Saturday, July 24, 2021

အမေ့စျေးသေတ္တာကလေး

0 comments
အမေ့စျေးသေတ္တာကလေး
(၁)
အခုတလော အမေက ကျွန်မတို့ကို သူပိုင် အိမ်ထောင်မှု ပစ္စည်းဟောင်းကလေး တစ်ခုမဟုတ်တစ်ခု စိတ်ကူးလက်ရ ပေးတတ်ပါသည်။ ကျွန်မ သတိထားမိသလောက် အထူးသဖြင့် သည်ဘက်နှစ်တွေမှာ အသေးစိတ်လာသည်။ တလောက ရှေးက လှေကြီးတွေမှာသုံးကြသည့် လှော်တက်ကြီး တစ်ချောင်း ပေးပါသည်။ လှော်တက်ကြီးက ကျွန်မအရပ်ထက်ရှည်ပြီး တက်ပြားကြီးကပင် ဓာတ်ပုံကြီးကြီးတစ်ချပ်စာလောက် ရှိသည်။ ချေးတွေ ​ညှော်တွေက ဖြတ်သန်းမှုကို ပြနေသည်။ ကျွန်မက အိမ်ရောက်တော့ ဝင်းစက်သွားအောင် ကော်ဖတ် စားလိုက်သည်။ ဝင်းပသွားသော လှော်တက်ကြီးကို ကြည့်ရင်း သည်လှော်တက်ကြီးဖြင့် မြစ်စုန်မြစ်ဆန် လုပ်ကိုင်ကျွေးမွေးခဲ့သော ကျေးဇူးရှင် အဖေနှင့်အမေ လှေသမားဇနီးမောင်နှံကို မြင်ယောင်လာမိသည်။ 
မြစ်ဆိပ်က တက်လာတိုင်း သည်လှော်တက်ကို ထမ်းလာတတ်သော အဖေ အခု မရှိတော့။ လှော်တက်ကို လှေကြီးပေါ် မှာ မထားခဲ့ဘဲ ဟန်ပါပါ ထမ်းလာတာကို ထိုစဉ်က ကျွန်မ သဘောမပေါက်ခဲ့မိပါ။ တကယ်တော့ အဖေက သူ ပင်ပင်ပန်းပန်း လုပ်ကိုင် ကျွေးမွေးနေတာ သားသမီးတွေကို ပြခြင်းဖြစ်နိုင်သလို တစ်နည်းအားဖြင့် မောင်နှမတွေများသော ကျွန်မတို့ကို စာကြိုးစားကြ၊ ကိုယ့်တာဝန်ကိုယ် ကျေကြလို့ နှုတ်ကမပြောဘဲ လှော်တက်ကြီးကို ပြောခိုင်းခြင်းလည်း ဖြစ်နိုင်ပါသည်။ အခုတော့ သည်လှော်တက်ကြီးကို ကျွန်မတို့ဧည့်ခန်းမှာ ချိတ်ထားရင်း ကျွန်မ ဂုဏ်ယူနေတတ်ခဲ့ပြီ။ မော့ကြည့်လိုက်တိုင်း မိဘနှစ်ပါး ကျေးဇူးဂုဏ်ရည်သည် လှော်တက်မှတစ်ဆင့် ကျွန်မထံ စီးဆင်း လာတတ်ပါသည်။
လှော်တက်ကြီးပေးပြီး သိပ်မကြာခင်မှာ အမေက တုတ်ကလေးတစ်ချောင်းကို ပေးပြန်ပါသည်။ ရင်းတိုက်နှစ်သားလို မာကြောပြောင်လက်နေသည့် တစ်တောင်ခန့်ရှည်သည့် ကျပ်လုံးဝိုင်းသာသာ တုတ်ချောင်းကလေးတစ်ချောင်းသာ ဖြစ်၏။
“ဒါ အမေတို့ စဉ့်အိုးဖောင်တွေဆွဲပြီး စဉ့်အိုး မြေအိုးတွေရောင်းတုန်းက အိုးခေါက်တုတ်ပေါ့၊ အိုးဝယ်သူလာရင် ဒီတုတ်နဲ့ ခေါက်ခေါက် ပြရတာ၊ ဒေါင်ခနဲ မြည်ရင် ဝယ်သူကကြိုက်တော့ ဝယ်ဖြစ်အောင် ခေါက်ပြရတာပဲ၊ အမေတို့ တစ်သက်လုံးသိမ်းလာတာ မပျောက်စေနဲ့၊ အိုးခေါက်သံနဲ့ အမေတို့ ထမင်းစားလာခဲ့ရတာ သမီးရဲ့”
အမေက တုတ်ချောင်းကလေး၏ရာဇဝင်ကို ရှင်းပြသည်။ အမေ ရှင်းမပြသော်မှ သည်တုတ်ချောင်းကလေးကိုတော့ ကျွန်မ ကောင်းကောင်း အမှတ်ရနေမိပါသည်။ ကျွန်မငယ်ရွယ်စဉ် မူလတန်းကျောင်းသူဘဝတုန်းက အဖေနှင့် အမေက ဧရာဝတီမြစ်ရိုးတစ်လျှောက် စဉ့်အိုး စဉ့်ဖောင်တွေဆွဲရင်း ဆယ့်နှစ်ပွဲလိုက်၍ အိုးရောင်းခဲ့ကြဖူးသည်။ ပွဲတော်ရာသီအလိုက် ဆယ့်နှစ်ပွဲဈေးသည်တစ်ဖက်က လုပ်ကိုင်ရင်း တစ်ဖက်ကလည်း မြင်းခြံမြို့ မြောက်ဈေးထဲတွင် အိုးဆိုင်ကြီးဖွင့်ကာ ရောင်းခဲ့ကြပါသေးသည်။ မြင်းခြံမြောက်ဈေး အိုးဆိုင်ကို ကျောင်းပိတ်ရက်တိုင်း ကျွန်မ ဈေးကူလိုက်ရသည်။ ကပ်ကြမ်းကြီးတွေ ဆက်ခင်းကာ လှည်းသုံးစီးတိုက်စာလောက်များသော အိုးပုတ်တွေကို ပုံပေးရင်း အမေက ကျွန်မနှင့် ပစ်ထားတတ်သည်။ ဝယ်သူက အိုးပုတ်ကလေးတွေ လိုတာထက် ပိုယူတာ၊ ခိုးကြ ဝှက်ကြတာကို ကျွန်မက ကလေးပီပီ ပြောတိုင်း ဆိုတိုင်း အမေက“သမီးရယ် ခိုးပါစေ၊ ယူပါစေ၊ ကွဲပါစေ။ မြေထည်ပဲဟာ၊ မြတ်ပါတယ်အေ၊ အိုးဆိုင် လှည်းဝင်တိုးတာတောင် ခေါက်ချိုးကျန်ပါတယ်၊ ငါ့သမီးနှယ် မတွန့်တိုနဲ့"
အမေကတော့ ရာငါးဆယ်ဝင် ရာဝင်စဉ့်အိုးကြီးတွေကို တစ်ဒေါင်ဒေါင် ခေါက်ပြရင်း ဆုံးမနေတတ်သည်။ စဉ့်အိုးတစ်လုံး ဈေးတည့်ဖို့အရေး အမေ့မှာ အိုးခေါက်တုတ်ကလေးကို လက်အံသေအောင် ဆုပ်၍ စဉ့်အိုးတန်းကြား တစ်နေကုန် ချွေးတစ်လုံးလုံး ရှိနေတတ်သည်။ အခုတော့ ဟိုတုန်းက သတိမထားမိခဲ့သော တန်ဖိုးရယ်လို့ မသတ်မှတ်မိခဲ့သော အိုးခေါက်တုတ်ကလေးကို အမေက အမြတ်တနိုး သိမ်းခိုင်းနေပြန်ပြီ။ သည်တုတ်ချောင်းကလေးကိုလည်း ကော်ဖတ်ဖြင့်စားကာ ဘုရားစင်ပေါ်မှာ ကျွန်မ တင်ထားဖြစ်ခဲ့ပါသည်။
သည်တစ်ခါ အမေ ပေးပြန်သည့်ပစ္စည်းကတော့ ပိုက်ဆံသေတ္တာကလေးဖြစ်သည်။ သည်ပိုက်ဆံသေတ္တာကလေးကိုတော့ အမေ ပေးလိမ့်မည်ဟု ကျွန်မ မထင်ခဲ့ပါ၊ အမေကိုယ်တိုင်ပင်လျှင် အိမ်အပေါ်ထပ်က ဘီရိုဟောင်းထဲမှာ အမြတ်တနိုး သိမ်းဆည်းထားသည့် သေတ္တာကလေး ဖြစ်သည်ကတစ်ကြောင်း၊ အထဲမှာ ပိုက်ဆံတွေ အပြည့်အသိပ်ထည့်ထားသည်က တစ်ကြောင်းကြောင့် ဖြစ်၏။ သည်ပိုက်ဆံက အမေတို့ချွေးနည်းစာငွေတွေ ဖြစ်သည်။ သို့သော် ကျွန်မအပါအဝင် အမေ့သားသမီး မြေးသားတွေက သည်ပိုက်ဆံတွေကို ဘယ်သူကမှ ယောင်လို့ပင် စိတ်မဝင်စားကြပါ။ ထို့အတူ သေတ္တာကလေးကိုလည်း ပြန်စောင်းပင် လှည့်မကြည့်မိကြပါ။
“အမေတို့ အိမ်ထောင်ကျစက အိမ်ထောင်ဦးပစ္စည်းကလေး သမီးရဲ့၊ ညည်းအဖေနဲ့ငါ လူကြီးတွေ နေရာချထားလိုက်ကြတော့ လှေကြီးတစ်စီး လက်ဖွဲ့ လိုက်ကြတယ်၊ ပြီးတော့ ညည်းအမေကြီး မမယ်ခင်က ဒီပိုက်ဆံ
သေတ္တာကလေးကို ငါတို့ပေးသာပဲ၊ အဲသာ သူ့ဘွားအေလက်ထက်ကဟာတဲ့၊ တွက်သာကြည့်တော့၊ အနှစ်တစ်ရာ ပျော့ပျော့လောက် ရှိရောပေါ့အေ၊ ငါဖြင့် ယူသာလာရတယ် လိုချင်မက်စက်တယ် မရှိလှပေါင်၊
နောက်တော့မှ ဈေးရောင်းစားကြလို့ ပြောတာပါလားလို့ အောက်မေ့မိရတော့တယ်”
အခုတော့ သည်ပိုက်ဆံသေတ္တာကလေးကို ခေတ်အဆက်ဆက် ကိုင်ခဲ့ကြသူတို့ပင် လောကထဲက ထွက်ခွာသွားကြပါပြီ။ အမေပင်လျှင် ခပ်လှုပ်လှုပ်။ အမေက ပိုက်ဆံသေတ္တာဟောင်းကလေးကို ကျွန်မလက်ရောက် လက်ဆင့်ကမ်းပြန်တာလား။ အထဲမှာ ငွေစက္ကူတွေ ပါသေးသည်။ စိမ်းစိမ်းပြာပြာ ငွေစက္ကူကလေးတွေက မိဘနှစ်ပါး၏ ချွေးနှဲစာတွေ။ သည်သေတ္တာကလေး အိမ်ယူလာခဲ့တော့လည်း အမေ့အိုးသည်ဘဝဟောင်းကို သတိရမိပြန်သည်။
(၂)
ထိုစဉ်က ကျွန်မသည် မူလတန်းကျောင်းသူဘဝ ဖြစ်ပါသည်။ မြင်းခြံမြို့ မြောက်ဈေးတန်းထဲမှာ အမေက အိုးဆိုင်ကလေးဖွင့်ကာ အိုးရောင်းခဲ့တာ ကျွန်မ ပြောခဲ့ပါပြီ။ သည်အိုးတွေက ရွှေဘိုနယ်၊ ကျောက်မြောင်း၊ နွယ်ငြိမ်း၊ ရွှေကွန်ရွှေတိုက်ဘက်မှလာသော စဉ့်အိုး၊ စဉ့်ခွက်များ၊ မြင်းခြံနယ်တစ်ဝိုက်မှထွက်သော မြေအိုးများဖြင့် မြိုင်မြိုင်ဆိုင်ဆိုင်ရှိခဲ့သော အမေ့အိုးဆိုင်ကလေးကို ကျွန်မ မျက်စိထဲ အခုထိ မြင်ယောင်နေဆဲပဲ ဖြစ်၏။ ပြောင်လက်တောက်ပသော စဉ့်ထည်များ၊ နဘတ်အိုး၊ ရန္တပိုအိုး၊ မိတ္ထီလာအိုး၊ တောင်သာအိုး၊ ပခန်းအိုး စသည့် မြေထည်အိုးကလေးများက အမေ့ဆိုင်မှာ ပို၍ အရောင်းသွက်ပါသည်။ အမေ့အိုးဆိုင်ကလေးတွင် ကျောင်းပိတ်ရက်တိုင်း ကျွန်မ ဈေးကူရောင်းခဲ့ရတော့ တစ်နေကုန်နှင့် တစ်နေခန်း လာသမျှ ဈေးဝယ်ကို မူးစု ပဲစု မပျင်းမရိ စောင့်ရောင်းနေတတ်သော အမေ့ပုံရိပ်ဟောင်းနှင့် ကျေးဇူးတရားကို ကျွန်မ မမေ့နိုင်ပါ။ အဖေ့ပုဆိုးဟောင်းကို ခေါင်းကြီးပေါင်း ထဘီ တိုတိုဝတ်ကာ ဝယ်သူလာတိုင်း အညာနေပူပြင်းပြင်းထဲထွက်ကာ အိုးပြရသည့်အမေ။ ပူရမှန်းမသိ၊ ရောင်းဖို့သာ စိတ်သန်နေသည်။ တစ်အိုး ရောင်းရတော့ တစ်အိုးလျော့တာ မဟုတ်လား။
မြေအိုး အသုံးများကြသည့် အဲသည်ခေတ်တွေတုန်းကတော့ အမေ့အိုးဆိုင်ကလေးသည် သည်ခေတ် စတီးပစ္စည်းဆိုင်၊ ပလပ်စတစ်ဆိုင်တွေလိုပဲ အိမ်ထောင်မှုသုံး ပစ္စည်းအရောင်းဆိုင်ကလေးဖြစ်သည်။ အိမ်ရှင်မများ၏ မရှိမဖြစ် အိမ်သုံး မြေထည်ပစ္စည်းဆိုင်ကလေးမို့ ရောင်းပန်း ဝယ်ပန်း လှခဲ့သည်။ တစ်ခေတ်တစ်ခါက မြေထည်ယဉ်ကျေးမှု ကြီးခဲ့ဖူးသည်။ ထမင်းချက်လည်း မြေအိုး၊ ဟင်းချက်လည်း မြေအိုး၊ သောက်ရေလည်း မြေအိုး၊ ဘုရားညောင်ရေအိုးသည်ပင်လျှင် မြေညောင်ရေအိုး လည်ပင်းရှည်ကလေးတွေ။ “မျှော်လိုက်ရတာတော်၊ လည်ပင်းကို ညောင်ရေအိုးကျလို့”ဟု ပုံခိုင်းခဲ့ကြရသည့် မြေညောင်ရေအိုးကလေးတွေက ရေနှင့်ပန်း တွဲလိုက်သည့်အခါ ဘုရားစင်မှာ အိုးစိုစို၊ ပန်းစိုစို ကျက်သရေတော်တစ်မျိုး တိုးရသည်မဟုတ်ပါလား။ မြေအိုးဝယ်သူက မြေအိုးကလေးကို လက်ဖဝါးပေါ်တင်ပြီး အိုးပတ်ပတ်လည်ကို လက်ဆစ်ချောင်းကလေးများဖြင့် တဒေါင်ဒေါင် ခေါက်ကြည့်ကာ အိုးရွေးတတ်ကြသည်။ တစ်ခါတစ်ရံ အိုးရွေးမရဖြစ်နေသော ဈေးဝယ်ကို အမေက အိုးကူရွေးပေးရသေး၏။
“ဒီအိုး မယူနဲ့၊ အက်သံကလေး လိုက်နေတယ်၊ ဒီအိုးယူ ယောင်းမရဲ့၊ အိုးကို ဟင်းတန်းမချက်နဲ့ ၊ ဖိုခွင်ပေါ်တင်ပြီး မီးအပူနဲ့ အိုးကျင့်လိုက်ဦး၊ နှစ်လော သုံးလောလောက် ကျင့်ပစ်လိုက်၊ တကတည်း နေရော၊ တော် တစ်သက် လွတ်မကျလို့ကတော့ မကွဲလှချေသေးဘူး၊ သုံးပါလေ့”
အမေ့ မြေအိုးကလေးတွေက တစ်လုံးမှ တစ်မတ် ငါမူး၊ အိမ်ထောင်တိုင်းက အလွယ်တကူ သုံးစွဲနိုင်သည်။ ကျွန်မ မှတ်မိသလောက် ငါးဆယ်ဝင် စဉ့်အိုးကြီးတစ်လုံးမှ သုံးကျပ်ပါ။ ထိပ်တန်းအချောစား စဉ့်ကောင်းနဲ့မှ ငါးကျပ်။ ဈေးထဲတွင် ဈေးခြင်းတစ်ဖက် မြေအိုးကလေးတွေတစ်ဖက်ဖြင့် ဈေးဝယ်လာသူ အိမ်ရှင်မများ၏ဟန်ပန်ကလည်း ထိုခေတ်က ဈေးဝယ်မြင်ကွင်းတစ်ခုအဖြစ် ကျွန်မ စိတ်အာရုံတွင် ထင်ဟပ်နေခဲ့၏။ အမေ့အိုးဆိုင်ကလေး ဈေးရောင်းကောင်းသည့်နေ့ဆိုလျှင် အမေသေတ္တာကလေးထဲမှာ ကာတွန်းဦးအောင်ရှိန်၏ ဇာတ်လိုက်သူဌေး ကြီး ဦးကပ်စေး၏ငွေတိုက်ထဲက ဒင်္ဂါးအိတ်တွေလို အကြွေအနုတ်တွေနှင့် ပြည့်နေတော့၏။ ထိုသေတ္တာကလေးသည် ကျွန်မတို့ မမွေးခင်ကတည်းက ကျွန်မတို့အဘိုးအဘေးများ ပိုင်ဆိုင်ခဲ့ကြသော ရှေးဟောင်းပိုက်ဆံသေတ္တာကလေးမို့ ကျွန်မအတွက်တော့ ဘိုးမွေ၊ ဘမွေ၊ မိမွေ၊ ဖမွေ ဖြစ်၏။
“ဒီသေတ္တာကလေးက ငါတို့လှေကြီးနဲ့ ကုန်ကူးခဲ့ကြကတည်းက ထည့်ခဲ့ သိုခဲ့တဲ့ ပိုက်ဆံသေတ္တာကလေး၊ မပျောက်ပျက်ရပေါင်အေ၊ အကျိုးပေးလိုက်သာမှ” 
ပိုက်ဆံသေတ္တာကလေးမှာ ကျွန်းသားကို ရေနံချေးသုတ်ထားသောကြောင့် ရွှေညိုရောင်တောက်နေသည်။ သေတ္တာကလေးက အလျား ဆယ့်နှစ်လက်မ၊ အနံ ခုနစ်လက်မ၊ အမြင့် ငါးလက်မ ရှိသည်။ ထောင့်လေးထောင့်တွင် ကြေးဝါထောင့်ကွေးစွပ်များဖြင့် စရွေးမကျွတ်အောင် ကျွန်းသားထဲနစ်ဝင်အောင် စွန်ကုတ် ကုတ်ထားသည်။ သေတ္တာအဖုံးကို တွဲဆက်ထားသော ပတ္တာသေးသေးကလေးများမှာလည်း ကြေးပတ္တာကလေးများ ဖြစ်သည်။ သေတ္တာ ရှေ့မျက်နှာစာမှာ သော့ပေါက်ကလေးတစ်ပေါက် ပါသည်။ သေတ္တာအပေါ်ဖုံးမှာတော့ ပိုက်ဆံအကြွေထည့်စရာ တစ်လက်မခန့် ရှည်မျောမျော အပေါက်ကလေး ပါသည်။ သော့ပေါက်မှာရော အပေါ်အဖုံးမှာပါ ကြေးနန်းမျှင်ကလေးများကို အသားထဲမြှုပ်ကာ ကနုတ်ပန်းကလေးတွေ ဖော်ကာ ထွင်းထားပါသည်။ သေတ္တာအတွင်းပိုင်းတွင် ဘေးဘက်အကန့် အံဝှက်ကလေးပါသည်။ အဖုံးအပိတ်ကလေးနှင့် ဖြစ်၏။ သေတ္တာ၏ခါးပြတ်တွင် ကြေးဝါတုံးကလေးများခံထားသော အံပိတ်ကလေး ပါပါသည်။ အံပိတ်၏အောက်တွင် ငွေစက္ကူများ ထားလေ့ရှိပြီး အံပိတ်ပေါ်မှာတော့ အကြွေအနုတ်များ အပေါက်မှ ပစ်ချတတ်ပါသည်။ သေတ္တာ၏အဖုံးဘက်တွင် ကြေးပြားကြီး ကန့်လန့်ခံထားသော စာရွက်တို စာရွက်စများ ထည့်စရာ ဘောင်တန်းကလေး ရှိသည်။ သေတ္တာကလေး သေးသေးပေမယ့် အားလုံး စရွေးစွပ်ထားသည့် အနုကိုင် လက်သမားဆရာ လက်ရာတွေချည်း ဖြစ်ပါသည်။ သည်သေတ္တာကလေးကို ဘယ်သူကများ စိတ်ရှည်လက်ရှည် လုပ်ခဲ့တာပါလိမ့်။
(၃)
ဈေးသေတ္တာကလေးက အမေ့၏ မီးခံသေတ္တာကလေးဆိုလျှင် မမှားနိုင်ပါ။ သေတ္တာသော့ကို ခတ်ထားပြီး ပိုက်ဆံထည့်လိုလျှင် အဖုံးပေါ် အပေါက်ထဲသို့သွင်းကာ ထည့်လိုက်ရုံပင်။ အမေ အိုးရောင်းသည့်ငွေမှ အကြွေအနုတ်စေ့ကလေးများမို့ အပေါက်ထည့်လိုက်လျှင် ပိုက်ဆံမြည်သံ ဒေါက်ခနဲ ကြားရသည်ကပင် ကျွန်မအဖို့ ပျော်စရာ၊ ကြည်နူးစရာ ထင်ခဲ့ပါသည်။ ဈေးဝယ်ပေးသွားသော ပိုက်ဆံမှာ အပေါ့စေ့မဟုတ် အလေးစေ့ဆိုလျှင်တော့ ကျွန်မ ပိုတပ်မက်ပါသည်။ အလေးစေ့ဆိုတော့ ပိုက်ဆံကျသံက ပိုမြည်သောကြောင့် ဖြစ်ပါသည်။ 
ကျွန်မတို့ငယ်စဉ်တစ်လျှောက်လုံး သုံးစွဲခဲ့ရသော အကြွေ​စေ့ကလေးတွေက တော်တော်ချစ်စရာကောင်းပါသည်။ ငါးပြားစေ့၊ ဆယ်ပြားစေ့၊ တစ်မတ်စေ့၊ ငါးမူး​စေ့၊ တစ်ကျပ်စေ့ စသဖြင့် တစ်မျိုးတစ်ဘာသာ သူ့ပုံနှင့် သူ့ဒီဇိုင်းနှင့် ဖြစ်သည်။ ထို့အပြင် အပေါ့စေ့၊ အလေးစေ့ဟူ၍ နှစ်မျိုးရှိရာတွင် တန်ဖိုးညီ အကြွေစေ့ချင်းတူသော်လည်း ပုံစံဒီဇိုင်း ကွဲပြားနေတတ်သသည်။ ဥပမာ ဆယ်ပြားစေ့ အပေါ့စေ့မှာ ကနုတ်ပန်း ကနုတ်နွယ်ကလေးများဖြင့် ခပ်နှိပ်ထားသော်လည်း အလေးစေ့က ခြင်္သေ့ရုပ် ဖြစ်သည်။ လမ်းတွင် သွားရင်းလာရင်း ဆော့ကစားရင်း ပိုက်ဆံအကြွေစေ့ကလေးများ ကောက်တွေ့လျှင် ငွေထုပ်ကောက်ရသလို အလွန်ပျော်ရသည်။ တစ်ခါတစ်ရံ ချေးတက်နေသော ပိုက်ဆံ အစေ့ကလေးများကို တံတွေးဆွတ် မြေကြီးပေါ်ချ၍ ဖနောင့်နှင့် ပွတ်ကာ ပွတ်ကာ ချေးချွတ်ရသည်မှာပင် ကစားနည်းတစ်မျိုးဟု ထင်မှတ်ခဲ့ရသည်။ အမေ့သေတ္တာကလေးနှင့် ကျွန်မ ရင်းနှီးခဲ့ရသည်မှာလည်း သည်အ​ကြွေစေ့ကလေးတွေကြောင့် ဖြစ်ပါလိမ့်မည်။ 
အမေအိုးဆိုင်ကလေးမှာ ဈေးကူရောင်းရင်း ပိုက်ဆံအကြွေစေ့လေးများ သေတ္တာထဲ ခုန်ပေါက်နေသံ တချွင်ချွင်ကို ကျွန်မ ကြားချင်သည့်အခါတိုင်း သေတ္တာကလေးကို လှုပ်လှုပ်ပြီး နားထောင်ခဲ့ပါသည်။ သည်လို မလုပ်ကောင်းဘူးလို့လည်း အမေက ပြောတတ်သည်။ တစ်ခါတစ်ရံ အမေ့အလစ်တွင် ပိုက်ဆံသေတ္တာကို အပေါ်မြှောက်၍ မှောက်ကာ အပေါက်မှ တုတ်ကလေးဖြင့် ချု၍ အကြွေစေ့တစ်စေ့ရအောင် နှိုက်ပြီး ဈေးထောင့်က အာတာပူစီ ပြေးဝယ်စားရသည်မှာလည်း အရသာပိုလှ၏။ သည်တုန်းက အာတာပူစီတစ်ခုမှ ငါးပြား၊ နှုတ်ခမ်းပါးနားတွေ သကြားစေးထလောက်သော ပွပွကားကားကြီးမို့ တစ်ခုစားလိုက်လျှင်ပင် ချိုအိုင်သွားရတာ မဟုတ်လား။ 
ညနေဈေးသိမ်းချိန် ဈေးက အိမ်အပြန်မှာတော့ အမေ့ဈေးတောင်းထဲတွင် ဈေးသေတ္တာကလေးကို ထည့်ရွက်ကာ မှောင်ကြီးမည်းကြီးထဲ သားအမိတစ်တွေ ပြန်လာကြမြဲ ဖြစ်၏။ ရေမိုးချိုး ထမင်းချက်ပြုတ် စားသောက်ပြီး ညဘက်တွင် မီးခွက်ကလေးထွန်းကာ အမေ့ဈေးသေတ္တာကလေးကို ဖျာပေါ်သွန်ချရင်း ကျွန်မတို့ ပိုက်ဆံမျိုးတူ ရွေးရသည်။
“စောလင်းက ငါးပြားစေ့ ရွေး၊ ဝင်းနိုင်က ဆယ်ပြားစေ့ ရွေး၊ သမီးက မတ်စေ့ကလေးတွေ ရွေး၊ အပေါ့အလေးပါ တစ်ခါတည်း ခွဲရွေးနော်”
အနားတွန့်ကလေး ငါးတွန့်ပါသော မတ်စေ့ကလေးများကို အပေါ့စေ့တစ်ပုံ အလေးစေ့တစ်ပုံ ရွေးကာ ဆယ်စေ့၊ ဆယ်စေ့ ပုံထားရသည်။ ကျွန်မတို့ပုံထားသော ဆယ်စေ့ပုံကလေးတွေကိုမှ အမေက စက္ကူဖြင့်လိပ်ကာ “တောင့်”သည်။ စက္ကူအတွင်းမှ အကြွေစေ့ပုံစံအတိုင်း ပိုက်ဆံတောင့်ကလေးတွေက ပုံပေါ်နေသည်။ ဘယ်ဟာက မတ်စေ့တောင့်၊ ဘယ်ဟာက ကျပ်စေ့တောင့် မြင်ရုံနှင့် သိသာသည်။ အိုးလှည်းတွေလာလျှင် အိုးကုန်သည်တွေလာလျှင် အိုးဖိုးငွေကို အမေက အဆင်သင့် ပေးချေရုံသာ။ အမေ့သေတ္တာကလေးထဲက အကြွေစေ့ကလေးများသည် ကျွန်မ ကလေးဘဝတစ်လျှောက် အလွန်တပ်မက်ခဲ့ရသော သတ္ထုစင်အရုပ်များ ဖြစ်ခဲ့သည်။
(၄)
ကျွန်မတို့မိသားစု မြင်းခြံမှ မန္တလေးသို့ အပြီးပြောင်းရွေ့ ခဲ့ကြတော့ အမေအိုးဆိုင်ကလေးကို ဝမ်းနည်းပက်လက် မရောင်းရက် ရောင်းရက် ရောင်းပစ်ခဲ့ရသည်။ အဖေက မန္တလေးမြစ်ဆိပ်မှာ အခြေစိုက်ရင်း လှေကုန်ကူးချင်လို့ ပြောင်းခဲ့ကြခြင်း ဖြစ်သည်။ အမေ့သေတ္တာကလေးကတော့ ကျွန်မတို့နှင့်အတူ ပါလာခဲ့သည်။ အမေကတော့ သူ့အိုးဆိုင်ကလေးကို လွမ်းဖျားလွမ်းနာပင် ကျလိုက်သေး၏။ နောက်တော့ အမေက ကျွန်မတို့နေထိုင်သည့် မန္တလေးမြို့စွန် မြစ်ဆိပ်မှ အိမ်ရှေ့မျက်နှာစာမှာ တဲပြန့်ကလေးထိုးပြီး ဆိုင်ကလေးဖွင့်ခဲ့ပါသည်။ သည်တစ်ခါ အမေ့ဈေးဆိုင်ကလေးက မြေအိုးများ မဟုတ်တော့ပါ။ အဖေအညာဆန်လှေကြီးနှင့် တစ်ခေါက်တစ်ခေါက် တင်လာတတ်သော ဆန်၊ ဆီ၊ ဆား၊ ခွဲထင်းခြမ်း စသည့် အမာခံပစ္စည်းများနှင့်အတူ ကုန်စိမ်း၊ ကုန်ခြောက်၊ မုန့်ပဲသရေစာကလေးများပါ တင်ရောင်းသည့် ကုန်စုံဆိုင်ကလေးပဲ ဖြစ်သည်။ ဈေးရောင်းဝါသနာပါသည့် အမေ့မှာ သည်ဆိုင်ကလေးဖွင့်ဖြစ်တော့မှ အိုးဆိုင်ခံစားမှု ပျောက်သွားခဲ့သည်။
မနက်မိုးလင်းလျှင် သူ့ဈေးဆိုင်ကလေးထဲမှာ တလှုပ်လှုပ်နှင့် ချိန်လိုက် တွယ်လိုက်၊ ရောင်းလိုက်ဝယ်လိုက် လုပ်နေတတ်သော အမေ့ကို ကျွန်မတို့ အမြဲ မြင်တွေ့ခဲ့ရသည်။ ကျွန်မသည်ပင် အလယ်တန်းကျောင်းသူဘဝ ရောက်နေပြီ။ ကျွန်မ ကျောင်းပြန်လာသည်နှင့် အမေ့ဈေးဆိုင်ကလေးကို ဝင်ကူရသည်။ မီးသွေးတစ်ခြင်း အစိတ်၊ ခွဲထင်းတစ်စည်း တစ်ဆယ်၊ ဆန်တစ်ပြည် ဆယ့်နှစ်ကျပ်။ လက်မလည်အောင် ရောင်းခဲ့ရသည်။ သို့သော် အမေ့ဈေးသေတ္တာကလေးထဲမှာ ဟိုတုန်းကလို အကြွေအနုတ်ကလေးတွေ မဟုတ်တော့။ သေတ္တာအပေါက်ကလေးထဲကို ကျပ်တန် ငွေစက္ကူရွက်များကိုသာ လိပ်ခေါက်ထည့်ရပါသည်။ တစ်ခါတစ်ရံ ရှားရှားပါးပါး ရောက်လာတတ်သော အကြွေစေ့ကလေးများကလည်း ငွေစက္ကူတွေခံနေတော့ ဟိုတုန်းကလို တစ်ချွင်ချွင် မြည်မနေတော့ပါ။
ညတိုင်းညတိုင်း ဈေးဆိုင်ခန်းကဲလားကလေး ချပြီးလျှင် ကျွန်မတို့သားအမိ တစ်ကျပ်တန်၊ ငါးကျပ်တန်၊ ဆယ်တန် ငွေစက္ကူကလေးများကို ရွေးကြရပြီ။ ကျပ်တန်စည်းကလေးများကို သားရေပင်ဖြင့်စည်းပြီး ကပ်ထိုးရသည်။ အကြွေစေ့တွေလို စက္ကူဖြင့်လိပ်ကာ တောင့်စရာမလိုတော့။ မနက်လင်း၍ ကျောင်းသွားတော့မည်ဆိုလျှင် အမေက ကျွန်မတို့မောင်နှမတစ်တွေကို ဈေးသေတ္တာကလေးထဲက နှိုက်၍ တစ်ယောက်လျှင် တစ်ကျပ်စီ မုန့်ဖိုးပေးတတ်ပါသည်။ သည်တုန်းက နာမည်ကျော် မန္တလေးမြီးရှည်တစ်ပွဲမှ တစ်ကျပ်။ စားပျော်သည်ဆိုသော်လည်း သူ့ကာလနှင့် သူ့ပိုက်ဆံ မစားဖြစ်တာများသည်။
ကျွန်မ ဆယ်တန်းတက်သည်နှစ်မှာတော့ အမေ့ကျန်းမာရေး ချူချာလာသောကြောင့် ဈေးဆိုင်ကလေးကို ချုံ့လိုက်ရသည်။ တိုလီမုတ်စပစ္စည်းကလေးတွေ အမေ တင်မရောင်းတော့ပါ။ ဆန်၊ ဆီ၊ ထင်း၊ မီးသွေး စသည့် အမာခံ အထားခံ ကုန်ပစ္စည်းများကိုသာ အေးအေးသက်သာ ရောင်းတော့သည်။ သည်အခါမှာတော့ အမေ့ဈေးသေတ္တာကလေးထဲမှာ အရွက်ကလေးတွေ မဝင်ကြတော့ပါ။ ငွေစက္ကူကိုလည်း အမေ ချက်ချက်ချာချာ မရေတွက်တတ်တော့ပါ။ 
“ငါတို့က ရွာဘုန်းကြီးကျောင်းထွက်တွေဆိုတော့ ပဲတွေ ပိုင်တွေလောက် သင်ခဲ့ရတာကိုးအေ့၊ ဂဏန်းကြီးသွားရင် မတွက်တတ်တော့ဘူး”
အမေက သည်လိုပြောတိုင်း ကျွန်မတို့က ဝိုင်းရယ်ကြသည်။ အမေ့ဈေးသေတ္တာထဲက ငွေစက္ကူကို ညတိုင်လျှင် ကျွန်မက တစ်ထောင်အုပ် ကပ်ထိုးကာ စည်းပေးထားရသည်။ အမေ့ဈေးသေတ္တာထဲတွင် ခါတိုင်းလို အကြွေစေ့ကလေးတွေ၊ ကျပ်တန်ရွက်ကလေးတွေ ရှုပ်ယှက်ခတ်မနေတော့ပါ။ သယ်ရပိုးရ ကိုင်ရတွယ်ရတာလည်း ခါတိုင်းလောက် မလေးပင်တော့။ ညဘက် ဆိုင်သိမ်းလျှင် အမေ့ဈေးသေတ္တာကလေးထဲမှာ ငွေတွေ ပြည့်သိပ်လာတတ်သည်။ တစ်ခါတစ်ရံ ပိုက်ဆံသေတ္တာအဖုံးကလေးပင် မပိတ်မိအောင် ပွင့်အာနေတတ်၏။ ပိုက်ဆံတွေများလာတော့ အမေက သေတ္တာကလေးကို သော့ခတ်သိမ်းတတ်လာခဲ့ပြီ။
(၅)
အခုတော့ အမေ ဈေးမရောင်းနိုင်တော့ပါ။ အသက်အရွယ်ကလေးကလည်း ထောက်လာခဲ့ပြီ။ အမေ့ခေါင်းပေါ်က ဆံတံခွန်ဖြူလွလွကလေးတွေက ဇရာ၏အိုမင်းခြင်း အမှတ်လက္ခဏာကို ပြလာခဲ့ပြီ။ ကျွန်မတို့မောင်နှမတစ်တွေလည်း အရွယ်ရောက်လို့ ကိုယ့်ခြေထောက်ပေါ် ကိုယ် ရပ်နိုင်လာပြီမို့ အမေ ဈေးမရောင်းတော့တာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ မြေးတွေကိုထိန်းရင်း အိမ်မှာပဲ အနားယူခဲ့ပြီ။ အမေနှင့်အတူ အမေ့ဈေးသေတ္တာကလေးလည်း ပင်စင်ယူသွားခဲ့ရပြီ။ သို့သော် အမေ့မှာ ဈေးရင်းငွေတွေ အများကြီးကျန်နေပါသေးသည်။ နှစ်ပေါင်းငါးဆယ်ကျော် အသုံးပြုလာခဲ့သော အမေ့ဈေးသေတ္တာကလေးထဲမှာ အဖေနှင့်အမေတို့၏ ချွေးနည်းစာငွေတွေ အပြည့်ရှိနေသည်။
အသွေးစုံ၊ အရောင်စုံ၊ ဒီဇိုင်းစုံ လှပသော ထိုငွေစက္ကူကလေးများကို အမေသည် စိတ်ကူးရတိုင်း ထုတ်ကြည့်နေတတ်ခဲ့သည်။ အဖေ၏ လှေလှော် လှေခတ်ဘဝနှင့် သူ ဈေးရောင်းခဲ့ရသောဘဝတွေကို ပြန်အောက်မေ့ရင်း လွမ်းလွမ်းဆွေးဆွေးရှိပုံလည်း ရပါသည်။ မိဘဘိုးဘွားလက်ထက်ကတည်းက တယုတယ အသုံးပြုလာခဲ့သော ဈေးသေတ္တာကလေးကို ကျွန်မတို့သားသမီးများ အမွေဆက်မခံနိုင်ကြတာကိုလည်း စိတ်မကောင်းဖြစ်ပုံရသည်။ ကျွန်မတို့ မောင်နှမတစ်တွေကတော့ ဈေးရောင်းဈေးဝယ်ဘဝတွေ မဟုတ်ကြ။ ကိုယ်ဝန်ကိုယ် တစ်ပိုင်တစ်နိုင်ထမ်းကြရင်း အမေ့ဈေးသေတ္တာကလေးနှင့် ကျွန်မ ဝေးခဲ့တာပင် ကြာပြီ။
အမေက သူ့ဈေးသေတ္တာကလေး ကျွန်မကို အမွေပေးလိုက်သည့်နေ့က ကျွန်မ မျက်ရည်ကျမိပါသည်။ တစ်ချိန်က ရွှေညိုရောင်တောက်ပခဲ့ဖူးသော အမေ့ဈေးသေတ္တာကလေးက အခုတော့ ရေနံရောင်ပင် မစိုတော့။ အမေက ဖုန်ကလေးသုတ်ကာ ကျွန်မလက်ထဲ ထည့်လိုက်ခြင်း ဖြစ်သည်။
“တို့မျိုးရိုးက လှေသူကြီး ကုန်သည်မျိုးရိုး၊ လှေကြီးတွေနဲ့ ကုန်ရောင်း ကုန်ဝယ်လုပ်ရင်း ဘဝတွေ ဘဝတွေ ဖြတ်သန်းလာခဲ့ကြရတာများ ဟောသည် သေတ္တာကလေးရဲ့ သက်တမ်းသာ ခန့်မှန်းကြည့်ဟဲ့၊ နှစ်ပေါင်း တစ်ရာဆိုတာ နည်းရော့လား၊ ငါ့သားသမီးတွေကတော့ ဒီအမွေ ဆက်မခံနိုင်ကြဘူး၊ ဘာပဲဖြစ်ဖြစ်လေ တစ်ချိန်ချိန်တော့ အသုံးဝင်လို့ဝင်ငြား ငါ့သမီး သိမ်းထားကွယ်” 

အမေက ငွေစက္ကူရွက်ကလေးများကို ထုတ်ယူမထားဘဲ ပေးလိုက်ခြင်းဖြစ်သည်။ ကျွန်မကလည်း သည်အတိုင်းပဲ ယူလာခဲ့သည်။ အမေ့သေတ္တာကလေးက ကျွန်းသားရောင်မည်းမည်း ငွေစက္ကူတွေက အရောင်စုံ၊ လွမ်းစရာတော့ အကောင်းသား။

0 comments:

Post a Comment