ရင်ထဲရောက်လာသော ဦးနှောက်များ
ရှည်လျားသောချောင်းဆိုးသံက မှောင်ကုပ်ကုပ်အခန်းထဲမှနေပြီး အဆက်မပြတ် ထွက်ပေါ်နေသည်။ ရပ်သွားတော့မလိုလိုရှိလိုက်၊ ဆင့်ကဲ ထပ်ဆိုးလိုက်နှင့် မို့ ချောင်းတစ်ချက်နှင့် တစ်ချက်အကြားတွင် အသက်ပင်ရှူနိုင်ဟန်မတူ၊ လည်ချောင်းကျဉ်းကျဉ်းကလေးထဲတွင် အပြည့်အသိပ်နေရာယူထားဟန်ရှိသော ချွဲများနှင့် သလိပ်များကလည်း ချောင်းသံနှင့်အပြိုင် တဂူးဂူးနှင့် အလုအယက် မြည်နေပြန်သည်။
"အင်း ဒီအဘွားကြီးလည်း ဝဋ်ခံနေရတာပဲ။ ရောဂါကလည်း မပျောက်၊ သေကလည်း မသေနိုင်"
အိမ်အပြင်ကွပ်ပျစ်တွင် ထိုင်ရင်း ဝဲကုတ်နေသော သမက်ဖြစ်သူ ကိုအုန်းမောင်က စိတ်ပင်ပန်းစွာ တွေးသည်။ ပိန်ချပ်ပြားကပ်နေသော ရင်ပတ်ကလေးကို မောက်မောက်ပြီး ကြွလာအောင် ကြိုးစားပမ်းစား အသက်ရှူနေရမည့် အမေမြိုင်၏ရုပ်အသွင်ကို အခန်းတွင် ဝင်မကြည့်ဘဲ အတွေးထဲ၌ မြင်နေသည်။
"ရင်ကျပ်၊ ပန်းနာဆိုတာလည်း အင်မတန်ပျောက်ခဲတဲ့ ရောဂါပဲ။ ကြက်သည်းချေကို အစိမ်းလိုက် မျိုချရမယ်ဆိုလို့ ကြက်သည် ကိုချစ်တီးဆီက တောင်း တောင်းပြီး မျိုခိုင်းပေါင်းလည်း များလှပါပြီ"
ကြက်သည်းချေ အစိမ်းလိုက်မျိုခိုင်းသည်မှအပ ဘာမြန်မာဆေး၊ အင်္ဂလိပ်ဆေးကိုမှ မည်မည်ရရ ၀ယ်မကျွေးဖြစ်သည်ကိုတော့ ဆက်မတွေးတော့ဘဲ ချန်လှပ်ထားလိုက်သည်။ လျက်ဆားကလေး လျက်လိုက်၊ ကွမ်းရွက်ကလေး ငုံလိုက်၊ ဆားမီးဖုတ်ကလေးမျိုလိုက်နှင့် အမေမြိုင်သည် သူ့အသက်ကလေးကို သူကြံဖန်ပြီး ရှည်အောင်ဆက်နေခဲ့ရသည်ကိုလည်း အသိသားပင်။
"ငါသာဆိုရင်တော့ ဒီလိုဝေဒနာဆိုကြီးနဲ့ဆိုရင် အသက်ရှည်မနေချင်ပေါင်ဗျာ၊ ဘာလုပ်မှာလဲ ဝဋ်ခံနေရတာပဲ၊ ဟောကြည့် ဆိုးပြန်ပြီ"
ချွဲသံ သလိပ်သံများနှင့် ရောထွေးနေသော ချောင်းဆိုးသံက ကြားရသူပင် မောချင်လာသည်။ အခန်းတွင်းမှ သလိပ်ဟပ်သံကိုကြားရသော ကိုအုန်းမောင်ကလည်း ကွပ်ပျစ်ဘေးမြေကြီးပေါ်သို့ တံတွေးကို ပစ်ခနဲ ထွေးချလိုက်သည်။
"ဝဋ်ခံနေ ဝဋ်ခံနေ၊ အင်း ... ဝဋ်ဆိုက ဗုဒ္ဓဟူးနံဆိုတော့ လေး၊ ခံက နှစ်၊ နေက ခုနစ်၊ ဒီတော့ လေး နှစ် ခုနစ်၊ ဟ ဟား ဒီအပတ် ထိပ်စည်းက လေး နှစ် ခုနစ်များ ထွက်မှာလားမသိ"
တစ်ဆယ့်ငါးရက်တစ်ခါ တစ်လတစ်ခါ အစိတ်မျိုး သုံးဆယ်မျိုး ပူဇော်နေရသော်လည်း ကိုအုန်းမောင်သည် ထီထိုးရန် စိတ်မကုန်သေးချေ၊ မပေါက်ဘဲကုန်သွားသောငွေကို နှမြောသော်လည်း ပေါက်လျှင်ရလာမည့် ငွေက ပိုပြီးဆွဲဆောင်အားကောင်းနေသည်။
"ကိုအုန်းမောင်ရယ်၊ ကျပ်တို့မှာ လက်လုပ်လက်စား ဆင်းရဲသားတွေပါ။ တော် ရေထမ်းတာရော၊ ကျပ် ခေါက်မုန့်ရောင်းတာရော၊ နှစ်ယောက်ပေါင်းမှ အစိတ်သုံးဆယ်လောက်ရတာ၊ ကျပ်တို့ရဲ့ချွေးနှဲစာကလေးကို မသေချာ၊ မရေရာတဲ့အလုပ်ကြီးလုပ်ပြီး မဖြုန်းချင်စမ်းပါနဲ့"ဟု မိန်းမက အတန်တန်တားသည်။ သို့ပါသော်လည်း တစ်ပတ်လျှင် တစ်ဆယ်၊ တစ်ဆယ့်ငါးကျပ်ဖိုးမှ မထိုးရလျှင် ကိုအုန်းမောင် စိတ်မပျော်၊ ခလုတ်တိုက်လျှင်လည်း အတိတ်ကောက်၊ ခွေးကိုက်လျှင်လည်း နိမိတ်ကောက်ပြီး ကိုယ့်ကိုယ်ကိုယ် နေ့ချင်းညချင်း ချမ်းသာတော့မလို ထင်နေသည်။
"ငွေဆိုတဲ့ ငွေကလည်း တယ်ပြီးအကျင့်တန်တာပဲ၊ များများရှိတဲ့လူတွေဆီကိုသာ သွားချင်နေတယ်၊ နည်းနည်းမှမရှိတဲ့လူတွေဆီကိုတော့ လာဖို့ စိတ်ကူးတာမဟုတ်ဘူး .... ထွီ"
ကိုအုန်းမောင်က မြေကြီးပေါ်သို့ တံတွေးထွေးချလိုက်ပြန်သည်။
"တစ်ပတ်တစ်ပတ် တစ်ဆယ်ဖိုးပဲထား၊ တစ်လကို လေးဆယ်၊ တစ်နှစ်ဆိုရင် လေးရာ့ရှစ်ဆယ်၊ ဒီငွေကိုသာ စုထားမိရင် .... ဟင်း..."
ကိုအုန်းမောင်က နှမြောကြီးစွာနှင့် သက်ပြင်းချသည်။ သက်ပြင်းသာချခဲ့သော်လည်း အချိန်တန်လျှင် ဟိုလူပြောသောနံပါတ်က သေချာသလိုလိုနှင့်မို့ သူ့စိတ်ကိုသူ မနိုင်ဘဲ တစ်ဆယ် တစ်ဆယ့်ငါးကျပ်လောက်တော့ ထွက်ဦးမည်ကို ကြိုတင်ပြီးသိနေသည်။
"တော်ကြာနေ ဒီအဘွားကြီးက သေဦးမယ်၊ မသာစရိတ်က လိုဦးမယ်"
ကိုအုန်းမောင်က ဝါးကွပ်ပျစ်ပေါ်တွင် ပက်လက်လှဲအိပ်လိုက်သည်။ ဗာဒံပင်ပေါ်မော့ကြည့်လိုက်တော့ နီဝါရောင် ဗာဒံရွက်များက တဖျတ်ဖျတ် လှုပ်ခါနေသည်ကို ကိုအုန်းမောင်ကြည့်နေမိစဉ် ရွက်ဝါနှစ်ရွက်က ဖြုတ်ခနဲ ကြွေကာ သူ့နံဘေးသို့ တိတ်တိတ်ဆိတ်ဆိတ် ကျလာသည်။ ဒီအရွက်တွေ ကြွေသလို ယောက္ခမဖြစ်သူ အမေမြိုင်သည်လည်း မကြာမီ ကြွေရတော့မည်ဖြစ်ကြောင်းကို အလိုလိုသိနေသည်။
"သစ်ရွက်ကြွေတယ်ဆိုတာက သူ့ဟာသူ လေထဲလွင့်သွားသွား၊ အိမ်ခေါင်မိုးပေါ်တင်တင်၊ ရေကန်ထဲကျကျ ဘာအရေးလဲ၊ အင်း .... လူဆိုတာကတော့ ထွက်သွားပြီး ဘယ်ရောက်သွားတယ်မသိဘူး၊ ကျန်ခဲ့တဲ့ အသေကောင်ကြီးကို မြေကြီးထိရောက်အောင်ပို့ဖို့က လွယ်တာမှတ်လို့"
ချွဲသံ၊ သလိပ်သံများနှင့် ရောပြွမ်းနေသော ချောင်းဆိုးသံကို ကြားရပြန်၍ ကိုအုန်းမောင်မျက်နှာ အလိုလိုရှုံ့သွားသည်၊ ချောင်းဆိုးသံ အတန်ငယ် ရပ်သွားတော့
"ဘုရား.... ကယ်ပါ ဘုရား ....."
တုန်ရီ လှိုက်မောစွာ ညည်းညူတမ်းတလိုက်သော အမေမြိုင်၏အသံကို မပီမသ ကြားရသည်။
"အမေ ဆန်ပြုတ်"
"မသောက်ချင်တော့ပါဘူးကွယ်"
"အမေကလည်းလေ ဆန်ပြုတ်ကလေးမှမသောက်ရင် အားပြတ်သွားမှာပေါ့။ ဟောဒီမှာ အာပြဲခြောက်ကလေးလည်း ဖုတ်လာတယ်"
"အေး ... အေး"
သူ့မိန်းမ မကျင်နှင့် အမေမြိုင်တို့ အပြန်အလှန်ပြောနေသည်ကို နားစွန့်ရင်း ကိုအုန်းမောင် နှုတ်ခမ်းကို မသိမသာမဲ့လိုက်သည်။
"ဆန်ပြုတ်ချည်းပဲ ထင်တုန်းက မသောက်ချင်ဘူးတဲ့၊ ငါးခြောက်ဖုတ် ပါတယ်ဆိုမှ အေး အေး တဲ့၊ တယ်လည်းသိလိုက်တဲ့ ပါးစပ်ပါလား ဟဲ့"ဟု တွေးသည်။
"ငါးခြောက်ဖုတ်ကျွေးကျွေး၊ ခေါက်ဆွဲပြုတ်ကျွေးကျွေး သေတာကတော့ သေခါနီးနေပါပြီ"
သူ့ကိုယ်ပေါ်သို့ ဝဲလွင့်ပြီးကျလာသော နီထွေးထွေးအရောင် ဗာဒံရွက်တစ်ရွက်ကို အသာပုတ်ချလိုက်သည်။ ဗာဒံရွက်က ကွပ်ပျစ်အောက်တွင် ခေတ္တနားနေပြီးနောက် လေတိုက်ရာဘက်သို့ ရှပ်တိုက်ပြီး လွင့်ထွက်သွားသည်။
"ဒါပေမယ့် သေမဲ့အတူတူ အိမ်ထဲမှာမသေဘဲ လမ်းပေါ်မှာ ကားတိုက်ပြီးသေရင် ဘယ်လောက်ကောင်းလိုက်မတုံး"
ကိုအုန်းမောင်က ရုတ်တရက် တွေးလိုက်မိပြီးမှ စိတ်ထဲတွင် အားနာသလိုလို ဖြစ်သွားသည်။ အိမ်ဘက်ကို မလုံမလဲနှင့် ဖျတ်ခနဲလှမ်းကြည့်မိလိုက်တော့ "ဘုရား ဘုရား ကယ်တော်မူပါဘုရား"ဟူသော အမေမြိုင်၏အသံတုန်တုန်ကို ကြားရသည်။
"ငါစဉ်းစားတာကိုများ သိသွားသလားမသိဘူး"ဟု တွေးပြီး ဒုံးခနဲ ရင်ခုန်သွားသော်လည်း "အဲဒီလိုသာဆိုရင် မြိုးမြိုးမြက်မြက်ကို လျော်ကြေးရမှာ၊ အသုဘစရိတ် နုတ်ပြီးတာတောင် ထောင်ချီပြီးကျန်နိုင်သေး၊ အဟေး"ဟု ဆက်ပြီးတွေးနေမိသည်။
* * *
နှုတ်ခမ်းပဲ့နေသော သံဇလုံဝါဝါထဲမှ ကျဲတောက်တောက်ဆန်ပြုတ်သည် သောက်ချင်စဖွယ်မကောင်းလှပေ၊ အဆင်းက မလှရသည့်အထဲ ဆန်လုံးများက မနူးမနပ်ဘဲ မာဆတ်နေတော့ ဆန်ပြုတ်အရည်အချင်းနှင့်လည်း ပြည့်စုံခြင်းမရှိချေ။
"မီးသွေးကိုချွေတာရတော့ ဒီလိုပဲ ဖြစ်နေတော့မှာပေါ့၊ ဆန်ပြုတ်တစ်အိုး နူးအိနေအောင်ပြုတ်ဖို့က မီးသွေးဘယ်လောက်လိုသလဲ အမေလည်း သိမှာပါ"
သံဇလုံထဲမှဆန်ပြုတ်ကို သံဇွန်းနှင့် မွှေနေသော အမေ့ကိုကြည့်ရင်း မကျင်က စိတ်မကောင်းဖြစ်နေသည်။ သံကိုသံချင်းထိခတ်ပြီး တကျီကျီမြည်နေသော်လည်း အမေမြိုင်က ဆန်ပြုတ်သောက်ရမှာ ပင်ပန်းနေဟန်နှင့် တစ်ဇွန်းမျှ ခပ်မသောက်သေးချေ။
"အမေ ငါးခြောက်ဖုတ်"
" အေး... အေး"
အမေမြိုင်က ငါးခြောက်ဖုတ်ကလေးတစ်ဖတ်ကို ကောက်ပြီးဝါးသည်။ မီးသွေးအရှိန်နည်းနေမှ ဖုတ်ထားသောအာပြဲခြောက်သည် ကြွပ်ကြွပ်ရွရွမနေဘဲ ပျင်းတွဲတွဲဖြစ်နေသည်။ အမေမြိုင်က အားစိုက်၍ ဝါးရင်း ချောင်းတဟွတ်ဟွတ်ဆိုးပြန်သည်။
ရင်ဘတ်ဖိလို့လည်းမရ၊ ကျောဖိလို့လည်းမရ၊ အမေမြိုင်၏ချောင်းက သူ့ဟာသူ ရပ်ချင်မှရပ်တတ်သောချောင်းမို့ မကျင်က စိတ်ပင်ပန်းဆင်းရဲစွာနှင့် သူ့အမေအား ငေးကြည့်နေသည်။
"အမလေး ဘုရား ဘုရား"
အမေမြိုင်က သူ့လည်ချောင်းမြှောင်းမြှောင်းလေးကို လက်ပိန်ပိန်လေးနှင့် အသာကိုင်ကာ မောဟိုက်နေသည်။ နှာခေါင်းနှင့် အသက်ရှူရတာ အားမရ၍ ပါးစပ်ကိုပါ ဟပြီး ရောရှူနေရသည်။
"အမေလည်း ဒီလိုနဲ့ပဲ သွားတော့မယ် ထင်ပါရဲ့ "
မကျင်က ငါးခြောက်ဖုတ်ပန်းကန်လေးကို ငုံ့ကြည့်ရင်း တွေးသည်။ သူငယ်စဉ်တုန်းက ငါးရံ့ကိုယ်လုံးလေးနှင့် အလှကြီးလှခဲ့သော အမေ၊ သူအပျိုဖြစ်တော့လည်း ရင်မောက်မောက် တင်ကောက်ကောက်နှင့် အဝကြီးဝခဲ့သော အမေ၊ ထိုအမေသည် ယခုတော့လည်း သံပန်းကန်ထဲက အာပြဲခြောက်ကလေးလို ပိန်လှီခြောက်ကပ်၍ နေချေပြီ။ အမေ ဤမျှပိန်သွားနိုင်လိမ့်မည်ဟု ယခင်က လုံးဝမထင်ခဲ့မိချေ။
"အမေ .... ရေ"
"အေး"
အမေက ရေကို တစ်ငုံသောက်သည်။ ထို့နောက် ပါးစပ်ထဲမှာဝါး၍ မကြေသေးသော ငါးခြောက်ဖတ်ကလေးကို ကြမ်းကြားထဲသို့ ထွေးချလိုက်သည်။
"အမေက အာပြဲခြောက်မစားချင်ဘူးထင်ပါရဲ့ ။ ငါကလည်း ဒါကလွဲလို့ မကျွေးနိုင်"
သံပန်းကန်ထဲတွင် ငေါင်းစင်းစင်းလှဲနေသော အာပြဲခြောက် သုံး လေးဖတ်ကို ငေးကြည့်ရင်း မကျင် စိတ်အားငယ်ချင်လာသည်။ အမေမြိုင်က ဆန်ပြုတ်တစ်ဇွန်း နှစ်ဇွန်းသောက်သော်လည်း ငါးခြောက်ဖတ်ကို ထပ်မနှိုက်တော့ချေ။
"အမေ့ကိုကြည့်ရတာ ကမ္မဋ္ဌာန်းရုပ်ကလေးလိုပဲ ယဲ့ယဲ့ကလေးပဲ ကျန်တော့တယ်။ အမေအားရှိအောင်လည်း ငါမကျွေးနိုင်၊ အမေနေကောင်းအောင်လည်း ငါမကုနိုင်"
မကျင်က သက်ပြင်းချသည်။
"ငါးရံ့ခြောက်ဖုတ် ဆားပေါ့ပေါ့လေးကို ဆီရွှဲရွှဲဆမ်းပြီးပေးရင်တော့ အမေကြိုက်မှာပဲ" ဟုတွေးပြီး နေရင်းမှ ဈေးကြီးသော ငါးရံ့ခြောက်ကို အမေ့အတွက် တကူးတကဝယ်ပြီး မီးဖုတ်ပေးဖြစ်လိမ့်မည် မဟုတ်သည်ကိုလည်း ကိုယ့်ကိုယ်ကိုယ် သိနေသည်။
သို့သော်လည်း အမေသေတော့မှ "အမေရေ ... အမေရဲ့၊ ဟောဒီမှာ အမေစားချင်တဲ့ ငါးရံ့ခြောက်လေးလေ၊ သမီး ဖုတ်ပြီး ဆီဆမ်းလာပြီ အမေရဲ့၊ ထပြီးစားလှည့်ပါဦး"ဟု တမ်းတပြီး ငိုရမှာကို ကြောက်သည်၊ ရှက်လည်းရှက်သည်။
"အမေ့မှာ အချိန်လည်း သိပ်မကျန်တော့ပါဘူး။ အမေမသေခင်ကလေးမှာ အရသာရှိတာလေး ငါကျွေးရမှာပေါ့၊ ကြွေးတင်ရင်တင်၊ ကျွန်ဖြစ်ရင် ဖြစ်"
မကျင်က မသိမသာအံခဲပြီး စိတ်ကိုတင်းသည်။
"ကြွေး ... အင်း... ကြွေးဆိုလို့ အခုပဲ စားကြွေးက ငါးရာရှိနေပြီ၊ နေ့ပြန်တိုးက နှစ်ရာ ..."
ကြွေးကိစ္စကို စဉ်းစားနေတော့ မကျင်၏ခေါင်းထဲတွင် ဒိန်းခနဲ ဖြစ်သွားသည်။ ငါးရံ့ခြောက်ကိုလည်း ရုတ်တရက်မေ့သွားသည်။
"အင်း မပြောကောင်း မဆိုကောင်း အမေများ တစ်ခုခုဖြစ်ရင် ငွေက လိုဦးမယ်။ ချေးရငှားရဦးမယ်။ အပေါင်မပါဘဲ ချေးရတာလည်း အတိုးကြီးကြီးပေးပြီး ရှိခိုးဦးတင်"
ဆန်ပြုတ်ပန်းကန်မွှေနေသော အမေမြိုင်၏ လက်ချောင်းပိန်ပိန်လေးများကို ငေးကြည့်ရင်း မကျင် ဝမ်းပန်းတနည်းဖြစ်နေသည်။ သို့သော် ထိုဝမ်းနည်းနေသောစိတ်က အမေ့အတွက်ဖြစ်နေသည်ကိုကား သတိမထားမိပေ။
"ဖဲဝိုင်းလုပ်ရင်တော့ စရိတ်ကျေတဲ့အပြင် မြတ်တောင်မြတ်နိုင်သေး"
မကျင်သည် ဖျတ်ခနဲ တွေးလိုက်ပြီးမှ အရသာခံ၍မရသော ဆန်ပြုတ်ကို ကြိုးစားပြီး မျိုချနေသော အမေ့ကို မလုံမလဲလှမ်းကြည့်မိသည်။ သူ့ခေါင်းထဲသို့ ထိုအတွေးရောက်လာသဖြင့် မကျင်သည် ကိုယ့်ကိုယ်ကိုယ် ပြစ်တင်ရင်း အတွေးကိုဖြတ်မချဘဲ ဆက်တွေးနေသည်။
အမေ ဖဲကိုမုန်းကြောင်း တစ်ရပ်လုံးသိသည်၊ အဖေသည် ဖဲဝိုင်းတွင် ငြင်းခုန်ရန်ဖြစ်ရာမှ ဓားထိုးခံရပြီး သေဆုံးခဲ့ရသောကြောင့်ဖြစ်လေသည်။ ထိုစဉ်က မကျင် ဆယ်နှစ်သမီးခန့်ရှိပြီဖြစ်သည်။
"ဖဲသမားမသာပေမယ့် ဖဲဝိုင်းမထောင်ရဘူးဟေ့၊ အကောက်မရလို့ အကြွေးတောထဲ ငယ်ထိပ်ထိအောင် နစ်ချင်နစ်၊ ဒီဖဲကို ဒီတစ်သက် ငါ့အိမ်ပေါ် မတင်ရဘူး"ဟု အမေက တင်းမာစွာပြောခဲ့သည်ကို မကျင်မှတ်မိသည်။
"အမေ ဖဲကို ဒီလောက်မုန်းမှန်းသိရဲ့သားနဲ့ ငါ ဘာလို့ ဒီလိုတွေးရတာလဲ"
မကျင်က သူ့ကိုယ်သူမေးရင်း သက်ပြင်းကို ဟင်းခနဲချသည်။ ထို့နောက် "ဒါဆိုရင် စားကြွေး ငါးရာရော၊ နေ့ပြန်တိုး နှစ်ရာရော၊ ကျေသွားနိုင်တယ်"ဟု ဆက်ပြီးတွေးမိပြန်သည်။
"သမီး"
အမေမြိုင်ကခေါ်တော့ မကျင် လန့်သွားသည်။ သူတွေးနေတာတွေကို ကြားသွားပြီအထင်နှင့် ရင်တွေ တဖျပ်ဖျပ်ခုန်သွားသည်။
အမေမြိုင်က ဆန်ပြုတ်ဇလုံလေးကို လှမ်းပေးပြီး "ရော့ .. အမေမသောက်နိုင်တော့ဘူး"ဟု ပြောသည်အထိ ရင်အခုန်က မရပ်နိုင်ပေ။ အမေ၏ချုံးကျနေသော မျက်နှာပိန်ပိန်လေးကို ကြောင်တောင်တောင်နှင့် ပြန်ကြည့်နေပြီးမှ :
"အမေ ဖဲထုပ် .. အဲ အဲ.. ငါးခြောက်ဖုတ် မစားတော့ဘူးလား"ဟု အယောင်ယောင် အမှားမှားနှင့် ပြောလေသည်။
* * *
“အမေရေ ထမင်းဆာပြီ"
သံဒိုးက အိမ်ထဲသို့ ဒိုးကလေးတစ်လုံးလို လိမ့်ဝင်လာသည်။ ဆန်ပြုတ်ဇလုံကိုင်ပြီး ထလာသော သူ့အမေမကျင်ကို မြင်သော်လည်း အရှိန်မသတ်နိုင်ဘဲ တည့်တည့်ဝင်ပြီးတိုက်မိသည်။
"မျောက်လောင်း၊ လုပ်လိုက်ရင် ဒါမျိုးချည်းပဲ"
မကျင်က လက်ထဲမှလွတ်ကျသွားသော သံဇလုံကို မကောက်နိုင်သေးဘဲ သံဒိုး၏ခေါင်းကို အရင်ခေါက်သည်။ မကြာခဏ အခေါက်ခံနေကျဖြစ်၍ အရေထူနေပြီဖြစ်သော သံဒိုးက သူ့ခေါင်းကို ပွတ်ပင်မပွတ်မိတော့ဘဲ "ဘာဟင်းတုံးဗျ အမေရ"ဟု မေးရင်း မီးဖိုဘက် ဝင်ပြေးသည်။
"နင့်အဖေရော"
"ဟိုမှာလေ"
သံဒိုးက ဗာဒံပင်ရိပ်မှ သူ့အဖေကို လက်ညှိုးထိုးပြသည်။
"ဘာလုပ်နေတာလဲ"
"ထိုင်နေတာလေ"
"ရေထမ်းမသွားသေးဘူးလားလို့ မေးတာဟဲ့၊ ထိုင်နေတာတော့ ငါမြင်တာပေါ့”
"ရေတိုင်မှာ ပုံးတွေမှစီလို့၊ ရေကတော့ အဘွားမြိုင် သေးပေါက်သလောက်ပဲ ကျတယ်၊ တတောက်တောက်နဲ့"
သံဒိုးက ထမင်းအိုးကိုဖွင့်သည်။ လက်က ထမင်းအိုးကိုနှိုက်နေရင်း မျက်စိက ငါးပိရည်အိုးကို လှမ်းကြည့်သည်။ ငါးပိရည်မရှိလျှင်လည်း သံဒိုးက ထမင်းကိုဆားဖြူးပြီး ငရုတ်သီးစိမ်းကိုက်ကာ စားနိုင်သည်။
"အမေ ကျွန်တော် အသက်ဘယ်လောက်ရှိပြီလဲဟင်"
"အင်း ရှစ်နှစ်ပြည့်ပြီထင်ပါရဲ့ ၊ ဘာဖြစ်လို့လဲ"
"ဪ၊ အဖေက ကျွန်တော်လည်း ရေထမ်းမယ်ဆိုတော့ မင်းငယ်သေးတယ်ဆိုလို့ပါ"
အမေမြိုင် မစားနိုင်သောငါးဖောင်ရိုးခြောက်ဖုတ်ကို သံဒိုးက ခုံမင် နှစ်သက်စွာ ဝါးနေသည်။ ဖုံထဲသဲထဲတွင် လူး၍ဆော့လာသောကြောင့် သူ့တစ်ကိုယ်လုံး ပေပြီး မဲနေသည်။ ကျောင်းကဆရာမက အစာမစားမီ လက်ကို စင်စင်ဆေးရမည်ဟု ဆုံးမခဲ့သော်လည်း သံဒိုးက ကျောင်းကစကားကို ကျောင်းမှာပဲထားခဲ့သည်။ ယခုလို ကျောင်းအကြာကြီးပိတ်ထားတော့ ပို၍ပင် မေ့သေးသည်။ နဂိုကတည်းက မကျေညက်သေးသော အလီပေါင်းများကိုလည်း မရတော့ပေ။ ဆော့လိုက် စားလိုက်နှင့်မို့ သူခေါင်းထဲတွင် ဂျင်၊ ဘောလုံး၊ သားရေကွင်း၊ ကျောက်ဒိုး စသည်များသာရှိတော့သည်။
"အမေ ကျော်မင်းနိုင်ကလေ ရထားပေါ်မှာ စီးကရက်ရောင်းမယ် တဲ့"
"ဟုတ်လား"
မကျင်က တစ်လုံးချိုင့်ကလေးထဲတွင် ထမင်းထည့်သည်။ အိမ်မှာ စားနေရလျှင် ကြာရော့မည် ။ ခေါက်မုန့်လုပ်ရင်းမှ စားတော့မည်ဟု စဉ်းစားမိ၍ ဖြစ်သည်။
"ေဩာ် ...အမေ အစ်မက မှာလိုက်တယ်။ အမေ မြန်မြန်လာပါ၊ သူ အိမ်သာတက်ချင်လှပြီတဲ့"
"အေး .. အေး... အခုသွားမှာပါ"
ခေါက်မုန့်ဆိုင်ကို ဆယ်နှစ်အရွယ်သမီးလက်ထဲ အပ်ခဲ့ရသည်။ သမီးက အတော်လေး ကူဖော်လောင်ဖက်ရနေပြီမို့ မကျင် အတန်ငယ် သက်သာသည်။
အခုလိုကျောင်းပိတ်နေတော့ ပိုပြီးတော့ပင် ဟန်ကျနေလေသည်။
"ငါးခြောက်ဖုတ်ကို အကုန်စားမပစ်နဲ့၊ နင့်အဖေနဲ့ နင့်အစ်မဖို့ ချန်ထားဦး"
မကျင်က သူ့ထမင်းချိုင့်ထဲသို့ ငါးပိရည်လောင်းချလိုက်ပြီး ငါးခြောက်သုံးလေးဖတ် ထည့်သည်။
"ဟော အမေချောင်းဆိုးပြန်ပြီ"
ရှည်လျားသောချောင်းဆိုးသံကို ကြားရပြန်တော့ မကျင် မော၍သွားသည်။ ခြေလှမ်းက အတန်ငယ်တုံ့သွားသည်။
"အဘွားမြိုင်ကလည်း အမြဲချောင်းဆိုးနေတာပဲ"
သံဒိုးက စိတ်ပျက်သလိုပြောသည်။ ထို့နောက် သူ့အမေမကျင် အနားသို့ တိုးကပ်လာပြီး ခပ်တိုးတိုးမေးသည်။
"အမေ အဘွားမြိုင်သေခါနီးပြီလားဟင်"
"ဟဲ့ကောင်လေး၊ ဘာတွေ လျှောက်ပြောနေတာလဲ"
မကျင်က ရင်ထဲတွင် ဒိတ်ခနဲ ဖြစ်သွားပြီး သံဒိုးကို မျက်လုံးပြူး၍ ကြည့်သည်။
"အဖေကပြောတယ်၊ အဘွားမြိုင်သေခါနီးနေပါပြီတဲ့"
"သံဒိုးနော်"
သလိပ်ဟက်သံနှင့်အတူ "ဘုရား ဘုရား"ဟူသောတမ်းတသံကို ကြားရသည်။ ပင်ပန်းကြီးစွာ အသက်ရှူနေသံကို ဆက်၍ ကြားရသည်။
"အဘွားမသာကျရင် အမေဖဲဝိုင်းထောင်မှာလားဟင်"
သံဒိုးက အရေးကြီးသောအမူအရာနှင့် ခပ်တိုးတိုးမေးသည်။
"ဘာဖြစ်လို့လဲ"
မကျင်က သံဒိုး၏ခေါင်းကို ဒေါက်ခနဲခေါက်လိုက်ချင်သော်လည်း မခေါက်သေးဘဲ အသံကိုနှိမ့်၍ ပြန်မေးမိသည်။
"အစ်မက ပြောတယ်"
"အင်း"
"ဖဲသမားတွေက ညဘက်ဆိုရင် သိပ်ဆာတတ်တာတဲ့၊ ဟိုတစ်ခါ တာတီးအဘိုးသေတုန်းက အမေနဲ့သူနဲ့ ညဖက် ခေါက်မုန့်သွားရောင်းတာ အများကြီးရောင်းရတးတဲ့"
"အင်း"
အသုဘအိမ်ဘေးက တမာပင်ရိပ်တွင် သူတို့သားအမိ ခေါက်မုန့်သွားရောင်တာ မကျင် ပြန်တွေးမိသည်။ လက်မလည်အောင် ရောင်းခဲ့ရတာ အမှန်ပင်။
" ဒီတော့လေ"
"အင်း ... ဒီတော့"
"အဘွားမသာကျရင် အစ်မက ဖဲဝိုင်းရှိရင် သိပ်ကောင်းမှာတဲ့၊ သူက ခေါက်မုန့်ရောင်းမယ်တဲ့၊ ကျွန်တော်က ဘဲဥပြုတ်ရောင်းပါလားတဲ့"
စီးပွားရေးသမားကြီးလို ခပ်ကြွားကြွားပြောသော သံဒိုးအား ငေးကြည့်ရင်း မကျင်၏ခေါင်းထဲတွင် ထုံထိုင်းပြီး ရီဝေလာသလိုလိုရှိသည်။
"သူတို့တွေ အဘွားသေမှာ မစိုးရိမ်ဘူးလား၊ ဘာလို့ ဒီလိုတွေးရတာလဲ၊ ဘာလို့ ဒီလိုပြောရတာလဲ"ဟု စဉ်းစားနေရင်းမှ "အသုဘအိမ်ဆိုတာ ဖဲဝိုင်းရှိတတ်တာပဲ၊ ဒါက အဆန်းမှမဟုတ်တာ၊ အမေနားလည်မှာပါ"ဟု ဆက်ပြီး တွေးနေမိပြန်သည်။
အခန်းတွင်းမှ အဘွားမြိုင်၏ချောင်းဆိုးသံကို အဆက်မပြတ် ကြားရပြန်သည်။
"ဘုရား ဘုရား ... ကယ်တော်မူပါဘုရား"ဟု တုန်ရီလှိုက်မောစွာ တမ်းတသံကိုလည်း တစ်ဆက်တည်းကြားရသည်။
"နော် အမေ၊ ကျွန်တော် ဘဲဥပြုတ်ရောင်းမယ်နော် အမေ့"
သံဒိုးက မကျင်၏လက်ကို လှုပ်ပြီးထပ်ပြောသည်။ နှာခေါင်းဝမှ ယိုစီးကျလာသောနှပ်ချေးများကို ရွှီးခနဲ ပြန်ရှုံ့သွင်းရင်း 'နော်... နော်'ဟု ဆက်ပြီး ရွတ်နေသည်။
ဖုန်တွေ သဲတွေ လူးပေနေသော သံဒိုးအား မကျင်က မမြင်ဖူးသူလို ငေးကြည့်နေသည်။ ခေါင်းကို သွက်သွက်ကြီး ရမ်းပြလိုက်မည်ဟု စိတ်ကူးသည်။ သို့သော် ဘာဖြစ်လို့များ ခေါင်းကို မသိမသာ ညိတ်လိုက်မိသည်ကိုတော့ သူ့ကိုယ်သူ မသိ။ သိအောင်လည်း မတွေးချင်တော့ပေ။
0 comments:
Post a Comment