Monday, April 8, 2019

(လူလုံးကွဲဖို့ပါခင်ဗျား) မျိုးမြင့်ချို

0 comments
(လူလုံးကွဲဖို့ပါခင်ဗျား)

ဒေါ်နယ်ထရမ့်ပ်က လွှတ်တော်ထဲနဲ့ လွှတ်တော်ပြင်ပမှာ မရှိဆင်းရဲသား လက်လုပ်လက်စားတွေအတွက် အရေးဆိုနေကြသူတွေကို ဆိုရှယ်လစ်တွေအတွက် အမေရိကားမှာနေရာမရှိဘူးဆိုပြီး ထိုးနှက်တိုက်ခိုက်ဝါဒဖြန့်လာတာကို ကျနော်တို့သေသေချာချာတော့ သုတေသနလုပ်ကြည့်ဖို့လိုမယ်ထင်တယ်ဗျ။

ခုက Anarchists and Anarchism ကလည်း တကြော့ပြန်လှုပ်ရှားရင်း အဆမတန်ကြီးထွားလာနေတယ်။ အပေါ်ယံကြည့်ရင် ကွန်မြူနစ်/ဆိုရှယ်လစ်နဲ့ မင်းမဲ့ဝါဒဟာ ဆင်သယောင်ယောင်တွေလည်း များပါတယ်။

ကားလ်မာ့က်စ်တို့ လီနင်တို့ပြောတဲ့ အစိုးရဟာတဖြည်းဖြည်းသွေ့ခြောက်ညှိုးလျှော်သွားမယ်။ လူတန်းစားမဲ့လောကရောက်သွားရင် လူတန်းစားမရှိတော့လို့ လူတန်းစားအာဏာကို ကိုယ်စားပြုသူ(အစိုးရ)လည်းမရှိတော့ဘူး ဆိုတာနဲ့ Anarchists တွေပြောတဲ့အစိုးရ“ “မင်းစိုးရာဇာမလိုဆိုတာနဲ့က အခြေခံကစ ကွဲပြားပါတယ်။ ဒါကို ကျနော်တို့ မြင်ကြသိကြမှာပါ။ (ကိုနေဦးဝေပြုစုတဲ့ ဂန္တဝင်မင်းမဲ့ဝါဒနဲ့ မော်ဒန်မင်းမဲ့ဝါဒစာအုပ်မှာ အတော်လေးရှင်းပြထားတာတွေ့ရမှာပါ)
ဆေးခြောက်ကိစ္စ၊ လိင်တူကိစ္စ၊ ကိုယ်ဝန်ဖျက်ချခွင့်စတာတွေအပါအဝင် တချို့(အခွင့်အရေး လွတ်လပ်ခွင့် လူမှုရေးတရားမျှတမှု စီးပွားရေးအရတန်းတူမှု)စတဲ့လှုပ်ရှားမှုတွေက Anarchists တွေ ဦးဆောင်တာဖြစ်ပါတယ်။ ခု ပြင်သစ်(ဥရောပတလွှားက Yellow Vest အပါအဝင်) တခြားလူတန်းစားမညီမျှမှု ကွာဟမှု လူနေမှုစရိတ်ကြီးမြင့်မှု လုပ်ခလစာ ကျန်းမာရေး လူမှုဖူလုံရေး စတဲ့လှုပ်ရှားမှုတွေဟာ Anarchists တွေ အဓိကလှုပ်ရှားကြတာပါ။ ကောင်းတဲ့ကိစ္စတွေပါ။ ဒါပေမယ့် သတိကြီးကြီးနဲ့ အကန့်အသတ်ထားပြီး ထောက်ခံတန်ထောက်ခံ အားပေးတန်အားပေးလုပ်ရမှာပါ။

မင်းမဲ့ဝါဒမှာက အဖွဲ့အစည်းမရှိ၊ ဦးဆောင်သူမရှိ၊ နိုင်ငံရေး(အာဏာ)ရည်မှန်းချက်ကမရှိဆိုတော့ တခုခုဆို လက်သည်ရှာရ မျက်စေ့လည်တတ်ပါတယ်။ ဘယ်သူဘယ်ဝါပါ ဘယ်အဖွဲ့အစည်းပါလို့ မယိုးသာပါဘူး။ သူတို့ဟာ နယ်ပယ်တိုင်းနေရာတိုင်းမှာ အလွယ်တကူ စိမ့်ဝင်ထိုးဖေါက်လှုပ်ရှာနိုင်စွမ်းရှိကြပါတယ်။ လူမှုရေး စီးပွားရေး တရားဥပဒေ လူ့အခွင့်အရေး လူမှုဖူလုံရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ လူ့ပုဂ္ဂလိကလွတ်လပ်ခွင့်၊ တကိုယ်ရည်ဧကစာရီကျင့်သုံးပိုင်ခွင့်၊ ဘာသာရေးလွတ်လပ်ခွင့်၊ လူမျိုးရေး ဘာသာရေးခွဲခြားမှုဆန့်ကျင်ရေး စတဲ့ အပြောလည်းကျယ် တကယ်လည်း ပြဿနာပေါင်းစုံတက် တကယ်လည်း အရေးဆိုဖို့လိုအပ်တဲ့နယ်ပယ်တိုင်းမှာ သူတို့ရှိပါတယ်။

အမေရိကန်မှာကျတော့ Anarchist တွေကို ယိုးစွပ်ပြစ်တင်တာမရှိပါဘူး။ Anarchism ဟာ အရင်းရှင်စနစ်ရဲ့ တကယ့်အခြေအမြစ်ကို ဘာအန္တရာယ်မှမရှိ ဘာဒုက္ခမှ မပေးနိုင်မှန်း ကောင်းကောင်းသိတဲ့အပြင် အရင်းရှင်စနစ်အတွက် အထောက်အကူတောင် ပြုတန်သလောက်ပြုတာမို့ တမင့်ကိုလွှတ်ပေးထားပါတယ်။ ဒီမင်းမဲ့ဝါဒီ(ခေါင်းဆောင်)တွေကိုပဲ ရာထူးအာဏာတွေပေးလိုက်ရင် အပြေးအလွှားလက်ခံယူပြိးအစိုးရ“ “မင်းစိုးရာဇာတက်လုပ်ကုန်ကြတာလည်း စပိန်၊ ပြင်သစ်၊ အီတလီစတဲ့နိုင်ငံတွေက ဒုတိယကမ္ဘာစစ်မတိုင်မီနဲ့ စစ်ပြီး နိုင်ငံရေးလောကတွေမှာတွေ့နိုင်ပါတယ်။ လိုအပ်လို့ ကွန်မြူနစ်/ဆိုရှယ်လစ်ကို တိုက်ရတော့မယ်ဆို ဒီလူတွေကိုထုတ်သုံးခဲ့တာချည်းပါဘဲ။
ဒီလူတွေအကြောကို ဓနရှင်လောကသားတွေသိပါတယ်။ မကြောက်ပါဘူး။ သူတို့ကြောက်တာက ကွန်မြူနစ်ဆိုရှယ်လစ်ပါ။ 

စစ်အေးပြီးသွားတော့ ဆိုဗီယက်(ကွန်မြူနစ်)နဲ့ လှည့်ခြောက်ပြီး အာဏာထိန်းထားဖို့ခက်လာပါတယ်။ ဒီတော့ တချိန်က သူတို့မိတ်ဆွေတွေ မဟာမိတ်တွေဖြစ်ခဲ့တဲ့ အစ္စလာမ်အစွန်းရောက်ဝါဒီတွေနဲ့ လှည့်ခြောက်ပြီး လူတွေကိုထိန်းရပါတယ်။ ဟိုလူတွေကလည်း တကယ့်ကို ခြောက်လှန့်သတ်ဖြတ်တာတွေ လုပ်ပါတယ်။ ဒါကို ပုံကြီးချဲ့ကောင်းနေတုန်း အမွှာမျှော်စင်ပြဿနာတက်ပါတယ်။ ဒီတင် War on Terrorism ဆိုပြီး ရန်သူရှာတွေ့သွားပါတယ်။ လူတွေကိုခြောက်ဖို့ တစ္ဆေရသွားပါတယ်။ အဲ့ဒီတစ္ဆေကိုင်ပြီး လျည့်ချောက်ရင်းက နေ သူလူလုပ်ခဲ့တဲ့မသမာမှုတွေ သူကျူးလွန်လိုက်တဲ့ ရက်စက်မှုတွေပါ တပါတည်းပွင့်ကျပြီး တိုင်းပြည်ဖြူကာပြာကာကျသလောက်ဖြစ်သါားပါတယ်။ လူထုဟာ War on Terrorism နွံမှာနစ်သွားပါတယ်။ နွမ်းပါးလိုက်လာပါတယ်။ ကြွေးမြီထူပြောလာပါတယ် အစိုးရဘတ်ဂျတ်တွေ ကြောက်ခမန်းလိလိကြီးလာပါတယ်။ လိုငွေတွေ မတရားပြလာပါတယ်။ လူမှုရေးမညီမျှမှုတွေ မတရားမှုတွေ တင်းကြမ်းဖြစ်လာပါတယ်။ အမေရိကန်ဒီမိုကရေစီ အမေရိကန်နှုန်းစံတန်ဖိုးတွေကို တည့်မတ်ထိန်းကျောင်းထားတဲ့ စည်းစနစ်တွေ ဗရမ်းဗတာနဲ့ ကဖြဲကရုန်းတွေဖြစ်လာပါတယ်။ တနွယ်ငင်တစင်ပါတွေရော ထရမ့်ပ်အစိုးရရဲ့ စနစ်တကျအကွက်ချ ဖန်တီးမှုတွေကြောင့် လူမျိုးရေး ဘာသာရေးစတဲ့ပြဿနာတွေလည်း မီးခိုးမဆုံးမိုးမဆုံးဖြစ်လာပါတယ်။
ဝေါစထရိကိုသိမ်းပိုက်ကြလို လှုပ်ရှားမှုတွေ ၉၉ နဲ့ တစ်တွေဖြစ်လာပါတယ်။ ပြောရရင်အများကြီးပါ။ အဓိက ကတော့ လူမှုရေး စီးပွားရေးမညီမှမှု မတရားမှုအခြေခံပြဿနာတွေပါ။ အရင်းရှင်စနစ်ကမွေးထုတ်ထားတဲ့ အရာတောပါ။ ဒါတွေ ကြီးထွားလာတာပါ။ ဒီတော့ ဒီအရေးတွေမှာ မင်းမဲ့ဝါဒီတွေက နေရာယူဦးဆောင်လာတာပါ။ လှုပ်ရှားမှုတွေ တနံတလျားဖြစ်လာတာပါ။

အမေရိကန်အခြေခံလူတန်းစားတွေဟာ(ဘုမသိဘမသိနဲ့)ကွန်မြူနစ်/ဆိုရှယ်လစ်ဆို အလွန်ကြောက်ပါတယ်။ တချို့တောနယ်တွေမှာ ခုထိ ဆိုဗီယက်က အနုမြူဗုံးလာကြဲမှာကြောက်လို့ ဗုံးခိုကျင်းတွေထဲ တလတခါ ရိက္ခာသစ်ရိက္ခာဟောင်း ဆေးဝါး ရေနဲ့ အနုမြူရန်ကာမျက်နှာဖုံးတွေ ဝယ်စုဝယ်လှောင် ပုံမှန်လဲလှယ်တာတွေလုပ်နေတုန်းလို့ပြောရင် ခင်ဗျား ယုံမှာမဟုတ်ပါဘူး။ ဒါပေမယ့် ဒါက ကျနော့် တကယ့်လက်တွေ့မျက်တွေ့ပါ။ ထားပါတော့လေ ဒီအကြောင်း နောက်ကြုံမှသတ်သတ်ပြောပါ့မယ်။

ခု လူမှု/စီးပွားမညီမျှမှုမတရားမှုတွေကိုတိုက်ရင်း မင်းမဲ့ဝါဒီတွေ ရှေ့တန်းရောက်လာပါတယ်။ လူတွေ(အခြေခံလူတန်းစားတွေ၊ အလုပ်သမားတွေ၊ ကျောင်းသားလူငယ်တွေ၊ ပညာတတ်တွေ)အတော်ကြီးကို ပါဝင်လှုပ်ရှားလာကြပါတယ်။ အားကောင်းလာပါတယ်။ ဒီတော့ အရင်းကြီးတွေနဲ့ ဓနရှင်ကြီးတွေရဲ့ကိုယ်စားလှယ်ဖြစ်တဲ့ ထရမ့်အစိုးရ အိနြေ္ဒ နည်းနည်းပျက်လာတာပါတယ်။ အာဏာအတွက် ကြောင့်ကြစရာမရှိပေမယ့် အစိုးရအတွက်မျက်နှာပူစရာ အရင်းရှင်ကြီးတွေအတွက် စိတ်လက်မကြည်သာစရာဖြစ်လာပါတယ်။

နိုင်ငံရေးသမားတွေထဲမှာလည်း လက်ဟောင်းထဲက ဘန်းနီဆင်န်းဒါးစ်တို့ လူသစ်တန်းထဲက အလက်ဇန်ဒရီယို အော့က်ကေဆီယိုကော့တက်ဇ်တို့ (တကယ်တမ်းက ဆိုရှယ်လစ်တွေမဟုတ်ကြပေမယ့်) အလွန်ရေပန်းစားလူကြိုက်များလာတဲ့အပြင် လွှတ်တော်တွေမှာ သူတို့တင်တဲ့အဆိုတွေနဲ့ လူထုအကြားသူတို့ အဟောအပြောတွေကလည်း လူအများစုကြီးရဲ့ စိတ်နှလုံးကို သိမ်းကြုံးနိုင်စွမ်းပါတယ်။ ဆိုရှယ်လစ်ဆန်ဆန်အပြောတွေလည်းရှိပါတယ်။

လူဆင်းရဲတွေအပေါ် စိတ်ကောင်းနှလုံးကောင်း စေတနာကောင်းလည်း တကယ်ရှိကြပုံပေါ်ပါတယ်။ အရှိန်တွေလည်း တော်တော်တက်လာ တော်တော်မြင့်လာပါတယ်။ ဒီတော့ ဒီနိုင်ငံရေးသမားတွေကိုရော သူတို့ကိုထောက်ခံနေတဲ့လှုပ်ရှားမှုတွေကိုရော အဲ့ဒီလှုပ်ရှားမှုတွေမှာ ထဲထဲဝင်ဝင်ပါနေတဲ့ မင်းမဲ့ဝါဒီတွေကိုရော ဟန့်ဖို့ အရှိန်တန်ဖို့ ဆက်တိုးမလာဖို့လုပ်ရပါတယ်။ မင်းမဲ့ဝါဒဆန့်ကျင်ပြီး သွားဟန့်ရင် ကိုယ့်အမြီးကိုပြန်နင်းမိမှာ ထရမ့်ပ်ကကောင်းကောင်းသိပါတယ်။ ဒီတော့ လူတကာသည်းခြေကြိုက်(တနည်းပြောရရင် ကြိုက်လုံးပစ်နိုင်ငံရေး Popular Politics)ဖြစ်တဲ့ ကွန်မြူနစ်/ဆိုရှယ်လစ်ဆန့်ကျင်ရေးနဲ့ ပွဲထွက်လာတာပါ။

ဒါကို ကျနော်တို့က အကဲဖြတ်မချော်မိကြဖို့ပါ။ ကျနော်တို့ အလေးအနက်ပြုပြီး အကန့်အသတ်နဲ့သတိကြီးကြီးထားပြီး ထောက်ခံတန်ထောက်ခံ အားပေးတန်အားပေး ဝန်းရံတန်ဝန်းရံကြဖို့ပါ။ ဆိုရှယ်လစ်တေါအားကောင်းလာညပီတို့ ဆိုရှယ်လစ်လှုပ်ရှားမှုတွေ မြင့်တက်ကျယ်ပြန့်လာပြီတို့ စတဲ့အမြင်မျိုးတွေကို ပြန်ဆန်းစစ်ကြဖို့ပါ။
မျိုးမြင့်ချို
ဧပြီ ၇၊ ၂ဝ၁၉

Sunday, April 7, 2019

(တူတော့လည်းတူလို့) မျိုးမြင့်ချို

0 comments

(တူတော့လည်းတူလို့)
ဘုရားနဲ့တူအောင်လုပ်လို့တဲ့။ ကြံကြံဖန်ဖန်ကွာ ဖမ်းမယ်ဆီးမယ် တရားစွဲမယ်ထောင်ချမယ်နဲ့။ ဆဲဟယ်ဆိုဟယ် ရုန့်ရင်းရိုင်းစိုင်းရယ်နဲ့တွေ တွေ့တော့ ထောင်ထဲတုန်း ကြားခဲ့တဲ့လူ (၂)ယောက်အကြောင်း ပြန်သတိရတယ်။ အဲ့လူ ၂ ယောက်က ကိုယ်နဲ့တော့တိုက်ရိုက်မဆုံခဲ့ စကားမပြောခဲ့ရပါဘူး။ သူတို့နဲ့ဆုံခဲ့အတူနေခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားတချို့ ခုထိရှိပါသေးတယ်။ စကားစပ်မိလို့ တဆင့်စကားတဆင့်နညးမေးကြည့်ရင် ပေါ်လာပါလိမ့်မယ်။ ကျနော်ကတော့ ဘယ်သူ့မေးကြည့်ဘာညာတော့ အရိပ်အမြွက်တောင်မပြောလိုပါ။ ဒီလိုပါ သူတို့ ၂ ယောက်က ဗုဒ္ဓဝဒီတွေမဟုတ်ကြပါ။ စာလည်းဟုတ်တိပတ်တိ မတတ်ကြပါ။ မတူတဲ့ဘာသာတခုကိုကိုးကွယ်တဲ့ လူမျိုးစုတစုက လူမျိုးစုဝင်တွေပါ။ မြစ်ဝကျွန်းပေါ်ဘက်မှာ သူတို့ဘာသာအတွက် သာသနာပြုတယ်လို့ဆိုပါတယ်။ သူတို့သာသနာက သာသနာကြီးပေမယ့် သူတို့က အဲ့ဒီပင်စည်ပင်မသာသနာကြီးထဲက ဂိုဏ်းပေါက်စလေးတခုလို့ဆိုပါတယ်။ သူတို့ဂိုဏ်းဝင်တချို့လောက်ကလွဲပြီး သူတို့ဂိုဏ်းအကြောင်း တခြားလူတွေမသိသလို သူတို့ရဲ့ ပင်စည်ပင်မ သာသနာထဲကလူတွေကလည်း သူတို့ဂိုဏ်းလေးကို အသိအမှတ်လည်းမပြု ကျဉ်လည်းကျဉ်ထားတယ်လို့ဆိုပါတယ်။ ဆိုတော့ ဘာသာကြီးထဲက ဘာမဟုတ်တဲ့ဂိုဏ်းပိစိကွေးလေးဆိုပါတော့။ သူတို့အဖမ်းခံရပြီး ထောင်ကျလာကြတာက သာသနာညှိုးနွမ်းစေမှု ပုဒ်မနဲ့ဖြစ်ပါတယ်။ ဂိုဏ်းဝင်သစ်တွေစည်းရုံး ဂိုဏ်းသားဟောင်းတွေကို တရားဟောရင်း ငရဲပြည်မှာ ဗုဒ္ဓမြတ်စွာနဲ့ ဗိုလ်ချုပ်အောင်ဆန်းကိုတွေ့ခဲ့တဲ့အကြောင်း ထည့်ပြောတယ်လို့ဆိုတယ်။ အဲ့ဒါနဲ့ဖမ်းပြီး သူတို့ဂိုဏ်းဟာတရားမဝင်ဂိုဏ်း ဘာညာတွေပါ ပါပြီး ထောင်ကျလာတယ်ပေါ့ဗျာ တိုတိုပြောရရင်။ ဘယ်နှနှစ်တွေကျလဲတော့ မမှတ်မိတော့ပါဘူး။

ဗုဒ္ဓမြတ်စွာနဲ့ပတ်သက်လို့ သူတို့ပြောတာတွေကို ဗုဒ္ဓရေးရာ ဓမ္မရေးရာနားလည်တဲ့ပုဂ္ဂိုလ်တွေကပြောကြတာကောင်းတာမို့ ထားလိုက်ပါ့မယ်။ နောက်တခုက ဒီ ဘာမဟုတ်တဲ့ လူ့ပမွှားတွေ ကိုယ့်ယုံကြည်မှုနဲ့ကိုယ်ပြောနေကြတဲ့အပေါ်မှာ ပညာတတ်တွေ အာဂလူတွေက အကဲဆတ်ပြီးထွန့်ထွန့်လူးဖြစ်တာတွေ မမြင်မကြားရတာလည်း စိတ်ချမ်းသစရာဖြစ်မှာပါ။

ဗိုလ်ချုပ်အောင်ဆန်းနဲ့ပတ်သက်လို့တော့ တွေးကြည့်မိဖူးတယ်ဗျ ဟိုတလောက ဗိုလ်ချုပ်မြင်းစီးရုပ်ကို စိတ်နောက်နေတဲ့ မိန်းမတယောက်က တက်ခွလို ဗိုလ်ချုပ်မျက်နှာ တန်ဆာနဲ့ပွတ်သလိုဖြစ်တယ်မှတ်လား။ နောက်တော့ အဲ့အရုပ်ကြီးကို ဒေသအစိုးရက တလျော်ကင်ပွန်းနဲ့ဆေးတယ်တဲ့ဗျ။ ဒါတောင် အရုပ်နော်။ ဒါတောင် ဟို စိတ်နောက်တဲ့မိန်းမက တကယ် ထမိန်လှန်ပြီး တကယ် မျက်ခွက်ပေါ်တက်ခွပြီး စိန်ပြေနပြေ ပယ်ပယ်နယ်ပွတ်တာ မဟုတ်သေးဘူးနော်။ ကြောက်ကြောက်နဲ့ ပြုတ်မကျအောင်ဖက်ရင်းက ထိမိထိရာထိမိတာ။ ဒေါ်စု အတိုင်ပင်ခံဖြစ်ပြီးမှ ဗမာပြည်မှာ ဗိုလ်ချုပ်အရုပ်ရူရောဂါက နေမြင့်လေအရူးရင့်လေဖြစ်လာတယ်။ ဒေါ်စုကလည်း လူတွေ အဲ့သလိုလုပ်နေကြတယကို ကြိတ်ပြီးကြည်နူးကျေနပ်နေပုံပဲ။ သာယာနေပုံပဲ။ ခုထိ သူ့နှုတ်ကထုတ်ပြီး တားတာမြစ်တာ ဟန့်တာပြုတာမလုပ်ဘူး။ ဆိုတော့ ခုလောက် အရူးရင့်နေချိန်ကြီး ဗိုလ်ချုပ်အောင်ဆန်းကိုငရဲမှာတွေ့တယ်ပြောတာနဲ့ မေမေ့သားတွေ အုပ်စုလိုက်ကြီးဝိုင်းပြီး အမဲဖျက်သလို တစစီများဖဲ့ကြမလားမဆိုနိုင်ဘူး။ တွေးရင်း အဲ့လူ ၂ ယောက် ကံကြီးပေလို့ ဗိုလ်ချုပ်အောင်ဆန်းက စစ်အုပ်စုကချောင်ထိုးထားချိန်၊ ဒေါ်စုလည်း အိမ်အကျယ်ချုပ်ကျနေချိန်၊ မေမေ့သားတွေလည်း ခုလို ဖနောင့်တကြွကြွဖြစ်မနေချိန်ကြီးမို့လို့။ ဘယ် နို့မို့ဆို မတွေးဝံ့စရာ။

ဂျီးဆပ်ခရိုက်(သခင်ယေရှု)နဲ့တူတဲ့လူကိုတော့ ခရစ်ယန်တွေက အလွန်သဘောကျတဲ့အပြင် လက်ကလေးမတာချတာကအစ မတူတူအောင် မနူးညံ့နူးညံ့အောင် မကြင်နာကြင်နာအောင် မသိမ်မွေ့သိမ်မွေ့အောင်တောင် ပြပေးပြောပေးပြီး စိတ်လက်ကြည်နူးချမ်းသာနေကြတာဗျာ။ ဂျီးဆပ်ခရိုက်လည်း ခရစ်ယာန်တွေအတွက်တော့ အတုမရှိ Peerless မဟုတ်ပါလား။
မျိုးမြင့်ချို
ဧပြီ ၆၊ ၂ဝ၁၉

တပ်ထဲက မြတ်ကိုကို အတွေးအခေါ်နဲ့ ဘယ်အဖွဲ့အစည်းကိုမှ မပြောင်းလဲစေနိုင်။ Hla Win ရေးသည်

0 comments
တပ်ထဲက မြတ်ကိုကို အတွေးအခေါ်နဲ့ ဘယ်အဖွဲ့အစည်းကိုမှ မပြောင်းလဲစေနိုင်။ Hla Win ရေးသည် - ကွယ်လွန်သွားပြီ ဖြစ်တဲ့ စာရေးဆရာသာဓုကို အပြစ်တင် ဝေဖန်ချင်၊ ပြောချင်လို့မဟုတ်ပါ။ အကြောင်းဆိုင်လို့ထည့်ပြောပါတယ်။
- သာဓုရဲ့တပ်ထဲက မြတ်ကိုကို - ဝတ္တုဟာ တချိန်က နာမည်ကြီးပါတယ်။ ကျောင်းသုံးစာအုပ်အဖြစ်တောင် ပြဋ္ဌာန်းခြင်းခံခဲ့ရပါတယ်။ စစ်တပ်ရဲ့ ချွတ်ယွင်းချက်ကို ဖော်ပြပါတယ်။ ဇာတ်လိုက်လုပ်သူက တပ်ပြုပြင်ပြောင်းလဲရေးစကားတွေ ပြောပါတယ်။ စစ်တပ်ရဲ့ အပေါ်ယံ ချွတ်ယွင်းချက်တွေကိုပဲ ပြောတာပါ။ အဲဒီချွတ်ယွင်းချက်တွေပြုပြင်ရေးပဲ ပြောတာပါ။ တပ်ထဲမှာလည်း ပြုပြင်ရေးအတွေးအခေါ် ရှိတန်သလောက် ရှိမှာပဲ။ သာဓုတို့လက်ထက်ကတည်းကစစ်တပ်ကြီး ခုအချိန်ထိ မိုက်တုန်း ဆိုးတုန်း သတ်ဖြတ်တုန်း၊ ပြည်သူကိုဒုက္ခပေးတုန်းပါ။ တပ်ထဲက မြတ်ကိုကိုရဲ့ပြုပြင်ရေးအတွေးအခေါ်လောက်နဲ့ ဗမာပြည်ကို နှစ်ပေါင်းများဒုက္ခပေး၊ ပြည်သူကို ဖွတ်ကျောပြာစုဘဝက ရုန်းမထွက်အောင်လုပ်ထားတဲ့ စစ်အာဏာရှင်စနစ်နဲ့စစ်အုပ်စုကို ဘယ်နည်းနဲ့မှ မဖြေရှင်းနိုင်ပါဘူး။
ဥပမာ တခု ရှိပါသေးတယ်။ ဂျာနယ်ကျော် ဦးချစ်မောင်ရဲ့သူ။ ဂျာနယ်ကျော်ဦးချစ်မောင်ရဲ့ ဒေါက်တာမြင့်မောင်အပေါ် ကျွန်တော်တို့ ငယ်ငယ်က စွဲလမ်းဖူးပါတယ်။ သူ့စိတ်ဓာတ်ကို အားကျအတုယူလိုတဲ့ စိတ်ဓာတ်တွေ ပေါ်ပေါက်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ ဒေါက်တာ မြင့်မောင်လို ဆရာဝန်ကောင်းတယောက်ဟာ သူ့ပတ်ဝန်းကျင်ကွက်ကွက်လေးလောက် အကျိုးပြုနိုင်ပါလိမ့်မယ်။ ဓားသွားပေါ်က ပျားရည်စက်ဆရာဝန်ဟာလည်း လက်တွေ့ တကယ်တည်ရှိတဲ့ ဆရာဝန်ပါ။ သူလည်း သူထိတွေရတဲ့ပတ်ဝန်းကျင်လောက်ပဲ ပြောင်းလဲနိုင်ပါတယ်။ ပြည်သူကို တကယ်အကျိုးပြုချင်တဲ့ သူ့စိတ်ဓာတ်ကို ခေတ်အဆက်ဆက် အာဏာပိုင်တွေက နည်းအမျိုးမျိုးနဲ့ဖိနှိပ်တာ သူလည်း ခါးခါးသည်းသည်း ခံစားခဲ့ရတာပဲ မဟုတ်လား။ တပြည်လုံးမှာ ဆေးကုသရေးစနစ်၊ဆေးရုံများ၊ ဆေးဆရာဝန်တွေရဲ့ ပြည်သူ့အကျိုးထမ်းဆောင်လိုစိတ် ဒါတွေဟာ ဖောက်ပြန်တဲ့စနစ်အောက်မှာ ဆင်းရဲသား အလုပ်သမား လယ်သမားပြည်သူတွေ တကယ်အကျိုးပြုရေးကို ထိထိရောက်ရောက် ထမ်းဆောင်နိုင်ခြင်း မရှိပါဘူး။ ဆရာဝန်ချီဂွေဗားရားကိုယ်တိုင်ပင် နားကြပ်နဲ့ စနစ်ဆိုးကိုတော်လှန်ပြောင်းလဲတာ လုပ်မရဘူးမြင်လို့ သေနတ်နဲ့တော်လှန်ပြောင်းလဲခဲ့ရတာပဲ။
အဓိက ပြောလိုတဲ့အချက်ကို အခုမှ ပြောမှာပါ။
ဒေါ်အောင်ဆန်းစုကြည်ကလက်ရှိ ရဲဝန်ထမ်းများ၏ လုပ်ကိုင်ပုံကို မကြိုက်ပါက ရဲတပ်ဖွဲ့သို့ကိုယ်တိုင်ဝင်ပြီး သန့်ရှင်းခိုင်မာအောင်လုပ်ပါလို့ ပြောလိုက်တာကို ပြောချင်တာပါ။ လူထုရဲ့ထောက်ခံအားပေးမှုရခဲ့တဲ့ ခေါင်းဆောင်တယောက်က ဒီလိုစကားမျိုး ပြောထွက်တာကို အင်မတန် အံ့သြမိပါတယ်။ (ရဲတပ်ဖွဲ့အင်အားစုဆောင်းရေးကို ဂျီးဒေါ်နွား အလကားကျောင်းပေးတဲ့လုပ်နည်းမျိုးလုပ်နေတာကို ထည့်မပြောသေးပါဘူး။)
အရှင်းဆုံးပြောပါမယ်။ ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေးစိတ်ဓာတ်ရှိသူတွေ ရဲတပ်ဖွဲ့ထဲ တရာ တထောင် ဝင်လာပါစေ။ ရဲတပ်ဖွဲ့ ဘယ်လိုမှ မပြောင်းပါဘူး။ ရဲတပ်ဖွဲ့ဟာ စစ်ဗျူရိုကရေစီယန္တယားရဲ့ ဒေါက်တိုင်အဖွဲ့အစည်းတခုပါ။ စစ်တပ်၊ ပုလိပ်တပ်၊ တရားရုံး၊ အကျဉ်းထောင်၊ စတာတွေဟာ စစ်အုပ်စုရဲ့ အဓိက ဖိနှိပ်ရေးယန္တရားတွေပါ။ ဒါတွေဟာ စစ်အုပ်စုခိုင်းတာလုပ်နေရတဲ့ အဖွဲ့အစည်းပါ။ ရဲတပ်ဖွဲ့ကို ပြည်ထဲရေးက ကိုင်ထားပါတယ်။ ဒီအဖွဲ့တွေထဲ ပြုပြင်လိုတဲ့သူတွေဟာ စစ်အုပ်စုနဲ့စစ်အာဏာရှင်စနစ်ကို မဖယ်ရှားနိုင်ဘဲ ရဲတပ်ဖွဲ့ကို ပြောင်းလဲလို့ မရပါဘူး။ စိတ်ဓာတ်ကောင်းရှိတဲ့ အမှန်လိုလားသူ ရဲမှူးမိုးရန်နောင်လို ရှားရှားပါးပါး အမှန်လိုလားတဲ့သူမျိုးတွေတောင် ရဲတပ်ဖွဲ့၊ အစိုးရယန္တရား၊ တရားရုံးနဲ့စစ်အုပ်စုတို့က ဘယ်လို လုပ်ပစ်လိုက်သလဲ။ ဖေဖေ တည်ဆောက်တဲ့တပ်မတော်ကြီးလို့ တကြော်ကြော်ဟစ်အော်ပြီး စစ်ဗိုလ်ချုပ်တွေနဲ့ရင်ကြားစေ့လိုသူ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ရော စစ်အုပ်စုရဲ့မတရားမှုတွေကို ဟန့်တားပြီး စစ်တပ်ကို ကောင်းအောင် ပြုပြင်ပေးနိုင်လို့လား။ စစ်အာဏာအောက်(၂၀၀၈ အောက်) ဦးညွတ် ဝင်တာတောင် စစ်အာဏာရဲ့ သဲသဲမဲမဲဆန့်ကျင်တာကို အခုထိ ခံနေရတုန်းမဟုတ်လား။
ဒေါ်အောင်ဆန်းစုကြည်ဟာ တပ်ထဲက မြတ်ကိုကိုအတွေးအခေါ်လောက်နဲ့ လူထုကို ရဲထဲ (ဒါမှမဟုတ် ငရဲထဲ) တွန်းပို့နေပါတယ်။ ဒါဟာ လူထုကို စိန်ခေါ်တဲ့စကားမျိုးလည်း ဖြစ်ပါတယ်။ ရဲကို မကောင်းပြောမနေနဲ့။ ကိုယ်တိုင် ရဲဝင်လုပ်ပြီး ကောင်းအောင် လုပ်ကြည့်ကြပါလား-ဆိုပြီး လူထုကို ရန်တွေ့တဲ့ စကားပဲ။ အစိုးရကိုချည်း အပြစ်တင်မနေနဲ့။ မကောင်းပြောမနေနဲ့။ လူတဦးချင်း ကိုယ့်ကိုယ်ကိုယ် တာဝန်ကျေအောင်အရင်လုပ်ကြဦးလို့ လူထုကို မကြာခဏ အပြစ်ပုံချတဲ့ စကားမျိုးနဲ့ထူးမခြားနားပဲ။
ထပ်ပြောပါမယ်။ လူတရာ တထောင်လောက် ရဲတပ်ဖွဲ့ကို ပြုပြင်မယ့်စိတ်နဲ့ ဝင်လာမှာလည်း မဟုတ်ဘူး။ ဝင်လာရင်လည်း စစ်အုပ်စုနဲ့ စစ်ဗိုလ်ချုပ်တွေက ရဲတပ်ဖွဲ့ကို ပြုပြေင်ပြောင်းလဲတာလုပ်ဖို့ လက်ခံခွင့်ပြုမှာ မဟုတ်ဘူး။ ရဲတပ်ဖွဲ့ပြုပြင်ပြောင်းလဲဖို့ကြိုးစားသူတွေကို နည်းအမျိုးမျိုးနဲ့ အန္တရာယ်ပေးလိမ့်မယ်။ ဖိနှိပ်လိမ့်မယ်။ ဖယ်ရှားလိမ့်မယ်။ ရဲတပ်ဖွဲ့ဟာ စစ်ဗျူရိုကရက်ယန္တရားထဲက ဒေါက်တိုင်တခုဖြစ်တဲ့ လက်နက်ကိုင် အဖွဲ့အစည်းတခု။ စစ်ဗျူရိုကရေစီယန္တရားကိုဖယ်ရှားတဲ့အခါ သူ့ကိုပါ ဖယ်ရှားပစ်ရမှာဖြစ်ပြီး တကယ့်ပြည်သူ့အကျိုးသယ်ပိုးတဲ့ ပြည်သူ့ရဲတပ်ဖွဲ့စစ်စစ်ကိုသာ အသစ် ဖွဲ့စည်းရမှာသာ ဖြစ်ပါတယ်။ (တကယ့်အခြေခံသဘောပြောရင် ၂၀၀၈ ဖွဲ့စည်းပုံကို ပြုပြင်ဖာထေးတဲ့နည်းနဲ့လည်း ပြည်သူ့ဒီမိုကရေစီစစ်စစ် ရနိုင်စရာ အကြောင်းမမြင်ပါ။)
လူတိုင်း စစ်ထဲမဝင်မနေရ-လုပ်လာပြီး လူတွေကို စစ်တပ်ထဲဝင်ဖို့တော့ မတောင်းဆိုလောက်ပါဘူးလို့ပဲ မျှော်လင့်ထားပါရစေ။ ။
Hla Win

၅-၄-၂၀၁

(မွေးမြူရေးနို့မတည့်တဲ့ဗမာပြည်ဖွား) မျိုးမြင့်ချို

0 comments
(မွေးမြူရေးနို့မတည့်တဲ့ဗမာပြည်ဖွား)
ငယ်ငယ်တုန်းက ကျောင်းဘောလုံးကွင်းထဲ လာလွှတ်ကျောင်းတဲ့ ဦးအလားပီချေးတို့ပိုင်တဲ့ဆိတ်အုပ်ထဲက သားသည်အမေဆိတ်မကြီးရဲ့ ပေကျံပွတနေတဲ့နို့အုံကြီးကနေ လက်ခွက်ထဲညှစ်ထည့်ပြီးရော နို့သီးခေါင်နှုပ်ခမ်းနဲ့တေ့ပြီးရော ဆိတ်နို့အစိမ်းတွေ အငမ်းမရ သောက်ဖူးစို့ဖူးတယ်။
ကညွှတ်ကွင်းဘက်အိမ်မြေးတုန်းက အဖေကိုဖိုးထောင်နဲ့အမေခတို့ မနက်တိုင်း ညှစ်ညှစ်တိုက်တဲ့နွားနို့အစိမ်းရော ကျိုတိုက်တဲ့နွားနို့အကျက်ရော တဖူးဖူးမှုတ်သောက်ဖူးတယ်။ မူလတန်းတုန်းက ကျောင်းမှာ တခါတလေ ကန်တော့လေးနဲ့ထည့်ပေးတဲ့ နို့မှုန့်တွေလည်း မက်မက်စက်စက်လျှက်ဖူးတယ်။ ဖျော်တိုက်တာလည်း တခုတ်တရ သောက်ဘူးတယ်၊ နွေရာသီကျောင်းပိတ်လို့ အမေ့လက်ကဆွေမျိုးနီးစပ်တွေရှိတဲ့ ဗွက်ကြီးရွာ တပတ်ဆယ်ရက်သွားနေလည်း မနက်တိုင်း ကျွဲနို့နွားနို့အပြင် ကျွဲနို့ခဲတွေ မလိုင်တွေ မြေအိုးလေးနဲ့တည်တဲ့ဒိန်ချဉ်ကို ထညက်ရေထည့်မွှေပြီးကျွေးတာလည်း မကုန်နိုင်မခမ်းနိုင် စားဖူးတယ်။ အိမ်မှာလည်း မနက်တိုင်း လမ်းထိပ်က မလှကြီးယောက်ျားအလုပ်လုပ်တဲ့ ဟိန္ဒူအမျိုးသားတွေနို့ဒိုင်ကနေ အမကြီးသွားသွားဝယ်ပြီး ကျိုကျိုတိုက်တဲနို့လည်း တစိမ်စိမ့် သောက်ဖူးတယ်။ ပြီးတော့ ကျောက်တိုင်တံဆိပ်မလိုင်အပြည့်ပါသောနို့ဆီတို့ ကုလားမခြင်းဆွဲတို့ ဘလူးခရော့စ်တို့ဆိုတဲ့နို့ဆီတွေလည်း အစိမ်းအတိုင်း တထိုင်တည်း တဗူးလုံးကုန်အောင် ဖေါက်စုပ်ဖူးတယ်။ ပြည်မြို့ကထွက်တဲ့ မြေအိုးလေးထဲသကာရည်စိမ်ထားတဲ့မလိုင်လုံးတွေလည်း တဝတပြဲ စားဖူးတယ်။ အောင်လံဘက်က ဟိန္ဒူအမျိုးသားတွေနေတဲ့ဆီ ပဲစဉ်ငုံပဲပွဲစားနောက်လိုက်တုန်းက ပျစ်နှစ်နေအောင်ကျိုပြီး ကြေးဝါခွက်ကြီးတွေထဲထည့် အိမ်ချက်ကြံသကာ မာမာကြမ်းကြမ်းကြီးတွေနဲ့ စိမ်နြေပြေသောက်ဖူးစားဖူးတယ်။ ကျောက်ဆည်နေတုန်းကလည်း ချက်နို့ဆီရရုံတွေကနေ ချက်နို့ဆီချည်း ဒီအတိုင်းဝယ်စားဖူးတယ်။ နို့ဂျိုးဆိုတာတွေလည်း ပါးစောင်ထဲ စေးထန်းတဲ့အထိ မြုံ့ဖူးတယ်။ ကန်ဆေးရည်ဆိုတာတွေလည်း နွားငတ်ရေကျ သောက်ဖူးတယ်။ အညာနို့ခဲချက်လည်း ခေါင်းမဖော်တမ်းလွေးဖူးတယ်။ တခါမှ ဝမ်းသွားတာတို့ ဝမ်းပျက်တာတို့မရှိဘူး။ နို့စိမ်းစိမ်း ကျက်ကျက် ကြိုက်သလောက် သောက် စား ဘာမှကိုမဖြစ်တာ။


ခု အမေရကန်ရောက်မှ ဘာဖြစ်တယ်မသိဘူး နို့စိမ်းသောက်သောက် ကျိုပြီးသောက်သောက် ဖန်ခွက်တခွက်စာလောက်သောက်မိတာနဲ့ ဗိုက်ထဲလေတွေပွသလို တဂွီဂွိမြည် ခနနေတော့ ဝမ်းတွေ ဒလဟောသွားတော့တာပဲ။ ဒါပေမယ့် တကြိမ်ပဲ။ မသွားခင်ကလည်း ဗိုက်ရစ်တာ ဗိုက်နာတာမဖြစ်ဘူး။ ဗိုက်ကြီးတော့ ဘလုပ်ဘလုပ်နဲ့နေတာပေါ့။ သွားပြီဆို ဝမ်းထဲရှိသမျှ အကုန်အစင်သွားလိုက်လို့ ဝမ်းကချောင်ပြီး နေလို့အတော်ကောင်းသွားတာတော့အမှန်ဘဲ၊ စိတ်ထဲလည်း ဝမ်းသန့်သွားသလို ခံစားရတယ်။ ဝမ်းနည်းနည်းချုပ်ချင်ရင် ဘာ အင်္ဂလိပ်ဝမ်းပျော့ဆေး ဘာဗမာဝမ်းနှုတ်ဆေးမှမလိုဘူး။ နို့တဖန်ခွက်သောက်လိုက်ရုံပဲ။ ၂ နာရီအတွင်း ပြပါလိမ့်မယ် အစွမ်းက။ ကောင်းတော့ အတော်ကောင်းတာ။ ဒါပေမယ့် စိတ်ထဲ တမျိုးဖြစ်တယ်။


ကိုယ်တိုင်လည်း တနေ့ကို နို့ ၁၂ ဂါလန်လောက်ထွက်တဲ့နို့စားနွားမ အကောင် နှစ်ထောင့်နှစ်ရာမွေးတဲ့နွားခြံမှာအလုပ် လုပ်ဖူးတော့ သူတို့နွားနို့ ဘယ်လောက်သန့်ကြောင်း ဘက်တီးရီးယား အပါအဝင်အန္တရာယ်ဖြစ်စေမယ့် ဘာပိုးမွှားမှမပါကြောင်းသိတယ်။ အမေရိကန်နွားခြံတွေကနွားနို့တွေပဲ ဆိုင်တွေပေါ်တင်ရောင်းကြတာ။ ပိုးပါဖို့မပြောနဲ့ နည်းနည်းလေး ညစ်ပတ်နှုန်းပိုတာနဲ့တင် ဆိုင်ရာကလာပြီး နွားခြံကို နို့အထုတ်ပိတ်တယ်။ တွေးသာကြည့် အဲ့သလိုအလုပ်ခံရလို့ကတော့ နို့တွေအကုန်ညှစ်ပြီး ဂါလန်ရေသိန်းနဲ့သန်းနဲ့ချီပြီး သွန်ပစ်ရတာ ဘယ်လောက် ဆုံးရှုံူးလိုက်မလဲ။ ပြီးတော့ နွားကအလကားနေတာမဟုတ်ဘူး။ စာားသေးတယ်။ ကျန်းမာရေးက စောင့်ရှောက်ရသေးတယ်။ အလုပ်သမားတွေခန့်ထားရတယ်။ မီးဖိုး ရေဖိုး အအေးအပူစက်ဖိုး စက်ခတွေရှိသေးတယ်။ ဒီတော့ အဲ့လိုတခါဖြစ်လိုက်ရင် နွးခြံသူဌေးတွေ အဆုံးအရှူံးကြီးတယ်။ ပိုဆိုးတာက ငွေထက် ဂုဏ်သိက္ခာပဲ။ သက်ဆိုင်ရာ နံမည်ပျက်စရာရင်းသွင်ူးလိုက်ရင် သွားပြီ အဲ့ဒီနွားခြံရော သူနဲ့ဆက်စပ်နေတဲ့ နို့နဲ့နို့ထွက်ပစ္စည်းလုပ်ငန်းတွေရော အိုက်စ်ခရင်မ်းဆိုင်တွေရော အကုန် ရွတ်သရွတ်ခါပြီး ပတ်လည်ရိုက်ကုန်ကြတာ။ ဆိုတော့ နွားနို့ကိုသန့်နိုင်သမျှ သူ့ထက်ငါ အသန့်ပြိုင်ကြတယ်။


ပြောချင်တာက အမေရိကန်နွားနို့တွေသန့်တယ်။ ဘာရောဂါပိုးမွှားမှမပါဘူး။ သောက်လို့ ဝမ်းပျက်ဝမ်းလျှောမဖြစ်ဘူး ကျနော်က ငယ့်ငယ်လေးကတည်းက နို့ကို ပုံစံမျိုးစုံနဲ့သောက်လာ စို့လာတဲ့ကောင် ဝမ်းလျှောါဝမ်းပျက်ဖို့ဝေးစွ ဘာဆိုဘာမှမဖြစ်ဖူးဘူး။ ခုကျမှ ဘယ်လိုဖြစ်တယ်မသိဘူး။ ဒီလောက်သန့်ပါတယ်ဆိုတဲ့ အမေရိကန်နို့သောက်ကာမှ ဝမ်းနှုတ်ဆေးစားသလို ဝမ်းသွားတယ်။ ဒါနဲ့ဆရာဝန်ကို တခါကပြောပြတယ် ငါ အဲ့လိုဖြစ်တယ်ပေါ့။


ဆရာဝန်က မင်းမိန်းမရော အဲ့လိုဖြစ်လားတဲ့။ စိတ်ထဲ ဆစ်ကနဲ့ဖြစ်သွားတယ်။ ဖြစ်တာက ကိုယ်၊ ပြောတာလည်း ကိုယ်။ သူက မဖြေပဲ မင်းမိန်းမပါအဲ့လိုဖြစ်လားဆိုပြီး ပြန်မေးလို့။ ဒီတော့ မိန်းမက မဖြစ်ဘူး၊ ငါက နို့သောက်ရင် ဝမ်းတောင် နည်းနည်း ချုပ်တယ်လို့ပြောတယ်။ ဒီတော့ ဆရာဝန်က အမေရိကန်မှာနေတဲ့ စကင်ဒီနေဗီးယန်းနဲ့ အနောက်ဥရောအနွယ်တွေ ခရီးသွားရမယ် လမ်းမှာ ကားပေါ်ကြာမယ်ဆို နို့သောက်သွားတယ်တဲ့။ ဝမ်းမသွားချင်အောင်တဲ့။ ကျနော်က အဲ့ဒါ ငါနဲ့ ဘာဆိုင်လို့လဲဆိုတော့၊ ဆိုင်တယ် မင်းတို့အာရှသားတွေ ငါ့လူနာထဲမှာ အများကြီး၊ အားလုံးလိုလို နိုစိမ်းသောက်ရင် အီးပန်းကြတယ်၊ အဲ့ဒါ လူမျိုးတမျိုးရဲ့ ဘိုးစဉ်ဘောင်ဆက်က စားသောက်ခဲ့တဲ့ အစားအသောက်ပုံစံကြောင့် သူတို့ရဲ့မျိုးရိုးစဉ်ဆက်မှာ ကံမ္မဇီဝသဘော အစာချေအစာချက်စနစ်က ဖြစ်နေတာ။ အစားအသောက်တွေပြောင်းလိုက်ရုံနဲ့ တော်တော်နဲ့ ပျောက်မသွားဘူး။ မျိုးဆက်နဲ့ချီမှ ခန္ဓာကိုယ်က သူ့ဘာသာပြင်ပေးသွားတယ်။ အခုန ငါပြောတဲ့လူတွေမပြောနဲ့ မင်းမိန်းမတောင် နို့သောက်ရင် ဝမ်းချုပ်တယ်မဟုတ်လား၊ သူတို့တောင် ဘိုးစဉ်ဘောင်ဆက်နီးနီး ဒီမှာနေလာတာလေတဲ့။ ကျနော်က အဲ့ဒါ ဘာဖြစ်တာလို့ပြောရမလဲလို့မေးတော့ အလာဂျီသဘော (ဓာတ်မတည့်တာ) လို့ပဲထားလိုက်ပါကွာ၊ မင်းနဲ့ အိမ်မွေးနို့နဲ့ကပြဿနာမရှိပေမယ့် ဒီက မွေးမြူရေးနို့နဲ့ အသားမကျသေးတာပါ။ ဒါကို အင်္ဂလိပ်လို Lactose Intolerance လို့ခေါ်တယ်။ အန္တရာယ်မရှိပါဘူး၊ ဘာဆေးမှလည်း သောက်ဖို့မလိုပါဘူး၊ ဝမ်းသွားပြီးရင် ရေအေးအေးတခွက်သောက်လိုက်၊ ဒါဆို အစာအိမ်တခုလုံး သန့်ရှင်းသွားတာပေါ့၊ ကျန်းမာရေးနဲ့တောင် ညီညွတ်သေးတယ်၊ အစာအိမ်ထဲက ကောင်းတဲ့ဗက်တီးရီယား တချို့သေပြီး တချို့ပိုအားကောင်းလာတယ်၊ ကောင်းတဲ့ဘက် ပိုများပါတယ်၊ ဟန်တောင်ကျသေး ငါတောင် မင်းလိုဖြစ်ချင်တာလို့ပြောပြီး ပြုံးနေတယ်။


အပြန်က လမ်းမှာ မိန်းမကို နို့သောက်ရင် နင်ဝမ်းချုပ်တာတော့ဟုတ်ပါပြီ ဝမ်းများများသွားချင်ရောဆိုတော့ ဖိုင်ဘာဆေးလုံးသောက်ရင်သောက် မသောက်ရင်အသီးအရွက်များများစားတာပေါ့၊ နင်က ငါ့ထက်တောင် ဟန်ကျသေးတယ်၊ နို့သောက်လိုက်တာနြ့ကိစ္စပြတ်တယ် အားတောင်ကျသေးတယ်...တဲ့။


ခက်တော့နေပြီ ဒီ အိုင်းရစ်ရှ်မနဲ့ နော်ဝေဂျီယာန်လူဖြူဆရာဝန်နဲ့ ကျနော်နဲ့တော့။
မျိုးမြင့်ချို
ဧပြီ ၆၊ ၂ဝ၁၉

Friday, April 5, 2019

(အာရုံအပြောင်းမှာ လည်မထွက်ဖို့ဆို) မျိုးမြင့်ချို

0 comments
(အာရုံအပြောင်းမှာ လည်မထွက်ဖို့ဆို) မျိုးမြင့်ချို
ဗဟိုအမေရိကနိုင်ငံတွေကနေ မက္ကဆီကို ကိုဖြတ်ပြီး အမေရိကန်ထဲဝင်လာတဲ့ ရဖြူဂျီနဲ့အင်မီးဂရန့်တွေကိုမထိန်းဘူးဆိုရင် “မက္ကဆီကိုနယ်စပ်တလျှောက်လုံး ပိတ်ပစ်မယ်“ ဆိုတဲ့ ဒေါ်နယ်လ်ထရမ့်ပ်တယောက် လေသံပြောင်းသွားပါတယ်။ အမေရိကန်-မက္ကဆီကို ကုန်သွယ်ရေးဟာ တနေ့တနေ့ ၁ ဒဿမ ၇ ဘီလီယံလောက် ရှိတာပါ။ ပိတ်လိုက်ရင် အမေရိကန်အတွက် ဗူးလေးရာဖရုံဆင့်ပြီး အထိနာမယ်လို့ သမ္မတရဲ့စီးပွားရေးအကြံပေးတွေ၊ အိမ်ဖြူတော်အသိုင်းအဝိုင်းနဲ့ ရီပတ်ဘလီကင်န်လွှတ်တော်အမတ်တွေကပါ ဝိုင်းဝေဘန်ကြလို့ အသာနောက်ပြန်ဆုတ်သွားတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဗဟိုအမေရိက ၃ နိုင်ငံကို အမေရိကန်ကပေးနေတဲ့ အကူအအညီတွေ မပေးတော့ဘူး ရပ်လိုက်တော့မယ်တို့၊ အမေရိကန်ကိုဝင်နေတဲ့ မူးယစ်ဆေးတွေကို တနှစ်အတွင်း ရပ်အောင်လုပ်ရင်လုပ် မလုပ်ရင် မက္ကဆီကိုလုပ်ကားတွေအပေါ် သွင်းကုန်အခွန်တွေ တိုးကောက် မယ်တို့ဆိုပြီး ခြိမ်းခြောက်ပြန်ပါတယ်။ ဒါတွေ တကယ်သွားလုပ်ရင် ပက်လက်လှန်ပြီး တံတွေး ထွေးသလိုပဲဖြစ်မှာလို့ ကျွမ်းကျင်သူတွေက ထောက်ပြနေကြ ပါတယ်။

ထရမ့်ပ်လက်ထက်မှာ အောင်မြင်တဲ့ နိုင်ငံခြားရေး(နိုင်ငံရေးနဲ့စီးပွားရေး)ပေါ်တခုခု ခုထိ လက်ဆုပ်လက်ကိုင် မပြနိုင်သေးသလို ပြည်တွင်းမှာလည်း စီးပွားရေးဒုက္ခတွေ၊ လူမှုရေးမညီမျှတွေ၊ ကသောင်းကနင်းနဲ့ လူတွေအကြား အမုန်းတရားတွေ၊ လူမျိုးရေး ဘာသာရေးခွဲခြားမှုတွေ၊ ရဖြူဂျီနဲ့အင်မီးဂရန့်တွေအပေါ် အမြင်မကြည်လင်ရုံမက ရန်လိုမှုတွေပါ တိုးပွားလာနေပါတယ်။ Hate Groups လို့ခေါ်တဲ့ အစွန်းရောက်အယူသည်း အစုအသင်းတွေများလာသလို Hate Speeches အမုန်းစကားဖြန့်တာတွေ၊ Hate Crimes လို့ဆိုတဲ့ အမုန်းတရားအခြေခံ ကျူးလွန်တဲ့ရာဇဝတ်မှုတွေ တင်းကြမ်းဖြစ်လာနေပါတယ်။ သမ္မတကိုယ်တိုင်င်က White Supremacy လို့ဆိုတဲ့ လူဖြူကြီးစိုးရေးတွေကို ပရိုမိုးရှင်းလုပ်နေတာလို့ လူတွေက ထောက်ပြကြပါတယ်။

မနေ့ကပဲ သတင်းလိုလိုဖန်တီးပြီး လှုံ့ဆော်သွေးထိုးချက်တခု သတိထားမိလိုက်ပါတယ်။ ဘာလဲဆိုတော့ Hate Group တခု စစ်တမ်းလုပ်ကြည့်ရာမှာ “လူဖြူအမေရိကန် White Americans တွေဟာ အာရှအမေရိကန် Asian Americans ထက် လုင်ငန်းခွင်တွေမှာ အနှိမ်ခံနေရတယ်၊ အလုပ်တာဝန်တူတာတောင် လုပ်ခနည်းပြီးရနေကြတယ်၊ သူတို့တွေက ငါတို့အလုပ်တွေ၊ ငါတို့ဝင်ငွေတွေကို လာပြီး လုယက်နေသလိုပဲ ခံစားရတယ်၊ လူဖြူတွေ ထူထောင်ထားတဲ့ပြည်မှာ လူညို လူဝါတွေက အခွင့်အရေးပိုရ၊ မျက်နှာသာ ပိုအပေးခံရနေတာတွေ တွေ့နေရတယ်“လို့ ဆိုပါတယ်။

မျက်ရည်လည်ရွဲနဲ့ လူဖြူမိန်းကလေးတယောက်ကို အင်တာဗျူးတိုလေးလုပ် တင်ထားပါသေးတယ်။ ကောင်မလေးက “အာရှကနေ ရောက်လာကြတဲ့လူတွေ၊ ရဖြူဂျီတွေ၊ အင်မီးဂရန့်တွေက ငါတို့ထက် လုပ်ခဝင်ငွေတွေ ပိုရနေသလို၊ ရောက်ပြီး သိတ်မကြာဘူး ကိုယ်ပိုင်အိမ်နဲ့ဘာနဲ့ ဖြစ်ကုန်ကြတယ်၊ ငါတို့ကတော့ ကိုယ့်တိုင်းပြည်မှာနေပြီး ဒီလောက် အလုပ်လုပ်နေတဲ့ကြားက လူလုံးမလှဘဝတွေမို့ ရင်နာတယ်“ဆိုပြီး “ထဲ့“သွားတာပါ။ သတင်းအောက်က မှတ်ချက်တိုတွေဖတ်ရတာ ကြက်သီး မွှေးညှင်းထစရာတွေပါ။ အမုန်းတရားတွေ၊ ရန်လိုသွေးဆာသံတွေ၊ ပြန်မောင်းထုတ်ပစ်ဆိုတဲ့ ကြိမ်းမောင်းသံတွေနဲ့ ကြောက်ခမန်းလိလိပါပဲ။

ဒါဟာ အာဘော်ဖန်တီးမှုဖြစ်ပါတယ်။ ဂျူးတွေကို ဟစ်တလာနဲ့နာဇီတွေလုပ်သလိုမျိုး၊ ပါလက်စတိုင်းတွေကို ဂျူးတွေလုပ်သလိုမျိုး၊ ရိုဟင်ဂျာတွေကို ရခိုင်အစွန်းရောက်တွေ၊ သီတဂူအပါအဝင် မဘသဦးပြည်းတွေနဲ့ စစ်အုပ်စုပေါင်းလုပ်သလိုမျိုး အပြောအဆို၊ လုပ်ဟန်၊ လှုံ့ဆော်ဝါဒဖြန့်မှုတွေနဲ့ တထေရာတည်း တလေသံတည်းဖြစ်နေတာ သတိထားမိပါတယ်။

ဒုက္ခသည်စခန်းတွေကနေ အဝတ်တထည်ကိုယ်တခု လက်ဗလာခြေဗလာနဲ့ အမေရိကန် ရောက်လာကြပြီး လေးငါးနှစ်အတွင်း ကိုယ်ပိုင်အိမ်လေးခြံလေးနဲ့နေကြတဲ့ ဗမာပြည်ဖွားမိသားစုတွေ အများကြီး ရှိပါတယ်။ ဘာလို့ အဲသလို နေနိုင်သွားကြသလဲဆိုတော့ “ဘယ်အလုပ်ရရ အလုပ်မရွေးဘဲ ရရာအလုပ်တွေ ကြိုးကြိုးစားစားလုပ် အချိန်ပိုတွေဆင်း၊ (တချို့ဆို ခုထိ တနေ့ ၁၂ နာရီ၊ တပတ် ၆ ရက် လုပ်နေကြတာပါ)၊ အပြင်ထွက်ပြီးဆိုင်တွေမှာ မစားသလောက်ပါပဲ။ စားလည်း ဗမာပြည်ဖွားဆိုင်တွေလောက် ဘူဖေးဆိုင်တွေလောက်ပဲများပါတယ်။ ဈေးသက်သာတာကိုး။ ပါတီပွဲတွေလည်း (ခလေး မွေးနေ့လောက်ကလွဲပြီး)သိတ်မလုပ်၊ အိမ်မှာ ချက်ပြုတ်စား၊ အရက်သောက်သူတွေတောင် ဈေးပေါပေါအရက်ဘီယာလောက်ပဲသောက်၊ အပိုပစ္စည်းတွေမဝယ် အပိုတွေမဖြုန်း၊၊ ခြိုးခြိုးခြံခြံနေ၊ စစ်စစ်ကုပ်ကုပ်သုံး၊ ပိုက်ဆံကို ကျစ်ကျစ်ပါအောင်စုတော့ ခနနဲ့ အိမ်လေးခြံလေးဖြစ်သွားကြတဲ့အကြောင်း“ ကျနော် ဖို့တ်ဝိန်းမြို့ အိုးအိမ်ဦးစီးဌာနကလုပ်တဲ့ပွဲတပွဲမှာ အကျဉ်းခြုံးပြီး ရှင်းပြခဲ့ဖူးပါတယ်။

အဲ့ဒီတုန်းကလည်း အစည်းအဝေးမှာ လူဖြူတယောက်က မလိုတမာလေသံနဲ့ မသင်္ကာတဲ့အမူအယာနဲ့ “မင်းတို့ ဗမာရဖြူဂျီတွေ ရောက်တာမှမကြာသေးဘူး၊ ဒီနှစ်ထဲ မြို့တောင်ပိုင်းမှာ အိမ်တွေ ဝယ်လိုက်ကြတာမှ မြင်မကောင်းဘူး၊ ပိုက်ဆံတွေ ဘယ်ကရသလဲ၊ ရိုးရိုးသားသားမှ ဟုတ်ရဲ့လား“လို့ ထမေးတော့ အိုးအိမ်ဌာနတာဝန်ရှိသူက “မျိုး မင်း ဒီကိစ္စကို အချိန် ၁၀ မိနစ်လောက်နဲ့ ရှင်းပြပေးလို့ရမလား“လို့ မေတ္တာရပ်ခံတာနဲ့ အပေါ်က အတိုင်း ကျနော်ရှင်းပြခဲ့ပါတယ်။ အဲ့ဒီမှာတော့ နည်းနည်း ဖြည်ဖြည်ဖြန့်ဖြန့်လေး ရှင်းရတာပေါ့လေ။ ဥပမာအနေနဲ့ “ကျနော်တို့ လင်မယား အီတလီဆိုင်မှာ တပတ်ကို ၂ ကြိမ်လောက် ညစာ ထွက်စားတတ်ပါတယ်။ တခါစား လင်မယား ၂ ယောက်စာအတွက် (တစ်ပ်ပေးရတာအပါအဝင်) ဒေါ်လာ ၄၀ လောက်ကျပါတယ်။ ဒါတောင် နေတာကလည်း တောမြို့၊ စားတဲ့ဆိုင်ကလည်း သားသားနားနားကြီးမဟုတ်လို့ ဒီလောက်ပဲကျတာပါ။ လင်မယား ၂ ယောက်သာရှိတဲ့ ဗမာပြည်ဖွားမိသားစုဆို အဲ့ဒီ ကျနော်တို့တနပ်စာဟာ သူတို့ အိမ်မှာချက်စားရင် တပတ်စာလောက်ရှိပါတယ်။ ကျနော့်ဇနီးက အိုင်းရစ်ရှ်မ အဖြူမ အမေရိကန်မပါ“ ဆိုပြီး ပြောခဲ့ပါတယ်။

ချမ်းလည်းချမ်းသာ၊ လူလည်းနည်း၊ လူဖြူတွေအများစုလည်းနေ၊ လူမှုဖူလုံရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေလည်းကောင်းတဲ့ Welfare States နိုင်ငံတွေမှကျတော့ “ရဖြူဂျီတွေ အင်မီးဂရန့်တွေဟာ ငါတို့ဆီလာပြီး မျှောလိုက်နေကြတယ်၊ ရေသာခိုအချောင်လိုက်ပြီး၊ ရသမျှအခွင့်အရေး လက်မလွတ်တမ်းယူပြီး အချောင်ထိုင်စားနေကြတယ်“ လို့ အာဘော်ဖန်တီးတတ်ပါတယ်။ အမေရိကန်လိုနိုင်ငံကျ အဲ့ဒီနိုင်ငံတွေလို လူမှုဖူလုံရေးတွေက မကောင်းတဲ့အပြင် ရောက်လာသမျှလူတွေဟာ လူခံအမေရိကန်တွေနဲ့အတူ ဒိုးတူပေါင်ဘက် နင်လားငါလား အလုပ်လုပ်ကြရတာပါ။ ဒီတော့ ဟိုနိုင်ငံတွေမှာလို ပြောလို့မရတော့ “ငါတို့အလုပ်တွေ ငါတို့ဝင်ငွေတွေလာလု“ ဆိုပြီး လုပ်ကြတာမျိုးပါ။

အမေရိကန်အလုပ်သမားတွေထဲမှာ အချိန်ပိုဆင်းတဲ့လူရှိပေမယ့် ရဖြူဂျီတွေနဲ့ယှဉ်ရင် အလွန်နည်းပါတယ်။ လုပ်အားပြိုင်ဆိုင်မှုထက် အလုပ်တာဝန်ကြေ နာရီပြည့်ရုံလောက်လုပ်တာ များပါတယ်။ ရဖြူဂျီတွေကတော့ ငွေလည်းလိုနေ၊ အလုပ်လောဘကလည်းကြီး၊ အငြီးအငြူ အတိုင်အတောကလည်း သိတ်မထူ၊ ခိုင်းသမျှ သိမ်းကြုံးလုပ်၊ တသက်နဲ့တကိုယ် ခုလိုဝင်ငွေမျိုးလည်း မရကြဖူးသူတွေဆိုတော့ အလုပ်တွေနင်းကန်တွန်းထိုး လုပ်ကြတာပါ။ ဒီတော့ အရင်းရှင်တွေက ဒီလို အလုပ်သမားမျိုးတွေကို အသေကြိုက်ပါတယ်။ ဒီတော့ အလုပ်ကြမ်းတွေမှာ အဖြူတွေ အမည်းတွေနဲ့ယှဉ်ပြီး အလုပ်သမားရွေးရင် ရဖြူဂျီတွေ အင်မီးဂရန့်တွေကို ရွေးချင်ကြပါတယ်။ ဒီတော့ အလုပ်တွေ ရကြတယ်။ စက်ရုပ်တွေလို အလုပ် လုပ်ကြတယ်။ အဲ့သလိုလုပ်ရင်းကနေ လုပ်ငန်းခွင်အတွင်း သေတာ၊ ထိခိုက်ဒဏ်ရာရတာ၊ ကျန်းမာရေးချို့ယွင်းသွားတာတွေအထိ ဖြစ်ကြတာရှိပါတယ်။ ပိုက်ဆံကရနေတော့ အလုပ်နောက်လိုက်ရင်း ကြာတော့ ဘုန်းဘုန်းလဲတဲ့သဘောပါပဲ။

ပြန်ကောက်ရရင် စီးပွားရေးတွေကျဆင်းနေကြတာချင်းအတူတူ ချမ်းသာ၊ လူနည်း၊ လူမှုဖူလုံရေးကောင်းတဲ့ပြည်တွေမှာ ရဖြူဂျီတွေနဲ့အင်မီးဂရန့်တွေကို “ငါတို့ဆီလာပြီး အချောင်ခို အခွင့်အရေးယူ“ လို့ ပြစ်တင်ပြီး အမေရိကန်လိုပြည်မှာကျတော့ “ငါတို့အလုပ် ငါတို့ဝင်ငွေလာလု“လို့ လှုံ့ဆော်ပေးတာ အခြေခံလူတန်းစားအချင်းချင်း၊ ဘဝတူတွေအချင်းချင်း၊ အလုပ်သမားအချင်းချင်း လှည့် “တည်“ ပေးတာ ဖြစ်ပါတယ်။ တကယ်အရင်းအမြစ်က အရင်းရှင်စနစ်ရဲ့ လက်ဝါးကြီးအုပ်မှုကနေစတဲ့ လူမှုရေးစီးပွားရေး မညီမျှမှုတွေ အကျပ်အတည်းတွေကြောင့်ဖြစ်ရတဲ့ လူထုမကျေနပ်မှုတွေကို လူမျိုးရေး၊ ဘာသာရေးအပြင် ရွှေ့ပြောင်းဝင်ရောက်လာသူတွေ ဒုက္ခသည်တွေကြောင့်ဆိုပြီး လမ်းလွှဲရန်တိုက်ပေးပြီး လူတွေကိုအာရုံပြောင်းတဲ့ အရင်းရှင်ကြီးတွေရဲ့ လုပ်နေကြလုပ်ရပ်ဖြစ်ပါတယ်။

စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး မညီမှမှုတွေ မတရားမှုတွေဖြစ်၊ လူတွေဆင်းရဲလာတဲ့အခါ လူတွေမှာ မကျေနပ်စိတ်တွေနဲ့အတူ ဇာတိပုည ဂုဏ်မာနတွေပါ ထိပါးလာတယ်လို့ ခံစားရတတ်ပါတယ်။ လုချင်ယက်ချင် ဖျက်ချင်စီးချင်စိတ်ကြမ်း စိတ်မိုက်တွေဖြစ်လာပါတယ်။ ဒီအခါ အမျိုးသားရေးတို့၊ ဇာတိမန်တို့၊ မျိုးချစ်စိတ်တို့ဆိုတာတွေ ဟုန်းဟုန်းတောက်လာပါတယ်။ မစွမ်းရင်းကလည်းရှိ ကန်စွန်းခင်းကလည်း ငြိတာမျိုးတွေပါပဲ။ ဒီစိတ်အခံမျိုးတွေဟာ ပြဿနာကိုမီးမွှေးရ အလွန်လွယ်ပါတယ်။ ဗမာပြည်မှာဖြစ်တာလည်း ဒီလို အရင်းခံပြဿနာပါ။ ပြဿနာရဲ့အရင်းအမြစ်ကို မသိမမြင်၊ မကိုင်တွယ် မဖြေရှင်းနိုင်ရွေ့ လူမျိုးရေး၊ ဘာသာရေး၊ ဒုက္ခသည်တွေနဲ့ ပြောင်းရွှေ့ဝင်ရောက်လာသူတွေကို လက်ညှိုးထိုး အပြစ်ဖို့ ရမယ်ရှာပြီး မီးတွေမွှေးနေကြဦးမှာပါပဲ။

ခု ဒေါ်နယ်လ်ထရမ့်ပ်နဲ့ အမေရိကန်အရင်းရှင်ကြီးတွေလုပ်နေတာလည်း ဒါပါပဲ။
မျိုးမြင့်ချို
ဧပြီ ၅၊ ၂ဝ၁၉

Thursday, April 4, 2019

(စစ်ဆိုတာ တိုက်စားတဲ့လူပဲ ကြီးပွားတယ်)

0 comments
(စစ်ဆိုတာ တိုက်စားတဲ့လူပဲ ကြီးပွားတယ်)

နေတိုး နှစ် ၇ဝ ပြည့်ပြီ၊ အဖွဲ့ဝင်နိုင်ငံက ၂၉ နိုင်ငံရှိပြီ၊ ဘုစုခရုနိုင်ငံတွေလည်း အများကြီး။ ဝေါ်ရှင်တန်မှာ ထိပ်သီးတွေ တွေ့ကြတော့မယ်၊ အာဂျင်တီးနားကို နေတိုးအဖွဲ့ဝင် ဒါမှမဟုတ် နေတိုးမဟာမိတ်နိုင်ငံလုပ်ချင်လို့ ဆွယ်နေကြတယ်။ ဗင်နီဇွဲလားကိစ္စထိပ်တက်နေတုန်းမို့ဆိုတာထက် ရေရှည်မှာ တရုတ်ဘက် ယိမ်းသွားမှာစိုးရိမ်မှုက အဓိကအကြောင်းရင်းဖြစ်တယ်။

နေတိုးမှာ ငွေအများဆုံးစိုက်တဲ့ အမေရိကန်တွေက ထုံးစံအတိုင်း နေတိုးစစ်ဦးချုပ်ကိုအဆိုပြုတယ်၊ တချို့စစ်ပွဲတွေကို ယူအင်န်တို့ နေတိုးတို့ဖယ်ပြီး အမေရိကန်တွေက သူ့လက်သူ့ခြေလုပ်တယ်။ အဲ့ဒီအခါ နေတိုးအဖွဲ့ဝင်တွေက လက်နက်လည်းမရောင်းရ၊ စစ်ထောက်ပံ့ရေးပစ္စည်းတွေသွင်းဖို့လည်း ကန်ထရိုက်မရတော့ သိတ်မကြည်ဘူး။

နေတိုးခေါင်းစဉ်နဲ့တိုက်တဲ့ စစ်ပွဲတွေအတွက်လက်နက်ကို အမေရိကန်ကုမ္ဗဏီတွေက အများဆုံးရောင်းရတယ်။ စစ်ကန်ထရိုက်တွေကိုတော့ တခြား နိုင်ငံကြီးတွေကို ဝေမျှပေးတတ်တယ်။ နိုင်ငံပိတိညှောက်တောင့်လေးတွေက စစ်ပွဲအတွက်လက်နက်လည်းရောင်းရ စစ်ကန်ထရိုက်တွေလည်း မရတရ၊ စစ်ပြီးလို့နိုင်တော့ လုယက်လို့ရတာတဲ့ဝေစုကျတော့လည်း နှစ်ပဲတပြား၊ သူတို့နိုင်ငံလေးတွေက ငယ်ရွယ်သူစစ်သားလေးတွေတော့ စစ်ပွဲတွေမှာသေဖို့ ဒုက္ခိတဖြစ်ဖို့လွှတ်ပေးရတယ်။ သွားအသေခံခိုင်းရတယ်၊ သေခ ကြတော့ (စစ်သားတယောက်ခြင်းသေခနဲ့ အသုဘစရိတ်နည်းနည်းပါးပါးကလွဲလို့) အုပ်စိုးသူတွေအိပ်ထဲ ဘာမှမရောက်ဘူး။ အရင်းရှင်ကြီးတွေ စို့စို့ပို့ပို့ မရဘူး။ အမေရိကန်စစ်သားသေရင် ရတဲ့ခံစားခွင့်နဲ့လျော်ကြေးတွေက နိုင်ငံပေါက်စက စစ်သားတွေထက် အဆအများကြီးသာတယ်။ ပေးရတာက အမေရိကန်လူချမ်းသာတွေရဲ့ ကလေးမုန့်ဖိုးလောက်လေးပဲ။ ဒီတော့ လူတွေ ငြိုငြင်လာတယ်။

ဆိုဗီယက်ယူနီယံ(ကွန်မြူနစ်အန္တရာယ်)ကလည်း မရှိတော့ဘူး၊ စစ်အေးကလည်း ခေတ်ကုန်ပြီ၊ War on Terrorism ဆိုတာကလည်း အမေရိကန်နဲ့ နေတိုးထဲက ချမ်းသာနိုင်ငံတွေက လက်နိုင်ခြေနိုင် လုပ်နိုင်တော့ လုယက်လို့ရလာတဲ့ သယံဇာတ၊ ဈေးကွက်ဝေစု၊ နိုင်ငံရေးရှယ်ယာလည်း သူတို့ပဲခွဲယူကြတယ်။ လက်နက်လည်း သူတို့ပဲရောင်းကြတယ်။ စစ်ရိက္ခာအပါအဝင် လိုသမျှစစ်စီးပွားရေး စစ်ကန်ထရိုက်တွေလည်း သူတို့ပဲယူတယ်။ တိုက်တော့လည်း နည်းပညာသုံးတာ ဗုံးကြဲတာ၊ လေကြောင်းကထိုးနှက်တာများတယ်၊ မြေပြင်တပ်လွှတ်တာက မပြောပလောက်ဘူး။

ဒါပေမယ့် တပ်လွှတ်ရတော့မယ်ဆို လွှတ်မယ့်တပ်အတွက်တေ့ နေတိုးဝင်နိုင်ငံငယ်လေးတွေဆီက စစ်သားတောင်းတတ်တယ်။ အင်တင်တင်ပေမယ့် ပေးရတာပဲ။ သူတို့လူငယ်လေးတွေ စစ်ပွဲမှာသေဖို့လွှတ်ရတာဘဲ။ ခု နေတိုးကို ငွေကြေးအရ အမေရိကန်က သိတ်ဦးမဆောင်ချင်တော့ဘူး။ နေတိုးဝင်နိုင်ငံကြီးတွေတိုင်းပြည်ကာကွယ်ရးအသုံးစာရိတ်တွေမြှင့်ကြလို့ အမေရိကန်က လောဆော်နေတယ်။ တိုင်းပြည်ကာကွယ်ရေးစရိတ်မြှင့်ခိုင်းတာနဲ့အတူ နေတိုးအဖွဲ့အတွက်လည်း တိုးပြီးထည့်ဝင်ကြပါ တပါတည်း ပါတယ်။ နိုင်ငံငယ်လေးတွေလည်း ငယ်ပေမယ့် ငယ်တဲ့အလျှောက် ထည့်ဝင်ရတယ်။

သူတို့က ကွန်မြူနစ်ရန်ကြောက်ပြီး အမေရိကန်နဲ့နေတိုးရဲ့ အနုမြူထီးရိပ်အောက်ရော တခြားလုံခြုံရေး၊ စစ်ရေးအကာအကွယ်ပေးမှုတွေရော ရရေးက အဓိက။ ခု သူတို့ကြောက်လှချည်ရဲ့ဆိုတဲ့ ကွန်မြူနစ်တရုတ်နဲ့ ဖက်လှဲတကင်းလုပ်ရင်း အကြောက်ရှိန်ပြေလာတာက တကြောင်း နိုင်ငံ့စီးပွားရေးလေးတွေ စည်စည်ပင်ပင်ရှိလာက တကြောင်း ငွေလိုရင်လှည့်လို့ရတဲ့အနေအထားက တကြောင်းကြောင့် တရုတ်ကွန်မြူတွေဘက် ခြေဦးတွေက လှည့်သထက် လှည့်လှည့်နေတော့ အမေရိကန်တွေ ခံရခက်နေတယ်။

နေတိုးဝင်(နေတိုးမဟာမိတ်)နိုင်ငံဘုစုခရုတွေဟာ အမေရိကန်အတွက်တော့ အဆီတဝင်းသဲတရှပ်ရှပ်ဖြစ်နေတယ်။ အဲ့ဒီ နိုင်ငံလေးတွေကို ဆက်ကိုင်မထားနိုင်ရင် အရင်းရှင်ကြီးတွေချမ်းဖို့ စစ်ပွဲသွားအသေခံတိုက်ပေးမယ့် စစ်သားစုဆောင်းရေးလမ်းကြောင်း ချိနဲ့နိုင်တယ်။ ဈေးပေါပေါနဲ့ သေပေးကြတာဆိုလို့ ဒါလေးတွေပဲရှိတာ။ ဒါလေးတွေမွေးပြီး စစ်တိုက်နေရတာဆိုတော့ ဒါလေးတွေကို လက်လွှတ်လို့ကလည်းမဖြစ်ဘူး။ အန်ကယ်လ်ဆမ် နည်းနည်းတော့ အကျပ်ရိုက်နေတယ်။ 

ခု နှစ် ၇ဝ ပွဲမှာ ဘာသံတွေထွက်လာဦးမလဲက စောင့်ကြည့်ရပါလိမ့်မယ်။ မမေ့မလျော့ မပေါ့ဆကြဖို့က အမေရိကန်ဟာ စီးပွားရေးမှာအရင်ကလို မ စွာတော့ပေမယ့် စစ်ရေးနဲ့ ဖျက်ဆီးနိုင်စွမ်းမှာတော့ ထိပ်ဆုံးကဆိုတာဘဲဖြစ်တယ်။ ထရမ့်ပ်လက်ထက်မျာ အရင်ကထက် အပြောအဆို နည်းနည်းလည်း ပိုရမ်းကားလာတယ်။ အထည်ကြီးပျက်ရဲ့သိမ်ငယ်မှုနဲ့ ဟိန်းလားဟောက်လားတွေလုပ်လာတယ်။ ကမ္ဘာကြီးမှာ ဘယ်တုန်းမှမရှိခဲ့ဖူးတဲ့ အနုမြူစစ်ပွဲခြိမ်းခြောက်မှုတွေလည်း ကြီးသထက်ကြီးနေတယ်။ ကမ္ဘာဖျက်လက်နက်ကြီးတွေလည်း လက်နက်နိုင်ငံတော်ကြီးတွေမှာပဲရှိတာ။

ဗမာပြည်မှာလည်း မေမေက တိုင်းပြည်ပတ်ပြီး ရဲတပ်သားသစ် စုဆောင်းနေတယ်။ မေမေနဲ့အုပ်စိုးသူလူတန်းစားတွေအတွက် ရခိုင်သွားအသေခံပေးဖို့ ရဲလေးတွေ အသည်းအသန်လိုနေချိန်ကြီး မဟုတ်လား။

စစ်ဆိုတာ တိုက်စားတဲ့လူပဲ ချမ်းသာတယ်။ ချေမှုန်းခိုင်းတဲ့လူနဲ့ ချေမှုန်းနိုင်သူပဲ အာဏာကိုင်နိုင်တယ်။ သူတို့ပဲ ကောင်းစားကြီးပွားတယ်။ စစ်သားလေးတွေနဲ့ ရဲသားလေးတွေကတော့ ရှေ့တန်းသေ သေတဲ့နေရာကျင်းတူးမြှုပ်လိုက် လျော်ကြေးပေးလိုက်ရင် ကိစ္စပြတ်တယ်။ အဲ့ဒီလျော်ကြေးက ပြည်သူတွေဆီက အခွန်ကောက်ပြီးပေးရတာ။ အုပ်စိုးသူလူတန်းစားအိပ်စိုက်တပြားမှ မပါဘူး။ စစ်ကရတဲ့ဝေစု အမြတ်နဲ့ အကျိုးစီးပွား အာဏာသာ သူတို့အချင်းချင်း ခွဲဝေစားသုံးရင်း ချမ်းသာကြကြီးပွားကြတာ။

စစ်ဆိုတာ တိုက်စားတဲ့လူပဲ ကြီးပွားတာ။
မျိုးမြင့်ချို
ဧပြီ ၄၊ ၂ဝ၁၉

Wednesday, April 3, 2019

ဇော်ဇော်အောင်​​​​ (၉)ခင်သန်းနုအကြောင်း ၀တ္တု

0 comments
ဇော်ဇော်အောင်​​​​(၉)ခင်သန်းနုအကြောင်း ၀တ္တု
အပြာရောင် နှင်းမြူဇာပ၀ါ ပါးပါးကလေး လွမ်းခြုံထားတယ်လို့. .. ၀ထ္ထုတစ်ပုဒ်ထဲမှာ ဖတ်ရသည်ကို အမှတ်ရနေ၏။ ဆောင်းအကုန် နွေအကူး သည်လိုရာသီမျိုးမှာ တက္ကသိုလ်နယ်မြေသည် အလှဆုံး၊ အသာယာဆုံး၊ ကံ့ကော်ဝတ်မှုန် ၀တ်ဆံများ လေထဲမှာ ၀ဲပျံနေ၏။ မွှေးပျံ့ကြည်သာသော ရနံ့များသည် ကံ့ကော်ပွင့်တို့ တက္ကသိုလ်ကို လွှမ်းမိုးထားသည်။ ကံ့ကော်ပင်တွေကြားမှာ အစိမ်းနုနု ဆေးသုတ်ထားသော ခုံတန်းလျားကလေးများ တိတ်ဆိတ်စွာ လှနေကြ၏။ နုပျိုသော အကြင်နာများ၊ အတွယ်အတာများသည် နေရာအနှံ့ပျံ့လျှက်။ အပူအပင်ကင်းသော ရယ်မောသံများ၊ ရင်ခုန်သံ ရောယှက်သော သက်ပြင်းထွက်သက်နွေးနွေးများ ၊ ဟန်ဆောင် စိတ်ကောက်သော မျက်စောင်းချိုချိုများသည် ကံ့ကော်ရွက်များကြားတွင် အချစ်သီချင်းတစ်ပုဒ်ကို သီဆိုနေကြ၏။ ဆွတ်ပျံသာမော ရင်ခုန်ရပါသော တက္ကသိုလ်မှာ။
သန်းနုသည် တက္ကသိုလ်နယ်မြေမှာမွေး၍ တက္ကသိုလ်နယ်မြေမှာပင် ကြီးပြင်းခဲ့ရ၏။ ရုပ်ရှင်မင်းသမီး ခင်သန်းနု ရုပ်ရှင်စရိုက်သောနှစ်က သူ့ကိုမွေးခဲ့သည်။ အဖေက ခင်သန်းနုကို အသည်းစွဲမို့ သူ့သမီးကို ခင်သန်းနုဟု နာမည်မှည့်ခဲ့၏။ ဘာ့ကြောင့်မှန်းမသိ၊ ဆိုင်တန်းတစ်တန်းလုံး ဘယ်သူမှ သူ့ကိုခင်သန်းနုဟု မခေါ်ကြ။ သန်းနုဟုသာ ခေါ်ကြသည်။
တစ်ခါတစ်ခါ အမေက ငယ်နာမည် ဘုတ်ဆုံမဟု ခေါ်ခေါ်နေသောကြောင့် စိတ်ညစ်ရသည်။ မခေါ်ဖို့ ပြောရသည်က အမော။ ငယ်ငယ်က ၀၀ကစ်ကစ် ချစ်စရာ ဘုတ်ဆုံမသည် ကြီးလာ၍ သနးနုဖြစ်လာသောအခါ အလှသွေး ရွှန်းစိုစွာ ထူးထူးခြားခြားလှပနေ၏။ အဖေတို့၊အမေတို့အမျိုးတွေ အညာကျောက်ပန်းတောင်းက ဘုရားဖူးလာကြတုန်းက မှတ်မိနေသေးသည်။ တို့အမျိုးထဲမှာ ဟောဒီကောင်မ အလှဆုံးပဲ။ ရန်ကုန်သူကိုးအေ့။ နင့်အသားလေးက ဖြူဥနေတာပဲဟယ်။ ငါ့မြေးက မိန်းမချောကြီးဟဲ့။
ဝိုင်းဝန်းချီးကျူးသံတွေကြား သန်းနုသာယာခဲ့၏။ အပျိုဘော် မ၀င်ခင်ကတည်းက သန်းနုသည် သူ့အလှကို သူသတိပြုမိ၏။ အချောအလှ တက္ကသိုလ်ကျောင်းသူ အစ်မတွေကိုကြည့်ပြီး စိတ်ထဲက ကျိတ်နှိုင်းယှဉ်ကြည့်မိသော အကြိမ်ပေါင်း မရေတွက်နိုင်။ သန်းနုသည် သူ့အလှကို သူသတိပြုမိ သိရှိသော မိန်းကလေးဖြစ်၏။
မှတ်မှတ်ရရ အဖေအဆောင်စားဖိုမှုးအလုပ်က အငြိမ်းစားယူသော နှစ်မှာ သန်းနုဆယ်တန်းအောင်သည်။ တက္ကသိုလ်ဆက်တက်ဖို့။ သည်တက္ကသိုလ်မှာ သူ့ကိုမွေးခဲ့၊ သူကြီးပြင်းလာခဲ့ရသည်။ ယခုလည်း သည်တက္ကသိုလ် နယ်မြေမှာ သူနေသည်။ တက္ကသိုလ်သည် သန်းနုဘ၀ ပတ်ဝန်းကျင်ပင် ဖြစ်၏။
သို့သော်ပင်စင်ယူပြီးမှ အဖေ့ကျန်းမာရေး ပိုဆိုးလာသည်။ အရင်က သူတို့ဆိုင်ကို အမေပင် ဦးစီးလုပ်ကိုင်လာခဲ့သည်။ သူမှတ်မိသမျှ ဟိုးငယ်စဉ်ကတည်းက အဖေဆိုသည်မှာလည်း အဆောင်တာဝန်တွေနှင့် ဆိုင်ကိုသိပ်မကြည့်အား။ အခု အဖေကျန်းမရေး မကောင်းရသည့်အထဲတွင် အမေကပါ ကျန်းမာရေးထွေလာ၏။
အားကိုးလွှဲအပ်ရသော အမေ့ညီမ အပျိုကြီးတစ်ယောက်ကလည်း မနှစ်ကပင် ဆုံးပါးခဲ့သည်။ အကြောင်းကြောင်းများကိုထောက်၍ သမီးအကြီးဆုံးဖြစ်သော သန်းနုအပေါ်သို့ တာဝန်တွေအလိုအလျှောက် ကျရောက်လာနေသည်။ သူတာဝန်ယူရလိမ့်မည်။ ဆိုင်ကလည်း အခြေတကျ အနေတကျ ဖြစ်နေပြီ။
အဖေနှင့်အမေ၏ ဆန္ဒကို ပြတ်ပြတ်ဆန့်ကျင်၍ သန်းနု စာပေးစာယူ သင်တန်းကို လျှောက်လိုက်သည်။ အမေက တက္ကသိုလ်မှာတက်ရန် ထပ်ပြောသောအခါ အမေရယ် သန်းနုမွေးကတည်းက တက္ကသိုလ်ကျောင်းသူ ဖြစ်လာတာပဲဥစ္စာဟု ရယ်မောလျှောချခဲ့၏။ ထိုအချိန်မှစ၍ သန်းနုသည် ပေါ့ပါးလွတ်လပ်သော ကျောင်းသူဘ၀ကို စွန့်လွှတ်၍ ဘ၀ထဲကို ရဲရဲတိုးဝင်ကာ အိမ်ထောင်ဦးစီး၊ ဆိုင်ဥိးစီးအဖြစ်သို့ ရောက်မှန်းမသိ ရောက်လာခဲ့သည်။
သန်းနုကောင်းကောင်း မှတ်မိနေသည်။ တက္ကသိုလ်နယ်မြေမှာ (ထိုနှစ်က) ပထမဆုံး မိုးရွာသောနေ့။ စနေနေ့။ ရက်ပေါင်း လပေါင်း အတော်ကြာကြာ ၊ နှစ်ရာသီ လုံးလုံး မိုးရေစက်တို့ မထိမတွေ့ ခြောက်သွေ့ခဲ့သော မြေပြင်ပေါ်မှာ မိုးစက်များ စတင်ကျရောက် စိုစွတ်ခဲ့တဲ့နေ့။ ထူးခြားသင်းပျံ့သော မြေသင်းနံ့များနှင့်အတူ အစ်ကိုမောင်သည် သန်းနုဘ၀ထဲသို့ ၀င်လာခဲ့သည်။ ပြန်စဉ်းစားကြည့််ရင် ရိုးရိုးစင်းစင်းကလေးပါပဲ။ ၀ထ္ထုထဲ ရုပ်ရှင်ထဲကလိုမဟုတ်။ သန်းနုဆိုင်ထဲသို့ ကျောင်းသားတစ်ယောက် ပြေးဝင်လာသည်။
စနေနေ့မို့ လူရှင်းသည်။ ဆိုင်တန်းမှာ တစ်ခြားဈေးသည်တွေလည်း မထွက်။
သန်းနုတို့ကတော့ လပေးချိုင့်ဆွဲသမားတွေရှိ၍ ချက်ပြုတ်ရသေးသော်လည်း အလုပ်ပါးသည်။ အစ်ကိုမောင် ဆိုင်ထဲပြေးဝင်လာစဉ်က သန်းနုသည် လုံးထားသော ၀က်သားဟင်းထဲ အနှစ်အဖြစ်ထည့်ဖို့ ကြက်သွန်ကြော်ဆီချက် ချက်ရန် ပြင်နေသည်။ ဘာရလဲဟု မေး၏။ ညနေ သုံးနာရီလောက်။ သန်းနုက ဟင်းအမည်တွေ ပြောပြသည်။ ခဏ ဆုတ်ဆိုင်းဆိုင်းလုပ်နေပြီး ကြက်အသဲအမြစ်နှင့် ထမင်းမှာသည်။ သန်းနုက ပြင်ပေး၏။ ထမင်းကို တို့ကဆိတ် တို့ကနန်းသာ စားသည်။ လည်တဆန့်ဆန့် တမျှော်မျှော်နှင့် ဂျပ်ဆင်မျှော်စင်ဘက်ကိုသာ ကြည့်နေ၏။ တစ်ယောက်ယောက်နှင့် အချိန်းအချက်ရှိလို့ လာစောင့်နေပုံ သိသာလွန်းသည်။
မိုးတိတ်သည်နှင့် ကျသင့်ငွေရှင်းပြီး ကမန်းကတန်း ပြေးထွက်သွားသည် ။ ထိုနေ့က
မိုးပထမဆုံး စရွာသောနေ့က မြေသင်းနံ့များ လွင့်ပျံ့နေဆဲ၊ မိုးစက်တွေထဲကို ဖြတ်၍ အစ်ကိုမောင်သည် သန်းနုတို့ဂျပ်ဆင် ရိပ်သာ ထမင်းဆိုင်အတွင်းသို့သာမက သန်းနုဘ၀ထဲသို့ပါ ပြေးဝင်လာခဲသည်။
နောက်တစ်နေ့၊ နောက်တစ်နေ့၊ နောက်နေ့ပေါင်းများစွာ အစ်ကိုမောင်လာ၏ ။ လာတိုင်း အသည်းအမြစ်ဟင်းနှင့် ထမင်းမှာစား၏ ။ သည်လိုနှင့်ပါပဲ ။ စိတ်ဝင်စားစရာကောင်းအောင်၊ သဘာဝယုတ္တိ အာဂမယုတ္တိတွေနှင့် ကိုက်ညီအောင် စာဖတ်သူများ စွဲမက်အောင်၊ ဝေဖန်ရေးဆရာများ၏ ချီးကျူးခြင်း ခံရလောက်အောင် ကောင်းမွန် အနုပညာမြောက်စွာ ရေးဖွဲ့ထားသော ၀တ္ထုထဲကလိုတော့ ဟုတ်ချင်မှ ဟုတ်မည်။ မင်းသား မင်းသမီး တွေ့ဆုံချစ်ကြိုက်သွားကြပုံ မြန်လွန်းသည်။ လွယ်လွန်းသည်ဟု ပြောကောင်းပြောနိုင်ပေလိုပေလိမ့်မည်။
အဆန်းတကြယ် မဟုတ်လှစွာ သန်းနုအကိုမောင်နှင့် ချစ်ကြိုက်သွားခဲ့၏ ။ သို့သော် သန်းနုသည် အစ်ကိုမောင့်အချစ်ကို လက်ခံ၍ သူ့အချစ်ကို အစ်ကိုမောင်အား ပေးအပ်နိုင်ဖို့အတွက် အိပ်မရသော ညပေါင်းများစွာ၊ ပြည့်ကျပ်မွန်းသိပ်စွာ ချခဲ့ရသော သက်ပြင်းပေါင်းများစွာ၊ ထိတ်လန့်မှု၊ တုန်လှုပ်မှု၊ စိုးရိမ်မှု၊ အားငယ်မှု၊ ဝေခွဲမရမှု ပေါင်းများစွာ၊ ရင်ခုန်စက္ကန့်ပေါင်းများစွာ၊ မျက်နက်ဝန်းမှာ စို့တယ်ဆိုရုံမျှ ၀န်းခိုလာသော မျက်ရည်စပေါင်းများစွာကို စွန့်စားကျော်ဖြတ်ခဲ့ရကြောင်း သန်းနုသာ သိပေလိမ့်မည်။
အစိမ်းရောင်ကားအသစ်လှလှကလေးမောင်း၍ အမြဲတမ်း သပ်သပ်ရပ်ရပ် သားသားနားနား ၀တ်စားတတ်သော အစ်ကိုမောင်သည် သန်းနုဘ၀ထဲသို့ ၀င်လာရုံမျှမကတော ။့ အတော်စိုးမိုး နေရာယူလာပြိ။
အစ်ကိုမောင် သီချင်းဆိုသည်။ ဂစ်တာတီးသည်။ ရုပ်မြင်သံကြားမှာ မကြာခဏ အစ်ကိုမောင်တို့ဝိုင်း လွှင့်ရသည်။ အစ်ကိုမောင် လှေလှော်ရွက်တိုက်သည်။ အင်းလျား လှေလှော်ရွက်တိုက်အသင်း ပွဲတစ်ပွဲမှာ တစ်နှစ်က အစ်ကိုမောင် ဆုရဖူး၏။
အစ်ကိုမောင် တင်းနစ်ရိုက်သည်။ သိမ်ဖြူကွင်းမှာ တစ်နှစ်က အစ်ကိုမောင် ဆုရဖူးသည်။ အစ်ကိုမောင် စာမေးပွဲ အောင်သည်။
ကမ္ဘာပေါ်တွင် အစ်ကိုမောင်သည် အချောဆုံး၊ အလှဆုံး၊ အသားနားဆုံး၊ အအောင်မြင်ဆုံး၊ အကျော်ကြားဆုံး၊ သူအချစ်ဆုံးဟု သန်းနုစွဲမြဲ ယုံကြည်ယူဆထားသည်။
တစ်နေ့။
မနက်အစောကြီး အစ်ကိုမောင် ရောက်လာ၏။ လက်ထဲမှာ ကံ့ကော်ပန်းတွေ တပွေ့တပိုက်ကြီး။ ဒဂုံအဆောင်ရှေ့က သူကိုယ်တိုင် တက်ခူးလာသည်ဟု ပြော၍ သန်းနု ကိုပေးသည်။ သန်းနုသည် ဟင်းချိုအိုး ပွက်အောင်စောင့်ရင်း ဖတ်လက်စ သမိုင်းစာစဉ်ကို ချထား၍ အစ်ကိုမောင်ကို အပြုံးနှင့် ကြို၏။ ညနေ လှန်းတန်းဈေးမှာ တွေ့မယ်ဟုပြောပြီး ကပျာကသီ ပြန်ထွက်သွားသည်။ မနက်အတွက် ညနေကတည်းက လှည်းတန်းဈေးမှာ ဟင်းလျာ သားငါး ၀ယ်ထားရသည်။
ထိုညနေ သန်းနုဈေးသွားတော့ အစ်ကိုမောင် ဈေးထိပ်က စောင့်သည်။ ဈေးထဲမှာ အတူဈေးဝယ်၏။ အစ်ကိုမောင်က ခြင်းတောင်းကို ကိုင်သည်။ ကျောက်ကျောဆိုင်မှာ ထိုင်စကားပြောကြသေး၏။ အပြန် ကမာရွတ်ရဲစခန်းရှေ့ထိ အစ်ကိုမောင်လိုက်ပို့သည်။ ကားတွေဥဒဟို ရှုပ်ယှက်ခတ် မောင်းနေသော လမ်းကို ဖြတ်ကူးခါနီးဆဲဆဲ။ အစ်ကိုမောင်သည် ဘယ်တုန်းကမှ ပြောလိမ့်မည်ဟု သန်းနုမျှော်လင့်မထား သော စကား တစ်ခွန်းကိုပြောလိုက်သည်။ နုငယ်၊ အစ်ကိုမောင်တို့  လက်ထပ်ကြစို့ တဲ့။
သန်းနု မျက်လုံးတွေ ပြာမိုက်သွား၏။ သူ့ ရှေ့ ကကားတွေ လူတွေအားလုံး အလင်းရောင်တစ်ချက် စူးရှတောက်ပစွာ ၀င်းလက်ပျောက်ကွယ်သွားသည် ထင်လိုက်ရ၏။ ဘယ်တော့မှ ပြောလိမ့်မယ်ဟု မျှော်လင့် မထားတဲ့ စကားကို အစ်ကိုမောင် တကယ်ပြောလိုက်တာပါလား။
နောက်တစ်နေ့  မနက်။
သန်းနုသည် အဖေတို့ အမေတို့ အချိန်ကြာမြင့်စွာကတည်းက ဖျောင်းဖျနားချ တိုက်တွန်းနေသော သူတို့ အညာ ကျောက်ပန်းတောင်းဘက်က ကိုအုံးလှိုင်ဆိုသူကို ယူ ယူပါတော့မည်ဟု ခေါင်းညိတ်သဘော တူလိုက်သည်။ ကိုအုံးလှိုင်သည် သူ့ထက် အသက်သုံးလေးနှစ်ယောက်ကြီး၏။ ကမာရွတ် စံပယ်ခြံ ထဲတွင်နေ၍ လက်ဖက်ရည်ဆိုင်ကလေး တစ်ဆိုင်ကို လမ်းဘေးမှာ ကိုယ်ပိုင်ဖွင့်နေသူဖြစ်၏။
အမေသည် သန်းနုကို နားလည်ဝမ်းမြောက်စွာကြည့်၍ ပြုံးသည်။ အဖေသည် သန်းနုကို နားမလည်ဝမ်းမြောက်စွာကြည့်၍ သာဓုခေါ်သည်။ အဖေရော၊ အမေပါ သူနှင့်အကိုမောင်တို့ ချစ်ကြိုက်နေကြောင်း ဘာမှမပြာသော်လည်း သိနေကြ၏။
အစ်ကိုမောင် နေ့စဉ်ရက်ဆက်လာသည်။ အမြန်ဆုံးလက်ထပ်ဖို့နှင့် မိသားဖာသားပီပီ တောင်းရမ်းယူမည်ဖြစ်ကြောင်း တတွတ်တွတ်ပြော၏။ သန်းနုသည် သူ့အသက်အရွယ်နှင့်မမျှ၊ အတွေ့အကြုံ ရင့်ကျက်ကြွယ်ဝခဲ့သော မိန်းမတစ်ဦးပမာ အစ်ကိုမောင်ကို လိမ္မာစွာ ရှောင်နိုင်ခဲ့၏။ ဆိုင်မှာ မရှောင်သာ ဆုံသည့်အခါများတွင် ထမင်းသည်နှင့် ထမင်းဝယ်စားသူတို့၏ ဆက်ဆံရေးမျိုးအဖြစ်က မလွန်အောင် ထိန်းသိမ်းနိုင်ခဲ့၏။ နောက်းဆုံး အစ်ကိုမောင် ဒေါသတကြီးပေါက်ကွဲ၍ နုငယ်ကို အတင်းအဓမ္မမရ ရအောင်ယူမည်ဟု ကြိမ်းဝါးထွက်သွာြး့ပီး နှစ်ရက်အကြာတွင် သန်းနုနှင့် ကိုအုံးလှိုင် တရားရုံးတစ်ရုံးမှာလက်မှတ်ထိုး လက်ထပ်လိုက်ကြသည်။
သုံးလေးလခန့်ကြာသောအခါ အကိုမောင်တစ်ယောက် နိုင်ငံခြားသင်္ဘောလိုက်သွားသည်ဟု သတင်းသဲ့သဲ့ ကြားလိုက်ရသည်။
လက်ထပ်ပြီး တစ်နှစ်ခွဲ၊ နှစ်နှစ်နီးပါးကြာမှ သန်းနုကိုယ်လေးလက်ဝန် ရှိလာ၏။ စာပေးစာယူနှင့် ဘွဲ့လည်းရပြီ။ အိမ်ထောင်လည်း ကျပြီ။ စီပွားရေး အခြေအနေကလည်း အတော်အတင့် ကောင်းလာပြီ။ ယခု ကိုအုံးလှိုင်၏ ရင်သွေးကို လွယ်မိ ပိုက်မိပြန်ပြီ။ လင်မယား ပျော်လို့မဆုံး။ တစ်နေ့ စကားစပ်မိ၍ ကိုအုံးလှိုင်က ကိုယ်ဝန်ရှိတဲ့ မိန်းမတွေ ချင်ခြင်းတပ်ကြတယ်လို့ ငါကြားဖူးတယ်နုနု။ မင်း ဘာလုပ်ချင်သလဲ၊ ဘာစားချင်သလဲ ပြောပါလားကွာ။ သန်းနုက ကိုအုံးလှိုင်ကိုကြည့်၍ ကျွန်မကမ်းနားဘက် သွားချင်တယ်။ ပင်လယ်ကူးသဘောင်္ကြီးတွေ ကြည့်ချင်တယ် ကိုအုံးလှိုင်ရယ်ဟု ပြန်ပြော၏။ ကိုအုံးလှိုင်က ငါတို့သားလေးကြီးလာရင် နိုင်ငံခြားသဘောင်္လိုင်း လိုက်ရလိမ့်မယ်ကွဟု ပျော်ရွင်ရယ်မော ပြောသည်။ သန်းနုသည် သူ့ချစ်လင်ကို ကြင်နာသိမ်မွေ့စွာ ကြည့်နေ၏။
ချစ်သူက တစ်ယောက်၊ လက်ထပ်သူက တစ်ယောက်။ ကမ္ဘာပေါ်မှာ အကြာင်းအမျိုးမျိုးကြောင့် ချစ်သူကို ရင်နာစွာ စွန့်ပစ်၍ လက်ထပ်သင့်သူကို မလွှဲမရှောင်သာ လက်ထပ်ခဲ့ရရှာသော နာကြင်ကြေကွဲ ဖွယ်ရာ မိန်းမများ၏ စာရင်းကို အကယ်၍ တစ်စုံတစ်ယောက်က မှတ်တမ်းတင် ပြူစုထားသည် ဆိုပါစို့။ နွမ်းပါးနိမ့်ကျတန်းရည်မျှသူကိုရွေး၍ ကြီးမြင့်ပြည့်စုံ လုံခြုံသူကို ရင်နာနာ စွန့်ပစ်ခဲ့သော ခင်သန်းနုကို ထိုစာရင်း ထဲတွင် ထည့်သွင်းပါမည်လား။
စာမျက်နှာ(၈၁)မှ(၈၄)ထိ
ဇော်ဇော်အောင်
၀ထ္ထုတိုပေါင်းချုပ်
ရန်ကုန်လမ်းမများစာပေ
ပထမအကြိမ်
၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ

(တကယ်လားဆိုတာ လူတွေသိပါတယ်)

0 comments
(တကယ်လားဆိုတာ လူတွေသိပါတယ်)

ဟုတ်ဟုတ် မဟုတ်ဟုတ်၊ မူမဲ့မဲ့ မမဲ့မဲ့ အမျိုးသားရင်ကြားစေ့ရေးဆိုပြီး စစ်တပ်ရင်ခွင်ထဲဝင်နေရင်း၊ စစ်ရာဇဝတ်မှုတွေမှာ အလိုတူအလိုပါလုပ်ရင်း၊ ကြံရာပါရင်း၊ သွေးရူးသွေးတမ်းကာကွယ်ရင်းနေတာကမှ တဘက်အရဲ့ ကလော်ဘဲခံရမှာ။ NCA လိုလို ၂၁ ရာစုပင်လုံလိုလိုလေးမျှောထားပြီး ပြည်ထောင်စုမိခင်ကြီးတို့ ငြိမ်းချမ်းရေးမယ်တော်ကြီးတို့ လုပ်နေတာကမှ အရေးဟယ်အကြောင်းဟယ်ဆို Sweet Guys တွေက ကာကွယ်ချင် ကာကွယ်ပေးဦးမယ်။

ခုတော့ AA ကိစ္စမှာ ခိုးကြောင်ခိုးဝှက် စက်ပုန်းခုတ်တာကို ဟိုက ထမိန်စနောက်က ဆောင့်နင်းချလိုက်တော့မှ ကွင်းလုံးလည်းကျွတ် မျက်နှာဖုံးလည်ကျွတ်ကြရော ရှက်ရမ်းရမ်း မွှန်ထွန်ပြီး ဖွဲ့စည်းပုံပြင်မယ်ဆိုပြီး ကမူးရှူးထိုးထလုပ်တာ။ ပါတီတွင်းမှာရော၊ လွှတ်တော်တွင်းပြင် ဒီမိုကရေစီအင်အားတွေနဲ့ ကြိုတင်ပြင်ဆင်ဖို့မပြောနဲ့ စစ်အုပ်စုကိုပါ ဘာသံတော်ဦးမှတင်ထားတာ မရှိတော့ ကွဲတာပေါ့ အရှက်။ ဟက်တက်။

အဲ့မတိုင်ခင်အထိ NCA မှာ အကုန်ပါအောင်လုပ်မယ်၊ ပြီးရင် နိုင်ငံရေးဆွေးနွေးပွဲ(၂၁ ရာစုပင်လုံ) လုပ်မယ်။ အဲ့ဒီကဆွေးနွေးလို့ရတဲ့ သဘောတူညီချက်တွေကို စုစည်းပြီးမှ ဖွဲ့စည်းပုံပြင်ရေးလုပ်မယ်။ အဲ့ဒိအချက်တွေကို ဖွဲ့စည်းပုံပြင်ရေးထဲထည့်ပြင်မှာဆိုပြီး ခင်းထားတာ။ နောက်ဆုံးဘယ်လောက်အထိ စကားတွေ ကျွံထားသလဲဆို (ငြိမ်းချမ်းရေးနဲ့ ဘာမှမပတ်သက်တဲ့ ပါတီတည်ဆောက်ရေး) ပါတီတွင်း အကျင့်ပျက်ခြစားတာတွေ ပါတီစည်းကမ်းဖေါက်ဖျက်တာတွေ တပည့်မွေးဆရာမွေးတွေ သာကူးတွေ ခြံခုန်တွေကိစ္စ(ပါတီပြင်ဆင်တည်ဆောက်ရေး)တွေကိုပါ အပစ်အခတ်တွေအကုန်ရပ်၊ ငြိမ်းချမ်းရေးကြီးရမှ လုပ်တော့မယ်ဆိုတဲ့အထိ (ဒေါက်တာမျိုးညွန့်ပြော)ကို ပြောခဲ့တာဘဲ။ လူတွေ မမေ့ပါဘူး။

ဒီစစ်အုပ်စုမျက်နှာကြည့်နေသရွေ့၊ ခစားနေသရွေ့၊ ဒီ ၂ဝဝ၈ ဖွဲ့စည်းပုံကိုသစ္စာခံနေသရွေ့၊ အဲ့ဒီအောက်ကလုပ်နေသရွေ့ ပြည်တွင်းစစ်ကြီးရပ်သွားဖို့မပြောနဲ့ တပြည်လုံးအပစ်ရပ်ဖို့ကိုတောင် စိတ်ကူးယဉ်လို့မရမှန်း လူတွေသိပါတယ်။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် လုပ်တော့ကြည့်ပါစေဦး၊ စောင့်တော့ကြည့်လိုက်ပါဦးဆိုပြီး လူတွေစိတ်ရှည်ပေးခဲ့ သည်းခံပေးခဲ့ပါတယ်။

ဒါ့ကြောင့်လည်းဘဲ စစ်အုပ်စုနဲ့ ပလူးပလဲလုပ်တာတွေ၊ ပရောမယီလုပ်တာတွေ၊ ခရိုနီတွေကို ဖင်မတာတွေကို လူထုက ရင်နာနာနဲ့ဘဲ ခွင့်လွှတ်နားလည်ပေးခဲ့ပါတယ်။ ကိုယ့်အပေါ် မောက်မာ ရိုင်းပြတာတွေ၊ မန်မာနထောင်လွှားတာတွေ၊ ဒေါသတကြီး အငြှိုးတကြီးတုံ့ပြန်တာတွေကိုပါ မသိကျိုးကျင်ပြုပေးကြပါတယ်။ ဒါက လူထုဘက်က နားလည်မှု၊ ခွင့်လွှတ်မှု၊ သည်းခံမှု၊ စိတ်ရှည်မှုနဲ့ အမြော်အမြင်ရှိမှုပါ။

စစ်အုပ်စုကတော့ ဘယ်တော့မှ အဲ့သလိုမဟုတ်ပါဘူး။ လုပ်စရာရှိ ဘယ်မျက်နှာမှ မထောက်တာ၊ ပြောစရာရှိ တစ်တစ်ခွခွပြောတာ၊ ကိုင်စရာရှိ အသက်ထိပါ ရန်ရှာတာ၊ အသုံးချစရာရှိ ကျွန်စုပ်ပြစ်တဲ့ သရက်စေ့အထိဖြစ်အောင် လုပ်ပြစ်တာပါ။ သူတို့အတွက် ဘယ်လောက်အကျိုးပြုပြု၊ လူထုနဲ့ကင်းကွာပြီး လူထုအားဆိုတဲ့ အဆိပ်အစွယ်မရှိလို့ကတော့ ဘယ်သူ့သမီးမကလို့ ဘာကြီးဖြစ်နေဖြစ်နေ နာလန်မထူအောင် ဂုဏ်သိက္ခာ ကုန်းကောက်စရာမကျန်အောင်ချမှာပဲ ထိုးနှက်မှာဘဲ ဖျက်ဆီးမှာဘဲ။ ဒီလိုလုပ်တဲ့နေရာမှာလည်း ဘာအတိုင်းအတာ ဘာအတိုင်းအဆ ဘာအချင့်အချိန်မှမထားဘဲ ရသမျနည်းလမ်းပေါင်းစုံသုံးပြီး အယုတ်မာဆုံး အကောက်ကျစ်ဆုံး အောက်တန်းအကျဆုံးနည်းတွေ သုံးနေတာဘဲ။ သုံးလည်း သုံးခဲ့တာပါဘဲ။

ဒါတောင် အသုံးကျနေသေး၊ အသုံးချလို့ရနေသေး၊ သုံးစရာရှိနေသေး၊ သူတို့ကို ခခယယအလုပ်အကျွေးပြုနေသေးတဲ့အချိန်မှာနော်။ အဲ့လို အလုပ်အကျွေးမပြုဖို့မပြောနဲ့ နည်းနည်းလေး မျက်မွှေးထော် မော်ကြည့်လိုက်ကြည့် ဘာလုပ်ပြစ်လိုက်လဲ ခုမြင်နေရပြီဘဲ။ သူတို့ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် ပြည်တွင်းမှာလည်း လူတွေကို ထမိန်စွန်တောင်စွဲပြီးရန်ထောင်၊ ပြည်ပထွက်ပြီးလည်း အရှက်သိက္ခာပါမငဲ့အားတော့ပဲ ဟစ္စတြီးရီယားထသလို မိုက်မိုက်ကမ်းကမ်း အရူးအမူးကာကွယ်ပေးခဲ့ပေမယ့် သူတို့ ဓနနဲ့အာဏာရဲ့အသက်ဗူးဖြစ်တဲ့ ဖွဲ့စည်းပုံကို လွှတ်တော်တွင်းကနေပဲပြင်ပါရစေ ပြောရုံရှိသေးတယ် ခုတော့ လင်ပစ်မလို ပစ်ထားလိုက်တယ်မဟုတ်လား။ ဆေးဖော်ကြောဘက် မလုပ်တော့ဘူး မဟုတ်လား။ ကြိမ်းလားမောင်းလားလုပ်လာပြီ မဟုတ်လား။

NCA ပြီးမှ၊ ငြိမ်းချမ်းရေးမှ၊ ပြည်ထောင်စုညီလာခံကြီးဖြစ်မှ အဲ့ဒီက သဘောထားစုစည်းချက်တွေနဲ့ ဖွဲ့စည်းပုံပြင်ပါ့မယ်ဆိုတဲ့ လိုင်းကိုင်ပြီးသွားနေပါ့မယ့်ဆိုတဲ့ ကိုယ့်ဂတိလည်း ကိုယ့်ဘာသာပြန်မတည်ကြည်တော့ စစ်အုပ်စုကိုင်းဖျားကိုင်းနား ပြန်ဝန်ဟောင်းရဲထွဋ်လိုလူကတောင် ကိုယ့်ဂတိတောင် ကိုယ်မတည်ကြည် ကိုယ်စကားတောင်ကိုယ့်မငဲ့ ကိုယ့်သိက္ခာတောင် ကိုယ်မထောက်တော့မှ တို့က ဘာထောက်နေစရာရှိလဲဆိုတဲ့ အပြောမျိုးပြောတဲ့အထိပါ ခံရတာဘဲ။ နိုင်ငံရေး မကစားနဲ့တို့၊ ၂ဝ၂ဝ ကိုမျှော်ပြီး နတ်နဲ့နဂါးကို မလှည့်စားနဲ့တို့ဆိုတဲ့သဘောတွေအထိပါ တက်ပြောလာတာတွေ့တယ်မဟုတ်လား။
တကယ်က အဲ့သလို ဂတိတည်ကြည်ကြည်မကြည်ကြည်၊ ကိုယ့်စကား ကိုယ် ငဲ့ငဲ့ မငဲ့ငဲ့၊ ကိုယ့်သိက္ခာ ကိုယ်ထောက်ထောက် မထောက်ထောက် စစ်အုပ်စုဟာ အာဏာနဲ့ပတ်သက်ရင် ဘယ်တုန်းကမှ ဘယ်သူ့ကိုမှ ဘာမျက်နှာမထောက်ဘူး။ အချင်းချင်းတောင် ခွာအတိုင်းမခံဘူး။ ရှင်းထုတ်ပစ်တာပါဘဲ။

လူထုကတော့ ပေးခဲ့တဲ့ဂတိတွေ အကြိမ်ကြိမ်ပျက်လည်း၊ နိုင်ငံရေး ကတိမ်းကပါးတွေဖြစ်လည်း၊ နိုင်ငံရေးစိတ်ကစားတဲ့အရွယ်မို့ မှားယွင်းမိခဲ့လည်း၊ မောက်မာထောင်လွှား မန်မာနထားလည်း၊ ရန်သူလို အငြှိုးတကြီးအဆက်ဆံခံရလည်း အပြုံးမပျက် အခွင့်လွှတ်မပျက် အချစ်မပျက်၊ စိတ်ရှည်သီးခံပြီး ချုပ်တီးပြီးနေတာပါဘဲ။

ဒါကလည်း တကယ်တမ်း အတွင်းကျကျ ကိုယ့်ကိုယ်ကိုယ် မညာစတမ်း မညှာစတမ်းပြန်ဆန်းစစ်ရင် ပိုကြောက်ရ၊ ပိုမုန်းရတဲ့လူ၊ ပိုဒုက္ခပေး ပိုနှိပ်စက်တဲ့လူရှိနေသေးလို့ဆိုတဲ့အဖြေထွက်ပါတယ်။ သက်သာတဲ့အဆိုးကို ရွေးတဲ့သဘော အခြေခံပါတယ်။ Lesser Evil ကို ချစ်ရတဲ့သဘောရှိပါတယ်။ တစ္ဆေကြီးခြောက်နေသေးလို့ ရွာသူကို ပသတဲ့သဘော၊ ကျားကြောက်လို့ ရှင်ကြီးကိုးရတဲ့သဘောက ပိုပါတယ်။ တချို့ပြောသလို ကယ်တင်ရှင်မျှော်တယ်၊ မင်းလောင်းမျှော်တယ်၊ သူရဲကောင်းဝါဒအားကိုးတယ်ဆိုတဲ့သဘောက အပရိကပါ။ ပြောပလောက်တဲ့အနေအထားမဟုတ်ပါဘူး။ လူတွေ(ပြည်သူတွေ)ရဲံ ဒီစိတ်အခြေအနေနဲ့ အတွေးအခံကြောင့် ခုလောက် အသက်ရှူချောင်ပြီး ထောင်ထောင်လွှားလွှားလုပ်လို့၊ ရထားတဲ့ အာဏာလေး ရာထူးလေးမှာ သာယာနေလို့၊ ယစ်မူးနေလို့၊ ပျော်ပါးနေလို့ရနေတာပါ။ ဒါတွေ ကိုယ့်ဘာသာပြန်ကြည့်မှ မြင်မှာပါ။ ဘေးကတော့ သိသာလှပါပြီ။

ပြန်ချုပ်ရရင် ခု လူထုအားမကိုးဘူး လွှတ်တော်နည်းနဲ့ပြင်မယ် ဆိုတဲ့ ကြုံးဝါးသံဟာ အားပျော့လိုက်လာပါပြီ။ မတ်လ (၂၇) နောက်ပိုင်းမှာ ပိုသိသာသွားပါတယ်။ လူတွေကတော့ ဖွဲ့စည်းပုံပြင်ရေးအတွင် ကော်မတီဖွဲ့တာ ကြိုးပမ်းတာကို အားပေးနေကြတာ ထောက်ခံနေကြတာတော့ အင်တိုက်အားတိုက်ပါဘဲ။ တကယ့်ကို အူလှိုက်သည်းလိုက်ပါဘဲ။ သောင်းသောင်းဖျဖျပါဘဲ။ မျှော်လည်းမျှော်လင့်ကြတာပါဘဲ။ NLD ကသာ စစ်အုပ်စုကြားအောင် လူထုမပါတဲ့နိုင်ငံရေး (လွှတ်တော်ဥပဒေလုပ်ထုံးလုပ်နည်းတွေ အတိုင်း)ပဲလုပ်ပါ့မယ့်လို့ လူသိရှင်ကြား မျက်နှာအောက်ချပြီး ဂတိတွေအတန်တန်ပေး၊ လူထုနဲ့မဆိုင်ကြောင်း ခုခံချေပလျှောက်လဲချက်တွေအကြိမ်ကြိမ်ပေးပြီး လူထုအုံကြွလာမှာသွေးပျက်နေပေမယ့် လူထုကတော့ မေတ္တာမပျက်တဲ့အပြင် သနားကရုဏာစိတ်ပါ ပိုဝင်ပါတယ်။

တွေးမိတာက NCA သွားမယ်၊ ၂၁ ပင်လုံသွားမယ်၊ အဲ့ဒီကနေ စုစည်းချက်တွေ သဘောထားယူမယ်၊ အဲ့ဒါတွေကိုဖွဲ့စည်းပုံမှာ ထည့်ပြင်မယ်ဆိုတဲ့ စိတ်ကူးယဉ်အိပ်မက် ပူစီဖေါင်းတလုံးက အစအနရှာမရအောင် ပေါက်ကွဲပျက်စီး ကြေပြုဉ်းသွားပါပြီ။ အဲ့ဒီ အစ ပြန်ကောက်ကိုင်လို့ မရတော့ပါ။ ခုသွားနေတဲ့လွှတ်တော်ပြင်ပအား လူထုအားမပါဘဲ လွှတ်တော်တွင်းကနေ ပေးထားတဲ့ဥပဒေဘောင် စည်းမျဉ်းစည်းကမ်းနဲ့အညီ လုပ်ပါ့မယ် ကျော်မလုပါဘူး (ဦးထွန်းထွန်းဟိန်ပြော)ဆိုတဲ့လမ်းကြောင်း ဘာမှအရာမထင်ခဲ့ရင် ဒါမှမဟုတ် ဘာမှ အရေးမပါတဲ့ပုဒမလေးတချို့လောက် တို့တို့တိတိလေးပြင်ပေးလိုက်ရင် ဘာဆက်လုပ်မလဲက လူတွေ တွေးနေပါတယ်။ မေးပါလိမ့်မယ်။

၂ဝ၁၂ ကြားဖြတ်ဝင်ဖို့ တပြည်လုံးလှည့် စည်းရုံးရေးဆင်းတော့ ရွေးကောက်ပွဲဝင်တာ ဖွဲ့စည်းပုံပြင်ဖို့လို့ စင်ပေါ်ကနေ လက်သီးလက်မောင်းတန်းပြီး ကြွေးကြော်ခဲ့တယ်မဟုတ်လား။ အဲ့အချိန်က စင်အောက်က သာမန်လူတယောက်က ပြင်မပေးရင် ဘာလုပ်မလဲဆိုတော့ ကြက်သေ သေသွားပြီး အို ရအောင်ပြင်ရမှာပေါ့ လို့ ကလေးပြောပြောခဲ့တာကို လူတွေမမေ့သေးပါဘူး။ ခုလည်း မေးလာပါလိမ့်မယ်။ အို..ရအောင်ပြင်ရမှာပေါ့က ဒီတကြိမ်အတွက်အဖြေ ထပ်ဖြစ်ခဲ့ရင်တော့ လူတွေရဲ့ စိတ်ရှည်မှု သည်းခံမှု အတိုင်းအဆကိုထိပါးရုံမက မေတ္တာပါ ပျက်လိမ့်မယ်တွေးမိပါတယ်။
မျိုးမြင့်ချို
မတ် ၃၁၊ ၂ဝ၁၉

(သတ္တိရှိ လူထုဆန္ဒခံယူပွဲလုပ်ကြည့်ဆိုပါ့လား)

0 comments
(သတ္တိရှိ လူထုဆန္ဒခံယူပွဲလုပ်ကြည့်ဆိုပါ့လား)
Brexit ကိုအားကျလို့လား၊ ဒါမှမဟုတ် မိမိဟာ လူထုကို ကိုယ်စားမပြုတော့ဘူးလို့ ယုံကြည်သွားတာကြောင့်လား၊ ဒါမှမဟုတ် မိမိရဲ့ မူဝါဒပေါ်လစီတွေကို ရဲရဲထင်းထင်း မာမာချာချာမပြောဝံ့တော့လို့လား တခြား ဘာအကြောင်းတွေကြောင့်များလဲတော့မသိပါ။ ဗမာပြည်က နိုင်ငံရေးသမားတချို့၊ အစုအသင်းတချို့၊ လူပုဂ္ဂိုလ်တချို့၊ စုဖွဲ့မှုတချို့ဟာ
လူထုဆန္ဒခံယူပွဲလုပ်ကြည့်ပါ ဆိုတဲ့စကားကို အတော် အပြောများလာတာ သတိထားမိပါတယ်။


သဘောကတော့ အာဏာချုပ်ကိုင်ထားသူက သပ်သပ်၊ အာဏာလက်မဲ့(နိုင်ငံရေးသမားနဲ့နိုင်ငံရေးနဲ့ဆက်နွယ်သူတွေ)က သပ်သပ်၊ လူထု(တိုင်းပြည်)က သပ်သပ်ဖြစ်နေတယ်။ ဒါ့ကြောင့် လူထုအဆုံးအဖြတ်ကို ပြန်ခံယူကြည့်ပြီးမှ အစိုးရဆိုလည်း ဆက်အစိုးရ၊ အစိုးမရတော့ရင်လည်း ဆက်အစိုးမရနဲ့တော့၊ ဥပဒေဆိုလည်း ဆက်ဥပဒေ၊ ဥပဒေမဟုတ်တော့ဘူးဆိုလည်း ဆက်ဥပဒေမနေနဲ့တော့လို့ ပြောချင်ပုံပါဘဲ။

လက်ရှိဥပဒေ(ဖွဲ့စည်းပုံ)ဟာ လူထု(ပြည်သူ)တွေနဲ့ မပတ်သက်ဘူး မဆိုင်ဘူး၊ ကိုယ်စားမပြုဘူးလို့ ဖော်ပြချင်တာမှန်ပေမယ့် လူထုဘက်လွှဲချပြီး ကိုယ်လွတ် ရုန်းချင်တဲ့သဘောထားမျိုးလို့ ယူဆပါတယ်။ အဲ့ဒီ လူထုကိုယ်စားမပြုတဲ့ဥပဒေကိုဖျက်သိမ်းဖို့ လူထုကိုဦးဆောင်ပြီး လူထုနဲ့အတူရပ်တည်တိုက်ပွဲဝင်သွားဖို့မဟုတ်တော့ဘဲ လူထုအဆုံးအဖြတ်ဆိုတဲ့အပေါ် လမ်းလွှဲပေးလိုက်ပြီး ကိုယ်က အဲ့ဒီဥပဒေနာခံရင်း ဘေးကထိုင်ကြည့်နေမယ်ဆိုတဲ့သဘောသွားမျိုးဖြစ်နေတယ်။
အဲ့သလို အမြင်မျိုး သဘောထားမျိုး တိုက်တွန်းလှုံ့ဆော်မှုမျိုးကို အဲ့ဒီဥပဒေအောက်မှာနေတဲ့ မြေပေါ်ကလူတွေ အဖွဲ့အစည်းတွေ အစုအသင်းတွေ စုဖွဲ့မှုတွေ လူပုဂ္ဂိုလ်တွေပြောတာက သူတို့အခြေအနေနဲ့ မလူးသာမလွန့်သာမှုကြောင့်ဆိုပြီး သိမှတ်နားလည်ပေးလို့ လွယ်ပါတယ်။ ခက်နေတာက လက်နက်ကိုင်တော်လှန်ရေးလုပ်နေကြသူတွေကပါ လိုက်ပြီး ကျနော်တို့တပ်နဲ့ စစ်အာဏာရှင်တပ် ဘယ်တပ်ကို လူထုထောက်ခံတယ်ဆိုတာ ဆန္ဒခံယူပွဲလုပ်ကြည့်ဆိုတာပါဘဲ။

ပြောပုံ ပြောပေါက်နဲ့ စကားလုံးတွေကနေ ထောက်ချင့်ကြည့်တော့ နိုင်ငံရေးအရ၊ စနစ်အရ၊ ယုံကြည်ချက်အရ၊ အတွေးအခေါ်အရ အစိုးရ(အုပ်ချုပ်သူလူတန်းစား)နဲ့ လူထု(အဖိနှိပ်ခံ)ဖြစ်နေတာ စစ်တိုက်နေတာမဟုတ်ပဲ စစ်တပ်ထောင်ထားတဲ့ကောင်တွေရဲ့ စစ်တပ်စစ်တပ်ချင်းဖြစ်နေတာဆိုတဲ့ အဓိပ္ဗါယ်ထွက်နေတယ်။ အစိုးရနဲ့တော်လှန်ရေးသမားဖြစ်နေတာမဟုတ်ပဲ စစ်တပ်နဲ့စစ်တပ်ထောင်ထားသူ ဖြစ်နေတာလို့ သဘောရတယ်။ ဒီ့ထက်ပို နင့်နင့်သီးသီးတွေးကြည့်ရင် စစ်တပ်ထောင်စားတဲ့ကောင်အချင်းချင်း ဘယ်ကောင့်မှာ မိုက်ကြေးခွဲခွင့်ရှိမရှိ ကြေးတမ်းတိုက်နေသလို ဖြစ်နေတယ်။
ဓမြဂိုဏ်းတွေ နယ်လုနေသလိုဖြစ်နေတယ်။ တကယ့်ဓမြတွေနဲ့ကွာတာက ဓမြအစစ်တွေက နယ်လုရင် သူပြုတ်ကိုယ်ပြုတ်ချကြတာ။ အသေအကြေချကြတာ၊ ကိုယ့်နယ်မှာ ကိုယ်ကြီးစိုးရေးအတွက် လက်နက်နဲ့ပဲ အသေအလဲခုခံကြတာ။ ဘာမှ ဆွေးနွေးမနေဘူး။ ဘာအပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲမှမရှိဘူး။ ဘာ ငြိမ်းချမ်းရေးစကားဝိုင်းမှမရှိဘူး။ ဘာ ချေမှုန်းရေးလုပ်နေသလို ဆွေးနွေးပွဲတံခါးလည်းဖွင့်ထားပါတယ်မှပြောမနေဘူး။ ဘာ လူထုဆန္ဒခံယူပွဲလုပ်ကြည့်လို့မှ မပြောဘူး။ ခု ဒီလူတွေက ဆန်းနေတယ်။

ရှေးလူကြီးတွေပြောတဲ့ သူခိုးကြီး ဓမြ၊ ဓမြကြီးသူပုန်၊ သူပုန်ကြီး အစိုးရဆိုတာလည်းတွေးကြည့်တယ်။ အဲ့ဒီမှာ ရှေးလူကြီးတွေ မသိတာတခုရှိတာ သွားတွေ့တယ်။ ဗမာပြည်လက်တွေ့မှာ ဘယ်တခါမှာမှ သူပုန် မကြီးဖူးဘူး ဘယ်သူပုန်မှ အစိုးရမဖြစ်ဖူးဘူး။ သူပုန်တွေ သေးသေးသွားတာပဲတွေ့ရတယ်။
သေးသွားတေ့ တချို့လည်း ဒမြလိုလို ဘာလိုလိုပြန်လုပ်တယ်။ ပြည်သူ့စစ်တို့ နယ်စပ်လုံခြုံရေးတို့ဘာတို့ဆိုတဲ့သဘောပေါ့။ အဲ့ဒီ ဒမြအမျိုးအစားက စစ်တပ်ကို အစိုးရကို ဆက်ကြေးမှန်မှန်ပေးနေရင် အေးဆေးပဲ။ တရားဝင် ဥပဒေနဲ့အညီ ဓမြတိုက်စားလို့ရတယ်။ အဲ့သလို မဟုတ်တဲ့ သူပုန်သေးသွားသူတွေကတော့ ကားပါမစ်ယူတာ၊ သယံဇာတထုတ်ယူခွင့်ရတာ၊ အရက်ဆိုင်လိုင်စင်ယူတာ၊ ကုမ္ဗဏီထောင်စီးပွားရေးလုပ်တာ၊ ဂိတ်ကြေးနဲ့အခွန်တချို့ ကောက်ယူစားသုံးခွင့်ရတာ၊ ဟော်တယ်တက်စကားဝိုင်းဖွဲ့တာ၊ ဆွေးနွေးပွဲတက် အရက်ခွက်တိုက်ရင်း ပြည်သူ့ဘဏ္ဏာနဲ့ စည်းစိမ်ယစ်မူးကြတာ၊ ငြိမ်ချမ်းရေးခရီးဆိုပြီး ဂျက်လေယဉ်ကြီးနဲ့ အပျော်ခရီးထွက်ကြတာတွေ လုပ်ကြတယ်။ အဲ့ဒီအမျိုးအစားသူပုန်သေးခေါင်းဆောင်(တချို့)ရော စစ်ခေါင်းဆောင်တွေပါ ထားစရာမရှိအောင် ကျိကျိတက်ချမ်းသာနေကြတယ်။

တချက်တချက် သူပုန်သေးသွားတဲ့လူတွေနဲ့ အစိုးရတွေဟာ ရုပ်ချင်း အကျင့်ချင်း စရိုက်ချင်း ဗီဇချင်း ညာဉ်ချင်းတွေပါချွပ်စွပ်တူလာတယ်။ ခွဲရခက်လာတယ်။ တိုင်းပြည်တခုလုံး ကြီးစိုးနိုင်တဲ့အာဏာရှိတာ မရှိတာလောက်လေးပဲ ကွာတော့တယ်။ ဒါကို ရှေးလူကြီးတွေ မသိဘူး။ မသိဘူးဆိုတာမှာလည်း သူတို့ခေတ်က အဲ့ဒါမျိုးတွေ မတွေ့ခဲ့ မကြုံခဲ့ မမြင်ခဲ့ မသိခဲ့လို့ဆိုတာ ထင်ရှားတယ်။ ခုနေ အဲ့ဒီစကားထားခဲ့တဲ့ ရှေးလူကြီးတွေ အသက်ပြန်ရှင်လာရင် ဘာပြောမလဲမသိဘူး။
တောယ်ကြာနေ သူတို့ကပါရောပြီး လူထုဆန္ဒခံယူပွဲလုပ်ကြည့်ဆိုမှ ခက်မယ်။

(စီးပွားဖြစ်နိုင်ငံရေး)

0 comments

(စီးပွားဖြစ်နိုင်ငံရေး)
စည်ပင်ရွေးကောက်ပွဲဝင် လက်ရည်စမ်းခဲ့ကြပြီး အနိုင်မရခဲ့တဲ့အထဲက လူငယ်ခြေတက်တွေ နိုင်ငံရေးပိုး ဝင်ကြရင်ကောင်းမယ်လို့ ထင်ပါတယ်။ စည်ပင်ပွဲကနေ နိုင်ငံရေးပွဲတွေကို တက်လှမ်းလို့ရပါတယ်။ မြူနီစီပယ်လူကြီးကနေ အာဏာရည်မှန်းချက်အထိ ထားကောင်းပါတယ်။ ပြင်ဆင်ဖို့ကောင်းပါတယ်။

ဘာစွန့်လွှတ်စွန့်စားမှု မျိုးမှလည်း မလုပ်ဖူးဘူး၊ ဘယ်နိုင်ငံရေး လှုပ်ရှားမှုထဲမှလည်း မပါဝင်ဖူးဘူး၊ ဘာစမ်းသပ်ကွင်းထဲမှလည်း မဝင်ခဲ့ဖူးဘူး၊ နိုင်ငံရေး၊ သမိုင်း၊ စီးပွားရေးပညာ၊ ဒဿနစတဲ့ အဆက်အစပ်စာပေတွေနဲ့လည်း မအပ်စပ် လေ့လာရေးလည်းမလုပ်၊ လက်တွေ့နိုင်ငံရေးဖြတ်သန်းမှုလည်း ထိုက်သလောက်မရှိပဲ အမတ်၊ ဝန်ကြီး၊ ဝန်ကလေး စတဲ့ နိုင်ငံရေးရာထူးတွေယူထားတဲ့ မေမေ့အခေါ်ပန်းပုဆရာတွေတောင် နောက်ဖေးပေါက်ကဝင်ပြီး နိုင်ငံရေးအိမ်ဦးခန်းမှာ အခန့်သားထိုင်နေကြပြီမဟုတ်လား။

ပိုဆိုးတာက တသက်လုံး လူထုကိုဖိနှိပ် တိုင်းပြည်ကိုဖျက်ဆီး ကိုယ်ကျိုးစီးပွားရှာ ဒီမိုကရေစီဆန့်ကျင်ရေးသမား စစ်ဗိုလ်လူထွက်တွေတောင် မူမဲ့တဲ့ရင်ကြားစေ့ရေးခေါင်းစဉ်အောက်ကနေ မေမေ့ပစားပေးမှုနဲ့ ထိပ်ရောက်နေကြတာမဟုတ်လား။

ခုစည်ပင်ပွဲမှာ မရှုမလှဖြစ်ခဲ့ရတဲ့လူငယ်တွေ စိတ်ဓာတ်ကျပြီး နောက်ဆုတ်လိုက်မယ့်အစား ပိုတက်ကြွပြီး နိုင်ငံရေးပိုး ဝင်သွားပါစေလို့ဆန္ဒဖြစ်မိပါတယ်။ လေ့လာရေးတွေ အားကြိုးမန်တက်လုပ်ကြရင်လည်း ကောင်းမှာဘဲလို့ စိတ်ထဲဖြစ်မိပါတယ်ခု။

ပွဲက လူချင်း၊ အရည်အချင်း ချင်းပြိုင်တဲ့ပွဲမဟုတ်ပဲ လူနဲ့ဆိုင်းဘုတ်၊ လူနဲ့အလံ၊ လူနဲ့ပါတီ ပြိုင်တဲ့ပွဲဖြစ်သွားပါတယ်။ လူနဲ့လူချင်းပြိုင်တာပါလို့ ပြောမယ်ဆိုလည်း ဒေါ်အောင်ဆန်းစုကြည်ဆိုတဲ့လူနဲ့ သာမန်အရပ်သားပညာတတ်လေးတယောက်ပြိုင်တဲ့ပွဲသဘောပါ။ ဆင်နဲ့ဆိတ် လက်မောင်းလှဲတဲ့ပွဲပါ။ ဒါပေမယ့် အားလျှော့စရာ စိတ်ပျက်စရာမလိုပါ။ နောက်ဆို လူလူချင်း၊ အရည်အချင်း အရည်ချင်း ချင်း၊ စေတနာစေတနာချင်း ယှဉ်ရပြိုင်ရမယ့်ပွဲတွေ ရောက်လာမှာပါ။ ရှေ့လျှောက် Professional Politics ဟာ လာတော့မှာပါ။ ဆိုင်းဘုတ်၊ အလံ၊ ဓာတ်ပုံပြမြှူဆွယ်၊ စိန်နားကပ်အရောင်နဲ့ပါးပြောင်(တချို့ကလည်း ပုံရိပ်နိုင်ငံရေးလို့ဆိုပါတယ်)၊ နှံပြည်စုတ် အမြောက်နဲ့ထု စတဲ့ နိုင်ငံရေးခေတ်ဟာ တိမ်ကောတော့မှာပါ။

တခုပဲ စိတ်ထဲထင့်မိတာက Professional Politics ကို စီးပွားဖြစ်နိုင်ငံရေး၊ ဥစ္စာစုနိုင်ငံရေးလမ်းကြောင်းဘက် တက်သွားမှာကိုပါဘဲ။
မျိုးမြင့်ချို
ဧပြီ ၂၊ ၂ဝ၁၉

(စစ်အာဏာဟာ ဘယ်သူ့မှ မညှာဘူး)

0 comments
(စစ်အာဏာဟာ ဘယ်သူ့မှ မညှာဘူး)

ရခိုင်တွေအဖြစ်ကလည်း စစ်အုပ်စုနဲ့ပေါင်းပြီး ရိုဟင်ဂျာတွေကို ရက်ရက်စက်စက်လုပ်ခဲ့တဲ့အချိန်တုန်းက ယူအင်န်အပါအဝင် နိုင်ငံတကာအကူအညီပေးရေးအဖွဲ့တွေနဲ့ မီဒီယာတွေကို မတန်ပြောမတန်ဆိုတွေနဲ့ မလာနဲ့ ထွက်သွားလုပ်ခဲ့ပြီး၊ ခုကြတော့ အဲ့ဒီလူတွေ နိုင်ငံတွေ အဖွဲ့အစည်းတွေ မီဒီယာတွေကို ကယ်ပါယူပါတစာစာနဲ့ တောင်းပန်တိုးလျှိုးနေရတဲ့ဘဝ။
လူမဆန်တဲ့ရက်စက်မှုကြီးအတွက် သမိုင်းမှာရာဇဝတ်အမည်းကွက်ကြီးရှိနေတော့ သူတို့ လာပါလာပါ ကယ်ပါယူပါတစာစာလုပ်နေသူတွေဆီက သူတို့အပေါ်ထားတဲ့သံသယက မပြယ်နိုင်ဘူးဖြစ်နေတယ်။ ကရုဏာတရားနဲ့စာနာမှုက ထင်သလိုရမလာဘူး။ မကောင်းတတ်လို့ စာထုတ်တာ စိတ်မကောင်းကြောင်းပြောတာလောက်ပဲ။

သူတို့ကြည့်ရင်း စိတ်လည်းမကောင်းဘူး။ ငါ့လူမျိုးမှငါ့လူမျိုး၊ ငါ့လူမျိုးအတွက်ဆို ဘာလုပ်ရလုပ်ရ၊ စစ်အုပ်စုမကလို့ ဘယ်သူနဲ့ပေါင်းရပေါင်းရ၊ လူ့အခွင့်အရေးမကလို့ ဘာအခွင့်အရေးချိုးဖေါက်ရချိုးဖေါက်ရ၊ ရာဇတ်မှုမကလို့ ဘာအမှုကျူးလွန်ကျူးလွန်ရ၊ နိုင်ငံရေး၊ ကျင့်ဝတ်၊ သိက္ခာ ဘာတွေ အစွန်းထင်ရထင်ရ လုပ်လိုက်မဟဲ့ဆိုတဲ့ အကျင့်တန်မှုနဲ့ အစွဲသန်မှုအတွက် သမိုင်းရဲ့ ဒဏ်အခတ်ခံရတာဘဲ။

စစ်အာဏာရှင်စနစ်မှာ လူမျိုး ဘာသာ အသားအရောင် ဘာမှမခွဲခြားပဲ ဘယ်မျက်နှာမှမထောက်၊ ဘယ်သူ့မှာမညှာပဲ နှိပ်ကွပ်တယ်ဆိုတာ ခုချိန်ထိမှမသိသေး သဘောမပေါက်သေးရင် ရှေ့လျှောက် ပိုကောင်းလာဖို့ အတွေးအမြင်မှန်လာဖို့ မလွယ်တော့ဘူးမှတ်တယ်။ ရခိုင်တွေ ခုဖြစ်နေတာကြည့်ပြီး ငါ့လူမျိုးရေးအတွက်ဆို စစ်တပ်ကိုပင့်ပြီး၊ စစ်အုပ်စုနဲ့ပေါင်းပြီး မိုက်မိုက်ကန်းကန်းလုပ်လိုက်မဟဲ့ဆိုတဲ့အတွေးရှိတဲ့ နောက်လူတွေလည်း သင်္ခန်းစာကောင်းကောင်းယူနိုင်မယ်ထင်ပါတယ်။
စစ်တပ်ထောင်စားတဲ့ကောင်အချင်းချင်း စစ်တိုက်စားနေကြတာက အရေးမကြီးဘူး။ အရပ်သူအရပ်သားတွေ စစ်ပြေးနေရတာ၊ ဒုက္ခသုက္ခရောက်နေကြတာ၊ အသတ်အဖြတ်ခံနေရတာတွေကြည့်ပြီး ရင်ထဲမချိဘူး၊ ဝမ်းလည်းနည်းတယ်။ စိတ်လည်း ထိခိုက်တယ်။ ကြေလည်း ကြေကွဲစရာကြီး။

တချိန်ချိန်မှာ အပစ်ရပ်တယ်ဆိုပြီး ခေါင်းဆောင်(တချို့)တိုက်ဆောက် ကားစီး သူကြွယ်ကြီးတွေဖြစ်ပြီး ဒီစစ်ပွဲရပ်သွားတယ်ဆို ရခိုင်ပြည်သူတွေခမျာ ရင်ကွဲပက်လက်ကျန်နေရုံကလွဲပြီး၊ ဘဝတွေပျက်ခဲ့၊ သေခဲ့ကြေခဲ့ရုံကလွဲပြီး ဘာမှမတတ်နိုင်ဘူး။
စစ်ဆိုတာ စတိုက်ရတာလွယ်ဦးတောင် အဆုံးသတ်ဖို့ခက်တယ်။ စစ်ဆိုတာ မနိုင်မချင်း ဒါမှမဟုတ် မရှူံးမချင်းတိုက်ရတယ်။ စစ်မှာ ဘယ်သူနိုင်နိုင်ရှူံးရှူံး အလုံးစုံကြေပြုဉ်းရတာတော့ တိုင်းပြည်ပဲ။ စစ်တိုက်စား စစ်တပ်ထောင်စားတဲ့ စစ်ခေါင်းဆောင်ဆိုတာမျိုးက ရှူံးလို့ အဖမ်းခံရပြီး စစ်သုံ့ပန်းဖြစ်ဦးတောင် တပ်သားတွေလိုမနေရဘူး။ တပ်သားတွေလို အနှိပ်စက်မခံရဘူး။ သူတို့အချင်းချင်း အရာရှိဆိုတဲ့အဆင့်သတ်မှတ်ပြီး ဆက်ဆံတယ်။
မျိုးမြင့်ချို
ဧပြီ ၂၊ ၂ဝ၁၉

(ဖေ့စ်ဘွတ်ခ်အပေါ် စိတ်ကန်းခြင်း)

0 comments
(ဖေ့စ်ဘွတ်ခ်အပေါ် စိတ်ကန်းခြင်း)

နေအိမ်အကျယ်ချုပ်ကျခံနေရစဉ်ကာလများက ဥပဒေရေးရာကိစ္စတွေနဲ့ သူ့ဆီကိုဝင်ထွက်သွားလာခွင့်ရခဲ့တဲ့ NLD ရှေ့နေကြီး ဦးဉာဏ်ဝင်းကနေတဆင့် 'အပြင်ရောက်ရင် တွစ်တာသုံးချင်တယ်'လို့ ဒေါ်အောင်ဆန်းစုကြည် စကားလက်ဆောင်ပါးခဲ့ဖူးတာ မှတ်မိကြဦးမှာပါ။ သူတကယ် တွစ်တာသုံးမသုံးမသေချာပေမယ့် သူ့အမည်နဲ့ တွစ်တာအကောင့်တွေတော့ တွေ့နေရပါတယ်။ တွစ်တာက ဒေါ်နယ်ထရမ့်လိုသမ္မတမျိုးရဲ့ အာဘော်ဖန်တီးရာ လက်ကသုံးတောင်ဝှေးဖြစ်နေသလို အင်္ဂလိပ်စကားပြော တိုင်းပြည်တွေက နယ်ပယ်အသီးသီးက ထင်ရှားသူတွေလည်း သုံးတတ်ကြပါတယ်။ ဖေ့စ်ဘွတ်ခ်လောက် အရင်းအနှီးမကြီးထွား ပြန့်နှံ့မှုနှုန်း မမြန်မသွက်ပေမယ့် စီးပွားရေး၊ နိုင်ငံရေးနယ်ပယ်မှာတော့ သြဇကိတ္တမကြီးပါတယ်။ ဝေါ်ရှင်တန်ပို့စ်သတင်းစာကြီးလိုပေါ့။ ဝေါ်ရှင်တန်ပို့သတင်းစာဟာ ဖေတော့မောင်တော့သတင်းစာတွေလို စောင်ရေမများပေမယ့် အမေရိကန်နိုင်ငံရေးလောကသားတွေ လက်စွဲပြုရတဲ့သတင်းစာပါ။

ဗမာပြည်တွင်းထဲကနဲ့ ဗမာပြည်ပြင်ပနေ ဗမာတွေအများစုကတော့ တွစ်တာထက် ဖေ့စ်ဘွတ်ခ်ပေါ် ပို အာရုံကျကြတာက သိသာပါတယ်။ အဲ့ဒီအထဲ ကျနော်လည်း ပါပါတယ်။ ကျနော့် တွစ်တာအကောင့်ကို မနှစ်ကလောက်အထိ နေ့စဉ်(တနေ့ ၄ ကြိမ်လောက်) မှန်မှန် ကြည့်ဖြစ်ပေမယ့် ခုနောက်ပိုင်းဆို မကြည့်သလောက်ဖြစ်လာပါတယ်။ တွစ်တာပေါ်မှာပဲရတတ်တဲ့ သတင်းအရင်းအမြစ်ဆိုရင်တော့ တွစ်တာသွားပြီးကြည့်ပါတယ်။ ခုက ကမ္ဘာပေါ်က ရှိသမျှမီဒီယာတွေ၊ အစိုးရတွေ၊ စီးပွားရေးလုပ်ငန်းတွေက ဖေ့စ်ဘွတ်ခ်ပေါ် ရောက်လာကုန်ကြသလားမှတ်ရအောင်ကိုပဲ များပြားလာပါတယ်။ ကျယ်ပြန့်ကြီးထွားလာပါတယ်။ ဆိုတော့ ဖေ့စ်ဘွတ်ခ်ကနေပဲ သွားရ ရှာရ ဖတ်ရတာကို ပိုအဆင်ပြေလာပါတယ်။ ဗမာလိုဟာတွေရော အင်္ဂလိပ်ဟာတွေရောက ဖေ့စ်ဘွတ်ခ်မှာတပြိုင်တည်း အလှမ်းမီ လွယ်ကူသက်သာနေတာကိုး။

ကျောင်းသူကျောင်းသားတွေကြားက ခင်မင်မိတ်ဆက်စရာ သတင်းပလင်းဖလှယ်ရာ ဆိုရှယ်နက်ဝပ်ကလေးတခုကနေစလိုက်တဲ့ ဖေ့စ်ဘွတ်ခ်ဟာ ခုဆို အမေရိကန် ဥရောပစတဲ့နိုင်ငံရေးတွေထဲအထိကို ရောက်လာပါပြီ။ နိုင်ငံရေးသမားကြီးတွေနဲ့ ဒူးတင်ပေါင်တင် ပြောနိုင်လောက်အောင် ဝင်ဆန့်လာပါပြီ။ လူတွေကိုဆွဲဆောင်မှုအားကောင်းသလို အန္တရာယ်လည်းကြီးမားလှတယ်လို့ ပြောယူရလောက်တဲ့အထိကို ဟိုးလေးတကြော်ဖြစ်လာပါပြီ။ ဖေ့စ်ဘွတ်ခ်ရဲ့အခန်းကဏ္ဍဟာ ဧရာမကြီးဖြစ်လာပါတယ်။ အတုရောအစစ်ရော၊ လုပ်ကြံဖန်တီးရော၊ အခိုင်အလုံရောစတဲ့ သတင်းအချက်အလက်မှန်သမျှလည်း သူ့ဆီမှာရနေပါပြီ။ တကယ့်မီဒီယာကြီးတွေလို တာဝန်ခံမှု၊ တာဝန်ယူမှု၊ ခိုင်လုံမှု၊ စိတ်ချရမှု၊ မီဒီယာကျင့်ဝတ်စတာတွေမှာတော့ အလွန်လျော့တိလျော့လျဲ ပေါ့တီးပေါ့ဆနိုင်တာတွေတွေ့ရတာကတော့ မြေကြီးလက်ခတ်မလွဲပါဘဲ။ ဒီတော့ ဒါကို တကယ့်ဂုဏ်သက္ခာရှိ မီဒီယာကြီးတွေနဲ့ ထပ်တူသွားတွေးရင်၊ သွားနှိုင်းယှဉ်ပြောရင် လွဲချော်ပါလိမ့်မယ်။ ဒေါ်စုတခါသား အဲ့သလိုသွားပြောလို့ ပွဲဆူသွားခဲ့ဖူးတာ မှတ်မိကြမှာပါ။ ဖေ့စ်ဘွတ်ခ်ကို ဖေ့စ်ဘွတ်လိုမြင်ကြဖို့လိုပါပြီ။ ဒီနေရာမှာ ဖေ့စ်ဘွတ် အားနည်းချက်အားသာချက် အကောင်းအဆိုးအကျိုးအပြစ်တွေ ကိုပြောဖို့မဟုတ်လို့ ရပ်လိုက်ပါ့မယ်။

ဘာပဲဖြစ်ဖြစ် ဖေ့စ်ဘွတ်ဟာ ကမ္ဘာတဝှမ်းမှာ တွင်ကျယ်နေပါပြီ။ အမေရိကန်က အချမ်းသာဆုံးကုမ္ပဏီတွေစာရင်း ဝင်နေပါပြီ၊ သုတေသနနဲ့ဖွံ့ဖြိုးဖြစ်ထွန်းရေးတွေမှာပါ အရေးပါနေပါပြီ။ သူ့ကို တားမရတော့ပါဘူး။ ဒါပေမယ့် ဇက်ကုန်တော့ ဘယ်အစိုးရကမှ မလွှတ်ပေးသလို ကုမ္ပဏီကိုယ်တိုင်က ချွန်းပြန်ပြန်အုပ်နေရတာတွေလည်း အချိန်နဲ့အမျှပါပဲ။ ဖေ့စ်ဘွတ်ကို လန့်သူတွေ သွေးပျက်နေသူတွေလည်း များသထက်များလာပါပြီ။ အစိုးရတွေ တိုင်းပြည်ဘဏ္ဏာတွေ သောက်သောက်လဲသုံးပြီး ဖေ့စ်ဘွတ်ကိုစောင့်ကြည့်နေရပါပြီ။ NLD အစိုးရတောင် တခြားမီဒီယာကြီးတွေအပါအဝင် ဖေ့စ်ဘွတ်ခ်ကိုပါ ကျပ်သန်းပေါင်းထောင်ချီပြီး စောင့်ကြည့်ရတဲ့အထဲ ထည့်ထားရပါပြီ။ အဲ့သလိုလန့်တဲ့သွေးပျက်တဲ့လူတွေထဲမှာ ဒေါ်အောင်ဆန်းစုကြည်လည်း ပါလာပါပြီ။ ပါးစပ်ကနေ နံမည်ပါတပ်ပြီးပြောထွက်လာတဲ့အထိကို တုန်လှုပ်ခြောက်ခြားနေပုံပါပဲ။ အသေးစိတ်ဘာတွေပြောတယ်ဆိုတာ လူတိုင်းသိပြီးသားဖြစ်သလို လူတချို့က အချက်အလက်နဲ့ထောက်ပြပြီး ကျိုးသင့်ကြောင်းသင့် ပြန်ချေပတာတွေလည်း ဖတ်ကြရမှာပါ။

ဒါဟာ တချိန်က တွစ်တာသုံးချင်လှတယ်ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆိုရှယ်နက်ဝပ်တွေ/ဆိုရှယ်မီဒီယာတွေနဲ့ ပတ်သက်တဲ့ စိတ်အနေနုမှု၊ စိတ်အထားမတတ်မှု၊ လူတွေကို သူ့လောက် မသိမတတ်နားမလည်ဘူးလို့ ထင်တဲ့ အသားလွတ် ဘဝင်ကိုင်မှု၊ အခြေအမြစ်မဲ့မောက်မာမှုလောက်ပါလို့ ဖော့ပြောမယ်ဆိုရင်တောင် အတော့်ကို မထောင်းတာလှပါဘူး။ အဲ့သလိုပြောကြတယ်ဆိုလည်း ကယောင်ကတမ်း ရူးရူးနှမ်းနှမ်းနဲ့ အတင်းရှေ့ထွက်ကာကွယ်မှုထက်တော့ မပိုပါဘူး။ ဒါဟာ ဒေါ်အောင်ဆန်းစုကြည်အတွက် ဆိုရှယ်လ်နက်ဝပ်တွေ ဆိုရှယ်လ်မီဒီယာတွေအပေါ် ဒုတိယမ္ပိ အမှောက်မှောက်အမှားမှားနဲ့ စိတ်အမြင်ကမ်းမှုမြောက်သွားတယ်လို့ ဆိုချင်ပါတယ်။
မျိုးမြင့်ချို
ဧပြီ ၂၊ ၂ဝ၁၉

(ငွေတွေတောင် ချိုလာသတဲ့လား)

0 comments
(ငွေတွေတောင် ချိုလာသတဲ့လား)


အနောက်အုပ်စု လူမွေး၊ အစိုးရမွေး၊ မင်းပြောင်းမင်းလွဲတွေဝင်လုပ်တော့ ပိုက်ဆံကိစ္စအတွက် ကမ္ဘာ့ဘဏ်တို့ IMF တို့ပါရတယ်။ တခါ ဒေသအလိုက်ဘဏ်တွေလည်းကလည်း ကျားဝင်ကန်ပေးရတယ်။ သဘောက အဲ့ဒါတွေကနေတဆင့်သွားရတယ်။ ခုတရုတ်က အစိုးရမွေးတာ မင်းပြောင်းမင်းလွဲဝင်လုပ်တာမဟုတ်ဘဲ ဘယ်ကောင်မင်းဖြစ်ဖြစ် မင်းဖြစ်နေတဲ့အစိုးရနဲ့ပင်းပြီး စီးပွားရေးထွက်လုပ်တော့ သူ့ငွေနဲ့သူ သူ့လက်သူ့ခြေလုပ်နေတာပါ့လား။ ဘယ်ဘဏ်မှ မပါသေးဘူး။ ကမ္ဘာ့ဘဏ်တို့ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့တို့ကို ကျော်ခွပြီးလုပ်နေတဲ့သဘောပဲ။
ကမ္ဘာပတ်ပြီး ချေးလိုက်တွေငွေတွေကလည်း သောက်သောက်လဲပဲ။ ဒီကြားထဲ နိုင်ငံတကာကနံမည်ကြီး ငွေချေးစာချုပ်ဈေးကွက်ထဲလည်း သူ့ Bonds တွေထုတ်ရောင်းနေတယ်။ ရေရှည်မှာ ဘာဖြစ်မလဲမသိဘူး ခုတော့ တရုတ်ဆီကထွက်တာတဲ့အသပြာကို ငွေချိုလို့ဆိုကြတယ်။
ဒီနေရာမှာတွေးဖို့က Hard Currency and Soft Currency တို့ Hard Money and Soft Money တို့အကြောင်းပါဘဲ။ ငွေဖြူတို့ ငွေမည်းတို့ ငွေခဝါချတာတို့ကလည်း အဆက်အစပ်အနေနဲ့ တွေးကောင်းပါတယ်။ အဲ့သလို(ငွေကြေး)အသပြာနဲ့ပိုက်ဆံဆိုတာကို သိကြပြီးသားမို့ အကျယ်ချဲ့စရာမလိုပေမယ့် ငွေချို Sweet Currency/Money လို့ သုံးလာကြတာတော့ အသစ်လိုဖြစ်လာနေတယ်။ ထပ်တွေးရမှာက စကားလုံးနောက်ကအနက်ဖြစ်မယ်ထင်ပါတယ်။ ငွေကတော့ ချိုချို ချဉ်ချဉ်၊ ပျော့ပျော့မာမာ၊ ခိုင်ခိုင်နဲ့နဲ့ ငွေပါဘဲ။ တရားဝင်မှုမဝင်မှု အာမခံမှုမခံမှု၊ စိတ်ချရမှုမချရမှုတွေက နောက်ကအနက်ဖြစ်ပါတယ်။ အခု ငွေချိုကရော။ ကမ္ဘာတဝှမ်းဖြန့်ကျက်လာတယ် ငွေကြေးဈေးကွက်ထဲ ဝက်ခေါင်းထိုးဝင်လာတယ်ဆိုပေမယ့် Hard Currency လို မာတဲ့ ခိုင်တဲ့ အာမခံချက်ရှိတဲ့ အသပြာမျိုးလားကတော့ ကာလတခုအထိစောင့်ကြည့်ရမယ်ထင်ပါတယ်။
ဘာပဲဖြစ်ဖြစ်ပါ ဘယ်သူ့ဆီကဖြစ်ဖြစ် ငွေသွားချေးရင်တော့ အတိုးပေးရမှာပါဘဲ။ အတိုးနှုန်းကိစ္စ၊ အကျိုးအမြတ်ကိစ္စတွေကတော့ သေချာစိစစ်တွက်ချက်ရမယ့် အပိုင်းပေါ့လေ။ အလွန်အရေးကြီးတဲ့အပိုင်းလို့ဆိုလည်း မမှားပါဘူး။ ခက်နေတာက အရင်တုန်းက နိုင်ငံရေးအကြောင်းနောက်ခံတွေနဲ့ ငွေလွယ်လွယ်ထုတ်ချေးကြတဲ့နိုင်ငံကြီးတွေလည်း တောင်မင်း မြောက်မင်းမကယ်နိုင်တွေဖြစ်၊ မျက်ဖြူဆိုက်နေတုန်း ပေါက်ဖော်ကြီးက ငွေထုပ်ပိုက်ပြီး ကမ္ဘာပတ်တော့ ချေးမယ့်သူတွေလည်း ရေငတ်တုန်းရေတွင်းထဲကျတဲ့ကိန်းဆိုက်ကြတာပါပဲ။ ရေတွင်းက ဘယ်လောက်နက်မနက် ရေသောက်လို့ဝရင်ပြန်တက်လို့ရမရခနထား ငွေတွင်းဆိုတာကတော့ ဆင်းရဲတဲ့ပြည်တွေအတွက်နက်ပါတယ်။
ကြွေးယူကြတာက ပြည်အမည်ခံပြီး အစိုးရဆိုတဲ့လူတွေ၊ ကြွေးတင်တော့ ဘယ်ရှင်ဘုရင်မှ ဆပ်ရတာမဟုတ်ပဲ လူထုက နဖူးကချွေးခြေမကျခံရှာပြီးဆပ်ရတာပါ။ ခေတ်တိုင်း နိုင်ငံတိုင်းမှာ အစိုးရ၊ ရှင်ဘုရင်ဆိုတဲ့ အုပ်စိုးသူလူတန်းစားတွေသာ ချမ်းသာကြီးပွားကြ ဇိမ်ခံကြဇိမ်ယစ်ကြပေမယ့် ပြည်သူဆိုတဲ့လူထုကတော့ ဖွတ်ကျောပြာစု ခရုဆန်ကျွတ်ကျန်ခဲ့တာချည်းပါဘဲ။
ခုလည်း ပေါက်ဖော်ကြီး ကမ္ဘာလှည့်ပြီး ငွေချေးလိုက် အပေါင်ဆိုင်ဖွင့်လိုက်လုပ်နေတာပါ။ ကျနော်တို့ ငွေလိုရင်တော့ ချေးရမှာပါပဲ။ ပေါင်တန်တာပေါင် နှံတန်တာနှံကြရမှာပါဘဲ။ ကိုယ့်မှ ငွေမရှိတာကိုး။ မပေါင်ဘူး မနှံဘူး မချေးဘူး အငှားဘူး ဆင်းရဲရင်ဆင်းရဲပေ့စေ ထမင်းရည်အတူတူမျှသောက်ကြတာပေါ့ဆိုလည်း ထမင်းရည်သောက်နေကြရုံပါဘဲ။
ကိုယ့်ရေကိုယ့်မြေကိုချစ်တာ သဘာဝကျပါတယ်။ အနာဂတ်အတွက် စိုးရိမ်ပူပန်ကြ သောကထားကြတာလည်း ဖြစ်သင့်ပ်ါတယ်။ အကျိုးအမြတ်ဘယ်လောက်ရရ တိုင်းပြည်အတွက် ဘယ်လောက်ဖြစ်ထွန်းဖြစ်ထွန်း အဲ့ဒါတွေတော့ တစက်မှအထိမခံဘူးဆိုပြီး အချစ်ကြီးပြမယ်ဆိုရင်တော့ တန်ဖိုးနည်းအိမ်ယာတွေ၊ ဖယောင်းတိုင်မီးလေးတွေနဲ့ ထမင်းတနပ်တလေလျှော့လျှက်စားပြီးနေလည်း ရတာပါဘဲ။
ကျန်တဲ့ကျိုးသင့်ကြောင်းသင့်တွေအကုန်ဘေးဖယ်ပြီး ဘယ်နိုင်ငံကလုပ်လို့မို့ ဘာလူမျိုးကလုပ်လို့မို့ ဘယ်စနစ်ကလုပ်လို့မို့ဆိုပြီး နိုင်ငံရေးဇောင်းပေးလွန်းတာ အမျိုးသားရေးအလံထောင်လွန်းတာဟာ တိုင်းပြည်/လူထုကိုဆင်းရဲတွင်းက ဆွဲမတင်နိုင်ပါဘူး။ အဲ့ဒါမှမရဘူးကွာ တို့ကတော့ ဒါပဲဆိုလည်း ဆင်းရဲသားတို့၏နိုင်ငံတော်ကြီး တည်ကြတာပေါ့။
တရုတ်၊ ကုလား၊ လူဖြူ၊ လူမည်း၊ လူဝါ၊ လူညိုဆိုတာ အသားအရောင်နဲ့ လူ့အမျိုးပါ။ တရုတ်ဟာ ကွန်မြူနစ်ပါတီအာဏာယူထားပြီး အရင်းရှင်စနစ်ကို သူ့အမျိုးသားအကျိုးစီးပွားအခြေတည်ပြီး တရုတ်နည်းနဲ့ စီးပွားရေးလုပ်နေတာပါ။ ကျနော်တို့ တရုတ်နဲ့ စီးပွားဘက်ဖြစ်ချင်ရင် ငွေရှိရပါမယ်။ ငွေမရှိတဲ့လူဟာ ဘယ်တော့မှ စီးပွားဘက်မဖြစ်ပါ။ ငွေရှိဖို့ ငွေရှာပါမယ်။ ငွေရှာဖို့ ငွေရမယ့်နေရာ ရှာရပါမယ်။ ငွေဆိုတာ သူ့အလိုလိုတော့ အခမဲ့ရောက်မလာသလို ဘယ်သူကမှလည်း အလကားမပေးပါ။
တရုတ်ငွေချို Chinese Sweet Currency/Money အပေါ် တခြားတဘက်ကနေ ကျနော်မြင်ကြည့်တာပါ။
မျိုးမြင့်ချို
ဧပြီ ၃၊ ၂ဝ၁၉