Wednesday, October 31, 2018

တူတယ် ဒါပေမဲ့ မတူဘူး(မျိုးမြင့်ချို)

0 comments
(တူတယ် ဒါပေမဲ့ မတူဘူး)
ဟိုလူ့မုန်းတယ်၊ ဒီလူ့ကိုမချစ်ဘူး။ ဟိုလူတွေကိုတော့ သောက်မြင်ကပ်တယ်။ ဒီလူတွေကိုတော့ စိတ်ထဲမတွေ့ဘူး။ ဟိုလူမျိုးတွေကို ကြည့်မရဘူး။ ဒီလူမျိုးတွေ ကိုးကွယ်တဲ့ဘာသာကို မကြိုက်ဘူး စသည်ဖြင့်တွေ ပြောလို့ရတယ်။ ပြောလည်းပြောကြတယ်။ ကိုယ်လည်း ပြန်ပြောလို့ရတယ်။ အဲ့ဒါ ဥပဒေနဲ့မဆန့်ကျင်ဘူး။ အဲ့ဒါတွေဟာ အမုန်းစကားတွေ Hate Speech ဖြစ်တယ်။ အမုန်းတရား အမုန်းစကား ဖြန့်ချိမှုဖြစ်တယ်။ လူယဉ်ကျေးတွေက စက်ဆုပ်ရွံရှာတယ်။ လူသားဆန်ဆန်တွေးခေါ်မြော်မြင်မှုနဲ့ ဆန့်ကျင်ဘက်ဖြစ်တယ်။ လောကပါလ တရားနဲ့ မကိုက်ညီဘူး။ ဗြမ္မစိုရ်တရားနဲ့ ပြဒါးတလမ်းသံတလမ်းဖြစ်တယ်။

အဲ့ဒါတွေဟာ လူရဲ့ မတူခြားနားမှုတွေ ဖြစ်တည်မှုတွေအပေါ်မှာ ဘယ်လောက်အထိ စိတ်ရှည်သည်းခံတတ်သလဲ မတတ်သလဲ၊ ဘယ်လောက် လူကိုလူလို့မြင်တတ်သလဲ မမြင်တတ်သလဲ၊ ဘယ်လောက် ဆင်ခြင်တုံတရားနဲ့ တွေးခေါ်မြော်မြင်မှုရှိလဲ မရှိလဲ၊ ဘယ်လောက် လူသားဆန်တဲ့ အသိဉာဏ်ရှိလဲ မရှိဘူးလဲ၊ ဘယ်လောက် လူ့ကျင့်ဝတ်နဲ့အညီနေဖို့တွေးသလဲ မတွေးဘူးလဲ စတာမျိုးတွေအပေါ်မှာတည်ပြီး အဲ့ဒီလူရဲ့ အသိရေချိန်အနိမ့်အမြင့်ကို ဆုံးဖြတ်စရာကိစ္စတွေပဲဖြစ်ပါတယ်။

တယောက်ကတယောက်ကို၊ လူတမျိုးက တမျိုးကို၊ တဘာသာက တဘာသာကို ဝေဘန်ပုတ်ခတ်ပြောဆို ရေးသားလို့ရတယ်။ ရေးတာ ပြောတာ ဟောတာတွေလည်း လုပ်ကြပါတယ်။ အချက်အလက်မှန်ဖို့ အဖြစ်အပျက်မှန်ဖို့တော့ လိုပါတယ်။ မမှန်ရင် လီဆယ်လုပ်ကြံရင် ခံရသူဘက်က တရားဥပဒေလမ်းကြောင်းအရ သွားလို့ရတယ်။ တရားစွဲလို့ရတယ်။ ဥပဒေလည်းရှိတယ်။ ဆုံးဖြတ်ပေးမယ့် ခုံရုံးတွေရှိတယ်။ သူ့ဘက် ကိုယ့်ဘက် စောင့်ကြည့်နေတဲ့ မီဒီယာတွေရှိတယ်။ အခန့်မသင့်ရင် နိုင်ငံရေးကိစ္စအထိဖြစ်ပြီး လွှတ်တော်ထဲအထိ ရောက်သွား ပါတယ်။ အဲ့ဒါတွေကြောင့် ပေါ်လာရတဲ့ဥပဒေတွေနဲ့ စီရင်ထုံးတွေလည်း ရှိပါတယ်။

ဒီအထိ ဥပဒေကြောင်းအရကြည့်ရင် လူလူခြင်း အဆင့်အတန်းခွဲဆက်ဆံရာ မမြောက်သေးပါဘူး။

ဒါပေမဲ့ တရားဝင် ဝင်ရောက်နေထိုင်ကြသူတွေကို ဒီလူဟာ ဘာလူမျိုးမို့လို့၊ ဘာအသားအရောင်ရှိလို့၊ ဘာ ဘာသာကိုးကွယ်လို့၊ ဘယ်နိုင်ငံက ရောက်လာလို့၊ ဘယ် လူဝင်မှုအဆင့်အတန်း Immigrant Status နဲ့ရောက်လာလို့ သူတို့ကို အိမ်မငှားနိုင်ဘူးလို့ အိမ်ရှင်ကပြောလာရင်၊ သူတို့ကို ကားမရောင်းနိုင်ဘူးလို့ ကားပွဲစားကပြောလာရင်၊ စားပွဲထိုးမပေးနိုင်ဘူးလို့ ဆိုင်ရှင်ကပြောလာရင်၊ ပညာသင်ခွင့်မပေးနိုင်ဘူးလို့ ကျောင်းအုပ်ချုပ်ရေးကပြောလာရင်၊ မှတ်ပုံတင်နဲ့ယဉ်မောင်းလိုင်စင် Identity Card and Driver License မထုတ်ပေးနိုင်ဘူးလို့ သက်ဆိုင်ရာဌာနကငြင်းလာရင်၊ အမြဲတမ်းနေထိုင်ခွင်နဲ့နိုင်ငံသားဖြစ်ခွင့် Green Card and Naturalization Test ထုတ်မပေးဘူး ဖြေခွင့် မပေးဘူးလို့ လူဝင်မှုကြီးကြပ်ရေးဌာနကပြောလာရင်၊ အထက်/အောက်လွှတ်တော်အမတ် Senators and Congressmen တွေအဖြစ် ဝင်အရွေးခံခွင့်မပြုနိုင်ဘူးလို့ တရားရုံးတရုံးရုံးကပယ်ချလာရင် စတာမျိုးတွေလုပ်လာပြောလာရင်တော့ ဒါဟာ လူလူခြင်းခွဲခြားဆက်ဆံမှု Discrimination ဖြစ်သွားပြီ။ တရားဥပဒေနဲ့ဆန့်ကျင် Against the Law ဖြစ်သွားပြီ။ တရားစွဲလို့ရပြီ။ အရေးယူလို့ ရပြီ။

ဂျီနီဗာကွန်ဗင်န်းရှင်းအပါအဝင် အခြားနိုင်ငံတကာစာချုပ်စာတမ်းတွေ ကတိကဝတ်တွေနဲ့ ထောက်ကန်ထားတဲ့လူ့အခွင့်အရေးတွေကို မချိုးဖေါက်တဲ့အစိုးရဆိုလို့ ကမ္ဘာပေါ်မှာမရှိပါဘူး။ အနည်းနဲ့အများ၊ ကြီးကြီးနဲ့သေးသေး၊ သိသိသာသာနဲ့ မသိမသာလောက်ပဲကွာပါတယ်။ ဒီမိုကရေစီနိုင်ငံလို့ဆိုတိုင်း လူ့အခွင့်အရေး မချိုးဖေါက်ဘူးလို့များတော့ မထင်လေနဲ့။ တက်တက်စင်အောင် လွဲမှာပါ။ ဒါဆို ဘာထူးလဲ အစိုးရမှန်သမျှ အတူတူနဲ့အနူနူချည်းလို့ ပြောလာမယ့် စကားစွန်း ထွက်စရာရှိပါတယ်။ မတူပါဘူး။ ထူးပါတယ်။

 

ဒီမိုကရေစီနိုင်ငံတွေ၊ လူ့အခွင့်အရေးအာမခံချက်ရှိတဲ့နိုင်ငံတွေမှာ အစိုးရအဖွဲ့ဝင်တွေကပဲဖြစ်ဖြစ်၊ အစိုးရကတာဝန်ခံထားတဲ့ ဌာနတွေ အဖွဲ့အစည်းတွေကဖြစ်ဖြစ် လူ့အခွင့်အရေးချိုးဖေါက်တာကို အထောက်အထားအခိုင်အလုံနဲ့ပြနိုင်ရင် ချိုးဖေါက်သူကို ဖမ်းဆီးတယ်၊ အရေးယူတယ်၊ အပြစ်ပေးပါတယ်။ အမှုအတိမ်အနက်ပေါ်တည်ပြီး ပြစ်ဒဏ်အပြင်းအပြော့ပဲကွာပါတယ်။ (နောက်မှ သမ္မတလုပ်ပိုင်ခွင့်တို့ ဘာတို့ စတာတွေပေးပြီး သက်ညှာခွင့်နဲ့ ပြန်လွှတ်တွေက လွှတ်တာတပိုင်းဖြစ်ပါတယ်။ ဒါတွေကတော့ သီးသန့် ကျယ်ကျယ်ပြန့်ပြန့် ကျကျနနလေ့လာပြီးမှ တိတိကျကျရေးရမှာဖြစ်ပါတယ်)

စစ်အာဏာရှင်နိုင်ငံတွေ၊ စစ်အာဏာကြီးစိုးတဲ့နိုင်ငံတွေ၊ ဘာသာရေးလူမျိုးရေးဗန်းပြပြီး အမျိုးသားရေးအရေခြုံအာဏာရှင်နိုင်ငံတွေမှာ လူ့အခွင့်အရေး ချိုးဖေါက်သူဟာ အစိုးရကိုယ်တိုင်နဲ့ အစိုးရကတာဝန်ခံထားတဲ့ ဌာနတွေအဖွဲ့အစည်းတွေက အာဏာပိုင်တွေဖြစ်တယ်။ ဒါတွေကို အထောက်အထား ဘယ်လောက်ခိုင်လုံနေပါစေ၊ ဘယ်လောက် လူမြင်ကွင်းမှာဖြစ်နေပါစေ၊ ဘယ်လောက် ကြီးမားနေပါစေ အရေးယူလို့မရပါ၊ အပြစ်ပေးလို့မရပါ၊ လက်ဖျားနဲ့တောင် တို့မရပါ။ (တည်ဆဲဥပဒေတွေရှိသားပဲတို့၊ အရေးယူနေတာမတွေ့ဘူးလားတို့ ဘယ်လိုထုချေထုချေ ပြေမသွားပါဘူး။ ဒါတွေကိုလည်းပဲ သီးသန့် ကျယ်ကျယ်ပြန့်ပြန့် ကျကျနနလေ့လာပြီးမှ တိတိကျကျရေးရမှာပါ)

အဲ့ဒါ ဒီမနက် ဗမာပြည်က လူငယ်တယောက်က အမေရိကန်မှာလည်း လူတွေ တယောက်နဲ့တယောက်၊ လူတမျိုးနဲ့တမျိုး၊ တဘာသာနဲ့ တဘာသာ ပုတ်ခတ်ပြောနေကြတာပဲ မဟုတ်လား။ ဗမာပြည်နဲ့ ဘာထူးလို့လဲဗျ။ ဒိမိုကရေစီလည်း ပြောသေးတယ်။ လူ့အခွင့်အရေးလည်း ပြောသေးတယ်၊ သူတို့လည်း ဘာထူးလို့လဲလို့ ကြေးတမ်းတိုက်တာနဲ့ သူဖတ်မိလို့ နည်းနည်းလေးဖြစ်ဖြစ် တွေးစရာရအောင် အလွယ်ဆုံး ပြောပြတာပါ။

မျိုးမြင့်ချို(အောက်တိုဘာ ၃၁၊ ၂ဝ၁၈)

0 comments:

Post a Comment