Wednesday, February 26, 2020

(လူ့ဘဝမှာ...ကိုယ်အသက်ဆက်ဖို့)

0 comments
(လူ့ဘဝမှာ...ကိုယ်အသက်ဆက်ဖို့)
တရုတ်မှာ တောတွင်းသတ္တဝါကြီးငယ်တွေနဲ့ တိရိစ္ဆာန်အကောင်ပလောင်လေးတွေ ဖမ်းဆီး သတ်ဖြတ် စားသောက် မွေးမြူ ရောင်းဝယ်ဖေါက်ကားတာတွေကိုမလုပ်ကြဖို့ တားမြစ်လိုက်ပြီလို့ကြားရပါတယ်။

ဗမာပြည်မှာလည်း ဘာကောင်းတယ် ညာကောင်းတယ်တွေပြောပြီး အင်းဆက်မျိုးစုံ အကောင်ပလောင်မျိုးစုံ စားသောက်နေသူတွေ ရှိပါတယ်။ တကယ်ငတ်လို့ ပုရစ်လှော် လေးငါးကောင်နဲ့ ထမင်းတနပ်ပြီးရသူတွေ ကြွက်ကင်တဖဲ့နဲ့ ဝမ်းမီးငြှိမ်းရသူတွေကတော့ တမျိုးဖြစ်မှာပါ။ လူဟာ တကယ်ငတ်လာရင် အကုန်စားရပါတယ်။ တကယ်မငတ်ပဲ လျှာအယား‌ဖြေဖို့ စိတ်အယားပြေဖို့ စားနေကြတာကတော့ တမျိုးစဥ်းစားရမှာပါ။ စားဖူးတယ်ရှိအောင်ဆိုပြီး အပျော်စား စားသူတွေလည်း လူမျိုးတိုင်း နေရာတိုင်းမှာရှိပါတယ်။ အရက်သမားကတော့ မူးလာရင် မမြည်းတာဘာမှမရှိပါ။
အသားအတွက် နို့အတွက် စအတွက် စသည်ဖြင့် စားဖို့မွေးထားတဲ့တိရိစ္ဆန်တွေကို စနစ်တကျမွေးမြူပြီး ကျကျနန စားနေသောက်နေတဲ့ကြားကတောင် ရောဂါပိုးမွှားတွေ ကူးစက်ပြန့်ပွားသေးတာပါ။ တောကောင်သား တောသားတောင်သားတွေမှာာ သူတို့နေလူကိုကူးပြီး ပြီးသွားတဲ့ ဗိုင်းရပ်စ်တွေရှိသလိူ၊ လူကနေလူ ဆက်ပြီးကူးတဲ့ ဗိုင်းရပ်စ်ပိုးမွှားတွေ ရှိနေတာလည်း မျက်မြင်ဒိဌပါပဲ။ အဲ့လိုကူးလို့ သေကြတာလည်း သောက်သောက်လဲပါ။
သမိုင်းဦးလူတွေဟာ စားကောင်းမယ့် အပင်မှန်းအသီးမှန်းသိဖို့ စားမကောင်းတဲ့အဆိပ်ပင် အဆိပ်သီးပေါင်းများစွာကို စားခဲ့ကြသေခဲ့ကြရတာပါ။ အလားတူပဲ အသားဟာ စားကောင်းတယ်ဆိုပေမယ့် အသားကနေတဆင့် ရောဂါပိုးမွှားတွေ ကူးစက်လို့ လူဘယ်နှယောက်သေပွဲဝင်ခဲ့ကြတယ်ဆိုတာ သမိုင်းမတင်ခင်က ကမ္ဗည်းစာမရှိလို့မသိခဲ့ရပေမယ့် ဒီဘက်ခေတ်မှာတော့ တကမ္ဘာလုံးကသိနေကြရပါပြီ။
ကျနော်က သက်သတ်လွတ်ရော သတ်သတ်လွတ်ရောစားသူမဟုတ်ပါ။ အသီးအနှံသမားသက်သက်လည်း မဟုတ်ပါ။ အသား ငါး ဥ အကုန် စားပါသောက်ပါတယ်။ ငတ်တဲ့အချိန်တွေ ဖြတ်ခဲ့ဖူးပါတယ်။ စစ်သားလည်း လုပ်ခဲ့ပါတယ်။ ထောင်သားလည်းဖြစ်ခဲ့ပါတယ်။ အရက်သမားလည်း ဖြစ်ဖူးပါတယ်။ စားဖူးတယ်ရှိအောင်လည်း စားခဲ့တာတွေရှိပါတယ်။ တခုခုဆို သိတ် မမှုတတ်သူလည်းဖြစ်ပါတယ်။
ခုတရုတ်မှာထုတ်တဲ့တားမြစ်မိန့်ဟာ တချိန်ချိန်ကျ ဆန့်ကျင်ဘက်အမိန့်တခုခုနဲ့ ပြန်ပယ်ဖျက်တန်ဖျက်ရဦးမှာပါ။ သတ္တဝါတွေဟာ ဘေးမဲ့ပေးထားဖန်များရင် မျိုးပွားနှုန်းမထိန်းနိုင်ပဲ လူနဲ့ပတ်ဝန်းကျင်ကို ဒုက္ခပေးပါတယ်။
ဖို့တ်ဝိန်းမှာ ဟိုးတမြန်နှစ်က ငန်းရိုင်းတွေ သိန်းသောင်းချီ သုတ်သင်ရပါတယ်။ စကင်ဒီနေးဗီးယန်းပြည်တွေမှာ ဝေလငါးတွေ အကန့်အသတ်နဲ့ လက်စတုံးရပါပြီ။ အင်္ဂလန်ကမြို့လေးတမြို့မှာ ဒေါင်းတွေ ဘယ်လောက်ပဲခန်ဆိုကာ မျိုးဖြုတ်ရပါပြီ။ အာဖရိကမှာ ဆင်တွေ ကျားတွေ ဘယ်နှကောင်ထိပဲချန်ဆိုပြီး ပြောင်အောင် ရှင်းရပါပြီ။ လက်တင်အမေရိကမှာ မိကျောင်းတွေ သိန်းချီသတ်ရပါပြီ။ နောက်လည်း အများကြီးရှိပါသေးတယ်။
ကျနော်တို့ဟာ လူတွေပါ။ တကယ်ငတ်ရင် အကုန်စားပါတယ်။ ကျနော်တို့ဟာ လူတွေပါ။ တကယ်စိတ်ထိခိုက်ရင် အကုန် သနားတတ်ပါတယ်။ ကျနော်တို့ဟာ လူတွေပါ။ ကျနော်တို့အသက်ဆက်ဖို့ သူ့အသက်သတ်ရပါတယ်။ ဘယ်အသက်ကို ဘယ်အတွက်သတ်မလဲကိုတော့ လူသားဆန်တဲ့ လူပီသတဲ့နှလုံးသားနဲ့ ချင့်ချိန်နိုင်ကြဖို့ပါပဲ။
မျိုးမြင့်ချို
ဖေဖော်ဝါရီ ၂၆၊ ၂၀၂၀

0 comments:

Post a Comment