိုယ်ပိုင်လက္ခဏာကို သီးသန့်ပုံဖော်တာဖြစ်ပြီး ဟန်ဂေရီလူမျိုးမဟုတ်တဲ့ ဟန်ဂေရီမှာနေထိုင်ကြတဲ့ နိုင်ငံသားတွေကို ပ ထုတ်လိုက်တာ ဖြစ်တယ်။
ဆန့်ကျင်ဘက်ဆို ပြင်သစ်၊ အမေရိကမှာ ၂ဝ ရာစုနှောင်းပိုင်းမှာ ယုံကြည်မှုအခြေခံ အမျိုးသားလက္ခဏာ ဖြစ်ထွန်းလာတာကို ပြရမယ်။ ပြင်သစ်ကိုကြည့်ရင် လွတ်လပ်ခွင့်၊ သာတူညီမျှမှု၊ တူညီတဲ့ယုံကြည်ချက်ဆိုတဲ့စံတွေ ပြင်သစ်တော်လှန်ရေးကနေ ပေါက်ဖွားလာခဲ့တယ်။ ဒီစံတွေကို သစ္စာရှိတဲ့ မျိုးနွယ်၊ လူမျိုးစုမရွေး မည်သူမဆို ပြင်သစ်နိုင်ငံသား ဖြစ်နိုင်တယ်။ အမေရိကလည်း အလားတူပဲ။ ပြည်တွင်းစစ် ပြီးကတည်းက အမေရိကန်ကိုယ်ပိုင်လက္ခဏာဆိုတာ အခြေခံဥပဒေ၊ တရားဥပဒေအရ အုပ်ချုပ်မှု၊ လွတ်လပ်ရေးကြေညာစာတမ်းမှာ ထည့်သွင်းထားတဲ့သာတူညီမျှမှု စတာတွေကို သစ္စာရှိခြင်းလို့မြင်နိုင်တယ်။
အလိုလိုနေရင်း လူမျိုးပေါင်းစုံယဉ်ကျေးမှုဖြစ်လာတဲ့ ခေတ်ပေါ် လစ်ဘရယ်ဒီမိုကရေစီတွေဟာ ကျနော်ပြောတဲ့ ယုံကြည်မှုအခြေခံ (ကိုယ်ပိုင်လက္ခဏာ) ဖွံ့ဖြိုးလာအောင် လုပ်ရမယ်။ ဒါဟာ သွေးသားအခြေခံ အမျိုးသားကိုယ်ပိုင်လက္ခဏာနဲ့ ဆန့်ကျင်ဖက်ပဲ။ ဒါမှ သူတို့ ဒီမိုကရေစီအနေနဲ့(ဆက်လက်) ရှင်သန်နိုင်မယ်။

မေး။ ။ ကိုယ်ပိုင်လက္ခဏာနိုင်ငံရေးက မဲဆန္ဒရှင်တချို့ကို တိုးတက်ရေးသမားတွေလက်ထဲကနေ တွန်းထုတ်လိုက်ပြီလား။ ဒါဆို သူတို့မဲတွေ ဘယ်လိုပြန်ရနိုင်မလဲ။ လူနည်းစုတွေလည်း မနစ်နာအောင်ဆို ဘယ်လိုလုပ်မလဲ။
ဖြေ။ ။ ထရမ့်ထောက်ခံသူအမာခံတွေက လက်လုပ်လက်စား လူဖြူမဲဆန္ဒရှင်တွေပဲ။ သူတို့အနေနဲ့ ဒီမိုကရက်တစ်ပါတီဟာ လူနည်းစုအရေး၊ ပညာတတ်အမျိုးသမီးအရေး စတာတွေ ဦးစားပေးပြီး သူတို့ဖက်ကို အလေးအနက် လှည့်မကြည့်တော့ဘူးလို့ခံစားရတယ်။ နိုင်ငံတကာကို အလုပ်အကိုင်တွေစီးဆင်းသွားလို့ အလုပ်လက်မဲ့ဖြစ်ရတဲ့ကိစ္စတွေ အပါအဝင်ပေါ့။ ဥရောပက လက်လုပ်လက်စားမဲဆန္ဒရှင်တွေကို ကြည့်ရင်လည်း ဒီလိုပဲ။ ယဉ်ကျေးမှုပေါင်းစုံပေါ်လစီကိုထောက်ခံတဲ့ လက်ဝဲပါတီတွေကို သူတို့စွန့်ခွာလိုက်တာ။ သူတို့မဲတွေပြန်ရဖို့ ဖြစ်နိုင်ပါသေးတယ်။ ဘောင်ကျဉ်းထဲကနေ အကျိုးစီးပွားအခြေခံလူတစုရဲ့ ထောက်ခံမှုလောက်နဲ့လုပ်နေမယ့်အစား စီးပွားရေးနဲ့ပတ်သက်လို့ ကျယ်ကျယ်ပြန့်ပြန့် ဆွဲဆောင်နိုင်ဖို့လိုတယ်။
မညီမျှမှုတွေကိုဖြေရှင်းဖို့ဆို အိုဘားမားရဲ့ ဆင်းရဲချမ်းသာမရွေးအကျုံးဝင်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုဥပဒေလိုဟာမျိုး လူမျိုး၊ ကျား/မ၊ သန်စွမ်းမှု၊ နိုင်ငံရေးအရောင် ဘာကိုမှကြိုတင်ခွဲခြားမထားတဲ့ဥပဒေမျိုး လိုအပ်တယ်။ တိုးတက်ရေးသမားတွေ နောက်တခု သတိထားဖို့က မျိုးချစ်စိတ်ဆိုတာ လက်ယာသမားတွေရဲ့ကိုယ်ပိုင်ပစ္စည်း ဖြစ်သွားတဲ့အထိ လက်လွတ်ခွက်ကျွတ် လွှတ်မပေးဖို့လိုတယ်။ ဒုက္ခသည်တွေကို သနားစိတ်ကြောင့် တည်ဆဲလူဝင်မှုဥပဒေတွေကို လျစ်လျူရှုတာမျိုးမလုပ်မိဖို့ လိုတယ်။
+++++++++++++++++++++
အောက်ပါ စာပိုဒ်များမှာ Identity: The Demand for Dignity and the Politics of Resentment စာအုပ်မှ ကောက်နှုတ်ချက် ဖြစ်ပါသည်။

ဒေါ်နယ်ထရမ့်ကို အိမ်ဖြူတော်အရောက်ပို့ခဲ့သော၊ ဗြိတိန်ကို ဥရောပမှခွဲထုတ်ခဲ့သော အမျိုးသားရေးဝါဒ၏ တွန်းအားများအနက်မှ အကြီးဆုံး ဖြစ်နိုင်ချေတခုမှာ (လက်လုပ်လက်စား လူဖြူများအနေဖြင့်) လူ့အဖွဲ့အစည်း၌ နေရာမရ (ပျောက်ကွယ်နေပြီ)ဟု ထင်မြင်နေခြင်းပင်။ ဝစ္စကင်ဆင်နှင့်လူဝီစီယားနား ပြည်နယ်များမှ ကွန်ဆာဗေးတစ်မဲဆန္ဒရှင်များအား လတ်တလောကောက်ယူခဲ့သည့် ကတ်သရင်း ကရေမားနှင့် အာလီဟော့စ်ချိုင်းတို့၏စစ်တမ်းက ထိုမကျေနပ်မှုများကို ညွှန်ပြသည်။ ဝစ္စကင်ဆင်ပြည်နယ်တွင် တောနယ်လယ်သမားအများစုက ရီပတ်ဘလစ်ကင်အုပ်ချုပ်ရေးမှုး စကော့ဝေါကာ (အငြင်းပွားဖွယ်ရာ တောကြိုက်ပေါ်လစီများဖြင့်ထင်ရှားသူ)ကို အကြီးအကျယ် ထောက်ခံသည့်ဖြစ်ရပ်က ပြည်နယ်မြို့တော် မက်ဒီဆင်နှင့် အခြားမြို့ကြီးများမှ အထက်တန်းလွှာများအနေဖြင့် တောသူတောင်သားများ အပေါ် နားမလည်ကြောင်း၊ ၎င်းတို့၏ပြဿနာများကို အလေးမထားကြောင်း ထင်ဟပ်သည်။ ကရေးမား၏စစ်တမ်းမှ ဖြေဆိုသူတဦး၏ စကားအတိုင်းဆိုလျှင် "ဝါရှင်တန်ဒီစီဆိုတာ သီးခြားမင်းမူနေတဲ့ တိုင်းပြည်တခုပါ။ တိုင်းပြည်အရပ်ရပ်မှာ ဘာဖြစ်နေလဲ ဘာမျှမသိဘူး။ သူတို့ချက်ကို သူတို့ ငုံ့ကြည့်ရင်း အလုပ်ရှုပ်နေကြတာ။ လစ်ဘရယ်သုံးသပ်သူတွေက ကျုပ်တို့လို(တောသားတွေကို)နှာခေါင်းရှုံ့ကြတယ်။ ကျုပ်တို့က N-word (လူမည်းများကို မှိုချိုးမျှစ်ချိုးပြောသည့် စကားလုံး)မသုံးချင်ဘူး။ ဒါမျိုး မကြိုက်ဖူး။ ဒါပေမဲ့ လစ်ဘရယ်သမားတွေကပဲ ကျုပ်တို့အပေါ် R-word (Redneck - အမေရိကန်တောင်ပိုင်းမှ လူဖြူများတောသားများကို နှိမ်ချခေါ်ဝေါ်သည့်စကားလုံး) ဘာလို့သုံးသလဲ"
လူလတ်တန်းစားအဆင့်အတန်း ပျောက်ဆုံးမည်ကိုစိုးရိမ်သည့် ပုန်ကန်သူနိုင်ငံသားများက ၎င်းတို့၏ နေရာမရမှုအတွက် အပေါ်မှ အထက်တန်းလွှာ အီလိများကို လက်ညှိုးထိုးစွပ်စွဲကြသည်။ အောက်ခြေမှ ဆင်းရဲသားများကိုလည်း မျက်ရည်ချူသူ အခွင့်အရေးနှင့် မတန်သူများအဖြစ် စွပ်စွဲကြသည်။ "ဘေးဝဲယာမှ ဘဝတူ နိုင်ငံသားအချင်းချင်းကိုပင် မနှစ်မြို့ကြ။ ၎င်းတို့ ရင်ဆိုင်နေရသည့် ပြဿနာများ အတွက် (အောက်ခြေမှ)မထိုက်တန်သူများကို အပြစ်တင်ကြသည်။ ကျယ်ပြန့်သောလူမှုစီးပွားရေး၊ နိုင်ငံရေးအင်အားများကြောင့်ဟု မမြင်ကြ" ဟု ကရေးမားက ကောက်ချက်ချသည်။ ဟော့စ်ချိုင်းကမူ တင်စားချက်သရုပ်ဖော်တခုကို ပြောပြသည်။ လက်လုပ်လက်စား လူတန်းရှည်ကြီး အမေရိကန်အိပ်မက်ဟု စာကပ်ထားသည့် တံခါးပေါက်ရှေ့တွင် စိတ်ရှည်စွာဆောင့်ဆိုင်းနေစဉ် လူမည်းများ၊ အမျိုးသမီးများ၊ ရွှေ့ပြောင်း အခြေချလာသူများ ရုတ်တရက်ပေါ်လာကာ သူတို့ရှေ့မှ ဖြတ်ဝင်သွားကြသည်။ သူတို့ဖက်သို့လှည့်ကြည့်ဖော်ပင်မရသော အထက်တန်းလွှာ အီလိများက ထိုသို့ကူညီလိုက်ခြင်းဖြစ်သည်။ "ကိုယ့်မြေပေါ်မှာ တစိမ်းဆန်ဆန် ခံစားရတယ်။ တခြားသူတွေ ကိုယ့်ကို ကြည့်တဲ့အကြည့်က ကိုယ်မဟုတ်သလိုဘဲ။ ကိုယ့်ကိုယ်ကို သူများတွေမြင်မိဖို့၊ အသိအမှတ်ပြုဖို့တောင် အားထုတ်ရတယ်။ အသိအမှတ်ပြုခံရဖို့ဆိုတာ မထင်မရှား ဘဝကနေ သူများတွေ ကိုယ့်ကိုမြင်လာတဲ့အထိ။ ဒါပေမဲ့ ဒီဖြစ်စဉ်မှာ ကိုယ့်အမှားတခုမှမပါ။ ကိုယ်ရောင်ဖျောက်ထားတဲ့လမ်းတွေကို လျှောက်ရင်း နောက်ပြန်လျှောကျနေတယ်။"

အချို့လူများသည် စီးပွားရေးကျပ်တည်းမှုကို (ငွေကြေး အစရှိသော) အရင်းအမြစ်ချို့တဲ့ခြင်းဟုမယူဆဘဲ (ဂုဏ်သိက္ခာနှင့်ဆိုင်သော) ကိုယ်ပိုင်လက္ခဏာပျောက်ဆုံးခြင်းဟု မြင်ကြသည်။ တဦးတယောက် အလုပ်ကြိုးစားခြင်းကို ဂုဏ်ထူးတရပ်အဖြစ် ချီးမွမ်းသင့်သော်လည်း (မအောင်မြင်သည့်အခါ) ထိုဂုဏ် ပျောက်ဆုံးနေသည်။ တချို့သူများက စည်းမျဉ်းများကိုခုန်ပျံကျော်လွှားကာ အခွင့်အရေးများရသွားကြသည်။ ဝင်ငွေနှင့်အခြေအနေအကြားမှ ထိုချိတ်ဆက်မှုက အမျိုးသားရေးနှင့်ဘာသာရေး ရှေးရိုးဝါဒီများသည် လက်ဝဲဝါဒီများထက် စီပွားရေးနယ်ပယ် တိုင်းတာမှုတွင် အဘယ်ကြောင့် ဆွဲဆောင်မှုပိုအားကောင်းရသနည်းဆိုသောမေးခွန်းကို ဖြေကြားနိုင်သည်။

အမျိုးသားရေးဝါဒီများက လူတယောက်၏ စီးပွားရေးမအောင်မြင်မှုကို ကိုယ်ပိုင်လက္ခဏာပျောက်ဆုံးမှုအဖြစ် ဘာသာပြန် ပုံဖော်တတ် ကြသည်။ "သင်ဟာ ကြီးမြတ်တဲ့နိုင်ငံတော်ရဲ့ အမာခံပေါ့။ ဒါပေမဲ့ နိုင်ငံခြားသားတွေ၊ ရွှေ့ပြောင်းအခြေချလာသူတွေ၊ အသားထဲက လောက်ထွက်တဲ့ အထက်တန်းလွှာ အီလိတွေက သင့်ကိုချုပ်ကိုင်ပြီး နှိမ်ထားကြတယ်။ သင့်တိုင်းပြည်ကို သင်မပိုင်တော့ဘူး။ မွေးရပ်မြေမှာ သင့်ကို ဘယ်သူမှ ဂရုမစိုက်တော့ဘူး။" အလားတူပင် ဘာသာရေးဝါဒီမှလည်း ထိုသို့ ထပ်တူနီးပါးကျအောင် ပြောနိင်သည်။ "သင်ဟာ ကြီးမြတ်တဲ့ ယုံကြည်မှုခိုင်မာတဲ့လူ့အဖွဲ့အစည်းရဲ့ အမာခံဖြစ်တယ်။ ဒါပေမဲ့ မိစ္ဆာဒိဌိတွေရဲ့ ပုံဖျက်သမျှ ခံနေရတယ်။ ဒါဟာ သင့်ကို ဆင်းရဲစေရုံသာမက ဘုရားသခင်ကို စော်ကားတာလည်း ဖြစ်တယ်။ သင်ဟာ နိုင်ငံသားတွေအကြား မရှိမခြားနားဖြစ်နေပေမဲ့ ဘုရားသခင်ကတော့ မြင်ပါတယ်။"

ထို့ကြောင့် ကမ္ဘာအနှံ့ နိုင်ငံများအဖို့ လူဝင်မှုကိစ္စမှာ (လျစ်လျူရှုထား၍ မရသည့်) အာရုံကြောနာကြင်မှုတခု ဖြစ်လာခြင်းဖြစ်သည်။ လာရောက် အခြေချသူများကြောင့် အမျိုသားစီးပွားရေးကို အထောက်အကူ ပြုကောင်းပြုမည်။ ကုန်သွယ်မှုကဲ့သို့ပင် လူဝင်မှုကြောင့်ထွက်သည့် အမြတ်ကို အားလုံး စာရင်းချုပ်လိုက်မှ မြင်ရသည်။ သို့သော် လူ့အဖွဲ့အစည်းတွင်းမှ အုပ်စုအားလုံး ကိုယ်စီကိုယ်ငှ အမြတ်ရချင်မှရမည်။ သို့သော် လူဝင်မှုကိစ္စကို ယဉ်ကျေးမှုကိုယ်ပိုင်လက္ခဏာအပေါ် ခြိမ်းခြောက်သူအဖြစ် အမြဲလိုလို မြင်ရသည်။ အထူးသဖြင့် ယနေ့ခေတ် ဆယ်စုနှစ်များမှာကဲ့သို့ နယ်စပ်ဖြတ်ကျော်မှုများ အကြီးအကျယ်ရှိလာသည့်အခါ၌ ဖြစ်သည်။ စီးပွားကျဆင်းမှုကို လူမှုအဆင့်အတန်း ကျဆင်းခြင်းဟု အဓိပ္ပါယ်ကောက်ယူသည့်ခေတ်၌ ဤပြောင်းလဲမှု၌ လူဝင်မှုကိစ္စ အဘယ်ကြောင့် ကြားခံဖြစ်ရသည်မှာ အံသြဖွယ်ရာ မဟုတ်ချေ။

ဤသို့ဆိုသည့်တိုင် ယခုနှစ်များအတွင်း အမေရိကနှင့် ဥရောပမှ ကိုယ်ပိုင်လက္ခဏာ အမျိုသားရေးလက်ယာဝါဒီများအနေဖြင့် လက်ဝဲ ထောက်ခံသူများ၏မဲကို ရယူနိုင်ခြင်းအတွက် ကျေနပ်လောက်သည့်အဖြေ မရသေးပါ။ အစဉ်အလာအရ နည်းပညာအပြောင်းအလဲနှင့် ဂလိုဘယ်လိုက်ဇေးရှင်းတို့ကြောင့် စီးပွားရေးအဆစ်လွဲမှုများဖြစ်သည့်အခါ ပိုမိုကျယ်ပြန့်သောလူမှုဖူလုံရေး စသည့် အထောက်အပံ့များဖြင့် လက်တွေ့အဖြေပေးနိုင်သူမှာ လက်ဝဲအုပ်စုသာဖြစ်သည်။ ထို့ပြင် တိုးတက်ရေးသမားတို့အနေဖြင့် အတိတ်ကာလက ချမ်းသာသည့် အရင်းရှင်ကြီးများ၏အမြတ်ထုတ်မှုကို အတူပူးပေါင်းဆန့်ကျင်ခဲ့ကြသည်ဟူသော လူ့အသိုင်းအဝိုင်း ကိုယ်ပိုင်လက္ခဏာကို (ကိုယ်စားပြု) ဆွဲဆောင်နိုင်သည့်စွမ်းရည် ရှိခဲ့သည်မဟုတ်ပါလား။

"ကမ္ဘာ့အလုပ်သမားများ ညီညွတ်ကြလော့ .. Workers of the world, unite!”
"အညံ့မခံ ပြန်နှက်ကြစို့.. Stick it to the Man! "
စသည်တို့မှာ အထင်ကရ လက်ဝဲဆောင်ပုဒ်များ ဖြစ်ခဲ့သည်။ အမေရိကန်ပြည်ထောင်စု၌ လက်လုပ်လက်စားလူတန်းစားအနေဖြင့် ဒီမိုကရက်တစ်ပါတီကို "စာချုပ်အသစ်"ကာလ ၁၉၃ဝ ပြည့်နှစ်များမှသည် ရော်နယ်ရေဂင်ခေတ်အထိ အားတက်သရော ထောက်ခံ ခဲ့ကြသည်ပင်။ ဥရောပ ဆိုရှယ်ဒီမိုကရေစီဆိုသည်မှာလည်း ကုန်သွယ်ရေးသမဂ္ဂများ၊ လက်လုပ်လက်စားများ၏ညီညွတ်မှုကို အခြေပြုခဲ့သည်ပင်။


မျက်မှောက်ခေတ် လက်ဝဲသမားတို့၏ပြဿနာမှာ ကိုယ်ပိုင်လက္ခဏာကို အောင်ပွဲခံရန်အတွက်သာ ရွေးချယ်လာကြခြင်းဖြစ်သည်။ လက်လုပ်လက်စားလူတန်းစားနှင့် စီးပွားရေးဖိနှိပ်ခံတို့အကြား သွေးစည်းညီညွတ်ရေးတည်ဆောက်ရန် အားထုတ်ခြင်းအစား ပိုမိုသေးငယ်သည့် ဘေးရောက်နေသည့်အုပ်စုများကိုသာ တနည်းတဖုံ ဂရုစိုက်လာကြသည်။ ဤကား ခေတ်သစ်လစ်ဘရယ်ဝါဒ၏ ကံကြမ္မာ တစိတ်တပိုင်းပင် ဖြစ်တော့၏။ အုပ်စုတခုခုကိုသာ အထူးအာရုံစိုက်ရေးအသံများ တွင်ကျယ်လာသည့်အောက်၌ တန်းတူအသိအမှတ်ပြုရေး ကမ္ဘာလုံးဆိုင်ရာအခြေခံစည်းမျဉ်းသည်လည်း ဆွံ့အနှုတ်ပိတ်နေလေတော့သည်။
 (ပြန်ဆိုသူ)Ko Htay Naing
Ref:
- Can liberal democracies survive identity politics? The Economist - Open Future 30th September 2018.
- Excerpted from “Identity: The Demand for Dignity and the Politics of Resentment”. Copyright © 2018 by Francis Fukuyama.

0 comments:

Post a Comment