Wednesday, July 28, 2021

"ဘကြီးအောင်ညာတယ်"

0 comments
"ဘကြီးအောင်ညာတယ်"
==================
“အရှေ့ကျောင်းသား သူတောင်းစား၊ လည်ပေါ်ကျောင်းသားအကောင်းစား၊ ကျောက်မီးသွေးမို့ မည်းသကို၊ တို့ကျောင်းသားမို့ ရဲသကို၊ ဟေ့လာမောင်ရို့ ဝါး” ဟု အားရပါးရဆူညံစွာအော်ဟစ်ပြေးလွှား လာကြသော ကလေးတစ်စုသည်ကား လည်ပေါ်ဘုန်းကြီးကျောင်းသားကလေးများ ဖြစ်ကြ၏။
၄င်းတို့၏ ကျောဘက် တင်းချလယ်တစ်ကွက်လောက် အကွာတွင်ချည်လုံချည်ကို ပျာတာကွင်းသိုင်း၍ သင်တိုင်းအင်္ကျီကို လျော့ရိလျော့ရဲဝတ်လျက် ခေါင်းငိုက်စိုက်နှင့်တစ်လှမ်းချင်း လာနေသော မောင်ချစ်သည် “ဧဝံ မေသုတံ ဧကံ သမယံ”ဟု တတွတ်တွတ်ရွတ်လျက်ရှိ၏။ ဆေးတစ်အိုးကျွမ်းလောက်အကြာတွင် အရှေ့သို့ လှမ်းကြည့်လိုက်ရာ ပန်းပုဆရာကြီး ဦးအောင်ချာ၏ ကနားဖျင်းတဲ၌ ကျောင်းသားသူငယ်ချင်းများ ဝိုင်းအုံနေသည်ကို တွေ့ရလေ၏။ မိမိသည်လည်းအကြောင်းကို သိလိုသောကြောင့် ပြေးသွားတိုးဝင်ကြည့်ရှုလေ၏။
ဦးအောင်ချာသည် ဆင်စွယ်မင်းသမီးရုပ်ကလေးတစ်ခုကို ထုလျက်ရှိ၏။ ထုလုပ်စဖြစ်၍ ရုပ်လုံးပေါ်ရုံမျှပင် ရှိသေးသော်လည်း အရုပ်ကလေးမှာ နွဲ့နှောင်းဖြူဖွေးချစ်စရာကလေးဖြစ်ပေ၏။ အတန်ကြာသောအခါ မောင်ထွေး၊ မောင်ခွေး၊ ဘိုးစ၊ ဘိုးလှ တို့တစ်စု ထပြန်သွားလေ၏။ မောင်ချစ်ကား မြေကြီးပေါ်တွင် ဒူးထောက်၍ ကွပ်ပျစ်ခါးပန်းတွင် မေးတင်ပြီးလျှင် အငေးသားကြည့်လျက်ပင်ရှိသေး၏။
“ဘကြီးအောင်၊ ဒီမင်းသမီးရုပ်ကလေးကို ဘယ်သူ့ပေးဖို့ ထုနေတာလဲ ဟင်” ဟု မျက်စိကလေး ပေကလပ်လုပ်၍ မေးလေ၏။ ဆောက်ပုတ်နှင့် ဆောက်ကလေးကို အသာချ၍ ဆောက်ပုံးထဲတွင် ဆေးလိပ်တိုစမ်းနေသော ဦးအောင်ချာက “ငါ့တူလိုချင်လို့လား၊ ငွေတစ်ကျပ်ယူခဲ့ရင် ဘကြီးပေးမယ်သိလား”ဟု အမှတ်မဲ့ ပြောလိုက်သောအခါ မျက်မှောင်ကြုတ်ရင်းခေါင်းကုတ်လျက် “ငွေတစ်ကျပ်ဆိုတာ ဘယ်နှစ်ပြားလဲ ဘကြီးအောင်ရဲ့”ဟု မေးပြန်လေ၏။ ပန်းပုဆရာကြီးလည်း ဆေးလိပ်ကိုချ၍ လက်ဝါးနှစ်ဖက်ကိုထောင်ပြလျက် “ဆယ်ပြား၊ ဆယ်ပြား ခြောက်ခါ။ နောက်ပြီးတော့ လေးပြားထည့်။ ပေါင်း ခြောက်ဆယ်နဲ့လေးပြား။ အဲသလောက်ကိုတစ်ကျပ်ခေါ်တယ်၊ ကြားလား”ဟု ကလေးသူငယ်များကို ချစ်ခင်သောဝါသနာရှိသည့်အတိုင်း စိတ်ရှည်လက်ရှည် ခြေဟန်လက်ဟန်နှင့် ရှင်းလင်းပြောပြလေ၏။ “ခြောက်ဆယ့်လေးပြားပေးရင် ကျွန်တော် ဒီအရုပ်ကလေးကို တစ်ကယ်ပဲရမလား။ နောက်တော့မညာနဲ့နော် ဘကြီးအောင်” ဟု ပြောရင်း သျှောင်ဆံမြိတ်လေးကို ချာချာလည်အောင် ပတ်ရစ်လျက် အိမ်ရှိရာသို့ ရွှင်လန်းဝမ်းမြောက်စွာ ခုန်ပေါက်ပြေးလွှားသွားလေ၏။
မောင်ချစ်သည် နေ့လည်ချိန် ကျောင်းတွင် မုန့်ဝယ်စားဖို့ရန် မိခင်ပေးလိုက်သော တစ်ပြား တစ်ပြားသော အသပြာကို မသုံးရက်၊ မစွဲရက်ဘဲ အင်္ကျီ သင်ပုန်းခေါင်းတွင် အပေါက်ငယ်ဖောက်၍ စုထားသည်မှာ ခြောက်ပြားမျှရလေ၏။ တစ်ထွာမျှကျယ်သော မိမိဝမ်းခေါင်းသမုဒ္ဒရာအတါကမူကကား နေ့ဆွမ်းစား ကုလားတက်အခေါက်တွင် ဘုန်းတော်ကြီးဦးခေမာဝေသော ငှက်ပျောသီးတစ်လုံးနှင့် ကျေနပ်ဖူလုံလျက်ရှိလေ၏။
ဆင်စွယ်ရုပ်ကလေးသည် တစ်နေ့တစ်ခြား သားနားကျော့ရှင်း၍လာ၏။ သွားကလေးများပေါ်လုမတတ်ရှိအောင် ပြုံးလိုက်ရန် ဟန်ပြင်နေသောအသွင်သည် အိပ်ပျော်နေသော ညအချိန်တွင်ပင်လည်း မောင်ချစ်မျက်လုံးတွင်းမှမထွက်။ ကြည့်ရဖန်များလေ အရုပ်ကလေးမှာ လှလာလေ၊ လိုချင်စိတ်ပွားလာလေ ဖြစ်ရကား တစ်နေ့မှ တစ်ပြားတစ်ပြား စုရသည်ကို အလွန်ဖင့်နှေးကြန့်ကြာသည်ဟု သိလာလေ၏။ ပိုက်ဆံရလိုလွန်း၍ ဥပုသ်နေ့များကိုပင် စာသင်ရက်ဖြစ်ပါစေတော့ဟု ဆုတောင်းမိ၏။ တစ်ပေါက်တစ်လမ်း ဘယ်နည်းနှင့် ပိုက်ဆံရအောင်ကြိုးစားရပါမည်နည်းဟု ကြံစည်မိပြန်၏။
ထိုစဉ်အခါက ကမ္ဘာစစ်ကြီးအတွင်းဖြစ်၍ ကျောက်တံအလွန်ရှား၏။ မောင်ချစ်သည် အစ်ကိုကြီးကိုသစ်၏ ကျောက်သင်ပုန်းကွဲများကို ညောင်ရေအိုးစင်မှယူ၍ ညည့်နက်သန်းခေါင်မရှောင် မှိုင်းတလူလူထွက်နေသော ရေနံဆီမီးခွက်ကြီးကို ထွန်းညှိလျက် ချွန်ထက်သော ဖဲထီးသံချောင်းဖြင့် ကျောက်တံတိုက်လေ၏။ ကျောက်တံရောင်း၍ ပိုက်ဆံခြောက်ပြားရ၏။ ကျောင်းသားကြီးဖိုးတေက အနိုင်ကျင့်၍ မပေးဘဲထားသော အကြွေးတစ်ပြားအတွက် တွေးမိတိုင်းဆွေးမိ၏။
တစ်ဆယ့်နှစ်ပြားမျှရလာသောအခါ အင်္ကျီသင်ပုန်းခေါင်းမှာ မဆံ့တော့ပြီဖြစ်၍နှစ်ဖက်ပိတ် ကြသောင်းဝါးဆစ်တစ်ဆစ်တွင် ထိပ်ကအပေါက်ဖောက်ကာ ဝေလာခေါင်း၊ ဂျော့ခေါင်း၊ နတ်ဖိုးချွန်း စသော တံဆိပ်အမျိုးမျိုး ခတ်နှိပ်သည့် ကြေးပြား ၁၂ ပြားတိတိကို သွင်းလှောင် သိုမှီးထားလေ၏။ နှစ်ဆန်းတစ်ရက်နေ့ကဒွေးလေးညို ချစ်စနိုး၍ပေးသည့် သူငယ်ဖော်မောင်ထွေးက အလိုက်နှစ်ပြားပေး၍ ပိုက်ဆံချင်းလဲစဉ်က မလဲရက်ဘဲ တွယ်တာခဲ့သည့် ထုံးအမှတ်နှင့်ဒေါင်းပိုက်ဆံကလေးကိုလည်း ဖျာအောက်မှထုတ်ယူ၍ ကြေးပြားအဖော်များရှိရာ ကြေးတိုက်အတွင်းသို့ သွတ်သွင်းလိုက်လေ၏။ ကြေးပြားအရေအတွက်ကိုလည်း ဝါးကြောတွင် စူးဖြင့်ခြစ်၍မှတ်ထားလေ၏။ “ပဲဟင်းချက်တဲ့နေ့က တစ်ပြား၊ ဘကြီးထူး ကျွဲပျောက်တဲ့နေ့ကတစ်ပြား” စသည်ဖြင့်လက်ချောင်းကလေးများကိုချိုးကာချိုးကာ ပိုက်ဆံစာရင်းတွက်ရသည်မှာ နေ့စဉ်နှင့်အမျှဖြစ်၏။ ရေတံလျှောက်ထဲမှာ ထားရရင်ကောင်းနိုးနိုး၊ သင်္ဘောကြမ်းပေါ်မှာ ဝှက်ရလျှင် လုံနိုးနိုးနှင့် ပိုက်ဆံဘူးနေရာ ကျတ်ပြောင်းရသည်မှာလည်း အမောပင်ဖြစ်၏။ အရုပ်ကလေးကိုရလျှင်ထည့်ထားဖို့ရန် ထန်းရွက်ဖာချောကလေးကို အမျိုးမျိုး ပြုပြင်ဆင်ယင်မွမ်းမံရသည်မှာလည်း မအားပင်ဖြစ်လေ၏။
စျေးသည် ဒေါ်ခါဥ၏ တောင်းနီထဲ၌ အငွေ့ထောင်းထောင်းနှင့် ကောက်ဦးငချိပ်ပေါင်းကိုမြင်ရသောအခါ သွားရည်ယိုမိ၏။ သို့ပါသော်လည်း ဝယ်မှရသောသရေစာတို့ကို သပိတ်မှောက်လေ၏။ သူငယ်ဖော်တို့ ဖန်ဒိုးဝယ်၍ ဂေါ်လီရိုက်သောအခါ ကလေးတို့ဘဝ အများနည်းတူကစားလိုပါသော်လည်း မိမိတွင် ရှိရင်းစွဲ စည်ပတ်သံခွေအဟောင်းကြီးကို ကျောင်းဝိုင်းပတ်လည်တွင် လှည့်ပတ်ရိုက်လျက် တစ်ယောက်ထီးတည်း ကျေနပ်တင်းတိမ်ရလေတော့၏။ သို့ဖြင့် တစ်ပြားတိုးလျှင် တစ်မျိုးဝမ်းသာလျှက် စုဆောင်းလာခဲ့ရာ ပိုက်ဆံ ၃၆ ပြား ပိုက်မိသော နေ့သို့ရောက်လေသတည်း။
ညနေ ၄ နာရီ ကျောင်းလွှတ်ခေါင်းလောင်းသံသည် မောင်ချစ်၏ နှစ်လုံးသွေးကို နှိုးဆွလိုက်လေ၏။ ဘုရားရှိခိုးဆုံးခါနီး “အာမ” ဟု ဆိုမိလျှင်ပင် “ဘန္တေ” ကို မစောင့်နိုင်ဘဲ ထ၍ပြေးလေရာ အဆောင့်ကိုရင်ကြီးတစ်ပါးက အလျင်လိုရကောင်းမလားဟူ၍ ထိပ်ကို ဂေါင်ဂေါင်မြည်အောင် ခေါက်လိုက်၏။ အမှုမထားမိ။ လမ်းတွင် ခလုတ်တိုက်၍ ခြေမကွဲသွားသောလလည်းနာရမှန်းမသိ။ ဦးအောင်ချာ့ ကနားဖျင်းနားရောက်သောအခါ အတွင်းသို့ ဝင်သွားလေ၏။ ဖော့ဦးထုပ်ကိုဆာင်း ဘောင်းဘီအပြာဝတ်လျက် ကွပ်ပျစ်ထက်တွင် အခန့်သားထိုင်ရင်း မင်းသမီးရုပ်ကလေးကို ဘယ်ပြန်ညာပြန် ပယ်ပယ်နယ်နယ် ကိုင်တွယ်ကြည့်ရှုနေသော လူကြီးတစ်ယောက်ကိုမြင်မှသာ ကိုယ်ရှိန်သတ်၍ ပြောနေကြသောစကားကို ကြားမိလေတော့၏။
“ဘယ့်နှယ့်လဲ ဆရာကြီးရဲ့၊ ကျုပ်ပြောတဲ့အဖိုးနဲ့ပဲ ပေးလိုက်မယ်မဟုတ်လား။ ခင်များတို့အရပ်မှာ ဒီအရုပ်ကလေးနဲ့တန်တဲ့အိမ် တစ်အိမ်မှမရှိပါဘူး။ ဝယ်နိုင်မယ့်လူလည်း ရှိမှာမဟုတ်ပါဘူး”
“မှန်ပါ။ ဝန်ထောက်မင်းဖို့ဆိုရင်တော့ အလကားတောင်းလည်း ပေးရမှာပါပဲ။ နို့ပေမဲ့ အချောသတ် အမွှမ်းတင်ဖို့ လေးငါးရက်လောက်ဆိုင်းစေချင်ပါတယ်။ ပြီးရင်ပြီးချင်း ဝန်ထောက်မင်းတို့ဆီကို လာပြီးပို့ပေးပါ့မယ်”
ထိုမျှ ကြားရလျှင်ပင် မောင်ချစ်၏ အသည်းနှလုံး အူသိမ်အူမတို့သည် ကြွေကျမတတ်ဖြစ်လေ၏။ အရုပ်ကလေးကို အတင်းလု၍ ပြေးလိုသောစိတ် ပေါ်လာသော်လည်း ဝန်ထောက်မင်းဟု ကြားရရုံမျှနှင့်ပင် ရင်ဒူးတုန်နေရသော မောင်ချစ်မှာ အဘယ်သို့ ဝံ့ရဲပါအံ့နည်း။ ခါးကြားက ခြောက်လုံးပြူးသေနတ်သည်လည်း မောင်ချစ်၏အကြံကို သိသည့်အလား မောင်ချစ်ဆီသို့ စိမ်းစိမ်းလှည့်၍ ခြောက်လှန့်မောင်းနှင်လေ၏။ ဝဲလာသောမျက်ရည်ကို အနိုင်နိုင်ထိန်း၍ မိမိဘက်သို့ကျောင်ခိုင်းနေသော ဆင်စွယ်ဒေဝီကလေးကို နောက်ဆုံးကြည့်ကြည့်လျက် ထွက်လာလေ၏။ လမ်းကြားငယ်တစ်ခုအတွင်းမှ “ဟိုကောင်ကလေး ညိုတိုတို တို့ကိုကြိုက်လို့ငို၊ နင်ငိုပေမယ့်အလကား၊ တို့အမေက မပေးစား”ဟု ထွက်ပေါ်လာသော တေးသံသည် တေးဆိုသူအားနှလုံးပွားဖွယ်ပင်ဖြစ်သော်လည်း မောင်ချစ်၏ နှလုံးသားကိုကား ဓါးပါးနှင့်မွှန်းလိုက်လေတော့သတည်း။
၁၅ ရက်မျှကြာသောအခါ ခေါင်းထက်တွင် တဘက်ကိုယ်စီတင်ထားသော မိန်းမကြီတစ်စုနှင့် ယောကျာ်းကြီးတစ်ယောက်တို့ မောင်ချစ်တို့၏ ခြောက်သွေ့သောခြံကလေးအတွင်းသို့ဝင်သွားသည်ကို မြင်ရပါသည်။ အိမ်ရှေ့ခွေးကတက်ကို တက်မိလျှင်ပင် တိုင်ဖုံးနား၌ မျက်ရည်စက်လက် ဦးဆံဖားလျားနှင့် ထိုင်နေသော မိန်းမတစ်ဦးသည် ယောက်ျားကြီး၏ ခြေအစုံကိုပြေးဖက်လျက် “အမလေး ကိုရင်အောင်ရဲ့၊ မောင်ချစ်ဖြစ်ပုံတေါကို မြင်ဝံ့သေးရဲ့လားရှင်။ မောင်ချစ်ရေ၊ အမေ့သားကြီးရဲ့ အမေလိုက်ခဲ့မယ်ကွဲ့နော်။ ဟီး ဟီး” ဟု ဟစ်အော်ပြောဆိုငိုကြွေးမြည်တမ်းလေ၏။ ဦးအောင်ချာလည်း မောင်ချစ်အလောင်းနားတွင် မလှုပ်မယှက်ထိုင်နေသော မောင်ချစ်ဖခင်အား “ဘယ့်နှယ်ဖြစ်ရတာလဲ မောင်ဖိုးငွေရဲ့။ ကိုရင်လည်း မြို့တက်သွားတာဆယ့်လေးငါးရက်ကြာသွားလို့ ဘာသတင်းမှ မကြားမိဘူး။ အခုပြန်ရောက်ရောက်ချင်းပဲအိမ်မှာ ထိုင်တောင်မထိုင်ခဲ့ဘဲ ပြေးလာတာပဲကွဲ့”ဟု ပြောလေ၏။ “ကိုရင်ရယ်၊ ဘာရောဂါရယ်လို့လဲ မပြောတတ်ပါဘူး၊ တမှိုင်မှိုင် တတွေတွေနဲ့ ထမင်းမစား၊ ဟင်းမစား။ တစ်ခါတလေ သူ့အမေကျွေးလို့ဆန်ပြုတ်ကလေး တစ်ဇွန်းလောက်ဝင်သွားပေမဲ့ ချက်ချင်းအန်ပစ်လိုက်တာပဲ၊ ပယောဂဆိုလို့ ဆရာသြခေါ်ပြပါလည်း ဘာမှမထူးခြားပါဘူး။ မနေ့ညကတော့ သူ့အမေကိုခေါ်ပြီး သူစုထားတဲ့ပိုက်ဆံ ငါးမူးနှစ်ပြားကို သူ့ဆရာတော်ကိုလှူလိုက်ပါလို့မှာပြီးတော့ ကိုရင်အောင်ကိုမေးတာပဲ။ မြို့သွားတယ်လို့ပြောတော့ အတန်ကြာကြာ ဘာမျှမပြောဘဲ မောနေပြီး “ဘကြီးအောင် ညာတယ်” လို့ မပီတပီပြောရင်း အသက်ပျောက်သွားတာပဲ” ဟု ပြော၍ လုံချည်စဖြင့် မျက်ရည်သုတ်လေ၏။ ဦးအောင်ချာလည်း စဉ်းစား၍ အကြောင်းအရင်းကို ရိပ်မိသောအခါ မျက်နှာညှိုးငယ်၍သွားလေတော့သတည်း။
ယခုအခါတွင်ကား ရွာကလေးအနောက်ဘက် နွားစားကျက်အနီး ထိမ်ပင်ကြီးတောင်ယွန်းရှိ သင်္ချိုင်းကုန်းထက်တွင် ထီးထီးသောအုတ်ဂူကလေးတစ်ခုကို တွေ့နိုင်ပါသည်။ “အချစ်ဂူ” ဟူ၍လည်းကောင်း၊ “မောင်ချစ်ဂူ” ဟူ၍ လည်းကောင်း အမည်နှစ်မျိုးဖြင့် ခေါ်ကြရာ မည်သည်ကိုအမှန်ဟူ၍ မပြောနိုင်ပါ။ ဂူကလေး၏ အရှေ့မျက်နှာလိုဏ်ပေါက်ခေါင်းလေးထဲတွင် ကျွဲကျောင်းသား၊ နွားကျောင်းသားတို့၏လက်ချက်ကြောင့် ကျိုးပဲ့ပျက်စီးနေသော အရုပ်ကလေးတစ်စုံကို တွေ့နိုင်ပါသေးသည်။ လိုဏ်ဝအင်္ဂတေတွင် သွင်းနှံထားသော ကျောက်ပြားငယ်ထက်တွင်ကား “လို၍မရသော ဆင်းရဲ” ဟု စာတန်းထိုးထားပါသည်။ ကျွန်တော်၏ ဘိုးအေအား မေးမြန်းကြည့်ရာ သုံးနှစ်လောက်က ပျံလွန်တော်မူသွားသော တောထွက်ကြီး ဦးဣန္ဒ၏ လက်ရာဖြစ်သည်ဟု သာမန်မျှသာသိရပါသတည်း။ ။
မင်းသုဝဏ်
[၁၉၃၁]
၂၀ ရာစုမြန်မာဝတ္ထုတို ၁၀၀
စာရေးဆရာ ၁၀၀

0 comments:

Post a Comment