Sunday, August 14, 2022

ပြည်သူ့လွတ်မြောက်ရေးတပ်မတော်သားများအတွက် အခြေခံသိမှတ်ဖွယ်(တပ်ပေါင်းစုပေါ်လစီ)

0 comments

ပြည်သူ့လွတ်မြောက်ရေးတပ်မတော်သားများအတွက် အခြေခံသိမှတ်ဖွယ်(တပ်ပေါင်းစုပေါ်လစီ)ကို စာရိုက်ပြီး ပြန်တင်ပေးတာပါ။

ဘုံရန်သူ။ မျက်မှောက်ဗမာပြည် ပြည်သူ့ဒီမိုကရေစီ လက်နက်ကိုင်တော်လှန်ရေးရဲ့ရန်သူဟာ စစ်အာဏာရှင်စနစ် ဖြစ်တယ်။ စစ်အာဏာရှင်စနစ်ဟာ စစ်(၃)စစ်ကိုဆိုလိုတယ်။ စစ်(၃)စစ်ဆိုတာ (စစ်အုပ်စု၊ စစ်အစိုးရ၊ စစ်ဗျူရိုကရေစီယန္တရား)တို့ဖြစ်တယ်။ စစ်အုပ်စုဟာ စစ်အစိုးရနဲ့ စစ်ဗျူရိုကရေစီယမ္တရားကို ဖန်တီးသူဖြစ်တယ်။ ဒါ့ကြောင့် စစ်(၃)စစ်ကိုဖော်ပြရာမှာ စစ်အုပ်စုကို နံပတ် ၁ နေရာမှာထားရမယ်။ စစ်အုပ်စုက စစ်အစိုးရကိုဖန်တီးတယ်။ (မျက်မှောက်အခြေအနေမှာ စစ်ကောင်စီကိုဖန်တီးထားတယ်) သူ့ကို နံပတ် ၂ နေရာမှာထားရမယ်။ စစ်အစိုးရက စစ်ဗျူရိုကရေစီယန္တရားကိုလည်ပတ်စေပြီး အဖိနှိပ်ခံပြည်သူတရပ်လုံးကို ဖိနှိပ်သွေးစုပ်တယ်။ စစ်ဗျူရိုကရေစီယန္တရားဆိုတာ စစ်အုပ်စုကိုအလုပ်အကျွေးပြုနေတဲ့ စစ်အုပ်စုရဲ့လက်ကိုင်တုတ်စစ်တပ်၊ ရဲတပ်ဖွဲ့၊ ပျူစောထီးစတဲ့လက်နက်ကိုင်အဖွဲ့များ၊ တရားရုံး၊ တရားစီရင်ရေးစနစ်၊ အကျဉ်းထောင်စတဲ့ အုပ်ချုပ်ရေး ယန္တရားများပါဝင်တယ်။ သူ့ကို နံပတ် ၃ နေရာမှာထားတယ်။ ဒီ စစ်(၃)စစ်က အဖိနှိပ်ခံ ဗမာပြည် ပြည်သူလူထုအပေါ်  ဖိနှိပ်သွေးစုပ်နေတဲ့စနစ်ဆိုးကို စစ်အာဏာရှင်စနစ်လို့ခေါ်တယ်။ ဒါကြောင့် စစ်အာဏာရှင်စနစ်(စစ်အုပ်စု၊ စစ်အစိုးရ၊ စစ်ဗျူရိုကရေစီယန္တရား)လို့ ရည်ညွှန်းလေ့ရှိတယ်။ ကျွန်တော်တို့ဟာ အဓိကပဋိပက္ခကိုရှာဖွေပြီး အဲ့ဒီအပေါ်ကနေ ရန်သူနဲ့မိတ်ဆွေလို့ ခွဲခြားပါတယ်။ ရန်သူ့ဘက်သားမဟုတ်သူတွေနဲ့ တပ်ပေါင်းစုလုပ်(နိုင်)ပါတယ်။

 

စစ်အုပ်စုဟာ ဖက်ဆစ်လုပ်ဟန်တွေကျင့်သုံးတဲ့အစိုးရအာဏာကို ချုပ်ကိုင်ထားရုံတင်မက စစ်တပ်ကို ချုပ်ကိုင်ထားတယ်။ အဓိက စီးပွားရေးလုပ်ငန်းကြီးများကို လက်ဝါးကြီးအုပ် ချုပ်ကိုင်ထားတယ်။ ဒါဟာ ပြည်တွင်းဖြစ်ဖက်ဆစ်ဝါဒအတွက်အခြေခံတွေဖြစ်ပြီး တိုင်းပြည်ကိုအုပ်စိုးရာမှာတော့ သူတို့အာဏာ သူတို့အကျိုးစီးပွားအတွက် ဖက်ဆစ်လုပ်နည်းလုပ်ဟန်များအရ လူမျိုးပေါင်းစုံပြည်သူများကို လူမဆန်တဲ့ ညှဉ်းဆဲသတ်ဖြတ်မှုမျိုးစုံကျူးလွန်ပြီး ရက်ရက်စက်စက်ဖိနှိပ်ပါတယ်။

 

လူတန်းစားအရဆိုရင် စစ်ဗျူရိုကရက်ဓနရှင်လူတန်းစားဟာ ဗမာပြည် ပြည်သူ့ဒီမိုကရေစီ လက်နက်ကိုင် တော်လှန်ရေးရဲ့ ရန်သူဖြစ်တယ်။

 

ဒီရန်သူဟာ အဖိနှိပ်ခံလူတန်းစားအားလုံးရဲ့ ရန်သူဖြစ်တယ်။ လူမျိုးပေါင်းစုံပြည်သူများရဲ့ ရန်သူဖြစ်တယ်။ ဗမာပြည်ရှိ အဖိနှိပ်ခံလူနည်းစုအမျိုးသားအသီးသီးရဲ့ ရန်သူဖြစ်တယ်။ အဖိနှိပ်ခံအဖွဲ့အစည်းအသီးသီးနဲ့ လက်နက်မကိုင်တဲ့ အဖွဲ့အစည်းအသီးသီးရဲ့ ရန်သူဖြစ်တယ်။ အားလုံးရဲ့ရန်သူဟာ တဦးတည်းတူညီနေတာမို့ ဘုံရန်သူဖြစ်တယ်။

 

မဟာမိတ်။  တော်လှန်ရေးတရပ်မှာ ဘယ်သူဟာရန်သူလဲ၊ ဘယ်သူဟာမိတ်ဆွေလဲ ခွဲခြားသတ်မှတ်ရေးဟာ အရေးကြီးတဲ့လုပ်ငန်းတာဝန်တရပ်ဖြစ်တယ်။ တော်လှတ်ရေးရဲ့မဟာမိတ်ဆိုတာ တော်လှန်ရေးအတွင်းရှိ ယုံကြည်စိတ်ချရတဲ့မိတ်ဆွေကို ဆိုလိုတာဖြစ်တယ်။ တော်လှန်ရေးမှာ မိမိရဲ့ရန်သူကိုမိတ်ဆွေနည်းစေတာဟာ တော်လှန်ရေးအောင်ပွဲခံစေရေးအတွက် အကြောင်းအချက်တခုဖြစ်တယ်။ ထို့အတူ တော်လှန်ရေးမှာ မိမိရဲ့မိတ်ဆွေတွေများတာ မိတ်ဆွေအင်အားတောင့်တင်းတာဟာ တော်လှန်ရေးအောင်ပွဲခံနိုင်စေတဲ့ နောက်ထပ် အကြောင်းရင်းတခုဖြစ်တယ်။

 

လူတန်းစားမဟာမိတ်ဖွဲ့မှုမှာ အလုပ်သမားကိုအခြေခံ၊ လယ်သမားနဲ့ ခိုင်မာတဲ့မဟာမိတ်ဖွဲ့၊ ဓနရှင်ပေါက်စကိုစည်းရုံး၊ အမျိုးသားဓနရှင်ကိုကြားထား၊ စစ်သုံးစစ်ကိုဦးတည်တိုက်ဆိုတဲ့ပေါ်လစီကို ကျင့်သုံးရမယ်။ ဘုံရန်သူကို ဦးတည်တိုက်တဲ့နေရာမှာ ရန်သူမဝေဝါး မထွေပြားဖို့သတိပြုရမယ်။ ရန်သူလည်းမဟုတ်၊ မဟာမိတ်အဆင့်အထိ မရောက်သေးတဲ့အင်အားစုတွေကို ရန်သူဘက်တွန်းပို့သလိုမဖြစ်ရအောင် ကြားထားသင့်တဲ့အင်အားစုကို ကြားထားပြီး ရန်သူကိုဆန့်ကျင်တိုက်ခိုက်လာစေဖို့ တွန်းဆော်ပေးရမယ်။

 

ပြည်သူ့ဒီမိုကရေစီလက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲနေတဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) အနေနဲ့ဆိုရင် စစ်ရေးအရ ဘုံရန်သူကို ပြတ်ပြတ်သားသား လက်နက်ကိုင်တိုက်ခိုက်တော်လှန်နေတဲ့ လူနည်းစုအမျိုးသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေ၊ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးအပေါ်မှာ ပြတ်ပြတ်သားသား ရပ်ခံတဲ့အဖွဲ့အစည်းတွေဟာ မဟာမိတ်အဖြစ် သဘောထားနိုင်တဲ့အဖွဲ့အစည်းတွေ ဖြစ်တယ်။ (ဒါဟာ မောပြည် ကွန်မြူနစ်ပါတီကချမှတ်ထားတဲ့ မဟာမိတ်သဘောထားဖြစ်ပါတယ်)။ စစ်သုံးစစ်ကိုဆန့်ကျင်၊ တော်လှန်ရေးကို မဆန့်ကျင်၊ ပါတီကိုမဆန့်ကျင်သူမှန်သမျှကို မဟာမိတ်အဖြစ် သဘောထားတာဖြစ်ပါတယ်။ ဗမာပြည်ရှိ လူနည်းစုအမျိုးသားများနဲ့ပတ်သက်ရင်  “ဗမာပြည်ရှိ အဖိနှိပ်ခံလူနည်းစုအမျိုးသားများနဲ့ မဟာမိတ်ဖွဲ့ရေး၊ စည်းလုံးညီညွတ်ရေးသည် ဗမာပြည်ကွန်မြူနစ်ပါတီ၏ အခြေခံဝါဒ၊ အခြေခံလုပ်ငန်းစဉ်ဖြစ်သည်”လို့ ရှင်းရှင်းလင်းလင်းသတ်မှတ်ထားပါတယ်။ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ လူမျိုးစု(လူနည်းစုအမျိုးသားများ) ပေါ်လစီဟာလည်း အရင်းခံအားဖြင့် လူတန်းစားရပ်တည်ချက်ကို အခြေပြုထားတာဖြစ်ပါတယ်။

 

တပ်ပေါင်းစု ဘာကြောင့်လိုအပ်သလဲ။ ဗမာပြည်ရဲ့နိုင်ငံရေးအခြေအအနေမှာ ပါတီတခုတည်းကတော်လှန်ရေးဆင်နွှဲပြီး အောင်ပွဲခံဖို့ဆိုတာမဖြစ်နိုင်ဘူးလို့ ပါတီဥက္ကဌ သခင်သန်းထွန်းကရော၊ ပါတီအတွင်းရေးမှူး ရဲဘော်ကြင်မောင်ကရော သင်ကြားပေးခဲ့ပါတယ်။

 

တော်လှန်ရေးအဖွဲ့အစည်းတခုခုနဲ့ ရန်သူစစ်အာဏာရှင်အစိုးရ တဖွဲ့ချင်းစီယှဉ်ရင် ရန်သူက အင်အားသာလွန် ကြီးမားပါတယ်။ အားကြီးတဲ့ရန်သူကို ယှဉ်ပြိုင်တိုက်ခိုက်ရာမှာ တော်လှန်ရေးအင်အားစုအသီးသီး မဟာမိတ်ဖွဲ့မှု၊ တပ်ပေါင်းစုဖွဲ့မှု၊ တော်လှန်တဲ့သွေးစည်းညီညွတ်မှုကပိုသာ တည်ဆောက်နိုင်ရင် ရန်သူကိုယှဉ်ပြိုင်တိုက်ခိုက်ဖို့ ပိုမိုကြီးမားတဲ့အင်အားကို စုစည်းနိုင်ပါတယ်။ ဗမာပြည်မှာ စစ်အာဏာရှင်စနစ်ကိုဆန့်ကျင်တိုက်ခိုက်နေတဲ့ လက်နက်ကိုင်တော်လှနရေးအဖွဲ့အစည်းများ များစွာရှိနေပါတယ်။  ဒီအဖွဲ့အစည်းတွေရဲ့စုပေါင်းမှု၊ ညီညွတ်မှုဟာ တော်လှန်ရေးကိုအောင်ပွဲခံစေနိုင်တဲ့ “အား”ဖြစ်ပါတယ်။ တော်လှန်ရေးအဖွဲ့အစည်းအားလုံးရဲ့ဘုံရန်သူဟာ တဦးတည်းတူညီနေတဲ့အတွက် တော်လှန်ရေးအဖွဲ့အစည်းအသီးသီး ပေါင်းစည်းညီညွတ်ရင် တော်လှန်ရေးအောင်ပွဲခံဖို့ ပိုမိုလျှင်မြန်တဲ့အရှိန်အဟုန်ဖြစ်စေမှာပါ။

 

ဒါ့ကြောင့် တော်လှန်ရေးရဲ့ ပြဒါးရှင်သုံးလုံး(ပါတီ၊ တပ်၊ တပ်ပေါင်းစု)ထဲမှာ တပ်ပေါင်းစုကို ပြဒါးရှင်တလုံးအဖြစ် သတ်မှတ်ထည့်သွင်းထားခြင်းဖြစ်ပါတယ်။

 

ဗမာပြည်ရဲ့ ဖက်ဆစ်ဂျပန်တော်လှန်ရေးကို အောင်ပွဲခံစေခဲ့တဲ့ အဓိကအကြောင်းရင်းတရပ်ဟာ ဖဆပလ ဆိုတဲ့ တော်လှန်တိုးတက်တဲ့တပ်ပေါင်းစုကြီးကို အင်အားတောင့်တင်းအောင်ဖွဲ့စည်းနိုင်ခဲ့လို့ဆိုတာ ထင်ရှားတဲ့ သမိုင်းသက်သေဖြစ်ပါတယ်။

 

တပ်ပေါင်းစုဖွဲ့ရေးသဘောထား။ ဗမာပြည်ကွန်မြူနစ်ပါတီဟာ ဘုံရန်သူစစ်သုံးစစ်ကိုတိုက်ခိုက်ရန် အနိမ့်ဆုံး ဘုံလုပ်ငန်းစဉ်တရပ်ရေးဆွဲပြီး ထိုမှတဆင့် တပ်ပေါင်းစုတရပ် ဖွဲ့စည်းတည်ဆောက်သွားဖို့ ဆယ်စုနှစ်တချို့အတွင်း အကြိမ်အချို့ တင်ပြလှုံ့ဆော်ခဲ့ပါတယ်။ လက်တွေ့အားဖြငင့်လညည်း စွမ်းအားရှိသမျှ ကြိုးပမ်းအားထုတ်ခဲ့ပါတယ်။

 

ပါတီရဲ့သဘောထားမှာ အဖွဲ့အစည်းတွေရဲ့ မူ၊ ဝါဒ၊ သဘောထားတွေ အားလုံးတူညီမှ တပ်ပေါင်းစုဖွဲ့ရေးမဟုတ်ပါ။ မတူညီတာဟာ သဘာဝပါ။ ကွဲလွဲမှုထဲက တူတဲ့အချက်ကိုလက်တွဲလုပ်ရင်း(ဘုံရန်သူကို လက်တွဲတိုက်ရင်း) ခိုင်မာတဲ့ တပ်ပေါင်းစုအဆင့်သို့ တက်လှမ်းသွားရေးဖြစ်ပါတယ်။

 

တပ်ပေါင်းစုမှာ တူတာတွဲလုပ်၊ မတူတာခွဲလုပ်ရေးဟာ အခြေခံသဘောထားတခုဖြစ်ပါတယ်။ မတူတာတွေမှာ အဖွဲ့အသီးသီးက ကိုယ့်ဘာသာဆုံးဖြတ်ခွင့်ရှိစေရမှာဖြစ်ပါတယ်။ တူတာတွဲလုပ်ရင်း တချို့မတူတဲ့ကိစ္စတွေကို ဘုံရန်သူတိုက်ခိုက်ရေးမထိခိုက်စေဖို့ ဆက်လက် ညှိနှိုင်းသွားကြရမှာဖြစ်ပါတယ်။ တချက်တူ တချက်ပေါင်း၊ တရက်တူ တရက်ပေါင်းတဲ့ ပူးတွဲလုပ်ဟန်မှစလို့ တပ်ပေါင်းစုလုပ်ဟန်အဆင့်ဆင့်ကို လက်တွေ့တိုက်ပွဲများအတွင်းမှာ တိုးချဲ့တည်ဆောက်သွားရမှာဖြစ်ပါတယ်။

 

“ဗမာပြည်ကွန်မြူနစ်ပါတီအနေဖြင့် စစ်အာဏာရှင်စနစ်ကို လက်နက်ကိုင်တော်လှန်တိုက်ခိုက်နေကြတဲ့ အဖွဲ့အစည်း အသီးသီးနှင့်(ခြားနားချက်များကို ခေတ္တဖယ်ထားပြီး၊ တူညီချက်များရှာကြံကာ) ညီညွတ်ရေး တည်ဆောက်ရန် ကြိုးစားသွားရမည်။ ရှိပြီးသားတပ်ပေါင်းစုကို ခိုင်မြဲစေကာ ဆက်လက်တိုးချဲ့သွားရမည်။ ထိုမျှမက ဒေသဆိုင်ရာ အလိုက် မိမိတို့ရဲ့ အခိုင်အမာအခြေအနေအရ စစ်အာဏာရှင်စနစ် ဆန့်ကျင်တော်လှန်ရေးတပ်ပေါင်းစုများ ဖွဲ့နိုင်သည်။ ဖွဲ့ရမည်ဟု ခံယူထားပါသည်”လို့ အတိအလင်းချမှတ်ထားခဲ့ပါတယ်။

 

အမျိုးအစားခွဲခြားသတ်မှတ်ထားတဲ့ တပ်ပေါင်းစုသဏ္ဌန်များ။

၁။ လူတန်းစားအရတပ်ပေါင်းစု(သမဂ္ဂပေါင်းစုံတပ်ပေါင်းစုအပါအဝင်)

၂။ လူမျိုးစုအမျိုးသားနဲ့ဖွဲ့စည်းထားတဲ့ တပ်ပေါင်းစု။

၃။ စစ်ရေးတပ်ပေါင်းစု(စစ်ရေးမဟာမိတ်ဖွဲ့မှု)

၄။ တပြည်လုံး အမျိုးသားအသီးသီးပြည်သူများရဲ့ အမျိုးသားနိုင်ငံရေးဆိုင်ရာတပ်ပေါင်းစု။

၅။ ဝါဒရေးရာအရဖွဲ့တဲ့တပ်ပေါင်းစု(လက်ဝဲညီညွတ်ရေးမဟာမိတ်အဖွဲ့)

 

တပ်ပေါင်းစုဆိုင်ရာ အခိုင်အမာလမ်းညွှန်ချက်များ။

လက်တွေ့ အောက်ခြေမှာ တခြားအဖွဲ့အစည်းတွေနဲ့တွဲပြီးအလုပ်လုပ်နေကြရတဲ့ ကိုယ်ရဲဘော်များအတွက် (ပြည်သူ့လွတ်မြောက်ရေးတပ်မတော်သားများအပါအဝင်) အတွက်လည်း တပ်ပေါင်းစုသဘောထား၊ မဟာမိတ်သဘောထားများအဖြစ ပါတီအထွေထွေအတွင်းရေးမှူး ရဲဘော်ကြင်မောင်က လမ်းညွှန်ချက်များ ချမှတ်ပေးထားပါတယ်။

 

-       တစုံတခုသော ကာလတိုရည်ရွယ်ချက်အတွက် ယာယီပူးတွဲဆောင်ရွက်ခြင်း၊ ယာယီပူးတွဲကော်မတီမျိုး လုပ်နိုင်တယ်။

-       တပ်ပေါင်းစုတရပ်လို စုစုစည်းစည်းလည်းမဟုတ်၊ ယာယီပူးတွဲကော်မတီလည်းမဟုတ်တဲ့ တခြားသဏ္ဌန်များနဲ့ တပ်ပေါင်းစုလုပ်ခြင်းလည်းရှိနိုင်ပါတယ်။

-       တစုံတခုသော စစ်ရေးရည်ရွယ်ချက်အတွက် ကိုယ့်စစ်မျက်နှာမှကိုယ် ချိန်ကိုက်ိပြီးဆောင်ရွက်ခြင်းမျိုး၊ ကိစ္စတခုချင်းတွင် အပြန်အလှန်သတင်းပေး၊ အပြန်အလှန်ညှိနှိုင်း၊ အပြန်အလှန်ကူညီခြင်းများ လုပ်နိုင်တယ်။

-       ဒေသပါတီကော်မတီများက ဒေသအလိုက် သူ့အခိုင်အမာအခြေအနေအရ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး အတွက် တပ်ပေါင်းစုများဖွဲ့နိုင်တယ်၊ ဖွဲ့ရမယ်။

-       မြို့ပေါ်မှာလည်း ဒေသအလိုက် မြေအောက်လုပ်ငန်းအချင်းချင်း တပ်ပေါင်းစုသဘောဆောင်ရွက်ခြင်းများ၊ ချိန်ကိုက်ဆောင်ရွက်ခြင်းများရှိမယ်။

-       ရန်သူ့အကျဉ်းထောင်များမှာ ရန်သူက ပါတီစုံစုစည်းပေးထားသလိုဖြစ်နေတာကြောင့် ကျွန်တာ်တို့ ရဲဘော်များဟာ တပ်ပေါင်းစုသဏ္ဌန်မျိုးစုံဖွဲ့စည်းရမယ်။ ပူးတွဲလေ့လာရေး။ ပူးတွဲလှုပ်ရှားရေး၊ အပြန်အလှန် ကူညီရေးများ ဖွဲ့နိုင်တယ်။

-       စစ်အာဏာရှင်စနစ်ကို လက်နက်ကိုင်တိုက်နေကြတဲ့အဖွဲ့အစည်း သီးသီးနဲ့(ခြားနားချက်များကို ဖယ်ရှားပြီး၊ တူညီချက်များရှာကြံကာ) ညီညွတ်ရေးတည်ဆောက်သွားရန် ကြိုးစားသွားရမယ်။ ရှိပြီးတပ်ပေါင်းစုကို ခိုင်မြဲစေကာ ဆက်လက် တိုးချဲ့သွားရမယ်။

 

ဒီအချက်များအပေါ်အခြေခံပြီး ကျွန်တော်တို့အနေနဲ့ မဟာမိတ်သဘောထား၊ တပ်ပေါင်းစုသဘောထားများချမှတ်ကာ အခိုင်အမာဆောင်ရွက်သွားနိုင်ကြပါတယ်။ ဒီတပ်ပေါင်းစုပေါ်လစီဟာ အခြေခံမူနဲ့ သဘောထားများသာဖြစ်ပြီး အခြေအနေသစ်များ၊ အချက်အလက်သစ်များအောက်မှာ အခိုင်အမာအခြေအနေများနဲ့ ဆီလျော်ကိုက်ညီအောင် ကျင့်သုံးသွားကြဖို့ဖြစ်ပါတယ်။

 

ပစ္စည်းမဲ့ နိုင်ငံတကာ့ဝါဒကို လက်ခံကျင့်သုံးတဲ့ ဗမာပြည်ကွန်မြူနစ်ပါတီဦးဆောင်မှုအောက်ရှိ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်အနေနဲ့ နိုင်ငံတကာ့ပစ္စည်းမဲ့ဝါဒအင်အားစုများနဲ့ မဟာမိတ်ပြုရေး ဆိုတာကိုလည်း အလေးအနက် နှလုံးသွင်းထားကြဖို့လိုပါတယ်။

 

ကေဒါများကို အပ်ထားရမယ့်ပေါ်လစီတခု။ မိမိကေဒါများကို အပ်ထားရမယ့်ပေါ်လစီတွေထဲမှာ တပ်ပေါင်းစုပေါ်လစီလည်း တခုအပါအဝင်ဖြစ်တယ်လို့ ယခင်ပါတီအတွင်းရေးမှူးရဲဘော်ကြင်မောင်က သင်ကြားခဲ့ပါတယ်။ (ဒီ ကေဒါများကိုအပ်ထားရမယ့်ပေါ်လစီတခုကိုလည်း ကျွန်တော်စာရိုက်ပြီး တင်ပေးဖူးပါတယ်)

ပြည်သူ့လွတ်မြောက်ရေးတပ်မတော်သားများအတွက် လျှို့ဝှက်ရေးဆိုင်ရာသတ်မှတ်ချက်

0 comments

People Liberative Army (PLA) ပြည်သူ့လွတ်မြောက်ရေးတပ်မတော်သားများရဲ့ အိတ်ဆောင်လက်စွဲစာအုပ်ငယ်မှ

ပြည်သူ့လွတ်မြောက်ရေးတပ်မတော်သားများအတွက် လျှို့ဝှက်ရေးဆိုင်ရာသတ်မှတ်ချက်ကို ကောက်နှုတ်တင်ပြတာ ဖြစ်ပါတယ်။

 

အရာရာကို နိုင်ငံရေးအမြင်နဲ့ခွဲခြမ်းစိတ်ဖြာကြည့်မြင်ရမယ်။ ပါတီအကျိုး၊ တော်လှန်ရေးအကျိုးနဲ့ပြည်သူ့အကျိုး ရှိမရှိဆန်းစစ်ကြည့်ရမယ်။ လျှို့ဝှက်ရေးဆိုင်ရာကိစ္စများထိန်းသိမ်းခြင်းဟာ ပါတီနဲ့တပ်ရဲ့လုံခြုံရေးနဲ့သာ သက်ဆိုင်နေရုံမက ပြည်သူ့ပြောက်ကျားစစ်ပွဲအတွင်း ရန်သူကိုအနိုင်တိုက်နိုင်ရေးအတွက် အရေးကြီးတဲ့ အချက်ဖြစ်တယ်။ ရဲဘော်အားလုံးဟာ အောက်ပါ လျှို့ဝှက်ရေးဆိုင်ရာသတ်မှတ်ချက်များကို လိုက်နာရပါမယ်။

၁။ မပြောသင့်တဲ့လျှို့ဝှက်ရေးကိစ္စကို လုံးဝ မပြောရ။

၂။ မမေးသင့်တဲ့လျှို့ဝှက်ရေးကို မမေးရ။

၃။ မကြည့်သင့်တဲ့လျှို့ဝှက်ရေးကို မကြည့်ရ။

၄။ လျှို့ဝှက်ရေး စာစောင်စာတမ်းများကို တပ်ရဲ့ပြင်ပသို့မရောက်စေရ။ မပျောက်ပျက်စေရ။ ခေါင်းဆောင်များရဲ့ မှတ်စုများကို မကြည့်ရ။

၅။ သတင်းဆက်သွယ်ရေးနဲ့ သတင်းကြားဖြတ်လုပ်ငန်းဆိုင်ရာအလုပ်ခန်းထဲသို့ သက်ဆိုင်သူမှအပ မဝင်ရ။

၆။ တပ်နံပတ်နဲ့ခေါင်းဆောင်တာဝန်တို့ကို မပေါက်ကြားစေရ။

၇။ ခွင့်သွားသည့်အခါ။ အိမ်ပြန်သည့်အခါ၊ ဆေးရုံတက်သည့်အခါ စသည်တို့မှာ လျှို့ဝှက်စာစောင်စာတမ်းများကို လုံးဝယူဆောင်မသွားရ။

၈။ တဦးချင်း စာပေးစာယူလုပ်တဲ့အခါမှာ ပါတီနဲ့တပ်ရဲ့ စစ်ရေးလျှို့ဝှက်ချက်များကို ထည့်မရေးရ။

၉။ မလုံခြုံတဲ့နေရာမှာ လျှို့ဝှက်ရေးကိစ္စများကို မပြောရ။

၁၀။  တပ်ထဲမှာ ရန်သူ့ဒလျှိုနဲ့ မသင်္ကာဖွယ်ကိစ္စများရှိနေတယ်လို့ထင်ရရင် အမြဲတစေ ဂရုစိုက်အကဲခတ် စောင့်ကြည့်သုံးသပ်ရမယ်။

 

People Liberative Army (PLA) ပြည်သူ့လွတ်မြောက်ရေးတပ်မတော်သားများရဲ့ အိတ်ဆောင်လက်စွဲစာအုပ်ငယ်မှ

ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ရဲ့ ဒီမိုကရေစီ(၃)ရပ်။

၁။ နိုင်ငံရေးဒီမိုကရေစီ။ 

-       တပ်မှူးတပ်သားတိုင်းဟာ နိုင်ငံရေးအရတန်းတူဖြစ်တယ်။ ဗမာပြည်ကွန်မြူနစ်ပါတီကခေါင်းဆောင်တဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ရဲ့ ရဲဘော်များဖြစ်တယ်။

-       တပ်သားများဟာ တပ်မှူးကို ဝေဖန်နိုင်တယ်။ ထင်မြင်ချက်ရှိရင် တင်ပြနိုင်တယ်။

-       လုပ်ငန်းများအပေါ် အကြံပေးနိုင်တယ်။

-       တပ်မှူးများဟာ တပ်သားရဲဘော်များရဲ့ ဒီမိုကရေစီအခွင့်အရေးကို လေးစားရုံမက ကာကွယ် ထိန်းသိမ်းပေးရမယ်။

-       တပ်မှူးများက လက်စားချေတာမျိုး၊ ဝေဖန်ရေးကို တားမြစ်ပိတ်ပင်တာမျိုးမလုပ်ရ။

၂။ စီးပွားရေးဒီမိုကရေစီ

-       အခြေခံယူနစ်(ဥပမာ-တပ်ခွဲ)မှာ ရဲဘော်အားလုံး ရွေးကောက်တင်မြှောက်ထားတဲ့ စီးပွားရေးကော်မတီရှိရမယ်။

-       ၎င်းကော်မတီက ရိက္ခာဆိုင်ရာစီမံအုပ်ချုပ်ရေးမှာ တပ်မှူးကိုအထောက်အကူပြုရမယ်။

ငွေကြေးသုံးစွဲမှုကို ကြပ်မတ်ရမယ်။ စာရင်းဇယားများကို အပတ်စဉ်စစ်ဆေးကြေညာရမယ်။

ဖြုန်းတီးမှု၊ ခေါင်းပုံဖြတ်မှုနဲ့ ပေါ်လစီဆန့်ကျင်တဲ့လုပ်ရပ်များကို တားဆီးတိုက်ပွဲဆင်ရမယ်။

 

၃။ စစ်ရေးဒီမိုကရေစီ

-       စစ်လေ့ကျင့်ရေးမှာ တပ်မှူးတပ်သား အပြန်အလှန်သင်ကြားပို့ချ၊ တပ်သားအချင်းချင်း အပြန်အလှန် သင်ကြားပို့ချတဲ့စနစ်ကိုသုံးရမယ်။ တိုက်ပွဲမပြုလုပ်ခင်မှာ တိုက်ပွဲကို ဘယ်လိုအောင်မြင်အောင် တိုက်မယ်ဆိုတာ တပ်သားထုအတွင်း လှုံ့ဆော်တာ၊ ဆွေးနွေးတာ၊ သဘောထားနဲ့အကြံဉာဏ် ရယူတာတွေလုပ်ရမယ်။ တိုက်ပွဲပြီးရင် နိဂုံးချုပ်ဆွေးနွေးပွဲတွေလုပ်ရမယ်။ ဒါတွေအားလုံးမှာ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်သားတိုင်းပါဝင်ပြီး အမြင်တင်ပြခွင့်ရှိတယ်။

Friday, May 6, 2022

အာဏာဟာ သေနတ်ပြောင်းဝမှထွက်တယ်

0 comments
အာဏာဟာ သေနတ်ပြောင်းဝမှထွက်တယ်
ပြည်သူ့အာဏာဂျာနယ် အမှတ် ၃၄
“ အာဏာဟာ သေနတ်ပြောင်းကထွက်တယ် ”
မာ့က်စ်ဝါဒကို ထိုးနှက်တိုက်ခိုက်သောအခါ ဆန့်ကျင်တိုက်ခိုက်သူတို့ အသုံးအများဆုံးနည်းမှာ စကားလုံးတို့ကို အဓိပ္ပာယ် တလွဲဖွင့်ဆိုပြီး သိက္ခာချသောနည်း ဖြစ်သည်။ မာ့က်စ်ဝါဒီတို့ မပြောသောစကား၊ မပြောသောအဓိပ္ပာယ်ကို ပြောသယောင်လုပ်ပြီး၊ ထိုသို့ပြောသည်မှာ မကောင်းဟု မတော်မတရား စွပ်စွဲပြောဆိုသောနည်း ဖြစ်သည်။ ထိုသို့သောသာဓက အမြောက်အများ ရှိသည်။ ယင်းတို့အနက် တခုကို ယခုပြောချင်ပါတည်။
အာဏာဟာ သေနတ်ပြောင်းကထွက်တယ် ဆိုသောစကားကို လူတော်တော်များများ မကြိုက်ကြ။ ဆိုလိုရင်းအမှန်ကို နားမလည်ဘဲ တလွဲအဓိပ္ပာယ်ကောက်ပြီး မကြိုက်ကြခြင်းဖြစ်သည်။ တလွဲအဓိပ္ပာယ် ကောက်ကြခြင်းမှာလည်း တလွဲအဓိပ္ပာယ်ဖွင့်ပြီး မဟုတ်မတရား သိက္ခာချသူတွေ ရှိခဲ့သောကြောင့် ဖြစ်သည်။
အာဏာဟာ သေနတ်ပြောင်းကထွက်တယ်ဆိုသော စကားကို မော်စီတုန်းက အာဏာရှင်မို့ ပြောသည်ဟု စွပ်စွဲကြသည်။ ပြည်သူတွေကို သေနတ်နှင့် အုပ်ချုပ်ရမည်၊ သေနတ်နှင့် ဖိနှိပ်ရမည်ဟု မော်စီတုန်းက ပြောသလိုလို ထင်ကြသည်။ ထိုစကား မမှန်ပါ။ ပြောင်းပြန် ဖြစ်သည်။ သမိုင်းတလျှောက်တွင် ပြည်သူကို တန်ဖိုးထားခြင်း၊ ပြည်သူကို ဦးထိပ်တင်ခြင်း၊ ပြည်သူ့အာဏာ ထူထောင်ရန် ကြိုးပမ်းခြင်း အလုပ်တို့ကို ပါတီမူဝါဒအဖြစ်နှင့် ယုံယုံကြည်ကြည် စွဲစွဲမြဲမြဲလိုက်နာပြီး လက်တွေ့အကောင်အထည် ဖော်ကြသူများတွင် သက်တမ်းအရှည်ကြာဆုံး ပါတီများမှာ ကွန်မြူနစ်ပါတီများသာဖြစ်သည်။ ကမ္ဘာ့သမိုင်းတလျှောက်တွင် ကွန်မြူနစ်များလောက် ဘယ်သူတွေမှ ပြည်သူလူထုအတွက် အနစ်နာ မခံကြဖူးပါ။
စင်စစ် အာဏာဟာ သေနတ်ပြောင်းက ထွက်တယ်ဟု ဥက္ကဋ္ဌမော်စီတုန်း ပြောခဲ့ခြင်းမှာ သူဖြစ်ချင်သောအရာကို ပြောခဲ့ခြင်း မဟုတ်ပါ။ အာဏာ သေနတ်ပြောင်းက ထွက်ခြင်းသည် ကောင်းသည်၊ မှန်သည်၊ ဖြစ်ထိုက်သည်ဟု ထိုအဆိုဘက်ကနေ ရှေ့နေလိုက် ထောက်ခံပြီး ပြောဆိုခဲ့ခြင်းလည်း မဟုတ်ပါ။ သူပြောသည်မှာ ဖြစ်နေသောအရာကို ပြောခြင်းသာဖြစ်သည်။ အရှိတရား၊ ပကတိတရားကိုသာ ပြောနေခြင်း ဖြစ်သည်။ လူမှာ ခြေနှစ်ချောင်းရှိတယ်၊ နွားမှာ ခြေလေးချောင်းရှိတယ်၊ ရေမှာ အောက်ဆီဂျင်နဲ့ ဟိုက်ဒရိုဂျင်ဓာတ် ပါတယ်၊ အနုမြူဗုံးပေါက်ကွဲရင် လူပေါင်းများစွာ သေကြေစေနိုင်တယ် ဆိုသည့် စကားတို့နှင့် အလားသဏ္ဌာန်တူသော အမှန်တရားတခုကို ပြောလိုက်ခြင်းသာ ဖြစ်ပါသည်။ ထိုကဲ့သို့သော အမှန်တရားမျိုးသည် ခင်ဗျားတို့ ကျွန်တော်တို့ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ သူ့ဘာသာ မှန်နေသော အမှန်တရားမျိုး ဖြစ်သည်။ လူတို့၏ ကြိုက်ခြင်း၊ မကြိုက်ခြင်း၊ လိုခြင်း၊ မလိုခြင်းဟူသော ဆန္ဒစွဲတို့နှင့် ကင်းလွတ်ပြီး သူ့ဘာသာ သီးခြားမှန်ကန်နေသော အမှန်တရားဖြစ်သည်။ Objective Truth ဖြစ်သည်။ အနုမြူဗုံးပေါက်ကွဲရင် လူပေါင်းများစွာ သေနိုင်တယ်ဟု ပြောသောသူကို အနုမြူဗုံးအသုံးပြုပြီး လူသတ်ချင်စိတ် ပေါက်နေသောသူဟု စွပ်စွဲလျှင် မမှန်သလို၊ အာဏာဟာ သေနတ်ပြောင်းကထွက်တယ်ဟု ပြောသောကိုမော်စီတုန်းဟာ အာဏာရှင်မို့ ပြည်သူကို သေနတ်နဲ့ ဖိနှိပ်ချင်လို့ ပြောတာပဲဟု ကောက်ချက်ချခြင်းမှာလည်း မမှန်ကန်နိုင်ပါ။
တကယ်တော့ အာဏာဟာ သေနတ်ပြောင်းက ထွက်တယ်ဆိုသော စကားသည် အာဏာရှင်တို့၏ စကားဟု ထင်မှတ်ကောက်ယူနေကြသူများသည် မော်စီတုန်း၏ စာပေများကို မဖတ်ဖူးဘဲ ပြောနေကြခြင်းဖြစ်ကြောင်း အလွန်ပင် ထင်ရှားပါသည်။ မော်စီတုန်း၏ စာပေများကို ဖတ်ရှုဖူးလျှင် မော်စီတုန်းသည် ပြည်သူလူထုကို ဘယ်လောက်ထား ယုံကြည်ကြောင်း ထင်ရှားစွာ သိမြင်နိုင်ပါသည်။ ပြည်သူလူထုကို စည်းရုံးပြီး တော်လှန်ရေး ဆင်နွှဲရန် ခရီးရှည်ချီတက်ပွဲကြီးကို ဘယ်လိုစီစဉ် အကောင်အထည် ဖော်ခဲ့ကြောင်း သိနိုင်ပါသည်။ မော်စီတုန်း၏ ပြောက်ကျားစစ် သဘောတရားများကို ဖတ်ဖူးလျှင် မော်စီတုန်းသည် ပြောက်ကျားစစ် သေနင်္ဂဗျူဟာများကို ပြည်သူကို အခြေခံရေးသားခဲ့ကြောင်း သိရှိနိုင်ပါသည်။ မော်စီတုန်း၏ ပြောက်ကျားစစ် သေနင်္ဂဗျူဟာများသည် ကွန်မြူနစ် ဟုတ်ဟုတ်မဟုတ်ဟုတ် စစ်နှင့်ပတ်သက်သူတိုင်း မဖြစ်မနေ လေ့လာကြရသော စစ်ရေးသိပ္ပံကျမ်းတွေဖြစ်သည်ကို စစ်ပညာ လေ့လာသူတိုင်း၊ နိုင်ငံရေးလေ့လာသူတိုင်း သိရှိကြပါသည်။ ထိုစစ်ရေးသိပ္ပံကျမ်းတို့သည် စစ်တိုက်မည့်သူများအတွက်သာ အသုံးဝင်သည်မဟုတ်ဘဲ သေနင်္ဂဗျူဟာ ချမှတ်ဆောင်ရွက်ရသော ကိစ္စတိုင်းအတွက် အသုံးဝင်သောကျမ်းများ ဖြစ်သည်။ အထူးသဖြင့် ပြိုင်ဘက်နှင့်၊ ရန်သူနှင့် သူနိုင်ကိုယ်နိုင် အပြိုင်ကြဲရမည့် ကိစ္စများတွင် သေနင်္ဂဗျူဟာပိုင်းကို လေ့လာလိုသူတိုင်းအတွက် မဖြစ်မနေ လေ့လာအပ်သော ဘာသာရပ်များပင် ဖြစ်သည်။
သမိုင်းကို မလေ့လာလျှင် အ တတ်ပါသည်။ နိုင်ငံရေး သဘောတရားများကို မလေ့လာလျှင်၊ စာမဖတ်လျှင်လည်း တုံးတတ်ပါသည်။ နိုင်ငံရေးအကြောင်း ပြောလိုလျှင်၊ နိုင်ငံရေးမှာ ဝင်ရောက် ပတ်သက်လိုလျှင် နိုင်ငံရေးသဘောတရား စာပေများကို ဖတ်ရှုလေ့လာဖို့ လိုအပ်ပါသည်။ အာဏာဟာ သေနတ်ပြောင်းက ထွက်တယ်ဆိုသောစကားကို ဝေဖန်လိုလျှင် သင်သည် အနိမ့်ဆုံးအဆင့် အနေဖြင့် မော်စီတုန်းရေးသားသော စစ်နှင့်သေနင်္ဂဗျူဟာပြဿနာ စာတမ်းကို ဖတ်ဖူးရပါလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် အာဏာဟာ သေနတ်ပြောင်းက ထွက်တယ်ဆိုသောစကားကို မော်စီတုန်းက ထိုစာတမ်းတွင် ထည့်သွင်းရေးသားခဲ့သောကြောင့် ဖြစ်ပါသည်။
ထိုစာတမ်းတွင် မော်စီတုန်းရေးခဲ့သည်မှာ “ နိုင်ငံရေးအာဏာဟာ သေနတ်ပြောင်းထဲက ထွက်လာတာဖြစ်တယ်ဆိုတဲ့ အမှန်တရားကို ကွန်မြူနစ်ပါတီဝင်တိုင်း နားလည်ထားရမယ် ” ဟု ရေးခဲ့ခြင်းဖြစ်သည်။ ပါတီဝင်တွေကို ဦးဆောင်ညွှန်ပြ သင်ကြားပေးခြင်းဖြစ်သည်။ သို့သော် ထိုဆောင်းပါးထဲမှာပင် “ ကွန်မြူနစ်ပါတီဝင်များဟာ ပုဂ္ဂလိက(အကျိုး) အတွက် စစ်အာဏာ မလုရ။ ဘယ်နည်းနဲ့မှ မလုရ။ ကျန်းကိုထောင်ကို ဘယ်တော့မှ အတုမယူရ။ ဒါပေမဲ့ ပါတီအတွက်နဲ့ ပြည်သူတို့ အတွက် စစ်အာဏာလုရမယ် ” ဟု အတိအလင်း ရေးသားခဲ့ပါသည်။ အင်္ဂလိပ်ဘာသာပြန်မှာ They must fight for military power for the people ဟု အတိအလင်း ရေးထားပါသည်။
ထိုစာသားကိုကြည့်လျှင် ဥက္ကဋ္ဌမော်သည် အာဏာသည် သေနတ်ပြောင်းက ထွက်သည်ဆိုသည့် အရှိတရားကို ထောက်ပြခဲ့ပြီး ပြည်သူတွေအတွက် သေနတ်ပြောင်းကို လုယူရန်လိုကြောင်း၊ ညွှန်ကြားခဲ့သည်ကို ရှင်းရှင်းလင်းလင်း မြင်နိုင်ပါသည်။
အာဏာဟာ သေနတ်ပြောင်းက ထွက်တယ်ဟု သူပြောခြင်းသည် အာဏာကို တကယ်ပိုင်ဆိုင်ထိန်းချုပ်သူမှာ သေနတ်ကိုင်ထားသူသာ ဖြစ်သင့်သည်ဟူသော အဓိပ္ပာယ် မဟုတ်ပါ။ မဟုတ်ရုံသာမက အာဏာကို ပြည်သူက ပိုင်ဆိုင်ထိန်းချုပ်နိုင်ရန် အလုပ်သမား၊ လယ်သမားလူတန်းစားက ပိုင်ဆိုင် ထိန်းချုပ်နိုင်ရန် ဥက္ကဋ္ဌမော်သည် သူ့ဘဝတလျှောက်လုံး မြှုပ်နှံအလုပ်လုပ်သွားသူ ဖြစ်သည်။
သူ့လက်ရွေးစင်ကျမ်းများကို ဖတ်ကြည့်လျှင် ပြည်သူ့အာဏာအတွက် အလေးအနက်ထားပြီး တောက်လျှောက်စူးစိုက် ရေးသားခဲ့ကြောင်း တွေ့နိုင်ပါသည်။ သူ၏ နာမည်ကျော် ဒီမိုကရေစီသစ်ကျမ်းကို ဖတ်ကြည့်လျှင်လည်း သူ့သဘောကို နားလည်နိုင်ပါသည်။
အာဏာဟာ သေနတ်ပြောင်းက ထွက်တယ်ဆိုသည်မှာ အာဏာကို သေနတ်ပြောင်းထဲမှ ထုတ်လုပ်သည် (produce လုပ်သည်) ဟုသာ ဆိုချင်တာ ဖြစ်ပါသည်။ အင်္ဂလိပ်လိုဘာသာပြန်မှုမှာ ( Political power grows out of the barrel of a gun.) ဟု ရေးထားသည်။
အာဏာဟာ သေနတ်ပြောင်းက ထွက်တယ်ဆိုသော စကားကို မကြိုက်နှစ်သက်သူတွေကို မေးချင်ပါသည်။ အာဏာသည် သေနတ်ပြောင်းက မထွက်လျှင် ဘယ်ကများ ထွက်ပါသနည်း။ ဤဆောင်းပါးကို ခဏရပ်ပြီး သင်ကိုယ်တိုင် စဉ်းစားကြည့်ပါ။
ယနေ့ ကမ္ဘာပေါ်တွင် တည်ရှိနေသော နိုင်ငံရေးအာဏာတို့တွင် နောက်မှ သေနတ်နှင့်စစ်တပ်တို့ ကျောထောက်နောက်ခံ
ပြုပေးမထားသောအာဏာ ဘယ်မှာရှိပါသနည်း။ ဂျပန်တွင် အမြဲတမ်းစစ်တပ်မရှိဘဲ အကြာကြီးရပ်တည်ခဲ့သည်ဟု သင်က ဆိုချင်ဆိုပေလိမ့်မည်။ ဂျပန်တွင် နိုင်ငံရေးအာဏာကို ပြည်သူတို့အပေါ် ကျင့်သုံးနိုင်ရန် လက်နက်ကိုင်ရဲတပ်ဖွဲ့ရှိသည်။ ဂျပန်၏ နိုင်ငံရေးအာဏာ တည်မြဲအောင် ကျောထောက်နောက်ခံ ပြုပေးထားသော တကယ့် သေနတ်ပြောင်းမှာ အမေရိကန် သေနတ်ပြောင်းဖြစ်သည်။ အမေရိကန် စစ်တပ်က ဂျပန်ကို နှစ်ပေါင်းများစွာ ချုပ်ချယ်ထားသလို၊ တခြားပြိုင်ဘက် နိုင်ငံရေးအာဏာတို့၏ အန္တရာယ်မှလည်း ကာကွယ်ထားသည်။ ယနေ့ကမ္ဘာပေါ်တွင်လည်းကောင်း၊ ပြီးခဲ့သော အတိတ်ကာလ ကမ္ဘာတွင်လည်းကောင်း စစ်တပ်ဖြင့်၊ သေနတ်ဖြင့် ကျောထောက်နောက်ခံ ပြုမထားသော အာဏာဟူ၍ကား တခါမှ မရှိချေ။ စကားကတ်သတ်ပြောလိုပါမူ အာဏာသည် သေနတ်ပြောင်းက ထွက်လာသည် မဟုတ်ဘဲ ဓားက စီးလာသော အချိန်မျိုး ရှိခဲ့ဖူးပါသည်ဟု ဆိုလျှင်မူကား မှန်သည်ဟု ဆိုရပါမည်။ အနော်ရထာတို့၊ ကူဗလိုင်ခန်၊ ဂျင်ဂစ်ခန်တို့၏ အာဏာသည် ဓားနှင့် မြှားတို့ကနေ စီးထွက်လာခြင်းဖြစ်သည်။ သို့သော် သဘောတရားမှာ အတူတူသာဖြစ်သည်။ စစ်တပ်နှင့် လက်နက်နှင့် ကျောထောက်နောက်ခံ ပြုမထားသော အာဏာဟူ၍ကား မပေါ်ဖူးသေးပါချေ။
၎င်းအပြင် နိုင်ငံရေးအာဏာမရှိဘဲ၊ သို့မဟုတ် နိုင်ငံရေးအာဏာ၏ ထောက်ခံချက်မရဘဲ ကျွန်တော်တို့ ဘာမှထိထိရောက်ရောက် လွတ်လွတ်လပ်လပ် လုပ်၍မရနိုင်ပါ။ ကုန်ကုန်ပြောရလျှင် နိုင်ငံရေးအာဏာက သဘောမတူပါက ကျွန်တော်တို့သည် အခမဲ့ ပရဟိတ ဆေးခန်းတခန်းကို လွတ်လွတ်လပ်လပ် တည်ထောင်၍ မရကြောင်းကို ဗမာပြည်၏ လက်တွေ့အခြေအနေများက သင်ခန်းစာပေး သင်ပြခဲ့ပြီး ဖြစ်ပါသည်။ နိုင်ငံရေးအာဏာရှိလျှင် ပညာရေးကိုလည်း ဆောင်ရွက်နိုင်သည်။ ကျန်းမာရေးကိုလည်း ဆောင်ရွက်နိုင်သည်။ ယဉ်ကျေးမှုကိုလည်း တည်ဆောက်နိုင်သည်။ စီးပွားရေးကိုလည်း တည်ဆောက်နိုင်ပါသည်။ ထို့အပြင် နိုင်ငံရေးအာဏာကို အလွဲသုံးစားပြုပြီး သားစဉ်မြေးဆက် ချမ်းသာကြွယ်ဝရေးကိုပင် စစ်အာဏာရှင်တို့ လုပ်နေကြသည်ကို ကျွန်တော်တို့ မျက်ဝါးထင်ထင် တွေ့မြင်နေရပါသည်။ နိုင်ငံရေးအာဏာကို အလွဲသုံးစားပြုပြီး စစ်အာဏာရှင်တို့ကို အထောက်အကူပြုမည့် သေဖော်သေဖက် စီးပွားရေးအခွင့်ထူးခံများ မွေးထုတ်ပေးပြီး အုပ်စုဂိုဏ်းဂဏ ဖွဲ့နေသည်ကိုလည်း တွေ့မြင်ရပါသေးသည်။
ဥက္ကဋ္ဌမော်က သူ့စာတမ်းထဲတွင် “ ကျွန်တော်တို့ရဲ့မူဟာ ပါတီက သေနတ်ကို ဦးစီးဖို့ ဖြစ်တယ်။ သေနတ်က ပါတီကို ဦးစီးတာမျိုးကိုတော့ ဘယ်တော့မှ ခွင့်မပြုနိုင်ဘူး။ ” ဟု ရေးသားခဲ့ပါသည်။ “ ဒါပေမဲ့ သေနတ်ရှိရင် ကေဒါတွေ၊ ကျောင်းတွေ၊ ယဉ်ကျေးမှုတွေ၊ လူထုလှုပ်ရှားမှုတွေကို ဖန်တီးနိုင်သေးတယ်။ ” ဟုလည်း သူတို့၏ ယင်အန်းအတွေ့အကြုံကို ထောက်ပြပြောဆိုခဲ့ပါသည်။ “ မာ့က်စ်ဝါဒ နိုင်ငံတော်သဘောတရား အမြင်နဲ့ ကြည့်မယ်ဆိုရင် စစ်တပ်ဟာ နိုင်ငံတော်အာဏာထဲက အဓိကအစိတ်အပိုင်း ဖြစ်တယ်။ ” ဟုလည်း ရေးသားခဲ့ပါသည်။
စစ်ဘုရင်တွေဟာ စစ်တပ်ရှိမှ အာဏာရှိမယ်ဆိုတဲ့မူကို ကောင်းကောင်း နားလည်ထားကြတယ်ဟုလည်း ထောက်ပြပါသည်။ ကျွန်တော်တို့နိုင်ငံတွင် တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်ဟု စစ်အာဏာရှင်တို့က ကြွေးကြော်လှုံ့ဆော်နေခြင်းသည်လည်း အာဏာ၏သဘောကို စစ်အာဏာရှင်တို့က ကောင်းကောင်းနားလည်ထားသောကြောင့် ဖြစ်သည်။ စင်စစ် သူတို့အာဏာတည်မြဲဖို့ ဖြစ်သည်။ တကယ့်အတွင်းသဘောအနှစ်သာရမှာ တပ်မတော် အင်အားရှိမှ စစ်အာဏာရှင်တွေ အင်အားရှိမည်ဟု ဆိုလိုခြင်းသာ ဖြစ်သည်။ ကျွန်တော်တို့ ဒီမိုကရေစီသမား အများစုမှာမူ အာဏာ၏ သဘောသဘာဝကို နားမလည်ကြ။ အာဏာဟူသည် သေနတ်ပြောင်းက ထွက်သည်ဟူသော အခြေခံ သိပ္ပံနည်းကျ အတွေးအခေါ်ကို သဘောမပေါက်ကြ။ သဘောမပေါက်ရုံသာမက ရွံစရာ၊ မုန်းစရာ၊ ကြောက်စရာစကားဟုပင် ထင်သူက ထင်ကြသည်။ တချို့ ဒီမိုကရေစီသမားတို့က အာဏာရှင်တို့ကို စည်းရုံးသိမ်းသွင်းပြောဆိုလျှင် နားလည်လာလိမ့်မည်ဟု စိတ်ကူးယဉ်ကြသည်။ အာဏာရှင်တို့လည်း တိုင်းပြည်ကို ချစ်ကြသည်။ သူတို့ နားမလည်သဘောမပေါက်လို့သာ မိုက်နေကြသည်ဟု ထင်နေကြသည်။ မိမိတို့ အသိဉာဏ်နုံ့နဲ့သည်ကို မိမိဘာသာ မရိပ်စားမိဘဲ အာဏာရှင်တွေကို ပညာပေးမှဖြစ်မည်ဟု စိတ်ကြီးဝင်သူက ဝင်ကြသည်။ ကျောင်းသားတပ်မတော်ကို ဖျက်ပြီး စစ်ဗိုလ်ကြီးများကို ယဉ်ပါးလာအောင် လိမ္မာလာအောင် တရားရေအေး တိုက်ကျွေးဖို့ ကြိုးစားကြရန် တိုက်တွန်းသူက တိုက်တွန်းခဲ့ကြသည်။ ဤသို့သော အတွေးအခေါ်အမှားများ၊ အာဏာ၏ သဘောတရားကို နားမလည်သော အတွေ့အကြုံ နုနယ်မှုများကြောင့် ဒီမိုကရေစီ အရေးတော်ပုံကြီးမှာ ကြာသင့်သည်ထက် ကြာခဲ့ရပါသည်။
တကယ်တော့ ကျွန်တော်တို့အနေနှင့် ပြည်သူ့အာဏာခေတ်ကို တည်ထောင်နိုင်ဖို့ဆိုလျှင် ပြည်သူ့အာဏာကို ကျောထောက်နောက်ခံ ပြုပေးမည့် သေနတ်ရှိဖို့ မဖြစ်မနေ လိုအပ်ပါသည်။ အာဏာဟူသည် ရှေးခေတ်ကရော ယခုခေတ်တွင်ပါ သေနတ်ပြောင်းကသာ ထွက်ပါသည်။ တခြား ဘယ်ကမှ မထွက်ပါ။ ထိုအချက်ကို နားမလည်သေးသမျှ လွတ်မြောက်ရေးနှင့် ဝေးနေဦးမည်သာ ဖြစ်ပါသည်။

Saturday, March 5, 2022

ဂန္ဒီစစ်တမ်း

0 comments
ဂန္ဒီစစ်တမ်း
ရေးသူ - ကွန်မြူနစ်ခေါင်းဆောင် ကိုဗဟိန်း
လွတ်လပ်ရေး လုပ်ငန်းကို ဂန္ဒီကြီး စွမ်းစွမ်းတမံ ရှေ့ဆောင်ပြုလုပ်ခဲ့ရာ၌ အကောင်းအဆိုး (သို့မဟုတ်) အနှေးအမြန် ဆန်းစစ်ဝေဖန်၍ ပြထားသည်။
ဂန္ဒီစစ်တမ်း ဆိုရာ၌ ပုဂ္ဂိုလ်စွဲအားဖြင့် ဂန္ဒီ၏ အထ္ထုပတ္တိ ဖြစ်စဉ်ကို စစ်ဆေး သို့မဟုတ် နိုင်ငံရေးတွင်
ဂန္ဒီ၏အမြင်၊ ဂန္ဒီ၏ ဝါဒ။ ဂန္ဒီ စနစ်(Gandhism) ကို ဝေဖန်စစ်ဆေးဖို့ ဖြစ်၏။
ယနေ့ အိန္ဒိယပြည်တွင် ဂန္ဒီထက် အရေးပါအရာရောက်သူဟူ၍ မရှိ။ ဂန္ဒီမှာ သန်းပေါင်း (၃၅၀) ကျော်မျှ (ကမ္ဘာ့လူဉီးရေ၏ ၅ ပုံ ၁ ပုံခန့်)သော ကုလားများ၏ သရဖူမဆောင်းသော ဘုရင်ဟု ခေါ်နိုင်၏။ အလွန်အရေးပါသော ကွန်ဂရက်ကြီး၏ ဥက္ကဌ ကုလားထိုင်တွင် သူထိုင်စေချင်သူမှ ထိုင်ရ၏။ အများ မဲဆန္ဒဖြင့် ဥက္ကဌဖြစ်လာသော ဆူဘတ်ချန္ဒရာ ဘို့စ်သည် ဂန္ဒီ့အကြိုက်ကို မလိုက်သဖြင့် ဥက္ကဌအဖြစ်မှ လျှော့သွားရ၏။ ယခုအခါ တကမ္ဘာလုံးက ကုလားများ အာဏာဖီဆန်ရေး တိုက်ပွဲ စတော့မည်မှာ ယနေ့လား, မနက်ဖြန်လားဟု ဂရုတစိုက် မျှော်လင့်နေကြ၏။ အာဏာဖီဆန်ရေး ကြေညာရန်အတွက် ခလုတ်မောင်းမှာ ဂန္ဒီ၏ လက်ထဲတွင် ရှိ၏။ ဂန္ဒီ လက်တခါလှုပ်လျှင် အိန္ဒိယပြည်သည် ဗြောင်းဆန်အောင် ဆူပွက်သွားပေအံ့။ သို့သော် အရေးကြီးဆုံးအချက်ကား ဂန္ဒီသည် တကယ် အာဏာဖီဆန်ရေးကို ကြေညာမည်လော။ ဂန္ဒီ၏ ခေါင်းဆောင်မှုဖြင့် ကုလားများ တကယ် လွတ်လပ်ရေး ရမည်လော။
ဤမေးခွန်းများမှာ ကုလားများအတွက်သာ အရေးကြီးသည် မဟုတ် ဗမာများအတွက်လည်း အလွန်အရေးကြီး၏။ လွတ်လပ်ရေးအတွက် ဆူပွက်နေသော ကုလားပြည်၊ လွတ်လပ်ရေး ရသွားပြီဖြစ်သော ကုလားပြည်တို့သည် ဗမာပြည်၏ လွတ်လပ်ရေးတိုက်ပွဲ၊ ဗမာပြည်၏ နောင်ရေးကို မည်မျှပြုပြင်ပြောင်းလဲပေးမည်ကို စဉ်းစားကြည့်နိုင်၏။
ကုလားပြည်တွင် ပြောင်းလဲနေသမျှတို့ကို ဗဟုသုတသက်သက်ထက် ဗမာ့လွတ်လပ်ရေး ကြိုးပမ်းမှုအတွက် အမြင်မှန်မြင်ဖို့ အရေးကြီး၏။ ယခုဆောင်းပါးတွင်ရေးသမျှတို့မှာ ဤရည်ရွယ်ချက်ကို အရင်းခံထား၍ ရေးသားခြင်း ဖြစ်၏။
ဂန္ဒီမှာ ပုဂ္ဂိုလ်ထူး ဖြစ်၏။ ကုလားများသာမက တကမ္ဘာလုံးကပင် ကြည်ညိုလေးစားခြင်း ခံရသူ ဖြစ်၏။ "အာရှတိုက်အတွင်းရေး" ကို ရေးသူ ဂျွန်ဂန်းသားက ဗုဒ္ဓမြတ်စွာဘုရားနောက် ဂန္ဒီသည် တန်ခိုးအကြီးဆုံး ကုလားတစ်ယောက် ဖြစ်သည်ဟု ရေး၏။ ဂန္ဒီ၏ ကိုယ်ကျင့်တရား၊ ဂန္ဒီ၏ စိတ်ထားမြင့်မြတ်ပုံတို့မှာ လူတိုင်း ကြည်ညိုစရာပင် ဖြစ်၏။ သို့သော် နိုင်ငံရေးအားဖြင့် သရုပ်ခွဲရာ၌ ပုဂ္ဂိုလစွဲအားဖြင့် ကြည်ညိုမှု, ရိုသေကိုင်းရှိုင်းမှု တို့သည် ပေါ်ပေါက်လာရန် အကြောင်းမရှိပေ။
ဂန္ဒီဝါဒ-ဂန္ဒီစနစ် ဟူ၍ ရေးသားရာ၌ အခြားဓနရှင်ဝါဒ, နယ်ချဲ့ဝါဒ, ဘုံဝါဒ စသည်တို့ကဲ့သို့ ဂန္ဒီဝါဒဟူ၍ သတ်သတ်ခွဲခြားပြောဆိုနိုင်သလော ဟူသော အမေးမျိုး ပေါ်ပေါက်နိုင်လေသည်။
ဂန္ဒီဝါဒ၏ အခြေခံတရား (၃) ပါး
ဂန္ဒီဝါဒ ဟူ၍ ဝါဒတခု သတ်သတ်အဖြစ် ခေါ်ဝေါ်ရေးသားနိုင်၏။ ဂန္ဒီ၏ ဝါဒ အခြေခံတရား (၃) ပါးကား -
1. သစ္စာတရား (Truth)
2. မေတ္တာတရား။ (non-violence) မည်သူ့ကိုမဆို မေတ္တာထားရမည်။ ရန်သူကိုပင် အကြမ်းဖက်၍ သတ်ဖြတ်ညှင်းဆဲခြင်းဖြင့် မအောင်ရ။
3. တပတရား (Renunciation) မိမိကိုယ်ကို ခြိုးခြံစွာ ကျင့်ကြံနေထိုင်ရမည်
ဤအခြေခံတရားများမှာ စင်စစ်အားဖြင့် ရှေးဟိန္ဒူဘာသာတရားမှ ထုတ်နှုတ် ယူငင်ထားချက်များပင် ဖြစ်သည်။ ကွန်ဂရက်၏ လွတ်လပ်ရေးတိုက်ပွဲ ပရိယာယ်ဖြစ်သော အကြမ်းမဖက် အနုသက်သက်နည်းဖြင့် အာဏာဖီဆန်ရေး စသည်တို့မှာ ဂန္ဒီဝါဒ၏ မေတ္တာတရားအရ ဖြစ်သည်။ ဤတိုက်ပွဲမျိုးကို ဂန္ဒီဝါဒအရ သစ္စာဂျဟ တိုက်ပွဲဟုခေါ်သည်။ တပတရားအရ မိမိကိုယ်ကို ခြိုးခြံစွာ နေထိုင်ရမည် ဟူရာ၌ ဂန္ဒီဝါဒသည် ယခုစက်ကိရိယာခေတ်ကို အလွန် မုန်းတီး၍ လူတိုင်း ကိုယ်ဝတ်သော အဝတ်ကို ကိုယ်တိုင် ရက်ဝတ်သည့် ခေတ်၊ ကျေးလက်စီးပွားရေး စနစ်ခေတ်ကို ပြန်လည်ထူထောင်ရန် ရည်ရွယ်သည်။
ဤတရား (၃) ပါးကို အခြေခံထားသော ဂန္ဒီဝါဒသည် လွန်ခဲ့သည်းအနှစ် (၂၀) ခန့်က စတင်ပေါ်ပေါက်လာလေရာ ထိုအချိန်ကစ၍ အိန္ဒိယပြည်သည် ခေတ်တခေတ်သို့ ကူးပြောင်းလာပြီဟု ဆိုနိုင်လေသည်။ နိုင်ငံရေးမှာ ပညာတတ် တိုင်းရင်းသားဓနရှင်တို့၏ အပျင်းပြေလုပ်ငန်းမျိုးမှ ကုလားဆင်းရဲသား လူထုကြီး တခုလုံး နိုးကြားထကြွလာကာ ဗြိတိသျှနယ်ချဲ့စနစ်ကို တိုက်ဖျက်သည့် လုပ်ငန်းကြီး ဖြစ်လာလေသည်။
ဂန္ဒီဝါဒသည် ကုလားဆင်းရဲသားထုကြီးအား နိုင်ငံရေး အမြင်သန်လာအောင် လုပ်နိုင်ခြင်းမှာ ဂန္ဒီဝါဒ၏ အခြေခံတရားများကြောင့်လော၊ ခေတ်ပေါ်နိုင်ငံရေးကို ရှေးဆန်သော ဘာသာတရား၊ ကိုယ်ကျင့်တရား စသည်တို့ဖြင့် ပေါင်းစပ်ပေး၍လော။ ဤသို့ကား မဟုတ်ပေ။
ဂန္ဒီဝါဒနှင့် ပထမအကြိမ်အာဏာဖီဆန်ပွဲ ၁၉၂၀ ခု
ဂန္ဒီဝါဒ၏ ရေးပုံ၊ သုံးနှုန်းပုံတို့မှာ ရှေးဆန်လှသော်လည်း စင်စစ်အားဖြင့် ကမ္ဘာစစ်ကြီးပြီးသည့်နောက် မကျေမနပ် ဆူပွက်လျက်ရှိသော ကုလားဆင်းရဲသား ထုကြီးကို နှိုးဆွကာ ခေါင်းဆောင်ခဲ့လေသည်။ နယ်ချဲ့အစိုးရမှာ မိစ္ဆာအစိုးရဖြစ်၍ မိစ္ဆာအစိုးရနှင့် မဆက်ဆံရေးဟု ဆိုကာ နယ်ချဲ့စနစ်ကို တိုက်ဖျက်လိုသော ဆင်းရဲသား လူထုကြီးအား အစိုးရနှင့် မဆက်ဆံရေး, အာဏာဖီဆန်ရေး လုပ်ငန်းကို စတင်စေခဲ့လေသည်။ ဂန္ဒီ၏ စေ့ဆော်ချက်အရ ကွန်ဂရက်၏ ကြွေးကြော်သံသည် ရွာသိမ်ရွာငယ် မကျန် ကုလားပြည်တခုလုံး ပြန့်နှံ့သွားကာ သန်းပေါင်းများစွာသော ကုလားဆင်းရဲသား လူထုကြီး ကွန်ဂရက်အလံအောက်သို့ ခိုဝင်လာကြခြင်းဖြင့် ကွန်ဂရက်မှာ ပထမဆုံး ကုလားတပြည်လုံး၏ အသင်းကြီး ဖြစ်လာလေသည်။
ဂန္ဒီကိုယ်တိုင် အဖမ်းခံရစဉ်က ဂန္ဒီက အစိုးရနှင့် မဆက်ဆံရန် ဟောပြောသည်မှာ မှန်ကြောင်း ရဲဝံ့စွာ ဝန်ခံ၍ ကုလားလူမျိုးတမျိုးလုံး လူစဉ်မမှီအောင် မွဲပြာကျရခြင်းမှာ မိစ္ဆာအစိုးရကြောင့် ဖြစ်ကြောင်းနှင့် အစိုးရအား ရှုံ့ချပြောဆိုလေသည်။
သို့သော် ဂန္ဒီဝါဒ၏ ကြီးစွာသော ချို့ယွင်းချက်မှာ ထိုအခါကပင် ထင်ရှားခဲ့လေသည်။ ဂန္ဒီဝါဒသည် နယ်ချဲ့စနစ်ကို၏ ဖြိုဖျက်ရန် မရည်ရွယ်ပေ။ ဖြိုဖျက်၍မရ ဟူ၍ အယူရှိပြီး အကယ်၍ ဖြိုဖျက်ရသည့်တိုင်အောင် အင်နဲ့အားနှင့် အကြမ်းပတမ်းဖက်ခါ ဖြိုဖျက်စရာ မလိုဟု ယုံကြည်လေသည်။ ဂန္ဒီဝါဒ၏စွဲမှတ်ချက်ကား ကုလားဆင်းရဲသားထုကြီးကို ဆင်းရဲစေ, မွဲစေသော နယ်ချဲ့စနစ်အား မေတ္တာတရားဖြင့် စိတ်ပြောင်းအောင် လုပ်နိုင်သည် ဟူသော စွဲမှတ်ချက်ပင် ဖြစ်လေသည်။
နောက်လိုက်ကုလား ဆင်းရဲသားထုကြီးကား ဖော်ပြပါ ဂန္ဒီဝါဒ၏ ချို့ယွင်းချက်ကြီးကို မမြင်။ အာဏာဖီဆန်ရန် ဂန္ဒီက အချက်ပေးလိုက်ခြင်း ဖြစ်သည်။ နယ်ချဲ့စနစ် တိုက်ဖျက်ရေးအတွက် တကယ့် အရေးတော်ပုံကြီး စပြီဟုသာ ယူဆကြကာ မိမိတို့ လွတ်လပ်ရေးအတွက် ယမ်းကုန်, မီးကုန်, ကြဲကြလေတော့သည်။
ဂန္ဒီကား နောက်လိုက်များမှာ မိမိ လှမ်းစေချင်သည်ထက် ခြေတလှမ်း သွက်သွက်ကြီး လှမ်းနေသည်ကို မြင်လာကာ ကြာလျှင် မအုပ်စီးနိုင်ဘဲ မိမိလက်မှ လွတ်ထွက်ကုန်မည်ကို စိုးရိမ်လာပြီးလျှင် ချောင်ရီချောင်ရာ ဟူသော ရွာကလေးတွင် ရွာသူ, ရွာသားများက ပုလိပ်သားများအပေါ် အကြမ်းဖက်သည်ကို အကြောင်းပြု၍ အိန္ဒိယတပြည်လုံး၏ အာဏာဖီဆန်မှုကြီးကို ရပ်စဲရန် အမိန့်ပေးလိုက်လေသည်။ ဂန္ဒီ၏ နိုင်ငံရေးပန်းတိုင်မှာ နယ်ချဲ့စနစ် တိုက်ဖျက်ရေး, တကယ့်လွတ်လပ်ရေး မဟုတ်။ ကနေဒါ၊ သြစတြေးလျ တို့ကဲ့သို့ နယ်ချဲ့စနစ် လက်အောက်ခံ ဒိုမီနီယံ အခြေသာဖြစ်ကြောင်း ဂန္ဒီ၏ နိုင်ငံရေးလက်နက်မှာလည်း အင်နှင့် အားနှင့် ဖိ၍ တိုက်သော အရေးတော်ပုံလုပ်ငန်းမျိုး မဟုတ်ဘဲ လူအားပြ၍ နယ်ချဲ့စနစ်နှင့် ဈေးဆစ်ခြင်းမျိုးသာ ဖြစ်ကြောင်းတို့မှာ ထိုအချိန်ကပင် ထင်ရှားခဲ့လေသည်။
ဂန္ဒီဝါဒနှင့် တိုင်းရင်းသားဓနရှင်များ
ဂန္ဒီဝါဒ၏ ပထမအဆင့် (၁၉၂၀) ခုတွင်ပင် တိုင်းရင်းသား ဓနရှင်များသည် ဂန္ဒီ၏အောက်သို့ ခိုဝင်လာကြလေသည်။ ပထမတွင်ကား ဂန္ဒီ၏ ဆင်းရဲသားလူထုကြီးအား နှိုးဆွပေးချက်၊ စက်မှ ကိရိယာကို ရှုံချချက်တို့မှာ တိုင်းရင်းသားဓနရှင်တို့ တုန်လှုပ်ချောက်ချားစေခဲ့သော်လည်း ဂန္ဒီမှာ ဆင်းရဲသားများအား လှုပ်ရှားနိုင်းကြားစေနိုင်သလောက် ၄င်းတို့ထင်သလို မလှမ်းနိုင်အောင် ခြေချုပ်ထည့်နိုင်သည်ကို သိလာကြသောအခါ ဂန္ဓီသာလျှင် ၄င်းတို့၏ ခေါင်းဆောင်, ၄င်းတို၏ လူတန်းစား အကျိုးအတွက် ဆောင်ရွက်မည့်ပုဂ္ဂိုလ်ဖြစ်ကြောင်း မြင်လာလေသည်။ ဂန္ဒီ၏ လူတန်းစားနှင့် တတန်းစား သင့်မြတ်ရေး၊ အလုပ်သမားများ၏ တရားသော သပိတ်မှောက်မှုများကို ရှုံချချက်နှင့် ဓနရှင်တို့၏ ပစ္စည်းကို ကာကွယ်ပေးရေး စသည်တို့မှာ ဂန္ဒီဝါဒနှင့် တိုင်းရင်းသားဓနရှင်တို့ ပိုမိုပူးပေါင်းဖို့ ဖန်တီးပေးလေသည်။
ဂန္ဒီ၏ လက်ရက်ကန်း အားပေးရေး လုပ်ငန်းမှာလည်း တိုင်းရင်းသားဓနရှင်တို့၏ စက်ရုံထွက် အထည်အလိပ် လုပ်ငန်းကို ပြိုင်ဆိုင်ရာ မရည်ရွယ်။ စက်ရုံထွက် အထည်အလိပ် မဝယ်နိုင်သော အလွန်ဆင်းရဲငတ်မွတ် ခေါင်းပါးနေသည့် တောရွာများ အတွက်သာ ရည်ရွယ်ကြောင်း တိုင်းရင်းသားဓနရှင်တို့ သိလာကြလေသည်။
ထိုအချိန်ကစ၍ တိုင်းရင်းသား ဓနရှင်၊ လယ်ပိုင်ရှင်တို့သည် ကွန်ဂရက်အတွင်းသို့ ဝင်လာကြ၍ ကွန်ဂရက်၏ ရန်ပုံငွေမှာလည်း အဆမတန် တိုးတက်လာလေသည်။
ဂန္ဒီဝါဒမှာ တိုင်းရင်းသားဓနရှင် လူတန်းစား၏ အကျိုးဆောင်အဖြစ်သို့ လုံးလုံးလျားလျား ပြောင်းလဲလာသည့် အချိန်ကား (၁၉၂၉ - ၃၀) ခု။ ကမ္ဘာ့စီးပွားပျက် ကပ်ဆိုက်ရောက်ချိန် ဖြစ်လေသည်။ ထိုအချိန်တွင် ဗြိတိသျှဓနရှင်များမှာ စီးပွားပျက်ကပ်ကြောင့် အထူးထိခိုက်ခြင်း ခံရလေရကား ဗြိတိသျှဓနရှင်တို့ သက်သာချောင်ချိရေးအတွက် စီမံသမျှတို့မှာ ကုလားတိုင်းရင်းသားဓနရှင်တို့ကို များစွာ ထိခိုက်လေတော့သည်။ အိန္ဒိယထွက်ကုန်များအား ကာကွယ်ပေးရန် ငြင်းဆိုချက်၊ ဗြိတိသျှ ကုန်စည်များအား အရေးပေးချက်၊ အိန္ဒိယထွက် ဝါဂွမ်းအပေါ် အကောက်ယူချက်၊ ကုလားငွေတကျပ်ကို အင်္ဂ္လိပ်ငွေ တသျှီလင် ခြောက်ပဲနိဟု သတ်မှတ်ချက်တို့မှာ ဗြိတိသျှနယ်ချဲ့စနစ်၏ ချုပ်ချယ်ချက်များ ဖြစ်လာလေသည်။
ထိုအချိန်တွင် အဝတ်အစား ဈေးကြီးမှု၊ လယ်ထွက်ပစ္စည်း ဈေးကျမှုတို့မှာ အလုပ်သမား လယ်သမားတို့အား များစွာ ထိခိုက်စေရကား တိုင်းပြည်တခုလုံးရှိ ဆင်းရဲသားထုကြီးမှာလည်း ထပ်မံ လှုပ်ရှားလာပြန်လေသည်။ အလုပ်သမားများ၊ လယ်သမားများ၏ အစည်းအရုံးများလည်း အနှံ့အပြား ပေါ်ပေါက်လာကြကာ အလုပ်သမားများ၏ သပိတ်မှောက်မှုများ၊ လယ်သမားများနှင့် လယ်ရှင်တို့ စကားများမှုများဖြင့်လည်း ဆင်းရဲသားထုကြီးမှာ မိမိတို့ လူတန်းစား သက်သာချောင်ချိရေးအတွက် တိုင်းရင်းသား ဓနရှင်, လယ်ပိုင်ရှင်တို့နှင့် အတိုက်အခံ လုပ်လာလေသည်။
ဂန္ဒီဝါဒနှင့် ဒုတိယအကြိမ် အာဏာဖီဆန်ပွဲကြီး ၁၉၃၀
ဘေးကြပ်နံကြပ်ကျနေသော တိုင်းရင်းသား ဓနရှင်များမှာ ဂန္ဒီဝါဒကိုသာလျှင်၊ အားကိုးအားထား ရှိလေတော့သည်။ ဒုတိယအကြိမ် အာဏာဖီဆန်ပွဲကြီး မစမီ မဟတ္တမဂန္ဒီသည် တောင်းဆိုချက် (၁၁) ချက်ပါသော စာတစောင်ကို ဘုရင်ခံချုပ်သို့ ပေးလိုက်လေသည်။ ထို (၁၁) ချက်မှာ တိုင်းရင်းသားဓနရှင် လူတန်းစားများအတွက်သာ ဖြစ်၍ ထိုအချိန်က အထူး နိုးကြားထကြွနေသော အလုပ်သမား, လယ်သမားတို့၏ တောင်းဆိုချက်ဟူ၍ တခုမျှမပါချေ။ ထိုတောင်းဆိုချက်များတွင် တိုင်းရင်းသားဓနရှင်များ အကျိုးအတွက်သာ လုံးလုံးဖြစ်သော ငွေတကျပ်ကို တသျှီလင် လေးပဲနိသာ သတ်မှတ်ပေးရန်၊ နိုင်ငံခြား အထည်အလိပ်များကို အကောက် ကောက်ရန် စသည်များဖြစ်၍ တိုင်းရင်းသား လယ်ပိုင်ရှင်ကြီးများအတွက် လယ်ခွန် ၅၀ ရာခိုင်နှုန်းလျှော့ရန် ပါသော်လည်း၊ လယ်သမားများအတွက် သီးစားခ လယ်ကြွေးလျှော့ပေါ့ရေး တောင်းဆိုချက်ဟု၍ တခုမျှ မပါချေ။
ဒုတိယအကြိမ် အာဏာဖီဆန်ရေး တိုက်ပွဲ စတင်ရသည်မှာလည်း ဘုရင်ခံချုပ်နှင့် ဈေးဆစ်ရာတွင် မတည့်သဖြင့်သာ ဖြစ်လေသည်။ တောင်းဆိုချက်များမှာ အထက်တွင် ဖော်ပြခဲ့သည်အတိုင်း တိုင်းရင်းသား ဓနရှင် လူတန်းစားအတွက် ဖြစ်သော်လည်း ထောင်ကျခံ၊ အနစ်နာခံရသူများမှာ ဆင်းရဲသားထုကြီးသာလျှင် ဖြစ်လေသည်။
ပထမအကြိမ်နှင့် ဒုတိယအကြိမ် အာဏာဖီဆန်ရေး လုပ်ငန်း ခြားနားပုံကား ဒုတိယအကြိမ်တွင် ဂန္ဒီ၏ ဝါဒသည် ဆင်းရဲသားလူထုကြီး ပထမအကြိမ်မှာကဲ့သို့ ၄င်းလက်မှ လွတ်ထွက်သွားမည်ကို စိုးသဖြင့် အာဏာဖီဆန်ရေး စလျှင် စခြင်းပင် ဆင်းရဲသားထုကြီး၏ ခြေလှမ်းကို ချုပ်နှောင်ထားခြင်းပင် ဖြစ်လေသည်။ တရားဥပဒေကို ချိုးဖျက်ခြင်း စသည့် အစိုးရဥပဒေအာဏာကို ဖီဆန်စေသော်လည်း အခွန်မပေးရေးကို တားမြစ်သည်။ တား၍ မရသည့်အခါကျမှ ပြည်လုံးကျွတ် မလုပ်စေဘဲ နေရပ်သတ်မှတ်၍ လုပ်စေသည်။ လွတ်လပ်ရေးနေ့တွင် စကားမပြောကြရန် တားမြစ်သည်။
ဂန္ဒီဝါဒမှာ တိုင်းရင်းသားဓနရှင်တို့၏ လက်ပါးစေ မည်မျှအထိ ဖြစ်လာသည်ကို အထည်စက်၊ ဂုန်နီစက် သပိတ်မှောက်များ၊ ဂျီအိုင်ပီ မီးရထား အလုပ်သမား သပိတ်များ။ ထိုအချိန် ဖြစ်ပေါ်သောလည်း မည်သို့မျှ ကူညီအားပေးခြင်း မပြုခြင်းဖြင့် ချိန်ဆနိုင်လေသည်။
ဆင်းရဲသားလူထုကြီးမှာ အာဏာဖီဆန်ရေးတွင် အပြင်းအထန် အားစိုက်နေကြစဉ် ဂန္ဒီသည် တိုင်းရင်းသားဓနရှင်တို့၏ အခွင့်အရေး အနည်းငယ် ရလာသည်နှင့် တပြိုင်နက် ဂန္ဒီ အာဝင်း စာချုပ်ဖြင့် နယ်ချဲ့စနစ်နှင့် လက်ဆင့်ကမ်းစေ့စပ်ကာ အာဏာဖီဆန်ရေးလုပ်ငန်းကို ရပ်စဲလိုက်လေသည်။ ဤသို့အားဖြင့် ဂန္ဒီဝါဒသည် အလုပ်သမား၊ လယ်သမား စသည့် ဆင်းရဲသားထုကြီး၏ ကြိုးပမ်းမှုကြီးကို သစ္စာဖောက်လိုက်လေတော့သည်။
ဂန္ဒီဝါဒ၏ နောက်ဆုံးအခြေ
၁၉၂၀ ခုနှစ်မှာ ၁၉၃၀ ခုနှစ်အတွင်း ဂန္ဒီဝါဒသည် တိုင်းပြည်လူထုကြီးကို နယ်ချဲ့စနစ်တိုက်ဖျက်ရေးအတွက် နှိုးဆွပေးလိုက်သည့် လက်နက်ကောင်းကြီး တခုအဖြစ်မှ တိုင်းပြည်လူထုကြီး တကယ့်လွတ်လပ်ရေး တိုက်ပွဲအတွက် ကြိုးပမ်းကြသည်ကို ချုပ်နှောင်ဟန့်တားသည့် အနှောင်အဖွဲ့အဖြစ်သို့ ပြောင်းလဲခဲ့လေသည်။
ပြည်သူ့လွတ်လပ်မှု အလုပ်သမား၊ လယ်သမား တို့၏ စီးပွားရေး တောင်းဆိုချက်များကို အခြေခံထားသော ရွေးကောက်ပွဲ ကြေညာစာတမ်းအရ ကွန်ဂရက်ကြီးသည် ရွေးကောက်ပွဲတွင် ယှဉ်ပြိုင် အရွေးခံရာ၌ နယ် (၁၁) နယ်အနက် (၇) နယ်တွင် ကွန်ဂရက်က လုံးဝ အနိုင်ရခဲ့လေသည်။ ယခုကဲ့သို့ အနိုင်ရထားသည့်အားဖြင့် တိုင်းပြည်လူထုကြီးမှာ လက်ရှိအုပ်ချုပ်ရေးကို တိုက်ဖျက်ခါ အရေးတော်ပုံကြီးကို စလိုသော်လည်း ကွန်ဂရက်တွင် ကြီးစိုးနေသည့် ဂန္ဒီကြီးမှုးသော တိုင်းရင်းသားဓနရှင်တို့သည် ရာထူးလက်ခံကာ အုပ်ချုပ်ရေးကို လုပ်ကိုင်ခဲ့ကြလေသည်။
ရာထူးလက်ခံသည့်ကိစ္စနှင့် ပတ်သက်၍ ဂန္ဒီက ရေးသားသည်မှာ ရာထူးလက်ခံခြင်းမှာ သွေးထွက်သံယို အရေးတော်ပုံကြီးကို ရှောင်လွဲရာ ကျရုံမက တနည်းအားဖြင့် လူထုကြီး၏ အာဏာဖီဆန်ရေးလုပ်ငန်း စခြင်းလည်း ဖြစ်လေသည်ဟု ရေးသားခဲ့သည်။ (၁၇-၇-၃၇) ထုတ် ဂန္ဒီ၏ ဟာရီဂျန် သတင်းစာမှ။
ရာထူးလက်ခံပြီးသောအခါတွင်လည်း ဂန္ဒီ၏ လူများသာ ကြီးစိုးနေသော ကွန်ဂရက်အစိုးရများသည် အလုပ်သမား၊ လယ်သမားတို့၏ သပိတ်မှောက်မှု၊ ဆူပူမှုများကို သေနတ်ဖြင့် ပစ်ခြင်း, တုတ်ဖြင့်ရိုက်ခြင်း ပြုကြသည်ကို အကြမ်းမကြိုက်သော ဂန္ဒီသည် ပြစ်တင်ရှုံ့ချခြင်း မပြုရုံမျှမက တိုင်းပြည် အုပ်ချုပ်မှုအတွက် အကြမ်းအနည်းဆုံးကို သုံးဖို့ လိုသည်ဟုပင် ပြောဆိုကာ ကွန်ဂရက်အစိုးရများ၏ လုပ်ငန်းကို ထောက်ခံလေသည်။ ဤတွင် ဂန္ဒီဝါဒ၏ အခြေခံတရားတခုဖြစ်သော အကြမ်းမဖက်ရေး မေတ္တာတရားသည် ရေဖြစ်သွာလေတော့သည်။
ဂန္ဒီဝါဒနှင့် ကုလားလူထုကြီး လွတ်လပ်ရေး
ကမ္ဘာစစ်ကြီး ဖြစ်နေခါ ကမ္ဘာကြီးတခုလုံး လှုပ်ရှားပြောင်းလဲနေစဉ် ကုလားဆင်းရဲသားလူထုကြီးမှာ မိမိတို့လွတ်လပ်ရေးအတွက် အားပြင်နေကြစဉ်၊ ဂန္ဒီကြီးမှုးသော ကွန်ဂရက်ခေါင်းဆောင်မှုသည် အသင့် ပြင်ဆင်ပြီးဖြစ်သော အရေးတော်လက်နက်သုံးကာ နယ်ချဲ့စနစ်ကို ဖြိုဖျက်ရန် မကြံရွယ်ယုံမျှမက နယ်ချဲ့စနစ် လက်အောက်ခံ ဒိုမီနီယံ အခြေကို ရရန်အတွက် ဗြိတိသျှအစိုးရ ကိုယ်စားလှယ်ဖြစ်သော ဘုရင်ခံချုပ်နှင့် စေ့စပ်နေ၏။ ဤသို့ စေ့စပ်နေစဉ်မှာပင် အစိုးရတို့သည် ကုလား၏ အရေးတော်ပုံ လုပ်ငန်းအား ဖျက်ရန်အတွက် ပြည်သူ့လွတ်လပ်မှုကို ချုပ်ချယ်ခြင်၊ အလုပ်သမား လယ်သမားခေါင်းဆောင်တို့ကို ဖမ်းခြင်း စသည်ဖြင့် လုပ်နေ၏။
ကုလားဆင်းရဲသားထုကြီးက အင်နဲ့အားနှင့် ဖိခြင်းဖြင့် ၄င်းတို၏ အားကို မလွန်ဆန်နိုင်အောင် လုပ်နိုင်က ဂန္ဒီကြီးမှုးသော ကွန်ဂရက်ခေါင်းဆောင်မှုသည် အာဏာဖီဆန်ရေးကို စတင်ပေလိမ့်မည်။ သို့သော် အခွင့်ရသည်နှင့် တပြိုင်နက် ဈေးဆစ်သည့် လုပ်ငန်းကိုလုပ်ခါ တတ်နိုင်လျှင် ဆင်းရဲသားထုကြီးကို သစ္စာဖောက်ဉီးမည်။ ထိုအချိန်တွင် အလုပ်သမား, လယ်သမားလူတန်းစားသည် ယခု ကွန်ဂရက်ခေါင်းဆောင်သော ဓနရှင်လူတန်းကို ဖြုတ်ချ၍ နယ်ချဲ့စနစ်တိုက်ပွဲတွင် ဆက်လက် ခေါင်းဆောင်နိုင်ခဲ့လျှင် ကုလားများ လွတ်လပ်ရေးရဖို့ လမ်းရှိသည်။ သို့မဟုတ်လျှင်ကား ဂန္ဒီဝါဒ ခေါင်းဆောင်နေသမျှ ဒိုမီနီယံ အခြေထက် တိုးတက်ရရှိဖို့ရန် ခဲယဉ်းလှပေသတည်း။
ဗဟိန်း
ဒဂုန်မဂ္ဂဇင်း အမှတ် ၂၃၉ (ဇူလိုင် ၁၉၄၀)