လယ်ကွင်း မိုးတွင်းဇာတ်လမ်း
“အုံအောက်... အုံအောက်....."
ကဆုန်မိုးသေး မြက်သားမွေးပြီ၊ နယုန်မာသ မိုးဖြိုင်ဖြိုင်ကျပြီဆိုလျှင် လွန်ခဲ့သောနှစ် လယ်တွေ ရေခန်းစကတည်းက တွင်းအောင်းခဲ့ရသော ဖားတို့သည် တွင်းထဲ၌ လှုပ်ရှားကြကာ မိုးခေါ်သံကို မြည်ကျူးကြလေပြီ။ သူတို့ တွင်းဝင်စဉ်က ပိတ်ခဲ့သော တံခါးကို ဦးခေါင်းနှင့် ထိုးကာ ထိုးကာ ကြည့်ပေမည်။
ယမန်နှစ် မိုးနှောင်းက ဖားသည် မိမိ တွင်းအောင်းတော့မည်ဟု ဆုံးဖြတ်ပြီးကတည်းက အပေါက်ဝတွင် ရွှံ့ကို ဦးခေါင်းနှင့် ကော်ကာ ပိတ်လိုက်လေသည်။ ထိုရွံ့ သည် တဆောင်းလုံး၊ တနွေလုံး ခြောက်သယောင်းခဲ့ရာ ဖားသည် မိမိစွမ်းအားနှင့်တော့ ဘယ်နည်းနှင့်မျှ ပြန်မဖွင့်နိုင်တော့ပြီ။ သူ့တံခါးကို ဖွင့်ပေးမည့်သူမှာ မိုး... မိုး... ၊ ထက်ကောင်းကင်က ရွာသော မိုးသည်သာ ဖြစ်ချေတော့၏။
ထို့ကြောင့် မိုးဦးကျ၍ မိုးရေ တဖျောက်ဖျောက်နှင့် မိမိအိမ်တံခါးပေါက်ဝကို လာ၍ ခေါက်တိုင်း ခေါက်တိုင်း သူသည် တံခါးဝမှာ လာ၍ လာ၍ တွန်းကြည့်ပေမည်။ ယင်းအချိန် သင်သည် သူ့တွင်းအနီးသို့ ရောက်ရှိပါက မြေအောက်မှလာသော အုံအောက်.. အုံအောက်.. ဟူသောအသံကို ကြားရပေလိမ့်မည်။
နောက်တဦး... ။ ဖား၏နည်းတူ မိုးသံကြားတိုင်း တွင်းထဲမှာ တက်လိုက်ဆင်းလိုက်နှင့် ယောက်ယက်ခတ်နေသည့် အကောင်တမျိုးကား ရှိသေး၏။ သူကား ပုဇွန်လုံးပေတည်း။ သူလည်း ဖားကဲ့သို့ပင် မိုးနှောင်း လယ်တွေရေခန်းတော့ သူ့တွင်းကိုသူ ကျစ်စာများနှင့် ပိတ်ခဲ့၏။ သူကား ဖားလို ဦးခေါင်းမရှိ၍ တံခါးမြေပျော့ပြီလားကို သူ၏ ချွန်ထက်သော ခြေချောင်းကြီးများနှင့် ထိုးဆွကြည့်နေပေမည်။ ဖားလိုလည်း မိုးခေါ်သံ၊ မိုးကြိုသံကို မမြည်နိုင်ချေ။ မြေကြီး ရေစိုပြီလား၊ သူ၏ ရှည်သွယ်သော မျက်ဆံချောင်းကြီးများကိုသာ ထောင်လိုက် လှဲလိုက် ကြည့်ရှုနေပေမည်။
ဆောင်းနှင့်နွေ နှစ်ရာသီလုံးလုံး မိမိကိုယ်ဆံ့ရုံမျှသော တွင်းကျဥ်းကလေးထဲ အောင်းနေခဲ့ရာ သတ္တဝါတို့ ပြင်ပလောကသို့ မည်မျှထွက်ချင်ကြမည်နည်း။
“ဟေ့ လယ်တွေ ရေတင်ပဟေ့..”
မိုးဦးကျကတည်းက (မိမိတို့တိုင်းပြည်သာမက အခြားနိုင်ငံများကိုပါ ထမင်းကျွေးရန်) ထွန်တုံး ထွန်တံ တပြင်ပြင် ဖြစ်နေကြသော လယ်သမားတို့က ဝမ်းသာအားရ ကြွေးကြော်လိုက်သောအခါ ဖော်ပြခဲ့သော ဖားတို့ ပုဇွန်လုံးတို့သည် ရွံ့ပျော့ပြီဖြစ်သော သူတို့ အိမ်တံခါးကို ဖွင့်ကြကာ ရေအိုင်များသို့ သက်ဆင်း ပျော်ပါးကြကုန်လေ၏။ ဖားများတို့တွင် ဝမ်းဗိုက်ထဲ၌ ဥအပြည့်ပါလာ၏။ ပုဇွန်လုံးတို့ကား ဥသောအမျိုးမဟုတ်၍ အမတို့က ရင်ဘတ်ထဲမှာ သားကလေးတွေ တထွေးတပိုက်ကြီး ပါလာခဲ့၏။ ထိုအချိန်ဝယ် မိုးရေတဖွေးဖွေးနေသော လယ်ကွင်း၊ ရေအိုင်တွေထဲမှာ ဖားနှင့် ပုဇွန်လုံးများသာ မဟုတ်၊ တနွေလုံး မြေကျင်းအောင်းနေခဲ့ရသော ခရုတို့လည်း ရောက်ရှိလာခဲ့ကြပေပြီ။
မိုးရာသီ လယ်တော၏တေးဂီတကို သီဆိုကြရာ၌ ခရုနှင့်ဖားတို့သည် တွဲဖက်အသံရှင်များ ဖြစ်ကြကုန်၏။ သူတို့သည် ညအချိန်ဝယ် မိုးချုပ်မှ မိုးသောက်အထိ သီကြမြိုင်မြိုင် ပျော်ရွှင်ကြသည်။ နေ့အချိန်မှာလည်း မိုးရွာသောအခါများတွင် သီဆိုကြပြန်သေးသည်။
တစ တစနှင့် သူတို့ရေအိုင်ထဲမှာ အခြားရေပိုး ရေမွှားများလည်း သံသေဒဇမှ ရောက်ရှိလာကြပြန်သည်။ ရေပင့်ကူ၊ ရေပုဇဉ်း၊ ရေပုရစ်တို့သည် ရေမှာပေါ်နေကြသည်။ ရေကူးတတ်ကြသည်။ ရေတော့ မငုပ်တတ်ကြချေ။ သူတို့ကို `ရေသတ္တဝါ” ဟု ခေါ်မည်ထက် `ရေပေါ်သတ္တဝါ” ဟု ခေါ်သင့်သည်။ ရေပင့်ကူနှင့် ရေပုရစ်သည် ရေပြင်ကို ခြေကန်၍ ကန်၍ သွားတတ်ကြသည်။ ရေပုစဉ်းသည် ရေပေါ်မှာပျံ၍ ပျံ၍ သွားပြီး ရေပေါ်မှာပဲ နားသဖြင့် ရေယာဉ်ပျံနှင့် တူလေသည်။ ထို့ပြင် လူတို့စားရသော အကောင်များကား ပလီမ၊ ငါးပိပိုး၊ ဒေါင့်ပဆိတ်။
ပလီမနှင့် ငါးပိပိုးသည် ပျံလည်းပျံနိုင်သည်။ ရေလည်းငုပ်နိုင်၊ ကူးနိုင်သည်။ ဒေါင့်ပဆိတ်ကား အမွေးအတောင်မရှိ ခြေထောက်မရှိ၊ နို့စို့ကလေး လက်ချောင်းနှင့်တူသည်။ အရစ်ကလေးတွေရှိသည်။ အလျားနှစ်လက်မခွဲ သုံးလက်မရှည်သည်။ သူရေကူးတတ်သော်လည်း ရွှံ့နွံထဲမှာ အနေများသည်။ ငါးပိပိုးက ငါးပိနံ့ကလေး သင်းသည်။ ဒါကြောင့်ပင် ငါးပိပိုး ခေါ်ပေသည်။ လေးပင်သော အရသာရှိသည်။ ပလီမမှာ ထူးခြားသော အနံ့တမျိုးရှိသည်။ ကြိုက်သူများအဖို့ မွှေးသည်။
ပလီမသည် ကိုယ်ပြားကြီးနှင့် ကောက်စိုက်မတွေ ဆောင်းသော ကျောရော ခေါင်းပါ လုံသည့် ခမောက်ရှည် 'ပလီမ' သဏ္ဍာန်တူသည်။ ထိုအမည်ကို ဒီအကောင်ဆီကပဲ ယူဟန်တူသည်။ ပလီမသည် ဗြက်တလက်မ၊ အလျားနှစ်လက်မခန့် မွဲဟောက်ဟောက် အရောင်ရှိသည်။ ငါးပိပိုးမှာ ဩဇာစေ့ကို ဗြက်လက်မဝက်မျှ အကျယ်ချဲ့၍ ကြည့်ပါ။ ဤပုံသဏ္ဍာန်အတိုင်း ဖြစ်သည်။ အတွင်းက ပါးလွှာသော အကောင်၊ အပြင်က မာသောအခွံနှင့် ညိုပုပ်အရောင်ရှိသည်။ ဤသတ္တဝါမျိုးတို့ကား လယ်တောဝယ် ကလေး သရေစာသဖွယ် ဖြစ်သည်။ မီးဖုတ်၍ စားကြရသည်။ ခဏလေး ကျက်သည်။ ဆေးပေါ့လိပ် မီးမှာပဲ ဖုတ်နိုင်သည်။
ကောက်စိုက်သမများ ကောက်စိုက်စဉ် ဖမ်းထားပြီး နားသောအခါ ဆေးလိပ်သောက်ရင်း စားကြသည်။ ပလီမမှာ အကောက်ထက် ဥက ပိုစားကောင်းသည်။ ဥကို အစိမ်းလည်း စားနိုင်သည်။ သူ့ပုံမှာ မြက်ပင်အရိုးတွင် ဥကလေးတွေ အစီအရီခတ်ပြီး ကပ်နေပုံမှာ ပြောင်းဖူးနှင့် တူသေးတော့သည်။ စားလိုက်က တဖြောက်ဖြောက်မြည်၍ အငန်ဓာတ်နှင့် ဆိမ့်သောအရသာရှိသည်။ ဖော်ပြပါ လယ်တောသရေစာကောင် အားလုံးတို့သည် ဆားမလို၊ ဆားမပါဘဲနှင့် ကောင်းသော အရသာများဖြစ်သည်။
မိုးသည် လှိုင်လှိုင်ကြီး ရွာသွန်းကာ ချောင်း၊ ရေမြောင်းများ ရေလျှံကျလာသောအခါ၌ လယ်ထဲသို့ ငါးများ၊ ငါးရှဉ့်များ ရောက်လာလေပြီ။ ဤအချိန်၌ ငါးများသည် `ငါးရစ်' ခေါ် ဥနှင့်ငါးများ ဖြစ်ကြ၍ ကုန်းလယ်၊ ကျင်းလယ်မရွေး 'ရေရှိ ငါးရှိ' ဆိုစကားဖြစ်အောင် ငါးအမျိုးတို့ ပြန့်ပွားကြလေသည်။
ဝါဆို၊ ဝါခေါင် ရေဖောင်ဖောင် ဆိုသောကာလ၌ လယ်ထဲဝယ် ရေသတ္တဝါမျိုးတို့ စုံလေပြီ။ သူတို့သည် လယ်ထွန်ချိန်၊ ကောက်စိုက်ချိန်၌ နေရပုံ ကသိကအောက်နိုင်လှမည် ဖြစ်သော်လည်း လယ်ပြီးသောအခါ၌ လွန်စွာ လွတ်လပ်ပျော်ပါးစွာ နေကြရလေ၏။ တနေ့တခြား ကြီးပွားနေသော စပါးပင်တို့အောက်၌ အရိပ်အာဝါသလည်း လွန်စွာကောင်းလေ၏။ ဤအချိန်တွင် လယ်သမားသည် သူ့လယ်ထဲသို့ မည်သည့်သတ္တဝါမျှ ဆင်းခွင့်မပေး၍ ပြင်ပအန္တရာယ်မှာလည်း ကင်းရှင်းလှပေ၏။ စပါးပင်တို့ အဖူးဖူးပြီး အသီးအခိုင်ကလေးတွေ ထွက်ကာ အပွင့်ကလေးများ ကြွေသောအခါ ထိုစပါးပွင့်ကလေးတို့လည်း သူတို့အဖို့ လွန်စွာကောင်းသော အာဟာရဖြစ်၏။ အရိပ်အာဝါသလည်း ကောင်း၊ အန္တရာယ်ကလည်း ကင်းရှင်း၊ အစာအာဟာရကလည်း ဖူလုံ၊ သည်လိုပုံသာ နေရရင်ဖြင့် သတ္တလောကကြီး အဘယ်မှာ ငြီးငွေ့ဖွယ်ရာ ကောင်းတော့အံ့နည်း။
သို့သော် သတ္တဝါမှန်သမျှ ဘဝခရီးသည်ချည်း အကောင်းပြီး အဆိုး တွေ့ကြုံပြီး ဆုံကွဲဖြစ်မြဲ ဓမ္မတာ မလွဲသာပေ။ ဝါဆို၊ ဝါခေါင် ရေဖောင်ဖောင်မှ သီတင်းကျွတ်၊ တန်ဆောင်မုန်းထိ တရုန်းရုန်းနှင့် ပျော်ပါးစွာနေကြပြီး 'ဖိုးတုံးလုံးလုံး လောက်စာလုံး' ဆိုသော စာဆိုနှင့်ညီအောင် လယ်သမားသည် တန်ဆောင်မုန်း လဆန်းမှစ၍ လယ်တွေ ရေလွတ်သောအခါ လယ်ထဲမှရေသည် တနေ့တခြား နည်းပါးလာ၍ ရေသတ္တဝါများ အနေအထိုင် ကျဉ်းကျပ်စပြုလေပြီ။
သူတို့သည် သိ၏။ မိုးလည်းကုန်ပြီ။ ရေလည်း ခန်းခြောက်တော့မည်။ ထို့ကြောင့် မိမိတို့၏ ဘဝရပ်တည်ရေးအတွက် မိမိတို့၏ ဓမ္မတာ၊ မိမိတို့တတ်စွမ်းသမျှ ပြင်ဆင်ကြကုန်၏။ ငါးတို့ကား `ရေလိုက်ငါးလိုက်' ဆိုသော စကားနှင့်အညီ မိုးဦးကျက တက်ရေနှင့်လိုက်ခဲ့ပြီး ယခု မိုးနှောင်းမှာ ကျရေနှင့်အတူ ပြန်ရချေတော့မည်။ သူတို့သည် လေသွေးတိုင်း တဖွဲဖွဲကျလာသော စပါးပွင့်ကလေးတွေကို မက်မောနေသဖြင့် တော်တော်နှင့် မသွားနိုင်ကြ။ သို့သော် တန်ဆောင်မုန်းလပြည့်ဝန်းသော ညကျသောအခါ၌ကား သူတို့အား ဓမ္မတာသဘာဝကြီးက ငမိုးရိပ်ကို ကြိမ်စကြာရိုက်ခေါ်သည့်နှယ် အားလုံးသော ငါးမျိုးတို့သည် လယ်ထဲမှ တညီတညွတ်တည်း တပြိုင်တည်း ထွက်ခွာကြကုန်၏။ တန်ဆောင်မုန်းလပြည့်ကျော် တရက်နေ့ရောက်လျှင် အဘယ်တံငါသည် လယ်ထဲတွင် ငါးရှာ၍ ရတော့မည် မဟုတ်ချေ။ ဘုမသိ၊ ဘမသိဖြစ်သော ဗုစုခရုတို့သာ လယ်ကတွတ်ဝမှာ တွေတွေနေကြသည်ကို တွေ့ရပေမည်။
(မှတ်ချက်။ ။ ကျွန်တော်များ မွေးဖွားခဲ့ရာ မြေလတ်ပိုင်းဒေသကို လေ့လာ၍ ရေးခြင်းဖြစ်သည်။ အခြားဒေသနှင့် တူကောင်းတူပေမည်။)
ကဲ မိုးဦးကျမှာ ပေါင်းခဲ့သော သတ္တဝါတွေ မိုးနှောင်းမှာ ဇာတ်ခေါင်းကွဲကြပေပြီ။ ရေပင့်ကူ၊ ရေပုရစ်၊ ရေပုစဉ်းစသော ရေပိုးရေမွှားငယ်တို့က ရေအခမ်းမှာ နေပူနှင့်သေကြပြီး သူတို့ခန္ဓာကိုယ်ငယ်တို့က မြေမှာ မျိုးစေ့သဖွယ် တွယ်ငြိနေကြပေလိမ့်မည်(ထင်သည်)။ ငါးတို့က ချောင်းမြောင်း အင်းအိုင်ရှိရာ ပြန်ကြပြီ။ တွင်းအောင်းသတ္တဝါတို့က တွင်းထဲ ဝင်ကြသည်။ တွင်းအောင်း သတ္တဝါဆိုရာ၌ ကျွန်တော့်ဇာတ်လမ်းအစက ပဏာမ ခံခဲ့သော ဖားနှင့် ပုဇွန်လုံးတို့အကြောင်း ထပ်လောင်း ပြောပြချင်ပါသည်။
ဖားသည် (သူ့ခြေထောက်တွေ ကြည့်ပါ ခင်ဗျာ) တွင်းကျစ်နိုင်၊ တူးနိုင်သော သတ္တဝါမဟုတ်၊ ပုဇွန်လုံး ကျစ်ထားသော တွင်းထဲကို သူ အတင်းဝင်လေသည်။ သူတို့သည် တမိုးတွင်းလုံး လယ်ထဲမှာနေစဉ်က တခါမျှ ရန်မဖြစ်ခဲ့ကြ။ ဖြစ်ရန်လည်း အကြောင်းမရှိ။ ယခုကား အသက်အိုးအိမ် စည်းစိမ် လုသည့်ပွဲဖြစ်၍ သူသေသေ ကိုယ်ကျေကျေ တိုက်ခိုက်ရပေတော့မည်။
ပုဇွန်တွင်းတခုထဲသို့ ဖားတကောင်က ဝင်သွားသောအခါ ဖားက အားကြီးလျှင် ပုဇွန်ကို မျိုပစ်လိုက်၏။ ပုဇွန်က အားကြီးလျှင် လက်မဖြင့် ညှပ်ဖြတ်ကာ ဖားကိုသတ်၍ အသားကို ပွဲတော်တည်လေ၏။ အချို့တွင်းမှာ ပုဇွန်က သေ၏။ အချို့တွင်းမှာ ဖားက သေ၏။ ဖားချည်းလည်း မသေ၊ ပုဇွန်ချည်းလည်း မသေ။ ထို့ကြောင့် ဖားနှင့်ပုဇွန်မျိုးတို့သည် နှစ်စဉ်မပြတ် ကပ်ကမ္ဘာပတ်လုံး လယ်ထဲမှာ ရှိနေကြမည်ဖြစ်၏။
သည်လို မိုးနှောင်းကာလတိုင်း သူတို့အသက်အိုးအိမ် စည်းစိမ်အတွက် သူတို့ တိုက်ခိုက်ရပေမည်။ တိုက်ကြ၊ တိုက်ကြ၊ သင်နိုင်လို့ သင်မသေခဲ့သော် ရှေ့နှစ် မိုးတွင်းဇာတ်လမ်းမှာ တခမ်းတနား ပါရပေဦးမည်။
0 comments:
Post a Comment