Sunday, February 10, 2013

မိတ်ဖွဲ့ရင်းက ရန်စဖေါ် (မျိုးမြင့်ချို)

0 comments


မိတ်ဖွဲ့ရင်းက ရန်စဖော်(မျိုးမြင့်ချို) ဖေဖော်ဝါရီ(၁ဝ) ရက် ၂ဝ၁၃
မိတ်ဆွေလေး…သိလိုစိတ်နဲ့မေးတယ်လို့ဆိုပေမယ့် နောက်ကွယ်က “လက်”ကိုတော့မြင်ရပါတယ်။ ထားပါ။ ဘာပဲဖြစ်ဖြစ် တိတိလင်းလင်း သိချင်တယ်ဆိုတော့ ကျနော် တခုခြင်းပြန်ဖြေပါ့မယ်။ ဖြေလို့ရသလို ဖြေလည်းဖြေချင်ပါတယ်။ ပုဂ္ဂိုလ်ရေးဆန်လွန်းတဲ့မေးခွန်းတချို့တော့ မဖြေတဲ့အပြင် သူတပါးကိုယ်ရေးကိုယ်တာထဲ ဝင်စွက်ဖက်စောကြောလိုစိတ်ကို မနှစ်မြို့ကြောင်းလည်းဆိုပါရစေ။

၁- (နိုင်ငံရေးလုပ်နေတယ်လည်းပြောသေး ဘယ်ဆန္ဒပြပွဲမှာမှပါတာ မတွေ့ဖူးဘူး)
တစ်ကြိမ်ပါဖူး တက်ဖူးပါတယ်။ ကျနော်ရောက်ပြီး ၂ လ မပြည့်တတ်ပြည့်တတ်မှာ ရှစ်လေးလုံး အနှစ် ၂ဝ မြောက်အခမ်းအနား နူးယော့ခ်စီးတီးမှာ ကျင်းပတုန်းကဖြစ်ပါတယ်။ လူတချို့နဲ့အတူ ကျနော်လည်း စကားစမြည်ပြောခွင့်ရပါတယ်။ သွားချင်လို့သွားခဲ့တာဖြစ်သလို မှတ်တမ်းကားဒါရိုက်တာကလည်း သွားမယ်ဆို သွားစေချင်ပုံပေါ်တာကြောင့်ပါ။ နောက်တခုက မှတ်မှတ်ရရ နှစ် ၂ဝ ဆိုတာရယ်။ နှစ် ၂ဝ လောက်ကွဲခဲ့ရ၊ ခွဲခဲ့ရတဲ့မိတ်ဆွေတွေ၊ ထောင်ထဲအတူနေခဲ့ဖူးသူတွေနဲ့ သူငယ်ချင်းတွေကိုလည်း တွေ့ချင်တာတွေလည်း ပါပါတယ်။ နူးယော့ခ်စီးတီးကို ကိုယ်တိုင်တွေ့ချင်တာလည်း ပါပါတယ်။

၂- (သူများတွေလုပ်နေတာကို ဘယ်လိုသဘောရလဲ၊ ဘာ့ကြောင့်ဝင်မပါတာလဲ၊ ဧကစာနိုင်ငံရေးသမားလား)
 အထိမ်းအမှတ်၊ အခမ်းအနားနေ့တွေကျင်းပတာတွေကို မဆန့်ကျင်တဲ့အပြင် ထောက်တောင်ထောက်ခံပါတယ်။ တခါတလေ တချို့ အထိမ်းအမှတ်အခမ်းအနားတွေကို တက်ပါတယ်။ တက်ခြင်း/မတက်ခြင်းက လူကြောင့်မဟုတ်ပဲ မူအခြေခံအရဖြစ်ပါတယ်။ ဆန္ဒပြပွဲတွေမှာ မပါတာက ကျနော့်မှာ ပြစရာဆန္ဒလက်ကျန် မရှိတော့လို့ဖြစ်ပါတယ်။ ၁၉၈၈ မှာ ကျနော်ဘာဖြစ်ချင်၊ ကျနော့်နေတဲ့လူ့အဖွဲ့အစည်းကို ဘာဖြစ်စေချင် ဘာတွေလုပ်ပေးစေချင်ဆိုတဲ့ဆန္ဒတွေကို အစိုးရနဲ့တိုင်းပြည်ကိုမခြွင်းမချန် အကုန်ပြခဲ့ပြီးပါပြီ။ အကုန်ချပြလိုက်ပြီးပါပြီ။ အစုအဖွဲ့တို့၊ တဦးချင်းတို့ဆိုတာတွေဟာ လုပ်ဟန်သဘောသာဖြစ်ပါတယ်..နိုင်ငံရေးမဟုတ်ပါ။ ဧကစာကျင့်တယ်ဆိုတာ သာမန်လူတွေ ကျင့်နိုင်ခဲတဲ့ “သူမြတ်တို့အလုပ်”လို့ ဆိုပါတယ်။ ကျနော်က လူသာမန်ပါ။ နိုင်ငံရေးနဲ့သူတော်ကောင်းတရားဟာ တထပ်တည်းကျတဲ့ကိစ္စလို့ မမြင်မိပါ။

၃- (စစ်သားဟောင်းလုပ်ပြီး စစ်တပ်ကိုပြန်ဆန့်ကျင်တာ နိုင်ငံတော်သစ္စာဖေါက်လို့ မခံစားဘူးလား)
နိုင်ငံရေးတွေနဲ့ နိုင်ငံရေးစကားပြောရတာထက် စစ်သားချင်း(လို့ ထင်လို့)မို့ စစ်သားစကားပြောပါ့မယ်။ သစ္စာလေးချက်မှာ (နိုင်ငံတော်နှင့် နိုင်ငံသားတို့၏သစ္စာ)ကို စောင့်သိရိုသေပါမည်လို့ တချက်ပါပါတယ်။ နိုင်ငံတော်ဆိုတာဘာဆိုတာနဲ့၊ နိုင်ငံသားထဲမှာ မိမိကိုယ်တိုင်လည်း ပါကြောင်း အမြဲသတိပြုပါတယ်။ စစ်တပ်ကိုမှမဟုတ်ပါဘူး စစ်အာဏာရှင်စနစ်ကို ဖက်တွယ်ကာကွယ်သူတိုင်းကို ဆန့်ကျင်တာဖြစ်ပါတယ်။ စစ်တပ်ထဲက စစ်အာရှင်စနစ်ကိုဆန့်ကျင်တဲ့ အဆင့်တိုင်းကစစ်သည်တိုင်းကို မိတ်ဆွေလို့သတ်မှတ်ရုံမက တိုင်းချစ်ပြည်ချစ်တပ်မတော်သား တွေအဖြစ် တန်ဖိုးထားလေးစားပါတယ်။ ဒါနဲ့ ပြောင်းပြန်ဖြစ်နေတဲ့ အဆင့်တိုင်းကစစ်သည်တိုင်းကိုဆန့်ကျင်ပါတယ်။ နိုင်ငံတော်နဲ့နိုင်ငံသားအပေါ်ထားတဲ့သစ္စာ မဖေါက်သမို့ နိုင်ငံတော်သစ္စာဖေါက်လို့ ယောင်လို့တောင်မတွေးမိကြောင်းပါ။

၎- (အမေရိကန်မှာဇိမ်ကျနေတော့ ဗမာပြည်ကိုမေ့ပြီပေါ့၊ ပြန်လာဖို့ရှိလား၊ သူများတွေပြန်လာနေကြပြီ ဘာလို့ပြန်မလာတာလဲ)
ဇိမ်မကျပါ။ Social Supplemental Income (SSI) လို့ခေါ်တဲ့ လူမှုဖူလုံရေးထောက်ပံ့ကြေး ခဏရခဲ့ဖူးပါတယ်။ နောက်တော့ ကိုယ်တိုင်အလုပ်လုပ်တာရယ်၊ အိမ်ထောင်ကျပြီး နှစ်ယောက်လုပ်စာနဲ့လောက်တယ်ဆိုတဲ့ စည်းမျဉ်းကြောင့်အရရယ် ဖြတ်လိုက်လို့ မရတော့ပါ။ ရရ/မရရ အကူအညီလိုတဲ့ ဗမာပြည်သားတွေကို နိုင်သလောက်ကူညီပါတယ်။ တဘက်ကလည်း ကိုယ့်ထမင်းကိုယ်ရှာ စားပါတယ်။ ဗမာပြည်ကိုမေ့ခြင်း/မမေ့ခြင်းက တိုင်းတပါးရောက်ခြင်း/မရောက်ခြင်းနဲ့ ဆက်စပ်တယ်လို့မထင်ပါ။ စက္ကန့်တိုင်းအချိန်ပြည့် တိုင်းပြည်ကိုသတိမရသလို မေ့သွားတဲ့နေ့ရယ်လို့လည်း မရှိပါဘူး။ အပြီး ပြန်လာဖို့မရှိပါ။ အခွင့်သင့်ရင်အလည်အပတ်ပြန်ဖို့ အမြဲတွေးပါတယ်။ သူများတွေပြန်တာ/မပြန်တာ သူတို့ကိစ္စနဲ့သူတို့အကြောင်းရှိကြမှာပါ။ ဘက်ပျောက်ချိန်(သို့)ဘက်ဖျောက်ချိန်(သို့) ဘက်ရွှေ့ချိန်ဆုံးပလားဆို တနေရာစာလိုအပ်ချက်တွေအတွက် အချင်းချင်းပြန်ချကြရရိုး ရှိစမြဲပါ။ ကျနော့်အတွက် တနေရာစာလိုအပ်ချက် မရှိလို့ အချင်းချင်းပြန်တိုက်ဖို့နဲ့ အတိုက်ခံဖို့အတွက်တော့ဖြင့် ပြန်လာစရာမလိုပါ။

၅- (စာရေးတော့ကောင်းပါတယ်။ ရန်လိုစိတ်များပြီး အစွယ်တငေါငေါ ဖြစ်နေတယ်ထင်တာပဲ)
စာရေးကောင်းတယ်ပြောတာ ကျေးဇူးပါ။ ကောင်းအောင် သတ်သတ်ကြီး ကြိုးစားမရေးပါ။ ခေါင်းထဲရှိ ရှိတဲ့အတိုင်း၊ စိတ်ထဲသိ သိတဲ့အတိုင်း၊ တွေးမိ မိတဲ့အတိုင်း ရေးချတာပါပဲ။ ကြိုက်လို့ချီးမွမ်းတာနဲ့ မကြိုက်လို့ကဲ့ရဲ့တာဟာ ဆန့်ကျင်ဘက်နည်းနဲ့ အားပေးတာလို့မြင်ပါတယ်။ ရန်ပြိုချိန်ကိုထိုင်စောင့်တာထက် ရန်ဖြိုချင်စိတ်ကိုတယုတယမွေးပြီး တသသသွေးနေရတာနှစ်ခြိုက်ပါတယ်။ မိတ်ဆွေကို ရဲဖော် ခံဖော် တိုက်ဖော်အဖြစ်ပြောင်းပြီး မြင်ရ နေရတာ ပိုမြတ်နိုးပါတယ်။
ကဲ..မိတ်ဆွေလေး…ဖတ်ပါ။ လက်တို့ချင်သူများလည်း တို့ပါ။ ထပ် ရိချင်လည်း ရိပါဦးဗျား။ မျိုးမြင့်ချို(ဖေဖော်ဝါရီ ၁ဝ ရက် ၂ဝ၁၃)

0 comments:

Post a Comment