Saturday, July 24, 2021

အများထဲက တစ်ယောက်အကြောင်း

0 comments
အများထဲက တစ်ယောက်အကြောင်း 
“ဖေဖေ့ရုံးခန်းထဲမှာ မိန်းမတစ်ယောက် တွေ့ခဲ့တယ်” ဟု သားလတ်က ပြောတော့ သမီးကြီးက ဝတ္ထု အဖတ်ပင် မပျက်ချေ။ သမီးငယ်ကမူ သူ့ဘိုမရုပ်ကလေးကို အင်္ကျီလှလှ ပြောင်းလဲ ဝတ်ဆင်ပေးရင်း “အဲဒါ ဘာဖြစ်လဲ” ဟု ပြောသည်။ 
သူတို့၏ဖခင်သည် စီးပွါးရေးအရ အလွန်အောင်မြင်နေသော ကုမ္ပဏီတစ်ခု၏ ပိုင်ရှင်ဖြစ်သည်။ ထို့ကြောင့် ဖေဖေ့ရုံးခန်းတွင် သွားကြ၊ လာကြ၊ ဝင်ကြ၊ ထွက်ကြနှင့် လူစဲသည်ဟူ၍ မရှိလှ။ ထိုကဲ့သို့သော ရုံးခန်းတွင် မိန်းမတစ်ယောက်မက တစ်ဒါဇင်ပင် တွေ့ဦးတော့ ဆန်းကျယ်သည့်ကိစ္စ မဟုတ်ပေ။ 
“အမျိုးသမီးပုံစံက အပူစား အပြင်းစားဟ၊ သိရဲ့လား” 
အသက် တစ်ဆယ့်ငါးနှစ် ရှိပြီဖြစ်သော သားလတ်သည် အမျိုးသမီးကို အတော်လေး စိတ်ဝင်စားတတ်နေပြီ ဖြစ်သည်။ မိန်းမတို့၏ အလှအမျိုးမျိုး သဘာဝအမျိုးမျိုးကိုလည်း ကောင်းစွာ အကဲဖမ်းတတ်နေပြီ ဖြစ်လေသည်။ 
“နာမည်က ခိုင်နွဲ့ခိုင် တဲ့” 
“နာမည်က လှတယ်ဟ၊ လူရော လှလား” 
“လှ မလှတော့ မသိဘူး၊ ငါတို့အဖေကတော့ သွားကြီးကို ဖြီးလို့” 
“ဟဲ့ ... သားလတ် နင်ကလဲ” 
သမီးကြီးက လက်ထဲမှ မဂ္ဂဇင်းကို ပိတ်ပြီး သားလတ်ကို လှမ်းဟန့်သည်။ 
“နင် ဖေဖေ့ကို အဲဒီလို မပြောနဲ့လေ” 
သူတို့ဖေဖေသည် အချို့သော ယောက်ျားလေးများလို ရှုပ်တတ် ပွေတတ်၊ အပျော်လိုက်တတ်သူ မဟုတ်။ မိသားစုကို အလေးထားပြီး ကိုယ်ကျင့်တရားကောင်းသူ ဖြစ်သည်။ ဖေဖေ၏ပညာ၊ ဖေဖေ၏ပစ္စည်းဥစ္စာ၊ ဖေဖေ၏ကိုယ်ကျင့်တရားတို့အတွက် သူတို့ အစဉ်အမြဲ ဂုဏ်ယူခဲ့ကြရသည် မဟုတ်ပါလား။ 
“သူက ပဲလှောင်သလိုလို၊ သစ်ရောင်းသလိုလို၊ ဆေးကိုယ်စားလှယ်လိုလိုနဲ့ ကုမ္ပဏီတွေထဲ ထိုးဖောက်ဝင်နေတာတဲ့” 
“နင့်ကို ဘယ်သူပြောလဲ” 
“ဦးတင်စိန် ပြောတာ” 
ဦးတင်စိန်သည် ဖေဖေတို့ကုမ္ပဏီမှ ကားမောင်းနေသူ ဖြစ်သည်။ ချက်ချက်ချာချာ ရှိကာ လူရည်လည်း လည်သဖြင့် ဖေဖေ၏လက်ရုံးတစ်ဖက်လို အားကိုးရသောသူ ဖြစ်သည်။ 
“သူက သူ့ကိုယ်သူ အကျအန ပြင်ဆင်ပြီး သေချာ၊ ရေရာ၊ အနေကြာတဲ့ စင်းလုံးချော ငါးရံ့ကြီး တစ်ကောင်လောက်ကို ဖမ်းဖို့ ကြံနေတာတဲ့” 
“ဦးတင်စိန် ပြောတာပဲလား” 
သမီးငယ်က ဘိုမရုပ်ကလေးကို ကုလားထိုင်ပေါ် ပစ်ချလိုက်သည်။ မကျေမနပ်ပြောနေသော သူ့အစ်ကိုအား မျက်လုံးလေး အဝိုင်းသားနှင့် စူးစမ်းသလို လှမ်းကြည့်နေသည်။ 
“အေးပေါ့၊ သတိလည်းထားဦး၊ မင်းအဖေလည်း ငါးရံ့ကြီး ဖြစ်ပြီး ကွန်ပစ်ခံနေရဦးမယ်တဲ့” 
“သေလိုက်ပါလား” 
“ဒီခေတ်က သူဌေးသား လိုချင်တာ မဟုတ်ဘူး။ သူဌေးကိုမှ တက်ချိုင်တဲ့ ခေတ်ဟဲ့။ သူဌေးဆိုတော့ တိုက်ရော၊ ခြံရော၊ ပစ္စည်းဥစ္စာရော၊ စီးပွါးရေး လုပ်ငန်းရော၊ အေတီအမ်ကတ်ရော အကုန် အဆင့်သင့်ပဲ။ ရယ်ဒီမိတ်ကြီး တဲ့” 
စန္ဒရားခုံပေါ်တွင် ထောင်ထားသော သူတို့အဖေ ဓာတ်ပုံကို သမီးကြီးက အလန့်တကြား လှမ်းကြည့်မိသည်။ ဓာတ်ပုံထဲမှ ဖေဖေသည် ဂေါက်သီးတုတ်ကို မြေမှာထောက်၍ ဟန်ပါပါ ရပ်ရင်း ပြုံးရယ်နေသည်။ အသက် ငါးဆယ်နား နီးပြီ ဖြစ်သော်လည်း ခန္ဓာကိုယ်တွင် အဆီပို အသားပိုများ မရှိသေးပေ။ ဖေဖေသည် စကားကို ဝေဝေ
ဆာဆာ မပြောတတ်။ သို့သော် ချိုသာ ရွှင်ပြသော အပြုံးကို ပိုင်ဆိုင်သည်။ သူတစ်ပါး ပြောသမျှကို အပြုံးသဲ့သဲ့နှင့် စိတ်ဝင်တစား နားထောင်တတ်သည်။
“ဖေဖေက ရယ်ဒီမိတ်ကြီး တဲ့လား။ စင်းလုံးချော ငါးရံ့ကြီး တဲ့လား၊ ဟုတ်လား” 
သမီးကြီးက ထိုစကားကို တအံ့တဩ ထပ်၍ ရေရွတ်မိသည်။ ထိုငါးရံ့ချောကြီးကို မြုံးတွေထောင် ပိုက်တွေအုပ် ပြီးတော့များ ဖမ်းလိုက်လျှင် ဘုရား ... ဘုရား။ သမီးကြီး၏ရင်ထဲတွင် ပူပူဆာဆာကြီး ဖြစ်သွားသည်။ 
“ဒါပေမဲ့ မိန်းမနဲ့၊ သားနဲ့၊ သမီးနဲ့ လာပြစ်မှားရင် ကာမေသုမိစ္ဆစာရကံ ထိုက်သွားမှာပေါ့ဟဲ့၊ မသိကြဘူးလား” 
သမီးကြီးက အလောတကြီး ပြောတော့ သားလတ်က မိန်းမတွေအကြောင်း သူသာလျှင် အသိဆုံးဟူသော မျက်နှာထားနှင့် ခပ်လှောင်လှောင် ရယ်လေသည်။ 
“မကြီးကလဲဗျာ ...၊ အခုကာလက မင်းတုန်းမင်းလက်ထက် မဟုတ်တော့ဘူးလေ၊ မြန်မာပြည်ကြီး ပြောင်းလဲနေပြီ။ ၁၉၉၈- ခုနှစ်မှာ တချို့ မိန်းမတွေက ငါးပါးသီလဆိုတာ ချိုနဲ့လားလို့ မေးနေကြပြီ အစ်မရဲ့” 
“သေလိုက်ပါလား” 
သမီးငယ်ကတော့ သူ့လက်သုံးစကားကိုပင် ထပ်ပြောသည်။ ဆိုဖာကုလားထိုင်ပေါ်တွင် တစောင်းလေး လဲကျနေသော သူ့အရုပ်ကလေးကို ငေးကြည့်ရင်း 'ခိုင်နွဲ့ခိုင်' ဟူသော အမျိုးသမီးကို ပုံဖော်ကြည့်နေမိသည်။ မည်မျှချော မည်မျှလှ၍ မည်မျှ ဆွဲဆောင်အား ကောင်းလေမည်နည်း၊ သူ မမှန်းတတ်၊ သူ့အစ်ကိုကမူ 'ငါတို့အဖေကတော့ သွားကြီးကို ဖြီးလို့' ဟု ပြောသည်။ 
“ဖေဖေက အမြဲပြုံးနေတာပဲဟာ။ ဘယ်သူ့ကိုမဆို ပြုံးပြုံးပဲ ဆက်ဆံတတ်တာပဲဟာ။ ကိုကိုကလည်း သူ့ကျမှ သွားကြီး ဖြီးနေတာ မဟုတ်ပါဘူးနော်” 
အဖေချစ်သော သမီးပီပီ အဖေ့ဘက်မှ ရှေ့နေလိုက်သည်။ သမီးကြီးကတော့ သားလတ်သည် မိန်းမတို့အပြုံးကို အကဲဖမ်းနိုင်သလို ယောက်ျားတို့၏မျက်လုံးကိုလည်း ခွဲခြားဝေဖန်တတ်နေပြီ ဖြစ်ကြောင်း သတိထားမိသည်။ ဖေဖေ့ရုံးခန်းထဲ လာတတ်သော မိန်းမပေါင်းများစွာထဲမှ ယခု တစ်ယောက်တည်းကိုသာ မကျေမနပ် ဖြစ်ဖူးခြင်းမို့၊ ဖြစ်စရာအကြောင်းတော့ ရှိလိမ့်မည်ဟု တွေးရင်း မေမေ့ကို သတိရသည်။ မေမေ ... သူတို့၏ မေမေသာ ထိုအမျိုးသမီးကို တွေ့လျှင် ဘယ်လို မှတ်ချက်ချမည် မသိ။ 
“မေမေနဲ့ တိုင်ပြောမယ်” 
သမီးငယ်ကလည်း အခုမှ သတိရသွားသလို ခပ်တိုးတိုး အော်သည်။ သူ့မျက်နှာ ဖောင်းဖောင်းလေးက ရှုံ့တွတွလေး ဖြစ်နေသည်မို့ ရယ်စရာ ကောင်းနေသည်။ 
“ဘယ်လို တိုင်မှာလဲ။ ဖေဖေ့ရုံးခန်းထဲမှာ မိန်းမတစ်ယောက် တွေ့ခဲ့လို့ ဆိုရင် မေမေက ရယ်မှာပေါ့” 
“ဒါဆို ဘာလုပ်ရမလဲ” 
“ဘာမှ လုပ်လို့ မရဘူး။ အသာ စောင့်ကြည့်နေရုံပေါ့၊ ငါတို့ကတော့ ဖေဖေ့ဆီ အကြောင်းရှာပြီး ခဏခဏ သွား၊ အဲဒီမိန်းမ လာ မလာ အကဲခတ်ပေါ့” 
“တော်ကြာ ရုံးမလာတော့ဘဲ အပြင်မှာ ချိန်းနေရင်ရော” 
“အဲဒီလိုတော့ ချိန်းမယ် မထင်ပါဘူးဟာ” 
“ကိုကိုပဲ ပြောတယ်။ တချို့မိန်းမတွေက ငါးပါးသီလဆိုတာ ချိုနဲ့လားဆို” 
သမီးငယ်က သူ့အစ်ကို၏စကားကိုပင် ပြန်သုံးသည်။ သားလတ်က သူ့ညီမကို စိုက်ကြည့်ရင်း မျက်မှောင်ကြုံ့ နေသည်။ ဒါမျိုးက ဖြစ်တတ်သည်။ အင်မတန်ကို ဖြစ်တတ်သည်။ ပထမ အလုပ်ကိစ္စနှင့် ရုံးးခန်းမှာ တွေ့၊ ထို့နောက် ခင်မင်ရင်းနှီးသောကြောင့် စားသောက်ဆိုင်တွင် တွေ့၊ ထိုမှတစ်ဆင့် ကား မပါလာသော သူ့ကို ဖေဖေက ပြန်လိုက်ပို့၊ သူက အိမ်တွင်းသို့ ဖိတ်ခေါ် ...၊ ထို့နောက် ... ထို့နောက် ...။ 
“နင်တို့ကလည်းဟာ၊ ဖေဖေ့ကိုများ အလကားယောက်ျား အောက်မေ့လို့ အထင်သေးနေကြတာလား၊ သူ ဆွဲဆောင်တယ် ဆိုဦးတော့ ဖေဖေက ပါမလားဟ။ ဖေဖေ ဘယ်လောက် တည်တည်ကြည်ကြည် နေတတ်သလဲ ဆိုတာလဲ သိသားနဲ့” 
သမီးကြီးက နေရာမှ ထကာ မှန်ပြတင်းဆီသို့ လျှောက်သွားသည်။ ပန်းခြံထဲ ကဲကြည့်လိုက်တော့ သစ်ခွပန်းစင်နားတွင် ပန်းအိုးတစ်လုံးနှင့် အလုပ်ရှုပ်နေသော မေမေ့ကို တွေ့ရသည်။ မေမေက သူ့မိသားစုနှင့် သူ့ပန်းပင်ကလေးများမှ လွဲ၍ ဘာကိုမှ စိတ်ဝင်စားသူ မဟုတ်ပေ။ ဖေဖေ့ကို အကြွင်းမဲ့ ချစ်ခင်သလို ဖေဖေ၏မေတ္တာကိုလည်း ရာနှုန်းပြည့် ယုံကြည်ထားသူ ဖြစ်သည်။ သူတို့အားလုံး၏ရင်ထဲမှ ဖေဖေ၏ပုံရိပ်သည် ရိုးသားသည်၊ ကြိုးစားသည်၊ တည်ကြည်သည်။ စံပြလင်ယောက်ျားတစ်ဦး ဖြစ်သလို၊ စံပြဖခင်တစ်ဦးလည်း ဖြစ်လေသည်။ 
“ဖေဖေက ခဏခဏ ပြောတယ်လေ၊ အိမ်ထောင်တစ်ခုမှာ တစ်ယောက်ရဲ့ ဂုဏ်သတင်းဟာ တစ်ယောက်ကို ဟပ်တယ်တဲ့။ မိသားစုအတွက် သူအမြဲ ဂုဏ်ယူနေချင်တယ်တဲ့။ သူ့အတွက်လည်း မိသားစုမှာ ဘယ်တော့မှ ဂုဏ်မငယ် စေရဘူးတဲ့” 
“ဟုတ်သားပဲ” 
သမီးကြီးက အစဖော်ပေးမှ ဖေဖေ ပြောနေကျစကားကို သူတို့ သတိရသည်။ ဟုတ်သားပဲ၊ သူတို့ မေ့နေသည်။ ဖေဖေသည် သူများ ဆွဲဆောင်လေတိုင်း ငိုက်ခနဲ ပါမည့် ယောက်ျားတစ်ယောက် မဟုတ်။ 
သားလတ်နှင့် သမီးငယ်သည် သက်ပြင်းကို ပြိုင်တူချကာ တစ်ယောက်နှင့် တစ်ယောက် ကြည့်၍ ရယ်လိုက်ကြသည်။ 
“သူ့အပေါ်မှာ ငါတို့တွေ အထင်သေးလာအောင် အရိုသေတန်လာအောင် သူ့အတွက် ငါတို့တွေ မျက်နှာငယ်အောင် ဘယ်တော့မှ လုပ်မှာ မဟုတ်ပါဘူးဟာ။ ဖေဖေက ပညာရှိပါ” 
သမီးကြီး၏စကားက ယုံကြည်စိတ်ချမှု အပြည့်နှင့် အားပါလှသည်။ ထို့ကြောင့် ပညာရှိဟူသည်ကား တစ်ခါတစ်ရံ သတိဖြစ်ခဲကြောင်းကိုပင် ဆက်၍ မတွေးမိကြတော့ပေ။ 
* * *
နောက် သုံးလေးရက်လောက်နေတော့ သတိဖြစ်ခဲသွားသော ပညာရှိ သူတို့ဖေဖေနှင့် ပက်ပင်းတိုးခဲ့ကြရသည်။ 
သူတို့မောင်နှမ သုံးယောက် မြရိပ်ညိုဟိုတယ်တွင် ရေသွားကူးကြတော့ ရေကူးကန်နား ပိတောက်ပင်များသည် ဝါ၍ ဝင်းနေကြောင်း တွေ့ရသည်။ အတန်ငယ် ညနေစောင်းပြီမို့ ပိတောက် ပွင့်ဖတ်ကလေးများကလည်း တသဲသဲ ကြွေနေရာ ပင်ခြေတွင် ပိတောက်ပန်းတွေ ခင်းထားသလို ဝင်းပြီး အိနေသည်။ သမီးငယ်က “ပန်းမွေ့ယာကြီး ဟေ့၊ ပန်းခင်းတဲ့လမ်း ဟေ့” ဟု အော်ဟစ်ရင်း ပန်းကြိုက်သော မေမေကို သတိရသည်။ “မေမေ လာကြိုရင် သိပ်ကောင်းမှာ” ဟု တမ်းတမိစဉ် တကယ်ပင် မေမေ ရောက်လာ၍ ဝမ်းသာသွားသည်။ 
“ဖေဖေက အလုပ်ကိစ္စရှိလို့ နောက်ကျမယ်တဲ့၊ မေမေတစ်ယောက်တည်း ပျင်းနေတာနဲ့၊ သမီးတို့ကို လာကြိုတာ ...” 
“ဟာ ... ဟ ... ဒီလိုဆို ရေကူးပြီးရင် ဆိုင်မှာ လိုက်ပြီး ကျွေးမယ်ပေါ့၊ ဟုတ်လား မေမေ” 
သားလတ်က ဝမ်းသာအားရ အော်သည်။ သူတို့မေမေသည် ပိုက်ဆံနှမျောတတ် သော်လည်း သူတို့အလိုကို တစ်လလျှင် တစ်ခါလောက်တော့ လိုက်လျောတတ်သည်။ သူတို့မောင်နှမ သုံးယောက် ခေါင်းချင်းဆိုင်ကြပြီးနောက်တော့ ယုဇနဟိုတယ်တွင် ဘူဖေးသွားစားဖို့ ဆုံးဖြတ်လိုက်ကြသည်။ မေမေ စောင့်နေသဖြင့် ခါတိုင်းလို အကြာကြီး ရေစိမ်မနေကြတော့ဘဲ တက်ခဲ့ကြသည်။ ဟိုတယ်ရောက်သည်အထိ သူတို့သုံးယောက်သား စကားတွေ ဖောင်အောင် ပြောပြီး ပျော်နေခဲ့ကြသေးသည်။ ဟိုတယ်ရောက်မှသာ ... 
ခန်းမက သိပ်မကျယ်သော်လည်း သူတို့သည် ဖေဖေ့ကို ချက်ချင်း မတွေ့ခဲ့ကြပေ။ ဆိုင်ထဲမှ ထွက်သွားသော နာမည်ကြီး စူပါမော်ဒယ်လ်တစ်ဦးကို တွေ့လိုက်ရသောကြောင့် ဖြစ်သည်။ မော်ဒယ်ဂဲကို အသေအချာ လိုက်ကြည့်ရင်း အသားညိုသည်၊ အရိုးပိန်သည်နှင့် ဝေဖန်နေကြသောကြောင့် ဖြစ်သည်။ မေမေက စားပွဲတစ်လုံးတွင် နေရာယူရင်း သူတို့ကို “လာကြလေကွယ်” ဟု လှမ်းခေါ်မှ တဝုန်းဝုန်းနှင့် လျှောက်သွားကြသည်။ သားလတ်က “နင်တို့အကြိုက် ရန်အောင်တို့၊ လွင်မိုးတို့၊ ဒွေးတို့လည်း ရောက်ချင် ရောက်နေမှာ” ဟုပြောရင်း ခန်းမတွင်းရှိ လူများကို လွှမ်းခြုံပြီး ကြည့်လိုက်မိသည်။ 
“ဘုရားရေ” 
ရန်အောင်ကိုလည်း မမြင်၊ လွင်မိုးကိုလည်း မတွေ့၊ ဒွေးလည်း မရှိ။ တကယ်ရှိနေသည်က သူတို့၏ဖေဖေသာ ဖြစ်သည်။ ဟိုထောင့်စွန်းက စားပွဲလေးတွင် 'ခိုင်နွဲ့ခိုင်' ဟူသော အမျိုးသမီးနှင့် နှစ်ယောက်တည်း အတူထိုင်နေသော ဖေဖေ့ကို ဒိုင်းခနဲ တွေ့လိုက်ရတော့ သားလတ်၏မျက်လုံးများပင် ပြာချင်ချင် ဖြစ်သွားသည်။ ဖေဖေက ဘာပြောသည်မသိ။ အမျိုးသမီးက ခေါင်းကလေးငုံ့ကာ ခပ်နွဲ့နွဲ့ ရယ်မောရင်း ဖေဖေ့လက်မောင်းကို လက်သီးဆုပ်နှင့် လှမ်းထုသည်။ 
“မေမေ” 
သားလတ်က မေမေ့ကို ချက်ချင်း သတိရသွားကာ စိတ်ပူသွားသည်။ ထိုသို့သော မြင်ကွင်းကို မေမေ့အား မမြင်စေချင်။ မေမေ့ကို စိုးရိမ်တကြီး လှမ်းကြည့်လိုက်တော့ ကျောခိုင်းလျက် အနေအထားတွင် ထိုင်နေသည်ကို တွေ့ရသည်။ “တော်ပါသေးရဲ့၊ မေမေတော့ မတွေ့သေးဘူး” ဟု တွေးကာ ပင့်သက်ကလေး မသိမသာ ရှိုက်လိုက်မိသည်။ 
“ဟေ့ ... ဟိုမှာ” 
ထိုစဉ် သမီးကြီးက သားလတ် အင်္ကျီစကို အားကိုးတကြီး လှမ်းဆွဲသည်။ သားလတ်က “သိတယ်ဟ” ဟု ခပ်ကျိတ်ကျိတ် ပြန်အော်မိစဉ် အမျိုးသမီးက ဖေဖေ့လက်ခုံကို လှမ်း၍ ဆိတ်သည်ကို မြင်လိုက်ရပြန်သည်။
“မေမေ ထိုင်နေလေ၊ မေမေ့အတွက် သားတို့ ယူခဲ့မယ်နော်” 
“ရော့ ... မေမေ၊ သမီးတို့ စားစရာ သွားယူတုန်း ဒီမဂ္ဂဇင်းလေး ဖတ်နေ” 
သမီးကြီးက သူ့လက်ထဲမှ ဖက်ရှင်မဂ္ဂဇင်းကို ထိုးပေးသည်။ မဂ္ဂဇင်း ဖတ်နေလျှင် ဘေးဘီကို ကြည့်ဖြစ်လိမ့်မည် မဟုတ်ဟူသော အတွေးနှင့် ဖြစ်လေသည်။ အကြီးနှစ်ယောက်က ပျာယီးပျာယာ ဖြစ်နေချိန်တွင် သမီးငယ်က ငြိမ်သက်နေသည်။ ယခုအချိန်ထိ သူတို့ကို မမြင်သေးသော ဖခင်ဖြစ်သူအား မင်တက်မိသလို ငေးကြည့်နေရင်း ငိုမဲ့မဲ့လေး ဖြစ်နေသည်။ 
“သမီးလေး” 
မေမေက ငြင်သာစွာ ခေါ်သည်။ မေမေ့မျက်လုံးတွင်လည်း မျက်ရည်ကြည်တွေ မသိမသာ ရစ်ဝဲနေသည်။ 
“သမီး အဲဒီလို ကြည့်မနေနဲ့လေ” 
သားလတ်က “ဘုရားရေ ဒါဆို မေမေက ငါတို့အရင် တွေ့ထားတာပေါ့” ဟု ထိတ်လန့်တကြား တွေးလိုက်မိသည်။ 
“သမီး အဲဒီလို ကြည့်မနေနဲ့။ ဖေဖေ ရှက်သွားမှာပေါ့။ အားလုံးပဲ မမြင်ချင်ယောင် ဆောင်နေကြ။ မေမေပြောတာ နားလည်တယ် မဟုတ်လား” 
မေ့မေ့အသံလေးက အတန်ငယ် တုန်ရီနေသော်လည်း ပြတ်ပြတ်သားသား ရှိသည်။ သူတို့သုံးယောက်အတွက်၌မူ နားဝ ဗုံးတစ်လုံး ကပ်ပြီး ကွဲသွားသလိုပင်။ ဘာဆိုဘာမှ ပြန်မပြောနိုင်ကြ၊ ရွှင်ရွှင်ကလေး ပြုံးရန် ကြိုးစားနေသော မေ့မေ့ကို အငိုင်သား ကြည့်နေမိကြသည်။ 
“သွားကြလေ၊ တစ်ယောက်နဲ့ တစ်ယောက် စကားပြောရင်း ရယ်ရယ်မောမော သွားကြ။ ဖေဖေ့ဘက်ကို လုံးဝ မကြည့်မိစေနဲ့” 
မေမေက အမိန့်ပေးသောအသံနှင့် ထပ်ပြောသည်။ ထို့နောက် သူ့လက်ထဲမှ မဂ္ဂဇင်းကို ဟိုလှန်ဒီလှန်နှင့် စိတ်ဝင်တစား ဖတ်နေလေသည်။ 
မေမေသည် အခြေအနေကို လျင်မြန်စွာ သဘောပေါက်ပြီး လျင်မြန်စွာ ထိန်းသိမ်းနေကြောင်း သူတို့အားလုံး သိလိုက်ကြသည်။ ထို့ကြောင့် မေ့မေ့စကားကို သူတို့သုံးယောက်လုံး ကောင်းစွာ နားထောင်ခဲ့ကြသည်။ အခါတိုင်းလိုပင် ပျော်ရွှင်တက်ကြွနေသော မျက်နှာထားမျိုးကို ကြိုးစားပြီး သရုပ်ဆောင်ခဲ့ကြသည်။ စားချင့်စဖွယ် ပြင်ဆင်ထားသော စားသောက်ဖွယ်ရာများကို ပန်းကန်ထဲ ကောက်ထည့်ရင်း တစ်ဦးနှင့်တစ်ဦး နောက်ပြောင် ကျီစယ်ကာ ပြုံးကြ ရယ်ကြသည်။ သမီးငယ်လေး၏အသံက လိုအပ်သည်ထက် အတန်ငယ် ပိုကျယ်နေ၍ လက်ကုတ် သတိပေးရသည်မှအပ သူတို့အားလုံး အောင်မြင်စွာ သရုပ်ဆောင်နိုင်ခဲ့ကြသည်။ 
စားပွဲကို ပြန်ရောက်ခါနီး မသိမသာ ခိုးကြည့်တော့ ဖေဖေ့ကို မတွေ့ရတော့။ တစ်ဦးတည်း ငေါင်စင်းစင်း ကျန်ရစ်သော အမျိုးသမီးကတော့ ကျေနပ်ပုံမရ။ သူတို့ဘက်ကို မသိမသာ လှမ်းကြည့်ရင်း သူ့ပန်းကန်ထဲမှ အသားလုံးများကို စိတ်မပါ့တပါ စားနေသည်။ 
စားပွဲဆီသို့ သူတို့ ပြန်ရောက်ပြီး လက်ထဲမှ အစားအသောက်ပန်းကန်ပြားများကို ချသည်အထိ မေမေက သူ့လက်ထဲမှ မဂ္ဂဇင်းစာအုပ်ကို အမူအရာ ကောင်းကောင်းနှင့် စိတ်ဝင်တစား ဖတ်နေဆဲ ဖြစ်လေသည်။ 
“ဖေဖေ ပြန်သွားပြီ မေမေ။ မရှိတော့ဘူး” 
သမီးကြီးက ခပ်တိုးတိုး ကပ်ပြောသောအခါမှ ခေါင်းကို မသိမသာ မော့ကာ သက်ပြင်းရှည်ကို ရှိုက်၍ရှူသည်။ သူ့ကို ကြင်ကြင်နာနာ စိုက်ကြည့်နေကြသော သားသမီး သုံးဦးကို ပြန်လည်ငေးကြည့်ရင်း နာနာကျင်ကျင် ပြုံးပြလေသည်။ 
* * *
“သားတို့ သမီးတို့ မှတ်ထားဖို့က မေမေတို့အားလုံးဟာ ဖေဖေ့ကို ရိုသေတယ်၊ လေးစားတယ်၊ ချစ်လည်းချစ် ကြောက်လည်း ကြောက်ကြရတယ်။ အခုလို အရိုသေတန်စရာ၊ အချစ်လျော့စရာ အဖြစ်မျိုးနဲ့ ပက်ပင်းတိုးရတယ် ဆိုရင် ဖေဖေ ရှက်မှာပေါ့” 
မေမေက အစားအသောက်ကို တို့ကာပင့်ကာ စားနေရင်း ခပ်တိုးတိုး ပြောသည်။ 
“သမီးသာ ဆိုရင် ဖေဖေနဲ့ မျက်နှာချင်းဆိုင် စားပွဲမှာ ရွေးထိုင်ပြီးတော့ စေ့စေ့ကြည့်ပြီး ပြုံးပြလိုက်မှာ” 
“အဲဒါဆို ဖေဖေ ပိုရှက်သွားမှာပေါ့” 
မည်သူက မည်မျှ ဆွဲဆောင်ပါစေ။ သူ၏ဖေဖေသည် ဆင်ဆင်ခြင်ခြင် နေနိုင်ခဲ့လိမ့်မည်ဟု ယုံကြည်စိတ်ချထားမိသဖြင့် သမီးကြီးက ဝမ်းနည်းပမ်းနည်းနှင့် ဒေါသဖြစ်ချင်နေသည်။ 
“ဒီမှာ မေမေ ပြောမယ်၊ သမီးတို့ သားတို့ တစ်သက်လုံး အမြဲမှတ်ထား၊ ဘယ်သူ့ကိုမှ ဘယ်တော့မှ ရှက်အောင် မလုပ်မိကြစေနဲ့။ လူတစ်ယောက်ဟာ မှားမှားမှန်မှန် ရှက်လာရင် ရမ်းလာတတ်တယ်။ ရှက်ရမ်းရမ်းပြီ ဆိုရင်လည်း အခြေအနေကို လွယ်လွယ်နဲ့ မထိန်းနိုင်တော့ဘူး” 
မေမေက သူ့ပန်းကန်ထဲမှ ပုစွန်ထုပ်ကို သမီးငယ်လေး၏ပန်းကန်ထဲသို့ လှမ်း၍ ထည့်ပေးလိုက်သည်။
“မေမေ စိတ်မဆိုးဘူးလားဟင်” 
သမီးကြီး၏အမေးကို မေမေက ပြန်မဖြေပေ။ စားပွဲပေါ် ကျသွားသော ငရုတ်ဆီ တစ်စက်ကို တစ်ရှူးစက္ကူနှင့် သုတ်ရင်း မကြားသလိုလို လုပ်နေသည်။ ထို့နောက်မှ “သူပြောတော့ အလုပ်ကိစ္စရှိလို့ နောက်ကျမှာတဲ့” ဟု ခပ်တိုးတိုး ပြောသည်။ မေမေ့အသံက အတန်ငယ် တုန်ရီသွားသော်လည်း မျက်နှာကတော့ အပြုံးမပျက်လှပေ။ 
“ဒိပြင် မိန်းမတစ်ယောက်နဲ့ ညစာအတူ စားရုံလောက်နဲ့တော့ သိပ်စိတ်မဆိုးပါနဲ့ မေမေရယ်၊ ဒါဟာ ဘာမှ မဖြစ်လောက်ပါဘူး။ အိမ်ထောင်ရေးဖောက်ပြန်တာလည်း မဟုတ်ပါဘူး” 
သားလတ်က ဖေဖေ့ဘက်မှ ရှေ့နေလိုက်သည်။ မိန်းမနှင့် ပတ်သက်၍ နာမည် အစွန်းအထင်း တစ်ခါမှ မရှိဖူးသော ဖေဖေ့ကို ရုတ်တရက် သနားသလို ဖြစ်သွားသည်။ မေမေ့လက်ထဲတွင် နိုင်ဖဲတစ်ချပ်ကို ကိုင်ထားပြီမို့ ဖေဖေတော့ ခံရတော့မည်ဟု စိုးရိမ်စိတ် ဝင်သွားသည်။ မေမေက သားကို လှမ်းကြည့်ရင်း ရင်ထဲမှ အတွေးကို ချက်ချင်းပင် ထိုးဖောက်၍ မြင်လိုက်ဟန် ရှိသည်။ 
“မစိုးရိမ်ပါနဲ့ သားရယ်။ တကယ့်ကို အိမ်ထောင်ရေးဖောက်ပြန်တယ် ဆိုရင်လည်း မေမေက တစ်စုံတစ်ခုသော အတိုင်းအတာအထိတော့ သည်းခံမှာပေါ့။ ခွင့်လွှတ်နိုင်တာ မလွှတ်နိုင်တာတော့ တစ်ပိုင်းပေါ့” 
ပန်းကန်ထဲတွင် စားစရာကုန်သွားသဖြင့် သမီးငယ်က တစ်ခေါက် ထပ်ယူရန် ထွက်သွားသည်။ မေမေ့ပန်းကန်ထဲတွင်တော့ အရာမယွင်းလှသေးပေ။ 
“ဘာရယ် မေမေ၊ ခွင့်မလွှတ်နိုင်ဦးတော့ သည်းခံမယ်ပေါ့ ဟုတ်လား” 
“အင်း” 
“ဘာဖြစ်လို့လဲဟင်” 
“နံပတ်တစ် အချက်က ဒါဟာ မြန်မာပြည်မို့လို့ပေါ့။ နံပတ်နှစ် အချက်ကတော့ မေမေဟာ အမေတစ်ယောက် ဖြစ်နေလို့ပေါ့” 
အခန်းထဲမှ တစ်ဦးတည်း ထွက်ခွာသွားသော ခိုင်နွဲ့ခိုင်ကို မေမေက မသိမသာ လှမ်းကြည့်သည်။ ခွါချွန်ချွန် ဖိနပ်မြင့်မြင့်ကို လှပစွာစီးပြီး တင်ပါးကို ရမ်းပြီး လျှောက်သွားပုံမှာ မိန်းမချင်းအတွက်ပင် ငေး၍ ကြည့်ချင်စရာ ဖြစ်နေသည်။ 
“အနောက်နိုင်ငံတွေမှာတော့ လင်မယားကွဲတယ် ဆိုတာ မဆန်းပါဘူးလေ။ ထမင်းစားသလို၊ ရေသောက်သလို၊ စိတ်အလိုလိုက်ပြီး လွယ်လွယ်လုပ်နေကြတာ။ မေမေတို့ဆီမှာက ဒါမျိုးကို လူမှုရေးအရကို သိပ်ပြီး လက်မခံဘူး။ အိမ်ထောင်ပြုတာကို ဘုရားတည်တာ၊ ဆေးမင်ကြောင် ထိုးတာနဲ့ကို ခိုင်းနှိုင်းပြီး ပြောထားတာကို ကြည့်ပါလား။ မှားသွားတယ် ဆိုပြီး ဘွာခတ်လို့ရတဲ့ ကိစ္စမျိုးမှ မဟုတ်တာကွယ်” 
“လင်နဲ့မယား လျှာနဲ့သွားဆို မေမေရ” 
“ဟုတ်တယ်လေ သားရဲ့။ ဒါကြောင့်လည်း ခဏခဏ ကိုက်မိကြတာပေါ့၊ ဒါပေမဲ့ ကိုက်မိတိုင်းသာ ကွဲရမယ်ဆိုရင် မြန်မာပြည်မှာလည်း လင်ကွာ မယားကွာတွေ ပြည့်လျှံနေမှာပေါ့” 
မေမေက တိုးတိုးလေး ရယ်သည်။ 
“မေမေတို့ဆီမှာက ချမ်းသာတဲ့သူ ဖြစ်ဖြစ်၊ ဆင်းရဲတဲ့သူ ဖြစ်ဖြစ် တစ်ခုလပ် ... တစ်လင်ကွာဆိုတဲ့ နာမည်ကို ကြောက်တယ်လေ။ ဒီတော့ တစ်ယောက်ရဲ့ အမှားကို တစ်ယောက်က တတ်နိုင်သမျှ သည်းခံမျိုသိပ်တတ်ကြတယ်။ တည်မိတဲ့ အသိုက်အမြုံကို မပျက်စီးရအောင် မပြိုကွဲရအောင် ထိန်းသိမ်းတတ်ကြတယ်။ ဒါဟာ မေမေတို့ရဲ့ ရိုးရာ အစဉ်အလာကောင်း ပဲ” 
“ကဲ နံပတ်နှစ်အချက်” 
သမီးကြီးက ထောက်ပေးသည်။ သူသာ အိမ်ထောင်ကျ၍ သူ့ယောက်ျား ဖောက်ပြန်လျှင် ဘယ်လို လုပ်ရမည်နည်းဟု တွေးရင်း ချွေးပြန်ချင်လာသည်။ 
“အင်း နံပတ်နှစ် အချက်ကတော့” 
မေမေက မသိမသာပြုံးသည်။ 
“မိန်းမတစ်ယောက်ကို သဘာဝတရားက ပေးထားတဲ့ အကြီးမားဆုံး တာဝန်ဟာ ဘာလဲ သိလား” 
မေမေက မေးသော်လည်း သမီးကြီးက ငြိမ်နေသည်။ သားလတ်က ကြားထဲမှ ဝင်ပြီး “ကလေးမွေးဖို့” ဟု ဖြေလိုက်ချင်သော်လည်း သူ့အစ်မ၏မျက်စောင်းကို ကြောက်၍ မဖြေရဲချေ။ သို့သော် မေမေက သူနဲ့ တစ်ထပ်တည်း ပြော၍ ကျေနပ်သွားသည်။ 
“မိန်းမတွေဟာ ဘယ်လောက်ပဲ ပညာတော်ပါစေ၊ အစွမ်းကောင်းပါစေ၊ ထူးချွန်ပါစေ၊ သူ့ရဲ့ ပထမမူလ သဘာဝတရားက ပေးထားတဲ့ တာဝန်ကတော့ လူသား မျိုးဆက်သစ်တွေ မွေးဖွားပေးဖို့ပဲ။ အဲဒီ မျိုးဆက်သစ်တွေကို လူလားမြောက်အောင် ထိန်းသိမ်းစောင့်ရှောက်ပေးဖို့ပဲ” 
“အဖေကလည်း ထိန်းသိမ်း စောင့်ရှောက်ရမှာပေါ့ မေမေရ၊ အမိရော အဖရော လိုတယ်လေ” 
သမီးငယ်က စောဒက တက်သည်။ မေမေက ခေါင်းညိတ်သည်။ 
“ဟုတ်တယ်၊ အမိရော အဖရော လိုတာပေါ့။ သားသမီးတွေကို ကိုယ်ရောစိတ်ပါ ကျန်းမာသန်စွမ်းအောင်၊ လူလားမြောက်အောင် လုပ်ဖို့ ကျွေးမွေးပြုစုဖို့က အမေတစ်ယောက်တည်း မနိုင်တော့ဘူးလေ၊ အဖေ့အကူအညီလည်း အများကြီး လိုတာပေါ့၊ ဒါကြောင့်မို့လို့ သားသမီးကို တကယ်ချစ်မြတ်နိုးတဲ့ အမေတိုင်းဟာ သူတို့သားသမီးတွေကို ဖခင်ရင်းနဲ့ပဲ မကွဲမကွာ အမြဲထားရှိဖို့ ကြိုးစားကြတယ်လေ။ သားတွေ သမီးတွေ ပွါးစီးလာတဲ့ အိမ်ထောင်ရေးဟာ သံယောဇဉ်ကြိုးတွေ အထပ်ထပ် ပတ်လာသလို ခွင့်လွှတ်ရတာ၊ သည်းခံရတာ၊ နာကျင်ရတာတွေလည်း အများကြီး ရှိနေတတ်တာပဲ” 
“သားသမီးတွေအတွက် သည်းခံခြင်းတရားကို နှလုံးသားနဲ့ ရင်းထားတဲ့ အမေတွေဟာ ရေတွက်လို့တောင် ရမှာ မဟုတ်ပါဘူး။ အရင်တုန်းကလည်း အများကြီး၊ အခုလည်း အများကြီး၊ နောက်နောင်လည်း အများကြီး ရှိနေဦးမှာပါ” 
စကားဝိုင်းသည် ရုတ်တရက် တိတ်ဆိတ်သွားသည်။ မေမေသည် ဘာမှ ဆက်မပြောတော့ဘဲ သမီးငယ် ယူလာပေးသော ရေခဲမုန့်ကို တိတ်ဆိတ်စွာ စားနေသည်။ ရေခဲမုန့်က ချိုပြီး အေးနေသည်။ မွှေးနေသည်။ သို့သော် မေမေ့ရင်ထဲတွင်တော့ ပူပြီး နွေးနေသည်။ 
* * *
သူတို့တွေ အိမ်ပြန်ရောက်တော့ ရုပ်မြင်သံကြားမှ ပြည်တွင်းသတင်းပင် လာနေချေပြီ။ ဖေဖေ အိမ်ပြန်ရောက်နေပြီဟု ကြီးကြီးဒေါ်စောမြက ဆီးပြောတော့ သူတို့အားလုံး အံ့ဩသွားကြသည်။ 
စာကြည့်ခန်းထဲ ကဲကြည့်တော့ အပေါက်ဝကို ကျောပေးပြီး ရပ်နေသော ဖေဖေ့ကို တွေ့ရသည်။ ဗီရိုထဲမှ စာအုပ်များကို ထုတ်လိုက် သွင်းလိုက်နှင့် အလုပ်ရှုပ်နေသည်။ သူတို့အားလုံး ဘာလုပ်လို့ ဘာကိုင်ရမည် မသိဘဲ ဖြစ်နေစဉ် မေမေက မသိမသာ သက်ပြင်းလေး ရှိုက်သည်။ ထို့နောက် ချိုသာစွာ ပြုံးလိုက်သည်။ 
“ဟော ... အဖေကြီး၊ အလုပ်ကိစ္စ ရှိတယ်ဆို၊ ဘာလို့ အစောကြီး ပြန်လာတာလဲ” 
“အေးကွာ” 
ဖေဖေက လှည့်မကြည့်ဘဲ ခပ်ပျော့ပျော့ ပြန်ပြောသည်။ သူ့လက်ထဲမှ စာအုပ်များကို ဗီရိုထဲသို့ ပြန်ထည့်လိုက်ပြန်သည်။
“ဘာဖြစ်လို့လဲဟင် ... နေမကောင်းလို့လား” 
“ဟုတ်ပါရဲ့ကွယ်၊ ရာသီဥတုကလည်း ပူပြင်းလိုက်တာ၊ ခေါင်းကိုက်ချင်စရာကြီး။ ဒီနှစ်နွေကို ခါတိုင်းနဲ့ မတူဘူး။ ပိုပြီးပူတယ်။ အိုဇုန်းလွှာ ပေါက်လို့လား ... မလေးရှားက တောမီးကြောင့်လား ... သမုဒ္ဒရာထဲက ရေပူစီးကြောင်းကြီး ကြောင့်လား ... တစ်ခုခုတော့ တစ်ခုခုပဲ” 
စကားရော ဖောရော ပြောရင်း မေမေက အခန်းထဲ ဝင်သွားသည်။ ဘာဆိုဘာမှ ဖြစ်မထားသလို မေမေ့အမူအရာက သက်တောင့်သက်သာ ရှိနေသည်။
“အေးကွာ ... ခေါင်းထဲမှာအုံပြီး ကိုက်ခဲနေတာနဲ့” 
မေမေ့ကို မရဲတရဲ လှမ်းကြည့်နေသော ဖေဖေ့မျက်နှာကို တွေ့တော့ သူတို့မောင်နှမ သုံးယောက်လုံး သနားသွားကြသည်။ ဖေဖေ့မျက်နှာ ဒီလောက်ပျက်ယွင်းနေတာ ယခင်က သူတို့တွေ တစ်ခါမျှ မမြင်ဖူးခဲ့ကြပေ။ 
“ဒါနဲ့ ဘာလို့ စာအုပ်တွေ ဖတ်နေတာလဲ၊ နားလိုက်ပါလား အဖေကြီးရယ်။ သမီးကြီးရယ် ... ဖေဖေ့ကို သံပုရာရည်လေး ဖျော်ပေးပါလား” 
မေမေ့အသံက စည်ပင်ဝေဆာနေသည်။ အပေါက်ဝတွင် ကြောင်အအ ရပ်နေသော သားသမီးများကို မျက်ရိပ်ပြ၍ လှမ်းခေါ်သည်။
“သားတို့က ယုဇနမှာ ဘူဖေး သွားစားနေတာ ဖေဖေရ” 
“သမီးတော့ ပုစွန်ထုပ်ကြီး လေးကောင်တောင် စားလာတယ် ဖေဖေရေ ... ဖေဖေ့ကို သတိရလိုက်တာ လွန်ရော” 
သားလတ်နှင့် သမီးငယ်က အခန်းထဲ လှမ်းဝင်လာသည်။ ဖေဖေ ထိုင်ရန် ပက်လက်ကုလားထိုင်ကို သားလတ်က သွားယူနေစဉ်တွင် သမီးငယ်က သူ့လက်ထဲမှ သံပုရာ ချိုချဉ်လေးကို အခွံခွါပြီး ဖေဖေ့ပါးစပ်ထဲ ခွံ့ပေးသည်။ 
“ဖေဖေ အဲ့ဒီနား ရောက်တော့ သားတို့ကို တွေ့လိုက်သလိုလို ထင်မိသား” 
ဖေဖေက သူတို့ကို မသိမသာ အကဲခတ်နေသည်။ 
“ဟင် ဖေဖေကလည်း ဘာလို့ မခေါ်တာလဲ” 
“ဖေဖေ့ခေါင်းထဲမှာ တအားအုံနေတာနဲ့ အိမ်ပြန်လာတာ။ ကိုယ့်အိမ်မှာ ကိုယ်နားနေတာ အကောင်းဆုံး မဟုတ်လား” 
“ဟုတ်တာပေါ့” 
သားလတ်က ခေါင်းညိတ်သည်။ 
'ကိုယ့်အိမ်မှာကိုယ်နားနေတာ အကောင်းဆုံး' ဟူသော ဖေဖေ့စကားကြောင့် ရင်ထဲတွင် မြူးပြီး ပျော်သွားသည်။ 
“အဖေကြီး ထမင်းမစားရသေးရင် ပြင်လိုက်မယ်လေ” 
“တော်ပါပြီကွာ၊ ရင်ထဲလည်း ပြည့်နေတယ်၊ အိပ်ခါနီးကျမှ ကော်ဖီလေးတစ်ခွက် ပေးနော်” 
ဖေဖေ့မျက်နှာ တဖြည်းဖြည်း ကြည်လင်လာသည်။ သိသိသာသာ စိတ်သက်သာပြီး ပေါ့ပါးသွားသော အရိပ်အယောင်ကို တွေ့ရသည်။ သံပုရာချိုချဉ်လေးကို တမြုံ့မြုံ့ ဝါးရင်း ပက်လက်ကုလားထိုင်တွင် ခြေပစ်လက်ပစ် ထိုင်သည်။ မေမေပေးသော ဆေးမြစ်စုံ ရှူဆေးလေးကို မျှင်း၍ ရှူရှိုက်နေသည်။ သမီးငယ်က ဖေဖေ့ခြေထောက်ကို ဆွဲပြီးနှိပ်တော့ ဖေဖေက ရယ်ရင်း ရုန်းသည်။ 
“အမေကြီးရေ ... ခင်ဗျားသမီး ကျုပ်ကို မနှိပ်ဘဲ ဆိတ်နေပြီ” ဟု လှမ်းအော်သည်။
နာရီပိုင်းအတွင်းမှာပင် ... သူတို့အိမ်လေးသည် နဂိုအတိုင်း ပြန်လည်သက်ဝင် လှုပ်ရှားပြီး နွေးထွေးလာသည်။ သားလတ်၏ကျီစယ်သံ၊ သမီးငယ်၏ တိုင်တောသံ၊ သမီးကြီး၏ ရယ်သံတို့ဖြင့် စီစီညံညံ ဖြစ်လာသည်။ 
“ခုနတုန်းက ဖေဖေ့တစ်ခေါင်းလုံး အုံပြီး ခဲနေတာပဲ၊ နေရတာ ဆိုးလိုက်တာ၊ အခု သမီးတို့ သားတို့ရဲ့ စကားပြောသံတွေ ရယ်သံတွေ ကြားရတော့ အလိုလို သက်သာလာတယ်” 
“ဒီလိုဆို သမီးတို့က ဖေဖေ့အတွက် ဆေးပေါ့နော်” 
သမီးငယ်၏အပြောကို ဖေဖေက ခေါင်းညိတ် ထောက်ခံသည်။ ခေတ္တခဏ ပျောက်ဆုံးသွားသော အပြုံးချိုချိုကို ဖေဖေ့မျက်နှာပေါ်တွင် ပြန်လည် တွေ့ရှိလာရသည်။ 
“ဟုတ်တယ်၊ သားတို့ သမီးတို့ဟာ ဖေဖေ့အတွက် ဆေးပဲ။ ဖေဖေ ဆေးစား မမှားအောင် အမြဲသတိရှိရမယ်” 
ဖေဖေက သမီးငယ်လေး၏ ဆံပင်ပျော့ပျော့လေးများကို လှမ်းဖွကာ သူ့အဓိပ္ပါယ်နှင့်သူ ပြောသည်။ အားလုံး နားလည်လိုက်ကြသော်လည်း မသိသလို နေလိုက်ကြသည်။ ဝမ်းသာ ကြည်နူးမှုကြောင့်တော့ ရင်တဖျတ်ဖျတ် ခုန်နေမိကြလေသည်။ 
* * *
လသာသောည ဖြစ်သည်။ ရွှန်းမြသော လရောင်သည် ခြံထဲသို့ ဖြာကျနေသည်။ မြတ်လေးပန်းရနံ့က လေထဲတွင် လွင့်ပျံနေသည်။ လသာဆောင်တွင် တစ်ဦးတည်း ရပ်နေသော မေမေ့ဆီသို့ သမီးကြီး ရောက်လာသည်။ “အိပ်ဆေး သောက်မလား မေမေ” ဟု တိုးတိုးလေး မေးသည်။ 
“မသောက်ပါဘူး သမီးရယ်။ ခဏနေရင် ဘုရားခန်း ဝင်ပြီး တရားထိုင်မှာပါ” 
မေမေက အေးဆေးစွာ ဖြေသည်။ သမီးကြီးသည် မေမေနှင့်အတူ ရပ်ရင်း လပြည့်ဝန်းကို မော်ကြည့်သည်။ 
“ဖေဖေတော့ စိတ်ချမ်းသာ လက်ချမ်းသာ အိပ်ပျော်သွားပြီနော်” 
“အင်း” 
“သမီးတို့ အောင်မြင်တယ်နော် မေမေ” 
“အင်း” 
မွှေးပျံ့နေသော လေကို သမီးက ရှိုက်၍ ရှူလိုက်သည်။ သူ့ရင်ထဲတွင် အားအင်တွေ ပြည့်လာသလို ခံစားရသည်။ 
“သမီးတို့ဖေဖေဟာ သမီးတို့ဆီကို ရာခိုင်နှုန်းပြည့် ပြန်ရောက်လာပြီနော် မေမေ။ အဲဒါ မေမေ တော်လို့” 
“မဟုတ်ပါဘူး သမီးရယ်၊ ဖေဖေ တော်တာပါ။ သားတို့ သမီးတို့ မြင်လိုက်တဲ့ခဏမှာ သူ့ကိုယ်သူ ချက်ချင်းပြန်ပြီး ထိန်းသိမ်း တည့်မတ်နိုင်ခဲ့တာပဲ။ ဖေဖေ့လိုယောက်ျား ရှားပါတယ်” 
“မေမေ့လိုမိန်းမလည်း ရှားတာပဲ” 
“မရှားပါဘူးကွယ်။ တည်ဆောက်မိတဲ့ အသိုက်အမြုံလေးကို ချမ်းမြေ့ သာယာအောင်၊ မယိုင်မလဲ မပြိုကွဲရအောင် နည်းမျိုးစုံနဲ့ ကြိုးစားပြီး ကျားကန်နေကြရတဲ့ မိန်းမတွေဟာ ဒီကမ္ဘာ၊ ဒီလောကကြီးမှာ အများကြီးပါ။ သူတို့နဲ့ ယှဉ်ရင် မေမေက ဘာမှ ဖြစ်လောက်မယ် မထင်ပါဘူး” 
မေမေက တိုးတိုးလေး ပြောသည်။ အေးမြ မွှေးပျံ့သော လေကို ရှိုက်၍ရှူရင်း လပြည့်ဝန်းကို မော်၍ ကြည့်မိသည်။ ထို့နောက် ခုအချိန်မှာ သူ့လိုပင် လပြည့်ဝန်းကိုမော်ကြည့်နေသော မိန်းမတွေ ဘယ်နှဦးများ ရှိနေမလဲဟု တွေးနေမိသည်။
“ဖေဖေရဲ့ သိက္ခာနဲ့ မာနတရားကို မထိခိုက်၊ မပွန်းရှအောင် မေမေ ဟန်ဆောင်နိုင်ခဲ့တယ်လေ”

အနည်းငယ် အေးနေသော မေမေ့ လက်ဖဝါးလေးများကို ခပ်တင်းတင်း ဆုပ်ကိုင်ရင်း သမီးက ကျေးဇူးတင်စွာ ပြောသည်။ မေမေက ဘာမှ ပြန်မပြော။ သဲ့သဲ့ကလေး ပြုံးရင်း ငြိမ်နေသည်။ ထိခဲ့ ခိုက်ခဲ့ ပွန်းရှခဲ့ရသော သူ၏ နှလုံးသားကိုမူ ရင်ထဲသို့ အတင်းဖိ၍ ထည့်ကာ သိုဝှက်ထားလိုက်လေသည်။

လယ်ကွင်း မိုးတွင်းဇာတ်လမ်း

0 comments
လယ်ကွင်း မိုးတွင်းဇာတ်လမ်း
“အုံအောက်... အုံအောက်....."
ကဆုန်မိုးသေး မြက်သားမွေးပြီ၊ နယုန်မာသ မိုးဖြိုင်ဖြိုင်ကျပြီဆိုလျှင် လွန်ခဲ့သောနှစ် လယ်တွေ ရေခန်းစကတည်းက တွင်းအောင်းခဲ့ရသော ဖားတို့သည် တွင်းထဲ၌ လှုပ်ရှားကြကာ မိုးခေါ်သံကို မြည်ကျူးကြလေပြီ။ သူတို့ တွင်းဝင်စဉ်က ပိတ်ခဲ့သော တံခါးကို ဦးခေါင်းနှင့် ထိုးကာ ထိုးကာ ကြည့်ပေမည်။
ယမန်နှစ် မိုးနှောင်းက ဖားသည် မိမိ တွင်းအောင်းတော့မည်ဟု ဆုံးဖြတ်ပြီးကတည်းက အပေါက်ဝတွင် ရွှံ့ကို ဦးခေါင်းနှင့် ကော်ကာ ပိတ်လိုက်လေသည်။ ထိုရွံ့ သည် တဆောင်းလုံး၊ တနွေလုံး ခြောက်သယောင်းခဲ့ရာ ဖားသည် မိမိစွမ်းအားနှင့်တော့ ဘယ်နည်းနှင့်မျှ ပြန်မဖွင့်နိုင်တော့ပြီ။ သူ့တံခါးကို ဖွင့်ပေးမည့်သူမှာ မိုး... မိုး... ၊ ထက်ကောင်းကင်က ရွာသော မိုးသည်သာ ဖြစ်ချေတော့၏။ 
ထို့ကြောင့် မိုးဦးကျ၍ မိုးရေ တဖျောက်ဖျောက်နှင့် မိမိအိမ်တံခါးပေါက်ဝကို လာ၍ ခေါက်တိုင်း ခေါက်တိုင်း သူသည် တံခါးဝမှာ လာ၍ လာ၍ တွန်းကြည့်ပေမည်။ ယင်းအချိန် သင်သည် သူ့တွင်းအနီးသို့ ရောက်ရှိပါက မြေအောက်မှလာသော အုံအောက်.. အုံအောက်.. ဟူသောအသံကို ကြားရပေလိမ့်မည်။
နောက်တဦး... ။ ဖား၏နည်းတူ မိုးသံကြားတိုင်း တွင်းထဲမှာ တက်လိုက်ဆင်းလိုက်နှင့် ယောက်ယက်ခတ်နေသည့် အကောင်တမျိုးကား ရှိသေး၏။ သူကား ပုဇွန်လုံးပေတည်း။ သူလည်း ဖားကဲ့သို့ပင် မိုးနှောင်း လယ်တွေရေခန်းတော့ သူ့တွင်းကိုသူ ကျစ်စာများနှင့် ပိတ်ခဲ့၏။ သူကား ဖားလို ဦးခေါင်းမရှိ၍ တံခါးမြေပျော့ပြီလားကို သူ၏ ချွန်ထက်သော ခြေချောင်းကြီးများနှင့် ထိုးဆွကြည့်နေပေမည်။ ဖားလိုလည်း မိုးခေါ်သံ၊ မိုးကြိုသံကို မမြည်နိုင်ချေ။ မြေကြီး ရေစိုပြီလား၊ သူ၏ ရှည်သွယ်သော မျက်ဆံချောင်းကြီးများကိုသာ ထောင်လိုက် လှဲလိုက် ကြည့်ရှုနေပေမည်။
ဆောင်းနှင့်နွေ နှစ်ရာသီလုံးလုံး မိမိကိုယ်ဆံ့ရုံမျှသော တွင်းကျဥ်းကလေးထဲ အောင်းနေခဲ့ရာ သတ္တဝါတို့ ပြင်ပလောကသို့ မည်မျှထွက်ချင်ကြမည်နည်း။
“ဟေ့ လယ်တွေ ရေတင်ပဟေ့..”
မိုးဦးကျကတည်းက (မိမိတို့တိုင်းပြည်သာမက အခြားနိုင်ငံများကိုပါ ထမင်းကျွေးရန်) ထွန်တုံး ထွန်တံ တပြင်ပြင် ဖြစ်နေကြသော လယ်သမားတို့က ဝမ်းသာအားရ ကြွေးကြော်လိုက်သောအခါ ဖော်ပြခဲ့သော ဖားတို့ ပုဇွန်လုံးတို့သည် ရွံ့ပျော့ပြီဖြစ်သော သူတို့ အိမ်တံခါးကို ဖွင့်ကြကာ ရေအိုင်များသို့ သက်ဆင်း ပျော်ပါးကြကုန်လေ၏။ ဖားများတို့တွင် ဝမ်းဗိုက်ထဲ၌ ဥအပြည့်ပါလာ၏။ ပုဇွန်လုံးတို့ကား ဥသောအမျိုးမဟုတ်၍ အမတို့က ရင်ဘတ်ထဲမှာ သားကလေးတွေ တထွေးတပိုက်ကြီး ပါလာခဲ့၏။ ထိုအချိန်ဝယ် မိုးရေတဖွေးဖွေးနေသော လယ်ကွင်း၊ ရေအိုင်တွေထဲမှာ ဖားနှင့် ပုဇွန်လုံးများသာ မဟုတ်၊ တနွေလုံး မြေကျင်းအောင်းနေခဲ့ရသော ခရုတို့လည်း ရောက်ရှိလာခဲ့ကြပေပြီ။ 
မိုးရာသီ လယ်တော၏တေးဂီတကို သီဆိုကြရာ၌ ခရုနှင့်ဖားတို့သည် တွဲဖက်အသံရှင်များ ဖြစ်ကြကုန်၏။ သူတို့သည် ညအချိန်ဝယ် မိုးချုပ်မှ မိုးသောက်အထိ သီကြမြိုင်မြိုင် ပျော်ရွှင်ကြသည်။ နေ့အချိန်မှာလည်း မိုးရွာသောအခါများတွင် သီဆိုကြပြန်သေးသည်။
တစ တစနှင့် သူတို့ရေအိုင်ထဲမှာ အခြားရေပိုး ရေမွှားများလည်း သံသေဒဇမှ ရောက်ရှိလာကြပြန်သည်။ ရေပင့်ကူ၊ ရေပုဇဉ်း၊ ရေပုရစ်တို့သည် ရေမှာပေါ်နေကြသည်။ ရေကူးတတ်ကြသည်။ ရေတော့ မငုပ်တတ်ကြချေ။ သူတို့ကို `ရေသတ္တဝါ” ဟု ခေါ်မည်ထက် `ရေပေါ်သတ္တဝါ” ဟု ခေါ်သင့်သည်။ ရေပင့်ကူနှင့် ရေပုရစ်သည် ရေပြင်ကို ခြေကန်၍ ကန်၍ သွားတတ်ကြသည်။ ရေပုစဉ်းသည် ရေပေါ်မှာပျံ၍ ပျံ၍ သွားပြီး ရေပေါ်မှာပဲ နားသဖြင့် ရေယာဉ်ပျံနှင့် တူလေသည်။ ထို့ပြင် လူတို့စားရသော အကောင်များကား ပလီမ၊ ငါးပိပိုး၊ ဒေါင့်ပဆိတ်။
ပလီမနှင့် ငါးပိပိုးသည် ပျံလည်းပျံနိုင်သည်။ ရေလည်းငုပ်နိုင်၊ ကူးနိုင်သည်။ ဒေါင့်ပဆိတ်ကား အမွေးအတောင်မရှိ ခြေထောက်မရှိ၊ နို့စို့ကလေး လက်ချောင်းနှင့်တူသည်။ အရစ်ကလေးတွေရှိသည်။ အလျားနှစ်လက်မခွဲ သုံးလက်မရှည်သည်။ သူရေကူးတတ်သော်လည်း ရွှံ့နွံထဲမှာ အနေများသည်။ ငါးပိပိုးက ငါးပိနံ့ကလေး သင်းသည်။ ဒါကြောင့်ပင် ငါးပိပိုး ခေါ်ပေသည်။ လေးပင်သော အရသာရှိသည်။ ပလီမမှာ ထူးခြားသော အနံ့တမျိုးရှိသည်။ ကြိုက်သူများအဖို့ မွှေးသည်။
ပလီမသည် ကိုယ်ပြားကြီးနှင့် ကောက်စိုက်မတွေ ဆောင်းသော ကျောရော ခေါင်းပါ လုံသည့် ခမောက်ရှည် 'ပလီမ' သဏ္ဍာန်တူသည်။ ထိုအမည်ကို ဒီအကောင်ဆီကပဲ ယူဟန်တူသည်။ ပလီမသည် ဗြက်တလက်မ၊ အလျားနှစ်လက်မခန့် မွဲဟောက်ဟောက် အရောင်ရှိသည်။ ငါးပိပိုးမှာ ဩဇာစေ့ကို ဗြက်လက်မဝက်မျှ အကျယ်ချဲ့၍ ကြည့်ပါ။ ဤပုံသဏ္ဍာန်အတိုင်း ဖြစ်သည်။ အတွင်းက ပါးလွှာသော အကောင်၊ အပြင်က မာသောအခွံနှင့် ညိုပုပ်အရောင်ရှိသည်။ ဤသတ္တဝါမျိုးတို့ကား လယ်တောဝယ် ကလေး သရေစာသဖွယ် ဖြစ်သည်။ မီးဖုတ်၍ စားကြရသည်။ ခဏလေး ကျက်သည်။ ဆေးပေါ့လိပ် မီးမှာပဲ ဖုတ်နိုင်သည်။ 
ကောက်စိုက်သမများ ကောက်စိုက်စဉ် ဖမ်းထားပြီး နားသောအခါ ဆေးလိပ်သောက်ရင်း စားကြသည်။ ပလီမမှာ အကောက်ထက် ဥက ပိုစားကောင်းသည်။ ဥကို အစိမ်းလည်း စားနိုင်သည်။ သူ့ပုံမှာ မြက်ပင်အရိုးတွင် ဥကလေးတွေ အစီအရီခတ်ပြီး ကပ်နေပုံမှာ ပြောင်းဖူးနှင့် တူသေးတော့သည်။ စားလိုက်က တဖြောက်ဖြောက်မြည်၍ အငန်ဓာတ်နှင့် ဆိမ့်သောအရသာရှိသည်။ ဖော်ပြပါ လယ်တောသရေစာကောင် အားလုံးတို့သည် ဆားမလို၊ ဆားမပါဘဲနှင့် ကောင်းသော အရသာများဖြစ်သည်။
မိုးသည် လှိုင်လှိုင်ကြီး ရွာသွန်းကာ ချောင်း၊ ရေမြောင်းများ ရေလျှံကျလာသောအခါ၌ လယ်ထဲသို့ ငါးများ၊ ငါးရှဉ့်များ ရောက်လာလေပြီ။ ဤအချိန်၌ ငါးများသည် `ငါးရစ်' ခေါ် ဥနှင့်ငါးများ ဖြစ်ကြ၍ ကုန်းလယ်၊ ကျင်းလယ်မရွေး 'ရေရှိ ငါးရှိ' ဆိုစကားဖြစ်အောင် ငါးအမျိုးတို့ ပြန့်ပွားကြလေသည်။
ဝါဆို၊ ဝါခေါင် ရေဖောင်ဖောင် ဆိုသောကာလ၌ လယ်ထဲဝယ် ရေသတ္တဝါမျိုးတို့ စုံလေပြီ။ သူတို့သည် လယ်ထွန်ချိန်၊ ကောက်စိုက်ချိန်၌ နေရပုံ ကသိကအောက်နိုင်လှမည် ဖြစ်သော်လည်း လယ်ပြီးသောအခါ၌ လွန်စွာ လွတ်လပ်ပျော်ပါးစွာ နေကြရလေ၏။ တနေ့တခြား ကြီးပွားနေသော စပါးပင်တို့အောက်၌ အရိပ်အာဝါသလည်း လွန်စွာကောင်းလေ၏။ ဤအချိန်တွင် လယ်သမားသည် သူ့လယ်ထဲသို့ မည်သည့်သတ္တဝါမျှ ဆင်းခွင့်မပေး၍ ပြင်ပအန္တရာယ်မှာလည်း ကင်းရှင်းလှပေ၏။ စပါးပင်တို့ အဖူးဖူးပြီး အသီးအခိုင်ကလေးတွေ ထွက်ကာ အပွင့်ကလေးများ ကြွေသောအခါ ထိုစပါးပွင့်ကလေးတို့လည်း သူတို့အဖို့ လွန်စွာကောင်းသော အာဟာရဖြစ်၏။ အရိပ်အာဝါသလည်း ကောင်း၊ အန္တရာယ်ကလည်း ကင်းရှင်း၊ အစာအာဟာရကလည်း ဖူလုံ၊ သည်လိုပုံသာ နေရရင်ဖြင့် သတ္တလောကကြီး အဘယ်မှာ ငြီးငွေ့ဖွယ်ရာ ကောင်းတော့အံ့နည်း။
သို့သော် သတ္တဝါမှန်သမျှ ဘဝခရီးသည်ချည်း အကောင်းပြီး အဆိုး တွေ့ကြုံပြီး ဆုံကွဲဖြစ်မြဲ ဓမ္မတာ မလွဲသာပေ။ ဝါဆို၊ ဝါခေါင် ရေဖောင်ဖောင်မှ သီတင်းကျွတ်၊ တန်ဆောင်မုန်းထိ တရုန်းရုန်းနှင့် ပျော်ပါးစွာနေကြပြီး 'ဖိုးတုံးလုံးလုံး လောက်စာလုံး' ဆိုသော စာဆိုနှင့်ညီအောင် လယ်သမားသည် တန်ဆောင်မုန်း လဆန်းမှစ၍ လယ်တွေ ရေလွတ်သောအခါ လယ်ထဲမှရေသည် တနေ့တခြား နည်းပါးလာ၍ ရေသတ္တဝါများ အနေအထိုင် ကျဉ်းကျပ်စပြုလေပြီ။
သူတို့သည် သိ၏။ မိုးလည်းကုန်ပြီ။ ရေလည်း ခန်းခြောက်တော့မည်။ ထို့ကြောင့် မိမိတို့၏ ဘဝရပ်တည်ရေးအတွက် မိမိတို့၏ ဓမ္မတာ၊ မိမိတို့တတ်စွမ်းသမျှ ပြင်ဆင်ကြကုန်၏။ ငါးတို့ကား `ရေလိုက်ငါးလိုက်' ဆိုသော စကားနှင့်အညီ မိုးဦးကျက တက်ရေနှင့်လိုက်ခဲ့ပြီး ယခု မိုးနှောင်းမှာ ကျရေနှင့်အတူ ပြန်ရချေတော့မည်။ သူတို့သည် လေသွေးတိုင်း တဖွဲဖွဲကျလာသော စပါးပွင့်ကလေးတွေကို မက်မောနေသဖြင့် တော်တော်နှင့် မသွားနိုင်ကြ။ သို့သော် တန်ဆောင်မုန်းလပြည့်ဝန်းသော ညကျသောအခါ၌ကား သူတို့အား ဓမ္မတာသဘာဝကြီးက ငမိုးရိပ်ကို ကြိမ်စကြာရိုက်ခေါ်သည့်နှယ် အားလုံးသော ငါးမျိုးတို့သည် လယ်ထဲမှ တညီတညွတ်တည်း တပြိုင်တည်း ထွက်ခွာကြကုန်၏။ တန်ဆောင်မုန်းလပြည့်ကျော် တရက်နေ့ရောက်လျှင် အဘယ်တံငါသည် လယ်ထဲတွင် ငါးရှာ၍ ရတော့မည် မဟုတ်ချေ။ ဘုမသိ၊ ဘမသိဖြစ်သော ဗုစုခရုတို့သာ လယ်ကတွတ်ဝမှာ တွေတွေနေကြသည်ကို တွေ့ရပေမည်။
(မှတ်ချက်။ ။ ကျွန်တော်များ မွေးဖွားခဲ့ရာ မြေလတ်ပိုင်းဒေသကို လေ့လာ၍ ရေးခြင်းဖြစ်သည်။ အခြားဒေသနှင့် တူကောင်းတူပေမည်။)
ကဲ မိုးဦးကျမှာ ပေါင်းခဲ့သော သတ္တဝါတွေ မိုးနှောင်းမှာ ဇာတ်ခေါင်းကွဲကြပေပြီ။ ရေပင့်ကူ၊ ရေပုရစ်၊ ရေပုစဉ်းစသော ရေပိုးရေမွှားငယ်တို့က ရေအခမ်းမှာ နေပူနှင့်သေကြပြီး သူတို့ခန္ဓာကိုယ်ငယ်တို့က မြေမှာ မျိုးစေ့သဖွယ် တွယ်ငြိနေကြပေလိမ့်မည်(ထင်သည်)။ ငါးတို့က ချောင်းမြောင်း အင်းအိုင်ရှိရာ ပြန်ကြပြီ။ တွင်းအောင်းသတ္တဝါတို့က တွင်းထဲ ဝင်ကြသည်။ တွင်းအောင်း သတ္တဝါဆိုရာ၌ ကျွန်တော့်ဇာတ်လမ်းအစက ပဏာမ ခံခဲ့သော ဖားနှင့် ပုဇွန်လုံးတို့အကြောင်း ထပ်လောင်း ပြောပြချင်ပါသည်။
ဖားသည် (သူ့ခြေထောက်တွေ ကြည့်ပါ ခင်ဗျာ) တွင်းကျစ်နိုင်၊ တူးနိုင်သော သတ္တဝါမဟုတ်၊ ပုဇွန်လုံး ကျစ်ထားသော တွင်းထဲကို သူ အတင်းဝင်လေသည်။ သူတို့သည် တမိုးတွင်းလုံး လယ်ထဲမှာနေစဉ်က တခါမျှ ရန်မဖြစ်ခဲ့ကြ။ ဖြစ်ရန်လည်း အကြောင်းမရှိ။ ယခုကား အသက်အိုးအိမ် စည်းစိမ် လုသည့်ပွဲဖြစ်၍ သူသေသေ ကိုယ်ကျေကျေ တိုက်ခိုက်ရပေတော့မည်။
ပုဇွန်တွင်းတခုထဲသို့ ဖားတကောင်က ဝင်သွားသောအခါ ဖားက အားကြီးလျှင် ပုဇွန်ကို မျိုပစ်လိုက်၏။ ပုဇွန်က အားကြီးလျှင် လက်မဖြင့် ညှပ်ဖြတ်ကာ ဖားကိုသတ်၍ အသားကို ပွဲတော်တည်လေ၏။ အချို့တွင်းမှာ ပုဇွန်က သေ၏။ အချို့တွင်းမှာ ဖားက သေ၏။ ဖားချည်းလည်း မသေ၊ ပုဇွန်ချည်းလည်း မသေ။ ထို့ကြောင့် ဖားနှင့်ပုဇွန်မျိုးတို့သည် နှစ်စဉ်မပြတ် ကပ်ကမ္ဘာပတ်လုံး လယ်ထဲမှာ ရှိနေကြမည်ဖြစ်၏။

သည်လို မိုးနှောင်းကာလတိုင်း သူတို့အသက်အိုးအိမ် စည်းစိမ်အတွက် သူတို့ တိုက်ခိုက်ရပေမည်။ တိုက်ကြ၊ တိုက်ကြ၊ သင်နိုင်လို့ သင်မသေခဲ့သော် ရှေ့နှစ် မိုးတွင်းဇာတ်လမ်းမှာ တခမ်းတနား ပါရပေဦးမည်။

Friday, July 23, 2021

မအေတစ်ခု သမီးတစ်ခု

0 comments
မအေတစ်ခု သမီးတစ်ခု
မြသန်းတင့် (ဘာသာပြန်)
(၁)
မစ္စက် မွန်နီ၏အဖေသည် အမဲသားသည် ဖြစ်သည်။ မစ္စက် မွန်နီက ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်သူ ဖြစ်၍ တစ်ခုခုကို လုပ်မည်ဆိုလျှင် မရမနေ လုပ်တတ်သည်။ မစ္စက် မွန်နီသည် သူ့အဖေဆိုင်တွင် အလုပ်လုပ်သည့်လူနှင့် လက်ထပ်ခဲ့သည်။ ထို့နောက် နွေရာသီပန်းခြံအနီးတွင် သူတို့ လင်မယားနှစ်ယောက် ကိုယ်ပိုင် အမဲသားဆိုင်ကလေး တစ်ဆိုင် ဖွင့်ကြသည်။ သို့ရာတွင် ယောက္ခမကြီး ဆုံးပြီးသည့်နောက်၌ မစ္စက် မွန်နီ၏ ယောက်ျားသည် ဖောက်စ ပြုလာတော့သည်။ သူ့ယောက်ျားက အရက်သောက်သည်။ ပိုက်ဆံသေတ္တာထဲက ရောင်းရသမျှကို သုံးပစ်သည်။ အကြွေးတွေ ပတ်လည်ဝိုင်း နေသည်။ သူ့ကို အရက် မသောက်ရန်၊ အသုံးအဖြုန်း လျှော့ရန် သစ္စာဆိုခိုင်းသော်လည်း ဘာမျှမထူး။ မကြာမီ ပြန်သောက်သည်သာ ဖြစ်သည်။ ဈေးဝယ်တွေ လာတုန်းလည်း မယားနှင့် ရန်ဖြစ်ချင် ဖြစ်သည်။ တစ်ဆင့်ခံ ဖောက်သည်ဆီက အမဲသားပုပ်များကို ဝယ်၍ လာတတ်သည်။ သို့ဖြင့် သူတို့လင်မယား စီးပွားပျက်ကြသည်။
တစ်ည၌မူ မွန်နီသည် သူ့မယားကို အမဲသားခုတ်သည့် ဓားဖြင့် လိုက်၍ မယားခမျာ အိမ်နီးချင်း အိမ်တစ်အိမ်တွင် သွားအိပ်ရသည်။ ထို့နောက်တွင်မူ သူတို့လင်မယား မပေါင်းကြတော့။ မိန်းမက ဘုန်းကြီးထံ သွားကာ ကွာခွင့် တောင်းသည်။ ကလေးစရိတ် ထောက်ဖို့ ဆုံးဖြတ်ပေးရန်လည်း လျှောက်သည်။ မစ္စက် မွန်နီသည် သူ့ယောက်ျားကို ပိုက်ဆံလည်း မပေးတော့၊ ချက်ပြုတ်၍လည်း မကျွေး၊ အိမ်ကိုလည်း အလာမခံတော့။ ဤသို့ဖြင့် မွန်နီသည် ရဲဌာနတွင် သွား၍ အလုပ်ရှာသည်။
မွန်နီက စုတ်စုတ်ပြတ်ပြတ်၊ ခါးကိုင်းကိုင်း၊ အရက်သမား ဖြစ်သည်။ မျက်နှာက ဖြူရော်ရော် မုတ်ဆိတ်ဖြူဖြူနှင့် ဖြစ်သည်။ မျက်ခုံးမွေးကလည်း ဖြူဆွတ်နေသည်။ သူ့မျက်လုံးပေါ်၌ ခဲတံဖြင့် ဆိုးထားသလို သေးသေးမျှင်မျှင်ကလေး ရှိသည်။ မျက်လုံးကလည်း သွေးကြောတွေ ပေါ်ကာ မျက်ထောင့်နီကြီးနှင့် ဖြစ်သည်။ မွန်နီသည် အလုပ် ရလိုရငြား တစ်နေ့လုံး ရဲစာရေး အခန်းတွင် ထိုင်နေတတ်သည်။
သူ့မယား မစ္စက် မွန်နီက အမဲသားဆိုင်ဖွင့်တုန်းက ကျန်သည့် လက်ကျန်ငွေကလေးဖြင့် ဟားဝပ်လမ်းတွင် အိမ်တစ်ဆောင် ငှါးကာ ဘော်ဒါ လက်ခံသည်။ ထို့ကြောင့် ဝင်ငွေကောင်းသည်။ သူ့ဘော်ဒါ၌ လူအမြဲ ပြည့်နေတတ်သည်။ လစ်ဗာပူနှင့် တစ်ဖက်ကမ်း မနုဿကျွန်းမှ ခရီးသည်များ မကြာခဏ လာတည်းခိုတတ်ကြသည်။ တစ်ခါတစ်ရံတွင်လည်း ဇာတ်ရုံများမှ ဆိုင်းသမားများ လာတည်းခိုတတ်ကြသည်။ အများအားဖြင့် သူ့ဘော်ဒါတွင် အမြဲနေသူများမှာ စာရေးများ ဖြစ်သည်။ မစ္စက် မွန်နီသည် သူ့ဘော်ဒါကို စည်းကမ်းတကျ ထိန်းနိုင်သည်။ လည်လည်း လည်သည်။ မည်သည့်အချိန်တွင် အကြွေး ထားရမည်ကို သိသည်။ မည်သည့်အချိန်တွင် တင်းတင်းမာမာ ဆက်ဆံရမည်ကို နားလည်သည်။ မည်သည့် အချိန်တွင် စလိုက်စရော နေရမည်ကို သိသည်။ ဘော်ဒါတွင် နေသည့် လူငယ်များက သူ့ကို “အဒေါ်ကြီး” ဟု ခေါ်ကြသည်။
မစ္စက် မွန်နီ၏ ဘော်ဒါတွင် နေလျှင် ဘော်ဒါခအတွက် ကစ်ပတ်ကို ဆယ့်ငါးသျှီလင် ပေးရသည်။ (ထိုအထဲတွင် ညစာနှင့်ကျွေးသည့် ဘီယာနှင့် စဗျစ်ချဉ် အရက်ဖိုး မပါ။) ဘော်ဒါနေသည့် လူငယ်များသည် ဝါသနာချင်း တူကြသည်။ အလုပ်အကိုင်လည်း တူကြသည်။ ထို့ကြောင့် တစ်ယောက်နှင့် တစ်ယောက် ခင်မင် ရင်းနှီးကြသည်။ တစ်ခါတစ်ရံတွင် ဘော်ဒါသို့ လာတည်းသူ လူစိမ်းများအကြောင်း၊ မြင်းပွဲတွင် မည်သည့်မြင်း “ဖေးဘရိတ်” ဖြစ်ကြောင်းတို့ကို ဆွေးနွေးကြသည်။
“အဒေါ်ကြီး” ၏ သား ဂျက် မွန်နီမှာ ဖလိလမ်းတွင် အရောင်းကုမ္ပဏီတစ်ခု၌ စာရေးလုပ်သည်။ သူ့ကိုမူ ဘော်ဒါသမားများက သိပ်မကြိုက်ကြ။ သူက ရန်ဖြစ်တတ်သည်ဟု နာမည်ကြီးသည်။ ဂျက် မွန်နီသည် စစ်သားတွေ ဆဲသည့် စကားလုံးများဖြင့် ညစ်ညစ်ညမ်းညမ်း ဆဲတတ်သည်။ သန်းခေါင်သန်းလွဲကျမှ အိမ်သို့ ပြန်လာတတ်သည်။ သူပြန်လာလျှင် ပြောစရာ တစ်ခုခုတော့ ပါလာတတ်သည်။ တစ်ခါတစ်ရံတွင် မြင်းတစ် ပါလာတတ်သည်။ အဆိုကျော်တစ်ဦး ဘာဖြစ်သည် ဆိုသည့် သတင်းမျိုး ပါလာတတ်သည်။ ပါးစပ်က ဗျစ်တောက် ဗျစ်တောက် ပြောတတ်သေးသည်။ ရယ်စရာ သီချင်းများကိုလည်း ဆိုတတ်သည်။
တနင်္ဂနွေနေ့ည ဆိုလျှင် မစ္စက် မွန်နီ၏ ဧည့်ခန်း လူစုံတတ်သည်။ ဇာတ်ရုံများက အဆိုကျော်များလည်း လာတတ်သည်။ ဝေါ့ဇ် ပိုလ်ကာ စသည့် အကများကိုလည်း ကကြသည်။ တူရိယာ တီးသူက တီးသည်။ ဤအခါမျိုး၌ “အဒေါ်ကြီး” ၏ သမီး ပေါ်လီ မွန်နီ ကလည်း သီချင်းဆိုတတ်သည်။
ပေါ်လီက သေးသေးသွယ်သွယ်၊ အသက် ၁၉ နှစ် ရှိပြီ။ ဆံပင်က ရွှေရောင်ဖျော့ဖျော့ သမ်းကာ ပါးစပ်ကျဉ်းကျဉ်း နှုတ်ခမ်းထူလေးနှင့် ဖြစ်သည်။ သူ့မျက်လုံးများက အစိမ်းရောင် ရိပ်ရိပ်ကလေး ပြေးနေသည့် အပြာရောင် ဖြစ်သည်။ စကားပြောလျှင် မျက်လွှာကလေး ပင့်ကာ မျက်လုံးကို လှန်ကြည့်၍ စကားပြောတတ်သည်။ ထိုအခါမျိုး၌ ပေါ်လီသည် မက်ဒိုနာရုပ်တုလို ကြည့်၍ လှသည်။
အစတုန်းက “အဒေါ်ကြီး” သည် သူ့သမီး ပေါ်လီကို ဂျုံစက်တစ်စက်တွင် လက်နှိပ်စက် စာရေးမ လုပ်ခိုင်းသည်။ သို့ရာတွင် နာမည်ပျက် ရှိသည့် ရဲစာရေး၏ တပည့်တစ်ယောက်က သူ့သမီးကို ရည်စားစကား ပြောရန် ဂျုံစက်သို့ နေ့တိုင်း လာလာချောင်း တတ်သဖြင့် သမီးကို အလုပ်မှ ထွက်ခိုင်းလိုက်သည်။ အိမ်မှာပင် အိမ်မှုကိစ္စတို့ကို လုပ်စေသည်။ ပေါ်လီက ခပ်သွက်သွက် ခပ်ပျံပျံ ဖြစ်၍ ဘော်ဒါ၌နေသည့် လူငယ်များကို ထိန်းရန်ဖြစ်သည်။ ထိုမျှမက ယောက်ျားလေး ဆိုသည်ကလည်း သူတို့အနားတွင် မိန်းကလေးတစ်ယောက် ရှိသည်ဆိုလျှင် သဘောကျတတ်ကြသည်။
ပေါ်လီကလည်း ဘော်ဒါ၌ နေသည့် လူငယ်များနှင့် ပရောပရည် ပြုလုပ်သည်။ သို့ရာတွင် သူ့သမီးကို အပျင်းပြေလောက် သဘောထားကြောင်းကို ချက်ဆို နားခွက်က မီးတောက်သည့် မစ္စက် မွန်နီ ကလည်း သိသည်။ မည်သူကမျှ အတည်ပေါက် ကြံကြမည် မဟုတ်။ ဤလိုဖြင့် အချိန်ကုန် သွားသည်။ ထိုအတွင်း သူ့သမီး ပေါ်လီနှင့် လူငယ်တစ်ယောက် အကဲကို ကြည့်၍ သံသယ ဖြစ်လာသည်။ ထို့ကြောင့် သူ့သမီးကို လက်နှိပ်စက် စာရေးမ ပြန်လုပ်ဖို့ မစ္စက် မွန်နီ စိတ်ကူးရသည်။ မစ္စက် မွန်နီသည် သူ့သမီး၏အရိပ်အကဲကို စောင့်ကြည့်ကာ ကျိတ်၍ စဉ်းစားသည်။
သူ့ကို အမေက အကဲခတ်နေကြောင်းကို ပေါ်လီကလည်း သိသည်။ သို့ရာတွင် အမေလုပ်သူက တစ်ခွန်းမျှ မဟသောအခါ အမေကလည်း ကြည်ဖြူသည်ဟု ပေါ်လီ ယူဆသည်။ အမေနှင့် သမီးသည် တစ်ယောက်ကို တစ်ယောက် ဖွင့်လည်း မပြောကြ၊ ဖွင့်၍လည်း မတိုင်ပင်ကြ။ ဘော်ဒါတွင် နေသည့် လူငယ်တွေ ကြားထဲတွင် ဟိုလေးတကျော် ဖြစ်နေသည့်တိုင် မစ္စက် မွန်နီသည် ဤကိစ္စကို ကြားမဝင်။ မသိလိုက် မသိဘာသာ နေသည်။
ဤအတွင်း ပေါ်လီ၏ အမူအရာသည် ဆန်းပြားလာသည်။ လူငယ်၏ အမူအရာကလည်း ဂနာမငြိမ် ဖြစ်လာသည်။ နောက်ဆုံးအချိန် ရောက်ပြီဟု ထင်သည့်အခါကျမှ မစ္စက် မွန်နီ ကြားဝင်သည်။ အမဲသားလှီး ဓားသည် အမဲသားတစ်ကို ဆက်ဆံသကဲ့သို့ မစ္စက် မွန်နီသည်လည်း လူမှုရေး ပြဿနာများကို တိခနဲနေအောင် ကိုင်တွယ်သည်။
(၂)
ထိုနေ့မှာ နွေဦးပေါက် တနင်္ဂနွေနေ့ တစ်နေ့ ဖြစ်သည်။ နေရောင်က တောက်နေသည်။ တစ်နေ့ခင်းလုံး နေသာမည့်နိမိတ် ဖြစ်သည်။ လေကလည်း တညင်းညင်း တိုက်နေသည်။ ဘော်ဒါဆောင်ရှိ ပြတင်းများအားလုံး ဖွင့်ထားသဖြင့် ဇာခန်းဆီးများသည် လေသွင်းထားသလို ဖောင်းနေကြသည်။ စိန့်ဂျော့ ဘုရားရှိခိုးကျောင်းမှ ခေါင်းလောင်းသံများကလည်း တဒင်ဒင် မြည်နေကြသည်။ ဝတ်တက်သူများသည် ဘုရားရှိခိုးကျောင်း ရှေ့က ကွက်လပ်ကို ဖြတ်နေကြသည်။ တချို့ တစ်ယောက်တည်း။ တချို့က ကိုယ့်အုပ်စုနှင့် ကိုယ်။ လက်အိတ် စွပ်ထားသည့် လက်များထဲက ကျမ်းစာအုပ်များသဖွယ် သူတို့အမူအရာကလည်း တည်ငြိမ်သည်။
ဘော်ဒါတွင် နံနက်စာ ကျွေးပြီးပြီ။ စားပွဲပေါ်တွင် ပန်းကန်များ ပြန့်ကျဲလျက် ရှိသည်။ ပန်းကန်များထဲတွင် ကြက်ဥ အနှစ်ဖတ်များ၊ ဝက်ပေါင်ခြောက် ဆီများ၊ ဝက်ပေါင်ခြောက် အခေါက်ဖတ်များ ကျန်ရစ်ခဲ့သည်။
မစ္စက် မွန်နီသည် ကောက်ရိုးခင်းထားသည့် ကုလားထိုင်တွင် ထိုင်ရင်း အိမ်စေ မေရီ စားပွဲရှင်းနေသည်ကို စောင့်ကြည့်နေသည်။ ပေါင်မုန့်အပဲ့များကို စု၍ သိမ်းခိုင်းသည်။ ခဏကြာလျှင် စားပွဲ ရှင်းပြီးပြီ။ ပေါင်မုန့်အပဲ့များကို စုသိမ်းပြီးပြီ။ သကြားခွက်နှင့် ထောပတ်ဘူးကို ကြောင်အိမ်ထဲ၌ လုံခြုံစွာ သိမ်းပြီးပြီ။ ထိုအခါကျတော့မှ မစ္စက် မွန်နီသည် မနေ့ညက သူ့သမီးပေါ်လီနှင့် တွေ့ဆုံ မေးမြန်းခဲ့ကြသည့် စကားများကို ပြန်၍ စဉ်းစားချိန် ရတော့သည်။
သမီးကို မေးကြည့်တော့ သူ ထင်သည့်အတိုင်း မှန်နေပြီ။ မအေ မေးပုံကလည်း ပွင့်လင်းသည်။ သမီး ဖြေပုံကလည်း ဗြောင်ကျသည်။ သို့ရာတွင် သားအမိ နှစ်ယောက်စလုံး နည်းနည်းတော့ အမ်းတမ်းတမ်း ဖြစ်မိကြသည်။ အမေက အမ်းတမ်းတမ်း ဖြစ်ရခြင်းမှာ သမီးထံက ဤသို့ ဗြောင်ကျကျ အဖြေမျိုး မကြားလိုသောကြောင့် ဖြစ်သည်။ သမီးက ဖွင့်ပြောပြီးလျက်သားနှင့် အမေက သည်အတိုင်း ကြည့်နေလျှင် သူပါ အလိုတူ အလိုပါဟု အထင်ခံရမည် စိုးသည်။ သမီး အမ်းတမ်းတမ်း ဖြစ်ရခြင်းမှာ သူကိုယ်၌က ဤစကားမျိုး ပြောလျှင် အိုးတိုးအမ်းတမ်း ဖြစ်တတ်သောကြောင့် ဖြစ်သည်။ မအေကွယ်ရာ၌ “ကမြင်းကြော ဆွဲသည်” ဟု အထင်ခံရမည် စိုးသောကြောင့်လည်း ဖြစ်သည်။
ဘုရားရှိခိုးကျောင်းမှ ခေါင်းလောင်းသံ တိတ်သွားပြီ။ ထိုအခါကျမှ မစ္စက် မွန်နီသည် ကြောင်အိမ်ပေါ်က ဘောင်ခွေထားသည့် နာရီကို အလိုအလျောက် လှမ်းကြည့်လိုက်သည်။ ၁၁ နာရီ ထိုးပြီး၍ ၁၇ မိနစ် လွန်နေပြီ။ သူ့သမီးနှင့် ကျူးလွန်သူ ဒူရန်ကို သွားတွေ့ရမည်။ ၁၂ နာရီ မထိုးခင် မာလာဘာရိုလမ်းက တရားရုံးကို သွားရမည်။ အချိန် ရှိသေးသည်။ ဤပွဲတွင် သူနိုင်မည်ဟု မစ္စက် မွန်နီ စိတ်ချသည်။ လူများစု၏ ထင်မြင်ချက်က သူ့ဘက်မှာ ရှိသည်။ စင်စစ် သူသည် သမီးရှင် မဟုတ်လော။
သူသည် ဒူရန်ကို သူ့အိမ်၌ နေခွင့်ပေးခဲ့သည်။ သူ့ကို လူကြီးလူကောင်း တစ်ယောက်လို ဆက်ဆံခဲ့သည်။ ယခု ဒူရန်သည် သူ သဘောကောင်းသည်ကို အခွင့်ကောင်း ယူသွားပြီ။ ဒူရန်သည် ငယ်တော့သည့် အရွယ်မဟုတ်။ အသက် ၃၀ ကျော် ၃၅ နှစ် ထဲသို့ ရောက်နေပြီ။ ထို့ကြောင့် လူငယ်မို့ မိုက်မှားမိပါသည်ဟု ထုချေရန်လည်း ယုတ္တိမရှိ။ စာမတတ် ပေမတတ်၍ ဖြစ်သည်ဟု ပြောရန်ကလည်း သူသည် လောကအကြောင်းကို ကောင်းကောင်း သိနေပြီ။ နောကျောနေပြီ။ ဒူရန်သည် သူ့သမီး နုနုထွတ်ထွတ်ကလေးကို မုန့်ပေး၍ ကြိုက်ခြင်းသာ ဖြစ်သည်။ ဤမျှဆိုလျှင် ဒူရန် ရုန်း၍ မထွက်နိုင်၊ အစင်းသား မိနေပြီ။ သူ့ထံက မည်သည့် လျော်ကြေးမျိုး တောင်းရမည်နည်း ဆိုသည့် ပြဿနာတစ်ခုသာ ကျန်တော့သည်။
ဤလိုကိစ္စမျိုးတွင် လျော်ကြေး မတောင်း၍ မဖြစ်၊ လျော်ကြေးရအောင် တောင်းရမည်။ ယောက်ျားသားက ကိစ္စမရှိ။ မိန်းကလေးတစ်ယောက်ကို ကြောရရုံ ကြံပြီးလျှင် ဣနြေ္ဒမပျက် နေ၍ရသည်။ မိန်းကလေးက ဤသို့မဟုတ်၊ အထုပ်အထည်ကျန်ရစ်မည်၊ အရှက်တကွဲ အကျိုးနည်း ဖြစ်ရမည်။ အချို့ သမီးရှင်များကမူ ဤလိုကိစ္စမျိုးတွင် ပိုက်ဆံ နည်းနည်းပါးပါး ရလျှင် ကျေအေး လိုက်ကြသည်။ ဤအဖြစ်မျိုးကို သူ တွေ့ခဲ့ဖူးပြီ။ သို့ရာတွင် မစ္စက် မွန်နီက ဤသို့ ပြီးနိုင်ရိုးလား။ သမီး အပျိုရည် ပျက်သည့်အတွက် သူလိုချင်သည့် လျော်ကြေးမှာ တစ်ခုတည်းသာ ဖြစ်သည်။ ဤသည်မှာ အခြားမဟုတ်၊ တင့်တောင့် တင့်တယ် လက်ထပ်ယူရေး ဖြစ်သည်။ မစ္စက် မွန်နီသည် ဤသို့ ဘက်စုံ စဉ်းစားသည်။ ပြီးမှ မေရီကို အပေါ်ထပ်သို့ တက်၍ ဒူရန်ကို အခေါ်လွှတ်လိုက်သည်။ သူနှင့် စကားပြောစရာ ရှိသည်ဟု ပြောရန်လည်း မှာလိုက်သည်။ သူ့ဘက်က ဧကန္တ နိုင်ရမည်ဟု မစ္စက် မွန်နီ ယုံကြည်သည်။
ဒူရန်က လူတည်လူအေး ဖြစ်သည်။ အခြားလူငယ်များလို ဟော့ဟော့ရမ်းရမ်း မဟုတ်။ အာမကျယ်။ အကယ်၍သာ သူ့သမီးသည် ဒူရန်နှင့် မဟုတ်ဘဲ ရှရီဒန်တို့လို၊ လီယွန်တို့လို လူစားနှင့် ဖြစ်သည်ဆိုလျှင် တစ်မျိုး စဉ်းစားရလိမ့်မည်။ ပြဿနာမှာ ခက်လိမ့်မည်။ ယခု ဒူရန်ကမူ ဤအစားထဲက မဟုတ်။ ဒူရန်သည် ထိုကိစ္စမျိုးကို လူသိခံနိုင်မည့် လူစားမဟုတ်။ ယခုပင် ဤကိစ္စကို ဘော်ဒါ နေသူတွေ အကုန် သိနေကြပြီ။ တချို့ကလည်း သာသာထိုးထိုးကလေး ချဲ့ကား ပြောနေကြသည်။ ဒူရန်သည် ဗရင်ဂျီဘာသာဝင် ဝိုင်အရက် ကုမ္ပဏီကြီး တစ်ခုတွင် အလုပ် လုပ်နေသည်မှာ ၁၃ နှစ်ရှိပြီ။ ဤလိုကိစ္စမျိုး လူသိရှင်ကြားဖြစ်လျှင် အလုပ်ပင်လျှင် ပြုတ်ကောင်း ပြုတ်သွားနိုင်သည်။ အကယ်၍ သူ့အစီအမံကို လိုက်နာမည်ဆိုလျှင်မူ အားလုံး အဆင်ပြေလိမ့်မည်။ ဒူရန်က လခလည်း ကောင်းသည်။ စုပြီး ဆောင်းပြီးကလေးလည်း ရှိလိမ့်မည်ဟု သူထင်သည်။
နာရီဝက်နီးပါး ကြာသွားပြီ။ မစ္စက် မွန်နီသည် မတ်တတ် ထရပ်ကာ သူ့မျက်နှာကို နံရံက မှန်ထဲတွင် လှမ်းကြည့်သည်။ ပြတ်သားတင်းမာသည့် သူ့မျက်နှာထားကို သူ ပြန်မြင်ရသည့်အခါတွင် ကျေနပ်အားရ သွားသည်။ သမီးတစ်ယောက်အတွက် လင်ကောင်းကောင်း တစ်ယောက်ကို အမိဖမ်းပေးနိုင်သော သမီးရှင်အချို့ကို သူ သတိရသည်။
ဤတနင်္ဂနွေနေ့ တစ်မနက်လုံး ဒူရန် ဂနာမငြိမ် ဖြစ်နေသည်။ ယနေ့မနက် မုတ်ဆိတ်ရိတ်ရန် နှစ်ကြိမ်တိုင်တိုင် ကြိုးစားပြီးပြီ။ သို့ရာတွင် လက်တွေ ကတုန်ကယင် ဖြစ်နေသဖြင့် နောက်ဆုံး လက်လျှော့ လိုက်ရသည်။ သုံးရက်စာ ရှိနေပြီဖြစ်သော နီကျင့်ကျင့် မုတ်ဆိတ်မွေးများက သူ့မေးကို အနားကွပ် ထားကြသည်။ ရေငွေ့ သမ်းလာသဖြင့် သူ့မျက်မှန်ကို ချွတ်၍ အိတ်ထဲမှ လက်ကိုင်ပုဝါကို ထုတ်ကာ မကြာခဏ သုတ်ပေးရသည်။ မနေ့ညက ဗရင်ဂျီ ဘုန်းတော်ကြီးထံတွင် အပြစ်ကို ဝန်ခံချက် ပေးကာ သီလဆေးခဲ့ရသည်။ ဤအကြောင်းကို တွေးမိတိုင်း သူ့စိတ် ထိခိုက်ရသည်။ ဘုန်းတော်ကြီးက သူတို့ နှစ်ယောက် ကျူးကျူးလွန်လွန် ဖြစ်ကြသည့် ကိစ္စကို အသေးစိတ် မေးသည့်အခါတွင် ပြန်ပြောရသည်မှာ ရှက်စရာ ကောင်းသည်။ ဘုန်းတော်ကြီးထံ သီလဆေးပြီးသည့် အဆုံး၌ သူ့အပြစ်သည် သူထင်သည်ထက် ကြီးလေးကြောင်းကို တွေ့ရသည်။ လျော်ကြေးပေးခြင်းဖြင့် အပြစ်မှ လွတ်မည့် ထွက်ပေါက်ကလေးတစ်ခု ရှိသေး၍ တော်သေးသည်ဟုပင် အောက်မေ့ရသေးသည်။ ယခု မိန်းကလေး တစ်ယောက်ကို သူ ကျူးလွန်ခဲ့ပြီ။ လက်ထပ် ယူမည်လော၊ ရှောင်ပြေးမည်လော၊ ဒူရန် ဘာလုပ်ရမည်နည်း။ ဤအဖြစ်မျိုးကို သူ မျက်နှာပြောင် မတိုက်ရဲ။ မကြာခင် သူတို့ ကိစ္စသည် ဖုံးမရ ဖိမရဖြင့် အုတ်အော်သောင်းတင်း ဖြစ်တော့မည်။ သို့ဆိုလျှင် ဤသတင်းကို သူ့အလုပ်ရှင်ကလည်း မကြားဘဲ နေမည်မဟုတ်။ ဒဗ္ဗလင်မြို့က အကျဉ်းကလေး ဖြစ်သည်။ တစ်ယောက်အကြောင်းကို တစ်ယောက် သိကြသည်။ သူ့အလုပ်ရှင် မစ္စတာ လီယိုနာ့ဒ်က “မစ္စတာ ဒူရန်ကို ငါ့ဆီ ခဏ လွှတ်လိုက်စမ်းဟေ့” ဟု အသံအက်အက်ဖြင့် ပြောသံကို သူ့စိတ်ကူးထဲတွင် ကြားယောင်နေသည်။ ဤအသံကြောင့် သူ့နှလုံးသည် လည်ပင်းတွင် လာ၍ တစ်ဆို့နေသည်ဟု သူ ခံစားရသည်။
သွားပြီ။ သူ တစ်သက်လုံး အလုပ်တွင် နာမည်ကောင်း ရခဲ့သမျှ တစ်ချက်ကလေးဖြင့် သွားပြီ။ သူ အလုပ် ကြိုးစားခဲ့သမျှ၊ ဝီရိယ ကောင်းခဲ့သမျှတို့သည် အဟောသိကံ ဖြစ်ကြရပြီ။ မှန်သည်။ သူသည် လူငယ်တစ်ဦးပီပီ ပေခဲ့ တေခဲ့သည်များ ရှိသည်။ သူ့ကိုယ်သူ လွတ်လပ်စွာ တွေးခေါ်နိုင်စွမ်း ရှိသူဟု ကြွားခဲ့ဖူးသည်။ ဘုရားသခင် ဆိုသည်ကို မယုံကြည်ဟု အရက်ဆိုင်များ ထဲတွင် မူးမူးနှင့် ပြောခဲ့ဖူးသည်။ သို့ရာတွင် ယခု ဤသို့ မဟုတ်တော့ပြီ။ အရွယ်ကလေး ထောက်လာပြီ။ ဒူရန်သည် လွတ်လပ်သော တွေးခေါ်မှုကို အသားပေးသည်။ “ရေးနိုး” သတင်းစာကို ဝယ်ဖတ်လေ့ ရှိသော်လည်း ဘုရားရှိခိုးကျောင်းကို မှန်မှန်တက်သည်။ တစ်နှစ်ကို ဆယ်ပုံပုံလျှင် ကိုးပုံလောက်က အသောက်အစား အပျော်အပါး မရှိ။ ရိုးရိုးကုပ်ကုပ် နေသည်။ ဒူရန်တွင် အိုးနှင့်အိမ်နှင့် အခြေတကျ နေရန် ငွေလေးကြေးလေးလည်း အတော်အတန် စုဆောင်းမိပြီ။ ယခု အမဲသားသည် သမီးနှင့်တော့ လားလားမှ မဖြစ်နိုင်။ သူ့ဘက်က ဆွေမျိုးများက သူ့မိန်းမကို အထင်သေးကြလိမ့်မည်။ ပထဆုံး သူ့ဘက်က နာမည်ပျက် ရှိသော သူ့အဖေကို လက်ညှိုးထိုးကြမည်။ ထို့နောက် တဖြည်းဖြည်း နာမည်ပျက်စ ပြုနေသော သူ့အမေ၏ ဘော်ဒါဆောင်ကို မေးငေါ့ကြလိမ့်မည်။ သူ “အမဲဖမ်း” ခံရပြီဟု ဒူရန် သတိထားမိသည်။ သူ့မိတ်ဆွေတွေက သူ့အကြောင်းကို ပြောကာ ရယ်ကြလိမ့်မည်။ ပေါ်လီက အောက်တန်းကျသည်။ သဒ္ဒါကိုမျှ မှန်အောင် မပြောတတ်။ သို့ရာတွင် သူ့ကိုယ်၌က ပေါ်လီကို တကယ်ချစ်သည် ဆိုလျှင်တော့ ကိစ္စမရှိ။ သဒ္ဒါမမှန်ခြင်းသည် ဘာအရေးနည်း။ သို့ရာတွင် ယခုတိုင် ဒူရန်သည် ပေါ်လီကို ချစ်သလော မုန်းသလောဟု စဉ်းစား၍ မရသေး။ သူ့အပေါ်၌ အညှာလွယ်ခဲ့သည့် ပေါ်လီအပေါ် မည်သို့ သဘောထားရမည်ဟု သူ မစဉ်းစားတတ်သေး။ စင်စစ် ဤကိစ္စတွင် သူကိုယ်တိုင်ကလည်း မထိန်းနိုင် မသိမ်းနိုင် ဖြစ်ခဲ့ရသည် မဟုတ်လော။ သူ့ပကတိဉာဏ်က ပေါ်လီကို လက်မထပ်ရန်၊ ရှောင်ပြေးရန် တောင်းဆိုနေသည်။ မိန်းမ ယူလိုက်သည်နှင့် တစ်ပြိုင်နက် ဘဝတုံးပြီဟု အသိဉာဏ်က ပြောသည်။
(၃)
ဒူရန်သည် ရှပ်အင်္ကျီနှင့် ဘောင်းဘီကို ဝတ်ထားကာ ခုတင်ပေါ်တွင် ထိုင်နေတုန်း ပေါ်လီက တံခါးကို အသာခေါက်၍ ဝင်လာသည်။ ပေါ်လီက သူ့အမေကို အကုန် ဖွင့်ပြောလိုက်ကြောင်း၊ ယနေ့နံနက် သူ့အမေက သူ့ကို ဖွင့်မေးလိမ့်မည် ထင်ကြောင်းဖြင့် ပြောပြသည်။ ပေါ်လီက ငို၍ ဒူရန်၏လည်ပင်းကို ဖက်လိုက်သည်။
“ပေါ်လီ ဘယ်လိုလုပ်ရမလဲဟင်၊ ပေါ်လီ ဘယ်လိုလုပ်ရမလဲ”
ပေါ်လီက သူ့ကိုယ်သူ သတ်သေချင်သည်ဟု ဆိုသည်။
ဒူရန်က သူ့ကို မငိုရန် နှစ်သိမ့်သည်။ အဆင်ပြေသွားလိမ့်မည် ဖြစ်ကြောင်း၊ မကြောက်ဖို့ အကြောင်း အားပေးသည်။ သို့ရာတွင် သူကိုယ်တိုင်ကလည်း အားမရှိလှ။ ပေါ်လီ၏ ဖိုလှိုက်သော ရင်သည် သူ့ရင်ဘတ်ကို လာထိသည်။
စင်စစ် သည်အဖြစ် ရောက်ခဲ့ရခြင်းသည် သူ့အပြစ် မဟုတ်။ လူပျိုကြီးများ၌ ထူးဆန်း၍ မမေ့တတ်သော မှတ်ဉာဏ်မျိုး ရှိသည့်အလျောက် သူနှင့်ပေါ်လီ စတွေ့စတုန်းက အဖြစ်ကို သူ ယခုတိုင် သတိရသေးသည်။ ပေါ်လီက ပွတ်သီးပွတ်သပ် လာလုပ်ပုံ၊ သူ့ကိုယ်က မွှေးကြိုင်နေပုံ၊ သူ့ လက်ချောင်းကလေးများဖြင့် သူ့ကို လာကလိပုံတို့ကို သူ အမှတ်ရသည်။ တစ်ညတွင် အိပ်တော့မည်ဟု အဝတ်အစား လဲနေစဉ် ပေါ်လီက သူ့တံခါးကို မရဲတရဲ လာခေါက်သည်။ သူ့အခန်းက ဖယောင်းတိုင် လေတိုက်၍ ငြိမ်းသွားသဖြင့် ဒူရန့်အခန်းက ဖယောင်းတိုင်မှ မီးကူးချင်၍ဟု ဆိုသည်။ ထိုညက ပေါ်လီ ရေချိုးထားသည်။ ပန်းပွင့်လေးတွေ ဖော်ထားသည့် ဖလန်နယ် ညဝတ်အင်္ကျီပွပွကို ဝတ်ထားသည်။ သိုးမွေးခြေညှပ်ဖိနပ်မှ ဖြူဖွေးသော ခြေထောက်များသည် ဝင်းလက်နေကြသည်။ မွှေးကြိုင်နေသော အရေပြားအောက်က သွေးများသည်ပင် နီမြန်းတောက်ပလျက် ရှိသည်။ ဖယောင်းတိုင် မီးကူးနေစဉ် သူ့လက်နှင့် လက်ကောက်ဝတ်များဆီက ရေမွှေးနံ့သည် သင်းနေသည်။
ည သူ အိမ်ပြန်နောက်ကျလျှင် ပေါ်လီက လာ၍ တံခါးဖွင့်ပေးတတ်သည်။ ညစာကို နွှေးပေးတတ်သည်။ ပေါ်လီနှင့် နှစ်ယောက်တည်း ထိုင်၍ ညစာစားရလျှင် ဒူရန်သည် သူ စားနေသည့် ဟင်းလျာတွေကိုပင် မမှတ်မိတော့။ လေပြင်းသည့် ည၊ ရာသီဥတု အေးသည့်ည ဆိုလျှင် သူ့အတွက် ပေါ်လီက အရက်ကလေး တစ်ခွက်တလေကိုလည်း အသင့်ချထားတတ်သေးသည်။ ဤလိုနေရလျှင် မည်မျှ ကောင်းမည်နည်းဟု ဒူရန် တွေးခဲ့ဖူးသည်။
ညစာ စားပြီးလျှင် လက်တွင် ဖယောင်းတိုင်ကိုယ်စီ ကိုင်ကာ သူတို့နှစ်ယောက်သား လှေကားကို ခြေဖျားထောက်၍ တက်လာခဲ့ကြသည်။ တတိယထပ်သို့ ရောက်လျှင် မခွဲချင်ခွဲချင်ဖြင့် ကိုယ့်အခန်းကိုယ် ပြန်ခဲ့ကြသည်။ နမ်းကြသည်။ အရောင်တဖျပ်ဖျပ် လက်နေသော ပေါ်လီ၏မျက်လုံးများ၊ သူ့ကို ပွတ်သပ်နေသော ပေါ်လီ၏လက်ချောင်းများ၊ သူ့အဖြစ်များကိုသူ မြင်ယောင် ကြားယောင်လာသည်။
သို့ရာတွင် ငန်းဖမ်းသည်မှာ ခဏမျှသာ ကြာသည်။ မည်သို့ စဉ်းစားမည်နည်း ဟူသော ပေါ်လီ၏မေးခွန်းသည် သူ့နားထဲ၌ ပဲ့တင်ထပ်လာသည်။ လူပျိုကြီး၏အသိစိတ်က သူ့ကို ရပ်တန်းက ရပ်ရန် တားသည်။ သို့ရာတွင် ယခု ကျူးလွန်မိခဲ့ပြီ။ ဤအပြစ်အတွက် တန်ရာတန်ဖိုး လျော်ကြေးမျိုးကို ပေးရမည်ဟု သူ့ဂုဏ်သိက္ခာက သူ့ကို ပြောနေပြီ။
သူတို့နှစ်ယောက် ခုတင်ပေါ်တွင် ဘေးချင်းယဉ်၍ ထိုင်နေစဉ် မေရီ ရောက်လာကာ မစ္စက် မွန်နီက သူ့ကို တွေ့လိုကြောင်း၊ ဧည့်ခန်းသို့ ဆင်းလာရန် မှာလိုက်ကြောင်းဖြင့် ပြောပြသည်။
ဒူရန်သည် မတ်တတ်ထကာ ကုတ်အင်္ကျီကို ကောက်ဝတ်လိုက်သည်။ သူ့ကိုယ်ထဲတွင် ခွန်အား မရှိတော့။ အဝတ်အစား လဲပြီးနောက် ပေါ်လီ့အခန်းသို့ လိုက်သွားကာ နှစ်သိမ့် အားပေးသည်။ အဆင်ပြေသွားမည် ဖြစ်ကြောင်း၊ စိုးရိမ်ဖို့ မလိုကြောင်း ပြောပြသည်။ ပေါ်လီက ခုတင်ပေါ်တွင် တရှုပ်ရှုပ်ငို၍ ကျန်ရစ်ခဲ့သည်။ လှေကားကို ဆင်းရင်း သူ့မျက်မှန်တွင် အခိုးတွေ ရိုက်သဖြင့် မျက်မှန်ကို ချွတ်၍ သုတ်ရသေးသည်။ ဒူရန်သည် ခေါင်မိုးပေါ် တက်ကာ ဤကိစ္စကို မကြားရသည့် တိုင်းပြည် တစ်ပြည်သို့ ငှက်ကလေးလို ပျံသွားလိုက်ချင်သည်။ သို့ရာတွင် သူ့ကိုယ်ခန္ဓာထဲက ခွန်အားတစ်ခုက လှေကားကို တစ်ထစ်ချင်း အဆင်းခိုင်းနေသည်။ အလုပ်ရှင်နှင့် အဒေါ်ကြီး၏ တင်းမာသော မျက်နှာများကို မြင်ယောင်နေသည်။
လှေကား အောက်ဆုံးထစ် အရောက်တွင် အရက်နှစ်ပုလင်းကို ပိုက်၍ မီးဖိုခန်းဘက်ဆီမှ ထွက်လာသော ဂျက် မွန်နီနှင့် ပက်ပင်းတိုးနေသည်။ တစ်ယောက်ကို တစ်ယောက် ဝတ်ကျေတမ်းကျေ နှုတ်ဆက်ကြသည်။ ဒူရန်၏ မျက်လုံးများသည် ဂျက် မွန်နီ၏ ထူအမ်းအမ်း ခွေးဘီလူးမျက်နှာကြီးနှင့် တုတ်ခိုင်သန်မာသော လက်မောင်းအိုးကြီး နှစ်ဖက်ကို တစ်စက္ကန့် နှစ်စက္ကန့်မျှ စိုက်ကြည့်နေမိသည်။ လှေကားရင်းသို့ ရောက်လျှင် သူ့အား ခပ်တည်တည် လှမ်းကြည့်နေသော ဂျက်မွန်နီကို သတိထားလိုက်မိသည်။ ချက်ချင်း ပေါ်လီနှင့် ကြိုက်နေသော လန်ဒန်သား “အဆိုကျော်" တစ်ယောက်ကို ဒူရန် သွားသတိရမိသည်။ ထိုညက အဆိုတော်သည် သူ့အဆက် ပေါ်လီထံ ပြန်လာကာ နှစ်ယောက်သား အလွမ်းသယ်ကြသည်။ ဤတွင် ဂျက်မွန်နီ ရောက်လာကာ ဒေါသူပုန်ထသဖြင့် သူ့ကို ဝိုင်း၍ ဖျောင်းဖျကြရသည်။ “အဆိုကျော်” ၏မျက်နှာတွင် သွေးမရှိတော့။ ဖြူဖပ်ဖြူရော် ဖြစ်နေပြီ။ ရိုးရိုးတန်းတန်း အလည်လာခြင်းပါဟု ရှင်းပြသည်။ သို့ရာတွင် ဂျက်မွန်နီက အော်မြဲအော်သည်။ သူ့နှမကို ယီးတီးယားတား လာလုပ်သူမှန်သမျှကို သွားကျိုးအောင် ထိုးမည်ဟု ကြိမ်းသည်။ တကယ်လည်း လုပ်သည်။
(၄)
ပေါ်လီသည် ခုတင်ပေါ်တွင် ထိုင်ကာ ငိုကျန်ရစ်သည်။ ထို့နောက် မျက်ရည်ကို သုတ်၍ မှန်ရှေ့ ၌ ရပ်သည်။ မျက်နှာသုတ်ပုဝါထောင့်စွန်းကို ရေကရားတွင် ထည့်၍ နှစ်ပြီးနောက် မျက်လုံးကို သုတ်သည်။ သူ့ကိုယ်သူ မှန်ထဲတွင် ဘေးစောင်းကြည့်ရင်း နားရွက်အထက်က ဆံညှပ်ကို ပြင်ညှပ်သည်။ နောက် ခုတင်ခြေရင်းတွင် သွားထိုင်နေသည်။ ပေါ်လီသည် ခေါင်းအုံးများကို အတန်ကြာ ငေးစိုက်ကြည့်သည်။ ခေါင်းအုံးများကို မြင်သည့်အခါ၌ ကြည်နူးဖွယ်ကောင်းသော သူတို့နှစ်ဦး၏ တိတ်တခိုး အချစ်စခန်းဖွင့်ပုံများကို ပြန်၍ မြင်ယောင်လာသည်။ ပေါ်လီသည် အေးစက်နေသော သံခုတင်ပေါင်တွင် ကုပ်ကိုမှေး၍ မှီရင်း ကြည်နူးစရာများကို တသိမ့်သိမ့် တွေးနေသည်။ ယခု ပေါ်လီ၏မျက်နှာပေါ်တွင် စိုးရိမ်ကြောင့်ကြသည့် အရိပ်အယောင်များ မရှိတော့ပြီ။
ပေါ်လီသည် ရွှင်လန်း စိတ်ရှည်စွာ စောင့်သည်။ ထိတ်လန့် စိုးရိမ်ခြင်း မရှိတော့။ သူ့စိတ်ကူးများသည် မျှော်လင့်ချက်အပြည့်ဖြင့် ကြည်နူးစရာအနာဂတ်ကို ရောက်နေသည်။ သူ့အနာဂတ် စိတ်ကူးကမ္ဘာသည် တောက်ပထိန်လင်းလျက် ရှိခြင်းကြောင့် သူ ငေးစိုက်ကြည့်ရှုနေသည့် ခေါင်းအုံးဖြူဖြူများကိုလည်း မမြင်တော့။ တစ်စုံတစ်ရာကို စောင့်ဆိုင်းနေခြင်း ဖြစ်သည်ကိုလည်း သတိမရတော့။
နောက်ဆုံး၌ သူ့အမေ၏ခေါ်သံကို ပေါ်လီ ကြားရသည်။ ပေါ်လီသည် မတ်တတ်ထကာ လှေကားထိပ်သို့ ပြေးလာခဲ့သည်။
“ပေါ်လီရေ ပေါ်လီ”
“လာပြီ မေမေ”
“အောက်ထပ်ကို ခဏလာခဲ့ဦး သမီးရေ။ ဟောဒီက မစ္စတာ ဒူရန်က သမီးနဲ့ စကားပြောချင်လို့တဲ့”
ထိုအခါ၌ ပေါ်လီသည် သူစောင့်ဆိုင်းနေသော အရာကို ပြန်၍ သတိရပြီ။
(James Joyce’s The Boarding House)

Monday, July 19, 2021

အစိုးရအဖြစ် နိုင်ငံတကာ အသိအမှတ်ပြုရေးကိစ္စ

0 comments
အစိုးရအဖြစ် နိုင်ငံတကာ အသိအမှတ်ပြုရေးကိစ္စ
သိန်းထွန်းနိုင်
အရေးတော်ပုံဂျာနယ်၊ အတွဲ(၃) အမှတ် ၅ မှာ ဖော်ပြမယ့်ဆောင်းပါး
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ကုလသမဂ္ဂအပါ နိုင်ငံတကာက အသိအမှတ်ပြုလာဖို့ တချို့ကမျှော်လင့်နေတယ်။ နိုင်ငံတကာကအသိအမှတ်ပြုတာနဲ့ ‘ပွဲသိမ်းပြီ’ လို့ မှန်းဆ တွက်ချက်နေကြတယ်။ ဘယ်လို ပွဲသိမ်းမှာလဲ။ အာဏာသိမ်း စစ်ကောင်စီကို ဘယ်သူက ဘယ်လိုဥပဒေအကြောင်းပြချက်တွေနဲ့ ပလ္လင်ပေါ်က ဆွဲချမလဲ။ နိုင်ငံတကာ အသိအမှတ်ပြုမှုက အရေးကြီးတာမှန်ပေမယ့် အသိအမှတ်ပြုခံရဖို့ လွယ်သလား။ နိုင်ငံကြီးတွေက နိုင်ငံတနိုင်ငံရဲ့အစိုးရအဖြစ်အသိအမှတ်ပြုဖို့စဉ်းစားတဲ့အခါ အခိုင်အမာရှိနေတဲ့ မြေပြင်က ပကတိအခြေအနေအပြင် မိမိတို့အကျိုးစီးပွားကို အဓိကထားပြီးလည်း စဉ်းစားပါတယ်။
ပထဝီ နိုင်ငံရေး အကျိုးစီးပွား အပေါ် မူတည် တဲ့ ပြည်ပအစိုးရများ ရဲ့ တုံ့ပြန်မှုအမျိုးမျိုး နောက်လိုက်နေရင် မျက်စေ့လည် လမ်းမှား နိုင်ပါတယ်။

နိုင်ငံတကာ လူ့အဖွဲ့အစည်းတခုလုံးကို အုပ်စိုးသူ ပြည်သူ ခွဲခြားသုံးသပ်တဲ့ လူတန်းစားအမြင် နဲ့ ကြည့်ပါက ခေတ်ရဲ့ နယ်ချဲ့စနစ်လက္ခဏာ၊ အုပ်စိုးသူများရဲ့ ပြည်သူအပေါ် ဖိနှိပ်မှု၊( အမေရိကန် ဂျာမနီစတာတွေမှာ အုပ်စိုးသူအလွှာ အချို့အတွင်းပေါ်လာနေတဲ့ လက်ယာစွန်း အမျိုးသားရေးဝါဒ ဖက်ဆစ်ဝါဒဘက် တိမ်းညွတ်မှု) လက္ခဏာ၊ အဖိနှိပ်ခံ ပြည်သူများ ရဲ့ ဒီမိုကရစီစစ်စစ်ကို လိုလားမှု၊လူ့အဖွဲ့အစည်းအတွင်း ဘက်စုံ မညီမျှချက်များ အပေါ် မကျေနပ်မှု စတဲ့ လက္ခဏာတို့ကို တွေ့မြင်ရပါလိမ့်မယ်။ ဒီအခြေခံ ဒီနောက်ခံ နဲ့ ပထဝီနိုင်ငံရေး အခြင်းအရာများကို ကြည့်သင့်ပါတယ်။

၁၉၉၀ ခုနှစ် ရွေးကောက်ပွဲအလွန်မှာ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ (NCGUB) ဆိုတာ ပေါ်လာဖူးတယ်။ အခုပေါ်လာတဲ့ အမျိုးသားညီညွတ်ရေးအစိုးရလိုပဲ သူတို့လည်း နယ်စပ်မှာအစိုးရဖွဲ့တယ်၊ နောက်တော့ ပြည်ပရောက်အစိုးရ ဖြစ်သွားတယ်။ ကုလသမဂ္ဂအထွေထွေညီလာခံမှာ ဗမာပြည်ကို ကိုယ်စားပြုတဲ့ တရားဝင်အစိုးရအဖြစ် တက်ရောက်နိုင်ရေး ကြိုးပမ်းဖူးတယ်။ မအောင်မြင်ဘူး။

ညွန့်ပေါင်းအစိုးရ (NCGUB) ဟာလည်း လွှတ်တော်အမတ်တွေနဲ့ ဖွဲ့ထားတဲ့ အစိုးရပါပဲ။ အနောက်နိုင်ငံတချို့က ဖေးမကူညီကြပါတယ်။ ဒါပေမဲ့ ဘယ်လောက် အတိုင်းအတာနဲ့ ကူညီသလဲ ပြန်ကြည့်ပါ။ လက်ရှိ ညီညွတ်ရေးအစိုးရ (NUG) ကိုလည်း ပြည်ပနိုင်ငံတွေက ပြောဆိုဆက်ဆံတာတွေ၊ ကူညီတာတွေ ရှိပါတယ်။ ဒါပေမဲ့ အကန့်အသတ်နဲ့ ကူညီနေတာပါ။ အဲဒီလို ကူညီတဲ့အတိုင်းအတာက ဒီအစိုးရတွေကို အသိအမှတ်ပြုမှုအတိုင်းအတာနဲ့ တိုက်ရိုက်အချိုးကျပါတယ်။

နိုင်ငံတကာမှာ စင်ပြိုင်အစိုးရတွေနဲ့ဆက်ဆံတဲ့အခါ နိုင်ငံရေးအကျိုးစီးပွားအရ အသိအမှတ်ပြုမှုနဲ့ ဥပဒေကြောင်းအရအသိအမှတ်ပြုမှုဆိုပြီး ရှိပါတယ်။ တချိန်က ညွန့်ပေါင်းအစိုးရလက်ခံရရှိခဲ့တဲ့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ထောက်ခံမှုနဲ့ အခု ညီညွတ်ရေးအစိုးရ လက်ခံရရှိနေတဲ့ထောက်ခံမှုတွေဟာ နိုင်ငံရေးအကျိုးစီးပွားအရအသိအမှတ်ပြုမှုအခြေခံကနေ ရနေတာတွေပါ။

ညွန့်ပေါင်းအစိုးရကို နိုင်ငံတကာဥပဒေကြောင်းအရ အစိုးရအဖြစ် အသိအမှတ်မပြုခဲ့ဘူး။ အစိုးရအဖွဲ့တဖွဲ့ကို အစိုးရအဖြစ်အသိအမှတ်ပြုတဲ့အခါ ဥပဒေကြောင်းအရ အသိအမှတ်ပြုမှုက အဓိကပါ။ နိုင်ငံတကာဥပဒေမှာ အစိုးရအဖြစ်အသိအမှတ်ပြုဖို့ စဉ်းစားတဲ့အခါ မူသုံးခုကို အခြေခံပြီး စဉ်းစားကြတယ်။ နိုင်ငံအများစုကျင့်သုံးတဲ့ အစဉ်အလာမူက ထိထိမိမိ စိုးပိုင်ချုပ်ကိုင်မှုကို အခြေခံတယ်။ ထိထိမိမိထိန်းချုပ်နိုင်မှုကိုအခြေခံတဲ့ တနည်းအားဖြင့် အစိုးရလို့ ကြွေးကြော်သူတွေဟာ တကယ်ပဲ အစိုးရသလား၊ မရဘူးလားဆိုတာကို အခြေခံတဲ့မူကို နိုင်ငံတွေ အတော်များများက ကျင့်သုံးကြပါတယ်။

အဲဒီ အစိုးရခြင်း၊ မရခြင်းမူအရ အစိုးရတရပ်ကို အသိအမှတ်ပြုဖို့ အချက်လေးချက်နဲ့ ဆုံးဖြတ်တယ်။ အစိုးရတရပ်ဟာ (၁) စိုးပိုင်ချုပ်ကိုင်မှုမှာ ထိထိရောက်ရောက် ရှိရမယ် (၂) တည်တည်ငြိမ်ငြိမ်နဲ့ အရှည်တည်တံ့နိုင်ရမယ် (၃) တာဝန်ဝတ္တရားတွေကို ထမ်းဆောင်နိုင်စွမ်းနဲ့ ထမ်းဆောင်လိုစိတ် ရှိရမယ် (၄) လူထုထောက်ခံမှုရှိရမယ်ဆိုတဲ့ လေးချက် ဖြစ်ပါတယ်။ ဒီလေးချက်မှာ အဓိကအချက်က နိုင်ငံတော်နယ်မြေနဲ့ နိုင်ငံတော်အတွင်းနေထိုင်သူတွေကို ထိထိမိမိ စိုးပိုင်ချုပ်ကိုင်နိုင်ရမယ်ဆိုတဲ့အချက်ပဲ ဖြစ်တယ်။ နယ်မြေကိုလည်း အစိုးမရ၊ ပြည်သူကိုလည်း အစိုးမရရင် အစိုးရ မမည်ဘူးလို့ ပြောတာပါ။

အစိုးရလို့ နိုင်ငံတကာဥပဒေကြောင်းအရ အသိအမှတ်ပြုပြီးနောက် အသိအမှတ်ပြုတဲ့နိုင်ငံနဲ့ အသိအမှတ်ပြုခံရတဲ့နိုင်ငံ နှစ်နိုင်ငံကြားမှာ စစ်ရေး၊ စီးပွားရေး၊ ကုန်သွယ်ရေးတွေ လုပ်ကြတဲ့အခါ တာဝန်ယူမှု၊ တာဝန်ခံမှုတွေ ရှိဖို့လိုပါတယ်။ တာဝန်ယူနိုင်ခြေမရှိတဲ့ အဖွဲ့အစည်းကို အစိုးရလို့ အသိအမှတ်ပြုဖို့ ခက်ပါတယ်။

နိုင်ငံတနိုင်ငံရဲ့ အစိုးရအဖြစ်အသိအမှတ်ပြုခံရဖို့ မိမိကိုယ်စားပြုတဲ့နိုင်ငံရဲ့ နယ်မြေတခုလုံးကို ထိထိမိမိ စိုးပိုင်ချုပ်ကိုင်နိုင်ရမယ်ဆိုတာဟာ တနိုင်ငံလုံးမှာ လက်တွေ့ကျကျ အာဏာ တည်ဆောက်နိုင်ရမယ်လို့ ဆိုတာပါ။ တနိုင်ငံလုံးကို မထိန်းချုပ်နိုင်ဘူးဆိုရင်တောင် နယ်မြေအများစုကို ချုပ်ကိုင်နိုင်ရမယ်လို့ သတ်မှတ်ထားတယ်။ ဒါ့အပြင် အဲသလို စိုးပိုင်မှုကို ရေရှည်ထိန်းသိမ်းထားနိုင်တဲ့ အလားအလာလည်းရှိရမယ်လို့ ဆိုတယ်။ တနိုင်ငံလုံး သို့မဟုတ် တနိုင်ငံလုံးနီးပါးကိုအစိုးရတဲ့ အစိုးရတရပ်ဖြစ်ဖို့ အစိုးရယန္တရားကို ပိုင်ဆိုင်ထားရမယ်၊ အစိုးရယန္တရားလည်ပတ်ဖို့ နိုင်ငံတော်ဘဏ္ဍာကို ပိုင်ဆိုင်ချုပ်ကိုင်နိုင်ရမယ်။ ဆိုလိုတာက အစိုးရအဖွဲ့၊ ဝန်ကြီးအဖွဲ့ ရှိရုံနဲ့မပြီးဘူး နိုင်ငံတဝန်းမှာ နိုင်ငံတော်ယန္တရားလည်ပတ်နိုင်ဖို့ စစ်တပ်တွေ၊ ပုလိပ်တပ်တွေ ရှိရမယ်၊ အကျဉ်းထောင်တွေ ရှိရမယ်၊ တရားရုံးတွေ ရှိရမယ်၊ ဒီဌာနတွေမှာ လုပ်ကိုင်မယ့် လူအင်အား ရှိရမယ်၊ ဒီလုပ်ငန်းတွေ လည်ပတ်ဖို့ ငွေလုံလုံလောက်လောက် ရှိရမယ်လို့ ဆိုတာပါ။

နိုင်ငံတကာဥပဒေအရတော့ ဘယ်သူ့အစိုးရလဲဆိုပြီး လူကိုကြည့်ပြီး မဆုံးဖြတ်ဘူး၊ ဘယ်လိုစနစ်ကိုသုံးတဲ့ အစိုးရလဲဆိုပြီး စနစ်ကိုကြည့်ပြီးတော့လည်း မဆုံးဖြတ်ဘူး။ အစိုးရဆိုတာ ဘယ်လိုဖြစ်ရမယ်ဆိုတဲ့ အစိုးရတရပ်ရဲ့ဂုဏ်အင်္ဂါ၊ အရည်အချင်းတွေ၊ သတ်မှတ်ချက်တွေကိုပဲ ကြည့်ပြီးဆုံးဖြတ်တာ ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတကာဥပဒေမှာ ဒီမိုကရေစီအစိုးရ ဖြစ်ရမယ်၊ အာဏာရှင်အစိုးရမဖြစ်ရဘူး ဆိုတာမျိုး မရှိဘူး။ နိုင်ငံတနိုင်ရဲ့အစိုးရတရပ်ကို မကြိုက်လည်း အထက်မှာပြောခဲ့တဲ့ အချက်လေးချက်နဲ့ညီရင် မချစ်သော်လည်း အောင့်ကာနမ်းကြတယ်။ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုပြီး ဆက်ဆံကြရတယ်။ ကိုယ်သဘောကျ ထောက်ခံသူတွေက အစိုးရပါဆိုပြီး ကြွေးကြော်နေပေမယ့် ‘အစိုးရ၊ မရ’ မူနဲ့ မကိုက်ညီရင် အစိုးရအဖြစ် အသိအမှတ်ပြုချင်ပေမယ့် နိုင်ငံရေးအရသာအသိအမှတ်ပြုပြီး အကန့်အသတ်နဲ့ ဆက်ဆံကြပါတယ်။

ဒါပေမဲ့ စစ်အေးခေတ်မှာတော့ နိုင်ငံနှစ်ခု - အစိုးရနှစ်ရပ်အဖြစ် ကွဲခဲ့ရတာတွေရှိတယ် ( အရှေ့ဂျာမနီ-အနောက်ဂျာမနီ၊ တောင်ကိုရီးယား-မြောက်ကိုရီးယား၊ တောင်ဗီယက်နမ်- မြောက်ဗီယက်နမ်၊ တောင်ယီမင်- မြောက်ယီမင်၊ တရုတ်ပြည်မကြီးနဲ့- ထိုင်ဝမ်ကျွန်း)။ စစ်အေးခေတ်နဲ့ စစ်အေးလွန်ခေတ်တလျှောက် အမေရိကန်စူပါပါဝါ နန်းတင်ပေးခဲ့တဲ့ အာဏာသိမ်းစစ်အစိုးရတွေ ရုပ်သေးအစိုးရတွေ တပုံကြီးရှိခဲ့ပါတယ် (ဥပမာ။ အာဖဂန်၊ အီရတ်)။ အမေရိကန်နယ်ချဲ့ဟာ အစ္စရေးအစိုးရကို နန်းတင်ပေးပြီး ဂျေရုစလင်ကို အစ္စရေးနိုင်ငံထဲ ထည်ခဲ့သော်လည်း ပါလက်စတိုင်းနိုင်ငံကို တရားဝင်နိုင်ငံအဖြစ် အသိအမှတ်ပြုဖို့ ကုလသမဂ္ဂမှာ ပိတ်ဆို့ထားဆဲပါပဲ။

၂၀၀၈ စီးပွားရေးကပ်နောက်ပိုင်းမှာတော့ (အာဖဂန်စစ် အီရတ်စစ်တို့မှာ အသုံးအဖြုန်းကြီးခဲ့မှုကြောင့်) ပဋိပက္ခဖြစ်တဲ့ တိုင်းပြည်တွေနဲ့ဆက်ဆံရေးမှာ အမေရိကန်နဲ့ အနောက်အုပ်စုဟာ သူတို့လိုလားတဲ့အတိုက်အခံတွေ ဖြစ်ရင်တောင် နိုင်ငံတကာဥပဒေကြောင်းအရ အခြေအနေ၊ အချိန်အခါကြည့်ပြီး ဥပဒေအရအသိအမှတ်ပြုတာကို လုပ်ပါတယ်။ ၂၀၁၂ ခုနှစ်က ‘ဆီးရီးယား အတိုက်အခံညွန့်ပေါင်းအဖွဲ့’ ကို ဥပဒေကြောင်းအရ အသိအမှတ်မပြုသေးတာနဲ့ ပတ်သက်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက အခုလို ပြောတယ်။ ဥပဒေအရ အသိအမှတ်ပြုမှုဟာ နယ်မြေကိုချုပ်ကိုင်နိုင်မှုနဲ့ သက်ဆိုင်တယ်၊ လစ်ဗျားအရေးတုန်းကလည်း အသိအမှတ်ပြုမှုကို သူ့အဆင့်နဲ့သူ တဆင့်ပြီးမှတဆင့်လုပ်တယ်။ အရင်ဆုံး နိုင်ငံရေးအရ လုပ်ရတာတွေရှိတယ်၊ ကဒါဖီအစိုးရရဲ့ထိန်းချုပ်မှုတွေ မရှိတော့မှ နောက်ဆုံးမှ ဥပဒေကြောင်းနဲ့ဆိုင်တဲ့အဆင့်တွေကို တက်လှမ်းတာဖြစ်တယ်လို့ ရှင်းပြတယ်။

လစ်ဗျားပဋိပက္ခမှာ ‘အကူးအပြောင်းကာလ လစ်ဗျားအမျိုးသားကောင်စီ’ ကို အစိုးရအဖြစ် လွယ်လွယ် အသိအမှတ်မပြုခဲ့ဘူး။ အတိုက်အခံတွေက နယ်မြေတချို့ကို သိမ်းပိုက်ထားပေမယ့် ကဒါဖီ လက်အောက်မှာလည်း နယ်မြေထိန်းချုပ်မှုတွေရှိတဲ့အခါ မဆိုင်တဲ့နယ်မြေတွေ အတွက်ပါ အတိုက်အခံကိုတာဝန်ယူခိုင်းလို့ မဖြစ်ဘူးလို့ အမေရိကန်နိုင်ငံခြားရေးဌာန ဥပဒေအကြံပေးက ပြောပါတယ်။ ဆီးရီးယားပဋိပက္ခမှာလည်း ‘ဆီးရီးယား အတိုက်အခံညွန့်ပေါင်းအဖွဲ့’ ကို အမေရိကန်၊ ဗြိတိန်နဲ့ အနောက်နိုင်ငံတွေက ‘ဆီးရီးယားပြည်သူများကို တရားသဖြင့် ကိုယ်စားပြုသောအဖွဲ့အစည်း’ ဆိုပြီး အသိအမှတ်ပြုတာတွေ ရှိပေမယ့် နိုင်ငံတကာဥပဒေနဲ့ ညီညွတ်တဲ့ အစိုးရအဖြစ် အသိအမှတ်ပြုတာမျိုး မဟုတ်ဘူး။ အတိုက်အခံ ကိုယ်စားလှယ်တွေကို လက်ခံတာ၊ ရုံးဖွင့်ခွင့်ပေးတာတွေ ရှိပေမယ့် အစိုးရချင်းဆက်ဆံရေး၊ သံတမန်ဆက်ဆံရေးအဆင့် မဟုတ်ဘူး။

အတိုက်အခံကို နိုင်ငံရေးအရအသိအမှတ်ပြုပြီး ဆက်ဆံရေးရုံးတွေ ဖွင့်ခွင့်ပေးတဲ့ နိုင်ငံတွေမှာ အာဆက်အစိုးရဲ့ သံတမန်တွေ၊ သံရုံးတွေလည်း ပုံမှန်ဆက်ရှိနေတယ်။ နှစ်နိုင်ငံ ဆက်ဆံရေး ပြတ်တောက်တဲ့ နိုင်ငံတွေမှာသာ သံရုံးတွေ ပိတ်ပစ်တာ၊ သံတမန် ရုတ်သိမ်းတာတွေ ရှိပါတယ်။ ဆီးရီးယားမှာ အတိုက်အခံတပ်တွေက နယ်မြေတချို့ကို သိမ်းပိုက်ထားနိုင်ပေမယ့် သမ္မတအာဆက်က ချုပ်ကိုင်ထားနိုင်တဲ့နယ်မြေက ပိုကြီးမားတယ်။ ကုလသမဂ္ဂမှာလည်း အာဆက်အစိုးရကသာ တရားဝင်ကိုယ်စားပြုအစိုးရအဖြစ် ဆက်ရှိနေတယ်။ လစ်ဗျားနဲ့ ဆီးရီးယားဟာ တကယ်တော့ အမေရိကန်ဦးဆောင်တဲ့ အနောက်နိုင်ငံတွေ စစ်ရေးအရ ဝင်စွက်ဖက်ခဲ့၊ ဝင်စွက်ဖက်နေတဲ့ နိုင်ငံတွေပါ။ ဒါပေမဲ့ အတိုက်အခံတွေကို အစိုးရအဖြစ် လွယ်လွယ် အသိအမှတ်မပြုပါဘူး။

ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် ဟွေဒိုက အိမ်စောင့်အစိုးရသမ္မတအဖြစ် ကြေညာပြီး စင်ပြိုင်အစိုးရထူထောင်ဖို့ ကြိုးပမ်းတော့လည်း အမေရိကန်နဲ့အတူ အနောက်အုပ်စုက အားပေးထောက်ခံကြတယ်။ ဒါပေမဲ့ နိုင်ငံရေးအရထောက်ခံမှုပါပဲ။ ဟွေဒိုရဲ့စင်ပြိုင်အစိုးရက နယ်မြေပိုင်စိုးမှု မရှိဘူး။ သူ့ကို ထောက်ခံတယ်ဆိုတဲ့နိုင်ငံအချို့မှာ ဆက်ဆံရေးရုံးတွေ၊ ကိုယ်စားလှယ်တွေ လက်ခံတယ်။ ဒါပေမဲ့ နယ်မြေပိုင်စိုးမှုရှိပြီး တနိုင်ငံလုံးကို ချုပ်ကိုင်ထားနိုင်တဲ့ မာဒူရိုအစိုးရကိုသာ တရားဝင်အစိုးရအဖြစ် တဖက်ကနေ ဆက်ဆံနေတယ်။ ဟွေဒိုရဲ့ကိုယ်စားလှယ်တွေ ကုလသမဂ္ဂမှာ ကိုယ်စားပြုခွင့်ရဖို့ကြိုးစားတာလည်း မအောင်မြင်ဘူး။ အမေရိကန်က သူ့နိုင်ငံတွင်းက မာဒူရိုအစိုးရရဲ့ သံတမန်တွေကို ထုတ်ပစ်တာ၊ သံရုံးကို ဟွေဒိုရဲ့ ကိုယ်စားလှယ်တွေကို လွှဲပေးတာတွေ လုပ်ပါတယ်။ ဒါပေမဲ့ ဟွေဒိုရဲ့ စင်ပြိုင်အစိုးရဟာ တရားဝင် အသိအမှတ်ပြုအစိုးရ ဖြစ်မလာခဲ့ဘူး။

အစိုးရအဖြစ်အသိအမှတ်ပြုခံရဖို့ နိုင်ငံပိုင်နယ်မြေကို ပိုင်စိုးမှု ရှိရမယ်၊ ပြည်သူကို ပိုင်စိုးမှု ရှိရမယ်။ အစိုးရဖွဲ့ထားပေမယ့် အစိုးရတာဝန်တွေကို လက်တွေ့မြေပြင်မှာ မလုပ်နိုင်ရင် စာရွက်ပေါ်က အစိုးရပဲ ဖြစ်နေမယ်။ စာရွက်ပေါ်က အစိုးရကို နိုင်ငံတကာက အသိအမှတ်မပြုပါဘူး။ ဒါကြောင့် စင်ပြိုင်အစိုးရတွေဟာ အဝေးရောက်အစိုးရအဖြစ် နိဂုံးချုပ်ရင်ချုပ် ဒါမှမဟုတ် တစတစနဲ့ ပျောက်ကွယ်သွားလေ့ရှိပါတယ်။ တော်လှန်ရေးတရပ် ဆင်နွှဲပြီး အောင်ပွဲရယူနိုင်ရင်တော့ ယာယီအစိုးရတွေ၊ ကြားဖြတ်အစိုးရတွေ ဖွဲ့နိုင်လိမ့်မယ်။
 
ရန်သူကို လုံးဝချေမှုန်းပြီး အစိုးရနေရာကနေ ဖယ်ရှားနိုင်ရင်၊ တပြည်လုံးကို အခိုင်အမာ ထိန်းချုပ်ထားနိုင်ရင်၊ လူထုထောက်ခံမှုနဲ့အတူ စစ်ရေး၊ နိုင်ငံရေး အခြေအနေတွေ ကောင်းတယ်ဆိုရင် နိုင်ငံတကာက အစိုးရတရပ်အဖြစ် အသိအမှတ်ပြုမှာ ဧကန်မုချပဲ။ တရွာပြီးတရွာ၊ တမြို့ပြီးတမြို့သိမ်းပြီး တပြည်လုံးသိမ်းနိုင်တဲ့ ပြည်သူ့တော်လှန်ရေးကို အောင်မြင်စွာ ဆင်နွှဲနိုင်မှသာ နိုင်ငံတကာက အစိုးရအဖြစ် ကြိုဆိုပါလိမ့်မယ်။
ရည်ညွှန်း
Recognition of Opposition Groups as the Legitimate Representative of a People – Stefan Talmon
Effective Control Doctrine – Desmond Tutu Foundation
Recognition of Governments: Legitimacy and Control Six Months after Guaido – Opinio Juris

Thursday, July 8, 2021

တော်လှန်ရေး နယ်မြေအနှံ့အပြား လှုပ်ရှားခဲ့တဲ့ ခေါင်းဆောင်ရဲဘော်အောင်

0 comments

တော်လှန်ရေး နယ်မြေအနှံ့အပြား


လှုပ်ရှားခဲ့တဲ့ ခေါင်းဆောင်ရဲဘော်အောင်

(ဗတိုးရှိန်- မုံရွာ)

အရေးတော်ပုံ အတွဲ(၂) အမှတ်(၅)

ဗမာပြည်ကွန်မြူနစ်ပါတီ ဝဘ်ဆိုက်မှ။

ကျွန်တော်တို့ တော်လှန်ရေးထဲ မရောက်မီကပင် ရဲဘော်အောင် (ခေါ် ) ဗိုလ်မျိုးမြင့်ကို ကြားဖူး သိဖူးနေတယ်၊ အကြောင်းက ထောင်ထွက် တော်လှန်ရေးသမားဟောင်းများနဲ့ ခင်မင်သိကျွမ်းစဉ် ပြောပြကြလို့ ဖြစ်တယ်။ အသားမဲ မျိုးမြင့် ဆိုတဲ့ ဝိသေသနဲ့လည်း လူသိများတယ်။

ရဲဘော်အောင်ဟာ ပြည်သူ့ ဒီမိုကရေစီလက်နက်ကိုင်တော်လှန်ရေး စတင်ခဲ့တဲ့ ၁၉၄၈ မှာ ကတည်းက ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ဗဟိုက်ေမတီဝင် ဝါရင့်ခေါင်းဆောင်တဦးပါ၊ သူ့အသက်နဲ့တွက်ကြည့်ရင် အသက် ၂၀ ကျော်အရွယ်မှာ ပါတီဗဟိုကော်မတီဝင် ဖြစ်ခဲ့တယ်။ ၁၉၇၅ ခုနှစ်မှာ ပါတီဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ဝင် ဖြစ်တယ်။ သူ့မှတ်စုမှတ်တမ်းမှာ သူဟာ ၁၉၄၃ ခုနှစ်မှာ ကွန်မြူနစ်ပါတီဝင်ဖြစ်ခဲ့တယ်လို့ မှတ်သားထားတာ တွေ့ရပါတယ်။ မင်္ဂလာဒုံ ဗိုလ်သင်တန်း ဒုတိယပတ်ကျောင်းဆင်းဖြစ်တယ်၊ စံပြတပ်မှာ ဖက်ဆစ်တော်လှန်ရေးအတွက် တနယ်ထည်းသား ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးဘုန်းမြင့် အပါအဝင်၊ ဗိုလ်ဘိုကြည်၊ ဗိုလ်ကျော်ဇောလေး(ရခိုင်)နဲ့ ရဲဘော်အောင်တို့ လေးဦး ကွန်မြူနစ်ပါတီရဲ့ ကလာပ်စည်းတခု လျှို့ဝှက်ဖွဲ့စည်း အလုပ်လုပ်တယ်လို့ ရေးထားတာ တွေ့ရတယ်။ စက်ကြီးတပ်ဖွဲ့မှာ တာဝန်ယူရတယ်၊ မုံရွာက ဗိုလ်ဖြိုးလည်း စက်ကြီးတပ်မှာ ရောက်လာတယ်။ စစ်ရုံးချုပ်မှ ဗိုလ်ချုပ်အောင်ဆန်းအစီအစဉ်အရ သခင်စံဝေနဲ့အတူ မော်လမြိုင်ခရိုင်နဲ့ သထုံခရိုင်ကို စစ်သားစုဆောင်းရေး သွားရတယ်။ သထုံခရိုင် ခရိုင်အရေးပိုင် သခင်လင်းနဲ့တွေ့၊ သခင်လင်းဟာ ခိုင်မာတဲ့ ဖက်ဆစ်တော်လှန်ရေး သဘောထားရှိ။ စစ်သားစုဆောင်းရေးမှာ သခင်သင်းလှိုင်၊ သခင်ချန်ထွန်း(မော်လမြိုင်) တို့က အတူလိုက် ဆောင်ရွက်ပေးကြတယ်။ ကျိုက္ခမီ၊ မုဒုံ၊ ချောင်းဆုံ မြို့တွေမှာ တရားပွဲလုပ်၊ တပ်ထဲဝင်ဖို့ တရားဟောရတာ အဓိကပါတဲ့။ တော်လှန်ရေး အစလောက်မှာ သခင်လင်းကို ဖက်ဆစ်ဂျပန်တို့ ဖမ်းဆီး သတ်ဖြတ်တဲ့သတင်းကြားရလို့ စိတ်ထိခိုက်ရပုံလည်း ရေးထားတယ်။

ကျွန်တော်တို့ ၀နယ် ပန်ဆန်း ရောက်စအချိန်က တရက်မှာ ဌာနတွင်းရှိ ရဲဘော်တချို့ ဖက်ဆစ်တော်လှန်ရေး အထူးထုတ်စာစောင်မှာ ရွှေတိဂုံပစ္စယံ ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းပြောနေတဲ့ပုံနဲ့ ဘေးနားကရုပ်ပုံများ ဝိုင်းကြည့်နေကြတယ်။ ဘာများထူးဆန်းနေသလဲလို့ ကျွန်တော်မေးကြည့်တော့ ဒီပုံတွေထဲ ရဲဘော်အောင်ပုံ ပါလို့ ဝိုင်းကြည့်နေကြတာတဲ့၊ ဟုတ်လား ဆိုပြီး ကျွန်တော်ပါ ဝင်ကြည့်မိတယ်၊ ရုပ်ပုံပါတဲ့ကိစ္စ ထားပါတော့၊ ထိုစဉ်က ရဲဘော်အောင်က တပ်မတော်ထဲရှိ ပါတီဝင်ဆိုတော့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ နီနီးကပ်ကပ် နေခဲ့ရပုံရတယ်လို့ ကျွန်တော် ဂရုပြုလိုက်မိတယ်။ ရဲဘော်အောင် မှတ်တမ်းတွေက သမိုင်းဝင်၊ ဗမာပြည် ဖက်ဆစ်ဂျပန်တော်လှန်ရေး အခိုင်အမာအချက်အလက်တွေ ဖြစ်တယ်။ နောက်မျိုးဆက်တွေ လေ့လာနိုင်အောင် အချက်အလက် အနည်းငယ် ထုတ်နုတ် တင်ပြပါမယ်။

“ ရဲဘော်အောင် မှတ်တမ်းမှာ ဝင်ဆာလေ့ကျင့်ရေးစခန်းမှာ ပြန်ဆုံကြတာ ဗိုလ်သိန်းတန်၊ ဗိုလ်ဘိုကြည်၊ ဗိုလ်သန်းရွှေ၊ ဗိုလ်ကျော်ဇံနဲ့ ဗိုလ်မျိုးမြင့်ခေါ် ရဲဘော်အောင်တို့ ငါးဦး ကလာပ်စည်းသဘော အချို့ညတွေမှာ လျှို့ဝှက်ဆွေးနွေး၊ ဗိုလ်ချုပ်အောင်ဆန်း ခွင့်ပြုချက်နဲ့ လေ့ကျင့်ရေးတပ်မှာ ဆွေးနွေးပညာပေးရေးများ လုပ်တယ် ” တဲ့။ တပ်က ဗိုလ်ချုပ်က ကိုင်ထားတဲ့တပ်ဆိုတော့ ဗိုလ်ချုပ် သဘောတူ ခွင့်ပြုချက်က အရေးကြီးပါတယ်။ လေ့ကျင့်ရေးမှာ ရဲဘော်အောင်က ခွဲ(၃) တာဝန်ယူ၊ ခွဲ(၄)ကို ဗိုလ်အေး တာဝန်ယူတယ်။ ဗိုလ်အေး (လက်ပံတန်း) လည်း ပါတီဝင်တဲ့။ တပ်ထဲမှာ ဗိုလ်အေးက နာမည်ကြီး။ လူမှာ ဗိုလ်အေး၊ မြင်းမှာ မဲလေး လို့ နာမည်ရတယ်၊ နောက်ပိုင်း တိုင်း(၄) က ဖက်ဆစ်ဂျပန်တော်လှန်ရေးမှာ ဗိုလ်အေး ကျဆုံးသွားတယ်ဆိုတာ မှတ်ထားတယ်။

ပါတီရဲ့ ကြိုးပမ်းမှု၊ ကရင်တပ်ရင်း တရင်း ဝင်ဆာလမ်းထဲ ရောက်လာပုံ၊ ဗိုလ်ချုပ်လည်းသဘောတူ၊ ကရင်တပ် ရင်းမှူးဟာ ဗိုလ်စောထွန်းစိန်၊ နောက် ဗိုလ်မန်းအောင်မြိုင်၊ ဗိုလ်စက်ကရီးတို့သာ မှတ်မိတော့တယ်တဲ့။ ဗိုလ်ကျော်ဇံနဲ့ ရဲဘော်အောင်ကို တပ်ရင်း အကြံပေးအဖြစ် စစ်ရုံးချုပ်က တာဝန်ပေးထား၊ ဒီတပ် ကရင်တပ်မှူးများဟာ ပညာတတ်များတယ်။ ဆွေးနွေး ညှိနိုင်းရတာကောင်း၊ ရင်းနှီးမှုလည်းရ၊ သင်တန်းကို ကြိုစားကြတယ်။ တပ်မှူးများ နိုင်ငံရေးပညာပေးတာ ခံယူမှု ကောင်းကြ။ ဒီတပ်က တော်လှန်ရေးဖြစ်ချိန် မြစ်၀ကျွန်းပေါ်မှာ ဖက်ဆစ်ဂျပန်တိုက်ကြတယ်- တဲ့။ ဒီ အချက်က ဖက်ဆစ်တော်လှန်ရေးမှာ တိုင်းရင်းသား တော်လှန်ရေး အင်အားစုတွေ အတူလက်တွဲတိုက်ခဲ့တယ်ဆိုတဲ့ သမိုင်းတခုလို့ မှတ်ယူနိုင်တယ်။ နောက် ဝင်ဆာလမ်းကနေ ကျိုက္ကလို့ စခန်းရောက်၊ လေ့ကျင့်ရေးတပ်ရင်းဖြစ်လာ၊ တပ်ရင်းမှူး ဗိုလ်မှူးလွန်းတင် (ဒီချုပ် အမှုဆောင်ဟောင်း-ကွယ်လွန်) ရဲဘော်အောင်က သင်တန်း ဆရာဖြစ်လာ၊ တပ်ကို စစ်ရေးအရသာ မဟုတ်၊ နိုင်ငံရေးအရ တည်ဆောက်ကြရတယ်လို့ ရဲဘော်အောင်မှတ်တမ်းက ဆိုတယ်။ နောက် သာယာ၀တီရောက်ချိန် အင်စပက်တော် သခင်ဖေအောင်ထံသွား၊ သူနဲ့ သူ့ဇနီးတို့ ဖက်ဆစ်တော်လှန်ရေး ပြင်ဆင်မှုများ လုပ်နေကြ၊ သခင်ဖေအောင်ဆိုတာ ရန်ကုန်ရှိ သခင်သန်းထွန်းတို့နဲ့ ဆက်သွယ်၊ ဖက်ဆစ်တော်လှန်ရေးအတွက် လုပ်နေတယ်၊ သခင်ခင်အောင်ရဲ့ ညီလည်းဖြစ်တယ်တဲ့။ မင်းလှစည်သူ တိုင်း(၁) ရဲ့ တပ်မှူးကြီးအဖြစ် ဗိုလ်ချုပ် တာဝန်ယူတယ်၊ နိုင်ငံရေးမှူးအဖြစ် သခင်ဗဟိန်းက နာမည်ခံတယ်။ မင်းလှစည်သူတိုင်းရဲ့ လက်တွေ့လုပ်ငန်းများ ဗိုလ်မှူးလွန်းတင်နဲ့ တွဲဘက်အဖြစ် ဗိုလ်သန်းရွှေက တာဝန်ယူတယ်။ ဗိုလ်ချစ်မြိုင်နဲ့ တပ်က ဇီးကုန်းဘက်မှာ၊ ဗိုလ်မောင်မောင်က ပြည်ဘက်မှာ။ တိုင်း(၁) တိုင်းမှူး ဗိုလ်မောင်မောင် မဟုတ်ပါ။

မင်းလှစည်သူ တပ်ရင်းအောက်မှာ ဗိုလ်ထွန်းလှဦးစီးတဲ့ ဗိုလ်လောင်းတပ်ခွဲ၊ ရဲဘော်အောင်တို့ တပ်ခွဲနဲ့ ရုံးအဖွဲ့ရှိ တယ်။ ဗိုလ်ဗဟိန်း၊ ဗိုလ်ညွှန့်မောင်၊ ဗိုလ်လှရွှေလေးတို့ ဦးစီးတဲ့တပ်ခွဲ သာယာ၀တီကိုရောက်လာလို့ ရွာတွေဘက် နေရာချထားလိုက်တယ်။ မတ်လ ၂၇တော်လှန်ရေး သတ်မှတ်ရက်ရောက်ချိန် ဖားရွှေကျော် ရန်သူစခန်းကို တပ်အများစုနဲ့တိုက်၊ မြို့တွင်း တချို့နေရာတွေ ညအချိန် ချဉ်းကပ်တိုက်ရေး စီစဉ်တိုက်ကြတယ်တဲ့။ သခင်ဖေအောင်တို့ မြို့တွင်းနေရာ တချို့တိုက်၊ သခင်ခင်အောင်က တော်လှန်ရေးမစမီ သုံးရက်လောက်အလို ပဲခူးရိုးမဘက် တာဝန်နဲ့ ထွက်သွားတယ်။ ကားလမ်း အရှေ့ရွာရှိ ခေါင်းဆောင်ပိုင်းနဲ့တွေ့၊ ကန်လေးရွာ လာခဲ့ရန်မှာ၊ အားကိုးရတဲ့ ဗိုလ်လှရွှေလေး ကျဆုံး၊ ပါတီဝင် သူရဲကောင်းတဦးဖြစ်တယ်တဲ့။ တော်လှန်ရေး သမိုင်းဝင်အချက်များ ရဲဘော်အောင် မှတ်တမ်းမှာ တွေ့ရတယ်။ ရဲဘော်အောင်တို့ ဖက်ဆစ်တော်လှန်ရေးလှုပ်ရှားခဲ့တာ သာယာ၀တီခရိုင်ဆိုတော့ တောင်သူလယ်သမား သူပုန်ထခဲ့တဲ့ အစဉ်အလာရှိတဲ့ဒေသို့ မှတ်ယူနိုင်တယ်။ ရဲဘော်အောင် သူကိုယ်တိုင် ပြောဖူးတာ သူက သာယာ၀တီနယ်သား၊ သူတို့ သာယာ၀တီက တော်လှန်ရေးအစဉ်အလာရှိတယ်။ သခင်မြတို့ သခင်ခင်အောင်တို့အပြင် ဗမာပြည် ကွန်မြူနစ်ပါတီရဲ့ ပြည်သူ့ဒီမိုကရေစီတော်လှန်ရေးမှာ ပါတီဗဟိုကော်မတီဝင် ၃ ဦး ရှိတယ်။ ရဲဘော် သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော၊ သူလည်း သာယာ၀တီသား။ နောက် ရဲဘော်သန်းလွင်ထွန်း၊ ပါတီ ဗဟိုကော်မတီဟောင်း (ကွယ်လွန်) သူလည်း သာယာ၀တီသား။ (ရဲဘော် သန်းလွင်ထွန်းငယ်စဉ်က ဆရာစံလယ်သမားသူပုန်အဖွဲ့မှာ ပါဝင်ခဲ့ဖူးကြောင်း ရဲဘော် သန်းလွင်ထွန်း ကိုယ်တိုင်ပြောဘူးတာ ကျွန်တော်ကြားဖူးတယ်။ စာရေးသူ) ရဲဘော်အောင်နဲ့ပါ ၃ ယောက်လို့ ပြောဖူး တယ်။ တောင်ငူခရိုင်မှာ အဓိကခေါင်းဆောင် သခင်သန်းဖေ၊ ပါတီနဲ့ တပ်ကိုပါ ခေါင်းဆောင်သူ (ဒုတိယကွန်ဂရက် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ဝင်) သူနဲ့အတူ ဦးမြင့်ဆွေ၊ ကိုမောင်မောင်စိန် (၇၅ ခုနှစ် ပါတီဗဟို ကော်မတီဝင်) ဗိုလ်သက်ထွန်း၊ ကိုမြ စသူတို့လည်း ပါဝင် တာဝန်ယူကြတယ်တဲ့။ တပ်မတော်က ဗိုလ်အကြပ်၊ တပ်သား ၃၀ လောက် ပို့ပေးတယ်။ မြေပြန့်ရော တောင်ပေါ်မှာပါ တိုက်ကြ၊ တောင်ပေါ်မှာ ပါတီခေါင်းဆောင်မှုနဲ့ ကရင်တွေ စု၊ တပ်ဖွဲ့ပြီး တိုက်ကြတယ်။ ဂျပန်တပ်များ ပဲခူးရိုးမပေါ် ကစဉ့်ကလျား ဆုတ်ခွာ၊ တပ်တွေက ဖြတ်တိုက်၊ မြို့တွေသိမ်း၊ ကျွန်တော်တို့ တပ်ရော လေထီးအဖွဲ့ပါ စက်ကွင်းမြို့ကို ဝင်ရောက်ကြ၊ တောင်ဘက်မှာ မှော်ဘီလေသာဉ်ကွင်းက ဂျပန် လေယာဉ် ၃ စင်းကို တော်လှန်ရေးတပ်က ဝင်ရောက်မီးရှို့ပစ်တယ်လို့ ရဲဘော်အောင် မှတ်တမ်းမှာ တွေ့ရတယ်။ အသေးစိတ် မှတ်တမ်းရေးထားတာ များတယ်၊ နှစ်ဖက် အထိအခိုက်အကျအဆုံး စာရင်းတွေက တပြည်လုံး အတိုင်းအတာနဲ့ ရောနေမှာစိုးလို့ ချန်ထားတယ်။ စာရှည်မှာစိုးလို့ ဒါလောက်ပဲ ထုတ်နုတ်ပြလိုက်ပါတယ်။ ပြည်သူ့ ဒီမိုကရေစီ တော်လှန်ရေးကာလအတွင်း ရဲဘော်အောင် အလေးထားချီကျူးထားတဲ့ တပ်မှူးကောင်း ၃ ဦး၊ ဗိုလ်မှူးကြီးအာဠာ၀က၊ ဗိုလ်ဘုန်းက်ျာနဲ့ ဗိုလ်သက်ထွန်း တို့ ဖြစ်တယ်လို့ ရေးမှတ်ထားတယ်။

ရဲဘော်အောင်ဟာ ပြည်သူ့ဒီမိုကရေစီ တော်လှန်ရေးကာလအတွင်း မြစ်ဖျားဒေသတိုင်း (တိုင်း ၁) မှာ တာဝန်ခံ ခေါင်းဆောင်ဖြစ်ကြောင်း ကျွန်တော်တို့ မြို့မှာနေစဉ် အဲဒီတိုင်းမှာလုပ်ခဲ့ဖူးတဲ့ တော်လှန်ရေးသမားဟောင်း ထောင်ထွက်တွေက ပြောဖူးတယ်။ ၇၅ ခုနှစ် ဗမာပြည် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီအသစ် ပြန်လည်ဖွဲ့စည်းကြောင်း ဥက္ကဋ္ဌ သခင်ဗသိန်းတင်ရဲ့ ရေဒီယိုမိန့်ခွန်း နားထောင်နေစဉ် အဲဒီ ရဲဘော်ဟောင်းတယောက်လည်း နားထောင်နေတယ်။ ဥက္ကဋ္ဌမိန့်ခွန်းထဲမှာ ဝါရင့်ဗဟိုကော်မတီဝင် ရဲဘော်မျိုးမြင့်ဆိုတာလည်း ကြေညာတယ်။ နောက် သခင်ဗသိန်းတင်က ကွန်မြူနစ်တွေဟာ ကြိုးစဉ်ပေါ်မှာဖြစ်စေ၊ တရားရုံးမှာဖြစ်စေ၊ ဘယ်လိုအခြေအနေ ဖြစ်ပါစေ၊ ရန်သူကို ဒူးထောက်အရှုံးပေးတာ မလုပ်ရဘူး၊ တော်လှန်ရေးကို ရဲရဲရင့်ရင့် ဆက်လက်ဆင်နွှဲရမယ်ဆိုတဲ့ သဘောမျိုး မိန့်ခွန်းမှာ ထည့်သွင်းပြောသွားတယ်။ ဒီ အခါ ရဲဘော်အောင်တို့တိုင်းမှာလုပ်ခဲ့ဖူးတဲ့ ရဲဘော်ဟောင်းက ဗိုလ်မှူးမျိုးမြင့်လည်း ဒီအတိုင်းပဲ၊ သူတို့ခေါင်းဆောင်တွေဟာ ပြောရင်အားပါတယ်၊ ကြားရသူ အားတက်စေတယ်တဲ့။ သူပြောတာ ကျွန်တော် မှတ်ထားလိုက်မိတယ်။

ရဲဘော်အောင်ဟာ မြို့တွေပေါ် ဖြတ်သွားဖြတ်လာ လုပ်သွားကြောင်းလည်း သတင်းအဖြစ်ကြားရတာလည်း ရှိတယ်။ ယူဂျီနည်းသုံး ပဲခူးရိုးမ ပါတီဗဟိုနဲ့ ဆက်သွယ်သွားလာလှုပ်ရှားခဲ့ရတာ ဖြစ်မှာပါ။ ဒါတွေက ရဲဘော်အောင်ကို မတွေ့ဖူးခင် ကျွန်တော် ကြားဘူး-သိဖူး ရင်းနှီးနေတာတွေပါ။ သို့ပေမယ့် တော်လှန်ရေးထဲရောက်ပြီး ကျွန်တော်တို့ ရဲဘော်အောင်နဲ့ တွေ့ရဖို့ အကြောင်းတိုက်ဆိုင်မှု သိပ်မရှိလို့ နှစ်တချို့ ကြာမှတွေ့ဖူးမြင်ဖူးတယ်။ ၀နယ် ပန်ဆန်း ၁၉၇၉ ခုနှစ် ဗဟိုကော်မတီအစည်းအဝေးကာလ စစ်ဒေသဌာနချုပ်မှာ စမြင်ဖူးတယ်။ သင်္ကြန်တွင်း ဒိုးပတ်ဝိုင်းနဲ့အတူ ရဲဘော်တွေ၊ ပါတီဥက္ကဋ္ဌအပါအဝင် ခေါင်းဆောင်အဘိုးကြီးတွေ ပျော်ပျော်ရွှင်ရွှင် ရေပက်ကစားကြစဉ် ဒိုးပတ်ဝိုင်းထဲ ပုဆိုးကွက်ထောက်နဲ့ အဘိုးကြီးတယောက် တက်တက်ကြွကြွနဲ့ဝင်လာ ဝါးလက်ခုပ်လိုက်တီး နေတယ်။ ဘယ်က အဘိုးကြီးလည်း စပ်စုကြည့်မှ အဲဒါ ရဲဘော်အောင်ဆိုတာ ကျွန်တော် စမြင်ဖူးတော့တယ်။ ၇၉ ခုနှစ် ပါတီ ဗဟိုကော်မတီအစည်းအဝေးအပြီး မြောက်ပိုင်းဗျူရို (ဗဟိုဌာနခွဲ)နဲ့ အလယ်ပိုင်းဗျူရို (ဗဟိုဌာနခွဲ)ဖွဲ့စည်းတဲ့ အခါ ရဲဘော်အောင်က မြောက်ပိုင်းဗျူရိုတာဝန်ခံဖြစ်သွားတယ်။ ပထမ အလယ်ပိုင်းဗျူရိုမှာ တပ်ပေါင်းစုတွေနဲ့အတူ ရဲဘော်အောင် ခေါင်းဆောင်သွားရ လိမ့်မယ်ဆိုပြီး ပြင်ဆင်မှုတွေလုပ်သေးတယ်တဲ့။ နောက်ပိုင်းမှ ဗဟိုက အစီအစဉ်ပြောင်း၊ ရဲဘော်အောင် မြောက်ပိုင်း ရောက်သွားတယ် ပြောကြတယ်။

ရဲဘော်အောင် တာဝန်ယူတဲ့ဌာနများမှာ ကျွန်တော်တို့ အလုပ် ဆက်စပ်မှု မရှိလို့ ထိတွေ့ရတာ နည်းတယ်၊ အနီးကပ်မနေခဲ့ရဘူး။ သို့ပေမယ့် ပါတီထဲမှာ ခေါင်းဆောင်ပိုင်းတွေအကြောင်းဆိုတာ အောက်ခြေမှာ အမြင်အမျိုးမျိုးနဲ့ ရောင်ပြန်ဟပ်ကြတာ ရှိတယ်။ ဒါကြောင့် သိရကြားရတာတွေ မြောက်ပိုင်းဗျူရိုမှာတော့ ရဲဘော်အောင်ဟာ ပြောစရာ ထင်မြင်ချက်များကြတဲ့သဘော ကြားရတယ်။ ရဲဘော်တချို့ ပြောသလို ရဲဘော်အောင်က ရဲဘော်အများ မျှော်လင့်သလိုမဖြစ်လာဘူးဆိုတာမျိုး ကြားရတာရှိတယ်။ နောက်အိမ်ထောင်နဲ့ အဆင်မပြေတာတွေလည်း ပါမယ်ထင်တယ်။ အခိုင်အမာလုပ်ငန်းတွေမှာ ပြောက်ကျားအခြေခံဒေသ အတွေ့အကြုံနဲ့ နယ်စပ်အတွေ့အကြုံ မတူတာတွေလည်းရှိတယ်။ ရဲဘော်အောင်ကိုယ်တိုင် ပန်းဆန်းရောက်နေချိန် မြောက်ပိုင်းဗျူရို အကြောင်း မိတ်ဆက်ဟောပြောပွဲတခုမှာ အတွေ့အကြုံမတူလို့ လုပ်ကိုင်ရတဲ့ အခက်အခဲတချို့ ထည့်မိတ်ဆက်တာ ကျွန်တော် သတိထားလိုက်မိတယ်။ ကျွန်တော်တို့ အလယ်ပိုင်းရောက်စဉ်က အလယ်ပိုင်းက ရဲဘော်တွေ ရဲဘော်အောင် အကြောင်းပြောကြတာ ခံစားချက်ကောင်းကြတယ်။ ပြောက်ကျားဒေသတိုက်ပွဲတခုမှာ ရဲဘော်အောင်က အနီးကပ် ကွပ်ကဲတယ်။ ခဲယမ်း ကျည်ဆန် အခြေအနေအရ တိုက်ပွဲက ဆက်တိုက်မရ၊ ဆုတ်ရတဲ့ အခြေအနေ။ ရဲဘော်အောင်က ပြန်မဆုတ်ချင်၊ ရန်သူကို ဆက်ချချင်နေတယ်။ သူက တက်ကြွတော့ ရဲဘော်တွေလည်း အားရှိတယ်တဲ့။ ရဲဘော်အောင်က ပဲခူးရိုးမကနေ ရှမ်းပြည်တောင်ပိုင်း ရောက်တယ်၊ တပ်ပေါင်းစုတွေနဲ့ဆက်ဆံရေး ကောင်းတယ်၊၊

ဒီနေရာမှာ တပ်ပေါင်းစုများနဲ့ ရင်းနှီးတဲ့အကြောင်းတခု ဗိုလ်စောမောင်(ခေါ် ) ကရင်နီ အမျိုးသားတိုးတက်ရေးပါတီရဲ့ နံပါတ် (၁) ခေါင်းဆောင် စောမော်ရယ်” ဆိုတာ အရင် ရဲဘော်အောင်တို့နဲ့ ဗိုလ်သင်တန်း အပတ်စဉ်တခုတည်း တက်ခဲ့တဲ့သူဖြစ်နေတယ်။ ပုဂ္ဂိုလ်ရေးအရလည်း ရင်းနှီး၊ စောမော်ရယ်က လိုအပ်တဲ့အကူအညီလည်းပေးကြောင်း သူ့မှတ်တမ်းမှာတွေ့ရတယ်။ ရဲဘော်အောင်ဟာ ပါတီတွင်းတိုက်ပွဲမှာ ပဲခူးရိုးမက တော်လှန်တဲ့လူငယ်တွေ ခေါင်းဆောင်မှုအောက် လှုပ်ရှားရုန်းကန်ခဲ့ရတဲ့ အခြေအနေထိ ဝေဖန် ဆန်းစစ်ခံရတာ၊ ဖြစ်အောင်လိုက်နာ လုပ်ဆောင်တယ်ဆိုတာအထိ ကြားသိခဲ့ဖူးတယ်။ ၈၅ ခုနှစ် ပါတီကွန်ဂရက်အပြီး ဗျူရိုတွေမှာ ခေါင်းဆောင်အပြောင်းအလဲဖြစ်တော့ ရဲဘော်အောင် ပန်ဆန်းဘက် ပြောင်းလာတယ်။ ကျွန်တော်ကို စကားခေါ်ပြောတာရှိတယ်။ တပ်ထဲနေတာသိလို့ တပ်အခြေအနေခေါ်မေးတာ လုပ်ဖူးတယ်။

၁၉၈၉ ခု ပါတီတွင်း ပုန်ကုန်မှုဖြစ်ပြီးနောက် ရဲဘော်အောင်နဲ့ ထိတွေ့ရမှုတွေ ရှိတယ်၊ တရုတ်ပြည် ထင်ချုန်း မြို့မှာလည်း မကြာခဏ တွေ့ဖြစ်တယ်။ စကားစပ်မိလို့ပြောဖြစ်တာ ပဲခူးရိုးမ ပါတီတွင်းတိုက်ပွဲမှာ သူ့ကို ဝေဖန်ဆန်းစစ်အရေးယူခံရတာ အနည်းအပါး ထည့်ပြောတယ်။ တော်လှန်ရေးအစကာလက တပ်မကြီးတွေ စ ဖွဲ့တော့ ရဲဘော်အောင်က တပ်မကြီး ၁ ထင်တယ်၊ နိုင်ငံရေးမှူး တာဝန်ယူရတာရှိတယ်။ ဝေဖန်ဆန်းစစ်ခံရချိန် အဲဒီ တပ်မပျက်သွားတာတာဝန်ရှိတယ်ဆိုပြီး စွဲချက်တင်တိုက်ခိုက် ဝေဖန်ဆန်းစစ် ရတယ်တဲ့။ နောက် ပြင်ဆင်ခွင့်ပေးတယ်ဆိုပြီး တိုက်ပွဲနဲ့စမ်းသပ်တာ ရှေ့တန်းတက် ရန်သူကို အနီးကပ်ချေမှုန်းတိုက်ခိုက်ပြရတယ်တဲ့။ ပါတီတွင်းတိုက်ပွဲမှာ လူကြီးတွေကို စွဲချက်တင်တိုက်ခိုက်ကြတာ တချို့က ပါတီဝင်တောင် မဟုတ်သူတွေ။ နောက်ပိုင်း အဲဒီလူတွေ လက်နက်ချတာရှိတယ်တဲ့။ စိတ်ထိခိုက်တဲ့သဘောပြောပြတာ နားလည်လိုက်မိတယ်။ နောက်ပိုင်း ရဲဘော်အောင်တို့ ခေါင်းဆောင်ပိုင်း အများစု ယူနန်ပြည်နယ် ခွင်းမင်မှာ အနားယူသွားရတယ်။ ကျွန်တော် ခွင်းမင် ပထမ ရောက်စဉ် ရဲဘော်ခင်မောင်ကြီးတို့နဲ့ ခွင်းမင် ကျောက်တော သွားလည်တော့ ရဲဘော်အောင်က ပြောတယ်၊ ဒီတရုတ်ပြည်ကလူတွေ အထူးအဆန်းလုပ်နေကြတာ၊ ဒီကျောက်တော မျိုးတွေကြား ကျွန်တော်တို့ တောတောင်တွေထဲ ပြောက်ကျားဒေသမှာ နေလာအိပ်လာတာ ဘာမှမဆန်းဘူး၊ မဟုတ်လားလို့ ကျွန်တော့်ကို လာစနေသေးတယ်။ ရင်းရင်းနှီးနှီးရှိတယ်။ ရဲဘော်တွေအခြေအနေ ဂရုတစိုက်မေးမြန်းတာ နိုင်ငံရေးအခြေအနေ အဆက်မပြတ်တာ တွေ့ရတယ်။

နောက်ဆုံး ကျွန်တော် ၂၀၁၄ ခု အောက်တိုဘာလထဲ ခွင်းမင် ဆေးရုံသွားရင်း ရဲဘော်အောင်ဆီ ရောက်သေးတယ်။ ရဲဘော်အောင်က တယောက်တည်း အခန်းထဲမှာ စောင်ခြုံပြီး ပြည်သူ့အာဏာ ဖတ်နေတယ်။ နောက်စာရွက်နဲ့ မှတ်စုထုတ်ရေးထားတာတွေ သူ့ရှေ့က စားပွဲမှာတွေ့တယ်။ ကျွန်တော် အံ့ဩနေတယ်။ အသက် ၉၀ ကျော်နေပြီ၊ သတိကောင်း မှတ်ဥာဏ်တွေကောင်းနေတယ်။ အခု ထိန်ချုန်းက လာတာလားလို့ ကျွန်တော့်ကို မေးနေသေးတယ်၊ မဟုတ်ဘူး၊ အခု တနေရာ ပြောင်းနေတယ် ပြန်ပြောလိုက်ရတယ်။ ကျွန်တော်က ရဲဘော်အောင် ဘာတွေရေးမှတ်တာလဲမေးတော့ အခု မေးထားကြလို့ ရဲဘော်ဘတင် (ဂိုရှယ်) အကြောင်း ပြန်ရေးနေတာ၊ သူက ဒီလို တော်လှန်ရေးအစမှာ ရဲဘော်ဘတင် (ဂိုရှယ်) က လက်နက်ကိုင်ပြန်တိုက်ရေး သဘောမတူဘူး၊ သပိတ်စုံ သူပုန်ထ လုပ်ရေးပဲ၊ သခင်သန်းထွန်းတို့နဲ့ အယူအဆ မတူဘူး။ အဲဒါ အခု ဂိုရှယ်စစ်တမ်းဆိုပြီး လက်နက်ကိုင်တိုက်ရေးလှုံ့ဆော်တယ်ဆိုတော့ လွဲနေတယ်။ ဒါ ကျွန်တော်သိတယ်၊ အဲဒီအကြောင်းလေး ရေးပေးနေတာတဲ့။ ဒါလောက်သတိကောင်းနေသေးတာ အတူသွားတွေ့ကြတဲ့ ဒေါက်တာ လှကျော်ဇောရော ကျွန်တော်ပါ အံ့အားသင့်နေတယ်။ တော်လှန်ရေးသမားတွေရဲ့ စိတ်ဓာတ်နဲ့ဇွဲ သေကာမှရပ်သွားတယ်ဆိုတာ တကယ်ပါပဲ။ အဲဒါ ကျွန်တော် ရဲဘော်အောင်ကို နောက်ဆုံးတွေ့လိုက်ရတဲ့ အချိန်လေးပါ။ သိပ်မကြာခင် ရဲဘော်အောင် အသက် ၉၂ နှစ်၊ ၂၀၁၅ ခု ဧပြီလ (၈) ရက်နေ့မှာ ကွယ်လွန်ကြောင်း သတင်းကြားရတယ်။ ကျွန်တော်တို့ နောက်ဆုံးတွေ့ချိန်နဲ့ ပြန်တွက်ကြည့်တော့ ခြောက်လလောက်ပဲ ရှိသေးတယ်၊ ဘာမှ မကြာလိုက်ဘူး၊ ဆုံးသွားတာ။ အဲဒီအချိန်အထိ နိုင်ငံရေးလေ့လာဖတ်မှတ်နေဆဲဆိုတာ တွေ့လိုက်ရတယ်၊ အခုတော့ ရဲဘော်အောင် ကောင်းကောင်း အနားယူသွားပေပြီ။

ရဲဘော်အောင် (ခေါ်) ဗိုလ်မျိုးမြင့် ထာ၀စဉ် ဥဒါန်းတွင်ပါစေ။

အလေးနီ ပြုလျက်။

ဗတိုးရှိန် (မုံရွာ)

၂၆- ၅-၂၀၁၆

ဗိုလ်မျိုးမြင့်သည်​ဒေါက်တာ​အောင်ကြီး(RIT)ဆရာကြီးဦးစန်းလွင်(ဆည်​မြောင်းဘူမိ​ဗေဒညွှန်မှူးငြိမ်း)တို့ရဲ့သူငယ်ချင်း တပ်နီလူငယ်များဖြစ်​ကြောင်းဆရာကြီးမှ​ပြောပါသည်