Friday, February 7, 2020

(လဘက်ရည် ကော်ဖီနဲ့ ထောင်တန်တဲ့လူများ)

0 comments
(လဘက်ရည် ကော်ဖီနဲ့ ထောင်တန်တဲ့လူများ)
ကျနော့်အကျင့်က ည ဘယ်အချိန် အိပ်ရာဝင်ဝင် မနက်ဆို ၅ နာရီနဲ့ ၅ နာရီခွဲကြား နိုးတာပါပဲ။ တခါတလေ ပြန်အိပ်လို့ရပေမယ့် များသောအားဖြင့်တော့ အိပ်ရာကထတတ်ပါတယ်။ ပြီးရင် ဆီးသွား။ ပြီးတော့ မျက်လုံးတွေကို ရေအေးအေးနဲ့ ကြမ်းသွားတဲ့အထိ စိမ်ပြီးဆေးပါတယ်။ ပြီးရင် ရေအေးတဖန်ခွက်သောက်ပါတယ်။ ပြီးရင် သံပုရာသီးအစိမ်းတွေကို လေးစိတ် စိတ်ပြီး ဆား သကြား သင့်ရုံနဲ့ နူးအိနေအောင်စိမ်ထားတဲ့ သံပုရာပေါင်းတစိတ် စားပါတယ်။ ဒီသံပုရာပေါင်း စားကျင့်ရတာက ၂ နှစ်လောက်ပဲရှိပါသေးတယ်။ ပြီးမှ ကွန်ပြူတာဖွင့် ကော်ဖီဖျော်ဖို့ရေနွေးတည်ပါတယ်။ တခါတလေ ကော်ဖီမှုံ့နဲ့ဖျော်တာသောက်ပြီး များသောအားဖြင့်တော့ ကော်ဖီစေ့ အိမ်လှော်ထောင်းနဲ့ သောက်တာများပါတယ်။ အဲ့ဒီကော်ဖီတခွက်နဲ့ တခါတလေ မနက် ဆယ်နာရီလောက်အထိ ဘာမှ မယ်မယ်ရရ မစားဖြစ်ပါ။ ညီမအိမ် ခနသွားနေတုန်းကတော့ ဗမာပြည်နေတုန်းကလိုပဲ မနက်တိုင်း ထမင်းကြမ်းနဲ့ ဟင်းကျန်တခုခုနဲ့ သင့်သလောက်စားပါတယ်။ ကျနော့်အိမ်မှာတော့ အဲ့လိုစားလေ့မရှိပါ။

 အလုပ် လုပ်နေချိန်တွေကဆို အိမ်မှာ မနက်ကော်ဖီတခွက်သောက်ပြီး ၃ ခွက်စာလောက်ဖျော် ဓာတ်ဗူးထဲထည့်ပြီး ယူသွားပါတယ်။ ခု အလုပ်က ကျန်းမာရေးကြောင့် ခနနားနေတာပါ။ အလုပ်သဘောက ကာယအားစိုက်လုပ်ရတာမဟုတ်သလို တခါတခါ စကားအတော်ပြောရပါတယ်။ နောက်တချက်က အလုပ်အရ Home Visits တွေသွားတဲ့အခါ အိမ်ရှင်တွေ ဧည့်ခံကျွေးမွေးတာကိုလည်း စားလို့မရပါဘူး။ အပြင်ထွက်ဝယ်စားရအောင်လည်း တခါတလေ အချိန်မရတာမျိုး ရတဲ့အခါကျတော့လည်း ကိုယ်စားချင်တာမရတာမျိုးဖြစ်တာများတော့ ဘာမှစားမနေတော့ပဲ ကော်ဖီပဲ တငုံပြီးတငုံသောက်ရင်း အလုပ်ချိန်ကုန်တာများပါတယ်။ ဗိုက်ထဲ အစာကလည်းမရှိ ကော်ဖီကလည်းဆက်တိုက်သောက်ဆိုတော့ တခါတခါ ရင်အလွန်တုန်ပါတယ်။ ကျနော့်နှလုံးအခုန်က နဂိုကမှ တခြားလူတွေထက်ပိုမြန်ရတဲ့ကြားထဲ ကော်ဖီများသောက်လိုက်ရင် သိသိသာသာကို ဆောင့်တက်လာတတ်တာပါ။ အိပ်ရေးပျက်ထားရင် ပိုသိသာပါတယ်။ အတော်ခံရပါတယ်။ ရင်တွေပန်းတွေတုန် လက်တွေတုန်နဲ့ ကတုန်ကယင်ဖြစ်တဲ့အခါလည်းရှိပါတယ်။ အဲ့သလိုအခါမျိုးဆို ကားပါမောင်းမရတော့ပါ။

ထောင်ထဲနေတုန်းက ကော်ဖီလည်းသောက်ချင်တော့ အလွယ်ရတဲ့ စူပါကော်ဖီမစ်က်တို့ဘာတို့ သောက်ဖူးပါတယ်။ သူတို့က ပိုဆိုးပါတယ်။ တခွက်လောက်သောက်လိုက်တာနဲ့ နှလုံးကဆောင့်ခုန်လာပြီး လူပါ ဟိုက်သလိုဖြစ်ပါတယ်။ နေ့လည်လောက်က တခွက်သောက်လိုက်ရင် ညပါ တညလုံး မအိပ်တော့ပါ။ မျက်လုံးကြောင် ရင်တုန်ပြီး အတော်အနေရခက်တာမို့ တခါတလေ တငုံစနှစ်ငုံစသောက်တာကလွဲလို့ စွဲတော့ မသောက်တော့ပါ။ တကယ်က ကျနော်က လဘက်ရည်သမားပါ။ လဘက်ရည်ကြိုက်တာပါ။ ကြိုက်တာမှ ပေါ့ကျ ကြိုက်တာပါ။

အမေရိကန်ရောက်ပြီး အိမ်ထောင်ကျစက အိမ်မှာ လဘက်ရည် ကိုယ်တိုင်ဖျော်ဖျော်သောက်ပါတယ်။ စိုးဝင်းလဘက်ခြောက်လည်း ဒီမှာ ဝယ်ရပါတယ်။ ဇနီးကတော့ နဂိုတည်းကကော်ဖီသမားမို့ ကျနော့်လဘက်ရည်ကို တခါတလေ အာဆွတ်ရုံသောက်ပါတယ်။ သောက်တိုင်းလည်း နင့် လဘက်ရည်ကလည်း ကျလိုက်တာ ဖန်တူးနေတာပဲ သကြားလေးနို့လေးမှပါရဲ့လားလို့ အမြဲပြောပါတယ်။ နောက်တော့ လဘက်ရည်ဖျော်ရတာ အလုပ်ရှုပ်တာရော အချိန်ကုန်တာရော တခါတလေ စိုးဝင်းခြောက်ပြတ်တဲ့အခါ စိတ်ကသိကအောက်ဖြစ်ရတာတွေရောပေါင်းပြီး ကျနော် လဘက်ရည်အဖျော်ရပ် အသောက်ရပ်ပြီး ကော်ဖီပြောင်းသောက်ပါတယ်။ ကော်ဖီဆို ကျနော်က ကော်ဖီမစ်က်လည်းမသောက် နက်စ်ကော်ဖီလည်း မကြိုက်ပါ။ ကော်ဖီမှုနံ့ရိုးရိုးကို သကြားနဲ့နို့မှုန့်နဲ့ဖျော်တာပဲကြိုက်ပါတယ်။ ကော်ဖီကတော့ ရယ်ဒီမိတ်အမှုန့်ပါ။ နောက်တော့ ဇနီးက သူသောက်တာစမ်းသောက်ကြည့်ပါလားပြောတာနဲ့ လိုက်စမ်းသောက်ရင်း ကော်ဖီစေ့ အိမ်လှော်ထောင်းကို ရေနွေးပွက်ပွက်ဆူနဲ့ နှပ်အိုးထဲ နှပ်သားကျအောင်နှပ်ပြီးသူ့အတိုင်းသောက်ပါတယ်။ သကြား နို့မှုန့် နို့ဆီစတာတွေ ဘာမှမထည့်တော့ ဘလက်ခ်ကော်ဖီပေါ့လေ။ ဇနီးကတောင် နင့်ဟာက စသောက်တုန်းကတော့ မကြိုက်သလိုလိုနဲ့ ခုတော့ ဘာမှတောင် မထည့်တော့ပဲကော်ဖီအရသာစစ်စစ်ကို ဒီအတိုင်း ချနေတော့တာပါလားလို့ သြချယူပါတယ်။

ဟုတ်ပါတယ်။ ကျနော် ကော်ဖီကို ဘလက်ခ်သောက်ပါတယ်။ တနေ့ အများဆုံး ၃ ခွက်လောက်သောက်ပါတယ်။ ကော်ဖီမှာမှ ကော်ဖီစေ့ အိမ်လှော်ထောင်းကို ပိုကြိုက်ပါတယ်။ ကော်ဖီစေ့မှာမှ ဂွါတီမာလာလာတဲ့ကော်ဖီကို ပိုကြိုက်ပါတယ်။ လဘက်ရည်ကို ဆိုင်မှာ ရံဖန်ရံခါသွားသောက်တတ်ပါတယ်။ တကယ့်ကို တခါတရံပါ။ ကော်ဖီသာစွဲသွားပေမယ့် လဘက်ရည်ကို စိတ်မပြတ်သေးပါ။

လဘက်ရည်လို့ပြောလိုက်တိုင်း တွေးလိုက်တိုင်း သောက်လိုက်တိုင်းလည်း သာယာဝတီထောင်နေတုန်းက တကယ့်ကို ခက်ရာခက်ဆစ် ကိုအံ့ဘွယ်ကျော်ဖျော်တိုက်တဲ့ လဘက်ရည်ကို စိတ်ထဲမြင်လာ လျှာပေါ်အရသာပေါ်လာသလို ထောင်ထဲအတူနေဘက်တွေကိုလည်း အောက်မေ့မိပါတယ်။ ခုတော့ တချို့လည်း နိုင်ငံရေးရာထူးရသူရ ကိုယ်ပိုင်အလုပ် လုပ်သူလုပ်။ ကြီးပွားသူကြီးပွား၊ နွမ်းပါးသူနွမ်းပါး။ ဘဝပျက်သူပျက်၊ နိုင်ငံခြားတိုင်းပြည်တွေ ရောက်သူရောက်၊ သေသူသေ၊ အရက်စွဲသူစွဲနဲ့ ဘဝတွေဟာ တကယ့်ကို တယောက်တဘဝစီကို ဖြစ်ကုန်ကြရတာပါ။

တနေ့မနက်က ဗမာဆိုင်မှာ မနက်စာသွားစားတော့ ကျနော် လဘက်ရည်ပေါ့ကျတခွက်မှာပြီး တော်တော်နဲ့မသောက်ဖြစ်ပါဘူး။ စိတ်က ထောင်ထဲရောက်သွားလိုက် အခန်းဖော်ရဲဘော်ကြီး ကိုစိုးမြင့်တို့ ကိုငွေဝင်းတို့ရောက်လိုက် အံ့ဘွယ်ကျော်တို့ ဦးတင်ကိုတို့ မျောက်ကြီးကိုစိုးထိုက်တို့ ပြည်သား ကိုသန်းထိုက်အောင်တို့ တရုတ်မကြီးသန်းထိုက်ဝင်းတို့ဆီရောက်လိုက်နဲ့ အတူနေသူတွေအားလုံးကို သတိရပြီး ရင်ထဲဆို့နင့်လာပါတယ်။ တကယ့်ကိုအားလုံးကိုပါ။ အမည်တွေဖော်ပြနေရင် စာရှည်မစိုးလို့ပါ။ ထိန်းနေတဲ့ကြားကပဲ မျက်ရည်လည်ပါတယ်။ ထိန်းနေတဲ့ကြားကပဲ အသံတွေတုန်ပါတယ်။ ဇနီးက ရိပ်မိပြီး သောက်လေ အာလူးပူရီလည်းစားကြည့် ကောင်းတယ်ဘာညာပြောရင်း သူ့ Clients ဟောင်းမိသားစုဝင်လာတာမြင်တော့ သူတို့ကိုနှူတ်ဆက် ကျနော်နဲ့မိတ်ဆက်ပေးရင်း စိတ်လမ်းကြောင်းပြောင်းပေးလိုက်လို့မှ သက်သာရာရခဲ့တာပါ။

အကြောင်းတိုက်ဆိုင်တိုင်း ကျနော့်စိတ်တွေဟာ အတိတ်ကိုပြန်ပြီး ထောင်ကျဘက်တွေ အတူနေဘက်တွေ စားအိုးတွဲတွေ ရဲဘော်ရဲဘက်တွေဆီရောက်ပါတယ်။ တကယ်တော့ ကျနော်တို့တတွေဟာ သိစိတ်ရှိရှိနဲ့ ထောင်ကိုရွေးချယ်ခဲ့ကြတဲ့ ထောင်မကြောက် တန်းမကြောက် ထောင်တန်တဲ့လူတွေမဟုတ်လား။
မျိုးမြင့်ချို
ဖေဖော်ဝရီ ၇၊ ၂ဝ၂ဝ

0 comments:

Post a Comment