Wednesday, July 28, 2021

စွန့်စားခန်းနှင့်အချစ်ဇာတ်လမ်းတစ်ပုဒ်

0 comments
စွန့်စားခန်းနှင့်အချစ်ဇာတ်လမ်းတစ်ပုဒ်
#မြသန်းတင့် (ဘာသာပြန်)
“အိမ်အလုပ်ကလေး ဘာလေးလည်း လုပ်ပါဦး” ဟု အမေက ပြောပြီး သူ့အိတ်ကပ်ထဲသို့ နှိုက်နေပါသည်။
“ရော့ ပိုက်ဆံယူသွားပြီး ပဲလှော်သုပ် နည်းနည်း သွားဝယ်ချည် စမ်း၊ လမ်းလည်း ကောင်းကောင်းသွားနော်။ ကားကိုလည်း ကြည့်ရှောင်”
ကျွန်တော်သည် ခုံဖိနပ်ကို စီးကာ ပန်းကန်ယူပြီး သီချင်း ကလေး တအေးအေးဖြင့် ထွက်လာခဲ့ပါသည်။ ပဲလှော်ဆိုင်တွင် လူတွေ ပြည့်ကျပ်နေသဖြင့် ကျွန်တော်သည် အတော်ကြာအောင် စောင့်ရပါ သည်။
“ပဲလှော် တစ်ကျပ်ဖိုးပေးပါ”
ဟု ကျွန်တော်က အသံစူးစူးဖြင့် ပြောပါသည်။
“ပဲလှော်လား၊ ပဲလှော်သုပ်လား”
ကျွန်တော်က မဖြေသည့်အခါတွင် ဆိုင်ရှင်က စိတ်ဆိုးဆိုးဖြင့် ...
“ဖယ်၊ ဖယ်၊ ဈေးဝယ်သူ လာနေတယ်”
ကျွန်တော်သည် လူထူထူရှေ့တွင် အဟောက်ခံရသည့်အခါတွင် ရှက်ရှက်ဖြင့် အိမ်ပြန်လာပါသည်။
“ဟင် ဘာမှလည်း မပါပါလား။ ဘာလဲ လမ်းမှာ ပဲလှော် တွေ အကုန်ဖိတ်လာသလား။ ဒါမှမဟုတ်ရင်လည်း ပိုက်ဆံပျောက်ခဲ့ပြီ လား၊ တော်တော်ခက်တဲ့ ကောင်လေးပဲ”
အမေက မြည်တွန်ပါသည်။
“အမေက ဘာမှန်းမှ မသိဘဲဗျ၊ ပဲလှော်လား၊ ပဲလှော်သုပ်လား၊ ပဲကြော်လားဆိုတာ ပြောမှ မပြောလိုက်တာ”
“ဟဲ့ကောင်လေးရဲ့၊ နင်မနက်တိုင်း စားနေတာ မသိဘူးလား”
“ဘယ်သိမလဲ အမေရ”
“တော်တော် အသုံးမကျတဲ့ကောင်လေး၊ သွား ၊ ပဲလှော်သုပ်လို့ပြော”
ကျွန်တော်သည် ဈေးဆိုင်သို့ ပြန်လာပြီး ပြောသည်။ ဆိုင်ရှင်က စိတ်မရှည်ဟန်ဖြင့်မျက်မှောင်ကုတ်သည်။
“ဘာဆီနဲ့ သုတ်တဲ့ ပဲလှော်လဲ။ မြေပဲဆီနဲ့ သုတ်တာလား။ သံလွင်ဆီနဲ့ သုတ်တာလား။ သစ်ကြားဆီနဲ့ သုတ်တာလား”
ကျွန်တော် ဘာမျှ မဖြေနိုင်ပြန်ပါ။
“နောက်မှာ ဈေးဝယ်လာနေတယ်ကွ၊ ဖယ်ပေးလိုက်ပါ”
ကျွန်တော် ဒေါပွပြီး ပြန်လာသည်။ အမေက အံ့အားသင့်နေ သည်။
“ဟောတော့၊ ဘာမှလည်း မပါပါလား။ ဘယ်မှာလဲ ပဲလှော်”
“မြေပဲဆီနဲ့ သုတ်တာလား၊ သံလွင်ဆီနဲ့ သုတ်တာလား၊ သစ် ကြားဆီနဲ့ သုတ်တာလား။ အမေက ဘာမှ သေသေချာချာ မပြောလိုက် ဘဲဗျ”
ဟု ကျွန်တော် စိတ်ဆိုးမာန်ဆိုးနှင့် ပြောသည်။
“ဟဲ့ .. ပဲလှော်သုပ်လို့ ပြောလိုက်ရင် မြေပဲဆီနဲ့ သုတ်တာ ပေါ့ဟဲ့”
“ဒါတော့ ကျွန်တော် ဘယ်သိမလဲဗျ”
“နင် တော်တော် အသုံးမကျတဲ့ ကောင်လေး၊ ဆိုင်ရှင်ကလည်း ဒီလောက်မှ နားမလည်ဘူးတဲ့လားတော်၊ သွား ပြောချေ။ မြေပဲဆီနဲ့ သုတ်တာလို့”
“ရှက်တယ်ဗျာ”
ကျွန်တော်သည် အိမ်မှ ခပ်သုတ်သုတ် ထွက်လာခဲ့ကာ ဆိုင် ထဲသို့ မရောက်ခင်ကတည်းက “မြေပဲဆီနဲ့ သုပ်တဲ့ ပဲလှော်သုပ်တဲ့ ဦးလေးရေ” ဟု အော်ပြောသည်။
“ပိုက်ဆံကို ခုံပေါ်မှာထား”
ဟုဆိုကာ ဆိုင်ရှင်သည် ပဲလှော်ပုံ ကို နှိုက်နေသည်။
ကျွန်တော်သည် အိတ်ထဲသို့ နှိုက်ကြည့်သည်။ သို့ရာတွင် ကျွန် တော်အိတ်ထဲတွင် ပိုက်ဆံကို ရှာမတွေ့တော့။ အင်္ကျီအိတ်ကပ်ကို အတွင်း အပြင် လှန်ရှာသည့်တိုင် ပိုက်ဆံဆို၍ အရိပ်အရောင်မျှ မမြင်ရ။ ဆိုင်ရှင် က ပဲလှော်ကို ဇွန်းကြီးဖြင့် ခပ်နေရာမှ ပြန်ချလိုက်သည်။
“ဘာလဲ၊ ပိုက်ဆံကျကျန်ရစ်ခဲ့ပြီလား။ ဘာမှ စိတ်မချရပါ ကလားကွ”
“မပျောက်ပါဘူးဗျ၊ စောစောကတင် ရှိသေးတာပဲ”
ဟု ကျွန် တော်က အောက်သို့ ငုံ့ရှာရင်း ပြောသည်။
“ကဲ .. ကဲ ဈေးဝယ်တွေ လာတယ်ကွာ။ သူများကို အနှောင့် အယှက် မပေးပါနဲ့”
ကျွန်တော်သည် ဟာလာဟင်းလင်းဖြစ်နေသော ပန်းကန်ဖြင့် အိမ်သို့ ပြန်လာခဲ့ရပြန်သည်။
“ဟောတော့ ဘာဖြစ်လာပြန်တာလဲ”
“ပိုက်ဆံ”
“ပိုက်ဆံ ဘာဖြစ်တာလဲ”
“ကျွန်တော် အိတ်ထဲမှာ ပိုက်ဆံမှ ပါမသွားတာ”
“ဘာဝယ်စားပစ်လိုက်ပြန်ပြီလဲ”
“ဘုရားစူးရပါစေ့ဗျာ၊ ဘာမှ ဝယ်မစားပါဘူး”
“ဒါဖြင့် ဘယ်မှာ ပျောက်ကျန်ရစ်ခဲ့တာလဲ ဟဲ့”
“ဒါတော့ ဘယ်သိမလဲ အမေရ”
“နင် ဘာမှ ဝယ်မစားဘူးဆို ဘုရားစူး”
“ဘုရားစူးရစေ့ရဲ့”
“နင့် အိတ်ကပ်က ပေါက်နေလို့လား”
“မပေါက်ပါဘူး”
“အရင်အခေါက်တွေတုန်းက ဆိုင်ရှင်ကိုများ ပေးခဲ့သလားမှမသိတာ”
“မပြောတတ်ဘူး။ ဟုတ်ချင် ဟုတ်မလား မသိဘူး”
“နင့်ဟာ ဘာမှ စိတ်မချရပါလား ဟင်”
“ဆာတယ်ဗျာ”
အမေက ရင်ကိုထုသည်။
“သေပါတော့ဟယ်။ ကဲ . ကဲ နင့်ကို နောက်ထပ် ပိုက်ဆံ ပေးလိုက်မယ်။ ဒါပေမယ့် နင့်စုဗူးထဲက ထုတ်ပေးမယ်။ ဒီတစ်ခါ ဘာမှ မပါဘဲ ပြန်လာရင် သေပြီသာမှတ်”
ကျွန်တော်သည် ဆာလှပြီဖြစ်သဖြင့် ဆိုင်သို့ အပြေးထွက်လာ ခဲ့ပါသည်။ ဆိုင်နားရောက်ကာနီး လမ်းထောင့် အရောက်တွင် ဆိုင်ရှေ့မှာ ဟေးလားဝါးလား အော်ဟစ်နေကြသည့် ကလေးတစ်သိုက်၏ အသံကို ကြားရသည်။ ကျွန်တော်သည် ခြေလှမ်းတုံ့သွားကာ သူတို့ဆီသို့ စိတ် ရောက်သွားသည်။ သူတို့အနားသို့ သွားကြည့်ချင်သေးသည်။
ကျွန် တော်သည် လူအုပ်ထဲသို့ တိုးဝှေ့ဝင်လာခဲ့ရာ ကျွန်တော့်ကို ကြည့်နေ သော မျက်လှည့်ဆရာကို တွေ့ရသည်။ ကျွန်တော်သည် အဆာပျောက် သွားကာ မျက်လှည့်ပွဲကို ဝင်ကြည့်နေလိုက်သည်။
ကျွန်တော်သည် ဦး ထုပ်ထဲမှ ကြက်ဥတွေ၊ ယုန်တွေ ထွက်လာသည်ကို ကြည့်၍ သဘောကျ နေသည်။ ကြိုးကနေ မြွေဖြစ်သွားပုံကို ကြည့်၍ အရာအားလုံးကို မေ့နေ သည်။ မျက်လှည့်ဆရာက ကလေးတွေဆီက ပိုက်ဆံကောက်သည့်အခါ တွင် ကျွန်တော်သည် နောက်သို့ ဆုတ်လိုက်ရင်း ကျွန်တော့်မှာ ပိုက်ဆံ မပါဘူးဗျ ဟု ပြောသည်။
မျက်လှည့်ဆရာက ကျွန်တော့်ကို လိုက်သဖြင့် ကျွန်တော်သည် ချာခနဲ လှည့်ကာ ဈေးဆိုင်ဆီသို့ ပြေးလာခဲ့သည်။
“ဦးလေး၊ မြေပဲဆီနဲ့ ပဲလှော်သုပ် တစ်ကျပ်ဖိုးပေးပါ”
ဆိုင်ရှင်က တုတ်တုတ်မျှ မလှုပ်ဘဲ ကျွန်တော့်ကို ကြည့်နေ သဖြင့် ကျွန်တော်က နောက်တစ်ခါ ထပ်ပြောသည်။
“ပေး... ပေး၊ ပန်းကန်ပေး”
ဟု သူက စိတ်ဆိုးမာန်ဆိုးဖြင့် ပြောပါသည်။
ပန်းကန်တဲ့၊ ပန်းကန် ဘယ်ကျန်နေရစ်ပါလိမ့်။ မျက်လှည့် ဆရာ လိုက်တုန်းက ကျကျန်ရစ်ခဲ့သလား။ မျက်လှည့်ဆရာပဲ ယူထား လိုက်သလား ကျွန်တော် မသိတော့
“ကောင်လေးက ရူးသလိုလို ပေါသလိုလိုနဲ့”
ကျွန်တော်သည် ပြန်လှည့်လာကာ ပန်းကန်ကို လိုက်ရှာသည်။ မျက်လှည့်ဆရာမှာ စောစောက နေရာတွင် မရှိတော့။ သို့ရာတွင် လမ်း ကြားကလေးတစ်ခုထဲမှ ကလေးတွေအော်သံကို ကြားသဖြင့် ကျွန်တော် သည် မျက်လှည့်ပွဲသို့ လိုက်လာခဲ့သည်။
မျက်လှည့်ဆရာသည် ကျွန်တော့်ကို မြင်သွားပြီး အော်သည်။
“ဟေ့ကောင်လေး၊ မျက်လှည့်ကြည့်ခ ဘယ်မလဲ၊ နာချင်ပြီ လား”
“ကျွန်တော့် ပန်းကန်ရော”
“ဘယ်ကပန်းကန်လဲ”
“ကျွန်တော့်ပန်းကန် ပြန်ပေးပါဗျ”
စိတ်ညစ်နေရသည့်အထဲတွင် အသံတစ်ခုကို ကြားလိုက်ရပြန် သည်။
“ကဲ .. ကဲ လာကြည့်ကြနော်၊ လာကြည့်ကြ”
နောက်သို့ လှည့်ကြည့်လိုက်သည့်အခါတွင် ချောင်းကြည့် ပေါက်မှ ကြည့်ရသော အရိပ်ပြပွဲတစ်ခုကို တွေ့ရသည်။ ကလေးတွေက အရိပ်ပြပွဲဆီသို့ သွားကာ အလှည့်ကျ ကြည့်ရန် စောင့်နေကြသည်။ အရိပ်ပြပွဲပြသူက အထဲတွင် ပါသည့် အကြောင်းအရာများကို ပြောပြနေ သည်။
“အဲဒါက လူစွမ်းကောင်း မင်းသားကလေးက အချောဆုံး ဇေ နာမင်းသမီးကလေးကို ကယ်ဆယ်နေတဲ့ပုံကွယ့်”
ကျွန်တော်သည် မျက်ရည်များကို သုတ်လိုက်ပြီး အရိပ်ပြပွဲ ပြနေသည့် သေတ္တာကလေးကို ကြည့်နေမိသည်။ ကျွန်တော့်စိတ်ထဲတွင် မျက်လှည့်ဆရာကို လည်းကောင်း၊ ပန်းကန်ကိုလည်းကောင်း သတိမရတော့ပါ။ ကျွန်တော်သည် လက်ထဲတွင် ရှိသည့် ပိုက်ဆံကို အရိပ်ပြပွဲပြ သူကို လှမ်းပေးလိုက်ပြီး သေတ္တာပေါက်ကလေးထဲသို့ ချောင်းကြည့် လိုက်ပါသည်။
ကျွန်တော့်ဘေးက အပေါက်တွင် ကောင်မလေးတစ် ယောက်လည်း ရပ်ကြည့်နေပါသည်။ ပြပွဲပြီး၍ သတိရလာသည့်အခါ တွင် ကျွန်တော့်တွင် ပိုက်ဆံရော၊ ပန်းကန်ရော၊ မရှိတော့သည်ကို ကျွန်တော် သတိရလိုက်ပါသည်။ မျက်လှည့်ဆရာကိုလည်း အရိပ်အရောင်မျှ မမြင်ရတော့ပါ။ သို့ရာတွင် ထိုအရာများသည် ကျွန်တော့်စိတ်ထဲတွင် အရေးမကြီးတော့ပြီ။
ကျွန်တော်သည် အရိပ်ပြပွဲမှ စွန့်စားခန်း၊ အချစ်နှင့် ရဲရင့်မှုတွေကို မြင်ပြီး အကြီးအကျယ် သဘောကျနေ ပါသည်။ ကျွန်တော် သည် ဗိုက်ဆာသည်ကိုလည်း မေ့သွားပါပြီ။ အိမ်ပြန်ရောက်လျှင် အမေ ဆူပူကြိမ်းမောင်းမည်ကိုလည်း မေ့သွားပါပြီ။
ကျွန်တော်သည် နောက်သို့ အနည်းငယ်ဆုတ်ပြီး ထွက်ပြေးလာခဲ့ပါသည်။ တစ်ခါက ငွေတိုက်နှင့် စော်ဘွား၏ ရုံးလုပ်ခဲ့သည့် အုတ်တံတိုင်းကြီးတစ်ခုပေါ်သို့ ခုန်တက်လိုက်ပြီး အရိပ်ပြပွဲထဲက စွန့်စားခန်းများကိုသာ စဉ်းစားနေပါသည်။
ကျွန်တော်သည် ရုပ်ရှင်ထဲက လူဆိုးကြီးကိုလည်းကောင်း၊ ဇေနာ မင်း သမီးကလေး ကိုလည်းကောင်း၊ လူဆိုးကြီး ကိုလည်းကောင်း သတိရနေ ပါသည်။ ထိုမျှမက ပါးစပ်ကရော ကိုယ်ခန္ဓာကရော ရုပ်ရှင်ထဲက စကား တွေကို ပြောပြီး ဟန်အမူအရာတွေ လုပ်နေမိပါသည်။
ဟေ့ကောင်၊ မပြေးနဲ့ကွ။ ကိုင်း မှတ်ကရောကွာ ဟု ဆိုကာ လေထဲတွင် လှံပစ်သည့်ပုံမျိုး လုပ်နေပါသည်။
ပြီးတော့ “ဇေနာမင်းသမီးလေးကို မြင်းပေါ်မှာတင်ပြီး မြင်းကို ဒုန်းစိုင်း သွားတယ်နော်”
ကျွန်တော့် နောက်မှ ချိုသာသည့် အသံကလေးတစ်သံကို ကြားလိုက်ရပါသည်။
နောက်သို့ လှည့်ကြည့်လိုက်သည့်အခါတွင် အရိပ်ပြပွဲတုန်းက ကျွန်တော့်ဘေးက အပေါက်တွင် ရပ်ကြည့်နေသည့် ကောင်မလေးကို တွေ့ရပါသည်။ ကောင်မလေးမှာ ညစ်ပတ်သည့် အဝတ်အစားများကို ဝတ်ထားပြီး ဆေးရောင်ခြယ်ထားသည့် ခုံဖိနပ်ကို စီးထားပါသည်။ သူ သည် သူ့ကျစ်ဆံမြီးကလေးများကို လက်ဖြင့် ဖွနေပါသည်။ လက်တစ် ဖက်တွင်မူ သကြားလုံးများကို ကိုင်ထားပြီး ပါးစပ်ထဲတွင်လည်း မြုံနေ ပါသည်။ ကျွန်တော်တို့သည် တစ်ယောက်ကို တစ်ယောက် လှမ်းကြည့် လိုက်မိကြပါသည်။ ကျွန်တော်မှာ ကောင်မလေးကို တော်တော် သဘော ကျသွားပါပြီ။
“တို့ ဒီနားမှာ ခဏထိုင်ရအောင်လေ”
ဟု ကျွန်တော်က ပြောပါသည်။
သူကလည်း ထိုင်ချင်နေဟန် တူပါသည်။ ကျွန်တော်သည် သူ့လက်ကို ဆွဲကာ ပြိုပျက်နေသည့် မြို့ရိုးကြီးမုခ်ဦးအောက်က လှေ ကားထစ်ပေါ်သို့ တက်လာခဲ့ပါသည်။ ထိုလှေကားထစ်များမှာလည်း ပြိုပျက်နေကြပါပြီ။ ထိပ်ဆုံးကို ရောက်သည့်အခါတွင် မိုးကုတ်စက်ဝိုင်း နှင့် ပြအိုးများကို မြင်ရပါသည်။
ကျွန်တော်တို့ နှစ်ယောက်သည် စကားမပြောမိကြဘဲ အတူ ထိုင်နေမိကြပါသည်။ ပြောစရာစကားလည်း ရှာမတွေ့ပါ။ ကျွန်တော့် စိတ်ထဲတွင်မူ ထူးဆန်းသည့် ခံစားချက်တစ်မျိုး ပေါ်နေပါသည်။ သူ့မျက် နှာနှင့် ကပ်လိုက်သည့်အခါတွင် မြေသင်းနံ့နှင့် ရောနေသည့် သူ့ဆံပင်မှ မွှေးပျံ့သော အနံ့ကို ရှုလိုက်ရပါသည်။ ထို့နောက် သကြားလုံးနံ့ သင်းသော အနံ့ကို ရပါသည်။
ကျွန်တော်သည် ပါးကလေးကိုရော နမ်းလိုက် ပါသည်။ ကျွန်တော်က နမ်းသည့်အခါ သူ ငြိမ်နေပါသည်။ နမ်းပြီးသည့် အခါတွင် သူသည် သကြားလုံး ဆက်စုပ်နေပါသည်။ နောက်ဆုံးတွင် သူက ပြန်ရန် ပြောပါသည်။ ကျွန်တော်က သူ့လက်ကို ဆွဲပြီး တားပါ သည်။
“နေပါဦးဟာ၊ မသွားပါနဲ့ဦး”
“ဟင့်အင်း၊ သွားတော့မယ်”
“ဘယ်ကို သွားမှာလဲ” ဟု ကျွန်တော်က စိတ်တိုတိုဖြင့် မေး သည်။
“ဝမ်းဆွဲသည်ဆီကို”
သူက အိမ်တစ်အိမ်ကို လက်ညှိုးထိုးပြသည်။
“ဘာလို့ သွားမှာလဲ”
“မြန်မြန်လာခဲ့ပါလို့ သွားခေါ်မလို့”
“အမေ ဗိုက်နာနေလို့၊ အိမ်မှာ အော်နေတယ်။ အမေက ဝမ်း ဆွဲသည်ကြီးကို မြန်မြန်ခေါ်ခဲ့လို့ ခိုင်းလိုက်လို့”
“ဝမ်းဆွဲသည်ကြီးကို ခေါ်ပြီးရင် ပြန်လာမှာ၊ ဟုတ်လား”
သူက ခေါင်းညိတ်ပြသည်။ သူက သူ့အမေ ခိုင်းလိုက်သည့် အလုပ်ကို ပြောသည့်အခါတွင် ကျွန်တော်သည် အမေခိုင်းလိုက်သည့် အလုပ်ကို အမှတ်ရကာ ရင်ထဲတွင် ထိတ်ခနဲ ဖြစ်သွားသည်။ ကျွန်တော် က အရေးရှိလျှင် အသုံးပြုလေ့ရှိသော လက်နက်ကို သုံးပါသည်။
ကျွန်တော်သည် အသံထွက်အောင် ငို၍ပြန်လာပါသည်။ ကျွန်တော့် ငိုသံကို ကြားလျှင် အမေသည် ထွက်လာပြီး အကျိုးအကြောင်း မေးမည် ထင်ပါ သည်။
သို့ရာတွင် အမေထွက် မလာပါ။ ကျွန်တော်သည် အိမ်ထဲသို့ လိုက်ရှာပါသည်။ အမေမှာ မီးဖိုထဲတွင်လည်း မရှိပါ။ အမေဘယ်သွား နေသနည်း။ ဘယ်အချိန် ပြန်လာမည်နည်း။ အိမ်တွင် ကျွန်တော် တစ် ယောက်တည်း ယောင်တောင်တောင် ဖြစ်နေပါသည်။
ထိုစဉ် အကြံ တစ်ခု ကျွန်တော်ရပါသည်။ ကျွန်တော်သည် ပန်းကန်တစ်ချပ်ကိုကောက်ယူကာ ကျွန်တော့် စုဗူးထဲမှ ငွေတစ်ကျပ်ကို ယူပြီး ပဲဆိုင်သို့ ထွက်လာခဲ့ပါသည်။ ဆိုင်ရှင်မှာ ခုံတန်းလျားတစ်ခုပေါ်တွင် နဖူးပေါ် လက်တင်ပြီး အိပ်ပျော်နေပါသည်။ ပဲလှော်ထည့်ထားသည့် ဗူးများလည်းမရှိတော့ပါ။
လည်ပင်းရှည်ရှည်နှင့် ဆီပုလင်းများမှာလည်း စင်ပေါ် ပြန် ရောက်နေကြပါပြီ။ ကျောက်ဖြူသား ခင်းထားသည့် စားပွဲမှာလည်း ဆေး ကြောထားပါသည်။
“ဦးလေး၊ ဦးလေး” ဟု ကျွန်တော်က ခပ်တိုးတိုး ခေါ်ပါသည်။
သူက ဟောက်နေသဖြင့် ကျွန်တော်က သူ့ပခုံးကို အသာတို့ ပါသည်။ ဆိုင်ရှင်သည် လက်ကို အလန့်တကြား မြှောက်လိုက်ပြီး နီရဲ နေသော မျက်လုံးများကို ဖွင့်၍ ကျွန်တော့်ကို ကြည့်ပါသည်။
“ဘာလာလုပ်ပြန်တာလဲကွ”
ကျွန်တော့်ကို မှတ်မိသွားသဖြင့် ခပ်ထန်ထန် မေးပါသည်။
“မြေပဲဆီနဲ့ ပဲလှော်သုတ် တစ်ကျပ်ဖိုး ပေးပါ”
“ဘာ”
“ကျွန်တော့်မှာ ပန်းကန်လည်း ပါပါတယ်။ ပိုက်ဆံလည်း ပါပါတယ်”
“ဟေ့ကောင်လေး၊ သွား သွား။ လာရှုပ်မနေနဲ့။ ငါ ကောက် ရိုက်မိလိမ့်မယ်”
ကျွန်တော်က ရပ်မြဲ ရပ်နေသည့်အခါ သူသည် ကျွန်တော့်ကို ခပ်ပြင်းပြင်း တွန်းပစ်လိုက်ပါသည်။ ကျွန်တော်သည် ပက်လက်လန် ကျသွားပါသည်။ ကျွန်တော်သည် ငိုချင်စိတ်ကို အနိုင်နိုင် ချုပ်တည်းပြီး လဲရာမှ ထပါသည်။ လက်တစ်ဖက် တစ်ချက်စီတွင်လည်း ပန်းကန်ပြား နှင့် ပိုက်ဆံကို ကျစ်ကျစ်ပါအောင် ဆုပ်ထားပါသည်။ ကျွန်တော်သည် သူ့ကို ပြန်၍ မိုက်ကြည့်ကြည့်နေပါသည်။ ကျွန်တော် ပြန်ပြေး မည်ဟု စိတ်ကူးမိပါသေးသည်။ သို့ရာတွင် လူစွမ်းကောင်းလို သတ္တိမျိုး မွေးရ မည်ဆိုသည့် စိတ်ကလေး ဖြစ်ပေါ်လာသဖြင့် ခပ်တည်တည် ရပ်နေပါ သည်။
ထို့နောက် လက်ထဲတွင် ကိုင်ထားသည့် ပန်းကန်ဖြင့် တအား ပစ်ပေါက်လိုက်ပါသည်။ ပန်းကန်သည် လေထဲတွင် ဝွီးခနဲ အော်မြည် ပျံသန်းကာ သူ့ခေါင်းကြီးကို သွားမှန်ပါသည်။
ထို့နောက် ဖနောင့်နှင့်တင်ပါး တစ်သားတည်းကျအောင် လှည့် ပြေးခဲ့ပါသည်။ ပြေးလာရင်းလည်း ကျွန်တော့် စိတ်ထဲတွင် လူစွမ်းကောင်းက လူကြမ်းကြီး သတ်ခဲ့သလို သူ့ကို အသေသတ်ခဲ့ပြီဟု ထင်နေ ပါသည်။ ကျွန်တော်သည် မြို့ရိုးဟောင်းကြီးနား ရောက်သည့်အထိ အား ကုန် ပြေးလာခဲ့ပါသည်။
မြို့ရိုးနား ရောက်သည့်အခါတွင်မှ မောကြီးပန်းကြီးဖြင့် နောက်ကို လှည့်ကြည့်ပါသည်။ သို့ရာတွင် နောက်မှ မည်သူမျှ လိုက်လာသည်ကို မမြင်ရပါ။
ကျွန်တော်သည် ထိုအခါကျမှ ရပ်ပြီး အမောဖြေနိုင်ပါသည်။ အမောဖြေရင်း ဒုတိယပန်းကန်တစ်လုံး ဆုံးခဲ့ သည့်ကိစ္စကို မည်သို့ဖြေရှင်းမည် နည်းဟု စဉ်းစားနေပါသည်။ အိမ်သို့ တိုက်ရိုက်မပြန်ရန် ကျွန်တော့်ကို တစ်စုံတစ်ခုက သတိပေးနေပါသည်။ ထို့ကြောင့် ကျွန်တော်သည် ဘာမျှ မစဉ်းစားတော့ဘဲ ခြေဦးတည့်ရာလျှောက်သွားနေပါသည်။
ပြန်လာလျှင် ကျွန်တော့်ကို အမေ ရိုက်မည် မုချ။ အရိုက်ခံရမည့်အတူတူ နောက်မှ အရိုက်ခံရအောင် အချိန်ရွှေ့ထား လိုက်ချင်သည်။ ကျွန်တော့်လက်ထဲတွင် ပိုက်ဆံတော့ ရှိသေးသည်။ အရိုက်မခံရခင် ပိုက်ဆံကလေးတော့ သုံးလိုက်ချင်သေးသည်။ နောင်မှ ဖြစ်လိုရာ ဖြစ်စေတော့။
သို့ရာတွင် မျက်လှည့်ဆရာကော ဘယ်ရောက်သွားပြီနည်း။ အရိပ်ပြပွဲကော ဘယ်ရောက်သွားပြီနည်း။ ကျွန်တော် သူတို့ကို လိုက်ရှာ သည်။ သို့ရာတွင် ရှာမတွေ့ပါ။
လိုက်ရှာ၍ မတွေ့သည့်အခါတွင် မောမောဖြင့် ကျွန်တော်သည် ကောင်မလေးနှင့် ချိန်းထားသည့် မြို့ရိုးပျက်နားက လှေကားကြီးပေါ်သို့ တက်လာခဲ့ပါသည်။ ကျွန်တော်သည် ချိုချဉ်နံ့သင်းနေသော ကောင်မလေးကို နမ်းရန် စောင့်နေပါသည်။ ကောင်မလေးသည် ကျွန်တော့်ကို စွဲအောင် လုပ်သွားပြီဟု ထင်ပါသည်။ ထိုအတွေ့မျိုးကို ကျွန်တော် တစ် ခါမျှ မတွေ့ဖူးသေးပါ။
ကျွန်တော် ထိုင်စောင့်နေ၍ အတန်ကြာသည့်အခါတွင် ကျွန် တော့် နောက်နားဆီမှ တီးတိုး စကားပြောသံများကို ကျွန်တော် ကြား လိုက်ရပါသည်။
ကျွန်တော်သည် လှေကားကြီးထိပ်သို့ တက်လာပြီး တစ်ဖက်သို့ ကြည့်လိုက်ပါသည်။ မြို့ရိုးအောက်ခြေတွင် အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်တို့ ထိုင်နေကြပါသည်။ တီးတိုး စကားပြောသံများမှာ သူတို့ဆီမှ ထွက်ပေါ်လာခြင်း ဖြစ်ပါသည်။ အမျိုး သားမှာ လူလေလူလွင့် တစ်ယောက်နှင့် တူပြီး အမျိုးသမီးမှာ သိုးများကို ကျောင်းသည့် ဂျစ်ပစီမ တစ်ယောက်နှင့် တူပါသည်။
သူတို့လည်း ကျွန် တော်တို့ နှစ်ယောက်လို ချိန်းတွေ့ခြင်း ဖြစ်သည် ထင်ပါသည်။ ကျွန် တော်သည် သူတို့နှစ်ယောက်ကို ချောင်းကြည့်ရင်း စိတ်လှုပ်ရှားနေပါ သည်။ ပျော်လည်း ပျော်၊ ကြောက်လည်းကြောက် ဖြစ်နေပါသည်။ သူတို့ နှစ်ယောက်သည် ထထိုင်ကာ တစ်ယောက်ကို တစ်ယောက် စကားမပြောဘဲ ငူငူကြီးတွေ ထိုင်နေကြပါသည်။
အတန်ကြာသည့်အခါတွင် အမျိုးသားက စ၍ စကားပြောပါ သည်။
“ပိုက်ဆံပေးဦး”
“ရှင့်မှာ ပိုက်ဆံချည်းပဲ တောင်းနေတာပဲ”
“နင်က အလကား ကောင်မ”
အမျိုးသားက တံတွေးကို ပစ်ခနဲ ထွေးလိုက်သည်။
“နင်ကော သူခိုး”
အမျိုးသားက အမျိုးသမီးပါးကို ခပ်ပြင်းပြင်း လက်ပြန် ရိုက် လိုက်ပါသည်။ အမျိုးသမီးက မြေကြီးတစ်ဆုပ်ကို ကောက်ပြီး သူ့မျက် နှာကို ပက်လိုက်ပါသည်။ အမျိုးသားက အမျိုးသမီး၏ လည်ပင်းကို ထညှစ်ပါသည်။ အမျိုးသမီးက အတင်းရုန်းပါသည်။ အမျိုးသမီးက အော်သော်လည်း အသံမထွက်လာပါ။ မျက်လုံးကြီးတွေ ပြူးပြီး ခြေ ထောက်က မြေကြီးပေါ်မှာ လွတ်နေပါသည်။
ကျွန်တော် ကြောက်ကြောက်ဖြင့် ကြည့်နေပါသည်။ အမျိုးသမီး၏ နှာခေါင်းမှ သွေးတွေ စီးကျလာပါသည်။ ကျွန်တော်သည် ထလှမ်းအော်ပါသည်။ အမျိုးသား က မော့မကြည့်မီ ကျွန်တော်သည် မြို့ရိုးပျက်ပေါ်မှ ခုန်ဆင်းကာ ခြေဦး တည့်ရာသို့ တအားစွတ်ပြေးလာခဲ့ပါသည်။ ကျွန်တော် အသက်ကိုမျှ မရှူနိုင်ဘဲ စွတ်ပြေးလာခဲ့ရာ နောက်ဆုံး သတိရ၍ ကြည့်လိုက်သည့် အခါတွင် အမိုးခုံးခုံးကြီးတွေ ရှိသည့် လမ်းဆုံလမ်းခွတစ်ခုသို့ ရောက် နေသည်ကို တွေ့ရပါသည်။ ကျွန်တော်သည် ထိုနေရာသို့ တစ်ခါမျှ မရောက်ဖူးပါ။
ကျွန်တော်နေသည့် ရပ်ကွက်ပင်လျှင် ဘယ်နားရောက်နေ သည်ကို ကျွန်တော် မသိပါ။ လမ်းဘေးတစ်ဖက်တစ်ချက်တွင် မျက် မမြင် သူတောင်းစားတွေ တစာစာတောင်းနေကြပါသည်။ အရပ်လေး မျက်နှာမှလာသော လမ်းသွားလမ်းလာများသည် ဘယ်သူ့ကိုမျှ ဂရု မစိုက်နိုင်ဘဲ ကိုယ့်ကိစ္စနှင့် ကိုယ် ခပ်သုတ်သုတ် သွားနေကြပါသည်။ ကျွန်တော်သည် မျက်စေ့လည်နေပါသည်။ အိမ်ကို ဘယ်လို ပြန်ရမည် ဆိုသည်ကိုပင် မသိတော့ပါ။ လမ်းသွားလမ်းလာ တစ်ယောက်ယောက် ကို မေးရမည်လားဟု စိတ်ကူးမိပါသေးသည်။ ယခုနေ ပဲလှော်ဆိုင်ရှင် လို လူမျိုး၊ မြို့ရိုးပျက်ကြီးနားက လူလေလူလွင့် လူမျိုးနှင့် သွားတွေ့လျှင် မည်သို့ လုပ်မည်နည်။ ဘုရားသိကြားမ၍ ကျွန်တော့်ကို လိုက်ရှာနေသည့် အမေနှင့် သွားတွေ့လျှင် မည်မျှ ကောင်းမည်နည်း။
သို့မဟုတ် ကျွန်တော် မှတ်မိသည့် အဆောက်အအုံတစ်ခုခု၊ နေရာတစ်ခုခု၊ အမှတ် အသားတစ်ခုခုကို တွေ့သည်အထိ လျှောက်သွားရမည်လော။
ကျွန်တော်သည် ပြတ်ပြတ်သားသား၊ မြန်မြန်ဆန်ဆန် ဆုံး ဖြတ်ရတော့မည် ဖြစ်ပါသည်။ အချိန်မရှိတော့။
နေ့တာသည် ကုန်ဆုံးလျက်ရှိကာ လျှို့ဝှက်ဆန်းကျယ်သည့် အမှောင်ထုသည် သက်ဆင်းလာတော့မည်။

လူတစ်ယောက်အကြောင်း

0 comments
လူတစ်ယောက်အကြောင်း
ဤနေရာသည် အခါကာလအလျောက် ဆိတ်သုဉ်းသွားပါပြီ။ ဤနေရာတွင် လွန်ခဲ့သော အခါကာလက အိမ်ခြေ ၄-၅ လုံးမျှ ရှိခဲ့ဖူးပါသည်။ နောက်တစ်အိမ်စီ တစ်အိမ်စီ ပျောက်၍သွားခဲ့ရာ လွန်ခဲ့သော (၅)နှစ်ခန့်က စပြီးတော့ဖြင့် တစ်အိမ်ထီးတည်း ကျန်ခဲ့တော့သည်။ ယခုကား ဤတစ်အိမ်ထီးတည်းပင် မရှိတော့။ ခြံမြေအားလုံးသည် ဆိတ်သုဉ်း၍ သွားပါပြီ။ ကျွန်တော်သည် မကြာသေးမီကမှ လူသွားရပ်စဲသွားသော ခြေရာလမ်းကြောင်းပေါ်မှာ တစ်ယောက်တည်း မတ်တတ်ရပ်လျက် ရှိနေပါသည်။ ရှေ့တိုးလို့တော့ မဖြစ်တော့ပါ။ ဝါးဝင်းထရံ ကာဆီးလျက် နေပါပြီ။ ရှေးယခင်တုန်းကဆိုလျှင် ကျွန်တော်သည် ဤခြေရာလမ်းကြောင်းမှ ဖော်ပြပါတစ်အိမ်တည်းသို့ ဥဒဟို သွားခဲ့ပါသည်။ ယခုကား မလှမ်းသာတော့ပြီ။ မှန်းမျှော် ရမ်းယော်ကာသာ အတိတ်ကို…........
ကျွန်တော့်ရှေ့ လေးငါးတောင်မျှ အကွာ၌ သူ့နဖူးကို လက်ဝါးအုပ်၍ ပြာနှမ်းမှုံမွှားသော မျက်လုံးအစုံဖြင့် ကျွန်တော့်အား စေ့စေ့ကြည့်နေသော အဘိုးအို…
“ဦးထွန်းစိန် ဒီလောက် အနီးကပ်တောင်မှ မသဲကွဲတော့ဘူးလား”
သူသည် ဝမ်းသာအားရနှင့်…
“ဟေ့ ဗိုလ်ကြင်၊ ငါထင်တော့ အထင်သားပဲ မင်းရောက်တယ်ကြားလို့ ငါ မောင်ခို့ လွှတ်ထားလိုက်ပြီ”
“ရော့ ဒီမှာ” ကျွန်တော့် လက်ထဲကအထုပ်ကို သူ့အား ကမ်းလင့်သောအခါ…
“ဘာလဲကွ”
“ပုဇွန်ထုပ်ကြီးတွေလေ၊ ပြုတ်ပြီးသား”
“ဟာ… ကောင်းပေါ့ကွာ၊ သံပုရာသီးနဲ့ သုပ်မယ်၊ စိန်ခ… မိခွေးခြံမှာ သံပုရာသီးသွားခူးစမ်း၊ ငရုပ်သီးစိမ်းလည်း ဆွတ်ခဲ့”
သူ၏ ကြင်ယာတော်၊ ခြေမြန်တော် ဒေါ်စိန်ခသည် မဆိုင်းခဏပင် အိမ်ပေါ်မှ ဆင်းသွားသောအခါ ကျွန်တော်တို့နှစ်ယောက်က အိမ်ပေါ်ရောက်ပြီ။ ဦးထွန်းစိန်က မီးဖိုချောင်ဝင်၍ ကြက်သွန်လှီး၊ ကျွန်တော်က မြို့အရပ်တွင် ရမ်မသောက်မီ ဘီယာနှင့်ပျိုးဘိသို့ ထန်းလျက်အရက်ယူရအောင် သွားသော ကိုမောင်ခို ပြန်မရောက်မီ ဦးထွန်းစိန်အိမ်မှာ အမြဲတမ်း အသင့်ရှိနေတတ်သော ထန်းရည်ကို စကိုင်သည်။ အင်း… ကျွန်တော် လူရယ်လို့ဖြစ်လာခဲ့ပြီး သူရာဆို၍ ကျွန်တော့်ခံတွင်း စတင်ဝင်ခဲ့သည်မှာ ကျေးရွာသဘာဝအလျောက် ဤထန်းရည်သာ ဖြစ်လေရာ ဘယ်အခါပဲ ကိုယ့်ရွာပြန်ရောက်ရောက် ဒီထန်းရည်လေး တစ်ခွက်တစ်ဖလားတော့ မော့လိုက်မှ။ သို့သော်လည်းပဲ သောက်သက် ဝါရင့်လှတော့ ဤထန်းရည်မျှနှင့် တင်းမတိမ်နိုင်ပြီ။ ထန်းရည်ကို ထန်းလျက်ချက်၊ ထန်းလျက်ကို ဂဇော်စိမ်၊ ဤဂဇော်ရည်ကိုမှ ပေါင်းတင်သော ချက်အရက်ကျမှပဲ ဒုံသတ်ရတော့၏။ နောက်နာရီဝက်အတွင်း၌ ကိုမောင်ခို ပြန်ရောက်လာပြီဖြစ်၍ ကျွန်တော်တို့ ချက်အရက်ပွဲ စလေပြီ။ ပုဇွန်ထုပ်ကို သံပုရာသီး၊ ငရုတ်သီးစိမ်းနှင့်သုပ်၊ နံနံပင်အုပ်။ ကြက်သွန်ဥကြီး အကွင်းအကွင်း လှီးနှင့်။ ဒီလို ပုဇွန်ထုပ်မှာ ကျွန်တော်တို့ ကျေးရွာသားများ စားရဖို့ ခဲယဉ်းလှပေသည်။ ကျွန်တော်၏ ဇာတိရွာနယ်ပယ်မှာ မြစ်နှင့်မနီး၊ မိုးအခါသာ ချောင်း၊ မြောင်း အင်းအိုင်တွေရေရှိ၍ ဆောင်းဦးပေါက်သည်မှစပြီး ရေခြောက်တော့ရာ ဘယ်မှာ ပုဇွန်ထုပ်ဆိုတဲ့ သတ္တဝါ ရှိအံ့နည်း။ မြို့ကဈေးတွင် အခြားအရပ်က ရေခဲရိုက်တင်လာတာတွေ ရှိပါ၏။ သို့သော် ကျေးရွာ ဆင်းရဲသားများသည် ဤပုဇွန်ထုပ်ဈေးကို ပေး၍ အဘယ်လျှင် စားနိုင်အံ့နည်း။ ထို့ကြောင့် ကျွန်တော်သည် ရွာကိုပြန်ပြီဆိုလျှင် ရန်ကုန်မြို့မှ ပုဇွန်ထုပ်ကို ပြုတ်၍လည်းကောင်း၊ ငါးမြင်း ငါးကြင်းကို ကြော်၍လည်းကောင်း ဆောင်ကျဉ်းခဲ့ကာ ကိုယ်နှင့်ရင်းနှီးသူတို့အား စားစေပါသည်။ ကျွန်တော်သည် ဦးထွန်းစိန် ဆွဲထုတ်လာသော ပုဇွန်ထုပ်ပန်းကန်ကြည့်၍ မီးဖိုချောင်ထဲက အိမ်ရှင်မအား…
“အရီးခ ခင်ဗျား ထမင်းနဲ့စားဖို့ ခွဲယူမထားသေးဘူးလားဗျ”
“ဟယ်… ငါနင့်ပုဇွန်ထုပ် မစားချင်ဘူးဟယ် အကြောတက်တယ်… ” ဟု ပြောပြန်ကာ ဦးထွန်းစိန်က…
“ဟယ်… ဒီကောင်မ ကောင်းမှန်းဆိုးမှန်း သိတာမှတ်လို့ကွာ ပြောမနေပါနဲ့”
“သြော် တော်သာ အကောင်းတွေစားပါ ဒါကြောင့် သူ့မျက်လုံးတွေ ကြောင်တောင် ကွယ်တော့မယ် အစားအသောက်က နည်းနည်းမှ မလျှော့ဘူး”
“ကွယ်ကွယ် ဟေ့၊ အစားအသောက်တော့ မလျှော့နိုင်ဘူး လူ့ပြည်နေတာ စားဖို့နဲ့ သောက်ဖို့ဟ စိန်ခရဲ့”
ဟုတ်ပါ၏။ သူ၏ အမှန်ဝါဒဖြစ်ပါသည်။ ဦးထွန်းစိန်သည် ကျွန်တော် သိခဲ့သမျှ ကျေးရွာတွင် လယ်ပိုင်ယာပိုင်ရှိဖို့ မဆိုထားနှင့် အိမ်ဆောက်ရန် ခြံပိုင်မျှ မရှိ၍ သူများခြံတွေထဲသာ ခိုကပ်ခဲ့ရသော လက်လုပ်လက်စား ဆင်းရဲသားမျှ ဖြစ်သော်လည်း အရက်သေစာကို နေ့တိုင်းသောက်သည်။ သူ့ထမင်းပွဲမှာ ဟင်းကောင်း မြိုးမြိုးမြက်မြက် ပါသည်။ သူသည် ကျွန်တော်တို့ရွာ ဇာတိ မဟုတ်ပေ။ အခြားရွာမှလာပြီး အိမ်ထောင်ကျသူ ဖြစ်သည်။ ကျွန်တော် အမှတ်သညာထားတတ်သော အရွယ်မှာ သူသည် အသက်သုံးဆယ်ကျော်မျှ ဖြစ်သည်။ ကျွန်တော်တို့အိမ်နှင့် မျက်စောင်းထိုး ဝါးပိုးအိမ်ကလေးမှာ နေသည်။ ထိုအချိန်၌ သူ့မှာ ညီ လူပျိုပေါက်တစ်ယောက် ရှိသည်။ ဤညီ လူပျိုပေါက်က ကျွန်တော်တို့ရွာနှင့် နှစ်မိုင်မျှဝေးသော ချောင်းနားရွာသို့သွားပြီး ကြံထမ်းရသည်။ ဦးထွန်းစိန်က အိမ်မှာ ကြံရောင်းသည်။ ကြံရောင်းပုံမှာ ရိုးရိုးမဟုတ်၊ ညနေချိန်မှာ ကာလသားတွေ သူ့အိမ်ရှေ့တွင် ကြံခုတ်ပြိုင်ပွဲ လုပ်စေသည်။ ကြံကို ဆယ်ချောင်း ဆယ့်နှစ်ချောင်း စသည်ဖြင့် စုစည်းကာ ဓားမနှင့် တစ်ချက်တည်း ခုတ်၊ အားလုံး ပြတ်မပြတ် ကာယဗလပြိုင်ပွဲပင် ဖြစ်သည်။ ဒီနည်းလုပ်တော့ သူ့ကြံတွေ သိပ်ရောင်းရသည်ပေါ့။ ဦးထွန်းစိန်သည် ကျေးတောသားပင် ဖြစ်သော်လည်း လက်ကြောတင်းအောင် မလုပ်၊ ဒီလိုပဲ ဉာဏ်ကလေးလွှာသုံးကာ ကောင်းကောင်းစား၊ ကောင်းကောင်းသောက်ခဲ့သူ ဖြစ်သည်။ သူသည် ယခင်က ဓားခုတ်မှုနှင့် ထောင် ၃၄ နှစ်လား ကျခဲ့ဖူးသည်ဆိုသဖြင့် ရွာမှာမဟုတ်မခံ ဇတ်ဇတ်ကျဲဆိုသည့် အရွယ်မှစ၍ကား နောက်ထပ် ဘာရာဇဝတ်မှုမျှ ကျူးလွန်ရသည်ကို မတွေ့ရတော့ပေ။ သို့သော် ဤသို့ ကျွန်တော်တို့ အိမ်အနီးတွင် နေထိုင်လျက် ဖော်ပြပါ ကြံရောင်းစားနေစဉ်တွင် ရွာသူကြီးနှင့် မည်သို့ ပဋိပက္ခဖြစ်ကြသည် မသိ၊ တစ်နေ့သ၌ သူကြီးက လာကြိမ်းသည်။
“မောင်ထွန်းစိန် မင်းဟာ ငါ့အိမ်အနီးမှာ နေပြီးတော့ ဒီလိုရွာက ကာလသားတွေကို အလောင်းအစားနဲ့ ကြံခုတ်ပွဲလုပ်နေတာ မကောင်းဘူးထင်တယ် ရပ်တန်းက မရပ်ရင် ငါ အရေးယူရလိမ့်မယ်”
သူကြီးက သူနှင့်သင့်မြတ်စဉ်က ဘာမျှမပြောချေ။ အိမ်ချင်းလည်း နီးသဖြင့် ကလေးတွေ ကြံခုတ်ပွဲမှာ သူကြီးပင်လာ၍ တဟီးဟီး၊ တဟားဟား လုပ်ခဲ့သေးသည်။ ယခုမှ ဒီလိုလာပြောတော့ ဦးထွန်းစိန်က လက်သီးလက်မောင်းတန်း၍…
“ကျုပ် ခင်ဗျားအိမ်နားလည်း မနေဘူး။ ကြံလည်း ရောင်းမစားတော့ဘူး။ တစ်နေ့တော့ သိကြသေးတာပေါ့ဗျာ” ဟု ပြန်ပြောပြီး နှစ်ရက်သုံးရက်အတွင်းမှာပင် ယခုအိမ် ၃-၄ အိမ်ခြားသော ခြံကွက်တစ်ခုသို့ ပြောင်းရွှေ့သွားခဲ့လေသည်။
ဦးထွန်းစိန်မှာ တစ်သက်လုံး ကိုယ်ပိုင်ခြံမရှိဟု ဆိုခဲ့သည် မှန်ပါ၏။ ကျွန်တော်တို့အိမ်အနီး နေစဉ်ကလည်း သူများခြံထဲဖြစ်၏။ ယခုလည်း အခြားသူခြံပင် ဖြစ်၏။ ကျွန်တော်တို့ တောရွာဒေသတွင် ကိုယ်ပိုင်ခြံ ပြဿနာ မရှိချေ။ ကွက်လပ်မြေကို ပိုင်ရှင်ထံ ခွင့်ပန်ပြီး တစ်သက်လုံးလည်း နေသွားနိုင်ပါ၏။ လူမနေသည့် ခြံမြေကွက်တွေက ပေါလှပါဘိ။ ခြံစောင့်ပင် ရသေးသော ဟူ၏။ ကျွန်တော်တို့ရွာမှာ ဝါးကလည်း ပေါလှကား၊ ဝါးပိုင်းတိုင်ထူ ဝါးထရံကာ ဝါးကြမ်းခင်းအိမ်များဖြင့် တစ်ရက်၊ နှစ်ရက်အတွင်း ပြီးမြောက်နိုင်သည်။ ဦးထွန်းစိန်လို အပေါင်းအသင်းကောင်းသော ကာလသားတစ်ယောက်ကို ဝါးအလကား ပေးမည့်သူတွေ၊ ဝိုင်းဝန်းကူဆောက်ပေးမည့်သူတွေ အများကြီးရှိ၏။ ထို့ကြောင့် ဦးထွန်းစိန်သည် သူကြီးအိမ်နားက သူ့အိမ်ကလေးကို ဖျက်လို့မှ ယူမသွားပေ။ သူကြီးအား ဂွတိုက်ပြီး တမင်ထားပစ်ခဲ့၏။
သူကြီးက “ဟေ့… မောင်ထွန်းစိန် မင့်အိမ် ဖျက်မယူတော့ဘူးလား…” မေးသောအခါ
“ကျုပ်ပစ္စည်း မလိုချင်လို့ထားပစ်ခဲ့တာ ခင်ဗျာ့ အပူလားဗျာ”
“ရပ်ရွာထဲ မီးထင်း စိုးရိမ်ရတယ်ကွ”
“အေး လူမရှိတဲ့အိမ်က ဘယ့်နှယ်လုပ် မီးထတောက်မလဲဗျ”
“ကလေးတွေလာပြီးဆော့ရင်ပေါ့…”
“ဒါတော့ ခင်ဗျား တာဝန်ပဲဗျာ၊ ခင်ဗျား ကြည့်လုပ်ပေါ့”
ဤသို့ ဦးထွန်းစိန်သည် သူကြီးနှင့် ကဏကောစ ဖြစ်ပြီးမှ နောက်ပိုင်းတွင် သူကြီးကို ဘယ်ငယ်နိုင် ကိုင်မိသွားသည် မသိ။ ဦးထွန်းစိန် အိမ်နောက်ဖေးမှာ ကြက်ဝိုင်း ချိန်းဝိုင်းကြီးများပင် လုပ်ပါလေသည်။ ထိုသရောအခါ ကျွန်တော် (၁၀) နှစ်သားကျော်ခဲ့ပြီ။ အားလုံးမှတ်တတ်သားတတ် အရွယ်ဖြစ်ပြီး ကြက်ဝိုင်းသောက်ဝိုင်းတွင်ဝင်၍ ထိုင်ပြီ။ ဤမှ ဦးထွန်းစိန်နှင့် ကျွန်တော် ခင်မင်ရင်းနှီးမှု စခဲ့လေသည်။ ဦးထွန်းစိန်မိန်းမ မစိန်ခသည် ကျွန်တော့်အဖေနှင့် မောင်နှမဝမ်းကွဲ တော်သည်။ သူတို့ လင်မယားမှာ သားသမီး မထွန်းကားခဲ့ချေ။ ဦးထွန်းစိန်ညီ ကိုချစ်ရာ အိမ်ထောင်ကျ သွားသောအခါ၌ တစ်သက်လုံးပင် သူတို့လင်မယား နှစ်ယောက်တည်းသာ သူတို့ အိမ်ထောင်မှာ ရှိပေတော့သည်။ ဦးထွန်းစိန်သည် ကာလသား ကြက်သမား၊ အသောက်သမား အကောင်းစား ဆိုသည်ကို ရပ်သိ၊ ရွာသိ နာမည်ခံယူသည်။ ညနေ စောင်းပြီဆိုပါက တောင်ခုနစ်အိမ်၊ မြောက်ခုနစ်အိမ် ကြားလောက်အောင် သူ လေချဉ်တက်ပြီး အရက်ချိုး ထပါလေမည်။ တစ်နေ့တလေ ဒီအသံမှ မကြားရပါက ဦးထွန်းစိန် အခြားရွာသို့ ခရီးသွားနေသည်ဟူလို။ အချို့မူ သူ၏ အရက်ချိုးထသံကို ဗဟိုရ်ပြုကြသည်။
ဥပမာ “ဟ စိန်လေးတောင် အရက်ချိုးထနေပဟ၊ ဘယ်အချိန်ရှိပြီလဲ” ဟူ၍… သူ့ကို အများအားဖြင့် ကာလသားချင်းက စိန်လေးဟု ချစ်စနိုးခေါ်ကြသည်။ သူတို့တွင် ညနေတိုင်း စုပြီးသောက်ကြသော လူတစ်သိုက်ရှိသည်။ စိန်ကလေးက လေချဉ်တက် အရက်ချိုးထလိုက်ပြီ ဆိုလျှင် ဤသောက်ဖော်တစ်သိုက်သည် မိမိအိမ်ရှိသော မြည်းစရာကလေးများယူငင်၍ သူတို့စိန်လေးအိမ်သို့ ရောက်လာကြလေသည်။ သူတို့ သောက်ဝိုင်းမှာ တစ်ခါတစ်ရံ ကြောင်သား၊ လိပ်သား၊ မြွေသား၊ ဖားသား စသည်များ ပါဝင်တတ်သည်။ ကျွန်တော်သည် ဤအချိန်ကပင် သူတို့လူကြီးဝိုင်းထဲဝင်ကာ အမြည်းစားရင်းမှ အသောက်စခဲ့ပေသည်။ ကျွန်တော်၏ မိခင်သည် အိမ်ဆိုင်ဖွင့်၍ ကုန်စုံရောင်းလေသည်။ ကျွန်တော်ကား ငါးခြောက်ငါးခြမ်းများ သယ်ကာ သူတို့ သောက်ဝိုင်းသို့ ပို့ပေးဖို့လည်း ဝန်မလေးခဲ့ချေ။
“ဒီကောင်လေး ကြီးရင် တို့လိုပဲ အသောက်အစားဖြစ်မယ်” ဟု သူတို့ အပ်ချမတ်ချ မှတ်ချက်ချခဲ့ကြလေသည်။
ဤဒုတိယ သူများခြံမြေမှာနေစဉ် ဦးထွန်းစိန်သည် ဘာကိုမှ ပင်ပန်းကြီးစွာ မလုပ်ဘဲ မယား၏ လုပ်စာဖြင့် “သောက်သောက်စားစား လူ့မင်းသား” လုပ်၍နေသည်။ သူ့ဇနီးသည် ဒေါ်စိန်ခက ရက်ကန်းရက်သည်။ တို့ဟူးသုတ်၊ ဘယာကျော်၊ ကောက်ညှင်းထုပ် စသော မုန့်ပဲသွားရေစာ ရောင်းသည်။ တို့ဟူးသုတ်၊ ဘယာကျော်ကို ညနေကတည်းက လုပ်၍ အိမ်လည်း လက်ဘက်ကြမ်းဝိုင်းနှင့် ရောင်းချသဖြင့် ညအချိန်မှာ သူ့အိမ်တွင် ကာလသားများနှင့် စည်ကားလှသည်။ ထို့ပြင် အရီးခသည် အောင်သွယ်အလုပ်ကိုလည်း မတောက်တစ်ခေါက် ဝါသနာပါလေတော့ ဈေးသည်ချင်းတူလျှင် ရောင်းပေါက်ဖြိုးသည်ပေါ့။ သူတို့တစ်သက်တာမှာ သားသမီးမရှိ။ လင်ကိုယ်မယားမျှသာ ဖြစ်လေရာ၊ စားမှုသောက်မှု မကြပ်တည်းခဲ့ပေ။ နောက်တစ်ခု ဦးထွန်းစိန်အတွက် ကံကောင်းပြန်သည်။ အရီးခသည် ဟင်းကောင်းကျွေးကောင်းကို မက်မောနှစ်သက်လှသည် မဟုတ်ဘဲ ငါးပိရေ၊ တို့စရာမျှနှင့် ဖြစ်သလို စားသောက်တတ်သဖြင့် ဟင်းလျာကောင်းမှန်သမျှ ဦးထွန်းစိန်အတွက်သာ ဖြစ်နေခဲ့ပေသည်။ အရီးသည် နံနက်မိုးသောက်လျှင် ဘာပြီး ဘာလုပ်ရမည်ဟု လုပ်ငန်းစဉ်နှင့်။ ဦးထွန်းစိန်က မနက်စာ စားပြီး ညစာဘာကြိတ်ရမည်ကို စိတ်ကူးယဉ်နှင့်…။
“အောင်မလေး… ဒီလင်မယားနှစ်ယောက်ဟဲ့။ မယားက အလုပ်နဲ့လက်နဲ့ မပြတ်လုပ်၊ လင်က အစားနဲ့ ပါးစပ်နဲ့ မပြတ်စားသဟဲ့” ဟု အရပ်က ပြောကြ၏။
အရီးခသည် နံနက်အစောကြီးထ၍ ဘယာကြော် ကြော်၊ မိုးလင်းသော် တို့ဟူးသုတ်နှင့် တွဲရောင်းရန် ရွာရိုးလျှောက်အော် “ဘယာကြော်… တို့ဟူးသုတ်” နေမြင့်၍ ပြန်ရောက်လျှင် ထမင်းဟင်းချက်၊ နေ့ခင်းတွင် ရက်ကန်းရက်၊ ညနေဘက်မှာ တို့ဟူးကြို၊ ဘယာကြော် ကြော်ဖို့ ကုလားပဲခြမ်း စိမ်၊ ညနေမှာ ရက်ကန်းစင်ပြန်တက်။ ဦးထွန်းစိန်ကား နေထန်းတစ်ဖျား၌ ထန်းရည် ကျည်တောက် တစ်လုံးအား ဆွဲပြီး အိမ်အတွင်းခန်းဘက်၌ ချိတ်ကာ အိမ်ထဲဝင်လိုက်၊ တစ်ခွက်မော့လိုက်၊ အမြည်းကလေး ဝါးလိုက်၊ ပြန်ထွက်လာလိုက်၊ ဆေးပြင်းလိပ်နှင့် အိမ်ရှေ့ကပြင်တွင် ထိုးကွင်းဖော်ကာ ထိုင်လိုက်၊ လမ်းလူသွား စကားလှမ်းပြောလိုက်၊ အသံပြာပြာနှင့် တစာစာ ရယ်မောလိုက်။ သည်လိုပဲ ဝင်လိုက်၊ ထွက်လိုက်၊ ထိုင်လိုက်၊ ရယ်လိုက်နှင့် နေသည်။ မူးမိုက်ရမ်းကားခြင်း လုံးဝမရှိ၊ အရပ်ချဉ်အောင် မလုပ်။ နံနက်စာ ထမင်းစားပြီးသော် အသောက်နား၍ နေ့လယ်အိပ်စက်သည်။ အဲ… ညနေစောင်း၍ နိုးသောအခါ ရွှေဗဟိုရ် လေချိုမဟုတ်ဘဲ လေချဉ်တက်ကာ အရက်ခိုးထ၍ အရပ်ကို ညနေသောက်ချိန် ရောက်ပြန်ပဟေ့ဟု ကြွေးကြော်သည့်နှယ်။ မည်သို့ပင် ဖြစ်လင့်ကစား မစိန်ခသည် သူ့ယောက်ျားကို ချစ်ကြောက် ရိုသေလိုက်ရသည်များ အမော… အရပ်ကပင် ပြော၍ယူရသည်။ ဦးထွန်းစိန်တို့ လင်မယားသည် ဤဒုတိယခြံမြေယာ၌ ၁၀ နှစ်မျှနေသွားသည်။ နောက်တွင် ခြံရှင်က အခြားသူနှင့် ဤခြံ အရောင်းအဝယ်တည့်၍ သူတို့အား ပြောင်းရွှေ့စေသည်။ နောက်ဆုံး ပြောင်းခဲ့သော နေရာကား တစိမ်းမြေမဟုတ်၊ ဒေါ်စိန်ခအစ်ကိုရင်း၏ ခြံဖြစ်သည်။ သို့သော် ရွာလမ်းမနှင့်မနီးစပ်၊ ရွာ့နောက်ဖေး ချောင်ကျလှပေသည်။ ဓားပြသူခိုး စိုးရိမ်ရသူတို့ နေဝံ့စရာမရှိပေ။ ဦးထွန်းစိန်လို ကာလသားတစ်ယောက် အတွက်ကား မှုစရာမလို။ ဤခြံ မြေရိုင်းကြီးတွင် ဦးထွန်းစိန်တို့ စနေပြီးသည်နှင့် နောက်ပိုင်း၌ကား သူတို့ ဆွေမျိုးသားချင်းများထဲမှ လာရောက်နေကြသေး၍ အိမ် ၄၅ အိမ်ပင် ဖြစ်ခဲ့သေးသည်။ မရှိဆင်းရဲသားများချည်း ဖြစ်ရကား သူတို့အိမ်အောက်တွေမှာ ဝက်၊ ကြက်၊ ဘဲတွေ၊ အိမ်နံရံတွေ ကြက်စွန်းတွေမှာ ပုံး၊ မြုံး၊ ပလုံး၊ ပလိုင်း၊ ခရာ စသည်တွေနှင့်။ အသက် ၁၈ နှစ်သားမှ ၃၀ နီးပါးအထိ ကျွန်တော်၏ ဘဝခရီးသည် ရွာနှင့်မနီး၊ မြို့ကြီးများတွင်သာ ကျင်လည်ခဲ့ရရာ ၁၀ နှစ်တာမျှ ရွာနှင့်အဆက်ပြတ်ခဲ့၍ နောက်ဆုံး စာရေးဆရာအဖြစ်နှင့် ကိုယ့်ရွာကိုယ် ပြန်ရောက်သောအခါ ဦးထွန်းစိန်အား ဟိုတုန်းကလိုပဲ သောက်တုန်းစားတုန်း တပြုံးပြုံးနှင့် တွေ့ရပြန်ပါသည်။ အချို့ သူ့သောက်ဖော်တို့ကား ပဲ့ခဲ့လေပြီ။
“ဟေ့ ဗိုလ်ကြင်ရ၊ မင်းပြန်မလာခင်ကပဲ သော်တာရွှေ… သော်တာရွှေဆိုတဲ့ နာမည်တော့ ငါကြားပြီးပြီကွ။ ငါ့တူ… ပျောက်ချက်သား ကောင်းလိုက်တာ ပြန်လာတော့ စာရေးဆရာ လုပ်နေသကိုးကွ”
ဤအချိန်၌ ကျွန်တော့်အသက် ၃၀ ကျော်ပြီ။ ဦးထွန်းစိန်က ၆၀ ချဉ်းပြီ။ လူကြီးနှင့်လူငယ် ကျွန်တော်က ပြုဖွယ်အမှုတို့ကို ပြုစုသည်။ ရှေးဖြစ်ဟောင်းတွေ ပြန်ပြောင်းတွေးကာ ငယ်စဉ်တောင်ကျေး ကလေးဘဝမှစ၍ ကျွန်တော်သူ့အိမ်တွင် စားသောက်ခဲ့သည်များကို သတိရသည်။ ထို့ကြောင့် ကျွန်တော်သည် တစ်နှစ်လျှင် တစ်ခါ နှစ်ခါဆိုသလို ရွာကိုပြန်လျှင် မွေးသဖခင်ကြီးနှင့်တကွ သားချင်းများအတွက် စားကောင်းသောက်ဖွယ်များ ယူဆောင်ခဲ့ပြီဆိုလျှင် ဦးထွန်းစိန်အတွက် ကျွန်တော်မမေ့ခဲ့ပါ။ သားချင်းများနှင့် အားရအောင် စကားပြောပြီးနောက် စားစရာ အထုပ်ကလေးကိုဆွဲ၍ သွားခဲ့သည်မှာ ဦးထွန်းစိန်အိမ်ပင် ဖြစ်ပါသည်။
“ရော့… ဒီမှာ” ကျွန်တော့်လက်ထဲက အထုပ်ကို သူ့အား လှမ်းလင့်သောအခါ…
“ဘာလဲကွ…”
“ပုဇွန်ထုပ်ကြီးတွေလေ… ပြုတ်ပြီးသား”
“ဟာ… ကောင်းတာပေါ့ကွာ… သံပုရာသီးနဲ့ သုတ်မယ်။ စိန်ခ… မိခွေးခြံမှာ သံပုရာသီး သွားခူးစမ်း… ငရုတ်သီးစိမ်းလည်း ဆွတ်ခဲ့…”
ဤကား ဦးထွန်းစိန် နောက်ဆုံးစားသွားသော ပုဇွန်ထုပ်သုတ်ပေတည်း။ ကျွန်တော်သည် ဤအခေါက်ရွာ၌ တစ်ပတ်လောက်နေ၍ ပြန်ခဲ့ပြီးနောက် တစ်လလောက် အကြာတွင် ကိုမောင်ခိုသားဆီမှ စာလာသည်။အစ်ကိုကြီးအဘစိန်ရယ် ပြာသိုလဆန်း ၃ ရက်နေ့က ၉၆ ပါးသော ရောဂါဖြင့် သေဆုံးပါသည်။ လဆန်း ၆ ရက်သင်္ဂြိုရက်နေ့ သင်္ဂြိုဟ်ပြီးပါပီ။အခြားလူများ အားလုံး ကျန်းမာကြ၏။
ဟန်ထွန်း။
နေ့စွဲကြည့်သော် မသာချပြီးတာပင် ၁၀ ရက်ကျော်ခဲ့ပြီ။ အင်း… သူ့စာမှာကား ‘၉၆ ပါးသော ရောဂါဖြင့် ရုတ်တရက် သေဆုံးပါသည်’ တဲ့။ ဘယ့်နှယ်တုန်း လေဖြတ်တာ များလား၊ သွေးတိုးရောဂါ ရှိတယ်လည်း မကြားခဲ့ဖူးပါ။ ဦးထွန်းစိန်သည် အသက် ၇၀ ကျော်၌ မျက်စိမှုံသော်လည်း သွားအင်မတန် ကောင်းသဖြင့် စားနိုင်၊ ဝါးနိုင်သောကြောင့် လူ ဝဝလင်လင်ကြီးပင် ဖြစ်ပါသည်။ ကျွန်တော်နှင့် နောက်ဆုံးခွဲခွာခဲ့ရသောည သူ အမဲရင်ဒူးရိုးများ တဂျွမ်းဂျွမ်း ဝါးနေသည်ကိုပင် မြင်ယောင်မိသေးသည်။ ဤစာရပြီး ၃-၄ လမျှအကြာ ကျွန်တော် အခွင့်သာ၍ ရွာသို့ပြန်ရောက်သွားတော့ သိရသည်။ ဦးထွန်းစိန် သေပုံမှာ ငိုအားထက် ရယ်အားသန်ဖွယ်။ မိနက်၏ ဝက်နို့စို့ကလေး ခွေးကိုက်၍သေတော့ ဦးထွန်းစိန်အား ပေးသည်တဲ့။ ဦးထွန်းစိန်က ဒီဝက်ကလေးသား တစ်ကောင်လုံး အူအသဲ(သည်း)ပါ ရောချက်ပြီး မနက်ခင်း ထန်းရည်နှင့် စတီးသည်တဲ့။ ဆွမ်းခံလာချိန်ကျတော့ သူ နောက်ဖေးသွားပြီး ဗိုက်နာသတဲ့။ ဒါကြောင့် ဝမ်းကိုထိန်းရန် ချက်အရက်ကို ပြောင်းသောက်သတဲ့။ ဒီတော့ ဝမ်းကချုပ်ပိတ်သွားပြီး မအီမလယ် ဖြစ်ပြန်သတဲ့။ ဒါကြာင့် ဝမ်းအနည်းငယ်သွား၍ လေလိုက်စိမ့်သောငှာ ဒေါ်စိန်ခမုန့်လုပ်ဖို့ ကျိုထားခဲ့တဲ့ ထန်းလျက်ရည်များကို သောက်ပြန်သတဲ့။ အဲသည်အခါလည်းကျရော လူဟာ လေးဘက်ကယ်ပြီး လဲပါရောတဲ့။ ဒီတော့မှ အများသိကြပြီး အနားရှိတဲ့ ဗိန္ဓောဆရာကို ခေါ်ပါသော်လည်း ထိုညအချိန်မှာပဲ မရဏသေမင်း လက်ထဲပါသွားပါရောတဲ့ ခင်ဗျာ…။ အရီးခသည် ဤအကြောင်းကို ပြောပြီး ငိုပါသည်။
“ငါ… နင့်မြင်တော့ ပြန်ငိုချင်တယ်ဟဲ့… အဲဒီနေ့ မနက်ဆီက ဝက်သေကလေးရတော့ နင့်ဦးက ပြောသေးတယ်ဟဲ့… ငါ ဗိုလ်ကြင့် သတိရလိုက်တာတဲ့။ သူတို့ ရန်ကုန်ဟိုတယ်ကြီးတွေမှာ ဒီလို ဝက်ကလေးကောင်လုံးကြော်ကို ရှစ်ဆယ်တစ်ရာတောင် ပေးစားရတယ်လို့ ဗိုလ်ကြင် ပြောဖူးတယ်တဲ့။ ခုနေများ ဗိုလ်ကြင်ရှိရင် တို့တူဝရီးနှစ်ယောက် ဘယ်လောက် ဟန်လိုက်မလဲတဲ့”
“အင်း… ဟန်ပါလိမ့်မယ်အများကြီး၊ ကျုပ်လည်း သူနဲ့အတူ စားပြီး သူ့လို သေမှာပေါ့ဗျ။ တော်ပါဗျာ ငိုမနေပါနဲ့တော့။ လှလည်း မလှဘဲနဲ့။ လူဆိုတာ ငမွေထိုးချည်းပေါ့ဗျ”
သူအငိုတိတ်စိမ့်သောငှာ တမင်ရွဲ့လိုက်သည်။ အရီးခသည် စိတ်လွယ်သူဖြစ်သည်။ ကျွန်တော် ပြောတာကို ငိုရာမှ ရယ်ပြီး “ကမျင်းထီးကောင်… ရွှတ်ရ နောက်ရမယ်ဆိုရင်… ” ဟု ပြောပြီး ကျွန်တော့်လိုက်ထု၍ ကျွန်တော် ပြေးခဲ့ပါသည်။ အရီးခ ယခုနေသည်မှာ ကျွန်တော်တို့ အိမ်ရှေ့တည့်တည့် ဦးထွန်းစိန်ညီ ကိုချစ်ရာ သားမက်၏ အိမ်ဘေးတွင် အဖီထုတ်၍ တစ်ကိုယ်တည်း နေလေရာ ဤမြေချာသည် ဟိုအရင် ကျွန်တော်ငယ်စဉ်တောင်ကျေး ကလေးဘဝက သူတို့လင်မယားကို စတင်သိကျွမ်းခဲ့သည် အိမ်နေရာနှင့် ဆယ်တောင်မျှသာ ကွာလိမ့်မည် ထင်ပါသည်။ အဘွားကြီးသည် ဘဝအနေ တစ်ပတ် လည်လာခြင်းဟု ဆိုရပေမည်။ အဘိုးကြီး ခေါင်းချသွားသောနေရာကား… ဤမြေချာသည် အခါကာလအလျောက် ဆိတ်သုဉ်း၍ သွားပါပြီ။ ဤနေရာတွင် လွန်ခဲ့သော အခါကာလက အိမ်ခြေလေးငါးလုံးမျှ ရှိခဲ့ဖူးပါသည်။ နောက် အကြောင်းအမျိုးမျိုးကြောင့် တစ်အိမ်စီ၊ တစ်အိမ်စီ ပျောက်၍ သွားခဲ့ရာ လွန်ခဲ့သော ၅ နှစ်ခန့်ကစပြီးတော့ဖြင့် ယင်းရွာပြင်ဘက်တွင် စတင်ထွက်နေခဲ့သူ လင်မယား၏ တစ်အိမ်တည်းသာ ကျန်ခဲ့တော့သည်။ ယခုကား ဤတစ်အိမ်တည်းပင် မရှိတော့၊ ခြံမြေအားလုံးသည် ဆိတ်သုဉ်း၍ သွားပါပြီ။ ကျွန်တော်သည် မကြာသေးမီကမှ လူသွား ရပ်စဲသွားသော ခြေရာလမ်းကြောင်းပေါ်မှာ တစ်ယောက်တည်း မတ်တတ်ရပ်လျက် ရှိပါသည်။ ရှေ့တိုးလို့တော့ဖြင့် မဖြစ်တော့ပါ။ ဝါးထင်းထရံ ကာဆီးလျက်နေပါပြီ။ ဦးထွန်းစိန်၏ အိမ်မြေယာကိုသာ ကျွန်တော် မျှော်ကြည့်နိုင်ပါတော့သည်။ သစ်ဝါးကရိယာ ဘာမျှမရှိတော့ပါ။ အရီးခတို့ မုန့်ထောင်းသွားခဲ့သော မောင်းဆံကျင်းနေရာ၊ ဝက်လူးသွားသော ဝက်လူးကျင်းနေရာ ဒါပဲမှတ်မှတ်သားသား မြင်ရပါတော့သည်။ ဤအရာတို့ပင်လည်း ယခုတစ်မိုးကျပြီဖြစ်၍ မိုးရေတို့ဖြင့် မြေကို ပို့စေမည် ဖြစ်ရကား နောက်တစ်ခေါက် ကျွန်တော်ရောက်သွားလျှင် တွေ့ရတော့မည် မဟုတ်…။ ဦးထွန်းစိန်သည် ဤလူ့မြေမှ ဘာတွေယူသွားပါသနည်း။ ဘာမျှ ယူမသွားပါ။ ဘာတွေကော ထားခဲ့ပါသနည်း။ ဘာတွေမျှလည်း မထားခဲ့ပါ။

Monday, July 26, 2021

အေပီစီ ဘတ်စပရို

0 comments
အေပီစီ ဘတ်စပရို
အေပီစီနှင့် ဘာစပရိုတို့သည် အကိုက်အခဲပျောက်ဆေးများ ဖြစ်သည်။ အထူးသဖြင့် ခေါင်းကိုက်လျှင်သောက်သည်။ ဆေးစွမ်းကောင်းများဖြစ်၍ တစ်ခဏချင်း ပျောက်စေသည်။
သို့သော် ကိုက်ခဲခြင်းဟူသည်မှာ တစ်စုံတစ်ခုသော အကြောင်းပေါ်တွင် အမှီပြု၍ ဖြစ်ပေါ်လာသော အကျိုးဖြစ်သည်။
ထိုဆေးများသည် ကိုက်ခဲခြင်းအကျိုးကို ပျောက်စေသော်လည်း ကိုက်ခဲခြင်းအကြောင်းကိုကား ပျောက်စေရန် မစွမ်းနိုင်ကြပေ။
* * *
ညိုတို့သူငယ်ချင်းတစ်စုသည် ငယ်ရွယ်စဉ်ကျောင်းသူဘဝက အတော်လေး နောက်တတ်ပြောင်တတ်ကြသည်။ ပျော်စရာရယ်စရာအကြောင်းများကို ရှာနေရင်း 'ဒီကမ္ဘာလောကကြီးမှာ ရယ်စရာတွေ ကုန်သွားရင် ဒုက္ခ'ဟု တွေးတော စိုးရိမ်နေကြသူများ
ဖြစ်သည်။
ဝတ္ထုအမည်တစ်ခုကို ပုံတူကူး၍ ပြောရမည်ဆိုလျှင် 'ပြန်မပြောရင် ပြောချင်တယ်'ဟု တိုးတိုးလေးပြောရမည် ထင်သည်။ ကျောင်းသူဘဝတုန်းက ညိုသည် အယောင်ဆောင်သူတောင်းစားလုပ်ပြီး တောင်းကြည့်ရန် ကြံစည်ဖူးပါသည်။
"ဘုရားစောင်းတန်းမှာ သွားထိုင်မယ်လေကွာ၊ လက်တွေ ခြေတွေကိုလည်း အဝတ်စုတ်နဲ့ ပတ်ထားမှာပေါ့။ ခေါင်းကိုလည်း မျက်နှာသုတ်ပုဝါနဲ့ အုပ်ပြီး ပေါင်းထားရင်ရတာပဲ၊ 'အစ်ကိုကြီးတို့ အစ်မကြီးတို့ ထမင်းဖိုးလေး ငါးပြားလောက်'လို့ အော်တာများ
ခက်တာလိုက်လို့"
"စိတ်ကူးယဉ်လိုက်တာ ညိုရာ"
"ဘာစိတ်ကူးယဉ်တာလဲ၊ သူတောင်းစားဘဝကို လက်တွေ့ကျကျ လေ့လာမလို့ဟ၊ ဆရာကြီးပီမိုးနင်းတောင် တစ်ခါလေ့လာကြည့်ဖူးတယ်တဲ့၊ တစ်နေ့ တောင်းကြည့်တာ နှစ်ကျပ်လား သုံးကျပ်လား ရတယ်တဲ့၊ စာအုပ်တစ်အုပ်ထဲမှာ ငါဖတ်ဖူးတယ်"
"တော်စမ်းပါမိညိုရာ၊ ပီမိုးနင်းနဲ့ နင်နဲ့က တူတာလိုက်လို့၊ နောက်ပြီး သူတောင်းစားလောကမှာ နယ်စားပယ်စားတွေရှိတာ နင်သိလို့လား၊ နင်တစ်ယောက်တည်းသွားလို့ကတော့ ဝိုင်းနွှာပစ်လိုက်မှာပေါ့"
"တစ်ယောက်တည်းတော့ ဘယ်သွားမှာလဲလို့"
"ဒီလိုဆို ဘယ်သူနဲ့သွားမလို့လဲ၊ နင့်ဘေးမှာ ဘယ်သူက သူတောင်းစားလိုက်လုပ်မှာမို့လဲ"
"နင်တို့ပေါ့"
"ဟောတော် "
"နင်တို့ပါ လိုက်ရမှာပေါ့လို့”
"မြတ်စွာဘုရား"
တီကောင်ကို ဆားနှင့်ပက်သည်ကပင် သူတို့လောက်တွန့်သွားလိမ့်မည် မထင်ပါ။ ညို၏သူငယ်ချင်းများသည် ညိုနှင့် စာအတူကျက်သော်လည်း၊ သစ်ပင်အတူတက်သော်လည်း၊ ရုပ်ရှင်အတူကြည့်သော်လည်း၊ အခြားသူများကို နောက်ပြောင်သည့်သဘောနှင့် အတူချောက်ချလေ့ရှိသော်လည်း သူတောင်းစားလုပ်၍ အတူတူတောင်းကြည့်ရန်ကား သဘောမတူကြပေ။ ထို့ကြောင့် ညို့အကြံအစည်လည်း မအောင်မြင်ခဲ့ရပေ။
အခြေအနေမပေး၍ ကိုယ်တွေ့မလေ့လာခဲ့ရသော်လည်း သူတောင်းစားဟူသည့်လူတန်းစားကို ညို စိတ်ဝင်စားပါသည်။ သူတောင်းစားတစ်ဦးဦးကိုတွေ့တိုင်း 'သူ ဘာလို့တောင်းစားနေတာလဲ၊ ကျန်းမာရေးမကောင်းလို့လား၊ ခြေလက်အင်္ဂါ မသန်စွမ်းလို့လား၊ အိုမင်းမစွမ်းလို့လား၊ အလုပ်လုပ်ရမှာ ပျင်းလို့လား၊ အရချောင်နေလို့ ရေသာခိုတောင်းစားနေတာလား'ဟူသော အတွေးများသည် ညို့ခေါင်းထဲတွင် ချာလည်လှည့်နေတတ်သည်။
အလုပ်ထံဝင်ပြန်တော့ ပို၍ စိတ်ဝင်စားခွင့်ကြုံလာသည်။ ညိုတို့ရုံးဖြစ်သော အိုးအိမ်ရုံးကြီးတစ်ဝိုက်တွင် အမျိုးပေါင်းစုံလှစွာသော သူတောင်းစားများရှိနေသောကြောင့် ဖြစ်သည်။ ကိုယ်ရေပြားရောဂါသည်များလည်း ရှိသည်။ စိတ်ရောဂါသည်လည်း ပါသည်။ အိုမင်းမစွမ်းသူလည်း မရှားပါ။ ထို့အပြင် ညိုတို့နှင့် အသက်မတိမ်းမယိမ်းလောက်ရှိမည်ဖြစ်သော မိန်းကလေးငယ်ငယ်တစ်ဦးကိုလည်း တွေ့ရသည်။
သူ့ဆံပင်သည် တစ်ခါတစ်ရံ လက်လေးသစ်ခန့်ရှိကာ တစ်ခါတစ်ရံလည်း ကတုံးတုံးထားတတ်သည်။ မျက်လုံးကျယ်သည်။ နှုတ်ခမ်းထူသည်။ အသားလတ်သည်။ ရုပ်ရည် အတန်ငယ်သန့်ပြန့်၍ သူတောင်းစားဟု ဗြုန်းခနဲ ထင်လိုက်ရန် အားနာလောက်ပါသည်။ 'သိပ်မဆိုးဘူး၊ ပြင်လိုက်ဆင်လိုက်ရင် ချောမှာ 'ဟု မှတ်ချက်ချရင်း 'ညတိုင်ကျရင် သူဘယ်မှာများ အိပ်သလဲမသိ'ဟု ဆက်တွေးကာ ရင်မောသောဝေဒနာကို စတင်၍ ခံစားရလေသည်။
"ဒီလိုပဲ ဟိုနားအိပ် ဒီနားအိပ်ပေါ့"ဟု မေးကြည့်သောအခါ သူက သန်းတုပ်ရင်း ဖြေသည်။ သူ့ဆံပင်တိုတိုလေးထဲတွင် သန်းဥများ စီရရီ တွယ်ကပ်နေလိုက်သည်မှာလည်း ဖွေးဖွေးလှုပ်နေသည်။
"အလုပ်လုပ်ပါလား၊ ဘာလို့တောင်းစားနေတာလဲ"
"ဘာလုပ်ရမှာလဲ"
သူက မျက်လုံးကြီးပြူး၍ ပြန်မေးသောအခါ ညို ဦးနှောက်ခြောက်သွားသည်။
"ဟို-ဟို တံမြတ်စည်းလှည်းတာတို့၊ အဝတ်လျှော်တာတို့"
"ငါ့ကို မောင်းထုတ်မှာပေါ့"
"ဘာလို့မောင်းထုတ်ရမှာလဲ၊ အလုပ်လုပ်ရင် ပိုက်ဆံရတာပေါ့။ တောင်းမစားရတော့ဘူးပေါ့"
"ငါ ဒီနေ့မနက် ပြားသုံးဆယ်ပဲရသေးတယ်"
တရားဟောနေသော ညိုကို သူက ခွက်မြှောက်၍ ပြသည်။ ညိုလည်း အိတ်ထဲမှ ပိုက်ဆံအကြွေတစ်ကျပ်ခွဲခန့်ကို နှိုက်၍ ပေးလိုက်သည်။
"သွားလေ ထမင်းသွားဝယ်စား၊ အလုပ်ရရင် လုပ်ရမယ်နော်"
"အေး"
အလုပ်ရရင် လုပ်ရမယ်ဟု ဟန်နှင့်ပန်နှင့် ပြောခဲ့သော်လည်း သူ့အတွက် အလုပ်ကို ညို၏ဦးနှောက်သေးသေးလေးက စဉ်းစား၍မရချေ။ နက်နက်နဲနဲ စဉ်းစားလေ ခက်လေပင်။ နေစရာအိမ်မရှိသော မိန်းကလေးတစ်ဦးအတွက် မည်သည့်အလုပ်ကမှ
ဟန်မကျလှကြောင်း တွေ့လာသည်။ သူ့အတွက် လိုအပ်နေသည်မှာ စားရန်ငွေတစ်ခုတည်းမဟုတ်ချေ။ နေရန်အိမ်က ပို၍အရေးကြီးနေပါသည်။
"အိမ်ဖော်လေးဘာလေး မလိုကြဘူးလား၊ အိမ်ဖော်အလုပ်သွင်းပေးရင် ကောင်းမယ်"
"ဘာမှန်းညာမှန်းမသိတဲ့ လမ်းဘေးကမိန်းကလေး၊ သူ့စာရိတ္တကလည်း ဘယ်လိုရှိတယ်မသိ။ ဒီလိုမိန်းကလေးကို ဘယ်အိမ်က လက်ခံမှာလဲဟ၊ နင် ဒီလောက်စိတ်မကောင်းဖြစ်နေရင် နင့်အိမ်ခေါ်ထားလိုက်ပါလား"
ညို တချီတည်း ငြိမ်ကျသွားပါသည်။ နေ့စဉ်စားဝတ်နေရေးအတွက် ရုံးနှင့်အိမ်နှင့် ဒုန်းစိုင်းပြေးကာ လှုပ်ရှားနေရသော ညိုတို့၏ပခုံးသည် အခြားလူပိုတစ်ဦး၏ဝန်ကို ကရုဏာတစ်ခုတည်းနှင့် ထမ်းရွက်နိုင်ရန် မကြီးမား၊ မကြံ့ခိုင်လှပေ။ ကြီးမားမည် ကြံ့ခိုင်မည်ဆိုလျှင်လည်း သူ့ကိုတော့ ညို့အိမ်မှာ ခေါ်မထားလိုလှပါ။ ရှင်းရှင်းပြောရလျှင်မူ ညိုသည် ထိုမျှလောက် စိတ်ကောင်းရှိသူတစ်ဦးမဟုတ်ပါဟု ဝန်ခံရမည် ဖြစ်သည်။
"လူမှုဝန်ထမ်းဌာနနဲ့ ဆက်သွယ်ပြီး အမျိုးသမီးဂေဟာတွေ ဘာတွေ ပို့လို့ရရင်ကောင်းမယ်"
"လုပ်မနေနဲ့၊ အပြင်မှာ ဒီလောက်အရချောင်နေတာ နင် အတင်းပို့ရင်တောင် ထွက်ပြေးမှာပဲ"
ဟုတ်ပုံရသည်။ တစ်နေ့တွင် ညိုက သူ့ကို "ဂေဟာသွားချင်လား" ဟု မေးကြည့်သည်။ ဂေဟာဟူသည်ကိုပင် မသိ၍လားတော့မသိ။ အင်းမလုပ် အဲမလုပ်နှင့် ထမင်းဖိုးသာတောင်းလေသည်။ ကရုဏာအိုးကြီးကွဲနေသော ညိုကလည်း သူတောင်းတိုင်း
ပေးပစ်ခဲ့သည်ချည်းသာ။
"ညို နင့်ကောင်မလေးကို နံပါတ်(၁၀)ကားဂိတ်မှာ တွေခဲ့တယ်။ ကျောင်းသားတွေက ခဲနဲ့ပေါက်လို့ အော်ဆဲနေလိုက်တာဟာ တစ်တစ်ခွခွပဲ"
"နင့်ကောင်မလေးကတော့ ဇိမ်ပဲ၊ စားလိုက်အိပ်လိုက်နဲ့ ကြည့်စမ်းပါဦး၊ မြောင်းပေါ်မှာ အိပ်နေလိုက်တာ သိုးလို့"
"မိညို၊ နင့်ကောင်မလေးလေ အဘိုးကြီးတစ်ယောက်နဲ့ နေနေတယ်၊ နင်သိလား"
စတွေ့ပြီး လေးငါးလအကြာတွင် သူ့ဘေး၌ အဘိုးကြီးတစ်ဦးကို တွေ့ရတော့သည်။ သားအဖပင်မက မြေးအဘိုးအရွယ်မို့ ညိုတို့က ယုန်ထင်ကြောင်ထင် ထင်ရခက်နေသည်။
"အဖေလိုသဘောထားပြီး နေတာပါ။ အဘိုးကြီးက ကျွန်မကို သားသမီးလို စောင့်ရှောက်ပါတယ်"
စပ်စုကြသော ရုံးဝန်ထမ်းအချို့အား သူဖြေနေသံကို ကြားခဲ့ရသည်။
"အဖေလိုသဘောထားတာပါတဲ့၊ သူတို့က အတူတူနေနေပေမယ့် ရိုးရိုးပါကွာ "ဟု ညိုက ဝမ်းသာအားရ ပြန်၍ဖောက်သည်ချသောအခါ ကြားရသူများ ရယ်ကြသည်။
"မွေးစားတယ်ဆိုတဲ့စကား မကြားဖူးဘူးလား မိညိုရ၊ မွေးပြီး စားတာလေ"ဟု ပြောသည်။
မည်သို့ပင်ဆိုစေ၊ သူ့ကို အဘိုးကြီးနှင့်အတူတွေ့ရ၍ ညိုဝမ်းသာပါသည်။ လမ်းဘေးတွင် နေ၊ လမ်းဘေးတွင် စားပြီး လမ်းဘေးတွင် အိပ်နေရသော မိန်းကလေးတစ်ဦးအတွက် အဘိုးကြီးနှင့်နေခြင်းသည် တစ်ဦးတည်းနေခြင်းထက်တော့
လုံခြုံမှုအတန်ငယ်ရှိမည် ဖြစ်သည်။
သူတို့တွင်လည်း ပစ္စည်းပစ္စယ တိုးပွားလာသည်။ လွယ်အိတ်စုတ်ကြီးတစ်လုံးနှင့် ဒယ်အိုးတစ်လုံးဖြစ်သည်။ လွယ်အိတ်စုတ်ကြီးထဲတွင် အဝတ်အစားများနှင့် ရေခွက်ထည့်ထားသည်။ တစ်ခါတစ်ရံ ဆီပုလင်းလေးကိုပင် မြင်ရ၏ ။ ဘီးကျိုးတစ်ချောင်း၊
အပ်ချည်တစ်လုံးနှင့် ဆေးလိပ်ကလေးများကိုလည်း တွေ့ရတတ်သည်။
ချဉ်ပေါင်ရွက်အနွမ်းများ ၊ အာလူးတစ်ခြမ်းပိန်ကလေးများကို အဘိုးကြီးက ရှာဖွေလာတတ်သည်။ သူက မြောင်းဖုံးသောကျောက်ပြားပေါ်တွင် ထိုင်ကာ ကန်စွန်းရွက်သင်လေသည်။ လမ်းဘေးတွင် မီးဖိုကာ ဒယ်အိုးပဲ့နှင့် ချက်ပြုတ်ကြော်လှော်နေသည်ကို တစ်ခါနှစ်ခါ လှမ်းမြင်လိုက်ရသည်။ တစ်ခါတစ်ရံလည်း အစုတ်အပြဲများကို ထိုင်ချုပ်နေရင်း ပျင်းလာသောအခါ ဆေးလိပ်တိုကို တစ်လှည့်စီ ထိုင်ဖွာနေတတ်ကြပြန်သည်။
"မနက်က နင့်ကောင်မလေးကိုလေ တစ်ယောက်တည်း ထိုင်နေတာ မြင်လို့ ငါဖြင့် ရင်ကိုထိတ်သွားတာပဲ။ အဘိုးကြီးနဲ့များ ကွဲသွားပြီလားလို့၊ တော်ပါသေးရဲ့၊ ရုံးအကွေ့ရောက်မှ အဘိုးကြီးလျှောက်လာတာ မြင်လိုက်ရတယ်"
သူ့အမည်ကို ညိုတို့မသိပါ။ သူငယ်ချင်းများက ညို့ကို သူ့အကြောင်းပြောလျှင် 'နင့်ကောင်မလေး'ဟု ပြောသည်။ ညိုကပြောလျှင်မူ 'ငါ့ကောင်မလေး'ဟူသော နာမ်စားကို သုံးသည်။
"ငါ့ကောင်မလေးမှာ ကိုယ်ဝန်ရှိလာရင်တော့ အခက်ပဲ"
ညိုကတွေးပြီး စိုးရိမ်နေမိပြန်သည်။ အိမ်ခြေမရှိ၊ ရာခြေမရှိ၊ ပါးစပ်တစ်ပေါက်ပင် မဝတဝစားနေရသောဘဝတွင် နောက်ထပ်ပါးစပ်ကလေး တိုးလာမည်ကို အမှန်တကယ်ပင် စိုးရိမ်လှပါသည်။ ထိုသို့သာဆိုလျှင် လက်ရှိပါးစပ်သာမက နောက်ပါးစပ်ကလေးပါ ဒုက္ခပင်လယ်ဝေရန်သာရှိပါတော့သည်။
"တော်ပါသေးရဲ့ဟာ၊ သဘာဝကြီးက လူတစ်ယောက်မှာ ပါးစပ်တစ်ပေါက်တည်း တပ်ပေးထားလို့၊ လက်တွေ ခြေတွေ နှစ်ဖက်တပ်ပေးသလို ပါးစပ်နှစ်ပေါက်များ တပ်ပေးလိုက်ရင်တော့ ဗြောင်းဆန်ကုန်မှာပဲ”ဟု ကြံကြံဖန်ဖန်တွေးပြီး ကျောချမ်းနေမိပါသေးသည်။
သို့နှင့်ပင် ရာသီတွေ အလီလီပြောင်းပြီး အချိန်တွေကို တစ်နှစ်ပြီးတစ်နှစ် ဖြတ်သန်းလာခဲ့ကြသည်။ ညို၏သူငယ်ချင်းများသည်လည်း အိမ်ထောင်ကျသူကျ သားသမီးရသူရ ဘဝစာမျက်နှာအသစ်များကို ဖွင့်ကြသည်။ သံသရာဘဝခရီးကို တက်စုံရွက်စုံဖွင့်၍ လှော်ကြခတ်ကြရင်း အသင့်အတင့် ရင့်ကျက်လာကြသည်။ 'ဒီကမ္ဘာလောကကြီးမှာ ရယ်စရာတွေများ ကုန်သွားရင် ဒုက္ခ'ဟု အူကြောင်ကြောင်တွေးတတ်သူများ မဟုတ်ကြတော့ပေ။ မသေမီ ဘဝတိုတိုလေးတွင် လူတန်းစေ့စေ့ နေထိုင်စားသောက်နိုင်ရန်အတွက် ညိုအပါအဝင် ပညာတတ်လူရွယ်များသည် စီးပွားရေးပင်လယ်ကြီးထဲတွင် ၀ရုန်းသုန်းကားနှင့် လက်ပစ်ကူးနေကြရသည်။ ထိုစဉ် ညို၏ကောင်မလေးသည် ဒုက္ခပင်လယ်ကြောတွင် မကူးမခတ်ဘဲ ရေစုံမျောရင်း မြုပ်ချည်ပေါ်ချည် ဖြစ်နေလေသည်။
"ညိုရာ၊ နှင့်ကောင်မလေးကို လုံအောင်လည်း ဖုံးပေးပါဦး၊ အမြင်ကို မတော်ဘူး"
သူသည် စဦးပိုင်းက အတန်ငယ် ဖုံးဖုံးဖိဖိနေတတ်သည်။ သို့သော် ယခုနောက်ပိုင်း၌ အနေအထိုင်ကြမ်းလာသည်။ သူ၏အတွင်းသားများကို စုတ်သောအင်္ကျီအောက်မှလည်းကောင်း၊ ပြုတ်သော ချိတ်အောက်မှလည်းကောင်း မကြာခဏ မြင်တွေ့နေရသည်။ ဝင်းဝင်းပပ တင်းတင်းအိအိတော့ မရှိပါ။ ညိုညစ်လျော့လျဲနေပါသည်။ လျော့လျဲပျော့တွဲလာသော အသားများကိုကြည့်ရင်း ညိုသည် သက်ပြင်းအတန်တန်ချမိသည်။
"ဥပေက္ခာပြုနိုင်ရင် သိပ်ကောင်းမှာ"
ညိုသည် ဥပေက္ခာတရားကို တမ်းတမ်းတတ လိုချင်မိသည်။ သူ တောင်းသောထမင်းဖိုးကို ကြုံကြိုက်လျှင်ပေးသွားရုံနှင့် အင်္ကျီလေး ထဘီလေး ပေးရုံမှတစ်ပါး ညို ဘာမှလုပ်မပေးနိုင်ခဲ့ပါ။ ဥပေက္ခာလည်းမရှုနိုင်၊ ထိရောက်စွာလည်း မကူညီနိုင်ချေ။ နွံထဲတွင် ငုတ်တုတ်ထိုင်ရင်း တဖြည်းဖြည်းနစ်နေသူကို ဘာမှမကူနိုင်ဘဲ လက်ပိုက်ကြည့်နေရသူလို ခံစားရပြီး ရင်ထဲတွင် မသက်မသာဖြစ်လာတတ်သည်။ မိမိကိုယ်မိမိလည်း အားမလို အားမရဖြစ်ပြီး မုန်းမိသည်။
၁၉၇၇ ခုနှစ်တွင် ညိုသည် ခွင့်ရက်ရှည်ယူဖြစ်သည်။ တစ်ပြည်ရပ်ခြားတွင် တာဝန်အရရောက်နေသော မိဘများဆီသို့ သွားရောက် တွေ့ဆုံရန်ဖြစ်သည်။ ရှင်းရှင်းဝန်ခံရလျှင် မိဘများနှင့် တွေ့ဆုံပြီး ပျော်ရွှင်နေချိန်ဝယ် ညိုသည် သူ့ကိုလုံးဝသတိမရခဲ့ပေ။ မြန်မာပြည်ပြန်ရောက်ပြီး ပြန်လည်၍ လုပ်ငန်းခွင်ဝင်နေသည်အထိ သူပျောက်နေမှန်း သတိမထားမိသေးပါ။ တစ်လကျော် နှစ်လခန့်ရှိသောအခါမှပင် မေးမိတော့သည်။
"ဟေ့ ကောင်မလေးရော၊ မတွေ့မိပါလား"
"အေးဟ၊ အမှတ်တမဲ့ပဲ၊ ဘယ်များ ရောက်သွားပါလိမ့်"
"မတွေ့ဖြစ်တာ ကြာပြီထင်တယ်။ ငါတို့လည်း သိပ်သတိမထားမိဘူး"
"သေပြီထင်ပါရဲ့ဟာ"
ရေမျောကမ်းတင် လွင့်ချင်ရာလွင့်နေသော မိန်းကလေးတစ်ဦး နွံထဲသို့ စုံးစုံးနစ်ကာ ဘဝလမ်းဆုံးသို့ ရောက်သွားချေပြီဟု စဉ်းစားရင်း ညို သက်ပြင်းချမိသည်။
* * *
နှင်းဆီကုန်းဘူတာတွင် သူ့ကိုပြန်တွေခဲ့သည်။ မတွေ့ရသည့်တစ်နှစ်ခွဲ နှစ်နှစ်ပိုင်းအတွင်းဝယ် သူ့ကျန်းမာရေးသည် ယိုယွင်းပျက်စီးသွားပြီ ဖြစ်သည်။ အသားအရေများ ခြောက်ကပ်ကာ နှုတ်ခမ်းနှစ်လွှာသည် ဖူးဖူးရောင်၍ အက်ကွဲလျက်ရှိသည်။ မည်သူက ပေးကမ်းထားလေသည်မသိ။ သူဝတ်ထားသည်မှာ ပိုးထဘီကြီးဖြစ်သည်။ သို့သော် တောက်တောက်ပြောင်ပြောင်တော့မဟုတ်ပါ။ မည်မျှကြာအောင် ဒုန်းချ၍ ဝတ်ထားလေသည်ကိုပင် မခန့်မှန်းတတ်၊ ပေတူးညစ်ပတ်ကာ အမြွာမြွာ စုတ်ပြဲနေပြီဖြစ်သည်။ ထိုကြောင့် သူ၏အတွင်းသားများသည်ကား မမြင်ချင်အဆုံးပင်။
ပိန်ညှော်ခြောက်ကပ်နေသည့်အထဲ ချေးအထပ်ထပ်နှင့်ဆိုတော့ လုံးဝစွဲမက်ဖွယ်မရှိ။ ရွံဖွယ်အတိ ဖြစ်နေသည်။ ခြေထောက်က ဆတ်တောက် ဆတ်တောက် ဖြစ်နေသည်။ ခြေလှမ်းလိုက်တိုင်း ခါးကော့ကာ လက်ကလည်း မြှောက်၍ ကောက်ကွေးတက်သွားသည်။ မီးရထားလမ်းတစ်လျှောက် ပုံပျက်ပန်းပျက်လျှောက်သွားနေသော သူ့ကိုကြည့်ရင်း ညိုသည် ချက်ချင်းပင် မမှတ်မိ။ နှစ်ခါသုံးခါကြည့်ပြီးမှပင် မှတ်မိတော့သည်။ သူ့အနားသို့ သုတ်သုတ်ကပ်လာသော ညို့ကို မျက်လုံးကြီးအပြူးသားနှင့် ကြည့်ရင်း 'ညီမလေးရယ် ထမင်းဖိုးလေး'ဟု ရေရွတ်လေသည်။
"အရင်တုန်းက အိုးအိမ်ရုံးအောက်မှာနေတယ်မဟုတ်လား"
ကောင်မလေးက နားလည်ဟန်မရှိ။ ညို့ကိုလည်း မှတ်မိဟန် မတူချေ။
ညိုမေ့သွားသည်။ သူသည် အိုးအိမ်ဦးစီးဌာန၊ ကုန်သွယ်ရေးရုံး၊ သမဝါယမရုံးစသည်ဖြင့် ခွဲခြားသိလိမ့်မည် မဟုတ်သည်ကို ညိုမေ့သွားပါသည်။ ကျောင်းကြီးတစ်ကျောင်းအနီးတွင် နေသည်။ ကျောင်းသားလေးများက သူ့ကို စ၍ အော်ဆဲခဲ့သည်။ ရုံးတစ်ရုံး သို့မဟုတ် တိုက်ကြီးတစ်တိုက်၏အရိပ်အောက်တွင် တောင်းရမ်းခဲ့သည်ဟုသာ သိနိုင်မည်ဖြစ်သည်။ သူလျှောက်၍ အိပ်ဖူးသော နေရာပေါင်းလည်း များလှပေရော့မည် ။ တစ်ခုတည်းကို စွဲမြဲစွာ မှတ်မိနိုင်လိမ့်မည်မဟုတ်။ သူ့ကို ပိုက်ဆံပေးသူ အများ အပြားထဲမှလည်း ညို့ကို ထူးခြားပြီး မှတ်မိလိမ့်မည်မဟုတ်ချေ။
"ဟိုလေ အဘိုးကြီးတစ်ယောက်နဲ့နေတာလေ"
"ဟဲ့ အေး"
ထိုအခါကျမှ သူခေါင်းညိတ်သည်။ စိတ်ကျန်းမာရေးတော့ ချို့ယွင်းပုံမရသေး၊ သူမှတ်မိနေသည်။
"ငါ့ဒုက္ခကတော့လေ မပြောပါနဲ့တော့၊ ဟောဒီတင်ပါးတွေကလေ ကိုက်လိုက်တာ စစ်စစ် စစ်စစ်နဲ့ လမ်းလည်း ကောင်းကောင်းမလျှောက်နိုင်ဘူး" တဲ့။
"ထမင်းမစားရတာလဲ သုံးရက်ရှိပြီ"တဲ့။
"အဘိုးကြီးရော"
"သွားပြီ၊ ငါ့ကိုပစ်သွားပြီ။ ငါ ကိုပေါ်လာနဲ့နေတာ"
"ကိုပေါ်လာ"
"အင်း ကိုပေါ်လာပေါ့၊ တစ်နေ့ကတော့ ငါ့ကို ဆိုက်ကားပေါ် တင်ခေါ်လာတယ်။ ထဘီဝယ်ပေးမယ်တဲ့၊ ငါထဘီလိုချင်လို့ လိုက်လာတာ၊ သူက ငါ့ကို ဟိုလမ်းမကြီးမှာ ချခဲ့ရော။ ညီမလေးရယ်၊ ငါ့ဒုက္ခမသေးဘူးဟဲ့၊ ကိုက်လိုက်တာလေ အောင်မလေး အော်နေရတယ်"
သူနှင့် ရပ်၍စကားပြောနေသည်ကို လူများ ဝိုင်းကြည့်တော့ ရှက်သလိုလိုဖြစ်လာသည်။ အနေခက်လာသောကြောင့် စကားဖြတ်လိုက်မိသည်။
"ကဲရော့ ထမင်းသွားစားချည်၊ နက်ဖြန်တော့ တနင်္ဂနွေနေ့မို့ တို့ ဘူတာဘက်ရောက်မှာ မဟုတ်ဘူး၊ တနင်္လာနေ့ကျရင် ဒီကစောင့်နေလေ၊ ထဘီနဲ့အင်္ကျီ ယူလာပေးမယ်"
ညိုက ငွေသုံးကျပ်ထုတ်ပေးလိုက်သည်။ သူသည် သူတောင်းစားလုပ်နေသော်လည်း ယခုထိ ဆုမပေးတတ်သေးချေ။ သူ့နှုတ်မှ 'ကျန်းမာပါစေ၊ ချမ်းသာပါစေ'ရေရွတ်သံကို တစ်ခါမှမကြားဖူးခဲ့ပါ။ သူစိတ်မလိုလျှင်မူ ငွေပေးသူကို အရေးပင်မစိုက်တတ်၊ စိတ်လိုလျှင်မူ ကျေးဇူးတင်သောအကြည့်ကို မျက်လွှာပင့်ကြည့်တတ်သည်။ ဒီတစ်ခါတော့ ထိုမျက်လုံးများတွင် မျက်ရည်ဖုံးနေသည်။ အချိန်ပေး၍ နားထောင်မည့်သူရှိလျှင် ချုန်းချငိုပြီး ပြောပြချင်နေပုံရသည်။
"အဲဒီ အဘွားကြီးက ဒီလိုပဲ၊ ဟိုလိုက်တောင်း ဒီလိုက်တောင်းနဲ့"
မီးရထားလက်မှတ်ရုံထဲမှ ပြောသံကြားလိုက်ရသည်။ သူတို့တွေက 'အဘွားကြီး'ဟူ၍ အလွယ်တကူခေါ်မိအောင် သူ့ရုပ်သွင်သည် အိုစာသွားချေပြီ။
တနင်္လာနေ့တွင် သူ့ကိုမတွေ ရပါ။ တနင်္လာနေ့ဟူသည်မှာ ဘယ်နေ့မှန်းမသိ၍လည်း ဖြစ်နိုင်သည်။ ညို၏စကားကို ပေါ့ပေါ့တန်တန် သဘောထား၍လည်း ဖြစ်နိုင်ပါသည်။
နှစ်ပတ်ခန့်ကြာသောအခါမှ သူ့ကိုပြန်တွေ့ရသည်။ ရန်ကုန်ဘူတာကြီးမှ အိုးအိမ်ရုံးသို့အသွား ပလက်ဖောင်းပေါ်တွင် ဖြစ်သည်။ အနားဖွာ စုတ်ပြဲနေသော ပိုးထဘီကြီးကို ဝတ်ထားဆဲဖြစ်သည်။ ခွက်တစ်လုံးကို ရှေ့တွင် ချထားပြီး ရေတမာပင်ရင်းတွင် လှဲအိပ်နေသည်။
"ဟေ့ ဟိုနေ့က ဘာလို့စောင့်မနေတာလဲ"
ညိုကမေးသောအခါ မျက်လုံးကြီးပြူး၍ ကြည့်နေပြန်သည်။ ညို့ကို မှတ်မိပုံမရပြန်တော့ချေ။
"ဒုက္ခကြီးပါတယ်ဟဲ့၊ ကယ်မယ့်သူမရှိပါဘူး၊ ဒုက္ခကြီးလှပါတယ်"
သူက အထပ်ထပ် ရေရွတ်နေသည်။ ညိုလည်း ထုံးစံအတိုင်း သူ့ခွက်ထဲသို့ ငွေအကြွေများ ထည့်ရင်း"ထမင်းသွားဝယ်စားချည်လေ"ဟုပြောသည်။
"ထမင်းဆိုင်ကလည်း မောင်းထုတ်တယ်၊ ငါ သွားလည်းမဝယ်နိုင်ပါဘူး၊ ဟောဒီနားမှာလေ အနာကြီး၊ ဟောဒီလောက်အလုံးကြီး"
သူက တင်ပါးကို လက်နှင့်ထောက်ပြသည်။ အနာအလုံးကြီးဆို၍ ညို လန့်သွားသည်။ ကာလသားရောဂါများလားဟု စဉ်းစားရင်း ရင်ထဲတွင် နောက်ကျိလာသည်။
"ဂေဟာသွားမလားဟင်၊ အလုပ်တော့လုပ်ရမှာပဲ၊ အခုလို အမြဲအိပ်မနေရဘူး"
"သွားမယ် သွားပါ့မယ်၊ ငါနေကောင်းရင် အလုပ်လုပ်မှာပေါ့"
ဒီတစ်ခါတော့ သူက အားတက်သရောပြောသည်။ ကျန်းမာရေးအခြေအနေ မကောင်းတော့သောကြောင့်လည်း ဖြစ်နိုင်သည်။ အပြင်ဘက်တွင် အနေမချောင်တော့သောကြောင့်လည်း ဖြစ်နိုင်သည်။
ပြောမည်သာ ပြောခဲ့သော်လည်း လူမှုဝန်ထမ်းဌာနနှင့် မည်သို့ဆက်သွယ်ရမည် မသိ။ ဘယ်ကနေ ဘယ်လိုစုံစမ်းရမည် မသိ။
"ကူကြပါဦးဟာ၊ ကယ်ကြပါဦး၊ ဒီလိုသာဆိုရင် လမ်းဘေးမှာ ခွေးသေ ၀က်သေ သေသွားလိမ့်မယ်"
ညိုက အရပ်ကူပါလူဝိုင်းပါနှင့် နားပူနားဆာတိုက်သောအခါ သူငယ်ချင်းများလည်း မနေသာတော့၊ လက်လှမ်းမီရာ နီးစပ်ရာ စုံစမ်းကြရတော့သည်။ ခိုကိုးရာမဲ့မိဘမဲ့များကို ရပ်ကွက်လူကြီးများက ထောက်ခံ၍ အပ်နှံနိုင်ကြောင်း စုံစမ်းသိရှိလာသည်။ ထိုအခါကျမှ ခက်တော့သည်။ အိမ်ခြေ အတည်တကျမရှိသောသူ့ကို မည်သည့်ရပ်ကွက်လူကြီးကထောက်ခံ၍ အပ်နှံပေးပါမည်နည်း။
တစ်နေ့တွင် ညို ပုံဆွဲနေစဉ် အေးက လာပြောသည်။
"ဟေ့ ညို၊ ဟိုမှာ နင့်ကောင်မလေးမဟုတ်လား"
ဟုတ်ပါသည်။ လမ်းတစ်ဖက် ပလက်ဖောင်းပေါ်တွင် ခွေခွေခေါက်ခေါက် လဲလျောင်းနေသောသူ့ကို တွေ့ရသည်။ နေက ကျဲကျဲတောက်အောင် ပူနေသော်လည်း နေရာမရွေ့ချေ။ နေပူထဲတွင်ပင် အရုပ်ကြိုးပြတ် လှဲအိပ်နေသည်။
"အမယ်လေးလေး ထူမယ့်သူမရှိပါဘူး၊ ကယ်မယ့်သူမရှိပါဘူး၊ အမယ်လေး အမယ်လေး နာလှပါတယ်၊ ကိုက်လှပါတယ်၊ အမယ်လေး ရေကလေးသောက်ပါရစေဦး"
ညိုတို့ဝယ်လာသော မုန့်ဖက်ထုပ်ကို စားနိုင်ရန်အတွက် သူသည် လက်ထောက်၍ ကိုယ်တစောင်းထရသည်။ ထိုမျှလောက် လှုပ်ရှားရသည်ကပင် သူ့အတွက် အရိုးကြေခမန်း နာကျင်ဟန်ရှိသည်။ အော်ဟစ် ငိုယိုတော့သည်။ မျက်နှာမသစ်သည်မှာလည်း ဘယ်နှရက်ရှိလေပြီမသိ။ မျက်ဝတ်၊ မျက်ချေး၊ အာပုပ်ရည်၊ ကြေးညှော်တို့နှင့် တန်ဆာဆင်ပြီး မျက်နှာတွင် မျက်ရည်များ၊ နှပ်များပါ ရောထွေးပေကျံလာသောအခါ စေ့စေ့ကြည့်ချင်စရာပင် မကောင်းတော့ချေ။
ညိုသည် သူ အမှန်တကယ်နာကျင်ခြင်းလော၊ မူရာမာယာများကာ လိုသည်ထက်ပိုကာ အော်နေခြင်းလောဟု အကဲခတ်ရင်း ကိုယ်တိုင်ပင် ငိုချင်စိတ်ပေါက်လာသည်။ အဘိုးကြီးကိုလည်းကောင်း၊ ကိုပေါ်လာကိုလည်းကောင်း သတိရပြီး ဒေါမနဿ ပွားလာသည်။
"ရော့ ဒီဆေးလေးသောက်လိုက်၊ ဝါးစားနော်၊ ပြီးမှ ရေသောက်ချ၊ သိပ်ကိုက်လာရင် ညနေကျ တစ်ပြားထပ်သောက်"
အေးက အေပီစီဆေးပြားလေး တိုက်သည်။ နှာခေါင်းပေါက်မှ တန်းလန်းကျနေသော နှာရည်များကို လက်တစ်ဖက်နှင့်သုတ်ရင်း သူက ခေါင်းညိတ်သည်။ သူ့လက်ထဲမှ ဆေးပြားဖြူဖြူလေးကို ငေးကြည့်နေမိစဉ် "သူ့ကို အများကြီးပေးခဲ့လို့တော့ မ ဖြစ်ဘူးထင်တယ်နော်၊ တော်ကြာ ကိုက်လာတိုင်း တအားသောက်ပစ်လို့ အစာအိမ်သွေးယိုပြီး ဒုက္ခရောက်ကုန်မယ်"ဟု တိုးတိုးလေး ပြောသော အေး၏အသံကို ကြားရသည်။
"ကယ်မယ့်သူ မရှိပါဘူး၊ ဆေးရုံသွားချင်ပါတယ်"
သူက တဟီးဟီး ငိုရင်းပြောသည်။ သူ့ကို ဒီအတိုင်း ဆေးရုံသွားတင်လို့တော့ ဖြစ်မည်မဟုတ်။ သာမန်သူတောင်းစားတကာတို့ထက်ပင် ပို၍ပေတူးညစ်ပတ်နေသည်။ စုတ်ပြတ်နေသည်။ နံစော်နေသည်။
မနေသာတော့သည့်အတွက် ညိုတို့သူငယ်ချင်းသုံးဦးလည်း (၁၉) လမ်းရှိ၊ လူမှုဝန်ထမ်းဌာနသို့ ယောင်ပေပေ၊ ကြောက်ဆုတ်ဆုတ်နှင့် နေချင်း ရောက်ကြရတော့သည်။ သူတောင်းစားဆိုလျှင် လက်မခံဟု ပြောလိုက်မည်စိုးရိမ်ပြီး သုံးဦးသား ရင်ထိတ်နေကြသည်။
ထို့ကြောင့်
"ရုံးအောက်မှာ ယောင်လည်လည်ဖြစ်နေတာ တွေလို့ပါ"
"သူက အစိုးရရဲ့အစောင့်အရှောက်ကို ခံချင်နေပါတယ်"
"လောလောဆယ်တော့ သူများပေးစာကမ်းစာ စားနေရပါတယ်"
"သမံတလင်းပေါ်မှာပဲ အိပ်နေရတော့ သိပ်နေကောင်းပုံမရပါဘူး"ဟု တစ်ယောက်တစ်ပေါက်နှင့် ဖုံးဖုံးဖိဖိပြောမိသည်။ အခြေအနေမှန်ကို မတင်မကျ မလိမ့်တစ်ပတ်လုပ်မိကြလေသည်။
အစ်မကြီးဒေါ်မြတ်မွန်က ပြည့်ပြည့်ဝဝ ပြုံးကာ_
"သူတောင်းစားဖြစ်လည်း လက်ခံပါတယ်ကွယ်၊ တမင်တောင် လိုက်ပြီး ခေါ်နေရသေးတာ" ဟု ပြောသောအခါမှ ရင်ထဲမှာ အလုံးကျတော့သည်။
ရှက်ရှက်နှင့် ဝမ်းသာအားရ ပြုံးနိုင်တော့သည်။
"အိမ်ခြေရာခြေမရှိတဲ့သူဆိုတော့ မင်းတို့သုံးယောက်ကပဲ လူကြီးလုပ်ပြီး အပ်ပေါ့ကွယ်၊ ဒီနေ့တော့ စနေနေ့မို့ အချိန်မရှိဘူး၊ တနင်္လာနေ့ကျရင် ခေါ်ခဲ့ကြ"ဟု ပြောသံသည် ညိုတို့နားထဲတွင် မည်မျှသာယာပြီး နားဝင်ပီယံဖြစ်လိုက်သနည်း။ စာပင်ဖွဲ့မပြတတ်၊ မည်မျှကျေးဇူးတင်ဝမ်းသာသွားသနည်းလည်း နှုတ်မှပင် ပြည့်စုံအောင် ပြောမပြတတ်။
"ဒီနေ့ တစ်ညအိပ်၊ နက်ဖြန် တစ်ညအိပ်၊ ဟုတ်လား။ နှစ်ညအိပ်ပြီး သန်ဘက်ခါကျရင် လာခေါ်မယ်၊ ဒီနေရာမှာပဲနေ ဟုတ်လား၊ ဘယ်မှ လျှောက်သွားမနေနဲ့၊ မှတ်မိတယ်နော်၊ သန်ဘက်ခါကျရင် လာခေါ်မယ်"
ညိုတို့က အထပ်ထပ်မှာခဲ့သော်လည်း တနင်္လာနေ့ရောက်တော့ သူ့ကိုရှာမတွေတော့ချေ။ ဘာလုပ်ရမည်မသိဘဲ ဦးနှောက်ခြောက်နေကြစဉ် တင့်တင့်အုန်းက သတင်းပေးလာသည်။
"နင့်ကောင်မလေးလို့ထင်တာပဲ။ ဘူတာကြီးကုန်း အောင်ဆန်းကွင်းဘက်အဆင်း လှေကားထစ်မှောင်မှောင်ကြီးနေရာမှာ အိပ်နေတယ်"
သူ့ကို ရေမိုးချိုး သန့်စင်ပေးရန် ဆပ်ပြာ၊ ပဝါ၊ ထဘီ၊ အင်္ကျီတို့ကို ထုပ်ပိုးသယ်ဆောင်ကာ ညို၊ အေးနှင့် တင်တင်ဦးတို့သုံးယောက်သား ဘူတာကြီးကုန်းဘက်သို့ ရှာပုံတော်ထွက်ကြရပြန်သည်။ မှောင်မိုက်မိုက် လှေကားထစ်များတွင် အိပ်စက်နေသူကား သူတစ်ဦးတည်းမဟုတ်ချေ။ သုံးလေးငါးဦး ရှိသည်။ သူ့လိုလောကသားအများကြီးထဲမှ တွေ့မြင်နေကျ သံယောဇဉ်လေးကြောင့် သူတစ်ဦးတည်းကို ကွက်၍ ဆွဲထုတ်ရန် ကြိုးပမ်းမိခြင်းဖြစ်သည်။
"နင်တို့တွေ လာမယ်ဆိုပြီး ဘာလို့မလာတာလဲဟင်၊ ငါ့မှာ စောင့်လိုက်ရတာ အကြာကြီးပဲ၊ လမ်းပေါ်မှာ မနေရဘူးဆိုပြီး မောင်းထုတ်ခံရတယ် ဟဲ့။ အရိုက်လည်း ခံရတယ်ဟဲ့၊ နင်တို့ဘာသိလဲ၊ ငါ ဆိုက်ကားငှားပြီး ဒီကိုလာခဲ့ရတယ်၊ ဆိုက်ကားခတစ်ကျပ်ခွဲတောင် ပေးရတယ် ဆရာရေ"
သေချာမှာထားပြီးလျက်နှင့် စောင့်မနေရကောင်းလားဟု စိတ်တိုနေကြသော ညိုတို့အား သူက ဆီး၍ရန်တွေ့သည်။ သူ့ကြည့်ရသည်မှာလည်း ညိုတို့ထက် နှစ်ဆပိုစိတ်တိုနေပုံရသည်။
သူ့ကိုရေချိုးပေးရသည်မှာကား စွန့်စားခန်းကြီးတစ်ခုလို စာဖွဲ့၍ပင် ရမည်။ ညိုတို့သုံးဦးလုံး ချွေးဒီးဒီးပြန်ကြရတော့သည်။ သူက အမျိုးမျိုးသောင်းကျန်းနေသောကြောင့် ဖြစ်သည်။ လမ်းမလျှောက်နိုင်ဟုဆိုသည်။ သူ့ကို တစ်ဖက်တစ်ချက်စီမှ တွဲကြဟု ပြောသည်။ ဆိုက်ကားငှားပေးဟု အော်သည်။ နာသည်၊ ကိုက်သည်ဟု ဟစ်သည်။ လမ်းဘေးမှ ကလေးများကို ဆဲသည်။ ရေမချိုးဘဲသွားတော့ ဘာဖြစ်လဲဟု ဆူသည်။
ခွေးချင်းကိုက်လျှင်ပင် ဝိုင်းကြည့်တတ်သော မြန်မာလူမျိုးတို့အကြောင်းကို အားလုံးအသိပင်။ လေးယောက်သား ရုတ်ရုတ်သဲသဲဖြစ်နေသောအခါတွင်ကား ပြောစရာပင်မလိုတော့။ မျောက်ပွဲပြနေသလို အုံခဲလာတော့သည်။ သူလည်း မျောက်ဖြစ်၊ ညို တို့လည်း မျောက်ဖြစ်ကာ စီစီညံနေပါတော့သည်။
"နင်တို့ကို ငါစိတ်မဆိုးပါဘူး၊ ငါ့ကိုပြုစုနေကြတာပဲ"
ရေမိုးချိုး သန့်စင်ပြီးသောအခါတွင်ကား စိတ်နှလုံး အတန်ငယ် ကြည်လင်လန်းဆန်းလာပုံရသည်။ မပွင့်တပွင့်ပြုံးကာ ခွင့်လွှတ်စကားဆိုလေသည်။ သူကဆူ၊ သူကဆဲပြီး၊ သူကပင် ခွင့်လွှတ်နေတော့ ညိုတို့ ရယ်ရုံအပြင် ဘာမှမပြောချင်တော့။
"လမ်းလျှောက်ရင် သတိထားလျှောက် သိလား။ တော်ကြာ နေမကောင်းတဲ့သူမို့ လက်မခံချင်ဘူးဆိုရင် ဒုက္ခ"
စိုးရိမ်စိတ်ကဲနေသော ညိုတို့က အထပ်ထပ်မှာတော့ သူ့ခမျာ ခေါင်းညိတ်ရှာသည်။ ခါးမကော့အောင် လက်မကောက်အောင် သတိထားပြီး လျှောက်တော့လည်း အရသားပင်။ လူသာမန်လမ်းလျှောက်သည်နှင့် မတူသော်လည်း ရုပ်ပျက်ဆင်းပျက်ကြီး မ ဖြစ်လှတော့ပေ။
မည်သို့ပင်ဆိုစေ ရောဂါသည်သူတောင်းစားလေးကို တတ်အားသမျှ ကြည့်ရှုကောင်းအောင်ပြင်ဆင်ပြီး အမျိုးသမီးဂေဟာသို့ တွန်းတွန်းထိုးထိုးလေးနှင့် အောင်မြင်စွာ ပို့ပေးလိုက်နိုင်ကြသည်။
ထိုနေ့က ညိုတို့သုံးဦးလုံး ပျော်နေသည်။ ဧရာမကုသိုလ်ကောင်းမှုကြီးကို ပြုလုပ်ရသလို အကျေနပ်ကြီး ကျေနပ်နေကြသည်။
"ပြုပြုသမျှကုသိုလ် အမျှ အမျှ ယူစေသော်" ဟု အော်ပြီး အမျှပေးချင်စိတ်ပင် ပေါက်နေကြပါသည်။ နွံနစ်နေသော မိန်းကလေးတစ်ဦးကို ဆွဲထုတ်ကယ်တင်နိုင်ပေပြီ။
"ရုပ်က မခေပါဘူး၊ သူနေကောင်းတော့မှ သူငယ်ချင်းတွေကို ခေါ်သွားပြီး ပြဦးမယ်၊ အင်ဂျင်နီယာကတော် ဖြစ်နိုင်တဲ့ရုပ်မျိုးနော်၊ တစ်ခါတည်း ကြိုက်သွားဦးမယ်"
ယောက်ျားလေးသူငယ်ချင်းများကို အတည်ပေါက်နှင့် ဂုဏ်မောက်ပြီး ကြွားရသေးသည်။ အမျိုးသမီးဂေဟာက သူ့ကိုဆေးစစ်ပေးမည်။ လိုအပ်သလို ဆေးကုပေးမည်။ သူသည် ဒေါင်ဒေါင်မြည်အောင် နေကောင်းလာမည်။ အလုပ်လုပ်နိုင်မည်။ ငွေစုနိုင်မည်။ ထို့နောက် သင့်တော်ရာ လင်ကောင်းသားကောင်းရနိုင်မည်ဟု တွေးပြီး စိတ်ချမ်းသာနေကြသည်။ ညိုတို့၏ စိတ်ကူးအိပ်မက်ထဲမှ သူ့ဘဝရှေ့ရေးသည် အစစဖြောင့်ဖြူးသာယာကာ လှပနေသည်။
သို့သော် ...သို့သော်။
နောက်ဆက်တွဲ ကြားရသောသတင်းများကား မဖြောင့်ဖြူးလှပေ။ မသာယာလှပေ။
"ကောင်မလေးတော့ အိပ်ရာကမထနိုင်ဘူး ပြောတယ်။ ဆရာဝန် မလာသေးလို့ ဆေးလည်းမစစ်ရသေးဘူးတဲ့”
ပထမသတင်းကို ကြားရသည်။
"သူ့ရောဂါက ကာလသားရောဂါတဲ့။ ဘယ်တုန်းကများ ဖြစ်နေတယ် မသိဘူး။ တတိယအဆင့်တောင် ရောက်နေပြီ။ အတော်ကျွမ်းနေပြီ ဆိုပဲ"
ဒုတိယသတင်းကို ကြားရသည်။
"ဆေးရုံတင်ရမှာပဲတဲ့"
တတိယသတင်းကို ကြားရသည်။
"ဆေးရုံကထွက်ပြေးသွားတယ်တဲ့"
စတုတ္ထသတင်းကို ကြားရသည်။ သွားပြီ။ ရေစုန်မျောပြီ။
ညိုတို့ ကြိုးစား၍ တည်ဆောက်ပေးခဲ့သော ရေကာတာလေး မခိုင့်တခိုင်သည် ပြိုကျသွားပေပြီ။
* * *
သင်္ဃန်းကျွန်းရထားပေါ်တွင် တောင်းစားသူတွေ ပေါများလှသည်။ အိုမင်းမစွမ်းသူ၊ ဆွံ့သူ၊ အ,သူ၊ မျက်စိမမြင်သူနှင့် ကိုယ်ရေပြားရောဂါသည်များပါမကျန် အမျိုးပေါင်းစုံလှသည်။ ညို စိတ်မချမ်းသာဆုံးက ကလေးငယ်များပင်။ ခြေအကောင်း၊ လက်အကောင်းနှင့် သန်သန်စွမ်းစွမ်းကလေးငယ်များသည် ရှိခိုးဦးချကာ ဒူးထောက်လျက် တောင်းကြသည်။ ရထားပေါ်က စေတနာရှင်များက ခံလာသောဒန်ခွက်များထဲသို့ ငါးပြားစေ့၊ ဆယ်ပြားစေ့များ ပစ်ထည့်တတ်ကြသည်။
ချွင်ခနဲ ချွင်ခနဲကြားရသော အကြွေသံများသည် ညို၏နှလုံးသားကို အသက်ရှူကျပ်အောင် ဖျစ်ညှစ်လာသည်။ ထိုငွေအကြွေများသည် သူတို့လေးများ၏ ကိုယ်ထူးကိုယ်ချွန် ကြိုးစားလိုစိတ်၊ အလုပ်လုပ်လိုစိတ်တို့ကို အညွန့်ချိုးချလျက်ရှိသည်ဟု ခံစားလာရသည်။ ထိုမျှသာမကသေး၊ ရေသာခိုအချောင်လိုက်သော စိတ်ဖျင်းစိတ်ညံ့များသည် မြေတောင်မြှောက်၍ ရေလောင်းပေးသလို ခက်လက်ဝေဖြာလာချေဦးမည်။
သူတို့လေးများသည် တောင်း၍ရသောငွေနှင့် ထမင်းစားကောင်းစားမည်။ စီးကရက် ခဲကောင်းခဲမည်။ ထို့နောက် နောက်တစ်နေ့စားရန်အတွက် လူတစ်ယောက်တွင် ရှိသင့်ရှိထိုက်သော မာနတရားကို လွှင့်ပစ်လိုက်ပြီး ပြားပြားဝပ် ဦးချကာ ဒူးထောက်၍ တောင်းကြပေဦးမည်။ သို့နှင့်ပင် မဆုံးသောသံသရာတွင် လည်ပတ်ကြပေတော့မည်။ ညိုသည် 'မစိန်လှ'အမည်ခံ ကောင်မလေး၏ခွက်ထဲသို့ ငွေအကြွေများ တချွင်ချွင်ပစ်ချခဲ့ဖူးပါသည်။ "ထမင်းသွားဝယ်စားလေ"ဟု ကရုဏာအပြည့်နှင့် ပြောခဲ့ဖူးပါသည်။ ညို၏စေတနာနှင့် ကရုဏာတို့သည် သူ့ကို သူတောင်းစားသက်ဆိုးရှည်စေရန် အထောက်အကူပေးနေကြောင်းကိုကား သတိမပြုမိခဲ့ပေ။
ညို စဉ်းစားမိခဲ့ဖို့ကောင်းသည်။ ထမင်းဆာခြင်းအကျိုးကို ခေတ္တပြေစေသော ထိုငွေများသည် ထမင်းဆာစေခြင်းအကြောင်းကိုကား လုံးဝကုစားနိုင်စွမ်းမရှိခဲ့ကြောင်း စဉ်းစားမိဖို့ ကောင်းပါသည်။ ယခုတော့ ညိုပေးခဲ့သောငွေများသည် အေပီစီ ဘာစပရိုဆေးပြားများနှင့် တူနေချေပြီ။
'အေပီစီ'နှင့် 'ဘာစပရို'တို့သည် အကိုက်အခဲပျောက်ဆေးများဖြစ်သည်။အထူးသဖြင့် ခေါင်းကိုက်လျှင်သောက်သည်။ ဆေးစွမ်းကောင်းများဖြစ်၍ တစ်ခဏချင်း ပျောက်စေသည်။
သို့သော် ကိုက်ခဲခြင်းဟူသည်မှာ တစ်စုံတစ်ခုသော အကြောင်းပေါ်တွင် အမှီပြု၍ ဖြစ်ပေါ်လာသောအကျိုးဖြစ်သည်။ ထိုဆေးများသည် ကိုက်ခဲခြင်းအကျိုးကို ပျောက်စေသော်လည်း ကိုက်ခဲစေခြင်းအကြောင်းကို ပျောက်ရန်ကား မစွမ်းနိုင်ကြပေ။ ထို့ပြင် ဆေးစွဲ၍ မကြာခဏ ဆက်တိုက်သောက်မိလျှင် လူကို အန္တရာယ်ဖြစ်စေတတ်ပါသည်။