Monday, July 26, 2021

သွက်လက်ချက်ချာသောမယ်မျှင်

0 comments
သွက်လက်ချက်ချာသောမယ်မျှင်
ဦးဖိုးကျား
ကျွန်ုပ်သည် နံနက်လမ်းလျှောက်လေ့ရှိ၏ ။ တစ်နံနက်၌ ရန်ကုန်မြို့ကျောက်မြောင်းဘက်သို့ လှည့်၍လျှောက်ခဲ့၏။ လမ်းတွင် ရုတ်တရက် မိုးရွာသည်နှင့် အနီးရှိ အိမ်ဆိုင်ငယ်ကလေးတစ်ခုသို့ မိုးဝင်၍ ခိုမိ၏။
အိမ်ခန်းကျဉ်းကျဉ်း၊ ဟောင်းနွမ်းသော ဆိုင်ခုံပေါ်တွင် ဆေးပြင်း လိပ်၊ ဆေးပေါ့လိပ်၊ မုန့်ပဲသရေစာ အနည်းငယ်မျှ တည်ခင်းထား၏။ ဆိုင်ရှင်မှာ ၁၅ နှစ် ၁၆ နှစ်ရွယ် သူငယ်မ ဖြစ်၏။ ပုံပန်း တော်သင့်ရုံ ရှိ၏။ အနေအထိုင် အဝတ်အစားတို့ကို မြင်ရသဖြင့် ဆင်းရဲ နွမ်းပါးကြောင်းကို သိရ၏။ သို့ရာတွင် ဝတ်စားပုံ၊ ထားပုံ၊ သိုပုံ၊ ဆိုင်ခင်းထားပုံ တို့ကို မြင်ရသဖြင့် ထိုသူငယ်မသည် သေချာသပ်ရပ် ကျကျနန ရှိသည်ကို အထူးသတိပြုမိ၏။
ဆိုင်သို့ဝင်မိလျှင် ထိုသူငယ်မက ပြုံး၍
“ဪ၊ ဦး မိုးဝင်ခိုတာ လား၊ ထိုင်ပါ ထိုင်ပါ၊ မိုးစဲမှ သွားတာပေါ့ ရှင်”
“အေး၊ ကျေးဇူးပါကွယ်၊ ဦးက ခုမနက် နေသာတာနဲ့ မိုးမရွာ ဘူးလားလို့ ထီးတောင်မယူခဲ့ဘူး”
“ဟုတ်ကဲ့၊ နေသာပေမယ့် မိုးသားမှ မကင်းဘဲ။ ခုမနက် မိုးရွာ မှာပေါ့ ဦးရဲ့”
“အေး၊ မင်းက အမှတ်အသားကောင်းသားပဲ” (သူ့ အရွယ်နှင့် စာသော် တော်ပေ၏ဟု စိတ်ထဲက ချီးမွမ်းမိ၏ ။)
ထို့နောက် ထိုသူငယ်မ ဘေးနားတွင် သတင်းစာဟောင်း၊ ဂျာနယ် ဟောင်း လေးငါးခု တွေ့မြင်ရသည်နှင့်
“ဪ၊ သတင်းစာဖတ်နေကျလား”
“ဟုတ်ကဲ့၊ ဆိုပါတော့ရှင်။ ကိုယ်တိုင်ဝယ်မဖတ်နိုင်ပါ။ အနီး အနားမှာ ဝယ်ဖတ်နိုင်တဲ့ လူများဆီက အဟောင်းအမြင်းကလေးများ တောင်းရမ်း ဖတ်ရပါတယ်။ မှန်မှန်လည်း မဖတ်ရဘူးဦးရဲ့”
“အေး...အေး၊ စာဖတ်တာ ကောင်းတာပေါ့ကွယ်၊ မင်း တော်တော် စာဖတ်တတ်သလား”
“ကျွန်မ ငယ်ငယ်က အိမ်မှာပဲ အဖေက စာသင်ပေးပါတယ်။ ကျွန်မတို့ ဆင်းရဲတယ်ရှင့် ၊ ကျောင်းမှာမနေနိုင်ဘူး။ အခုတော့ အဖေရော အမေရော ဆုံးသွားကြတာ လေးငါးနှစ် ရှိပါပြီ။ ကျွန်မနဲ့ မောင်လေးနဲ့ နှစ်ယောက်တည်း ရှိပါတယ်၊ အဲဒါနဲ့ တော့ဒီတော့ဒတ် ဖတ်တတ်ရာက ဟိုဟာဆွဲဖတ် ဒီဟာဆွဲဖတ်နဲ့ ခုတော့ တော်တော်ကလေး ဖတ်နိုင်ပါပြီ
ရှင့်”
“နေပါဦး၊ မင်း သတင်းစာဖတ်တာ တိုင်းရေးပြည်ရေး ဝါသနာ ပါလို့လား”
“တိုင်းရေးပြည်ရေး ဝါသနာပါလို့ရယ် မဟုတ်ပါဘူး၊ စာဖတ်ချင် တဲ့ ဝါသနာကလည်း ရှိ၊ ဖတ်ရင်လည်း မှတ်စရာ သားစရာ တွေ့တာနဲ့ ဖတ်တာပါပဲ”
“နို့- မင်းဖတ်တဲ့ သတင်းစာ ဂျာနယ်တွေမှာ မင်း ဈေးရောင်း တာနဲ့ တိုက်ရိုက်ဆိုင်တာများ ပါလို့လား” (စုံစမ်းလို၍မေးသည်)၊
“တိုက်ရိုက်တော့ ဘယ်ပါမလဲဦးရဲ့ ၊ နို့ပေမဲ့ ဟိုဒင်း ပြောတာလို ဆားများ စားရတယ်မရှိဘူး၊ ဟင်းခပ်တာနဲ့ ကုန်တာပဲဆိုသလိုပေါ့ ဦးရဲ့၊ စာဖတ်လို့ အကြားအမြင်များတော့ ဈေးရောင်းတာရော ဘာရော နေရာ တိုင်းမှာ စိတ်ကူးဉာဏ် အလိမ္မာတိုးတာပေါ့ ရှင်”
“အေး၊ ဟုတ်တန်ရာရဲ့ ၊ နေပါဦး၊ မင်းတို့မိန်းမတွေ ဒီသတင်း စာတွေ ဂျာနယ်တွေဖတ်ဖို့ လိုသလားကွဲ”
“ဟာ... ဦးကြီးနှယ်၊ လိုပါပြီလား။ ခုတစ်လော မကြားဘူးလား ရှင့်၊ မိန်းမအသင်းတွေဖွဲ့၊ ဝတ်လုံတွေဘာတွေတောင် ဖြစ်ကုန်ပြီ ဆိုပဲ ဦးရဲ့၊ ပြီးတော့လည်း ယောက်ျားဖြစ်ဖြစ် မိန်းမဖြစ်ဖြစ် စာတတ်ရင် ကောင်း တာပေါ့ ဦးရဲ့”
“မင်းတို့မောင်နှမနှစ်ယောက် ဘယ်လိုနေကြ စားကြသလဲကွဲ”
“ဪ...ကျွန်မမောင်လေးက ဟိုဘက်နားက ဦးမြဘူးကျောင်းမှာ နေတယ်၊ အခု သုံးတန်းရောက်နေပြီ။ စာမေးပွဲတိုင်း အောင်တယ်ဦးရဲ့ ။ ကျွန်မ ဈေးရောင်းလို့ တစ်နေ့တစ်မတ် ငါးပဲလောက် ကျန်တယ်။ အဲဒါ ကလေးနဲ့ ကျောင်းလခလည်း ပေးရတယ်၊ ဝတ်ဖို့၊ စားဖို့၊ နေဖို့လည်း ဒီအထဲကပဲ၊ တစ်ခါတစ်ခါ အဝတ်အစားအဆန်းကလေးများ ဝယ်ချင် ပါရဲ့၊ ရုပ်ရှင်လည်း ကြည့်ချင်တာပဲ၊ နို့ပေမဲ့ ပိုက်ဆံမလောက်တော့ ခြစ်ခြစ်ဖြုတ်ဖြုတ် ခြိုးခြံနေရတာပဲ ဦးရဲ့”
“အေး...သာဓုကွယ်၊ သာဓု။ မိုးလည်း စဲပြီ၊ ဦး သွားလိုက်ဦးမယ်”
ဆို၍ ထွက်ခဲ့၏။
နောက်တစ်နေ့နံနက်၌ ကျွန်ုပ်ရေးသော စာအုပ်ထဲမှ တော် သင့် သော ၅ အုပ်၊ ဗလာစာအုပ် ၁၂ အုပ်၊ သတင်းစာဂျယ်နယ်ဟောင်း ၁၀ စောင်လောက်တို့ကို ထုတ်ယူ၍ ထိုသူငယ်မ ဆိုင်ဘက်သို့ လျှောက် ခဲ့ပြန် ၏။နံနက် ခုနစ်နာရီခန့်တွင် ရောက်သွားရာ ထို ဝီရိယရှိသော သူငယ် မမှာ ဆိုင်အသင့် ခင်းကျင်းပြီးနှင့်သည်ကို တွေ့ရ၏။မြင်လျှင်ပင် နှုတ်ခွန်းဆက်၍
“ရော့ဟေ့၊ မင်းဖတ်ဖို့နဲ့ မင်းမောင် ကျောင်းမှာသုံးဖို့ စာအုပ်တွေ ယူလာတယ်၊ ရော့..ဖတ်ပေရော့”
ဆို၍ ပေးပြီးနောက် ထိုသူငယ်မသည် ကျေးဇူးတင်လွန်း၍ ပါးစပ် အဟောင်းသား ရှိနေစဉ် ကျွန်ုပ်သည် သုတ်သုတ်ထွက်ခဲ့လေ၏။ဤကား လွန်ခဲ့သော လေးငါးနှစ်က အဖြစ်အပျက်တည်း။
လွန်ခဲ့သောလက ကျွန်ုပ် စာတစ်စောင်ရ၍ ဖတ်ကြည့်ရာ အောက်ပါ အတိုင်း ပါလေ၏။
"ဦးရှင့်| စာအုပ်များပေးစဉ်က ရုတ်တရက် ထွက်သွား၍ ကျေးဇူးတင် စကားမှ မပြောလိုက်ရပါ၊ ပေးထားသောစာအုပ်ငါးအုပ်ကို ယခုဖြင့် အလွတ်ရမလောက် ရှိနေပါပြီ၊ ကျေးဇူး အင်မတန်တင်သည့်အတွက် ၄င်း ပေးသောနေ့ ကပင် ကျွန်မ၏ မှတ်တမ်း စာအုပ်တွင် စာရင်းတင်ထား လိုက်ပါသည်။ ဦးကို ဘယ်လို ကျေးဇူး ဆပ်ရမည်လဲဟု အမြဲတွေးနေပါ သည်။ ယခုမှ ၄င်း စာအုပ်တို့ကို ပုံနှိပ်တိုက်က ကျေးဇူးပြု၍ ယခုစာကို ထည့်လိုက်ပါသည်။ ကျွန်မတို့ဆိုင်ဘက်ကို လမ်းလျှောက်ခဲ့စေချင်ပါသည် ဦးရှင့်။
မယ်မျှင်
ကျွန်ုပ်သည် ထိုသူငယ်မကို မေ့နေရာမှ သတိရ၍ ခါတိုင်းလို ပင် ထီးမပါ၊ ဖိနပ်မပါ၊ ဖျင်အင်္ကျီလက်တိုနှင့် ထိုဆိုင်ဘက်သို့ နံနက် လမ်း လျှောက်ထွက်ခဲ့၏။ပထမဆိုင်နေရာတွင် အတန်ကောင်းမွန်သပ်ရပ်သော နှစ်ထပ် အိမ်ကို တွေ့ရ၏။ အောက်ထပ်တွင် ဆေးလိပ်အမျိုးမျိုး၊ ၎င်းပြင် ကုန်စုံ များ၊ တစ်ခြမ်းတွင် လက်ဖက်ရည်ဆိုင်၊ ၎င်းလက်ဖက်ရည်ဆိုင်တွင် လည်း မြန်မာလူငယ်များ အလုပ်လုပ်နေသည်တို့ကို တွေ့ရ၏။ စိတ်တွင် ဇဝေဇဝါ ဖြစ်နေ၍ အလုပ်သမားတစ်ယောက်ကို မေးရာ
“ဪ...မမမျှင်လား၊ ရှိပါတယ်။ သူတို့ အပေါ်ထပ်မှာ နေပါ တယ်။ ကျွန်တော်ပြောလိုက်ပါ့မယ်”
ဟု ပြောပြောဆိုဆိုနှင့် တက်သွား လေ၏။
မကြာမီပင် လက်ဖက်ရည်၊ မုန့်ပဲ သရေစာတို့ကို လောကွတ် ကြီး စွာဖြင့် ကျွေးမွေးပြီးမှ
“ဦးရဲ့ ကျေးဇူးကို ဘယ်တော့မှမမေ့ပါ၊ ပေးထားတဲ့ စာအုပ်ငါးအုပ်ကိုလည်း ဟောဒီမှာ ပေါင်းချုပ်ပြီး သားရေ အုပ်ထားပါတယ်”
ဟု ဗီရိုမှ ထုတ်၍ပြ၏။ မှတ်ထားသော စာ စာရင်း ကိုလည်း ပြ၏။ထို့နောက်ဆက်၍ မိမိစာဖတ်ဝါသနာရှိသဖြင့် ဗဟုသုတများစွာရကြောင်း၊ စိတ်ကူးအကြံအစည်တိုးကြောင်း၊ ထို့ကြောင့်ပင်လျှင် ယခင်ဆိုင်ငယ်မှ ယခုကိုယ်ပိုင်အိမ်နှင့် ဆိုင်ကြီးဖြစ်လာကြောင်း၊ မိန်းမ များ စာဖတ်သင့်ကြောင်း၊ ချွေတာသင့်ကြောင်း၊ ဘာကြောင်း ညာ ကြောင်းနှင့် နာရီဝက်ခန့် ကျွန်ုပ်အား “လက်ချာ”ပေးနေလေသတည်း။
ပြီးမှ ကျွန်ုပ်၏ အဝတ်အစားကို စိုက်ကြည့်၍
“ဪ... ဦးကို ကျေးဇူးဆပ်ချင်ပါတယ်၊ စာအုပ်ဖိုးတွေဟာ ၁ဝ ကျပ် ၁၅ ကျပ်လောက် ရှိပါလိမ့်မယ်၊ အဲဒီတော့ အနည်းဆုံး အဲဒီစာအုပ်ဖိုးတွေကို လက်ခံစေ ချင်ပါတယ်ဦးရဲ့”
“ဦးမှာ ပိုက်ဆံကြေးငွေ မချမ်းသာပါဘူး၊ နို့ပေမဲ့ စာအုပ်ဖိုးကို လက်ခံဖို့ တော့ ဖြစ်မယ်မထင်ဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ပေးတာနဲ့ ရောင်းတာ ခြားနားတာကို မင်းသိတယ်မဟုတ်လား၊ ဦးရဲ့ စာအုပ်ဖိုးကို လက်ခံရမှာဖြင့် မင့်လက်ဖက်ရည်ဖိုး၊ မုန့်ဖိုးတွေကိုလည်း လက်ခံရလိမ့်မယ်"
ဟု ပြောလိုက်ရာ နားလည်လွယ်သောထိုမိန်းကလေးသည်
ပြုံးနေလေတော့သတည်း။
ဆရာကြီး၏ကိုယ်တွေ့ဝတ္ထုတိုများစာအုပ်မှ

0 comments:

Post a Comment