Wednesday, February 20, 2013

ဝင်လာနေသောနိုင်ငံခြားငွေများ ကျပ်ငွေဈေးကိုခြိမ်းခြောက် (သာလွန်ဇောင်းထက်)

0 comments

မြန်မာနိုင်ငံတွင်းသို့ဝင်ရောက်လာသည့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများ (FDI)နှင့်အမေရိကန်အစိုးရ၏ပျော့ပျောင်းသောငွေကြေးမူဝါဒများက မြန်မာကျပ်ငွေတန်ဖိုးကို ခြိမ်းခြောက်နေသောကြောင့် အစိုးရအနေဖြင့် မျက်ခြေမပြတ်စောင့်ကြည့်ထိန်းသိမ်းနေကြောင်း ဘဏ္ဍာရေးနှင့်အခွန် ၀န်ကြီးဦးဝင်းရှိန်က ပြောဆိုလိုက်သည်။ ယမန်နေ့ နေပြည်တော်တွင် ကျင်းပသော ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၏ အမျိုးသားစီမံကိန်းများအကြောင်း ရှင်းလင်းပြောဆိုစဉ် ဦးဝင်းရှိန်က အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင်းသို့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုဝင်ရောက်မှုများပြားလာခြင်းကြောင့် နိုင်ငံခြားငွေစီးဝင်မှု များပြားလာနေသည့်အပြင် အခြားတဖက်တွင်လည်း အမေရိကန်ပြည်ထောင်စုက စီးပွားရေးပြန်လည်ဦးမော့လာစေရန် ပျော့ပျောင်းသောငွေကြေးမူဝါဒကို အကောင်အထည်ဖော်နေကြောင်း၊ မြန်မာကျပ်ငွေတန်ဖိုးတက်မှုကို အစိုးရက မျက်ခြေအပြတ်မခံစောင့်ကြည့်ထိန်းသိမ်းလျက်ရှိကြောင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နေ့စဉ် ရည်ညွှန်းငွေလဲနှုန်းထုတ်ပြန်လုပ်ဆောင်လျက်ရှိကြောင်း ဦးဝင်းရှိန်ကဆိုသည်။
“ငွေကြေးမူဝါဒရဲ့အဓိကရည်မှန်းချက်က ကုန်ဈေးနှုန်းများတည်ငြိမ်မှုရှိတဲ့စီးပွားရေးတိုးတက်မှု Growth with stability ကိုရရှိရန် ဖြစ်ပါတယ်။ လက်ရှိကာလမှာ မြန်မာကျပ်ငွေတန်ဖိုးမြင့်မားနေတယ်လို့ ဆိုနိုင်ပါတယ်။ ဒီလို မြင့်မားနေရတဲ့အကြောင်းအရင်းမှာ ပြည်ပကနေရင်းနှီးမြုပ်နှံမှုအပါအ၀င် နိုင်ငံခြားငွေစီးဝင်မှုများပြားနေတာနဲ့အတူ အမေရိကန်ပြည်ထောင်စုက ၎င်းရဲ့စီးပွားရေး ပြန်လည်ဦးမော့လာနိုင်ရန် ပျော့ပျောင်းတဲ့ငွေကြေးမူဝါဒကိုကျင့်သုံးနေတဲ့အတွက် အမေရိကန်ဒေါ်လာတန်ဖိုးက အခြားသောနိုင်ငံများရဲ့ငွေကြေးနဲ့လဲလှယ်ရာမှာ တန်ဖိုးလျော့ကျနေပါတယ်။ ထို့အတူပဲ အခြားငွေကြေးတန်ဖိုးမြင့်မားလာခြင်းနည်းတူ မြန်မာကျပ်ငွေတန်ဖိုး မြင့်မားလာနေကြောင်း တွေ့ရှိရပါတယ်” ဟု ဦးဝင်းရှိန်ကဆိုသည်။
အစိုးရအနေဖြင့် မြန်မာနိုင်ငံ၏စီးပွားရေးစနစ်တခုလုံး၏ ၀ယ်လိုအားနှင့်ရောင်းလိုအားအပေါ် အမှန်တကယ်ထင်ဟပ်စေသော နိုင်ငံခြားငွေလဲလှယ်ဈေးကွက်ပေါ်ထွန်းရေး စတင်ဆောင်ရွက်လျက်ရှိပြီး နိုင်ငံခြားငွေကန့်သတ်ချက်နှင့် ကုန်သွယ်မှုဆိုင်ရာကန့်သတ်ချက်များကိုလျော့ချခြင်းဖြင့် စစ်မှန်သောငွေလဲနှုန်းဖြစ်ပေါ်ရေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အစိုးရအနေဖြင့် မြန်မာကျပ်ငွေအခြေအနေကို မျက်ခြေအပြတ်မခံဘဲစောင့်ကြည့်နေကြောင်း ဦးဝင်းရှိန်က ဆက်လက်ပြောဆိုသည်။
စီးပွားရေးပညာရှင်များကမူ အစိုးရ၏စီးပွားရေးဆိုင်ရာပြုပြင်ပြောင်းလဲမှုများမှာ လိုအပ်ချက်များရှိနေပြီး လတ်တလောဖြစ်ပေါ်နေသောငွေလဲနှုန်းမှာမူ အမှန်တကယ် စီးပွားရေးကိုထင်ဟပ်ခြင်းမရှိသေးကြောင်း၊ စီးပွားရေးအရပြုပြင်ပြောင်းလဲမှုများလုပ်ဆောင်နေရာတွင် ပီပြင်သောမူဝါဒများ ထပ်မံချမှတ်ရန်လိုအပ်ကြောင်း ပြောဆိုကြသည်။
ရန်ကုန် အဝေးသင်တက္ကသိုလ် အငြိမ်းစားဘောဂဗေဒပါမောက္ခ ဒေါက်တာမောင်မောင်စိုးက လက်ရှိဖြစ်ပေါ်နေသောငွေလဲနှုန်းသည် ငြိမ်သက်နေသောငွေလဲနှုန်းဖြစ်ပြီး ပြည်တွင်းစီးပွားရေးလုပ်ငန်း အများစုမှာရပ်တန့်နေကြောင်း၊ လက်ရှိ မြန်မာကျပ်ငွေတန်ဖိုးမြင့်တက်သည်ဟုလည်း မဆိုနိုင်ကြောင်း၊ အစိုးရအနေဖြင့် စီးပွားရေးတိုးတက်မှုအရှိန်အဟုန်မြှင့်တင်ရန် ပီပြင်သောဈေးကွက်စီးပွားရေးစနစ် ပေါ်ထွန်းရေးလုပ်ဆောင်ရန်အရေးကြီးသည်ဟု ဆိုသည်။
“ငွေတန်ဖိုးတက်တယ်၊ မာတယ်ဆိုတာက ကုန်ဈေးနှုန်းတွေကျသွားရမယ်၊ တိုင်းပြည်ရဲ့ထုတ်လုပ်မှုတွေတိုးလာမှ ငွေတန်ဖိုးတက်တယ်၊ မာတယ်ပေါ့။ ဒီလိုပြောလို့ရမှာ။ လက်ရှိငွေလဲနှုန်းက စီးပွားရေးတွေအားလုံးငြိမ်နေလို့ ဖြစ်နေတဲ့ ငွေလဲနှုန်းပဲ။ ငြိမ်တယ်ဆိုတာ လှုပ်ရှားမှုမရှိလို့ငြိမ်နေတဲ့ငွေလဲနှုန်းကို ပြောတာ။ တည်ငြိမ်တယ်လို့ပြောတာမဟုတ်ဘူး။ အခုအချိန်အထိကို စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေက တကယ့်ဈေးကွက်စီးပွားရေးစနစ်ကို ထင်ဟပ်မှုမရှိသေးဘူး။ ပွင့်လင်းမြင်သာမှု အားနည်းနေတယ်” ဟု ဒေါက်တာမောင်မောင်စိုးက ဆိုသည်။
စီးပွားရေးပညာရှင် ဒေါက်တာအောင်ကိုကိုကမူ လက်ရှိအချိန်အထိ အစိုးရသည် FEC ငွေကြေးကို ရုပ်သိမ်းခြင်းမရှိသေးသည့်အပြင် နီးစပ်ရာလုပ်ကိုင်ခွင့်ပေးသော ခရိုနီစီးပွားရေးစနစ်ကို တွင်ကျယ်နေဆဲဖြစ်သည်ဟု သုံးသပ်သည်။
“FEC အပြည့်အ၀ မဖျက်သေးရဘူး။ အမေရိကန်ဒေါ်လာနဲ့ပတ်သက်တဲ့ကန့်သတ်ချက်တွေကလည်း ရှိနေသေးတယ်။ လက်ရှိငွေလဲနှုန်းက Managed Floating အဆင့်မှာပဲရှိသေးတယ်။ ဈေးကွက်စီးပွားရေးမပီပြင်တဲ့အတွက် ခရိုနီစီးပွားရေးကကြီးစိုးနေတယ်။ တန်းတူညီမျှ အပြိုင်အဆိုင်ခွင့်ပြုတဲ့စီးပွားရေးပုံစံကို မဖြစ်သေးဘူး။ ဒါကြောင့်မို့လို့ လက်ရှိ စီးပွားရေးစနစ်နဲ့ငွေလဲနှုန်းက အစစ်အမှန်မဟုတ်သေးဘူးလို့ ပြောလို့ရတယ်” ဟု ဒေါက်တာအောင်ကိုကိုက ရှင်းပြသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အမေရိကန်တစ်ဒေါ်လာလျှင် ကျပ်ငွေ ၈၅၀ နှင့် ၅၆၆ ကျပ်အကြား ရည်ညွှန်းငွေလဲနှုန်းသတ်မှတ်ထားသည်။
မြန်မာငွေနှင့်အမေရိကန်ဒေါ်လာ လဲလှယ်နှုန်းထားသည် မြန်မာ့ရေထွက်ပစ္စည်းပို့ကုန်လုပ်ငန်းများအပေါ် သက်ရောက်မှုများပြီး မြန်မာငွေတန်ဖိုးအလွန်မြင့်တက်စဉ်က ရေထွက်ပစ္စည်းထုတ်လုပ်သည့်လုပ်ငန်း အများစု အရှုံးပေါ်ခဲ့ကြောင်း၊ လက်ရှိတွင် လုပ်ငန်းရှင်အချို့ကသာ ရေထွက်ပို့ကုန်လုပ်ငန်း ပြန်လည်လုပ်ကိုင်နိုင်ပြီး အများစုမှာ အကြွေးတင်ဘ၀ပျက်ဖြစ်နေရကြောင်း၊ ယခု အမေရိကန်တဒေါ်လာ မြန်မာငွေ ၈၅၀ ကျပ်ဝန်းကျင်မှာ ရေထွက်လုပ်ငန်းများလုပ်သာကိုင်သာရှိသော်လည်း အရင်းအနှီးမရှိသည့်အခြေအနေတွင်ရှိနေကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးသန်းလွင်က ရှင်းပြသည်။
“တကယ်လို့သာ မြန်မာငွေတန်ဖိုးထပ်ပြီး ပြန်တက်လာရင် လုပ်ငန်းတွေရှုံးကြဦးမှာပဲ။ အခု လုပ်ငန်းပြန်လုပ်နိုင်တဲ့လုပ်ငန်းက ၃၀ ရာခိုင်နှုန်းပဲရှိတယ်။ ၇၀ ရာခိုင်နှုန်းက ကျပ်ငွေတန်ဖိုးတက်တုန်းက အကြွေးတွေတင်ပြီး လုပ်ငန်းတွေပြန်မလုပ်နိုင်တော့ဘူး။ အစိုးရကိုတော့ အရင်းအနှီးထုတ်ပေးဖို့ တင်ပြထားတာရှိတယ်။ သူတို့ကလည်း နိုင်ငံခြားအကူအညီရရင် ကူညီမယ်ပြောတယ်” ဟု ဦးသန်းလွင်က ဆိုသည်။
ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူးဦးဝင်းမြင့်ကမူ ငွေလဲနှုန်းတွင် မြန်မာကျပ်ငွေတန်ဖိုးမြင့်တက်နေရခြင်းအကြောင်းအရင်းများတွင် တရားမ၀င်နိုင်ငံခြားငွေများ ၀င်ရောက်မှုကလည်း အဓိကအကြောင်းအရင်းဖြစ်သည်ဟု ဆိုသည်။
“တကယ်တော့ ဘိန်းရောင်းလို့ရတဲ့ငွေ၊ မူးယစ်ဆေးဝါးရောင်းလို့ရတဲ့ဒေါ်လာတွေကလည်း တရားမ၀င် ၀င်နေတာပဲ။ တရားဝင်သာစာရင်းမရှိတာ ကမ္ဘာမှာ မြန်မာက ဘိန်းအထွက်အများဆုံးနိုင်ငံတွေထဲမှာ ပါနေတယ်။ မူးယစ်ဆေးဝါးကရတဲ့ ဒေါ်လာတွေကြောင့်လည်း ငွေလဲနှုန်းပေါ်ကို အများကြီးသက်ရောက်မှုရှိတယ်” ဟု ဦးဝင်းမြင့်က ရှင်းပြသည်။
ယခင်စစ်အစိုးရခေတ်က အမေရိကန်တဒေါ်လာလျှင် မြန်မာငွေခြောက်ကျပ်သတ်မှတ်ခဲ့ပြီး မှောင်ခိုဈေးကွက်တွင် အမေရိကန်တဒေါ်လာ ကျပ်ငွေတထောင်ကျော်ဈေးပေါက်ခဲ့သည်။
သမ္မတဦးသိန်းစိန်ဦးဆောင်သောအစိုးရလက်ထက် ၂၀၁၁ ခုနှစ်တွင် ပုဂ္ဂလိကဘဏ်များကို နိုင်ငံခြားငွေလဲလှယ်ခွင့်လိုင်စင်များ  စတင်ခွင့်ပြုခဲ့ပြီး ၂၀၁၂ ခုနှစ် ဧပြီလတွင် တဒေါ်လာခြောက်ကျပ်စနစ်ကို တရားဝင်ပယ်ဖျက်ကာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နေ့စဉ် ရည်ညွန်းငွေလဲနှုန်းထုတ်ပြန်သောစနစ်ကို စတင်အသုံးပြုခဲ့သည်။
ယခုအခါ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနက ပုဂ္ဂလိကဘဏ်များအပြင် စီးပွားရေးကုမ္ပဏီများနှင့် အဖွဲ့အစည်းများကိုလည်း နိုင်ငံခြားငွေလဲလှယ်လိုင်စင်များထုတ်ပေးပြီး ငွေလဲစင်တာများ စတင်ဖွင့်လှစ်ခွင့်ပြုနေပြီဖြစ်ကြောင်း အစိုးရ တရားဝင်သတင်းထုတ်ပြန်ချက်များအရ သိရှိရသည်။

http://burma.irrawaddy.org/archives/34273#.USS0qrSHQs0.facebook

0 comments:

Post a Comment