Friday, February 1, 2013

သူယုတ်လက္ခဏာဆို အစဉ်အလာညွှန်းတဲ့ဟာတွေအပေါ် သိပ်ဘ၀င်မကျချင်ဘူး။ (လင်းအေးထင်)

0 comments
ပထမ- ရုပ်ဆင်းသွင်ပြင်ကို သူယုတ်လက္ခဏာကပ်လိုက်တဲ့ဟာမျိုးတွေ (ဥပမာ- ဦးပုည ဆဒ္ဒန်ဇာတ်ထဲက သောနုထ္ထိုရ်ကိုအဖွဲ့၊ ဦးသြဘာသ ဝေဿန္တရာထဲက စူဇကာပုဏ္ဏားအဖွဲ့) ရှေးစာထဲပါပြီး၊ နှောင်းလူတို့ပြဌာန်းစာသဖွယ် အသင်ခံရတဲ့အခါ၊ စာပေဂုဏ်မြောက်တဲ့အရေးအသားကို လေ့လာရမယ့်ဖြစ်နဲ့ ဆောင်သင့်ရှောင်သင့်သောစာရိတ္တတရားတို့ကို နီတိထုတ် မှတ်ယူရမယ့်အဖြစ်၊ နှစ်ခုသောကိစ္စရပ်တို့ရောထွေးကုန်ကြတယ်။
ဗမာ့လူ့အဖွဲ့အစည်းမှာ ရုပ်ဆင်းသွင်ပြင်နဲ့စာရိတ္တတရားကို ညီမျှခြင်းချလိုတဲ့အယူမှား စွဲဝင်တာပဲ။ ယိုးဒယားကနေ ရိုဟင်ဂျာတွေ ကို ပင်လယ်ထဲပြန်လွှတ်တဲ့ နောက်ဆက်တွဲ ဂယက်တွေမှာ အဲဒီ့အချိန် ဟောင်ကောင်က မြန်မာကောင်စစ်ဝင်ရဲ့ ရိုဟင်ဂျာဆို တာ အသားမည်းတယ် ရုပ်ဆိုးတယ်၊ မြန်မာက ရုပ်ရည်ပြေပြစ်တယ်ဆိုတဲ့နှုတ်ထွက်စကားဟာ ဗမာ့လူ့အဖွဲ့အစည်းမှာ Racism စွဲဝင်မှန်းမသိစွဲဝင်နေတဲ့အဖြစ်ရဲ့ ရောဂါလက္ခဏာပဲ။
ဒီလိုစိတ်အခံဟာ နိုင်ငံသားဖြစ်မှုရော ဌာနေဖြစ်မှုရော မျိုးနွယ်စုဖြစ်မှုအပေါ်မှာပါ အများနဲ့ အသားရောင်၊ ဘာသာစကား၊ ဘာသာတရား ၏တူညီမညီစမ်းစစ်လိုတဲ့ အခြေခံကလွဲတဲ့ တင်ကြိုပြဌာန်းနှင့်ပြီးသဘောထားတို့ စမ်းပေါက်ရာပဲ။

ဒုတိယ- လောကနီတိလို့အဖိုးထားတဲ့စာထဲက သူယုတ်လက္ခဏာအဖြစ်ညွှန်းဆိုတဲ့လူ့အမူအကျင့်တွေ။ သူမခေါ်ဘဲ သူ့အိမ်သို့သွားဖန်များသောသူ၊ သူမမေးဘဲ စကားများများပြောတက်သူ၊ မိမိဂုဏ်ကျေးဇူးကို ပလွှားတတ်သောသူတဲ့။ ဒါတွေ တစ်ချက်ခြင်းဆီဟာ အပေါင်းသဘောရော အနှုတ်သဘောရော အခြေအနေအချိန်အခါလိုက် ကောက်ယူချည်းကပ်နိုင်တဲ့ ဒွိသဘောဆောင်တယ်။
သာသနာပြုလိုသူ၊ ကုန်ပစ္စည်းကြော်ငြာရောင်းချလိုသူ၊ အများဆန္ဒအများသဘောတူမှု လိုက်လံကောက်ခံသူတို့ဟာ မခေါ်လည်းသွား မမေးလည်းပြော ကိုယ့်ဂုဏ်ရည်ကို ကိုယ်အမွှမ်းတင်ရမှာပဲ။ အခု ကျနော်လည်း မမေးပဲပြော မတီးပဲမြည်နေတဲ့ သူယုတ်ပဲ။ ပါတီမဲဆွယ်တဲ့နိုင်ငံရေးသမားကစလို့ မြို့ပတ်ရထားပေါ်ကကြွက်နို့သတ်ဆေးသည်ထိ ဒီသဘောပြေးမလွတ်။ လောကနီတိဖြစ်စေချင်တာ မလုပ် မရှုပ် မပြုတ် ခပ်ရို့ရို့နေ ကိုယ့်အသံကျယ်ကျယ်မထုတ်နဲ့လို့ ပဒေသရာဇ်ခေတ်ကျေးတော်မျိုး ကျွန်တော်မျိုးတွေအသက်ရှည်နည်းကား ဆုံးမတာပဲ။

တတိယ- ဘာသာရေးကပြောတဲ့သူယုတ်လက္ခဏာ မက္ခနဲ့ပဠာသ၊ အဘိဓမ္မာအရသရုပ်ခွဲရင် ဒေါသစိတ်ထဲ ပါသတဲ့။ မက္ခဆိုတာ ကျေးဇူးကန်းတတ်တဲ့စိတ်သဘော၊ ပဠာသဆိုတာ ကိုယ့်ထက်သာမနာလိုပဲ အရိုအသေမပြုနိုင် တန်းညှိယှဉ်ပြိုင်လိုတဲ့သဘော။ ဒါလည်းပဲ အပေါင်းသဘောရောအနှုတ်သဘောရော အဌကထာဖွင့်နိုင်တာပဲ။

ကျေးဇူးရှိတယ်ဆိုတာဘာလဲ၊ ကိုယ့်ကောင်းကျိုးချမ်းသာကိုဆောင်ကြဉ်းပေးခြင်းဟာ ကျေးဇူးရှိတာပဲ၊ ဆောင်ကြဉ်းပေးသူဟာ ကျေးဇူးရှင်ပဲ။ ကိုယ့်ကောင်းကျိုးချမ်းသာဆိုတာ အများကောင်းကျိုးချမ်းသာနဲ့ရော ယှဉ်သလား၊ ကိုယ့်ကောင်းကျိုးချမ်းသာကို ဖြစ်စေသူဟာ အများကောင်းကျိုး ချမ်းသာကိုရော ဖြစ်စေသလား။ ကိုယ့်အဖို့ငှာ ကျေးဇူးရှိမှုနဲ့ပဲ ကျေးဇူးရှင်ရဲ့အပြုအမူ လျော်၏မလျော်၏ မဆင်ခြင်အပ်တော့ဘူးလား။ ဆင်ခြင်ခြင်း ဝေဖန်ခြင်း ထောင်ထားခြားနားခြင်းဟာ ကျေးစွပ်ရာရောက် သလား။
ဒီတော့ မက္ခဆိုရင် သူတထူးကျေးဇူးကို အလေးမမူအရာမသွင်းတတ်တဲ့ ungrateful စိတ်သဘောလေးကိုသာဆိုလိုတဲ့အပေါ် ပိုင်းခြားနားလည်သင့်တယ်။ ဒီ့နှယ်ပဲ ပဠာသဆိုရာမှာလည်း ကိုယ့်ထက်သာမနာလိုမှု ဖျက်လိုဖျက်စီးလုပ်လိုမှုစိတ်မနော အုံကြွဖြစ်ထွန်းတတ်တဲ့သဘောလို့သာပဲ ပိုင်းခြားနားလည်ရမယ်။ နာမည်ကြီးထင်ရှားသူကိုဝေဖန်စမ်းစစ်ရင် သူယုတ်ဆိုတဲ့အနက် မစွန်းထင်းသင့်။

ခေတ်သစ်သူယုတ်လက္ခဏာတွေ အထူးသဖြင့်နိုင်ငံရေးနယ်ပယ်က သူယုတ်လက္ခဏာတွေကို ဒီ ရှေးစာ နီတိ ဘာသာရေးလာတို့နဲ့မဟုတ်ပဲ ပိုင်းခြားစီစစ်ရမယ့်တာဝန် ကျနော်တို့မှာရှိတယ်။ ကျနော်စပြီး တစ်ချက်ကိုအကြံပြုမယ်။ ကျနော်ပြောလေ့ရှိတဲ့ ကြေးတန်းတိုက်တတ်တဲိ့တ်ဟာ နိုင်ငံရေးသူယုတ်လက္ခဏာပဲ။

(၆၇) လမ်းစဉ် (ကိစ္စ)ကို လက်ညှိုးထိုးကြေးတန်းတိုက်တာ သူယုတ်လက္ခဏာပဲ၊ မကဒတမြောက်ပိုင်းကိစ္စကို လက်ညှိုးထိုး ကြေးတန်းတိုက်တာ သူယုတ်လက္ခဏာပဲ၊ ကေအိုင်အေလည်း ဘာကောင်းသလဲလို့ကြေးတန်းတိုက်တာ သူယုတ်လက္ခဏာပဲ။

ဘာကို ကြေးတန်းတိုက်သလဲဆို စစ်အာဏာရှင်စနစ်နဲ့စစ်စရိုက်ကို ကောင်းပါတယ်လို့ငြင်းခုံမှုပြုမရတဲ့အခါ သူတို့လည်း ဘာထူးလည်းဆိုတဲ့ စစ်နောက်မြီးဆွဲတို့ အတိုက်အခံအပေါ်လက်ညှိုးတန်ပြန်ထိုးသော ကြေးတန်းတိုက်မှုကိုဆိုလိုတယ်။ သူတိုလည်း ဘာကောင်းသလဲဆို နည်းနာအမှား လုပ်ရပ်အမှား ပုဂ္ဂိုလ်ရေးအမှားတွေရှိသည်ဆိုဦး စစ်အာဏာရှင်စနစ်နဲ့
စစ်စရိုက်ကိုလက်သင့်မခံငြင်းဆန်တော်လှန်သမှုပြုခြင်းတရားကိုယ်သဘောရဲ့အနှစ်သာရကို ခြေဖျက်လို့မရဘူး။ ဝေဝါးစေခြင်း ရောချခြင်း အားနည်းသူဘက် မလိုက်ဝံ့ခြင်း မတော်ရာမှာမွေ့လျော်ခြင်းစတဲ့ နိုင်ငံရေးသူယုတ်လက္ခဏာတွေ ရှိဦးမှာပါ။ ဖော်ထုတ်ကြပါ။

https://www.facebook.com/#!/linayehtin

 

0 comments:

Post a Comment