Tuesday, February 11, 2020

(ကြိုက်လုံးပစ်တဲ့နောက်လိုက်ရင်...)

0 comments
(ကြိုက်လုံးပစ်တဲ့နောက်လိုက်ရင်...)
ထိုင်းစစ်အုပ်စုလောက် အာဏာသိမ်းတာရှိဦးမလားက လူတိုင်းအသိဖြ်ပါတယ်။ လူကြားကောင်းအောင် ပြောတဲ့နေရာ အသံကောင်းဟစ်တဲ့နေရာတွေမှာလည်း ဗမာပြည်စစ်အုပ်စုနဲ့ နင်လားငါလားပါ။ မနီးရိုးစွဲပါ။။ ဒါနဲ့များတောင် ကိုးကားတဲ့လူက လှမ်းကိုးကားနေတာတွေ့တော့ နိုင်ငံရေးနုံ့နဲ့ရာကျလိုက်တာလို့ စိတ်ထဲထင်မိတာပါပဲ။

စစ်သာ ဖြစ်ဖြစ်မြောက်မြောက် မတိုက်တတ်တာ မတိုက်ခဲ့တာရှိချင်ရှိမယ် အာဏာသိမ်းနဲ့နေရာမှာတော့ ထိုင်းစစ်အုပ်စုဟာ ချန်ပီယံပါ။ အင်မတန်ကျင်လည်ပြီး သူမတူအောင်လှည့်ဖျားတတ်တာပါ။ ဘုရင်ကို ဘယ်လိုအသုံးချရမယ် အပါဆွဲရမယ်ဆိုတာလည်း သိပြီးသားပါ။ တခါတလေ ဘုရင်က ဝင်ဖြန်ဖျေရတဲ့အာဏာသိမ်းပွဲတွေရှိသလို ဘုရင့်ဘက်က အခါတော်ပေးလို့ သိမ်းလိုက်ရတဲ့စစ်အာဏာလည်း ရှိခဲ့ဖူးပါတယ်။

ထိုင်းစစ်တပ်အာဏာသိမ်းတယ်ဆိုတဲ့အဓိပ္ပါယ်က စစ်ဗိုလ်တွေ တလှည့်စီးပွားရှာဦးမယ်လို့ပြောတာထက်တော့ မပိုပါဘူး။ အစိုးရကိုဖြုတ်ချ ပါလီမန်ကိုဖျက်သိမ်း ခေါင်းနည်းနည်း မာတဲ့လူလောက်ကို ခနဖမ်းထိမ်း ဆိုတဲ့ အတွန်းအတိုက်လေးတွေရှိတော့ မဆိုစလောက် အပွန်းအပဲ့လေးတွေတော့ ရှိပါတယ်။ ဒါက ဘုရင့်အုပ်စု၊ နိုင်ငံရေးသမားသူကြွယ်ကြီးများအုပ်စု၊ စစ်သူဌေးကြီးများကြားက မပြောပလောက်တဲ့ အသေးအဖွဲလေးတွေပါ။ ရိုးအီနေတာပါ။

မရိုးပေမယ့် အာဏာသိမ်းတိုင်း အီစလံဝေအောင်ခံရတာက မခံချင်စိတ် မုန်းတီးစိတ် အာခံလိုစိတ်တွေနဲ့ လမ်းပေါ်ထွက်လာကြတဲ့ အရပ်သူအရပ်သားတွေရဲ့ ကောက်ရိုးမီးအုံကြွမှုပါ။ ဒီလူတွေ ကျောကော့အောင် ခံရပါတယ်။ တီရှပ်အရောင်တွေခွဲပြီး ရိုက်ခိုင်း သတ်ခိုင်း လုယက်ခိုင်း မီးရှို့ခိုင်း ခံရပါတယ်။ တကယ့်ကို ရေရှည်အနာခံပြီး အတွေးအခေါ်အရ နိုင်ငံရေးအရ စစ်အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ တိုးတက်တဲ့နိုင်ငံရေးသမားတွေ ကျောင်းသားတွေ တက်ကြွလှုပ်ရှားသူတွေ မရှိဘူးလားဆိုတော့ ရှိပါတယ်။
ဒါပေမယ့် အခုနပြောတဲ့ သူဌေးသူကြွယ်ဓနရှင်ကြီးများ အစုကြီး ၃ စုဖြစ်တဲ့ စစ်အုပ်စု၊ ဘုရင့်အုပ်စု၊ နိုင်ငံရေးသမားအုပ်စုတွေရဲ့ တက်ညီလက်ညီဖိနှိပ်မှုအောက်မှာ မလူးသာမလွန့်သာဖြစ်နေတော့ နာလန့်ကို ဟုတ်တိပတ်တိ မထနိုင်ပါ။ နာလန်ထူလိုက် အပွေးသပ်ချလိုက် အမွှေးတုံးသွားလိုက်နဲ့ သီကင်းနုလို အကြိမ်ကြိမ်ကြွေနေကြရတာပါ။ အကြိမ်ကြိမ်ပြန် ဖူးပွင့်နေရတာပါ။ သူတို့ကလည်း အဲ့ဒီအစုကြီး ၃ စုရဲ့ တူညီတဲ့ဘုံအကျိုးစီးပွားကို အမြဲခြိမ်းခြောက်နေတာကိုး။

ကိုယ်ကျိုးကတော့ အစုကြီး ၃ စုလုံး အာသာငန်းငန်းနဲ့ အလိုရမက်မီးနဲ့ လောဘဇောတိုက် မျက်နှာပြောင်တိုက်ပြီးကို ရှာကြတာမှန်ပေမယ့် စစ်အုပ်စက လက်ထဲသေနတ်ရှိတော့ ရက်စက်တဲ့နေရာမှာ ကမ်းကုန်ခွင့်ရှိနေတာကိုး။ လက်နက်နဲ့ဆိုတော့ ကျန် ၂ စု အပေါ်လည်း မာရေကြောရေလုပ်လို့ရနေတာကိုး။ စစ်သာ ခြေသလုံးမွှေးကျွတ်အောင်မတိုက်ခဲ့ပေမယ့် လူထုကိုဖိနှိပ်ဖို့အတွက်တော့ ပြောင်းတိုက်လိုက် လှံစွပ်သွေးလိုက် ကျည်ထိုးလိုက်လုပ်နေတဲ့တပ်ပါ။

ခု ထိုင်းမှာ စစ်သားတယောက်က သူ့မကျေနပ်ချက်ကြောင့် တပ်ထဲက သေနတ်ဆွဲထွက်လာပြီး အပြင်လူတွေပါ လျှောက်ပစ်တဲ့အမှုတက်လာပါတယ်။ အချက်အလက် မယ်မယ်ရရ တိတိကျကျသာမသိရင်နေမယ် ထင်မြင်ချက်ပေးရာမှာ လက်မနှေးတဲ့လူတွေက တောရမ်းမယ်ဘွဲ့မှတ်ချက်တွေကလည်း ပလူပျံအောင်ထွက်နေတာပါ။ ဒီစစ်သား စိတ်အခြေအနေမူမှန်လား မမှန်လားက တကိစ္စပါ။ သူမတရားအလုပ်ခံရတာကတကိစ္စပါ။ မဆိုင်တဲ့လူတွေလိုက်ပစ်တာက တကိစ္စပါလို့တော့ ပြောမရဘူးမှတ်ပါတယ်။ ကိစ္စတွေက အဆက်အစပ်ရှိနိုင်ပါတယ်။ သေချာမသိတော့ ဘာမှ ယတိပြတ် မပြေသာပါ။

ဒီကိစ္စအကြောင်းပြုပြီး ထိုင်း ကာချုပ်က အသံကောင်း ထွက်ဟစ်ပါတယ်။ လူပြိန်းကြိုက်တွေ ထွက်ပြောပါတယ်။ Popular Politics ကို ဘယ်အခါ ဘယ်လိုထုတ်သုံးရမယ်ကို ထိုင်းစစ်ဗိုလ်တွေ သိတဲ့နေရာမှာ ဗမာစစ်အုပ်စုလောက် မလျှင်ပေမယ့် ခေတော့မခေကြပါ။ သေနတ်ခါးထိုးပြီး ကြိုက်လုံးပစ်စကားတွေနဲ့ လူပြိန်းတွေကိုဆွဲဆောင်ရာ ဖျံကျရာမှာတော့ ဗမာပြည်စစ်အုပ်စုနဲ့ နင်လားငါလားပါပဲ။ (ဒီင်္နေရာမှာတော့ Popular Politics ကို လူပြိန်းကြိုက်နိုင်ငံရေးလို့ ခနပြန်သုံးပါရစေ။ ကျနော် ဒီစကားလုံးကို တလျှောက်လုံးသုံးတာက ကြိုက်လုံးပစ်နိုင်ငံရေးဖြစ်ပါတယ်)

ထိုင်းစစ်ဗိုလ် ကြိုက်လုံးထွက်ပစ်တာကို ဗမာပြည်ကလူတချို့က ဖမ်းကောက်ကိုင်ပြီး ဗမာစစ်အုပ်စုကို စကားနာထိုးတာလိုလို ထေ့တာလိုလို ငေါ့တာလိုလိုတွေလုပ်တော့ ဒီလူတွေရဲ့ နိုင်ငံရေးရေချိန်ကို မင်တက်မိတာပါပဲ။

စစ်ဗိုလ်ဖြစ်ဖြစ်ဖြစ် အရပ်သားဖြစ်ဖြစ် ကြိုက်လုံးပစ်ပါတယ်။ ဆွယ်တဲ့နောက်ပါပြီး ကိုယ်က လူပြိန်း မဖြစ်ဖို့ဆို ကိုယ့်ကိုယ်ကိုယ် မြှင့်တင်မှဖြစ်ပါတယ်။
မျိုးမြင့်ချို
ဖေဖော်ဝါရီ ၁၁၊ ၂ဝ၂ဝ

0 comments:

Post a Comment