Sunday, February 2, 2020

(ဗစ်တိုးရီးယားကို နိုင်ငံရေး လုပ်လို့ရ မရ)

0 comments
(ဗစ်တိုးရီးယားကို နိုင်ငံရေး လုပ်လို့ရ မရ) 
ထောင်ထဲနေတုန်းက သတင်းတခုခု ထူးထူးခြားခြားကြားပလားဟေ့ဆိုရင် သူ့ထက်ငါ အပြိုင်အဆိုင် ထင်မြင်ချက်ပေးတာမျိုး မှတ်ချက်ချတာမျိုး ကောက်ချက်ဆွဲပြတာမျိုး လူတော်တော်များများ လုပ်လေ့ရှိကြပါတယ်။
ဒီလိုလုပ်ရတာကလည်း နိုင်ငံရေးသမားတွေ တက်ကြွလှုပ်ရှားသူတွေ နိုင်ငံရေးမှုနဲ့ကျလာသူတွေကြားထဲလောက်မှာပဲ ဖြစ်တာပါ။ ရာဇဝတ်မှုတွေကတော့ နိုင်ငံတော် ဘယ်တော့လာမလဲဆိုတာဘဲ မျှော်ပါတယ်။ နိုင်ငံတော်ဆိုတာက အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ကို ပြောတာပါ။
စောစောကပြောခဲ့သလို သတင်းတွေကြားပြီး ထင်မြင်ချက်တွေပေး ကောက်ချက်တွေချလို့ပြီးပလားဆို နိဂုံးချုပ်မှတ်ချက်ကလေးကတော့ ပါရစမြဲပါပဲ။ အဲ့ဒါကတော့ Wait and See စောင့်ကြည့်ရဦးမှာပေါ့ ဆိုတဲ့သဘောပါ။ စောင့်ကြည့်ရမှာဆိုတာက ကိုယ်ဝင်မလုပ်နိုင်သေးဘူးဆိုတဲ့အနက်က ပါပြီးသားပါ။
ပြင်ပနိုင်ငံရေးနဲ့ ကင်းကွာပြီး မျက်ခြေပြတ်သွားအောင် ကျနော်တို့ကိုလုပ်ထားတော့ လူကိုယ်တိုင် အကောင်လိုက်ကြီးတွေ ဝင်မပါနိုင်တာမှန်ပေမယ့် ကျနော်တို့ အထဲကနေ လှမ်းထည့်ဝင်ပေးခဲ့တာတွေ မနည်းမနောရှိခဲ့တာ အဲ့ဒီကာလ ဖြတ်သန်းခဲ့သူတိုင်း သိကြပါတယ်။
ကျနော်တို့ အထဲမှာ တခါတလေ ငုတ်တုတ်ထိုင်နေရတယ်။ ဘာမှ လုပ်မရအောင် လုပ်ထားတယ်။ ဘယ်လောက်ထိ လုပ်မရအောင်လဲဆိုရင် ၁၂ ပေ ၈ ပေ အခန်း တခန်းတည်း လူ လေးငါးယောက်ထည့် တနေ့ကို ၂၃ နာရီနဲ့ ၁၅ မိနစ်လောက်ပိတ် တယောက်နဲ့တယောက် စကားပါပြောမရအောင် လုပ်ထားတာမျိုးအထိ အလုပ်ခံရတာတွေရှိပါတယ်။
အဲ့သလိုလုပ်ထားလို့ ကျနော်တို့ ဘာမှလုပ်မရတာတော့ မဟုတ်ပါ။ ကျနော်တို့ အထဲမှာရှိနေတယ်။ ကျနော်တို့ကို အဲ့သလိုလုပ်ထားတယ်။ ကျနော်တို့ ငုတ်တုတ်ထိုင်နေကြရတယ်။ ဒါကို ပြည်တွင်းပြည်ပကသိတယ်။ သိအောင် ကျနော်တို့ လုပ်တယ်။ အဲ့သလို ငုတ်တုတ်ထိုင်နေရတာကိုက အလုပ် လုပ်နေတာဖြစ်ပါတယ်။
ကျနော်တို့ ကိုယ်တိုင်တော့ ထမလုပ်ဘူး။ ဒါပေမယ့် သူတို့ကိုအလုပ်ပေးထားတယ်။ သူတို့ လုပ်နေရတယ်။ ရှင်းနေရတယ်။ ငြင်းနေရတယ်။ ဖုံးနေဖိနေ ကာကွယ်နေရတယ်။ လိမ်နေညာနေရတယ်။ သင်္ကာရှင်းနေရတယ်။ လူတကာကို ရန်လိုက်ထောင်နေရတယ်။ ပါးစပ်လိုက်ပိတ်နေရတယ်။ ဒါကို လူတွေသိတယ်။ ဒါ့ကြောင့်ပဲ သူတို့ကို လူထုက ပိုဆန့်ကျင်ပါတယ်။
နိုင်ငံရေးဆိုတဲ့သဘောက ကိုယ်က လုပ်နိုင်ရပါတယ်။ ကိုယ် မလုပ်နိုင်ရင် သူ့ကို အလုပ်ပေးထားနိုင်ရပါတယ်။ ကိုယ်လည်း မလုပ်နိုင် သူ့လည်း အလုပ်မပေးထားနိုင်ဘူးဆိုရင်တော့ ဒါ နိုင်ငံရေးမဟုတ်တော့ပါဘူး။
ခု ဗစ်တိုးရီးယားအမှုကို စဖြစ်ချိန်ကတည်းက သမ္မတရုံးက အနီးကပ်စောင့်ကြည့်နေတယ် ပြောပါတယ်။ ခုလည်း စောင့်ကြည့်နေတုန်းလို့ ပြောပါတယ်။ ဗစ်တိုးရီးယားအမှုကို ဘယ်သူကမှ နိုင်ငံရေးဖြစ်အောင် လုပ်တာမတွေ့ရပါ။ ဥပဒေကိစ္စ တရားဥပဒေစိုးမိုးရေးကိစ္စအဖြစ်ထားပြီးပဲ လုပ်နေကိုင်နေ ပြောနေဆိုနေကြလို့ ဒီအမှုဟာ ဒီလိုဖြစ်ရသလားက တွေးချင်စရာပါ။
ဒီအမှုကို နိုင်ငံရေးဖြစ်အောင် မလုပ်ကြလို့ သမ္မတရုံးက စောင့်ကြည့်နေတယ် အနီးကပ်စောင့်ကြည့်နေတယ်ဆိုရုံနဲ့ လူထုကို တိုင်းပြည်ကို မဟုတ်မမှန် လုပ်ကြံစွပ်စွဲခံရသူကို နစ်နာခဲ့ရသူကို ချွေးသိပ်ထားနိုင် အချိုသပ်ထားနိုင်နေတာလို့ မြင်ပါတယ်။
ဒီနေရာမှာ နိုင်ငံရေးဆိုတာကို နည်းနည်းရှင်းပါရစေ။ နိုင်ငံရေးလို့ပြောလိုက်ရင် လူအများစိတ်ထဲမှာ အစိုးရနဲ့ဆန့်ကျင်ဘက်လုပ်တာ အတိုက်အခံလုပ်တာလောက်ပဲ တွေးတတ်သူတွေရှိပါတယ်။ တိုင်းပြည်မှာ မတရားမှုတခုခုဖြစ်နေတဲ့အခါ လူထုဘက်ကနစ်နာနေတဲ့အခါ အစိုးရကို လူထုဘက်ပါလာအောင် လူထုနဲ့အလုပ်အတူတွဲလုပ်လာအောင် စည်းရုံးသိမ်းသွင်းယူရတာလည်း နိုင်ငံရေးပါ။ မတရားမှု မမျှတမှုတခုအတွက် လုထုနဲ့အစိုးရ ပူးပေါင်းလုပ်ကြကိုင်ကြ အတူရင်ဆိုင်ဖြေရှင်းရတာလည်း နိုင်ငံရေးပါ။ ရန်ဘက်လက္ခဏာမဆောင်တဲ့နိုင်ငံရေးပါ။
အစိုးရကို ဖျောင့်ဖြနားချ စည်းရုံးသိမ်းသွင်းတဲ့နေရာမှာလည်း အစိုးရကိုယ်တိုင်က သူ့ကိုဆန့်ကျင်နေတာ မဟုတ်ပါလား၊ သူ့ကို ဒီမတရားမှုမှာ လူထုဘက်ကရပ်စေချင်တာပါလား၊ အာဏာရဲ့အကာအကွယ်အောက်ကနေ အမှန်တရားဖော်ထုတ်ပြီး တရားမျှတမှုကို လူထုနဲ့အတူလက်တွဲဖော်ဆောင်ရမှာပါလား ဆိုတဲ့အသိမျိုးဝင်လာအောင် ပါးပါးနပ်နပ်သိမ်သိမ်မေ့မွေ့လုပ်ရမှာပါ။ ဒါဆို အစိုးရအနေနဲ့ စောင့်ကြည့်နေပါတယ်လောက်မှာ ရပ်ထားလို့မရပါ။
တခါတလေမှာ ဥပဒေရေးရာကိစ္စနဲ့နိုင်ငံရေးဟာ သပ်သပ်စီဖြစ်ပေမယ့် အခါများစွာမှာ ဒွေးရောယှက်တင်ဖြစ်နေတာပါ။ ခုဗစ်တိုးရီးယားအမှုက အဲ့သလိုဖြစ်နေတာပါ။ ဒါကို လူထုဘက် နစ်နာသူဘက် ဥပဒေဘက်တော်သားတွေဘက်က နိုင်ငံရေးဖြစ်လာအောင်မလုပ်လို့ အာဏာပိုင်တွေက ဥပဒေအထက်တက်နေပြီး တိုင်းပြည်ကို မထေမဲ့မြင်လုပ်လို့ရနေတာပါ။
သမ္မတရုံးက စောင့်ကြည့်နေတယ်ဆိုတာကလည်း ဘာမှမလုပ်နိုင်တဲ့အခြေဆိုက်နေလို့ ထောင်ထဲမှာ ကျနော်တို့ပြောသလို Wait and See နဲ့ဆင်နေသလား၊ အုပ်ချုပ်ရေးအာဏာ အမြင့်ဆုံးပိုင်ထားတဲ့သမ္မတကိုယ်တိုင်က ဘာမှမတတ်နိုင်ဘူးဆိုတဲ့သဘောလားကလည်း စောကြောစရာမှန်ပေမယ့် လူထုဘက်က နိုင်ငံရေးဖြစ်အောင်လုပ်နိုင်ရင် သူ့ကိုအလုပ်ပေးနိုင်ရင် သူလည်း တခုခု ပြတ်ပြတ်သားသားလုပ်ဖို့ တတ်ကိုတတ်နိုင်မှာပါ။ သူလည်း အလုပ်ရသွားမှာပါ။
လူထုဘက် တိုင်းပြည်ဘက် နစ်နာသူဘက် တရားဥပဒေဘက်တော်သားတွေဘက်ကလည်း ဒီအမှုကို နိုင်ငံရေးဖြစ်အောင်မလုပ်နိုင်လို့ ကိုယ်လည်းမလုပ်နိုင် သူ့လည်းအလုပ်မပေးနိုင်ဖြစ်ရတာလားကလည်း စဉ်းစားစရာပါ။ လူထုဘက်က နိုင်ငံရေးဖြစ်အောင်လုပ်နိုင်ရင် အုပ်စိုးသူတွေဘက်က စောင့်ကြည့်နေပါတယ် အနီးကပ် ဆက်လက်စောင့်ကြည့်နေပါတယ်လောက်နဲ့ မေ့မေ့ပျောက်ပျောက်လုပ်ထားလို့ ချွေးသိပ်အချိုသပ်ထားလို့ မရပါ။ တခုခုတော့ သိသိသာသာ ထင်ထင်ရှားရှား လုပ်ကိုလုပ်ရမှာပါ။ အရေးတယူရှိကိုရှိရမှာပါ။
ကျနော့် အမြင်မှာတော့ ဗစ်တိုးရီးယားအမှုကို နိုင်ငံရေးဖြစ်အောင်မလုပ်နိုင်လို့ ကိုယ်လည်းဘာမှမလုပ်နိုင် သူ့လည်း ဘာအလုပ်မှမပေးနိုင်ပဲ စောင့်ကြည့်နေပါတယ်နဲ့ အချိုသပ်ခံနေရတာလို့ မြင်ပါတယ်။
မျိုးမြင့်ချို
ဖေဖော်ဝါရီ ၂၊ ၂ဝ၂ဝ

0 comments:

Post a Comment