Saturday, February 8, 2020

(လူပေါင်စာချုပ်များ)

0 comments
(လူပေါင်စာချုပ်များ) အငြိမ်းစားသမိုင်းပါမောက္ခ၊ ရန်ကုန်တက္ကသိုလ် မြန်မာ့သမိုင်းအဖွဲ့ဝင် ဒေါ်အုံးကြည် ရေးသည်။
ရှေးအခါ မြန်မာမင်းများလက်ထက်တွင် ကိုယ်ပိုင်ငွေကြေးထက်ပို၍အသုံးလိုသောအခါ ရွှေ၊ မြေ စသည့်သက်မဲ့ပစ္စည်းများကိုပေါင်နှံ၍ ငွေချေးသကဲ့သို့ သက်ရှိလူကိုလညာ်း ကျွန်အဖြစ်စေခိုင်းရန်ပေါင်နှံ၍ ငွေချေးယူသည့်ဓလေ့ရှိခဲ့ပါသည်။ ရွှေ မြေ တို့ ပေါင်သည့်အခါတွင် လည်းကောင်း၊ အတိုးနှင့်ငွေချေးသည့်အခါတွင် လည်းကောင်း ချေးယူသူမြီစားနှင့် ချေးပေးသူမြီရှင်တို့ သဘောတူစာချုပပ် ချုပ်ဆိုသကဲ့သို့ လူကိုပေါင်နှံ၍ငွေချေးသည့်အခါတွင်လည်း အပေါင်သွင်းသူနှင့်အပေါင်ခံသူနှစ်ဦးတို့ ချေးငွေမည်မျှကို အတိုးမည်မျှဖြင့် မည်သည့်အခါ ပေးဆပ်ပါမည်ဟု သဘောတူစာချုပ် ချုပ်ဆိုကြပါသည်။ ထို ကတိစာချုပ်ကို သက္ကရဇ်ဟုခေါ်လေ့ရှိရာ လူပေါင်စာချုပ်ကို ကိုယ်နေသက္ကရာဇ်၊ မြေပေါင်စာချုပ်ကို မြေပေါင်သက္ကရာဇ်၊ ငွေချေးစာချုပ်ကို ငွေချေးသက္ကရာဇ်ဟု ခေါ်ဝေါ်ရေးသားခေလ့ရှိပါသည်။ ပဒေသရာဇ်ခေတ် နောက်ပိုင်းမှ ကိုယ်နေသက္ကရာဇ်၊ မြေပေါင်သက္ကရာဇ်နှင့်ငွေချေးသက္ကရာဇ်များစွာတို့သည် ယခုတိုင်ကျန်ရှိပါသည်။ 

မြေယာကိုပေါင်နှံသကဲ့သို့ လူကိုပေါင်နှံသည့်ဓလေ့ရှိသည့်အပြင် မြီမဆပ်နိုငိသည့်အခါ မြီစားကျွန်ဇြစ်ရသည်လည်းရှိပါသည်။ စလင်းသူကောင်းမှတ်တမ်းများတွင် မြေပေါင်ငွေချေးစာချုပ်များတွေ့ရသကဲ့သို့ လူပေါင်စာချုပ်များစွာလည်း တွေ့ရပါသည်။
ကိုယ်နေသက္ကရာဇ်ဟုခေါ် လူပေါင်စာချုပ် ချုပ်ဆိုသည့်အခါ စနစ်တကျချုပ်ဆို ရေးမှတ်ပါသည်။ ပေါင်သည့် နှစ်၊ လ၊ ရက် လာရောက် ပေါင်နှံသူနှင့် ကျွန်အဖြစ်သွင်းခဲ့မည့်သူများ၏အမည်၊ လာရောက်ပေါင်နှံသူနှင့် ကျွန်အဇြစ်သွင်းခဲ့မည့်သူတို့ ဆွေးမျိုးတော်စပ်ပုံ၊ ပေါင်ရခြင်း အကြောင်းရင်း၊ ရယူလိုသည့်ငွေကြေးပမာဏ၊ အပေါင်ခံသူ၏အမည်။ ပေါင်သူနှင့်အပေါင်ခံသူတို့၏သဘောတူညီချက်၊ အပေါင်ခံသူက ပေးလိုကိရသည့်ငွေကြေးပမာဏ၊ အသိသက်သေ၊ စာချုပ်ရာတွင် စာစီပေးသူ၊ ဒင်္ဂါးရေပေးသူ(ဝါ) ငွေချိန်ပေးသူ၊ ပေးလိုက်သည့် ငွေ အမျိုးအစား၊ ချိန်တွယ်ပေးသည့် အလေးအမျိုးအစား စသည်တို့ကို စေ့စုံစွာရေးမှတ်ထားပါသည်။

ငွေကြေးအခက်အခဲရှိသည့်အခါ စားသုံးရန်ငွေ(ဝါ) စပါး မရှိသည့်အခါ ပေါင်နှံရန် ရွှေ မြေမရှိသူများ အပေါင်ပစ္စည်းလွတ် အတိုးနှင့်ငွေချေး၍ ရနိုင်စွမ်း မရှိသူများက လူကိုပေါင်ကြရပါသည်။ သားကို လည်းကောင်း၊ သမီးကို လည်းကောင်း၊ တူ-တူမကို လည်းကောင်း၊ ညီ-ယောက်ဖ တို့ကို လည်းကောင်း၊ ဇနီးကို လည်းကောင်း၊ ခင်ပွန်းကို လည်းကောင်း၊ မိမိကိုယ်ကိုယ် လည်းကောင်း ငွေရှင်ထံပေါင်နှံလျှက် လိုသည့်ငွေ၊ စားရန်စပါးတို့ကို ချေးယူရပါသည်။ ယူထားသည့်ငွေ၊ ယူထားသည့်စပါးတို့ကို မဆပ်နိုင်သေးသမျှ ပေါင်နှံခံရသူသည် ငွေရှင်၏အိမ်တွင် အစေကျွန်ခံ၍နေရပါသည်။ ပေါင်ရခြင်းအကြောင်းရင်းသည် ငွေလို၍ဟု အချုပ်အားဖြင့်ဆိုနိုင်သော်လည်း ငွေလိုရခြင်းအကြောင်းရင်းများကို စစ်ဆေးကြည့်သောအခါ ၁- ကြွေးဆပ်ရန်၊ ၂- အမှုအတွက် သုံးကုန်ရန်၊ ၃- အရပ်ရပ်မင်းမှု ထမ်းဆောင်ရန်၊ ၄- နေ့စဉ် စားသုံးရန်၊ ၅- လယ်မှု ပြောဆိုရန်၊ ၆- အိမ်မှု ပြောဆိုရန်၊ ၇- ငွေတော်ဆက်ပေးရန်၊ ၈- ဓားပြမှုဆောင်ရွက်ရန်၊ ၉- သူတပါး၏နွားကို ငှားရမ်းခိုင်းစေရာမှ လူခိုးခံရ၍ နွားဖိုးပေးလျှော်ရန်၊ ၁ဝ- ထိန်းကျောင်းပေးရသည့်ငွေရှင်၏မြင်း ပျောက်ဆုံး၍ မြင်းဖိုးပေးလျှော်ရန်၊ ၁၁- လယ်စု အပြေမသွင်းနိုင်၍ လယ်စုကျန်စပါးဖိုး ပေးဆပ်ရန်၊ ၁၂- သူတပါးထံ အစေကျွန်ခံနေသည့် အမိ၊ မောင်တို့ကို ရွေးနှုတ်ရန်၊ ၁၃- သူတပါးထံ အစေကျွန်ခံ နေသည်ကိုမပျော်ပိုက်၍ ရွေးယူရန်ဟူ၍ အကြောင်းရင်း တဆယ့်သုံးမျိုးခန့်တွေ့ရပါသည်။ ထို့ထက်ပို၍ အခြားအကြောင်းများလည်း ရှိလိမ့်ဦးမည်ထင်ပါသည်။

အချို့သူများသည် အကြွေးယူ၍စားသောစပါးများကို ပြန်မဆပ်နိုင်၍ လည်းကောင်း၊ စားစရာ လုံးဝမရှိ၍ စပါးချေးရန် လည်းကောင်း၊ လူကို ပေါင်နှံရသည်လည်း ရှိပါသည်။ ချေးယူထားသောဆီ၊ ချေးယူထားသောလဖက်များကို ပြန်မဆပ်နိုင်၍ လူကိုအပေါင်သွင်းရသည့်အခါတွင် လူတဦးကို ၂၅ိ(နှစ်ဆယ့်ငါးကျပ်)မှ ၇၅ိ(ခုနှစ်ဆယ့်ငါးကျပ်)အထိ တန်ကြေးထား၍ ငွေကိုလည်းကောင်း စပါးကိုလည်းကောင်း ချေးယူရ ပါသည်။ ခြွင်းချက်အားဖြင့် လူတယောက်ကို ငွေတပိသာ(ကျပ် ၁ဝဝ)နှင့် အပေါင်ခံသည်ကို တကြိမ်နှစ်ကြိမ်တွေ့ဖူးပါသည်။ ထိုမျှနှင့် မလောက်သေးပါက လိုအပ်သည့်ငွေ၊ လိုအပ်သည့်စပါးကို ထပ်ပေးသည့်ငွေရှင်များလည်း ရှိပါသည်။ စလင်းမှ သူကောင်းများသည် လူတဦးကို အပေါင်ခံသည့်အခါတွင် မူလငွေ ၂၅ိ(နှစ်ဆယ့်ငါးကျပ်)မှ ၄ဝိ(လေးဆယ်ကျပ်)အထိသာပေး၍ နောက်ထပ်တောင်းသည့် အခါတွင်မှ ထပ်၍ပေးပါသည်။ ဥပမာ- (၁) ၁၅ မေ၊ ၁၈၈၅ တွင် မောင်တောနီက ကြွေးဆပ်ရန်လို၍ သား ငချောကို သူကောင်းမ မကျီးညိုထံ ၂၉ိ(နှစ်ဆယ့်ကိုးကျပ်)နှင့် ပေါင်ပါသည်။ ထိုနေ့မှာပင် ငွေ ၂၉ိနှင့် ကြွေးမဆပ်လောက်၍ အတိုးအပွားမရှိ ငွေ ၁၇၁ိ(တရာ့ခုနှစ်ဆယ့်တစ်ကျပ်) ထပ်ချေးပါဆိုပြန်သဖြင့် မကျီးညိုက ငွေ ၁၇၁ိ ထပ်ချေးရပြန်ပါသည်။ 

(၂) အလားတူပင် မောင်လူကြီးက ကြွေးဆပ်ရန်ငွေလို၍ ညီ ငစံရင်ကို ၄ မတ်၊ ၁၈၈၅ တွင် သူကောင်းဦးထွေးထံ ငွေ ၂၉ိ (နှစ်ဆယ့်ကိုးကျပ်)နှင့်ပေါင်ပါသည်။ ထိုနေ့နှိုက်ပင် ငွေ ၂၉ိ နှင့် ကြွေးဆပ်ရန်မလောက်၍ နောက်ထပ်အတိုးမရှိငွေ ၁၈၁ိ(တရာရှစ်ဆယ့်တစ်ကျပ်) ထပ်ပေးပါရန် တောင်းပြန်သဖြင့်ငွေ ၁၈၁ိ ထပ်ပေးရပါသည်။ ၆ မေ၊ ၁၈၈၅ တွင် တဖန် ငစံရင်၏ကိုယ်ဖိုး ပေါင်ကြေးပေါ်နှိုက်ပင် ငွေ ၄ဝိ(လေးဆယ်ကျပ်)ထပ်ပေးရန် တောင်းပြန်သောကြောင့် ထပ်ပေးရပြန်ပါသည်။ 

(၃) သို့သော် အချို့ငွေရှင်တို့သည် ထပ်တောင်းတိုင်းမပေးသဖြင့် ငွေများများလိုချင်လျှင် လူများများ အပေါင်သွင်းရပါသည်။ အကြွေးယူထားသည့် ငွေ၊ စပါး များပြား၍ လူတယောက်၏ကိုယ်ဖိုးငွေနှင့် မလောက်သောအခါ သားကို လည်းကောင်း၊ သမီးကို လည်းကောင်း၊ ထပ်ပေါင်ရပါသည်။ ဥပမာ- ငရွှေပေသည် စစ်ထွက်ရန်ဆင့်ဆိုသည်ကို မလိုက်နိုင်သဖြင့် လူငှားထည့်ရန် ကိုယ်ခပေးရန်ငွေလိုသဖြင့် မယား မိမှိုဥကို သူကောင်းမ မခိုင်ထံ ၂ဝိ(နှစ်ဆယ်ကျပ်)နှင့် ၃ ဇွန်၊ ၁၈၃၈ တွင် ပေါင်ပါသည်။ စားရန် စပါးမရှိ၍ လည်းကောင်း၊ ကြွေးယူထားသောစပါးကိုပေးဆပ်ရန် လည်းကောင်း မိမှိုဥ၏ ကိုယ်ဖိုးပေါ်တွင် ၁၈၄၁ ခုတွင် ငွေထပ်ယူရပြန်ပါသည်။ အကြွေးပေးဆပ်ရန်လိုသဖြင့် ၁၉ သြဂုတ် ၁၈၄၁ တွင် ငရွှေပေနှင့်မယား မိမှိုဥတို့က သမီး မိထွန်းအောင်ကို ငွေ ၂ဝိ(ကျပ်ငွေနှစ်ဆယ်)နှင့် မြိ့ုသူကြီးမင်းဇေယျဘဒ္ဒြာထံနှိုက်ပင် ငွေ ၃ဝိ (သုံးဆယ်ကျပ်)နှင့် ပေါင်ပြန်ပါသည်။ 

(၄) ပဒေသရာဇ်ခေတ်တွင် အုပ်ချုပ်ခံပြည်သူတို့သည် ဘုရင့်ကျေးတော်မျိုး ကျွန်တော်မျိုးများဖြစ်၍ သက္ကရာဇ်(အပေါင်စာချုပ်)ရေးသောအခါ အသက်ကြီးသည်ငယ်သည်မရွေး အမည်ရှေ့တွင် င၊ မောင်၊ မိ၊ မယ်၊ ရှင်ဟူ၍ရေးသားကြောင်း တွေ့ရပါသည်။ (စာသမားတိုက်စိုး၊ မွေးနေ့လက်ဆောင်စာစု စာအုပ်မှ အငြိမ်းစားသမိုင်းပါမောက္ခ၊ ရန်ကုန်တက္ကသိုလ် မြန်မာ့သမိုင်းအဖွဲ့ဝင် ဒေါ်အုံးကြည်ရေးသားသည့် လူပေါင်စာချုပ်များဆောင်းပါး ဖြစ်ပါတယ်။ ကျနော်ဖတ်ပြီး စိတ်လည်းမကောင်း စိတ်လည်းဝင်စားတာနဲ့ အခြားသူတွေပါဖတ်ရအောင်စာရိုက်တင်ပေးတာပါ။ စိတ်ဝင်စားရင် ကွန်မန့်ထားခဲ့ပါ။ ဆယ်ဦးလောက် စိတ်ဝင်စားတယ်ဆို ဆက်ရိုက်ပြီးတင်ပေးပါ့မယ်။ နောက်ထပ် ၈ မျက်နှာကျော်ကျန်ပါသေးတယ်။ ဒါက ၃ မျက်နှာတည်းပါ။ ဒါက ပထမပိုင်းပါမျိုးမြင့်ချို)

0 comments:

Post a Comment