Monday, July 26, 2021

ရထားဘီးနှင့် ခဲလုံးများ

0 comments
ရထားဘီးနှင့် ခဲလုံးများ
ညနေ ငါးနာရီထိုးလျှင် ချစ်သူလာမယ်။ ငါးနာရီထက် ဘယ်နည်းနှင့်မှ ပို၍စောပြီး မပြန်နိုင်သည်ကို သိသည်။ လေးနာရီထိုးကတည်းက စောင့်ရှာသည်။ ကြို၍စောင့်သော တစ်နာရီသည် ပင်ပန်းခြင်းစင်စစ်ဖြစ်လေ၏။ ဘယ်တော့မှ မကုန်နိုင်တော့သည့် တစ်ဒင်္ဂလို့လည်း ဆိုချင်သည်။ လျှပ်တစ်ပြက်မျှကြာသော သံသရာလို့လည်း ခေါ်ချင်သည်။
စောင့်ဆဲတွင် ဂနာမငြိမ်ဖြစ်စမြဲပင်။ အိပ်ရာပေါ် လှဲလိုက်၏။ ပြီးတော့ ဟိုဘက်သည်ဘက် မသိဘဲ ယောင်ယမ်း၍လှိမ့်သည်။ အိပ်ရာပေါ်က ထထိုင်ပြီး ဖြုတ်ခနဲ စားပွဲဘေးတွင် မတ်တပ်ရပ်လျှက်ရှိပြန်သည်။ စိတ်က အရှေ့ကပြေးနေလေရာ လူက အတွင်လိုက်လုပ်သော်လည်း လုပ်မိသမျှ ပြန်ပြီးမမှတ်မိနိုင်ရှိရ၏။ လက်ချောင်းများသည် မလှတော့ဘဲ ကျိုးကြဲမသေမချာဖြစ်ကာ ပစ္စည်းပစ္စယကလေးများကို လှုပ်ဆွဲနေလေသည်။ ထို့နောက် လေတစ်ချက်ချွန်သည်။
ချစ်သူ၌ ယုံကြည်သူမို့ ပူလောင်ခြင်းတော့ မရှိချေ။
ကုလားထိုင်၌ထိုင်ကာ ဘာကိုပဲလုပ်တော့မလိုလိုနှင့် စင်စစ်တော့ ဘာမှလည်း လုပ်မည်မဟုတ်။ မလုပ်ဘဲ ပြတင်းပေါက်သို့ မျက်နှာမူသည်။ ပင့်တင်ထားသော ဇာခြင်ထောင်မှ ကြိုးများ ဖိုးရိုဖားရားကျသည်။ အရူးမအင်္ကျီလို မသေမသပ် ခုတင်ခြေရင်း တိုင်နှစ်တိုင်ကို သွယ်တန်းထားသည့်ကြိုး၌ မျက်နှာသုတ်ပုဝါ အစိမ်းနုပြောင်တစ်ထည်။ အပြာစင်းသော အဖြူတစ်ထည် အစွန်းအစချင်း ထပ်လျက်ရှိသည်။ ကြည့်ရင်း အဝတ်နှင့်လုပ်သောအရုပ်နှင့် တူသည်ဟု ထင်၏။ ကြာကြာတော့ မထင်နိုင်ချေ။ အကြောင်းကား ငါးနာရီထိုးလျှင် ချစ်သူလာမည့်အကြောင်းကား စိတ်တွင်ပို၍ ထင်လင်းနေပေ၏။
သို့သော် ခြင်ထောင်ဟိုဘက်၌ ပြတင်းကို တစ်ဝက်ကာသည့် ကန့်လန့်ကာ အဖြူသည် ခပ်ကြမ်းကြမ်း လွင့်ပါးနေပြန်သည်။ ကိုယ့်ဘက်ကို လွင့်ပါးကာ လက်ဆန့်တန်းခေါ်သလိုပင်။ ထိုအခါ မိုးသက်လေအေးက သူ့ခေါ်တာမဟုတ်ဘဲနှင့် ဝုတ်ခနဲ အပြေးဝင်လာ၏။ လေးထောင့် သံဆန်ကာကွက် အပြည့်ကာထားလေရာ လေသည်သာ အစိုင်အခဲဖြစ်ပြီး ပုံသဏ္ဌာန်တစ်ခုခုကို တစ်ခဏဖြစ်စေ ဆောင်နေနိုင်လျှင် လေးထောင့်ကွက်ကလေးများ ကြွေကြကြမည် ဖြစ်သည်။
ကြည့်စမ်း။ ထူထဲလေးလံသော ပြတင်းတစ်ဖက်တစ်ချက် ခန်းဆီးရှည်ကြီးပင် ဆင်အရေခွံလို လွန့်လေပြီ။
နာရီကို မကြည့်ချင်တော့ပေ။ သံသရာသည် ငါးမိနစ်ကာလပါတကားရယ်လို့ သိရတာ အောင့်သက်သက်နှင့် စိတ်အတော်ဆိုးချင်စရာတည်း။
ကျီးပျိုတစ်ကောင် ပြတင်းရွက်ဘောင်စွန်း၌ လာနား၏။ ဟိုကြည့်သည်ကြည့်နှင့် ကြောက်သလိုလိုနေသည့်ကြားက သာမည်ပြင်၏။ ကဲလေ … သာပါဦးရယ်လို့ မမြင်ချင်ယောင်ဆောင်လိုက်ပြန်တော့ ကျီးကလည်း မသိချင်ယောင်ဆောင်ကာ သာလေသည်။
သို့သော် ပြောချင်တယ် ကျီးရယ်၊ မင်းမသာသော်လည်း သူလာမှာတော့ အမှန်ပါပဲ။
ထိုခဏ၌ မျက်မှောင်အနည်းငယ်တွန့်သေး၏။ သူလာမယ့်အချိန်မှာ တခြားဧည့်သည်ခေါ်လာချင်တာလား ကျီး။
ကျီးပျိုက မသိသားဆိုးဝါးစွာပင် ဟန်ကျပန်ကျ သာပါသေး၏။ ကိုယ်ကတော့ ဂရုမစိုက်တော့ချေ။ ပြတင်းဘက်ကို ငေးမောပြန်လေသည်။ ပြတင်းဟိုဘက်ရှိ မမြင်ရသော လဟာပြင်။ လဟာပြင်ပြီးလျှင် ဝါမှောင်သော တိုက်ထိပ်တစ်စွန်းတစ်စနှင့် စိမ်းခြောက်သော ယင်းလိပ်လျော့တိလျော့ရဲကို တွေ့သည်။ ထိုနှစ်ခုကြားမှာ အညိုဆေးပျက်ပြယ်သော သွပ်မိုးတံစက်မြိတ်ကို အစအဆုံးမြင်ရသည်။
အရုပ်ဆိုးလှလေခြင်း။
ဟိုးနောက်ဆုံးရှိ ကောင်းကင်ကား ဖြူပေ၏။ ထူထပ်၏။ ကိုယ်နှင့် နီးစပ်လေသည်။ သင်္ကန်းမွဲပြာပြာနှင့် တရုတ်ဘုန်းကြီးတစ်ပါး စျာန်ပြန်သွားချင်လည်း သွားမည်။ တကယ်မြင်သည်မှာတော့ မိုးတိမ်တိုက်များ ဆင်သည်လာသည်ကိုတည်း။
ကဲ … ချစ်သူအရောက်နှေးတော့မည်။ မိုးကဖြင့် သည်းမည့်မိုးဖြစ်သည်လို့ ချက်ချင်းပြောင်းလဲ အုံပွေသော ရာသီက ပြောပြသည်။ တားမနိုင်ဆီးမရ ဖြိုင်သွန်ကျတော့မည်လေ။ ကျပါစေ … ။ မျက်ရည်ဆိုသည်မှာ တားဆီးကောင်းသည်မဟုတ်။ ကိုယ့်ဘာသာပဲ စိတ်ရှုပ်ရသည်။
မိုးရေထဲတိုးလာမည့်သူကို ကျေးဇူးတင်ခြင်းနှင့်ပင် စောင့်ဦးမည်။ သို့သော် သိပ်အေးမှာ စိုမှာပဲ။ ရေအစက်စက်နှင့် သီရီမှာကို မတွေ့ချင်ဘူး။ မိုးရွာတာနှင့် မလာတော့ပြီဆိုလျှင်တော့ ဝမ်းနည်းပြန်ဦးမည်တဲ့။ အားငယ်တတ်၊ အပျက်သာထင်တတ်သူမို့ လာမှာမဟုတ်ပါဘူးဟု ဖြေဖျောက်နှင့်သည်။ စိတ်အေးသွားသည်မှန်သော်လည်း ယောင်ချောက်ကာ တစ်ကိုယ်တည်း ငိုင်လာပြန်လေသည်။
တစ်ကယ်တော့ မိုးတိတ်ရင် သူလာမှာပဲ။
တံစက်မြိတ်ပေါ်၌ လှုပ်ရှားခြင်းကို ပထမသတိပြုသည်။ ထို့နောက် ခိုတွေ မိုးခိုနားကြသည်ကို သိမြင်သည်။ သူတို့သည် စွတ်စိုသော အတောင်များကို ခါနေကြလေသည်။ အားလုံးညိုပြာပြာအရောင်နှင့် အဖြူပြောက်ကလေး သုံးလေးပြောက်သာ အားရှိစရာ မြင်ရသည်။ အမြီးချင်းတေ့ကာ၊ ခေါင်းချင်းတိုက်ကာ၊ ခြေချင်းယှက်ကာ ဖြစ်ကတတ်ဆန်း လှုပ်လှုပ်ရွရွနေကြ၏။ မိုးသံကြားက မြင်ရ၏။
ခိုများသည် ကိုယ့်လိုစဉ်းစားနေကြမည်မထင်။ သူတို့သည် ဘယ်ချစ်သူကိုမှလည်း စောင့်နေသည်မဟုတ်။ မိုးတိတ်လျှင် ပျံလိုရာကို ပျံသွားကြမည်။ ဖြန့်လွှာခြုံရုံလာသော ဆည်းဆာပြာ၌ ငိုက်မျည်းကာ ညည်းသံပြုကြရုံသာ ရှိသည်။ ဒါတောင် အစီအစဉ်မရှိ၊ ကြုံသလို လုပ်သွားမည့်ခိုများပင်။
မိုးသည် သည်းပါလေ၏။ သည်းပါလေ၏။ သည်းပါလေ၏။ စိတ်ပင်မကူးလိုက်ရဘဲ (သို့မဟုတ် စိတ်ကူးကို ဖမ်းမမိလိုက်ဘဲ) အခန်းထောင့်ဘီရိုသို့ရောက်ကာ လက်များသည် နွားနို့တစ်ခွက် ဖျော်လေပြီ။
သတ္တိကောင်းလာပြီး နာရီကိုကြည့်သော် တကယ်တော့ ကံခေသူမို့ စောင့်စ ကနှင့် စပြီးရေတွက်လျှင် ခုနစ်မိနစ်ကုန်သွားပြီဆိုတာ သိရလေသည်။
ထိုခဏ၌ မိုးဖြုန်းခနဲ တိတ်၏။ အသံဗလံများ သေဆုံးကုန်ကာ ရေဒီယိုမှ သီချင်းဆိုနေသော ဒိုင်နာရှော၏အသံကြားရသည်။ ဝေးကွာလှသော ဘယ်အရပ်ကလဲဆိုတာ ဖြုတ်ခနဲ စဉ်းစားနေ၏။ ထို့နောက် ဒိုင်နာရှော၏အော်လန်းဆိုင်ကို တစ်ဝက်တစ်ပျက် ညည်းသည်။
ဝမ်းနည်းခြင်းကြွလာပြီး ချက်ချင်းပျောက်သွားပြန်သည်။ မျက်ရည်တောင် မအိုင်လိုက်ရခင် ကိုခိုတို့ ထပျံကုန်သည်။ ခေါင်းမာပျင်းရိသော တစ်ကောင်နှစ်ကောင်သာ တွေဝေနေရစ်ကြသည်။
စောစောကသာသည့် ကျီးလားမသိ၊ ကျီးတစ်ကောင် ပြတင်းပေါက်၏လေးထောင့်သဏ္ဌာန်ကို ဖြတ်ပြေးသည်။ လေရစ်ဝေ့၍ လိုက်သည်။ မိုးတစ်ပေါက် နည်းနည်းစဉ်ပြန်သည်။ ထိတ်လန့်သွားပြန်သည်။ သို့သော် ဒါနှင့်ပြီးသွားသည်။
မော်တော်ကားဟွန်းသံကြားသည်။ ကလေးများ လမ်းပေါ်ဆင်းဆော့ကြသံ၊ ရယ်မောသံကို ကြားသည်။ ကလေးမိခင်တို့၏ စိတ်မချသောနှလုံးခုန်သံလို သိပ်မြန်မှာပဲဟု စဉ်းစားသည်။
လေသည် နွေးလာသည်။ အရာရာသည် ကြည်လင်လာသည်။ ရာသီလင်းလာသည်။ ပြတင်းမှ ကန့်လန့်ကာများ ဣနြေ္ဒရကုန်သည်။ မျက်နှာသုတ်ပဝါများမှ အမွေးများပွနေသည်။ ကြောင်ကလေးပူစီနှင့် ပြိုင်မည့်ဟန်ရှိသည်။
ကိုယ့်လက်ချောင်းများ၌ လက်သည်းများပြောင်လက်နေသည်။ မာန်သွေးကြွသည်။ လှသည်။ အမြဲပြုပြင်ခဲ့သည်။ နောက်ဆုံး၌ကား ချစ်သူ၏ ကိုယ့်စိတ်လိုစောသော ခြေသံကို အဝေးမှ သဲ့သဲ့ပင်ဖြစ်သော်လည်း အရာအထောင်ကြား၌လည်း ခွဲခြားမှတ်မိသည့် သတိဖြင့် ကြားကာ နားဆက်၍ ထောင်လေ၏။

0 comments:

Post a Comment