Sunday, February 9, 2020

လဒလောက်တော့ ငှက်တိုင်းလှပါတယ်

0 comments

(လဒလောက်တော့ ငွက္တိုင်းလှပါတယ်)
အသာလေး ဘေးနားက ကပ် မတ်တတ်ရပ်နေလိုက်ပါ။ ဂန္ဒီအစည်းအဝေးအပြီး လူဖမ်းပွဲကြီးလုပ်တော့ ထောင်ထဲကို အမတ်တွေ ရောက်လာတယ်။ စစ်ဗိုလ်ဟောင်းအမတ်တွေလည်း ပါတယ်။ တနင်္လာထောင်ပိုင်အလှည့်မှာ ပုံစံမထိုင်ရပေမယ့် ညွှန်ချုပ် ညွှန်မှူးလာရင်တော့ သူတို့လည်းထိုင်ရတယ်။ ညွှန်ချုပ်ဇော်မင်းဆိုတာက စစ်တပ်ကနေ ညွှန်ချုပ်အဖြစ် အကျဉ်းဦးစီရောက်လာတဲ့စစ်ဗိုလ်။ ဒီ့အရင်က မီးသတ်ညွှန်ချုပ်ဆိုလား မသိဘူး။ ထားပါတော့။
ဒီဇော်မင်း ပခုံးပေါ်အပွင့်တင်စက ခုထောင်ကျလာတဲ့စစ်ဗိုလ်အမတ်ကြီးတွေက စစ်ဗိုလ်အရိုးရင့်နေကြပြီ။ တချို့ဆို သူ့ဆရာတွေ။ စစ်ထဲမှာသာဆို သူတို့အတွက်တော့ ဇော်မင်းက မလောက်လေးမလောက်စားပဲ ဖြစ်ဖို့ရှိမယ်ထင်တယ်။ ဗိုလ်နေဝင်းက ရမယ်အမျိုးမျိုးရှာပြီး ကိုင်ထုတ်လိုက်လို့ စင်စက်ထွက်ပြီး နောက်ဆုံး NLD မှာ လာစုမိကြတာပေမယ့် စစ်သံယောဇဉ်ကတော့ မကုန်ကြဘူး။ နိုင်ငံရေးအရ ခိုင်ခိုင်ကြည်ရှိတာက ဦးငွေလှိုင်(မှူးကြီးဟောင်း)ရယ်၊ လူငယ်တွေနဲ့ အလိုက်သင့်နေတတ်ပြီး အလွမ်းသင့်တာက ဦးဘထွေ(ရုပ်ဆိုးဘထွေး မှူးကြီးဟောင်း) နိုင်ငံရေးသမားတွေရော NLD တတ်သိပညာရှင်တွေကပါ လေးစားတာက ဦးကြည်မောင်။ ဒီစစ်ဗိုလ်ဟောင်းကြီး ၃ ယောက်ကတော့ ကျနော်တို့ခေတ်ပြိုင်တွေ မမေ့နိုင်စရာပါ လွမ်းလောက်စရာ စစ်ဗိုလ်ကြီးတွေပါ။ ကျန်တာတွေက လွမ်းလောက်စရာမရှိပါ။ ဒါလည်းထားပါတော့။
တရက် ညွှန်ချုပ်ဇော်မင်းကထောင်ထဲဝင်စစ်တော့ အဆောင်နေအကျဉ်းသားတွေအကုန် ပုံစံထိုင်ပေးရတယ်။ ပုံစံကြီးမဟုတ်ပါ။ ဒီတော့ စစ်ဗိုလ်ဟောင်းအမတ်ကြီးတွေအတွက် အတော်အခံရခက်တယ်။ ဦးငွေလှိုင်လို မထိုင်ဘူးကွာ လုပ်ချင်ရာလုပ်ပြောပြီး စစ်ခွေးတိုက် သွားနေဖို့ဆိုတာ တော်ရုံသတ္တနဲ့မှမရတာ။ ခါးကြားမှာသေနတ်နဲ့ ပခုံးပေါ်အပွင့်အခက်တွေရှိနေချိန်ကရှိတဲ့သတ္တိမျိုးက နှလုံးရည်တိုက်ပွဲ နိုင်ငံရေးတိုက်ပွဲ စစ်အာဏာရှင်ကိုအန်တုအာခံတဲ့တိုက်ပွဲ တွေမှာ ဘာမှသုံးမရဘူး။ ဒီတော့ သူတို့လည်း ပုံစံထိုင်ကြတယ်။ နိုင်ငံရေးအကျဉ်းသားကို ပုံစံထိုင်ခိုင်းတာ သက်သက်ချိုးတာ။ သူတို့မှမဟုတ်ဘူး ဓာတ်တိုင်မှာကပ်ထားတဲ့ စစ်အစိုးရဆန့်ကျင်စာ သွားဖတ် ကြိုက်လို့ခွာယူလာ အိပ်ထဲမှာမိလို့ ၅(ည)နဲ့အဆွဲခံရပြီး ထောင်ကျလာတဲ့လူတောင် မခံချင်ဘူး၊ ပုံစံ မထိုင်ချင်ဘူး။ ဒါပေမယ့် နှိပ်ကွပ်မှု အလွန်ပြင်းထန်နေချိန်ဆိုတော့ အောင့်အီးပြီးထိုင်ရတယ်။ နိုင်ငံရေးမာန အထိပါးခံရတာ၊ နိုင်ငံရေးကသိက္ခာအချနင်းခံရတာလို့ ခံစားကြရတယ်။
ခုနပြောတဲ့စစ်ဗိုလ်ဟောင်း(ကြီး)အမတ်တွေက မထိုင်ချင်ဘူး။ ဒါသဘာဝကျတယ်။ နိုင်ငံရေးမာနအပြင် တချိန်က သူတို့တပည့်လက်သား ဖြစ်ခဲ့တာလည်း ပါတယ်။ မထိုင်လို့ကလည်း မရဘူး။ ဒီတော့ သူတို့ ဘာလုပ်လဲ။ ညွှန်ချုပ်ဝင်လာလို့ ပုံစံလို့အော်လိုက်တော့ တင်ပလ္လင်ချိတ် ထိုင်လိုက်တယ်။ ခါးဆန့်လိုက်တယ်။ လက်နှစ်ဘက်ကို လက်မအထဲထည့်လက်သီးဆုပ်ပြီး ဒူးပေါ်တင်လိုက်တယ်။ ခေါင်းငုံ့လိုက်တယ်။ မော့မကြည့်ရဘူး။ ဒါ ထောင် ထိုင်ပုံစံရိုးရိုးပဲ။ အားလုံးလည်း အဲ့အတိုင်းပဲထိုင်ရတယ်။
ထောင်ပိုင် ညွှန်မှူး ညွှန်ချုပ်တွေလှည့်ကြည့်ပြီး ပြန်ထွက်သွားတော့ အေးစေပေးတယ်။ အဲ့တော့မှ ပုံမှန်ပြန်နေ ပြန်ထိုင် ပြန်စကားပြော ပြောလို့နေလို့ရတယ်။ ဒီတော့ သူတို့ကို ကျောင်းသားရွယ် ထောင်ကျ ၅(ည)လူငယ်တွေက အန်ကယ်လ်တို့မို့လို့ပုံစံထိုင်တာ ကျနော်တို့သာ အန်ကယ်လ်တို့နေရာဆို မထိုင်ဘူး ဘာညာနဲ့ သွားကတိတဲ့အခါကလိတယ်။ ဒီတော့ သူတို့က ပြန်ပြောတယ် ငါတို့က ပုံစံထိုင်တာ မဟုတ်ပါဘူးကွ။ ကိုယ့်ဘာသာ ခေါင်းငုံ့ပြီး တရားမှတ်နေတာပါ၊ ဒီကောင့်များ ထိုင်စရာလားကွ ဘာညာပြန်ပြောတတ်တယ်။ ဒါ အဲ့အချိန်က အင်းစိန်ထောင်မကြီး အဆောင်အတူနေဖူးသူတွေကြားမှာ ရယ်ပွဲဖွဲ့စရာဖြစ်ခဲ့တယ်။
ခုလည်း ငါက အလေးပြုခံဖို့ ထတာမဟုတ်ပါဘူး။ ထိုင်ရတာညောင်းလာလို့ပါ မတ်တပ်ရပ်တာပါဆို ဘယ် ဒီကောင်ဂျပု ဘာပြောလို့၊ ဘာတတ်နိုင်မှာလဲ။ ပြီးမှ အသာ နား နားကပ်ပြီး ဂျပုလောက်တော့ လူတိုင်းထပါတယ်ပါ ပြောပစ်လိုက်။ ဒါမှ မှတ်သွားမှာ။ (ပြုံးစရာရေးတာ ဆဲစရာဖြစ်သွားရင်တော့ ဆဲကြပါလေ့ဗျာ) မျိုးမြင့်ချို

0 comments:

Post a Comment