Saturday, February 8, 2020

မန္တလေးတက္ကသိုလ်ရက်စဉ်သမိုင်း (၁၉၄၉). . . . .

0 comments
မန္တလေးတက္ကသိုလ်ရက်စဉ်သမိုင်း (၁၉၄၉). . . . .
၂၂ ဇန်နဝါရီ ၁၉၄၉ - တက္ကသိုလ်ရာဇဝင်အသင်းနှစ်ပတ်လည် လက်ဖက်ရည်ပွဲနှင့် ဆုပေးပွဲကျင်းပရာ ဆရာ,ဆရာမများ၊ အသင်းသူ,အသင်းသားများတက်ရောက်ကြပြီး ကျောင်းအုပ်ကြီးဦးကိုလေးက ဒုတိယပတ်အစမ်းစာမေးပွဲတွင် ရာဇဝင်ဘာသာ၌ ထူးချွန်သော ကျောင်းသူ,ကျောင်းသားများအား အသင်း၏ ကိုယ်စားဆုချီးမြှင့်။
၂၅ ဇန်နဝါရီ ၁၉၄၉ - တက္ကသိုလ်စာမေးပွဲ ပထမပတ် အမ်အေနှင့် ဘီအယ်လ်စာမေးပွဲကို လာမည့်ရက်သတ္တပတ်အတွင်းကျင်းပမည်ဟု ဆိုင်ရာက ကြေငြာ။

၂၇ ဇန်နဝါရီ ၁၉၄၉ - မတကသအလုပ်အမှုဆောင်အချို့သည် ကျောင်းသူ,ကျောင်းသားများ၏ သဘောထားမပါဘဲ အာဏာကို အလွဲသုံးစားပြုကာ ဝန်ကြီးများရောက်လာချိန်တွင် ဖောက်ပြန်ဖော်လံဖားကြေညာစာတမ်းတစ်ခု ရိုက်နှိပ်၍ မြို့တွင်းနှင့် ကျောင်းဝင်းအတွင်း ဝေငှခြင်းပြုလုပ်သဖြင့် ကျောင်းသူ,ကျောင်းသားများအရေးပေါ်အစည်းအဝေးခေါ်ပြီး အမှုဆောင်အားလုံး၏ သဘောမဟုတ်သဖြင့် ဖော်လံဖားအမှုဆောင်များကို နှုတ်ထွက်ပေးရန် ဆုံးဖြတ်။
၂၈ ဇန်နဝါရီ ၁၉၄၉ - ကျောင်းသူ,ကျောင်းသားများ၏ တောင်းဆိုချက်အရ တက္ကသိုလ်ကျောင်းလုံးဆိုင်ရာ အစည်းအဝေးကျင်းပရာတွင်ဥက္ကဌနှင့် သမဂ္ဂအမှုဆောင်များက အချိန်ဆွဲပြီး ၎င်းတို့ရေးဆွဲသော အစီအစဉ်များကို ဖတ်ပြကာ မလိမ့်တပတ်နှင့် မဲခွဲခိုင်းရာ မကျေနပ်သည့် ကျောင်းသားအချို့ ထွက်သွား၍ အစည်းအဝေးမပြီးဘဲ ဖြစ်။
၂၉ ဇန်နဝါရီ ၁၉၄၉ - မတကသအမှုဆောင်အချို့၏ တက္ကသိုလ်သမဂ္ဂအမည်ကို အလွဲသုံးစားပြုထားသောကြေညာချက်ကို လက်မခံသောကျောင်းသားများ၏ကိုယ်စား ယာယီစင်ပြိုင်မန္တလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂက တာဝန်ခံ၍ တိုင်းပြည်လူထုသို့ ဖြေရှင်းကြေညာချက်ထုတ်ပြန်။ (ရန်ကုန်တက္ကသိုလ်မှာ ရက်အကန့်အသတ်မရှိပိတ်)
၃၁ ဇန်နဝါရီ ၁၉၄၉ - ယာယီစင်ပြိုင်သမဂ္ဂဝင် ကျောင်းသူ,ကျောင်းသားများအစည်းအဝေးကျင်းပရာ သဘာပတိအဖြစ် ပထမဝိဇ္ဇာတန်းမှ ကိုမြစိန်၊ အတွင်းရေးမှုးအဖြစ် ဒုတိယနှစ်ဥပစာတန်းမှ ကိုမောင်လေးတို့က ဆောင်ရွက်ပြီး ကိုမောင်မောင်အပါအဝင် အခြားအမှုဆောင်များကို အများသဘောတူရွေးကောက်တင်မြှောက်ကာ အောက်ပါဆုံးဖြတ်ချက်များကို ချမှတ်
၁။ မန္တလေးခရိုင်လုံးဆိုင်ရာ ကျောင်းသားသမဂ္ဂနှင့် ဆက်သွယ်၍ ကျောင်းသားအရေးကို ဆောင်ရွက်ရန်
၂။ ကျောင်းသား၏ မိဘများကို တိုက်ရိုက်ထိခိုက်နေသော လခစားများအား ရှားပါးစရိတ်ဖြတ်တောက်ခြင်းကို ပြင်းထန်စွာ ကန့်ကွက်ကြောင်း
၃။ ရှားပါးစရိတ်ဖြတ်တောက်မှုကြောင့် မိဘများထံမှ ငွေလုံလောက်စွာမပို့နိုင်၍ ကျောင်းထွက် ရမည့် ကျောင်းသားများအား သက်ဆိုင်ရာအာဏာပိုင်များက တာဝန်ယူ၍ ဆက်လက်ထောက်ပံရန်။
၃၁ ဇန်နဝါရီ ၁၉၄၉ - တက္ကသိုလ်အုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးကျင်းပပြီး သက်ဆိုင်ရာအရာရှိများနှင့်တွေ့ဆုံကာ တက္ကသိုလ်တွင် အပျော်တမ်းစစ်တပ်ဖွဲ့စည်းရန် ဆုံးဖြတ်။

၂ ဖေဖော်ဝါရီ ၁၉၄၉ - မန္တလေးခရိုင်ကျောင်းသားများသမဂ္ဂမှ ကြီးမှုး၍ ကျောင်းပေါင်းစုံ ကျောင်းသားကိုယ်စားလှယ်များ အစည်းအဝေးကျင်းပကာ မတကသကို သစ္စာဖောက်သမဂ္ဂဟု သတ်မှတ်ပြီး စင်ပြိုင်သမဂ္ဂကို အလေးအနက်ထောက်ခံကြောင်း အများသဘောတူဆုံးဖြတ်။
၅ ဖေဖော်ဝါရီ ၁၉၄၉ - မန္တလေးမြို့ကာကွယ်ရန် တက္ကသိုလ်စစ်တပ်ဖွဲ့စည်းရေးနှင့် ပတ်သက်ပြီး စစ်ရဲတပ်မှ မေဂျာဦးအေးမောင်နှင့် ကျောင်းအုပ်ကြီးဦးကိုလေး,ကျောင်းသားများ တွေ့ဆုံဆွေးနွေးကာ စစ်တပ်စနစ်တကျဖွဲ့ရန် ဆုံးဖြတ်။
၁၁ ဖေဖော်ဝါရီ ၁၉၄၉ - တက္ကသိုလ်ဝင်သင်တန်းနှင့် ၉တန်းကျောင်းသားများအတွက် စင်ပြိုင်တက္ကသိုလ်ကျောင်းသားများသမဂ္ဂမှတာဝန်ယူ၍ ရွှေကြီးမြင့်သပိတ်စခန်းတွင် ပညာသင်ကြားပေးမည်ဖြစ်ကြောင်းကြေညာ။
၁၆ ဖေဖော်ဝါရီ ၁၉၄၉ - မန္တလေးမြို့ကာကွယ်ရေးစစ်သင်တန်းကို ၂၁-၂-၁၉၄၉ တွင်စတင်မည်ဖြစ်ရာ သင်တန်းတက်ရောက်လိုသူများစာရင်းပေးရန်နေရာများတွင် မန္တလေးတက္ကသိုလ်လည်းပါဝင်။
၁၁ မတ် ၁၉၄၉ - မန္တလေးကို ကရင်သူပုန်ဝင်။
၆ ဧပြီ ၁၉၄၉ - ကရင်သူပုန်ပြန်ထွက်။
၁၄ ဩဂုတ် ၁၉၄၉ - မစိုးရိမ်ရုပ်ရှင်ရုံကြီးတွင် ပါကစ္စတန်လွတ်လပ်ရေးနေ့ကျင်းပရာ သဘာပတိကျောက်စာဝန်ဦးလူဖေဝင်းက ပါကစ္စတန်ရာဇဝင်အကြောင်းပြော၍ ကျောင်းအုပ်ကြီးဦးကိုလေးက ပါကစ္စတန်ပြည်နှင့် ဂျပန်ပြည်အကြောင်း နှိုင်းယှဉ်ကာ ဟောပြော။
၂၉ အောက်တိုဘာ ၁၉၄၉ - ဤနေ့မှ နိုဝင်ဘာ ၇ရက်နေ့အထိ ညမထွက်ရအမိန့်ရုပ်သိမ်း။
၁၄ နိုဝင်ဘာ ၁၉၄၉ - ၂၉ကြိမ်မြောက်အမျိုးသားအောင်ပွဲနေ့ကို တောင်ကျုံးဒေါင့်,ကျံုးနှင့်မြို့ရိုးအတွင်းကျင်းပရာ အဖွဲ့ပေါင်းစုံပါဝင်ပြီး ကျောက်စာဝန်ဦးလူဖေဝင်းနှင့် ကထိကဦးတိုးအောင်(ကုသ)တို့က ဟောပြောပြီး ကျောင်းသူကလေးများယိမ်း,တပင်တိုင်အက,ကျောင်းသူဟောင်းများ သီချင်းကြီးဖြင့် ဖျော်ဖြေ။
၂၀ နိုဝင်ဘာ ၁၉၄၉ - အထက်မြန်မာနိုင်ငံသတင်းစာဆရာများအသင်း,ဒုတိယအကြိမ်ရွှေမန်းစာဆိုတော်နေ့ကို ၂၆ဘီလမ်းယူနီဗာဆယ်ကိတ်မုန့်တိုက်တွင်ကျင်းပရာ အယ်ဒီတာဦးတင်၊ လူထုဦးလှ၊ မြမျိုးလွင်၊ အမ်အေဒေါ်အုန်း၊ ချင်းတွင်းငမောက်(ပညာအုပ်ဦးစံချိန်)၊ ကျောင်းအုပ်ကြီးဦးကိုလေး၊ ရွှေဥဒေါင်း၊ သစ်တောဝန်ဦးမောင်မောင်ကျော်၊ ရွှေပြည်ဦးဘတင်တို့က ရှေးစာဆိုတော်ကြီးများအကြောင်း ဟောပြော။
၁၇ ဒီဇင်ဘာ ၁၉၄၉ - တက္ကသိုလ်မြန်မာစာပေအသင်းမှ ကြီးမှူးကျင်းပသော မြန်မာဂီတနှင့် ပန်းချီပြပွဲ ဖွင့်ပွဲတွင် ပန်းချီအသင်းဥက္ကဌဦးစောမောင်၊ပန်းချီဆရာသန့် ၊ ရွှေပြည်ဦးဘတင်နှင့် မြူနီစီပယ်အလုပ်ဝန်ဦးသာဒွန်းတို့ ဟောပြောကြပြီး ကျောင်းသူများက သီချင်းကြီးများဖြင့် ဖျော်ဖြေ။
-ဤနှစ်တွင် ကျောင်းသူကျောင်းသားပေါင်း ၂၄၃ ယောက် အထိရှိ။
(ကို Aung Myint Aungmyint Oo ဆီကေနယူပါတယ္)

Friday, February 7, 2020

(လဘက်ရည် ကော်ဖီနဲ့ ထောင်တန်တဲ့လူများ)

0 comments
(လဘက်ရည် ကော်ဖီနဲ့ ထောင်တန်တဲ့လူများ)
ကျနော့်အကျင့်က ည ဘယ်အချိန် အိပ်ရာဝင်ဝင် မနက်ဆို ၅ နာရီနဲ့ ၅ နာရီခွဲကြား နိုးတာပါပဲ။ တခါတလေ ပြန်အိပ်လို့ရပေမယ့် များသောအားဖြင့်တော့ အိပ်ရာကထတတ်ပါတယ်။ ပြီးရင် ဆီးသွား။ ပြီးတော့ မျက်လုံးတွေကို ရေအေးအေးနဲ့ ကြမ်းသွားတဲ့အထိ စိမ်ပြီးဆေးပါတယ်။ ပြီးရင် ရေအေးတဖန်ခွက်သောက်ပါတယ်။ ပြီးရင် သံပုရာသီးအစိမ်းတွေကို လေးစိတ် စိတ်ပြီး ဆား သကြား သင့်ရုံနဲ့ နူးအိနေအောင်စိမ်ထားတဲ့ သံပုရာပေါင်းတစိတ် စားပါတယ်။ ဒီသံပုရာပေါင်း စားကျင့်ရတာက ၂ နှစ်လောက်ပဲရှိပါသေးတယ်။ ပြီးမှ ကွန်ပြူတာဖွင့် ကော်ဖီဖျော်ဖို့ရေနွေးတည်ပါတယ်။ တခါတလေ ကော်ဖီမှုံ့နဲ့ဖျော်တာသောက်ပြီး များသောအားဖြင့်တော့ ကော်ဖီစေ့ အိမ်လှော်ထောင်းနဲ့ သောက်တာများပါတယ်။ အဲ့ဒီကော်ဖီတခွက်နဲ့ တခါတလေ မနက် ဆယ်နာရီလောက်အထိ ဘာမှ မယ်မယ်ရရ မစားဖြစ်ပါ။ ညီမအိမ် ခနသွားနေတုန်းကတော့ ဗမာပြည်နေတုန်းကလိုပဲ မနက်တိုင်း ထမင်းကြမ်းနဲ့ ဟင်းကျန်တခုခုနဲ့ သင့်သလောက်စားပါတယ်။ ကျနော့်အိမ်မှာတော့ အဲ့လိုစားလေ့မရှိပါ။

 အလုပ် လုပ်နေချိန်တွေကဆို အိမ်မှာ မနက်ကော်ဖီတခွက်သောက်ပြီး ၃ ခွက်စာလောက်ဖျော် ဓာတ်ဗူးထဲထည့်ပြီး ယူသွားပါတယ်။ ခု အလုပ်က ကျန်းမာရေးကြောင့် ခနနားနေတာပါ။ အလုပ်သဘောက ကာယအားစိုက်လုပ်ရတာမဟုတ်သလို တခါတခါ စကားအတော်ပြောရပါတယ်။ နောက်တချက်က အလုပ်အရ Home Visits တွေသွားတဲ့အခါ အိမ်ရှင်တွေ ဧည့်ခံကျွေးမွေးတာကိုလည်း စားလို့မရပါဘူး။ အပြင်ထွက်ဝယ်စားရအောင်လည်း တခါတလေ အချိန်မရတာမျိုး ရတဲ့အခါကျတော့လည်း ကိုယ်စားချင်တာမရတာမျိုးဖြစ်တာများတော့ ဘာမှစားမနေတော့ပဲ ကော်ဖီပဲ တငုံပြီးတငုံသောက်ရင်း အလုပ်ချိန်ကုန်တာများပါတယ်။ ဗိုက်ထဲ အစာကလည်းမရှိ ကော်ဖီကလည်းဆက်တိုက်သောက်ဆိုတော့ တခါတခါ ရင်အလွန်တုန်ပါတယ်။ ကျနော့်နှလုံးအခုန်က နဂိုကမှ တခြားလူတွေထက်ပိုမြန်ရတဲ့ကြားထဲ ကော်ဖီများသောက်လိုက်ရင် သိသိသာသာကို ဆောင့်တက်လာတတ်တာပါ။ အိပ်ရေးပျက်ထားရင် ပိုသိသာပါတယ်။ အတော်ခံရပါတယ်။ ရင်တွေပန်းတွေတုန် လက်တွေတုန်နဲ့ ကတုန်ကယင်ဖြစ်တဲ့အခါလည်းရှိပါတယ်။ အဲ့သလိုအခါမျိုးဆို ကားပါမောင်းမရတော့ပါ။

ထောင်ထဲနေတုန်းက ကော်ဖီလည်းသောက်ချင်တော့ အလွယ်ရတဲ့ စူပါကော်ဖီမစ်က်တို့ဘာတို့ သောက်ဖူးပါတယ်။ သူတို့က ပိုဆိုးပါတယ်။ တခွက်လောက်သောက်လိုက်တာနဲ့ နှလုံးကဆောင့်ခုန်လာပြီး လူပါ ဟိုက်သလိုဖြစ်ပါတယ်။ နေ့လည်လောက်က တခွက်သောက်လိုက်ရင် ညပါ တညလုံး မအိပ်တော့ပါ။ မျက်လုံးကြောင် ရင်တုန်ပြီး အတော်အနေရခက်တာမို့ တခါတလေ တငုံစနှစ်ငုံစသောက်တာကလွဲလို့ စွဲတော့ မသောက်တော့ပါ။ တကယ်က ကျနော်က လဘက်ရည်သမားပါ။ လဘက်ရည်ကြိုက်တာပါ။ ကြိုက်တာမှ ပေါ့ကျ ကြိုက်တာပါ။

အမေရိကန်ရောက်ပြီး အိမ်ထောင်ကျစက အိမ်မှာ လဘက်ရည် ကိုယ်တိုင်ဖျော်ဖျော်သောက်ပါတယ်။ စိုးဝင်းလဘက်ခြောက်လည်း ဒီမှာ ဝယ်ရပါတယ်။ ဇနီးကတော့ နဂိုတည်းကကော်ဖီသမားမို့ ကျနော့်လဘက်ရည်ကို တခါတလေ အာဆွတ်ရုံသောက်ပါတယ်။ သောက်တိုင်းလည်း နင့် လဘက်ရည်ကလည်း ကျလိုက်တာ ဖန်တူးနေတာပဲ သကြားလေးနို့လေးမှပါရဲ့လားလို့ အမြဲပြောပါတယ်။ နောက်တော့ လဘက်ရည်ဖျော်ရတာ အလုပ်ရှုပ်တာရော အချိန်ကုန်တာရော တခါတလေ စိုးဝင်းခြောက်ပြတ်တဲ့အခါ စိတ်ကသိကအောက်ဖြစ်ရတာတွေရောပေါင်းပြီး ကျနော် လဘက်ရည်အဖျော်ရပ် အသောက်ရပ်ပြီး ကော်ဖီပြောင်းသောက်ပါတယ်။ ကော်ဖီဆို ကျနော်က ကော်ဖီမစ်က်လည်းမသောက် နက်စ်ကော်ဖီလည်း မကြိုက်ပါ။ ကော်ဖီမှုနံ့ရိုးရိုးကို သကြားနဲ့နို့မှုန့်နဲ့ဖျော်တာပဲကြိုက်ပါတယ်။ ကော်ဖီကတော့ ရယ်ဒီမိတ်အမှုန့်ပါ။ နောက်တော့ ဇနီးက သူသောက်တာစမ်းသောက်ကြည့်ပါလားပြောတာနဲ့ လိုက်စမ်းသောက်ရင်း ကော်ဖီစေ့ အိမ်လှော်ထောင်းကို ရေနွေးပွက်ပွက်ဆူနဲ့ နှပ်အိုးထဲ နှပ်သားကျအောင်နှပ်ပြီးသူ့အတိုင်းသောက်ပါတယ်။ သကြား နို့မှုန့် နို့ဆီစတာတွေ ဘာမှမထည့်တော့ ဘလက်ခ်ကော်ဖီပေါ့လေ။ ဇနီးကတောင် နင့်ဟာက စသောက်တုန်းကတော့ မကြိုက်သလိုလိုနဲ့ ခုတော့ ဘာမှတောင် မထည့်တော့ပဲကော်ဖီအရသာစစ်စစ်ကို ဒီအတိုင်း ချနေတော့တာပါလားလို့ သြချယူပါတယ်။

ဟုတ်ပါတယ်။ ကျနော် ကော်ဖီကို ဘလက်ခ်သောက်ပါတယ်။ တနေ့ အများဆုံး ၃ ခွက်လောက်သောက်ပါတယ်။ ကော်ဖီမှာမှ ကော်ဖီစေ့ အိမ်လှော်ထောင်းကို ပိုကြိုက်ပါတယ်။ ကော်ဖီစေ့မှာမှ ဂွါတီမာလာလာတဲ့ကော်ဖီကို ပိုကြိုက်ပါတယ်။ လဘက်ရည်ကို ဆိုင်မှာ ရံဖန်ရံခါသွားသောက်တတ်ပါတယ်။ တကယ့်ကို တခါတရံပါ။ ကော်ဖီသာစွဲသွားပေမယ့် လဘက်ရည်ကို စိတ်မပြတ်သေးပါ။

လဘက်ရည်လို့ပြောလိုက်တိုင်း တွေးလိုက်တိုင်း သောက်လိုက်တိုင်းလည်း သာယာဝတီထောင်နေတုန်းက တကယ့်ကို ခက်ရာခက်ဆစ် ကိုအံ့ဘွယ်ကျော်ဖျော်တိုက်တဲ့ လဘက်ရည်ကို စိတ်ထဲမြင်လာ လျှာပေါ်အရသာပေါ်လာသလို ထောင်ထဲအတူနေဘက်တွေကိုလည်း အောက်မေ့မိပါတယ်။ ခုတော့ တချို့လည်း နိုင်ငံရေးရာထူးရသူရ ကိုယ်ပိုင်အလုပ် လုပ်သူလုပ်။ ကြီးပွားသူကြီးပွား၊ နွမ်းပါးသူနွမ်းပါး။ ဘဝပျက်သူပျက်၊ နိုင်ငံခြားတိုင်းပြည်တွေ ရောက်သူရောက်၊ သေသူသေ၊ အရက်စွဲသူစွဲနဲ့ ဘဝတွေဟာ တကယ့်ကို တယောက်တဘဝစီကို ဖြစ်ကုန်ကြရတာပါ။

တနေ့မနက်က ဗမာဆိုင်မှာ မနက်စာသွားစားတော့ ကျနော် လဘက်ရည်ပေါ့ကျတခွက်မှာပြီး တော်တော်နဲ့မသောက်ဖြစ်ပါဘူး။ စိတ်က ထောင်ထဲရောက်သွားလိုက် အခန်းဖော်ရဲဘော်ကြီး ကိုစိုးမြင့်တို့ ကိုငွေဝင်းတို့ရောက်လိုက် အံ့ဘွယ်ကျော်တို့ ဦးတင်ကိုတို့ မျောက်ကြီးကိုစိုးထိုက်တို့ ပြည်သား ကိုသန်းထိုက်အောင်တို့ တရုတ်မကြီးသန်းထိုက်ဝင်းတို့ဆီရောက်လိုက်နဲ့ အတူနေသူတွေအားလုံးကို သတိရပြီး ရင်ထဲဆို့နင့်လာပါတယ်။ တကယ့်ကိုအားလုံးကိုပါ။ အမည်တွေဖော်ပြနေရင် စာရှည်မစိုးလို့ပါ။ ထိန်းနေတဲ့ကြားကပဲ မျက်ရည်လည်ပါတယ်။ ထိန်းနေတဲ့ကြားကပဲ အသံတွေတုန်ပါတယ်။ ဇနီးက ရိပ်မိပြီး သောက်လေ အာလူးပူရီလည်းစားကြည့် ကောင်းတယ်ဘာညာပြောရင်း သူ့ Clients ဟောင်းမိသားစုဝင်လာတာမြင်တော့ သူတို့ကိုနှူတ်ဆက် ကျနော်နဲ့မိတ်ဆက်ပေးရင်း စိတ်လမ်းကြောင်းပြောင်းပေးလိုက်လို့မှ သက်သာရာရခဲ့တာပါ။

အကြောင်းတိုက်ဆိုင်တိုင်း ကျနော့်စိတ်တွေဟာ အတိတ်ကိုပြန်ပြီး ထောင်ကျဘက်တွေ အတူနေဘက်တွေ စားအိုးတွဲတွေ ရဲဘော်ရဲဘက်တွေဆီရောက်ပါတယ်။ တကယ်တော့ ကျနော်တို့တတွေဟာ သိစိတ်ရှိရှိနဲ့ ထောင်ကိုရွေးချယ်ခဲ့ကြတဲ့ ထောင်မကြောက် တန်းမကြောက် ထောင်တန်တဲ့လူတွေမဟုတ်လား။
မျိုးမြင့်ချို
ဖေဖော်ဝရီ ၇၊ ၂ဝ၂ဝ

Wednesday, February 5, 2020

အတည်ပြောတာပါ

0 comments
လူတွေ အကြိုက်မညီနိုင်တဲ့ကိစ္စတခု ချပေး၊ လူတွေက မကျေနပ်တော့ အရေးဆို ဆန္ဒပြ၊ ဒီတော့မှ အသာပြန်ဆုတ်ပေး၊ အဲ့သလိုလုပ်ရင်း လူထုဆန္ဒလိုက်လျောတဲ့အစိုးရဆိုတံပုံ ပေါ်အောင်ဖော်ပြီး လုပ်နေတာလို့ ပြောသံတွေလည်း မနည်း ကြားရပါတယ်။ ကျနော်တော့ အဲ့သလိုမထင်သလို မြင်လည်း မမြင်မိပါ။ ဥပမာ လတ်တလောပြရရင် အစိုးရဝန်ထမ်းလူကြီးတွေ ကားပါမစ်ကိစ္စနဲ့ ကျောင်းချိန်တွေတိုးတဲ့ကိစ္စ။ ကျနော်တွေးမိတာတော့ အစိုးရက တကယ်လုပ်ဖို့ကြံတာချည်းပါပဲ။ 

ကားပါမစ်ကိစ္စက လူကြားမကောင်းအောင်ဖြစ်တာမှန်ပေမယ့် ပညာရေး(ကျောင်းချိန်တိုး)ကိစ္စကတော့ သေချာနားမလည်တော့ အကောင်းအဆိုး မပြောနိုင်ပါ။ ထားပါတော့ ကိစ္စနှစ်ခုစလုံး မသင့်တော်ဘူးလို့ပဲ။ မသင့်တော်လို့မှ လူတွေဆီက အသံထွက်လာတာမဟုတ်လား။

အစိုးရက ရမလားလို့ သွေးတိုးစမ်းကြည့်တာသက်သက်လောက်တင် ဟုတ်ပုံမရပါဘူး။ တိုးကြည့်တာ နေမှာပါ။ သွေးတိုးစမ်းတာက အစပိုင်းလေးမှာတင် အခြေအနေ ဟန်ပုံမပေါ်ရင် အသာလေး မသိမသာ ဟန်မပျက်ပြန်နေလိုက်ရုံပါ။ တိုးကြည့်တာက စမ်းရုံသက်သက်ထက်ပိုပါတယ်။ တိုးကြည့်မယ်၊ ရသလောက် ဆက်တိုးကြည့်မယ်၊ ရတဲ့နေရာအထိ တိုးကြည့်ပြီး တိုးလို့ရသလောက်နေရာမှာရပ်ထားပြီး ထစ်ထားတယ်။ ပြန်တော့မဆုတ်ဘူး။ နောက် အခြေအနေပေးလာလို့ ဆက်တိုးလို့ရရင် အဆုံးအထိတိုးသွားမယ်။ ဒါက တိုးကြည့်တဲ့သဘောပါ။ နိုင်ငံရေးမှာ လုပ်လေ့ရှိပါတယ်။

ခု ကားပါမစ်ကိစ္စလည်း ဒီသဘောလို့မြင်ပါတယ်။ တိုးလို့ရနေသရွေ့ မသိမသာဆက်တိုးနေရင်းက ခနတန့်ထားပြီး ခနထစ်ထားပြီး အခြေအနေ အကဲခတ်နေတုန်းမှာပဲ လူထုက တွန်းတွန်းတိုက်တိုက် အုံနဲ့ကျင်းနဲ့ ဖိချတော့မှ အသာပြန်လျှိုနေတာပါ။ ဒါတောင် ကားပါမစ်ကိစ္စက အပြီးအပြတ် အလျှော့ပေးနောက်ဆုတ်သွားတာ မဟုတ်သေးပါ။ ထစ်ထားပြီး ဆိုင်းထားပြီး အချိန်စောင့်နေပါတယ်။ အဆင်ပြန်ပြေလောက်ပြီ ပြန်ရလောက်ပြီဆို ပြန်တိုးပါလိမ့်မယ်။ ဒီတခါတိုးရင် အခုတိုးတာထက် ပိုပရိယယ်ကြွယ်ကြွယ် ပိုညင်ညင်သာသာတိုးမှာပါ။
ရွေးကောက်ပွဲလည်း မဝေးတော့ပါ။ ဒီမိုကရေစီနိုင်ငံ(လို့ပဲထားပါ)တွေမှာ အစိုးရတွေ 

သက်တမ်းတခုမှာမဲနိုင်ပြီးတာနဲ့ အရင်ဆုံးလုပ်တဲ့အလုပ်က နောက်သက်တမ်းတခုမှာ မဲအနိုင်ရရေးပါ။ သက်တမ်း တခုနဲ့တခုကြားမှာ Check and Balance တွေ နောက်လာမယ့်ရွေးကောက်ပွဲ အောင်နိုင်ရေးတွေလုံးပမ်းရင်း အတိုက်အခံတွေနဲ့ သူတို့ကြားက သူတို့ကိစ္စတွေ သူတို့ရှင်းကြ၊ သူတို့ပြဿနာသူတို့ရှင်းကြတာနဲ့ အချိန်ကုန်တာပါ။ လူထုက(များသောအားဖြင့်) နတ်ကရာ ကျီးမော့ ဒါမှမဟုတ်လည်း နတ်ကရာကြည့်မောပါ။

ခု ကားပါမစ်ကိစ္စလည်း အလားတူပါ။ စစ်အုပ်စုရဲ့ဗျူရိုကရေစီယန္တယားကြီးကို ဂုတ်ခွစီးထားတဲ့ ဗျူရိုကရက်ကြီးတွေကို လာဘ်ထိုးတာပါ၊ မျက်နှာချိုသွေးတာပါ။ စစ်ဗျူရိုကရေစီယန္တယားကြီးကို ဖြိုချဖို့မပြောနဲ့ တွန်းလှန် ပယ်ရှားလို့တောင်မရလေတော့ လာဘ်ထိုးတဲ့နည်းနဲ့ ချောဆီသွင်းပြီး အပျော့ဆွဲ ဆွဲဖို့ အကြံအဖန်လုပ်တာပါ။

အစိုးရဘယ်လိုပြောင်းပြောင်း ဘယ်လောက်ပြောင်းပြောင်း စစ်တပ်၊ ရဲတပ်၊ အကျဉ်းထောင်၊ တရားရုံးဆိုတဲ့ လူတန်းစားဖိနှိပ်ရေးကိရိယာတွေကို အမိန့်မပေးနိုင်ရင်၊ ဗျူရိုကရေစီယန္တယားဟောင်းကြီးကိုမဖြိုချ မဖယ်ရှားနိုင်ရင် တက်လာသမျှအစိုးရ ဘာမှလုပ်မရပါ။ အာဏာ လုပ်ပိုင်ခွင့်တွေနဲ့နေသားတကျလည်းရှိနေတဲ့ လုပ်စားရင်း အံလည်းခွနေတဲ့ လုပ်လည်းလုပ်တတ် ညစ်လည်းညစ်တတ် အစိုးရကို ပညာလည်းပြတတ်တဲ့ဗျူရိုကရက်ကြီးတွေက အစိုးရအုပ်ချုပ်ရေးယန္တယားကြီးကို စီးပိုးထားတာပါ။ ဒါကို ကားပါမစ်နဲ့ ချော့မြှူလဘ်ထိုးပြီး မျက်နှာချိုသွေးတာပါ။ လူတွေတကယ်မပြောကြ မဆိုကြ မကန့်ကွက်ကြရင် တကယ်လုပ်ဖို့ကြံတဲ့အကြံအစည်ပါ။

လူတွေမကြိုက်နိုင်မယ့် ပြဿနာတခုကို သိသိနဲ့တမင် အစဖော်ပေးလိုက်၊ လူတွေ ပူညံပူညံလုပ်လာရင် ပြန်ဆုတ်လိုက်လုပ်ပြီး လူထုဆန္ဒကိုလိုက်လျောတဲ့အစိုးရပုံဖမ်းနေတာမဟုတ်ပါ။ ကာလပေါ်စကားနဲ့ပြောရရင် အစ်ရှူးပြဿနာ မဟုတ်ပါ။
မျိုးမြင့်ချို
ဖေဖော်ဝါရီ ၄၊ ၂ဝ၂ဝ

(စိတ်နေစိတ်ထား)

0 comments
(စိတ်နေစိတ်ထား)
ဖရင်န်းဒ်ရီကွပ်စ်ပို့ထားတာလည်းကြာပြီ၊ မက်ဆေ့ဂျ်ဘောက်စ်ကနေလည်း မိတ်ဆွေအဖြစ်လက်ခံဖို့ပြောတာနဲ့ သူ့ပေ့ဂျ်ထဲဝင်မကြည့်မိဘဲ မနက်ကမှ လက်ခံလိုက်ပါတယ်။ ခု ညနေပိုင်းရောက်တော့ သူ့ဆီကတက်လာတဲ့ပို့စ်ကိုကြည့်တော့ အတော်အံ့အားသင့်မိတယ်။ ငါ တချက်ကလေး သတိလွတ်သွားတာနဲ့ ဖြစ်ရတာပါလားလို့လည်း ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိပါတယ်။
သူတင်ထားတာက တရုတ်တွေဟာ ကိုရိုနာဗိုင်းရပ်စ်ပိုးကို ကမ္ဘာအနှံ့ကလူတွေ တိုင်းပြည်တွေအကုန် ကူးစက်အောင် တမင့်ကိုရည်ရွယ်ချက်ရှိရှိနဲ့ အသေခံပြီးကိုလိုက်ဖြန့်နေတယ်လို့ ေရးထားတယ်။ ဒါက တချက်။

နောက်တချက်က ဒီရောဂါပိုးဟာ တရုတ်တွေအစားအသောက် သောင်းကျန်းရာကနေ ကူးစက်ပြန့်ပွားလာတာဆိုလည်း အစားအသောက်သောင်းကျန်းပြီး သတ္တဝါလေးတွေအပေါ် အညှာအတာကင်းမဲ့တဲ့တရုတ်လူမျိုးတွေ တယောက်မကျန်သေကြပါစေတဲ့။ ဒါကတချက်။

နောက်တချက်က ဒီရောဂါပိုးကို အမေရိကန်ကနေ ခိုးသွင်းလာပြီး ဇီဝလက်နက်ထုတ်ဖို့ ခိုးကြောင်ခိုးဝှက်ကြံစည်ရာကနေ နည်းပညာမနိုင်လို့ ရောဂါပိုးတွေ ဓာတ်ခွဲခန်းအပြင် ပေါက်ထွက်ပြီး လူတွေဆီကူးကုန်တာဆိုလည်း မသမာတဲ့တရုတ်တွေအကုန် သေခြင်းဆိုးနဲ့သေကြပါစေတဲ့။

အတော် လူစိတ်မရှိ လူမဆန်တဲ့စိတ်အနေ စိတ်အထားမို့ စက်ဆုပ်မိတာအမှန်ပါ။ လူတချို့ဟာ စိတ်အနေလေးကောင်းပေမယ့် စိတ်အထားမတတ်လို့ လူ့အဖယ်အကျဉ်ခံရတယ်။ ဒီလူကတော့ စိတ်အနေရော စိတ်အထားပါ မကောင်းသူ ယုတ်သူလို့ပေါ်လွင်ပါတယ်။

ဒါနဲ့ မနက်က လက်ခံထားတာကို Unfriend အရင်ပြန်လုပ်(မလုပ်ခင် သူ့ဆီ မက်ဆေ့ဂျ်ပို့ပါတယ်)။ သူ့ဆီကနေ ခင်ဗျားဘာသာ ကြိုက်သလိုလုပ် Block လိုက်လည်း စောက်ဂရုမစိုက်ဘူးဆိုတာနဲ့ Block လိုက်ဖြစ်ပါတယ်။
မျိုးမြင့်ချို
ဖေဖော်ဝါရီ ၄၊ ၂ဝ၂ဝ

(သမတလောင်းလေး ဘုတီဂျဂ်)

0 comments
(သမတလောင်းလေး ဘုတီဂျဂ်)
ဒီမိုကရက်သမတလောင်းလျာ ဇကာတင်ရွေးပွဲ နောက်ဆုံးအဆင့်တော့ မရောက်သေးပါ။ မနေကလုပ်သွားတဲ့ အိုင်အိုဝါ ကောကပ်စ်မှာ ဘာန်းနီဆန်းဒါးစ်နဲ့ ပိတ် ဘူတီဂျဂ် Pete Buttigieg တို့ ၆၂ ရာခိုင်နှူန်းထောက်ခံမှူ အခြေအနေကောင်းနေပါတယ်။ ဒုသမတဟောင်း ဂျိုးဘိုင်ဒန်ကတော့ အခြေမလှဖြစ်နေပါတယ်။ ဘာန်းနီဆန်းဒါးစ်ကတော့ သိသူများသမို့ မပြောတော့ပါ။ ဘုတီဂျဂ်အကြောင်း နည်းပြောပါရစေ။

ကျနော်တို့ အင်ဒီယားနားပြည်နယ်မှာ မြိ့ုတော် အင်ဒီယားနားပိုးလီးစ်ပြီးရင် ဒုတိယအကြီးဆုံးကဖို့တ်ဝိန်းဖြစ်ပြီး တတိယအကြီးဆုံးက South Bend ဖြစ်ပါတယ်။
South Bend မှာ ရိုမန်ကက်သလစ်ဘာသာဝင်အများစုနေထိုင်ပြီး ဖို့တ်ဝိန်းတို့ အင်ဒီယားနားပိုးလီးစ်တို့လောက် Cultural Diversity သိတ်မဖြစ်ပါ။ လူမျိုး သိတ်မစုံပါ။ ဒုက္ခသည်အနေနဲ့ရောက်လာတဲ့ ဗမာပြည်ဖွားတွေဆို မရှိပါ။ Notre Dame လို့ခေါ်တဲ့ တက္ကသိုလ်လည်းရှိပါတယ်။

ကျနော်တို့ ဗမာတွေက နော်တာဒိန်းလို့ထွက်ပေမယ့် အသံထွက်တော့ မမှန်ပါ။ ပြင်သစ်စကားလုံးပါ။ Our Lady လို့အဓိပါယ်ရပါတယ်။ Our Lady က Jesus Christ ရဲ့ မိခင် Mary ကိုပြောတာဖြစ်ပါတယ်။ ဒီ South Bend မှာရှိတဲ့ နော်တာဒိန်းတက္ကသိုလ်က အိုင်းရစ်ရှ်တွေတက်တဲ့ တက္ကသိုလ်ပါ။ ကျန်တဲ့လူမျိုးကျောင်းသားက တကယ့်ကိုအနည်းစုလေးပါ။ ဒီ နော်တာဒိန်းတက္ကသိုလ်ကို အိုင်းရစ်ရှ်မိဘများက သူတို့သားသမီးတွေကို တက်စေ့ချင်ကြတာပါ။
South Bend မှာ ရိုမင်န်ကက်သလစ်ဘာသာဝင်ကအများစုပါ။ ကက်သလစ်ဘာသာဝင်တွေက ကိုယ်ဝန်ဖျက်ချတာတို့ လင်မယားကွဲတာတို့ လိင်တူဆက်ဆံတာတို့ကို ပြင်းပြင်းထန်ထန်ဆန့်ကျင်ပါတယ်။ ခါးခါးသီသီး သဘောထားပါတယ်။

အဲ့ဒီ ကက်သလစ်အများစုနေတဲ့မြိ့ုမှာ ဘုတီဂျဂ် မြိ့ုတော်ဝန်ပါ။ လူလတ်ပိုင်းပါ။ လူချော လူဖြောင့်ပါ။ အမေရိကန်စစ်ပြန်ပါ။ ယောက်ျားချင်း တရားဝင်လက်ထပ်ထိမ်းမြားထားတာပါ။ လိင်တူစုံမက်သူပါ။ ဒီလိုမြိ့ုမှာ သူ မြိ့ုတော်ဝန်ဖြစ်နေတာ အံ့သြစရာလိုဖြစ်နေပါတယ်။
ဘာသာရေးက ဘယ်လိုပဲသွန်သင်သင် ဆုံးမမ၊ လိင်တူဆက်ဆံသူကို ဘယ်လောက်ပဲ ဖယ်ကျဉ်ခိုင်းခိုင်း 

South Bend သားတွေကတော့ ဒါတွေဘေးချိတ်ပြီး သူတို့မြို့တော်ဝန်ကလေးကို သည်းသည်းလှုပ် တခဲနက်ထောက်ခံကြပါတယ်။ ချစ်လည်း ချစ်ကြပါတယ်။ သူကလည်း အမြဲတမ်း ပြုံးပြံုးရွှင်ရွှင် ချိုချိုသာသာနေသူပါ။ ခု သူ သမတလောင်းဝင်အရွေးခံမယ်ဆိုတော့လည်း အကြီးအကျယ်ထောက်ခံပွဲကြီးလုပ်ပြီးကို ထောက်ခံကြတာပါ။
သမတအလောင်းအလျာ ၂ဝ မှာ သူလည်းတယောက်ပါ။ တယောက်ပြီးတယောက် ပြုတ်ပြုတ်သွားလိုက်ကြတာ ခု အိုင်အိုဝါကောကပ်စ်လုပ်တော့ ၄ ဦးကျန်ပါတယ်။ သူက အဲ့ ၄ ဦးအနက်က တဦးဖြစ်ပါတယ်။

ကျနော့်ရော ကျနော့်ဇနီးပါ ဘုတီဂျဂ်ကို သမတဖြစ်စေ့ချင်တာပါ။ ဘာန်းနီဆန်းဒါးစ်နဲ့သူနဲ့ တယောက်ယောက် သမတဖြစ်စေ့ချင်တာမှန်ပေမယ့် သူ့အပေါ်ပိုပါတယ်။ ဇနီးကတောင် အမေရိကန်မှာ အခွင့်အရေးလှုပ်ရှားမှုတွေ တပြိုင်နက်တည်း ဘယ်လိုပေါ်ပေါ် အမျိုးသမီးအခွင့်အရေးက တန်းစီလိုက်ရင် နောက်ဆုံးမှရတာလို့ပြောပါတယ်။

သူပြောချင်တဲ့သဘောက ၁၉၆ဝ-၇ဝ ကာလတွေဟာ အမေရိကန်မှာ လှူပ်ရှားမှူပေါင်းစုံနဲ့ သည်းသည်းလှူပ်နေချိန်ကြီးပါ။ Civil Rights Movement က သြဇာကြီးလွန်းလို့ ကျန်တာတွေ သိတ်မသိသာပေမယ့် ဟစ်ပီတို့ရဲ့ လှုပ်ရှားမှူကတော့ ကမ္ဘာကျော်ခဲ့ပါတယ်။ အဲ့ဒီအထဲမှာ လိင်လွတ်လပ်ခွင့်နဲ့ အမျိုးသမီးလွတ်လပ်ခွင့်လပ်ရှားမှူတွေလည်း ကြီးကျယ်တန်သလောက်ကြီးကျယ်ခဲ့ပါတယ်။ လိင်လွတ်လပ်ခွင့်မှာ လိင်တူချင်း ချစ်ခင်စုံမက်ခွင့် လက်ထပ်ထိမ်းမြားခွင့်လည်း တခုပါပါတယ်။ 

ဒီလိုနဲ့ လူမည်းလို့ခေါ်တဲ့ အာဖရိကန်-အမေရိကန်တွေ နိုင်ငံသားအခွင့်အရေးအပြည့်အဝရလာတယ်။ ခွဲခြားဆက်ဆံမှူမပြုရဥပဒေထွက်လာတယ်။ နောက်ပိုင်း(အိုဘားမားလက်ထက်မှာ)လိင်တူချင်းလက်ထပ်ထိမ်းမြားခွင့် တရားဝင်ဖြစ်လာတယ်။ အမျိုးသမီးလွတ်လပ်ခွင့်တွေလည်း တဖြည်းဖြည်းပိုရလာပါတယ်။ လူမည်းအမျိုးသား သမတဖြစ်လာတယ်။ ခုဆို လိင်တူချစ်သူက သမတလောင်းအဖြစ် လျှမ်းလျှမ်းတောက်နေတယ်။ ပြီးခဲ့တဲ့ရွေးကောက်ပွမှာ အမျိုးသမီးသမတ(ဟီလာရီ ကလင်တန်) ဝင်ပြိုင်ခဲ့ပေမယ့် အရေးနိမ့်ခဲ့ပါတယ်။
ကျနော့်ဇနီး ပြောတဲ့ မိန်းမတွေက နောက်ဆုံးမှအခွင့်အရေးရမှာဆိုတာ အဲ့ဒါပါ။ လူမည်းလည်း သမတဖြစ်ခဲ့ပြီ။ လိင်တူချစ်သူလည်း သမတလောင်းအဖြစ် လျှမ်းလျှမ်းတောက်နေပြီ၊ ဒါတွေပြီးလို့ နောက်တချီအခွင့်အရေးရလာမှာက အမျိုးသမီးသမတဖြစ်လာဖို့ကို သူ မျှော်မျန်းပြီးပြောတာပါ။ အခွင့်အရေးရတာချင်းအတူတူတောင် အမျိုးသမီးလည်သးမတ ဖြစ်တော့ဖြစ်မယ်။ ဒါပေမယ့် ဘုတီဂျဂ်ပြီးမှဆိုတဲ့သဘောပါ။
မျိုးမြင့်ချို၊ ဖေဖော်ဝါရီ ၄၊ ၂ဝ၂ဝ

Tuesday, February 4, 2020

(ဦးနုကို သိန်းဖေမြင့် အတင်းချခြင်း)

0 comments
(ဦးနုကို သိန်းဖေမြင့် အတင်းချခြင်း)
ဝန်ကြီးချုပ်ဟောင်းဦးနုတယောက် ဆေးကုဖို့နဲ့ဗုဒ္ဓဂယာဘုရားဖူးဖို့ဆိုပြီး နေဝင်းမျက်စေ့အောက်က ဖျောက်သွားတာ၊ သူနိုင်ငံရေးမလုပ်တော့ဘူး၊ ဘုန်းကြီးပဲဝတ်တော့မယ်၊ သာသနာပြုလုပ်ငန်းတွေပဲလုပ်တော့မယ်ဆိုပြီး တိုင်းသိပြည်သိကမ္ဘာသိပြောခဲ့တာတွေလည်း လူတိုင်းသိပြီးသားပါ။ ဒါဟာ ပြည်ပထွက်ဖို့ လှည့်ကွက်တခုလည်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် သိတ်မကြာခင်မှာပဲ ဦးလောရုံ(နေရှင်န်းသတင်းစာ ဝင်ဒီလောရုံ ဖခင်) အိန္ဒိယလိုက်သွားပြီးခေါ်တော့ ဘန်ကောက်ရောက်လာပါတယ်။ ဘန်ကောက်ကနေမှ အင်္ဂလန်ကိုသွားတယ်။ ဟိုမှာ သတင်းစာရှင်းလင်းပွဲလုပ်တယ်။ အဲ့ဒီမှာ နေဝင်း အာဏာသိမ်းစစ်အစိုးရကို ဖြုတ်ချဖယ်ရှားရေး၊ ပါလီမန်ဒီမိုကရေစီပြန်လည်ထူထောင်ရေး၊ အာဏာပြန်လည်ရယူရေးအစီအစဉ်တွေကို လူသိရှင်ကြားပြောခဲ့တယ်။
ဒီ့နောက် အမေရိကန်ကိုသွားတယ်။ အမေရိကန်မှာ သူ့အနေနဲ့ ဗမာပြည်ကို ဒီမိုကရေစီနိုင်ငံပြန်ဖြစ်အောင်လုပ်ဖို့ လက်နက်စွဲကိုင်ပုန်ကန်ရန်မှတပါး အခြားမရှိတော့တဲ့အကြောင်း၊ တပ်မတော်တရပ်ထူထောင်တော့မှာဖြစ်ကြောင်း၊ အမေရိကန်ပြည်သူတွေအနေနဲ့ သူ့အပေါ်စာနာ နားလည်ကြဖို့လိုကြောင်းနဲ့ စစ်စားရိတ်ရန်ပုံငွေတွေ ထည့်ဝင်လှူဒန်းကြစေလိုကြောင်း မီဒီယာတွေကနေတဆင့် ပြည်ပတ်ပြီးပြောခဲ့ပါတယ်။ အမေရိကန်အစိုးရကအတွေ့မခံပါ။ နိုင်ငံခြားရေးဝန်ကြီးဌာနက ရှောင်နေပါတယ်။ စီအိုင်အေနဲ့တော့ လျှို့ဝှက်တွေ့ဆုံတာ ရှိကောင်းရှိနိုင်ပါတယ်။
ရန်ပုံငွေကောက်တာနဲ့ပတ်သက်လို့ ဦးနုက ဆန်ဖရန်စစ္စကိုမှာ ဧည့်ခံပွဲတခုပေးရင်း သတင်းစာရှင်းလင်းပွဲလုပ်ပါတယ်။ လူ လေးငါးဆယ်လောက်တက်တယ်။ သတင်းသမားတွေက ရန်ပုံငွေကိစ္စမေးတော့ ရန်ပုံငွေစုစုပေါင်းက ဒေါ်လာ တသန်း လေးသိန်း ခြောက်ထောင်ရပြီလို့ဆိုတယ်။ သူလိုတာက လောလောဆယ်မှာ ဒေါ်လာ ၄ သန်းဖြစ်တယ်။ အဲ့ဒါကိုလည်း အလှူခံပန်ကြားချက်မှာ ဖော်ပြထားပြီးဖြစ်တယ်။ ရန်ပုံငွေကောက်ခံစုဆောင်းပေးတာက ကင်န်းဆပ်မြိ့ုအခြေစိုက် ဒီမိုကရက်တစ်ဖရီးဒမ်းအဖွဲ့ကလုပ်ပေးတာဖြစ်တယ်။ ဦးနုဆီလိပ်မူပြီးရေးတဲ့စာပေါင်း ထောင်ချီလက်ခံရတယ်။ စာအများစုက ဦးနုကို မထောက်ခံကြောင်းစာတွေဖြစ်တယ်။ ဦးနုက ဒီရန်ပုံငွေ တသန်းလေးသိန်းကျော်ဟာ အမေရိကန်ပြည်သူတွေက ထည့်ဝင်ကြတာဖြစ်တယ်။ တချို့တဒေါ်လာထည့်ပြီး တချို့ ဒေါ်လာ ၂၅ဝ အထိထည့်လို့ ဒီလောက်ရတာလို့ဖြေတယ်။
ဒါကို(ဦး)သိန်းဖေမြင့်က အမှန်တကယ်က ဒီငွေတွေကို လုံးကနဲခဲကနဲ ထည့်သွင်းသူတွေရှိတယ်။ ဦးနုက ဒါကို ဖုံးကွယ်ချင်လို့ လူတွေ ဝိုင်းထည့်ကြတာလို့ပြောတာဖြစ်တယ်ဆိုပြီး ရေးတယ်။ ပြီးတော့ အမေရိကန်သန်းကြွယ်သူဌေးကြီးတွေဟာ ဦးနုလိုလူစားတွေကို မုန့်ဖိုးပေးဖို့ အသင့်စောင့်နေကြတယ်။ ပြီးတော့ ရန်ပုံငွေရှာပေးတယ်ဆိုတဲ့ ဒီမိုကရက်တစ်ဖရီးဒမ်းအဖွဲ့ဆိုတာကလည်း စီအိုင်အေလှုပ်ရှားမှုအမျိုးမျိုးထဲက တခုသောလှုပ်ရှားမှုရဲ့ မျက်နှာဖုံးဖြစ်တယ်လို့ပြောတယ်။ အဲ့ဒီအချိန်မှာ အမေရိကန်ပြည်သူတွေဟာ ဗီယက်နမ်မှာ အမေရိကန်စစ်သွားတိုက်နေတာကို အဆုံးသတ်ချင်နေကြပြီ။ ဗီယက်နမ်စစ်ဆန့်ကျင်ရေးတွေ လုပ်နေကြပြီ။ နောက်ထပ် ဗီယက်နမ်အသစ်တွေကိုလည်း မကြားချင်မလိုချင်ကြတော့ဘူး။ တယောက်တဒေါ်လာထည့်ဖို့ နေနေသာသာ ဦးနုပြောတာတောင် နားမထောင်ကြတော့ဘူး။ အမေရိကန်နယ်ချဲ့သမား လက်တဆုပ်စာလောက်ပဲ ဦးနုအပေါ် စိတ်ဝင်စားတယ်လို့လည်း (ဦး)သိန်းဖေမြင့်က ဆက်ပြောပါတယ်။
အဲ့ဒီ ပြန်လမ်းမရှိတော့သောဦးနုဆိုတဲ့စာကိုရေးချိန်မှာ (ဦး)သိန်းဖေမြင့်ဟာ ဗိုလ်နေဝင်းရဲ့ တော်လှန်ရေးကောင်စီခေါ်တဲ့ စစ်အာဏာသိမ်းအုပ်စုကို အစွမ်းကုန် ခခယယ အလုပ်အကြွေးပြုနေချိန်ကြီးပါ။ ဗိုလ်နေဝင်း ကံန်မြူနစ်ပါတီဝင်ခွင့်ရတယ်ဆိုပြီး ရေးထားတာတောင်ပါပါသေးတယ်ဗျား။ ကျနော်ဖတ်ပြီး ပြောချင်တဲ့နေရာလေးကွက်ပြီး ပြန်ပြောပြတာပါ။ ဖတ်ချင်ရင် ပီဒီအက်ဖ်နဲ့ပို့ပေးပါ့မယ်။ မက်ဆော့ဂျ်ဘောက်စ်ကနေ ပို့လို့ရလောက်မယ်ထင်ပါတယ်။ စာမျက်နှာက ၃၂ မျက်နှာပဲရှိတာပါ။
မျိုးမြင့်ချို
ဇန္နဝါရီ ၂၉၊ ၂ဝ၂ဝ

(လုပ်နိုင်စွမ်း ပါးလျားလာတဲ့အခါ)

0 comments
(လုပ်နိုင်စွမ်း ပါးလျားလာတဲ့အခါ)
အရင်ကဆို ကျနော်လည်းဖတ်ပြီး သူများလည်းဖတ်ချင်မယ်ထင်တဲ့စာတွေဆို စာမျက်နှာ သုံးလေးဆယ်လောက်အထိကို စာရိုက်ပြီး ပြန်ပြန်တင်ပေးပါတယ်။ ဒီ့အတွက်လည်း ဝန်တာကြီးတယ်လို့ စိတ်ထဲမရှိတဲ့အပြင် ဖတ်ချင်သူတွေဖတ်ကြရတော့ ကျနော်ကပါဝမ်းမြောက်ရပါတယ်။ ခုတော့ မျက်စေ့က နည်းနည်း စကားပြောလာပါတယ်။ ကျနော် ဒဏ်ရာတွေရတော့ ဘယ်ဘက်မျက်စေ့ထဲကို မိုင်းစ အစသေးသေးတေးတွေ ၈ စ ဝင်ပါတယ်။ မျက်ခွံမှာတော့ အတော်များပါတယ်။ မင်္ဂလာဒုံစစ်ဆေးရုံကြီးမှာ နှစ်ကြိမ်ခွဲပြီး အစတွေထုတ်ပါတယ်။ မစင်ပါ ကျန်သေလာက်ကျန်ပါတယ်။ အမြင် ၉ ဆယ်ရာခိုင်နှူန်းလောက် ကွယ်သွားပါတယ်။ နောက် ထောင်ကျတော့ ထောင်ထဲကနေ အပြင်ထုတ်ပြီး တကြိမ်ခွဲပါတယ်။ အဲ့အကြိမ်မှာ Intra Ocular Lens ထည့်ရပါတယ်။ အမြဲတမ်း ကိုက်နေခဲနေတာမရှိတော့ပေမယ့် အမာရွတ်တွေက မြင်လွှာပေါ်ကွယ်ပြီး သိတ်တော့ ထူးခြားခှတာမရှိပါ။ အမေရိကန်ရောက်တော့ စတုတ္ထအကြိမ်ထပ်ခွဲပါတယ်။ အပြင်ကိုမြင်ရတာ နည်းနည်းပို ကြည်လင်သွားပေမယ့် အမြင်ကတော့ တက်မလာပါ။ ဘယ်မျက်လုံးနဲ့ ဘာစာမှဖတ်မရပါ။ အလင်းအမှောင် သိပါတယ်။ မျက်စေ့ရှေ့ လှုပ်လှုပ် လှုပ်လှုပ် လုပ်ပြရင် လှုပ်ပြတာကိုမြင်ပါတယ်။ ဒီအကြိမ်မှာတော့ အမေရိကန်မျက်စေ့ခွဲစိတ်ကုသမှူဆရာဝန်ကြီးနဲ့ မျက်စေ့ပါရဂူကြီးက ပြောပါတယ် တို့ဆီအခုရှိနေတဲ့ နည်းပညာ ကိရိယာ အတတ်ပညာတွေနဲ့တော့ မင်းမက်စေ့ကို ဒီ့ထက်ကောင်းအောင် မလုပ်နိုင်တော့ဘူး၊ နောက်ဆယ်နှစ်လောက်ကြာလို့ ဆေးပညာမှာ နည်းနာအသစ်တွေ ကိရိယာအသစ်တွေ နည်းပညာအသစ်တွေပေါ်လာရင်တော့ မပြောတတ်ဘူးလို့ပြောပါတယ်။ီတော့ ကျနော်က ကျေးဇူးတင်ကြောင်း တလေးတစားပြောပြီး မျက်စေ့တဘက်တည်းနဲ့လည်း တကမ္ဘာလုံးတော့မြင်ရတာပါပဲလို့ ကိုယ့်ကိုယ်ကိုယ်အားတင်းရင်း ရယ်ရယ်မောမောပြန်ပြောခဲ့ပါတယ်။ ဒီတော့ ဆရာဝန်ကြီး ၂ ယောက်က ဒါတော့ဟုတ်ပါတယ် ဒါပေမယ့် အဲ့တဘက် ထပ်ပျက်သွားရင်တော့ မင်းမြင်ရမယ့်ကမ္ဘာက ဘယ်လိုရှိမလဲတော့ အဲ့အချိန်ကျမှ သိရမှာပဲ ဒီတော့ မျက်စေ့ကိုဂရုစိုက်ပါ တတ်နိုင်သမျှ ချွေချွေတာတာသုံးပါ မထိမိမခိုက်မိအောင်နေပါလို့မှာပါတယ်။ ကျနော် သူတို့ပြောတဲ့အထဲမှာ မထိမိမခိုက်မိအောင်တော့ အတတ်နိုင်ဆုံးကြိုးစားနေပါတယ်။ ချွေတော့သိတ်အချွေတာကြီး မလုပ်ပါ။ ခုတော့ ကျနော့်မျက်စေ့က ကျနော့်ကို ချွေတာခိုင်းနေပါပြီ။ အနီးကြည့်ကလည်း ပါဝါ ၄ ရာ ဖြစ်နေသလို အဝေးကလည်း ၂ ရာဖြစ်လာပါတယ်။ ဘိုင်ဖိုကယ်လ်တပ်ရပါတယ်။ တချက်တချက် ၄ ကြိမ်ခွဲပြီး မမြင်တဲ့ဘက်က စူးစူးပြီးနာပါတယ် နည်းနည်းအောင့်ပါတယ်။ ဒါ့ကြောင့် တချို့ဟာတွေ ကျနော် စာရိုက်ပြီးပြန်ပြန်တင်ချင်ပေမယ့် သိတ်မလွယ်တော့ပါ။ ကျနော် ဆောင်းပါးတွေကို ဓာတ်ပုံအနေနဲ့တင်ရင် ဘယ်သူတင်တင် မဖတ်ပါ။ ဖတ်ရအခက်အခဲရှိပါတယ်။ ဒါ့ကြောင့်ပဲ ကျနော် စာရိုက်ပြီးတင်တာပါ။ တချို့ဆောင်းပါးတွေ တပုဒ်လုံး ဘာသာပြန်ပြီး ကျနော်တင်ချင်ပါတယ်။ ဒါပေမယ့် စိတ်သွားတိုင်း မျက်စေ့မပါတော့ အကျဉ်းသဘောလေးချုပ်ပေးပြီး အကျယ်ဖတ်နိုင်ဖို့ လင့်ခ်ပေးရတာပါဗျား။
မျိုးမြင့်ချို
ဇန္နဝါရီ ၂၉၊ ၂ဝ၂ဝ

(ရေချိန်အလိုက် ဖော်ပြချက်)

0 comments
(ရေချိန်အလိုက် ဖော်ပြချက်)
ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်လို့ အမြင်အမျိုးမျိုး ခံစားချက်အမျိုးမျိုး အသိညာဏ်ရေချိန်အမျိးမျိုးနဲ့ ရေးကြပြောကြတာတွေဖတ်ရပါတယ်။ တချို့ဟာတွေဖတ်ရင်း စိတ်မသက်မသာဖြစ်ရပြီး တချို့ကျ စိတ်မကောင်းဖြစ်ရပါတယ်။ လူ့နှလုံးသားဟာ ဒီလောက်တောင် ခက်ထန်လှချည်ရဲ့လို့ သြချရတဲ့ဟာတွေတောင် ပါပါတယ်။ ကာတွန်းတခုဆို ကိုရိုနာဗိုင်းရပ်စ်အတွက် ဘာတွေပြင်ဆင်ထားလြ....ဖဲထုပ်တွေဝယ်ထားတယ်ဆိုပြီးကို ရေးတာပါ။ အဲ့သလိုမျိုး ပြောဖို့ရေးဖို့မပြောနဲ့ တွေးတောင် မတွေးကောင်း မတွေးကောင်း မတွေးအပ်ဘူးထင်ပါတယ်။ ဗမာပြည်ဟာ တရုတ်ပြည်နဲ့ နယ်စပ်ချင်း မိုင် ၂ ထောင်လောက်ထိစပ်နေတဲ့အပြင် နယ်စပ်ကုန်သွယ်ရေးတွေ အသွားအလာအကူးအလူးတွေလည်း အင်မတန်ထူပြောပါတယ်။ တိုင်းပြည်ဟာ စစ်အုပ်စုနှိပ်စက်လို့ လူလုံးမလှဖြစ်နေတာပါ။ အရာရာမှာ ပတ်ဝန်းကျင်နိုင်ငံတွေထက် အောက်ကျနောက်ကျ မျက်နှာငယ်နေရတာပါ။ အမျိုးဂုဏ် ဇာတိဂုဏ်ဘာညာနဲ့ ဇာတိပုညဂုဏ်မာနတွေလုပ်နေကြတာကလည်း အငုံ့စိတ်တွေ သိမ်ငယ်စိတ်တွေကနေ ပြောင်းပြန် ပြန်ထကြွလာတဲ့စိတ်ရူးပေါက်မှူတခုပါ။ အလွဲမာနတောင် မဟုတ်ပါဘူး။ တက်လာတဲ့အစိုးရကလည်း စစ်အာဏာစစ်သြဇာအောက်ကနေ မရှိမာနနဲ့ ဂုဏ်ခံပြရုံလောက်ပါ။ စစ်ရေးအသုံးစရိတ်တောင်းချင်တိုင်း တောင်းခံသုံးစွဲနေတာကို တားမြစ်နိုင်ဖို့ဝေးစွ ဘယ်လိုသုံး ဘယ်လောက်သုံး ဘယ်လောက်ကျန် စတာတွေကို စာရင်းစစ်ဖို့နေနေသာသာ စာရင်းလေးတောင် တောင်းခံကြည့်ခွင့်မရှိပါဘူး။ စစ်စရိတ်သာ ဘတ်ဂျတ်ထဲကနေမတန်တဆပေးနေရပေမယ့် ပညာရေးနဲ့ကျန်းမာရေးအသုံးစားရိတ်တွေမှာတော့စတိလောက် ယတြာချေရုံသုံးနေရတဲ့သဘောလောက်ပဲရှိတာပါ။ တကယ်လို့ ကူးစက်ရောဂါကြီးတွေ ကပ်ရောဂါကြီးတွေ ပြည်တွင်းကနေဖြစ်လာလို့ပဲဖြစ်ဖြစ် ပြည်ပနိုင်ငံတွေကနေ ကူးစက်လာလို့ပဲဖြစ်ဖြစ် ဖြစ်လာပဟေ့ဆို အလူးအလိမ့်ခံရမှာပါ။ သောက်သောက်လဲ သေကြေပျက်စီးကြရမှာပါ။ ဆင်းရဲချမ်းသာမရွေးခံရတာချင်းတူဦးတောင် တောသူတောင်သားတွေ လူဆင်းရဲ မျက်နှာမွဲတွေက ပိုခံရမှာပါ။ ကမ္ဘာပေါ်မှာပေါ်ခဲ့တဲ့ ပေါ်နေတဲ့ တချို့တချို့သော ကာကွယ်ဆေးကုသဆေးတွေဟာ ခုထိ လူဆင်းရဲအတွက် မဖြစ်သေးတာလည်း လူတိုင်းအသိပါ။ ခုနေ ကိုရိုနာေိုင်းရပ်စ် ဗမာပြည်ရောက်လာရင် ကျန်းမာရေးဝန်ကြီးဌာနအပါအဝင် အစိုးရယန္တယားတွေ၊ စစ်တပ် ရဲ စတာတွေနဲ့တင် ခုခံတိုက်ဖျက်ဖို့လုံလောက်ပါ့မလားကလည်း စဉ်းစားစရာပါ။ လူထုလှူပ်ရှားမှူအသွင် ဖြစ်လာအောင်ကို လှုံ့ဆော်ပြီးကိုလုပ်မှရမယ် ထင်ပါတယ်။ စာမတတ်သူပပျောက်ရေးကို ဗိုလ်နေဝင်းက ဆိုရှယ်လစ်မျက်နှာဖုံးအတွက် ဟန်ပြလောက်လုပ်ခဲ့ပေမယ့် အဲ့အချိန်က အလွှာအသီးသီးကလူတွေ ပညာရှင်တွေ အနုပညာရှင်တွေအကုန်ပေါင်းပြီတွန်းတင်ကြလို့ လူထုလှူပ်ရှားမှူကြီးအထိဖြစ်သွားတာပါ။ ခုလည်း ကိုရိုနာမှမဟုတ် တခြားကူးစက်ရောဂါတွေ ပြည်တွင်းကဖြစ်ဖြစ် ပြည်ပတနိုင်ငံငံကကူးစက်လာတာဖြစ်ဖြစ် လူထုအားကိုယူပြီး လူထုနည်း လူထုလှူပ်ရှားမှူကြီးဖြစ်အောင် လဲံ့ဆော်ပြီး အတူတကွရင်ဆိုင်တိုက်ဖျက်တွန်းလှန်ကြဖို့လိုမယ်လို့ တွေးမိပါတယ်။
မျိုးမြင့်ချို၊ ဇန်နဝါရီ ၃ဝ၊ ၂ဝ၂ဝ

(မျက်စေ့တဘက်သာ ဖွင့်ခိုင်းသူများ)

0 comments
(မျက်စေ့တဘက်သာ ဖွင့်ခိုင်းသူများ)
တရုတ်ပြည်က ကိုရိုနာဗိုင်းရပ်ကိစ္စကို မီဒီယာကြီးတွေမှာ မိုးမွှန်အောင်ရေးသားဖော်ပြနေပေမယ့် ကိုယ့်ပြည်တွင်းက တုပ်ကွေးအကြောင်းတော့ မည်ကာမတ္တလေး ပြောဆိုနေတာတွေကို ဒေသရေဒီယိုတခုက ထောက်ပြဝေဘန်သွားပါတယ်။ သူထောက်ပြတဲ့အထဲမှာ ကိုရိုနာစဖြစ်တဲ့ရက်ကနေ ခုချိန်ထိ ကူးစက်သူနဲ့ သေဆုံးသူအရေအတွက်ဟာ တုပ်ကွေးဗိုင်းရပ်စ်စဖြစ်တဲ့ရက်ကနေ အခုထိ ကူးစက်သူသေဆုံးသူ အရေအတွက်ဟာ ကြောက်ခမန်းလိလိကွားခြားနေတာကို ထောက်ပြတာလည်းပါပါတယ်။ မနေ့ကအထိကို အမေရိကန်မှာ တုပ်ကွေးဗိုင်းရပ်စ်ကြောင့် ဒီတရာသီထဲမှာ သေဆုံးသူ ရှစ်ထောင့်၃ ရာခန့်နဲ့ ကူးစက်နေသု ၁၄ ဒဿမ ၆၉ ဖြစ်နေတာပါတယ်။ သေဆုံးသူတွေအနက် ကလေးငယ်တွေအမြောက်အမြားပါဝင်နေပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကိစ္စကို အမေရိကန်နဲ့ဥရောပအစိုးရတွေ လုပ်နေပြောနေပုံက နိုင်ငံရေးအရထိုးနှက်ဖို့၊ စီးပွားရေးအရ ဖျက်ဆီးဖို့ဆိုတဲ့သဘောက ပိုကဲနေတယ်လို့ ဆိုပါတယ်။ ဇနီးသည်က ဒါကိုနားထောင်ရင်း ကိုယ့်မျက့်စေထဲက ညှောင့်ကြီးကို မမြင်ချင်ယောင်ဆောင်ပြီး သူတပါးမျက်စေ့ထဲကအမှိူက်စကို မြင်နေကြတာပါ။ မရိုးမသားတွေပါလို့ မှတ်ချက်ချပါတယ်။ သတင်းထဲမှာ အီဘိုလာဗိုင်းရပ် ဆားစ်ရောဂါစတဲ့အကြောင်းတွေ အဲ့ဒီတုန်းကလည်း တကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးအရေးပေါ်အခြေအနေကြေညာခဲ့ရတာ နိုင်ငံတကာအကူအညီတွေးပေးရ ယူရတာတွေလည်းပါပါတယ်။ ခုလည်း တရုတ်က နိုင်ငံတကာအကူအညီတွေ အရေးပေါ်ထောက်ပံ့ကယ်ဆယ်မှူတွေ ယူဖို့လိုလိမ့်မယ်လို့ ထောက်ပြသွားပါတယ်။
မျိုးမြင့်ချို
ဖေဖော်ဝါရီ ၁၊ ၂ဝ၂ဝ

(ပထမ ကမ္ဘာစစ်က ဘိုနံမည်)

0 comments
(ပထမကမၻာစစ္က ဘိုနံမည္)
ပထမကမ္ဘာစစ် (၁၉၁၄-၁၈)ဖြစ်တော့ ဗြိတိသျှကိုလိုနီဖြစ်နေတဲ့ဗမာပြည်မှာကလည်း စစ်သားစုဆောင်းရေးလုပ်ပါတယ်။ အခု အီရတ်လို့ခေါ်နေကြတဲ့ မက်ဆိုပိုတေးမီးယားကို ပို့တာပါ။ စစ်တိုက်ဖို့ထက် စစ်ဝန်ထမ်းတပ်အဖြစ် အမှုထမ်းရတာဖြစ်ပါတယ်။ စစ်ထဲလိုက်သွားသူတွေထဲ နောင်မှာ ထင်ရှားလာသူတွေထဲမှာ တရားသူကြီးဦးကျော်မြင့်(နိုင်ငံတော်နှင့်ဦးစော(ဗိုလ်ချုပ်တို့လုပ်ကြံခံရတဲ့အမှု) အမှုမှာ ခုံရုံးဥက္ကဌလုပ်ခဲ့သူ)။ အာဠာဝက သခင်ဖိုးလှကြီး(ထောင့်သုံးရာပြည့် အရေးတော်ပုံ၊ ရေနံမြေသပိတ်ခေါင်းဆောင်)နဲ့ နန်းတော်ရှေ့ဆရာတင်(သီချင်းရေးဆရာ)တို့ဖြစ်ပါတယ်။ စစ်ထဲလိုက်တော့ အင်္ဂလိပ်က ဗမာနံမည်တွေနဲ့လက်မခံဘူးလို့ ဆိုပါတယ်။ ဒီတော့ ဒီ ပုဂ္ဂိုလ်ကြီး ၃ ဦးလည်း ဘိုနံမည်ပြောင်းရမှာပါ။ ဦးကျော်မြင့်ကတော့ ကောလိပ်ကျောင်းတက်နေရင်းနဲ့လိုက်သွားတာဆိုတော့ ဘိုနံမည်ရှိချင်လည်းရှိမယ် မရှိလည်း ပြောင်းရလွယ်မှာပါ။ ဖိုးလှကြီးက သူ့ဆရာဘုန်းတော်ကြီးက စစ်အတွေ့အကြုံရအောင်တိုက်တွန်းလို့ ဝင်ဖြစ်သွားတာဆိုတော့ ခေတ်ကျောင်းသားမဟုတ်တဲ့အပြင် ဘိုနံမည်ရှိစရာအကြောင်းပါ မရှိပါ။ သူ့အထုပ၌တ္တိမှာလည်း ဘိုနံမည်ရှိကြောင်းမတွေ့ရပါ။ နန်းတော်ရှေ့ဆရာတင်လည်း ဘိုနံမည်ရှိခဲ့ဖူးတယ်လို့ မကြားမိဖူးပါ။ ဒီပုဂ္ဂိုလ်ကြီး ၃ ဦးရဲ့ စစ်အတွင်းက ဘိုနံမည်တွေကို သိသူများပြောပြပါခင်ဗျား။
မျိုးမြင့်ချို
ဖေဖော်ဝါရီ ၂၊ ၂ဝ၂ဝ

(ချစ်သူ့မြေဇာ)

0 comments
(ချစ်သူ့မြေဇာ)
လူသေတွေကို မြေလည်း မမြှုပ် မီးလည်းမသဂြိုပဲ စနစ်တကျ စီရင်သတ်မှတ်ထားတဲ့ Composite တခုခုမှာ မြေဆွေးဖြစ်တဲ့အထိထားပြီး မြေသြဇာအဖြစ် ပြန်လည်အသုံးပြုရေးကိစ္စဟာ မကြာတော့မယ့်အနာဂတ်မှာ ဥပဒေအဖြစ်နဲ့ထွက်လာစရာရှိပါတယ်။ ဥပဒေဖြစ်လာတဲ့အခါ နည်းဥပဒေတွေ လုပ်ထုံးလုပ်နည်းအသေးစိတ်တွေ ပါလာမှာပါ။ ဥရောပနဲ့အနောက်ဘက်မှာ သင်္ဂျိုင်းမြေတွေ လူသေပြည့်လို့ထပ်မြှုပ်စရာမရှိတော့ရင် မမြှုပ်တော့ပေမယ့် သင်္ဂျိုင်းဟောင်းအဖြစ် ထိန်းသိမ်းရပါတယ်။ မဖျက်ရပါဘူး။ ဒါ့ကြောင့် တချိန်တုန်းက မြိ့ုတမြိ့ုတည်စက မြိ့ုစွန်ဖြစ်ဟန်ရှိခဲ့ပေမယ့် ခု မြိ့ုလယ်ကောင်ဖြစ်တဲ့နေရာတွေမှာ သင်္ဂျိုင်းဟောင်းတွေ မြင်နေရတာပါ။ လူသေတော့ထပ်မမြှုပ်တော့ပါဘူး။
လူတွေက အချိန်တိုင်း မွေးနေ သေနေတာဆိုတော့ သင်္ဂျိုင်းသစ်တွေလည်း အချိန်နဲ့အမျှ အသစ်တည်နေရတာပါ။ သင်္ဂျိုင်းဟောင်းလည်း မဖျက်၊ အသစ်ကလည်းတည်ဆိုတော့ ဒီအတိုင်း တသမတ် ဆက်သွားရင် နောင် ဘယနှနှစ်လောက်ကြာတဲ့အခါ ကမ္ဘာပေါ်မှာ သင်္ဂျိုင်းမြေတွေ ဘယ်လောက်များနေမလဲ၊ မြိ့ုပြတွေမှာ သင်္ဂျိုင်းမြေက ဘယ်လောက်ဖုံးလွှမ်းနေမလဲက မပြောတတ်ပေမယ့် နေရာတကာ သင်္ဂျိုင်းဟောင်းမြေတွေတော့ ရှိနေမှာသေချာပါတယ်။ သင်္ဂျိုင်းဟောင်းမြေဆိုတော့ လူနေဖို့ စက်ရုံအလုပ်တွေ ဟိုတယ်လ်တွေဘာတွေဆောက်ဖို့မပြောနဲ့ ဖျက်တောင်မဖျက်ဆိုတော့ မြေတွေ အလဟသသဘောဖြစ်နေမှာ မနည်းပါဘူး။
ခု အမေရိကန်မှာ(အထူးသဖြင့် လူနေအလွန်ထူထပ်တဲ့ ကလ်ဖိုးနီးယားတို့လို)ဒေသတွေမှာ အပေါ်က ကျနော်ပြောခဲ့တဲ့ လူမြေဆွေးလုပ်မယ့်ကိစ္စကို အလေးပေးစဉ်းစားနေကြပါပြီ။ ပြည်နယ်အဆင့် လွှတ်တော်တွေမှာ ဆွေးနွေးနေကြကြပါပြီ။ သိတ် အကြိတ်အနယ်မဟုတ်သေးတာနဲ့ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်မလာသေးလို့ လူအသိနည်းနေသေးတာပါ။ ဒါကို လူတွေ ပိုသတိပြုမိလာအောင် အာရုံစိုက်လာအောင် ပညာပေးမှူတွေ အသိဝေမျှတာတွေ ဆွေးနွေးတာတွေတော့ လုပ်နေပါတယ်။ ပိုလည်း များလာစိတ်လာပါတယ်။
ပညာပေးစာစောင်တခုမှာဆိုရင် ကိုယ့်ချစ်သူရဲ့အသွေးအသား ဇီဝမြေသြဇာနဲ့ ချစ်သူ့ဥယျဉ်လေးလုပ် ချစ်သူ့အချစ်ပြေ အလွမ်းပြေ ပန်းပင်လေးတွေစိုက်ဖို့၊ အဲ့ဒီ ချစ်သူ့ဥယျဉ်နဲ့ ချစ်သူ့မာလာလေးကထွက်မယ့်ရနံ့မှာ ချစ်သူ့အငွေ့အသက်လေးတွေ ကိုယ်သင်းနံ့လေးတွေပါ ရနေမှာပါလို့ဆိုထားပါတယ်။ (မျိုးမြင့်ချို) ဖေဖော်ဝါရီ ၂၊ ၂ဝ၂ဝ

(ဘာလို့ ဒါကိုဖျောက်တာလဲ)

0 comments
(ဘာလို့ ဒါကိုဖျောက်တာလဲ)
ဒုတိယကမ္ဘာစစ်ကြီးကို အကြောင်းပြုပြီး အင်္ဂလိပ်အခက် ဗမာအချက်ဆိုတဲ့စကား အရင်ဆုံးစပြောတာ နန်းရင်ဝန်ဟောင်း ဒေါက်တာဘမော်ဖြစ်တယ်လို့ မှတ်သားဖူးပါတယ်။ ဂဠုန်စောလည်း သံယောင်လိုက်ပေမယ့် ဒေါက်တာဘမော်လောက်တော့ ကြိတ်ကြံတာမျိုးမရှိပါ။
အဲ့အချိန်မှာ တို့ဗမာသခင်တွေဆီက နယ်ချဲ့စစ်ကို ပြည်တွင်းစစ်အဖြစ်ပြောင်းပစ်ဆိုတဲ့ ကြွေးကြော်သံထွက်နေတာဖြစ်ပါတယ်။ သဘောက ကိုယ့်ကို ကျွန်လုပ်ထားတဲ့ ဗြိတိသျှက နယ်ချဲ့အရင်းရှင်၊ ဂျာမဏီ၊ ဂျပန်စတာတွေက ဖက်ဆစ်နယ်ချဲ့။
နယ်ချဲ့နယ်ချဲ့ချင်းကြတဲ့အခါ ဗမာပြည်က ဘယ်နယ်ချဲ့ဘက်ကမှမပါပဲ နယ်ချဲ့စစ်ကြီးဖြစ်ပဟေ့ဆိုတာနဲ့ ရရာလက်နက်စွဲကိုင်ပြီး ဗြိတိသျှနယ်ချဲ့ကိုပြည်တွင်းကနေ ချကြဖို့ပါ။
အဲ့အချိန်က ဗမာပြည်ဟာ ကိုလိုနီနိုင်ငံဆိုတော့ ကိုယ့်မှာ စစ်တိုက်ဖို့ရော စစ်ကနေရှောင်နေဖို့ရော ဘာမှဆုံးဖြတ်ခွင့်မရှိသလို ဘာတာဝန်မှလည်းမရှိပါ။ အင်္ဂလိပ်နဲ့ဖြစ်တဲ့စစ်ဆိုတော့ သူပါရင်ကိုယ်လည်းပါရမှာပါ။
ဒါကို တို့ဗမာသခင်တွေက ငြင်းဆန်တာပါ။ သူပါတိုင်း ကိုယ်မပါနိုင်ဘူး။ မပါတဲ့အပြင် သူ့ကိုပါ ပြည်တွင်းကနေပြန်တိုက်မယ်။ သူနဲ့ပြည်တွင်းစစ်ဖြစ်မယ်လို့ ကြုံးဝါးတာပါ။ နယ်ချဲ့သမားကို ပြည်တွင်းကနေပြန်ခံတိုက်မယ့် ပြည်တွင်းကစစ်နဲ့ ပြန်တိုက်ရေးပါ။
ဒီနေရာမှာ ပြည်တွင်းစစ်ဆိုလို ခု နှစ် ၇ ဆယ်ကျော်ဖြစ်နေတဲ့ ဗမာပြည် ပြည်တွင်းစစ်နဲ့ မထွေးသွားဖို့တော့ လိုပါလိမ့်မယ်။ တို့ဗမာသခင်တွေ အဲ့အချိန်က ကြွေးကြော်ခဲ့တဲ့ပြည်တွင်းစစ်ဆိုတာက နယ်ချဲ့သမားဖန်တီးတဲ့စစ်နောက်ကိုပါမသွားတဲ့အပြင် ပြည်တွင်းကနေပါ နယ်ချဲ့ဆန့်ကျင်တဲ့စစ် တနည်းပြောရရင် ပြည်တွင်းစစ်အဖြစ်ပြောင်းလဲပစ်ဖို့ပါ။
ဒါပေမယ့် ဒေါက်တာဗမော်နဲ့ သခင်လူငယ်တွေပေါင်းမိပြီး ဗမာ့ထွက်ရပ်ဂိုဏ်းဖြစ်လာတော့ နယ်ချဲ့စစ်ကို ပြည်တွင်းစစ်အဖြစ်ပြောင်းပစ်ကြ ဆိုတဲ့ကြွေးကြော်သံ လုံးဝနီးနီးပျောက်သွားပြီး အင်္ဂလိပ်အခက် ဗမာအချက်ကြွေးကြော်သံ ရှေ့တန်းရောက်လာတာပါ။
တချို့ဆိုရင် နယ်ချဲ့စစ်ကို ပြည်တွင်းစစ်အဖြစ်ပြောင်းပစ်ကြဆိုတာ ကြားတောင်မကြားဖူးပါဘူး။ မကြားဖူးလို့ အပြစ်ပြောစရာမရှိပါဘူး။ မရှိရတာက သမိုင်းသင်ရိုးညွှန်းတမ်းတွေနဲ့ သမိုင်းစာအုပ်တွေမှာ ဒီအကြောင်းကို ဖြစ်နိုင်သမျှမဖော်ပြရေး ဖြစ်နိုင်ရင် လုံးဝဖယ်ထားရေးရှိခဲ့လို့ပါ။
ဒါကိုဖော်ထုတ်လိုက်ရင် နောက်ကလိုက်လာမယ့် အင်းစိန်စစ်တမ်း မြင်းခြံစစ်တမ်းတွေပါ မခြွင်းမချန်ပြောရဆိုရ ဆွေးနွေးရ သင်ကြားရ ပြဌာန်းရတော့မှာမို့လိုပါ။
ကျနော်တို့ သမိုင်းကို လေ့လာကြပါတယ်။ ဆရာသန်းထွန်းပြောသလို မ အ အောင်လို့ပါ။ ကျနော်တို့ အ ရင် ကျနော်တို့နောက်ကမျိုးဆက် န သွားမှာပါ။ အဲ့ဒီနောက်ကမျိုးဆက် နုံသွားမှာပါ။ ကျနော်တို့ မ အကြ မနကြ မနုံကြဖို့ပါ။
(မျိုးမြင့်ချို)
ဖေဖော်ဝါရီ ၃၊ ၂ဝ၂ဝ

Sunday, February 2, 2020

(ဗစ်တိုးရီးယားကို နိုင်ငံရေး လုပ်လို့ရ မရ)

0 comments
(ဗစ်တိုးရီးယားကို နိုင်ငံရေး လုပ်လို့ရ မရ) 
ထောင်ထဲနေတုန်းက သတင်းတခုခု ထူးထူးခြားခြားကြားပလားဟေ့ဆိုရင် သူ့ထက်ငါ အပြိုင်အဆိုင် ထင်မြင်ချက်ပေးတာမျိုး မှတ်ချက်ချတာမျိုး ကောက်ချက်ဆွဲပြတာမျိုး လူတော်တော်များများ လုပ်လေ့ရှိကြပါတယ်။
ဒီလိုလုပ်ရတာကလည်း နိုင်ငံရေးသမားတွေ တက်ကြွလှုပ်ရှားသူတွေ နိုင်ငံရေးမှုနဲ့ကျလာသူတွေကြားထဲလောက်မှာပဲ ဖြစ်တာပါ။ ရာဇဝတ်မှုတွေကတော့ နိုင်ငံတော် ဘယ်တော့လာမလဲဆိုတာဘဲ မျှော်ပါတယ်။ နိုင်ငံတော်ဆိုတာက အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ကို ပြောတာပါ။
စောစောကပြောခဲ့သလို သတင်းတွေကြားပြီး ထင်မြင်ချက်တွေပေး ကောက်ချက်တွေချလို့ပြီးပလားဆို နိဂုံးချုပ်မှတ်ချက်ကလေးကတော့ ပါရစမြဲပါပဲ။ အဲ့ဒါကတော့ Wait and See စောင့်ကြည့်ရဦးမှာပေါ့ ဆိုတဲ့သဘောပါ။ စောင့်ကြည့်ရမှာဆိုတာက ကိုယ်ဝင်မလုပ်နိုင်သေးဘူးဆိုတဲ့အနက်က ပါပြီးသားပါ။
ပြင်ပနိုင်ငံရေးနဲ့ ကင်းကွာပြီး မျက်ခြေပြတ်သွားအောင် ကျနော်တို့ကိုလုပ်ထားတော့ လူကိုယ်တိုင် အကောင်လိုက်ကြီးတွေ ဝင်မပါနိုင်တာမှန်ပေမယ့် ကျနော်တို့ အထဲကနေ လှမ်းထည့်ဝင်ပေးခဲ့တာတွေ မနည်းမနောရှိခဲ့တာ အဲ့ဒီကာလ ဖြတ်သန်းခဲ့သူတိုင်း သိကြပါတယ်။
ကျနော်တို့ အထဲမှာ တခါတလေ ငုတ်တုတ်ထိုင်နေရတယ်။ ဘာမှ လုပ်မရအောင် လုပ်ထားတယ်။ ဘယ်လောက်ထိ လုပ်မရအောင်လဲဆိုရင် ၁၂ ပေ ၈ ပေ အခန်း တခန်းတည်း လူ လေးငါးယောက်ထည့် တနေ့ကို ၂၃ နာရီနဲ့ ၁၅ မိနစ်လောက်ပိတ် တယောက်နဲ့တယောက် စကားပါပြောမရအောင် လုပ်ထားတာမျိုးအထိ အလုပ်ခံရတာတွေရှိပါတယ်။
အဲ့သလိုလုပ်ထားလို့ ကျနော်တို့ ဘာမှလုပ်မရတာတော့ မဟုတ်ပါ။ ကျနော်တို့ အထဲမှာရှိနေတယ်။ ကျနော်တို့ကို အဲ့သလိုလုပ်ထားတယ်။ ကျနော်တို့ ငုတ်တုတ်ထိုင်နေကြရတယ်။ ဒါကို ပြည်တွင်းပြည်ပကသိတယ်။ သိအောင် ကျနော်တို့ လုပ်တယ်။ အဲ့သလို ငုတ်တုတ်ထိုင်နေရတာကိုက အလုပ် လုပ်နေတာဖြစ်ပါတယ်။
ကျနော်တို့ ကိုယ်တိုင်တော့ ထမလုပ်ဘူး။ ဒါပေမယ့် သူတို့ကိုအလုပ်ပေးထားတယ်။ သူတို့ လုပ်နေရတယ်။ ရှင်းနေရတယ်။ ငြင်းနေရတယ်။ ဖုံးနေဖိနေ ကာကွယ်နေရတယ်။ လိမ်နေညာနေရတယ်။ သင်္ကာရှင်းနေရတယ်။ လူတကာကို ရန်လိုက်ထောင်နေရတယ်။ ပါးစပ်လိုက်ပိတ်နေရတယ်။ ဒါကို လူတွေသိတယ်။ ဒါ့ကြောင့်ပဲ သူတို့ကို လူထုက ပိုဆန့်ကျင်ပါတယ်။
နိုင်ငံရေးဆိုတဲ့သဘောက ကိုယ်က လုပ်နိုင်ရပါတယ်။ ကိုယ် မလုပ်နိုင်ရင် သူ့ကို အလုပ်ပေးထားနိုင်ရပါတယ်။ ကိုယ်လည်း မလုပ်နိုင် သူ့လည်း အလုပ်မပေးထားနိုင်ဘူးဆိုရင်တော့ ဒါ နိုင်ငံရေးမဟုတ်တော့ပါဘူး။
ခု ဗစ်တိုးရီးယားအမှုကို စဖြစ်ချိန်ကတည်းက သမ္မတရုံးက အနီးကပ်စောင့်ကြည့်နေတယ် ပြောပါတယ်။ ခုလည်း စောင့်ကြည့်နေတုန်းလို့ ပြောပါတယ်။ ဗစ်တိုးရီးယားအမှုကို ဘယ်သူကမှ နိုင်ငံရေးဖြစ်အောင် လုပ်တာမတွေ့ရပါ။ ဥပဒေကိစ္စ တရားဥပဒေစိုးမိုးရေးကိစ္စအဖြစ်ထားပြီးပဲ လုပ်နေကိုင်နေ ပြောနေဆိုနေကြလို့ ဒီအမှုဟာ ဒီလိုဖြစ်ရသလားက တွေးချင်စရာပါ။
ဒီအမှုကို နိုင်ငံရေးဖြစ်အောင် မလုပ်ကြလို့ သမ္မတရုံးက စောင့်ကြည့်နေတယ် အနီးကပ်စောင့်ကြည့်နေတယ်ဆိုရုံနဲ့ လူထုကို တိုင်းပြည်ကို မဟုတ်မမှန် လုပ်ကြံစွပ်စွဲခံရသူကို နစ်နာခဲ့ရသူကို ချွေးသိပ်ထားနိုင် အချိုသပ်ထားနိုင်နေတာလို့ မြင်ပါတယ်။
ဒီနေရာမှာ နိုင်ငံရေးဆိုတာကို နည်းနည်းရှင်းပါရစေ။ နိုင်ငံရေးလို့ပြောလိုက်ရင် လူအများစိတ်ထဲမှာ အစိုးရနဲ့ဆန့်ကျင်ဘက်လုပ်တာ အတိုက်အခံလုပ်တာလောက်ပဲ တွေးတတ်သူတွေရှိပါတယ်။ တိုင်းပြည်မှာ မတရားမှုတခုခုဖြစ်နေတဲ့အခါ လူထုဘက်ကနစ်နာနေတဲ့အခါ အစိုးရကို လူထုဘက်ပါလာအောင် လူထုနဲ့အလုပ်အတူတွဲလုပ်လာအောင် စည်းရုံးသိမ်းသွင်းယူရတာလည်း နိုင်ငံရေးပါ။ မတရားမှု မမျှတမှုတခုအတွက် လုထုနဲ့အစိုးရ ပူးပေါင်းလုပ်ကြကိုင်ကြ အတူရင်ဆိုင်ဖြေရှင်းရတာလည်း နိုင်ငံရေးပါ။ ရန်ဘက်လက္ခဏာမဆောင်တဲ့နိုင်ငံရေးပါ။
အစိုးရကို ဖျောင့်ဖြနားချ စည်းရုံးသိမ်းသွင်းတဲ့နေရာမှာလည်း အစိုးရကိုယ်တိုင်က သူ့ကိုဆန့်ကျင်နေတာ မဟုတ်ပါလား၊ သူ့ကို ဒီမတရားမှုမှာ လူထုဘက်ကရပ်စေချင်တာပါလား၊ အာဏာရဲ့အကာအကွယ်အောက်ကနေ အမှန်တရားဖော်ထုတ်ပြီး တရားမျှတမှုကို လူထုနဲ့အတူလက်တွဲဖော်ဆောင်ရမှာပါလား ဆိုတဲ့အသိမျိုးဝင်လာအောင် ပါးပါးနပ်နပ်သိမ်သိမ်မေ့မွေ့လုပ်ရမှာပါ။ ဒါဆို အစိုးရအနေနဲ့ စောင့်ကြည့်နေပါတယ်လောက်မှာ ရပ်ထားလို့မရပါ။
တခါတလေမှာ ဥပဒေရေးရာကိစ္စနဲ့နိုင်ငံရေးဟာ သပ်သပ်စီဖြစ်ပေမယ့် အခါများစွာမှာ ဒွေးရောယှက်တင်ဖြစ်နေတာပါ။ ခုဗစ်တိုးရီးယားအမှုက အဲ့သလိုဖြစ်နေတာပါ။ ဒါကို လူထုဘက် နစ်နာသူဘက် ဥပဒေဘက်တော်သားတွေဘက်က နိုင်ငံရေးဖြစ်လာအောင်မလုပ်လို့ အာဏာပိုင်တွေက ဥပဒေအထက်တက်နေပြီး တိုင်းပြည်ကို မထေမဲ့မြင်လုပ်လို့ရနေတာပါ။
သမ္မတရုံးက စောင့်ကြည့်နေတယ်ဆိုတာကလည်း ဘာမှမလုပ်နိုင်တဲ့အခြေဆိုက်နေလို့ ထောင်ထဲမှာ ကျနော်တို့ပြောသလို Wait and See နဲ့ဆင်နေသလား၊ အုပ်ချုပ်ရေးအာဏာ အမြင့်ဆုံးပိုင်ထားတဲ့သမ္မတကိုယ်တိုင်က ဘာမှမတတ်နိုင်ဘူးဆိုတဲ့သဘောလားကလည်း စောကြောစရာမှန်ပေမယ့် လူထုဘက်က နိုင်ငံရေးဖြစ်အောင်လုပ်နိုင်ရင် သူ့ကိုအလုပ်ပေးနိုင်ရင် သူလည်း တခုခု ပြတ်ပြတ်သားသားလုပ်ဖို့ တတ်ကိုတတ်နိုင်မှာပါ။ သူလည်း အလုပ်ရသွားမှာပါ။
လူထုဘက် တိုင်းပြည်ဘက် နစ်နာသူဘက် တရားဥပဒေဘက်တော်သားတွေဘက်ကလည်း ဒီအမှုကို နိုင်ငံရေးဖြစ်အောင်မလုပ်နိုင်လို့ ကိုယ်လည်းမလုပ်နိုင် သူ့လည်းအလုပ်မပေးနိုင်ဖြစ်ရတာလားကလည်း စဉ်းစားစရာပါ။ လူထုဘက်က နိုင်ငံရေးဖြစ်အောင်လုပ်နိုင်ရင် အုပ်စိုးသူတွေဘက်က စောင့်ကြည့်နေပါတယ် အနီးကပ် ဆက်လက်စောင့်ကြည့်နေပါတယ်လောက်နဲ့ မေ့မေ့ပျောက်ပျောက်လုပ်ထားလို့ ချွေးသိပ်အချိုသပ်ထားလို့ မရပါ။ တခုခုတော့ သိသိသာသာ ထင်ထင်ရှားရှား လုပ်ကိုလုပ်ရမှာပါ။ အရေးတယူရှိကိုရှိရမှာပါ။
ကျနော့် အမြင်မှာတော့ ဗစ်တိုးရီးယားအမှုကို နိုင်ငံရေးဖြစ်အောင်မလုပ်နိုင်လို့ ကိုယ်လည်းဘာမှမလုပ်နိုင် သူ့လည်း ဘာအလုပ်မှမပေးနိုင်ပဲ စောင့်ကြည့်နေပါတယ်နဲ့ အချိုသပ်ခံနေရတာလို့ မြင်ပါတယ်။
မျိုးမြင့်ချို
ဖေဖော်ဝါရီ ၂၊ ၂ဝ၂ဝ

(တလျှောက်လုံး ကောင်းပေမယ့်)

0 comments

(တလျှောက်လုံးကောင်းပေမယ့်)
ဂျီစီဘီအေ ၉ ဂိုဏ်းအထိကွဲသွားတာ သိသူများပါတယ်။ နောက်ပိုင်းမှာ ဂျီစီဘီအေအကွဲ ၄ ခုနဲ့ ၂၁ ဦးပါတီ့ပေါင်းပြီး ၅ ပွင့်ဆိုင်က ၉၁ ဌာနအုပ်ချုပ်ရေးကိုအသက်သွင်းဖို့ အသည်းအသန်ကြိုးစားပါတယ်။ အဲ့သလိုကြိုးစားရာမှာ တကယ့် Master Mind တွေထဲမှာ ဦးဘဖေတို့ မန္တလေးဦးဘရွှေတို့ပါပါတယ်။ သူတို့က ကုန်းဘောင်ဆက်မင်းသားကြီး ထိပ်တင်ဝကို ငါးပွင့်ဆိုင်မှာဥက္ကဌတင်သလို ညီညွတ်ရေးဆိုတာကိုဗန်းပြပြီး အိန္ဒိယကနေပြန်ရောက်လာတဲ့ ဆရာတော်ဦးဥတ္တမကိုလည်း သွေးဆောင်ပင့်ခေါ်ယူခဲ့တာပါ။ ဆရာတော်ဦးဥတ္တမ ငါးပွင့်ဆိုင် ငို့ဘသမားကြီးတွေနဲ့ပေါင်းပြီး ၉၁ ဌာနအုပ်ချုပ်ရေးကို အလုပ်အေကျွေးပြုသွားတာကို အဲ့ဒီကာလက တိုးတက်တဲ့အမြင်ရှိသူတွေက မကြိုက်ကြပါ။ ဒါပေမယ့် ဦးဥတ္တမရဲ့ အတိတ်ကအရှိန်အဝါနဲ့သြဇာကြောင့် ဘယ်သူမှ တိတိလင်းလင်း လူသိရှင်ကြား ပြစ်တင်ရှုတ်ချတာမလုပ်ခဲ့ပေမယ့် ကျောင်းသားခေါင်းဆောင်မောင်နု (နောင် ဝန်ကြီးချုပ် ဦးနု)ကတော့ သမဂ္ဂစင်မြင့်ကနေ ဖော်ထုတ်ရှုတ်ချခဲ့တာရှိပါတယ်။ ဦးဥတ္တမကိုယ်တော်ကြီးရဲ့ ဒီနိုင်ငံရေးရပ်တည်ချက်ကို ဖေါက်ပြန်တဲ့လုပ်ရပ်အဖြစ် သူပျံလွန်တော်မူပြီးမှ ဟိုကဒီကပြောကြဆိုကြတာပါ။ ဦးဥတ္တမကိုယ်တော်ကြီးက နိုင်ငံရေးသမားတွေကို၊ တိုင်းပြည်ကိုညီညွတ်စေချင်တဲ့စေတနာရိုး အမှန်တကယ်ရှိမယ်ဆိုတာ သံသယဖြစ်စရာမရှိပေမယ့် နယ်ချဲ့အလိုတော်ရိ စားဖား ငို့ဘနိုင်ငံရေးသမားကြီးတွေနဲ့ပေါင်းမိသွားပြီး လမ်းလွဲသွားခဲ့တာပါ။ သူ့ ရှေ့ကလုပ်ခဲ့သမှ တော်ခဲ့သမျှ ကောင်းခဲ့သမျှတွေပါ သွားထိခိုက်တာပါ။ ၉၁ ဌာနအုပ်ချုပ်ရေးကို တိုက်ဖျက်နေတဲ့ အလုပ်သမား လယ်သမား ကျောင်းသားနဲ့ ပြည်သူတွေဘက်မှာသာရပ်ပြီး တိုင်းပြည်ညီညွတ်ရေးကိုလုပ်ခဲ့မယ်ဆိုရင် ရှေ့က တလျှောက်လုံး သူ လုပ်ခဲ့ကိုင်ခဲ့ ပြောခဲ့ဆိုခဲ့ ရပ်တည်တိုက်ပွဲဝင်ခဲ့တာတွေနဲ့ကိုက်ညီပြီး သူ့နိုင်ငံရေးနိဂုံးကမ္မတ် အဆုံးသတ်ဟာ ခုဖြစ်ခဲ့သလိုဖြစ်ချင်မှဖြစ်မှာပါ။ တရားပွဲတပွဲကို(အဲ့ဒီအချိန်က ပိုက်ဆံနဲ့)တထောင် ပူဇော်လှူဒန်းကြတာပါ။ အဲ့သလောက် ဘုန်းကြီးသြဇာကြီးခဲ့လို့လည်း ခရီးတွေဒီလောက်သွားနိုင် နိုင်ငံရေးတွေ ဒီလောက်တွင်တွင်ကျယ်ကျယ် လုပ်သွားနိုင်ခဲ့တာပါ။ အဲ့ဒီခေတ်က နိုင်ငံတကာအတွေ့အကြုံနဲ့ ဗဟုသုတအစုံလင်ဆုံးပုဂ္ဂိုလ်တွေထဲက တယောက်ပါ။ ကိုယ်တော်ကြီးရဲ့ ပျံလွန်တော်မမူခင်ကာလတွေအကြောင်း ကျနော်တို့ တဆင့်ကြားရ ဖတ်ရပြုရမှတ်သားရတာတွေဟာ စိတ်မကောင်းစရာ စိတ်ထိခိုက်စရာပါ။ ပျံလွန်တော်မူခါနီးမှာ တကယ့်ကို ဆင်းရဲသွားရှာပါတယ်။ စိတ်ကလည်းဖေါက်ပြန်ပြီး အရူးကြီးတယောက်လို လမ်းတကာလျှောက်သွား ဟိုဟာကောက် ဒီဟာကောက်၊ ဖိနပ်မပါ ထီးမပါ၊ သင်္ကန်းကလည်း ညစ်ထေးစုတ်ပြတ်၊ ပါးစပ်ကလည်း ဗျစ်တောက်ဗျစ်တောက်နဲ့ တွေ့ကရာဆိုင်မှာ စားစရာတွေအလှူခံပြီး ဘုဉ်းပေးရင်း ဆင်းဆင်းရဲရဲအသက်တော်ဆက်နေရတာပါ။ နောက်ဆုံး ရန်ကုန်မှာရှိတဲ့ ရခိုင်ရဟန်းတော်တွေက စောင့်ရှောက်မယ်လို့ဆုံးဖြတ်ပြီး ခေါ်ယူစောင့်ရှောက်ကြတာပါ။ တချိန်က သူ့ကို အသုံးချပြီး ဝန်ကြီးဝန်ကလေးတွေဖြစ်နေတဲ့ ငါးပွင့်ဆိုင်အဖွဲ့ကိုလည်း ရခိုင်ရဟန်းတော်တွေက ရှုတ်ချပြစ်တင်ခဲ့ကြပါတယ်။ အဲ့သလို ဆေးဝါးကုသခံပြီးနေရင်းကနေပဲ ၁၉၃၉ ခု၊ စက်တင်ဘာ ၉ ရက်နေ့မှာ ပျံလွန်တော်မူပါတယ်။ ဖွားမြင်တာက ၁၈၈ဝ ပြည့် ဒီဇင်ဘာ ၂၈ ပါ။
မျိုးမြင့်ချို
ဖေဖော်ဝါရီ ၁၊ ၂ဝ၂ဝ

မှိုင်းနှင့် ဗန်းမော်တင်အောင် မောင်မောင်အေး (စစ်ကိုင်း)

0 comments
မှိုင်းနှင့် ဗန်းမော်တင်အောင် မောင်မောင်အေး (စစ်ကိုင်း)
ဗန်းမော်တင်အောင်သည် စစ်ပြီးခေတ်တွင် ထင်ရှားလာသော စာရေး ဆရာတစ်ယောက်ဖြစ်သည်။ ကျွန်တော်တို့သည် သူ၏ ပြောင်မြောက် လှသော စကားလုံးများကို သဘောကျသည်။ နှစ်သက်စွဲလမ်းခဲ့ကြသည်။ ဘုန်းမောင် တစ်ယောက်ထဲ(တည်း)ရယ်၊ လွမ်းရစ်တော့ သက်လှယ်ရယ်၊ ရေမြေဆုံးစေ တော့ကွယ်၊ ဆန့်ကျင်ဘက်၏ သမီးပျို။ ကျွန်တော်တို့ကို ဗန်းမော်တင်အောင် ဝတ္ထုများက ညှို့ယူဖမ်းစား ထားသည်။ ကျွန်တော်တို့ ကျောင်းသားလူငယ်စာ ဖတ်ပရိသတ်က ဗန်းမော်တင်အောင်ပရိသတ်။
ကျွန်တော်စာဖတ်စအရွယ်က ဝတ္ထု(ရသစာပေ)တို့ တော်လှန်ရေးစာပေတို့ ခေတ်စားသည်။ လွတ်လပ်ရေးရခါစအချိန်၊ ကိုလိုနီနိုင်ငံများ နိုးထလာသော အချိန်ဖြစ်သည်။ ထို့ကြောင့် ဗန်းမော်တင်အောင်တို့ ဂေါ်ကီတို့၏ ဝတ္ထုများ ခေတ်စားသည်။ တွင်ကျယ်သည်။ ယင်းတို့၏ လွှမ်းမိုးခြင်းခံရသည်။ အချစ်ရေး စစ်ရေး တော်လှန်းရေး။ ယခုအချိန်တွင် ထိုသို့မဟုတ်တော့ပေ။ နှစ်ပေါင်း ငါးဆယ်ခြောက်ဆယ် ကွာခြားသွားပြီ။ ခေတ်တွေစနစ်တွေလည်း ပြောင်းလဲ သွားလေပြီ။ ရသစာပေထက် သတင်းက ရှေ့တန်းရောက်လာသည်။ လူတွေ က အချိန်တိုင်းလိုလို သတင်းကို နားစွင့်နေကြသည်။ အပြောင်းအလဲကို မျှော်လင့်နေကြသည်။ ငြိမ်းချမ်းရေး တရားမျှတရေးနှင့် ပွင့်လင်းရေး တို့ကို တောင့်တနေကြသည်။ ထို့ကြောင့် စာပေလောကတွင် ဂေါ်ကီနေရာမှာ အာရင် ဘတ် (၁၈၉၁-၁၉၆၇)ဝင်ရောက်လာသည်။ သူက အသက်ရှင်နေထိုင်လိုသူ၊ သတင်းသမား၊ ငြိမ်းချမ်းရေးသမား။
စာဖတ်သက်နုစဉ်က စွဲလမ်းနှစ်သက်ခဲ့သော စာများ စာရေးဆရာများ စိတ်အာရုံခံစားမှုများသည် နောက်စာဖတ်သက်ရင့်လာသောအခါ တစ်စတစ်စ မှုန်ဝါးစေတတ်ပါသည်။ သို့သော် မေ့ပျောက်၍ကား မရပါ။ မှန်သည်။ ကျွန်တော်သည် ငယ်စဉ်က စွဲလမ်းနှစ်သက်ခဲ့သော ဗန်းမော်တင်အောင်နှင့် ဗန်းမော်တင်အောင် စာများကို မေ့ပျောက်လို့မရပါ။ ကျွန်တော်၏ စိတ်အာ ရုံထဲတွင် စွဲထင်နေပါသည်။
အကယ်၍သာ ဗန်းမော်တင်အောင် အသက်ထင်ရှားရှိနေခဲ့လျှင် ၂ဝ၁ဝ ပြည့်နှစ်တွင် အသက် ၉ဝ ပြည့်ပြီ။ (ဗန်းမော်တင်အောင်သည် အသက် ၅၈ နှစ်အရွယ် ၁၉၇၈ တွင် ကွယ်လွန်ခဲ့သည်။) ကျွန်တော်သည် ဗန်းမော် တင်အောင်၏စာပေ ဂုဏ်ကျေးဇူးများကို သတိရအောက်မေ့နေမိပါသည်။ သူ၏ လက်ရာများအနက် မြိုင်ဝတ္ထုကို အကြိုက်ဆုံး။ သူ့ဘဝတစ်စိတ်၊ တစ်ပိုင်းကို ထင်ဟပ်ရေးသား ထားခြင်းဖြစ်သည်။ မြိုင်ဝတ္ထုတွင် ဇာတ်လိုက် က သတင်းစာဆရာကိုတင်ဦး။ ကိုတင်ဦးက ဗန်းမော်တင်အောင်၏ နာမည် ရင်း။ ကိုတင်ဦးက စာသမား၊ သတင်းသမား။ သူ့စာကြည့်ခန်းတွင် စာအုပ် တွေက ဒလပုံ။ နံရံလေးဘက်မှန်ဗီရိုတွေနှင့်အပြည့်။ ကျွန်တော်တို့က ကိုတင် ဦး၏ စာကြည့်ခန်းကို စိတ်ကူးနှင့်လွမ်းခဲ့ရသည်။ အားကျခဲ့ရသည်။ ကိုတင်ဦး ချစ်သူက မြိုင်။ မြိုင်က အိပ်ရာဝင်ခါနီး ရှယ်လီကဗျာ မဖတ်ရရင် အိပ်မပျော်သူ။
ကိုတင်ဦးက ကဗျာချစ်သူမြိုင်ကို သခင်ကိုယ်တော်မှိုင်းလေးချိုးပေါင်းချုပ်ကြီး ချစ်သက်လက်ဆောင်ပေးလိုက်လေသည်။ ကျွန်တော်တို့ လူငယ်တွေ အရမ်းသဘောကျသွားသည်။ နှစ်ထောင်းအားရသွားသည်။ ကျွန်တော်တို့ စာရူး ကဗျာရူးအချင်းချင်းတွေ့လျှင် ဗန်းမော် တင်အောင်၏ ဇာတ်လိုက်တွေ အကြောင်း ပြောလို့မဆုံးတော့။ ဗန်းမော်တင်အောင်သည် ဇာတ်လမ်းထက် ဇာတ်ကောင်စရိုက် သရုပ်ဖော် ပိုကောင်းသည် ထင်သည်။ သူက ဂေါ်ကီဟု ဆိုလျှင် ကျွန်တော်တို့ကလည်း ဂေါ်ကီ၊ သူက ကွိဟုဆိုလျှင် ကျွန်တော်တို့ ကလည်း ကွိ၊ သူက ပါမောက္ခအုန်းကျော်ဟုဆိုလျှင် ကျွန်တော်တို့ကလည်း ပါမောက္ခအုန်းကျော် ဖြစ်ခဲ့ရသည်။ ဗန်းမော်တင်အောင်သည် လူငယ်စာဖတ် ပရိသတ်အပေါ်တွင် သြဇာအရှိန်အဝါကြီးမားသူပါတကား။
ဗန်းမော်တင်အောင်သည် သတင်းစာလုပ်ငန်းများကိုလည်း စိတ်ဝင်စား သူ စိတ်အားထက်သန်သူဖြစ်၏။ သူက သတင်းစာဆရာတို့၏ ဘိုးအေကြီး မှိုင်းသခင်ကို သဘောကျသည်။ ဂျာနယ်ကျော်ဦးချစ်မောင်နှင့် မဟာဆွေတို့ ကို အားကျသည်။ ထို့ကြောင့် လင်းယုန်ဂျာနယ်နှင့် လင်းယုန်သတင်းစာကို ထုတ်သည် ထင်သည်။
၁၉၅၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက် (လွတ်လပ်ရေးနေ့)တွင် လင်းယုန် သတင်းစာကို ပြန်ထုတ်သည်။ (ပထမအကြိမ်က ၁၉၅၁)။ မှိုင်းက ဆုတောင်း ပတ္ထနာလေးချိုးကြီးဖွဲ့ဆို၍ သဝဏ်လွှာပါးလိုက်လေသည်။ ခံစားကြည့်ပါ။
နေတစ်စင်းပုံ ကမ္ဘာလင်းစေမည့်
ရွှေလင်းယုန် စာသတင်းဆီသို့
အရာရာလင်းစေဖို့ အင်းအနို့တို့ခေတ်မှာ
ဆရာမကင်းသူက
ယင်းသို့ ပို့မေတ္တာ။
ဆရာ့အဖြစ် ပြောရမှာဖြင့်
မြန်မာ့ခေတ် နှမြောစရာပေပေါ့နော်
နောက်သောအခါ ဟိုတစ်ကွေ့တွင်ဖြင့်
အမေ့မောင် ထေရ်ရဟန်းတို့နှင့်
ပြည်မန်းစာသင်စဉ်က
မဟာဝင်တွေရဲ့ အညာတစ်ခွင်မှာ
ပါစင်မင်္ဂလာဖမ်းချိန် အခြေမလှလိုက်ပုံက
(နေ)(လ)နှစ်ဆောင်ပါတော်မူသည့် အခိုက်တွေဖြင့်
ရွှေမြတောင်သာတဲ့တိုက်ဆီက
ကတိုက်ကရိုက်သာ
ဆရာမြင်လိုက်ရသည်တစ်ကြောင်း။
၎င်းပြင်တစ်ခန်း
မန်းအပျက်တွင်ဖြင့် ပုခန်းထွက်ပြီ
အကြမ်းဖက်ကရော့ မဟဲ့လို့
ငမ်းငမ်းတက်သရေယိုအောင်
နန်းဆက်အမွေကိုလည်း တွေးမိတဲ့ပြင်
သဌေးပြောစရာ တွေးတောကာမရနိုင်တဲ့
ကျေးတောအညာမှာ ရှေးသောအခါသမယဆိုတဲ့
သာသနာ့ဒါယကာ ရှိစဉ်တုန်းဆီက
မြန်မာများအခါမှာ (ဝိ)ချင်တဲ့ အလုံးတွေနှင့်
မဟာ ပထမ ပထမက ဝိရွင္တုိ႔ ထုံးလုိပ
အလုံးစုံ အကျော်ပြန်လို့မို့
ဆရာတော်အခေါ်ခံ-တံဆိပ်အရာလဲမှန်းမိတဲ့အပြင်
မဟော်သဏ္ဌာန် အတိတ်ဆရာထမ်းမယ်လို့
ကြိုးပမ်းကာ နေမရော်တည့်
ရွှေပြည်တော် မကိုဋ်မန်းတွင်မှ
သိုက်ကန်း တစ်ခါကြုံလို့မို့
ရာဇဂုဏ် တံခွန်မလှစ်နိုင်တဲ့
ကျွန်ခေတ် လူရာ မဝင်ချင်သနဲ့
တစ်ဆူဆရာအရှင် တရားပြည့်က မထူးပြီလို့
သူဇာအသွင် အများတပည့် အနူးတို့နှင့်
ထူပါဝင် ဘုရားရှိသမျှ ဖူးပါလို့
အရူးဘဝ သံသရာမှာနော်ကွယ်
နှစ်ဦးနှစ်ဝ တစ်ဦးနှင့်တစ်ဦး မျှတကြပါစေလို့
ဦးခ်ပန္ထြာ။
ဘူတာရုံ ဆိုက်ကားနီးတွင်မှ
ပူဗျာအဟုန်ရှိုက်ခါ-ရှိုက်ခါနဲ့ ညည်းလောက်အောင်
အမိုက်(ဗမာ)တည်းဟူသော (သခင်)နှစ်ဖြာ
အၾကင္သခၤါရာ အနတၱသေဘာ
အကြင်မနာပ သတ်ကြဖြတ်ကြသကော။
သူတုိ႔တြက္တာ
ပူဖို့ခက်ပါသဖြင့်-အထက်ခါပဝေဏီကဲ့သို့
အဝေညီညီနဲ့ အမွေမီကြမယ့်
အေ-ဘီ-စီ အမောင်တပည့်တို့ကိုဖြင့်
မေသမီ ေနာင္ကဝိရယ္က
အောင်ဘိသေ ရေစင်ဖျန်းပါလို့
မဏ္ဍပ်နှင့်ပလ္လင်မှာနော်ကွယ်
ဗန်းအထပ်ထပ် ကမ္မဋ္ဌာန်းတပ်တွေနဲ့
နန်းအပ်ခဲ့ချင်-ဆိုသည်နှင့် မညီပြန်သဖြင့်
ဤအခါတစ်ခါ လှစ်ကာ ပြလိုက်မကွယ်
(သစ္စာဓမ္မ၊ ဝီရိယနှင့်စာဂဟူသည်
ရန်သူအောင်မှု၊ ကြောင်းလေးခု)ရဲ့ပြင်
အလေးပြုစရာ အရေးကြီးပြီမို့
သွေးစည်းစရာ၊ သွေးသောက်ဖွဲ့ကာ
တကယ်ညှိစရာ၊ တပည့်တကာ၏
ဇိနာတိ ဇိနာတိဆိုတဲ့ ဗြဟ္မာစိုရ်နဲ့
ထိုတကယ့် စိတ်မနောတွေကြောင့်
သြဒိဝါတပတိ အာဒိစ္စော။ ။
ဗန်းမော်တင်အောင်သည် မှိုင်းကြီး၏ စာပေထီးရိပ်ကို ဝင်ရောက်ခိုလှုံ ခဲ့သူပါတကား။ ရွှေကိုင်းသား၊ ဒဂုန်တာရာ၊ သခင်မြသန်း။ မောင်နေဝင်း၊ မြသန်း(တင့်)နှင့် ကဗျာဆရာဒေါင်းနွယ်ဆွေတို့သည် လင်းယုန်ဝိုင်းတော်သား များဖြစ်သည်။ ဒဂုန်တာရာက ဗန်းမော်တင်အောင်၏ အနီးကပ်ဆုံးစာပေမိတ်ဆွေ။ ပင်တိုင်ဆောင်းပါးရှင်။ လင်းယုန်မောင်မောင်၊ လင်းယုန်သစ်လွင်နှင့် လင်းယုန်ဘဝင်းတို့က လင်းယုန် စာပေစင်မြင့်မှ ထင်ရှားလာသူများ၊ လင်းယုန် အဖွဲ့သားများ။
ဗန်းမော်တင်အောင်သည် ရသစာပေဘက်မှာရော သတင်းဘက်မှာပါ ဖြန့်ကြက်ခဲ့သူ စာနယ်ဇင်းသမားပါတကား။ မှန်သည်။ မြန်မာနိုင်ငံ စာနယ် ဇင်းခေတ်ဦးတုန်းကလည်း မှိုင်း၊ လယ်တီပဏ္ဍိတဦးမောင်ကြီး၊ ပီမိုးနင်း၊ ရွှေဥဒေါင်း၊ သူရိယဦးသိန်းမောင်၊ ဒီးဒုတ်ဦးဘချိုနှင့် ဆရာဇေယျတို့သည် ရသစာပေဘက်မှာရော သတင်းဘက်မှာပါ ဖြန့်ကြက်ခဲ့ကြသူများပင်ဖြစ်၏။ သူ့ထက်အနည်းငယ်စောပြီး နောင်တွင် သူနှင့်ခေတ်ပြိုင်ဖြစ်ခဲ့ကြသော ဂျာနယ် ကျော်ဦးချစ်မောင်၊ မဟာဆွေ၊ ဒဂုန်ခင်ခင်လေး၊ ဇဝန၊ လူထုဦးလှ၊ မောင် ထင်၊ သိန်းဖေမြင့်၊ ညိုမြနှင့် ဒဂုန်တာရာတို့လည်း ထိုသို့ပင် ဖြန့်ကြက်ခဲ့ကြ သူများပင် မဟုတ်ပါလော။ သူသည် ဆရာ့ဆရာကြီးများ လျှောက်လှမ်းခဲ့သော လမ်းကို ဆက်လျှောက်သူပါတကား။
ဗန်းမောင်တင်အောင်သည် သူပုန်ကြီး၊ ပြည်တွင်းစစ်၊ အမေနှင့် ပြည် တော်သာ ခင်ခင်ဦး ဝတ္ထုတို့ ရေးသားသောကြောင့် အဖမ်းခံရသည်။ ထောင် ခုနစ်နှစ်ကျသွားသည်။ စာပေရေးသားမှုကြောင့် ဖဆဆိုရှယ်တို့ခေတ်တွင် ဗွေဆော်ဦးအဖမ်းခံရသည်ထင်သည်။ ကျွန်တော်တို့ စိတ်မကောင်းဖြစ်ရသည်။ နောက်ဆုံးတွင် ကိုကိုးကျွန်းအထိပင် ရောက်သွားသည်။ (စုစုပေါင်း ထောင် ဆယ့်သုံးနှစ် ကိုကိုးကျွန်းတွင် မိတ်ဟောင်းဆွေဟောင်းစာသမား၊ နိုင်ငံရေး သမားတို့နှင့် ပြန်လည်ဆုံစည်းခဲ့ရသည်။ မြသန်းတင့်၊ လေထီးအုန်းမောင်၊ ဗိုလ်ချုပ်အစ်ကိုဦးအောင်သန်း။
ဗန်းမော်တင်အောင်သည် ရုရှားစာရေးဆရာဂေါ်ကီနှင့် အမေရိကန်မှ ဂျက်လန်ဒန်တို့ကို သဘောကျဟန်တူသည်။ စောစောပိုင်းက သူ့ဝတ္ထုများ တွင် ဂေါ်ကီပုံရိပ်များ ထင်ဟပ်နေသည်။ နောက်ပိုင်းတွင် ဂျက်လန်ဒန်သူ သည် အချစ်ဝတ္ထုအရေးကောင်းသူဖြစ်၏။ နိုင်ငံရေး၊ ဒဿန၊ လူမှုရေးသိပ္ပံ၊ သမိုင်း၊ အတ္ထုပ္ပတ္တိ၊ ဘာသာပြန်၊ ခရီးသွားစာပေ၊ ဝေဖန်ရေး စသည်ဖြင့် စာပေပုံသဏ္ဌာန်အမျိုးမျိုး ရေးသားခဲ့သူဖြစ်သည်။ ရန်ကုန်ထောင်ထဲတွင် နေစဉ်က မြန်မာနိုင်ငံတော်သမိုင်းနှင့် ကိုလိုနီခေတ်မြန်မာနိုင်ငံသမိုင်းတို့ကို ရေးသားပြုစုခဲ့သည်။ သူ၏ဂုဏ်သတင်းလည်း သင်းပျံ့သွားလေသည်။ ဗန်း မော်တင်အောင်သည် ဆရာမှိုင်း၊ ဆရာကျားတို့လို သမားရိုးကျသမိုင်းအမြင်ရှိ သူ၊ မြန်မာသမိုင်းနိုင်ငံခြားသားတို့ ဝင်ရောက်စွက်ဖက်သည်ကို လက်မခံလိုသူ၊ တကောင်းသမားပါတကား။ (စာဆိုတော်ဝတ္ထုကြီးဖြင့် တံခွန်စိုက်ခဲ့သူ ဒဂုန်ခင် ခင်လေးကလည်း ဗန်းမော်တင်အောင်လို တကောင်းသမား။)
ဗန်းမောင်တင်အောင်သည် လူချစ်လူခင်ပေါများသူဖြစ်၏။ လူငယ်ပရိ သတ်က ဒုနဲ့ဒေး။ ဧည့်သည်တွေလာလွန်းလို့ ပုန်း၍ပင် စာရေးရသည်ဟု အဆိုရှိသည်။ အပေါင်းအသင်းဆံ့သူပါတကား။ သို့သော် ယုံကြည်ချက်နှင့် ပတ်သက်လာလျှင် ခိုင်မာသူ သဘောထားတင်းမာသူ ဖြစ်၏။ ကမ္ဘာအေးစာပေ ညီလာခံတွင် သဘာပတိသိန်းဖေမြင့်နှင့် ထိပ်တိုက်တိုးခဲ့ရသည် မဟုတ်ပါ လော။ ညီလာခံပြီးသည့်တိုင် သိန်းဖေမြင့်က ဆက်လက်ထိုးနှက်တိုက်ခိုက် နေသေးသည်။ ဗန်းမော်တင်အောင်က အမှုမထားတော့ပေ။ သူ့လမ်းသူ ဆက်လျှောက်သွားသည်။ (ဟောနှင့်လုစ်တို့၏ နောက်လိုက်တစ်ဦးက သူ့သမိုင်း စာအုပ်ကို ထိုးနှက်တိုက်ခိုက်တုန်းကလည်း ထိုသို့ပင်ဖြစ်၏။)
ဘာသာပြန်တို့၏ ဖခင်ကြီးဟု တင်စားခေါ်ခဲ့ကြသော ရွှေဥဒေါင်းကမူ ဗန်းမော်တင်အောင်ကို များစွာ သဘောကျသည်။ နှစ်ခြိုက်သည်။ သူ၏ တစ်သက်တာမှတ်တမ်းတွင် ချီးကျူးဂုဏ်ပြုထားသည်ကို တွေ့ရ၏။ ရွှေဥဒေါင်း သည် တော်တော်တန်တန် ပုဂ္ဂိုလ်ဆိုလျှင် သိပ်ဘဝင်ကျသူမဟုတ်။ သဘော တွေ့သူမဟုတ်ပေ။ အလွန်တရာနှစ်သက် သဘောကျမှသာ ချီးကျူးသည်။ ဂုဏ်ပြုသည်။ ဗန်းမော်တင်အောင် ကံထူးလေစွ။
ဗန်းမော်တင်အောင်သည် သူသိမိလိုက်သော စာသမား သတင်းသမား တို့အကြောင်း မှတ်တမ်းတင်ခဲ့သည်။ အမျိုးသားစာဆိုကြီးမှိုင်း တိုင်းပြည် အတွက် စွန့်လွှတ်အနစ်နာခံပုံ၊ ဇွဲသတ္တိရှိပုံ၊ ချို့ချို့ငဲ့ငဲ့ရှိပုံတို့ကို မှတ်တမ်းတင် သည်။ ပီမိုးနင်းနှင့် မဟာဆွေတို့၏ ဝမ်းတစ်ထွာနှင့် ယမကာအကြောင်း၊ ရွှေစကြာဦးစိုးမြင့်၏ ဆန်တွင်းနက်လှသည့်အကြောင်း၊ သော်တာဆွေ၏ အိမ် ထောင်ရေးဘဝနှင့် ယမကာအကြောင်း စသည်တို့ဖြစ်သည်။ ခံစားရပါတကား။
သော်တာဆွေကလည်း သူနှင့်ခေတ်ပြိုင်စာပေသမားတို့၏ ရုပ်ပုံလွှာများ ကို တစေ့တစောင်းရေးသည်။ သူ့ဘဝဇာတ်ကြောင်းထဲ ဆွဲသွင်းသည်။ (ကျွန် တော့်မိခင်က ''ပြောရဦးမယ်မမြရီရေ''ဆိုသော စာမျိုးကို သဘောကျသည်။ သော်တာဆွေပရိသတ်။ ဖခင်ကဦးသိန်းဖေမြင့်ပရိသတ်။ အစ်မတွေက ခင်နှင်း ယု။) စောစောပိုင်းတွင် သော်တာဆွေသည် ဟာသဘက်သရော်စာဘက်တွင် အရေးများသည်။ အားသန်သည်။ သို့သော် အနောက်ပိုင်းတွင် (ဘဝထိုထို) ဘဝသရုပ်ဖော်ဘက်ရောက်သွားသည်။
သော်တာဆွေ၏ ဘဝဇာတ်ကြောင်းထဲတွင် မြသန်းတင့်နှင့် ဗန်းမော် တင်အောင်တို့လည်း ပါပါတကား။ သူ၏ သရော်စာများမှာ နာလိုခံခက်ဖြစ် သော် ဗွေမယူခဲ့ကြ၊ ခွန်းတုံ့မပြန်ခဲ့ကြပေ။ ရယ်မောပြီး ခွင့်လွှတ်ခဲ့ကြသည်။ တချို့က မြသန်းတင့်နှင့် ဗန်းမော်တင်အောင်တို့သည် သော်တာဆွေကြောင့် နာမည်ကြီးလာရသလိုလို ပြောကြသည်။ မဟုတ်ပါ။ ယင်းတို့သည် စာပေ အရှိန်အဝါရှိသူ၊ စာဖတ်ပရိသတ်ရှိသူများပင်ဖြစ်၏။ ကိုယ်ပိုင်အရည်အချင်း၊ ကိုယ်ပိုင်ဟန်ရှိသူများ၊ စာအရေးကောင်းသူများ ဖြစ်သည်။ ယင်းတို့၏ စာများ က သက်သေခံနေသည် မဟုတ်ပါလော။
ဗန်းမော်တင်အောင်သည် စာပေရေးသားခြင်းဖြင့် အသက်မွေးဝမ်း ကျောင်းပြုသူဖြစ်သည်။ အသက် ၅၈ နှစ်အရွယ်တွင် စာရေးဆရာ ပဂေးကြီး ပီမိုးနင်း၊ မဟာဆွေနှင့် ရွှေစကြာဦးစိုးမြင့်တို့နောက်သို့ လိုက်သွားလေသတည်း။
သခင်ကိုယ်တော်မှိုင်းသည် လွတ်လပ်ရေးခေတ်တိုင်းပြည်တွင် အရေးတကြီးလိုအပ်နေသော ငြိမ်းချမ်းရေး၊ မျှတရေး၊ ပွင့်လင်းရေးတို့ကို အလေး ပေးဖွဲ့ဆိုခဲ့သော အမျိုးသားစာဆိုကြီးဖြစ်သည်။ ဗန်းမော်တင်အောင်၏ လင်းယုန်ဂျာနယ်နှင့် သတင်းစာတွင် ကဗျာမည်မျှ ဖွဲ့ဆိုခဲ့သည်ကို အတိအကျ မသိရပေ။ လင်းယုန်သတင်းစာ ပထမအကြိမ်ထုတ်စဉ်က ''ပင်းယနှင့်စစ်ကိုင်း''ဟူသော ကဗျာဖွဲ့ဆိုခဲ့သည်။ ကဗျာတွင် မှိုင်းက ကိုယ့်အချင်းချင်း ညီညွတ်မှု မျှတမှု မရှိလျှင် မိမိတို့သာ ပြိုလဲပျက်စီးရမည်၊ ကျဆုံးရမည်ဖြစ် ကြောင်း ရာဇဝင်နှင့်ချီ၍ ဖော်ပြထားသည်။ သတိပေးနှိုးဆော်ထားသည်။ သံဝေဂရဖွယ်ပါတကား။ ခံစားကြည့်ပါ။
သာပါစေ သာပါစေနဲ့
မြန်မာတွေ မျှော်ကာတမိကြတဲ့
အညာမလေ သော်တာ(လ)တရှိလိုပ
အထိကရ ဗမ္ဗူဓဇ ဗဟိုမကွယ့်
မင်းသမ္မတမည်
ဝိဇယပူရဆိုတဲ့ ပဟိုရ်နဲ့
ထိုတကယ့် ပင်းယပြည်။
ဗမာ သူတစ်မင်းရယ်လို့
အစစပူပြင်းတဲ့ နရသူမင်းကလဲ
မြန်မာ့ အတူတူချင်းကိုပင်
အငြူစူပြင်းစွာ တေဇောအရှိန်နှင့်
မြေပထဗျာ ဘူမိန်တည်းဟူသော
ဇေယျာပူရိန်မှာ စစ်ပင်တောင်ကိုင်းရတဲ့
စစ်ကိုင်းစံ စောရွှေမှောက်ပေပ
''မင်းပြောက်''ကို မနာလိုတိုရှည်နဲ့
အညာတစ္ခုိမေလ
''မိုးကောင်း''ထိုတစ်ပြည်ကို စားပေတဲ့
''သိုကြည်ဘွား''ရှမ်းရှင်ဘုရင်ကို
ကမန်းကတန်း အလျင်ပင့်ခေါ်မှာ၍
မသင့်မတော်စွာ အကျင့်ရိုင်းငယ်နှင့်
စစ်ကိုင်းပြည် အကျော်အမော်ကို
အကြည်တော်သာ အတိအကျရလျှင်ဖြင့်
ရှိသမျှအရာရာ အကာဖြတ်ပါလို့
အနှစ်ကို ယူတော်မူပါ ယူတော်မူပါနှင့်
တပူပူတဆာဆာ
တောင်းပန်တဲ့အတွက်ကယ်ကြောင့်
အကြောင်းမတန်
စစ်မက်တညီတညာ ချီလာပြီး
အနှီတစ်ခါ ''သာယာဝိုင်း''ပေတဲ့
စစ်ကိုင်းရတဲ့ပြင်
သမိုင်းလှတဲ့ ပင်းယပိုင်သူ ''နရသူ''နှင့်
ဆင်ဖြူဆင်မည်း အစီစီးတွေနဲ့
သမီးရတနာ မြေးတော်ပဏ္ဏာ
ကြီးတော် ကညာတွေကိုပါ အကုန်ယူလို့မို့
ရဂုံဇမ္ဗူမှာ တစ်နန်းတည်သည့်
ရှမ်းပြည်တိုင်းဆီသို့
ရိုင်းသနဲ့ အဝေမညီတယ်နော်ကွယ်
မဆိုင်းသနဲ့
ကိုင်းလဟဲ့လို့ ကိုင်းလဟဲ့လို့
စိုင်းခဲ့လေသည်။
တကျက်ကျက်ပူသူ ဆူသူတွေရဲ့
တကယ်မူ ကယ်သူရယ်လို့ ကိုးသော်လဲ
အနွယ်မတူလျှင် ဘယ်လူမျိုးသော်မှ
အုပ်စိုးတဲ့ မြန်မာပြည်
မဟာနဒီမှာဖြင့် မြုပ်ကြရမည့်
သမုဒြ အပြင်ကျယ်လှိုင်း
မသာမကြည်ဖြင့်
ဒုက္ခပင်လယ်လှိုင်း။
သို့မို့ကြောင့်သာ
အနို့လို မဖြောင့်ဗျာပါနှင့်
တို့မှာကို တမှောင့် မသာမယာ
နှစ်ဘက်မီးကိုဖြင့်
တစ်ချက်တည်းရှင်းအောင် ကြဉ်းဆောင်ကြပါမှ
မြန်မာ့များ ပြည်တစ်ဖန်
သာသနာ အမွေခံဖြစ်မယ်လို့
ရှေးခေတ်ရာဇဝင်နှင့်
ဆရာသခင် အထွေထွေနှင်းလိုက်မကွယ့်
ပြည်အတွင်းတွင်ဖြင့်
အသရေ တဝင်းဝင်းနှင့်
အခြေအနေ မဖျင်းစေဖို့
နေတစ်စင်းပုံ အထက်လင်းပေတဲ့
ရွှေ ''လင်းယုန်'' မဂ္ဂဇင်းဆီက
လက်ငင်းကြေညာစေဖို့
ချက်ချင်းဝေသာစေလို့
ပြည်ရွာမှာလေ
ပြန့်စရာ ဖြန့်ကာ နှင်းလိုက်ပေတော့
မင်းသမ္မတ နှစ်ဂိုဏ်း
အဖျင်းဘဝတွင်ဖြင့် အတင်းအဓမ္မ
မမျှတမူ၍ ရိုင်းတာနဲ့
အချင်းချင်း ခွကျပြီး
သတင်းမလှခဲ့တဲ့
ပင်းယနှင့်စစ်ကိုင်း။ ။
မှိုင်းဖွဲ့ဆိုခဲ့သော ပင်းယနှင့်စစ်ကိုင်းရာဇဝင်လာအတိုင်း နောင်ဆယ် နှစ်အကြာတွင် ကြုံတွေ့ခဲ့ရသည်မဟုတ်ပါလော။ ပြိုလဲပျောက်ကွယ်ခဲ့ရသည် မဟုတ်ပါလော။ စာဆိုကြီး၏ ကဗျာသည် စွမ်းပကားကြီးမားလှပါတကား။ ပြေးကြည့်သည်ထက်ပင် မှန်နေပါတကား။
၁၉၅၄ ခုနှစ်လောက်က သခင်ကိုယ်တော်မှိုင်းသည် ပုဂံညောင်ဦးသို့ ဘုရားဖူးသွားချင်နေသည်။ သွားဖို့ကလည်း မလွယ်။ လမ်းပန်းဆက်သွယ်ရေး ကလည်း မကောင်းလှသေး။ မငြိမ်မသက် ဖြစ်နေသေးသည်။ အသက်က လည်း ရှစ်ဆယ်ပြည့်ဖို့ တစ်နှစ်သာလိုတော့သည်။ သွားရေးလာရေးကမလွယ်။ ဇရာဖိစီးနေပြီ။ လေယာဉ်ကလည်း မပေါက်။ ခြေကျင်လည်းမလျှောက်နိုင်။ ပုဂံသို့ ဘုရားဖူး တစ်ခေါက်မှရောက်ပါတော့မည်လောဟု စိုးရိမ်နေသည်။ သံဝေဂရနေသည်။ ထို့ကြောင့် သံဝေဂကဗျာ ဇရာဒုက္ခဘွဲ့ မဟာလေးချိုးကြီး ကို ဖွဲ့ဆိုခဲ့လေသည်။ ခံစားကြည့်ပါ။
သက္ကရာဇ်ကယ်နှင့်
အသက်စစ်လိုက်တော့
သက်ရှစ်ဆယ် တစ်ခုယုတ်အတွင်းတွင်မှ
တက်ခေတ် တက်ခေတ်နှင့်
အဖက်ဖက် ညစ်ချင်တဲ့
(င်္ေျခငျအ) ဖက်ဆစ်သဖွယ်
ယခုတစ်သုတ် မင်းတွင်ဖြင့်
သပြု-ကျွန်ုပ်မကင်းသူတို့နဲ့
ဘုရားထဲ တရားပွဲသဘင်
ဘယ်သူ့အရှုပ်အချင်းကိုမှ
ကြားလဲ မကြားချင်။
ဘုရားအလုပ်တရားအလုပ်ကိုဖြင့်
အားထုတ်မယ် ကြံစည်ပေမယ့်
မြန်ပြည်မလေ ငါတို့ လွတ်လပ်ရေးဟာက
ဖွတ်ဒြပ်သေးသေး
တစ္ဆေရစ်သနှယ်
ဝဋ်ဇာတ်ကြွေးတွေ
ဗရဗွေ ဗရဗျစ်ကယ်နှင့်
မမွေးခင် ကြွေးတင်တဲ့ ခေတ်ပေမို့
အိပ်ရာမှာတောင် လိပ်ပြာလစ်တော့မလို့
ထိတ်ထိတ်ပျာပျာ စိတ်မှာလဲညစ်ပြန်တော့
တစ်နှစ် ဟိုတစ်နွေက
''အေနလွလွ အေသလွလွ
နေမပ သေမပဆိုတဲ့
ဇေယျ ပဗ္ဗတံ ခေတ်သာတဲ့တောတွင်ဖြင့်
ကေဝလ ကပ္ပံ ချစ်စရာတပည့်ပေါချိန်မို့
တစ်နှစ်တစ်ခါ လှည့်မကောတွေနှင့်
တောမလဲ တောရပီပီ
မေတ္တာရဲ့ သဘောတွေနဲ့
ဟောလဲ ဟောလှပြီ''
ဆိုတဲ့ ထိုအဖွဲ့အနွဲ့အတိုင်းသာပ၊ ကသိုင်းအကွက်လှတဲ့ စစ်ကိုင်းဘက် က၊ အမြင်မနီးပေဘူး၊ ခင်ကြီးတွေချိုးထောင်တဲ့၊ ဝါးပိုးမြောင် ကိုးချောင်ပြောင်း ချင်တဲ့ပြင်။
''ထနောင်း မဖူးတဖူးမှာပေါ့
ချောင်းဦးဆရာ ရောက်ပြန်တော့
သဒ္ဓါပေါက် သူတို့က
ပြောင်းဖူးခြောက်တွေ လှော်ကာကပ်ပြန်သနဲ့
တော်ရာဇရပ်မှာ တစ်ဝါဆိုလို့မို့
အညာတစ်ခို အထက်ကျေးဆီက
လက်ရွေးစင် သခင်တပည့်အပေါင်း
သူတော်ကောင်းတို့နှင့်
ဆောင်းအကုန် နွေအပေါက်တွင်ဖြင့်
အကြေအောက်မကျန်
တစ်သောင်း ဒီဇမ္ဗူကြည့်မယ်လို့
ပြည်ပေါက္ကန်အလောင်းစည်သူတို့ လှည့်သလိုမှ
မလှည့်ရခင်က''
ဆရာတပည့် သခင်လို့ ပြောရပေမယ့်၊ တချို့သော သခင်တွေ ကလီကမာ နှင့်၊ မညီညာသဖြင့် အပြည်ပြည်အရွာရွာ၊ ဆရာမကြွနိုင်တဲ့ပြင်၊ တောရဂူ မဝင်နိုင်တယ်နော်ကွယ်…
အဟောဝတ အဟောဝတနဲ့ မောလဲ မောလှပေါ့ဟဲ့လို့၊ သောကပူပင်။ ထို့ပြင် တစ်ခါဆရာပင်လျှင် ရေးစီခဲ့တဲ့၊ တေးဂီတအညွှန်းအချီး၌…
''အလွန်ချီးလောက်အောင်
ချွန်လည်း ချွန်သတည်းဆိုတဲ့
ဝန်ကြီးအလုပ် အဝေညီညီနှင့်
(ABC) အေဘီစီ အမောင်တပည့်တို့ကိုဖြင့်
မေသမီ ေနာင္ကဝိရယ္က
အောင်ဘိသေ ရေစင်ဖျန်းပါလို့
မဏ္ဍပ်နှင့် ပလ္လင်မှာနော်ကွယ်
ဗန်းအထပ်ထပ် ကမ္ဗဋ္ဌာန်းတပ်တွေနှင့်
နန်းအပ်ခဲ့ချင်''
ဟူသည်နှင့်အညီ၊ ဤမည် ထိုမည်သော တို့ဗမာမြေအပြင်မှာ၊
ပြည်ခွင်ဘုရင်နဲ့ တစ်နန်းကိုဖြင့်
မသေခင် မြင်ခဲ့စမ်းချင်သနဲ့
အကြင်တပည့်တပန်းတွေနှင့် လုပ်မကွယ်ပြင်
စုတ်ပဲ့တဲ့ သခင်ကြောင့် ပြည်တော်မသာသေး
ဦးထုပ်နဲ့ သခင်ဖအေတွေ တမှောင့်ပေမို့
ပထဝီပေါ် အနှီသော်ဆိုတဲ့
ကမၻာမေအး။
ရှေးသောအခါတွင်
ကျေးတော့ အညာတစ်ခွင်တစ်ပြင်မှာဖြင့်
ရာဇဝင်အတန်တန် မောက်ခဲ့တဲ့
ပုဂံရောက်သော်လဲ
အနောက်ပြန် တက္ကသိုလ်တပည့်များရယ်နှင့်
နားရက်မရှိအောင် ကုလားဆဲရတဲ့
တရားပွဲတွေကလဲ များတာကြောင့်
ဘုရားတောင်ဝအောင်မဖူးခဲ့ရတာမို့
ကမူးရှူးထိုးနဲ့
အရူးတစ်မျိုးရဲ့သဏ္ဌာန်အလို မပြီးဘူးဟဲ့လို့
တဖိုဖိုညည်းညည်းပြီး
အုိႀကီးအုိမွတစ္ခါ
ဆရာအလုပ္မရွိမူ၍
မရဏာနုဿတိ-ဘာဝနာစခန်း
မသာကမ္မဋ္ဌာန်းနှင့်စီးဖြန်း၍
ထီးနန်းမှမကျန်ခဲ့တဲ့
ပုဂံရောက်ချင်သမင့်လဲ
ဝေဟင် လေယာဉ်မပေါက်တဲ့ပြင်
မြေပြင် ခြေကျင်လဲ မလျှောက်နိုင်သဖြင့်
စိတ်အကြံဓိဋ္ဌာန် မပြောက်မူ၍
နောက်တစ်ဖန်
(ယခင်အပွဲပွဲ စွန့်ခဲ့တဲ့ သခင်ရဲညွန့်တို့ရဲ့)
ပေါက္ကန်မှ ရောက်ပါတော့မလားလို့
အသြားအလာ
များစွာမှ ကြောက်ကြောက်ပြီး
မူးနောက်မူးနောက်နဲ့
ဒူးဒကောက်ကလဲ ပျော့တော့
အေလွ်ာက္မွလဲ မေပါ့ကာမွ
တရားအထူးပေါလျှင်ဖြင့် အေးမှာပေါ့လို့
(အို-သခင်ရဲညွန့်ရဲ့)
တစ်ခေါက်တော့ဖြင့် ဘုရားဖူးရောက်ချင်သေး။
လွတ်လပ်ရေးခေတ်ဦးက အခြေအနေကို ထင်ဟပ်ဖွဲ့ဆိုထားသော ကဗျာ တစ်ပုဒ်ပါတကား။
ဗန်းမော်တင်အောင်သည် မှိုင်းဝါဒီတစ်ဦးဖြစ်သည်။ မှိုင်းထက်အသက် ၄၅ နှစ်ငယ်သည်။ သူက ညီညွတ်ရေးသမား၊ ငြိမ်းချမ်းရေးသမား။ မှိုင်းတို့ ငြိမ်းချမ်းရေးအဖွဲ့အတွင်းရေးမှူး။ မှိုင်းနှင့်နီးနီးကပ်ကပ်ရှိသည်။ နယ်လှည့် ငြိမ်းချမ်းရေးတရားပွဲများတွင် လိုက်ပါရသည်။ မှတ်တမ်းတင်ရသည်။ မှိုင်း ၈၇ နှစ်မြောက်မွေးနေ့ လူထုသတင်းစာ (အထူးထုတ်)တွင် ဖော်ပြခဲ့သည်။ လွန်ခဲ့သော ၄၈ နှစ်၊ စာဆိုကြီး အသက်ထင်ရှားရှိစဉ်ကပါတကား။ စာဆိုကဝိ ကြီးပုံက တခမ်းတနား။ သတင်းစာမျက်နှာဖုံးအပြည့်။ ပန်းချီကျော် ပေါ်ဦးသက်၏ လက်ရာ။ ထို့ပြင် ရွှေကိုင်းသား၊ မောင်နေဝင်း၊ လူထုဒေါ်အမာ၊ ဝိဓူရသခင် ချစ်မောင်၊ ကြည်လင်၊ မောင်သိန်းနိုင်နှင့် မောင်မောင်အေး(စစ်ကိုင်း)တို့၏ စာကဗျာများလည်းပါသည်။ ပေါ်ဦးသက်၏ ပန်းချီလက်ရာများနှင့် ဝေဝေဆာ ဆာ။ လူငယ်သုတေသီတို့ အလွယ်တကူလေ့လာနိုင်အောင် ဗန်းမော်တင်အောင် ၏ ''အဘိုးကြီးအိုခါးကုန်းကုန်းမသေပါနဲ့အုံး''ဟူသော စာမွန်ကို မျှဝေပေး လိုက်ပါသည်။
''အိုမင်းမစွမ်းဆိုတဲ့ တို့ဗမာစကားဟာ တယ်မှန်သကွယ်''
ဝါကျတစ်ခုတော့ ဆုံးသွားပြီဖြစ်သော်လည်း အကြောင်းအရာတစ်ခုအနေ နှင့်တော့ကား မဆုံးသေးချေ။ အဘိုးကြီးအိုသည် ကွမ်းဖတ်ကလေးများကို မြုံ့ရင်း အနားယူနေပုံပေါ်သည်။
''လူတွေဟာ အိုမင်းလာပြီဆိုမှဖြင့် ဘာမှမစွမ်းတော့ပါဘူးကွာ''
နောက်ဝါကျတစ်ခုကို ဆက်ပြန်သည်။ သို့ရာတွင် အကြောင်းအရာသည် မဆုံးသေးချေ။ ကွမ်းသွေးကို ထွေးခံထဲသို့ ထွေးရင်း အနားယူနေရပြန်သည်။
''အဲသတော့ မောင်တို့လူငယ်တွေ အချိန်ရှိတုန်း လုပ်စရာ ကိုင်စရာရှိတာ တွေကို လုပ်ကြကိုင်ကြမှဖြစ်မယ်'' သည်တော့မှပင် အကြေင်းအရာသည် ဆုံးလေ၏။
မိမိကိုယ်ကိုမိမိ သံဝေဂယူနေဟန်ရှိသော အဘိုးကြီးအိုသည် ယခုတ လော ကျွန်တော်တို့ လူငယ်များနှင့် တွေ့ရသောအခါတိုင်းလိုလို အထက်ပါ အတိုင်း တုန်တုန်ယင်ယင်ဖြင့် သြဝါဒပေးကာ တိုက်တွန်းပြောဆိုခြင်း ပြု လေ့ပြုထရှိသည်။ ဟုတ်ပေလိမ့်မည်။ ၁၃၂၃ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၄ ရက်၊ အင်္ဂါနေ့တွင် ဆရာကြီးသခင်ကိုယ်တော်မှိုင်းသည် အသက် ၈၆ နှစ်ပင် ပြည့်ခဲ့လေပြီ။
လွန်ခဲ့သော သုံးလေးနှစ်လောက်က ဆရာကြီးသည် ထိုကဲ့သို့ စိတ်အား လျှော့သော စကားမျိုးကို ပြောဆိုလေ့ ပြောဆိုထမရှိချေ။
''ဆရာမသေခင် တိုင်းပြည်ကြီး ငြိမ်းချမ်းသာယာပြီး ဆရာ့တပည့်တွေ သင့်သင့်မြတ်မြတ်ဖြစ်တာကို ကြည့်သွားမြင်သွားချင်သေးသကွာ''
ဆရာကြီးသည် သူ၏ အာသာဆန္ဒကို အထက်ပါအတိုင်း တဖွဖွပြော ဆိုတတ်လေသည်။ တိုင်းပြည်ကြီး လွတ်လပ်ရေးကြေညာပြီးနောက် မိမိတို့ အမျိုးသားအချင်းချင်း လက်နက်ကိုင်တိုက်ခိုက်လျက်ရှိကြသော ပြည်တွင်းစစ် ပွဲကြီးနှင့် ပတ်သက်၍ ထိုအဘိုးကြီးအိုသည် အလွန်တရာ စိတ်မချမ်းမြေ့ ဖြစ်နေဟန်ရှိပေသည်။ ဆရာကြီးသည် ထိုသို့ ဆန္ဒရှိရုံမျှနှင့်သော်လည်းကောင်း၊ ပြောဆိုရုံမျှနှင့်သော်လည်း ကောင်း၊ မဟုတ်သေးဘဲ သူ၏ဆန္ဒကို အကောင် အထည်ပေါ်လာအောင်နှင့် အခိုင်အမာဖြစ်လာအောင်လည်း မရပ်မနား သွား လာ လုပ်ဆောင်လျက်ရှိပေသည်။
အသက် ၈ဝ ကျော်လာခဲ့ပြီးကာမှ ထိုအဘိုးကြီးအိုသည် ''လူလည်း တစ်ထွေ၊ ရေလည်းတခြား''ဆိုသော ရခိုင်ပြည်သို့ ကုန်းတစ်တန် ရေတစ်တန် လေတစ်တန် သွားရောက်ခဲ့ပေသည်။ မြန်မာနိုင်ငံတော်၏ တောင်ဘက်စွန်းဖြစ် သော ရေး၊ မြိတ်၊ ထားဝယ်နယ်များသို့လည်း တကူးတကန့် သွားရောက်ခဲ့ရ လေသည်။ ဤကဲ့သို့ တောင်ဘက်စွန်းအရပ်ဒေသများမှတဖန် မြောက်ဘက် စွန်းဖြစ်သော ကချင်ပြည်နယ် မိုးညှင်းသို့လည်း စွန့်စွန့်စားစား ခရီးသွားခဲ့ သည်။ ရာသီဥတုဒဏ်ပြင်းလှသော မကွေး၊ မင်းဘူး၊ မြင်းခြံနှင့် ပခုက္ကူ စ သည့် မြေလတ်ပိုင်းဒေသများသို့လည်း အသက်အရွယ်နှင့် မလိုက်အောင် ဆင်းရဲဒုက္ခခံကာ ပြည်တွင်းစစ်ရပ်စဲရေး ပြည်တွင်းငြိမ်းချမ်းရေးအတွက် လှည့်လည်ဟောပြောခဲ့ပေသည်။
''ကမ္ဘာဆိုတာ တို့တိုင်းပြည် တစ်ပြည်ထဲ မဟုတ်တော့ ကမ္ဘာကြီးတစ်ခု လုံး ငြိမ်းချမ်းသာယာမှ တို့တိုင်းပြည်လဲ ငြိမ်းချမ်းသာယာ နိုင်တော့ မပေါ့ကွယ်''
ကမ္ဘာ့လက်နက်နိုင်ငံကြီးများက သူ့ထက်ငါ အပြိုင်အဆိုင် လက်နက် တပ်ဆင်ကာ အဏုမြူနှင့် ဟိုက်ဒရိုဂျင်ဖုံးကြီး ဗုံးငယ်များကို လူသိ ရှင်ကြား စမ်းသပ်ဖောက်ခွဲနေကြသောအချိန်တွင် ထိုအဘိုးကြီးအိုသည် အထက်ပါ အတိုင်း ပြောဆိုလေသည်။ ထိုသို့ပြောဆိုရုံမျှသာလျှင် မဟုတ်သေး။ လက်နက်လျော့ပေါ့ရေး အဏုမြူဗုံးပိတ်ပင်ရေးနှင့် ကမ္ဘာ့ငြိမ်းချမ်းရေးတို့အတွက် ထိုအဘိုးကြီးအိုသည် ကမ္ဘာ့ငြိမ်းချမ်းရေး တို့အတွက် ထိုအဘိုးကြီးအိုသည် ကမ္ဘာ့အတိုင်းအတိုင်း အပြည်ပြည်သို့ လှည့်လည်ကာ စွမ်းစွမ်းတမံလုပ် ဆောင်ခဲ့ပေသည်။ ဇရာထောင်း နေသည့် ကြားမှပင် ပေသုံးသောင်းထက် မနည်းသော အာကာသတွင် လေဟုန်ကို စီးနင်းကာ ရေခဲနေသော အရပ် ဒေသများသို့လည်း သက်စွန့်ဆံဖျား သွားရောက်လျက် ကမ္ဘာစစ်မီးကြီးကို တားဆီးခြင်း ပြုခဲ့သည်။
ဆရာကြီး၏ ယင်းသို့ စွမ်းဆောင်မှုကို ငြိမ်းချမ်းရေး လိုလားနေကြသော နိုင်ငံတကာမှ ပြည်သူများက လေးလေးစားစား အသိအမှတ်ပြုကြ သည်။ ထိုအဘိုးကြီးအိုကို နိုင်ငံတကာငြိမ်းချမ်းရေးဆုဖြင့်လည်း ဂုဏ်ပြုပူဇော်ကြ လေသည်။ အနောက်တိုင်းမှ ကျော်ကြားထင်ရှားလှသော တက္ကသိုလ်ကြီးတစ်ခု ကလည်း ရိုသေလေးစားအပ်သော ထိုကမ္ဘာ့ကျေးဇူးရှင်ကြီးအား ''ဒေါက်တာ'' ဘွဲ့ဖြင့် ရိုရိုသေသေပြုလေသည်။
ယင်းသို့ကမ္ဘာ့အနိုင်နိုင်ငံနှင့် ငြိမ်းချမ်းရေးကို ချစ်မြတ်နိုးကြကုန်သော လူသားတို့က ထိုအဘိုးကြီးအိုအား ကမ္ဘာ့ငြိမ်းချမ်းရေး ခေါင်းဆောင်ကြီး တစ်ဦး အနေနှင့်လည်းကောင်း၊ လူသားတို့၏ ကျေးဇူးရှင်ကြီး တစ်ဦး အနေနှင့်လည်း ကောင်း၊ ရိုသေသမှုပြုနေကြသော်လည်း ဤပြည် ထောင်စု မြန်မာနိုင်ငံတော်၌ မူကား၊ ထိုပုဂ္ဂိုလ်ကြီး၏ ဂုဏ်ကျေးဇူးတရား၊ မေတ္တာတရားနှင့် စေတနာတို့ကို ယနေ့တိုင် လက်ခံခြင်းမပြုနိုင်ကြ သော သူများရှိနေပေသေးသည်။ ဤတိုင်း ပြည်လွတ်လပ်ရေးမရမီက ထိုအဘိုးကြီးအိုသည် ကိုလိုနီဆန့်ကျင်ရေး အမျိုး သားလွတ်လပ်ရေး အတွက် တိုက်ပွဲဝင်ကြသော မြန်မာနိုင်ငံပြည်သူများဘက်မှ အစဉ်တစိုက် ရပ်တည်ကာ မယိမ်းမယိုင် ဦးဆောင်မှုပေးခဲ့သော မျိုးချစ် ပုဂ္ဂိုလ်ကြီးတစ်ဦး ဖြစ်ပေသည်။ ဤတိုင်းပြည်လွတ်လပ်ရေး ကြေညာပြီး နောက် ဖြစ်ပွားလာခဲ့သော ပြည်တွင်းစစ်မီးကို ငြိမ်းအေးစေလျက်၊ ပြည်တွင်း ငြိမ်းချမ်းရေးကို ပြန်လည်တည်ဆောက်ရန် ခါးကုန်းကုန်းနှင့်ပင် သွားလာလုပ် ဆောင်နေသော ထိုအဘိုးကြီးအိုအား အမနာပ ပြောဆိုသူများက ပြောဆိုလျက် အုတ်ခဲကျိုးများနှင့် ပေါက်သူများလည်း ရှိခဲ့ကြလေသည်။ ထိုမျှသာလျှင် မဟုတ်သေး၊ အလံနက်ထူကာ သံပုံးတီးလွှတ်သူများလည်း ရှိခဲ့ကြသည်။
သို့ရာတွင် ဆရာကြီးသည် စိတ်အားလျော့ခြင်း မရှိချေ။ စိတ်ပျက်ခြင်း လည်း မရှိခဲ့ချေ။
''ငြိမ်းချမ်းရေးအလုပ်ဟာ အင်မတန်ကုသိုလ်ရတဲ့ အလုပ်ကွယ့်။ လူလဲ ကြိုက် နတ်လဲကြိုက်တဲ့ အလုပ်ပဲ''
၁၉၅၉ ခုနှစ်နောက်ပိုင်းတွင် ဆရာကြီး၏ ကျန်းမာရေးသည် သိသိသာ သာကြီး လျော့ပါးပျက်စီးစပြုလာသည်။ ဇရာဖိစီး၍လည်း ဖြစ်မည်။ စိတ်မချမ်း မသာ၍လည်း ဖြစ်သည်။ ၁၉၆ဝ တွင် ဆရာကြီးသည် ¤င်း၏ သမားတော် ဒေါက်တာဆင်ဖိုးနှင့် ဂျာမန်ဒီမိုကရက်တစ်သမ္မတနိုင်ငံတော်သို့ ဆေးကုသရန် သွားရောက်ခဲ့ရလေသည်။
၂ဝ ရာစုခေတ် စာနယ်ဇင်းလောကတွင် သခင်ကိုယ်တော်မှိုင်းနှင့် ဗန်း မော်တင်အောင်တို့သည် အထင်ကရ စာရေးဆရာ သတင်းစာဆရာများ ဖြစ်သည်။ မှိုင်းက သူရိယသတင်းစာ၊ ဗန်းမော်တင်အောင်က လင်းယုန်သတင်း စာ။ သူရိယက ၁၉၁၁ ခုနှစ်၊ လင်းယုန်က ၁၉၅၁ ခုနှစ်။ နှစ်ပေါင်း ၄ဝ ကွာပါတကား။ သူရိယက အင်္ဂလိပ်ကိုလိုနီခေတ်၊ လင်းယုန်ကလွတ်လပ်ရေး ခေတ် ဖဆဆိုရှယ်တို့ခေတ်။
ဗန်းမော်တင်အောင်သည် လင်းယုန်ဂျာနယ်ကို ၁၉၅ဝ ပြည့်နှစ်တွင် စတင်ထုတ်ဝေသည်။ လင်းယုန်သတင်းစာကိုမူ ၁၉၅၁ ခုနှစ်ရောက်မှ ထုတ် သည်။ လင်းယုန်သတင်းစာထုတ်ပြီး တစ်နှစ်အကြာတွင် အဖမ်းခံရသည်။ ဂျာနယ်ရော သတင်းစာပါ ရပ်ဆိုင်းသွားသည်။ ရန်ကုန်ထောင်ထဲတွင် လေထီးအုန်းမောင်၊ လေထီးချစ်ကောင်း၊ စာရေးဆရာရွှေဓား၊ ဆန်းညွန်ဦး-ဦးလှခင်)၊ လူထုဦးလှ စသော တော်လှန်ရေးသမား စာသမားများနှင့် ဆုံ စည်းခဲ့ရသည်။ ဆဋ္ဌမသဂါယနာတင်လျှော့ရက်များကြောင့် ငါးနှစ်သာနေခဲ့ရ သည်။ ထူးခြားသည်မှာ ဗန်းမော်တင်အောင်တို့အဖွဲ့ ရန်ကုန်ထောင်ထဲမှာ ရှိနေစဉ်က ပထမဦးဆုံးအကြိမ်စာဆိုတော်နေ့ အခမ်းအနားကျင်းပခြင်းပင် တည်း။ မှိုင်းတက်ရောက်ခဲ့ပါတကား။
၁၉၅၇ ခုနှစ်တွင် လင်းယုန်ဂျာနယ်ကို ပြန်လည်ထုတ်ဝေသည်။ ထို့နောက် တစ်နှစ်အကြာတွင် လင်းယုန်သတင်းစာကို ထုတ်သည်။
ထိုအချိန်က အာဏာရဖဆဆိုရှယ်တို့ နှစ်ခြမ်းကွဲနေသည့်အချိန်၊ နိုင်ငံ ရေးလှိုင်းလေပြင်းထန်နေသည့်အချိန်ပါတကား။ တောဘက်မှာလည်း ရောင်စုံ သူပုနိတွေရှိနေသေးသည်။ ပြည်သူတို့လောနေသည်။ ထို့ကြောင့် မှိုင်းက ရာဇဝင်လာ ''ပင်းယနှင့်စစ်ကိုင်းကဗျာ''၊ ''သံဝေဂကဗျာ''နှင့် ''ဆုတောင်း ပတ္ထနာလေးချိုးကြီး''တို့ကို ဖွဲ့ဆိုခဲ့ခြင်း ဖြစ်ပါသည်။ ခေတ်ပြိုင်ခံစားမှု ကဗျာ များပါတကား။ ဗန်းမော်တင်အောင်၏ ''အဘိုးကြီးအို ခါးကုန်းကုန်း''ကလည်း ခေတ်ပြိုင်ခံစားမှုစာ။ ယခုခေတ်စာပေဝေါဟာရစကားနှင့် ပြောရလျှင် နှစ်ဦး စလုံး မော်ဒန်သမားများဟု ဆိုချင်သည်။ မှိုင်းကမော်ဒန် ကဗျာဆရာ၊ ဗန်းမော်တင်အောင်က မော်ဒန်စာရေးဆရာ။
မောင်မောင်အေး (စစ်ကိုင်း)
ပိတောက်ပွင့်သစ်၊ ဇူလိုင် ၂ဝ၁ဝ