Wednesday, February 5, 2020

(သမတလောင်းလေး ဘုတီဂျဂ်)

0 comments
(သမတလောင်းလေး ဘုတီဂျဂ်)
ဒီမိုကရက်သမတလောင်းလျာ ဇကာတင်ရွေးပွဲ နောက်ဆုံးအဆင့်တော့ မရောက်သေးပါ။ မနေကလုပ်သွားတဲ့ အိုင်အိုဝါ ကောကပ်စ်မှာ ဘာန်းနီဆန်းဒါးစ်နဲ့ ပိတ် ဘူတီဂျဂ် Pete Buttigieg တို့ ၆၂ ရာခိုင်နှူန်းထောက်ခံမှူ အခြေအနေကောင်းနေပါတယ်။ ဒုသမတဟောင်း ဂျိုးဘိုင်ဒန်ကတော့ အခြေမလှဖြစ်နေပါတယ်။ ဘာန်းနီဆန်းဒါးစ်ကတော့ သိသူများသမို့ မပြောတော့ပါ။ ဘုတီဂျဂ်အကြောင်း နည်းပြောပါရစေ။

ကျနော်တို့ အင်ဒီယားနားပြည်နယ်မှာ မြိ့ုတော် အင်ဒီယားနားပိုးလီးစ်ပြီးရင် ဒုတိယအကြီးဆုံးကဖို့တ်ဝိန်းဖြစ်ပြီး တတိယအကြီးဆုံးက South Bend ဖြစ်ပါတယ်။
South Bend မှာ ရိုမန်ကက်သလစ်ဘာသာဝင်အများစုနေထိုင်ပြီး ဖို့တ်ဝိန်းတို့ အင်ဒီယားနားပိုးလီးစ်တို့လောက် Cultural Diversity သိတ်မဖြစ်ပါ။ လူမျိုး သိတ်မစုံပါ။ ဒုက္ခသည်အနေနဲ့ရောက်လာတဲ့ ဗမာပြည်ဖွားတွေဆို မရှိပါ။ Notre Dame လို့ခေါ်တဲ့ တက္ကသိုလ်လည်းရှိပါတယ်။

ကျနော်တို့ ဗမာတွေက နော်တာဒိန်းလို့ထွက်ပေမယ့် အသံထွက်တော့ မမှန်ပါ။ ပြင်သစ်စကားလုံးပါ။ Our Lady လို့အဓိပါယ်ရပါတယ်။ Our Lady က Jesus Christ ရဲ့ မိခင် Mary ကိုပြောတာဖြစ်ပါတယ်။ ဒီ South Bend မှာရှိတဲ့ နော်တာဒိန်းတက္ကသိုလ်က အိုင်းရစ်ရှ်တွေတက်တဲ့ တက္ကသိုလ်ပါ။ ကျန်တဲ့လူမျိုးကျောင်းသားက တကယ့်ကိုအနည်းစုလေးပါ။ ဒီ နော်တာဒိန်းတက္ကသိုလ်ကို အိုင်းရစ်ရှ်မိဘများက သူတို့သားသမီးတွေကို တက်စေ့ချင်ကြတာပါ။
South Bend မှာ ရိုမင်န်ကက်သလစ်ဘာသာဝင်ကအများစုပါ။ ကက်သလစ်ဘာသာဝင်တွေက ကိုယ်ဝန်ဖျက်ချတာတို့ လင်မယားကွဲတာတို့ လိင်တူဆက်ဆံတာတို့ကို ပြင်းပြင်းထန်ထန်ဆန့်ကျင်ပါတယ်။ ခါးခါးသီသီး သဘောထားပါတယ်။

အဲ့ဒီ ကက်သလစ်အများစုနေတဲ့မြိ့ုမှာ ဘုတီဂျဂ် မြိ့ုတော်ဝန်ပါ။ လူလတ်ပိုင်းပါ။ လူချော လူဖြောင့်ပါ။ အမေရိကန်စစ်ပြန်ပါ။ ယောက်ျားချင်း တရားဝင်လက်ထပ်ထိမ်းမြားထားတာပါ။ လိင်တူစုံမက်သူပါ။ ဒီလိုမြိ့ုမှာ သူ မြိ့ုတော်ဝန်ဖြစ်နေတာ အံ့သြစရာလိုဖြစ်နေပါတယ်။
ဘာသာရေးက ဘယ်လိုပဲသွန်သင်သင် ဆုံးမမ၊ လိင်တူဆက်ဆံသူကို ဘယ်လောက်ပဲ ဖယ်ကျဉ်ခိုင်းခိုင်း 

South Bend သားတွေကတော့ ဒါတွေဘေးချိတ်ပြီး သူတို့မြို့တော်ဝန်ကလေးကို သည်းသည်းလှုပ် တခဲနက်ထောက်ခံကြပါတယ်။ ချစ်လည်း ချစ်ကြပါတယ်။ သူကလည်း အမြဲတမ်း ပြုံးပြံုးရွှင်ရွှင် ချိုချိုသာသာနေသူပါ။ ခု သူ သမတလောင်းဝင်အရွေးခံမယ်ဆိုတော့လည်း အကြီးအကျယ်ထောက်ခံပွဲကြီးလုပ်ပြီးကို ထောက်ခံကြတာပါ။
သမတအလောင်းအလျာ ၂ဝ မှာ သူလည်းတယောက်ပါ။ တယောက်ပြီးတယောက် ပြုတ်ပြုတ်သွားလိုက်ကြတာ ခု အိုင်အိုဝါကောကပ်စ်လုပ်တော့ ၄ ဦးကျန်ပါတယ်။ သူက အဲ့ ၄ ဦးအနက်က တဦးဖြစ်ပါတယ်။

ကျနော့်ရော ကျနော့်ဇနီးပါ ဘုတီဂျဂ်ကို သမတဖြစ်စေ့ချင်တာပါ။ ဘာန်းနီဆန်းဒါးစ်နဲ့သူနဲ့ တယောက်ယောက် သမတဖြစ်စေ့ချင်တာမှန်ပေမယ့် သူ့အပေါ်ပိုပါတယ်။ ဇနီးကတောင် အမေရိကန်မှာ အခွင့်အရေးလှုပ်ရှားမှုတွေ တပြိုင်နက်တည်း ဘယ်လိုပေါ်ပေါ် အမျိုးသမီးအခွင့်အရေးက တန်းစီလိုက်ရင် နောက်ဆုံးမှရတာလို့ပြောပါတယ်။

သူပြောချင်တဲ့သဘောက ၁၉၆ဝ-၇ဝ ကာလတွေဟာ အမေရိကန်မှာ လှူပ်ရှားမှူပေါင်းစုံနဲ့ သည်းသည်းလှူပ်နေချိန်ကြီးပါ။ Civil Rights Movement က သြဇာကြီးလွန်းလို့ ကျန်တာတွေ သိတ်မသိသာပေမယ့် ဟစ်ပီတို့ရဲ့ လှုပ်ရှားမှူကတော့ ကမ္ဘာကျော်ခဲ့ပါတယ်။ အဲ့ဒီအထဲမှာ လိင်လွတ်လပ်ခွင့်နဲ့ အမျိုးသမီးလွတ်လပ်ခွင့်လပ်ရှားမှူတွေလည်း ကြီးကျယ်တန်သလောက်ကြီးကျယ်ခဲ့ပါတယ်။ လိင်လွတ်လပ်ခွင့်မှာ လိင်တူချင်း ချစ်ခင်စုံမက်ခွင့် လက်ထပ်ထိမ်းမြားခွင့်လည်း တခုပါပါတယ်။ 

ဒီလိုနဲ့ လူမည်းလို့ခေါ်တဲ့ အာဖရိကန်-အမေရိကန်တွေ နိုင်ငံသားအခွင့်အရေးအပြည့်အဝရလာတယ်။ ခွဲခြားဆက်ဆံမှူမပြုရဥပဒေထွက်လာတယ်။ နောက်ပိုင်း(အိုဘားမားလက်ထက်မှာ)လိင်တူချင်းလက်ထပ်ထိမ်းမြားခွင့် တရားဝင်ဖြစ်လာတယ်။ အမျိုးသမီးလွတ်လပ်ခွင့်တွေလည်း တဖြည်းဖြည်းပိုရလာပါတယ်။ လူမည်းအမျိုးသား သမတဖြစ်လာတယ်။ ခုဆို လိင်တူချစ်သူက သမတလောင်းအဖြစ် လျှမ်းလျှမ်းတောက်နေတယ်။ ပြီးခဲ့တဲ့ရွေးကောက်ပွမှာ အမျိုးသမီးသမတ(ဟီလာရီ ကလင်တန်) ဝင်ပြိုင်ခဲ့ပေမယ့် အရေးနိမ့်ခဲ့ပါတယ်။
ကျနော့်ဇနီး ပြောတဲ့ မိန်းမတွေက နောက်ဆုံးမှအခွင့်အရေးရမှာဆိုတာ အဲ့ဒါပါ။ လူမည်းလည်း သမတဖြစ်ခဲ့ပြီ။ လိင်တူချစ်သူလည်း သမတလောင်းအဖြစ် လျှမ်းလျှမ်းတောက်နေပြီ၊ ဒါတွေပြီးလို့ နောက်တချီအခွင့်အရေးရလာမှာက အမျိုးသမီးသမတဖြစ်လာဖို့ကို သူ မျှော်မျန်းပြီးပြောတာပါ။ အခွင့်အရေးရတာချင်းအတူတူတောင် အမျိုးသမီးလည်သးမတ ဖြစ်တော့ဖြစ်မယ်။ ဒါပေမယ့် ဘုတီဂျဂ်ပြီးမှဆိုတဲ့သဘောပါ။
မျိုးမြင့်ချို၊ ဖေဖော်ဝါရီ ၄၊ ၂ဝ၂ဝ

0 comments:

Post a Comment