Friday, February 14, 2020

(လျှာနှစ်ခွနဲ့လူတွေ)

0 comments
(လျှာနှစ်ခွနဲ့လူတွေ)
စစ်အုပ်စုနဲ့စုအုပ်စု ICJ အတင်ခံရ အမှုရုံးချိန်းသွားရ နိုင်ငံတကာ့ဖိအားအပေးခံရ အကျပ်ရိုက်ပြီး ကလိန်ခြုံတာတွေ ဗူးပေါ်သလိုပေါ်နေချိန်မှာ ကိုဖီအာနန်ကော်မရှင်လည်း ကယ်မရ အသစ်ထပ်ဖွဲ့တဲ့ကော်မရှင်လည်း မ မရတွေဖြစ်နေတာ လူတိုင်းသိပါတယ်။ ဒီလို မိမိ မသမာမှုအတွက် မိမိဘာသာ ခြေမကိုင်မိ လက်မကိုင်မိ ကြံရာမရဖြစ်နေတာကို ပြဿနာကို ရိုးသားစွာ မေတ္တာရှေ့ထားပြီး ကောင်းတဲ့စေတနာရှေ့ရှုပြီး ဖြေရှင်းနေတယ်လို့ အသံကောင်းဟစ်သူဟစ်သူတွေရှိပါတယ်။ နောက်ထပ် ဘယ်လို နိုင်ငံတကာကို လှည့်ဖျားရမလဲ ဉာဏ်နီဉာဏ်နက်ထုတ်နေတာကို မှန်မှန်ကန်ကန် ရိုးသားစွာဖြေရှင်းဖို့ စဉ်းစားနေတာလို့ ဗြောင်ဝင်လိမ်ပေးနေသူတွေ ပြည်တွင်းပြည်ပက ဒီမိုကရေစီမျက်နှာဖုံးစွပ်နဲ့လူ ကြီးငယ်လတ်တွေထဲမှာ ရှိခဲ့တာ ရှိနေတာတွေ့ရပါတယ်။ နိုင်ငံရေးသီလမရှိတဲ့လူတွေပါ။

တချို့ လူမျိုးဘာသာကိစ္စတွေမှာ အစွဲကြီးပေမယ့် ရိုဟင်ဂျာကိစ္စမှာ အဲ့သလောက်ကြီးတော့လည်း မျက်နှာဗြောင်မတိုက်ကြ မဟုတ်တမ်းတရားမပြောကြပါ။ ပုဂ္ဂိုလ်ရေး ကိုးကွယ်မှုအလွန်အကျွံသမားနဲ့ လူမျိုးရေး ဘာသာရေး အစွန်းရောက်တဲ့ Racists တွေကတော့ ပျော်ပျော်ကြီးကိုလုပ်ပါတယ်။ နေတဲ့နိုင်ငံ တတ်ခဲ့ဖူးတဲ့ပညာ ဖြတ်ခဲ့ဖူးတဲ့နိုင်ငံရေးဘဝတွေ အတွေ့အကြုံတွေနဲ့ လားလားမှမဆိုင်ပါ။ ဘာသာရေး လူမျိုးရေး အယူသည်းမျက်လုံးနဲ့ စိတ်စုံလုံးကန်းနေသူတွေပါ။

အဲ့သလိုလူတွေဟာ ပြည်တွင်းစစ် အနှစ် ၇ဝ ဆယ်ကျော်မှာ ဗမာပြည်စစ်အုပ်စုက ကျူးလွန်ခဲ့သမျှစစ်ရာဇဝတ်မှုတွေနဲ့ ရာဇဝတ်မှုကြီးကိုတောင် တဘက်အဖွဲ့အစည်းတွေကပဲ ကျူးလွန်သယောင်ယောင် ဒါမှမဟုတ် နှစ်ဘက်လုံးကျူးလွန်နေကြတာပဲ ဘာထူးလဲဆိုတဲ့အမြင်မျိုးကို မိမိကိုယ်တိုင် မြင်ရုံတွေးရုံ ခံစားရုံမက တိုင်းပြည်နဲ့လူထုကိုပါ အလားတူ သိမြင်ခံစားရအောင် အရှက်သိက္ခာမရှိ မှိုင်းတိုက် ဝါဒဖြန့်ပါတယ်။

အမြင်သာဆုံးနဲ့အနီးကပ်ဆုံးဥပမာထုတ်ပြပါရစေ။ ဒေါ်အောင်ဆန်းစုကြည် ICJ ရုံးထွက်ပြီးပြန်လာတော့ စစ်တပ်ကပစ်လိုက်တဲ့ လက်နက်ကြီးကျည်ဆန် ရိုဟင်ဂျာရွာထဲကျပါတယ်။ တမင်ပစ်တာလည်းဖြစ်ရင်ဖြစ်မယ် ပစ်ရင်းခတ်ရင်းကျသွားတာလည်း ဖြစ်ရင်ဖြစ်မယ် မသေချာဘူး။ ဒါပေမယ့် စစ်တပ်ကပစ်တာဆိုတာတော့ သေချာတယ်။ သေတာက ရိုဟင်ဂျာအမျိုးသမီး ၂ ယောက်နဲ့ ဒဏ်ရာရတာက ၇ ယောက်။ ဒီသတင်းတက်တက်လာခြင်း ခုနကျနော်ပြောတဲ့ကြောင်သူတော်တွေက အေအေကပဲပစ်သယောင်ယောင် ထ ဖွကြတယ်။ ဖွပုံဖွနည်းက စုအုပ်စုနဲ့စစ်အုပ်စုက ပြဿနာကို သွေးရိုးသားရိုးနဲ့ မေတ္တာစေတနာတွေရှေ့ထားပြီး ဖြေရှင်းနေတယ်။ ဒါကို မနာလိုမရှုစိမ့်တဲ့အဖွဲ့အစည်းတွေ လူတွေက ဖျက်လိုဖျက်ဆီး လုပ်နေတယ်ဆိုတဲ့သဘောပါအောင် သာသာထိုးထိုး နင်းနင်းဖိဖိပြောတာပါ။

ရခိုင်မှာ စစ်ဖြစ်နေတယ်။ အေအေနဲ့ အစိုးရ/စစ်အုပ်စု ချနေတယ်။ ဘေးလူ ဘယ်သူမှမပါဘူး။ ဒီအချိန်မှာ ရွာထဲကိုလက်နက်ကြီးကျတယ်။ ဒါကို ကောက်ကိုင်ပြီး(ရိုဟင်ဂျာကိစ္စကို စုအုပ်စုနဲ့စစ်အုပ်စုက ကောင်းကောင်းမွန်မွန် ကိုင်တွယ်နေတယ်၊ ဒါကို မလိုတမာဖြစ်နေတဲ့လူတွေ မအောင်မြင်စေချင်တဲ့လူတွေ အဖွဲ့တွေက လိုက်ဖျက်ဆီးနေတယ်) ဆိုလိုက်တော့ မလိုတမာဖြစ်နေသူ/အဖွဲ့ဆိုတာက အေအေကလွဲပြီး ဘယ်သူမှမဖြစ်နိုင်တော့ဘူး။ အေအေပါလို့ ဂုတ်ကနေဆွဲထုတ်ပြီး မပြရုံတမယ် လက်ညှိုးထိုးယိုးစွပ်လိုက်တာပဲဖြစ်တယ်။ ဒီလို အသားပါပါ ကလိန်ကျကျဝါဒဖြန့်တာမျိုးကို တော်ရုံပညာတတ် တော်ရုံမသမာစိတ် တော်ရုံ နိုင်ငံရေးလူမျိုးရေးသိက္ခာ မဲ့သူတွေတောင် မလုပ်နိုင်ပါဘူး။ လုပ်လည်း မလုပ်ပါဘူး။ တကယ့်ကို အရှက်သိက္ခာမရှိ စစ်အုပ်စုနဲ့စုအုပ်စုကို အူယားဖါးယား မျက်နှာလိုမျက်နှာရလုပ်ဝံ့သူ ကြောင်တောင်နှိုက်ဝံ့သူတွေသာ လုပ်နိုင်ပါတယ်။ ခု သူတို့လုပ်ပါတယ်။ သူတို့မှာ အလိုတူအလိုပါတွေလည်း အုံနဲ့ကျင်းနဲ့ရှိပါတယ်။

ခု ရခိုင်မှာပဲ စာသင်ကျောင်းလေးတကျောင်းကို စစ်တပ်ကပစ်တဲ့လက်နက်ကြီးကျည် ထပ်ကျပါတယ်။ ကျောင်းပျက်စီးတယ်။ ကျောင်းသားလေးတွေဒဏ်ရာရတယ်။ ကျောင်းပိတ်လိုက်ရတယ်။ ဒါလည်း စစ်တပ်လက်ချက်ပါပဲ။ ဗမာပြည် ပြည်တွင်းစစ် နှစ် ၇ ဆယ်ကျော်မှာဖြစ်ခဲ့တဲ့ တောထဲတောင်ထဲ လူမနီးသူမနီးဒေသတွေ လူမျိုးစုဒေသတွေမှာဖြစ်ခဲ့တဲ့ စစ်ရာဇဝတ်မှုကြီးတိုင်းဟာ စစ်အုပ်စုကကျူးလွန်ခဲ့တာချည်းဖြစ်တယ်။ မြိ့ုပြတွေ နိုင်ငံတကာမျက်စေ့အောက်တွေမှာ လမ်းမတွေအေပါ်မှာ အကျဉ်းထောင်တွေထဲမှာဖြစ်ခဲ့တဲ့ ရာဇဝတ်မှုအကြီးစားကြီးတွေမှန်သမျှ စစ်အုပ်စုကျူးလွန်ခဲ့တာချည်းဖြစ်တယ်။ လက်သည်မပေါ်တာနဲ့ လုပ်တယ်ကွာဘာဖြစ်လဲဆိုပြီး လက်ရဲဇက်ရဲ့ကျူးလွန်တာပဲ ကွာပါတယ်။

ကျနော်တို့ဟာ ခုနေခါမှာ ဒီလိုဘက်ပေါင်းစုံက ရက်စက်ကြမ်းကြုပ်တဲ့စစ်အုပ်စုကိုလည်း ဆန့်ကျင်ရင်း သူ့အတွက် သွယ်ဝိုက်အလုပ် လုပ်ပေးနေတဲ့ ဒီမိုကရေစီမျက်နှာဖုံးစွပ် ပဥ္ဏမံတပ်သားတွေကိုလည်း ဖော်ထုတ်ရှုတ်ချဆန့်ကျင်ရမှာပါ။ ဒီလိုလူတွေဟာ ပြည်တွင်းပြည်ပ နေရာအနှံ့မှာရှိပါတယ်။ သဏ္ဍန်မျိုးစုံနဲ့ ရှိပါတယ်။ လျှာနှစ်ခွနဲ့ လူတွေပါ။
မျိုးမြင့်ချို
ဖေဖော်ဝါရီ ၁၄၊ ၂၁ဝ၂ဝ

Tuesday, February 11, 2020

(သူ့အတွေးနဲ့သူ)

0 comments
(သူ့အတွေးနဲ့သူ)
မနက်က ယောက်ဖအကြီး မာ့ခ်က ဖုန်းဆက်တယ်။ သာကြောင်းမာကြောင်းပြောရင်း သူ လုပ်ငန်းခွင်မှာ ထိခိုက်တာအတွက် လျော်ကြေးကိစ္စက ပြီးပြတ်သွားပြီတဲ့။ သူမျှော်လင့်ထားသလောက်ရတာမို့ ဘယ်မှဆက်တက်စရာမလိုတော့ဘူးတဲ့။ ညနေကျ ဘီယာသောက်မတဲ့၊ မသောက်ဖြစ်တာ လချီနေပြီတဲ့။ စိတ်အေးလက်အေးဖြစ်သွားပုံပါပဲ။

သူက ကိုယ်ပိုင် ၁၈ ဘီး ကားကြီးကို ကုန်စည်သယ်ယူပို့ဆောင်ရေး ကုမ္ပဏီတခုထဲထည့်ထားပြီး သူ့ကားသူပြန်မောင်းနေတဲ့ ထရပ်ဒရိုင်ဗာတယောက်ပါ။ ကိုယ့်ကားထည့်ထားတာအတွက် ကုမ္ပဏီကနေ ငှားခရပြီး ကိုယ်တိုင်ပြန်မောင်းတော့ ဒရိုင်ဗာကြေးပါရတာမို့ နေရေးထိုင်ရေး ချောင်လည်တယ်ဆိုပါတော့။ ဒါ့အပြင် ဇနီးနဲ့သမီးကလည်း အလုပ်ကိုယ်စီနဲ့ဆိုတော့ ပူပန်ကြောင့်ကြနည်းပါတယ်။
နဂိုကမှ ဘဝကိုခတ်ပျော်ပျော် ပေါ့ပေါ့ပါ့ပါးပါးဖြတ်သူ ဖြစ်ရတဲ့အထဲ ကြောင့်ကြစရာကလည်းမရှိတော့ ပြီးပြီပေါ့သူ့ဘဝက။ အေးဆေးပေါ့လို့ဆိုရမယ်ထင်ပါတယ်။ ငါသေရင် ငါ့နောက်ပါမှာဆိုလို့ ဒါလေးဘဲရှိတယ်ပြောပြီး ထိုးလိုက်တဲ့တက်တူးတွေကလည်း မျက်နှာ လည်ပင်း လက်ကောက်ဝတ်အောက် ဒူးဆစ်အောက်ပဲ လွတ်တယ်ထင်ပါတယ်။ ပြွတ်သိပ်ပြီး ပုံမကျ ပန်းမကျတွေလည်းမဟုတ် အရောင်စုံတာလည်းဖြစ် လူကလည်းအဖြူ အရပ်အမောင်းကလည်းကောင်း ကိုယ်လုံးလည်းထွားကြိုင်း ကြွက်သားနဲ့ဗလနဲ့ဆိုတော့ သူ့ဟာနဲ့သူတော့ ကြည့်ကောင်းနေတာပါ။

ယောက်ဖနှစ်ယောက်အနက် ဒီတယောက်က ကျနော်နဲ့ ပိုအလွမ်းသင့်တယ်ဆိုရမယ်ထင်ပါတယ်။ သူကလည်း ကျနော့်လို ဘဝ ခတ်စုံစုံဖြတ်ခဲ့သူပါ။ စစ်ထဲလည်း ၄ နှစ်လိုက်ခဲ့သူပါ။ ငယ်ငယ်ကတော့ အတော်လေး ပေပေတေတေနိုင်လို့ ကောလိပ်တောင် ပီးပါ့မလားလို့ မိဘတွေက ပူရပန်ရတဲ့လူပါ။ လမ်းဘေးရန်ပွဲတွေ ရည်းစားလုပွဲတွေ ချိန်းရိုက်ကြတာတွေနဲ့ အဖမ်းအဆီး အချုပ်အနှောင်လည်း ၅ ကြိမ်လောက်ခံရဖူးပါတယ်။ အဲ့ကောင်ဖမ်းခံရတိုင်း ငါတော်တော်စိတ်ညစ်တယ်၊ ရှက်လည်းရှက်တယ် မရိမ်းစစ်သားတယောက်ရဲ့သားက အချိန်ပြည့်ဆေးခြောက်ရှု အရက်သောက် ဘီယာသောက် ရန်ဖြစ် ကားတိုက် ချိန်းရိုက်နဲ့ ကလေကချေလိုနေတာကွာဆိုပြီး မရိမ်းစစ်အင်ဂျင်နီယာအရာခံဟောင်း ဖခင်ဖြစ်သူက တခါသား ဘီယာလေးထွေထွေနဲ့ သူ့သားကြီး မာ့ခ်အကြောင်း ကျနော့်ပြောဖူးပါတယ်။
အထက်တန်းကျောင်းသားဘဝမှာ ဆေးခြေက်ရှူတယ်၊ ဂစ်တာတီးတယ်၊ ဆံပင်ရှည်ထားတယ်၊ ထင်သလိုနေတယ်၊ ရတဲ့အလုပ်လုပ် ဖြစ်သလိုစားဖြစ်သလိုနေပြီး ကိုးကုန်းကိုးကျင်း လျှောက်သွားနေတဲ့ကောင် ကျောင်းပိတ်ချိန် ဘယ်တော့မှ အိမ်မကပ်တဲ့ကောင်လို့ သူ့အမေက တခါပြောဖူးပါတယ်။ 

တို့ခေတ်က ဟစ်ပီခေတ်ကွ၊ အမေရိကန်မှာ လွတ်လပ်မှုမျိုးစုံအတွက် ဗောင်းလန်အောင် အရေးဆိုတိုက်ပွဲဝင်နေရတဲ့ခေတ်ကွ၊ ဗီနမ်စစ်ဆန့်ကျင်ရေး ငြိမ်းချမ်းရေးလှုပ်ရှားမှုတွေမှာ ဆေးခြောက်မူးမူးနဲ့ ငြိမ်းချမ်းရေးတေးတွေသီကျူးခဲ့ကြတာကွ၊ POLITICS IS PERSONAL ကိုဟစ်ကြွေးပြီး စစ်လိုလားတဲ့ နိုင်ငံရေးသမားတွေကို မြေလှန်ကြတဲ့ခေတ်ကွ၊ ဗီယက်နမ်မှာ စစ်ရှူံးတာ အမေရိကန်တယောက်အနေနဲ့တော့ စိတ်မကောင်းဘူးပေါ့ကွာ၊ ရှက်လည်း ရှက်တာပေါ့၊ ဒါပေမယ့် ကိုယ်နဲ့ မိုင် သိန်းသောင်းချီဝေးပြီး ကိုယ့်လည်း ဘာအန္တရာယ်မှမပေး ဘာခြိမ်းခြောက်မှုမှလည်းမပြုတဲ့ နိုင်ငံပိစိကွေးလေးကို ဗုံးတွေကြဲ ရွာလုံးကျွတ်သတ်ဖြတ် အဲ့ဒါတွေကတော့ မကောင်းဘူးကွ။၊ အဲ့ဒါစစ်ဖြစ်တာမှမဟုတ်တာ၊ သူများကို စစ်သွားတိုက်တာကွဆိုပြီး အသံသြသြကြီးနဲ့ မေးကြောတွေထောင်အောင်ပြောတဲ့သူပါ။

မင်းကွာ ငါနဲ့ အဲ့အချိန်က ကားချင်းယှဉ်တိုက်ရဲတဲ့ကောင် တကောင်မှကိုမရှိတာ၊ လာတိုက်လေ ငါလည်း ဘာဖြစ်ဖြစ်ပဲ၊ သူလည်း အဖြစ်ခံနိုင် ချကြတာပေါ့ကွာ၊ ဟေ့ကောင် ကားချင်း တည်တိုက်တယ်ဆိုတာ ကားကိုသမြောနေဖို့မလိုတာ မဟုတ်ဘူးဟ၊ ကားလည်း သမြောရတယ်၊ ကိုယ့်ကိုယ်ကိုယ် သမြောမနေမှလည်း ရတာဟ၊ ကားက ပြန်အလုပ်လုပ် ပိုက်ဆံပြန်ရှာ၊ ပြန်ဝယ် ရတာပဲကွာ၊ တခါတိုက်တိုင်း ကားအာမခံကြေးက တခါတက်တက်သွားပေမယ့် အလုပ်ရှိ ပေးနိုင်တာပဲလေ၊ အသက်က တခါသေသွားရင်ပြီးပြီ၊ ပြန်မှမရတော့တာ၊ ဒီတော့ ကားချင်းတည်တိုက်မလားမေးရင် မင်းအသားလွတ်ကြီး သေရဲလားမေးတာပဲကွ၊ အသက်ချင်းထပ် စိန်ခေါ်တာပဲ၊ သေနိုင်တယ်ဆိုချပေါ့၊ မသေနိုင်သေးရင် အသာလေးနေလိုက်ရုံပဲ၊ ငါကတော့မရဘူး မောင်။ တခါများ ချထည့်လိုက်တာ အဲ့ကောင် ခုထိ ဝှီးချဲနဲ့သွားနေရတုန်း၊ ငါးက ခါးဆစ်အက်သွားတာ ခုထိနာတုန်းလို့ သူကိုယ်တိုင်ပြောဖူးပါတယ်။
ခုရော ဘယ့်နှယ်တုန်း ထရပ်ကားကြီးတွေ ဆိုင်တိုက်ကြေးစိန်ခေါ်သေးလားဆိုတော့ တော်ပါတော့ကွာ၊ အဲ့ဒါတွေတော်လောက်ပါပြီ၊ ခုများ ကိုယ်ကတိုက်ဖို့မပြောနဲ့ ကိုယ့်လာပြီး သူများက မတော်တဆတိုက်မိမှာတောင်လန့်နေပြီလို့ ရယ်ရယ်မောမောနဲ့ပြန်ပြောဖူးတဲ့လူပါ။

အဲ့ဒါမနက်က ဖုန်းဆက်ရင်း စကားစဖြတ်ခါနီးတော့ ကျနော်က မာ့ခ် မင်းက တက္ကသိုလ်မှမရောက်ခဲ့တာ၊ တက္ကသိုလ်မရှိတော့ ခုနေ တက္ကသိုလ်ဘွဲ့တခုခု ရမယ်ကွာ သိတ်လည်းမခက်ဘူးဆိုဘယ့်နှယ်လဲ တက်မလားဆိုတော့ အတော်စိတ်ဝင်စားသွားပြီး ဟေဟုတ်လား၊ အသက်ကြီးမှ ဖြစ်ပါ့မလား၊ ဘာဘွဲ့လဲ၊ ဘာမေဂျာလဲ၊ ဘယ်မှာလဲဆိုပြီး ဆက်တိုက်မေးတော့ ကျနော့်ဇနီးက ကျနော့်လက်ထဲကဖုန်းကို လှမ်းယူပြီး မာ့ခ် နင်တို့ ကော်လိုရာဒိုပြည်နယ်တက္ကသိုလ်က ဆေးခြောက်မေဂျာနဲ့ ဘွဲ့ပေးနေပြီး မျိုးမြင့်က အဲ့ဒါပြောနေတာ နင်သိလားဆိုတော့ ဟားဟား ဟားဟားရယ်သံကြီးနဲ့ တော်ပါတော့ဟာ ဒီဆေးခြောက်နဲ့ဘွဲ့ပေးတမ်းဆို ငါ့ကို ခုနေ ဒေါက်ထရစ်တောင်ပေးလို့ရတယ်၊ ငါတို့က ဆေးခြောက်ကောင်းမှန်း ဟိုးလွန်ခဲ့တဲ့ နှစ် ၅ ဆယ်လောက်ကတည်းကသိတာ၊ ခုမှ ဆေးခြောက်ကောင်းမှန်းသိတဲ့ အဲ့လောက် သောက်သုံးမကျတဲ့အစိုးရ ဘွဲ့ပေးတာလောက်မဟုတ်ဘူး တိုင်းပြည်ကို ဝန်ချတောင်းပန်ဖို့တောင် ကောင်းတယ်လို့ပြောပြီး ဖုန်းချသွားလေရဲ့။
မျိုးမြင့်ချို
ေဖေဖာ္ဝါရီ ၁၁၊ ၂ဝ၁၀၊

(ကြိုက်လုံးပစ်တဲ့နောက်လိုက်ရင်...)

0 comments
(ကြိုက်လုံးပစ်တဲ့နောက်လိုက်ရင်...)
ထိုင်းစစ်အုပ်စုလောက် အာဏာသိမ်းတာရှိဦးမလားက လူတိုင်းအသိဖြ်ပါတယ်။ လူကြားကောင်းအောင် ပြောတဲ့နေရာ အသံကောင်းဟစ်တဲ့နေရာတွေမှာလည်း ဗမာပြည်စစ်အုပ်စုနဲ့ နင်လားငါလားပါ။ မနီးရိုးစွဲပါ။။ ဒါနဲ့များတောင် ကိုးကားတဲ့လူက လှမ်းကိုးကားနေတာတွေ့တော့ နိုင်ငံရေးနုံ့နဲ့ရာကျလိုက်တာလို့ စိတ်ထဲထင်မိတာပါပဲ။

စစ်သာ ဖြစ်ဖြစ်မြောက်မြောက် မတိုက်တတ်တာ မတိုက်ခဲ့တာရှိချင်ရှိမယ် အာဏာသိမ်းနဲ့နေရာမှာတော့ ထိုင်းစစ်အုပ်စုဟာ ချန်ပီယံပါ။ အင်မတန်ကျင်လည်ပြီး သူမတူအောင်လှည့်ဖျားတတ်တာပါ။ ဘုရင်ကို ဘယ်လိုအသုံးချရမယ် အပါဆွဲရမယ်ဆိုတာလည်း သိပြီးသားပါ။ တခါတလေ ဘုရင်က ဝင်ဖြန်ဖျေရတဲ့အာဏာသိမ်းပွဲတွေရှိသလို ဘုရင့်ဘက်က အခါတော်ပေးလို့ သိမ်းလိုက်ရတဲ့စစ်အာဏာလည်း ရှိခဲ့ဖူးပါတယ်။

ထိုင်းစစ်တပ်အာဏာသိမ်းတယ်ဆိုတဲ့အဓိပ္ပါယ်က စစ်ဗိုလ်တွေ တလှည့်စီးပွားရှာဦးမယ်လို့ပြောတာထက်တော့ မပိုပါဘူး။ အစိုးရကိုဖြုတ်ချ ပါလီမန်ကိုဖျက်သိမ်း ခေါင်းနည်းနည်း မာတဲ့လူလောက်ကို ခနဖမ်းထိမ်း ဆိုတဲ့ အတွန်းအတိုက်လေးတွေရှိတော့ မဆိုစလောက် အပွန်းအပဲ့လေးတွေတော့ ရှိပါတယ်။ ဒါက ဘုရင့်အုပ်စု၊ နိုင်ငံရေးသမားသူကြွယ်ကြီးများအုပ်စု၊ စစ်သူဌေးကြီးများကြားက မပြောပလောက်တဲ့ အသေးအဖွဲလေးတွေပါ။ ရိုးအီနေတာပါ။

မရိုးပေမယ့် အာဏာသိမ်းတိုင်း အီစလံဝေအောင်ခံရတာက မခံချင်စိတ် မုန်းတီးစိတ် အာခံလိုစိတ်တွေနဲ့ လမ်းပေါ်ထွက်လာကြတဲ့ အရပ်သူအရပ်သားတွေရဲ့ ကောက်ရိုးမီးအုံကြွမှုပါ။ ဒီလူတွေ ကျောကော့အောင် ခံရပါတယ်။ တီရှပ်အရောင်တွေခွဲပြီး ရိုက်ခိုင်း သတ်ခိုင်း လုယက်ခိုင်း မီးရှို့ခိုင်း ခံရပါတယ်။ တကယ့်ကို ရေရှည်အနာခံပြီး အတွေးအခေါ်အရ နိုင်ငံရေးအရ စစ်အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ တိုးတက်တဲ့နိုင်ငံရေးသမားတွေ ကျောင်းသားတွေ တက်ကြွလှုပ်ရှားသူတွေ မရှိဘူးလားဆိုတော့ ရှိပါတယ်။
ဒါပေမယ့် အခုနပြောတဲ့ သူဌေးသူကြွယ်ဓနရှင်ကြီးများ အစုကြီး ၃ စုဖြစ်တဲ့ စစ်အုပ်စု၊ ဘုရင့်အုပ်စု၊ နိုင်ငံရေးသမားအုပ်စုတွေရဲ့ တက်ညီလက်ညီဖိနှိပ်မှုအောက်မှာ မလူးသာမလွန့်သာဖြစ်နေတော့ နာလန့်ကို ဟုတ်တိပတ်တိ မထနိုင်ပါ။ နာလန်ထူလိုက် အပွေးသပ်ချလိုက် အမွှေးတုံးသွားလိုက်နဲ့ သီကင်းနုလို အကြိမ်ကြိမ်ကြွေနေကြရတာပါ။ အကြိမ်ကြိမ်ပြန် ဖူးပွင့်နေရတာပါ။ သူတို့ကလည်း အဲ့ဒီအစုကြီး ၃ စုရဲ့ တူညီတဲ့ဘုံအကျိုးစီးပွားကို အမြဲခြိမ်းခြောက်နေတာကိုး။

ကိုယ်ကျိုးကတော့ အစုကြီး ၃ စုလုံး အာသာငန်းငန်းနဲ့ အလိုရမက်မီးနဲ့ လောဘဇောတိုက် မျက်နှာပြောင်တိုက်ပြီးကို ရှာကြတာမှန်ပေမယ့် စစ်အုပ်စက လက်ထဲသေနတ်ရှိတော့ ရက်စက်တဲ့နေရာမှာ ကမ်းကုန်ခွင့်ရှိနေတာကိုး။ လက်နက်နဲ့ဆိုတော့ ကျန် ၂ စု အပေါ်လည်း မာရေကြောရေလုပ်လို့ရနေတာကိုး။ စစ်သာ ခြေသလုံးမွှေးကျွတ်အောင်မတိုက်ခဲ့ပေမယ့် လူထုကိုဖိနှိပ်ဖို့အတွက်တော့ ပြောင်းတိုက်လိုက် လှံစွပ်သွေးလိုက် ကျည်ထိုးလိုက်လုပ်နေတဲ့တပ်ပါ။

ခု ထိုင်းမှာ စစ်သားတယောက်က သူ့မကျေနပ်ချက်ကြောင့် တပ်ထဲက သေနတ်ဆွဲထွက်လာပြီး အပြင်လူတွေပါ လျှောက်ပစ်တဲ့အမှုတက်လာပါတယ်။ အချက်အလက် မယ်မယ်ရရ တိတိကျကျသာမသိရင်နေမယ် ထင်မြင်ချက်ပေးရာမှာ လက်မနှေးတဲ့လူတွေက တောရမ်းမယ်ဘွဲ့မှတ်ချက်တွေကလည်း ပလူပျံအောင်ထွက်နေတာပါ။ ဒီစစ်သား စိတ်အခြေအနေမူမှန်လား မမှန်လားက တကိစ္စပါ။ သူမတရားအလုပ်ခံရတာကတကိစ္စပါ။ မဆိုင်တဲ့လူတွေလိုက်ပစ်တာက တကိစ္စပါလို့တော့ ပြောမရဘူးမှတ်ပါတယ်။ ကိစ္စတွေက အဆက်အစပ်ရှိနိုင်ပါတယ်။ သေချာမသိတော့ ဘာမှ ယတိပြတ် မပြေသာပါ။

ဒီကိစ္စအကြောင်းပြုပြီး ထိုင်း ကာချုပ်က အသံကောင်း ထွက်ဟစ်ပါတယ်။ လူပြိန်းကြိုက်တွေ ထွက်ပြောပါတယ်။ Popular Politics ကို ဘယ်အခါ ဘယ်လိုထုတ်သုံးရမယ်ကို ထိုင်းစစ်ဗိုလ်တွေ သိတဲ့နေရာမှာ ဗမာစစ်အုပ်စုလောက် မလျှင်ပေမယ့် ခေတော့မခေကြပါ။ သေနတ်ခါးထိုးပြီး ကြိုက်လုံးပစ်စကားတွေနဲ့ လူပြိန်းတွေကိုဆွဲဆောင်ရာ ဖျံကျရာမှာတော့ ဗမာပြည်စစ်အုပ်စုနဲ့ နင်လားငါလားပါပဲ။ (ဒီင်္နေရာမှာတော့ Popular Politics ကို လူပြိန်းကြိုက်နိုင်ငံရေးလို့ ခနပြန်သုံးပါရစေ။ ကျနော် ဒီစကားလုံးကို တလျှောက်လုံးသုံးတာက ကြိုက်လုံးပစ်နိုင်ငံရေးဖြစ်ပါတယ်)

ထိုင်းစစ်ဗိုလ် ကြိုက်လုံးထွက်ပစ်တာကို ဗမာပြည်ကလူတချို့က ဖမ်းကောက်ကိုင်ပြီး ဗမာစစ်အုပ်စုကို စကားနာထိုးတာလိုလို ထေ့တာလိုလို ငေါ့တာလိုလိုတွေလုပ်တော့ ဒီလူတွေရဲ့ နိုင်ငံရေးရေချိန်ကို မင်တက်မိတာပါပဲ။

စစ်ဗိုလ်ဖြစ်ဖြစ်ဖြစ် အရပ်သားဖြစ်ဖြစ် ကြိုက်လုံးပစ်ပါတယ်။ ဆွယ်တဲ့နောက်ပါပြီး ကိုယ်က လူပြိန်း မဖြစ်ဖို့ဆို ကိုယ့်ကိုယ်ကိုယ် မြှင့်တင်မှဖြစ်ပါတယ်။
မျိုးမြင့်ချို
ဖေဖော်ဝါရီ ၁၁၊ ၂ဝ၂ဝ

(နေကောင်းအောင် နေရတာ)

0 comments
(နေကောင်းအောင် နေရတာ)
မတ်လအကုန်နဲ့ဧပြီလလည်မှာ အာလူး ကြက်သွန်နီနဲ့ ကိုက်လန် ချမယ်။ တောင်ပိုင်းက အသိတွေ အကူအညီတောင်းပြီး ဗူးစင်လည်း ထိုးမယ်။ မယ်မင်းကြီးမက ဗူးစင်အောက်ထိုင်ရတာ အရသာရှိသတဲ့။ ဗူးရွက်တွေစိပ်ပြီး နေပြောက်မထိုးတဲ့ အမေ့ဗူးစင်အောက် မြက်တွေပေါ် လူးရလှိမ့်ရတာ အားမရဘူးတဲ့။
မေလမှာ အခြေအနေကြည့်ပြီး ခရမ်းချဉ် ခဝဲ သပွတ် ရုံးပတီနဲ့ ပဲတောင့်ရှည်ချမယ်။ ခဝဲနဲ့သပွတ်ကို စင်မထိုးပဲ ခြံစည်းရိုးတွေပေါ်ချည်း ပစ်တင်ပြီးစိုက်မယ်။ အဲ့အချိန်ဆို စထရော်ဘယ်ရီတွေလည်း စားလို့ရစပြုပြီ။ လှိုင်တော့ မလှိုင်လောက်သေးဘူး။ စပျစ်တွေလည်း သီးကင်းလိုက်ပြီ။ စပျစ်သီးကင်းကို စိမ်းစားငါးပိနဲ့ထောင်းပြီး မရမ်းသီးငါးပိထောင်း အလွမ်းဖြေရတာပါပဲ။ စပျစ်တွေက မနှစ်က ဆောင်းအဝင်မှာ Trained ပြန်လုပ်ထားတာဆိုတော့ ဒီနှစ် အသီးထွက်နည်းမှာ သေချာတယ်။ ကံပေးသမျှပေါ့လေ။

ဇွန်ကျရင် နွေပီပီမြည်ပြီ။ အဲ့အချိန်ကျ သဗ္ဗနနံပေါင်း စိုက်ရမယ်။ ကြက်မတွေ ဒီနှစ် ဝပ်ပါဦးမလား မသိဘူး။ ဥတော့ဥနေကြတာပဲ။ အမေရော မရင်နှစ်ရော ကျနော်တို့ရော စားရသလောက်တော့ စားရတာပဲ။ အဖက လိုတာထက်များနေပြီ။ လကုန်လောက်ကျ အမေစားဖို့ ၂ ကောင်လောက်ပေးဦးမှ။ လယ်သမားဈေးကြီး သွားပြီး ကြက်ဆင်အမလေး ၂ကောင်၊ အထီးလေးတကောင်လောက်ဝယ်ဦးမှနဲ့တူတယ်။ ဒေါင်းမွေးမယ့်စိတ်ကူးတော့ လက်လျှော့လိုက်ပြီ။ လူ နိုင်မယ်မထင်ဘူး။ ကြက်ဆင်အဖကြီးတွေ ဟန်ရေးပြတာ သိတ်ကြည့်ကောင်းတယ်။ ချစ်စရာလည်း ကောင်း ရယ်စရာလည်း ကောင်းတယ်။ ပါးစပ်က ဂဒွတ်ဂဒွတ်နဲ့ အော်အော်ပြီး။
ကိုဘိုင်ကြီး အိမ်လာပြီး မြက်ရိပ်စက် ၂ လုံး စလုံးရဲ့ အသွားတွေ သွေးပေးသွားလို့ဟန်ကျနေတယ်။ အင်ဂျင်တွေသာ ဘာမှမဖြစ်နဲ့ နောက် ၅ နှစ်လောက်တော့ အေးဆေးပဲ။ အိမ်ခေါင်မိုးလည်း မနှစ်ကအသစ်လဲပြီးပြီ။ အနည်းဆုံး နှစ် ၂ ဆယ်အစိတ်တော့ ပျော့ပျော့ပဲ။ ဒီနွေမှာ အိမ်ရှေ့မျက်နှာစာပြူတင်းဘောင်တွေကို ဆေးဟောင်းတွေခြစ်ချပြီး ဆေးသစ်တွေသုတ်မယ်။ လင်မယားနှစ်ယောက် လက်နိုင်ခြေနိုင်လုပ်နိုင်တယ်။ လူငှားဖို့ မလိုဘူး။ အိမ်အမိုးက ကုမ္ပဏီငှားမိုးရတာ ကုန်လိုက်တဲ့ပိုက်ဆံ လူတွေလည်း ဖတ်ဖတ်မောပဲ။

မပြည့်စုံ မချောင်လည်ပေမယ့် ဘဝဟာ သူ့ဟာသူတော့ လည်ပတ်နေတာပဲ။ စိတ်လက်ချမ်းသာလိုက် ဆင်းရဲလိုက်၊ ပျော်လိုက် ညစ်လိုက်၊ ရယ်လိုက် ငိုလိုက်၊ ပြုံးလိုက် မဲ့လိုက်၊ ကောင်းလိုက်ဆိုးလိုက် ဖြစ်လိုက်ပျက်လိုက်နဲ့။ မနက်ဖြန်တွေရှိနေလို့သာ ဘဝဟာ နေနေလို့ရနေတာပါလား။ ညအိပ်ယာဝင်တိုင်း မအိပ်ခင်မှာ ဒီနေ့ ငါ ဘယ်သူ့အပေါ် ဘာစိတ်မွေးခဲ့သလဲ၊ ကောင်းတဲ့စေတနာနဲ့ ဘာ ကာယကံ မနောကံ ဝစီကံတွေ ပြုမူခဲ့မိသလဲ အမြဲတွေးပါတယ်။ မကောင်းဘူးထင်တာ ပြင်ဖို့လည်းကြိုးစားပါတယ်။ ပြင်ရတာလည်းရှိ မရတာတွေလည်းရှိနေတုန်းပါ။

မနှစ်တွေ တနှစ်တွေ တမြန်နှစ်တွေတုန်းက စိတ်အခြေအနေဟာ သေလောက်တာတွေချည်းဖြစ်ခဲ့တယ်။ သေနတ်တွေလည်း ကျည်ခနခနထိုးခဲ့တယ်။ ကားတွေလည်း ရမ်းရမ်းကားကား မောင်းခဲ့တယ်။ လိုင်စင်လည်း အပိတ်ခံရတယ်။ ခုတော့ လိုင်စင်လည်း ပြန်ရပြီ။ ကိုယ့်အနားမှာ သေနတ်တလက်မှ မထားတော့ဘူး။ မနေ့က တိုလီမိုလီအခန်းကိုရှင်းတော့ အံဆွဲတခုထဲမှာ ကျည်ဆန်တွေ တွေ့တယ်။ ဗူးအသစ်ချည်းပဲ ၂ ဗူး။ ဖေါက်လက်စက ၂ ဗူး။ ၉ မမ ကျည်တွေရော၊ ပွိုင့်တူးတူးကျည်(အရှည် နှစ်ဆင့်ကွဲတွေရော)တွေရောပဲ။ ထုတ်ပြီး ကိုင်ကြည့် ပွတ်ကြည့် ပါးနဲ့ အသာကပ်ကြည့်လိုက်မိသေးပေမယ့် နောက်ဆုံး သူ့နေသူအသာပြန်ထားလိုက်တယ်။ ခု အသက်ရှင်နေရတာကို ကောင်းတယ်လို့ ပြန်ထင်လာနေတယ်။ ဘဝဆိုတာ နေကောင်းအောင် နေရတာမှန်း သိလာသလိုလိုပဲ။

ဗမာပြည်လည်း သတိရတယ်။ ကွဲကွာနေတဲ့ ညီအကိုမောင်နှမ ဆွေမျိုးသားချင်း သူငယ်ချင်းအပေါင်းအသင်းတွေကိုလည်း အောက်မေ့တယ်။ အမှုတွဲတွေ ထောင်ကျဘက်တွေကိုလည်း အမှတ်ရတယ်။ ဒီနေ့ ကျနော့်မွေးနေ့ပဲ။ စိတ်ထဲဝင်လာတာတွေ ချရေးလိုက်မိတာပါ။
မျိုးမြင့်ချို
ဖေဖော်ဝါရီ ၁ဝ၊ ၂ဝ၁ဝ

Sunday, February 9, 2020

လဒလောက်တော့ ငှက်တိုင်းလှပါတယ်

0 comments

(လဒလောက်တော့ ငွက္တိုင်းလှပါတယ်)
အသာလေး ဘေးနားက ကပ် မတ်တတ်ရပ်နေလိုက်ပါ။ ဂန္ဒီအစည်းအဝေးအပြီး လူဖမ်းပွဲကြီးလုပ်တော့ ထောင်ထဲကို အမတ်တွေ ရောက်လာတယ်။ စစ်ဗိုလ်ဟောင်းအမတ်တွေလည်း ပါတယ်။ တနင်္လာထောင်ပိုင်အလှည့်မှာ ပုံစံမထိုင်ရပေမယ့် ညွှန်ချုပ် ညွှန်မှူးလာရင်တော့ သူတို့လည်းထိုင်ရတယ်။ ညွှန်ချုပ်ဇော်မင်းဆိုတာက စစ်တပ်ကနေ ညွှန်ချုပ်အဖြစ် အကျဉ်းဦးစီရောက်လာတဲ့စစ်ဗိုလ်။ ဒီ့အရင်က မီးသတ်ညွှန်ချုပ်ဆိုလား မသိဘူး။ ထားပါတော့။
ဒီဇော်မင်း ပခုံးပေါ်အပွင့်တင်စက ခုထောင်ကျလာတဲ့စစ်ဗိုလ်အမတ်ကြီးတွေက စစ်ဗိုလ်အရိုးရင့်နေကြပြီ။ တချို့ဆို သူ့ဆရာတွေ။ စစ်ထဲမှာသာဆို သူတို့အတွက်တော့ ဇော်မင်းက မလောက်လေးမလောက်စားပဲ ဖြစ်ဖို့ရှိမယ်ထင်တယ်။ ဗိုလ်နေဝင်းက ရမယ်အမျိုးမျိုးရှာပြီး ကိုင်ထုတ်လိုက်လို့ စင်စက်ထွက်ပြီး နောက်ဆုံး NLD မှာ လာစုမိကြတာပေမယ့် စစ်သံယောဇဉ်ကတော့ မကုန်ကြဘူး။ နိုင်ငံရေးအရ ခိုင်ခိုင်ကြည်ရှိတာက ဦးငွေလှိုင်(မှူးကြီးဟောင်း)ရယ်၊ လူငယ်တွေနဲ့ အလိုက်သင့်နေတတ်ပြီး အလွမ်းသင့်တာက ဦးဘထွေ(ရုပ်ဆိုးဘထွေး မှူးကြီးဟောင်း) နိုင်ငံရေးသမားတွေရော NLD တတ်သိပညာရှင်တွေကပါ လေးစားတာက ဦးကြည်မောင်။ ဒီစစ်ဗိုလ်ဟောင်းကြီး ၃ ယောက်ကတော့ ကျနော်တို့ခေတ်ပြိုင်တွေ မမေ့နိုင်စရာပါ လွမ်းလောက်စရာ စစ်ဗိုလ်ကြီးတွေပါ။ ကျန်တာတွေက လွမ်းလောက်စရာမရှိပါ။ ဒါလည်းထားပါတော့။
တရက် ညွှန်ချုပ်ဇော်မင်းကထောင်ထဲဝင်စစ်တော့ အဆောင်နေအကျဉ်းသားတွေအကုန် ပုံစံထိုင်ပေးရတယ်။ ပုံစံကြီးမဟုတ်ပါ။ ဒီတော့ စစ်ဗိုလ်ဟောင်းအမတ်ကြီးတွေအတွက် အတော်အခံရခက်တယ်။ ဦးငွေလှိုင်လို မထိုင်ဘူးကွာ လုပ်ချင်ရာလုပ်ပြောပြီး စစ်ခွေးတိုက် သွားနေဖို့ဆိုတာ တော်ရုံသတ္တနဲ့မှမရတာ။ ခါးကြားမှာသေနတ်နဲ့ ပခုံးပေါ်အပွင့်အခက်တွေရှိနေချိန်ကရှိတဲ့သတ္တိမျိုးက နှလုံးရည်တိုက်ပွဲ နိုင်ငံရေးတိုက်ပွဲ စစ်အာဏာရှင်ကိုအန်တုအာခံတဲ့တိုက်ပွဲ တွေမှာ ဘာမှသုံးမရဘူး။ ဒီတော့ သူတို့လည်း ပုံစံထိုင်ကြတယ်။ နိုင်ငံရေးအကျဉ်းသားကို ပုံစံထိုင်ခိုင်းတာ သက်သက်ချိုးတာ။ သူတို့မှမဟုတ်ဘူး ဓာတ်တိုင်မှာကပ်ထားတဲ့ စစ်အစိုးရဆန့်ကျင်စာ သွားဖတ် ကြိုက်လို့ခွာယူလာ အိပ်ထဲမှာမိလို့ ၅(ည)နဲ့အဆွဲခံရပြီး ထောင်ကျလာတဲ့လူတောင် မခံချင်ဘူး၊ ပုံစံ မထိုင်ချင်ဘူး။ ဒါပေမယ့် နှိပ်ကွပ်မှု အလွန်ပြင်းထန်နေချိန်ဆိုတော့ အောင့်အီးပြီးထိုင်ရတယ်။ နိုင်ငံရေးမာန အထိပါးခံရတာ၊ နိုင်ငံရေးကသိက္ခာအချနင်းခံရတာလို့ ခံစားကြရတယ်။
ခုနပြောတဲ့စစ်ဗိုလ်ဟောင်း(ကြီး)အမတ်တွေက မထိုင်ချင်ဘူး။ ဒါသဘာဝကျတယ်။ နိုင်ငံရေးမာနအပြင် တချိန်က သူတို့တပည့်လက်သား ဖြစ်ခဲ့တာလည်း ပါတယ်။ မထိုင်လို့ကလည်း မရဘူး။ ဒီတော့ သူတို့ ဘာလုပ်လဲ။ ညွှန်ချုပ်ဝင်လာလို့ ပုံစံလို့အော်လိုက်တော့ တင်ပလ္လင်ချိတ် ထိုင်လိုက်တယ်။ ခါးဆန့်လိုက်တယ်။ လက်နှစ်ဘက်ကို လက်မအထဲထည့်လက်သီးဆုပ်ပြီး ဒူးပေါ်တင်လိုက်တယ်။ ခေါင်းငုံ့လိုက်တယ်။ မော့မကြည့်ရဘူး။ ဒါ ထောင် ထိုင်ပုံစံရိုးရိုးပဲ။ အားလုံးလည်း အဲ့အတိုင်းပဲထိုင်ရတယ်။
ထောင်ပိုင် ညွှန်မှူး ညွှန်ချုပ်တွေလှည့်ကြည့်ပြီး ပြန်ထွက်သွားတော့ အေးစေပေးတယ်။ အဲ့တော့မှ ပုံမှန်ပြန်နေ ပြန်ထိုင် ပြန်စကားပြော ပြောလို့နေလို့ရတယ်။ ဒီတော့ သူတို့ကို ကျောင်းသားရွယ် ထောင်ကျ ၅(ည)လူငယ်တွေက အန်ကယ်လ်တို့မို့လို့ပုံစံထိုင်တာ ကျနော်တို့သာ အန်ကယ်လ်တို့နေရာဆို မထိုင်ဘူး ဘာညာနဲ့ သွားကတိတဲ့အခါကလိတယ်။ ဒီတော့ သူတို့က ပြန်ပြောတယ် ငါတို့က ပုံစံထိုင်တာ မဟုတ်ပါဘူးကွ။ ကိုယ့်ဘာသာ ခေါင်းငုံ့ပြီး တရားမှတ်နေတာပါ၊ ဒီကောင့်များ ထိုင်စရာလားကွ ဘာညာပြန်ပြောတတ်တယ်။ ဒါ အဲ့အချိန်က အင်းစိန်ထောင်မကြီး အဆောင်အတူနေဖူးသူတွေကြားမှာ ရယ်ပွဲဖွဲ့စရာဖြစ်ခဲ့တယ်။
ခုလည်း ငါက အလေးပြုခံဖို့ ထတာမဟုတ်ပါဘူး။ ထိုင်ရတာညောင်းလာလို့ပါ မတ်တပ်ရပ်တာပါဆို ဘယ် ဒီကောင်ဂျပု ဘာပြောလို့၊ ဘာတတ်နိုင်မှာလဲ။ ပြီးမှ အသာ နား နားကပ်ပြီး ဂျပုလောက်တော့ လူတိုင်းထပါတယ်ပါ ပြောပစ်လိုက်။ ဒါမှ မှတ်သွားမှာ။ (ပြုံးစရာရေးတာ ဆဲစရာဖြစ်သွားရင်တော့ ဆဲကြပါလေ့ဗျာ) မျိုးမြင့်ချို

(လူပေါင်စာချုပ်များ) နိဂုံးချုပ်အပိုင်း

0 comments
(လူပေါင်စာချုပ်များ) နိဂုံးချုပ်အပိုင်း
အချုပ်ဆိုရသော် မြန်မာနိုင်ငံ ပဒေသရာဇ်ခေတ်တွင် လူကို ကျွန်အဖြစ်ပေါင်၍ ငွေချေးသည့်ဓလေ့ရှိခဲ့သည်။ ငွေကြေးအခက်အခဲ ရှှိသည့်အခါတွင် လည်းကောင်း၊ စားသုံးရန်မရှိသည့်အခါတွင် လည်းကောင်း၊ ပေါင်ရန် ရွှေ၊ မြေ မရှိသူများ၊ အပေါင်ပစ္စည်းလွတ် ငွေချေးနိုင်စွမ်း မရှိသူများက လူကိုပေါင်ရသည်။ လူတဦး၏ပေါင်ကြေးသည် အများအားဖြင့် ၂၅ိ မှ ၇၅ ိ အတွင်းဖြစ်ရာ ယခုအနေနှင့် ကြေးနည်းသည်ဟုထင်ရသော်လည်း ဆီတပိသာ ၅ူး(ငါးမူး)၊ စပါးတစ်တင်း၁ိ၊ ၂ူး၊ ၁ဲ (တစ်ကျပ် ၂ မူး တစ်ပဲ) ဈေးရှိသည့်အချိန်ကဖြစ်သည်ကို သတိမူရပါမည်။
လူကိုပေါင်နှံရာတွင် ပေါင်သူနှင့်အပေါင်ခံသူတို့ သဘောတူစာချုပ်ကို သေချာစွာချုပ်ဆိုကြပါသည်။ ထိုစာချုပ်ပါအချက်များအရ အပေါင်သွင်းထားသူသည် အစေမခံပဲ ထွက်ပြေးတိမ်းရှောင်ခဲ့လျှင် အာမခံသူက ပေါင်ကြေးငွေကို ပေးလျော်ရပါမည်။ သို့မဟုတ် လူစားသွင်းပေးရမည်ဖြစ်၍ ငွေရှင်အတွက်နစ်နာရန်မရှိပေ။ ငွေများများရလိုသူများက လူများများအပေါင်သွင်းရ၍ လည်းကောင်း၊ လူများများ အပေါင်မသွင်းနိုင်ပါက လူတဦးကိုပင် တန်ရာတန်ကြေးနှင့်ပေါင်၍ နောက်ထပ်ငွေကို ၁ဝိ လျှင် တလ အတိုး ငါးမူးနှင့် ချေးငွေယူ၍ ငွေရှင်အတွက် အတိုးရပါသည်။ စပါးချေးလျှင်လည်း အတိုး ၅ဝ ရာနှုန်းရပါသည်။
ထိုအတိုးနှုန်းများဖြင့် ချေးယူကြသော ဆင်းရဲသားများတွင် အတိုးရောအရင်းပါ ပြေလည်အောင်ဆပ်နိုင်သူ ရှားမည်ထင်ပါသည်။ လူပေါင် စာချုပ်များတွင် ရွေးနှုတ်ပြီးကြောင်းမှတ်သားသည်ကို တဦးစနှစ်ဦးစသာတွေ့ရသဖြင့် မရွေးနိုင်တော့သည့်သူများသည် ရာသက်ပန်အစေခံ၍ ကျွန်အဖြစ်ဖြင့် ဘဝဆုံးကြရသည်ဟု ယူဆရန်ရှိပါသည်။ သခင်က ရက်စက်စွာခိုင်းစေသဖြင့် လည်းကောင်း၊ လွတ်မြောက်ရန် လမ်းမမြင်၍ လည်းကောင်း ကျွန်များ အကြိမ်ကြိမ်ထွက်ပြေးကြသည်ဟုထင်ပါသည်။ သို့ထွက်ပြေးသော်လည်း ငွေရှင်တွင် အရှူံးမရှိပါ။ အမှုဖွင့်၍ ပေါင်ကြေးငွေကို လည်းကောင်း၊ လူစားကို လည်းကေင်း တောင်းယူနိုင်ပါသည်။ ရတနာပုံနေပြည်တော်တွင် ကျွန်မှုကို လွှတ်တော်က စီရင်သည်ကို တွေ့ရသည်။
အချို့ ငွေကြေးကျပ်တည်းသူများသည် ငွေရှင်တဦးတည်းကိုပင် သားသမီး သုံးလေးဦး တပြိုင်တည်းပေါင်သကဲ့သို့ တချို့ကလည်း ငွေရှင်တဦးစီခွဲ၍ ပေါင်နှံကြသည်။ လက်ရှိအိမ်တွင်မပျော်ပိုက်ပါက သခင်အသစ်ရှာ၍ ပြောင်းလဲကျွန်ခံကြသည်ကို လည်းကောင်း၊ လူစားသွင်းကြသည်ကို လည်းကောင်း တွေ့ရပါသည်။ သာမန်ဆင်းရဲသားများသာ လူကိုပေါင်သည်မဟုတ် မင်းမှုထမ်းတချို့သည်လည်း ငွေရှင်ထံ သားမယားကိုပေါင်နှံ၍ ငွေချေးကြသည်။
ပေါင်နှံသူနှင့်အပေါင်ခံသူ နှစ်ဦးသဘောတူစာချုပ်တွင် ရှင်မပွား သေမဆုံး အပေါင်ဝယ်ယူသည်ဟု ထည့်သွင်းချုပ်ဆိုထားခြင်းဖြင့် အပေါင်သွင်းထားသူ ကျွန်ခံရင်း သေဆုံးသွားသော်လည်း ငွေရှင်သည် ပေးထားသည့်ပေါင်ကြေးငွေ မဆုံးပါ။ အချို့ငွေရှင်က စာချုပ်တွင် သုံးနှစ်သုံးသီး စေခိုင်းပြီးမှ၊ လေးနှစ်လေးသီး စေခိုင်းပြီးမှ၊ ငါးနှစ်ငါးသီး စေခိုင်းပြီးမှရွေးနှုတ်ပါမည်ဟု အာမခံချက်ယူထားလိုက်သဖြင့် ကျွန်အဖြစ်အပေါင်သွင်းထားသူအား နှစ်စေ့သည်အထိ ခိုင်းစေနိုင်သည်။ ငွေကြေးအခက်အခဲကြောင့် လူကိုအပေါင်သွင်း၍ ငွေချေးရာနှိုက် ငွေကြေးပြေလည်သည့်အခါ ချက်ခြင်းမရွေးနိုင်ဘဲ အထက်ပါသဘောတူညီချက်ကြောင့် သတ်မှတ်သည့်နှစ်စေ့အောင်စောင့်ဆိုင်းကာ အခိုင်းအစေခံရခြင်းသည် အပေါင်ခံသူအတွက် အသာစီးရသလောက် ပေါင်သူအတွက် နစ်နာလှပါသည်။
ခိုင်းပိုင်ခွင့်နှင့်ပတ်သက်၍လည်း အပေါင်သွင်းထားသည့်ကျွန်အား ဓား၊ ဖလား ကွဲရှပျောက်ဆုံးခွင့်ပြုသည်မှအပ ထိုကျွန်ကိုရိုက်နှက်ဆုံးမ ပိုင်ခွင့်၊ ခိုင်းစေရာတွင် အသက်အန္တရာယ်ကို မငဲ့ကွက်ဘဲ ခိုင်းပိုင်ခွင့်၊ ခိုင်းစေရင်း အန္တရာယ်ကျရောက် သေဆုံးပါကလည်း သခင်တွင် တာဝန်မရှိသဖြင့် လူပေါင်စာချုပ်ပါသဘောတူညီချက်များသည် ငွေရှင်ကိုသာအကျိုးပြုလျှက် ပေါင်နှံသူဆင်းရဲသားများ နာဘက်ကချည်း ဖြစ်ပါသည်။
လူကို ကျွန်အဖြစ်ပေါင်၍ ငွေချေးသည့်စနစ်သည် အမျိုးသားမြန်မာနိုင်ငံတွင် ကုန်းဘောင်ခေတ်နှောင်းပိုင်းအထိ ရှိခဲ့ပါသည်။ ဗြိတိသျှ မြန်မာနိုင်ငံတွင် အစိုးရက ၁၈၅၂ တွင် ကျွန်စနစ်ဖျက်သိမ်းခဲ့သည်။ သီပေါမင်းက ၁၁ ဇွန်၊ ၁၈၈၃ ညဉ့်ညီလာခံတွင် သူတပါးအိမ်နှိုက် ကျွန်ခံနေရသူများကို အပေါင်ကြေးပေးဆပ်၍ရွေးနှုတ်ပြီး သာသနာ့ဘောင်သို့သွပ်သွင်းချီးမြှင့်မည်ဟု အမိန့်ရှိခဲ့သည်။ ၁၃ ဇွန်၊ ၁၈၈၃ တွင် သူတပါးနေအိမ်နှိုက် လူပေါင်စာချုပ်ဖြင့် ကျွန်ခံနေရသူ ယောက်ျား၊ မိန်းမများ၏စာရင်းကိုကောက်ယူလျှက် လူပေါင်စာချုပ်များကို လွှတ်တော်သို့တင်သွင်းစေကာ အပေါင်ကြေးငွေ ၄ဝဝဝဝိ (ကျပ်လေးသောင်း) ထုတ်ဆပ်၍ရွေးပေးသည်။ ရွေးနှုတ်၍ရသည့် ကျွန်ယောက်ျား ၂၄ဝ ကို ၁၆ ဇူလိုင်၊ ၁၈၈၃ တွင် သာသနာ့ဘောင်သို့ သွပ်သွင်းချီးမြှင့်ပါသည်။ သီပေါမင်းသည် နေပြည်တော်အနီးတဝိုက်ရှိကျွန်းများကိုသာ ရွေးနှုတ်နိုင်ဟန်ရှိပါသည်။ မြန်မာမင်းပိုင်နက် အမျိုးသားမြန်မာနိုင်ငံတွင် ၁၈၈၅ ခုနှစ်အထိ ကျွန်စနစ်တည်ရှိဆဲဖြစ်ပါသည်။
(ၿပီးပါၿပီ)
(စာသမားတိုက်စိုး၊ မွေးနေ့လက်ဆောင်စာစု စာအုပ်မှ အငြိမ်းစားသမိုင်းပါမောက္ခ၊ ရန်ကုန်တက္ကသိုလ် မြန်မာ့သမိုင်းအဖွဲ့ဝင် ဒေါ်အုံးကြည်ရေးသားသည့် လူပေါင်စာချုပ်များဆောင်းပါး ဖြစ်ပါတယ်။ ကျနော်ဖတ်ပြီး စိတ်လည်းမကောင်း စိတ်လည်းဝင်စားတာနဲ့ အခြားသူတွေပါဖတ်ရအောင်စာရိုက်တင်ပေးတာပါ။ ။မျိုးမြင့်ချို

(လူပေါင်စာချုပ်များ) စတုတ္ထပိုင်း

0 comments
(လူပေါင်စာချုပ်များ) စတုတ္ထပိုင်း
စာချုပ်စဉ်က ကျွန်အဖြစ်သွင်းထားသူသည် ထွက်ပြေးတိမ်းရှောင်ခြင်းမရှိ၊ မခိုမကပ် ကျွန်ခံစေပါမည်ဟု အာမခံထားသော်လည်း ထွက်ပြေး တိမ်းရှောင်ကြသည်ကို ရံဖန်ရံခါတွေ့ရပါသည်။ ထွက်ပြေးသူများသည် အမျိုးသားကျွန်များဖြစ်ပြီး ပြန်မိလျှင်လည်း အကြိမ်ကြိမ်ထွက်ပြေး တတ်ပါသည်။ ထွက်ပြေးသည့်ကျွန်ကို ပြန်လည်ဖမ်းဆီးရမိလျှင် ချုပ်နှောင်၍ ပေါင်ကြေးငွေကိုတောင်းပါသည်။ မပေးဆပ်နိုင်ပါက ဆွေမျိုးများကေ ပးဆပ်ပါမည်ဟု အာမခံရပါသည်။ ထွက်ပြေးသည့်ကျွန် မဖမ်းမိပါက အာမခံသူကိုဖမ်းဆီးချုပ်နှောင်၍ ကျွန်၏ပေါင်ကြေးငွေကို တောင်းပါသည်။ မပေးနိုင်ပါက ကျွန်အစားပေးသွင်းရပါသည်။

နမူနာပြရပါလျှင် ၇ စက်တင်ဘာ၊ ၁၈၅၇ တွင် ငရှမ်းပေါနှင့်ဇနီး မိမင်းသီတို့ ဘဏ္ဍာစိုးစာရေးတော်ကြီးထံ ကိုယ့်ကိုယ်ကိုယ် ၆ဝိ နှင့် ပေါင်ပါသည်။ သို့သော် ငရှမ်းပေါသည် အစေမခံဘဲ အကြိမ်ကြိမ်ထွက်ပြေးသဖြင့် ငရှမ်းပေါမိခင် မိမင်းယဉ်၊ နှမ မိချမ်းပုံနှင့် ညီ ငတေတို့က ငရှမ်းပေါကိုဖမ်းဆီး၍ ဘဏ္ဍာစိုးစာရေးကြီးထံအပ်နှံကာ ဆုံးမစေခိုင်းရန်၊ နောင် အစေမခံဘဲ ထွက်ပြေးတိမ်းရှောင် ဆိုးသွမ်းခဲ့လျှင် ငရှမ်းပေါကို ကိုယ်ဖိုးငွေ(ပေါင်ကြေး) ၆ဝိ အပြင် ထွက်ပြေး၍ရှာဖွေရာတွင်ကုန်ကျသည့်စရိတ် ၁၅ိ၊ စုစုပေါင်း ၇၅ိ နှင့် ငရှမ်းပေါအမိ မိမင်းယဉ်နှင့် နှမ မိချမ်းပုံတို့က ငရှမ်းပေါကိုယ်စား ကျွန်ခံပါမည်ဟု အာမခံသည်။ ငရှမ်းပေါနှင့်ဇနီး မိမင်းသီတို့ထွက်ပြေးပြန်သဖြင့် ဘဏ္ဍာစိုးစာရေးတော်ကြီးက လွှတ်တော်သို့တိုင်တန်းရာ အာမခံသည့် ငရှမ်းပေါ၏မိခင် မိမင်းယဉ်ကို မြိ့ုသစ်တန်းတွင်ချုပ်နှောင်၍ ငရှမ်းပေါ၏ပေါင်ကြေးငွေ ၇၅ိ ကိုတောင်းပါသည်။ ထိုအခါ မိမင်းယဉ်၏သားငယ် ငရှမ်းပေါ၏ညီ ငတေက ငရှမ်းပေါ၏ပေါင်ကြေးငွေ မပေးဆပ်နိုင်မီ ကျွန်ခံပါမည်ဟုအာမခံ၍ လွှတ်တော်တွင် ထိုအမှုကိုစီရင်သည့်စာရေးကြီး ဦးကြယ်ထံမှ မိမင်းယဉ်ကိုနှုတ်ယူသည်။ အာမခံသည့်အတိုင်း ငတေက ငရှမ်းပေါ၏ပေါင်ကြေးငွေ ၇၅ိ နှင့် ငရှမ်းပေါကိုယ်စား ဘဏ္ဍာစိုးစာရေးကြီးထံ ကျွန်ခံပါသည်။ သြဂုတ် တွင် ငတေထွက်ပြေးကြောင်း စာချုပ်တွင်မှတ်သားထားသည်ကို တွေ့ရပါသည်။

ဆွေမျိုးမတော်စပ်သော်လည်း ထွက်ပြေးလာသည့်ကျွန်ကို ခင်မင်မှုကြောင့်လက်ခံမိသဖြင့် အာမခံလိုက်ရသည်လည်းရှိပါသည်။ ၂၉ မေ၊ ၁၈၆၁ တွင် သူကောင်းမ မခိုင်၏ကျွန် ငသက်ရှည်သည် အစေမခံဘဲထွက်ပြေးသဖြင့် လိုက်ရှာသည့်အခါ သမုန်းကုန်းရွာနေ ငလှောက်၏အိမ်တွင် ငသက်ရှည်နေထိုင်သည်ကိုတွေ့ရှိရသဖြင့် ငလှောက်က သူကောင်းမ မခိုင်အား ငသက်ရှည် နောက်တကြိမ် အစေမခံထွက်ပြေးပါက ငလှောက်တို့ဇနီးမောင်နှံက ငသက်ရှည်၏ပေါင်ကြေးကိုပေးပါမည်ဟု အာမခံရပါသည်။

လူပေါင်စာချုပ်များတွင် ငွေရှင်၏အမည်ကိုဖော်ပြရာနှိုက် ရှိသမျှဂုဏ်ပုဒ်ကိုဖော်ထုတ်ရေးသားလေ့ ရှိပါသည်။ ဥပမာ- ရွှေကူကြီးဘုရားတကာ၊ ကျောင်းတကာ၊ စောင်းတန်းတကာ၊ ပလ္လင်တကာ၊ ပြသဒ်ကြီးတကာ၊ ထီးတကာ စသည်ဖြင့် အမည်ရှေ့တွင် ထည့်ရေးလေ့ရှိပါသည်။
လူပေါင်စာချုပ်များအရ ထိုခေတ်ကသုံးသော ငွေအမျိုးအစားများသည် ငွေမွှေး၊ ရွက်နီ၊ ဘော်တို့ဖြစ်ပြီး ငွေကိုချိန်ပေးရာနှိုက် ကရဝိတ်အလေး၊ ဃိုင်ပါအလေး၊ ဃိုင်ပါစင်္ကြာအလေး၊ နန်းဦးအလေး၊ မင်းသားရုပ်အလေး၊ ဟင်္သာအလေးတို့ဖြင့်ချိန်ပေးကြောင်းတွေ့ရပါသည်။
(စာသမားတိုက်စိုး၊ မွေးနေ့လက်ဆောင်စာစု စာအုပ်မှ အငြိမ်းစားသမိုင်းပါမောက္ခ၊ ရန်ကုန်တက္ကသိုလ် မြန်မာ့သမိုင်းအဖွဲ့ဝင် ဒေါ်အုံးကြည်ရေးသားသည့် လူပေါင်စာချုပ်များဆောင်းပါး ဖြစ်ပါတယ်။ ကျနော်ဖတ်ပြီး စိတ်လည်းမကောင်း စိတ်လည်းဝင်စားတာနဲ့ အခြားသူတွေပါဖတ်ရအောင်စာရိုက်တင်ပေးတာပါ။ စိတ်ဝင်စားရင် ကွန်မန့်ထားခဲ့ပါ။ ဆယ်ဦးလောက် စိတ်ဝင်စားတယ်ဆို ဆက်ရိုက်ပြီးတင်ပေးပါ့မယ်။ ဒါက စတုတ္ထပိုင်းပါ။ နိဂုံးချုပ်ပိုင်းကို ညကျမှ(ကျနော့်ဆီက ည) ဆက်ပြီးရိုက်တင်ပေးပါမယ်ဗျား။မျိုးမြင့်ချို)

(ဆံပင်ရှည်ရှည် မုတ်ဆိတ်တွေနဲ့ ညှဉ်းသိုးသိုးကြီးပေါ့)

0 comments
(ဆံပင်ရှည်ရှည် မုတ်ဆိတ်တွေနဲ့ ညှဉ်းသိုးသိုးကြီးပေါ့)
ကိုညို(ညီပုလေး)တို့ ဖို့တ်ဝိန်းလာပြီး စာပေဟောပြောပွဲလုပ်တဲ့နေ့က နည်းနည်းလည်း ပူတာနဲ့ ဂတုံးပြောင်နေအောင် တုံးလိုက်တယ်။ မုတ်ဆိတ်ကျင်စွယ် ပါးသိုင်းမွှေး နှူပ်ခမ်းမွှေးလည်း စင်အောင်ရိပ်လိုက်တယ်။ အဲ့နောက်ပိုင်း ဆောင်းလည်းဝင်လာတာပါတယ် လူလည်းပျင်းတာပါတယ် ဆံပင်ရော ပါးသိုင်း နှူပ်ခမ်း မုတ်ဆိတ် ဘာမှမရိပ်တော့ပဲ အဲ့ဒီကတည်းကပစ်ထားလိုက်တာ ခု မနည်းရှည်နေပြီ။ ရှည်လေလေ ရိပ်ရပျင်းလေလေနဲ့ ရှည်ချင်သလောက်ရှည်စမ်းဆိုပြီး ပစ်ထားကြည့်ဦးမယ်တွေးတာပါပဲ။

ဟိုနေ့က တူမချော မရင်နှစ်အိမ်သွားတော့ ကျနော့်ဇနီးက သူ့ကို နင့် ဘဘ က ဘာနဲ့တူနေလဲ အသက်ပိုကြီးသွားသလိုမနေဘူးလားဆိုတော့ တီဗီကြည့်နေရာကနေ ဘဘက တောသားအဖိုးကြီးနဲ့တူတယ်တဲ့။ နင် သူ့ကို အဲ့လိုမြင်ရတာရော ကြိုက်လားဆိုတော့ ပခုံးနှစ်ဘက်တွန့်ပြတယ်။ ဘာမှတော့မပြောဘူး။

မနေ့က အပွိုင်မင်န် ၂ ခုရှိတာသွားခဲ့ရတယ်။ ၂ ခုစလုံးက အိုင်ဒီပြရတာချည်းပဲ။ အိုင်ဒီကလည်း မနေ့ကမှ အသစ်လဲထားတာ။ ကဒ်တောင်မရသေးဘူး။ ယာယီစာရွက်။ အေဖိုးစက္ကူပေါ်မှာ ဓာတ်ပုံနဲ့ ကိုယ်ရေးအချက်အလက်တွေ(လူမျိုး/ဘာသာတွေမပါ)တွေကို ဓာတ်ပုံကော်ပီလုပ်ထားတာပါ။ ဒါနဲ့ အပွိုင်မင်န်တွေမှာ အဲ့ဒီယာယီစာရွက်ပြရင်း ဒါလိုလည်းရှိတယ်လို့ အိုင်ဒီအဟောင်း(ကဒ်ပြား)ကိုပြတယ်။ ကေ့စ်ကိုင်တဲ့ ကောင်မလေးက နစ်ကိုးလ်တဲ့။ အသက်ကတော့ ၃၅ လောက်ရှိမယ်။ ခတ်ချောချော တောင့်ောင့်ဖြောင့်ဖြောင့်လေး။ ကဒ်ပြားကပုံရယ် ယာယီစာရွက်ကပုံရယ် သူ့ရှေ့ထိုင်နေတဲ့ ကျနော့်လူပုံရယ်ကို တလှည့်စီကြည့်ပြီး ဟား အများကြီးပြောင်းလဲသွားပါတယ်၊ ဒီရုပ်နဲ့ဒီရုပ် ထင်တောင် မထင်ရဘူးလို့ပြောပြီး ရီနေတယ်။

နောက်တနေရာကျတော့ အာဖရိကန်အမေရိကန်မကြီး။ အသက်က ၆၂ လောက်ရှိမယ်။ ဝဝတုတ်တုတ် အကောင်ကြီးကြီး ပြင်ထားလိုက်တာလည်း ပြော မနေနဲ့။ လက်သည်းတွေကလည်း အရှည်ကြီးတွေ။ အိုင်ဒီဟောင်း ကဒ်ပြား၊ ယာယီအိုင်ဒီစာရွက်နဲ့ ကျနော့်လူပုံကြည့်ပြီး နှုတ်ခမ်းတလန်ပန်းတလန်နဲ့ ခုမှ ပိုခန့်သွားတာတဲ့။ ငါ့မောင်လည်း နင့်လိုပဲ ခြေတဘက်ဖြတ်ထားရတဲ့ စစ်သားလူထွက်ပဲ၊ ခုမှ ဘာစိတ်ကူးပေါက်ပြီး ဆံပင်တွေမုတ်ဆိပ်တွေ အရှည်ထထားရတာလဲမသိဘူး၊ ဒါပေမယ့် သူနဲ့တော့လိုက်သား၊ နင်လည်း ဒီလိုကမှ ပိုကြည့်ကောင်းတယ်ထင်တာပဲလို့ပြောပြီး သူလုပ်စရာရှိတာအကုန်လုပ်ပေးရှာပါတယ်။ သူ့ခန္ဓာကိုယ်ကြီး မနိုင့်တနိုင်လမ်းလျှောက် အခန်းဝအထိလိုက်ပို့ရင်း နင် ဆံပင်တွေရှည်လာတော့ ပိုနီတေးလ် ဘယ်လိုလုပ် စည်းမလဲလို့မေးတယ်။
သူပြောမှ ဟုတ်သားဟ ဆံပင်တွေရှည်လာလို့ စည်းမယ်ဆို လက်နှစ်ဘက်ရှိမှ ဒါမှမဟုတ်လည်း အနည်းဆုံးလက်တဘက် လက်ချောင်းတွေတော့စုံမှဆိုပြီး တွေးမိတယ်။ 

ကားပေါ်ပြန်ရောက်တော့ ဇနီးကို အဲ့အကြောင်းပြောတော့ ရယ်ပြီး မပူနဲ့ ငါစည်းစည်းပေးမယ်၊ ခေါင်းလည်း လျှော်ပေးမယ်၊ နွေကျ နင်ဆံပင်ရှည်နဲ့ ပူအိုက်လှောင်နေမှာပဲ ငါစိုးတာ၊ နင်က ချွေးအထွက်ကလည်း သန်ပါဘိနဲ့တဲ့။

ဒါနဲ့ ညကတော့ တွေးမိတယ်။ မုတ်ဆိပ် ပါးသိုင်း နှူပ်ခမ်းမွှေးကတော့ ရှိစေတော့၊ ရှည်ချင်သလောက်ရှည် ထားလိုက်တော့မယ်။ မတိဘူး မဖြတ်ဘူး။ ဆံပင်ကတော့ အခြေအနေကြည့်ရမှာပဲ။ နွေဆို ကျနော်ကလည်း ခြံထဲတနေကုန်လိုလိုဆင်း စိုက်ပျိုးထားတာလေးတွေကြည့် ကျီးခြောက် ငှက်မောင်း ရေလောင်းပေါင်းသင် နေတတ်တာမဟုတ်လား။ အမေရိကန်ပေမယ့် ကျနော်နေတဲ့ အင်ဒီယားနားက ပူပြီဆို အညာထက်အဆပေါင်းများစွာဆိုးတယ်။ ပူတယ်လေ ဆယ်နွေထက်ကဲဆိုသလိုဘဲ။ ဒီတော့ နွေရောက်မှရောက်လျား ခုတော့ ဆံပင်အရှည်ထားလိုက်ဦးမယ်တွေးတာပါပဲ။
တူမက တောသားအဖိုးကြီးပြောပြော အဖြူမက ရုပ်အထွက်ကွဲသွားတယ်ပြောပြော အာဖရိကန်အမေရိကန်မကြီးက ခန့်လာတယ်ပြောပြော ဇနီးသည်အားကိုးနဲ့ ဆံပင်ရှည်တော့ထားကြည့်ဦးမှ။
မျိုးမြင့်ချို
ဖေဖော်ဝါရီ ၅၊ ၂ဝ၂ဝ

(လူပေါင်စာချုပ်များ) တတိယပိုင်း

0 comments
(လူပေါင်စာချုပ်များ) တတိယပိုင်း
ပေါင်သူနှင့်အပေါင်ခံနှစ်ဦး၏သဘောတူညီချက်တွင် ပေါင်သည့်သူကို ရှင်မပွား သေမဆုံးအပေါင် ဝယ်ယူသည်၊ ရှင်ပွား သေဆုံးအပေါင် ဝယ်ယူသည်ဟု အချို့စာချုပ်များတွင် ထည့်သွင်းချုပ်ဆိုပါသည်။ ထိုအချက်များသည် နှစ်ဦးစလုံးအတွက် အရေးကြီးသည့်အချက်များ ဖြစ်သည်။
ရှင်မပွား သေမဆုံးဆိုသည်မှာ ကျွန်အဖြစ်ပေါင်နှံခြင်းခံရသူသည် အစေကျွန်ခံနေစဉ်အတွင်း အိမ်ထောင်ကျ၍ ကလေးရလျှင်သော် လည်းကောင်း၊ ထိုကလေးများသည် အပေါင်ခံသူနှင့် မည်သို့မျှမဆိုင်၊ ပိုင်ဆိုင်ခွင့်မရှိပေ။ ကျွန်အသက်ရှင်နေသော်လည်း ယင်းထံမှ အတိုးအပွား မရနိုင်ပေ။ ထို့ကြောင့် ရှင်မပွားဟု ဆိုပါသည်။ သေမဆုံးဆိုသည်မှာ ကျွန်ခံနေစဉ်အတွင်း သေဆုံးသွားပါက ကိုယ်ဖိုးငွေနှင့် တကွ လုပ်ခွန်ပါ မဆုံးစေရဘဲ သေဆုံးသူအစား အခြားတဦးကိုပေးရခြင်းဖြစ်သည်။

ငါးစည်ကျောင်းအမထံတွင် ကျွန်ခံနေသည့် မောင်အောင်သ သည် ကျွန်ခံရင်း ၂၉ စက်တင်ဘာ၊ ၁၈၈၂ တွင် သေဆုံးသွားသဖြင့် မောင်အောင်သ၏နေရာတွင် သူ၏သား ငသက်ဦးကို ငါးစည်ကျောင်းအမထံအစားသွင်း ကျွန်ခံစေပါသည်။ ရှင်ပွားသေဆုံးဆိုသည်မှာ ကျွန်ခံနေစဉ်အတွင်းရရှိသည့်ကလေးများကိုပါ အပေါင်ခံသူကပိုင်ဆိုင်လျှက် ကျွန်ခံနေစဉ်သေဆုံးပါကလည်း နောက်ထပ်လူစားပေးစရာ မလိုပေ။ အစေကျွန်ခံသူသည် အမျိုးသမီးဖြစ်လျှက် ကျွန်မခံမီကသန္ဓေပါလာပါက ကလေးသည် လွတ်လပ်သူပင်ဖြစ်ပြီး အပေါင်ခံသူက ကျွန်မပြုနိုင်ပေ။ ကျွန်ခံနေစဉ်အတွင်းရရှိသည့်ကလေးသည် မရွေးနှုတ်နိုင်သမျှ မိဘကဲ့သို့ပင် ကျွန်ပြုခြင်းခံရပါသည်။

ငချိုဆိုသူသည် ၁၈၇၆ ခုနှစ်တွင် သူကောင်းမ မခိုင်၏ကျွန်အဖြစ်မှလွတ်လိုသဖြင့် ကိုယ်ဖိုးငွေ(ပေါင်ကြေး)၁၂ဝိ ပေးရန်ရှိသည့်အနက် ၁ဝဝိ ကိုပေး၍ ကျွန်အဖြစ်မှလွတ်စေခဲ့ပါသည်။ ငချိုကျွန်ဖြစ်ရသည်မှာ အဖိုးဖြစ်သူက သူကောင်းမ မခိုင်ထံ ရှင်ပွားသေဆုံး သဘောတူညီချက်ဖြင့် ကျွန်ခံရာမှ ငဘူး(ငချို၏ဖခင်) ကိုမွေးသဖြင့် ငဘူးပါ ကျွန်ပြုခြင်းခံရပါသည်။ ငဘူးသည်လည်း ကျွန်ခံနေစဉ်နှိုက်ပင် အလွတ်သူ မိဘူးနှင့် သင့်မြတ်၍ ငချိုကိုမွေးဖွားရာ ငချိုပါဆက်၍ ကျွန်ပြုခံရပါသည်။ သုံးဆက်တိုင်တိုင် ကျွန်ခံပြီးဖြစ်သဖြင့် ပေးရန်ရှိသည့်အပေါင်ကြေး ၁၂ဝိကို ၁ဝဝိ နှင့်ရွေးနှုတ်ခွင့်တောင်း၍ မိမိကိုယ်ကိုယ် ရွေးနှုတ်ခြင်းဖြစ်ပါသည်။

လူပေါင်စာချုပ်များတွင် ရွေးနှုတ်ခွင့်ကို ကျွန်အဖြစ် နှစ်ကာလမည်မျှုစေခိုင်းခြင်းခံပြီးမှ ရွေးနှုတ်ခွင့်ပေးမည်ဟု ကန့်သတ်ချက်ထားတတ်သည်။
ဥပမာ- ရွေးယူလိုသော် သုံးနှစ်သုံးသီး စေခိုင်းပြီးမှ ရွေးနှုတ်ပါမည်။
လေးနှစ်လေးသီးစေခိုင်းပြီးမှ ရွေးနှုတ်ပါမည်။
ခြောက်နှစ်ခြောက်သီးသေခိုင်းပြီးမှ ရွေးနှုတ်ပါမည် ဟု ရံဖန်ရံခါတွေ့ရပါသည်။ ပေါင်နှံသူသည် ငွေကြေးပြေလည်လာ၍ ရွေးနှုတ်နိုင်သည့် တိုင်အောင် အထက်ပါကန့်သတ်ချက်များကို သဘောတူခဲ့သဖြင့် မရွေးနှုတ်နိုင်ဘဲ သတ်မှတ်နှစ် စေ့သည်အထိ စောင်းဆိုင်းရပါသည်။ ထိုအချက်သည် ငွေရှင်အတွက် အသာစီးရသလောက် ပေါင်နှံသူဆင်းရဲသားအတွက် ထိခိုက်နစ်နာလှပါသည်။

စာချုပ်စဉ်က အိမ်တက်အစေခံကျွန် ဝယ်ယူသည်ဟုသဘောထားပါက ကျွန်အဖြစ်အသွင်းခံရသူသည် အပေါင်ခံသူငွေရှင်၏အိမ်တွင် နေထိုင်လျှက် ခိုင်းသမျှလုပ်ပေးရပါသည်။ အကယ်၍ ငွေရှင်၏အိမ်သို့ လိုက်၍မနေလိုပါက စာချုပ် ချုပ်စဉ်ကပင် ကိုယ်ဝင် မလုပ်ဆောင်ပါရစေနှင့်ဟု ကြိုတင်ပြောဆိုထားရပါသည်။ အချို့က အပေါင်ခံသူ၏အိမ်သို့ လာရောက်မနေဘဲ အမျိုးသမီးဖြစ်ပါက တလလျှင် စပါး ၁၅ တင်း ထောင်းဖွတ်ပေးပါမည်ဟု လည်းကောင်း၊ အမျိုးသားဖြစ်ပါက တနှစ်လျှင် လုပ်ခွန်စပါးတင်း ၂ဝ ပေးသွင်းပါမည်ဟု လည်းကောင်း သဘောတူညီချက်ထားရှိကြသည်လည်း ရှိပါသည်။

အပေါင်ခံသူက ကျွန်အဖြစ်သွင်းထားသူအား ခိုင်းပိုင်ခွင့်နှင့်ပတ်သက်၍လည်း စာချုပ် ချုပ်ဆိုစဉ်ကပင် ထည့်သွင်းချုပ်ဆိုထားသည်ကို စစ်ကိုင်းတိုင်း မုံရွာမြိ့ုနယ် လယ်ဇင်ရွာမှ ၁၇၉၅ ခုနှစ်ရေး စာချုပ်များတွင်တွေ့ရပါသည်။ ခိုင်းစေရမည်မှာ မြစ်ကူးချောင်းခြား၊ ခရီးနီးဝေး၊ ညဉ့်အိပ်ညဉ့်နေ ခိုင်းပိုင်စေ၊ အဆိပ်အတောက် စားပိုင်စေ၊ ဓား ဖလား ကွဲရှပျောက်ပိုင်စေ၊ တံဖျာကြိမ်လုံး ဆုံးမပိုင်စေဟု စားချုပ်များတွင် ထည့်သွင်းချုပ်ဆိုကြပါသည်။

အဓိပ္ပါယ်မှာ ငွေရှင်က အပေါင်ခံထားသည့်ကျွန်အား မြစ်ချောင်းကိုဖြတ်ကျော်ရမည့်ခရီးဖြစ်စေ၊ ခရီးနီးသည်ဖြစ်စေ ဝေးသည်ဖြစ်စေ၊ ညဉ့်အိပ်ညဉ့်နေ စေခိုင်းနိုင်သည်။ ဤသို့စေခိုင်း၍ ကျွန် တစုံတခုဖြစ်ခဲ့သော် သခင်တွင်အပြစ်မရှိပေ။ နိမ့်သည့်သစ်ပင်ကို လည်းကောင်း၊ မြင့်သည့်သစ်ပင်ကိုလည်းကောင်း တက်ခိုင်းပိုင်ခွင့်ရှိသည်။ ထိုသို့တက်ခိုင်း၍ မတော်တဆလိမ့်ကျသေဆုံးပါက သခင်တွင်အပြစ်မရှိပေ။ အဆိပ်အတောက် စားသောက်ပိုင်စေဆိုသည်မှာ သခင်ကကျွေးသည့်အစားအစာသည် အခန့်မသင့်၍ အဆိပ်ဖြစ်ပြီး ကျွန်သေဆုံးပါက သခင်တွင်အပြစ်မရှိဟု ဆိုလိုပါသည်။ ဓား၊ ဖလား ကွဲရှပျောက်ပိုင်စေဆိုသည်မှာ ကျွန်သည် လုပ်ရင်းကိုင်ရင်း အသုံးအဆောင်ပစ္စည်းများ ကွဲရှပျက်စီးပျောက်ဆုံးခဲ့သော် သခင်ကအပြစ်မယူဘဲ ခွင့်လွှတ်ရန်ဇြစ်၍ သခင်က ကျွန်ကိုလိုက်လျောခြင်းဖြစ်သည်။ တံဖျာကြိမ်လုံး ဆုံးမပိုင်စေဆိုသည်မှာ အစေခံသူသည် မသိ၊ မလိမ္မာလျှင် လည်းကောင်း၊ မနာခံလျှင် လည်းကောင်း၊ ဆိုးသွမ်းလျှင် လည်းကောင်း၊ တံဖျာကြိမ်လုံးတို့ဖြင့် ရိုက်နှက်ဆုံးမပိုင်ခွင့်ရှိခြင်းဖြစ်သည်။

၂၂ အောက်တိုဘာ ၁၈၆၄ တွင် ရတနာပုံနေပြည်တော် ပုလွေတန်းရပ်မှ မိမဲက စာရေးတော်ကြီး မင်းကျော်မင်းထင်ထံ သမီး မိသစ်နှင့် မိနှစ်တို့ကို ၁၅ဝိနှင့်ပေါင်စဉ်က အခြားလူပေါင်စာချုပ်များထက် ထူးကဲစွာပင် သမီးနှစ်ယောက်အား ကျော်ပိုင်နင်းပိုင်၊ သိမ်းပိုက်ပိုင်စေ၊ စေခိုင်းရာ နာခံလုပ်ကိုင်နေထိုင်စေပါမည်ဟု သဘောတူညီချက်ထားသည်ကိုတွေ့ရသည်။(စာသမားတိုက်စိုး၊ မွေးနေ့လက်ဆောင်စာစု စာအုပ်မှ အငြိမ်းစားသမိုင်းပါမောက္ခ၊ ရန်ကုန်တက္ကသိုလ် မြန်မာ့သမိုင်းအဖွဲ့ဝင် ဒေါ်အုံးကြည်ရေးသားသည့် လူပေါင်စာချုပ်များဆောင်းပါး ဖြစ်ပါတယ်။ ကျနော်ဖတ်ပြီး စိတ်လည်းမကောင်း စိတ်လည်းဝင်စားတာနဲ့ အခြားသူတွေပါဖတ်ရအောင်စာရိုက်တင်ပေးတာပါ။ စိတ်ဝင်စားရင် ကွန်မန့်ထားခဲ့ပါ။ ဆယ်ဦးလောက် စိတ်ဝင်စားတယ်ဆို ဆက်ရိုက်ပြီးတင်ပေးပါ့မယ်။ ဒါက တတိယပိုင်းပါ။ မျိုးမြင့်ချို)

လူပေါင်စာချုပ်များ(၂)

0 comments
လူပေါင်စာချုပ်များ(၂)
ပေါင်နှံသူသည် လူကိုတန်ဖိုးသတ်မှတ်၍ပေါင်နှံသော်လည်း အပေါင်ခံသူထံမှငွေကိုမယူပဲ စပါးကိုယူသည်လည်းရှိပါသည်။ စပါးချေးရာတွင် ပြန်ဆပ်သောအခါ ကြွက်စာပါထည့်၍ဆပ်ရပါသည်။ စပါးဆယ်တင်းလျှင် ကြွက်စာတတင်းနှုန်းပေးရပါသည်။ ငွေအစား စပါးယူသောအခါ ပေါင်ကြေးငွေကို ထိုအချိန်ကစပါးပေါက်ဈေးနှင့်တွက်၍ စပါးကိုပေးရပါသည်.။ 

(၅)ပေးဆပ်ရမည့်ကြွေးများ၍ ငွေရှင်က ပေးဆပ်ရန် အကြိမ်ကြိမ်တောင်းခံသည့်အခါ မပေးဆပ်နိုင်ပါက လူတစ်ဦးမက အပေါင်သွင်းရပါသည်။
မိမင်းဝါသည် ၂၇ ဇွန်၊ ၁၈၅၁ တွင် ဘဏ္ဍာစိုး စာရေးတော်ကြီးမင်းက ကြွေး ၁၂၃ိ ၂ူး၊ ၁ဲ(တစ်ရာနှစ်ဆယ့်သုံးကျပ်၊ ၂ မူး၊ တစ်ပဲ) ပေးဆပ်ရန် တောင်းသဖြင့် သားသမီးငါးယောက်ကို တပြိုင်တည်း ဘဏ္ဍာစိုးစာရေးတော်ကြီးထံ ကျွန်အဖြစ်သွင်းရပါသည်။ ကြွေး ၁၂၃ိ၊ ၂ူး၊ ၁ဲ တင်ရှိ ရသည်မှာလည်း ချေးယူစားသုံးသည့် ငွေ ၃ဝိ၊ မောင်သောင်က ချေးငွေ ၇ိ၊ ချေးယူစပါးတင်း ၃ဝ၊ အတိုး ၁၅ တင်း၊ စုစုပေါင်း ၄၅ တင်း၊ တတင်းလျှင် ကျေးရွာပေါက်ဈေး တစ်ကျပ်၊ ၂ူး၊ ၁ဲဈေးနှင့် ကျသင့်ငွေ ၅၆ိ၊ ၂ူး၊ ၁ဲ(ငါးဆယ့်ခြောက်ကျပ် နှစ်မူး တစ်ပဲ)၊ ထိန်းကျောင်းရင်း ပျောက်ဆုံးသည့်မြင်းမသားအမိ ၃ဝိ၊ စုစုပေါင်း ငွေချိန် ၁၂၃ိ၊ ၂ူး၊ ၁ဲဖြစ်၍ ထိုငွေကိုမဆပ်နိုင်သဖြင့် သမီး မိမင်းတိုး၊ မိကာမယ်၊ မိရွှေမြင်နှင့် သား ငရဲမှန်၊ ငကျော်ရာတို့ မောင်နှမငါးယောက်ကို ကျွန်အဖြစ် ဘဏ္ဍာစိုးစာရေးတော်ကြီးမင်းထံ သွင်းလိုက်ရပါသည်။


(၆) ငွေများများချေးလိုသော်လည်း လူများများအပေါင်မသွင်းနိုင်သူများက လူတယောက်ကို တန်ရာတန်ကြေးနှင့်အပေါင်သွင်းပြီး နောက်ထပ် လိုသောငွေကို ၁ဝိ လျှင် တစ်လ ၅ူး(ငါးမူး)တိုးနှင့် ချေးယူရပါသည်။ (ထိုစဉ်ကသုံးသည့် ကျပ်သည် အလေးချိန်ကျပ်သားဖြစ်ပြီး ငွေ ၁ဝိ ဆိုသည်မှာ ငွေသား တစ်ဆယ်ကျပ်သားဖြစ်ပါသည်။ အတိုး ၅ူးမှာလည်း ငွေ၅ူးသားဖြစ်ပါသည်။ မင်းတုန်းမင်း ၁၈၅၃-၁၈၇၈ လက်ထက် ရောက်မှသာ ဒင်္ဂါးကို ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲလာသောကြောင့် ယခု ကျပ်သုံးနည်း သုံးစွဲလာပါသည်။ တလုပ်မြိ့ုစီရင်စု ပန်းညိုရွာသူကြီးက သားကို ဘဏ္ဍာစိုးစာရေးတော်ကြီးထံ ၁၆ စက်တင်ဘာ၊ ၁၈၆၄ တွင် ငွေ ၅ဝိ နှင့်အပေါင်သွင်းလျှက် နောက်ထပ်လိုငွေ ၇၅ိ ကို ၁ဝိ လျှင် တစ်လ ၅ူးတိုးနှင့်ချေးယူ၍ ထိုအလွတ်ချေးငွေကို ယူသည့်နေ့မှ ၈ လပြည့်နေ့တွင် အရင်းရောအတိုးပါ ပေးဆပ်ပါမည်ဟု အာမခံရပါသည်။

အချို့က လူကိုပေါင်၍ ငွေချေးသည့်အခါတွင် ငွေရှင်တဦးတည်းသို့ အပေါင်မသွင်းပဲ အခြားငွေရှင်သို့ပါ ခွဲ၍အပေါင်သွင်းပါသည်။ ရွယပုလဲရွာနေ ငယ၊ အရီးမိနှင်းငုံတို့က ၉ ဇွန်၊ ၁၈ဝ၇ တွင် သား ငအောင်ညိုကို မောင်လှေထံ ၅၇ိ၊ ၅ူး၊ ၁ဲနှင့်ပေါင်၍ ထိုနေ့နှိုက်ပင် ငယ၊ အရီးမိနှင်းငုံတို့သည် သမီး မိစောကို ကျောင်းအမကြီး မယ်အုန်းစက်ထံ ၇၅ိ၊ ၉ူး၊ ေ၃ွး(ခုနှစ်ဆယ့်ငါးကျပ်၊ ကိုးမူး၊ သုံးရွေး)နှင့် ပေါင်ပါသည်။
ငွေလိုလျှင် လူကိုပေါင်သူများရှိသကဲ့သို့ ပေးဆပ်ရမည့်ကုန်ပစ္စည်းကို မပေးဆပ်နိုင်၍ လူကိုအပေါင်သွင်းရသူများလည်းရှိပါသည်။ မင်းရွာမှ လုပ်သားမောင်ဖြူက ဘဏ္ဍာစိုးစာရေးတော်ကြီးထံ ဆီ ၃၃၅ ပိသာ၊ ၁၅ သြဂုတ်၊ ၁၈၆၄ တွင် ပေးသွင်းရန်ရှိသည်ကို မပေးသွင်းနိုင်သဖြင့် ဆီပိသာ ၁ဝဝ အတွက် လက်ရှိပေါက်ဈေးနှင့် သား ငနိုင်ကို ကျွန်အဖြစ်သွင်းထားပြီး ကျန် ဆီ ၂၃၅ ပိသာကို မတ်လ ၁၈၆၅ တွင် ပြေကုန်အောင်ပေးဆပ်ပါမည်ဟု စာချုပ် ချုပ်ပါသည်။

ပွဲစားထံမှ လက်ဖက်ချေးယူပြီး လက်ဖက်ကိုပြန်မဆပ်နိုင်သည့်အခါ သားကို အပေါင်သွင်းရသည်လည်းရှိပါသည်။ မောင်ချစ်သူက ပွဲစား မောင်ကြိုင်ပွင့်ထံမှ လက်ဖက် ၁၂၂ ပိသာ ချေးယူထားပါသည်။ မောင်ကြိုင်ပွင့်က ချေးယူသည့်လက်ဖက်ခြောက်ကို ပြန်တောင်းသောအခါ လက်ဖက်ကိုမပေးပဲ လက်ဖက်ဖိုးငွေကိုသာပေးပါရစေ၊ လက်ဖက်ဖိုးကျသင့်ငွေအတွက် သား ငရန်ကို နွေ၊ မိုး၊ ဆောင်း ကျွန်ခံပေးပါမည်ဟု ဆိုပါသည်။ ထိုအဆိုကို ပွဲစားမောင်ကြိုင်ပွင့်ကသဘောတူသဖြင့် ၂၁ မေ၊ ၁၈ဝ၆ တွင် စာချုပ် ချုပ်ဆိုပါသည်။

လူပေါင်သူများသည် သာမန်ဆင်းရဲသားများမဟုတ်ဘဲ၊ မင်းမှုထမ်းများလည်း ပါဝင်ပါသည်။ ၂၅ စက်တင်ဘာ၊ ၁၈၄၂ တွင် ထိန်ကန်ရွာသူကြီး မောင်ရွှေပေက ငွေအသုံးလို၍ သံတော်ဆင့်မင်း မင်းလှမင်းကျော်ထံမှ ငွေ ၆ဝိ ကို တစ်လ ၅ူးတိုးနှင့် ချေးယူ၍ ၂ နှစ်အကြာတွင် အတိုးရော အရင်းပါပေးဆပ်ရန် သံတော်ဆင့်မင်းကတောင်းသည့်အခါ ထိန်ကန်သူကြီးသည် ပေးဆပ်နိုင်ခြင်းမရှိပေ။ ငွေ မပေးဆပ်နိုင်မီအတွင်း လူငယ် ငအေးကို အစေခံနေပါစေမည်ဆို၍ ငအေးကိုကျွန်အဖြစ်သွင်းပြီး ငွေချေးယူပါသည်။ တစ်လလျှင် ၅ူးတိုး၊ အမျှော် ၁ိ၊(တစ်ကျပ်)နှင့် မောင်ရွှေပေ ချေးယူခဲ့သည့် ငွေ ၆ဝိ သည် အတိုးရောအရင်းပါ ၁၂ဝိ ကျသင့်၍ ထိုအချိန်တွင် မပေးဆပ်နိုင်သောကြောင့် ထိန်ကန်သူကြီး ကတော် မိမင်းယဉ်က ထိုငွေနှင့် သူမအားအပေါင်ခံပါ ကျွန်အဖြစ် သံတော်ဆင့်မင်းထံအစေခံပါမည်ဆိုသဖြင့် သံတော်ဆင့်မင်းက ၂၉ ဒီဇင်ဘာ၊ ၁၈၄၄ တွင် စာချုပ် ချုပ်၍ ထိန်ကန်သူကြီးကတော်ကို ကျွန်အဖြစ်သိမ်းယူပါသည်။ ထိုစာချုပ်တွကင် အသိသက်သေများသည် ဗြဲတိုက်သံဆင့် နေမျိုးဇေယျ၊ လက်ဝဲဝင်းစာရေး မောင်ပြေ၊ ဒိုင်းတော် ငရွှေခို၊ ဘွားဘက် ကျော်ငသိုင်းတို့ဖြစ်ပြီး စာချုပ်ရေးသူသည် ဗြဲတိုက်သံဆင့် နေမျိုးသင်္ခသူဟု မှတ်သားထားပါသည်။
အလားတူပင် ချောင်းဦးဆယ်ရွာမှ သွေးသောက်ကြီး သမန္တကျော်သူသည် လယ်မှုအတွက် ငွေလိုသဖြင့် သား ငမြတ်ရာကို သံတော်ဆင့် မဟာမင်းထင်ကျော် ထံ ငွေ ၃၅ ိ နှင့် ၃၁ သြဂုတ်၊ ၁၈၄၉ တွင် ပေါင်နှံပါသည်။ ထိုနည်းတူပင် မြောက်မာရဘင်အမှုထမ်း ငရွှေကြာသည် သား ငကျော်စံကို ဘဏ္ဍာစိုးစာရေးတော်ကြီးထံ ငွေ ၆ဝိ နှင့် ၈ ဇူလိုင်၊ ၁၈၅၅ တွင် ပေါင်လျှက် ထိုနှစ် ၁၇ ဇူလိုင်၊ ၁၈၈၅ တွင် ချွေးမဖြစ်သူ မိမိန်းမ (ငစံကျော်ဇနီး)ကို ၄၉ိ၊ ၄ူး(လေးဆယ့်ကိုးကျပ် လေးမူး)နှင့် ဘဏ္ဍာစိုးစာရေးတော်ကြီးထံပင် ထပ်ပေါင်ကာ အိမ်ထောင်စုံစေခိုင်းပါဟု စာချုပ် ချုပ်ပါသည်။ ထို့ကြောင့် ဆင်းရဲသားများသာ လူကိုပေါင်သည်မဟုတ် မင်းမှုထမ်းအချို့လည်း ဇနီး သားသမီးများကိုပေါင်၍ ငွေချေးသည်ကို တွေ့ရပါသည်။

ငွေရှင်တစ်ဦးထံ အစေကျွန်ခံနေရာမှမပျော်ပိုက်၍ အခြားတစ်ဦးထဲပြောင်း၍ ကျွန်ခံသည်လည်းရှိပါသည်။ ထိုအခါ ပထမငွေရှင်ထံရွေးနှုတ်ရန် နောက်ငွေရှင်ထံမှအပေါင်ငွေယူ၍ ရွေးနှုတ်ရပါသည်။ အချို့ငွေရှင်က ငွေကြေးတတ်နိုင်၍ ကျွန်အဖြစ်မှလွတ်မြောက်ရန်ရွေးနှုတ်သည်ကို ယူရင်း ငွေပမာဧ(ကြေးရင်း)နှင့်ပင် ရွေးခွင့်ပြုသော်လည်း သူတစ်ပါးထံပြောင်း၍အစေခံရန်ရွေးနှုတ်ပါက ယူရင်းငွေနှင့်အရွေးမခံဘဲ ထပ်ဆောင်းငွေ(ကြေးလိုက်လက်ဆောင်)နှင့်ရွေးမှ အရွေးခံပါသည်။
လူကိုပေါင်ရာတွင် ပေါင်သူနှင့်အပေါင်ခံသူနှစ်ဦးတို့ သဘောတူကတိကဝတ်ထား၍ စာချုပ် ချုပ်ရာနှိုက် လူပေါင်စာချုပ်တွင် မြေပေါင်စာချုပ်ထက် ထူးခြားသည်မှာ အာမခံသူ တပါတည်းပါရခြင်းဖြစ်ပါသည်။ လူသည် သက်မဲ့မြေကြီးနှင့်မတူပဲ ထားရာတွင် မနေသည့်သူများရှိတတ်၍ အာမခံသူပါရခြင်းဖြစ်ပါသည်။ အာမခံသူက ယခုအပေါင်ထားသူသည် အစေမခံဘဲ တိမ်းရှောင်ထွက်ပြေး ကပ်ခိုနေခဲ့လျှင် ပျက်ကွက်သည့်လုပ်အားခနှင့်တကွ ပေါင်ကြေးငွေကိုပေးဆပ်ပါမည်ဟု အာမခံရပါသည်။ တခါတရံ ပေါင်နှံထားသူ ထွက်ပြေးပါက မည်သူ့ကို အစားသွငိးပေးပါမည်ဟု အာမခံရသည်လည်းရှိပါသည်။
ထို့ပြင် အပေါင်ထားသူအား အရှင်သူဟောင်း မင်းနှုတ်စိုးယူ မရှိစေရပါ။ ရှိပါက ပေါင်ကြေးငွေကို လျော်ပါမည်ဟုလည်း တာဝန်ယူရပါသည်။ အရှင်သူဟောင်း မင်းနှုတ်စိုးယူဆိုသည်မှာ ယခုပေါင်နှံသူမှာ လွတ်လပ်သူမဟုတ်ဘဲ အခြားတပါးသူ၏ကျွန်ဖြစ်ခဲ့လျှင် အရှင်သခင်ဟောင်းက အမှုလုပ်လျှက် ပြန်လည်ခေါ်ယူခြင်းဖြစ်ပါသည်။ အပေါင်ထားသူသည် အများနည်းတူလုပ်နိုင်ကိုင်နိုင်သည့်အင်အား မရှိပါက လုပ်ကိုင်နိုင်မည့်သူနှင့် လဲလှယ်လုပ်ဆောင်ပါစေမည်ဟု အာမခံရသူသည်လည်းရှိပါသည်။(စာသမားတိုက်စိုး၊ မွေးနေ့လက်ဆောင်စာစု စာအုပ်မှ အငြိမ်းစားသမိုင်းပါမောက္ခ၊ ရန်ကုန်တက္ကသိုလ် မြန်မာ့သမိုင်းအဖွဲ့ဝင် ဒေါ်အုံးကြည်ရေးသားသည့် လူပေါင်စာချုပ်များဆောင်းပါး ဖြစ်ပါတယ်။ ကျနော်ဖတ်ပြီး စိတ်လည်းမကောင်း စိတ်လည်းဝင်စားတာနဲ့ အခြားသူတွေပါဖတ်ရအောင်စာရိုက်တင်ပေးတာပါ။ စိတ်ဝင်စားရင် ကွန်မန့်ထားခဲ့ပါ။ ဆယ်ဦးလောက် စိတ်ဝင်စားတယ်ဆို ဆက်ရိုက်ပြီးတင်ပေးပါ့မယ်။ ဒါက ဒုတ်ယပိုင်းပါ။ မျိုးမြင့်ချို)

Saturday, February 8, 2020

(လူပေါင်စာချုပ်များ)

0 comments
(လူပေါင်စာချုပ်များ) အငြိမ်းစားသမိုင်းပါမောက္ခ၊ ရန်ကုန်တက္ကသိုလ် မြန်မာ့သမိုင်းအဖွဲ့ဝင် ဒေါ်အုံးကြည် ရေးသည်။
ရှေးအခါ မြန်မာမင်းများလက်ထက်တွင် ကိုယ်ပိုင်ငွေကြေးထက်ပို၍အသုံးလိုသောအခါ ရွှေ၊ မြေ စသည့်သက်မဲ့ပစ္စည်းများကိုပေါင်နှံ၍ ငွေချေးသကဲ့သို့ သက်ရှိလူကိုလညာ်း ကျွန်အဖြစ်စေခိုင်းရန်ပေါင်နှံ၍ ငွေချေးယူသည့်ဓလေ့ရှိခဲ့ပါသည်။ ရွှေ မြေ တို့ ပေါင်သည့်အခါတွင် လည်းကောင်း၊ အတိုးနှင့်ငွေချေးသည့်အခါတွင် လည်းကောင်း ချေးယူသူမြီစားနှင့် ချေးပေးသူမြီရှင်တို့ သဘောတူစာချုပပ် ချုပ်ဆိုသကဲ့သို့ လူကိုပေါင်နှံ၍ငွေချေးသည့်အခါတွင်လည်း အပေါင်သွင်းသူနှင့်အပေါင်ခံသူနှစ်ဦးတို့ ချေးငွေမည်မျှကို အတိုးမည်မျှဖြင့် မည်သည့်အခါ ပေးဆပ်ပါမည်ဟု သဘောတူစာချုပ် ချုပ်ဆိုကြပါသည်။ ထို ကတိစာချုပ်ကို သက္ကရဇ်ဟုခေါ်လေ့ရှိရာ လူပေါင်စာချုပ်ကို ကိုယ်နေသက္ကရာဇ်၊ မြေပေါင်စာချုပ်ကို မြေပေါင်သက္ကရာဇ်၊ ငွေချေးစာချုပ်ကို ငွေချေးသက္ကရာဇ်ဟု ခေါ်ဝေါ်ရေးသားခေလ့ရှိပါသည်။ ပဒေသရာဇ်ခေတ် နောက်ပိုင်းမှ ကိုယ်နေသက္ကရာဇ်၊ မြေပေါင်သက္ကရာဇ်နှင့်ငွေချေးသက္ကရာဇ်များစွာတို့သည် ယခုတိုင်ကျန်ရှိပါသည်။ 

မြေယာကိုပေါင်နှံသကဲ့သို့ လူကိုပေါင်နှံသည့်ဓလေ့ရှိသည့်အပြင် မြီမဆပ်နိုငိသည့်အခါ မြီစားကျွန်ဇြစ်ရသည်လည်းရှိပါသည်။ စလင်းသူကောင်းမှတ်တမ်းများတွင် မြေပေါင်ငွေချေးစာချုပ်များတွေ့ရသကဲ့သို့ လူပေါင်စာချုပ်များစွာလည်း တွေ့ရပါသည်။
ကိုယ်နေသက္ကရာဇ်ဟုခေါ် လူပေါင်စာချုပ် ချုပ်ဆိုသည့်အခါ စနစ်တကျချုပ်ဆို ရေးမှတ်ပါသည်။ ပေါင်သည့် နှစ်၊ လ၊ ရက် လာရောက် ပေါင်နှံသူနှင့် ကျွန်အဖြစ်သွင်းခဲ့မည့်သူများ၏အမည်၊ လာရောက်ပေါင်နှံသူနှင့် ကျွန်အဇြစ်သွင်းခဲ့မည့်သူတို့ ဆွေးမျိုးတော်စပ်ပုံ၊ ပေါင်ရခြင်း အကြောင်းရင်း၊ ရယူလိုသည့်ငွေကြေးပမာဏ၊ အပေါင်ခံသူ၏အမည်။ ပေါင်သူနှင့်အပေါင်ခံသူတို့၏သဘောတူညီချက်၊ အပေါင်ခံသူက ပေးလိုကိရသည့်ငွေကြေးပမာဏ၊ အသိသက်သေ၊ စာချုပ်ရာတွင် စာစီပေးသူ၊ ဒင်္ဂါးရေပေးသူ(ဝါ) ငွေချိန်ပေးသူ၊ ပေးလိုက်သည့် ငွေ အမျိုးအစား၊ ချိန်တွယ်ပေးသည့် အလေးအမျိုးအစား စသည်တို့ကို စေ့စုံစွာရေးမှတ်ထားပါသည်။

ငွေကြေးအခက်အခဲရှိသည့်အခါ စားသုံးရန်ငွေ(ဝါ) စပါး မရှိသည့်အခါ ပေါင်နှံရန် ရွှေ မြေမရှိသူများ အပေါင်ပစ္စည်းလွတ် အတိုးနှင့်ငွေချေး၍ ရနိုင်စွမ်း မရှိသူများက လူကိုပေါင်ကြရပါသည်။ သားကို လည်းကောင်း၊ သမီးကို လည်းကောင်း၊ တူ-တူမကို လည်းကောင်း၊ ညီ-ယောက်ဖ တို့ကို လည်းကောင်း၊ ဇနီးကို လည်းကောင်း၊ ခင်ပွန်းကို လည်းကောင်း၊ မိမိကိုယ်ကိုယ် လည်းကောင်း ငွေရှင်ထံပေါင်နှံလျှက် လိုသည့်ငွေ၊ စားရန်စပါးတို့ကို ချေးယူရပါသည်။ ယူထားသည့်ငွေ၊ ယူထားသည့်စပါးတို့ကို မဆပ်နိုင်သေးသမျှ ပေါင်နှံခံရသူသည် ငွေရှင်၏အိမ်တွင် အစေကျွန်ခံ၍နေရပါသည်။ ပေါင်ရခြင်းအကြောင်းရင်းသည် ငွေလို၍ဟု အချုပ်အားဖြင့်ဆိုနိုင်သော်လည်း ငွေလိုရခြင်းအကြောင်းရင်းများကို စစ်ဆေးကြည့်သောအခါ ၁- ကြွေးဆပ်ရန်၊ ၂- အမှုအတွက် သုံးကုန်ရန်၊ ၃- အရပ်ရပ်မင်းမှု ထမ်းဆောင်ရန်၊ ၄- နေ့စဉ် စားသုံးရန်၊ ၅- လယ်မှု ပြောဆိုရန်၊ ၆- အိမ်မှု ပြောဆိုရန်၊ ၇- ငွေတော်ဆက်ပေးရန်၊ ၈- ဓားပြမှုဆောင်ရွက်ရန်၊ ၉- သူတပါး၏နွားကို ငှားရမ်းခိုင်းစေရာမှ လူခိုးခံရ၍ နွားဖိုးပေးလျှော်ရန်၊ ၁ဝ- ထိန်းကျောင်းပေးရသည့်ငွေရှင်၏မြင်း ပျောက်ဆုံး၍ မြင်းဖိုးပေးလျှော်ရန်၊ ၁၁- လယ်စု အပြေမသွင်းနိုင်၍ လယ်စုကျန်စပါးဖိုး ပေးဆပ်ရန်၊ ၁၂- သူတပါးထံ အစေကျွန်ခံနေသည့် အမိ၊ မောင်တို့ကို ရွေးနှုတ်ရန်၊ ၁၃- သူတပါးထံ အစေကျွန်ခံ နေသည်ကိုမပျော်ပိုက်၍ ရွေးယူရန်ဟူ၍ အကြောင်းရင်း တဆယ့်သုံးမျိုးခန့်တွေ့ရပါသည်။ ထို့ထက်ပို၍ အခြားအကြောင်းများလည်း ရှိလိမ့်ဦးမည်ထင်ပါသည်။

အချို့သူများသည် အကြွေးယူ၍စားသောစပါးများကို ပြန်မဆပ်နိုင်၍ လည်းကောင်း၊ စားစရာ လုံးဝမရှိ၍ စပါးချေးရန် လည်းကောင်း၊ လူကို ပေါင်နှံရသည်လည်း ရှိပါသည်။ ချေးယူထားသောဆီ၊ ချေးယူထားသောလဖက်များကို ပြန်မဆပ်နိုင်၍ လူကိုအပေါင်သွင်းရသည့်အခါတွင် လူတဦးကို ၂၅ိ(နှစ်ဆယ့်ငါးကျပ်)မှ ၇၅ိ(ခုနှစ်ဆယ့်ငါးကျပ်)အထိ တန်ကြေးထား၍ ငွေကိုလည်းကောင်း စပါးကိုလည်းကောင်း ချေးယူရ ပါသည်။ ခြွင်းချက်အားဖြင့် လူတယောက်ကို ငွေတပိသာ(ကျပ် ၁ဝဝ)နှင့် အပေါင်ခံသည်ကို တကြိမ်နှစ်ကြိမ်တွေ့ဖူးပါသည်။ ထိုမျှနှင့် မလောက်သေးပါက လိုအပ်သည့်ငွေ၊ လိုအပ်သည့်စပါးကို ထပ်ပေးသည့်ငွေရှင်များလည်း ရှိပါသည်။ စလင်းမှ သူကောင်းများသည် လူတဦးကို အပေါင်ခံသည့်အခါတွင် မူလငွေ ၂၅ိ(နှစ်ဆယ့်ငါးကျပ်)မှ ၄ဝိ(လေးဆယ်ကျပ်)အထိသာပေး၍ နောက်ထပ်တောင်းသည့် အခါတွင်မှ ထပ်၍ပေးပါသည်။ ဥပမာ- (၁) ၁၅ မေ၊ ၁၈၈၅ တွင် မောင်တောနီက ကြွေးဆပ်ရန်လို၍ သား ငချောကို သူကောင်းမ မကျီးညိုထံ ၂၉ိ(နှစ်ဆယ့်ကိုးကျပ်)နှင့် ပေါင်ပါသည်။ ထိုနေ့မှာပင် ငွေ ၂၉ိနှင့် ကြွေးမဆပ်လောက်၍ အတိုးအပွားမရှိ ငွေ ၁၇၁ိ(တရာ့ခုနှစ်ဆယ့်တစ်ကျပ်) ထပ်ချေးပါဆိုပြန်သဖြင့် မကျီးညိုက ငွေ ၁၇၁ိ ထပ်ချေးရပြန်ပါသည်။ 

(၂) အလားတူပင် မောင်လူကြီးက ကြွေးဆပ်ရန်ငွေလို၍ ညီ ငစံရင်ကို ၄ မတ်၊ ၁၈၈၅ တွင် သူကောင်းဦးထွေးထံ ငွေ ၂၉ိ (နှစ်ဆယ့်ကိုးကျပ်)နှင့်ပေါင်ပါသည်။ ထိုနေ့နှိုက်ပင် ငွေ ၂၉ိ နှင့် ကြွေးဆပ်ရန်မလောက်၍ နောက်ထပ်အတိုးမရှိငွေ ၁၈၁ိ(တရာရှစ်ဆယ့်တစ်ကျပ်) ထပ်ပေးပါရန် တောင်းပြန်သဖြင့်ငွေ ၁၈၁ိ ထပ်ပေးရပါသည်။ ၆ မေ၊ ၁၈၈၅ တွင် တဖန် ငစံရင်၏ကိုယ်ဖိုး ပေါင်ကြေးပေါ်နှိုက်ပင် ငွေ ၄ဝိ(လေးဆယ်ကျပ်)ထပ်ပေးရန် တောင်းပြန်သောကြောင့် ထပ်ပေးရပြန်ပါသည်။ 

(၃) သို့သော် အချို့ငွေရှင်တို့သည် ထပ်တောင်းတိုင်းမပေးသဖြင့် ငွေများများလိုချင်လျှင် လူများများ အပေါင်သွင်းရပါသည်။ အကြွေးယူထားသည့် ငွေ၊ စပါး များပြား၍ လူတယောက်၏ကိုယ်ဖိုးငွေနှင့် မလောက်သောအခါ သားကို လည်းကောင်း၊ သမီးကို လည်းကောင်း၊ ထပ်ပေါင်ရပါသည်။ ဥပမာ- ငရွှေပေသည် စစ်ထွက်ရန်ဆင့်ဆိုသည်ကို မလိုက်နိုင်သဖြင့် လူငှားထည့်ရန် ကိုယ်ခပေးရန်ငွေလိုသဖြင့် မယား မိမှိုဥကို သူကောင်းမ မခိုင်ထံ ၂ဝိ(နှစ်ဆယ်ကျပ်)နှင့် ၃ ဇွန်၊ ၁၈၃၈ တွင် ပေါင်ပါသည်။ စားရန် စပါးမရှိ၍ လည်းကောင်း၊ ကြွေးယူထားသောစပါးကိုပေးဆပ်ရန် လည်းကောင်း မိမှိုဥ၏ ကိုယ်ဖိုးပေါ်တွင် ၁၈၄၁ ခုတွင် ငွေထပ်ယူရပြန်ပါသည်။ အကြွေးပေးဆပ်ရန်လိုသဖြင့် ၁၉ သြဂုတ် ၁၈၄၁ တွင် ငရွှေပေနှင့်မယား မိမှိုဥတို့က သမီး မိထွန်းအောင်ကို ငွေ ၂ဝိ(ကျပ်ငွေနှစ်ဆယ်)နှင့် မြိ့ုသူကြီးမင်းဇေယျဘဒ္ဒြာထံနှိုက်ပင် ငွေ ၃ဝိ (သုံးဆယ်ကျပ်)နှင့် ပေါင်ပြန်ပါသည်။ 

(၄) ပဒေသရာဇ်ခေတ်တွင် အုပ်ချုပ်ခံပြည်သူတို့သည် ဘုရင့်ကျေးတော်မျိုး ကျွန်တော်မျိုးများဖြစ်၍ သက္ကရာဇ်(အပေါင်စာချုပ်)ရေးသောအခါ အသက်ကြီးသည်ငယ်သည်မရွေး အမည်ရှေ့တွင် င၊ မောင်၊ မိ၊ မယ်၊ ရှင်ဟူ၍ရေးသားကြောင်း တွေ့ရပါသည်။ (စာသမားတိုက်စိုး၊ မွေးနေ့လက်ဆောင်စာစု စာအုပ်မှ အငြိမ်းစားသမိုင်းပါမောက္ခ၊ ရန်ကုန်တက္ကသိုလ် မြန်မာ့သမိုင်းအဖွဲ့ဝင် ဒေါ်အုံးကြည်ရေးသားသည့် လူပေါင်စာချုပ်များဆောင်းပါး ဖြစ်ပါတယ်။ ကျနော်ဖတ်ပြီး စိတ်လည်းမကောင်း စိတ်လည်းဝင်စားတာနဲ့ အခြားသူတွေပါဖတ်ရအောင်စာရိုက်တင်ပေးတာပါ။ စိတ်ဝင်စားရင် ကွန်မန့်ထားခဲ့ပါ။ ဆယ်ဦးလောက် စိတ်ဝင်စားတယ်ဆို ဆက်ရိုက်ပြီးတင်ပေးပါ့မယ်။ နောက်ထပ် ၈ မျက်နှာကျော်ကျန်ပါသေးတယ်။ ဒါက ၃ မျက်နှာတည်းပါ။ ဒါက ပထမပိုင်းပါမျိုးမြင့်ချို)

“တောင်းပွဲ တိုက်ပွဲ”

0 comments
“တောင်းပွဲ တိုက်ပွဲ”
ဖဆပလ အစိုးရ လက်ထက်ကနေ ယနေ့ ဦးသိန်းစိန်စစ်အစိုးရအထိ ဖောက်ပြန်ရေး အစိုးရ အဆက်ဆက်ဟာ ပြည်သူ့လှုပ်ရှားမှု ကြီးထွားလာမှာကို ကြောက်ရွံ့တဲ့အခါတိုင်း ဒီလှုပ်ရှားမှုတွေကို ကွန်မြူနစ်တံဆိပ် ကပ်ပေးလေ့ရှိကြတယ်။ အုပ်စိုးသူ အဆက်ဆက် အရိုးစွဲလာတဲ့ ဒီအကျင့်ဟောင်းကို ဦးသိန်းစိန် အစိုးရကလည်း ဖော်ပြနေတာ တွေ့ရတယ်။ လက်ပံတောင်းတောင် လှုပ်ရှားမှုကို ဦးအောင်သောင်းက ကွန်မြူနစ်တံဆိပ် ကပ်ပေးလိုက်တဲ့အချိန်မှာ အတော်လေး ပွဲဆူသွားခဲ့တယ်။ ဒါကို မမှတ်သေးဘဲ ပြောလာပြန်ပြီ နောက်တယောက်။
ဒီတခါ ပြောလာတဲ့သူက ကာချုပ် ဗိုလ်မင်းအောင်လှိုင်ပါ။ သိပ်မကြာသေးတဲ့အချိန်က စစ်သင်တန်းဆင်းပွဲတခုမှာ ပြောခဲ့တယ်။ ကာချုပ်ဆိုတဲ့အတိုင်း နှစ်ပေါင်း ၆၀ အတွင်းလောက် မပြောင်းလဲအောင် ရေးထားတဲ့ ဥပဒေဆိုပြီး ၂၀၀၈ အခြေခံဥပဒေကို ကာကွယ်ရင်းက ပြောသွားတဲ့စကားပါ။ “တောင်းမယ် တိုက်မယ်ဆိုတာ ကွန်မြူနစ်စနစ် ဖြစ်လာတာ” -တဲ့။ သူ့စကားက ဦးအောင်သောင်းစကားထက် ပိုဆိုးပါတယ်။ ဦးအောင်သောင်းက လက်ပံတောင်း လှုပ်ရှားမှုလောက်ကိုပဲ ပြောတာပါ။ ဗိုလ်မင်းအောင်လှိုင်ကတော့ အခြေခံဥပဒေ ပြင်ဖို့ တောင်းဆိုနေတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီချုပ်ကအစ ကိုယ့်မြေကိုယ့်ယာ အလုယက်ခံထားရလို့ ပြန်တောင်းကြတဲ့ တပြည်လုံး နေရာအနှံ့အပြားက လယ်သမားတွေအဆုံး သိမ်းကျုံးပြီး အနီရောင် ခြယ်ပေးလိုက်ပါတယ်။ သူ့စကားအတိုင်းသာ ဆိုရင်တော့ တချိန်က မန္တလေးမြို့ကြီး နီသွားပြီလို့ ပြောကြသလိုမျိုး ဗမာတပြည်လုံး နီသွားပြီလို့ ပြောရမလို ဖြစ်နေတယ်။
တခြားနိုင်ငံက ဖောက်ပြန်ရေးအစိုးရတွေ ညံ့တယ်ဆိုပေမယ့် အရည်အချင်း ရှိသင့်သလောက် ရှိပါသေးတယ်။ ဗမာပြည်က တိုင်းပြည်အုပ်ချုပ် မင်းလုပ်နေသူများကတော့ အညံ့တွင်းထဲ ဇောက်ထိုးဆင်းပြီး ကမ်းကုန်အောင် ညံ့နေကြတာပါ။ တနည်း ပြောရရင်တော့ ကာချုပ်တယောက်က နိုင်ငံရေးအသိ ဒါလောက် ခေါင်းပါးနေမှတော့ စစ်တပ်တွင်း နိုင်ငံရေးအသိ နိမ့်ကျနေတာ ဘာမှ အံ့သြစရာ မရှိပါဘူး။
တောင်းတာ တိုက်တာ ကွန်မြူနစ်စနစ်...တဲ့။ ချီကာဂိုမြို့မှာ ၁၈၈၆ ခုနှစ်က အလုပ်သမား ရှစ်သောင်းလောက် လမ်းပေါ်ထွက်ပြီး တောင်းခဲ့တိုက်ခဲ့လို့ ဒီကနေ့ အလုပ်ချိန်သတ်မှတ်ချက် ၈ နာရီ ဆိုတဲ့ အခွင့်အရေး ရရှိလာခဲ့တာပါ။ အဲဒီကနေ မေဒေးနေ့ ရယ်လို့ ဖြစ်ပေါ်လာခဲ့ပါတယ်။ အမေရိကန်ပြည်မှာ အမျိုးသမီးတွေ မဲပေးခွင့်ရဖို့ ၁၈၄၈ လောက်ကတည်းက စတင်တောင်းဆိုခဲ့ရပြီး ပြည်နယ်တခုပြီးတခု တောင်းဆိုတိုက်ပွဲဝင်လာကြရတာပါ။ သူတို့အားလုံးဟာ ကွန်မြူနစ်တွေ မဟုတ်ကြပါ။ အလုပ်သမားအခွင့်အရေး၊ ဒီမိုကရေစီအခွင့်အရေးနဲ့ အမျိုးသမီးများအခွင့်အရေးများကအစ ကိုလိုနစ်စနစ်အောက်က လွတ်လပ်ရေး၊ အမျိုးသားလွတ်မြောက်ရေး တိုက်ပွဲများကို တောင်းဆိုခဲ့ကြရပါတယ်၊ တောင်းမရတဲ့အခါ တိုက်ကြရပါတယ်။ ဒီကနေ့အထိ ကမ္ဘာတဝှမ်းမှာ ကမ္ဘာ့ပြည်သူတွေဟာ မိမိတို့ရဲ့ တရားနည်းလမ်းကျတဲ့ အခွင့်အရေးများအတွက် တောင်းဆိုကြပါတယ်။ တိုက်ပွဲဝင်ခဲ့ကြရပါတယ်။ ဒီမိုကရေစီနိုင်ငံ အများစုဖြစ်တဲ့ ဒီကမ္ဘာ့ပြည်သူအားလုံး ကွန်မြူနစ်တွေလား။ နီမှ…ကွန်မြူနစ်ဖြစ်မှ တောင်းဆိုတိုက်ပွဲဝင်တာလား။
ဗမာပြည်ကိုပဲ ကြည့်ပါ။ ကိုလိုနီခေတ်မှာ အမျိုးသားလက်နက်ကိုင်တပ်ကို ဗြိတိသျှအစိုးရက မတောင်းဘဲ ပေးခဲ့သလား။ ဗမာပြည်မှာ တပ်မတော်တခုရယ်လို့ ပေါ်လာအောင် ရဲဘော်သုံးကျိပ်တို့ စတင်ထူထောင်ပြီး အင်္ဂလိပ်အစိုးရကို တိုက်ပွဲဝင်ရင်း ကြီးထွားအောင် အခက်အခဲအမျိုးမျိုးကြားက ပြုစုပျိူးထောင်ခဲ့ရတယ် မဟုတ်လား။ ဂျပန့်ဆီက တိုင်းပြည်လွတ်လပ်ရေးကို တောင်းဆိုလို့ ရခဲ့သလား။ အတုအယောင် လွတ်လပ်ရေးကိုပဲ ပေးခဲ့လို့ ဖက်ဆစ်ဂျပန်ကို တော်လှန်ခဲ့ရတာ မဟုတ်လား။ အင်္ဂလိပ်ဆီက လွတ်လပ်ရေးကိုကော မတောင်းဘဲနဲ့ ရခဲ့သလား။ မတိုက်ဘဲနဲ့ ရခဲ့သလား။
ဗိုလ်ချုပ်အောင်ဆန်းတို့ ကြွေးကြော်ခဲ့တဲ့ “ရရင်ရ၊ မရရင်ချ”ဆိုတာပဲ ကြည့်ပါ။ ရရင်ရ-ဆိုတာ တောင်းဆိုချက် ရမရ-ဆိုတာကို ပြောတာပါ။ “မရရင်ချ”ဆိုတာ လွတ်လပ်ရေးမပေးရင် တိုက်ပွဲဝင်ဆိုတာကို ပြောတာ ဖြစ်ပါတယ်။ ကိုလိုနီစနစ်အောက်မှာ ကျောင်းသားလှုပ်ရှားမှု၊ လူထုလှုပ်ရှားမှုတွေနဲ့ အကြိမ်ကြိမ်အလီလီ ဆင်နွှဲခဲ့ရတာပါ။
ပြောချင်တာကတော့ တောင်းပွဲတိုက်ပွဲတွေသာ မရှိခဲ့ရင် ဗိုလ်မင်းအောင်လှိုင်တို့ရဲ့ တပ်မတော် ဆိုတာတောင် ပေါ်လာခဲ့မှာ မဟုတ်ပါဘူး။ ဗမာပြည်ရဲ့ လွတ်လပ်ရေးလည်း ရလာမှာ မဟုတ်ပါ။
ပြည်သူလူထုဆိုတာ ကိုယ့်အခွင့်အရေးတွေ ဆုံးရှုံးနေတဲ့အခါ တောင်းကြမှာပါပဲ။ တောင်းမရတဲ့အခါ တိုက်ကြမှာ သဘာဝပါပဲ။ မြေအလုခံရတဲ့အခါ ပြန်တောင်းကြတယ်။ တောင်းမရတဲ့အခါ ထွန်တုံးတိုက်ပွဲဆင်တယ်။ သူတို့အသိတွေကို ကွန်မြူနစ်တွေက လေ့ကျင့်သင်ကြားပေးနေတာ မဟုတ်ပါ၊ သူတို့ဘဝတွေက ပြဋ္ဌာန်းပေးလိုက်တဲ့ အသိဖြစ်ပါတယ်။ တခုတော့ ရှိပါတယ်။ ပြည်သူ့အကျိုးစီးပွား၊ တိုင်းပြည်အကျိုးစီးပွားအတွက် တောင်းဆိုတိုက်ပွဲဝင်တဲ့အခါ ကွန်မြူနစ်တွေဟာ ပြည်သူလူထုနဲ့ တသားတည်း ရှိပါတယ်။
ကိုလိုနီခေတ်ကတည်းက ဖြစ်တည်ခဲ့တဲ့ ဗမာပြည် ပြည်သူလူထုရဲ့ တောင်းပွဲ တိုက်ပွဲအစဉ်အလာကို ဗိုလ်မင်းအောင်လှိုင်တို့ နားမလည်နိုင်တာ သိပ်တော့ အံ့သြစရာ မရှိပါ။ အကြောင်းကတော့ သူတို့တတွေဟာ တိုင်းပြည်ရဲ့ ကြီးမြတ်တဲ့ ဖက်ဆစ်တော်လှန်ရေး၊ ကိုလိုနီ ကျွန်ဘဝက လွတ်မြောက်ရေးတိုက်ပွဲတွေမှာ (ဗိုလ်နေဝင်းလောက်တောင်) ပါခဲ့ကြသူတွေ မဟုတ်ဘဲ ပြည်တွင်းစစ်တိုက်ရင်း တန်ခိုးကြီးထွားအောင်နဲ့ စည်းစိမ်တိုးများအောင် လုပ်နေကြသူများ ဖြစ်လို့ပါပဲ။ ။

၁၉၄၅ မှ ၁၉၄၈ ထိ ဗမာပြည်အခြေအနေ

0 comments
၁၉၄၅ မှ ၁၉၄၈ ထိ ဗမာပြည်အခြေအနေ
ဗမာပြည်ကွန်မြူနစ်ပါတီဟာ တရားဝင်(ဥပဒေတွင်း)ပါတီဖြစ်နေပြီး လက်ဝဲညီညွတ်ရေးကိုကျောရိုးပြုတဲ့ဖဆပလအဖွဲံ့ကြီး ရှိနေပြီ။ ဖက်ဆစ်တော်လှန်ရေးအတွင်း စစ်ကိုဦးစီးတဲ့အတွေ့အကြေုံ ရှိနေပြီ။
အင်္ဂလိပ်ကိုလိုနီအစိုးရပြန်လာတယ်။ သူတို့နဲ့ပါလာတာက နိုင်ငံရေးစီမံကိန်းနဲ့ စီးပွားရေးစီမံကိန်းတွေပဲ။ အိန္ဒိယမှာ စစ်ပြေးအစိုးရအဖြစ်နေရင်း ဆင်းမလား Simla မှာ စိမ်ပြေနပြေရေးဆွဲလာတဲ့စီမံကိန်းတွေဖြစ်တယ်။
ဒါပေမဲ့ သူတို့စီမံကိန်း Projects တွေဟာ အတွေးအခေါ်ဟောင်းတွေနဲ့ဆွဲထားတဲ့စီမံကိန်းတွေ ဖြစ်နေတယ်။ ဗမာပြည်ကို ပြန်သိမ်းပြီးရင် စက်မှုလက်မှုလုပ်ငန်းတွေကို ဘယ်လိုလုပ်လိုက်မယ်၊ ကောက်ပဲသီးနှံစီမံကိန်းက ဘယ်လို၊ သစ်ထုတ်လုပ်ရေးကို ဘယ်ပုံလုပ်လိုက်မယ်ဆိုတဲ့ စီမံကိန်းတွေချည်းပဲ။ စစ်အတွင်း လက်လွှတ်သွားသမျှကိုအတိုးချပြီး အင်္ဂလိပ်နယ်ချဲ့ကုမ္ပဏီတွေသွေးစုပ်ဖို့စီမံကိန်းချည်း ဖြစ်တယ်။ (ဒါကို စက္ကူဖြူ စီမံကိန်းလို့ အရပ်မှာခေါ်ပါတယ်) စီမံကိန်းတွေကို ဘုတ် Boards အဖွဲ့တွေနဲ့ စီမံဆောင်ရွက်ဖို့ပဲ။
နိုင်ငံရေးစီမံကိန်းကတော့ နယ်ချဲ့ဆန့်ကျင်ရေးအင်အားစုတွေကိုဖိနှိပ်ဖို့နဲ့ တဖြည်းဖြည်းချင်း ဒိုမီနီယံအုပ်ချုပ်ရေးဆီ သွားဖို့ဖြစ်တယ်။
အင်္ဂလိပ်နဲ့ပြည်သူ ထိပ်တိုက်တွေ့ကြတဲ့ကာလက ၁၉၄၅ နဲ့ ၁၉၄၆ စက်တင်ဘာလအထိဖြစ်တယ်။
၁၉၄၆ စက်တင်ဘာအုံကြွမှုနောက်ပိုင်းမှာ လက်ဝဲညီညွတ်ရေးပြိုကွဲတယ်။ ၁၉၄၇ နှစ်ဆန်းမှာ လက်ဝဲညီညွတ်ရေးကို ပြန်တည်ဆောက်ဖို့လုပ်တယ်။ အလားအလာကောင်းတယ်။ ဗိုလ်အောင်ဆန်း ကျဆုံးပြီးတဲ့နောက်မှာ ကောင်းတဲ့အလားအလာတွေ တဖြည်းဖြည်းချင်း ကွယ်ပျောက်ကုန်တယ်။ လက်ဝဲညီညွတ်ရေးပြိုကွဲမှုက ပြည်တွင်းစစ်ဆီသို့ဦးတည်ခဲ့ပြီ။
ဖဆပလကို လက်ယာအင်အားစုတွေ တစတစအုပ်စီးမိလာနေပြီ။ ဆင်းမလားစီမံကိန်းတွေကို ဒိုင်ခံပြီးဆွဲခဲ့တဲ့ဦးတင်ထွဋ္ဋ် ဖဆပလမှာ လူတွင်ကျယ်ဖြစ်လာတယ်။ ဗမာပြည်ဆိုရှယ်လစ်ပါတီကလည်း လက်ဝဲဝါဒကို စွန့်ပစ်နေပြီ။ လက်ယာဘက်ကိုရွေ့လျားနေပြီ။
နိုင်ငံရေးမှာ အဲ့ဒီလိုပြောင်းလဲနေချိန်မှာ တပြည်လုံးရဲ့အခြေအနေကလည်း အလွန်ကိုတင်းမာနေတဲ့ကာလဖြစ်တယ်။
ဘုတ်အဖွဲ့မျိုးစုံရဲ့ဖျစ်ညှစ်သွေးစုပ်မှုကို လယ်သမားတွေ၊ အလုပ်သမားတွေခံနေရတယ်။ စစ်အတွင်း မွဲပြာကျနေတာမှာ ထပ်ပြီး လဲရာသူခိုးထောင်းခံရတော့ လယ်သမားသူပုန်တွေပေါ်လာတယ်။ အလုပ်သမားသပိတ်တွေပေါ်လာတယ်။
လယ်သမားသူပုန်ဆန်ဆန် ဓားပြဂိုဏ်းကြီးတွေပေါ်နေတယ်။ အင်အားရာချီရှိတဲ့၊ အမြောက်စိန်ပြောင်း စက်သေနတ်တွေ ရိုင်ဖယ်လ်တွေအပြည့်ရှိတဲ့ ါ်ားပြဂိုဏ်းတွေပဲ။ စစ်ပြီးကတည်းက ရှိနေတာဖြစ်တယ်။
ဒီ ဓားပြဂိုဏ်းကြီးတွေက ခွာစစ်ဆင်တဲ့ဂျပန်နဲ့ ထိုးစစ်ဆင်တဲ့အင်္ဂလိပ် အကြိတ်အနယ်တိုက်ခဲ့တဲ့စစ်တလင်းဒေသတွေမှာ ပေါ်နေတာဖြစ်တယ်။ ဧရာဝတီမြစ်ကူးတိုက်ပွဲကြီးတွေ တိုက်ခဲ့ရာဒေသမှာဖြစ်တယ်။
မတ် ၂၇ ဖက်ဆစ်တော်လှန်ရေးဖြစ်တော့ ဂျပန်က ပြေးစစ်ဖြစ်သွားပြီ။ အင်္ဂလိပ်က လိုက်စစ်။ အဲ့ဒီတော့ စစ်မြေပြင်ကို မရှင်းနိုင်ပဲ အင်္ဂလိပ်က အတင်းလိုက်သွားတယ်။ လက်နက်ခဲယမ်းတွေ ပြန့်ကျဲကျန်ခဲ့တယ်။ အဲ့ဒီလက်နက်တွေကို ဆင်းရဲသားလယ်သမားတွေကရပြီး ဓားပြဂိုဏ်းကြီးတွေ ပေါ်တာပဲ။
မြသန်းတင့်ရေးလို့ ရှင်မတောင်ခင်မောင်ဂိုဏ်းကို လူသိများပါတယ်။ အဲ့ဒီလိုဂိုဏ်းမျိုး ဆယ်ခုမကရှိပါတယ်။ ဒီလယ်သမားသူပုန်ဆန်တဲ့ဓားပြဂိုဏ်းတွေဟာ နိုင်ငံရေးနလဗိန်းတုံးတွေ မဟုတ်ပါ။ နယ်ချဲ့ဆန့်ကျင်ရေးစိတ်ဓာတ် ရှိပါတယ်။ ဖဆပလကို ထောက်ခံပါတယ်။ ရှေးတုန်းက မင်းလောင်းလှုပ်ရှားမှုလိုလည်း မဟုတ်ပါ။ သူတို့ရဲ့အတွေးအခေါ်က ခေတ်မီတော်လှန်ရေးဆန်ပါတယ်။ သူတို့အခြေခံတဲ့လူထုကို အလုပ်အကျွေးပြုပါတယ်။ တခြားဒေသ အစိုးရအုပ်ချုပ်ရေးရှိရာဒေသကိုသာ သွား ဓားပြတိုက်ပါတယ်။
အင်္ဂလိပ်အုပ်ချုပ်ရေးပုလိပ်က သူတို့ကို မယှဉ်ဝံ့ပါ။ စစ်တပ်နဲ့ နှိမ်ရပါတယ်။ ဒါပေမဲ့ နိုင်ငံရေးမတည်ငြိမ်တော့ အင်္ဂလိပ်က စစ်တပ်ကို ခနခန ထုတ်မသုံးနိုင်ပါဘူး။ တခါတလေမှ သုံးပါတယ်။ ဒါ့ကြောင့် လယ်သမားသူပုန်ဆန်တဲ့ဓားပြဂိုဏ်းတွေဟာ ကြာလေကြီးလေဖြစ်လာပါတယ်။
ဖဆပလဟာ ဘုရင်ခံအမှုဆောင်အစိုးရအဖွဲ့မှာပါသွားတော့ အင်္ဂလိပ်ရဲ့ပေါ်လစီအတိုင်း ဓားပြဂိုဏ်းကိုနှိမ်ပါတယ်။ ရွာမီးရှိူ့ပါတယ်။ ဆိုရှယ်လစ်တွေဦးစီးတဲ့ အထူးလက်နက်ကိုင် ပုလိပ်တပ်ဖွဲ့ ဆိုတာတွေနဲ့ နှိမ်တာပါ။ ကွန်မြူနစ်ပါတီရဲ့ပေါ်လစီက သူတို့ပေါ်လစီနဲ့မတူပါဘူး။
-ဘုတ်အဖွဲ့တွေရဲ့သွေးစုပ်မှုကြောင့်ချွတ်ခြုံကျနေတဲ့ ဆင်းရဲသားလယ်သမားတွေရဲ့ရုန်းကန်မှုလို့ သဘောထားပါတယ်။ နှိမိနင်းရေးထက် ဖျောင်းဖျပညာပေးရေးကို အဓိကထားပါတယ်။
-မှားယွင်းတဲ့နည်းနဲ့ နယ်ချဲ့ကိုတုန့်ပြန်ကြတာဖြစ်တယ်။ သူတို့ကို တော်လှန်တဲ့နည်း ပေးအပ်ရမယ်လို့သဘောထားပါတယ်။
ဆင်းရဲသားလယ်သမားတွေရဲ့ဒုက္ခကို ကွန်မြူနစ်တွေက ကြည့်နေလို့မဖြစ်ပါဘူး။ သူတို့ဟာ ဂျပန်တော်လှန်ရေးတုန်းက ကူညီခဲ့သူတွေပါ။ သူတို့ရဲ့အခက်အခဲကို ဖြေရှင်းပေးရပါမယ်။ ဒါ့ကြောင့် အငတ်တပ်ချီတက်ပွဲလုပ်ရပါတယ်။ လိုအပ်ရင် SAMB ဂိုဒေါင်ထဲက စပါးလုပါတယ်။ ခေါင်းပါးရေးလမ်းဖေါက်ဖို့ တောင်းဆိုပါတယ်။ (ခေါင်းပါးရေးလမ်းဆိုတာက ငတ်နေသူတွေက ကိုယ့် တူရွင်း ပေါက်ပြားနဲ့လာပြီး လမ်းဖေါက်ကြ။ အစိုးရက နေ့တွက်လုပ်ခအဖြစ် ဆန်ထုတ်ပေး။ အဲ့ဒီလိုနဲ့ မိသားစုအငတ်ဘေးကို နွေရာသီအတွက် ကျော်လွှားရတာဖြစ်တယ်။ ဆန်တွေက အစိုးရဂိုဒေါင်ထဲချည်းစုနေလို့လုပ်ရတဲ့ တိုက်ပွဲပါ) စစ်ကြီးအပြီးမှာ ဆန်ဈေးကကောင်း၊ ဆန်ကလည်းရောင်းကောင်းနေလို့ အင်္ဂလိပ်က ဆန်တွေ ပြည်ပချည်း ထုတ်ရောင်းနေတယ်။ ပြည်တွင်းမှာ ငတ်နေတယ်။
၁၉၄၅ က ၁၉၄၆ စက်တင်ဘာအထိ ဆိုရှယ်လစ်ပါတီနဲ့ သိတ်ပြီး ပြဿနာမဖြစ်ခဲ့ပါဘူး။ ဆိုရှစ်ပါတီက သူတို့သာမလုပ်တာ၊ အင်္ဂလိပ်နဲ့အတိုက်အခံလုပ်နေရတဲ့ကာလမို့ ကွန်မြူနစ်ပါတီလုပ်တာကို ထောက်ခံခဲ့တယ်။ ၁၉၄၆ စက်တင်ဘာနောက်ပိုင်း ဖဆပလ က အစိုးရအဖွဲ့ထဲဝင်မိတော့ တမျိုးဖြစ်သွားတယ်။ ကွန်မြူနစ်တွေလုပ်တာ သူတို့ကိုတိုက်တာပဲလို့ထင်လာတယ်။
လယ်သမားတွေငတ်နေတယ်ဆိုတာကို သူတို့မယုံပါဘူး။ (အခု စစ်အစိုးရအပါအဝင် အစိုးရအဆက်ဆက်ကလည်း မယုံပါဘူး) ကွန်မြူနစ်က လူတွေငတ်နေပြီပြောပြီးတိုက်ပွဲဆင်ချင်လို့လုပ်တာလို့ ထင်ကြပါတယ်။ သူတို့အခြေခံထားတဲ့လူတချို့ မငတ်တာကိုကြည့်ပြီး အားလုံး မငတ်ဘူးလို့ထင်ကြပါတယ်။ ဒါဟာ လူတန်းစားရပ်ခံချက်ပြဿနာ၊ လူတန်းစားအမြင် ပြဿနာပါပဲ။
လက်ဝဲညီညွတ်ရေးကိုအလေးထားတဲ့ ဗိုလ်အောင်ဆန်းတို့ရှိတုန်းက ပြဿနာမကြီးခဲ့ဘူး။ သူမရှိတော့ ပြဿနာကကြီးလာတယ်။ လက်ယာဆိုရှယ်လစ်တွေက အင်္ဂလိပ်အလိုမကျမှာနဲ့ ဖဆပလမှာ တွင်ကျယ်လာတဲ့ အလိုတော်ရိဦးတင်ထွဋ္ဋ်တို့လိုလူတွေရဲ့ ထောက်ခံမှုမရမှာဘဲ စိုးကြတယ်။ လက်ဝဲညီညွတ်ရေး ကို စတေးပြီး လက်ယာညီညွတ်ရေးကို တည်ဆောက်ကြတော့တယ်။
လွတ်လပ်ရေးရလာတော့ ကွန်မြူနစ်ပါတီကို အပြတ်ရှင်းဖို့အချိန်တန်ပြီလို့ ဆိုရှယ်လစ်လက်ယာဂိုဏ်းကထင်လာတယ်။ အပြတ်ရှင်းရင် (ဦး)သိန်းဖေမြင့်ထောက်ခံမှုရမယ်။ အင်္ဂလိပ်ရဲ့အားပေးမင ရမယ်။ (၆-လ)ရှင်းလိုက်ရင်ပြတ်မယ်လို့ထင်ပြီး ပြည်ထဲရေးဝန်ကြီးဦးကျော်ငြိမ်းအစီအစဉ်နဲ့ ကွန်မြူနစ်ပါတီကို အလစ်အငိုက်တိုက်ခဲ့တာဖြစ်တယ်။ ပုဒ်မ(၅)ဟာ ပြည်ထဲရေးဝန်ကြီးရဲ့ ဝရဇိန်လက်နက်ပဲ။
နောက်ပိုင်းကျတော့ ဝန်ကြီးနှစ်ဦး(ဦးတင်ထွဋ္ဋ်နဲ့ဗိုလ်စိန်မှန်) ဝန်ကြီးအဖြစ်မှနှုတ်ထွက်ပြီး ဗိုလ်လုပ်ကာတိုက်ကြတယ်။ ဒါဟာ အင်္ဂလိပ်အလိုတော်ရိနဲ့ လက်ယာဆိုရှယ်လစ်တို့ ညီညွတ်မှုပြယုဂ်ပါပဲ။
ပြည်တွင်းစစ် စတုန်းက အင်္ဂလိပ်စစ်မစ်ရှင်ရှိနေပါတယ်။ အင်္ဂလိပ်အလိုတော်ရိဦးတင်ထွဋ္ဋ်က ဗိုလ်တင်ထွဋ္ဋ်လုပ်ဖို့လိုပါတယ်။ ဦးတင်ထွဋ္ဋ်မှာ စစ်တိုက်တဲ့အတွေ့အကြုံမရှိပါ။ ဒါပေမဲ့ အင်္ဂလိပ်ရဲ့ထောက်ခံမငရအောင် သူသာလုပ်နိုင်တယ်။ ဂေါ်ရခါးစစ်သားက နီပေါကနေစုနိုင်တယ်။
ပြည်တွင်းစစ်အစပိုင်းမျာ အစိုးရခိုင်းသမျှလုပ်တဲ့တပ်က လူမျိုးစုတပ်တွေနဲ့ ဂေါ်ရခါးတပ်တွေပဲ။ ရွာတွေမီးရှိူ့ လူတွေသတ်တာကို သူတို့က ကြေးစားစိတ်နဲ့ဗမာလူမျိုးရေးမုန်းတီးစိတ်ပေါင်းပြီး အပြတ်သားဆုံးလုပ်ကြပါတယ်။ ဒါပေမဲ့ စစ်ဗိုလ်တွေက လက်ရဲဇက်ရဲလုပ်နေတာ မဟုတ်ပါ။ ဥပဒေအရလုပ်တယ်လို့ဖြစ်အောင် အရေးပိုင်(ခရိုင် ရာဇဝတ်တရားသူကြီး)က စစ်တပ်အကူအညီတောင်း၊ စစ်တပ်က ပစ်သတ်ဆိုတာဖြစ်အောင် စီစဉ်ပါတယ်။
(ဥပမာ) ပျဉ်းမနားမှာ အရေးပိုင် စည်သူအောင်ဖေက စစ်ဆင်ရေးကြီးတိုင်းမှာ လိုက်ပါရပါတယ်။ စည်သူအောင်ဖေ သံချပ်ကားပေါ်ကနေ ဟောပြောနေတဲ့ပုံကို အဲ့ဒီခေတ်ကထုတ်တဲ့သတင်းစာတွေမှာ တွေ့နိုင်ပါတယ်။
၁၃ဝဝ ပြည့်အရေးတော်ပုံတုန်းကလည်း အဲ့ဒီပုံမျိုးပါပဲ။ အရေးပိုင်(ခရိုင် ရာဇဝတ်တရားသူကြီး)က အုံကြွမှုကိုနှိမ်နင်းဖို့ စစ်တပ်ကိုအကူအညီတောင်း၊ စစ်တပ်က အကြမ်းဖက်နှိမ်ပါတယ်။
ဗိုလ်အောင်ကြီးကလည်း ၁၉၈၈ အရေးတော်ပုံတုန်းက တံတားနီအရေးအခင်းမှာ အဲ့ဒီလိုဥပဒေအတိုင်း စစ်တပ်ကမလုပ်လို့သာ အပြစ်တင်ပါတယ်။ သူ့စာကို မှတ်မိကြမယ်ထင်ပါတယ်။
ဥပဒေကို လက်တခလုံးခြားလှည့်ပြီးလုပ်နေရတာ အရစ်ရှည်တယ်။ ခက်လည်း ခက်တယ်။ ဒါ့ကြောင့် လွယ်အောင် အခုတော့ တိုင်း၊ ခရိုင်အုပ်ချုပ်ရေးတာဝန်ခံတွေအဖြစ် စစ်ဗိုလ်တွေကိုပဲထားပါတယ်။ စည်သူအောင်ဖေလို ကြားလူ မလိုအောင်ထားပါတယ်။ စစ်ဆင်ရေးဆင်းတဲ့စစ်ဗိုလ်တိုင်း လူသတ်လိုင်စင်ရနေပါတယ်။
ဦးနု ဦးကျော်ငြိမ်းတို့တွက်ခဲ့သလို ပြည်တွင်းစစ်ကလည်း ၆ လ နဲ့မပြီးပါ။ အနှစ်(၅ဝ)ကျော်တဲ့အခုထိ မပြီးပါ။
(အရေးတော်ပုံဂျာနယ် အမှတ် ၂၁၊ မတ်လ ၂ဝဝ၂ ထုတ် ပြည်တွင်းစစ်ပြဿနာဆောင်းပါးမှ ကောက်နှုတ်တင်ပြပါသည်။ တပုဒ်လုံးအပြည့်ဖတ်ချင်ရင် ပြောပါ။ PDF နဲ့ ပို့ပေးချင်ပါတယ်)

မန္တလေးတက္ကသိုလ်ရက်စဉ်သမိုင်း (၁၉၄၉). . . . .

0 comments
မန္တလေးတက္ကသိုလ်ရက်စဉ်သမိုင်း (၁၉၄၉). . . . .
၂၂ ဇန်နဝါရီ ၁၉၄၉ - တက္ကသိုလ်ရာဇဝင်အသင်းနှစ်ပတ်လည် လက်ဖက်ရည်ပွဲနှင့် ဆုပေးပွဲကျင်းပရာ ဆရာ,ဆရာမများ၊ အသင်းသူ,အသင်းသားများတက်ရောက်ကြပြီး ကျောင်းအုပ်ကြီးဦးကိုလေးက ဒုတိယပတ်အစမ်းစာမေးပွဲတွင် ရာဇဝင်ဘာသာ၌ ထူးချွန်သော ကျောင်းသူ,ကျောင်းသားများအား အသင်း၏ ကိုယ်စားဆုချီးမြှင့်။
၂၅ ဇန်နဝါရီ ၁၉၄၉ - တက္ကသိုလ်စာမေးပွဲ ပထမပတ် အမ်အေနှင့် ဘီအယ်လ်စာမေးပွဲကို လာမည့်ရက်သတ္တပတ်အတွင်းကျင်းပမည်ဟု ဆိုင်ရာက ကြေငြာ။

၂၇ ဇန်နဝါရီ ၁၉၄၉ - မတကသအလုပ်အမှုဆောင်အချို့သည် ကျောင်းသူ,ကျောင်းသားများ၏ သဘောထားမပါဘဲ အာဏာကို အလွဲသုံးစားပြုကာ ဝန်ကြီးများရောက်လာချိန်တွင် ဖောက်ပြန်ဖော်လံဖားကြေညာစာတမ်းတစ်ခု ရိုက်နှိပ်၍ မြို့တွင်းနှင့် ကျောင်းဝင်းအတွင်း ဝေငှခြင်းပြုလုပ်သဖြင့် ကျောင်းသူ,ကျောင်းသားများအရေးပေါ်အစည်းအဝေးခေါ်ပြီး အမှုဆောင်အားလုံး၏ သဘောမဟုတ်သဖြင့် ဖော်လံဖားအမှုဆောင်များကို နှုတ်ထွက်ပေးရန် ဆုံးဖြတ်။
၂၈ ဇန်နဝါရီ ၁၉၄၉ - ကျောင်းသူ,ကျောင်းသားများ၏ တောင်းဆိုချက်အရ တက္ကသိုလ်ကျောင်းလုံးဆိုင်ရာ အစည်းအဝေးကျင်းပရာတွင်ဥက္ကဌနှင့် သမဂ္ဂအမှုဆောင်များက အချိန်ဆွဲပြီး ၎င်းတို့ရေးဆွဲသော အစီအစဉ်များကို ဖတ်ပြကာ မလိမ့်တပတ်နှင့် မဲခွဲခိုင်းရာ မကျေနပ်သည့် ကျောင်းသားအချို့ ထွက်သွား၍ အစည်းအဝေးမပြီးဘဲ ဖြစ်။
၂၉ ဇန်နဝါရီ ၁၉၄၉ - မတကသအမှုဆောင်အချို့၏ တက္ကသိုလ်သမဂ္ဂအမည်ကို အလွဲသုံးစားပြုထားသောကြေညာချက်ကို လက်မခံသောကျောင်းသားများ၏ကိုယ်စား ယာယီစင်ပြိုင်မန္တလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂက တာဝန်ခံ၍ တိုင်းပြည်လူထုသို့ ဖြေရှင်းကြေညာချက်ထုတ်ပြန်။ (ရန်ကုန်တက္ကသိုလ်မှာ ရက်အကန့်အသတ်မရှိပိတ်)
၃၁ ဇန်နဝါရီ ၁၉၄၉ - ယာယီစင်ပြိုင်သမဂ္ဂဝင် ကျောင်းသူ,ကျောင်းသားများအစည်းအဝေးကျင်းပရာ သဘာပတိအဖြစ် ပထမဝိဇ္ဇာတန်းမှ ကိုမြစိန်၊ အတွင်းရေးမှုးအဖြစ် ဒုတိယနှစ်ဥပစာတန်းမှ ကိုမောင်လေးတို့က ဆောင်ရွက်ပြီး ကိုမောင်မောင်အပါအဝင် အခြားအမှုဆောင်များကို အများသဘောတူရွေးကောက်တင်မြှောက်ကာ အောက်ပါဆုံးဖြတ်ချက်များကို ချမှတ်
၁။ မန္တလေးခရိုင်လုံးဆိုင်ရာ ကျောင်းသားသမဂ္ဂနှင့် ဆက်သွယ်၍ ကျောင်းသားအရေးကို ဆောင်ရွက်ရန်
၂။ ကျောင်းသား၏ မိဘများကို တိုက်ရိုက်ထိခိုက်နေသော လခစားများအား ရှားပါးစရိတ်ဖြတ်တောက်ခြင်းကို ပြင်းထန်စွာ ကန့်ကွက်ကြောင်း
၃။ ရှားပါးစရိတ်ဖြတ်တောက်မှုကြောင့် မိဘများထံမှ ငွေလုံလောက်စွာမပို့နိုင်၍ ကျောင်းထွက် ရမည့် ကျောင်းသားများအား သက်ဆိုင်ရာအာဏာပိုင်များက တာဝန်ယူ၍ ဆက်လက်ထောက်ပံရန်။
၃၁ ဇန်နဝါရီ ၁၉၄၉ - တက္ကသိုလ်အုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးကျင်းပပြီး သက်ဆိုင်ရာအရာရှိများနှင့်တွေ့ဆုံကာ တက္ကသိုလ်တွင် အပျော်တမ်းစစ်တပ်ဖွဲ့စည်းရန် ဆုံးဖြတ်။

၂ ဖေဖော်ဝါရီ ၁၉၄၉ - မန္တလေးခရိုင်ကျောင်းသားများသမဂ္ဂမှ ကြီးမှုး၍ ကျောင်းပေါင်းစုံ ကျောင်းသားကိုယ်စားလှယ်များ အစည်းအဝေးကျင်းပကာ မတကသကို သစ္စာဖောက်သမဂ္ဂဟု သတ်မှတ်ပြီး စင်ပြိုင်သမဂ္ဂကို အလေးအနက်ထောက်ခံကြောင်း အများသဘောတူဆုံးဖြတ်။
၅ ဖေဖော်ဝါရီ ၁၉၄၉ - မန္တလေးမြို့ကာကွယ်ရန် တက္ကသိုလ်စစ်တပ်ဖွဲ့စည်းရေးနှင့် ပတ်သက်ပြီး စစ်ရဲတပ်မှ မေဂျာဦးအေးမောင်နှင့် ကျောင်းအုပ်ကြီးဦးကိုလေး,ကျောင်းသားများ တွေ့ဆုံဆွေးနွေးကာ စစ်တပ်စနစ်တကျဖွဲ့ရန် ဆုံးဖြတ်။
၁၁ ဖေဖော်ဝါရီ ၁၉၄၉ - တက္ကသိုလ်ဝင်သင်တန်းနှင့် ၉တန်းကျောင်းသားများအတွက် စင်ပြိုင်တက္ကသိုလ်ကျောင်းသားများသမဂ္ဂမှတာဝန်ယူ၍ ရွှေကြီးမြင့်သပိတ်စခန်းတွင် ပညာသင်ကြားပေးမည်ဖြစ်ကြောင်းကြေညာ။
၁၆ ဖေဖော်ဝါရီ ၁၉၄၉ - မန္တလေးမြို့ကာကွယ်ရေးစစ်သင်တန်းကို ၂၁-၂-၁၉၄၉ တွင်စတင်မည်ဖြစ်ရာ သင်တန်းတက်ရောက်လိုသူများစာရင်းပေးရန်နေရာများတွင် မန္တလေးတက္ကသိုလ်လည်းပါဝင်။
၁၁ မတ် ၁၉၄၉ - မန္တလေးကို ကရင်သူပုန်ဝင်။
၆ ဧပြီ ၁၉၄၉ - ကရင်သူပုန်ပြန်ထွက်။
၁၄ ဩဂုတ် ၁၉၄၉ - မစိုးရိမ်ရုပ်ရှင်ရုံကြီးတွင် ပါကစ္စတန်လွတ်လပ်ရေးနေ့ကျင်းပရာ သဘာပတိကျောက်စာဝန်ဦးလူဖေဝင်းက ပါကစ္စတန်ရာဇဝင်အကြောင်းပြော၍ ကျောင်းအုပ်ကြီးဦးကိုလေးက ပါကစ္စတန်ပြည်နှင့် ဂျပန်ပြည်အကြောင်း နှိုင်းယှဉ်ကာ ဟောပြော။
၂၉ အောက်တိုဘာ ၁၉၄၉ - ဤနေ့မှ နိုဝင်ဘာ ၇ရက်နေ့အထိ ညမထွက်ရအမိန့်ရုပ်သိမ်း။
၁၄ နိုဝင်ဘာ ၁၉၄၉ - ၂၉ကြိမ်မြောက်အမျိုးသားအောင်ပွဲနေ့ကို တောင်ကျုံးဒေါင့်,ကျံုးနှင့်မြို့ရိုးအတွင်းကျင်းပရာ အဖွဲ့ပေါင်းစုံပါဝင်ပြီး ကျောက်စာဝန်ဦးလူဖေဝင်းနှင့် ကထိကဦးတိုးအောင်(ကုသ)တို့က ဟောပြောပြီး ကျောင်းသူကလေးများယိမ်း,တပင်တိုင်အက,ကျောင်းသူဟောင်းများ သီချင်းကြီးဖြင့် ဖျော်ဖြေ။
၂၀ နိုဝင်ဘာ ၁၉၄၉ - အထက်မြန်မာနိုင်ငံသတင်းစာဆရာများအသင်း,ဒုတိယအကြိမ်ရွှေမန်းစာဆိုတော်နေ့ကို ၂၆ဘီလမ်းယူနီဗာဆယ်ကိတ်မုန့်တိုက်တွင်ကျင်းပရာ အယ်ဒီတာဦးတင်၊ လူထုဦးလှ၊ မြမျိုးလွင်၊ အမ်အေဒေါ်အုန်း၊ ချင်းတွင်းငမောက်(ပညာအုပ်ဦးစံချိန်)၊ ကျောင်းအုပ်ကြီးဦးကိုလေး၊ ရွှေဥဒေါင်း၊ သစ်တောဝန်ဦးမောင်မောင်ကျော်၊ ရွှေပြည်ဦးဘတင်တို့က ရှေးစာဆိုတော်ကြီးများအကြောင်း ဟောပြော။
၁၇ ဒီဇင်ဘာ ၁၉၄၉ - တက္ကသိုလ်မြန်မာစာပေအသင်းမှ ကြီးမှူးကျင်းပသော မြန်မာဂီတနှင့် ပန်းချီပြပွဲ ဖွင့်ပွဲတွင် ပန်းချီအသင်းဥက္ကဌဦးစောမောင်၊ပန်းချီဆရာသန့် ၊ ရွှေပြည်ဦးဘတင်နှင့် မြူနီစီပယ်အလုပ်ဝန်ဦးသာဒွန်းတို့ ဟောပြောကြပြီး ကျောင်းသူများက သီချင်းကြီးများဖြင့် ဖျော်ဖြေ။
-ဤနှစ်တွင် ကျောင်းသူကျောင်းသားပေါင်း ၂၄၃ ယောက် အထိရှိ။
(ကို Aung Myint Aungmyint Oo ဆီကေနယူပါတယ္)

Friday, February 7, 2020

(လဘက်ရည် ကော်ဖီနဲ့ ထောင်တန်တဲ့လူများ)

0 comments
(လဘက်ရည် ကော်ဖီနဲ့ ထောင်တန်တဲ့လူများ)
ကျနော့်အကျင့်က ည ဘယ်အချိန် အိပ်ရာဝင်ဝင် မနက်ဆို ၅ နာရီနဲ့ ၅ နာရီခွဲကြား နိုးတာပါပဲ။ တခါတလေ ပြန်အိပ်လို့ရပေမယ့် များသောအားဖြင့်တော့ အိပ်ရာကထတတ်ပါတယ်။ ပြီးရင် ဆီးသွား။ ပြီးတော့ မျက်လုံးတွေကို ရေအေးအေးနဲ့ ကြမ်းသွားတဲ့အထိ စိမ်ပြီးဆေးပါတယ်။ ပြီးရင် ရေအေးတဖန်ခွက်သောက်ပါတယ်။ ပြီးရင် သံပုရာသီးအစိမ်းတွေကို လေးစိတ် စိတ်ပြီး ဆား သကြား သင့်ရုံနဲ့ နူးအိနေအောင်စိမ်ထားတဲ့ သံပုရာပေါင်းတစိတ် စားပါတယ်။ ဒီသံပုရာပေါင်း စားကျင့်ရတာက ၂ နှစ်လောက်ပဲရှိပါသေးတယ်။ ပြီးမှ ကွန်ပြူတာဖွင့် ကော်ဖီဖျော်ဖို့ရေနွေးတည်ပါတယ်။ တခါတလေ ကော်ဖီမှုံ့နဲ့ဖျော်တာသောက်ပြီး များသောအားဖြင့်တော့ ကော်ဖီစေ့ အိမ်လှော်ထောင်းနဲ့ သောက်တာများပါတယ်။ အဲ့ဒီကော်ဖီတခွက်နဲ့ တခါတလေ မနက် ဆယ်နာရီလောက်အထိ ဘာမှ မယ်မယ်ရရ မစားဖြစ်ပါ။ ညီမအိမ် ခနသွားနေတုန်းကတော့ ဗမာပြည်နေတုန်းကလိုပဲ မနက်တိုင်း ထမင်းကြမ်းနဲ့ ဟင်းကျန်တခုခုနဲ့ သင့်သလောက်စားပါတယ်။ ကျနော့်အိမ်မှာတော့ အဲ့လိုစားလေ့မရှိပါ။

 အလုပ် လုပ်နေချိန်တွေကဆို အိမ်မှာ မနက်ကော်ဖီတခွက်သောက်ပြီး ၃ ခွက်စာလောက်ဖျော် ဓာတ်ဗူးထဲထည့်ပြီး ယူသွားပါတယ်။ ခု အလုပ်က ကျန်းမာရေးကြောင့် ခနနားနေတာပါ။ အလုပ်သဘောက ကာယအားစိုက်လုပ်ရတာမဟုတ်သလို တခါတခါ စကားအတော်ပြောရပါတယ်။ နောက်တချက်က အလုပ်အရ Home Visits တွေသွားတဲ့အခါ အိမ်ရှင်တွေ ဧည့်ခံကျွေးမွေးတာကိုလည်း စားလို့မရပါဘူး။ အပြင်ထွက်ဝယ်စားရအောင်လည်း တခါတလေ အချိန်မရတာမျိုး ရတဲ့အခါကျတော့လည်း ကိုယ်စားချင်တာမရတာမျိုးဖြစ်တာများတော့ ဘာမှစားမနေတော့ပဲ ကော်ဖီပဲ တငုံပြီးတငုံသောက်ရင်း အလုပ်ချိန်ကုန်တာများပါတယ်။ ဗိုက်ထဲ အစာကလည်းမရှိ ကော်ဖီကလည်းဆက်တိုက်သောက်ဆိုတော့ တခါတခါ ရင်အလွန်တုန်ပါတယ်။ ကျနော့်နှလုံးအခုန်က နဂိုကမှ တခြားလူတွေထက်ပိုမြန်ရတဲ့ကြားထဲ ကော်ဖီများသောက်လိုက်ရင် သိသိသာသာကို ဆောင့်တက်လာတတ်တာပါ။ အိပ်ရေးပျက်ထားရင် ပိုသိသာပါတယ်။ အတော်ခံရပါတယ်။ ရင်တွေပန်းတွေတုန် လက်တွေတုန်နဲ့ ကတုန်ကယင်ဖြစ်တဲ့အခါလည်းရှိပါတယ်။ အဲ့သလိုအခါမျိုးဆို ကားပါမောင်းမရတော့ပါ။

ထောင်ထဲနေတုန်းက ကော်ဖီလည်းသောက်ချင်တော့ အလွယ်ရတဲ့ စူပါကော်ဖီမစ်က်တို့ဘာတို့ သောက်ဖူးပါတယ်။ သူတို့က ပိုဆိုးပါတယ်။ တခွက်လောက်သောက်လိုက်တာနဲ့ နှလုံးကဆောင့်ခုန်လာပြီး လူပါ ဟိုက်သလိုဖြစ်ပါတယ်။ နေ့လည်လောက်က တခွက်သောက်လိုက်ရင် ညပါ တညလုံး မအိပ်တော့ပါ။ မျက်လုံးကြောင် ရင်တုန်ပြီး အတော်အနေရခက်တာမို့ တခါတလေ တငုံစနှစ်ငုံစသောက်တာကလွဲလို့ စွဲတော့ မသောက်တော့ပါ။ တကယ်က ကျနော်က လဘက်ရည်သမားပါ။ လဘက်ရည်ကြိုက်တာပါ။ ကြိုက်တာမှ ပေါ့ကျ ကြိုက်တာပါ။

အမေရိကန်ရောက်ပြီး အိမ်ထောင်ကျစက အိမ်မှာ လဘက်ရည် ကိုယ်တိုင်ဖျော်ဖျော်သောက်ပါတယ်။ စိုးဝင်းလဘက်ခြောက်လည်း ဒီမှာ ဝယ်ရပါတယ်။ ဇနီးကတော့ နဂိုတည်းကကော်ဖီသမားမို့ ကျနော့်လဘက်ရည်ကို တခါတလေ အာဆွတ်ရုံသောက်ပါတယ်။ သောက်တိုင်းလည်း နင့် လဘက်ရည်ကလည်း ကျလိုက်တာ ဖန်တူးနေတာပဲ သကြားလေးနို့လေးမှပါရဲ့လားလို့ အမြဲပြောပါတယ်။ နောက်တော့ လဘက်ရည်ဖျော်ရတာ အလုပ်ရှုပ်တာရော အချိန်ကုန်တာရော တခါတလေ စိုးဝင်းခြောက်ပြတ်တဲ့အခါ စိတ်ကသိကအောက်ဖြစ်ရတာတွေရောပေါင်းပြီး ကျနော် လဘက်ရည်အဖျော်ရပ် အသောက်ရပ်ပြီး ကော်ဖီပြောင်းသောက်ပါတယ်။ ကော်ဖီဆို ကျနော်က ကော်ဖီမစ်က်လည်းမသောက် နက်စ်ကော်ဖီလည်း မကြိုက်ပါ။ ကော်ဖီမှုနံ့ရိုးရိုးကို သကြားနဲ့နို့မှုန့်နဲ့ဖျော်တာပဲကြိုက်ပါတယ်။ ကော်ဖီကတော့ ရယ်ဒီမိတ်အမှုန့်ပါ။ နောက်တော့ ဇနီးက သူသောက်တာစမ်းသောက်ကြည့်ပါလားပြောတာနဲ့ လိုက်စမ်းသောက်ရင်း ကော်ဖီစေ့ အိမ်လှော်ထောင်းကို ရေနွေးပွက်ပွက်ဆူနဲ့ နှပ်အိုးထဲ နှပ်သားကျအောင်နှပ်ပြီးသူ့အတိုင်းသောက်ပါတယ်။ သကြား နို့မှုန့် နို့ဆီစတာတွေ ဘာမှမထည့်တော့ ဘလက်ခ်ကော်ဖီပေါ့လေ။ ဇနီးကတောင် နင့်ဟာက စသောက်တုန်းကတော့ မကြိုက်သလိုလိုနဲ့ ခုတော့ ဘာမှတောင် မထည့်တော့ပဲကော်ဖီအရသာစစ်စစ်ကို ဒီအတိုင်း ချနေတော့တာပါလားလို့ သြချယူပါတယ်။

ဟုတ်ပါတယ်။ ကျနော် ကော်ဖီကို ဘလက်ခ်သောက်ပါတယ်။ တနေ့ အများဆုံး ၃ ခွက်လောက်သောက်ပါတယ်။ ကော်ဖီမှာမှ ကော်ဖီစေ့ အိမ်လှော်ထောင်းကို ပိုကြိုက်ပါတယ်။ ကော်ဖီစေ့မှာမှ ဂွါတီမာလာလာတဲ့ကော်ဖီကို ပိုကြိုက်ပါတယ်။ လဘက်ရည်ကို ဆိုင်မှာ ရံဖန်ရံခါသွားသောက်တတ်ပါတယ်။ တကယ့်ကို တခါတရံပါ။ ကော်ဖီသာစွဲသွားပေမယ့် လဘက်ရည်ကို စိတ်မပြတ်သေးပါ။

လဘက်ရည်လို့ပြောလိုက်တိုင်း တွေးလိုက်တိုင်း သောက်လိုက်တိုင်းလည်း သာယာဝတီထောင်နေတုန်းက တကယ့်ကို ခက်ရာခက်ဆစ် ကိုအံ့ဘွယ်ကျော်ဖျော်တိုက်တဲ့ လဘက်ရည်ကို စိတ်ထဲမြင်လာ လျှာပေါ်အရသာပေါ်လာသလို ထောင်ထဲအတူနေဘက်တွေကိုလည်း အောက်မေ့မိပါတယ်။ ခုတော့ တချို့လည်း နိုင်ငံရေးရာထူးရသူရ ကိုယ်ပိုင်အလုပ် လုပ်သူလုပ်။ ကြီးပွားသူကြီးပွား၊ နွမ်းပါးသူနွမ်းပါး။ ဘဝပျက်သူပျက်၊ နိုင်ငံခြားတိုင်းပြည်တွေ ရောက်သူရောက်၊ သေသူသေ၊ အရက်စွဲသူစွဲနဲ့ ဘဝတွေဟာ တကယ့်ကို တယောက်တဘဝစီကို ဖြစ်ကုန်ကြရတာပါ။

တနေ့မနက်က ဗမာဆိုင်မှာ မနက်စာသွားစားတော့ ကျနော် လဘက်ရည်ပေါ့ကျတခွက်မှာပြီး တော်တော်နဲ့မသောက်ဖြစ်ပါဘူး။ စိတ်က ထောင်ထဲရောက်သွားလိုက် အခန်းဖော်ရဲဘော်ကြီး ကိုစိုးမြင့်တို့ ကိုငွေဝင်းတို့ရောက်လိုက် အံ့ဘွယ်ကျော်တို့ ဦးတင်ကိုတို့ မျောက်ကြီးကိုစိုးထိုက်တို့ ပြည်သား ကိုသန်းထိုက်အောင်တို့ တရုတ်မကြီးသန်းထိုက်ဝင်းတို့ဆီရောက်လိုက်နဲ့ အတူနေသူတွေအားလုံးကို သတိရပြီး ရင်ထဲဆို့နင့်လာပါတယ်။ တကယ့်ကိုအားလုံးကိုပါ။ အမည်တွေဖော်ပြနေရင် စာရှည်မစိုးလို့ပါ။ ထိန်းနေတဲ့ကြားကပဲ မျက်ရည်လည်ပါတယ်။ ထိန်းနေတဲ့ကြားကပဲ အသံတွေတုန်ပါတယ်။ ဇနီးက ရိပ်မိပြီး သောက်လေ အာလူးပူရီလည်းစားကြည့် ကောင်းတယ်ဘာညာပြောရင်း သူ့ Clients ဟောင်းမိသားစုဝင်လာတာမြင်တော့ သူတို့ကိုနှူတ်ဆက် ကျနော်နဲ့မိတ်ဆက်ပေးရင်း စိတ်လမ်းကြောင်းပြောင်းပေးလိုက်လို့မှ သက်သာရာရခဲ့တာပါ။

အကြောင်းတိုက်ဆိုင်တိုင်း ကျနော့်စိတ်တွေဟာ အတိတ်ကိုပြန်ပြီး ထောင်ကျဘက်တွေ အတူနေဘက်တွေ စားအိုးတွဲတွေ ရဲဘော်ရဲဘက်တွေဆီရောက်ပါတယ်။ တကယ်တော့ ကျနော်တို့တတွေဟာ သိစိတ်ရှိရှိနဲ့ ထောင်ကိုရွေးချယ်ခဲ့ကြတဲ့ ထောင်မကြောက် တန်းမကြောက် ထောင်တန်တဲ့လူတွေမဟုတ်လား။
မျိုးမြင့်ချို
ဖေဖော်ဝရီ ၇၊ ၂ဝ၂ဝ