Saturday, March 7, 2020

မိမိ နှင့် ဒဂုန်တာရာရေးသူ-နတ်နွယ်

0 comments

မိမိ နှင့် ဒဂုန်တာရာရေးသူ-နတ်နွယ်

၁(က)
သုံးရက် ရှိသွားပြီ။ မိမိနှင့် ဒဂုန်တာရာအကြောင်း ရေးမည်ဆိုပြီး စားပွဲတွင် ထိုင်ခဲ့လေသည်။ မရေးဖြစ်။ ပထမနေ့က တာရာမဂ္ဂဇင်းတွေ ဟိုလှန်သည်လှန်နှင့် အချိန်ကုန်သွားသည်။ သူ၏ နုဖပ်ဖပ် စကားလုံးများနှင့် နီကြင်ကြင်အတွေးများ ရစ်ဝဲပြီး ကျန်ခဲ့သည်။ ကျော်အောင်၊ မြသန်း(တင့်)၊ ကြည်လင်၊ ကြည်အေး၊ အောင်လင်းတို့လည်း ရောဝေ့နေသည်။


နောက်တနေ့တွင် မနေ့တနေ့က ရွာတဲ့မိုး ကို ပြန်ဖတ်နေမိသည်။ မိမိ၏ စာပေ ဆောင်းပါးများကို စုစည်းထားသော စာအုပ်ကလေး ဖြစ်သည်။ "စိန်ပန်းပွင့်များ၊ မိုးသောက်ကြယ်၊ နေမင်းနီ"၊ "မီးပုံကြီးနှင့်အနီးအဝေး"၊ "ကာရံမဲ့ကဗျာ"၊ "အောင်သင်းသို့ပေးစာ"၊ "ဝေဖန်ရေးနှင့်လက်တွေ့"၊ "တော်လှန်ကဗျာ" စသည့် ဆောင်းပါးများ ပါရှိသည်။
"အောင်သင်းသို့ပေးစာ" မှာ ဒဂုန်တာရာနှင့် စပ်လျဉ်းပြီး မိမိ၏ သင်္ကာရှင်းချက်တခု ဖြစ်သည်။ ၁၉၇၁ စာဆိုတော်က ဒဂုန်တာရာ၊ ကျော်အောင်၊ ညွန့်ကြူးနှင့် မိမိတို့ သုံးခွသို့ သွားခဲ့ကြသည်။ စာပေဆွေးနွေးပွဲ မိုးစင်စင်လင်းသည်။ သည်အကြောင်းကို ဒဂုန်တာရာက ရှုမဝမှာ "စာပေဆည်းဆာ" အမည်နှင့် ဆောင်းပါးရေးခဲ့သည်။ မိမိနှင့် ပတ်သက်သော အချက်တခု သူရေးခဲ့သည်မှာ မိမိ နားလည်ထားသည်နှင့် မတူညီသဖြင့် ကိုအောင်သင်းမှ တဆင့် သင်္ကာရှင်းခဲ့ရခြင်း ဖြစ်သည်။
ဒဂုန်တာရာနှင့် ပတ်သက်ပြီး ပြက်ပြက်ထင်ထင် မိမိရေးဖူးသည်မှာ နောက်တကြိမ် ရှိသေးသည်။ "မောင်မင်းကြီးသားတို့ ပို့သသောမေတ္တာ" (ရဲဘောမာတူးသို့ပေးစာ အမှတ် ၃/၇၂) မှာ ဖြစ်သည်။ ယနေ့ မြန်မာစာပေများ ဟူသောစာအုပ်မှာ မောင်စွမ်းရည်က မိမိ၏ တံခွန်တိုင်မောင်နှမများ ကို တံတောင်နှင့်ထောင်း၊ ဖနောင့်နှင့်ပေါက် လုပ်ရာမှာ တချို့ အကွက်လေးတွေက အံချော်ပြီး ချက်အောက်ကို ရောက်သွား၍ မိမိအနေနှင့် "ပြန်ခြင်း" ကလေး ခတ်လိုက်မိခြင်းပါပဲ။ အဲဒီစာအုပ်ကို ကမကထ ပြုသူနှစ်ဦးက ဒဂုန်တာရာနှင့် လင်းယုန်မောင်မောင်တို့ ဖြစ်သည့်အတွက် မိမိ၏ "ပြန်ခြင်း" ထဲမှာ "ဂုန်ယုန်" ဂိုဏ်းဟု ရေးလိုက်မိသည်။
ဒဂုန်တာရာနှင့် မိမိအကြားတွင် အခြား ကလိတိတိကလေးတခု ရှိနေသေးသည်။ ယင်းမှာ အခြားမဟုတ်ပါ။ သူ၏ ဆောင်းပါးတပုဒ်ကို အကြောင်းတခုကြောင့် မိုးဝေမှာ မထည့်သွင်းနိုင်သဖြင့် ပြန်ပေးခဲ့သည်။ ထိုအခါ မိုးဝေမှာ သူရေးနေသော ဆောင်းပါးများ အားလုံးကို ရပ်ပစ်ခဲ့သည်။ သည်တုန်းက သူသည် ကလောင်အမည် သုံးမျိုးလောက်နှင့် မိုးဝေမှာ လစဉ်ရေးနေသည်။ သူ့ကို ပြန်ရေးဖို့ ပြောသည်။ မိမိကလည်း ပြောသည်။ မိတ်ဆွေများကလည်း ပြောသည်။ သူ မရေးပါ။ သူက ဘူးဆိုလျင် ဖရုံမသီးပါ။ သူ သဘောမပေါက်လျင်၊ သူ့စိတ်ထဲမှာ ဘဝင်မကျလျင် သူ ဘာမှ မလုပ်ပါ။ သည်အချက်ကို သူနှင့် လက်ပွန်းတတီး ဆယ်နှစ်ကျော်ကျော် အနှစ်နှစ်ဆယ်နီးပါး နေခဲ့ဖူးသဖြင့် ကောင်းကောင်းသိပါသည်။
သူသဘောပေါက်အောင် ပြောဖို့ဆိုသည်ကလည်း မလွယ်ပါ။ အင်မတန် လက်ဝင်သည်။ မိမိတို့ ကြုံခဲ့ဖူးပေါင်း များပြီ။ သည်အကြောင်းတွေ ပြန်ပြောရလျင် တုတ်ထမ်းပြီး ပြောရမည်။

(ခ)
မိုးဝေ မဂ္ဂဇင်းကို မိမိ ပြန်လည် တည်းဖြတ် ထုတ်ဝေသောအခါ မင်းကျော်က ပြောသည်။
"ခင်ဗျား အရေးအသား နည်းနည်းထိန်းပါ။ အစွန်းမလွတ်တာတွေ၊ ပြဿနာ ဖြစ်မှာတွေ မရေးပါနဲ့။ ခင်ဗျားက အတို့အထောင်ကလေးတွေ လုပ်တတ်တယ်"
"ကျွန်တော်က မဟုတ်တာတွေ ရေးလို့လား။ ဘာလဲ၊ ခင်ဗျားတို့က သက်သေလိုက်ရမှာ ကြောက်လို့လား"
မိမိက လေအေးဖြင့် ပြန်ခတ်လိုက်သောအခါ လူပုစိတ်တို မောင်နေဝင်းက-
"ခင်ဗျား ပြောလိုက်ရင် ဒါပဲ။ မဟုတ်တာတော့ မဟုတ်ဘူးပေါ့ဗျ၊ ဒါပေမယ့် ဟုတ်တိုင်းလည်း လျှောက်ရေးလို့ ဖြစ်မလားဗျ။ အချိန်အခါနဲ့ အခြေအနေလည်း ကြည့်ဦးမှပေါ့"
မိမိ ဘာမှမပြောတော့ဘဲ ပြုံးနေမိသည်။
သူတို့ စိုးရိမ်၍ ပြောခြင်းဖြစ်သည်။
သူတို့ စေတနာနှင့် ပြောခြင်းဖြစ်သည်။
သည်လိုလေ။
ဒဂုန်တာရာ မိုးဝေမှာ မရေးသည့် ကိစ္စ။ ဒဂုန်တာရာ၏ ဆောင်းပါးပြဿနာ ပေါ်သည့်အချိန်က ဗန်းမော်တင်အောင်နှင့် မြသန်းတင့်တို့ အပြင်မှာမရှိ။ သူတို့ အထိမ်းအသိမ်း ခံရရာမှ လွတ်လာသောအခါ မိုးဝေမှာ ရေးကြရန် မိမိက ပြောသည်။ သူတို့ကလည်း မငြင်းပါ။ ရေးမည်ဟု ပြောကြသည်။ လက်တွေ့တွင်မူ မရေးဖြစ်ကြ။ ကဗျာဆရာ အချို့လည်း မရေးကြ။
သို့သော် အကြောင်းတခုကြောင့် မိုးဝေကို မိမိ လက်လွှတ်လိုက်သောအခါ မိုးဝေမှာ သူတို့ ရေးကြသည်။
မိုးဝေကို မိမိ ပြန်လည်တည်းဖြတ်သောအခါ မိုးဝေတွင် ရေးနေသူများကို မိမိ ချဉ်းကပ်သည်။ မြသန်းတင့်က အစဉ်မပျက် ရေးမြဲ ရေးနေမည်ဟု ဆိုသည်။ ဗန်းမော်တင်အောင်ကား မရှိတော့။
မိမိ ချဉ်းကပ်သူများအနက် ပါရဂူတဦးသာလျှင် မရေးဟု ဆိုသည်။
ဒဂုန်တာရာကို ချဉ်းကပ်ရန် မိမိ စိတ်ကူးရှိသည်။ မိတ်ဆွေများကလည်း တိုက်တွန်း ကြသည်။ သူ့အိမ်ကို အေးအေးဆေးဆေး တနေ့သွားမည်ဟု ဆုံးဖြတ်ထားသည်။ သို့သော် ယခုထိ မရောက်ဖြစ်သေး။ သည်ကြားထဲမှာ လမ်းမှာ တခါနှစ်ခါ ဆုံဖြစ်သည်။ ပြုံးရုံမျှသာ။
မည်သို့ရှိစေ မင်းကျော်၊ မောင်နေဝင်းနှင့် မိတ်ဆွေများ၏ စေတနာနှင့် အကြံပေးမှုကို မိမိ လက်ခံခဲ့ပါသည်။
မိုးဝေ ပြန်လည်မွေးဖွားသော ပထမလ (၁၉၈၁ ဇွန်) မိမိ ဆောင်းပါးမရေးပါ။ ၀တ္ထုတို တပုဒ်ရေးသည်။ ဒုတိယလတွင်လည်း ဘာမှ မရေးပါ။ တတိယလကျတော့ ကိုမိုးဝေ အထိမ်းအမှတ်လ ဖြစ်နေသည်။ ၁၉၆၇ သြဂုတ်လ ၁၅ ရက်နေ့မှာ ကိုမိုးဝေ ကွယ်လွန်ခဲ့သည်။ ယင်းကြောင့် "သြဂုတ်လအလွမ်းပြေ" ဆောင်းပါး ရေးခဲ့သည်။ ထို့နောက် ကာလအတန်ကြာ ရပ်ဆိုင်းလာခဲ့ရသော "တောအကြောင်း တောင်အကြောင်း" ကဏ္ဍကို ပြန်လည် အသက်သွင်း လိုက်သည်။
သည့်နောက်တွင်ကား "တောအကြောင်း တောင်အကြောင်း" ကို ခေါင်းစီး အမည်နှင့် အညီပင် စိတ်ကူးတည့်ရာ၊ အကြောင်းသင့်ရာများကို ရေးခဲ့သည်။ စာပေ မဂ္ဂဇင်းအကြောင်း လည်း ပါသည်။ ခရီးသွားမှတ်တမ်းများလည်း ပါသည်။ ပြန်လည် တသချက်များလည်း ပါသည်။ စာအုပ်ဝေဖန်ချက်လည်း ပါသည်။ စာအုပ်ပြပွဲ အကြောင်းလည်း ပါသည်။
သို့သော် မိမိစိတ်ထဲတွင် ရေးချင်နေသည့် အကြောင်းအရာနှစ်ခု ရှိနေသည်။ တခုက မိုးဝေကို လက်လွှတ်လိုက်စဉ်က တပိုင်းတန်းလန်းနှင့် ရပ်သွားသော "မိမိနှင့် မိမိ၀တ္ထုများ" အကြောင်း ဖြစ်သည်။ "မြန်မာပြည်မြောက်ပိုင်း"တွင် အဆက်ပြတ်သွားသည်။ ဆက်ရေးစရာ တွေ ရှိသည်။ ဆက်ရေးချင်သည်။
နောက်တခုက "မိမိနှင့် စာရေးဆရာများအကြောင်း"။ သည်အကြောင်းကိုလည်း မိမိရေးဖို့ စိတ်ကူးခဲ့သည်မှာ ကြာပြီ။ သည်အကြောင်းက မိမိ၏ အတ္ထုပ္ပတ္တိလည်း မဟုတ်ပါ။ သူတို့ အတ္ထုပ္ပတ္တိလည်း မဟုတ်ပါ။ မိမိနှင့် သူတို့၏ ထိတွေ့မှုမျှသာ ဖြစ်သည်။ သည်အကြောင်းကို ရေးလျှင် မိမိအကြောင်းလည်းပါမည်။ သူတို့ အကြောင်းလည်း ပါမည်။ ဆက်နွှယ်နေသော စာပေနှင့် စာပေလောက အကြောင်းလည်းပါမည်။
သို့ဖြင့် "မိမိနှင့် စာရေးဆရာများ" အစီအစဉ်ကို မင်းကျော်နှင့် စဖွင့်သည်။ ၀တ္ထုရေး သည့် ပုံစံအတိုင်း ဇာတ်အလယ်မှ စဖွင့်ခြင်း ဖြစ်သည်။ ထို့နောက် လင်းယုန်သစ်လွင်၊ တင့်ဆန်း၊ တင်စိုး၊ အညာက စာရေးဆရာများ၊ လင်းယုန်နီနှင့် ဗန်းမော်တင်အောင်တို့ကို ရေးခဲ့သည်။ လင်းယုန်နီကို ရေးကတည်းက သူပြီးလျှင် ဗန်းမော်တင်အောင်၊ ဗန်းမော်တင်အောင်ပြီးလျှင် ဒဂုန်တာရာကို ရေးရန် ဇာတ်ပျိုးခဲ့သည်။
သို့သော် လနှစ်ရာ အထူးထုတ်တွင် ဒဂုန်တာရာကို ရေးရမည် ရှိသောအခါ လက်တွန့် နေသည်။ သူ့အကြောင်းကို မရေးဘဲ တိရစ္ဆာန်ရုံထဲက ကျားမြီးကို သွားဆွဲရလျှင် ကောင်းချေ မည်လားဟု စဉ်းစားမိသည်။
မိမိနှင့် စာရေးဆရာများ "ဆီးရီး" ကို စီစဉ်ကတည်းကပင် လက်တွန့်မိသော ခေါင်းစီးနှစ်ခု ရှိခဲ့သည်။ "မိမိနှင့် ဒဂုန်တာရာ" နှင့် "မိမိနှင့် အမျိုးသမီးစာရေးဆရာများ" ပင် ဖြစ်သည်။
အမျိုးသမီးများက ဆတ်ဆတ်ထိမခံ ဖြစ်သည်။ ဒဂုန်တာရာက ရွှေပန်းကန် ဖြစ်သည်။
သည်မှာ သတိရသဖြင့် ရယ်စရာတခု ပြောချင်သည်။ ပြီးခဲ့သည့် ဒုတိယအကြိမ် စာပေလုပ်သား ညီလာခံတုန်းက ဖြစ်သည်။
'ဆရာနတ်နွယ်၊ "မိမိနှင့် စာပေလုပ်သားညီလာခံ ၁၉၈၄" ကို ရေးပါဦး'
နောက်ဘက်မှ အသံကြားသဖြင့် လှည့်ကြည့်လိုက်သောအခါ ဒေါ်ကြွယ်ကြွယ်က ပြောလိုက်ခြင်း ဖြစ်ကြောင်း တွေ့ရသည်။ ဒေါ်ကြွယ်ကြွယ်နှင့်အတူ အခြား အမျိုးသမီး စာရေးဆရာ လေးငါးခြောက်ယောက်လောက် ရှိနေသည်။ အချို့ကို မိမိ သိသည်။ အချို့ကို သိသည်ဟု ထင်သည်။ နာမည်နှင့်လူ မတွဲမိ။ အချို့ကိုကား ယခင်က မမြင်ဖူး။
ညီလာခံတက်ရောက်သူများကို အမည်စာတမ်းပါရှိသော ရင်ထိုးကလေးများ ပေးထား သည်။ လူကိုမှတ်မိပြီး နာမည်မေ့နေလျှင် ရင်ဘတ်ပေါ်မှ ရင်ထိုးကို ကြည့်လျှင် သိနိုင်သည်။ သို့သော် အမျိုးသားတယောက်ဆိုလျှင် အရေးမကြီး။ သူ့ရင်ဘတ်မှ စာတမ်းကို အားမနာတမ်း ဖတ်နိုင်သည်။ သို့သော် အမျိုးသမီးဆိုလျှင်ကား အားနာစရာကြီး။ နောက်တကြိမ်ဆိုလျှင် နာမည်စာတမ်းများကို ရင်မှာမထိုးဘဲ နောက်ကျောမှာ ထိုးရန် အကြံပြုရလျှင် ကောင်းမလား မသိ။ "ကျောထိုး" ဟူသော ဝေါဟာရအသစ်တလုံးလည်း တိုးလာနိုင်သည်။ ဘယ်လောက်ပဲ ကြည့်ကြည့် အားနာစရာ မရှိတော့။
ယခုတော့ "မိမိနှင့် အမျိုးသမီးစာရေးဆရာများ" အကြောင်း ရေးနိုင်ရန် သူတို့နာမည်ကို သိနိုင်ဖို့ကပင် အခက်အခဲကြီးတခု။
"မိမိနှင့် ဒဂုန်တာရာ" အကြောင်း ရေးဖို့ကိစ္စမှာလည်း အခက်အခဲတွေ တသီတတန်း ကြီးပင်။
သို့သော်.....
မိမိသည် ရန်ကုန်ရောက်သည့် ၁၉၅၃ မှ အစပြုလျက် ၁၉၇၂ ခုနှစ်လောက်အထိ အနှစ်နှစ်ဆယ်နီးပါးမျှ ဒဂုန်တာရာနှင့် လက်ပွန်းတတီး နေခဲ့ရသည်။ အချို့သော နှစ်ကာလများတွင် ဆိုလျှင် မိမိတို့သည် နေ့စဉ်လောက်ပင် တွေ့ဆုံဖြစ်ကြသည်။ အအေးဆိုင်မှာ ထိုင်ကြသည်။ လက်ဖက်ရည်ဆိုင်မှာ ထိုင်ကြသည်။ ခရီးအတူ သွားကြသည်။ အစည်းအဝေး အတူတက်ကြသည်။ စာပေအကြောင်း မမောနိုင် မပန်းနိုင် ဆွေးနွေးခဲ့ကြသည်။
သည့်ထက်ပိုပြီး အရေးကြီးသည်က မိမိသည် တာရာမဂ္ဂဇင်းကို ဖတ်ပြီး ကြီးပြင်းခဲ့ရသည်။ မိမိအပေါ်တွင် သူ၏ စာပေသြဇာ သက်ရောက်လွှမ်းမိုးခဲ့သည်။ ယခုတိုင်အောင်ပင် ဖြစ်သည်။သည်တော့ သူ့အကြောင်း ရေးရပေမည်။ "မိမိနှင့် ဒဂုန်တာရာ" ကို ရေးရမည်။ ဘယ်ကစပြီး ရေးရပေမည်နည်း။ ဘယ်လောက်အထိ ရေးရမည်နည်း။ ဘယ်မှာ ဆုံးရမည်နည်း။


(က)
မိမိနှင့် ဒဂုန်တာရာ ပထမဆုံးအကြိမ် လူချင်းတွေ့ဖူးကြသည်မှာ ဂျာနယ်ကျော် မမလေး၏ အလုပ်တိုက်တွင် ဖြစ်သည်။ မိမိက သူ့ကို တွေ့မြင်လို၊ သိကျွမ်းလိုသဖြင့် ကိုတင်စိုးက လိုက်ပို့ပေးခြင်း ဖြစ်သည်။ သည်တုန်းက သူသည် ဒေါ်မမလေးတိုက်တွင် စတည်းချနေသည်။ သူ့စပွဲက အဝင်ဝတွင်ဖြစ်သည်။ လမ်းမဘက်တွင် ဖြစ်သည်။ ပြတင်းပေါက်အကွယ်တွင် ဖြစ်သည်။ ပြတင်းပေါက်မှ ကြည့်လျှင် အပြင်ဘက်ကမ္ဘာကို မြင်ရသည်။ သို့သော် ပြတင်းပေါက်တွင် ဇာခန်းဆီး တပ်ဆင်ထားသဖြင့် ပြင်ပကမ္ဘာသည် ဝိုးတဝါးမျှသာ။
သူ့စားပွဲက လှသည်။ ပန်းချီနှင့် တူသည်။ ကဗျာနှင့်တူသည်။ စားပွဲခင်း အပြာနုနု၊ စားပွဲတင်မီးအုပ်ဆောင်းကလည်း အမြိတ်စကလေးတွေ ကျနေသော ပိုးအပြာစ။ ဖန်ခွက်ပုပုကလေး အုပ်ထားသော ရေဖန်ချိုင့်။ အညီအညာထပ်ထားသော စာအုပ်နှစ်အုပ် သုံးအုပ်။
ကိုတင်စိုးက မိတ်ဆက်ပေးသောအခါ သူ ယဲ့ယဲ့ကလေး ပြုံးသည်။ ထို့နောက် လူထုအကြောင်း၊ မန္တလေးအကြောင်း သဲ့သဲ့ကလေး မေးသည်။ မိမိကို သူကြည့်ပုံက စူးစူးစိုက်စိုက် မဟုတ်။ သဲ့သဲ့ယဲ့ယဲ့ကလေး။
သူ့အကြောင်း ကြားဖူးထားသည့်အတိုင်း၊ စာထဲတွင် ဖတ်ဖူးထားသည့်အတိုင်း၊ အင်္ကျီလက်ရှည်အဖြူ၊ ဘန်ကောက်လုံချည် ရေညှိစိမ်း၊ မျက်မှန်ဝိုင်းဝိုင်းထူထူ၊ နှုတ်ခမ်းထူထူ၊ ဆံပင်ကောက်ကောက် တွန့်တွန့်လိပ်လိပ်။
သည်တုန်းက သူ ၃၄ နှစ်ပဲ ရှိသေးသည်။ မိမိက ၂၀။ ၁၉၅၃ ခုနှစ်က ဖြစ်သည်။ မိမိထက် ၁၄ နှစ် ကြီးသည်။ သို့သော် မိမိထက် လေး ငါးနှစ်မျှကြီးကြသော ကိုကျော်အောင်၊ ကိုမြသန်း(တင့်)၊ ကိုတင်စိုး၊ ကိုအောင်လင်းတို့ ခေါ်သည့်အတိုင်းပင် သူ့ကို ကိုဌေးမြိုင်ဟု ခေါ်မိသည်။ ထိုမျှမက မိမိထက် ၁၆ နှစ်မျှ ကြီးကြသော တင့်ဆန်းနှင့် လင်းယုန်သစ်လွင် တို့ကိုလည်း ကိုမိုးဝေတို့ ခေါ်သည့်အတိုင်းပင် ကိုတင့်ဆန်း၊ ကိုသစ်လွင် ဟု ခေါ်ခဲ့မိသည်။ ယခုမှ သူတို့တတွေ အဘိုးကြီးတွေ ဖြစ်နေကြပြီကို ကြည့်ပြီး "ကို" တပ်ပြီး ခေါ်ရမည်ကို အားနာနေမိသည်။ ဦးသိန်းဖေမြင့်ကိုပင် ကိုဌေးမြိုင်တို့၊ ကိုတင်အောင်တို့ ခေါ်သည့်အတိုင်း ကိုသိန်းဖေဟု လိုက်ပြီး မခေါ်မိစေရန် မနည်းပင် နှုတ်စောင့်စည်းရသည်။ သူတို့နှင့် ကိုသိန်းဖေမြင့်က ငါးနှစ်ပဲ ကွာသည် မဟုတ်လား။
ဂျာနယ်ကျော်မမလေးကို ကိုဌေးမြိုင်နှင့် တချိန်တည်းမှာပင် တွေ့ဆုံသိကျွမ်းခဲ့ရသည်။ ဒေါ်မမလေးကိုမူ ထိုကတည်းက အစ်မကြီးဟု ခေါ်ခဲ့သည်။ မိမိထက် ၁၆ နှစ်တိတိ ကြီးသည်။ သို့သော် ထိုစဉ်ကမူ ဒေါ်မမလေးသည် ၃၆ နှစ်မျှသာ ရှိသေးသည်။ လှပဆဲ ဖြစ်သည်။ အရပ်အမောင်းကောင်းပြီး အပြင်အဆင် တတ်ကျွမ်းသဖြင့် ပို၍လှပသည်ဟုပင် ထင်ရသည်။ နောက်ပြီးတော့ အမျိုးသမီးတွေ၏ အလှအပက အသက် ၄၀ တွင်မှ အစွမ်းကုန် ပွင့်လန်းသည်ဟု ဆိုကြသည် မဟုတ်လား။
ဒေါ်မမလေးက မိမိတို့ကို မျက်စောင်းထိုးဆိုင်မှ ချစ်တီးကော်ဖီ မှာတိုက်သည်။ ကော်ဖီက ကောင်းသည်။ အနံ့ရော အရသာရော ပြင်းစူးသည်။ ထို့နောက် နာမည်ကျော် ကရစ်လမ်း (ယခု-ဗိုလ်မြတ်ထွန်းလမ်း) စမူဆာကို မှာကျွေးသည်။ စမူဆာကလည်း ကောင်းလှသည်။ သေးသေးကလေးတွေ၊ ပူပူကလေးတွေ။ သည်မှစ၍ နောက်ပိုင်းကာလများ တွင် ချစ်တီးကော်ဖီနှင့် ကရစ်လမ်းစမူဆာသည် မိမိတို့၏ နိစ္စဓူဝ နေ့လည်စာ ဖြစ်ရတော့သည်။
ချစ်တီးကော်ဖီ၊ ကရစ်လမ်း စမူဆာ၊ စာပေသစ်၊ စာရေးဆရာအသင်း၊ စာရေးဆရာ စာပေကလပ်၊ ကမ္ဘာ့ငြိမ်းချမ်းရေးကွန်ဂရက်.......။

(ခ)
ဒဂုန်တာရာ ချည်လုံချည်ဝတ်သည်ကို မိမိ ပထမဦးဆုံး တွေ့ဖူးသည်မှာ မိမိတို့ လှိုင်မြို့ဟောင်းကို သွားကြတုန်းက ဖြစ်သည်။ ၁၉၅၇ တွင် ဖြစ်သည်။
လှိုင်မြစ်ကမ်းပါးပေါ်ရှိ လှိုင်မြို့ဟောင်းနှင့် အလယ်ရိုးမတောင်ခြေရှိ တဗူးမြို့ဟောင်းကို သွားရောက်ရန် မိမိတို့ ညှိနှိုင်းသောအခါ ဒဂုန်တာရာက သူလည်းလိုက်မည်ဟု စိတ်ထက်သန်စွာ ဆိုသည်။
'ခင်ဗျား လိုက်နိုင်ပါ့မလား'
'ကမ္ဘာပတ်လာတဲ့ လူပဲဗျာ'
မရယ်တရယ် သူ ပြောသည်။
'ကမ္ဘာပတ်တာနဲ့ မတူဘူး။ အခု သွားရမှာက ခရီးကြမ်းတယ်၊ ကုန်းကြောင်းလျှောက် ရမှာ'
'ကျွန်တော့အတွက် မပူပါနဲ့'
'ဒါပေမယ့် ခင်ဗျား ဘန်ကောက်လုံချည်နဲ့တော့ မဖြစ်ဘူး'
သည်တော့ သူ တွေဝေသွားသည်။
သို့သော် ချက်ချင်းပင် ဆုံးဖြတ်ချက်ချပြီးဟန်ဖြင့်-
'အင်း ဟုတ်တယ်၊ ချည်လုံချည် နှစ်ထည်လောက်တော့ ဝယ်ရမှာပဲ'
သည်တုန်းက ညစျေးတန်းက အနော်ရထာလမ်း ပလက်ဖောင်းပေါ်တွင် ဖြစ်သည်။ ဆိုင်တန်းတွေ အကျအန ထိုးလို့ ဖြစ်သည်။ သူလုံချည်ဝယ်ရာသို့ ကိုတင်စိုးနှင့် မိမိ အဖော်လိုက်ကြသည်။
သူ့စိတ်ကြိုက် အဆင်အသွေး မရသဖြင့် တနာရီလောက် ကြာသွားသည်။ နောက်ဆုံးတွင် လုံချည်နှစ်ထည် သူဝယ်သည်။ အကွက် စိပ်စိပ်ကလေးတွေ ဖြစ်သည်။ တထည်က အစိမ်းနု၊ တထည်က အပြာနု။
ပြည့်ကြပ်နေသော ဘတ်စ်ကားကြီးတစီးဖြင့် မိမိတို့ လိုက်ပါရသည်။ မိမိတို့ ဆိုသည်မှာ ဒဂုန်တာရာနှင့် တင်စိုး၊ ကိုလွင်ဦး(ပြည်တော်သစ်) နှင့် မိမိ။
ဥက္ကံမရောက်မီ ရွာတရွာတွင် ဆင်းရသည်။ လှိုင်းမြို့ဟောင်းကို ရောက်အောင် သုံးနာရီလောက် လျှောက်ရသည်။ မိုးရွာထားသဖြင့် လယ်ကန်သင်းများ စွတ်စိုနေသည်။ ချော်ချွတ်နေသည်။ အချို့နေရာများတွင် ဗွက်ပေါက်နေသည်။ အချို့နေရာများတွင် ရေလွှမ်းနေသည်။ ဖိနပ်များကို လက်တွင် ကိုင်သွားကြရသည်။ ချော်မလဲအောင် သတိထားပြီး လျှောက်ကြရသည်။ တချို့နေရာတွင် ဗွက်က ခြေသလုံးတဝက်လောက် မြုပ်သည်။ အချို့နေရာများတွင် ရေက ပေါင်လည်လောက်ထိ နက်သည်။ တနေရာတွင် "ခွေးအိပ်ချောင်း" ကို ကူးဖြတ်ကြရသည်။ တံတားက ဝါးပိုးဝါး တလုံးတည်း။ မိမိတို့က လေးဘက်ထောက်ပြီး ကူးဖြတ်ကြရသည်။
ကိုဌေးမြိုင် တချက်ကလေး မညည်းပါ။ ထို့အပြင် မိမိတို့ကို ချုံခိုတိုက်ခိုက်လျက်ရှိသော မျှော့များကိုလည်း သူနည်းနည်းမျှ မကြောက်ပါ။ သူက မြစ်ဝကျွန်းပေါ်သားဖြစ်သည်။ မိမိ မျှော့ကြောက်သည်ကို ကြည့်ပြီး သူက ရယ်မောလိုက်သေးသည်။
မွန်းတည့်ချိန်လောက်တွင် လှိုင်မြို့ဟောင်းအတွင်းသို့ ရောက်ရှိသွားကြသည်။ မိမိတို့ ဘာတွေ တွေ့ရသနည်း။ ဘုရားပျက်ကလေးတဆူနှင့် ရေတွင်းပျက်ကလေးတခုကိုသာ တွေ့ရှိကြရသည်။ သို့သော် မြို့ရိုးပေါ်မှ ကြည့်သောအခါတွင်ကား လှိုင်းမြစ်တခွင်သည် ပန်းချီကားတချပ်ကို ဖြန့်ခင်းထားသည့်နှယ်၊ အဝေးဆီတွင် အလယ်ရိုးမ မှိုင်းညို့ညို့။
လှိုင်မြို့ဟောင်းမှ အပြန်တွင် ဒဂုန်တာရာက ရှုမဝတွင် ကဗျာတပုဒ် ရေးသည်။ ကိုတင်စိုးက လုံးချင်းတပုဒ်။

(ဂ)
ဒဂုန်တာရာသည် အလှအပ အနုအရွကလေးတွေ ကြိုက်တတ်သည်။ အကြမ်းအတမ်း အပင်အပန်းတို့ကိုလည်း အမှုမထင်ပါ။
၁၉၅၈ ခုနှစ်တွင် မိမိတို့ မြောက်ဥက္ကလာပကို ပြောင်းရတော့ သူသည် မိမိတို့ ရှိရာ ကွင်းပြင်ကြီးထဲသို့ ချွေးတလုံးလုံး၊ ဖုံတလူးလူးဖြင့် ရောက်လာသည်။ မိမိတို့၏ ယာယီနန်း ဖြစ်သော လေးတိုင်စင်ကလေးများတွင် သူရေနွေးကြမ်းသောက်သည်။ ငမိုးရိပ်ချောင်းကို လှေကလေးနှင့် ဖြတ်ပြီး တဖက်ကမ်းက ရွာတွေကို သွားလည်တော့လည်း သူလိုက်ပါသည်။ သူသည် တောင်ဥက္ကလာပသို့လည်း ရောက်ခဲ့ပြီး ဖြစ်သည်။ ကေတီဦးကျော်တင့်(ကွယ်လွန်) ထံသို့ဟု ထင်သည်။ သည်မှာ သူ၏ နာမည်ကျော် "ဥက္ကလာပ" ကဗျာ မွေးဖွားခြင်းဖြစ်သည်။
မိတ်ဆွေတွေနှင့် တွေ့ပြီး စကားစမြည် ပြောရမည်ဆိုလျှင်၊ စာပေရေးရာဆွေးနွေး ရမည်ဆိုလျှင် သူဘယ်တော့မှ ဦး မလေး။ မိုးရွာသည်ကိုလည်း သူမဖြုံ၊ နေပူသည်ကိုလည်း သူမတွက်၊ နှင်းကျသည်ကိုလည်း အမှုမထား။ ခရီးဝေးသည်၊ ချောင်ကျသည်၊ လမ်းထောင့်သည် ဆိုသည်တွေလည်း သူ ဘာမှ မစဉ်းစား။ ချိန်းသည့်နေ့တွင် သူရောက်လာသည်။ ချိန်းသည့်အချိန်တွင် သူရောက်လာသည်။ ပျက်ကွက်သည်မရှိ။ နောက်ကျသည်မရှိ။ အစည်းအဝေးဆိုလျှင်လည်း သည်အတိုင်းပင်။
သို့သော် သူသည် ဆွေးနွေးပွဲများနှင့် အစည်းအဝေးများတွင် အတူပါသော်လည်း ဟောပြောပွဲကိုကား ဘဝင်ကျဟန် မရှိချေ။ စာပေဟောပြောပွဲဆိုလျှင် သူ ဘယ်တော့မှ မလိုက်။ စာပေဆွေးနွေးပွဲ သက်သက်ဆိုလျှင်ကား သူ လိုက်ပါသည်။
တခုသော စာဆိုတော် ရာသီတွင် မိုးဝေကို သူ ဆောင်းပါးတပုဒ် ပေးသောအခါ ဟောပြောပွဲများအကြောင်း ပါရှိလာသည်။ သူ၏ ကောက်ချက် အချို့သည် မိမိတို့နှင့် သဘောကိုက်ညီခြင်း မရှိသဖြင့် ဆောင်းပါးကို ပြန်ပေးလိုက်သည်။ ထိုအခါ (မိမိတည်းဖြတ် သော) မိုးဝေသို့ သူစာမူမပေးတော့။
မိုးဝေမှာ သူမရေးတော့သော်လည်း မိုးဝေကိုကား သူ ဖတ်မြဲဖြစ်သည်။ မိုးဝေကလည်း သူ့ကို စာအုပ်လက်ဆောင် ပေးမြဲ ဖြစ်သည်။ သို့သော် တလတွင်ကား သူ့အတွက် စာအုပ်လာယူသော ကဗျာဆရာတယောက်ကို မိမိက ပြောလိုက်သည်။
'မိုးဝေမှာ စာမရေးတဲ့ လူတွေကို စာအုပ်မပေးဘူးလို့ ပြောလိုက်ဗျာ'
သည်သတင်း ချက်ချင်းပြန့်သွားသည်။
'ခင်ဗျား အတော်ဆိုးတဲ့လူဗျာ၊ ကျွန်တော်တို့က ခင်ဗျားတို့ ပြေလည်အောင် ကြိုးစားနေကြတာ'
ကိုစောလွင် (မြန်မာအမျိုးသမီး) က မိမိကို ပြောသည်။ သည်တုန်းက မိုးဝေကို သူ တာဝန်ခံ ထုတ်နေစဉ် ဖြစ်သည်။
ယင်းသို့ဖြင့် အချိန်ကာလတွေ ကြာမြင့်သွားသည်။ မိုးဝေကို မိမိ လက်လွှတ် လိုက်သည်။ သည်အခါတွင် မိုးဝေမှာ သူ ပြန်ရေးသည်။

(ဃ)
မိုးဝေကို မိမိ ပြန်လည် တာဝန်ယူသောအခါ သူ့ထံသို့ သွားရောက်ပြီး စာမူတောင်းရန် မိမိ ဆုံးဖြတ်သည်။ မိတ်ဆွေတွေကလည်း တိုက်တွန်းကြသည်။ သို့သော် လက်တွေ့တွင်ကား သူ့ထံသို မိမိ မရောက်ဖြစ်ခဲ့။
မိုးဝေ လနှစ်ရာ အထူးထုတ်ကို စီစဉ်သောအခါတွင်ကား သူ့ထံသို့ သွားဖြစ်အောင် သွားမည်ဟု သန္နိဌာန်ချသည်။
တနေ့တွင် ကားတစီးငှားပြီး ဆရာဇော်ဂျီ၊ ဆရာတက်တိုး၊ ဒေါ်နုယဉ်နှင့် သူ့အိမ်သို့ သွားရန် စီစဉ်သည်။ မိတ်ဆွေအချို့လည်း လိုက်ပါကြမည် ဖြစ်သည်။ သို့သော် သူ့ထံသို့ ကြိုပြီး ဖုန်းဆက်သောအခါ သူ မရှိပါ။ မှော်ဘီ သွားနေသည်။ နောက်တပတ်အကြာတွင် ထပ်ပြီး ဖုံးဆက်သည်။ မတွေ့ပါ။ မှော်ဘီသွားနေသည်ဟုပင် သိရသည်။
ယင်းသို့ဖြင့် လနှစ်ရာ အထူးထုတ်အတွက် သူ့ထံမှ စာမူ မတောင်းလိုက်ရပါ။ အကယ်၍ သူနှင့်တွေ့ပြီး စာမူတောင်းခွင့် ရခဲ့လျှင်ကား......။

နတ်နွယ်
[မိုးဝေ၊ စကိတင်ဘာ၊ အောက်တိုဘာ၊ ၁၉၈၄]
{နတ်နွယ် ရဲ့ မိမိနှင့်စာရေးဆရာများ၊ ဖေဖော်ဝါရီ ၂၀၀၀ စာအုပ်မှ ကူးယူဖော်ပြပါ တယ်။}

လမင်းတရာဘလော့ဂ်မှကူးယူဖော်ပြတာဖြစ်ပါတယ်

မန္တလေး ရေးသူ- ဒဂုန်တာရာ

0 comments
မန္တလေးရေးသူ- ဒဂုန်တာရာ
သခင်နုနှင့် စာရေးဆရာအသင်း
'နာမည် ဘယ်သူလဲ'
'စာရေးဆရာအသင်း ဥက္ကဌ ဒဂုန်တာရာပါ'
သေနတ်ကိုင် စစ်သားက လက်ပြကာ ခွင့်ပြုလိုက်မှ မော်တော်ကားကို သံဆူးကြိုးဝိုင်းထဲသို့ မောင်းဝင်ရလေသည်။
'ဟော ဝင်နိုင်ပြီ တဲ့' ဟု ဒဂုန်နတ်သျှင်က ဆိုသည်။ ဇော်ဂျီ ကမူကား မရန်းပင်များဖြင့် မှိုင်းညှို့သော ဝင်ဒါမီယာဘက်သို့ ငေးကာ 'ဟော ဟိုမှာ သခင်နု ပုတီးစိပ်တဲ့ နေရာ' ဟု ပြလေသည်။ မုလေးရုံ တောစ၊ ဒေါနလမ်း မြေညီ။

အိမ်ဝင်းထဲတွင် ကားများရပ်ထားသည်ကို တွေ့ရသည်။ ကက်ဘိနက် အစည်းအဝေးရှိသဖြင့် ဧည့်ခန်းတွင် ထိုင်စောင့်နေကြရသည်။
ဧည့်ခန်းမှာ ရိုးရိုးကလေးဖြစ်သည်။ အဆန်းအပြားမရှိ။ လွတ်လပ်ရေးကျောက်တိုင် ဓါတ်ပုံ၊ ဗိုလ်ချုပ်အောင်ဆန်း၏ ဓာတ်ပုံမှာ ပုံကြီးဖြစ်၍ ပေါ်ထင်သည်။ အခြား ဝါဒဖြန့်ချိရေးဌာနမှ ကားများ။ တထောင့်တွင် မြန်မာမှုလက်ရာ စဉ့်အတတ်ပညာဖြင့် လုပ်ထားသော ပန်းစိုက်အိုးကြီး။
အတန်ကြာသောအခါ ကော်ဖီ လာချသည်။ သာမန်အိမ်များတွင် တွေ့နေကျ သာမန် လက်ဖက်ရည် ပန်းကန်အပြာ။ ဂျာနယ်ကျော်မမလေး မူကား သကြားပါသဖြင့် မသောက်ပေ။
လေတိုက်သဖြင့် ပန်းပွင့်ခန်းဆီးသည် ဖောင်းကာ ရွက်တိုက်နေသည်။ မကြာမီ အပါးတော်မြဲက 'အပေါ်ထပ်ကို ကြွပါတဲ့' ဟု လာပြောသည်။ ဒါနှင့် အပေါ်သို့ တက်ကြသည်။
သခင်နုက 'အစည်းအဝးတွေက ဆက်နေတာ။ တော်တော်များ စောင့်နေရသလား' ဟုဆိုကာ ကျွန်တော်တို့အား နှုတ်ဆက်လေသည်။
သခင်နု၏ နှုတ်ဆက်သောအကြည့်ကို တုန့်ပြန်ခံယူ၍ မရအောင် ဖြစ်နေသည်။ သည်အတွက်မူ လှိုက်ဖိုခြင်း မဖြစ်မိ။ သခင်နုကို ၁၉၄၆ ခုနှစ် ကုန်လောက်က တာရာမဂ္ဂဇင်းတွင် ဆောင်းပါး တောင်းစဉ်က မြန်မာ့အလင်းသတင်းတိုက်တွင် နောက်ဆုံးတွေ့ခဲ့၏။ 'ကျွန်တော်တို့က စာပေဝါသနာပါတယ် ဆိုပေမယ့် မီးလောင်နေတာတွေ့တော့ မီးကို ဝင်ငြိမ်းရသေးတယ်' ဟု သူက ပြောခဲ့သည်။
သည့်နောက် တခါမျှ သူနှင့်မတွေ့။ တွေ့စရာလည်း အကြောင်းမရှိ။
ယခု တွေ့ရသောအခါ များစွာပြောင်းလဲနေသည်ကို မြင်ရ၏။ ယခင်ကမူ တဦးစီကို တဦးစီကို နှုတ်ဆက်သော အကြည့်ရှိ၏။ ထိုအကြည့်မှာ ကြည်နူးစရာ။ ယခုမူ အားလုံးကို မှေးကာ ကြည့်၏။ အသေးစိပ် မြင်ဟန်မရှိ။ အားလုံးကို တခါတည်းခြုံ၍ ကြည့်၏။ ထိုအကြည့်မှ သဘင် ဆံနေပေသည်။
ထို့ကြောင့် သူ၏ မှေးသောအကြည့်ကို ခံယူရာ၌ ဖိုလှိုက်ခြင်း မဖြစ်မိ။ စွဲလမ်းသော ကချေသည်တဦးက ဇာတ်ခုံပေါ်မှ ပရိသတ်ကို ကြည့်သော အကြည့်ကို ခံယူရသည့် အခါမျိုး ဖြစ်၏။ အကယ်၍သာ အိမ်တအိမ်၌ ထိုစွဲလမ်းသော ကခြေသည်ကို ဆုံတွေ့ရချေက ဖိုလှိုက်မိပေမည်။ ရင်ခုန်မိပေမည်။ ဤ ဖိုလှိုက်ခြင်း ရင်ခုန်ခြင်းက ကြည်နူးစရာ။
ထိုသို့ ပြောင်းလည်းလာသည်ကို နားလည်နိုင်ပါ၏။ သခင်နုသည် ၄ နှစ်အတွင်း မုန်တိုင်းထဲက သစ်ရွက်လို လွင့်မျောနေရှာသည်။ စဉ် မကျသွားအောင် တွယ်ကပ်ထားရ၏။ ပရိသတ်များကို တိုးဝှေ့ကာ ရှင်းရ၏။ ထို့ကြောင့် ပရိသတ်အားလုံးကို ဇာတ်ခုံပေါ်မှ ကြည့်သော မှေးကြောင်ကြောင် အကြည့်ကို ရရှိလာဟန် တူ၏။
ထိုသို့ မှေးကြောင်သော အကြည့်ဖြင့် ကြည့်ကာ စကားပြောနေသဖြင့် ဇော်ဂျီက ကျွန်တော့်ကို သခင်နု မမှတ်မိဘူးထင်ကာ 'ဒဂုန်တာရာကို သိတယ် မဟုတ်လား' ဟု ပြောရ၏။
'ဘယ်နှယ့် မသိဘဲ ရှိပါ့မလဲ။ ကောင်းကောင်းသိတာပေါ့' ဟု ပြုံးကာ ပြန်ဖြေသည်။
ထိုအပြုံးနှင့် အကြည့်မှ ကြည်နူးစရာ ကောင်းသည်။ သို့သော် လျှပ်ပြက်လိုက်ခြင်းမျှသာ။

သံဆူးကြိုးထဲမှ မီးခိုး မှိုင်း
သခင်နု၏ အကြည့်သာမဟုတ်။ ပြောသည့် စကားဝါစာ၊ လက်ဟန် အမူအရာတို့မှာ ဇာတ်သဘင် ဆံနေလေပြီ။ စင်မြင့် နိုင်ငံရေးသမားဟန် ပါနေလေပြီ။ ဤ ဟန်ပန်ဖြင့် ကရဖန် များလာသဖြင့် အမူအရာမှာ စက်ယန္တရားလိုလည်နေလေပြီ။ ကျွန်တော်ကမူ ၁၉၃၆ သပိတ်က သိဖူးသည့် 'ကိုကြီးနု' သဏ္ဍာန်နှင့် နှိုင်းယှဉ်ကြည့်နေမိသည်။
ဇော်ဂျီက စတင်၍လားမသိ။ စာဆိုတော်ပွဲနေ့ကို တက်ရောက်ဖွင့်ရန် ပြောသည်။ ဂျာနယ်ကျော် မမလေးကလဲ ထပ်ပြော၏။
'မတက်နိုင်ဘူးထင်တယ်။ ဒီဇင်ဘာလ ၆ ရက်နေ့က စပြီး မန္တလေးက သင်းဘောနဲ့ထွက်လာမှာ။ စာဆိုတော်နေ့မှာက လမ်းမှာ ရှိလိမ့်မယ်။ တိုင်း ကွန်ဖရင့်အတွက် အရေးကြီးတယ်။ နောက်ပြီး တချို့မြို့တွေမှာ သူပုန်က လွတ်စ ရှိသေးတယ်။ ဒီမြို့တွေရဲ့စိတ်ဓာတ်ကို မြှင့်တင်အားပေးရမယ်'
သူ၏ လင်္ကာဝါစာမှာ ပြေပြစ်လှသည်။ ကျွန်တော်တို့က ဇွတ်ပြောကြရသော်လည်း သူ၏ အကြောင်းပြချက်တို့မှာ ခိုင်လုံသည်။ ဒါနှင့် ဘာမျှ မတတ်နိုင်။
သခင်နုက 'အခြေအနေကိုက ဒီလိုဖြစ်နေတာ။ ကျွန်တော်ကလဲ တက်ချင်ပါတယ်။ ဘယ်နှယ့်လုပ်မလဲ' ဟု ဆိုသည်။ တရာတန် လက်မှတ် ၅၀ ရောင်းပေးရန် အလွယ်တကူ တာဝန်ယူလိုက်သည်။
နောက်ဆုံး သခင်နုက စာဆိုတော်နေ့တွင် ခါတိုင်းနှစ်များလို လာရောက် မဖွင့်လှစ်နိုင်ခြင်းကို အားနာသွားသဖြင့် 'ကဲ အကြံတခုရတယ်။ ဒီလို လုပ်ပါ။ မန္တလေးကို လာလည်ဖို့ ကျွန်တော် ဖိတ်လိုက်မယ်။ ဟိုမှာ ရှိတဲ့ စာရေးဆရာတွေနဲ့ မိတ်ဆက်ကြပေါ့။ ဘယ့်နှယ်လဲ။ ကျွန်တော် အသွားအပြန် လေယာဉ်ပျံနဲ့ ပို့ပေးမယ်။ ဟိုကျတော့ တည်းဖို့ နေဖို့တော့ ခင်ဗျားတို့ပဲ ကြည့် စီစဉ်ကြပေါ့။ မန္တလေးမှာ ၃ ရက်လောက် နေကြပေါ့'
ကျွန်တော်တို့က နားထောင်နေကြသည်။
'လေယာဉ်ပျံတစီးစာဆိုရင် လူနှစ်ဆယ်လောက်တော့ လိုက်နိုင်မယ်။ အဲ စာရေးဆရာအသင်း အမှုဆောင်က ဘယ်နှစ်ယောက် ရှိသလဲ'
'ဆယ့်ခြောက်ယောက်'
သခင်နုက ပြတင်းပေါက်ဘက်ကို ငေးနေပြီးမှ
'သတင်းစာဆရာအသင်းလဲ ခေါ်ပါအုံးလေ။ အဲဒါ ဒဂုန်တာရာကပဲ တာဝန်ယူပါ။ သတင်းစာဆရာအသင်း ကို မေးပြီး မော်လမြိုင်ကအပြန် စနေနေ့ အကြောင်းပြန်ပေးပါ'
ထိုအခိုက် အောက်ထပ် မီးဖိုမှ မီးခိုးများ အပေါ်သို့တက်လာကာ အခန်းထဲသို့ ဝင်လာသည်။ သခင်နုလည်း မီးခိုးသဖြင့် လက်နှင့် ယပ်နေရာက ထပြီး အောက်သို့ ငုံ့ကြည့်ကာ 'ကိုကြူစိန်ရေ' ဟု အပါးတော်မြဲကို လှမ်းခေါ်သည်။
'မီးခိုးတွေ လုပ်ပါအုန်း။ အပေါ်တက်နေတယ်။ မီးမခိုးအောင် လုပ်ပေးပါ'
ဇော်ဂျီက ပြုံးရယ်နေသည်။ သို့သော် မီးခိုးသည် ကျွန်တော်တို့ထံသို့ မရောက်ပေ။
'ရန်ကုန်က သံအမတ်တွေလည်း ဖိတ်မယ်။ မန္တလေးမှာလဲ နိုင်ငံရေးအားဖြင့် ဘယ်လောက်အရေးကြီးတယ်ဆိုတာ ပြရမှာပဲ။ အိုင်ဆေး နောက် ဒိပြင် ဘယ်သူတွေကို ခေါ်ရကောင်းမလဲ။ အကြံပေးပါအုံး'
ကျွန်တော်က 'ပန်းချီဆရာတွေ၊ ဂီတဆရာတွေကော' ဟု အကြံပေးသည်။ သခင်နုကား ငြိမ်သက်နေသည်။
ထို့နောက် သခင်နုက မန္တလေးသို့ သွားရောက်မည့်အကြောင်း ပြောပြနေသည်။ 'လူထုအောင်သံ' ပြဇာတ်အကြောင်းလည်း ညှပ်ကာပြောသည်။ ရှိတ်စပီးယား၏ပြဇာတ်ကို မြန်မာလိုပြန်၍ ကရန်လည်း ပြောသေးသည်။
နောက်တနေ့တွင် သတင်းစာဆရာအသင်း အတွင်းရေးမှူး ကိုတက်တိုးနှင့်တွေ့ကာ ပြောရာ လိုက်ပါမည်ဟု ပြော၍ သခင်နုသို့ အကြောင်းပြန်ကြားလိုက်သည်။ နှစ်ဆယ်လိုက်မည်ဆိုကာ ဆယ်ဦးစီလိုက်ရန် ကျွန်တော်က အကြံပေးသည်။
၁၄-၁၁- ၅၀ နေ့တွင် ပြန်ကြားရေးဝန်ကြီး ဦးယော ထံမှ မန္တလေးလိုက်ရန် စာရေးဆရာအသင်းမှ ရှစ်ဦး နာမည်စာရင်းပေးသွင်းရန် စာ ရရှိသည်။ နောက် သတင်းထောက်အသင်းပါ ပါသည်ဟု သိရသည်။ နောက် အစီအစဉ်များကို ပြန်ကြားရေးဌာနမှ လုပ်လေသည်။ ကျွန်တော်တို့ ဘာမှ မသိရတော့ပေ။

မင်္ဂလာဒုံမှ ချမ်းမြသာစည်သို့
၁၇-၁၁-၅၀။
တွန့်လိမ် ကောက်ကွေ့၍နေသော ငွေမျဉ်းကြောင်းမှာ မြစ်များပင်။ လယ်ကွင်းတို့ကား ကတ္တီပါ ကောဇော။ သစ်တောကြီးကား မှိုင်းညို့၍ နေလေသည်။ ရိုးမတောင်ပေါ်မှ မြူမင်းလွင်တို့သည် ယှက်သန်းလျက်။
နံနက်ခင်း နေရောင်ဝယ် အင်း အိုင် ချောင်းမြောင်းတို့သည် တဖိတ်ဖိတ် တောက်ပနေကြသည်မှာ ခမ်းနားလှသည်။ တိမ်တိုက်တို့သည် ရွေ့ရှားကာ မှန်ပေါက်ကို လာတိုးနေကြကုန်သည်။
မှိုင်းညို့သော တောအုပ် တောင်တန်းကြီးများကို ဖြတ်လာရလေပြီ။ ညိုမှောင်သော အရိပ်များကား သန်းလျက်။
အောက်သို့ငေးကြည့်နေသော ညိုမြအား ကျွန်တော်က လှမ်း၍ 'လင်းယုန် စခန်းရောက်ရင်ပြောပါ' ဟု နောက်သည်။
စကားလှမ်းပြောလိုက်ကြ၊ သောလုံးထုတ်လိုက်ကြ၊ လိမ္မော်သီး နွှာစားလိုက်ကြနှင့်ပင် မန္တလေးသို့ ရောက်လေပြီ။ ဘုရားပုထိုး ဖြူဖြူ လှိုင်ဂူမုခ်ဝတို့ဖြင့် ဆင်ယင်သော မန္တလေးသို့ ရောက်လေပြီ။
လေယာဉ်ပျံကွင်းတွင် ကြိုဆိုကြသော ကလောင်မိတ်ဆွေလူအုပ်ကြီးထဲမှ လူထုကိုလှ၊ မြမျိုးလွင် စသော သူများကို လှမ်းမြင်ရသည်။
ဟာသဝတ္ထုများကို ရေးလေ့ရှိသော စာရေးဆရာမ မာလာ မှာ ကုတ်အင်္ကျီတိမ်မီးခိုရောင်နှင့် ဂျစ်ကားကို ကိုယ်တိုင်မောင်းကာ လာကြိုသည်။
ဖုံလွင့်သော လမ်းမတလျှောက်မှ မြို့ထဲသို့ သွားကြသည်။ ကျုံးဘေးသို့ရောက်သောအခါ မြို့ရိုးရှေ့ရှိ မဏ္ဍပ်ကြီးများ စီရရီကို တွေ့ရသည်။
ကားမောင်းသူက 'မနေ့ကပဲ သခင်နုကထိန်ပွဲ ပြီးသွားတယ်။ သိပ်စည်တာပဲ။ နိဗ္ဗာန်စျေးဆိုတာလည်း တိုးမပေါက်ဘူး' ဟု ပြောပြသည်။
ကျန်ရစ်ခဲ့သော ပဒေသာပင်အခွံများကို ကြည့်ခြင်းအားဖြင့် ကထိန်ပွဲမှာ မည်မျကြီးကျယ်ကြောင်း သိနိုင်သည်။ သခင်နုမှာ သာသနာ့ ဒါယကာဘွဲ့ကို ခံယူရန် ကြိုးစားနေပုံရသည်။
ကျုံးကိုဖြတ်သော တံတားအသစ်ဖြူဖြူကို တွေ့ရသည်။
'ဒီတံတားက ဝန်ကြီးချုပ်လာမယ်ဆိုလို့ ချက်ချင်းလုပ်ရတာ'
'သြော် သြော်'
စိမ်းညို့သော ကျုံးလယ်၌ ရောင်ပြားတို့ဖြင့်လက်နေသော ကရဝိတ်ဖောင်ကြီးကို တွေ့ရပြန်သည်။
'ဝန်ကြီးချုပ် ရေသဘင်ခံတာ'
'သြော် သြော်'
ထိုကရဝိတ်ဖောင်၌ ရွှေနားတော်သွင်းတေးကို နားထောင်သည်။ ထီးခေတ် နန်းခေတ်ကမူ ပဒေသရာဇ်မင်းကို ဖြေဖျော်ယုယခဲ့ကြ၏။ ယခုမူ ဝန်ကြီးချုပ်ကို ယုယကြသည်။ မန္တလေးကား ပဒေသရာဇ်မင်း၏ မြို့တော်ဟောင်းပေကား။
မန္တလေး ကလောင်ပေါင်းချုပ်အဖွဲ့၏စီစဉ်ချက်အရ စျေးချိုတော်အနီး ငပိတန်း လက်ကြားအရပ်ရှိ တိုက်တွင် တည်းခိုရလေသည်။

အမေရိကန် ဝါဒ ဖြန့်ချိရေး
နံနက်စာကို ဝင်းလိုက် ရုပ်ရှင်ရုံတွင် စားရသည်။
ထောပတ်ထမင်း စားပြီးသောအခါ သီပေါလိမ္မော်သီး၊ ရွှေငှက်ပျော နှင့် ကာဖီကိုသောက်ရင်း ရုပ်ရှင် ကြည့်ရသည်။ လိမ္ဗော်နံ့သင်းသင်းနှင့် ရုပ်ရှင်ပိတ်ကားပေါ်မှ ကိုးရီးယား စစ်သတင်းကို ရှုမြင်ရသည်။
ကုလသမဂ္ဂတံဆိပ်ကပ်ထားသော အမေရိကန်ဗုံးကြဲလေယာဉ်ပျံက ဗုံးတွေ ဘယ်လောက်ကြဲချလိုက် သလဲဆိုတာကို မြင်ရသည်။ ရက်ရက်စက်စက် ကြဲချသည်။ ကိုးရီးယားလူထုမှာ မည်မျှ ပျက်စီးဆုံးပါးမည်နည်း။ မည်မျှ သေကြေ ကြမည်နည်း။
ကိုးရီးယားတွင် အမေရိကန်က မည်မျှ ရက်စက်စွာ ဗုံးကြဲချသည်ကို ပြပြီးနောက် သူတို့ အရင်းရှင်နိုင်ငံရှိ ယုဝတီ အလှပြိုင်ပွဲသတင်းကို ကြည့်ရပြန်သည်။
ကိုးရီးယားလူထုတွင် နိုင်ငံခြားစစ်တပ်တို့၏ ရက်စက်စွာ ဗုံးကြဲခြင်း၊ နှိပ်စက်ခြင်းကို ခံနေရစဉ် ဖင်ကလေး ကော့ကာ တင်ကလေးမော့ကာ ကြော့နေသော အမေရိကန်အလှပြိုင်ပွဲ သတင်းကားကို ကြည့်ရရာ ရင်ထဲက မသက်သာလှ။ ဒါနှင့် လိမ္မော်သီးကိုသာ နွှာစားနေရသည်။
ကျွန်တော်က မနေနိုင်၍ ညိုမြအား 'ဘယ်နှယ်လဲဗျ။ မန္တလေးရောက်လာလဲ ဒီအမေရိကန် ဝါဒဖြန့်ချိရေးကိုပဲ တွေ့နေရတာပါပဲလား။ လွတ်ကို မလွတ်ဘူးနော်' ဟု ပြောမိသည်။
ညိုမြက ထုံးစံအတိုင်း မတုန်မလှုပ်နှင့် 'အင်း ဟင်' ဟု ဆိုသည်။
၀င်းလိုက်၏ ကျေးဇူးကြောင့် မန္တလေး အခြေအနေကို အကဲခတ်မိသည်။ မန္တလေးတွင် ဤမျှ အမေရိကန်ဝါဒဖြန့်ချိခွင့် ရနေသည်။
ရန်ကုန်တွင်ကား အမေရိကန်ဝါဒ ဖြန့်ချိရေးသည် အသွင်အမျိုးမျိုးဖြင့် ရှိသည်။ သံရုံးမှ ထုတ်သော သတင်းလွှာ၊ စာအုပ်စာတမ်းများအပြင် မဂ္ဂဇင်း၊ ဂျာနယ် ရုပ်ရှင်တို့ပါ ပါသည်။ မဂ္ဂဇင်း ဂျာနယ်များထဲတွင် ဒိုင်ဂျက်(စ်)၊ လိုက်(ဖ်)များမှာ အဆိုးရွားဆုံးပင်။ ရုပ်ရှင်မှ ကွန်မြူနစ်ဆန့်ကျင်ရေးများကို တွင်တွင် လုပ်ကြံကာ ဝါဒဖြန့်ချိနေကြ၏။ ဟိုးလီးဝုဒ်ကားတို့ကား အရင်းရှင်ဘဝကို အပြစ်မမြင်အောင် ဖုံးဖိကာ 'နိုင်လွန်ကန့်လန့်ကာ' ဖြင့် ကွယ်ထားကြသည်။ ကိုးရီးယားတွင် အမေရိကန်က ဘယ်လောက် ဗုံးကြဲနိုင်သည်ကို ပြ၏။ သို့သော် အမေရိကန် လူမိုက်ဝါဒကိုသာ မြင်နေသည်။ မန္တလေးတွင် ဤဝါဒဖြန့်ကားတွေက တင်းကျမ်းပါတကား။
မန္တလေး သတင်းစာဆရာအသင်းမှတဆင့် သခင်နု၏ နိုင်ငံခြားသံများဧည့်ခံပွဲသို့ တက်ရောက်ရန် ဖိတ်စာရသည်။ သို့သော် တက်ချင်စိတ်မရှိ၍ မတက်တော့ပေ။

ယော အတွင်းဝန်၏ ရုပ်ထု
ထိုနောက် မဟာမြတ်မုနိဘုရားသို့ သွားကြ၏။ ဘုရားကြီးစျေးမှာ စည်ကားလှသည်။ မြန်မာမှု ပန်းပုလက်ရာများကို တွေ့ရ၏။ ရန်ကုန်နှင့် ကွာခြားလှသည်။ ဘယ်ကြည့်ကြည့် မြန်မာမှုကိုသာ မြင်ရသည်။ ဖိုးဝရုပ်ကအစ ဘုရား တံကဲကလေးများနှင့် ဆရာမြ၏ ပန်းချီကားအထိ မြန်မာမှုလက်ရာများကိုသာ တွေ့မြင်ရသည်။ ပန်းတွန့်တိုင်း မြန်မာဆံဆံ တွန့်ရှက်သည်။
ဂျာနယ်ကျော်မမလေးက ဘုရားကပ်ရန် နှင်းပန်းများ လိုက်ပေးသည်။ မဟာမြတ်မုနိကား ရွှေဖြင့် အိလွန်းနေသည်။
မန္တလေးသားအချို့က 'စစ်အတွင်းက ဘုရားကြီးကို အသက်နဲ့လဲပြီး ကာကွယ်ခဲ့ကြတာပဲ။ လူကလဲ တော်တော်တောင့်တယ်။ ဘယ်သူလာလာ ဒီအထဲကနေပြီး ချမှာပဲ' ဟု ပြောပြနေသည်။
ပြတိုက်ထဲတွင် ယောအတွင်းဝန်နှင့် အခြား မှူးမတ်များ၏ ရုပ်ထုများကို တွေ့ရသည်။ ဒဂုန်နတ်ရှင်က 'တော်တော်တူတယ်' ဟု မှတ်ချက်ချသည်။
ဤကဲ့သို့ ရှေးဟောင်းပစ္စည်း မြန်မာမှုများကို ထိန်းသိမ်းရာတွင် ယခုထက် ကြီးကျယ် ခမ်းနားသင့်သည်။
ရှေးမြန်မာမှုများကို စနစ်တကျ ထိန်းသိမ်းထားရမည်။ သို့မှသာ အစဉ်အလာ ယဉ်ကျေးမှု အဟောင်းမှ ထက်သန်သော ယဉ်ကျေးမှုသစ်သည် ပေါ်ထွန်းနိုင်ပေမည်။ ယခုမူ ပြီးစလွယ်သာ ထိမ်းထားဟန် တူသည်။ အကယ်၍ အမျိုးသားပြတိုက်မျိုး ကျကျနန ဖွင့်လှစ် ထားရှိလျှင် ထိန်းသိမ်းမှု၌ စနစ်ရှိပေမည်။ အမျိုးသားမှု၌ သန်စွမ်းခြင်း ရှိမှလည်း နိုင်ငံခြား လွှမ်းမိုးမှုကို ခံနိုင်မည် ဖြစ်ပေမည်။
မဟာမြတ်မုနိမှ ထွက်သောအခါ ညိုမြ နှင့် ကိုလှတို့က 'သံအမတ် ဧည့်ခံပွဲ နေ့လည်စာစားပွဲ လိုက်အုံးမလား' ဟု ခေါ်သည်။
'မလိုက်ချင်ဘူးဗျာ။ မန္တလေးတောင်ပဲ သွားမယ်'

ဘုရားနီ
မန္တလေးတောင်ခြေတွင် ဦးခန္တီ ရသေ့အလောင်းကို ဘုရားဖူးများက ပူဇော်သည်ကို တွေ့ရသည်။ ရွှေချမှန်ခေါင်းကြီးထဲ၌ ရသေ့ကြီး၏အလောင်းကို တွေ့ရသည်။ ဆေးထိုးကာ စီရင်ထားသဖြင့် ပုံမပျက်။ သို့သော် မျက်နှာကို ရွှေချထားသည်မှာ အကြည့်ရ ဆိုးလှသည်။
ဘုရားဖူးလာသော ကလေးများ၊ မိန်းမများသည် မှန်စီရွှေချ မှန်ခေါင်းထဲရှိ အလောင်းကြီးကို ဝတ်ချနေကြသည်။ တချို့ကလည်း အထူးအဆန်းအဖြစ် လာရောက် ကြည့်ရှုကြသည်။
မန္တလေးတောင်သို့တက်သော သံစောင်းတန်း၊ သံတန်ဆောင်းကြီးများမှာ ခမ်းနားလှပါသည်။ သို့သော် နိုင်ငံခြားအရင်းရှင် သံကုမ္ပဏီများ၊ အင်္ဂတေ ကုမ္ပဏီများသည် အတော် ငွေရလိုက်ကြပေသည်။ ဟိုခေတ်က မီးရထားကုမ္ပဏီနှင့် သံကုမ္ပဏီများက ဦးခန္တီကို အတော် အရေးတယူ ရှိကြသည်ကို သွားအမှတ်ရသည်။
သံတန်ဆောင်း လှိုင်ဂူများ၌ အလှူ့ရှင်၏ အမည်စာရင်းများကို တွေ့ရသည်။ မြမျိုးလွင်က ဤ အမြို့မြို့ အရွာရွာမှ စာရင်းအမည်များကို ပြကာ 'ကျွန်တော့် ၀တ္ထုဇာတ်လမ်းက ဇာတ်တည်သူတွေဟာ ဒီက ရတာပေါ့' ဟု ရယ်မောကာ ပြောနေသည်။ မြမျိုးလွင် ၀တ္ထုများကို စွဲခဲ့သော ငယ်စဉ်အခါက သူ့ဝတ္ထုထဲရှိ နာမည်များကိုပင် တသသ စွဲလန်း နှစ်သက်သည်ကို သတိရမိသည်။
မန္တလေးတောင်ကို တက်ရသည်မှာ တပျော်တပါးကြီးပင်။ သို့သော် မောလှသည်။ အဆင့်ဆင့်တို့တွင် နားစရာ တန်ဆောင်များနှင့် စေတီပုထိုး။ တောင်ပေါ်မှ ဆီး၍ မြင်ရသော မန္တလေးမြို့ ရှုခင်းကား လှပသည်။ မြူတွေကြားဝယ် ရန်ကင်းတောင်ကို မြင်ရသည်။
သံလက်ရမ်းကို မှီကာ မှိုင်းညို့သော တောင်တန်းများကို ငေးကြည့်နေစဉ် ကျောင်းသားတဦးက 'သူပုန်တွေ ဒီတောထဲမှာ ရှိတာပဲ' ဟု ပြသည်။
'ဟာ ကပ်လို့ပါလား' ဟု ကျွန်တော်က အံ့သြရသည်။
ထို့နောက် တဖြည်းဖြည်းတက်ကြရင်း တောင်ထိပ်ရှိ တန်ဆောင်းသို့ ရောက်ကြသည်။ ဒဂုန်နတ်ရှင်ကား မောသည်ဆို၍ အပေါ်ထိပင် မလိုက်။ သတင်းထောက်များမှာ တဖျပ်ဖျပ် ဓါတ်ပုံ ရိုက်ကြသည်။
တောင်ထိပ် ရုပ်ပွါးတော်ဘုရားများ နီနေသည်ကို တွေ့ရ၍ မေးကြည့်ရသည်။
'ရွှေမချရသေးလို့ နီနေတာပါ။ စစ်စေးက နီနေတာ'
'ဒီနေရာက တလောကပဲ စစ်ဘက်က ပြန်ရတာ၊ အရင်ကဆိုရင် စစ်တပ်လက်ထဲမှာ၊ တောင်ပေါ် ဘယ်သူမှ မတက်ရဘူး' ဟု မန္တလေးက ကလောင်တဦးက ရှင်းပြသည်။
အခြေအနေအရ ရုပ်ပွါးတော်များပင် နီနေကြလေပြီ။ ဘုရားဖူးများသည် ငွေကြေးချောင်လည်က ရွှေတွေဝင်းနေအောင် ရွှေချချင်ကြပေမည်။ ယခုမူကား အခြေအနေအရ ရွှေပြား မခတ်နိုင်သဖြင့် ကိုယ်တော်များ မှာ စစ်စေးရောင်ဖြင့် နီနေကြပေသည်တကား။

မှန်စီရုပ် ယွင်းပျက်လေပြီ
မန္တလေးတောင်က အပြန်တွင် နန်းတော်ထဲသို့ ခန့်ခန့်ကြီးဓါတ်ပုံတိုက်ရှင် မခင်မကြီး(ပတ္တမြားခင်)က ကား ကိုယ်တိုင်မောင်းကာ လိုက်ပို့ပေးသည်။ မြို့ရိုး နန်းတော်တွင်းသို့ ဝင်ခွင့်လက်မှတ်ရှိမှ ဝင်ရသည်။ သူမထံတွင် ဝင်ခွင့်လက်မှတ်ရှိ၍ အလွယ်တကူ ဝင်ခွင့်ရပေသည်။
နန်းတော်ထဲတွင် သခင်နု တည်းနေပေသည်။ အမြောက်တပ်၊ ခြေလျင်တပ် စသော စစ်တပ်ကြီးများ လည်း နန်းတော်ထဲတွင် ရှိသည်။ စစ်သားများတင်ဆောင်ထားသော ထရပ်ကားကြီးများ ဖြတ်သွားလျက်။
၁၉၃၉ ခုက သခင်ဗဟိန်းနှင့် အတူ နန်းတော်ကို ကြည့်ဖူးသည်။ ယခု လုံးဝ မရှိတော့။ အုတ်ခုံသာ ကျန်တော့သည်။
မခင်မကြီးက 'ဟောဒါက ဗုတ်တလုပ်ရေကန်၊ ဒါက ပွဲကြည့်ဆောင်၊ ဒါက နန်းမြင်၊့ ဒါက ဗြဲတိုက်' စသည်ဖြင့် မြက်ရိုင်းတို့ဖြင့် ထူထပ်သော နေရာများကို ပြသည်။
စိတ်ထဲကမူ သိပ်မထိခိုက်လှ။ သြော် အရင်က တို့ဗမာ ရှင်ဘုရင်များ နေခဲ့တဲ့ နန်းတော်ပဲ ဟုသာ သိရပေသည်။ ဘားနဒ်ရှော၏ 'ဆီဇာနှင့် ကလီယိုပါထရာပြဇာတ်' ၌ စာကြည့်တိုက်ကြီး မီးဟုန်းဟုန်း လောင်ကာ နေသောအခါ ပညာရှိ သီရိုဒိုးတပ်စ်က 'ဘယ်နှယ်လဲဆီဇာ၊ အဟောင်းတွေ မီးလောင်စေမလို့လား' လို့ ညည်းသတဲ့။ အဲဒီတော့ ဆီဇာက 'အတိတ်ကနေ အနာဂတ်ထွက်လာမှာပေါ့။ အဟောင်း ပြာပုံထဲက အသစ်တည်ဆောက်မှာပေါ့' ဟု ပြန်ပြောလိုက်သည်။
ယခုမူကား သခင်နုသည် နန်းတော် အပျက်အစီးဘေးရှိ ဗိုလ်အိမ်များ၌ နေသည်။ ရောင်ပြားကပ် ကရဝိတ်ဖောင်ဖြင့် ရေသဘင်ခံသည်။ နိုင်ငံခြား သံတမန်တို့ကို ကျုံးဘေး မဏ္ဍပ်၌ ဧည့်ခံသည်။ ကထိန်ပွဲကြီးကို အကြီးအကျယ် ကျင်းပသည်။
နန်းတော် ပုံသဏ္ဍန် ကလေးများသာ ကျန်ရစ်ခဲ့သည်။ အဆောင်ဆောင် အခန်းခန်းကို ပြတိုက်ထဲ၌သာ တွေ့ရတော့သည်။
မခင်မကြီးက 'မိဖုရားဆောင်တွေက သိပ်များတာပဲ' ဟု ပြုံးကာ ပြောသည်။

မယ်ဇယ်ပင် အောက်ဝယ်
မယ်ဇယ်ပင်ကိုင်းများမှာ ယှက်ကာ အောက်သို့ ညွတ်ကွေးကျနေရာ အရိပ်အာဝါသ ကောင်းလှသည်။ မယ်ဇယ်ရွက်တို့မှာ စိမ်း၍ နေသည်။ တဖက်တွင် လယ်ကွင်းရှိသည်။ ရေစပ်မှာ နွားများ ခွေးများကို တွေ့ရသည်။
စစ်ကိုင်းတံတားမှာအပြန် အမရပူရရှိ တောင်သမန် ဦးပိန်တံတားဦး မယ်ဇယ်ပင်များအောက်ဝယ် ငှက်ပျောရွက်ခင်းကာ ထမင်းစားကြသည်မှာ မြိန်ရှက်လှသည်။
ပန်းတနော်ဦးသန့်က ဦးပိန်တံတားအကြောင်း အဘိုးကြီးတဦးအား မေးနေသည်။ စစ်ကိုင်းတံတား လောက်ပင် ရှည်လျားသည်။ သစ်သားလုံးကြီးများကို တိုင်ထူကာ မြန်မာ့ဗိသုကာ အတတ်ဖြင့် ဆောက်ထားသော တံတားကြီးပင်။ မြန်မာမင်းလက်ထက်က ထိုတံတားကြီးများကို ဆောက်ခဲ့သည်။
ယခုကား သစ်လုံးတိုင်လောက်သာ လှလှပပ မြင်ရတော့သည်။ အထူးအဆန်း လာရောက်ကြည့်ကြ သော သူများသည် တံတားပေါ်လျှောက်ကာ ကြည့်နေကြသည်။ အမယ်အိုများလည်း တံတားပေါ်မှ တဖက်သို့ လျှောက်သွားသည်ကို မြင်ရသည်။
'ဟိုဘက် တံတားအဆုံးအထိ လျှောက်ကြည့်ရအောင်' ဟု ကျွန်တော်က အဖော် လိုက်ညှိသည်။
မန္တလေးက သတင်းစာဆရာတဦးက 'မဖြစ်ဘူး၊ စိတ်မချရဘူးဗျ။ သူပုန်နယ်နဲ့ ကပ်နေတယ်' ဟု ပုခုန်းတွန့်ကာ ဆိုသည်။
အပြန်တွင် အမရပူရ ပိုး ရက္ကန်းစင်များသို့ ဝင်ကြည့်ကြသေးသည်။ ရက္ကန်းစင်တို့တွင် မြန်မာချိတ်ဆင် တို့သည် ဖိတ်ဖိတ်တောက်ကာ အရောင်အသွေးတို့သည် လှိုင်းထနေသည်။

စျေးချိုမြို့တော်
မန္တလေးမြို့၏ စျေးချိုကား ထင်ရှားကျော်စောသည်။ စင်စစ်အားဖြင့် မန္တလေးမြို့သည် ကုန်သည် မြို့တော်ပင်။
ရှမ်းပြည်ဘက်မှ ကုန်သွယ်ရာ လမ်းဆုံလည်း ဖြစ်သည်။ တရုတ်ပြည်ဘက်မှလည်း ကုန်များလာသည်။ အောက်အကြေဘက်မှ ကုန်များလည်း ရောက်သည်။ တရုတ် ကုလားစသော ကုန်သည်တိုက်များ တင်းကျမ်းရှိသည်။ အညာအကြေ ကုန်အရောင်းအဝယ် အချက်အချာဖြစ်သော ကုန်သည်မြို့တော်။ စစ်ဒဏ် ကြောင့် ပျက်စီးနေသော နေရာများတွင် ပွဲရုံတိုက်တာများ အစားရောက်နေသည်ကို တွေ့ရသည်။ ဘယ်သွားသွား အရောင်းအဝယ်ကိုသာ မြင်ရပေသည်။

မန္တလေး စာပေနှင့်အနုပညာ
ရှေးမြန်မာစာပေ အတ္ထုပ္ပတ္တိတွင် မန္တလေးခေတ်စာပေ ဟူ၍ ရှိသည်။ ယခုကား သီးခြားဟန်ပန်နှင့် မရှိပေ။
အမေ၊ လွတ်လပ်ရေး၊ ခေါင်းလောင်း စသော ဘာသာပြန် ၀တ္ထုများကို ရေးသော ချစ်ညို ကို တွေ့သည်။ ရောက်သည့် ညနေစောင်းတွင် ကျွန်တော်တို့ တည်းခိုသော ငပိတန်းလက်ကြားသို့ လာကာ စောင့်နေသဖြင့် တွေ့ရသည်။ တာရာတွင် ၀တ္ထုဆောင်းပါးများ ရေးသူဖြစ်၍ စာချင်းသိနေသူ ဖြစ်သည်။
'အခု ဘာတွေရေးနေသလဲ' ဟု ကျွန်တော်က မေးသည်။
'မအားပါဘူးဗျာ။ သတင်းစာနဲ့ တနေ့လုံး အချိန်ကုန်တာပါပဲ။ ညကျတော့လဲ မောလို့ မရေးနိုင်ပါဘူး' ဟု ချစ်ညိုက ညည်းသည်။ သူသည် လူထုသတင်းစာ လက်ထောက် အယ်ဒီတာ ဖြစ်သည်။
'သတင်းစာလုပ်တာ ကျွန်တော့် စာပေလုပ်ငန်းကို လက်လွှတ်ရတာပါပဲ'
သူ၏ အဖြစ်ကို ကျွန်တော် နားလည်သည်။ စာပေဆန်းသစ်မှုများ ဖန်တီးလိုလျှင် အချိန်အားရမှ ဖြစ်ပေမည်။ ကျွန်တော်က ၀တ္ထုစာအုပ်များကို ကိုယ်တိုင်ထုတ်ရန် အကြံပေးသည်။ ဂေါ်ကီ၊ လူရွှန်း စသော ပြည်သူ့စာရေးဆရာများ၏ ၀တ္ထုတို့ကို ဘာသာပြန်ရန်လည်း တိုက်တွန်းခဲ့သည်။
အခြား မန္တလေးမှ စာရေးသူများဖြစ်သော နှင်းဦး၊ ကြည်မြ စသူများကို တွေ့ရသေးသည်။ သို့သော် မိတ်ဆက်ပွဲ အစီအစဉ်မှာ ရင်းနှီးနီးကပ်စွာ တွေ့ဆုံပြောဆိုခွင့် မရ၍ လက်ပွန်းတတီး မဆုံဖြစ်ခဲ့ရပေ။ အချိန်ကလည်း မရပေ။
စစ်ကိုင်းတံတားပေါ်တွင် 'မမအုန်း၊ အမ်အေ' နှင့် တွေ့သည်။
'ဒဂုန်တာရာဆိုတာ ဘယ်သူလဲလို့ မအုံးက မေးနေတယ်' ဟု မအမာက ရယ်မောကာ ပြောသည်။ မမအုံးမှာ ပွင့်ရိုက် လည်စည်းကို ခေါင်း စည်းထားသည်။ ပြုံး၍ နှုတ်ဆက်လိုက်သည်။
မန္တလေးဟန်နှင့် ၀တ္ထုရေးသူကား မြမျိုးလွင်ပင် ဖြစ်သည်။ သူ၏ ၀တ္ထုထဲမှာလိုပင် စကားကို ဝေဝေဆာဆာနှင့် မန်းဆန်ဆန် ပြောသည်။
စာပေအကြောင်း စကားစပ်မိလေတိုင်း 'လေနုအေးသည် နော့နေသည်' ဟူ၍ ရွတ်ဆိုကာ ကျွန်တော့်အား နောက်သည်။ ချမ်းမြသာစည် ထမင်းစားပွဲတွင်လည်း သတင်းထောက်တဦးက 'အပြုံး၏လုလင်' ဟူ၍ နောက်သည်ကို မြမျိုးလွင်က 'အဲဒီ အဓိပ္ပါယ်ကို ဝေါဟာရသစ်တွေ ထွင်နေတဲ့ တာရာကို မေးပါ' ဟု လှမ်းတိုင် လိုက်သေးသည်။
ကျွန်တော်က သူ၏ 'တခုလပ်' ၀တ္ထုထဲမှ 'အမှောင်တို့သည် သန်းနေကြလေသည်။ တောင်တို့သည် တန်းနေကြလေ၏' ဟူသော အပိုဒ်ကို ရွတ်ဆိုပြသည်။ ငယ်စဉ်က မြမျိုးလွင်၏ ၀တ္ထုများကို အတော်စွဲခဲ့သည်။ ထိုခေတ်က သူ၏ဟန်ကို လိုက်တုသူများ ပေါ်ပေါက်ခဲ့သည်ကို အမှတ်ရမိ၏။
မေမြို့က အပြန် တလမ်းလုံး သူတို့ခေတ်က စာပေလောကအကြောင်း ပြောသည်မှာ နားထောင်၍ မငြီး။ မြမျိုးလွင်ကို ဧည့်ခန်းဆောင်က အပျိုမကလေးများက စွဲလန်းစဉ်၊ ခေတ်ကောင်းစဉ်က ကျွန်တော်တို့မှာ စာပေဝါသနာပါစ ချာတိတ် ဖြစ်ပေ၏။
ဇဝန၊ ပန်းချီ ကိုအုန်းလွင်၊ ရွှေလင်းယုန်၊ ပီမိုးနင်း စသောသူများအကြောင်း ပြောပြနေ၏။ သော်တာဆွေမှာ မျက်လုံးကြီးနီကာ ဂေါ်ရခါးသီးကို အစိမ်းဝါးစားရင်း အိပ်မက်ထဲမှာလို နားထောင်နေ၏။
မြမျိုးလွင်၏ စကားသံများကို ကြားရသောအခါ သူ၏ဝတ္ထုများကို သွားအမှတ်ရ၏။ ယခုကား မန်းဆန်ဆန်ရေးလေ့ရှိသော မြမျိုးလွင်သည် စာပေကို ပစ်ကာ ဟံသာဝတီ ကိုယ်စားလှယ် ဖြစ်နေလေပြီ။
ကျွန်တော်က နတ်ရှင်နောင်၊ ပျို့မှာတမ်း သီချင်းများ ရေးစပ်သူ မြို့မငြိမ်းအကြောင်း မေးကြည့်သည်။ မြို့မငြိမ်းမှာ ဆန်းသစ်သော အသံများနှင့် သီချင်းစပ်နိုင်သူ ဖြစ်သည်။
'သူ့ အခြေအနေက တမျိုးဖြစ်နေတယ်။ စကားလဲ သိပ် မပြောတော့ဘူး။ ပြောရင်လဲ လောကကြီးရဲ့ ကြမ်းတမ်းခက်ထန်ပုံကို တိုင်လိမ့်မယ်' ဟု မြမျိုးလွင်က ပြောသည်။ ပြန်မည့်ညတွင် တွေ့ဖို့ စီစဉ်သေးသည်။ သို့သော် အချိန်က မရတော့ပေ။

ချမ်းမြသာစည်မှ မင်္ဂလာဒုံသို့ မှတ်တမ်း
အလိုတော်ရိ သတင်းစာများက မန္တလေးလူထုသည် သခင်နုလူထု ဖြစ်သွားပြီဟု မှန်နန်းရာဇဝင်သစ် ရေးကြသည်။ သူတို့သည် မဏ္ဍပ်ထဲမှ ဧည့်ခံပွဲ ပရိသတ်ကို ကြည့်၍ ရေးဟန်တူသည်။ မဏ္ဍပ်များတွင်ကား မန္တလေးမှ အပြင် ရန်ကုန်မှ ထွက်ဝင်ကုန် လိုင်စင်ရသူ သူဌေးသူကြွယ်များလည်း ရှိသေးသည်။
တညနေ လမ်းမပေါ်မှ သာမန် မန္တလေးသားများနှင့် စကားပြောမိသည်။
ကျွန်တော်က 'လမ်းတွေက ဖုန်တွေ သိပ်များတာပဲနော်။ နောက်ပြီး ချိုင့်တွေကလဲ သိပ်ပေါတယ်။ လမ်းတွေက ဒီလိုပဲ ဆိုးသလား' ဟု မေးသည်။
'ဒါတောင် ဝန်ကြီးချုပ် လာမယ်ဆိုလို့ ညတွင်းချင်း ပြင်ရတာ'
'သြော် သြော်'
လမ်းလယ်တွင် ချထားသော ပဒေသာပင် အခွံများကို ကြည့်ကာ 'ဝန်ကြီးချုပ် ကထိန်က သိပ်စည် မှာပဲနော်'
'စည်ပါတယ်။ ပိုက်ဆံရှိသူများ ကတော့ လှူနိုင်ကြပေမပေါ့ ခင်ဗျာ။ ကျွန်တော်တို့ကတော့ တနေ့ရ တနေ့စားပါပဲ။ ထမင်း အလျဉ်မီအောင် စားရရင် ကျေနပ်တာပါပဲ'
ချမ်းမြသာစည်သို့ အသွားတွင် ကျုံးနန်းတော်ကို ဖြတ်လာရသည်။ မဏ္ဍပ်ကြီးများသည် ရေညှိ မှော်ရိပ်သန်းသော ရေပြင်ဝယ် အလှ ရှုနေကြသည်။ သို့သော် ရေညှိမှော်တို့က ယှက်သန်းနေသဖြင့် ကျံုးမှာ မကြည်လင်။
လေယဉ်ပေါ်သို့ တက်သောအခါ မန္တလေး ထိုးမုန့်နှင့် စာပုလွေ ပါလာ၏။ ချမ်းမြသာစည်မှ မင်္ဂလာဒုံသို့ အပြန် တိမ်တိုက်များကို ဖြတ်ရင်း အိပ်မက်တဝက် မက်နေ၏။ အိပ်မက်ထဲတွင် ကရဝိတ်ဖောင်ကြီးသည် "အိမ်ဖြူ" ထဲသို့ ဝင်သွားလေသည္။

ဒဂုန္တာရာ။
['မန္တလေး' ရှုမဝမဂ္ဂဇင်း၊ ၁၉၅၀ ဒီဇင်ဘာ။]

{ဒဂုန်တာရာ၏ 'ဧရာဝတီ၊ ယန်စီ၊ ဘောလ်ဂါ' စာအုပ်၊ ပထမနှိပ်ခြင်း၊ ၁၉၇၂မှ ကူးယူဖော်ပြခြင်း ဖြစ်ပါတယ်။}

လမင်းတရာဘလော့ဂ်မှကူးယူဖော်ပြတာဖြစ်ပါတယ်

Friday, March 6, 2020

ပေါ်လစီ ၂ ခု

0 comments
ပေါ်လစီ ၂ ခု
ဒီဇင်ဘာ ၂၀၀၀
(၁) လောလောဆယ် အလိုအပ်ဆုံးလို့ထင်တဲ့ ပေါ်လစီ ၂ ခုကို တင်ပြပါ့မယ်။ အဆိုတင်သွင်းတဲ့အနေနဲ့ရေးတာပါ။

ရှေ့မှာ ဗမာပြည်တော်လှန်ရေးလှုပ်ရှားမှုအတွက် အရေးကြီးတဲ့ကာလတခု ဖြတ်သန်းရတော့မယ်လို့ထင်ပါတယ်။ ကျွန်တော်တို့ရဲညှိနှိုင်းစာမှာ ဘုံရန်သူရှိရုံနဲ့မပြီး အနိမ့်ဆုံးဘုံလုပ်ငန်စဉ်ရှိရမယ်လို့ရေးခဲ့ပါတယ်။ အနိမ့်ဆုံး ဘုံလုပ်ငန်း စဉ်ကို အဖွဲ့တိုင်း ပုဂ္ဂိုလ်တိုင်းနဲ့ညှိရမှာပါ။

အဲ့ဒီလိုညှိကြရင် ညှိနိုင်အောင် ပါတီဝင်တိုင်းကို ပါတီရဲ့ပေါ်လစီအပ်ထားမှရပါမယ်။ ဒါမှသာ သူတို့ဟာ ပါတီရဲ့ပေါ်လစီ အတိုင်း တင်ပြနိုင်မယ် ဆွေးနွေးနိုင်ကြမယ်ဖြစ်ပါတယ်။ ကိုယ်သန်ရာသန်ရာ တယောက်တပေါက်ပြောလို့မဖြစ်ပါဘူး။ ပါတီက တသံတည်းပြောနိုင်ရပါမယ်။

ပါတီက အနိမ့်ဆုံးလုပ်ငန်းလို့တင်ပြတာတိုင်းဟာ တခြားအင်အားစုတွေအတွက် အနိမ့်ဆုံးဟုတ်ချင်မှလဲ ဟုတ်မှာပါ။ သူတို့အတွက် မြင့်နေနိုင်ပါတယ်။ အဲ့ဒီလိုဖြစ်ရင် ပါတီက ပြန်စဉ်းစားရပါမယ်။

(၂) တပ်ပေါင်းစုပေါ်လစီ
ပါတီက ‘လတ်တလောတောင်းဆိုချက်များ’ကို ခတ်စောစောကတည်းက အင်အားစုအသီးသီးသို့ တင်ပြထားခဲ့ပါတယ်။ ညှိနှိုင်းမှုအတွက် အစပျိုးတာပါ။ တူတာတွဲလုပ်ကြမယ်။ မတူတာ ဆက်ညှိကြမယ်လို့ သဘောထားပါတယ်။ အများကြီး ရေးပြီးတင်ပြထားတာဖြစ်လို့ အားလုံးတူမှ တပ်ပေါင်းစုဖွဲ့မယ်လို့ မဟုတ်ပါဘူး။ တူတာတွဲလုပ်ရင်း တပ်ပေါင်းစုအဆင့် သို့ တက်လှမ်းသွားဖို့ပါ။ ဂျပန်ခေတ်တုန်းက တပ်ပေါင်းစုဖွဲ့ရေး ပုံစံဟာခေတ်မီဆဲပဲလို့ ထင်ပါတယ်။ ဆက်ပြီးသုံးနိုင် ပါတယ်။ သတိပြုဖို့ကတော့ ဟိုတုန်းကနဲ့အခြေအနေချင်းမတူတာပါ။ ‘ပုံစံ’ (နည်းနာ)ကိုသာ သုံးနိုင်တယ်လို့ ပြောတာပါ။

‘လက်ဝဲညီညွတ်ရေး’ လျှို့ဝှက်ပုံစံနဲ့လုပ်ကြဖို့လဲ တီးခေါက်ကြည့်တာ ခတ်စောစောက ပါတီက လုပ်ဖူးပါတယ်။ အခြေအနေ ရင့်မှည့်လာရင်တော့ ဖြစ်လာမှာပါ။ အခုတော့ အခြေအနေမရင့်မှည့်သေးပါ။ ပြည်တွင်းမှာတော့ အလားအလာ ကောင်းပါတယ်။ ပြည်ပမှာက အကျိုးအကြောင်း ခိုင်လုံတဲ့အကြောင်းတချို့ကြောင့် လုပ်ဖို့ ခက်ပါလိမ့်မယ်။ ဒါပေမဲ့ ကြိုးစားရမှာပါပဲ။

“လူ့အဖွဲ့အစည်းတိုးတက်မှုဟာ အရင်းရှင်စနစ်မှာနိဂုံးချုပ်သွားပြီ” “လစ်ဘရယ်ဒီမိုကရေရစီမှာ သမိုင်းနိဂုံးချုပ်ပြီ”လို့ မယူဆသူများအားလုံးနဲ့ လက်ဝဲညီညွတ်ရေးတပ်ဉီးကို တည်ဆောက်ကြရပါမယ်။ ပါတီက ဂိုဏ်းဂဏ ကင်းစင်ရပါမယ်။ တပ်ပေါင်းစုနဲ့တပ်ဉီးဟာ စင်ပြိုင်မဟုတ်ပါ။ လက်ရှိ စစ်အစိုးရဆန့်ကျင်ရေးအဆင့်မှာ တပ်ပေါင်းစုကိုအလေးတင်းပြီး တည်ဆောက်ရပါမယ်။ တပ်ဉီးရဲ့အခန်းက တပ်ပေါင်းစုကို သွက်သွက်လက်လက်လှုပ်ရှားစေဖို့နဲ့ အလေးပင်ဆုံး ထမ်းရတဲ့အခန်း စွန့်လွှတ်စွန့်စားရတဲ့အခန်းကပါဖို့ပါ။

ဗမာပြည်တော်လှန်ရေးမှာ တပ်ပေါင်းစုတွေ ဖွဲ့ခဲ့လှပါပြီ။ လက်ဝဲအင်အားစုများ(လူငယ်များ) စည်းစည်းလုံးလုံးရှိရင် အောင်ပွဲအလီလီရပါတယ်။ မရှိရင် ဆုံးရှုံးနစ်နာပါတယ်။ ဒါမှမဟုတ် တပ်ပေါင်းစုဟာ မလှုပ်မယှက်ဖြစ်ပြီး အလိုလို ပျက်သွားလေ့ရှိပါတယ်။ သို့မဟုတ် နံမည်သာရှိပြီး အလုပ်ဖြစ်လေ့ မရှိပါ။

ညှိနှိုင်းမှုနဲ့ပြင်ဆင်မှု ကောင်းကောင်းလုပ်ပြီးမှ ဖွဲ့စည်းရေးကိစ္စလုပ်သင်ပါ့တယ်။ အချက်အလက် မပြည့်စုံမရင့်ကျက်ပဲ တပ်ပေါင်းစုဖွဲ့မိရင် နံမည်ခံသာဖြစ်ပြီး အလုပ်မဖြစ်နိုင်ပါ။ တပ်ပေါင်းစုဖွဲ့ရင် ဗမာပြည်တော်လှန်ရေးရဲ့ထူးခြားချက်ကို နှလုံးသွင်းထားရပါမယ်။ နှစ် ၅၀ အတွင်းက အပြောင်းအလဲတွေ အရှုပ်အထွေးတွေကိုလည်း သတိပြုရပါမယ်။

ဒီမိုကရေစီကို ဘယ်လိုအဓိပ္ပါယ်ဖွင့်တယ်၊ ပြည်ထောင်စုအသစ်ကို ဘယ်လိုအဓိပ္ပါယ်ဖော်တယ်ဆိုတာကိ ညိှကြရပါမယ်။ ဒီကိစ္စကြီးနှစ်ခုကို မှန်မှန်ကန်ကန်မကိုင်တွယ်နိုင်ရင် ဗမာပြည်တော်လှန်ရေး ရှေ့မတက်နိုင်ပဲ တဝဲလည်လည်ဖြစ်နေပါ လိမ့်မယ်။

အကောင်းဆုံးသာဓကအဖြစ် ဦးနုကိုပြပါ့မယ်။ ဦးနု ဖဆပလအစိုးရ ဝန်ကြီးချုပ် လုပ်နေတုန်းက ပါတီကို “ဒီမိုကရေစီ စည်းဝိုင်း”ထဲဝင်လာဖို့ အကြိမ်ကြိမ်ခေါ်ဖူးပါတယ်။ သူ့စည်းဝိုင်းထဲက အခြေအနေကိုသိနေလို့ မဝင်ခဲ့ပါ။ သူ့ စည်းဝိုင်း ထဲမှာ ဘာတွေဖြစ်နေတယ် ဘယ်သူတွေချယ်လှယ်နေတယ်ဆိုတာ ဦးနုမသိလို့တော့ ဟုတ်ဟန်မတူပါ။ သူဟာ အကင်းပါးသူပါ။ ဦးထွန်းဖေက ထွက်၊ ဦးဧမောင်က “တရားမျှတမှုပါတီ”ထောင်၊ သူကိုယ်တိုင် “ထင်းရှူးသေတ္တာစုတ် ခြစား”တဲ့ ကွင်းကွင်းကွက်ကွက် နိမိတ်ပုံပြောပြီး “အင်းဝတံတားပေါ်က အိုးတုတ်ဆွဲပြီး ခုန်ချကြ”လို့ တိုက်တွန်းနေရတဲ့ အခြေအနေပဲ။  သူ့စည်းဝိုင်းအခြေအနေ သူသိပါတယ်။ ၁၉၅၈ မှာ ဖဆပလ ကွဲ၊ စစ်တပ်အာဏာသိမ်းတော့မှ သူ့ “ဒီမိုကရေစီ စည်းဝိုင်း”အကြောင်း ပိုသိလာရတယ်။ “၆၂” အာဏာသိမ်းပွဲကျတော့ သူ့”စည်းဝိုင်း”ကိုယ်တိုင် ဂုဏ်သရေမဲ့စွာ ကျဆုံးသွားတယ်။ ဗကပ ‘စည်းဝိုင်း’ထဲ မဝင်ခဲ့မိလို့ပေါ့။  ဝင်မိရင် ဘာဖြစ်မဲလဲ၊ ဆက်သာ စဉ်းစားကြပါ။

၇၀ စုနှစ်များရော်က်တော့ ဦးနုက တစခန်းထလာတယ်။ ပါလီမန်ဒီမိုကရေစီစည်းဝိုင်း ပြန်ထောင်ဖို့ လုံးပန်းတယ်။ လက်တွေ့ကတော့ ‘အနီ’ ဒီရေလှိုင်းကိုတားဖို့ ယိုးဒယား ဗမာနယ်စပ်မှာ မဟာတံတိုင်းကြီး နယ်ချဲ့က တည်ဆောက်နေ တာမှာ အုတ်တချပ်သဲတပွင့်ဖြစ်သွားရှာတယ်။ အဲ့ဒီမှာ ထပ်တွေ့ရတာက ပြည်ထောင်စုသစ်ပြဿနာပဲ။ တပ်လန်ကာ အိန္ဒိယရောက်တယ်။ နောက်တော့ ဗိုလ်နေဝင်းရဲ့ မဆလ “ဆိုရှယ်လစ် ဒီမိုကရေစီစည်းဝိုင်း”ထဲ ရောက်သွားရှာတယ်။ လူထုရဲ့ ၈၈ ခုနှစ်အုံကြွမှုကောင်းမှုကြောင့်သာ “လူထုဒီမိုကရေစီစည်းဝိုင်း”ထဲ ပြန်ရောက် လာရတယ်။

ဦးနုရဲ့ အတွေ့အကြုံကိုကြည့်ပြီးပြောရရင် ဒီမိုကရေစီဟာ ခိုင်မာကြံ့ခိုင်ရမယ်။ စစ်အစိုးရမရှိလဲ စစ်အုပ်စုဆက်ရှိနေရင် စစ်ဗျူရိုကရေစီယန္တရားအပေါ် အရပ်သားအစိုးရကဩဇာမရှိရင် နေ့မြင်ညပျောက် မပိုင်ဝက်မွေးဒီမိုကရေစီ ဖြစ်နေဦး မှာပဲ။ ဒီမိုကရေစီနဲ့ ပြည်ထောင်စုသစ်ပြဿနာဟာ မုချဖြေရှင်းရမယ့်ကိစ္စကြီးနှစ်ခုဖြစ်တယ်။ မသိကျိုးကျွန်ပြုလို့ မဖြစ်ဘူး။ ဒါ့ကြောင့် ကွယ်လွန်သူဦးနု အတွေ့အကြုံကို သာဓကပြုရတာပဲ။

လူမျိုးစုပေါ်လစီ
မကြာခင်က စစ်အစိုးရရဲ့ပြောရေးဆိုခွင့်ရှိသူ ရေးတဲ့စာတမ်းဖတ်ရတယ်။ ရည်ရွယ်ချက်က အမေရိကန်ကို အသနားခံ ထုချေလွှာသွင်းတာပါပဲ။ အမေရိကန်ရွေးကောက်ပွဲနဲ့ အမေရိကန်အမတ်တွေကိုရှေ့ရှုပြီးရေးထားမှန်း သိသာပါတယ်။ ကျွန်တော်တို့ ဒီဟာကိုစိတ်မဝင်စားပါ။ ကျွန်တော်တို့စိတ်ဝင်စားတာက ဒီစာတမ်းကဖော်ပြတဲ့ ဗမာလူမျိုးကြီးဝါဒ အတွေးအခေါ်နဲ့အမြင်ကိုပဲ ဖြစ်ပါတယ်။

ဗမာပြည်ကို နိုင်ငံခြားဈေးကွက်အဖြစ်ပဲမြင်ကြတာဟာ အခုခေတ်(တကမ္ဘာလုံးလက္ခဏာဆောင်တဲ့ ဂလိုဘယ်လိုက် ဇေးရှင်းခေတ်)မှာ မဆန်းပါ။ တည်ငြိမ်ပြီး ရောင်းပန်းဝယ်ပန်းသာနေရင် ကြိုက်ကြပါတယ်။ ဘယ်အစိုးရတက်တက် ကိစ္စမရှိပါ။ စစ်အစိုးရကလဲ ဒါကိုအခွင့်ကောင်းယူပြီး ဝါဒဖြန့်ဆွဲဆောင်ဖို့လုပ်တာပါပဲ။ စစ်အစိုးရသာမရှိရင် တိုင်းပြည် ပျက်မယ်၊ စစ်တပ်ကသာ စစ်ဉပဒေနဲ့မအုပ်ချုပ်ရင် တိုင်းပြည်တည်ငြိမ်မှာ မဟုတ်ဘူးလို့ လျှောက်လဲနေတာပါ။

အဲ့ဒီလျှောက်လဲချက် မဏ္ဍိုင်ဖြစ်တဲ့ ဗမာလူမျိုးကြီးဝါဒအရ တိုင်းပြည်ကိုစုစည်းမှဖြစ်မယ်၊ ဗမာလူမျိုကြီးဝါဒရှိတဲ့ စစ်တပ်ကသာ တိုင်းပြည်ကိုတည်ငြိမ်စေတဲ့ တခုတည်းသောအင်အားဖြစ်တယ်ဆိုတဲ့အတွေးအခေါ်ကို ကျွန်တော်တို့ လက်မခံပါ။ အဲ့ဒီအတွေးအခေါ်ကို မတိုက်ဖျက်နိုင်ရင် တိုင်းပြည် အနှေးနဲ့အမြန် ပြိုကွဲပါလိမ့်မယ်။

ဘာ့ကြောင့်လဲ
(၁) တန်းတူညီမျှမှုမရှိတဲ့ဘဝကို ဘယ်လူမျိုးစုကမှမကျေနပ်ပါ။ မနိုင်လို့ ခံနေရင် ယာယီပါပဲ။ အခွင့်သာရင် ပြန်လှန် မှာပါ။
(၂) လက်ဝါးကြီးအုပ်ကော်ပိုရေးရှင်းကြီးတွေ ဘဏ်ကြီးတွေကို ကြီးသထက်ကြီးအောင် တဖက်ကလုပ်၊ တဖက်က တိုင်းပြည်တွေ ငယ်သထက် ငယ်စေချင်တဲ့နယ်ချဲ့အရင်းရှင်လူတန်းစားတွေ ရှိနေတဲ့ခေတ် ဖြစ်လို့ပါပဲ။ နယ်ချဲ့ အန္တရာယ်ကို လျှော့မတွက်သင့်ပါ။  ဒီနှစ်ချက်ကို အကျယ်တင်ပြပါမယ်။

ကွန်တော်တို့တိုင်းပြည်မှာ ပဒေသရာဇ်နည်းနဲ့ တိုင်းပြည်စုစည်းတာ အကြိမ်ကြိမ်ရှိခဲ့ပါတယ်။ ပဒေသရာဇ်နည်းဆိုတာ စစ်အင်အားကို သုံး၍သော်လည်းကောင်း၊ စစ်အင်အား ပြ၍သော်လည်းကောင်း စုစည်းတာကိုဆိုလိုပါတယ်။ အဲ့ဒီလို စုစည်းတဲ့နိုင်ငံဟာ သက်ဆိုးမရှည်ပါ။ မကြာခင်ပဲ ပြိုကွဲလေ့ရှိပါတယ်။ အခွင့်သာတာနဲ့တပြိုင်နက် ပဏ္ဏာဆက် တိုင်းပြည်ဘဝက လွတ်အောင်ရုန်းပါတယ်။ အခွင့်သာတယ်ဆိုတာထဲမှာ မိမိ မှီခိုအားကိုးနိုင်တဲ့ အင်အားကြီးနိုင်ငံ တခုခုကို ရှာဖွေတွေ့ရှိတာလဲ တခုပါပါတယ်။ အားကိုးရှိပြီး မိမိအားကိုယုံရင် ပုန်ကန်ပါတယ်။

ဒါဟာ ဗမာပြည်ရဲ့ထူးခြားချက်မဟုတ်ပါ။ ပဒေသရာဇ်ခေတ် နိုင်ငံတကာမှာဖြစ်တာမျိုးပါ။ ထူးခြားချက်လို့ ပြောလိုသူအဖို့ ပြောလို့ဖြစ်တာက အဲ့ဒီစုစည်းမှုဟာ ဗမာပြည်မှာ သိတ်ကြာရှည်မခံတာပါပဲ။ စုစည်းပြီးမကြာခင် ထီးပြိုင်နန်းပြိုင်တွေ ပြန်ဖြစ်ခဲ့တာပါ။ ရာစုနှစ်နဲ့ချီပြီး ကြာရှည်ခံတဲ့မင်းဆက် ပုဂံပြည်ပျက်ပြီးနောက် မရှိသလောက်ပါပဲ။

ဒီလိုသမိုင်းမျိုးရှိခဲ့တဲ့တိုင်းပြည်မှာ တိုင်းရင်းသားလူမျိုးတိုင်းအတွက် ဂုဏ်ယူစရာနဲ့နာကျည်းစရာတွေရှိနေတာ ဓမ္မတာ ဖြစ်ပါတယ်။ မွန်ပဒေသရာဇ်ကိုအောင်နိုင်လို့ “ရန်ကုန်”လို့ နံမည်ပေးခဲ့ပေမယ့် ရန်က ကုန်မသွားပါဘူး။ မွန်ရော ဗမာရော ရခိုင်ရော အားလုံးရဲ့ဘုံရန်သူ (နယ်ချဲ့ရန်)က စလာပါပြီ။ အင်္ဂလိပ်နယ်ချဲ့ ဂျပန်ဖက်ဆစ်အားလုံးဟာ ရန်ကုန်ကိုဦးတည်ပြီး သိမ်းခဲ့ကြပါတယ်။

ပဒေသရာဇ်ခေတ်ကုန်သွားတော့ နယ်ချဲ့ခေတ်ရောက်လာပါတယ်။ နယ်ချဲ့ခေတ်မှာ ဘယ်လိုသွေးခွဲအုပ်ချုပ်ခဲ့တယ် ဆိုတာ မတင်ပြတော့ပါဘူး။ လွတ်လပ်ရေးတိုက်ပွဲခေတ်နဲ့ လွတ်လပ်ရေးရပြီးနောက်ခေတ်တွေမှာ ဗမာပြည်နိုင်ငံရေး စင်မြင့်ပေါ်တက်လာတဲ လူမျိုးအခြေခံနိုင်ငံရေးအင်အားတွေ အများကြီးရှိလာပါတယ်။

အင်အားစုအားလုံးနဲ့ ဒီမိုကရေစီနည်းကျကျ ဆွေးနွေးညှိနှိုင်းရပါမယ်။ စစ်အုပ်စု(စစ်အစိုးရ)လုပ်နေတဲ့ ပဒေသရာဇ်နည်း ကို ကျွန်တော်တို့ဆန့်ကျင်ပါတယ်။ ပဒေသရာဇ်နည်းဟာ ယာယီအောင်မြင်ချင်အောင်မြင်ပါလိမ့်မယ်။ ရေရှည်မှာ လက်နက်ကိုင်ဖြေရှင်းရင်းနဲ့ ပြိုကွဲရေးကိုဦးတည်ပါတယ်။

ဒီမိုကရေစီနည်းကိုသာ ကျွန်တော်တို့လက်ခံတာဖြစ်လို့ အားလုံးနဲ့ ညှိနှိုင်းပါ့မယ်။ သဘောတူညီချက်ရသည်အထိ ညှိပါ့မယ်။ ခွဲထွက်ရေးမဟုတ်ရင် လိုက်လျောသင့်တာမှန်သမျှ လိုက်လိုက်လျောလျောသဘောထားနဲ့ညှိရန် အဆင်သင့်ပါပဲ။ နယ်ချဲ့ရန်က ခု စစ်အေးလွန်ခေတ်မှာ ပိုများပါတယ်။ တကမ္ဘာလုံးလက္ခဏာဆောင်တဲ့ခေတ်(ဂလိုဘယလိုက််ဇေးရှင်းခေတ်)ဖြစ်လို့ ညွှတ်ကွင်းထဲရောက်ဖို့ ပိုလွယ်တဲ့ခေတ် ဖြစ်ပါတယ်။ ဟိုတုန်းကလို ကိုမိုဒိုလင်းဘတ်က ရန်ကုန်မှာလာပြီး ရန်စတာမျိုးချည်း မစဉ်းစားစေလိုပါ။ စစ်အစိုးရက ပဒေသရာဇ်နည်းစုထားတဲ့ “ပြည်ထောင်စု”နိုင်ငံတော်မှာ တိုင်းရင်းသားတိုင်း ကြိမ်မီးအုံးသလိုဖြစ်နေတာပါ။ ခတ်လွယ်လွယ်နဲ့ နယ်ချဲ့ညွှတ်ကွင်းထဲရောက်သွားနိုင်တဲ့အခြေအနေ ရှိနေတာပါ။ တိုင်းရင်းသားတိုင်းဆိုတာ လူနည်းစုလူမျိုးတွေကိုချည်း ဆိုလိုတာမဟုတ်ပါ။ လူများစုလူမျိုးဗမာတွေကိုပါ ပြောတာပါ။

ဗမာလူမျိုးကလည်း စစ်အစိုးရမုန်းတီးစိတ်နဲ့ ကြွက်မနိုင် ကျီမီးရှို့ချင်စိတ်ပေါ်တတ်ပါတယ်။ ဗမာစစ်အစိုးရလက်အောက်ကလွတ်ချင်တဲ့ တိုင်းရင်းသားလူနည်းစုတွေကလဲ မှီခိုစရာရှာတတ်ပါတယ်။

နယ်ချဲ့သမားကလည်း ဒါမျိုးအကွက်ချောင်းနေတာပါ။ တဦးတည်းဗိုလ်ကျခွင့် ရပြီလို့ထင်နေတဲ့နယ်ချဲ့အင်အားစုတွေက တိုင်းပြည်ငယ်လေ ကြိုက်လေပါ။ ဒါမှ စီးပွားရေး နိုင်ငံရေး စစ်ရေး ချယ်လှယ်ချင်တိုင်းချယ်လှယ်လို့ရမှာပါ။ ကော်စတာ ရီကာမှာ သမ္မတထက် အင်တဲလ်ကော်ပိုရေးရှင်းမန်နေဂျာက ပိုပြီးဩဇာအာဏာရှိတယ်ဆိုတာ ဖတ်လိုက်ရပါတယ်။ အဲ့လိုအဖြစ်မျိုးအပြင် တချို့တိုင်းပြည်မှာ သမ္မတထက် အမေရိကန်သံအမတ်က ဩဇာရှိနေတာလဲရှိပါတယ်။

ဗမာပြည်ဟာ တိုင်းပြည်ငယ်လေးတွေအဖြစ် အစိတ်စိတ်ပြိုကွဲရင် အချင်းချင်း တခြိမ်းခြိမ်းတိုက်နေရမှာကိုစဉ်းစားပါ။ နယ်မြေအတွက်တိုက်ကြ၊ ဘာသာရေးအတွက် တိုက်ကြ၊ ဟိုအတွက်ဒီအတွက်တိုက်ကြနဲ့ မပြီးနိုင်မဆုံးနိုင်တိုက်နေ ရမှာပါ။ တိုင်းပြည်ကြီးနှစ်ခုအဖြစ်ကွဲခဲ့တဲ့ အိန္ဒိယ ပါကစ္စတန်အဖြစ်ကိုပဲကြည့်ပါ။ သူတို့ ကမ္ဘာရန်ဖြစ်နေကြပါတယ်။

ဗမာပြည်ရဲ့ပထဝီအနေအထားအရ ပထဝီနိုင်ငံရေးကလဲ အလွန်အရေးပါပါတယ်။ ကိုယ့်အချင်းချင်းတိုက်ရတာသာမကပဲ ကိုယ့်ဆရာအတွက်ပါ တိုက်ပေးရတဲ့အထိ ဖြစ်သွားနိုင်ပါတယ်။ အဲ့လိုဖြစ်ရင် ပိုနာသွားပါလိမ့်မယ်။

ပါတီက လူမျိုးရေးအခြေခံအင်အားစုတိုင်းနဲ့ညှိရာမှာ ‘ငြိမ်း’အဖွဲ့တွေနဲ့လည်း ညှိရပါမယ်။ စစ်အစိုးရက ‘ငြိမ်း’အဖွဲ့ တွေကို နိုင်ငံရေး အင်အားစုဘဝကနေ စီးပွားရေးအင်အားစုဘဝရောက်အောင်-မူးယစ်ဆေးဝါးဂိုဏ်းအဖြစ် ဆုတ်ယုတ် ပျက်ပြားအောင် တမင်လုပ်နေပါတယ်။

အခြေအနေရင့်မှည့်လာတဲ့တချိန်မှာ စစ်အစိုးရက မူးယစ်ဆေးဝါးဂိုဏ်းအဖြစ်ပုံဖော်ပြီး အမေရိကန်အကူအညီယူကာ ချေမှုန်းတာမလုပ်ဘူး မပြောနိုင်ပါ။ သူတို့ဟာ မိမိရဲ့ လူမျိုးရေးအခြေခံနိုင်ငံရေးကို စွဲစွဲမြဲမြဲဆုပ်ကိုင်ထားစေချင် ပါတယ်။ တန်းတူရေးနဲ့သွေးစည်းရေးအတွက် ရပ်ခံစေချင်ပါတယ်။ အမြော်အမြင်ပြည့်ဝစေချင်ပါတယ်။

တန်းတူရေးနဲ့သွေးစည်းရေးမှာ တန်းတူရေးက သော့ချက်ဖြစ်ပါတယ်။ တန်းတူတဲ့အခြေခံပေါ်မှာ သွေးစည်းကြမှ အခြေခိုင်ပါလိမ့်မယ်။ အခြေခိုင်နေရင် ဘယ်လိုအလှည့်အပြောင်းကြုံရကြုံရ ဆွေးနွေးညှိနှိုင်းအဖြေရှာပြီး ဆက်လက် ချီတက်နိုင်ပါလိမ့်မယ်။ တန်းတူရေးနဲ့ပတ်သက်ပြီး ဗမာကိုပြည်နယ်တခုအဖြစ် ထားမလားဆိုတာက အရေးမကြီးပါ။ ထားမှ တန်းတူမယ်ဆိုရင် ထားပါ။ အရေးကြီးတာက တန်းတူရေးဆိုပြီး သူ တတိုင်းပြည်၊ ကိုယ် တတိုင်းပြည် ထူထောင်ရေးဆီ ဆွဲခေါ်သွားမှာကိုတားဆီးနိုင်ဖို့ပါ။

ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဉပဒေရေးဆွဲပြီဆိုရင် ခွဲရေးတွဲရေးပြဿနာက ထိပ်တက်လာလေ့ရှိတဲ့ပြဿနာတခု ဖြစ်ပါတယ်။ ပြည်တွင်းသာမက ပြည်ပကပါ စိတ်ဝင်စားတဲ့ပြဿနာလဲ ဖြစ်လေ့ရှိပါတယ်။ သူ့အကြောင်းနဲ့သူ စိတ်ဝင်စားကြတာပါ။ ၄၇ တုန်းက ဖြစ်ပျက်ပုံကိုကြည့်ပါ။ အဲ့ဒီတုန်းက ပြည်ပစိတ်ဝင်စားသူက အင်္ဂလိပ်၊ အိန္ဒိယ (အိန္ဒိယက သူ့အပူနဲ့သူမို့ သိတ်စိတ်ဝင်စားလှတာမဟုတ်)။ ဒီလောက်ပါပဲ။ အခု အဲ့ဒီထက်များပါလိမ့်မယ်။ အကြောင်း ကြောင်းကြောင့် စိတ်ဝင်စားမှုရှိကြမှာပါ။ စိတ်ဝင်စားရုံ ဉပ‌ဒေကြောင်းအကြံပေးရုံဆို ကိစ္စမရှိပါ။ ဝင်စွက်လာရင် ကိစ္စ ရှိပါတယ်။

၄၇ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဉပ‌ဒေကိစ္စပြောကြရင် ဗိုလ်အောင်ဆန်းရဲ့အမြော်အမြင်ကိုပဲ ပြောကြလေ့ရှိပါတယ်။ သူ့အမြော်အမြင်သာမက တိုင်းရင်းသား လူနည်းစုလူမျိုးများရဲ့ခေါင်းဆောင်တွေ (လူထုခေါင်းဆောင်တွေ)ရဲ့ အမြော် အမြင်ကိုပါထည့်ပြောမှ ပြည့်စုံပါလိမ့်မယ်။ အဲ့ဒီခေါင်းဆောင်တွေသာ သက်ဆိုင်ရာအင်္ဂလိပ်အလိုတော်ရိတွေကို မဆန့်ကျင်ခဲ့ရင် သမိုင်းဟာတမျိုးဖြစ်သွားမှာပါ။ ဗိုလ်အောင်ဆန်းကိုယ်တိုင်လဲ ဗမာအလိုတော်ရိ‌တွေ ကိုယ့်အထဲက လူတွေကိုဆန့်ကျင်ပြီးလုပ်နေရတာပါ။

လက်ယာဆိုရှယ်လစ်ကျော်ငြိမ်းတို့ဟာ ပြည်ထောင်စုမူကို ဘယ်တုန်းမှ လက်မခံပါဘူး။ သူတိုဟာအခွင့်သာရင် “တပြည်တည်းစနစ်”ကို အဆိုပြုနေကြတာပဲမဟုတ်လား။ ဗိုလ်အောင်ဆန်းကို မလွတ်ဆန်ဝံ့လို့၊ ကွန်မြူနစ်ဘက် ပြန်ပါသွားမှာစိုးလို့သာ မရဲတရဲ “တပြည်တည်းစနစ်”ကို တင်နေခဲ့တာပဲ။ ဆိုရှယ်လစ်အဝန်းအဝိုင်းကဗိုလ်နေဝင်းတို့လဲ “ပြည်ထောင်စု”အမည်ခံ “တပြည်တည်းစနစ်”ကိုပဲ လုပ်ခဲ့တာ လုပ်နေတာတွေတွေ့ရမှာပါ။

“တောင်တန်းသားမိတ်ဆွေများ”ဆိုတာ အဲ့ဒီတုန်းကတည်းက လှုပ်ရှားလာခဲ့တာပါ။ အာဏာနဲ့ပေါင်းပြီးလုပ်တာဖြစ်လို့ တွင်ကျယ်ပါတယ်။ အဲ့ဒီ “မိတ်ဆွေ”တွေဟာ ၄၈ နောက်ပိုင်းလည်း လှုပ်ရှားပါတယ်။ အထူးသဖြင့် ခွဲထွက်ရေးအလံ လွှင့်ပြီး လက်နက်ကိုင်တိုက်လာသူရှိရင် လှုပ်ရှားပါတယ်။ ဒါပေမဲ့ ၄၇ ကလောက် မတွင်ကျယ်ပါ။ တွင်ကျယ်နိုင်တဲ့ အခြေအနေလဲ မရှိတော့ပါ။

“ခွဲထွက်ရေး”တွေဟာလည်း အင်္ဂလိပ် ဗမာလက်အောက်မှာပစ်ထားခဲ့လို့ ဘယ်လို ဒဏ်ရာဒဏ်ချက်တွေ ရခဲ့တယ်ဆိုတာ ပြပြီး တိုင်တာတောတာလုပ်ပါတယ်။”မိတ်ဆွေ”တွေကလည်း ကျင်နာမှုပြရုံကလွဲလို့ ဘာမှ မတတ်နိုင်ခဲ့ပါ။ စစ်အေးလွန် ခေတ်မှာကြတော့ အဲ့ဒီလိုမဟုတ်တော့ပါ။ “ဒီမိုကရေစီရှေ့ဆောင် လူ့အခွင့်အရေးပဲ့ကိုင်” အမေရိကန်က ပါလာပါတယ်။

သူက “တောင်တန်းသားမိတ်ဆွေ”အဆင့်မဟုတ်ပါ။ သူက ဆိုရှယ်လစ်တရုတ်ပြည်ဆန့်ကျင်ရေးအတွက်ပါ လူစုပါတယ်။ ညောင်ရေလောင်းဖို့ထက် ပတ်ထမ်းခိုင်းချင်တာက ပိုပါတယ်။ နှစ် ၅၀ ဆယ်ကျော်ရခဲ့တဲ့သမိုင်းနဲ့ သင်ခန်းစာ အတွေ့ အကြုံတွေအရ အဖွဲ့အစည်းအသီးသီးက ခေါင်းဆောင်တွေဟာ အမြော်အမြင်ပြည့်ဝကြပါတယ်။

ဒီမိုကရေစီစည်းဝိုင်းအတွင်းမှာညှိနှိုင်းကြရင် တန်းတူတဲ့ သွေးစည်းညီညွတ်တဲ့ပြည်ထောင်စုသစ်ကို အတူတကွ တည်ထောင်နိုင်ကြလိမ့်မယ်လို့ယုံကြည်ပါတယ်။
(မူရင်း သတ်ပုံသတ်ညွှန်းများအတိုင်း)
မျိုးမြင့်

(ဘိန်းပစ်ဖမ်းစရာတောင် မလိုပါ)

0 comments
(ဘိန်းပစ်ဖမ်းစရာတောင် မလိုပါ)
မိခင်အဖွဲ့အစည်းတွေ ပါတီတွေကနေခွဲထွက်လာ ကွဲထွက်လာပြီး ဗိုလ်ခင်ညွန့်ခေတ်ကနေ ခုထက်ထိ စစ်အုပ်စုနဲ့ အပစ်ရပ်တဲ့ အဖွဲ့တွေကို စစ်အုပ်စုက နိုင်ငံရေးအင်အားစုတွေအဖြစ်ကနေ စီးပွားရေးအင်အားစုတွေအဇြစ် အသွင်ပြောင်းပစ်ဖို့ တောက်လျှောက် လုပ်နေတာပါ။ ဖြစ်နိုင်ရင် ဘိန်းစိုက်သူ မူးယစ်ဆေးဝါးထုတ်လုပ်သူ ရောင်းဝယ်ဖေါက်ကားသူ အကြီးစားကြီးတွေအထိ ဖြစ်သွား စေချင်တာပါ။ ဖြစ်သလောက် ဖြစ်ပါတယ်။ အထူးသဖြင့် ပြည်သူ့စစ်နဲ့နယ်ခြားစောင့်အမည်ခံအဖွဲ့တွေဖြစ်ကြတာပါ။ အဖွဲ့ကြီးတွေ ကတော့ ခုထိ သူတို့ရဲ့ လူမျိုးအခြေခံနိုင်ငံရေးမူကို စွဲစွဲမြဲမြဲရှိနေသေးတာ အဲ့ဒီအပေါ်မှာရပ်ခံနေနိုင်သေးတာကိုတွေ့ရပါတယ်။ ကောင်းတဲ့လက္ခဏာလို့ မြင်ပါတယ်။ ထိန်းနိုင်သလောက်ထိန်းရင်း ဖက်ဒရယ်လ်မူကိုကိုင်ရင်း ဆက်တိုးချဲ့နိုင်တယ်ဆို ပိုကောင်းပါတယ်။


ခု ပြည်သူ့စစ်အမည်ခံလက်နက်ကိုင်အဖွဲ့တွေထဲက ကောင်းခါးပြည်သူ့စစ်အဖွဲ့ကို စစ်အုပ်စုက ခေါ်ကြိမ်းတာ ကြားရပါတယ်။ လွှတ်တော်တွင်း စကားများနေတဲ့ တီခွန်မြတ်နဲ့တော့ မဆိုင်ဘူးလို့ထင်ပါတယ်။ တီခွန်မြတ်က ခုထက်ပို ဘာမှမလုပ်ပါဘူူး။ စိတ်ချရလို့မှ ဒီနေရာကို NLD နဲညှိပြီး ရောက်လာတာပါ။ လုပ်ရလို့ ရသလောက် လုပ်ပြတာလောက်ပါ။ “လုပ်ရတယ်” ဆိုတာကလည်း ၂၀၀၈ အောက်ကနေလုပ်ရတာကိုပြောတာပါ။ ခုတလော သန်းရာထောင်ချီတန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေ ဆက်စပ်ပစ္စည်းတွေ ဖမ်းဆီးမိတာ ချက်လုပ်ရေးစခန်းတွေ ဝင်စီးပြီးသိမ်းတာတွေကို တီခွန်မြတ်နဲ့ဆက်စပ်တွေးလို့ ဘယ်လိုရသလဲတော့ ကျနော်မတွေးတတ်ပါ။ တချိန်က ဒီလူဟာ ဒါတွေနဲ့ပတ်သက်ခဲ့တယ်ဆိုရင် စစ်အုပ်စုက အညှာကိုင်ပြီး အချိန်မရွေးပျောက်စေလုပ်ပစ်လိုက်မှာပါ။

ခု ပြည်သူ့စစ်တွေ နယ်ခြားစောင့်တွေထဲကတချို့ကတော့ စစ်အုပ်စုခင်းပေးတဲ့လမ်းအတိုင်းလျှောက်ရင်း ဘိန်းစိုက်သူ မူးယစ်ဆေးဝါးထုတ်လုပ် ရောင်းဝယ်ဖေါက်ကားသူတွေဖြစ်လာတာတွေ့ရပါပြီ။ ဘိန်းဘုရင်ကြီးတွေအထိတော့ ဖြစ်ခွင့်မရကြပါ။ ဟိုတချိန်က ဟိုလို လိုအပ်လို့ ဟိုလိုကြီးထွားခိုင်းပေမယ့်၊ ဒီတချိန်မှာ ဒီလို လိုအပ်လို့ ဒီလိုကိုင်တွယ်ရတယ်ဆိုတဲ့အဆင့် ရောက်လာတော့မယ်ထင်ပါတယ်။ ဒီလို ကိုင်တွယ်တယ်ဆိုတာက ရှင်းပစ်တာကိုပြောတာပါ။ ရှင်းပစ်ရမှာကလည်း ဒီလူတွေမှာ လက်နက်လူသူအင်အားတွေက ဟိုတုန်းက(ခွဲထွက်လာခါစ)တုန်းကနဲ့ မယှဉ်သာအောင် ထယ်ထယ်ဝါဝါဖြစ်နေတာလည်း အထင်အရှားပါ။ လူထုအပေါ်လက်နက်နဲ့ဗိုလ်ကျတာတွေရှိသလို အခန့်မသင့်တိုင်း စားကျက်လူကြတိုင်း တဖွဲ့နဲ့တဖွဲ့လည်း တိုက်တာခိုက်တာပစ်တာခတ်တာတွေရှိပါတယ်။ စစ်အုပ်စုက သူတို့ရဲ့ မိခင်အဖွဲ့အစည်းတွေကိုတိုက်တဲ့အခါတိုင်းလည်း ကိုယ့်အကျိုးစီးပွားအတွက် ကိုယ့်လူမျိုးချင်းပြန်သတ်တဲ့ပွဲမှာ ရှေ့ဆုံးကအသေခံတိုက်ပေးပါတယ်။ သဘောက ကိုယ့်အတွက်လည်း ကိုယ်တိုက်ရသလို ကိုယ့်ဆရာသမားတွေအတွက်လည်း တိုက်ပေးသေပေးနေကြတာပါ။

ခု စစ်အုပ်စုက အဲ့ဒီအဖွဲ့တွေကို တဖြည်းဖြည်းချင်း လည်မျိုညှစ်နေပါပြီ။ အဲ့အုပ်စုတွေ ခုထက်ပို အင်အားဩဇာကြီးထွားလာတာ အဖြစ်မခံနိုင်တော့ပါ။ နယ်စွန်နယ်ဖျားက သူ့အာဏာစက်ကို အပြည့်အဝပြန်ထိန်းချုပ်ယူတော့မယ့်ပုံပါ။ မခုတ်တတ်တဲ့ကြောင်လို သစ်သားသေနတ်နဲ့ ဈေးကောက်လောက် အရက်ဝိုင်းကြက်ဝိုင်းအကောက်လောက် ကောက်စား၊ ဝက်ကုန်းစည်း ကြက်ဒိုင် အမဲသတ်လိုင်စင်လောက်နဲ့ ထားချင်တာပါ။ ဖြစ်နိုင်ရင် စစ်ဗိုလ်တွေအတွက် အရက်ဝယ်ကြက်ဖမ်းလောက်ထားချင်တာပါ။ ဒါ့‌ကြောင့် အဲ့သလိုနေနိုင်ရင်နေ မနေနိုင်ရင် အေးအေးသက်သာ လက်နက်ချကြဖို့ လုပ်မယ့်အရိပ်အခြေတွေ့ရပါပြီ။

မူးယစ်ဆေးဝါးကိစ္စဟာ ကမ္ဘာနာပါ။ တကယ်တိုက်ဖျက်တယ် နှိမ်နင်းတယ်ဆို ကမ္ဘာက အားပေးပါတယ်။ အမေရိကန်အပါအဝင် ချမ်းသာနိုင်ငံတွေဘက်ကလည်း ကျ ပါတယ်။ ကျတာမှ ငွေရော ပစ္စည်းရောကို ကျတာပါ။ ခု အပေါ်ကပြောတဲ့အဖွဲ့တွေကို လုံးဝ မလိုတော့လို့ဖယ်ရှားရင်(သူ့ချည်းပဲ လုပ်ရကိုင်ရခက်ရင်) အမေရိကန်နဲ့ ကမ္ဘာ့မိသားစုအကူအညီယူပြီး အပြောင်ရှင်းလို့ရပါတယ်။ ကမ္ဘာကြီးကလည်း အားတက်သရောကူညီမှာဖြစ်သလို သောင်းသောင်းဖြဖြလည်း အားပေးကြမှာပါ။

စစ်အုပ်စုဟာ အာဏာအတွက်ဆို ဘာမဆိုလုပ်ပါတယ်။ အမေရိကန်ကအလိုရှိနေတဲ့ ဘိန်းရာဇာခွန်ဆာနဲ့ အပေါင်းအပါတွေကို ခလုပ်မထိဆူးမငြိအောင်ကာကွယ်ပေးသလို သူ့အာဏာစက်ကို နှမ်းတစေ့စာလာထိပါးရင် တံတွေးလာဆွတ်ရင်လည်း အမေရိကန်နဲ့ပေါင်းပြီး ဘိန်းဘုရင်အမည်တပ်ကာ ချေမှုန်းပစ်လိုက်မှာပါပဲ။
မျိုးမြင့်ချို
၆၊ မတ်၊ ၂၀၂၀

Thursday, March 5, 2020

(မျက်တောင်မွှေးနှုတ်တဲ့ လက်ဝဲသမားများ)

1 comments
(မျက်တောင်မွှေးနှုတ်တဲ့ လက်ဝဲသမားများ)
တရတ်ပြည်မှာ ကိုရိုနာစဖြစ်တော့ ဗမာပြည်ကလက်ဝဲသမားတချို့ဟာ လက်ယာသမားတွေထက်တောင် ပိုလက်ယာကျပြပြီး တရုတ်ပြည်အပေါ် ကျိန်စာတိုက်ခဲ့ကြတယ်လို့ တချို့ကပြောပါတယ်။ ဟုတ်သလောက် ဟုတ်ပါတယ်။ ကျနော့်အမှုတွဲတွေထဲက ရဲရဲတောက်တချို့တောင် တက်ထောင်မောင်းနင်းတွေပြောကြတာ ကိုယ်တိုင်တွေ့ရဖတ်ရပါတယ်။ ဒီလူတွေဟာ ကျနော် လေးစားခဲ့ဖူး အားကျခဲ့ဖူးသူတွေလည်း ဖြစ်ခဲ့ဖူးပါတယ်။ ကျနော့်ကို ပြောင်းလဲအောင် လုပ်ပေးခဲ့သူတွေလည်းဖြစ်ခဲ့ပါတယ်။ ခုနှစ်ပေါင်း သုံးဆယ်လောက်ရှိတဲ့အခါ ကျနော်က ပြောင်းလဲမသွားပဲ သူတို့ကပြောင်းလဲကုန်ကြတာ အံ့အားသင့်စဖွယ်တွေ့ရပါတယ်။ ပြည်တွင်းအ‌ခြေအနေအရ ကြည့်နေကြည့်စားမို့ အဲ့သလို လူမျိုးရေးမုန်းတီးမှု လူမျိုးရေးဆန့်ကျင်မှုတွေလုပ်ရတာပါဆိုလည်း ဒါဟာ မမှန်တဲ့ တရားမရှိတဲ့ နိုင်ငံရေးသီလမစင်ကြယ်တဲ့ လူ့စရဏတရားကျိုးပျက်တဲ့အကြောင်းပြချက်လို့မြင်ပါတယ်။ လက်ယာသမားတိုင်း လက်ယာစွန်းတွေမဟုတ်ကြသလို၊ လက်ယာသမားတိုင်း ဘာသာရေးလူမျိုရေး အမုန်းတရားမဖြန့်ကြပေမယ့် ဘာသာရေးလူမျိုးရေးအစွန်းရောက်သမားတိုင်း အမုန်းတရားဖြန့်ချိသူတိုင်းဟာတော့ လက်ယာစွန်းသမားတွေချည်းပါပဲ။ ဒါ ဒီနေ့ ဗမာတပြည်တည်းပြဿနာမဟုတ်ပဲ ကမ္ဘာနဲ့ချီဖြစ်နေတာပါ။

တရုတ်လူမျိုးမုန်းတီးရေး တရုတ်ပြည်ဆန့်ကျင်ရေး တရုတ်အစိုးရဆန့်ကျင်ရေးအခံတွေကနေ လက်ယာသမားတွေနဲ့ လက်ယာစွန်းသမား‌တွေ သူတို့အလုပ် သူတို့လုပ်တာ မဆန်းလှပေမယ့် လက်ဝဲသမားကဝင်လုပ်တာကျ တော်တော့်ကို မသတီစရာပါ။ အော့နှလုံးနာစရာပါ။ လုပ်တဲ့လူတွေကြည့်တော့ လက်ဝဲအမည်ခံထားပေမယ့် လက်ဝဲဝါဒကြီးကျဆုံးနေပြီလို့ ကိုယ်ဘာသာတွေးပြီး သိမ်ငယ်စိတ်ဝင်နေသူတွေဖြစ်နေတာတွေ့တော့ ဪတလုံးရွတ်မိတာပါပဲ။ ဒီလူတွေဟာ ဘာနဲ့တူသလဲဆိုတော့ အစ္စလာမ်ဘာသာဝင်နဲ့အိမ်ထောင်ကျပြီး ဘာသာပြောင်းလာတဲ့လူက ဝက်မြင်ရင် မျက်တောင်မွှေးနှုတ်ပြသလိုမျိုးနဲ့ ဆင်ပါတယ်။ ဟိုမွေးရာပါမွတ်စလင်မ်ကမှ ဝက်သားကို ဘာသိဘာသာနေချင်နေဦးမယ် သူက ပိုကဲပြတဲ့သဘောပါ။ ဒါကလည်း သူအသစ်ဝင်ရောက်လာတဲ့ အသိုင်းအဝိုင်းက သူ့ကို ပိုလက်ခံလိုဇောနဲ့ အဖြစ်သည်းပြတာပါ။
လက်ယာသမားတွေကို မျက်နှာလိုမျက်နှာရအလုပ်များပြီး "ကိုရိုနာဗိုင်းရပ်စ်ဟာ ဘယ်သူ့မှ ဘာလူမျိုးမှ ဘယ်လူတန်းစားကိုမှ ချမ်းသာမပေးနိုင်ဘူး တချိန်ချိန်က အနှံ့အပြန့်ကူးစက်ကုန်ပြီး ကမ္ဘာနာကြီး ဖြစ်သွားလောက်တယ်"လို့မတွေးတောနိုင်တော့လောက်အောင် ဉာဏ်ကန်းကုန်သူတွေပါ။ အသိရေချိန် နိမ့်ပါးကုန်သူတွေပါ။
ခု ကူးစက်နေပါပြီ။ ခု ကမ္ဘာနာဖြစ်လာပါပြီ။ ဗမာပြည်လည်း စက်ကွင်းမလွတ်ပါ။ မျက်နှာရရေးအခံနဲ့ ပေါက်ပန်းလေးဆယ် ပြောနေရေးနေတာတွေလည်း ပါးပါးလိုက်လာပါပြီ။ ကောင်းပါတယ်။ ဒါပေမယ့် ဒီ့မတိုင်မီကတည်းက အတွေးအခေါ်ရေချိန်ရှိရှိ သိစိတ်မှန်မှန်ကောင်းကောင်းရှိရှိ ဉာဏ်ရှိရှိ ပြောခဲ့ကြရေးခဲ့ကြ ရပ်တည်ခဲ့ကြ ပိုမကောင်းဘူးလားဗျာ။
မျိုးမြင့်ချို
၅။ မတ်။ ၂၀၂၀

(ခွာအလိပ်ခံရမယ့်မြင်း)

0 comments
(ခွာအလိပ်ခံရမယ့်မြင်း)
အမေရိကန်မှာ Primary and Caucus တွေလုပ်ပြီး ပါတီအတွက်သမ္မတလောင်းကို ဆန်ကာတိုက်သလို တိုက်တိုက်ချလာရတာပါ၊ နောက်ဆုံးဆန်ကာတင်ကမှ သမ္မလောင်းလျာပါ။ သူကမှ ပြိုင်ဘက်ပါတီက ရာထူးလက်ရှိသမ္မတနဲ့ အကြိတ်အနယ် အရွေးကောက်ခံရတာပါ။

ခုဆို ဒီမိုကရက်ပါတီအတွက် သမ္မတလောင်း အလောင်းလျာက ၂ ယောက်ဖြစ်နေပါတယ်။ ဆန်းဒါးစ်နဲ့ ဘိုင်ဒန်ဖြစ်ပါတယ်။ မကြာပါဘူး ဘယ်သူဆန်ကာတင်ဖြစ်မလဲအဖြေထွက်တော့မှာပါ။ တစ်ပြေးနေတာကတော့ အချိန်ကပ်မှ နောက်ကနေကပ်ပြီး အပြေးတက်နဲ့တက်လာတဲ့ ဘိုင်ဒန်ဖြစ်လိမ့်မယ်လို့ ဆိုကြပါတယ်။ ဒီမိုကရက်ပါတီတွင်းမှာတော့ ဘိုင်ဒန်ကို ဆန်းဒါးစ်ထက် မျက်နှာသာပေးနေတာ အလွန်သိသာပါတယ်။
ဆန်းဒါးစ်ကို အပြင်မှာ လူကြိုက်များပေမယ့် လက်ဝဲလေသံ နည်းနည်းပစ်တော့ အရင်းရှင်စနစ်ကြီးတခုလုံး သွက်သွက်ခါသွားပါတယ်။ လက်ဝဲအယူရှိတဲ့ဆန်းဒါးစ် သမ္မတဖြစ်မလာရေးအတွက် နှုတ်ထွက်သွားကြတဲ့သူတွေ တယောက်ပြီးတယောက် ဘိုင်ဒန်န်ကို Endorsement ပေးပေးသွားကြတာကိုထောက်ရင် ပါတီတွင်းမှာကိုက အရင်းရှင်စနစ်တော့ တစက်ကလေးမှ အထိပါးမခံဘူးဆိုတဲ့သဘောက ဘွင်းဘွင်းကြီးပေါ်လာပါတယ်။
ဆန်းဒါးစ်က သူသမ္မတဖြစ်ခဲ့ရင်လုပ်မှာတွေထဲမှာ ပညာရေး ကျန်းမာရေးပြုပြင်ပြောင်းလဲမှုတွေ လုပ်မယ့်အ‌ကြောင်း၊ အလုပ်သမား လုပ်ခနဲ့ ခံစားခွင့်ဆိုင်ရာတွေလည်း ပိုပြီးကောင်းမွန်အောင် ပြုပြင်မယ့်အကြောင်းပါသလို သေနတ်ကိုင်ဆောင်ခွင့်ကိစ္စလည်း ဦးစားပေး‌ဖြေရှင်းမယ်လို့ဆိုထားပါတယ်။
အမေရိကန် သမ္မတလောင်းတိုင်း သူတို့အာဏာရရင် ဖြေရှင်းမယလို့ပြောခဲ့တာ အဲ့ပြဿနာတွေပါပဲ။ ခုထိတော့ တက္ကသို်ကောလိပ်တွေအခမဲ့တက်ခွင့်ရရေး လူတိုင်းကျန်းမာရေးအာမခံ လက်လှမ်းမီရေးတွေ မလုပ်နိုင်သေးသလို သေနတ်ကိုင်ဆောင်ခွင့်သလည်း ထိပါးလို့မရတဲ့ကိစ္စအဖြစ် ဆက်ရှိနေတုန်းပါပဲ။
မျိုးမြင့်ချို
၄၊ မတ်၊ ၂၀၂၀

(ဘဏ်တိုးတွေချ)

0 comments
(ဘဏ်တိုးတွေချ)
အမေရိကန်ဗဟိုဘဏ် ဘုတ်အော့ဖ်ဒါရိုက်တာအစည်းဝေးက မတ်လ ၁၇-၁၈ မှာရှိပါတယ်။ ပုံမှန်ဆိုရင် အဲ့ဒီအစည်းဝေးကနေ ဘဏ်တိုးနှုန်း အတင်အချတွေ လုပ်ဖို့ဆုံးဖြတ်ပါတယ်။ အခု ကိုဗစ် ၁၉ ကြောင့် အမေရိကန်စီးပွားရေး(အထူးသဖြင့် ငွေကြေးနဲ့ ဘဏ္ဏာရေးဈေးကွက်တွေ) မှာ အထိနာလာတဲ့လက္ခဏာပြလာပါတယ်။

ဒါ့ကြောင့် ၁၇-၁၈ မှာလုပ်မယ့် ဗဟိုဘဏ်အစည်းအဝေးကနေ ဘဏ်တိုးနှုန်းတွေချလိမ့်မယ် ငွေကြေးဈေးကွက်နဲ့ ဘဏ္ဏာရေး အခြေအနေတွေကို ပြန်ထိန်းညှိလိမ့်မယ်လို့ ခန့်မှန်းချက်တွေ ခုတလော ခတ်စိတ်စိတ်ထွက်နေပါတယ်။
ခုတော့ ဗဟိုဘဏ်အစည်းအဝေးထိတောင် စောင့်မနေတော့ပဲ အရေးပေါ်အစည်းအဝေးထိုင်ပြီး ဘဏ်တိုးနှုန်းတွေချလိုက်ပါပြီ။ အဲ့သလိုချတာကို Emergency Rate Cut လုပ်တယ်လို့ သုံးနှုန်းပါတယ်။ ချလိုက်တဲ့နှုန်းအရဆိုရင် 1.25% ပဲရှိပါတော့တယ်။
ဘဏ်တိုးတွေချလိုက်တဲ့အတွက် ဘဏ္ဏာရေးဈေးကွက် ပြန်တည့်မတ်သွားမလား စတော့ရှယ်ယာတွေဈေးတွေ ပြန် ထောင်တက်လာမလား မတက်လာဘူးလားကတော့ မရေရာသေးပါ။ ဒါပေမယ့် ကမ္ဘာတဝှမ်းမှာ ကျနေတဲ့ဒေါ်လာငွေတန်ဖိုးအပေါ်တော့ သက်ရောက်မှာပါ။
ခု တောင် တဒေါ်လာကို ဗမာငွေ ၁၄၀၀ ဝန်းကျင်အထိပြန်ကျနေတာပါ။ ငွေကြေးပေါ်လစီပေါ် အများကြီးသက်ရောက်တော့မှာပါ။ မလေးရှားတို့ ဩစတေလျတို့အပါအဝင် ကမ္ဘာတဝှမ်းက နိုင်ငံကြီးတွေက ဘဏ်ကြီးတွေလည်း အတိုးနှုန်းတွေ သူ့ထက်ငါ အလုအယက် ချနေကြတာပါ။ တချို့ကတော့ ကိုဗစ် ၁၉ ကြောင့် စီးပွားရေး၊ ဘဏ္ဏာရေးနဲ့ ငွေကြေးဈေးကွက်ကို မထိခိုက်အောင်ကာကွယ်တဲ့အနေနဲ့ ဒါလုပ်တာလို့ ဖေးဖေးမမ ပြောကြတာရှိပါတယ်။ မလုံလောက်သေးဘူး သိတ်မကြာခင်မှာ ထပ် ချကိုချမှရမယ်ဆိုပြီးခန့်မှန်းနေသူတွေလည်း ရှိပါတယ်။
မျိုးမြင့်ချို
၄၊ မတ်၊ ၂၀၂၀

(ပူစီဝီလ်လို)

0 comments
(ပူစီဝီလ်လို)
မနှစ်က ဧပြီလလောက်ဆီက ဇနီးက Pussy Willow ကိုင်းရင့်ရင့်လေးတွေ လမ်းမှာတွေ့သဖြင့်ကောက်လာပြီး ခြံနောက်ဖက် ရေဝပ်သည့်ပြီး Hibiscus တွေရှိသည့်နေရာ၌ ထိုးစိုက်၏။ ကျနော်က “မင့်ဟာက ရှင်ပါ့မလားကွာ ကိုင်းတွေက ခြောက်ခြောက်ကြီးတွေ။ ပြီးတော့ နေရာ ကလည်း ရေဝပ်တဲ့နေရာကြီး”ဆိုတော့ သူက ကိုင်းလေးတွေ၏အကာသားကို လက်သည်းဖြင့်ဆိတ်ပြပြီး ဒီမှာကြည့်လေ အစိုဓာတ် ရှိနေသးတယ်။ လုံးဝအစိုဆိုရင်တောင် ရုတ်ရက်ကြည့်ရင် အပင်ခြောက်လိုပဲ သူ့သဘာဝကိုက။ နောက်ပြီး သူက ရေဝပ်တဲ့ရေစိမ့်တဲ့နေရာ ကြိုက်တယ်”ဟုပြော၏။ ကျနော်လည်း ကိုယ်မသိသည့်အပင်ဆိုတော့ ဘာမှပြောမနေတော့။ တခုတော့ ပြောပြီးရယ်မိကြ၏။ Willow ကတော့ တို့ဗမာမှာ မိုးမခပင်ပဲ Pussy ကတော့ ကြောင်ပေါ့လေ။ ဒါပေမယ့် မင်းတို့အမေရိကန်မှာ ပူစီလို့ဗန်းစကားနဲ့‌ပြောတော့....” ဆိုတော့ သူက “အေးနော်”ဆိုပြီးရယ်၏။ ကျနော်တို့က လူနံမည်ကိုပင် ချစ်နိုးဖြင့် ပူစီဟုခေါ်တတ်ကြသလို သူတို့ကလည်း Kitty ဟုခေါ်တတ်ကြ၏။ ပူစီတော့ ဘယ်သူ့ဘယ်သူမှ မမှဲ့မခေါ်ကြ။ ကျနော်က pussy willow ကိုဗမာလိုပြန်မနေတော့ဘဲ ပူစီဝီလ်လိုဟုပဲခေါ်လိုက်၏။ မရှုပ်တော့။ ရှက်စရာလည်း မရှိတော့။

နောက်တော့ ကျနော်လည်း ထိုအပင်လေးတွေကို မေ့မေ့ပျောက်ပျောက်။ သေသလားရှင်သလားလည်း အမှုမဲ့အမှတ်မဲ့။ ဒီနေ့တော့ နေ့လည်ခင်း နေကလေးနည်းနည်းပွင့်သဖြင့် Hibiscus လက်တံခြောက်တွေကို ရှင်းရကောင်းနိုးနိုးဖြင့် အနားသွားကြည့်မိ၏။ လားလား ပင်ခြေမှာရေဝပ်လို့ ဟိုင်းဘစ်ကစ်တွေကြားမှာ ပူစီဝီလ်လေးတွေ ပွင့်နေပါရောလား။ အပင်လေးက ပွင့်သာပွင့်နေရသည် ခရိုခရိုင်နှင့်။ အပင်အခွံအခေါက် ပါးပါးလေးတွေကိုလည်း ဟိုတကွက် ဒီတကွက် ယုန်ခွာစားတာတွေ့ရ၏။ ဒီက ယုန်တွေက ဆောင်းတွင်းအစားအသောက်ရှားပါးချိန်ဆိုလျှင် ဝပ်ကျင်းမှထွက်ကာ ကိုက်လမ်းလေးတွေအတိုင်းလာပြီး သစ်ပင်နုများမှ အခွံအခေါက်လေးတွေ ခွာခွာစား၏။ အပင်နု တပင်ပတ်လည်လုံး အခေါက်ခွာခံရပြီဆိုလျှင်တော့ ထိုအပင်သေတော့၏။ ထိုနည်းဖြင့် ကျနော် ပန်းသီးပင် လေးငါးခြောက်ပင်ဆုံးဖူး၏။ နောက်တော့ အပင်ခြေမှ တတောင်လောက်အထိ ပလစ်စတစ်ပိုက်ပျော့လေး ပတ်အုပ်လိုက်တော့မှ နောက်ဆောင်းတွင် အကိုက်ခံရသက်သာ၏။ တပင်မှ ထပ်အဆုံးအရှုံး မရှိတော့။ ခုလည်း ပူစီဝီလ်လိုလေးတွေကို ယုန်ကိုက်ထား၏။ သို့သော် ဘယ်နေရာမှတပတ်မလည်။ ဆိုတော့ သေစရာအ‌ကြောင်းမရှိ။
ပူစီဝီလ်လိုအပွင့်လေးတွေ ဝါဂွမ်းပွင့်လေးတွေဆန်၏။ ဝါဂွမ်းလိုတော့ ဖွားဖွားလွင့်အောင် ပွင့်တာမဟုတ်။ အဖူးလေးအာပြီး အတွင်းမှ ဂွမ်းသားလိုအဆုပ်ဖြူဖြူလေး အပြင်လှှထွက် အံထွက်လာခြင်းပင်။ ရုတ်ရက်ကြည့်လျှင် သစ်ကိုင်း‌ခြောက်တချောင်းတွင် ဝါဂွမ်းအဆုပ်လေးကို ချဉ်ဖေပါင်ဖူးတွေနှင့်တွဲချည်ထားသလိုလို ဘာလိုလို။ အပွင့်လေးကိုဖြစ်ဖြစ် ပွင့်ဆုပ်ကလေးကိုဖြစ်ဖြစ် ပွင့်ခံအဖုံးလေးကိုဖြစ်ဖြစ် လက်ဖျားလေးနှင့်ထိကြည့်လျှင် အလွန်နုညံ့သည်ဟု ဇနီးကပြော၏။ ကျနော်က လက်ဖျားတွေမရှိသူဆိုတော့ လက်ခုံဖြင့် သာသာပွတ်ကြည့်၏။ ဟုတ်သားကလား။ နုညံ့လိုက်သည်မှာ ပြောစရာမရှိတော့။ ဝါဂွမ်းထိသည့် အိနေသောနုညံ့မှုမျိုးမဟုတ်။ ကတ္တီပါသားကို ပိုးဖဲကို ထိလိုက်ရသလိုမျိုး မွှတ်နေသည့်နုညံ့မှုမျိုး။ အတော် အရသာရှိ၏။ ကျနော်က ထိကောင်းကောင်းနှင့် လက်ခုံဖြင့် အပြန်ပြန် အခါခါထိတော့ ဇနီးက ကတ္တီပါမွှေးလေးတွေ ပဲ့ပါသွားပါဦးမယ်ဆိုကာ ပင်ခြေမရှိတတ်ရှိတတ်မှ ၆ ကိုင်း ၇ ကိုင်းခန့် ဖြတ်ဖြတ်ပြီး အိမ်ထဲယူလာက ပန်းအိုးထိုး၏။
ကျနော့်အိမ်တွင် ရှေးဟောင်းဆိုသော်လည်း သိတ်မဟောင်းသေး အသုံးပြု၍ရနေသေးသော ပရိဘောဂတချို့ရှိ၏။ ထိုအထဲတွင် ကိုးရီးယားလက်ရာ နှစ် ၉၀ လောက်သက်တမ်းရှိသည့် စာအုပ်ဗီရိုလေးတလုံးကို အဟောင်းအမြင်းတွေ ထုတ်တွေရောင်းသည့်အိမ်တအိမ်မှ ‌ဒေါ်လာ ၃ ဆယ်လောက်နှင့်ရခဲ့တာလည်း ပါ၏။ ထိုစာအုပ်ဗီရိုလေးကို အပေါ်ထပ်တက်သည့်လှေကားရင်း၌ ကျနော်ကနေရာခထား၏။ ထိုအထဲတွင် တကယ့်ဓါတ်ပြားကြီးများနှင့်ဖွင့်ရသည့် ဓာတ်စက်တလုံးထည့်ထား၏။ လင်မယားနှစ်ယောက် တခါတခါ ဖွင့်ဖွင့်နားထောင်ကြ၏။ ထိုစာအုပ်ဗီရိုလေးပေဂတွင် နှစ် ၁ ခန့်သက်တမ်းရှိသည့် အိန္ဒိယလက်ရာ မှန်စီရွှေချရတနာထည့်သေတ္တာလေးတလုံးရှိ၏။ ရတနာတော့ ဘာမှမရှိ။ ပြီးတော့ သွားလေသူ ကျနော့်‌ေ,ာက္ခမဘွားတော်ကြီးတို့ Identical twin sisters ငယ်တုန်းကရိုက်ထားသည့် အဖြူအမဲ ပုံလေးတပုံနှင့် Hyacinth ပန်းတအိုးလည်းရှိ၏။ ထိုပန်းလေးတွေက မကြာခင်ကမှမိတ်ဆွေတယောက် သူ့အိမ်က ဖြတ်ယူလာပြီး ပေးထားခြင်းဖြစ်၏။ နည်းနည်းတော့ အပွင့်လေးတွေ ယော်ချင်နေပြီ။ သို့သော် ရနံ့ကား မပြယ်သည့်အပြင် ပိုတောင် အနံ့သင်းနေသည့်နှယ်ထင်ရ၏။ ဗီဒိုလေးနောက်ကနံရံတွင်တော့ ကျနော့်ဇနီး အမေဘက်အဖေဘက်ကအဖွားများ။ ထိုနှစ်ယောက်အလည်တွင် ကျနော့်‌ေယာက္ခမဘိုးတော်ကြီး ၉ နှစ်သားလောက်ပုံလေးကို ထည့်ထားသည့် မှန်ပေါင်ရှိ၏။ ထို့နောက် ရှေးဟောင်းလက်ဝါးကပ်တိုင်နှင့် ‌ေဂျရုဆလင်မ်မှ စွန်ပလွံခက်များ၊ ဇနီး၏ အခြားဘေးမကြီးတယောက်၏ပုံစသည်တို့ကို ချိတ်ထား၏။
ဇနီးက ဖြတ်ယူလာသည့် ပူစီဝီလ်လိုကိုင်းလေးတွေကို ဒေါင်းဖိုဒေါင်းမကနေဟန် ပန်းချီသရုပ်ဖော်ထားသည့် တရုတ်ရှေးဟောင်း ကြွေပန်းအိုးတွင်ထိုး၏။ ဟိုင်ရေးဆန့်သ်တွေနားကပ်ချထားလိုက်၏။ ခုတော့ မြေပြင်ပေါ်မှ ပူစီဝီလ်လိုလည်း သူတို့ကြားတွင် ငွားငွားစွင့်စွင့် ကြွားကြွားဝင့်ဝင့်။
မျိုးမြင့်ချို
၅၊ မတ်၊ ၂၀၂၀

Wednesday, March 4, 2020

(ပါးစပ်ပိတ်လာသူများ)

0 comments

(ပါးစပ်ပိတ်လာသူများ)
လွှတ်တော်ထဲက စစ်ဗိုလ်တွေက မျက်လုံးနဲ့နားပါ ပိတ်လာဖို့ကောင်းတယ်။ ဒါမှ စစ်စစ်မှန်မှန်လူထုဒီမိုကရေစီတွေ သူတို့ပြောတဲ့စည်းကမ်းပြည့်ဝသောဒီမိုကရေစီတွေ မပြောနဲ့ တပ်တွင်းဒီမိုကရေစီနဲ့တောင် မထိုက်တန်တဲ့စစ်တပ်မှန်း လူပိုသိသထက်သိအောင် ဒင်းတို့ဘာသာဒင်းတို့ လုပ်ပြ ပြုမူပြနေကြတာဖြစ်တယ်။ ကဲ့ရဲ့သူ ကဲ့ရဲ့မှာပဲ။ လှောင်သူ ပြစ်တင်ရှုတ်ချသူ လှောင်မှာ ပြစ်တင်မှာပဲ။ အဲ့ဒါသွား အပြစ်ပြောလို့မဖြစ်ဘူးထင်တယ်။

လူထုက အောက်ခြေအဆင့် တပ်မှူးတပ်သားတွေနဲ့ စစ်တပ်ကိုဂုတ်ခွစီး ခါးပိုက်ဆောင်ထဲထည့်ထားပြီးကိုယ်ကျိုးရှာနေတဲ့ စစ်အုပ်စုထိပ်သီးတွေကို ခွဲမြင်ပြီး တပ်ကို လူထုတပ် တိုင်းပြည်ကိုစောင့်ရှောက်ကာကွယ်မယ့် တပ်အဖြစ် ပြောင်းလဲလာရေးမျှော်လင့်နေတာပါ။ တချိန်တည်းမှာ အဲ့သလိုဖြစ်လာရေးအတွက် တပ်ပြုပြင်ရေး Army Reform ကို ဇောင်းပေးနေတယ်။

ဒီနေရာမှာပြောတဲ့ အာမီရီဖောမ်းဆိုတာက စစ်တပ်ထိပ်သီးတွေ တယောက်နဲ့တယောက် တအုပ်နဲ့တအုပ် အာဏာမန်တက်ရင်း ကိုယ်ကျိုးစီးပွားစားမန်ခုတ်ရင်း ဖြုတ်ကြပြုတ်ကြ ဆော်ကြနှက်ကြတာမျိုးကိုပြောတာ မဟုတ်ပါ။ ကာချုပ်ကနေ ရာထူးအဆင့်ဆင့်သော တပ်မှူးတပ်သားတွေဟာ စစ်သားအလုပ်စစ်သားလုပ်ဖို့ တိုင်းပြည်လူထုကဆန္ဒမဲနဲ့ တင်‌မြှောက်ထားတဲ့အစိုးရကို နာခံဖို့ပဲ။ အစိုးရပေးတဲ့တာဝန်ထမ်းဆောင်ဖို့ပဲ။

အစိုးရဆိုတာ လူထုကရွေးချယ်တင်‌မြှောက်လိုက်ပေမယ့် အခါခပ်သိမ်းမှန်ကန်နေတာတော့လည်း မဟုတ်ဘူး။ အစိုးရမှားတာတွေ အများကြီးရှိခဲ့တယ်။ ရှိနေတယ်။ ရှိလိမ့်ဦးမယ်။ အဲ့ဒါက တကိစ္စ။ အစိုးရနဲ့လူထုကြားက ကိစ္စ။

လူထုလည်း မှားတတ်တာပဲ။ ခုကာလဆို ပိုတောင် မှားဖို့လွယ်သေးတယ်။ ကြိုက်လုံးပစ်နိုင်ငံရေးတွေ (ပေါ်ပြူလာဝါဒတွေ) တခေတ်ပြန်ဆန်းနေချိန်ကြီး မဟုတ်လား။ ဒီတော့ လူထုလည်း မှားတတ်တယ်။ အစိုးရမှားနေရင် လူထုကပြင်ပေးဖို့ဖြစ်ပြီး လူထုကမှားနေရင် အစိုးရကပြန်ပြင်ပေးဖို့ပဲ။

လူထုနဲ့အစိုးရတွဲမှားတဲ့အမှားမျိုး(ဖက်ဆစ်တွေအာဏာရလာတာ ဖက်ဆစ်တွေကိုရွေးချယ်တင်မြှောက်ခဲ့တာမျိုး)ကမ္ဘာနဲ့ချီမှားတဲ့အမှားမျိုး ဖြစ်ခဲ့ရင်တော့ ယဉ်ကျေးသောလူ့အဖွဲ့အစည်းကြီးက ဆုံးမမှာပဲ။ ဒဏ်ခတ်မှာပဲ။ တပြည်လုံး ကျောကော့အောင်ခံရမှာပဲ။

ဆိုတော့ ပြည်တွင်းအဆင့်မှာသာ မှားတဲ့အမှားမျိုးဆိုရင်တော့ လူထုနဲ့အစိုးရအပြန်အလှန်ထိန်းကျောင်းတည့်မတ်ပြီးသွားလို့ရတယ်။ စစ်တပ်ဝင်ပါစရာမလိုဘူး။ စစ်တပ်က တပ်တွင်းဒီမိုကရေစီ (ဒီအကြောင်း သတ်သတ်ရေးဖူးပါတယ်)ကို မှန်မှန်ကန်ကန်ကျင့်သုံးပြီး မိမိဘာသာ ပရော်ဖက်ရှင်နယ်လ်တပ်အဖြစ်နေရုံပဲ။

ဒီနေရာမှာ Professional လို့ပြောလိုက်လို့ "ကြေးစား"ဆိုပြီး တန်းဆိုင်းဘုတ်မတပ်မိဖို့ လိုပါတယ်။ စစ်တပ်အလုပ် စစ်တပ်လုပ်တာကိုပြောတာပါ။ စစ်တပ်တတပ်ဟာ စစ်တပ်အလုပ် မလုပ်တော့ဘူးဆိုရင် စစ်တပ်နဲ့မဆိုင်တဲ့ကိစ္စတွေမှာဝင်ပါနေတယ်ဆိုရင် အဲ့ဒီစစ်တပ်ရဲ့အသရေယုတ်တာပဲ။ စစ်ဂုဏ်ရည်ရဲ့ စစ်တပ်ပီသမှုပျောက်ဆုံးသွားတာပဲ။ တပ်မှူးတပ်သားတွေလည်း လူသူအလေးစားလျော့တာပဲ အရိုသေတန်တာပဲ။ စစ်သူကြီးတွေကို လူတွေမခန့်မငြားလုပ်တာပဲ။

ခု ဗမာပြည်စစ်အုပ်စုဖြစ်နေတာ အဲ့ဒါတွေပဲ။ စစ်တပ်ဟာ လူသူလေးစားတန်ဖိုးထားတဲ့တပ် ဖြစ်ရမယ့်အစား လူတကာ့ အော်ကြောလန် လူ့ချဉ်ဖတ်တပ်ဖြစ်နေတာအားလုံးအမြင်ပဲ။ ဒါကို ဒီအ‌ခြေအနေကို လူထုက မဖြစစေ့ချင်ဘူး။ မလိုလားဘူး။ ဂုဏ်သိက္ခာရှိတည်ကြည်ပြီး လူသူလေးစားခန့်ငြားတဲ့တပ် ပြန်ဖြစ်စေ့ချင်တယ်။ အဲ့ဒါ အပေါ်မှာပြောခဲ့တဲ့ အာမီရီဖောမ်းပဲ။ လူထုက ဒါလိုချင်နေတယ် ဒီလိုဖြစ်စေချင်တယ်။

ခု လွှတ်တော်ထဲရောက်နေတဲ့စစ်ဗိုလ်တစုက စစ်အုပ်စုကိုကိုယ်စားပြုပြီး မဖွယ်မရာပြုမူလာတယ်။ ကိုရိုနာကြောက်လို့ "နှာခေါင်းစည်း"လာတာ မဟုတ်ဘူး။ လူထုဆန့်ကျင်ရေးလုပ်ပြဖို့ "ပါးစပ်ပိတ်ပြ"လာတာ။

ပြန်ချုပ်ရရင် စစ်အာဏာရှင်စနစ်ဆိုတာ အောက်‌ခြေထု တပ်မှူးတပ်သားတွေမပါပဲတည်ဆောက်လို့မရမှန်း လူထုကသိပါတယ်။ ဒါပေမယ့် စစ်အာဏာရှင်စနစ်ရဲ့အမြတ်အစွန်းတွေကို ဘာမှသာမခံစားရတာ လက်တွေ့မှာအသေခံနေရ လူအမုန်းခံနေရတဲ့ အောက်‌ခြေထုတပ်မှူးတပ်သားတွေကိုတော့ ကိုယ့်ဘက် လာရပ်စေ့ချင်တယ်။ ဒါကိုမျှော်လင့်ရင်း အနုနည်းတွေနဲ့ ဖြည်းဖြည်းချင်းလုပ်နေတယ်။ ပြည်တွင်းနဲ့ နိုင်ငံတကာအခြေအနေကလည်း အဲ့သလိုသွားဖို့ ခွင်ပြုနေတယ်။ ဒါကို ဒီအခြေအနေကို အောက်ခြေထုတပ်မှူးတပ်သားတွေ နားလည်သိမြင်ဖို့လိုပါတယ်။ အဲ့သလိုမဟုတ်ပဲ "ကိုယ်ဘာသာ ပါးစပ်ပိတ်"လာရင် မျက်လုံးရော နားပါ စစ်အုပ်စုက ပိတ်ထားတာခံနေရဦးမှာပဲ။
မျိုးမြင့်ချို
၄။ မတ်။ ၂၀၂၀

Tuesday, March 3, 2020

(ပြည်တကယ်ပျက်ရင် ဘယ်သူမှစက်ကွင်းမလွတ်ဘူး)

0 comments
(ပြည်တကယ်ပျက်ရင် ဘယ်သူမှစက်ကွင်းမလွတ်ဘူး)
မနေ့က အမေနှင့်ထိုင်ရင်း ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကြောင့် လူတွေ စိုးရိမ်စိတ်နှင့်အတူ ဆေးဝါး အစားအသောက် ရေအိမ်သုံးစက္ကူ ဆပ်ပြာ ပိုးသတ်လက်ဆေးရည်စသည့်များ အပြေးအလွှားဝယ်ယူနေကြ‌ကြောင်း အမေ့အားပြောဖြစ်ပါသည်။

ကျနော့်စကားဆုံးတော့ အမေက "မိုးပြိုအများတို့ ဖြစ်ခါမှရောက်လျားတို့ဆိုတာ နေရာတိုင်းတော့ ကောင်းတာမဟုတ်ဘူးထင်တယ်။ တချို့ကိစ္စတွေက စိုးရိမ်စိတ်ထားပြီး ကြိုကြိုတင်တင် ပြင်ဆင်ထားကာမှတော်ကာ ကျတာတွေလည်းရှိတယ်။ သိတ်အရမ်းကြီး မစိုးရိမ်မိဖို့တော့ လိုတာပေါ့"ဟုဆို၏။
ကျနော်က "စီးပွားရေးသမားတွေ လှန့်လုံးထွင်တာမျိုး တစိတ်ကိုတအိတ်လုပ် ပြောတာမျိုးတွေကြောင့်လည်း လူတွေအလန့်တကြားဖြစ်ပြီး ပစ္စည်းနင်းကန်ဝယ်စုလို့ ဈေးတွေ တက်ပေမယ့်ရောင်းမလောက် ဖြစ်တာမျိုးလည်းရှိတယ်အမေ။ ဒါပေမယ့် ဒီမှာက ရောင်းမလောက်သာ ဖြစ်ချင်ဖြစ်မယ် ဈေးကိုတော့ ချက်ခြင်းကြီး မတန်တဆတင်ဖို့ခက်ပါတယ်"ဟုပြောပြ၏။
"ကုန်သည်ပွဲစားဆိုတာမျိုးကတော့ အဲ့လိုလုပ်တတ်တဲ့သဘာဝရှိတာပဲ။။ လူကြီးတွေပြောတာရှိတယ် မှတ်လား ပြည်နာမှငွေရှာလို့ကောင်းတယ် ဆိုတာလေ။ စစ်ကြီးဖြစ်တုန်းကလည်း အဲ့သလိုပဲ။ ဒါပေမယ့် ပြည်တကယ်နာပြီဆိုတော့ အဲ့ဒီကုန်သည်ပွဲစားတွေပါ နာတာပါပဲ။ ဘယ်သူမှ စက်ကွင်း မလွတ်ဘူး သားရဲ့။ ရိုးရိုးလူဆင်းရဲတွေကမှ ဆုံးရှုံးစရာက နဂိုကတည်းကရှိမထားတော့ သိတ်မသိသာပေမယ့် အဲ့ဒီ လူချမ်းသာ ကုန်သည်ပွဲစားတွေဆုံးရှုံးတာက ပိုသိသာမြင်သာတယ်။ တချို့များဆို ကုန်းကောက်စရာမရှိအောင်ကို ဖြူခါပြာခါကျသွားတာမျိုးပဲ။ စစ်ပြီးတော့ ချွတ်ရောင်းစရာ အိမ်တိုင်တောင်မကျန်ဘူး။ အင်္ဂလိပ်ကစစ်ရှုံးတော့မယ် ပြေးတော့မယ်ဆိုတော့ မင်းတို့အဖိုးက သူခိုးဒမြတွေ ဆူပူသောင်းကျန်းတော့မှာပဲဆိုပြီး ပူတယ်။ တိုင်းပြည်တော့ ကမောက်ကမဖြစ်မှာပဲ။ ဂျပန်အစိုးရလည်း ဘယ်လိုနေမလဲ မသိသေးဘူးဆိုပြီး စိုးရိမ်တယ်။ မင်းတို့အဖွားက အင်္ဂလိပ်ပြေးတာတွေ ဂျပန်ဝင်တာတွေသိတ်တွေးတာမဟုတ်ဘူး။ သူတွေးတာက စစ်။ တိုင်းပြည်မှာ စစ်ဖြစ်တော့မယ်။ စစ်ဖြစ်ရင် လူတွေ ဒုက္ခရောက်ကြမယ်။ ပစ္စည်းတွေ ရှားမယ်။ ပြတ်လတ်မယ်။ လူတွေ ငတ်ကြမယ်။ ဒီတော့ စားစရာ ဝယ်စုတန်တာစုတယ်။ ဆန် ဆီ ဆား ငရုပ် ကြက်သွန်အပြင် ထောပတ်တွေလည်း ပုံးလိုက်ကိုဝယ်တာ။ ရေနံဆီတွေလည်း လေးထောင့်သံပုံးကြီးနဲ့အပြည့် ဝယ်လှောင်တာ။ အဝတ်စတွေလည်း ဝယ်စုတာ။ သူက စက်လည်း ချုပ်တတ်တာကိုး။ စစ်ဖြစ်လို့ ဒုက္ခရောက်ဦးတောင် ငါ့သားသမီးတွေ အဝတ်ရောအစားပါ တတ်နိုင်သလောက် မချို့တဲ့အောင်ဆိုပြီးတော့ပေါ့လေ။ ရှိတန်ဆာ မရှိဝမ်းစာဆိုပြီး သူဝယ်ဝယ်စုထားတဲ့ လက်ဝတ်လက်စားတွေ ရွှေတွေကိုလည်း လုံခြုံတဲ့နေရာ ဝှက်တန်ဝှက်တယ်”ဟုပြောနေတုန်း ကျနော်က ဘယ်နားမှာဝှက်တာလဲအမေဟုမေး၏။ “ခြံဝင်းထဲမှာပဲ။ သူ့ဘာသာမှတ်မိမယ့်နေရာမှာ အမှတ်အသားလေးလုပ်၊ ကျင်းတူးပြီးမြှုပ်တာလေ။ အိုးလေးထဲထည့်ပြီးတော့”ဟုဆို၏။ ကျနော်က အညာတွင် ရေတွင်းတူးရင်း ရွှေအိုးဖော်မိသွားသည့်မိသားစုကို သတိရလိုက်သေး၏။ “စစ်ပြီးတော့ အဲ့ဒါတွေပြန်တွေ့လားအမေ”ဟုမေးတော့ “အေးတွေ့တယ် ဘာတခုမှ လက်ရာခြေရာမပျက်ဘူး”ဟုဖြေ၏
ထို့နောက် “တနေ့ မင်းတို့အဖွားက ထမင်းတွေ အိုးအကြီးကြီးနဲ့ သုံးလေးအိုးချက်ချက်တယ်။ ပြီးတော့ ခြံထဲက နေသာတဲ့ကွက်လပ်နေရာမှာ ဖျာတွေခင်းပြီး ဖြန့်ဖြန့်လှန်းတော့တာပဲ။ မခြောက်သေးရင် ညနေကျ ပြန်ရုပ်။ ခြောက်သွားရင် စဉ့်အိုးကြီးတွေထဲ အောက်ကကောက်ရိုးခံပြီး သိပ်တော့တာပဲ။ တနေ့လည်း မဟုတ်ဘူး။ ရက်တော်တော်ကြာတယ်။ အမေတို့ကလေးတွေလည်း ထမင်းခြောက်လှန်းထားတဲ့နေရာမှာ ကျီးခြောက်ကြက်ခြောက် ခိုင်းတယ်။ နည်းနည်းသွေ့လာတဲ့ဟာတွေကို ဂေါ်လေးတွေနဲ့ထိုးပြီး ဟိုဘက်ဒီဘက်လှန်လှန်ခိုင်းတယ်။ အမေတို့က မင်းတို့အဖွားလုပ်နေတာကို သိတ်နားမလည်ဘူး။ ဒီးထမင်းခြောက်တွေ ဘာလုပ်ဖိ့ ဒီလောက်စုနေတာလဲဆိုပြီး။ ဒါနဲ့ အမေက မေးတော့ အဖိုးနဲ့အဖွားက“စစ်ဖြစ်ရင် ပြောမရဘူးသမီး ထမင်းချက်လို့ရချင်မှရမှာ။ နေဝင်မီးငြိမ်းအမိန့်တို့ မီးခိုးတိတ်အမိန့်တို့ထွက်လာနိုင်တယ်လို့ လူကြီးတွေပြောတယ်။ စစ်ပြေးရင်လည်း ပြေးရလိမ့်မယ်တဲ့။ အဲ့ဒီအခါကျ ထမင်းချက်ဖို့မလွယ်ဘူး။ အချိန်လည်း ရချင်မှရမှာလေ။ ထမင်းခြောက်လေးရှိတော့ သူ့ပြန်ချက်စားစား ပြုတ်စားစား စားလို့ရတယ်။ ချက်ချိန်ပြုတ်ချိန်မရလည်း ရေစိမ်စားလို့ရတာပေါ့။ နောက်ဆုံး ရေစိမ်စားဖို့ပါမရရင် ဒီအတိုင်းပါးစပ်ထဲပစ်ထည့်ပြီး ထညက်ခဲလေး ဘာလေးနဲ့ဝါးလည်း အဆာပြေတာပေါ့။ ပြီးတော့ ထမင်း‌ခြောက်က ဝန်ကျဉ်းတော့ သိမ်းရလည်းလွယ်တယ်လေ။ အထုတ်ခတ်သေးသေး တနိုင်စာလေးတွေထုတ်ထက်ပြီး၊ တယောက်တကိုယ်စာသယ်သွားလည်း ပြန်စုတော့ အများကြီးပြန်ရတာပေါ့ဆိုပြီး ရှင်းပြတော့မှ အမေတို့လည်း သိတာ”ဟု စကားစခနဖြတ်၏။
ကျနော်က “အမေတို့ ဒါဆို စစ်အတွင်း ထမင်းခြောက်စားရတဲ့ အခြေအနေရောက်ခဲ့လား”ဟုမေး၏။ “မရောက်လိုက်ဘူး သားရဲ့။ ဒါပေမယ့် အစားအသောက်တော့ ဂျပန့်ခေတ်တခေတ်လုံး ဆင်းရဲတယ်။ ဟိုဟာဝယ်မရ ဒီဟာဝယ်မရနဲ့။ နောက်ပြီးပိုက်ဆံတွေကလည်း ပေါကုန် တယ်လေ။ ဂျပန်က ရောက်စကအင်္ဂလိပ်ပိုက်ဆံနဲ့ သူ့ပိုက်ဆံအတူတူပဲပြောပြီး ပိုက်ဆံတွေမသိမ်းသေးချိန်တော့ ဝယ်ရခြမ်းရအဆင်ပြေ သေးတယ်။ နောက်ပိုင်း တပ်ကြီးတတပ်လာတိုင်း ပိုက်ဆံစက်တလုံးယူလာပြီး ရောက်တဲ့နေရာ ပိုက်ဆံတွေရိုက်ထုတ်တော့ ပိုက်ဆံတွေက ဘာမှတန်ဖိုးမရှိတော့ဘူး။ အင်္ဂလိပ်ပိုက်ဆံကလည်း သုံးမရတော့ဘူး။ ဂျပန်ပိုက်ဆံကလည်း တန်ဖိုးမရှိတော့ဘူး။ အံမယ်တန်ဖိုးသာမရှိတာ ပိုက်ဆံတွေက အသစ်ကျပ်ချွပ်တွေ။ ဆေးနံ့တောင်မပျောက်ဘူး။ အဲ့ဒီတုန်းက ဈေးသွားဝယ်လို့ ပိုက်ဆံနွမ်းရင် ဆိုင်က လက်မခံဘူး။ ပိုက်ံဆိုတာ ထောင်မလဲသဲကော်မှတဲ့။ ပိုက်ဆံတွေအဲ့လိုဖြစ်ကုန်တော့ ဆင်းရဲသားတွေလည်း ဒုက္ခရောက်တာပေါ့။ အေး အမေထင်တာကတော့ ကုန်သည်ပွဲစားတွေ ပိုဒုက္ခရောက်တယ်ထင်တယ်။ ဟိုဘက်ခေတ်ကပိုက်ဆံတန်ဖိုးနဲ့ သူတို့ဝယ်လှောင်ထားတဲ့ကုန်တွေက ဒီဘက်ခေတ် ပိုက်ဆံနဲ့ပြန်ရောင်းရတာလေ။ မရောင်းလို့လည်းမရဘူး။ မရောင်းရင် ဂျပန်ကဂိုဒေါင်လိုက်သိမ်းရင်း ပိုက်ဆံတွေစက်နဲ့လှည့်ထုတ်ပေးပြီး ဝယ်ရင်ဝယ်သွားတော့တာပဲ။ စားကုန်သောက်ကုန်ဆိုတာကလည်း တာရှည်လှောင်ထားလို့မှမရတော့ ရတဲ့ဈေးနဲ့ထုတ်ရောင်းရတော့တာပဲ။ မရောင်းခါမှ ဂိုဒေါင်ဖေါက်ခံရ အလုခံရမှာပဲဟာ။ ဒီတော့ သူတို့ အကြီးအကျယ်ရှုံးတာပေါ့။ ဒီကြားထဲ ဂျပန်က အလကားယူသေးတာလေ”ဟု စကားရပ်ပြီး ရေသောက်၏။
ချောင်းလည်း တချက်နှစ်ချက်ဆိုး၏။ ဒါနှင့်ကျနော်က “အမေချောင်းဆိုးနေလား”ဟုမေး၏။ “အေး ချောင်းခြောက်လေး နည်းနည်းနည်းနည်း ဆိုးချင်တယ်။ ဒါပေမယ့် ကံကောင်းတာက ဒီနေ့ ဆေးခန်းသွားဖို့ရှိတယ်။ ပုံမှန်ပြနေကျရက်ရောက်လာလို့ပါ။ ဘာမှထူးထူးခြားခြားတော့ မရှိပါဘူး။ ဒါပေမယ့် ချောင်းဆိုးဆိုးနေတာတော့ပြောဦးမှ”ဟုဆို၏။ ကျနော်လည်း အားနာသွား၏။ စကားလည်း ရပ်မှသင့်မည်ထင်၍ ဘာမှဆက်မမေးတော့။ ရေသောက်ပြီး အာခေါင်ခြောက်ပြေသွားဟန်တူသည့်အမေက “ပြည်နာမှ ငွေရှာလို့ကောင်းတယ်ဆိုတဲ့လူတွေလည်း ရှိပါတယ်။ ခေတ်ပျက်သူဌေးတွေပေါ့သားရယ်။ ဒါပေမယ့် သူတို့က နည်းပါတယ်။ ဒီလောက်ကြီးလည်း နင်လားငါလား မရကြပါဘူး။ ဂျပန်က အကုန်အုပ်ထားတာမဟုတ်လား။ ဘဝပျက်ကြတဲ့လူကအများစုပါ။ ဒါ့ကြောင့် အမေပြောတာ တကယ်ဖြစ်တော့ အားလုံးတကယ်ခံကြရတာ ချည်းပဲ။ ဘယ်သူမှမလွတ်ဘူး။ ဒါပေမယ့် ဘာမှပြင်ဆင်မှုမရှိပဲနေရင်တော့ ပိုဆိုးတာပေါ့။ မင်းတို့ အဖိုးအဖွားတွေ စိုးရိမ်စိတ်နဲ့ ကြိုပြင်ဆင်ထားတော့ ဂျပန့်ခေတ်တခေတ်လုံး အမေတို့ သိတ်အဆင်းရဲကြီးဆင်းရဲပြီးတော့ တော့ မနေခဲ့ရပါဘူး” ဟု စကားသတ်၏။ ကျနော်က “ ချို့တော့ချို့ငဲ့တာပေါ့လေ”ဟုထောက်ပေးမိ၏။ “အေး ချို့ငဲ့တာအမှန်ပဲ၊ ဒါပေမယ့် ဘာပြင်ဆင်မှုမှ မရှိတဲ့လူတွေထက်တော့ အများကြီးသက်သာတာပေါ့သားရယ်ဟုဆို၏။
ကျနော်က ကြိုပြင်ဆင်မထားရင် အခံရပိုဆိုးတယ်ဆိုသည့်အမေ့ဆုံးမစကားနှင့် ပြည်နာမှငွေရှာကောင်းတယ်ဆိုပေမယ့် ပြည်တကယ်ပျက်တော့ ဘယ်သူမှစက်ကွင်းမလွတ်ပါဘူးဟူသည့် အမေ့ဘဝပြဌာန်းချက်မှရလာသည့်ဒဿနတို့ကိုသဘောကျနေမိ၏။
မျိုးမြင့်ချို
၃၊ မတ်၊ ၂၀၂၀

Sunday, March 1, 2020

(ဆုတောင်းသတဲ့လား)

0 comments
(ဆုတောင်းသတဲ့လား)
မနက်အိပ်ရာထကတည်းက ကိုရိုနာဗိုင်းရပ်စ်ကိစ္စက ခေါင်းထဲရောက်ပြီးသား။ ၉ နာရီလောက်ရှိတော့ ဇနီးက "ဘုရားကျောင်းသွားမယ် လိုက်ဦးမလား"ဆိုတော့ အေးလေ လိုက်တာပေါ့ဆိုကာ မျက်နှာသစ်ရေမိုးချိုး အဝတ်အစားကောက်ကက်လဲကာ လိုက်သွား၏။ ဘာမှ ထွေထွေထူးထူးရှိသည်တော့မဟုတ်။ တခါတလေ သူစိတ်ကူးပေါက်လျှင် ဘုရားကျောင်းဘက် မျက်စေ့လည်တတ်သလို ကျနော့်လည်း အဖော်ခေါ်တတ်၏။ ဘုန်းကြီးကျောင်းတို့ ဘုရားကျောင်းတို့ ဗလီကျောင်းတို့သွားရသည်ကို ကျနော်ကြိုက်၏။ တိတ်ဆိတ်ငြိမ်သက်ခြင်း အထိုက်အလျှောက်ရှိပြီး ဆွတ်ပျံ့ကြည်နူးဖွယ် ရသတခုမဟုတ်တခုတော့ ရသည်ဟုစိတ်တွင်ခံစားရ၏။ ယုံကြည်သူတို့၏ သဒ္ဒါတရားကိုလည်း အားကျမိ၏။ သူတို့မှာ ပစ္စုပ္ပန်ကိုအရင်းတည်၍ သေသည်၏အခြားမဲ့များအတွက် သေချာမှုကိုရှာဖွေနေကြသူများ ဖြစ်သည်ဟုကျနော်က ထင်၏။ လောကီလောကုတ်နှစ်ဖြာအတွက် ကြိုးကြိုးကုပ်ကုပ်နှင့် ထုပ်ထုပ်ပိုက်ပိုက်လုပ်နေသူများသာတည်း။ တခါတခါကျတော့လည်း သူတို့ကို အားကျသလိုလို မနာလိုသလိုလိုစိတ်တွေဝင်မိတာ အမှန်ပင်။ အားကျမိ မနာလိုမိရသည်က သူတို့တွင် အရာရာသည် အသေအချာရှိခဲ့ပြီးပြီ၊ ရှိနေသည်၊ ရှိနေလိမ့်ဦးမည်ဟု အတိတ် ပစ္စုပ္ပန် အနာဂတ် သုံးခုလုံးအတွက် ယုံကြည်မှုအတိဖြင်ုထုံလွှမ်းထားသည့် အဆင်သင့်အဖြေများ ရှိထားနှင့်သောကြောင့်ပင်။ ကျနော့်မှာက ထိုသို့မဟုတ်။ ပြောင်းပြန်။ ထားတော့ ဒီအကြောင်းက သတ်သတ်ရေးမှတော်မည်ထင်၏။

 ဘုရားကျောင်းရောက်တော့ ထုံးစံအတိုင်းပြုဖွယ်များပြု၏။ ကျနော်က ကက်သလစ်ရော ဘက်ပတစ်ကိုပါ ထိုက်သလောက်ပွန်းတီးသဖြင့် ထိုပြုဖွယ်များမှာ ကျနော့်အတွက်အပမ်းမကြီးလှ။ စိတ်ထဲ သိတ်လွန်ကဲလွန်းသည် သည်းလွန်းသည်ဟု ခံစားရလို့လည်း ကျနော့်အတွက် ပြဿနာမရှိ။ ဓမ္မဟောင်း ဓမ္မသစ် တအုပ်အုပ် ကောက်ဖတ်နေရုံသာ။ ဘုရားကျောင်းထဲ ဘုရားစာဖတ်သည်မို့ တရားတော်နှင့်လည်း ညီသည်ထင်ပါသည်။ ဘယ်သူမှလည်း ဘာမှမပြောကြပါ။ ပြုဖွယ်ဆောင်ဖွယ်ကိစ္စများတွင် ဆုတောင်းခြင်းနှင့် ပဌနာပြုခြင်းလည်းပါ၏။ ဆုတောင်းခြင်းက ရရပါလို၏သဘောသွားဖြစ်ကာ ပဌနာပြုခြင်းက သံန္နိဌာန်ချသည့်သဘောဘက် တိမ်းသည်ဟုကျနော်ကထင်၏။ ဖာသာကြီးက ပဌနာပြုနေရင်း တနေရာအရောက် ဆုတောင်းစာတွင် ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်မှ လောကလူသားအပေါင်းကို ကယ်မပါမည့်အကြောင်း ဘုရားသခင်ထံဆုတောင်း၏။ သူ၌ ဆုတောင်းစာတွင် ကိုရိုနာပါလာ၏။ ကျနော်က ကိုရိုနာကိုမှမဟုတ် ဘာကိုမှ ဆုတောင်းခြင်းဖြင့်မပြည့်နိုင် မပျောက်နိုင်ကိုလည်းကောင်း တခုခုကိုရွတ်ဖန်သရဈ္ဇယ်ခြင်းဖြင့် မပြီးမြောက်နိုင်ကြောင်းကိုလည်းကောင်း သိမှတ်လက်ခံထားသူ။ သို့သော် ဆုတောင်းစာဆုံးတော့ ကျနော်လည်း အများနည်းတူ အာမင်၏။

ဘုရားကျောင်းက အိမ်အပြန်မှာ ဇနီးက "ကိုရိုနာက လေကနေလည်း ကူးစက်နိုင်တာပဲမဟုတ်လား"ဟုမေး၏။ ကျနော်က ကူးစက်နိုင်တာတော့ အကန့်အသတ်တောင်ရှိ့လား မသိပါဘူးကွာ"ဟုပြန်ပြောတော့ "ဖာသာကြီးလည်း ဝတ်စဉ်အရဆုတောင်းရတဲ့သဘောပါပဲ၊ တကယ်တမ်း ဒီနေ့လာတဲ့ပရိတ်သတ်ထဲမှာ တယောက်လောက်သာ ကိုရိုနာပါလာကြည့် အကုန်မဟုတ်တောင် ကူးသူတွေ ကူးကုန်ကြမှာပဲလေ၊ ဒါပေမယ့် လူတွေကို ဒီရောဂါဝေဒနာမကူးစက် မခံစားစေလိုစိတ်နဲ့ ဘုရားသခင်ရဲ့ အစောင်အမ အကြည့်အရှုကို မျှော်လင့်တာကတော့ မျှော်လင့်ကောင်းပါတယ်"ဟု ကျနော့်အားပြော၏။ "အေးလေ ကောင်းတဲ့စိတ်နဲ့ ကောင်းတဲ့စကားပြောပြီးလုပ်တာပဲ၊ ဘာမှဖြစ်တာ မဖြစ်တာကတော့ တပိုင်းပေါ့၊ မကောင်းတဲ့စိတ်နဲ့ ကူးပါစေ စက်ပါစေ သေကြကြေကြပါစေဆိုတဲ့ စေတနာဆိုးသမားတွေ ဘယ်လိုမှမယှဉ်သာတဲ့ မြင့်မြတ်တဲ့စိတ်ကိုတော့ အသိအမှတ်ပြုရမှာပေါ့"ဟု ကျနော်ပြန်ပြောတော့ 'အင်းနော်"ဆိုပြီး ငြိမ်နေ၏။ တခုခုကို တွေးနေပုံရ၏။

"သင်းသင်းအေးအိမ်မှာ တို့အတွက် ဒန်ပေါက်ပေးထားတာရှိတယ် ပြောတယ် သွားစားရအောင်"ဆိုပြီး နှစ်ယောက်သား ညီမအိမ်ဘက်သွား၏။ အမေလည်း အောက်ထပ်မှာ အဆင်သင့်။ အမေ့ကိုနှုတ်ဆက်ပြီး နှစ်‌ယောက်သား ဒန်ပေါက်စား၏။ အမေနှင့် နှမနှင့်စကားပြော၏။ ပြောနေရင်းက ကိုရုနာအကြောင်းရောက်လာတော့ အမေက "အေးကွယ် အမေလည်း ရောဂါဘယတွေ ဒုက္ခသုက္ခတွေ မကောင်းတာတွေမှန်သမျှ ဘယ်သူ့အပေါ်မှ မကျရောက်ဖို့ လူသားတွေအပေါ် သနားကြင်နာမှုနဲ့ မေတ္တာကရုဏာသာ အစဉ်ထာဝရပေးသနားတော်မူဖို့ အလ္လာအရှင်မြတ်ထံ အမြဲမပြတ်ဆုတောင်းတယ်။ သီဆောက်တည်။ ပုံမှန်ဝတ်ပြု။ ကျမ်းစာရွတ်ဖတ်ပြီး ယုံကြည်မှုအပြည့်နဲ့သာဆုတောင်းပါ။ အလ္လာအရှင်မြတ်က မိမိတောင်းတဲ့ဆုတွေကို ဖြည့်ဆည်းပေးပါတယ်" ဟု ဝတ်ပြုခြင်း ဆုတောင်းခြင်း ကျင့်ကြံခြင်းနှင့် ရလာမည့်အကျိုးဆက်များအကြောင်းပြောပြ၏။ ကျနော်တို့က အာသာပဲငြိမ်နားထောင်လိုက် စကားထောက်ပေးလိုက်နှင့် စကားဝိုင်းမှာ စည်စည်ပင်ပင်။ ခနနေတော့ အမေလည်း ဝတ်ပြုရန်အပေါ်တက်ရတော့မည်မို့ ကျနော်တို့လည်း ပြန်ခဲ့၏။

အပြန်လမ်းတွင်း အတွေးကိုယ်စီနှင့်မို့ ကားထဲတွင်တိတ်တိတ်ဆိတ်ဆိတ်။ ခနနေတော့ တိတ်ဆိတ်ခြင်းကို သည်းမခံနိုင်ဘိသည့်အလား ဇနီးသည်က 'နင် ဘာတွေ တွေးနေတာလဲ"ဟု မေး၏။ "အေးကွာ သေသူတွေလည်း သေကြပြီ သူတို့အတွက်တော့ ကျန်သူတွေဆုတောင်းပေးကြမှာပေါ့လေ။ ငါက ကျန်သူတွေအတွက် တွေးနေတာပါ။ ကုသတဲ့ဆေးလည်း မြန်မြန်တွေ့ပါစေ။ ကာကွယ်တဲ့ဆေးလည်း မြန်မြန်ထုတ်လုပ်နိုင်ပါစေ။ မြန်မြန်ထုတ်လုပ်ပြီးရုံနဲ့မဟုတ်ဘူး များများနဲ့ပေါပေါလောလော ရောင်းချပေးနိုင်ကြပါစေ။ လူတိုင်း အဲ့ဆေးဝါးတွေကို လက်လှမ်းမီနိုင်ပါစေ။ ရောဂါဘယတွေ ကပ်ဘေးတွေကို အကြောင်းပြုပြီး အမြတ်ထုတ်ဂုတ်သွေးစုပ်မှုတွေလည်း ကင်းပါစေလို့ တွေးနေတာပါ"ဆိုတော့ ဇနီးက "နင့်ဟာက တွေးနေတာမှမဟုတ်ပဲ။ ဆုတောင်းနေတာပဲ"ဟု‌ပြော၏။ သူပြောမှ "ဟုတ်သား"ဟု စိတ်တွင်ဖြစ်၏။ တကယ်က ကျနော်လည်း ဆုတောင်းနေသည်ပဲမဟုတ်ပါလား။ ထို့နောက် ဇနီးက တဆက်တည်း "ငါ့စိတ်ထဲလည်း အဲ့သလို ဆုတောင်းနေမိတာပါပဲ"ဟုပြော၏။
လူသည် တကယ့်သေရေးရှင်ရေးလို အကျပ်အတည်းထဲဆိုက်သည့်အခါ ခိုကိုးရာကိုရှာတတ်ကြသည်ဟုသွန်သင်ဖူးသောဆရာသမားတယောက်ကို ပြေးအမှတ်ရမိ၏။
မျိုးမြင့်ချို
၁၊ မတ်၊ ၂၀၂၀

(ကြောက်ပို)

0 comments
(ကြောက်ပို)
မနက်ကတည်းက စ ရသည့် ကိုရိုနာဗိုင်းရပ်စ်သတင်းတွေ ဇနီးကိုပြောပြတော့ "ဖလူထက်ပဲ ပိုကြောက်စရာကောင်းနေပြီလား"ဟု အိပ်ချင်မူးတူးနှင့် အ‌ငေါ်တူး၏။ သူက မနေ့က ည ၁၁ နာရီအထိအလုပ် လုပ်သူ။ အလုပ်ကပြန်လာတော့လည်း စားသောက်ရေမိုးချိုးပြီး တန်းအိပ်တတ်သူမဟုတ်။ ခနလောက်ဖြစ်ဖြစ် သူကြိုက်သည့် တီဗီဇာတ်လမ်းတိုလေးတွေ ကြည့်တတ်၏။ ဆိုတော့ သည်လို ညမျိုးဆို မနက်တိုင်ကျ သူ အိပ်ရာထနောက်ကျစမြဲ။ ကျနော်ကတော့ ပုံမှန် ၅ နာရီခွဲတဝိုက်တွင် နိုးနေကြ။

"ဖလူ ထက် ကြောက်စရာကောင်းတာ မကောင်းတာထက် လူတွေ လန့်တာကတော့ ဖလူထက်ပိုတယ် ထင်တာပဲ"ဆိုတော့ သူ့ကော်ဖီခွက်ကိုင်ရင်း "အေးလေ တရုတ်မှာ ဖြစ်နေတုန်းက အစိုးရ အလွန်အမင်း ပုံကြီးချဲ့ခဲ့တဲ့ဒဏ် ခု ပြန်ခံရတာပေါ့"ဟုပြောပြီး "နောက်ရော ဘာတွေထူးသေးလဲ"ဟုမေး၏။ ယူတားပြည်နယ်ဘက်မှာတော့ မျက်နှာဖုံးတွေ ပိုးသတ်ဆေးရည်တွေ ရှာရခက်ကုန်တယ်ကြားတယ်၊ နောက်ပြီး ကော့စ်ကိုလို ဝေါလ်မတ်လို ခရိုဂါလို ဆိုင်ကြီးတွေမှာလည်း ‌ရေရှည်ခံတဲ့အစားအသောက်တွေ ပြတ်ကုန်တယ်ပြောတာပဲ။ ဘယ်လောက်အထိ ကျယ်ကျယ်ပြန့်ပြန့် မှန်မမှန်ကတော့ သေချာမပြောနိုင်သေးဘူး" ဟုဆိုတော့ ခုနပြောလက်စစကားကို ပြန်ကိုင်ရင်း "နင်တို့ ဗမာမှာ ရှိတယ်မဟုတ်လား ဝဋ်လည်တယ်ဆိုတာလေ"ဟုပြော၏။ "အေး...ရှိတယ်။ အဲ့ဒါ ဘာဖြစ်လို့လဲ"ဆိုတော့ "အမှန်က အစိုးရက နိုင်ငံရေးလုပ်တာ။ တရုတ်ကို ချတာ။ ဒီဗိုင်းရပ်စ် ကိုယ်ဆီမလာလောက်ဘူးတွက်တာလည်း ပါမှာပေါ့။ တရုတ်တော့ အကြီးအကျယ် ဒုက္ခရောက်နေပြီ။ ရောဂါက ကာကွယ်ဆေးရော ကုသဆေးရော မရှိတဲ့အပြင် ထိန်းချုပ်ရပါခက်ကုန်ပြီ ဘာညာနဲ့ပြောတော့ လူတွေ ပိုလန့်ကုန်တာ။ မဟုတ်ဘူးလားဆိုတော့ ဟုတ်တယ်။ ဒါပေမယ့် ချဲ့ကားလွန်းတော့ လူတွေပိုလန့်တာပေါ့။ နူး‌ယော့ခ်စီးတီး မြေအောက်ဘူတာရုံမှာဖြစ်တာလည်း အဲ့ဒါ လူဖြူကြီးစိုးရေးသမားတွေ ထွင်တဲ့အကွက်ပဲ။ အေး လူတွေကလည်း တရုတ်ကိုမုန်းနေကြတော့ ပို အကဲဆတ်ကုန်တာ။ အစိုးရကလည်း တရုတ်တင်မဟုတ်ဘူး။ နိုင်ငံခြားသားမှန်သမျှ မုန်းတီးရေးလုပ်နေတော့ ပိုရှုပ်ကုန်တာ"ဟုပြော၏။ လေသံကဆတ်နေ၏။
"တို့ဆီတော့ ကေ့စ်တခုမှ မတွေ့‌သေးဘူးပြောတယ်၊ ပြီးတော့ အေးလေ မတွေ့သေးတာနေမှာပေါ့။ ခက်တာက ဒီ‌ဗိုင်းရပ်စ်က ကြိုပြီး ကက္ခဏာပြတာ မရှိသလောက်ဆိုတော့ ထောက်လှမ်းဖို့ခက်နေတာလည်း ပါမယ်ထင်တယ်"ဟု ကျနော်ပြောတော့ "နင် ညက မနက်ကျရင် ပင်လယ်စာ သွားစားမယ်ပြောထားတယ်နော် သွားမလား"မေး၏။ အခြေအနေအရပဲ။ သွားရင်လည်းသွားတာပေါ့"ဟု ကျနော့်မရေမရာစကားကြောင့် "အေးလေ သွားမစားဘူးဆိုလည်း အိမ်မှာစားစရာတွေရှိနေတာပဲ၊ အိမ်စာပဲစားကြတာပေါ့"ဟု စကားကို အစသတ်၏။
ကျနော့်စိတ်ထဲ နောက်ချင်လာသဖြင့် "တို့‌ရောဘယ်နှယ်လဲ။ အစားအသောက်တွေ မျက်နှာဖုံးတွေ ပိုးသတ်ဆေးရည်တွေ အစားအသောက်တွေ ထွက်ဝယ်ကြရင်ကောင်းမယ်နဲ့တူတယ်နော်"ဟု ခတ်တည်တည်ပြောတော့ မဝယ်ပါနဲ့ဟာ။ အိမ်မှာရှိတာ သုံးတာပေါ့၊ လက်ကိုဆပ်ပြာနဲ့ ရေနိုင်နိုင်ဆေး သန့်သန့်ပြန့်ပြန့်နေ အပြင်ထွက်တာလျှော့ တခုခုဖြစ်တာနဲ့ ဆေးခန်းပြေးကြတာပေါ့၊ နောက်ပြီး အစားအသောက်လည်း ဒီလောက်ကြီးမလိုပါဘူး။ ဖြစ်လာတော့လည်း မိုးပြိုအများပေါ့"ဟု ပူတတ်ရန်ကောဆိုသည့် မျက်နှာပေးနှင့်ပြောတော့ နှစ်ယောက်လုံး ရယ်မိကြ၏။ ရယ်သံတွင် စိုးရိမ်သောကတို့စွက်နေသည်လားကတော့ သိတ်မသေချာလှ။
မျိုးမြင့်ချို
၁၊ မတ်၊ ၂၀၂၀