အစိုးရအဖြစ် နိုင်ငံတကာ အသိအမှတ်ပြုရေးကိစ္စ
သိန်းထွန်းနိုင်
အရေးတော်ပုံဂျာနယ်၊ အတွဲ(၃) အမှတ် ၅ မှာ ဖော်ပြမယ့်ဆောင်းပါး
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ကုလသမဂ္ဂအပါ နိုင်ငံတကာက အသိအမှတ်ပြုလာဖို့ တချို့ကမျှော်လင့်နေတယ်။ နိုင်ငံတကာကအသိအမှတ်ပြုတာနဲ့ ‘ပွဲသိမ်းပြီ’ လို့ မှန်းဆ တွက်ချက်နေကြတယ်။ ဘယ်လို ပွဲသိမ်းမှာလဲ။ အာဏာသိမ်း စစ်ကောင်စီကို ဘယ်သူက ဘယ်လိုဥပဒေအကြောင်းပြချက်တွေနဲ့ ပလ္လင်ပေါ်က ဆွဲချမလဲ။ နိုင်ငံတကာ အသိအမှတ်ပြုမှုက အရေးကြီးတာမှန်ပေမယ့် အသိအမှတ်ပြုခံရဖို့ လွယ်သလား။ နိုင်ငံကြီးတွေက နိုင်ငံတနိုင်ငံရဲ့အစိုးရအဖြစ်အသိအမှတ်ပြုဖို့စဉ်းစားတဲ့အခါ အခိုင်အမာရှိနေတဲ့ မြေပြင်က ပကတိအခြေအနေအပြင် မိမိတို့အကျိုးစီးပွားကို အဓိကထားပြီးလည်း စဉ်းစားပါတယ်။
ပထဝီ နိုင်ငံရေး အကျိုးစီးပွား အပေါ် မူတည် တဲ့ ပြည်ပအစိုးရများ ရဲ့ တုံ့ပြန်မှုအမျိုးမျိုး နောက်လိုက်နေရင် မျက်စေ့လည် လမ်းမှား နိုင်ပါတယ်။
နိုင်ငံတကာ လူ့အဖွဲ့အစည်းတခုလုံးကို အုပ်စိုးသူ ပြည်သူ ခွဲခြားသုံးသပ်တဲ့ လူတန်းစားအမြင် နဲ့ ကြည့်ပါက ခေတ်ရဲ့ နယ်ချဲ့စနစ်လက္ခဏာ၊ အုပ်စိုးသူများရဲ့ ပြည်သူအပေါ် ဖိနှိပ်မှု၊( အမေရိကန် ဂျာမနီစတာတွေမှာ အုပ်စိုးသူအလွှာ အချို့အတွင်းပေါ်လာနေတဲ့ လက်ယာစွန်း အမျိုးသားရေးဝါဒ ဖက်ဆစ်ဝါဒဘက် တိမ်းညွတ်မှု) လက္ခဏာ၊ အဖိနှိပ်ခံ ပြည်သူများ ရဲ့ ဒီမိုကရစီစစ်စစ်ကို လိုလားမှု၊လူ့အဖွဲ့အစည်းအတွင်း ဘက်စုံ မညီမျှချက်များ အပေါ် မကျေနပ်မှု စတဲ့ လက္ခဏာတို့ကို တွေ့မြင်ရပါလိမ့်မယ်။ ဒီအခြေခံ ဒီနောက်ခံ နဲ့ ပထဝီနိုင်ငံရေး အခြင်းအရာများကို ကြည့်သင့်ပါတယ်။
၁၉၉၀ ခုနှစ် ရွေးကောက်ပွဲအလွန်မှာ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ (NCGUB) ဆိုတာ ပေါ်လာဖူးတယ်။ အခုပေါ်လာတဲ့ အမျိုးသားညီညွတ်ရေးအစိုးရလိုပဲ သူတို့လည်း နယ်စပ်မှာအစိုးရဖွဲ့တယ်၊ နောက်တော့ ပြည်ပရောက်အစိုးရ ဖြစ်သွားတယ်။ ကုလသမဂ္ဂအထွေထွေညီလာခံမှာ ဗမာပြည်ကို ကိုယ်စားပြုတဲ့ တရားဝင်အစိုးရအဖြစ် တက်ရောက်နိုင်ရေး ကြိုးပမ်းဖူးတယ်။ မအောင်မြင်ဘူး။
ညွန့်ပေါင်းအစိုးရ (NCGUB) ဟာလည်း လွှတ်တော်အမတ်တွေနဲ့ ဖွဲ့ထားတဲ့ အစိုးရပါပဲ။ အနောက်နိုင်ငံတချို့က ဖေးမကူညီကြပါတယ်။ ဒါပေမဲ့ ဘယ်လောက် အတိုင်းအတာနဲ့ ကူညီသလဲ ပြန်ကြည့်ပါ။ လက်ရှိ ညီညွတ်ရေးအစိုးရ (NUG) ကိုလည်း ပြည်ပနိုင်ငံတွေက ပြောဆိုဆက်ဆံတာတွေ၊ ကူညီတာတွေ ရှိပါတယ်။ ဒါပေမဲ့ အကန့်အသတ်နဲ့ ကူညီနေတာပါ။ အဲဒီလို ကူညီတဲ့အတိုင်းအတာက ဒီအစိုးရတွေကို အသိအမှတ်ပြုမှုအတိုင်းအတာနဲ့ တိုက်ရိုက်အချိုးကျပါတယ်။
နိုင်ငံတကာမှာ စင်ပြိုင်အစိုးရတွေနဲ့ဆက်ဆံတဲ့အခါ နိုင်ငံရေးအကျိုးစီးပွားအရ အသိအမှတ်ပြုမှုနဲ့ ဥပဒေကြောင်းအရအသိအမှတ်ပြုမှုဆိုပြီး ရှိပါတယ်။ တချိန်က ညွန့်ပေါင်းအစိုးရလက်ခံရရှိခဲ့တဲ့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ထောက်ခံမှုနဲ့ အခု ညီညွတ်ရေးအစိုးရ လက်ခံရရှိနေတဲ့ထောက်ခံမှုတွေဟာ နိုင်ငံရေးအကျိုးစီးပွားအရအသိအမှတ်ပြုမှုအခြေခံကနေ ရနေတာတွေပါ။
ညွန့်ပေါင်းအစိုးရကို နိုင်ငံတကာဥပဒေကြောင်းအရ အစိုးရအဖြစ် အသိအမှတ်မပြုခဲ့ဘူး။ အစိုးရအဖွဲ့တဖွဲ့ကို အစိုးရအဖြစ်အသိအမှတ်ပြုတဲ့အခါ ဥပဒေကြောင်းအရ အသိအမှတ်ပြုမှုက အဓိကပါ။ နိုင်ငံတကာဥပဒေမှာ အစိုးရအဖြစ်အသိအမှတ်ပြုဖို့ စဉ်းစားတဲ့အခါ မူသုံးခုကို အခြေခံပြီး စဉ်းစားကြတယ်။ နိုင်ငံအများစုကျင့်သုံးတဲ့ အစဉ်အလာမူက ထိထိမိမိ စိုးပိုင်ချုပ်ကိုင်မှုကို အခြေခံတယ်။ ထိထိမိမိထိန်းချုပ်နိုင်မှုကိုအခြေခံတဲ့ တနည်းအားဖြင့် အစိုးရလို့ ကြွေးကြော်သူတွေဟာ တကယ်ပဲ အစိုးရသလား၊ မရဘူးလားဆိုတာကို အခြေခံတဲ့မူကို နိုင်ငံတွေ အတော်များများက ကျင့်သုံးကြပါတယ်။
အဲဒီ အစိုးရခြင်း၊ မရခြင်းမူအရ အစိုးရတရပ်ကို အသိအမှတ်ပြုဖို့ အချက်လေးချက်နဲ့ ဆုံးဖြတ်တယ်။ အစိုးရတရပ်ဟာ (၁) စိုးပိုင်ချုပ်ကိုင်မှုမှာ ထိထိရောက်ရောက် ရှိရမယ် (၂) တည်တည်ငြိမ်ငြိမ်နဲ့ အရှည်တည်တံ့နိုင်ရမယ် (၃) တာဝန်ဝတ္တရားတွေကို ထမ်းဆောင်နိုင်စွမ်းနဲ့ ထမ်းဆောင်လိုစိတ် ရှိရမယ် (၄) လူထုထောက်ခံမှုရှိရမယ်ဆိုတဲ့ လေးချက် ဖြစ်ပါတယ်။ ဒီလေးချက်မှာ အဓိကအချက်က နိုင်ငံတော်နယ်မြေနဲ့ နိုင်ငံတော်အတွင်းနေထိုင်သူတွေကို ထိထိမိမိ စိုးပိုင်ချုပ်ကိုင်နိုင်ရမယ်ဆိုတဲ့အချက်ပဲ ဖြစ်တယ်။ နယ်မြေကိုလည်း အစိုးမရ၊ ပြည်သူကိုလည်း အစိုးမရရင် အစိုးရ မမည်ဘူးလို့ ပြောတာပါ။
အစိုးရလို့ နိုင်ငံတကာဥပဒေကြောင်းအရ အသိအမှတ်ပြုပြီးနောက် အသိအမှတ်ပြုတဲ့နိုင်ငံနဲ့ အသိအမှတ်ပြုခံရတဲ့နိုင်ငံ နှစ်နိုင်ငံကြားမှာ စစ်ရေး၊ စီးပွားရေး၊ ကုန်သွယ်ရေးတွေ လုပ်ကြတဲ့အခါ တာဝန်ယူမှု၊ တာဝန်ခံမှုတွေ ရှိဖို့လိုပါတယ်။ တာဝန်ယူနိုင်ခြေမရှိတဲ့ အဖွဲ့အစည်းကို အစိုးရလို့ အသိအမှတ်ပြုဖို့ ခက်ပါတယ်။
နိုင်ငံတနိုင်ငံရဲ့ အစိုးရအဖြစ်အသိအမှတ်ပြုခံရဖို့ မိမိကိုယ်စားပြုတဲ့နိုင်ငံရဲ့ နယ်မြေတခုလုံးကို ထိထိမိမိ စိုးပိုင်ချုပ်ကိုင်နိုင်ရမယ်ဆိုတာဟာ တနိုင်ငံလုံးမှာ လက်တွေ့ကျကျ အာဏာ တည်ဆောက်နိုင်ရမယ်လို့ ဆိုတာပါ။ တနိုင်ငံလုံးကို မထိန်းချုပ်နိုင်ဘူးဆိုရင်တောင် နယ်မြေအများစုကို ချုပ်ကိုင်နိုင်ရမယ်လို့ သတ်မှတ်ထားတယ်။ ဒါ့အပြင် အဲသလို စိုးပိုင်မှုကို ရေရှည်ထိန်းသိမ်းထားနိုင်တဲ့ အလားအလာလည်းရှိရမယ်လို့ ဆိုတယ်။ တနိုင်ငံလုံး သို့မဟုတ် တနိုင်ငံလုံးနီးပါးကိုအစိုးရတဲ့ အစိုးရတရပ်ဖြစ်ဖို့ အစိုးရယန္တရားကို ပိုင်ဆိုင်ထားရမယ်၊ အစိုးရယန္တရားလည်ပတ်ဖို့ နိုင်ငံတော်ဘဏ္ဍာကို ပိုင်ဆိုင်ချုပ်ကိုင်နိုင်ရမယ်။ ဆိုလိုတာက အစိုးရအဖွဲ့၊ ဝန်ကြီးအဖွဲ့ ရှိရုံနဲ့မပြီးဘူး နိုင်ငံတဝန်းမှာ နိုင်ငံတော်ယန္တရားလည်ပတ်နိုင်ဖို့ စစ်တပ်တွေ၊ ပုလိပ်တပ်တွေ ရှိရမယ်၊ အကျဉ်းထောင်တွေ ရှိရမယ်၊ တရားရုံးတွေ ရှိရမယ်၊ ဒီဌာနတွေမှာ လုပ်ကိုင်မယ့် လူအင်အား ရှိရမယ်၊ ဒီလုပ်ငန်းတွေ လည်ပတ်ဖို့ ငွေလုံလုံလောက်လောက် ရှိရမယ်လို့ ဆိုတာပါ။
နိုင်ငံတကာဥပဒေအရတော့ ဘယ်သူ့အစိုးရလဲဆိုပြီး လူကိုကြည့်ပြီး မဆုံးဖြတ်ဘူး၊ ဘယ်လိုစနစ်ကိုသုံးတဲ့ အစိုးရလဲဆိုပြီး စနစ်ကိုကြည့်ပြီးတော့လည်း မဆုံးဖြတ်ဘူး။ အစိုးရဆိုတာ ဘယ်လိုဖြစ်ရမယ်ဆိုတဲ့ အစိုးရတရပ်ရဲ့ဂုဏ်အင်္ဂါ၊ အရည်အချင်းတွေ၊ သတ်မှတ်ချက်တွေကိုပဲ ကြည့်ပြီးဆုံးဖြတ်တာ ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတကာဥပဒေမှာ ဒီမိုကရေစီအစိုးရ ဖြစ်ရမယ်၊ အာဏာရှင်အစိုးရမဖြစ်ရဘူး ဆိုတာမျိုး မရှိဘူး။ နိုင်ငံတနိုင်ရဲ့အစိုးရတရပ်ကို မကြိုက်လည်း အထက်မှာပြောခဲ့တဲ့ အချက်လေးချက်နဲ့ညီရင် မချစ်သော်လည်း အောင့်ကာနမ်းကြတယ်။ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုပြီး ဆက်ဆံကြရတယ်။ ကိုယ်သဘောကျ ထောက်ခံသူတွေက အစိုးရပါဆိုပြီး ကြွေးကြော်နေပေမယ့် ‘အစိုးရ၊ မရ’ မူနဲ့ မကိုက်ညီရင် အစိုးရအဖြစ် အသိအမှတ်ပြုချင်ပေမယ့် နိုင်ငံရေးအရသာအသိအမှတ်ပြုပြီး အကန့်အသတ်နဲ့ ဆက်ဆံကြပါတယ်။
ဒါပေမဲ့ စစ်အေးခေတ်မှာတော့ နိုင်ငံနှစ်ခု - အစိုးရနှစ်ရပ်အဖြစ် ကွဲခဲ့ရတာတွေရှိတယ် ( အရှေ့ဂျာမနီ-အနောက်ဂျာမနီ၊ တောင်ကိုရီးယား-မြောက်ကိုရီးယား၊ တောင်ဗီယက်နမ်- မြောက်ဗီယက်နမ်၊ တောင်ယီမင်- မြောက်ယီမင်၊ တရုတ်ပြည်မကြီးနဲ့- ထိုင်ဝမ်ကျွန်း)။ စစ်အေးခေတ်နဲ့ စစ်အေးလွန်ခေတ်တလျှောက် အမေရိကန်စူပါပါဝါ နန်းတင်ပေးခဲ့တဲ့ အာဏာသိမ်းစစ်အစိုးရတွေ ရုပ်သေးအစိုးရတွေ တပုံကြီးရှိခဲ့ပါတယ် (ဥပမာ။ အာဖဂန်၊ အီရတ်)။ အမေရိကန်နယ်ချဲ့ဟာ အစ္စရေးအစိုးရကို နန်းတင်ပေးပြီး ဂျေရုစလင်ကို အစ္စရေးနိုင်ငံထဲ ထည်ခဲ့သော်လည်း ပါလက်စတိုင်းနိုင်ငံကို တရားဝင်နိုင်ငံအဖြစ် အသိအမှတ်ပြုဖို့ ကုလသမဂ္ဂမှာ ပိတ်ဆို့ထားဆဲပါပဲ။
၂၀၀၈ စီးပွားရေးကပ်နောက်ပိုင်းမှာတော့ (အာဖဂန်စစ် အီရတ်စစ်တို့မှာ အသုံးအဖြုန်းကြီးခဲ့မှုကြောင့်) ပဋိပက္ခဖြစ်တဲ့ တိုင်းပြည်တွေနဲ့ဆက်ဆံရေးမှာ အမေရိကန်နဲ့ အနောက်အုပ်စုဟာ သူတို့လိုလားတဲ့အတိုက်အခံတွေ ဖြစ်ရင်တောင် နိုင်ငံတကာဥပဒေကြောင်းအရ အခြေအနေ၊ အချိန်အခါကြည့်ပြီး ဥပဒေအရအသိအမှတ်ပြုတာကို လုပ်ပါတယ်။ ၂၀၁၂ ခုနှစ်က ‘ဆီးရီးယား အတိုက်အခံညွန့်ပေါင်းအဖွဲ့’ ကို ဥပဒေကြောင်းအရ အသိအမှတ်မပြုသေးတာနဲ့ ပတ်သက်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက အခုလို ပြောတယ်။ ဥပဒေအရ အသိအမှတ်ပြုမှုဟာ နယ်မြေကိုချုပ်ကိုင်နိုင်မှုနဲ့ သက်ဆိုင်တယ်၊ လစ်ဗျားအရေးတုန်းကလည်း အသိအမှတ်ပြုမှုကို သူ့အဆင့်နဲ့သူ တဆင့်ပြီးမှတဆင့်လုပ်တယ်။ အရင်ဆုံး နိုင်ငံရေးအရ လုပ်ရတာတွေရှိတယ်၊ ကဒါဖီအစိုးရရဲ့ထိန်းချုပ်မှုတွေ မရှိတော့မှ နောက်ဆုံးမှ ဥပဒေကြောင်းနဲ့ဆိုင်တဲ့အဆင့်တွေကို တက်လှမ်းတာဖြစ်တယ်လို့ ရှင်းပြတယ်။
လစ်ဗျားပဋိပက္ခမှာ ‘အကူးအပြောင်းကာလ လစ်ဗျားအမျိုးသားကောင်စီ’ ကို အစိုးရအဖြစ် လွယ်လွယ် အသိအမှတ်မပြုခဲ့ဘူး။ အတိုက်အခံတွေက နယ်မြေတချို့ကို သိမ်းပိုက်ထားပေမယ့် ကဒါဖီ လက်အောက်မှာလည်း နယ်မြေထိန်းချုပ်မှုတွေရှိတဲ့အခါ မဆိုင်တဲ့နယ်မြေတွေ အတွက်ပါ အတိုက်အခံကိုတာဝန်ယူခိုင်းလို့ မဖြစ်ဘူးလို့ အမေရိကန်နိုင်ငံခြားရေးဌာန ဥပဒေအကြံပေးက ပြောပါတယ်။ ဆီးရီးယားပဋိပက္ခမှာလည်း ‘ဆီးရီးယား အတိုက်အခံညွန့်ပေါင်းအဖွဲ့’ ကို အမေရိကန်၊ ဗြိတိန်နဲ့ အနောက်နိုင်ငံတွေက ‘ဆီးရီးယားပြည်သူများကို တရားသဖြင့် ကိုယ်စားပြုသောအဖွဲ့အစည်း’ ဆိုပြီး အသိအမှတ်ပြုတာတွေ ရှိပေမယ့် နိုင်ငံတကာဥပဒေနဲ့ ညီညွတ်တဲ့ အစိုးရအဖြစ် အသိအမှတ်ပြုတာမျိုး မဟုတ်ဘူး။ အတိုက်အခံ ကိုယ်စားလှယ်တွေကို လက်ခံတာ၊ ရုံးဖွင့်ခွင့်ပေးတာတွေ ရှိပေမယ့် အစိုးရချင်းဆက်ဆံရေး၊ သံတမန်ဆက်ဆံရေးအဆင့် မဟုတ်ဘူး။
အတိုက်အခံကို နိုင်ငံရေးအရအသိအမှတ်ပြုပြီး ဆက်ဆံရေးရုံးတွေ ဖွင့်ခွင့်ပေးတဲ့ နိုင်ငံတွေမှာ အာဆက်အစိုးရဲ့ သံတမန်တွေ၊ သံရုံးတွေလည်း ပုံမှန်ဆက်ရှိနေတယ်။ နှစ်နိုင်ငံ ဆက်ဆံရေး ပြတ်တောက်တဲ့ နိုင်ငံတွေမှာသာ သံရုံးတွေ ပိတ်ပစ်တာ၊ သံတမန် ရုတ်သိမ်းတာတွေ ရှိပါတယ်။ ဆီးရီးယားမှာ အတိုက်အခံတပ်တွေက နယ်မြေတချို့ကို သိမ်းပိုက်ထားနိုင်ပေမယ့် သမ္မတအာဆက်က ချုပ်ကိုင်ထားနိုင်တဲ့နယ်မြေက ပိုကြီးမားတယ်။ ကုလသမဂ္ဂမှာလည်း အာဆက်အစိုးရကသာ တရားဝင်ကိုယ်စားပြုအစိုးရအဖြစ် ဆက်ရှိနေတယ်။ လစ်ဗျားနဲ့ ဆီးရီးယားဟာ တကယ်တော့ အမေရိကန်ဦးဆောင်တဲ့ အနောက်နိုင်ငံတွေ စစ်ရေးအရ ဝင်စွက်ဖက်ခဲ့၊ ဝင်စွက်ဖက်နေတဲ့ နိုင်ငံတွေပါ။ ဒါပေမဲ့ အတိုက်အခံတွေကို အစိုးရအဖြစ် လွယ်လွယ် အသိအမှတ်မပြုပါဘူး။
ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် ဟွေဒိုက အိမ်စောင့်အစိုးရသမ္မတအဖြစ် ကြေညာပြီး စင်ပြိုင်အစိုးရထူထောင်ဖို့ ကြိုးပမ်းတော့လည်း အမေရိကန်နဲ့အတူ အနောက်အုပ်စုက အားပေးထောက်ခံကြတယ်။ ဒါပေမဲ့ နိုင်ငံရေးအရထောက်ခံမှုပါပဲ။ ဟွေဒိုရဲ့စင်ပြိုင်အစိုးရက နယ်မြေပိုင်စိုးမှု မရှိဘူး။ သူ့ကို ထောက်ခံတယ်ဆိုတဲ့နိုင်ငံအချို့မှာ ဆက်ဆံရေးရုံးတွေ၊ ကိုယ်စားလှယ်တွေ လက်ခံတယ်။ ဒါပေမဲ့ နယ်မြေပိုင်စိုးမှုရှိပြီး တနိုင်ငံလုံးကို ချုပ်ကိုင်ထားနိုင်တဲ့ မာဒူရိုအစိုးရကိုသာ တရားဝင်အစိုးရအဖြစ် တဖက်ကနေ ဆက်ဆံနေတယ်။ ဟွေဒိုရဲ့ကိုယ်စားလှယ်တွေ ကုလသမဂ္ဂမှာ ကိုယ်စားပြုခွင့်ရဖို့ကြိုးစားတာလည်း မအောင်မြင်ဘူး။ အမေရိကန်က သူ့နိုင်ငံတွင်းက မာဒူရိုအစိုးရရဲ့ သံတမန်တွေကို ထုတ်ပစ်တာ၊ သံရုံးကို ဟွေဒိုရဲ့ ကိုယ်စားလှယ်တွေကို လွှဲပေးတာတွေ လုပ်ပါတယ်။ ဒါပေမဲ့ ဟွေဒိုရဲ့ စင်ပြိုင်အစိုးရဟာ တရားဝင် အသိအမှတ်ပြုအစိုးရ ဖြစ်မလာခဲ့ဘူး။
အစိုးရအဖြစ်အသိအမှတ်ပြုခံရဖို့ နိုင်ငံပိုင်နယ်မြေကို ပိုင်စိုးမှု ရှိရမယ်၊ ပြည်သူကို ပိုင်စိုးမှု ရှိရမယ်။ အစိုးရဖွဲ့ထားပေမယ့် အစိုးရတာဝန်တွေကို လက်တွေ့မြေပြင်မှာ မလုပ်နိုင်ရင် စာရွက်ပေါ်က အစိုးရပဲ ဖြစ်နေမယ်။ စာရွက်ပေါ်က အစိုးရကို နိုင်ငံတကာက အသိအမှတ်မပြုပါဘူး။ ဒါကြောင့် စင်ပြိုင်အစိုးရတွေဟာ အဝေးရောက်အစိုးရအဖြစ် နိဂုံးချုပ်ရင်ချုပ် ဒါမှမဟုတ် တစတစနဲ့ ပျောက်ကွယ်သွားလေ့ရှိပါတယ်။ တော်လှန်ရေးတရပ် ဆင်နွှဲပြီး အောင်ပွဲရယူနိုင်ရင်တော့ ယာယီအစိုးရတွေ၊ ကြားဖြတ်အစိုးရတွေ ဖွဲ့နိုင်လိမ့်မယ်။
ရန်သူကို လုံးဝချေမှုန်းပြီး အစိုးရနေရာကနေ ဖယ်ရှားနိုင်ရင်၊ တပြည်လုံးကို အခိုင်အမာ ထိန်းချုပ်ထားနိုင်ရင်၊ လူထုထောက်ခံမှုနဲ့အတူ စစ်ရေး၊ နိုင်ငံရေး အခြေအနေတွေ ကောင်းတယ်ဆိုရင် နိုင်ငံတကာက အစိုးရတရပ်အဖြစ် အသိအမှတ်ပြုမှာ ဧကန်မုချပဲ။ တရွာပြီးတရွာ၊ တမြို့ပြီးတမြို့သိမ်းပြီး တပြည်လုံးသိမ်းနိုင်တဲ့ ပြည်သူ့တော်လှန်ရေးကို အောင်မြင်စွာ ဆင်နွှဲနိုင်မှသာ နိုင်ငံတကာက အစိုးရအဖြစ် ကြိုဆိုပါလိမ့်မယ်။
ရည်ညွှန်း
Recognition of Opposition Groups as the Legitimate Representative of a People – Stefan Talmon
Effective Control Doctrine – Desmond Tutu Foundation
Recognition of Governments: Legitimacy and Control Six Months after Guaido – Opinio Juris
0 comments:
Post a Comment