Monday, July 26, 2021

အေပီစီ ဘတ်စပရို

0 comments
အေပီစီ ဘတ်စပရို
အေပီစီနှင့် ဘာစပရိုတို့သည် အကိုက်အခဲပျောက်ဆေးများ ဖြစ်သည်။ အထူးသဖြင့် ခေါင်းကိုက်လျှင်သောက်သည်။ ဆေးစွမ်းကောင်းများဖြစ်၍ တစ်ခဏချင်း ပျောက်စေသည်။
သို့သော် ကိုက်ခဲခြင်းဟူသည်မှာ တစ်စုံတစ်ခုသော အကြောင်းပေါ်တွင် အမှီပြု၍ ဖြစ်ပေါ်လာသော အကျိုးဖြစ်သည်။
ထိုဆေးများသည် ကိုက်ခဲခြင်းအကျိုးကို ပျောက်စေသော်လည်း ကိုက်ခဲခြင်းအကြောင်းကိုကား ပျောက်စေရန် မစွမ်းနိုင်ကြပေ။
* * *
ညိုတို့သူငယ်ချင်းတစ်စုသည် ငယ်ရွယ်စဉ်ကျောင်းသူဘဝက အတော်လေး နောက်တတ်ပြောင်တတ်ကြသည်။ ပျော်စရာရယ်စရာအကြောင်းများကို ရှာနေရင်း 'ဒီကမ္ဘာလောကကြီးမှာ ရယ်စရာတွေ ကုန်သွားရင် ဒုက္ခ'ဟု တွေးတော စိုးရိမ်နေကြသူများ
ဖြစ်သည်။
ဝတ္ထုအမည်တစ်ခုကို ပုံတူကူး၍ ပြောရမည်ဆိုလျှင် 'ပြန်မပြောရင် ပြောချင်တယ်'ဟု တိုးတိုးလေးပြောရမည် ထင်သည်။ ကျောင်းသူဘဝတုန်းက ညိုသည် အယောင်ဆောင်သူတောင်းစားလုပ်ပြီး တောင်းကြည့်ရန် ကြံစည်ဖူးပါသည်။
"ဘုရားစောင်းတန်းမှာ သွားထိုင်မယ်လေကွာ၊ လက်တွေ ခြေတွေကိုလည်း အဝတ်စုတ်နဲ့ ပတ်ထားမှာပေါ့။ ခေါင်းကိုလည်း မျက်နှာသုတ်ပုဝါနဲ့ အုပ်ပြီး ပေါင်းထားရင်ရတာပဲ၊ 'အစ်ကိုကြီးတို့ အစ်မကြီးတို့ ထမင်းဖိုးလေး ငါးပြားလောက်'လို့ အော်တာများ
ခက်တာလိုက်လို့"
"စိတ်ကူးယဉ်လိုက်တာ ညိုရာ"
"ဘာစိတ်ကူးယဉ်တာလဲ၊ သူတောင်းစားဘဝကို လက်တွေ့ကျကျ လေ့လာမလို့ဟ၊ ဆရာကြီးပီမိုးနင်းတောင် တစ်ခါလေ့လာကြည့်ဖူးတယ်တဲ့၊ တစ်နေ့ တောင်းကြည့်တာ နှစ်ကျပ်လား သုံးကျပ်လား ရတယ်တဲ့၊ စာအုပ်တစ်အုပ်ထဲမှာ ငါဖတ်ဖူးတယ်"
"တော်စမ်းပါမိညိုရာ၊ ပီမိုးနင်းနဲ့ နင်နဲ့က တူတာလိုက်လို့၊ နောက်ပြီး သူတောင်းစားလောကမှာ နယ်စားပယ်စားတွေရှိတာ နင်သိလို့လား၊ နင်တစ်ယောက်တည်းသွားလို့ကတော့ ဝိုင်းနွှာပစ်လိုက်မှာပေါ့"
"တစ်ယောက်တည်းတော့ ဘယ်သွားမှာလဲလို့"
"ဒီလိုဆို ဘယ်သူနဲ့သွားမလို့လဲ၊ နင့်ဘေးမှာ ဘယ်သူက သူတောင်းစားလိုက်လုပ်မှာမို့လဲ"
"နင်တို့ပေါ့"
"ဟောတော် "
"နင်တို့ပါ လိုက်ရမှာပေါ့လို့”
"မြတ်စွာဘုရား"
တီကောင်ကို ဆားနှင့်ပက်သည်ကပင် သူတို့လောက်တွန့်သွားလိမ့်မည် မထင်ပါ။ ညို၏သူငယ်ချင်းများသည် ညိုနှင့် စာအတူကျက်သော်လည်း၊ သစ်ပင်အတူတက်သော်လည်း၊ ရုပ်ရှင်အတူကြည့်သော်လည်း၊ အခြားသူများကို နောက်ပြောင်သည့်သဘောနှင့် အတူချောက်ချလေ့ရှိသော်လည်း သူတောင်းစားလုပ်၍ အတူတူတောင်းကြည့်ရန်ကား သဘောမတူကြပေ။ ထို့ကြောင့် ညို့အကြံအစည်လည်း မအောင်မြင်ခဲ့ရပေ။
အခြေအနေမပေး၍ ကိုယ်တွေ့မလေ့လာခဲ့ရသော်လည်း သူတောင်းစားဟူသည့်လူတန်းစားကို ညို စိတ်ဝင်စားပါသည်။ သူတောင်းစားတစ်ဦးဦးကိုတွေ့တိုင်း 'သူ ဘာလို့တောင်းစားနေတာလဲ၊ ကျန်းမာရေးမကောင်းလို့လား၊ ခြေလက်အင်္ဂါ မသန်စွမ်းလို့လား၊ အိုမင်းမစွမ်းလို့လား၊ အလုပ်လုပ်ရမှာ ပျင်းလို့လား၊ အရချောင်နေလို့ ရေသာခိုတောင်းစားနေတာလား'ဟူသော အတွေးများသည် ညို့ခေါင်းထဲတွင် ချာလည်လှည့်နေတတ်သည်။
အလုပ်ထံဝင်ပြန်တော့ ပို၍ စိတ်ဝင်စားခွင့်ကြုံလာသည်။ ညိုတို့ရုံးဖြစ်သော အိုးအိမ်ရုံးကြီးတစ်ဝိုက်တွင် အမျိုးပေါင်းစုံလှစွာသော သူတောင်းစားများရှိနေသောကြောင့် ဖြစ်သည်။ ကိုယ်ရေပြားရောဂါသည်များလည်း ရှိသည်။ စိတ်ရောဂါသည်လည်း ပါသည်။ အိုမင်းမစွမ်းသူလည်း မရှားပါ။ ထို့အပြင် ညိုတို့နှင့် အသက်မတိမ်းမယိမ်းလောက်ရှိမည်ဖြစ်သော မိန်းကလေးငယ်ငယ်တစ်ဦးကိုလည်း တွေ့ရသည်။
သူ့ဆံပင်သည် တစ်ခါတစ်ရံ လက်လေးသစ်ခန့်ရှိကာ တစ်ခါတစ်ရံလည်း ကတုံးတုံးထားတတ်သည်။ မျက်လုံးကျယ်သည်။ နှုတ်ခမ်းထူသည်။ အသားလတ်သည်။ ရုပ်ရည် အတန်ငယ်သန့်ပြန့်၍ သူတောင်းစားဟု ဗြုန်းခနဲ ထင်လိုက်ရန် အားနာလောက်ပါသည်။ 'သိပ်မဆိုးဘူး၊ ပြင်လိုက်ဆင်လိုက်ရင် ချောမှာ 'ဟု မှတ်ချက်ချရင်း 'ညတိုင်ကျရင် သူဘယ်မှာများ အိပ်သလဲမသိ'ဟု ဆက်တွေးကာ ရင်မောသောဝေဒနာကို စတင်၍ ခံစားရလေသည်။
"ဒီလိုပဲ ဟိုနားအိပ် ဒီနားအိပ်ပေါ့"ဟု မေးကြည့်သောအခါ သူက သန်းတုပ်ရင်း ဖြေသည်။ သူ့ဆံပင်တိုတိုလေးထဲတွင် သန်းဥများ စီရရီ တွယ်ကပ်နေလိုက်သည်မှာလည်း ဖွေးဖွေးလှုပ်နေသည်။
"အလုပ်လုပ်ပါလား၊ ဘာလို့တောင်းစားနေတာလဲ"
"ဘာလုပ်ရမှာလဲ"
သူက မျက်လုံးကြီးပြူး၍ ပြန်မေးသောအခါ ညို ဦးနှောက်ခြောက်သွားသည်။
"ဟို-ဟို တံမြတ်စည်းလှည်းတာတို့၊ အဝတ်လျှော်တာတို့"
"ငါ့ကို မောင်းထုတ်မှာပေါ့"
"ဘာလို့မောင်းထုတ်ရမှာလဲ၊ အလုပ်လုပ်ရင် ပိုက်ဆံရတာပေါ့။ တောင်းမစားရတော့ဘူးပေါ့"
"ငါ ဒီနေ့မနက် ပြားသုံးဆယ်ပဲရသေးတယ်"
တရားဟောနေသော ညိုကို သူက ခွက်မြှောက်၍ ပြသည်။ ညိုလည်း အိတ်ထဲမှ ပိုက်ဆံအကြွေတစ်ကျပ်ခွဲခန့်ကို နှိုက်၍ ပေးလိုက်သည်။
"သွားလေ ထမင်းသွားဝယ်စား၊ အလုပ်ရရင် လုပ်ရမယ်နော်"
"အေး"
အလုပ်ရရင် လုပ်ရမယ်ဟု ဟန်နှင့်ပန်နှင့် ပြောခဲ့သော်လည်း သူ့အတွက် အလုပ်ကို ညို၏ဦးနှောက်သေးသေးလေးက စဉ်းစား၍မရချေ။ နက်နက်နဲနဲ စဉ်းစားလေ ခက်လေပင်။ နေစရာအိမ်မရှိသော မိန်းကလေးတစ်ဦးအတွက် မည်သည့်အလုပ်ကမှ
ဟန်မကျလှကြောင်း တွေ့လာသည်။ သူ့အတွက် လိုအပ်နေသည်မှာ စားရန်ငွေတစ်ခုတည်းမဟုတ်ချေ။ နေရန်အိမ်က ပို၍အရေးကြီးနေပါသည်။
"အိမ်ဖော်လေးဘာလေး မလိုကြဘူးလား၊ အိမ်ဖော်အလုပ်သွင်းပေးရင် ကောင်းမယ်"
"ဘာမှန်းညာမှန်းမသိတဲ့ လမ်းဘေးကမိန်းကလေး၊ သူ့စာရိတ္တကလည်း ဘယ်လိုရှိတယ်မသိ။ ဒီလိုမိန်းကလေးကို ဘယ်အိမ်က လက်ခံမှာလဲဟ၊ နင် ဒီလောက်စိတ်မကောင်းဖြစ်နေရင် နင့်အိမ်ခေါ်ထားလိုက်ပါလား"
ညို တချီတည်း ငြိမ်ကျသွားပါသည်။ နေ့စဉ်စားဝတ်နေရေးအတွက် ရုံးနှင့်အိမ်နှင့် ဒုန်းစိုင်းပြေးကာ လှုပ်ရှားနေရသော ညိုတို့၏ပခုံးသည် အခြားလူပိုတစ်ဦး၏ဝန်ကို ကရုဏာတစ်ခုတည်းနှင့် ထမ်းရွက်နိုင်ရန် မကြီးမား၊ မကြံ့ခိုင်လှပေ။ ကြီးမားမည် ကြံ့ခိုင်မည်ဆိုလျှင်လည်း သူ့ကိုတော့ ညို့အိမ်မှာ ခေါ်မထားလိုလှပါ။ ရှင်းရှင်းပြောရလျှင်မူ ညိုသည် ထိုမျှလောက် စိတ်ကောင်းရှိသူတစ်ဦးမဟုတ်ပါဟု ဝန်ခံရမည် ဖြစ်သည်။
"လူမှုဝန်ထမ်းဌာနနဲ့ ဆက်သွယ်ပြီး အမျိုးသမီးဂေဟာတွေ ဘာတွေ ပို့လို့ရရင်ကောင်းမယ်"
"လုပ်မနေနဲ့၊ အပြင်မှာ ဒီလောက်အရချောင်နေတာ နင် အတင်းပို့ရင်တောင် ထွက်ပြေးမှာပဲ"
ဟုတ်ပုံရသည်။ တစ်နေ့တွင် ညိုက သူ့ကို "ဂေဟာသွားချင်လား" ဟု မေးကြည့်သည်။ ဂေဟာဟူသည်ကိုပင် မသိ၍လားတော့မသိ။ အင်းမလုပ် အဲမလုပ်နှင့် ထမင်းဖိုးသာတောင်းလေသည်။ ကရုဏာအိုးကြီးကွဲနေသော ညိုကလည်း သူတောင်းတိုင်း
ပေးပစ်ခဲ့သည်ချည်းသာ။
"ညို နင့်ကောင်မလေးကို နံပါတ်(၁၀)ကားဂိတ်မှာ တွေခဲ့တယ်။ ကျောင်းသားတွေက ခဲနဲ့ပေါက်လို့ အော်ဆဲနေလိုက်တာဟာ တစ်တစ်ခွခွပဲ"
"နင့်ကောင်မလေးကတော့ ဇိမ်ပဲ၊ စားလိုက်အိပ်လိုက်နဲ့ ကြည့်စမ်းပါဦး၊ မြောင်းပေါ်မှာ အိပ်နေလိုက်တာ သိုးလို့"
"မိညို၊ နင့်ကောင်မလေးလေ အဘိုးကြီးတစ်ယောက်နဲ့ နေနေတယ်၊ နင်သိလား"
စတွေ့ပြီး လေးငါးလအကြာတွင် သူ့ဘေး၌ အဘိုးကြီးတစ်ဦးကို တွေ့ရတော့သည်။ သားအဖပင်မက မြေးအဘိုးအရွယ်မို့ ညိုတို့က ယုန်ထင်ကြောင်ထင် ထင်ရခက်နေသည်။
"အဖေလိုသဘောထားပြီး နေတာပါ။ အဘိုးကြီးက ကျွန်မကို သားသမီးလို စောင့်ရှောက်ပါတယ်"
စပ်စုကြသော ရုံးဝန်ထမ်းအချို့အား သူဖြေနေသံကို ကြားခဲ့ရသည်။
"အဖေလိုသဘောထားတာပါတဲ့၊ သူတို့က အတူတူနေနေပေမယ့် ရိုးရိုးပါကွာ "ဟု ညိုက ဝမ်းသာအားရ ပြန်၍ဖောက်သည်ချသောအခါ ကြားရသူများ ရယ်ကြသည်။
"မွေးစားတယ်ဆိုတဲ့စကား မကြားဖူးဘူးလား မိညိုရ၊ မွေးပြီး စားတာလေ"ဟု ပြောသည်။
မည်သို့ပင်ဆိုစေ၊ သူ့ကို အဘိုးကြီးနှင့်အတူတွေ့ရ၍ ညိုဝမ်းသာပါသည်။ လမ်းဘေးတွင် နေ၊ လမ်းဘေးတွင် စားပြီး လမ်းဘေးတွင် အိပ်နေရသော မိန်းကလေးတစ်ဦးအတွက် အဘိုးကြီးနှင့်နေခြင်းသည် တစ်ဦးတည်းနေခြင်းထက်တော့
လုံခြုံမှုအတန်ငယ်ရှိမည် ဖြစ်သည်။
သူတို့တွင်လည်း ပစ္စည်းပစ္စယ တိုးပွားလာသည်။ လွယ်အိတ်စုတ်ကြီးတစ်လုံးနှင့် ဒယ်အိုးတစ်လုံးဖြစ်သည်။ လွယ်အိတ်စုတ်ကြီးထဲတွင် အဝတ်အစားများနှင့် ရေခွက်ထည့်ထားသည်။ တစ်ခါတစ်ရံ ဆီပုလင်းလေးကိုပင် မြင်ရ၏ ။ ဘီးကျိုးတစ်ချောင်း၊
အပ်ချည်တစ်လုံးနှင့် ဆေးလိပ်ကလေးများကိုလည်း တွေ့ရတတ်သည်။
ချဉ်ပေါင်ရွက်အနွမ်းများ ၊ အာလူးတစ်ခြမ်းပိန်ကလေးများကို အဘိုးကြီးက ရှာဖွေလာတတ်သည်။ သူက မြောင်းဖုံးသောကျောက်ပြားပေါ်တွင် ထိုင်ကာ ကန်စွန်းရွက်သင်လေသည်။ လမ်းဘေးတွင် မီးဖိုကာ ဒယ်အိုးပဲ့နှင့် ချက်ပြုတ်ကြော်လှော်နေသည်ကို တစ်ခါနှစ်ခါ လှမ်းမြင်လိုက်ရသည်။ တစ်ခါတစ်ရံလည်း အစုတ်အပြဲများကို ထိုင်ချုပ်နေရင်း ပျင်းလာသောအခါ ဆေးလိပ်တိုကို တစ်လှည့်စီ ထိုင်ဖွာနေတတ်ကြပြန်သည်။
"မနက်က နင့်ကောင်မလေးကိုလေ တစ်ယောက်တည်း ထိုင်နေတာ မြင်လို့ ငါဖြင့် ရင်ကိုထိတ်သွားတာပဲ။ အဘိုးကြီးနဲ့များ ကွဲသွားပြီလားလို့၊ တော်ပါသေးရဲ့၊ ရုံးအကွေ့ရောက်မှ အဘိုးကြီးလျှောက်လာတာ မြင်လိုက်ရတယ်"
သူ့အမည်ကို ညိုတို့မသိပါ။ သူငယ်ချင်းများက ညို့ကို သူ့အကြောင်းပြောလျှင် 'နင့်ကောင်မလေး'ဟု ပြောသည်။ ညိုကပြောလျှင်မူ 'ငါ့ကောင်မလေး'ဟူသော နာမ်စားကို သုံးသည်။
"ငါ့ကောင်မလေးမှာ ကိုယ်ဝန်ရှိလာရင်တော့ အခက်ပဲ"
ညိုကတွေးပြီး စိုးရိမ်နေမိပြန်သည်။ အိမ်ခြေမရှိ၊ ရာခြေမရှိ၊ ပါးစပ်တစ်ပေါက်ပင် မဝတဝစားနေရသောဘဝတွင် နောက်ထပ်ပါးစပ်ကလေး တိုးလာမည်ကို အမှန်တကယ်ပင် စိုးရိမ်လှပါသည်။ ထိုသို့သာဆိုလျှင် လက်ရှိပါးစပ်သာမက နောက်ပါးစပ်ကလေးပါ ဒုက္ခပင်လယ်ဝေရန်သာရှိပါတော့သည်။
"တော်ပါသေးရဲ့ဟာ၊ သဘာဝကြီးက လူတစ်ယောက်မှာ ပါးစပ်တစ်ပေါက်တည်း တပ်ပေးထားလို့၊ လက်တွေ ခြေတွေ နှစ်ဖက်တပ်ပေးသလို ပါးစပ်နှစ်ပေါက်များ တပ်ပေးလိုက်ရင်တော့ ဗြောင်းဆန်ကုန်မှာပဲ”ဟု ကြံကြံဖန်ဖန်တွေးပြီး ကျောချမ်းနေမိပါသေးသည်။
သို့နှင့်ပင် ရာသီတွေ အလီလီပြောင်းပြီး အချိန်တွေကို တစ်နှစ်ပြီးတစ်နှစ် ဖြတ်သန်းလာခဲ့ကြသည်။ ညို၏သူငယ်ချင်းများသည်လည်း အိမ်ထောင်ကျသူကျ သားသမီးရသူရ ဘဝစာမျက်နှာအသစ်များကို ဖွင့်ကြသည်။ သံသရာဘဝခရီးကို တက်စုံရွက်စုံဖွင့်၍ လှော်ကြခတ်ကြရင်း အသင့်အတင့် ရင့်ကျက်လာကြသည်။ 'ဒီကမ္ဘာလောကကြီးမှာ ရယ်စရာတွေများ ကုန်သွားရင် ဒုက္ခ'ဟု အူကြောင်ကြောင်တွေးတတ်သူများ မဟုတ်ကြတော့ပေ။ မသေမီ ဘဝတိုတိုလေးတွင် လူတန်းစေ့စေ့ နေထိုင်စားသောက်နိုင်ရန်အတွက် ညိုအပါအဝင် ပညာတတ်လူရွယ်များသည် စီးပွားရေးပင်လယ်ကြီးထဲတွင် ၀ရုန်းသုန်းကားနှင့် လက်ပစ်ကူးနေကြရသည်။ ထိုစဉ် ညို၏ကောင်မလေးသည် ဒုက္ခပင်လယ်ကြောတွင် မကူးမခတ်ဘဲ ရေစုံမျောရင်း မြုပ်ချည်ပေါ်ချည် ဖြစ်နေလေသည်။
"ညိုရာ၊ နှင့်ကောင်မလေးကို လုံအောင်လည်း ဖုံးပေးပါဦး၊ အမြင်ကို မတော်ဘူး"
သူသည် စဦးပိုင်းက အတန်ငယ် ဖုံးဖုံးဖိဖိနေတတ်သည်။ သို့သော် ယခုနောက်ပိုင်း၌ အနေအထိုင်ကြမ်းလာသည်။ သူ၏အတွင်းသားများကို စုတ်သောအင်္ကျီအောက်မှလည်းကောင်း၊ ပြုတ်သော ချိတ်အောက်မှလည်းကောင်း မကြာခဏ မြင်တွေ့နေရသည်။ ဝင်းဝင်းပပ တင်းတင်းအိအိတော့ မရှိပါ။ ညိုညစ်လျော့လျဲနေပါသည်။ လျော့လျဲပျော့တွဲလာသော အသားများကိုကြည့်ရင်း ညိုသည် သက်ပြင်းအတန်တန်ချမိသည်။
"ဥပေက္ခာပြုနိုင်ရင် သိပ်ကောင်းမှာ"
ညိုသည် ဥပေက္ခာတရားကို တမ်းတမ်းတတ လိုချင်မိသည်။ သူ တောင်းသောထမင်းဖိုးကို ကြုံကြိုက်လျှင်ပေးသွားရုံနှင့် အင်္ကျီလေး ထဘီလေး ပေးရုံမှတစ်ပါး ညို ဘာမှလုပ်မပေးနိုင်ခဲ့ပါ။ ဥပေက္ခာလည်းမရှုနိုင်၊ ထိရောက်စွာလည်း မကူညီနိုင်ချေ။ နွံထဲတွင် ငုတ်တုတ်ထိုင်ရင်း တဖြည်းဖြည်းနစ်နေသူကို ဘာမှမကူနိုင်ဘဲ လက်ပိုက်ကြည့်နေရသူလို ခံစားရပြီး ရင်ထဲတွင် မသက်မသာဖြစ်လာတတ်သည်။ မိမိကိုယ်မိမိလည်း အားမလို အားမရဖြစ်ပြီး မုန်းမိသည်။
၁၉၇၇ ခုနှစ်တွင် ညိုသည် ခွင့်ရက်ရှည်ယူဖြစ်သည်။ တစ်ပြည်ရပ်ခြားတွင် တာဝန်အရရောက်နေသော မိဘများဆီသို့ သွားရောက် တွေ့ဆုံရန်ဖြစ်သည်။ ရှင်းရှင်းဝန်ခံရလျှင် မိဘများနှင့် တွေ့ဆုံပြီး ပျော်ရွှင်နေချိန်ဝယ် ညိုသည် သူ့ကိုလုံးဝသတိမရခဲ့ပေ။ မြန်မာပြည်ပြန်ရောက်ပြီး ပြန်လည်၍ လုပ်ငန်းခွင်ဝင်နေသည်အထိ သူပျောက်နေမှန်း သတိမထားမိသေးပါ။ တစ်လကျော် နှစ်လခန့်ရှိသောအခါမှပင် မေးမိတော့သည်။
"ဟေ့ ကောင်မလေးရော၊ မတွေ့မိပါလား"
"အေးဟ၊ အမှတ်တမဲ့ပဲ၊ ဘယ်များ ရောက်သွားပါလိမ့်"
"မတွေ့ဖြစ်တာ ကြာပြီထင်တယ်။ ငါတို့လည်း သိပ်သတိမထားမိဘူး"
"သေပြီထင်ပါရဲ့ဟာ"
ရေမျောကမ်းတင် လွင့်ချင်ရာလွင့်နေသော မိန်းကလေးတစ်ဦး နွံထဲသို့ စုံးစုံးနစ်ကာ ဘဝလမ်းဆုံးသို့ ရောက်သွားချေပြီဟု စဉ်းစားရင်း ညို သက်ပြင်းချမိသည်။
* * *
နှင်းဆီကုန်းဘူတာတွင် သူ့ကိုပြန်တွေခဲ့သည်။ မတွေ့ရသည့်တစ်နှစ်ခွဲ နှစ်နှစ်ပိုင်းအတွင်းဝယ် သူ့ကျန်းမာရေးသည် ယိုယွင်းပျက်စီးသွားပြီ ဖြစ်သည်။ အသားအရေများ ခြောက်ကပ်ကာ နှုတ်ခမ်းနှစ်လွှာသည် ဖူးဖူးရောင်၍ အက်ကွဲလျက်ရှိသည်။ မည်သူက ပေးကမ်းထားလေသည်မသိ။ သူဝတ်ထားသည်မှာ ပိုးထဘီကြီးဖြစ်သည်။ သို့သော် တောက်တောက်ပြောင်ပြောင်တော့မဟုတ်ပါ။ မည်မျှကြာအောင် ဒုန်းချ၍ ဝတ်ထားလေသည်ကိုပင် မခန့်မှန်းတတ်၊ ပေတူးညစ်ပတ်ကာ အမြွာမြွာ စုတ်ပြဲနေပြီဖြစ်သည်။ ထိုကြောင့် သူ၏အတွင်းသားများသည်ကား မမြင်ချင်အဆုံးပင်။
ပိန်ညှော်ခြောက်ကပ်နေသည့်အထဲ ချေးအထပ်ထပ်နှင့်ဆိုတော့ လုံးဝစွဲမက်ဖွယ်မရှိ။ ရွံဖွယ်အတိ ဖြစ်နေသည်။ ခြေထောက်က ဆတ်တောက် ဆတ်တောက် ဖြစ်နေသည်။ ခြေလှမ်းလိုက်တိုင်း ခါးကော့ကာ လက်ကလည်း မြှောက်၍ ကောက်ကွေးတက်သွားသည်။ မီးရထားလမ်းတစ်လျှောက် ပုံပျက်ပန်းပျက်လျှောက်သွားနေသော သူ့ကိုကြည့်ရင်း ညိုသည် ချက်ချင်းပင် မမှတ်မိ။ နှစ်ခါသုံးခါကြည့်ပြီးမှပင် မှတ်မိတော့သည်။ သူ့အနားသို့ သုတ်သုတ်ကပ်လာသော ညို့ကို မျက်လုံးကြီးအပြူးသားနှင့် ကြည့်ရင်း 'ညီမလေးရယ် ထမင်းဖိုးလေး'ဟု ရေရွတ်လေသည်။
"အရင်တုန်းက အိုးအိမ်ရုံးအောက်မှာနေတယ်မဟုတ်လား"
ကောင်မလေးက နားလည်ဟန်မရှိ။ ညို့ကိုလည်း မှတ်မိဟန် မတူချေ။
ညိုမေ့သွားသည်။ သူသည် အိုးအိမ်ဦးစီးဌာန၊ ကုန်သွယ်ရေးရုံး၊ သမဝါယမရုံးစသည်ဖြင့် ခွဲခြားသိလိမ့်မည် မဟုတ်သည်ကို ညိုမေ့သွားပါသည်။ ကျောင်းကြီးတစ်ကျောင်းအနီးတွင် နေသည်။ ကျောင်းသားလေးများက သူ့ကို စ၍ အော်ဆဲခဲ့သည်။ ရုံးတစ်ရုံး သို့မဟုတ် တိုက်ကြီးတစ်တိုက်၏အရိပ်အောက်တွင် တောင်းရမ်းခဲ့သည်ဟုသာ သိနိုင်မည်ဖြစ်သည်။ သူလျှောက်၍ အိပ်ဖူးသော နေရာပေါင်းလည်း များလှပေရော့မည် ။ တစ်ခုတည်းကို စွဲမြဲစွာ မှတ်မိနိုင်လိမ့်မည်မဟုတ်။ သူ့ကို ပိုက်ဆံပေးသူ အများ အပြားထဲမှလည်း ညို့ကို ထူးခြားပြီး မှတ်မိလိမ့်မည်မဟုတ်ချေ။
"ဟိုလေ အဘိုးကြီးတစ်ယောက်နဲ့နေတာလေ"
"ဟဲ့ အေး"
ထိုအခါကျမှ သူခေါင်းညိတ်သည်။ စိတ်ကျန်းမာရေးတော့ ချို့ယွင်းပုံမရသေး၊ သူမှတ်မိနေသည်။
"ငါ့ဒုက္ခကတော့လေ မပြောပါနဲ့တော့၊ ဟောဒီတင်ပါးတွေကလေ ကိုက်လိုက်တာ စစ်စစ် စစ်စစ်နဲ့ လမ်းလည်း ကောင်းကောင်းမလျှောက်နိုင်ဘူး" တဲ့။
"ထမင်းမစားရတာလဲ သုံးရက်ရှိပြီ"တဲ့။
"အဘိုးကြီးရော"
"သွားပြီ၊ ငါ့ကိုပစ်သွားပြီ။ ငါ ကိုပေါ်လာနဲ့နေတာ"
"ကိုပေါ်လာ"
"အင်း ကိုပေါ်လာပေါ့၊ တစ်နေ့ကတော့ ငါ့ကို ဆိုက်ကားပေါ် တင်ခေါ်လာတယ်။ ထဘီဝယ်ပေးမယ်တဲ့၊ ငါထဘီလိုချင်လို့ လိုက်လာတာ၊ သူက ငါ့ကို ဟိုလမ်းမကြီးမှာ ချခဲ့ရော။ ညီမလေးရယ်၊ ငါ့ဒုက္ခမသေးဘူးဟဲ့၊ ကိုက်လိုက်တာလေ အောင်မလေး အော်နေရတယ်"
သူနှင့် ရပ်၍စကားပြောနေသည်ကို လူများ ဝိုင်းကြည့်တော့ ရှက်သလိုလိုဖြစ်လာသည်။ အနေခက်လာသောကြောင့် စကားဖြတ်လိုက်မိသည်။
"ကဲရော့ ထမင်းသွားစားချည်၊ နက်ဖြန်တော့ တနင်္ဂနွေနေ့မို့ တို့ ဘူတာဘက်ရောက်မှာ မဟုတ်ဘူး၊ တနင်္လာနေ့ကျရင် ဒီကစောင့်နေလေ၊ ထဘီနဲ့အင်္ကျီ ယူလာပေးမယ်"
ညိုက ငွေသုံးကျပ်ထုတ်ပေးလိုက်သည်။ သူသည် သူတောင်းစားလုပ်နေသော်လည်း ယခုထိ ဆုမပေးတတ်သေးချေ။ သူ့နှုတ်မှ 'ကျန်းမာပါစေ၊ ချမ်းသာပါစေ'ရေရွတ်သံကို တစ်ခါမှမကြားဖူးခဲ့ပါ။ သူစိတ်မလိုလျှင်မူ ငွေပေးသူကို အရေးပင်မစိုက်တတ်၊ စိတ်လိုလျှင်မူ ကျေးဇူးတင်သောအကြည့်ကို မျက်လွှာပင့်ကြည့်တတ်သည်။ ဒီတစ်ခါတော့ ထိုမျက်လုံးများတွင် မျက်ရည်ဖုံးနေသည်။ အချိန်ပေး၍ နားထောင်မည့်သူရှိလျှင် ချုန်းချငိုပြီး ပြောပြချင်နေပုံရသည်။
"အဲဒီ အဘွားကြီးက ဒီလိုပဲ၊ ဟိုလိုက်တောင်း ဒီလိုက်တောင်းနဲ့"
မီးရထားလက်မှတ်ရုံထဲမှ ပြောသံကြားလိုက်ရသည်။ သူတို့တွေက 'အဘွားကြီး'ဟူ၍ အလွယ်တကူခေါ်မိအောင် သူ့ရုပ်သွင်သည် အိုစာသွားချေပြီ။
တနင်္လာနေ့တွင် သူ့ကိုမတွေ ရပါ။ တနင်္လာနေ့ဟူသည်မှာ ဘယ်နေ့မှန်းမသိ၍လည်း ဖြစ်နိုင်သည်။ ညို၏စကားကို ပေါ့ပေါ့တန်တန် သဘောထား၍လည်း ဖြစ်နိုင်ပါသည်။
နှစ်ပတ်ခန့်ကြာသောအခါမှ သူ့ကိုပြန်တွေ့ရသည်။ ရန်ကုန်ဘူတာကြီးမှ အိုးအိမ်ရုံးသို့အသွား ပလက်ဖောင်းပေါ်တွင် ဖြစ်သည်။ အနားဖွာ စုတ်ပြဲနေသော ပိုးထဘီကြီးကို ဝတ်ထားဆဲဖြစ်သည်။ ခွက်တစ်လုံးကို ရှေ့တွင် ချထားပြီး ရေတမာပင်ရင်းတွင် လှဲအိပ်နေသည်။
"ဟေ့ ဟိုနေ့က ဘာလို့စောင့်မနေတာလဲ"
ညိုကမေးသောအခါ မျက်လုံးကြီးပြူး၍ ကြည့်နေပြန်သည်။ ညို့ကို မှတ်မိပုံမရပြန်တော့ချေ။
"ဒုက္ခကြီးပါတယ်ဟဲ့၊ ကယ်မယ့်သူမရှိပါဘူး၊ ဒုက္ခကြီးလှပါတယ်"
သူက အထပ်ထပ် ရေရွတ်နေသည်။ ညိုလည်း ထုံးစံအတိုင်း သူ့ခွက်ထဲသို့ ငွေအကြွေများ ထည့်ရင်း"ထမင်းသွားဝယ်စားချည်လေ"ဟုပြောသည်။
"ထမင်းဆိုင်ကလည်း မောင်းထုတ်တယ်၊ ငါ သွားလည်းမဝယ်နိုင်ပါဘူး၊ ဟောဒီနားမှာလေ အနာကြီး၊ ဟောဒီလောက်အလုံးကြီး"
သူက တင်ပါးကို လက်နှင့်ထောက်ပြသည်။ အနာအလုံးကြီးဆို၍ ညို လန့်သွားသည်။ ကာလသားရောဂါများလားဟု စဉ်းစားရင်း ရင်ထဲတွင် နောက်ကျိလာသည်။
"ဂေဟာသွားမလားဟင်၊ အလုပ်တော့လုပ်ရမှာပဲ၊ အခုလို အမြဲအိပ်မနေရဘူး"
"သွားမယ် သွားပါ့မယ်၊ ငါနေကောင်းရင် အလုပ်လုပ်မှာပေါ့"
ဒီတစ်ခါတော့ သူက အားတက်သရောပြောသည်။ ကျန်းမာရေးအခြေအနေ မကောင်းတော့သောကြောင့်လည်း ဖြစ်နိုင်သည်။ အပြင်ဘက်တွင် အနေမချောင်တော့သောကြောင့်လည်း ဖြစ်နိုင်သည်။
ပြောမည်သာ ပြောခဲ့သော်လည်း လူမှုဝန်ထမ်းဌာနနှင့် မည်သို့ဆက်သွယ်ရမည် မသိ။ ဘယ်ကနေ ဘယ်လိုစုံစမ်းရမည် မသိ။
"ကူကြပါဦးဟာ၊ ကယ်ကြပါဦး၊ ဒီလိုသာဆိုရင် လမ်းဘေးမှာ ခွေးသေ ၀က်သေ သေသွားလိမ့်မယ်"
ညိုက အရပ်ကူပါလူဝိုင်းပါနှင့် နားပူနားဆာတိုက်သောအခါ သူငယ်ချင်းများလည်း မနေသာတော့၊ လက်လှမ်းမီရာ နီးစပ်ရာ စုံစမ်းကြရတော့သည်။ ခိုကိုးရာမဲ့မိဘမဲ့များကို ရပ်ကွက်လူကြီးများက ထောက်ခံ၍ အပ်နှံနိုင်ကြောင်း စုံစမ်းသိရှိလာသည်။ ထိုအခါကျမှ ခက်တော့သည်။ အိမ်ခြေ အတည်တကျမရှိသောသူ့ကို မည်သည့်ရပ်ကွက်လူကြီးကထောက်ခံ၍ အပ်နှံပေးပါမည်နည်း။
တစ်နေ့တွင် ညို ပုံဆွဲနေစဉ် အေးက လာပြောသည်။
"ဟေ့ ညို၊ ဟိုမှာ နင့်ကောင်မလေးမဟုတ်လား"
ဟုတ်ပါသည်။ လမ်းတစ်ဖက် ပလက်ဖောင်းပေါ်တွင် ခွေခွေခေါက်ခေါက် လဲလျောင်းနေသောသူ့ကို တွေ့ရသည်။ နေက ကျဲကျဲတောက်အောင် ပူနေသော်လည်း နေရာမရွေ့ချေ။ နေပူထဲတွင်ပင် အရုပ်ကြိုးပြတ် လှဲအိပ်နေသည်။
"အမယ်လေးလေး ထူမယ့်သူမရှိပါဘူး၊ ကယ်မယ့်သူမရှိပါဘူး၊ အမယ်လေး အမယ်လေး နာလှပါတယ်၊ ကိုက်လှပါတယ်၊ အမယ်လေး ရေကလေးသောက်ပါရစေဦး"
ညိုတို့ဝယ်လာသော မုန့်ဖက်ထုပ်ကို စားနိုင်ရန်အတွက် သူသည် လက်ထောက်၍ ကိုယ်တစောင်းထရသည်။ ထိုမျှလောက် လှုပ်ရှားရသည်ကပင် သူ့အတွက် အရိုးကြေခမန်း နာကျင်ဟန်ရှိသည်။ အော်ဟစ် ငိုယိုတော့သည်။ မျက်နှာမသစ်သည်မှာလည်း ဘယ်နှရက်ရှိလေပြီမသိ။ မျက်ဝတ်၊ မျက်ချေး၊ အာပုပ်ရည်၊ ကြေးညှော်တို့နှင့် တန်ဆာဆင်ပြီး မျက်နှာတွင် မျက်ရည်များ၊ နှပ်များပါ ရောထွေးပေကျံလာသောအခါ စေ့စေ့ကြည့်ချင်စရာပင် မကောင်းတော့ချေ။
ညိုသည် သူ အမှန်တကယ်နာကျင်ခြင်းလော၊ မူရာမာယာများကာ လိုသည်ထက်ပိုကာ အော်နေခြင်းလောဟု အကဲခတ်ရင်း ကိုယ်တိုင်ပင် ငိုချင်စိတ်ပေါက်လာသည်။ အဘိုးကြီးကိုလည်းကောင်း၊ ကိုပေါ်လာကိုလည်းကောင်း သတိရပြီး ဒေါမနဿ ပွားလာသည်။
"ရော့ ဒီဆေးလေးသောက်လိုက်၊ ဝါးစားနော်၊ ပြီးမှ ရေသောက်ချ၊ သိပ်ကိုက်လာရင် ညနေကျ တစ်ပြားထပ်သောက်"
အေးက အေပီစီဆေးပြားလေး တိုက်သည်။ နှာခေါင်းပေါက်မှ တန်းလန်းကျနေသော နှာရည်များကို လက်တစ်ဖက်နှင့်သုတ်ရင်း သူက ခေါင်းညိတ်သည်။ သူ့လက်ထဲမှ ဆေးပြားဖြူဖြူလေးကို ငေးကြည့်နေမိစဉ် "သူ့ကို အများကြီးပေးခဲ့လို့တော့ မ ဖြစ်ဘူးထင်တယ်နော်၊ တော်ကြာ ကိုက်လာတိုင်း တအားသောက်ပစ်လို့ အစာအိမ်သွေးယိုပြီး ဒုက္ခရောက်ကုန်မယ်"ဟု တိုးတိုးလေး ပြောသော အေး၏အသံကို ကြားရသည်။
"ကယ်မယ့်သူ မရှိပါဘူး၊ ဆေးရုံသွားချင်ပါတယ်"
သူက တဟီးဟီး ငိုရင်းပြောသည်။ သူ့ကို ဒီအတိုင်း ဆေးရုံသွားတင်လို့တော့ ဖြစ်မည်မဟုတ်။ သာမန်သူတောင်းစားတကာတို့ထက်ပင် ပို၍ပေတူးညစ်ပတ်နေသည်။ စုတ်ပြတ်နေသည်။ နံစော်နေသည်။
မနေသာတော့သည့်အတွက် ညိုတို့သူငယ်ချင်းသုံးဦးလည်း (၁၉) လမ်းရှိ၊ လူမှုဝန်ထမ်းဌာနသို့ ယောင်ပေပေ၊ ကြောက်ဆုတ်ဆုတ်နှင့် နေချင်း ရောက်ကြရတော့သည်။ သူတောင်းစားဆိုလျှင် လက်မခံဟု ပြောလိုက်မည်စိုးရိမ်ပြီး သုံးဦးသား ရင်ထိတ်နေကြသည်။
ထို့ကြောင့်
"ရုံးအောက်မှာ ယောင်လည်လည်ဖြစ်နေတာ တွေလို့ပါ"
"သူက အစိုးရရဲ့အစောင့်အရှောက်ကို ခံချင်နေပါတယ်"
"လောလောဆယ်တော့ သူများပေးစာကမ်းစာ စားနေရပါတယ်"
"သမံတလင်းပေါ်မှာပဲ အိပ်နေရတော့ သိပ်နေကောင်းပုံမရပါဘူး"ဟု တစ်ယောက်တစ်ပေါက်နှင့် ဖုံးဖုံးဖိဖိပြောမိသည်။ အခြေအနေမှန်ကို မတင်မကျ မလိမ့်တစ်ပတ်လုပ်မိကြလေသည်။
အစ်မကြီးဒေါ်မြတ်မွန်က ပြည့်ပြည့်ဝဝ ပြုံးကာ_
"သူတောင်းစားဖြစ်လည်း လက်ခံပါတယ်ကွယ်၊ တမင်တောင် လိုက်ပြီး ခေါ်နေရသေးတာ" ဟု ပြောသောအခါမှ ရင်ထဲမှာ အလုံးကျတော့သည်။
ရှက်ရှက်နှင့် ဝမ်းသာအားရ ပြုံးနိုင်တော့သည်။
"အိမ်ခြေရာခြေမရှိတဲ့သူဆိုတော့ မင်းတို့သုံးယောက်ကပဲ လူကြီးလုပ်ပြီး အပ်ပေါ့ကွယ်၊ ဒီနေ့တော့ စနေနေ့မို့ အချိန်မရှိဘူး၊ တနင်္လာနေ့ကျရင် ခေါ်ခဲ့ကြ"ဟု ပြောသံသည် ညိုတို့နားထဲတွင် မည်မျှသာယာပြီး နားဝင်ပီယံဖြစ်လိုက်သနည်း။ စာပင်ဖွဲ့မပြတတ်၊ မည်မျှကျေးဇူးတင်ဝမ်းသာသွားသနည်းလည်း နှုတ်မှပင် ပြည့်စုံအောင် ပြောမပြတတ်။
"ဒီနေ့ တစ်ညအိပ်၊ နက်ဖြန် တစ်ညအိပ်၊ ဟုတ်လား။ နှစ်ညအိပ်ပြီး သန်ဘက်ခါကျရင် လာခေါ်မယ်၊ ဒီနေရာမှာပဲနေ ဟုတ်လား၊ ဘယ်မှ လျှောက်သွားမနေနဲ့၊ မှတ်မိတယ်နော်၊ သန်ဘက်ခါကျရင် လာခေါ်မယ်"
ညိုတို့က အထပ်ထပ်မှာခဲ့သော်လည်း တနင်္လာနေ့ရောက်တော့ သူ့ကိုရှာမတွေတော့ချေ။ ဘာလုပ်ရမည်မသိဘဲ ဦးနှောက်ခြောက်နေကြစဉ် တင့်တင့်အုန်းက သတင်းပေးလာသည်။
"နင့်ကောင်မလေးလို့ထင်တာပဲ။ ဘူတာကြီးကုန်း အောင်ဆန်းကွင်းဘက်အဆင်း လှေကားထစ်မှောင်မှောင်ကြီးနေရာမှာ အိပ်နေတယ်"
သူ့ကို ရေမိုးချိုး သန့်စင်ပေးရန် ဆပ်ပြာ၊ ပဝါ၊ ထဘီ၊ အင်္ကျီတို့ကို ထုပ်ပိုးသယ်ဆောင်ကာ ညို၊ အေးနှင့် တင်တင်ဦးတို့သုံးယောက်သား ဘူတာကြီးကုန်းဘက်သို့ ရှာပုံတော်ထွက်ကြရပြန်သည်။ မှောင်မိုက်မိုက် လှေကားထစ်များတွင် အိပ်စက်နေသူကား သူတစ်ဦးတည်းမဟုတ်ချေ။ သုံးလေးငါးဦး ရှိသည်။ သူ့လိုလောကသားအများကြီးထဲမှ တွေ့မြင်နေကျ သံယောဇဉ်လေးကြောင့် သူတစ်ဦးတည်းကို ကွက်၍ ဆွဲထုတ်ရန် ကြိုးပမ်းမိခြင်းဖြစ်သည်။
"နင်တို့တွေ လာမယ်ဆိုပြီး ဘာလို့မလာတာလဲဟင်၊ ငါ့မှာ စောင့်လိုက်ရတာ အကြာကြီးပဲ၊ လမ်းပေါ်မှာ မနေရဘူးဆိုပြီး မောင်းထုတ်ခံရတယ် ဟဲ့။ အရိုက်လည်း ခံရတယ်ဟဲ့၊ နင်တို့ဘာသိလဲ၊ ငါ ဆိုက်ကားငှားပြီး ဒီကိုလာခဲ့ရတယ်၊ ဆိုက်ကားခတစ်ကျပ်ခွဲတောင် ပေးရတယ် ဆရာရေ"
သေချာမှာထားပြီးလျက်နှင့် စောင့်မနေရကောင်းလားဟု စိတ်တိုနေကြသော ညိုတို့အား သူက ဆီး၍ရန်တွေ့သည်။ သူ့ကြည့်ရသည်မှာလည်း ညိုတို့ထက် နှစ်ဆပိုစိတ်တိုနေပုံရသည်။
သူ့ကိုရေချိုးပေးရသည်မှာကား စွန့်စားခန်းကြီးတစ်ခုလို စာဖွဲ့၍ပင် ရမည်။ ညိုတို့သုံးဦးလုံး ချွေးဒီးဒီးပြန်ကြရတော့သည်။ သူက အမျိုးမျိုးသောင်းကျန်းနေသောကြောင့် ဖြစ်သည်။ လမ်းမလျှောက်နိုင်ဟုဆိုသည်။ သူ့ကို တစ်ဖက်တစ်ချက်စီမှ တွဲကြဟု ပြောသည်။ ဆိုက်ကားငှားပေးဟု အော်သည်။ နာသည်၊ ကိုက်သည်ဟု ဟစ်သည်။ လမ်းဘေးမှ ကလေးများကို ဆဲသည်။ ရေမချိုးဘဲသွားတော့ ဘာဖြစ်လဲဟု ဆူသည်။
ခွေးချင်းကိုက်လျှင်ပင် ဝိုင်းကြည့်တတ်သော မြန်မာလူမျိုးတို့အကြောင်းကို အားလုံးအသိပင်။ လေးယောက်သား ရုတ်ရုတ်သဲသဲဖြစ်နေသောအခါတွင်ကား ပြောစရာပင်မလိုတော့။ မျောက်ပွဲပြနေသလို အုံခဲလာတော့သည်။ သူလည်း မျောက်ဖြစ်၊ ညို တို့လည်း မျောက်ဖြစ်ကာ စီစီညံနေပါတော့သည်။
"နင်တို့ကို ငါစိတ်မဆိုးပါဘူး၊ ငါ့ကိုပြုစုနေကြတာပဲ"
ရေမိုးချိုး သန့်စင်ပြီးသောအခါတွင်ကား စိတ်နှလုံး အတန်ငယ် ကြည်လင်လန်းဆန်းလာပုံရသည်။ မပွင့်တပွင့်ပြုံးကာ ခွင့်လွှတ်စကားဆိုလေသည်။ သူကဆူ၊ သူကဆဲပြီး၊ သူကပင် ခွင့်လွှတ်နေတော့ ညိုတို့ ရယ်ရုံအပြင် ဘာမှမပြောချင်တော့။
"လမ်းလျှောက်ရင် သတိထားလျှောက် သိလား။ တော်ကြာ နေမကောင်းတဲ့သူမို့ လက်မခံချင်ဘူးဆိုရင် ဒုက္ခ"
စိုးရိမ်စိတ်ကဲနေသော ညိုတို့က အထပ်ထပ်မှာတော့ သူ့ခမျာ ခေါင်းညိတ်ရှာသည်။ ခါးမကော့အောင် လက်မကောက်အောင် သတိထားပြီး လျှောက်တော့လည်း အရသားပင်။ လူသာမန်လမ်းလျှောက်သည်နှင့် မတူသော်လည်း ရုပ်ပျက်ဆင်းပျက်ကြီး မ ဖြစ်လှတော့ပေ။
မည်သို့ပင်ဆိုစေ ရောဂါသည်သူတောင်းစားလေးကို တတ်အားသမျှ ကြည့်ရှုကောင်းအောင်ပြင်ဆင်ပြီး အမျိုးသမီးဂေဟာသို့ တွန်းတွန်းထိုးထိုးလေးနှင့် အောင်မြင်စွာ ပို့ပေးလိုက်နိုင်ကြသည်။
ထိုနေ့က ညိုတို့သုံးဦးလုံး ပျော်နေသည်။ ဧရာမကုသိုလ်ကောင်းမှုကြီးကို ပြုလုပ်ရသလို အကျေနပ်ကြီး ကျေနပ်နေကြသည်။
"ပြုပြုသမျှကုသိုလ် အမျှ အမျှ ယူစေသော်" ဟု အော်ပြီး အမျှပေးချင်စိတ်ပင် ပေါက်နေကြပါသည်။ နွံနစ်နေသော မိန်းကလေးတစ်ဦးကို ဆွဲထုတ်ကယ်တင်နိုင်ပေပြီ။
"ရုပ်က မခေပါဘူး၊ သူနေကောင်းတော့မှ သူငယ်ချင်းတွေကို ခေါ်သွားပြီး ပြဦးမယ်၊ အင်ဂျင်နီယာကတော် ဖြစ်နိုင်တဲ့ရုပ်မျိုးနော်၊ တစ်ခါတည်း ကြိုက်သွားဦးမယ်"
ယောက်ျားလေးသူငယ်ချင်းများကို အတည်ပေါက်နှင့် ဂုဏ်မောက်ပြီး ကြွားရသေးသည်။ အမျိုးသမီးဂေဟာက သူ့ကိုဆေးစစ်ပေးမည်။ လိုအပ်သလို ဆေးကုပေးမည်။ သူသည် ဒေါင်ဒေါင်မြည်အောင် နေကောင်းလာမည်။ အလုပ်လုပ်နိုင်မည်။ ငွေစုနိုင်မည်။ ထို့နောက် သင့်တော်ရာ လင်ကောင်းသားကောင်းရနိုင်မည်ဟု တွေးပြီး စိတ်ချမ်းသာနေကြသည်။ ညိုတို့၏ စိတ်ကူးအိပ်မက်ထဲမှ သူ့ဘဝရှေ့ရေးသည် အစစဖြောင့်ဖြူးသာယာကာ လှပနေသည်။
သို့သော် ...သို့သော်။
နောက်ဆက်တွဲ ကြားရသောသတင်းများကား မဖြောင့်ဖြူးလှပေ။ မသာယာလှပေ။
"ကောင်မလေးတော့ အိပ်ရာကမထနိုင်ဘူး ပြောတယ်။ ဆရာဝန် မလာသေးလို့ ဆေးလည်းမစစ်ရသေးဘူးတဲ့”
ပထမသတင်းကို ကြားရသည်။
"သူ့ရောဂါက ကာလသားရောဂါတဲ့။ ဘယ်တုန်းကများ ဖြစ်နေတယ် မသိဘူး။ တတိယအဆင့်တောင် ရောက်နေပြီ။ အတော်ကျွမ်းနေပြီ ဆိုပဲ"
ဒုတိယသတင်းကို ကြားရသည်။
"ဆေးရုံတင်ရမှာပဲတဲ့"
တတိယသတင်းကို ကြားရသည်။
"ဆေးရုံကထွက်ပြေးသွားတယ်တဲ့"
စတုတ္ထသတင်းကို ကြားရသည်။ သွားပြီ။ ရေစုန်မျောပြီ။
ညိုတို့ ကြိုးစား၍ တည်ဆောက်ပေးခဲ့သော ရေကာတာလေး မခိုင့်တခိုင်သည် ပြိုကျသွားပေပြီ။
* * *
သင်္ဃန်းကျွန်းရထားပေါ်တွင် တောင်းစားသူတွေ ပေါများလှသည်။ အိုမင်းမစွမ်းသူ၊ ဆွံ့သူ၊ အ,သူ၊ မျက်စိမမြင်သူနှင့် ကိုယ်ရေပြားရောဂါသည်များပါမကျန် အမျိုးပေါင်းစုံလှသည်။ ညို စိတ်မချမ်းသာဆုံးက ကလေးငယ်များပင်။ ခြေအကောင်း၊ လက်အကောင်းနှင့် သန်သန်စွမ်းစွမ်းကလေးငယ်များသည် ရှိခိုးဦးချကာ ဒူးထောက်လျက် တောင်းကြသည်။ ရထားပေါ်က စေတနာရှင်များက ခံလာသောဒန်ခွက်များထဲသို့ ငါးပြားစေ့၊ ဆယ်ပြားစေ့များ ပစ်ထည့်တတ်ကြသည်။
ချွင်ခနဲ ချွင်ခနဲကြားရသော အကြွေသံများသည် ညို၏နှလုံးသားကို အသက်ရှူကျပ်အောင် ဖျစ်ညှစ်လာသည်။ ထိုငွေအကြွေများသည် သူတို့လေးများ၏ ကိုယ်ထူးကိုယ်ချွန် ကြိုးစားလိုစိတ်၊ အလုပ်လုပ်လိုစိတ်တို့ကို အညွန့်ချိုးချလျက်ရှိသည်ဟု ခံစားလာရသည်။ ထိုမျှသာမကသေး၊ ရေသာခိုအချောင်လိုက်သော စိတ်ဖျင်းစိတ်ညံ့များသည် မြေတောင်မြှောက်၍ ရေလောင်းပေးသလို ခက်လက်ဝေဖြာလာချေဦးမည်။
သူတို့လေးများသည် တောင်း၍ရသောငွေနှင့် ထမင်းစားကောင်းစားမည်။ စီးကရက် ခဲကောင်းခဲမည်။ ထို့နောက် နောက်တစ်နေ့စားရန်အတွက် လူတစ်ယောက်တွင် ရှိသင့်ရှိထိုက်သော မာနတရားကို လွှင့်ပစ်လိုက်ပြီး ပြားပြားဝပ် ဦးချကာ ဒူးထောက်၍ တောင်းကြပေဦးမည်။ သို့နှင့်ပင် မဆုံးသောသံသရာတွင် လည်ပတ်ကြပေတော့မည်။ ညိုသည် 'မစိန်လှ'အမည်ခံ ကောင်မလေး၏ခွက်ထဲသို့ ငွေအကြွေများ တချွင်ချွင်ပစ်ချခဲ့ဖူးပါသည်။ "ထမင်းသွားဝယ်စားလေ"ဟု ကရုဏာအပြည့်နှင့် ပြောခဲ့ဖူးပါသည်။ ညို၏စေတနာနှင့် ကရုဏာတို့သည် သူ့ကို သူတောင်းစားသက်ဆိုးရှည်စေရန် အထောက်အကူပေးနေကြောင်းကိုကား သတိမပြုမိခဲ့ပေ။
ညို စဉ်းစားမိခဲ့ဖို့ကောင်းသည်။ ထမင်းဆာခြင်းအကျိုးကို ခေတ္တပြေစေသော ထိုငွေများသည် ထမင်းဆာစေခြင်းအကြောင်းကိုကား လုံးဝကုစားနိုင်စွမ်းမရှိခဲ့ကြောင်း စဉ်းစားမိဖို့ ကောင်းပါသည်။ ယခုတော့ ညိုပေးခဲ့သောငွေများသည် အေပီစီ ဘာစပရိုဆေးပြားများနှင့် တူနေချေပြီ။
'အေပီစီ'နှင့် 'ဘာစပရို'တို့သည် အကိုက်အခဲပျောက်ဆေးများဖြစ်သည်။အထူးသဖြင့် ခေါင်းကိုက်လျှင်သောက်သည်။ ဆေးစွမ်းကောင်းများဖြစ်၍ တစ်ခဏချင်း ပျောက်စေသည်။
သို့သော် ကိုက်ခဲခြင်းဟူသည်မှာ တစ်စုံတစ်ခုသော အကြောင်းပေါ်တွင် အမှီပြု၍ ဖြစ်ပေါ်လာသောအကျိုးဖြစ်သည်။ ထိုဆေးများသည် ကိုက်ခဲခြင်းအကျိုးကို ပျောက်စေသော်လည်း ကိုက်ခဲစေခြင်းအကြောင်းကို ပျောက်ရန်ကား မစွမ်းနိုင်ကြပေ။ ထို့ပြင် ဆေးစွဲ၍ မကြာခဏ ဆက်တိုက်သောက်မိလျှင် လူကို အန္တရာယ်ဖြစ်စေတတ်ပါသည်။


0 comments:

Post a Comment