Saturday, March 7, 2020

မိမိ နှင့် ဒဂုန်တာရာရေးသူ-နတ်နွယ်

0 comments

မိမိ နှင့် ဒဂုန်တာရာရေးသူ-နတ်နွယ်

၁(က)
သုံးရက် ရှိသွားပြီ။ မိမိနှင့် ဒဂုန်တာရာအကြောင်း ရေးမည်ဆိုပြီး စားပွဲတွင် ထိုင်ခဲ့လေသည်။ မရေးဖြစ်။ ပထမနေ့က တာရာမဂ္ဂဇင်းတွေ ဟိုလှန်သည်လှန်နှင့် အချိန်ကုန်သွားသည်။ သူ၏ နုဖပ်ဖပ် စကားလုံးများနှင့် နီကြင်ကြင်အတွေးများ ရစ်ဝဲပြီး ကျန်ခဲ့သည်။ ကျော်အောင်၊ မြသန်း(တင့်)၊ ကြည်လင်၊ ကြည်အေး၊ အောင်လင်းတို့လည်း ရောဝေ့နေသည်။


နောက်တနေ့တွင် မနေ့တနေ့က ရွာတဲ့မိုး ကို ပြန်ဖတ်နေမိသည်။ မိမိ၏ စာပေ ဆောင်းပါးများကို စုစည်းထားသော စာအုပ်ကလေး ဖြစ်သည်။ "စိန်ပန်းပွင့်များ၊ မိုးသောက်ကြယ်၊ နေမင်းနီ"၊ "မီးပုံကြီးနှင့်အနီးအဝေး"၊ "ကာရံမဲ့ကဗျာ"၊ "အောင်သင်းသို့ပေးစာ"၊ "ဝေဖန်ရေးနှင့်လက်တွေ့"၊ "တော်လှန်ကဗျာ" စသည့် ဆောင်းပါးများ ပါရှိသည်။
"အောင်သင်းသို့ပေးစာ" မှာ ဒဂုန်တာရာနှင့် စပ်လျဉ်းပြီး မိမိ၏ သင်္ကာရှင်းချက်တခု ဖြစ်သည်။ ၁၉၇၁ စာဆိုတော်က ဒဂုန်တာရာ၊ ကျော်အောင်၊ ညွန့်ကြူးနှင့် မိမိတို့ သုံးခွသို့ သွားခဲ့ကြသည်။ စာပေဆွေးနွေးပွဲ မိုးစင်စင်လင်းသည်။ သည်အကြောင်းကို ဒဂုန်တာရာက ရှုမဝမှာ "စာပေဆည်းဆာ" အမည်နှင့် ဆောင်းပါးရေးခဲ့သည်။ မိမိနှင့် ပတ်သက်သော အချက်တခု သူရေးခဲ့သည်မှာ မိမိ နားလည်ထားသည်နှင့် မတူညီသဖြင့် ကိုအောင်သင်းမှ တဆင့် သင်္ကာရှင်းခဲ့ရခြင်း ဖြစ်သည်။
ဒဂုန်တာရာနှင့် ပတ်သက်ပြီး ပြက်ပြက်ထင်ထင် မိမိရေးဖူးသည်မှာ နောက်တကြိမ် ရှိသေးသည်။ "မောင်မင်းကြီးသားတို့ ပို့သသောမေတ္တာ" (ရဲဘောမာတူးသို့ပေးစာ အမှတ် ၃/၇၂) မှာ ဖြစ်သည်။ ယနေ့ မြန်မာစာပေများ ဟူသောစာအုပ်မှာ မောင်စွမ်းရည်က မိမိ၏ တံခွန်တိုင်မောင်နှမများ ကို တံတောင်နှင့်ထောင်း၊ ဖနောင့်နှင့်ပေါက် လုပ်ရာမှာ တချို့ အကွက်လေးတွေက အံချော်ပြီး ချက်အောက်ကို ရောက်သွား၍ မိမိအနေနှင့် "ပြန်ခြင်း" ကလေး ခတ်လိုက်မိခြင်းပါပဲ။ အဲဒီစာအုပ်ကို ကမကထ ပြုသူနှစ်ဦးက ဒဂုန်တာရာနှင့် လင်းယုန်မောင်မောင်တို့ ဖြစ်သည့်အတွက် မိမိ၏ "ပြန်ခြင်း" ထဲမှာ "ဂုန်ယုန်" ဂိုဏ်းဟု ရေးလိုက်မိသည်။
ဒဂုန်တာရာနှင့် မိမိအကြားတွင် အခြား ကလိတိတိကလေးတခု ရှိနေသေးသည်။ ယင်းမှာ အခြားမဟုတ်ပါ။ သူ၏ ဆောင်းပါးတပုဒ်ကို အကြောင်းတခုကြောင့် မိုးဝေမှာ မထည့်သွင်းနိုင်သဖြင့် ပြန်ပေးခဲ့သည်။ ထိုအခါ မိုးဝေမှာ သူရေးနေသော ဆောင်းပါးများ အားလုံးကို ရပ်ပစ်ခဲ့သည်။ သည်တုန်းက သူသည် ကလောင်အမည် သုံးမျိုးလောက်နှင့် မိုးဝေမှာ လစဉ်ရေးနေသည်။ သူ့ကို ပြန်ရေးဖို့ ပြောသည်။ မိမိကလည်း ပြောသည်။ မိတ်ဆွေများကလည်း ပြောသည်။ သူ မရေးပါ။ သူက ဘူးဆိုလျင် ဖရုံမသီးပါ။ သူ သဘောမပေါက်လျင်၊ သူ့စိတ်ထဲမှာ ဘဝင်မကျလျင် သူ ဘာမှ မလုပ်ပါ။ သည်အချက်ကို သူနှင့် လက်ပွန်းတတီး ဆယ်နှစ်ကျော်ကျော် အနှစ်နှစ်ဆယ်နီးပါး နေခဲ့ဖူးသဖြင့် ကောင်းကောင်းသိပါသည်။
သူသဘောပေါက်အောင် ပြောဖို့ဆိုသည်ကလည်း မလွယ်ပါ။ အင်မတန် လက်ဝင်သည်။ မိမိတို့ ကြုံခဲ့ဖူးပေါင်း များပြီ။ သည်အကြောင်းတွေ ပြန်ပြောရလျင် တုတ်ထမ်းပြီး ပြောရမည်။

(ခ)
မိုးဝေ မဂ္ဂဇင်းကို မိမိ ပြန်လည် တည်းဖြတ် ထုတ်ဝေသောအခါ မင်းကျော်က ပြောသည်။
"ခင်ဗျား အရေးအသား နည်းနည်းထိန်းပါ။ အစွန်းမလွတ်တာတွေ၊ ပြဿနာ ဖြစ်မှာတွေ မရေးပါနဲ့။ ခင်ဗျားက အတို့အထောင်ကလေးတွေ လုပ်တတ်တယ်"
"ကျွန်တော်က မဟုတ်တာတွေ ရေးလို့လား။ ဘာလဲ၊ ခင်ဗျားတို့က သက်သေလိုက်ရမှာ ကြောက်လို့လား"
မိမိက လေအေးဖြင့် ပြန်ခတ်လိုက်သောအခါ လူပုစိတ်တို မောင်နေဝင်းက-
"ခင်ဗျား ပြောလိုက်ရင် ဒါပဲ။ မဟုတ်တာတော့ မဟုတ်ဘူးပေါ့ဗျ၊ ဒါပေမယ့် ဟုတ်တိုင်းလည်း လျှောက်ရေးလို့ ဖြစ်မလားဗျ။ အချိန်အခါနဲ့ အခြေအနေလည်း ကြည့်ဦးမှပေါ့"
မိမိ ဘာမှမပြောတော့ဘဲ ပြုံးနေမိသည်။
သူတို့ စိုးရိမ်၍ ပြောခြင်းဖြစ်သည်။
သူတို့ စေတနာနှင့် ပြောခြင်းဖြစ်သည်။
သည်လိုလေ။
ဒဂုန်တာရာ မိုးဝေမှာ မရေးသည့် ကိစ္စ။ ဒဂုန်တာရာ၏ ဆောင်းပါးပြဿနာ ပေါ်သည့်အချိန်က ဗန်းမော်တင်အောင်နှင့် မြသန်းတင့်တို့ အပြင်မှာမရှိ။ သူတို့ အထိမ်းအသိမ်း ခံရရာမှ လွတ်လာသောအခါ မိုးဝေမှာ ရေးကြရန် မိမိက ပြောသည်။ သူတို့ကလည်း မငြင်းပါ။ ရေးမည်ဟု ပြောကြသည်။ လက်တွေ့တွင်မူ မရေးဖြစ်ကြ။ ကဗျာဆရာ အချို့လည်း မရေးကြ။
သို့သော် အကြောင်းတခုကြောင့် မိုးဝေကို မိမိ လက်လွှတ်လိုက်သောအခါ မိုးဝေမှာ သူတို့ ရေးကြသည်။
မိုးဝေကို မိမိ ပြန်လည်တည်းဖြတ်သောအခါ မိုးဝေတွင် ရေးနေသူများကို မိမိ ချဉ်းကပ်သည်။ မြသန်းတင့်က အစဉ်မပျက် ရေးမြဲ ရေးနေမည်ဟု ဆိုသည်။ ဗန်းမော်တင်အောင်ကား မရှိတော့။
မိမိ ချဉ်းကပ်သူများအနက် ပါရဂူတဦးသာလျှင် မရေးဟု ဆိုသည်။
ဒဂုန်တာရာကို ချဉ်းကပ်ရန် မိမိ စိတ်ကူးရှိသည်။ မိတ်ဆွေများကလည်း တိုက်တွန်း ကြသည်။ သူ့အိမ်ကို အေးအေးဆေးဆေး တနေ့သွားမည်ဟု ဆုံးဖြတ်ထားသည်။ သို့သော် ယခုထိ မရောက်ဖြစ်သေး။ သည်ကြားထဲမှာ လမ်းမှာ တခါနှစ်ခါ ဆုံဖြစ်သည်။ ပြုံးရုံမျှသာ။
မည်သို့ရှိစေ မင်းကျော်၊ မောင်နေဝင်းနှင့် မိတ်ဆွေများ၏ စေတနာနှင့် အကြံပေးမှုကို မိမိ လက်ခံခဲ့ပါသည်။
မိုးဝေ ပြန်လည်မွေးဖွားသော ပထမလ (၁၉၈၁ ဇွန်) မိမိ ဆောင်းပါးမရေးပါ။ ၀တ္ထုတို တပုဒ်ရေးသည်။ ဒုတိယလတွင်လည်း ဘာမှ မရေးပါ။ တတိယလကျတော့ ကိုမိုးဝေ အထိမ်းအမှတ်လ ဖြစ်နေသည်။ ၁၉၆၇ သြဂုတ်လ ၁၅ ရက်နေ့မှာ ကိုမိုးဝေ ကွယ်လွန်ခဲ့သည်။ ယင်းကြောင့် "သြဂုတ်လအလွမ်းပြေ" ဆောင်းပါး ရေးခဲ့သည်။ ထို့နောက် ကာလအတန်ကြာ ရပ်ဆိုင်းလာခဲ့ရသော "တောအကြောင်း တောင်အကြောင်း" ကဏ္ဍကို ပြန်လည် အသက်သွင်း လိုက်သည်။
သည့်နောက်တွင်ကား "တောအကြောင်း တောင်အကြောင်း" ကို ခေါင်းစီး အမည်နှင့် အညီပင် စိတ်ကူးတည့်ရာ၊ အကြောင်းသင့်ရာများကို ရေးခဲ့သည်။ စာပေ မဂ္ဂဇင်းအကြောင်း လည်း ပါသည်။ ခရီးသွားမှတ်တမ်းများလည်း ပါသည်။ ပြန်လည် တသချက်များလည်း ပါသည်။ စာအုပ်ဝေဖန်ချက်လည်း ပါသည်။ စာအုပ်ပြပွဲ အကြောင်းလည်း ပါသည်။
သို့သော် မိမိစိတ်ထဲတွင် ရေးချင်နေသည့် အကြောင်းအရာနှစ်ခု ရှိနေသည်။ တခုက မိုးဝေကို လက်လွှတ်လိုက်စဉ်က တပိုင်းတန်းလန်းနှင့် ရပ်သွားသော "မိမိနှင့် မိမိ၀တ္ထုများ" အကြောင်း ဖြစ်သည်။ "မြန်မာပြည်မြောက်ပိုင်း"တွင် အဆက်ပြတ်သွားသည်။ ဆက်ရေးစရာ တွေ ရှိသည်။ ဆက်ရေးချင်သည်။
နောက်တခုက "မိမိနှင့် စာရေးဆရာများအကြောင်း"။ သည်အကြောင်းကိုလည်း မိမိရေးဖို့ စိတ်ကူးခဲ့သည်မှာ ကြာပြီ။ သည်အကြောင်းက မိမိ၏ အတ္ထုပ္ပတ္တိလည်း မဟုတ်ပါ။ သူတို့ အတ္ထုပ္ပတ္တိလည်း မဟုတ်ပါ။ မိမိနှင့် သူတို့၏ ထိတွေ့မှုမျှသာ ဖြစ်သည်။ သည်အကြောင်းကို ရေးလျှင် မိမိအကြောင်းလည်းပါမည်။ သူတို့ အကြောင်းလည်း ပါမည်။ ဆက်နွှယ်နေသော စာပေနှင့် စာပေလောက အကြောင်းလည်းပါမည်။
သို့ဖြင့် "မိမိနှင့် စာရေးဆရာများ" အစီအစဉ်ကို မင်းကျော်နှင့် စဖွင့်သည်။ ၀တ္ထုရေး သည့် ပုံစံအတိုင်း ဇာတ်အလယ်မှ စဖွင့်ခြင်း ဖြစ်သည်။ ထို့နောက် လင်းယုန်သစ်လွင်၊ တင့်ဆန်း၊ တင်စိုး၊ အညာက စာရေးဆရာများ၊ လင်းယုန်နီနှင့် ဗန်းမော်တင်အောင်တို့ကို ရေးခဲ့သည်။ လင်းယုန်နီကို ရေးကတည်းက သူပြီးလျှင် ဗန်းမော်တင်အောင်၊ ဗန်းမော်တင်အောင်ပြီးလျှင် ဒဂုန်တာရာကို ရေးရန် ဇာတ်ပျိုးခဲ့သည်။
သို့သော် လနှစ်ရာ အထူးထုတ်တွင် ဒဂုန်တာရာကို ရေးရမည် ရှိသောအခါ လက်တွန့် နေသည်။ သူ့အကြောင်းကို မရေးဘဲ တိရစ္ဆာန်ရုံထဲက ကျားမြီးကို သွားဆွဲရလျှင် ကောင်းချေ မည်လားဟု စဉ်းစားမိသည်။
မိမိနှင့် စာရေးဆရာများ "ဆီးရီး" ကို စီစဉ်ကတည်းကပင် လက်တွန့်မိသော ခေါင်းစီးနှစ်ခု ရှိခဲ့သည်။ "မိမိနှင့် ဒဂုန်တာရာ" နှင့် "မိမိနှင့် အမျိုးသမီးစာရေးဆရာများ" ပင် ဖြစ်သည်။
အမျိုးသမီးများက ဆတ်ဆတ်ထိမခံ ဖြစ်သည်။ ဒဂုန်တာရာက ရွှေပန်းကန် ဖြစ်သည်။
သည်မှာ သတိရသဖြင့် ရယ်စရာတခု ပြောချင်သည်။ ပြီးခဲ့သည့် ဒုတိယအကြိမ် စာပေလုပ်သား ညီလာခံတုန်းက ဖြစ်သည်။
'ဆရာနတ်နွယ်၊ "မိမိနှင့် စာပေလုပ်သားညီလာခံ ၁၉၈၄" ကို ရေးပါဦး'
နောက်ဘက်မှ အသံကြားသဖြင့် လှည့်ကြည့်လိုက်သောအခါ ဒေါ်ကြွယ်ကြွယ်က ပြောလိုက်ခြင်း ဖြစ်ကြောင်း တွေ့ရသည်။ ဒေါ်ကြွယ်ကြွယ်နှင့်အတူ အခြား အမျိုးသမီး စာရေးဆရာ လေးငါးခြောက်ယောက်လောက် ရှိနေသည်။ အချို့ကို မိမိ သိသည်။ အချို့ကို သိသည်ဟု ထင်သည်။ နာမည်နှင့်လူ မတွဲမိ။ အချို့ကိုကား ယခင်က မမြင်ဖူး။
ညီလာခံတက်ရောက်သူများကို အမည်စာတမ်းပါရှိသော ရင်ထိုးကလေးများ ပေးထား သည်။ လူကိုမှတ်မိပြီး နာမည်မေ့နေလျှင် ရင်ဘတ်ပေါ်မှ ရင်ထိုးကို ကြည့်လျှင် သိနိုင်သည်။ သို့သော် အမျိုးသားတယောက်ဆိုလျှင် အရေးမကြီး။ သူ့ရင်ဘတ်မှ စာတမ်းကို အားမနာတမ်း ဖတ်နိုင်သည်။ သို့သော် အမျိုးသမီးဆိုလျှင်ကား အားနာစရာကြီး။ နောက်တကြိမ်ဆိုလျှင် နာမည်စာတမ်းများကို ရင်မှာမထိုးဘဲ နောက်ကျောမှာ ထိုးရန် အကြံပြုရလျှင် ကောင်းမလား မသိ။ "ကျောထိုး" ဟူသော ဝေါဟာရအသစ်တလုံးလည်း တိုးလာနိုင်သည်။ ဘယ်လောက်ပဲ ကြည့်ကြည့် အားနာစရာ မရှိတော့။
ယခုတော့ "မိမိနှင့် အမျိုးသမီးစာရေးဆရာများ" အကြောင်း ရေးနိုင်ရန် သူတို့နာမည်ကို သိနိုင်ဖို့ကပင် အခက်အခဲကြီးတခု။
"မိမိနှင့် ဒဂုန်တာရာ" အကြောင်း ရေးဖို့ကိစ္စမှာလည်း အခက်အခဲတွေ တသီတတန်း ကြီးပင်။
သို့သော်.....
မိမိသည် ရန်ကုန်ရောက်သည့် ၁၉၅၃ မှ အစပြုလျက် ၁၉၇၂ ခုနှစ်လောက်အထိ အနှစ်နှစ်ဆယ်နီးပါးမျှ ဒဂုန်တာရာနှင့် လက်ပွန်းတတီး နေခဲ့ရသည်။ အချို့သော နှစ်ကာလများတွင် ဆိုလျှင် မိမိတို့သည် နေ့စဉ်လောက်ပင် တွေ့ဆုံဖြစ်ကြသည်။ အအေးဆိုင်မှာ ထိုင်ကြသည်။ လက်ဖက်ရည်ဆိုင်မှာ ထိုင်ကြသည်။ ခရီးအတူ သွားကြသည်။ အစည်းအဝေး အတူတက်ကြသည်။ စာပေအကြောင်း မမောနိုင် မပန်းနိုင် ဆွေးနွေးခဲ့ကြသည်။
သည့်ထက်ပိုပြီး အရေးကြီးသည်က မိမိသည် တာရာမဂ္ဂဇင်းကို ဖတ်ပြီး ကြီးပြင်းခဲ့ရသည်။ မိမိအပေါ်တွင် သူ၏ စာပေသြဇာ သက်ရောက်လွှမ်းမိုးခဲ့သည်။ ယခုတိုင်အောင်ပင် ဖြစ်သည်။သည်တော့ သူ့အကြောင်း ရေးရပေမည်။ "မိမိနှင့် ဒဂုန်တာရာ" ကို ရေးရမည်။ ဘယ်ကစပြီး ရေးရပေမည်နည်း။ ဘယ်လောက်အထိ ရေးရမည်နည်း။ ဘယ်မှာ ဆုံးရမည်နည်း။


(က)
မိမိနှင့် ဒဂုန်တာရာ ပထမဆုံးအကြိမ် လူချင်းတွေ့ဖူးကြသည်မှာ ဂျာနယ်ကျော် မမလေး၏ အလုပ်တိုက်တွင် ဖြစ်သည်။ မိမိက သူ့ကို တွေ့မြင်လို၊ သိကျွမ်းလိုသဖြင့် ကိုတင်စိုးက လိုက်ပို့ပေးခြင်း ဖြစ်သည်။ သည်တုန်းက သူသည် ဒေါ်မမလေးတိုက်တွင် စတည်းချနေသည်။ သူ့စပွဲက အဝင်ဝတွင်ဖြစ်သည်။ လမ်းမဘက်တွင် ဖြစ်သည်။ ပြတင်းပေါက်အကွယ်တွင် ဖြစ်သည်။ ပြတင်းပေါက်မှ ကြည့်လျှင် အပြင်ဘက်ကမ္ဘာကို မြင်ရသည်။ သို့သော် ပြတင်းပေါက်တွင် ဇာခန်းဆီး တပ်ဆင်ထားသဖြင့် ပြင်ပကမ္ဘာသည် ဝိုးတဝါးမျှသာ။
သူ့စားပွဲက လှသည်။ ပန်းချီနှင့် တူသည်။ ကဗျာနှင့်တူသည်။ စားပွဲခင်း အပြာနုနု၊ စားပွဲတင်မီးအုပ်ဆောင်းကလည်း အမြိတ်စကလေးတွေ ကျနေသော ပိုးအပြာစ။ ဖန်ခွက်ပုပုကလေး အုပ်ထားသော ရေဖန်ချိုင့်။ အညီအညာထပ်ထားသော စာအုပ်နှစ်အုပ် သုံးအုပ်။
ကိုတင်စိုးက မိတ်ဆက်ပေးသောအခါ သူ ယဲ့ယဲ့ကလေး ပြုံးသည်။ ထို့နောက် လူထုအကြောင်း၊ မန္တလေးအကြောင်း သဲ့သဲ့ကလေး မေးသည်။ မိမိကို သူကြည့်ပုံက စူးစူးစိုက်စိုက် မဟုတ်။ သဲ့သဲ့ယဲ့ယဲ့ကလေး။
သူ့အကြောင်း ကြားဖူးထားသည့်အတိုင်း၊ စာထဲတွင် ဖတ်ဖူးထားသည့်အတိုင်း၊ အင်္ကျီလက်ရှည်အဖြူ၊ ဘန်ကောက်လုံချည် ရေညှိစိမ်း၊ မျက်မှန်ဝိုင်းဝိုင်းထူထူ၊ နှုတ်ခမ်းထူထူ၊ ဆံပင်ကောက်ကောက် တွန့်တွန့်လိပ်လိပ်။
သည်တုန်းက သူ ၃၄ နှစ်ပဲ ရှိသေးသည်။ မိမိက ၂၀။ ၁၉၅၃ ခုနှစ်က ဖြစ်သည်။ မိမိထက် ၁၄ နှစ် ကြီးသည်။ သို့သော် မိမိထက် လေး ငါးနှစ်မျှကြီးကြသော ကိုကျော်အောင်၊ ကိုမြသန်း(တင့်)၊ ကိုတင်စိုး၊ ကိုအောင်လင်းတို့ ခေါ်သည့်အတိုင်းပင် သူ့ကို ကိုဌေးမြိုင်ဟု ခေါ်မိသည်။ ထိုမျှမက မိမိထက် ၁၆ နှစ်မျှ ကြီးကြသော တင့်ဆန်းနှင့် လင်းယုန်သစ်လွင် တို့ကိုလည်း ကိုမိုးဝေတို့ ခေါ်သည့်အတိုင်းပင် ကိုတင့်ဆန်း၊ ကိုသစ်လွင် ဟု ခေါ်ခဲ့မိသည်။ ယခုမှ သူတို့တတွေ အဘိုးကြီးတွေ ဖြစ်နေကြပြီကို ကြည့်ပြီး "ကို" တပ်ပြီး ခေါ်ရမည်ကို အားနာနေမိသည်။ ဦးသိန်းဖေမြင့်ကိုပင် ကိုဌေးမြိုင်တို့၊ ကိုတင်အောင်တို့ ခေါ်သည့်အတိုင်း ကိုသိန်းဖေဟု လိုက်ပြီး မခေါ်မိစေရန် မနည်းပင် နှုတ်စောင့်စည်းရသည်။ သူတို့နှင့် ကိုသိန်းဖေမြင့်က ငါးနှစ်ပဲ ကွာသည် မဟုတ်လား။
ဂျာနယ်ကျော်မမလေးကို ကိုဌေးမြိုင်နှင့် တချိန်တည်းမှာပင် တွေ့ဆုံသိကျွမ်းခဲ့ရသည်။ ဒေါ်မမလေးကိုမူ ထိုကတည်းက အစ်မကြီးဟု ခေါ်ခဲ့သည်။ မိမိထက် ၁၆ နှစ်တိတိ ကြီးသည်။ သို့သော် ထိုစဉ်ကမူ ဒေါ်မမလေးသည် ၃၆ နှစ်မျှသာ ရှိသေးသည်။ လှပဆဲ ဖြစ်သည်။ အရပ်အမောင်းကောင်းပြီး အပြင်အဆင် တတ်ကျွမ်းသဖြင့် ပို၍လှပသည်ဟုပင် ထင်ရသည်။ နောက်ပြီးတော့ အမျိုးသမီးတွေ၏ အလှအပက အသက် ၄၀ တွင်မှ အစွမ်းကုန် ပွင့်လန်းသည်ဟု ဆိုကြသည် မဟုတ်လား။
ဒေါ်မမလေးက မိမိတို့ကို မျက်စောင်းထိုးဆိုင်မှ ချစ်တီးကော်ဖီ မှာတိုက်သည်။ ကော်ဖီက ကောင်းသည်။ အနံ့ရော အရသာရော ပြင်းစူးသည်။ ထို့နောက် နာမည်ကျော် ကရစ်လမ်း (ယခု-ဗိုလ်မြတ်ထွန်းလမ်း) စမူဆာကို မှာကျွေးသည်။ စမူဆာကလည်း ကောင်းလှသည်။ သေးသေးကလေးတွေ၊ ပူပူကလေးတွေ။ သည်မှစ၍ နောက်ပိုင်းကာလများ တွင် ချစ်တီးကော်ဖီနှင့် ကရစ်လမ်းစမူဆာသည် မိမိတို့၏ နိစ္စဓူဝ နေ့လည်စာ ဖြစ်ရတော့သည်။
ချစ်တီးကော်ဖီ၊ ကရစ်လမ်း စမူဆာ၊ စာပေသစ်၊ စာရေးဆရာအသင်း၊ စာရေးဆရာ စာပေကလပ်၊ ကမ္ဘာ့ငြိမ်းချမ်းရေးကွန်ဂရက်.......။

(ခ)
ဒဂုန်တာရာ ချည်လုံချည်ဝတ်သည်ကို မိမိ ပထမဦးဆုံး တွေ့ဖူးသည်မှာ မိမိတို့ လှိုင်မြို့ဟောင်းကို သွားကြတုန်းက ဖြစ်သည်။ ၁၉၅၇ တွင် ဖြစ်သည်။
လှိုင်မြစ်ကမ်းပါးပေါ်ရှိ လှိုင်မြို့ဟောင်းနှင့် အလယ်ရိုးမတောင်ခြေရှိ တဗူးမြို့ဟောင်းကို သွားရောက်ရန် မိမိတို့ ညှိနှိုင်းသောအခါ ဒဂုန်တာရာက သူလည်းလိုက်မည်ဟု စိတ်ထက်သန်စွာ ဆိုသည်။
'ခင်ဗျား လိုက်နိုင်ပါ့မလား'
'ကမ္ဘာပတ်လာတဲ့ လူပဲဗျာ'
မရယ်တရယ် သူ ပြောသည်။
'ကမ္ဘာပတ်တာနဲ့ မတူဘူး။ အခု သွားရမှာက ခရီးကြမ်းတယ်၊ ကုန်းကြောင်းလျှောက် ရမှာ'
'ကျွန်တော့အတွက် မပူပါနဲ့'
'ဒါပေမယ့် ခင်ဗျား ဘန်ကောက်လုံချည်နဲ့တော့ မဖြစ်ဘူး'
သည်တော့ သူ တွေဝေသွားသည်။
သို့သော် ချက်ချင်းပင် ဆုံးဖြတ်ချက်ချပြီးဟန်ဖြင့်-
'အင်း ဟုတ်တယ်၊ ချည်လုံချည် နှစ်ထည်လောက်တော့ ဝယ်ရမှာပဲ'
သည်တုန်းက ညစျေးတန်းက အနော်ရထာလမ်း ပလက်ဖောင်းပေါ်တွင် ဖြစ်သည်။ ဆိုင်တန်းတွေ အကျအန ထိုးလို့ ဖြစ်သည်။ သူလုံချည်ဝယ်ရာသို့ ကိုတင်စိုးနှင့် မိမိ အဖော်လိုက်ကြသည်။
သူ့စိတ်ကြိုက် အဆင်အသွေး မရသဖြင့် တနာရီလောက် ကြာသွားသည်။ နောက်ဆုံးတွင် လုံချည်နှစ်ထည် သူဝယ်သည်။ အကွက် စိပ်စိပ်ကလေးတွေ ဖြစ်သည်။ တထည်က အစိမ်းနု၊ တထည်က အပြာနု။
ပြည့်ကြပ်နေသော ဘတ်စ်ကားကြီးတစီးဖြင့် မိမိတို့ လိုက်ပါရသည်။ မိမိတို့ ဆိုသည်မှာ ဒဂုန်တာရာနှင့် တင်စိုး၊ ကိုလွင်ဦး(ပြည်တော်သစ်) နှင့် မိမိ။
ဥက္ကံမရောက်မီ ရွာတရွာတွင် ဆင်းရသည်။ လှိုင်းမြို့ဟောင်းကို ရောက်အောင် သုံးနာရီလောက် လျှောက်ရသည်။ မိုးရွာထားသဖြင့် လယ်ကန်သင်းများ စွတ်စိုနေသည်။ ချော်ချွတ်နေသည်။ အချို့နေရာများတွင် ဗွက်ပေါက်နေသည်။ အချို့နေရာများတွင် ရေလွှမ်းနေသည်။ ဖိနပ်များကို လက်တွင် ကိုင်သွားကြရသည်။ ချော်မလဲအောင် သတိထားပြီး လျှောက်ကြရသည်။ တချို့နေရာတွင် ဗွက်က ခြေသလုံးတဝက်လောက် မြုပ်သည်။ အချို့နေရာများတွင် ရေက ပေါင်လည်လောက်ထိ နက်သည်။ တနေရာတွင် "ခွေးအိပ်ချောင်း" ကို ကူးဖြတ်ကြရသည်။ တံတားက ဝါးပိုးဝါး တလုံးတည်း။ မိမိတို့က လေးဘက်ထောက်ပြီး ကူးဖြတ်ကြရသည်။
ကိုဌေးမြိုင် တချက်ကလေး မညည်းပါ။ ထို့အပြင် မိမိတို့ကို ချုံခိုတိုက်ခိုက်လျက်ရှိသော မျှော့များကိုလည်း သူနည်းနည်းမျှ မကြောက်ပါ။ သူက မြစ်ဝကျွန်းပေါ်သားဖြစ်သည်။ မိမိ မျှော့ကြောက်သည်ကို ကြည့်ပြီး သူက ရယ်မောလိုက်သေးသည်။
မွန်းတည့်ချိန်လောက်တွင် လှိုင်မြို့ဟောင်းအတွင်းသို့ ရောက်ရှိသွားကြသည်။ မိမိတို့ ဘာတွေ တွေ့ရသနည်း။ ဘုရားပျက်ကလေးတဆူနှင့် ရေတွင်းပျက်ကလေးတခုကိုသာ တွေ့ရှိကြရသည်။ သို့သော် မြို့ရိုးပေါ်မှ ကြည့်သောအခါတွင်ကား လှိုင်းမြစ်တခွင်သည် ပန်းချီကားတချပ်ကို ဖြန့်ခင်းထားသည့်နှယ်၊ အဝေးဆီတွင် အလယ်ရိုးမ မှိုင်းညို့ညို့။
လှိုင်မြို့ဟောင်းမှ အပြန်တွင် ဒဂုန်တာရာက ရှုမဝတွင် ကဗျာတပုဒ် ရေးသည်။ ကိုတင်စိုးက လုံးချင်းတပုဒ်။

(ဂ)
ဒဂုန်တာရာသည် အလှအပ အနုအရွကလေးတွေ ကြိုက်တတ်သည်။ အကြမ်းအတမ်း အပင်အပန်းတို့ကိုလည်း အမှုမထင်ပါ။
၁၉၅၈ ခုနှစ်တွင် မိမိတို့ မြောက်ဥက္ကလာပကို ပြောင်းရတော့ သူသည် မိမိတို့ ရှိရာ ကွင်းပြင်ကြီးထဲသို့ ချွေးတလုံးလုံး၊ ဖုံတလူးလူးဖြင့် ရောက်လာသည်။ မိမိတို့၏ ယာယီနန်း ဖြစ်သော လေးတိုင်စင်ကလေးများတွင် သူရေနွေးကြမ်းသောက်သည်။ ငမိုးရိပ်ချောင်းကို လှေကလေးနှင့် ဖြတ်ပြီး တဖက်ကမ်းက ရွာတွေကို သွားလည်တော့လည်း သူလိုက်ပါသည်။ သူသည် တောင်ဥက္ကလာပသို့လည်း ရောက်ခဲ့ပြီး ဖြစ်သည်။ ကေတီဦးကျော်တင့်(ကွယ်လွန်) ထံသို့ဟု ထင်သည်။ သည်မှာ သူ၏ နာမည်ကျော် "ဥက္ကလာပ" ကဗျာ မွေးဖွားခြင်းဖြစ်သည်။
မိတ်ဆွေတွေနှင့် တွေ့ပြီး စကားစမြည် ပြောရမည်ဆိုလျှင်၊ စာပေရေးရာဆွေးနွေး ရမည်ဆိုလျှင် သူဘယ်တော့မှ ဦး မလေး။ မိုးရွာသည်ကိုလည်း သူမဖြုံ၊ နေပူသည်ကိုလည်း သူမတွက်၊ နှင်းကျသည်ကိုလည်း အမှုမထား။ ခရီးဝေးသည်၊ ချောင်ကျသည်၊ လမ်းထောင့်သည် ဆိုသည်တွေလည်း သူ ဘာမှ မစဉ်းစား။ ချိန်းသည့်နေ့တွင် သူရောက်လာသည်။ ချိန်းသည့်အချိန်တွင် သူရောက်လာသည်။ ပျက်ကွက်သည်မရှိ။ နောက်ကျသည်မရှိ။ အစည်းအဝေးဆိုလျှင်လည်း သည်အတိုင်းပင်။
သို့သော် သူသည် ဆွေးနွေးပွဲများနှင့် အစည်းအဝေးများတွင် အတူပါသော်လည်း ဟောပြောပွဲကိုကား ဘဝင်ကျဟန် မရှိချေ။ စာပေဟောပြောပွဲဆိုလျှင် သူ ဘယ်တော့မှ မလိုက်။ စာပေဆွေးနွေးပွဲ သက်သက်ဆိုလျှင်ကား သူ လိုက်ပါသည်။
တခုသော စာဆိုတော် ရာသီတွင် မိုးဝေကို သူ ဆောင်းပါးတပုဒ် ပေးသောအခါ ဟောပြောပွဲများအကြောင်း ပါရှိလာသည်။ သူ၏ ကောက်ချက် အချို့သည် မိမိတို့နှင့် သဘောကိုက်ညီခြင်း မရှိသဖြင့် ဆောင်းပါးကို ပြန်ပေးလိုက်သည်။ ထိုအခါ (မိမိတည်းဖြတ် သော) မိုးဝေသို့ သူစာမူမပေးတော့။
မိုးဝေမှာ သူမရေးတော့သော်လည်း မိုးဝေကိုကား သူ ဖတ်မြဲဖြစ်သည်။ မိုးဝေကလည်း သူ့ကို စာအုပ်လက်ဆောင် ပေးမြဲ ဖြစ်သည်။ သို့သော် တလတွင်ကား သူ့အတွက် စာအုပ်လာယူသော ကဗျာဆရာတယောက်ကို မိမိက ပြောလိုက်သည်။
'မိုးဝေမှာ စာမရေးတဲ့ လူတွေကို စာအုပ်မပေးဘူးလို့ ပြောလိုက်ဗျာ'
သည်သတင်း ချက်ချင်းပြန့်သွားသည်။
'ခင်ဗျား အတော်ဆိုးတဲ့လူဗျာ၊ ကျွန်တော်တို့က ခင်ဗျားတို့ ပြေလည်အောင် ကြိုးစားနေကြတာ'
ကိုစောလွင် (မြန်မာအမျိုးသမီး) က မိမိကို ပြောသည်။ သည်တုန်းက မိုးဝေကို သူ တာဝန်ခံ ထုတ်နေစဉ် ဖြစ်သည်။
ယင်းသို့ဖြင့် အချိန်ကာလတွေ ကြာမြင့်သွားသည်။ မိုးဝေကို မိမိ လက်လွှတ် လိုက်သည်။ သည်အခါတွင် မိုးဝေမှာ သူ ပြန်ရေးသည်။

(ဃ)
မိုးဝေကို မိမိ ပြန်လည် တာဝန်ယူသောအခါ သူ့ထံသို့ သွားရောက်ပြီး စာမူတောင်းရန် မိမိ ဆုံးဖြတ်သည်။ မိတ်ဆွေတွေကလည်း တိုက်တွန်းကြသည်။ သို့သော် လက်တွေ့တွင်ကား သူ့ထံသို မိမိ မရောက်ဖြစ်ခဲ့။
မိုးဝေ လနှစ်ရာ အထူးထုတ်ကို စီစဉ်သောအခါတွင်ကား သူ့ထံသို့ သွားဖြစ်အောင် သွားမည်ဟု သန္နိဌာန်ချသည်။
တနေ့တွင် ကားတစီးငှားပြီး ဆရာဇော်ဂျီ၊ ဆရာတက်တိုး၊ ဒေါ်နုယဉ်နှင့် သူ့အိမ်သို့ သွားရန် စီစဉ်သည်။ မိတ်ဆွေအချို့လည်း လိုက်ပါကြမည် ဖြစ်သည်။ သို့သော် သူ့ထံသို့ ကြိုပြီး ဖုန်းဆက်သောအခါ သူ မရှိပါ။ မှော်ဘီ သွားနေသည်။ နောက်တပတ်အကြာတွင် ထပ်ပြီး ဖုံးဆက်သည်။ မတွေ့ပါ။ မှော်ဘီသွားနေသည်ဟုပင် သိရသည်။
ယင်းသို့ဖြင့် လနှစ်ရာ အထူးထုတ်အတွက် သူ့ထံမှ စာမူ မတောင်းလိုက်ရပါ။ အကယ်၍ သူနှင့်တွေ့ပြီး စာမူတောင်းခွင့် ရခဲ့လျှင်ကား......။

နတ်နွယ်
[မိုးဝေ၊ စကိတင်ဘာ၊ အောက်တိုဘာ၊ ၁၉၈၄]
{နတ်နွယ် ရဲ့ မိမိနှင့်စာရေးဆရာများ၊ ဖေဖော်ဝါရီ ၂၀၀၀ စာအုပ်မှ ကူးယူဖော်ပြပါ တယ်။}

လမင်းတရာဘလော့ဂ်မှကူးယူဖော်ပြတာဖြစ်ပါတယ်

0 comments:

Post a Comment