Wednesday, July 28, 2021

လူတစ်ယောက်အကြောင်း

0 comments
လူတစ်ယောက်အကြောင်း
ဤနေရာသည် အခါကာလအလျောက် ဆိတ်သုဉ်းသွားပါပြီ။ ဤနေရာတွင် လွန်ခဲ့သော အခါကာလက အိမ်ခြေ ၄-၅ လုံးမျှ ရှိခဲ့ဖူးပါသည်။ နောက်တစ်အိမ်စီ တစ်အိမ်စီ ပျောက်၍သွားခဲ့ရာ လွန်ခဲ့သော (၅)နှစ်ခန့်က စပြီးတော့ဖြင့် တစ်အိမ်ထီးတည်း ကျန်ခဲ့တော့သည်။ ယခုကား ဤတစ်အိမ်ထီးတည်းပင် မရှိတော့။ ခြံမြေအားလုံးသည် ဆိတ်သုဉ်း၍ သွားပါပြီ။ ကျွန်တော်သည် မကြာသေးမီကမှ လူသွားရပ်စဲသွားသော ခြေရာလမ်းကြောင်းပေါ်မှာ တစ်ယောက်တည်း မတ်တတ်ရပ်လျက် ရှိနေပါသည်။ ရှေ့တိုးလို့တော့ မဖြစ်တော့ပါ။ ဝါးဝင်းထရံ ကာဆီးလျက် နေပါပြီ။ ရှေးယခင်တုန်းကဆိုလျှင် ကျွန်တော်သည် ဤခြေရာလမ်းကြောင်းမှ ဖော်ပြပါတစ်အိမ်တည်းသို့ ဥဒဟို သွားခဲ့ပါသည်။ ယခုကား မလှမ်းသာတော့ပြီ။ မှန်းမျှော် ရမ်းယော်ကာသာ အတိတ်ကို…........
ကျွန်တော့်ရှေ့ လေးငါးတောင်မျှ အကွာ၌ သူ့နဖူးကို လက်ဝါးအုပ်၍ ပြာနှမ်းမှုံမွှားသော မျက်လုံးအစုံဖြင့် ကျွန်တော့်အား စေ့စေ့ကြည့်နေသော အဘိုးအို…
“ဦးထွန်းစိန် ဒီလောက် အနီးကပ်တောင်မှ မသဲကွဲတော့ဘူးလား”
သူသည် ဝမ်းသာအားရနှင့်…
“ဟေ့ ဗိုလ်ကြင်၊ ငါထင်တော့ အထင်သားပဲ မင်းရောက်တယ်ကြားလို့ ငါ မောင်ခို့ လွှတ်ထားလိုက်ပြီ”
“ရော့ ဒီမှာ” ကျွန်တော့် လက်ထဲကအထုပ်ကို သူ့အား ကမ်းလင့်သောအခါ…
“ဘာလဲကွ”
“ပုဇွန်ထုပ်ကြီးတွေလေ၊ ပြုတ်ပြီးသား”
“ဟာ… ကောင်းပေါ့ကွာ၊ သံပုရာသီးနဲ့ သုပ်မယ်၊ စိန်ခ… မိခွေးခြံမှာ သံပုရာသီးသွားခူးစမ်း၊ ငရုပ်သီးစိမ်းလည်း ဆွတ်ခဲ့”
သူ၏ ကြင်ယာတော်၊ ခြေမြန်တော် ဒေါ်စိန်ခသည် မဆိုင်းခဏပင် အိမ်ပေါ်မှ ဆင်းသွားသောအခါ ကျွန်တော်တို့နှစ်ယောက်က အိမ်ပေါ်ရောက်ပြီ။ ဦးထွန်းစိန်က မီးဖိုချောင်ဝင်၍ ကြက်သွန်လှီး၊ ကျွန်တော်က မြို့အရပ်တွင် ရမ်မသောက်မီ ဘီယာနှင့်ပျိုးဘိသို့ ထန်းလျက်အရက်ယူရအောင် သွားသော ကိုမောင်ခို ပြန်မရောက်မီ ဦးထွန်းစိန်အိမ်မှာ အမြဲတမ်း အသင့်ရှိနေတတ်သော ထန်းရည်ကို စကိုင်သည်။ အင်း… ကျွန်တော် လူရယ်လို့ဖြစ်လာခဲ့ပြီး သူရာဆို၍ ကျွန်တော့်ခံတွင်း စတင်ဝင်ခဲ့သည်မှာ ကျေးရွာသဘာဝအလျောက် ဤထန်းရည်သာ ဖြစ်လေရာ ဘယ်အခါပဲ ကိုယ့်ရွာပြန်ရောက်ရောက် ဒီထန်းရည်လေး တစ်ခွက်တစ်ဖလားတော့ မော့လိုက်မှ။ သို့သော်လည်းပဲ သောက်သက် ဝါရင့်လှတော့ ဤထန်းရည်မျှနှင့် တင်းမတိမ်နိုင်ပြီ။ ထန်းရည်ကို ထန်းလျက်ချက်၊ ထန်းလျက်ကို ဂဇော်စိမ်၊ ဤဂဇော်ရည်ကိုမှ ပေါင်းတင်သော ချက်အရက်ကျမှပဲ ဒုံသတ်ရတော့၏။ နောက်နာရီဝက်အတွင်း၌ ကိုမောင်ခို ပြန်ရောက်လာပြီဖြစ်၍ ကျွန်တော်တို့ ချက်အရက်ပွဲ စလေပြီ။ ပုဇွန်ထုပ်ကို သံပုရာသီး၊ ငရုတ်သီးစိမ်းနှင့်သုပ်၊ နံနံပင်အုပ်။ ကြက်သွန်ဥကြီး အကွင်းအကွင်း လှီးနှင့်။ ဒီလို ပုဇွန်ထုပ်မှာ ကျွန်တော်တို့ ကျေးရွာသားများ စားရဖို့ ခဲယဉ်းလှပေသည်။ ကျွန်တော်၏ ဇာတိရွာနယ်ပယ်မှာ မြစ်နှင့်မနီး၊ မိုးအခါသာ ချောင်း၊ မြောင်း အင်းအိုင်တွေရေရှိ၍ ဆောင်းဦးပေါက်သည်မှစပြီး ရေခြောက်တော့ရာ ဘယ်မှာ ပုဇွန်ထုပ်ဆိုတဲ့ သတ္တဝါ ရှိအံ့နည်း။ မြို့ကဈေးတွင် အခြားအရပ်က ရေခဲရိုက်တင်လာတာတွေ ရှိပါ၏။ သို့သော် ကျေးရွာ ဆင်းရဲသားများသည် ဤပုဇွန်ထုပ်ဈေးကို ပေး၍ အဘယ်လျှင် စားနိုင်အံ့နည်း။ ထို့ကြောင့် ကျွန်တော်သည် ရွာကိုပြန်ပြီဆိုလျှင် ရန်ကုန်မြို့မှ ပုဇွန်ထုပ်ကို ပြုတ်၍လည်းကောင်း၊ ငါးမြင်း ငါးကြင်းကို ကြော်၍လည်းကောင်း ဆောင်ကျဉ်းခဲ့ကာ ကိုယ်နှင့်ရင်းနှီးသူတို့အား စားစေပါသည်။ ကျွန်တော်သည် ဦးထွန်းစိန် ဆွဲထုတ်လာသော ပုဇွန်ထုပ်ပန်းကန်ကြည့်၍ မီးဖိုချောင်ထဲက အိမ်ရှင်မအား…
“အရီးခ ခင်ဗျား ထမင်းနဲ့စားဖို့ ခွဲယူမထားသေးဘူးလားဗျ”
“ဟယ်… ငါနင့်ပုဇွန်ထုပ် မစားချင်ဘူးဟယ် အကြောတက်တယ်… ” ဟု ပြောပြန်ကာ ဦးထွန်းစိန်က…
“ဟယ်… ဒီကောင်မ ကောင်းမှန်းဆိုးမှန်း သိတာမှတ်လို့ကွာ ပြောမနေပါနဲ့”
“သြော် တော်သာ အကောင်းတွေစားပါ ဒါကြောင့် သူ့မျက်လုံးတွေ ကြောင်တောင် ကွယ်တော့မယ် အစားအသောက်က နည်းနည်းမှ မလျှော့ဘူး”
“ကွယ်ကွယ် ဟေ့၊ အစားအသောက်တော့ မလျှော့နိုင်ဘူး လူ့ပြည်နေတာ စားဖို့နဲ့ သောက်ဖို့ဟ စိန်ခရဲ့”
ဟုတ်ပါ၏။ သူ၏ အမှန်ဝါဒဖြစ်ပါသည်။ ဦးထွန်းစိန်သည် ကျွန်တော် သိခဲ့သမျှ ကျေးရွာတွင် လယ်ပိုင်ယာပိုင်ရှိဖို့ မဆိုထားနှင့် အိမ်ဆောက်ရန် ခြံပိုင်မျှ မရှိ၍ သူများခြံတွေထဲသာ ခိုကပ်ခဲ့ရသော လက်လုပ်လက်စား ဆင်းရဲသားမျှ ဖြစ်သော်လည်း အရက်သေစာကို နေ့တိုင်းသောက်သည်။ သူ့ထမင်းပွဲမှာ ဟင်းကောင်း မြိုးမြိုးမြက်မြက် ပါသည်။ သူသည် ကျွန်တော်တို့ရွာ ဇာတိ မဟုတ်ပေ။ အခြားရွာမှလာပြီး အိမ်ထောင်ကျသူ ဖြစ်သည်။ ကျွန်တော် အမှတ်သညာထားတတ်သော အရွယ်မှာ သူသည် အသက်သုံးဆယ်ကျော်မျှ ဖြစ်သည်။ ကျွန်တော်တို့အိမ်နှင့် မျက်စောင်းထိုး ဝါးပိုးအိမ်ကလေးမှာ နေသည်။ ထိုအချိန်၌ သူ့မှာ ညီ လူပျိုပေါက်တစ်ယောက် ရှိသည်။ ဤညီ လူပျိုပေါက်က ကျွန်တော်တို့ရွာနှင့် နှစ်မိုင်မျှဝေးသော ချောင်းနားရွာသို့သွားပြီး ကြံထမ်းရသည်။ ဦးထွန်းစိန်က အိမ်မှာ ကြံရောင်းသည်။ ကြံရောင်းပုံမှာ ရိုးရိုးမဟုတ်၊ ညနေချိန်မှာ ကာလသားတွေ သူ့အိမ်ရှေ့တွင် ကြံခုတ်ပြိုင်ပွဲ လုပ်စေသည်။ ကြံကို ဆယ်ချောင်း ဆယ့်နှစ်ချောင်း စသည်ဖြင့် စုစည်းကာ ဓားမနှင့် တစ်ချက်တည်း ခုတ်၊ အားလုံး ပြတ်မပြတ် ကာယဗလပြိုင်ပွဲပင် ဖြစ်သည်။ ဒီနည်းလုပ်တော့ သူ့ကြံတွေ သိပ်ရောင်းရသည်ပေါ့။ ဦးထွန်းစိန်သည် ကျေးတောသားပင် ဖြစ်သော်လည်း လက်ကြောတင်းအောင် မလုပ်၊ ဒီလိုပဲ ဉာဏ်ကလေးလွှာသုံးကာ ကောင်းကောင်းစား၊ ကောင်းကောင်းသောက်ခဲ့သူ ဖြစ်သည်။ သူသည် ယခင်က ဓားခုတ်မှုနှင့် ထောင် ၃၄ နှစ်လား ကျခဲ့ဖူးသည်ဆိုသဖြင့် ရွာမှာမဟုတ်မခံ ဇတ်ဇတ်ကျဲဆိုသည့် အရွယ်မှစ၍ကား နောက်ထပ် ဘာရာဇဝတ်မှုမျှ ကျူးလွန်ရသည်ကို မတွေ့ရတော့ပေ။ သို့သော် ဤသို့ ကျွန်တော်တို့ အိမ်အနီးတွင် နေထိုင်လျက် ဖော်ပြပါ ကြံရောင်းစားနေစဉ်တွင် ရွာသူကြီးနှင့် မည်သို့ ပဋိပက္ခဖြစ်ကြသည် မသိ၊ တစ်နေ့သ၌ သူကြီးက လာကြိမ်းသည်။
“မောင်ထွန်းစိန် မင်းဟာ ငါ့အိမ်အနီးမှာ နေပြီးတော့ ဒီလိုရွာက ကာလသားတွေကို အလောင်းအစားနဲ့ ကြံခုတ်ပွဲလုပ်နေတာ မကောင်းဘူးထင်တယ် ရပ်တန်းက မရပ်ရင် ငါ အရေးယူရလိမ့်မယ်”
သူကြီးက သူနှင့်သင့်မြတ်စဉ်က ဘာမျှမပြောချေ။ အိမ်ချင်းလည်း နီးသဖြင့် ကလေးတွေ ကြံခုတ်ပွဲမှာ သူကြီးပင်လာ၍ တဟီးဟီး၊ တဟားဟား လုပ်ခဲ့သေးသည်။ ယခုမှ ဒီလိုလာပြောတော့ ဦးထွန်းစိန်က လက်သီးလက်မောင်းတန်း၍…
“ကျုပ် ခင်ဗျားအိမ်နားလည်း မနေဘူး။ ကြံလည်း ရောင်းမစားတော့ဘူး။ တစ်နေ့တော့ သိကြသေးတာပေါ့ဗျာ” ဟု ပြန်ပြောပြီး နှစ်ရက်သုံးရက်အတွင်းမှာပင် ယခုအိမ် ၃-၄ အိမ်ခြားသော ခြံကွက်တစ်ခုသို့ ပြောင်းရွှေ့သွားခဲ့လေသည်။
ဦးထွန်းစိန်မှာ တစ်သက်လုံး ကိုယ်ပိုင်ခြံမရှိဟု ဆိုခဲ့သည် မှန်ပါ၏။ ကျွန်တော်တို့အိမ်အနီး နေစဉ်ကလည်း သူများခြံထဲဖြစ်၏။ ယခုလည်း အခြားသူခြံပင် ဖြစ်၏။ ကျွန်တော်တို့ တောရွာဒေသတွင် ကိုယ်ပိုင်ခြံ ပြဿနာ မရှိချေ။ ကွက်လပ်မြေကို ပိုင်ရှင်ထံ ခွင့်ပန်ပြီး တစ်သက်လုံးလည်း နေသွားနိုင်ပါ၏။ လူမနေသည့် ခြံမြေကွက်တွေက ပေါလှပါဘိ။ ခြံစောင့်ပင် ရသေးသော ဟူ၏။ ကျွန်တော်တို့ရွာမှာ ဝါးကလည်း ပေါလှကား၊ ဝါးပိုင်းတိုင်ထူ ဝါးထရံကာ ဝါးကြမ်းခင်းအိမ်များဖြင့် တစ်ရက်၊ နှစ်ရက်အတွင်း ပြီးမြောက်နိုင်သည်။ ဦးထွန်းစိန်လို အပေါင်းအသင်းကောင်းသော ကာလသားတစ်ယောက်ကို ဝါးအလကား ပေးမည့်သူတွေ၊ ဝိုင်းဝန်းကူဆောက်ပေးမည့်သူတွေ အများကြီးရှိ၏။ ထို့ကြောင့် ဦးထွန်းစိန်သည် သူကြီးအိမ်နားက သူ့အိမ်ကလေးကို ဖျက်လို့မှ ယူမသွားပေ။ သူကြီးအား ဂွတိုက်ပြီး တမင်ထားပစ်ခဲ့၏။
သူကြီးက “ဟေ့… မောင်ထွန်းစိန် မင့်အိမ် ဖျက်မယူတော့ဘူးလား…” မေးသောအခါ
“ကျုပ်ပစ္စည်း မလိုချင်လို့ထားပစ်ခဲ့တာ ခင်ဗျာ့ အပူလားဗျာ”
“ရပ်ရွာထဲ မီးထင်း စိုးရိမ်ရတယ်ကွ”
“အေး လူမရှိတဲ့အိမ်က ဘယ့်နှယ်လုပ် မီးထတောက်မလဲဗျ”
“ကလေးတွေလာပြီးဆော့ရင်ပေါ့…”
“ဒါတော့ ခင်ဗျား တာဝန်ပဲဗျာ၊ ခင်ဗျား ကြည့်လုပ်ပေါ့”
ဤသို့ ဦးထွန်းစိန်သည် သူကြီးနှင့် ကဏကောစ ဖြစ်ပြီးမှ နောက်ပိုင်းတွင် သူကြီးကို ဘယ်ငယ်နိုင် ကိုင်မိသွားသည် မသိ။ ဦးထွန်းစိန် အိမ်နောက်ဖေးမှာ ကြက်ဝိုင်း ချိန်းဝိုင်းကြီးများပင် လုပ်ပါလေသည်။ ထိုသရောအခါ ကျွန်တော် (၁၀) နှစ်သားကျော်ခဲ့ပြီ။ အားလုံးမှတ်တတ်သားတတ် အရွယ်ဖြစ်ပြီး ကြက်ဝိုင်းသောက်ဝိုင်းတွင်ဝင်၍ ထိုင်ပြီ။ ဤမှ ဦးထွန်းစိန်နှင့် ကျွန်တော် ခင်မင်ရင်းနှီးမှု စခဲ့လေသည်။ ဦးထွန်းစိန်မိန်းမ မစိန်ခသည် ကျွန်တော့်အဖေနှင့် မောင်နှမဝမ်းကွဲ တော်သည်။ သူတို့ လင်မယားမှာ သားသမီး မထွန်းကားခဲ့ချေ။ ဦးထွန်းစိန်ညီ ကိုချစ်ရာ အိမ်ထောင်ကျ သွားသောအခါ၌ တစ်သက်လုံးပင် သူတို့လင်မယား နှစ်ယောက်တည်းသာ သူတို့ အိမ်ထောင်မှာ ရှိပေတော့သည်။ ဦးထွန်းစိန်သည် ကာလသား ကြက်သမား၊ အသောက်သမား အကောင်းစား ဆိုသည်ကို ရပ်သိ၊ ရွာသိ နာမည်ခံယူသည်။ ညနေ စောင်းပြီဆိုပါက တောင်ခုနစ်အိမ်၊ မြောက်ခုနစ်အိမ် ကြားလောက်အောင် သူ လေချဉ်တက်ပြီး အရက်ချိုး ထပါလေမည်။ တစ်နေ့တလေ ဒီအသံမှ မကြားရပါက ဦးထွန်းစိန် အခြားရွာသို့ ခရီးသွားနေသည်ဟူလို။ အချို့မူ သူ၏ အရက်ချိုးထသံကို ဗဟိုရ်ပြုကြသည်။
ဥပမာ “ဟ စိန်လေးတောင် အရက်ချိုးထနေပဟ၊ ဘယ်အချိန်ရှိပြီလဲ” ဟူ၍… သူ့ကို အများအားဖြင့် ကာလသားချင်းက စိန်လေးဟု ချစ်စနိုးခေါ်ကြသည်။ သူတို့တွင် ညနေတိုင်း စုပြီးသောက်ကြသော လူတစ်သိုက်ရှိသည်။ စိန်ကလေးက လေချဉ်တက် အရက်ချိုးထလိုက်ပြီ ဆိုလျှင် ဤသောက်ဖော်တစ်သိုက်သည် မိမိအိမ်ရှိသော မြည်းစရာကလေးများယူငင်၍ သူတို့စိန်လေးအိမ်သို့ ရောက်လာကြလေသည်။ သူတို့ သောက်ဝိုင်းမှာ တစ်ခါတစ်ရံ ကြောင်သား၊ လိပ်သား၊ မြွေသား၊ ဖားသား စသည်များ ပါဝင်တတ်သည်။ ကျွန်တော်သည် ဤအချိန်ကပင် သူတို့လူကြီးဝိုင်းထဲဝင်ကာ အမြည်းစားရင်းမှ အသောက်စခဲ့ပေသည်။ ကျွန်တော်၏ မိခင်သည် အိမ်ဆိုင်ဖွင့်၍ ကုန်စုံရောင်းလေသည်။ ကျွန်တော်ကား ငါးခြောက်ငါးခြမ်းများ သယ်ကာ သူတို့ သောက်ဝိုင်းသို့ ပို့ပေးဖို့လည်း ဝန်မလေးခဲ့ချေ။
“ဒီကောင်လေး ကြီးရင် တို့လိုပဲ အသောက်အစားဖြစ်မယ်” ဟု သူတို့ အပ်ချမတ်ချ မှတ်ချက်ချခဲ့ကြလေသည်။
ဤဒုတိယ သူများခြံမြေမှာနေစဉ် ဦးထွန်းစိန်သည် ဘာကိုမှ ပင်ပန်းကြီးစွာ မလုပ်ဘဲ မယား၏ လုပ်စာဖြင့် “သောက်သောက်စားစား လူ့မင်းသား” လုပ်၍နေသည်။ သူ့ဇနီးသည် ဒေါ်စိန်ခက ရက်ကန်းရက်သည်။ တို့ဟူးသုတ်၊ ဘယာကျော်၊ ကောက်ညှင်းထုပ် စသော မုန့်ပဲသွားရေစာ ရောင်းသည်။ တို့ဟူးသုတ်၊ ဘယာကျော်ကို ညနေကတည်းက လုပ်၍ အိမ်လည်း လက်ဘက်ကြမ်းဝိုင်းနှင့် ရောင်းချသဖြင့် ညအချိန်မှာ သူ့အိမ်တွင် ကာလသားများနှင့် စည်ကားလှသည်။ ထို့ပြင် အရီးခသည် အောင်သွယ်အလုပ်ကိုလည်း မတောက်တစ်ခေါက် ဝါသနာပါလေတော့ ဈေးသည်ချင်းတူလျှင် ရောင်းပေါက်ဖြိုးသည်ပေါ့။ သူတို့တစ်သက်တာမှာ သားသမီးမရှိ။ လင်ကိုယ်မယားမျှသာ ဖြစ်လေရာ၊ စားမှုသောက်မှု မကြပ်တည်းခဲ့ပေ။ နောက်တစ်ခု ဦးထွန်းစိန်အတွက် ကံကောင်းပြန်သည်။ အရီးခသည် ဟင်းကောင်းကျွေးကောင်းကို မက်မောနှစ်သက်လှသည် မဟုတ်ဘဲ ငါးပိရေ၊ တို့စရာမျှနှင့် ဖြစ်သလို စားသောက်တတ်သဖြင့် ဟင်းလျာကောင်းမှန်သမျှ ဦးထွန်းစိန်အတွက်သာ ဖြစ်နေခဲ့ပေသည်။ အရီးသည် နံနက်မိုးသောက်လျှင် ဘာပြီး ဘာလုပ်ရမည်ဟု လုပ်ငန်းစဉ်နှင့်။ ဦးထွန်းစိန်က မနက်စာ စားပြီး ညစာဘာကြိတ်ရမည်ကို စိတ်ကူးယဉ်နှင့်…။
“အောင်မလေး… ဒီလင်မယားနှစ်ယောက်ဟဲ့။ မယားက အလုပ်နဲ့လက်နဲ့ မပြတ်လုပ်၊ လင်က အစားနဲ့ ပါးစပ်နဲ့ မပြတ်စားသဟဲ့” ဟု အရပ်က ပြောကြ၏။
အရီးခသည် နံနက်အစောကြီးထ၍ ဘယာကြော် ကြော်၊ မိုးလင်းသော် တို့ဟူးသုတ်နှင့် တွဲရောင်းရန် ရွာရိုးလျှောက်အော် “ဘယာကြော်… တို့ဟူးသုတ်” နေမြင့်၍ ပြန်ရောက်လျှင် ထမင်းဟင်းချက်၊ နေ့ခင်းတွင် ရက်ကန်းရက်၊ ညနေဘက်မှာ တို့ဟူးကြို၊ ဘယာကြော် ကြော်ဖို့ ကုလားပဲခြမ်း စိမ်၊ ညနေမှာ ရက်ကန်းစင်ပြန်တက်။ ဦးထွန်းစိန်ကား နေထန်းတစ်ဖျား၌ ထန်းရည် ကျည်တောက် တစ်လုံးအား ဆွဲပြီး အိမ်အတွင်းခန်းဘက်၌ ချိတ်ကာ အိမ်ထဲဝင်လိုက်၊ တစ်ခွက်မော့လိုက်၊ အမြည်းကလေး ဝါးလိုက်၊ ပြန်ထွက်လာလိုက်၊ ဆေးပြင်းလိပ်နှင့် အိမ်ရှေ့ကပြင်တွင် ထိုးကွင်းဖော်ကာ ထိုင်လိုက်၊ လမ်းလူသွား စကားလှမ်းပြောလိုက်၊ အသံပြာပြာနှင့် တစာစာ ရယ်မောလိုက်။ သည်လိုပဲ ဝင်လိုက်၊ ထွက်လိုက်၊ ထိုင်လိုက်၊ ရယ်လိုက်နှင့် နေသည်။ မူးမိုက်ရမ်းကားခြင်း လုံးဝမရှိ၊ အရပ်ချဉ်အောင် မလုပ်။ နံနက်စာ ထမင်းစားပြီးသော် အသောက်နား၍ နေ့လယ်အိပ်စက်သည်။ အဲ… ညနေစောင်း၍ နိုးသောအခါ ရွှေဗဟိုရ် လေချိုမဟုတ်ဘဲ လေချဉ်တက်ကာ အရက်ခိုးထ၍ အရပ်ကို ညနေသောက်ချိန် ရောက်ပြန်ပဟေ့ဟု ကြွေးကြော်သည့်နှယ်။ မည်သို့ပင် ဖြစ်လင့်ကစား မစိန်ခသည် သူ့ယောက်ျားကို ချစ်ကြောက် ရိုသေလိုက်ရသည်များ အမော… အရပ်ကပင် ပြော၍ယူရသည်။ ဦးထွန်းစိန်တို့ လင်မယားသည် ဤဒုတိယခြံမြေယာ၌ ၁၀ နှစ်မျှနေသွားသည်။ နောက်တွင် ခြံရှင်က အခြားသူနှင့် ဤခြံ အရောင်းအဝယ်တည့်၍ သူတို့အား ပြောင်းရွှေ့စေသည်။ နောက်ဆုံး ပြောင်းခဲ့သော နေရာကား တစိမ်းမြေမဟုတ်၊ ဒေါ်စိန်ခအစ်ကိုရင်း၏ ခြံဖြစ်သည်။ သို့သော် ရွာလမ်းမနှင့်မနီးစပ်၊ ရွာ့နောက်ဖေး ချောင်ကျလှပေသည်။ ဓားပြသူခိုး စိုးရိမ်ရသူတို့ နေဝံ့စရာမရှိပေ။ ဦးထွန်းစိန်လို ကာလသားတစ်ယောက် အတွက်ကား မှုစရာမလို။ ဤခြံ မြေရိုင်းကြီးတွင် ဦးထွန်းစိန်တို့ စနေပြီးသည်နှင့် နောက်ပိုင်း၌ကား သူတို့ ဆွေမျိုးသားချင်းများထဲမှ လာရောက်နေကြသေး၍ အိမ် ၄၅ အိမ်ပင် ဖြစ်ခဲ့သေးသည်။ မရှိဆင်းရဲသားများချည်း ဖြစ်ရကား သူတို့အိမ်အောက်တွေမှာ ဝက်၊ ကြက်၊ ဘဲတွေ၊ အိမ်နံရံတွေ ကြက်စွန်းတွေမှာ ပုံး၊ မြုံး၊ ပလုံး၊ ပလိုင်း၊ ခရာ စသည်တွေနှင့်။ အသက် ၁၈ နှစ်သားမှ ၃၀ နီးပါးအထိ ကျွန်တော်၏ ဘဝခရီးသည် ရွာနှင့်မနီး၊ မြို့ကြီးများတွင်သာ ကျင်လည်ခဲ့ရရာ ၁၀ နှစ်တာမျှ ရွာနှင့်အဆက်ပြတ်ခဲ့၍ နောက်ဆုံး စာရေးဆရာအဖြစ်နှင့် ကိုယ့်ရွာကိုယ် ပြန်ရောက်သောအခါ ဦးထွန်းစိန်အား ဟိုတုန်းကလိုပဲ သောက်တုန်းစားတုန်း တပြုံးပြုံးနှင့် တွေ့ရပြန်ပါသည်။ အချို့ သူ့သောက်ဖော်တို့ကား ပဲ့ခဲ့လေပြီ။
“ဟေ့ ဗိုလ်ကြင်ရ၊ မင်းပြန်မလာခင်ကပဲ သော်တာရွှေ… သော်တာရွှေဆိုတဲ့ နာမည်တော့ ငါကြားပြီးပြီကွ။ ငါ့တူ… ပျောက်ချက်သား ကောင်းလိုက်တာ ပြန်လာတော့ စာရေးဆရာ လုပ်နေသကိုးကွ”
ဤအချိန်၌ ကျွန်တော့်အသက် ၃၀ ကျော်ပြီ။ ဦးထွန်းစိန်က ၆၀ ချဉ်းပြီ။ လူကြီးနှင့်လူငယ် ကျွန်တော်က ပြုဖွယ်အမှုတို့ကို ပြုစုသည်။ ရှေးဖြစ်ဟောင်းတွေ ပြန်ပြောင်းတွေးကာ ငယ်စဉ်တောင်ကျေး ကလေးဘဝမှစ၍ ကျွန်တော်သူ့အိမ်တွင် စားသောက်ခဲ့သည်များကို သတိရသည်။ ထို့ကြောင့် ကျွန်တော်သည် တစ်နှစ်လျှင် တစ်ခါ နှစ်ခါဆိုသလို ရွာကိုပြန်လျှင် မွေးသဖခင်ကြီးနှင့်တကွ သားချင်းများအတွက် စားကောင်းသောက်ဖွယ်များ ယူဆောင်ခဲ့ပြီဆိုလျှင် ဦးထွန်းစိန်အတွက် ကျွန်တော်မမေ့ခဲ့ပါ။ သားချင်းများနှင့် အားရအောင် စကားပြောပြီးနောက် စားစရာ အထုပ်ကလေးကိုဆွဲ၍ သွားခဲ့သည်မှာ ဦးထွန်းစိန်အိမ်ပင် ဖြစ်ပါသည်။
“ရော့… ဒီမှာ” ကျွန်တော့်လက်ထဲက အထုပ်ကို သူ့အား လှမ်းလင့်သောအခါ…
“ဘာလဲကွ…”
“ပုဇွန်ထုပ်ကြီးတွေလေ… ပြုတ်ပြီးသား”
“ဟာ… ကောင်းတာပေါ့ကွာ… သံပုရာသီးနဲ့ သုတ်မယ်။ စိန်ခ… မိခွေးခြံမှာ သံပုရာသီး သွားခူးစမ်း… ငရုတ်သီးစိမ်းလည်း ဆွတ်ခဲ့…”
ဤကား ဦးထွန်းစိန် နောက်ဆုံးစားသွားသော ပုဇွန်ထုပ်သုတ်ပေတည်း။ ကျွန်တော်သည် ဤအခေါက်ရွာ၌ တစ်ပတ်လောက်နေ၍ ပြန်ခဲ့ပြီးနောက် တစ်လလောက် အကြာတွင် ကိုမောင်ခိုသားဆီမှ စာလာသည်။အစ်ကိုကြီးအဘစိန်ရယ် ပြာသိုလဆန်း ၃ ရက်နေ့က ၉၆ ပါးသော ရောဂါဖြင့် သေဆုံးပါသည်။ လဆန်း ၆ ရက်သင်္ဂြိုရက်နေ့ သင်္ဂြိုဟ်ပြီးပါပီ။အခြားလူများ အားလုံး ကျန်းမာကြ၏။
ဟန်ထွန်း။
နေ့စွဲကြည့်သော် မသာချပြီးတာပင် ၁၀ ရက်ကျော်ခဲ့ပြီ။ အင်း… သူ့စာမှာကား ‘၉၆ ပါးသော ရောဂါဖြင့် ရုတ်တရက် သေဆုံးပါသည်’ တဲ့။ ဘယ့်နှယ်တုန်း လေဖြတ်တာ များလား၊ သွေးတိုးရောဂါ ရှိတယ်လည်း မကြားခဲ့ဖူးပါ။ ဦးထွန်းစိန်သည် အသက် ၇၀ ကျော်၌ မျက်စိမှုံသော်လည်း သွားအင်မတန် ကောင်းသဖြင့် စားနိုင်၊ ဝါးနိုင်သောကြောင့် လူ ဝဝလင်လင်ကြီးပင် ဖြစ်ပါသည်။ ကျွန်တော်နှင့် နောက်ဆုံးခွဲခွာခဲ့ရသောည သူ အမဲရင်ဒူးရိုးများ တဂျွမ်းဂျွမ်း ဝါးနေသည်ကိုပင် မြင်ယောင်မိသေးသည်။ ဤစာရပြီး ၃-၄ လမျှအကြာ ကျွန်တော် အခွင့်သာ၍ ရွာသို့ပြန်ရောက်သွားတော့ သိရသည်။ ဦးထွန်းစိန် သေပုံမှာ ငိုအားထက် ရယ်အားသန်ဖွယ်။ မိနက်၏ ဝက်နို့စို့ကလေး ခွေးကိုက်၍သေတော့ ဦးထွန်းစိန်အား ပေးသည်တဲ့။ ဦးထွန်းစိန်က ဒီဝက်ကလေးသား တစ်ကောင်လုံး အူအသဲ(သည်း)ပါ ရောချက်ပြီး မနက်ခင်း ထန်းရည်နှင့် စတီးသည်တဲ့။ ဆွမ်းခံလာချိန်ကျတော့ သူ နောက်ဖေးသွားပြီး ဗိုက်နာသတဲ့။ ဒါကြောင့် ဝမ်းကိုထိန်းရန် ချက်အရက်ကို ပြောင်းသောက်သတဲ့။ ဒီတော့ ဝမ်းကချုပ်ပိတ်သွားပြီး မအီမလယ် ဖြစ်ပြန်သတဲ့။ ဒါကြာင့် ဝမ်းအနည်းငယ်သွား၍ လေလိုက်စိမ့်သောငှာ ဒေါ်စိန်ခမုန့်လုပ်ဖို့ ကျိုထားခဲ့တဲ့ ထန်းလျက်ရည်များကို သောက်ပြန်သတဲ့။ အဲသည်အခါလည်းကျရော လူဟာ လေးဘက်ကယ်ပြီး လဲပါရောတဲ့။ ဒီတော့မှ အများသိကြပြီး အနားရှိတဲ့ ဗိန္ဓောဆရာကို ခေါ်ပါသော်လည်း ထိုညအချိန်မှာပဲ မရဏသေမင်း လက်ထဲပါသွားပါရောတဲ့ ခင်ဗျာ…။ အရီးခသည် ဤအကြောင်းကို ပြောပြီး ငိုပါသည်။
“ငါ… နင့်မြင်တော့ ပြန်ငိုချင်တယ်ဟဲ့… အဲဒီနေ့ မနက်ဆီက ဝက်သေကလေးရတော့ နင့်ဦးက ပြောသေးတယ်ဟဲ့… ငါ ဗိုလ်ကြင့် သတိရလိုက်တာတဲ့။ သူတို့ ရန်ကုန်ဟိုတယ်ကြီးတွေမှာ ဒီလို ဝက်ကလေးကောင်လုံးကြော်ကို ရှစ်ဆယ်တစ်ရာတောင် ပေးစားရတယ်လို့ ဗိုလ်ကြင် ပြောဖူးတယ်တဲ့။ ခုနေများ ဗိုလ်ကြင်ရှိရင် တို့တူဝရီးနှစ်ယောက် ဘယ်လောက် ဟန်လိုက်မလဲတဲ့”
“အင်း… ဟန်ပါလိမ့်မယ်အများကြီး၊ ကျုပ်လည်း သူနဲ့အတူ စားပြီး သူ့လို သေမှာပေါ့ဗျ။ တော်ပါဗျာ ငိုမနေပါနဲ့တော့။ လှလည်း မလှဘဲနဲ့။ လူဆိုတာ ငမွေထိုးချည်းပေါ့ဗျ”
သူအငိုတိတ်စိမ့်သောငှာ တမင်ရွဲ့လိုက်သည်။ အရီးခသည် စိတ်လွယ်သူဖြစ်သည်။ ကျွန်တော် ပြောတာကို ငိုရာမှ ရယ်ပြီး “ကမျင်းထီးကောင်… ရွှတ်ရ နောက်ရမယ်ဆိုရင်… ” ဟု ပြောပြီး ကျွန်တော့်လိုက်ထု၍ ကျွန်တော် ပြေးခဲ့ပါသည်။ အရီးခ ယခုနေသည်မှာ ကျွန်တော်တို့ အိမ်ရှေ့တည့်တည့် ဦးထွန်းစိန်ညီ ကိုချစ်ရာ သားမက်၏ အိမ်ဘေးတွင် အဖီထုတ်၍ တစ်ကိုယ်တည်း နေလေရာ ဤမြေချာသည် ဟိုအရင် ကျွန်တော်ငယ်စဉ်တောင်ကျေး ကလေးဘဝက သူတို့လင်မယားကို စတင်သိကျွမ်းခဲ့သည် အိမ်နေရာနှင့် ဆယ်တောင်မျှသာ ကွာလိမ့်မည် ထင်ပါသည်။ အဘွားကြီးသည် ဘဝအနေ တစ်ပတ် လည်လာခြင်းဟု ဆိုရပေမည်။ အဘိုးကြီး ခေါင်းချသွားသောနေရာကား… ဤမြေချာသည် အခါကာလအလျောက် ဆိတ်သုဉ်း၍ သွားပါပြီ။ ဤနေရာတွင် လွန်ခဲ့သော အခါကာလက အိမ်ခြေလေးငါးလုံးမျှ ရှိခဲ့ဖူးပါသည်။ နောက် အကြောင်းအမျိုးမျိုးကြောင့် တစ်အိမ်စီ၊ တစ်အိမ်စီ ပျောက်၍ သွားခဲ့ရာ လွန်ခဲ့သော ၅ နှစ်ခန့်ကစပြီးတော့ဖြင့် ယင်းရွာပြင်ဘက်တွင် စတင်ထွက်နေခဲ့သူ လင်မယား၏ တစ်အိမ်တည်းသာ ကျန်ခဲ့တော့သည်။ ယခုကား ဤတစ်အိမ်တည်းပင် မရှိတော့၊ ခြံမြေအားလုံးသည် ဆိတ်သုဉ်း၍ သွားပါပြီ။ ကျွန်တော်သည် မကြာသေးမီကမှ လူသွား ရပ်စဲသွားသော ခြေရာလမ်းကြောင်းပေါ်မှာ တစ်ယောက်တည်း မတ်တတ်ရပ်လျက် ရှိပါသည်။ ရှေ့တိုးလို့တော့ဖြင့် မဖြစ်တော့ပါ။ ဝါးထင်းထရံ ကာဆီးလျက်နေပါပြီ။ ဦးထွန်းစိန်၏ အိမ်မြေယာကိုသာ ကျွန်တော် မျှော်ကြည့်နိုင်ပါတော့သည်။ သစ်ဝါးကရိယာ ဘာမျှမရှိတော့ပါ။ အရီးခတို့ မုန့်ထောင်းသွားခဲ့သော မောင်းဆံကျင်းနေရာ၊ ဝက်လူးသွားသော ဝက်လူးကျင်းနေရာ ဒါပဲမှတ်မှတ်သားသား မြင်ရပါတော့သည်။ ဤအရာတို့ပင်လည်း ယခုတစ်မိုးကျပြီဖြစ်၍ မိုးရေတို့ဖြင့် မြေကို ပို့စေမည် ဖြစ်ရကား နောက်တစ်ခေါက် ကျွန်တော်ရောက်သွားလျှင် တွေ့ရတော့မည် မဟုတ်…။ ဦးထွန်းစိန်သည် ဤလူ့မြေမှ ဘာတွေယူသွားပါသနည်း။ ဘာမျှ ယူမသွားပါ။ ဘာတွေကော ထားခဲ့ပါသနည်း။ ဘာတွေမျှလည်း မထားခဲ့ပါ။

0 comments:

Post a Comment