Tuesday, October 23, 2018

ဆရာများတာ ကောင်းတယ်(မျိုးမြင့်ချို)

0 comments
(ဆရာများတာ ကောင်းတယ်)
ဖေ့စ်ဘွတ်ခ်အပါအဝင် အင်တာနက်လူမှုကွန်ယက်တွေပေါ်လာတာ အလွန်ကောင်းတယ်။ လူတိုင်းဟာ မိမိတို့ အတွေးအမြင်အသိ ခံစားမှုတွေကို ဖော်ပြနိုင်လာကြတယ်။ လူတိုင်း စာရေးသူဖြစ်ဖို့ အခွင့်အလမ်းရလာတယ်။ ကိုယ့်စာကို ကိုယ်တိုင်တည်းဖြတ်သုတ်သင် ဖြန့်ချိခွင့်လည်း လူတိုင်းအညီအမျှရသွားကြတယ်။ အယ်ဒီတာတို့ ဆင်ဆာတို့လည်း ပျောက်ထွက်သွားတယ်မဟုတ်လား။ အမုန်းစကားကို ပါးပါးနပ်နပ် ပညာသားပါပါပြောတတ်ရင် ဇကာဘာ့ဂ်လည်း ဘာမှမတတ်နိုင်ပဲ လွတ်ထွက်လာတာတွေလည်း တွေ့နေရပါတယ်။ အနုပညာဆိုတာ ကြားခံပစ္စည်းမလို၊ ဖန်တီးသူနဲ့ခံစားသူ တိုက်ရိုက်ဆက်သွယ်မှုဖြစ်တယ်ဆိုတဲ့အတွေးအမြင်အယူအဆကို ပိုအားကောင်းလာစေတယ်။ စာရေးဆရာဆိုပြီး ဆရာဘွဲ့ကို ကိုယ့်ဘာသာခံယူထားပြီး သီးသန့်အလွှာလိုလိုလုပ်ထားတဲ့ အစွဲကိုလည်း ဖြုတ်ပေးလိုက်တယ်။

ပဒေသရာဇ်ခေတ်ကလို စာပေဆိုတာ ပညာဆိုတာ ပဒေသရာဇ်နဲ့ နန်းတွင်းအမှူးအမတ်တွေ ပညာရှိတွေရဲ့အရာလို့ လူထုနဲ့စာပေ ခြားထားတဲ့စည်းကလည်း ဗမာ့လူ့အဖွဲ့အစည်းမှာ ခုထိထူနေတုန်း မဟုတ်လား။ အဲ့ဒီစည်းကို ဆက်ထူနေစေ့ချင်သူတွေက အင်တာနက် လူမှုကွန်ယက်တွေရဲ့ကျေးဇူးကို သာဓုအနုမောဒနာခေါ်ရမယ့်အစား "လူတိုင်း စာရေးဆရာတွေဖြစ်ကုန်ပါပြီ" ဆိုပြီး ကိုယ့်နေရာပျောက်မှာ စိုးတဲ့လေသံနဲ့ အတိအလင်းထွက် သံကုန်ဟစ်ကြရပြီမဟုတ်လား။

ဗမာ့လူ့အဖွဲ့အစည်းမှာ ဆရာဆိုတာနဲ့ သာသောညာသောခွဲမနေတော့ပဲ အာစရိယဂုဏောအနန္တောချင်သူက များတယ်မဟုတ်လား။ ဆရာဆိုတာနဲ့ ပြောလိုက်မဟဲ့ ဟောလိုက်မဟဲ့ ဆုံးမချေချွတ်လိုက်မဟဲ့ဆိုတဲ့အခွင့်အရေးကို အမိအရယူလိုက်ကြတယ် မဟုတ်လား။ ခု ဒီအမူအကျင့်လည်း အင်တာနက်လူမှုကွန်ယက်တွေကြောင့် လုံးပါး ပါးလာတယ်မဟုတ်လား။

အနုပညာကို အတတ်ပညာကို အသိပညာကိုသာ တန်ဖိုးထားတဲ့ လူ့အစုအစည်းတွေမှာ ဆရာဆိုပြီး စင်ပေါ်တက် ငါ့စကားနွားရပြောတာတွေကို လက်မခံတတ်ကြပေမယ့် ဗမာပြည်မတော့ စာပေဝမ်းစာရှိရှိ မရှိရှိ၊ စာပေဖြတ်သန်းမှုဘဝရှိရှိ မရှိရှိရှိ၊ စာပေသမ္ဘာရှိရှိ မရှိရှိ စာလေးတပုဒ်တအုပ်ရေးပြီး(ရေးတဲ့စာ ဖန်တီးတဲ့အနုပညာကလည်း အနုပညာစံအရ တန်းဝင်ဝင် မဝင်ဝင်) နယ်ပယ်တခုခုကနေ(နိုင်ငံရေး၊ စီးပွားရေး၊ စစ်ဗိုလ်ဟောင်း၊ ရုပ်ရှင်မင်းသား မင်းသမီးစတာမျိုးတွေ) နံမည်အခံလေး ခြေကုပ်ယူပြီး စင်ပေါ်တက် ပြောနေဟောနေသူတွေ အနမတဂ္ဂဖြစ်နေလည်း အောက်ကနေ ရိုရိုသေသေထိုင် နာတတ်ကြတာမျိုးရှိတယ်မဟုတ်လား။ မဟုတ်လား။ ပညာရှင်အဖြစ် ရသ/သုတစာပေရေးသူ အဖြစ် တကယ်တတ်ပွန်နားလည်သူတွေကြားဝင်ပြီး ဆရာတဆူဂူတစ်လုံး လုပ်ချင်သူတွေလည်း အနေအစားမချောင်ကြတော့ဘူး မဟုတ်လား။ တို့သာ တွင်ကျယ်လိုက်မဟဲ့၊ တို့သာ စင်ပေါ်တက်လိုက်မဟဲ့ဆိုတဲ့ ထောင်လွှားမှုတွေလည်း တစတစ အရည်ပျော်ကြလာတယ်မဟုတ်လား။ ဆရာအမည်ခံတိုင်း လူကောင်းလို့ပြောလို့မရဘူးဆိုတဲ့အသိတွေလည်း ပိုသိလာကြတာမဟုတ်လား။ ဆရာဆိုတာ လူပါပဲဆိုတဲ့အသိလည်း ဝင်လာကြပြီမဟုတ်လား။

ကျနော်တို့သိထားဖို့က လူဟာ ဘယ်နေရာ ဘယ်အဆင့်အတန်းရထား ရထား သူသိထား တွေးထားမြင်ထား ဆင်ခြင်ထားတာထက်ပို မပြောနိုင်ဘူး၊ မရေးနိုင်ဘူး၊ မဖန်တီးနိုင်ဘူးဆိုတာပါပဲ။ သူ့စာတွေဖတ်ကြည့်ရင် သူ့အနုပညာတွေခံစားကြည့်ရင် သူ့ဗဟိဒ္ဓသဏ္ဍန်ဟာ ပျောက်ထွက်သွားတော့တယ်ဆိုတာပါပဲ။ ကျနော်တို့ မြင်အောင်ကြည့်တတ်ကြဖို့သာ လိုတာပါပဲ။ ကျနော်တို့ ကိုယ်ခံအားကောင်းကြဖို့ပါပဲ။

အင်တာနက်လူမှုကွန်ယက်တွေမှာ (စာရေး)ဆရာများပါတယ်။ ဆရာများတာ ကောင်းပါတယ်။ ဆရာရွေးခွင့် ပိုရကြပါတယ်။ သားဆိုတာ ဆရာမများလည်း သေလောက်တဲ့အကြောင်းရှိ သေတာပါပဲ။ ဆရာများတိုင်း သားသေတာမှမဟုတ်ဆိုတာကို ကျနော်တို့သိကြဖို့ပါပဲ။
အင်တာနက်လူမှုကွန်ယက်တွေ ဖြန့်ကျက်လိုက်လို့ ဆန့်ထွက်လာတဲ့ကောင်းကျိုးတွေထဲကတစ်ခုကို ချုံ့ပြီးမြင်ကြည့်တာပါ။
မျိုးမြင့်ချို (အောက်တိုဘာ ၂၃၊ ၂ဝ၁၈)
6

0 comments:

Post a Comment