Saturday, July 24, 2021

အများထဲက တစ်ယောက်အကြောင်း

0 comments
အများထဲက တစ်ယောက်အကြောင်း 
“ဖေဖေ့ရုံးခန်းထဲမှာ မိန်းမတစ်ယောက် တွေ့ခဲ့တယ်” ဟု သားလတ်က ပြောတော့ သမီးကြီးက ဝတ္ထု အဖတ်ပင် မပျက်ချေ။ သမီးငယ်ကမူ သူ့ဘိုမရုပ်ကလေးကို အင်္ကျီလှလှ ပြောင်းလဲ ဝတ်ဆင်ပေးရင်း “အဲဒါ ဘာဖြစ်လဲ” ဟု ပြောသည်။ 
သူတို့၏ဖခင်သည် စီးပွါးရေးအရ အလွန်အောင်မြင်နေသော ကုမ္ပဏီတစ်ခု၏ ပိုင်ရှင်ဖြစ်သည်။ ထို့ကြောင့် ဖေဖေ့ရုံးခန်းတွင် သွားကြ၊ လာကြ၊ ဝင်ကြ၊ ထွက်ကြနှင့် လူစဲသည်ဟူ၍ မရှိလှ။ ထိုကဲ့သို့သော ရုံးခန်းတွင် မိန်းမတစ်ယောက်မက တစ်ဒါဇင်ပင် တွေ့ဦးတော့ ဆန်းကျယ်သည့်ကိစ္စ မဟုတ်ပေ။ 
“အမျိုးသမီးပုံစံက အပူစား အပြင်းစားဟ၊ သိရဲ့လား” 
အသက် တစ်ဆယ့်ငါးနှစ် ရှိပြီဖြစ်သော သားလတ်သည် အမျိုးသမီးကို အတော်လေး စိတ်ဝင်စားတတ်နေပြီ ဖြစ်သည်။ မိန်းမတို့၏ အလှအမျိုးမျိုး သဘာဝအမျိုးမျိုးကိုလည်း ကောင်းစွာ အကဲဖမ်းတတ်နေပြီ ဖြစ်လေသည်။ 
“နာမည်က ခိုင်နွဲ့ခိုင် တဲ့” 
“နာမည်က လှတယ်ဟ၊ လူရော လှလား” 
“လှ မလှတော့ မသိဘူး၊ ငါတို့အဖေကတော့ သွားကြီးကို ဖြီးလို့” 
“ဟဲ့ ... သားလတ် နင်ကလဲ” 
သမီးကြီးက လက်ထဲမှ မဂ္ဂဇင်းကို ပိတ်ပြီး သားလတ်ကို လှမ်းဟန့်သည်။ 
“နင် ဖေဖေ့ကို အဲဒီလို မပြောနဲ့လေ” 
သူတို့ဖေဖေသည် အချို့သော ယောက်ျားလေးများလို ရှုပ်တတ် ပွေတတ်၊ အပျော်လိုက်တတ်သူ မဟုတ်။ မိသားစုကို အလေးထားပြီး ကိုယ်ကျင့်တရားကောင်းသူ ဖြစ်သည်။ ဖေဖေ၏ပညာ၊ ဖေဖေ၏ပစ္စည်းဥစ္စာ၊ ဖေဖေ၏ကိုယ်ကျင့်တရားတို့အတွက် သူတို့ အစဉ်အမြဲ ဂုဏ်ယူခဲ့ကြရသည် မဟုတ်ပါလား။ 
“သူက ပဲလှောင်သလိုလို၊ သစ်ရောင်းသလိုလို၊ ဆေးကိုယ်စားလှယ်လိုလိုနဲ့ ကုမ္ပဏီတွေထဲ ထိုးဖောက်ဝင်နေတာတဲ့” 
“နင့်ကို ဘယ်သူပြောလဲ” 
“ဦးတင်စိန် ပြောတာ” 
ဦးတင်စိန်သည် ဖေဖေတို့ကုမ္ပဏီမှ ကားမောင်းနေသူ ဖြစ်သည်။ ချက်ချက်ချာချာ ရှိကာ လူရည်လည်း လည်သဖြင့် ဖေဖေ၏လက်ရုံးတစ်ဖက်လို အားကိုးရသောသူ ဖြစ်သည်။ 
“သူက သူ့ကိုယ်သူ အကျအန ပြင်ဆင်ပြီး သေချာ၊ ရေရာ၊ အနေကြာတဲ့ စင်းလုံးချော ငါးရံ့ကြီး တစ်ကောင်လောက်ကို ဖမ်းဖို့ ကြံနေတာတဲ့” 
“ဦးတင်စိန် ပြောတာပဲလား” 
သမီးငယ်က ဘိုမရုပ်ကလေးကို ကုလားထိုင်ပေါ် ပစ်ချလိုက်သည်။ မကျေမနပ်ပြောနေသော သူ့အစ်ကိုအား မျက်လုံးလေး အဝိုင်းသားနှင့် စူးစမ်းသလို လှမ်းကြည့်နေသည်။ 
“အေးပေါ့၊ သတိလည်းထားဦး၊ မင်းအဖေလည်း ငါးရံ့ကြီး ဖြစ်ပြီး ကွန်ပစ်ခံနေရဦးမယ်တဲ့” 
“သေလိုက်ပါလား” 
“ဒီခေတ်က သူဌေးသား လိုချင်တာ မဟုတ်ဘူး။ သူဌေးကိုမှ တက်ချိုင်တဲ့ ခေတ်ဟဲ့။ သူဌေးဆိုတော့ တိုက်ရော၊ ခြံရော၊ ပစ္စည်းဥစ္စာရော၊ စီးပွါးရေး လုပ်ငန်းရော၊ အေတီအမ်ကတ်ရော အကုန် အဆင့်သင့်ပဲ။ ရယ်ဒီမိတ်ကြီး တဲ့” 
စန္ဒရားခုံပေါ်တွင် ထောင်ထားသော သူတို့အဖေ ဓာတ်ပုံကို သမီးကြီးက အလန့်တကြား လှမ်းကြည့်မိသည်။ ဓာတ်ပုံထဲမှ ဖေဖေသည် ဂေါက်သီးတုတ်ကို မြေမှာထောက်၍ ဟန်ပါပါ ရပ်ရင်း ပြုံးရယ်နေသည်။ အသက် ငါးဆယ်နား နီးပြီ ဖြစ်သော်လည်း ခန္ဓာကိုယ်တွင် အဆီပို အသားပိုများ မရှိသေးပေ။ ဖေဖေသည် စကားကို ဝေဝေ
ဆာဆာ မပြောတတ်။ သို့သော် ချိုသာ ရွှင်ပြသော အပြုံးကို ပိုင်ဆိုင်သည်။ သူတစ်ပါး ပြောသမျှကို အပြုံးသဲ့သဲ့နှင့် စိတ်ဝင်တစား နားထောင်တတ်သည်။
“ဖေဖေက ရယ်ဒီမိတ်ကြီး တဲ့လား။ စင်းလုံးချော ငါးရံ့ကြီး တဲ့လား၊ ဟုတ်လား” 
သမီးကြီးက ထိုစကားကို တအံ့တဩ ထပ်၍ ရေရွတ်မိသည်။ ထိုငါးရံ့ချောကြီးကို မြုံးတွေထောင် ပိုက်တွေအုပ် ပြီးတော့များ ဖမ်းလိုက်လျှင် ဘုရား ... ဘုရား။ သမီးကြီး၏ရင်ထဲတွင် ပူပူဆာဆာကြီး ဖြစ်သွားသည်။ 
“ဒါပေမဲ့ မိန်းမနဲ့၊ သားနဲ့၊ သမီးနဲ့ လာပြစ်မှားရင် ကာမေသုမိစ္ဆစာရကံ ထိုက်သွားမှာပေါ့ဟဲ့၊ မသိကြဘူးလား” 
သမီးကြီးက အလောတကြီး ပြောတော့ သားလတ်က မိန်းမတွေအကြောင်း သူသာလျှင် အသိဆုံးဟူသော မျက်နှာထားနှင့် ခပ်လှောင်လှောင် ရယ်လေသည်။ 
“မကြီးကလဲဗျာ ...၊ အခုကာလက မင်းတုန်းမင်းလက်ထက် မဟုတ်တော့ဘူးလေ၊ မြန်မာပြည်ကြီး ပြောင်းလဲနေပြီ။ ၁၉၉၈- ခုနှစ်မှာ တချို့ မိန်းမတွေက ငါးပါးသီလဆိုတာ ချိုနဲ့လားလို့ မေးနေကြပြီ အစ်မရဲ့” 
“သေလိုက်ပါလား” 
သမီးငယ်ကတော့ သူ့လက်သုံးစကားကိုပင် ထပ်ပြောသည်။ ဆိုဖာကုလားထိုင်ပေါ်တွင် တစောင်းလေး လဲကျနေသော သူ့အရုပ်ကလေးကို ငေးကြည့်ရင်း 'ခိုင်နွဲ့ခိုင်' ဟူသော အမျိုးသမီးကို ပုံဖော်ကြည့်နေမိသည်။ မည်မျှချော မည်မျှလှ၍ မည်မျှ ဆွဲဆောင်အား ကောင်းလေမည်နည်း၊ သူ မမှန်းတတ်၊ သူ့အစ်ကိုကမူ 'ငါတို့အဖေကတော့ သွားကြီးကို ဖြီးလို့' ဟု ပြောသည်။ 
“ဖေဖေက အမြဲပြုံးနေတာပဲဟာ။ ဘယ်သူ့ကိုမဆို ပြုံးပြုံးပဲ ဆက်ဆံတတ်တာပဲဟာ။ ကိုကိုကလည်း သူ့ကျမှ သွားကြီး ဖြီးနေတာ မဟုတ်ပါဘူးနော်” 
အဖေချစ်သော သမီးပီပီ အဖေ့ဘက်မှ ရှေ့နေလိုက်သည်။ သမီးကြီးကတော့ သားလတ်သည် မိန်းမတို့အပြုံးကို အကဲဖမ်းနိုင်သလို ယောက်ျားတို့၏မျက်လုံးကိုလည်း ခွဲခြားဝေဖန်တတ်နေပြီ ဖြစ်ကြောင်း သတိထားမိသည်။ ဖေဖေ့ရုံးခန်းထဲ လာတတ်သော မိန်းမပေါင်းများစွာထဲမှ ယခု တစ်ယောက်တည်းကိုသာ မကျေမနပ် ဖြစ်ဖူးခြင်းမို့၊ ဖြစ်စရာအကြောင်းတော့ ရှိလိမ့်မည်ဟု တွေးရင်း မေမေ့ကို သတိရသည်။ မေမေ ... သူတို့၏ မေမေသာ ထိုအမျိုးသမီးကို တွေ့လျှင် ဘယ်လို မှတ်ချက်ချမည် မသိ။ 
“မေမေနဲ့ တိုင်ပြောမယ်” 
သမီးငယ်ကလည်း အခုမှ သတိရသွားသလို ခပ်တိုးတိုး အော်သည်။ သူ့မျက်နှာ ဖောင်းဖောင်းလေးက ရှုံ့တွတွလေး ဖြစ်နေသည်မို့ ရယ်စရာ ကောင်းနေသည်။ 
“ဘယ်လို တိုင်မှာလဲ။ ဖေဖေ့ရုံးခန်းထဲမှာ မိန်းမတစ်ယောက် တွေ့ခဲ့လို့ ဆိုရင် မေမေက ရယ်မှာပေါ့” 
“ဒါဆို ဘာလုပ်ရမလဲ” 
“ဘာမှ လုပ်လို့ မရဘူး။ အသာ စောင့်ကြည့်နေရုံပေါ့၊ ငါတို့ကတော့ ဖေဖေ့ဆီ အကြောင်းရှာပြီး ခဏခဏ သွား၊ အဲဒီမိန်းမ လာ မလာ အကဲခတ်ပေါ့” 
“တော်ကြာ ရုံးမလာတော့ဘဲ အပြင်မှာ ချိန်းနေရင်ရော” 
“အဲဒီလိုတော့ ချိန်းမယ် မထင်ပါဘူးဟာ” 
“ကိုကိုပဲ ပြောတယ်။ တချို့မိန်းမတွေက ငါးပါးသီလဆိုတာ ချိုနဲ့လားဆို” 
သမီးငယ်က သူ့အစ်ကို၏စကားကိုပင် ပြန်သုံးသည်။ သားလတ်က သူ့ညီမကို စိုက်ကြည့်ရင်း မျက်မှောင်ကြုံ့ နေသည်။ ဒါမျိုးက ဖြစ်တတ်သည်။ အင်မတန်ကို ဖြစ်တတ်သည်။ ပထမ အလုပ်ကိစ္စနှင့် ရုံးးခန်းမှာ တွေ့၊ ထို့နောက် ခင်မင်ရင်းနှီးသောကြောင့် စားသောက်ဆိုင်တွင် တွေ့၊ ထိုမှတစ်ဆင့် ကား မပါလာသော သူ့ကို ဖေဖေက ပြန်လိုက်ပို့၊ သူက အိမ်တွင်းသို့ ဖိတ်ခေါ် ...၊ ထို့နောက် ... ထို့နောက် ...။ 
“နင်တို့ကလည်းဟာ၊ ဖေဖေ့ကိုများ အလကားယောက်ျား အောက်မေ့လို့ အထင်သေးနေကြတာလား၊ သူ ဆွဲဆောင်တယ် ဆိုဦးတော့ ဖေဖေက ပါမလားဟ။ ဖေဖေ ဘယ်လောက် တည်တည်ကြည်ကြည် နေတတ်သလဲ ဆိုတာလဲ သိသားနဲ့” 
သမီးကြီးက နေရာမှ ထကာ မှန်ပြတင်းဆီသို့ လျှောက်သွားသည်။ ပန်းခြံထဲ ကဲကြည့်လိုက်တော့ သစ်ခွပန်းစင်နားတွင် ပန်းအိုးတစ်လုံးနှင့် အလုပ်ရှုပ်နေသော မေမေ့ကို တွေ့ရသည်။ မေမေက သူ့မိသားစုနှင့် သူ့ပန်းပင်ကလေးများမှ လွဲ၍ ဘာကိုမှ စိတ်ဝင်စားသူ မဟုတ်ပေ။ ဖေဖေ့ကို အကြွင်းမဲ့ ချစ်ခင်သလို ဖေဖေ၏မေတ္တာကိုလည်း ရာနှုန်းပြည့် ယုံကြည်ထားသူ ဖြစ်သည်။ သူတို့အားလုံး၏ရင်ထဲမှ ဖေဖေ၏ပုံရိပ်သည် ရိုးသားသည်၊ ကြိုးစားသည်၊ တည်ကြည်သည်။ စံပြလင်ယောက်ျားတစ်ဦး ဖြစ်သလို၊ စံပြဖခင်တစ်ဦးလည်း ဖြစ်လေသည်။ 
“ဖေဖေက ခဏခဏ ပြောတယ်လေ၊ အိမ်ထောင်တစ်ခုမှာ တစ်ယောက်ရဲ့ ဂုဏ်သတင်းဟာ တစ်ယောက်ကို ဟပ်တယ်တဲ့။ မိသားစုအတွက် သူအမြဲ ဂုဏ်ယူနေချင်တယ်တဲ့။ သူ့အတွက်လည်း မိသားစုမှာ ဘယ်တော့မှ ဂုဏ်မငယ် စေရဘူးတဲ့” 
“ဟုတ်သားပဲ” 
သမီးကြီးက အစဖော်ပေးမှ ဖေဖေ ပြောနေကျစကားကို သူတို့ သတိရသည်။ ဟုတ်သားပဲ၊ သူတို့ မေ့နေသည်။ ဖေဖေသည် သူများ ဆွဲဆောင်လေတိုင်း ငိုက်ခနဲ ပါမည့် ယောက်ျားတစ်ယောက် မဟုတ်။ 
သားလတ်နှင့် သမီးငယ်သည် သက်ပြင်းကို ပြိုင်တူချကာ တစ်ယောက်နှင့် တစ်ယောက် ကြည့်၍ ရယ်လိုက်ကြသည်။ 
“သူ့အပေါ်မှာ ငါတို့တွေ အထင်သေးလာအောင် အရိုသေတန်လာအောင် သူ့အတွက် ငါတို့တွေ မျက်နှာငယ်အောင် ဘယ်တော့မှ လုပ်မှာ မဟုတ်ပါဘူးဟာ။ ဖေဖေက ပညာရှိပါ” 
သမီးကြီး၏စကားက ယုံကြည်စိတ်ချမှု အပြည့်နှင့် အားပါလှသည်။ ထို့ကြောင့် ပညာရှိဟူသည်ကား တစ်ခါတစ်ရံ သတိဖြစ်ခဲကြောင်းကိုပင် ဆက်၍ မတွေးမိကြတော့ပေ။ 
* * *
နောက် သုံးလေးရက်လောက်နေတော့ သတိဖြစ်ခဲသွားသော ပညာရှိ သူတို့ဖေဖေနှင့် ပက်ပင်းတိုးခဲ့ကြရသည်။ 
သူတို့မောင်နှမ သုံးယောက် မြရိပ်ညိုဟိုတယ်တွင် ရေသွားကူးကြတော့ ရေကူးကန်နား ပိတောက်ပင်များသည် ဝါ၍ ဝင်းနေကြောင်း တွေ့ရသည်။ အတန်ငယ် ညနေစောင်းပြီမို့ ပိတောက် ပွင့်ဖတ်ကလေးများကလည်း တသဲသဲ ကြွေနေရာ ပင်ခြေတွင် ပိတောက်ပန်းတွေ ခင်းထားသလို ဝင်းပြီး အိနေသည်။ သမီးငယ်က “ပန်းမွေ့ယာကြီး ဟေ့၊ ပန်းခင်းတဲ့လမ်း ဟေ့” ဟု အော်ဟစ်ရင်း ပန်းကြိုက်သော မေမေကို သတိရသည်။ “မေမေ လာကြိုရင် သိပ်ကောင်းမှာ” ဟု တမ်းတမိစဉ် တကယ်ပင် မေမေ ရောက်လာ၍ ဝမ်းသာသွားသည်။ 
“ဖေဖေက အလုပ်ကိစ္စရှိလို့ နောက်ကျမယ်တဲ့၊ မေမေတစ်ယောက်တည်း ပျင်းနေတာနဲ့၊ သမီးတို့ကို လာကြိုတာ ...” 
“ဟာ ... ဟ ... ဒီလိုဆို ရေကူးပြီးရင် ဆိုင်မှာ လိုက်ပြီး ကျွေးမယ်ပေါ့၊ ဟုတ်လား မေမေ” 
သားလတ်က ဝမ်းသာအားရ အော်သည်။ သူတို့မေမေသည် ပိုက်ဆံနှမျောတတ် သော်လည်း သူတို့အလိုကို တစ်လလျှင် တစ်ခါလောက်တော့ လိုက်လျောတတ်သည်။ သူတို့မောင်နှမ သုံးယောက် ခေါင်းချင်းဆိုင်ကြပြီးနောက်တော့ ယုဇနဟိုတယ်တွင် ဘူဖေးသွားစားဖို့ ဆုံးဖြတ်လိုက်ကြသည်။ မေမေ စောင့်နေသဖြင့် ခါတိုင်းလို အကြာကြီး ရေစိမ်မနေကြတော့ဘဲ တက်ခဲ့ကြသည်။ ဟိုတယ်ရောက်သည်အထိ သူတို့သုံးယောက်သား စကားတွေ ဖောင်အောင် ပြောပြီး ပျော်နေခဲ့ကြသေးသည်။ ဟိုတယ်ရောက်မှသာ ... 
ခန်းမက သိပ်မကျယ်သော်လည်း သူတို့သည် ဖေဖေ့ကို ချက်ချင်း မတွေ့ခဲ့ကြပေ။ ဆိုင်ထဲမှ ထွက်သွားသော နာမည်ကြီး စူပါမော်ဒယ်လ်တစ်ဦးကို တွေ့လိုက်ရသောကြောင့် ဖြစ်သည်။ မော်ဒယ်ဂဲကို အသေအချာ လိုက်ကြည့်ရင်း အသားညိုသည်၊ အရိုးပိန်သည်နှင့် ဝေဖန်နေကြသောကြောင့် ဖြစ်သည်။ မေမေက စားပွဲတစ်လုံးတွင် နေရာယူရင်း သူတို့ကို “လာကြလေကွယ်” ဟု လှမ်းခေါ်မှ တဝုန်းဝုန်းနှင့် လျှောက်သွားကြသည်။ သားလတ်က “နင်တို့အကြိုက် ရန်အောင်တို့၊ လွင်မိုးတို့၊ ဒွေးတို့လည်း ရောက်ချင် ရောက်နေမှာ” ဟုပြောရင်း ခန်းမတွင်းရှိ လူများကို လွှမ်းခြုံပြီး ကြည့်လိုက်မိသည်။ 
“ဘုရားရေ” 
ရန်အောင်ကိုလည်း မမြင်၊ လွင်မိုးကိုလည်း မတွေ့၊ ဒွေးလည်း မရှိ။ တကယ်ရှိနေသည်က သူတို့၏ဖေဖေသာ ဖြစ်သည်။ ဟိုထောင့်စွန်းက စားပွဲလေးတွင် 'ခိုင်နွဲ့ခိုင်' ဟူသော အမျိုးသမီးနှင့် နှစ်ယောက်တည်း အတူထိုင်နေသော ဖေဖေ့ကို ဒိုင်းခနဲ တွေ့လိုက်ရတော့ သားလတ်၏မျက်လုံးများပင် ပြာချင်ချင် ဖြစ်သွားသည်။ ဖေဖေက ဘာပြောသည်မသိ။ အမျိုးသမီးက ခေါင်းကလေးငုံ့ကာ ခပ်နွဲ့နွဲ့ ရယ်မောရင်း ဖေဖေ့လက်မောင်းကို လက်သီးဆုပ်နှင့် လှမ်းထုသည်။ 
“မေမေ” 
သားလတ်က မေမေ့ကို ချက်ချင်း သတိရသွားကာ စိတ်ပူသွားသည်။ ထိုသို့သော မြင်ကွင်းကို မေမေ့အား မမြင်စေချင်။ မေမေ့ကို စိုးရိမ်တကြီး လှမ်းကြည့်လိုက်တော့ ကျောခိုင်းလျက် အနေအထားတွင် ထိုင်နေသည်ကို တွေ့ရသည်။ “တော်ပါသေးရဲ့၊ မေမေတော့ မတွေ့သေးဘူး” ဟု တွေးကာ ပင့်သက်ကလေး မသိမသာ ရှိုက်လိုက်မိသည်။ 
“ဟေ့ ... ဟိုမှာ” 
ထိုစဉ် သမီးကြီးက သားလတ် အင်္ကျီစကို အားကိုးတကြီး လှမ်းဆွဲသည်။ သားလတ်က “သိတယ်ဟ” ဟု ခပ်ကျိတ်ကျိတ် ပြန်အော်မိစဉ် အမျိုးသမီးက ဖေဖေ့လက်ခုံကို လှမ်း၍ ဆိတ်သည်ကို မြင်လိုက်ရပြန်သည်။
“မေမေ ထိုင်နေလေ၊ မေမေ့အတွက် သားတို့ ယူခဲ့မယ်နော်” 
“ရော့ ... မေမေ၊ သမီးတို့ စားစရာ သွားယူတုန်း ဒီမဂ္ဂဇင်းလေး ဖတ်နေ” 
သမီးကြီးက သူ့လက်ထဲမှ ဖက်ရှင်မဂ္ဂဇင်းကို ထိုးပေးသည်။ မဂ္ဂဇင်း ဖတ်နေလျှင် ဘေးဘီကို ကြည့်ဖြစ်လိမ့်မည် မဟုတ်ဟူသော အတွေးနှင့် ဖြစ်လေသည်။ အကြီးနှစ်ယောက်က ပျာယီးပျာယာ ဖြစ်နေချိန်တွင် သမီးငယ်က ငြိမ်သက်နေသည်။ ယခုအချိန်ထိ သူတို့ကို မမြင်သေးသော ဖခင်ဖြစ်သူအား မင်တက်မိသလို ငေးကြည့်နေရင်း ငိုမဲ့မဲ့လေး ဖြစ်နေသည်။ 
“သမီးလေး” 
မေမေက ငြင်သာစွာ ခေါ်သည်။ မေမေ့မျက်လုံးတွင်လည်း မျက်ရည်ကြည်တွေ မသိမသာ ရစ်ဝဲနေသည်။ 
“သမီး အဲဒီလို ကြည့်မနေနဲ့လေ” 
သားလတ်က “ဘုရားရေ ဒါဆို မေမေက ငါတို့အရင် တွေ့ထားတာပေါ့” ဟု ထိတ်လန့်တကြား တွေးလိုက်မိသည်။ 
“သမီး အဲဒီလို ကြည့်မနေနဲ့။ ဖေဖေ ရှက်သွားမှာပေါ့။ အားလုံးပဲ မမြင်ချင်ယောင် ဆောင်နေကြ။ မေမေပြောတာ နားလည်တယ် မဟုတ်လား” 
မေ့မေ့အသံလေးက အတန်ငယ် တုန်ရီနေသော်လည်း ပြတ်ပြတ်သားသား ရှိသည်။ သူတို့သုံးယောက်အတွက်၌မူ နားဝ ဗုံးတစ်လုံး ကပ်ပြီး ကွဲသွားသလိုပင်။ ဘာဆိုဘာမှ ပြန်မပြောနိုင်ကြ၊ ရွှင်ရွှင်ကလေး ပြုံးရန် ကြိုးစားနေသော မေ့မေ့ကို အငိုင်သား ကြည့်နေမိကြသည်။ 
“သွားကြလေ၊ တစ်ယောက်နဲ့ တစ်ယောက် စကားပြောရင်း ရယ်ရယ်မောမော သွားကြ။ ဖေဖေ့ဘက်ကို လုံးဝ မကြည့်မိစေနဲ့” 
မေမေက အမိန့်ပေးသောအသံနှင့် ထပ်ပြောသည်။ ထို့နောက် သူ့လက်ထဲမှ မဂ္ဂဇင်းကို ဟိုလှန်ဒီလှန်နှင့် စိတ်ဝင်တစား ဖတ်နေလေသည်။ 
မေမေသည် အခြေအနေကို လျင်မြန်စွာ သဘောပေါက်ပြီး လျင်မြန်စွာ ထိန်းသိမ်းနေကြောင်း သူတို့အားလုံး သိလိုက်ကြသည်။ ထို့ကြောင့် မေ့မေ့စကားကို သူတို့သုံးယောက်လုံး ကောင်းစွာ နားထောင်ခဲ့ကြသည်။ အခါတိုင်းလိုပင် ပျော်ရွှင်တက်ကြွနေသော မျက်နှာထားမျိုးကို ကြိုးစားပြီး သရုပ်ဆောင်ခဲ့ကြသည်။ စားချင့်စဖွယ် ပြင်ဆင်ထားသော စားသောက်ဖွယ်ရာများကို ပန်းကန်ထဲ ကောက်ထည့်ရင်း တစ်ဦးနှင့်တစ်ဦး နောက်ပြောင် ကျီစယ်ကာ ပြုံးကြ ရယ်ကြသည်။ သမီးငယ်လေး၏အသံက လိုအပ်သည်ထက် အတန်ငယ် ပိုကျယ်နေ၍ လက်ကုတ် သတိပေးရသည်မှအပ သူတို့အားလုံး အောင်မြင်စွာ သရုပ်ဆောင်နိုင်ခဲ့ကြသည်။ 
စားပွဲကို ပြန်ရောက်ခါနီး မသိမသာ ခိုးကြည့်တော့ ဖေဖေ့ကို မတွေ့ရတော့။ တစ်ဦးတည်း ငေါင်စင်းစင်း ကျန်ရစ်သော အမျိုးသမီးကတော့ ကျေနပ်ပုံမရ။ သူတို့ဘက်ကို မသိမသာ လှမ်းကြည့်ရင်း သူ့ပန်းကန်ထဲမှ အသားလုံးများကို စိတ်မပါ့တပါ စားနေသည်။ 
စားပွဲဆီသို့ သူတို့ ပြန်ရောက်ပြီး လက်ထဲမှ အစားအသောက်ပန်းကန်ပြားများကို ချသည်အထိ မေမေက သူ့လက်ထဲမှ မဂ္ဂဇင်းစာအုပ်ကို အမူအရာ ကောင်းကောင်းနှင့် စိတ်ဝင်တစား ဖတ်နေဆဲ ဖြစ်လေသည်။ 
“ဖေဖေ ပြန်သွားပြီ မေမေ။ မရှိတော့ဘူး” 
သမီးကြီးက ခပ်တိုးတိုး ကပ်ပြောသောအခါမှ ခေါင်းကို မသိမသာ မော့ကာ သက်ပြင်းရှည်ကို ရှိုက်၍ရှူသည်။ သူ့ကို ကြင်ကြင်နာနာ စိုက်ကြည့်နေကြသော သားသမီး သုံးဦးကို ပြန်လည်ငေးကြည့်ရင်း နာနာကျင်ကျင် ပြုံးပြလေသည်။ 
* * *
“သားတို့ သမီးတို့ မှတ်ထားဖို့က မေမေတို့အားလုံးဟာ ဖေဖေ့ကို ရိုသေတယ်၊ လေးစားတယ်၊ ချစ်လည်းချစ် ကြောက်လည်း ကြောက်ကြရတယ်။ အခုလို အရိုသေတန်စရာ၊ အချစ်လျော့စရာ အဖြစ်မျိုးနဲ့ ပက်ပင်းတိုးရတယ် ဆိုရင် ဖေဖေ ရှက်မှာပေါ့” 
မေမေက အစားအသောက်ကို တို့ကာပင့်ကာ စားနေရင်း ခပ်တိုးတိုး ပြောသည်။ 
“သမီးသာ ဆိုရင် ဖေဖေနဲ့ မျက်နှာချင်းဆိုင် စားပွဲမှာ ရွေးထိုင်ပြီးတော့ စေ့စေ့ကြည့်ပြီး ပြုံးပြလိုက်မှာ” 
“အဲဒါဆို ဖေဖေ ပိုရှက်သွားမှာပေါ့” 
မည်သူက မည်မျှ ဆွဲဆောင်ပါစေ။ သူ၏ဖေဖေသည် ဆင်ဆင်ခြင်ခြင် နေနိုင်ခဲ့လိမ့်မည်ဟု ယုံကြည်စိတ်ချထားမိသဖြင့် သမီးကြီးက ဝမ်းနည်းပမ်းနည်းနှင့် ဒေါသဖြစ်ချင်နေသည်။ 
“ဒီမှာ မေမေ ပြောမယ်၊ သမီးတို့ သားတို့ တစ်သက်လုံး အမြဲမှတ်ထား၊ ဘယ်သူ့ကိုမှ ဘယ်တော့မှ ရှက်အောင် မလုပ်မိကြစေနဲ့။ လူတစ်ယောက်ဟာ မှားမှားမှန်မှန် ရှက်လာရင် ရမ်းလာတတ်တယ်။ ရှက်ရမ်းရမ်းပြီ ဆိုရင်လည်း အခြေအနေကို လွယ်လွယ်နဲ့ မထိန်းနိုင်တော့ဘူး” 
မေမေက သူ့ပန်းကန်ထဲမှ ပုစွန်ထုပ်ကို သမီးငယ်လေး၏ပန်းကန်ထဲသို့ လှမ်း၍ ထည့်ပေးလိုက်သည်။
“မေမေ စိတ်မဆိုးဘူးလားဟင်” 
သမီးကြီး၏အမေးကို မေမေက ပြန်မဖြေပေ။ စားပွဲပေါ် ကျသွားသော ငရုတ်ဆီ တစ်စက်ကို တစ်ရှူးစက္ကူနှင့် သုတ်ရင်း မကြားသလိုလို လုပ်နေသည်။ ထို့နောက်မှ “သူပြောတော့ အလုပ်ကိစ္စရှိလို့ နောက်ကျမှာတဲ့” ဟု ခပ်တိုးတိုး ပြောသည်။ မေမေ့အသံက အတန်ငယ် တုန်ရီသွားသော်လည်း မျက်နှာကတော့ အပြုံးမပျက်လှပေ။ 
“ဒိပြင် မိန်းမတစ်ယောက်နဲ့ ညစာအတူ စားရုံလောက်နဲ့တော့ သိပ်စိတ်မဆိုးပါနဲ့ မေမေရယ်၊ ဒါဟာ ဘာမှ မဖြစ်လောက်ပါဘူး။ အိမ်ထောင်ရေးဖောက်ပြန်တာလည်း မဟုတ်ပါဘူး” 
သားလတ်က ဖေဖေ့ဘက်မှ ရှေ့နေလိုက်သည်။ မိန်းမနှင့် ပတ်သက်၍ နာမည် အစွန်းအထင်း တစ်ခါမှ မရှိဖူးသော ဖေဖေ့ကို ရုတ်တရက် သနားသလို ဖြစ်သွားသည်။ မေမေ့လက်ထဲတွင် နိုင်ဖဲတစ်ချပ်ကို ကိုင်ထားပြီမို့ ဖေဖေတော့ ခံရတော့မည်ဟု စိုးရိမ်စိတ် ဝင်သွားသည်။ မေမေက သားကို လှမ်းကြည့်ရင်း ရင်ထဲမှ အတွေးကို ချက်ချင်းပင် ထိုးဖောက်၍ မြင်လိုက်ဟန် ရှိသည်။ 
“မစိုးရိမ်ပါနဲ့ သားရယ်။ တကယ့်ကို အိမ်ထောင်ရေးဖောက်ပြန်တယ် ဆိုရင်လည်း မေမေက တစ်စုံတစ်ခုသော အတိုင်းအတာအထိတော့ သည်းခံမှာပေါ့။ ခွင့်လွှတ်နိုင်တာ မလွှတ်နိုင်တာတော့ တစ်ပိုင်းပေါ့” 
ပန်းကန်ထဲတွင် စားစရာကုန်သွားသဖြင့် သမီးငယ်က တစ်ခေါက် ထပ်ယူရန် ထွက်သွားသည်။ မေမေ့ပန်းကန်ထဲတွင်တော့ အရာမယွင်းလှသေးပေ။ 
“ဘာရယ် မေမေ၊ ခွင့်မလွှတ်နိုင်ဦးတော့ သည်းခံမယ်ပေါ့ ဟုတ်လား” 
“အင်း” 
“ဘာဖြစ်လို့လဲဟင်” 
“နံပတ်တစ် အချက်က ဒါဟာ မြန်မာပြည်မို့လို့ပေါ့။ နံပတ်နှစ် အချက်ကတော့ မေမေဟာ အမေတစ်ယောက် ဖြစ်နေလို့ပေါ့” 
အခန်းထဲမှ တစ်ဦးတည်း ထွက်ခွာသွားသော ခိုင်နွဲ့ခိုင်ကို မေမေက မသိမသာ လှမ်းကြည့်သည်။ ခွါချွန်ချွန် ဖိနပ်မြင့်မြင့်ကို လှပစွာစီးပြီး တင်ပါးကို ရမ်းပြီး လျှောက်သွားပုံမှာ မိန်းမချင်းအတွက်ပင် ငေး၍ ကြည့်ချင်စရာ ဖြစ်နေသည်။ 
“အနောက်နိုင်ငံတွေမှာတော့ လင်မယားကွဲတယ် ဆိုတာ မဆန်းပါဘူးလေ။ ထမင်းစားသလို၊ ရေသောက်သလို၊ စိတ်အလိုလိုက်ပြီး လွယ်လွယ်လုပ်နေကြတာ။ မေမေတို့ဆီမှာက ဒါမျိုးကို လူမှုရေးအရကို သိပ်ပြီး လက်မခံဘူး။ အိမ်ထောင်ပြုတာကို ဘုရားတည်တာ၊ ဆေးမင်ကြောင် ထိုးတာနဲ့ကို ခိုင်းနှိုင်းပြီး ပြောထားတာကို ကြည့်ပါလား။ မှားသွားတယ် ဆိုပြီး ဘွာခတ်လို့ရတဲ့ ကိစ္စမျိုးမှ မဟုတ်တာကွယ်” 
“လင်နဲ့မယား လျှာနဲ့သွားဆို မေမေရ” 
“ဟုတ်တယ်လေ သားရဲ့။ ဒါကြောင့်လည်း ခဏခဏ ကိုက်မိကြတာပေါ့၊ ဒါပေမဲ့ ကိုက်မိတိုင်းသာ ကွဲရမယ်ဆိုရင် မြန်မာပြည်မှာလည်း လင်ကွာ မယားကွာတွေ ပြည့်လျှံနေမှာပေါ့” 
မေမေက တိုးတိုးလေး ရယ်သည်။ 
“မေမေတို့ဆီမှာက ချမ်းသာတဲ့သူ ဖြစ်ဖြစ်၊ ဆင်းရဲတဲ့သူ ဖြစ်ဖြစ် တစ်ခုလပ် ... တစ်လင်ကွာဆိုတဲ့ နာမည်ကို ကြောက်တယ်လေ။ ဒီတော့ တစ်ယောက်ရဲ့ အမှားကို တစ်ယောက်က တတ်နိုင်သမျှ သည်းခံမျိုသိပ်တတ်ကြတယ်။ တည်မိတဲ့ အသိုက်အမြုံကို မပျက်စီးရအောင် မပြိုကွဲရအောင် ထိန်းသိမ်းတတ်ကြတယ်။ ဒါဟာ မေမေတို့ရဲ့ ရိုးရာ အစဉ်အလာကောင်း ပဲ” 
“ကဲ နံပတ်နှစ်အချက်” 
သမီးကြီးက ထောက်ပေးသည်။ သူသာ အိမ်ထောင်ကျ၍ သူ့ယောက်ျား ဖောက်ပြန်လျှင် ဘယ်လို လုပ်ရမည်နည်းဟု တွေးရင်း ချွေးပြန်ချင်လာသည်။ 
“အင်း နံပတ်နှစ် အချက်ကတော့” 
မေမေက မသိမသာပြုံးသည်။ 
“မိန်းမတစ်ယောက်ကို သဘာဝတရားက ပေးထားတဲ့ အကြီးမားဆုံး တာဝန်ဟာ ဘာလဲ သိလား” 
မေမေက မေးသော်လည်း သမီးကြီးက ငြိမ်နေသည်။ သားလတ်က ကြားထဲမှ ဝင်ပြီး “ကလေးမွေးဖို့” ဟု ဖြေလိုက်ချင်သော်လည်း သူ့အစ်မ၏မျက်စောင်းကို ကြောက်၍ မဖြေရဲချေ။ သို့သော် မေမေက သူနဲ့ တစ်ထပ်တည်း ပြော၍ ကျေနပ်သွားသည်။ 
“မိန်းမတွေဟာ ဘယ်လောက်ပဲ ပညာတော်ပါစေ၊ အစွမ်းကောင်းပါစေ၊ ထူးချွန်ပါစေ၊ သူ့ရဲ့ ပထမမူလ သဘာဝတရားက ပေးထားတဲ့ တာဝန်ကတော့ လူသား မျိုးဆက်သစ်တွေ မွေးဖွားပေးဖို့ပဲ။ အဲဒီ မျိုးဆက်သစ်တွေကို လူလားမြောက်အောင် ထိန်းသိမ်းစောင့်ရှောက်ပေးဖို့ပဲ” 
“အဖေကလည်း ထိန်းသိမ်း စောင့်ရှောက်ရမှာပေါ့ မေမေရ၊ အမိရော အဖရော လိုတယ်လေ” 
သမီးငယ်က စောဒက တက်သည်။ မေမေက ခေါင်းညိတ်သည်။ 
“ဟုတ်တယ်၊ အမိရော အဖရော လိုတာပေါ့။ သားသမီးတွေကို ကိုယ်ရောစိတ်ပါ ကျန်းမာသန်စွမ်းအောင်၊ လူလားမြောက်အောင် လုပ်ဖို့ ကျွေးမွေးပြုစုဖို့က အမေတစ်ယောက်တည်း မနိုင်တော့ဘူးလေ၊ အဖေ့အကူအညီလည်း အများကြီး လိုတာပေါ့၊ ဒါကြောင့်မို့လို့ သားသမီးကို တကယ်ချစ်မြတ်နိုးတဲ့ အမေတိုင်းဟာ သူတို့သားသမီးတွေကို ဖခင်ရင်းနဲ့ပဲ မကွဲမကွာ အမြဲထားရှိဖို့ ကြိုးစားကြတယ်လေ။ သားတွေ သမီးတွေ ပွါးစီးလာတဲ့ အိမ်ထောင်ရေးဟာ သံယောဇဉ်ကြိုးတွေ အထပ်ထပ် ပတ်လာသလို ခွင့်လွှတ်ရတာ၊ သည်းခံရတာ၊ နာကျင်ရတာတွေလည်း အများကြီး ရှိနေတတ်တာပဲ” 
“သားသမီးတွေအတွက် သည်းခံခြင်းတရားကို နှလုံးသားနဲ့ ရင်းထားတဲ့ အမေတွေဟာ ရေတွက်လို့တောင် ရမှာ မဟုတ်ပါဘူး။ အရင်တုန်းကလည်း အများကြီး၊ အခုလည်း အများကြီး၊ နောက်နောင်လည်း အများကြီး ရှိနေဦးမှာပါ” 
စကားဝိုင်းသည် ရုတ်တရက် တိတ်ဆိတ်သွားသည်။ မေမေသည် ဘာမှ ဆက်မပြောတော့ဘဲ သမီးငယ် ယူလာပေးသော ရေခဲမုန့်ကို တိတ်ဆိတ်စွာ စားနေသည်။ ရေခဲမုန့်က ချိုပြီး အေးနေသည်။ မွှေးနေသည်။ သို့သော် မေမေ့ရင်ထဲတွင်တော့ ပူပြီး နွေးနေသည်။ 
* * *
သူတို့တွေ အိမ်ပြန်ရောက်တော့ ရုပ်မြင်သံကြားမှ ပြည်တွင်းသတင်းပင် လာနေချေပြီ။ ဖေဖေ အိမ်ပြန်ရောက်နေပြီဟု ကြီးကြီးဒေါ်စောမြက ဆီးပြောတော့ သူတို့အားလုံး အံ့ဩသွားကြသည်။ 
စာကြည့်ခန်းထဲ ကဲကြည့်တော့ အပေါက်ဝကို ကျောပေးပြီး ရပ်နေသော ဖေဖေ့ကို တွေ့ရသည်။ ဗီရိုထဲမှ စာအုပ်များကို ထုတ်လိုက် သွင်းလိုက်နှင့် အလုပ်ရှုပ်နေသည်။ သူတို့အားလုံး ဘာလုပ်လို့ ဘာကိုင်ရမည် မသိဘဲ ဖြစ်နေစဉ် မေမေက မသိမသာ သက်ပြင်းလေး ရှိုက်သည်။ ထို့နောက် ချိုသာစွာ ပြုံးလိုက်သည်။ 
“ဟော ... အဖေကြီး၊ အလုပ်ကိစ္စ ရှိတယ်ဆို၊ ဘာလို့ အစောကြီး ပြန်လာတာလဲ” 
“အေးကွာ” 
ဖေဖေက လှည့်မကြည့်ဘဲ ခပ်ပျော့ပျော့ ပြန်ပြောသည်။ သူ့လက်ထဲမှ စာအုပ်များကို ဗီရိုထဲသို့ ပြန်ထည့်လိုက်ပြန်သည်။
“ဘာဖြစ်လို့လဲဟင် ... နေမကောင်းလို့လား” 
“ဟုတ်ပါရဲ့ကွယ်၊ ရာသီဥတုကလည်း ပူပြင်းလိုက်တာ၊ ခေါင်းကိုက်ချင်စရာကြီး။ ဒီနှစ်နွေကို ခါတိုင်းနဲ့ မတူဘူး။ ပိုပြီးပူတယ်။ အိုဇုန်းလွှာ ပေါက်လို့လား ... မလေးရှားက တောမီးကြောင့်လား ... သမုဒ္ဒရာထဲက ရေပူစီးကြောင်းကြီး ကြောင့်လား ... တစ်ခုခုတော့ တစ်ခုခုပဲ” 
စကားရော ဖောရော ပြောရင်း မေမေက အခန်းထဲ ဝင်သွားသည်။ ဘာဆိုဘာမှ ဖြစ်မထားသလို မေမေ့အမူအရာက သက်တောင့်သက်သာ ရှိနေသည်။
“အေးကွာ ... ခေါင်းထဲမှာအုံပြီး ကိုက်ခဲနေတာနဲ့” 
မေမေ့ကို မရဲတရဲ လှမ်းကြည့်နေသော ဖေဖေ့မျက်နှာကို တွေ့တော့ သူတို့မောင်နှမ သုံးယောက်လုံး သနားသွားကြသည်။ ဖေဖေ့မျက်နှာ ဒီလောက်ပျက်ယွင်းနေတာ ယခင်က သူတို့တွေ တစ်ခါမျှ မမြင်ဖူးခဲ့ကြပေ။ 
“ဒါနဲ့ ဘာလို့ စာအုပ်တွေ ဖတ်နေတာလဲ၊ နားလိုက်ပါလား အဖေကြီးရယ်။ သမီးကြီးရယ် ... ဖေဖေ့ကို သံပုရာရည်လေး ဖျော်ပေးပါလား” 
မေမေ့အသံက စည်ပင်ဝေဆာနေသည်။ အပေါက်ဝတွင် ကြောင်အအ ရပ်နေသော သားသမီးများကို မျက်ရိပ်ပြ၍ လှမ်းခေါ်သည်။
“သားတို့က ယုဇနမှာ ဘူဖေး သွားစားနေတာ ဖေဖေရ” 
“သမီးတော့ ပုစွန်ထုပ်ကြီး လေးကောင်တောင် စားလာတယ် ဖေဖေရေ ... ဖေဖေ့ကို သတိရလိုက်တာ လွန်ရော” 
သားလတ်နှင့် သမီးငယ်က အခန်းထဲ လှမ်းဝင်လာသည်။ ဖေဖေ ထိုင်ရန် ပက်လက်ကုလားထိုင်ကို သားလတ်က သွားယူနေစဉ်တွင် သမီးငယ်က သူ့လက်ထဲမှ သံပုရာ ချိုချဉ်လေးကို အခွံခွါပြီး ဖေဖေ့ပါးစပ်ထဲ ခွံ့ပေးသည်။ 
“ဖေဖေ အဲ့ဒီနား ရောက်တော့ သားတို့ကို တွေ့လိုက်သလိုလို ထင်မိသား” 
ဖေဖေက သူတို့ကို မသိမသာ အကဲခတ်နေသည်။ 
“ဟင် ဖေဖေကလည်း ဘာလို့ မခေါ်တာလဲ” 
“ဖေဖေ့ခေါင်းထဲမှာ တအားအုံနေတာနဲ့ အိမ်ပြန်လာတာ။ ကိုယ့်အိမ်မှာ ကိုယ်နားနေတာ အကောင်းဆုံး မဟုတ်လား” 
“ဟုတ်တာပေါ့” 
သားလတ်က ခေါင်းညိတ်သည်။ 
'ကိုယ့်အိမ်မှာကိုယ်နားနေတာ အကောင်းဆုံး' ဟူသော ဖေဖေ့စကားကြောင့် ရင်ထဲတွင် မြူးပြီး ပျော်သွားသည်။ 
“အဖေကြီး ထမင်းမစားရသေးရင် ပြင်လိုက်မယ်လေ” 
“တော်ပါပြီကွာ၊ ရင်ထဲလည်း ပြည့်နေတယ်၊ အိပ်ခါနီးကျမှ ကော်ဖီလေးတစ်ခွက် ပေးနော်” 
ဖေဖေ့မျက်နှာ တဖြည်းဖြည်း ကြည်လင်လာသည်။ သိသိသာသာ စိတ်သက်သာပြီး ပေါ့ပါးသွားသော အရိပ်အယောင်ကို တွေ့ရသည်။ သံပုရာချိုချဉ်လေးကို တမြုံ့မြုံ့ ဝါးရင်း ပက်လက်ကုလားထိုင်တွင် ခြေပစ်လက်ပစ် ထိုင်သည်။ မေမေပေးသော ဆေးမြစ်စုံ ရှူဆေးလေးကို မျှင်း၍ ရှူရှိုက်နေသည်။ သမီးငယ်က ဖေဖေ့ခြေထောက်ကို ဆွဲပြီးနှိပ်တော့ ဖေဖေက ရယ်ရင်း ရုန်းသည်။ 
“အမေကြီးရေ ... ခင်ဗျားသမီး ကျုပ်ကို မနှိပ်ဘဲ ဆိတ်နေပြီ” ဟု လှမ်းအော်သည်။
နာရီပိုင်းအတွင်းမှာပင် ... သူတို့အိမ်လေးသည် နဂိုအတိုင်း ပြန်လည်သက်ဝင် လှုပ်ရှားပြီး နွေးထွေးလာသည်။ သားလတ်၏ကျီစယ်သံ၊ သမီးငယ်၏ တိုင်တောသံ၊ သမီးကြီး၏ ရယ်သံတို့ဖြင့် စီစီညံညံ ဖြစ်လာသည်။ 
“ခုနတုန်းက ဖေဖေ့တစ်ခေါင်းလုံး အုံပြီး ခဲနေတာပဲ၊ နေရတာ ဆိုးလိုက်တာ၊ အခု သမီးတို့ သားတို့ရဲ့ စကားပြောသံတွေ ရယ်သံတွေ ကြားရတော့ အလိုလို သက်သာလာတယ်” 
“ဒီလိုဆို သမီးတို့က ဖေဖေ့အတွက် ဆေးပေါ့နော်” 
သမီးငယ်၏အပြောကို ဖေဖေက ခေါင်းညိတ် ထောက်ခံသည်။ ခေတ္တခဏ ပျောက်ဆုံးသွားသော အပြုံးချိုချိုကို ဖေဖေ့မျက်နှာပေါ်တွင် ပြန်လည် တွေ့ရှိလာရသည်။ 
“ဟုတ်တယ်၊ သားတို့ သမီးတို့ဟာ ဖေဖေ့အတွက် ဆေးပဲ။ ဖေဖေ ဆေးစား မမှားအောင် အမြဲသတိရှိရမယ်” 
ဖေဖေက သမီးငယ်လေး၏ ဆံပင်ပျော့ပျော့လေးများကို လှမ်းဖွကာ သူ့အဓိပ္ပါယ်နှင့်သူ ပြောသည်။ အားလုံး နားလည်လိုက်ကြသော်လည်း မသိသလို နေလိုက်ကြသည်။ ဝမ်းသာ ကြည်နူးမှုကြောင့်တော့ ရင်တဖျတ်ဖျတ် ခုန်နေမိကြလေသည်။ 
* * *
လသာသောည ဖြစ်သည်။ ရွှန်းမြသော လရောင်သည် ခြံထဲသို့ ဖြာကျနေသည်။ မြတ်လေးပန်းရနံ့က လေထဲတွင် လွင့်ပျံနေသည်။ လသာဆောင်တွင် တစ်ဦးတည်း ရပ်နေသော မေမေ့ဆီသို့ သမီးကြီး ရောက်လာသည်။ “အိပ်ဆေး သောက်မလား မေမေ” ဟု တိုးတိုးလေး မေးသည်။ 
“မသောက်ပါဘူး သမီးရယ်။ ခဏနေရင် ဘုရားခန်း ဝင်ပြီး တရားထိုင်မှာပါ” 
မေမေက အေးဆေးစွာ ဖြေသည်။ သမီးကြီးသည် မေမေနှင့်အတူ ရပ်ရင်း လပြည့်ဝန်းကို မော်ကြည့်သည်။ 
“ဖေဖေတော့ စိတ်ချမ်းသာ လက်ချမ်းသာ အိပ်ပျော်သွားပြီနော်” 
“အင်း” 
“သမီးတို့ အောင်မြင်တယ်နော် မေမေ” 
“အင်း” 
မွှေးပျံ့နေသော လေကို သမီးက ရှိုက်၍ ရှူလိုက်သည်။ သူ့ရင်ထဲတွင် အားအင်တွေ ပြည့်လာသလို ခံစားရသည်။ 
“သမီးတို့ဖေဖေဟာ သမီးတို့ဆီကို ရာခိုင်နှုန်းပြည့် ပြန်ရောက်လာပြီနော် မေမေ။ အဲဒါ မေမေ တော်လို့” 
“မဟုတ်ပါဘူး သမီးရယ်၊ ဖေဖေ တော်တာပါ။ သားတို့ သမီးတို့ မြင်လိုက်တဲ့ခဏမှာ သူ့ကိုယ်သူ ချက်ချင်းပြန်ပြီး ထိန်းသိမ်း တည့်မတ်နိုင်ခဲ့တာပဲ။ ဖေဖေ့လိုယောက်ျား ရှားပါတယ်” 
“မေမေ့လိုမိန်းမလည်း ရှားတာပဲ” 
“မရှားပါဘူးကွယ်။ တည်ဆောက်မိတဲ့ အသိုက်အမြုံလေးကို ချမ်းမြေ့ သာယာအောင်၊ မယိုင်မလဲ မပြိုကွဲရအောင် နည်းမျိုးစုံနဲ့ ကြိုးစားပြီး ကျားကန်နေကြရတဲ့ မိန်းမတွေဟာ ဒီကမ္ဘာ၊ ဒီလောကကြီးမှာ အများကြီးပါ။ သူတို့နဲ့ ယှဉ်ရင် မေမေက ဘာမှ ဖြစ်လောက်မယ် မထင်ပါဘူး” 
မေမေက တိုးတိုးလေး ပြောသည်။ အေးမြ မွှေးပျံ့သော လေကို ရှိုက်၍ရှူရင်း လပြည့်ဝန်းကို မော်၍ ကြည့်မိသည်။ ထို့နောက် ခုအချိန်မှာ သူ့လိုပင် လပြည့်ဝန်းကိုမော်ကြည့်နေသော မိန်းမတွေ ဘယ်နှဦးများ ရှိနေမလဲဟု တွေးနေမိသည်။
“ဖေဖေရဲ့ သိက္ခာနဲ့ မာနတရားကို မထိခိုက်၊ မပွန်းရှအောင် မေမေ ဟန်ဆောင်နိုင်ခဲ့တယ်လေ”

အနည်းငယ် အေးနေသော မေမေ့ လက်ဖဝါးလေးများကို ခပ်တင်းတင်း ဆုပ်ကိုင်ရင်း သမီးက ကျေးဇူးတင်စွာ ပြောသည်။ မေမေက ဘာမှ ပြန်မပြော။ သဲ့သဲ့ကလေး ပြုံးရင်း ငြိမ်နေသည်။ ထိခဲ့ ခိုက်ခဲ့ ပွန်းရှခဲ့ရသော သူ၏ နှလုံးသားကိုမူ ရင်ထဲသို့ အတင်းဖိ၍ ထည့်ကာ သိုဝှက်ထားလိုက်လေသည်။

0 comments:

Post a Comment