Saturday, March 14, 2020

(မိုးပြိုအများ)

0 comments
မိုးပြိုအများ
ဥကြက်မ ၆ ကောင်နဲ့ အဖကြီးတကောင်ပဲချန်ပြီး ကျန်တာတွေ ဖြုတ်လိုက်တာ မှားများသွားလားမသိပါဘူး။ ကြက်မတွေက တနေ့ လေး ငါး လုံးတော့ မှန်မှန်ဥပေးနေတာပါ။ လူတချို့ ဆန်ဆီဆား အခြောက်အခြမ်းလေးတွေ ဝယ်ကြစုကြ သိုမှီးကြတယ်။ အမေ့အိမ်သွားတော့လည်း ညီမက ထူးထူးခြားခြား ဘာမှ ဝယ်ယူသိုမှီးတာ မတွေ့ရဘူး။ 
သူ့ထက်ငါအလုအယက် ဝယ်ယူနေတာတွေတွေ့တော့လည်း စိုးရိမ်စိတ်ကြီးရန်ကောလို့ အပြစ်လည်းမမြင်သလို ဝီရိယအားကောင်းလှချည်လားလည်း မချီးကျူးမိပါဘူး။ "စစ်ကြောင်းထိုးလို့ ရွာရှောင်တုန်းကတောင် ငါးပိလေးဆန်လေးပဲ ယူနိုင်တာ။ ဒါပေမဲ့ အသက်ဆက်ပါတယ်လေ။ ဆက်လို့ ခုဒီတောင်ရောက်လာပြီ့ဟာ ဘာပူလိမ့်မတုန်း"ဆိုတဲ့ အမိုးနဲ့တွေ့တော့ "အင်း..ဟုတ်သားဟ"လို့ စိတ်ထဲဖြစ်မိပြန်တယ်။ 
"ပြောမရဘူးဗျ၊ အမေရိကန်ဆိုပေမယ့် တကယ်ဖြစ်တော့လည်း ကိုယ့်မိသားစုအရေး ကိုယ်ပဲပူရမှာ။ သူတို့က ဘာအရေးလဲ၊ ဘယ်နေရာသွား ဘာရတယ်၊ ဘယ်ဖုန်းထိုးလိုက် ဘာအကူအညီရတယ်ပြောပေမယ့် ကိုယ်တွေကမှ အင်္ဂလိပ်လိုလည်း မတတ်၊ ဘုမသိဘမသိနဲ့ဆိုတော့ လန့်ကလည်း လန့်ရသေးတယ်၊ မဖြစ်ရင်တော့ ကောင်းတာပေါ့ဗျာ၊ ဖြစ်လာတော့ ဘာမှ ခြေပြင်လက်ပြင်လုပ်မထားရင် ကိုယ်ပဲခံရမှာဗျ"ဆိုသူနဲ့ဆုံတော့လည်း အင်း သူပြောတာလည်း ဟုတ်တုတ်တုတ်လို့ စိတ်ထဲဖြစ်မိပြန်ပါတယ်။ 
"ဟေ့ကောင်ရေ ပြောမယ့်သာ ပြောရတာပါ၊ တကယ်ဖြစ်တော့လည်း ဘာမှမတတ်နိုင်ပါဘူး။ ကာကွယ်ဆေးလည်းမရှိ ကုသဆေးလည်းမရှိတော့ သေရင်သေ၊ မသေလည်း မသေရုံတမယ်ခံကြရမှာချည်းပဲ။ ပိုက်ဆံရှိလည်း ဘာမှလုပ်မရဘူး။ မရှိလည်း လုပ်မရဘူး။ သေမှာပဲ။ သေမယ့်အတူတူတော့ စိတ်ကောင်းကောင်းလေးမွေး နေရသမျှလေး လူတွေနဲ့ချစ်ချစ်ခင်ခင်နေ၊ ဘုရားတရားလေးဘာလေး လုပ်ပေါ့ကွာ"ဆိုသူလည်း ပါရဲ့။
"တနေကုန် ပင်ပမ်းရတဲ့ကြားထဲ ဘယ်နားသွားသွား အဲ့သတင်းတွေကြားတော့ လူက သေပါသေချင်စော်နံလာတယ် ဟေ့လူ၊ သူများတွေ စက်ရုံ ၂ ရုံတော့ ပိတ်တယ်ကြားတယ်။ ကုန်းကြမ်းပြတ်လို့ဆိုလားမသိဘူး။ ကျုပ်တို့ စူပါဗိုက်ဇာကတော့ပြောတယ်။ အလုပ်ပြုတ်လည်း မပူနဲ့တဲ့၊ ရေဖိုး မီးဖိုး အိမ်လခတွေ အမှန်တကယ်မပေးနိုင်ရင် အစိုးရက ခနစိုက်ပေးမယ်ဆိုလား၊ ပေးစရာမလိုဘူးဆိုလား မသိဘူးပြောတာပဲ။ အဲ့ဒါတွေပေးမယ်ဆိုရင်တော့ ကောင်းတာပေါ့ကွာ၊ ဒါပေမယ့် မိသားစု စားဖို့ကျခက်မယ်၊ ကလေးတွေကလည်း စားနိုင်တဲ့အရွယ်တွေချည်းပဲ၊ တွေးရင် စိတ်ညစ်စရာကြီးပါဗျာ၊ အလုပ်က မောတာကတမျိုး"ဆိုပြီး ဖန်ခွက်ထဲ အရက်ငှဲ့သူနဲ့ဆုံတော့လည်း စိတ်ထဲမကောင်းသလို ဖြစိ်မိပါတယ်။
ဒီလိုနဲ့ ဒီနေ့ တနေ့လုံးလိုလို အပြင်ထွက်စနည်းနာခဲ့တာ မိသားစုခြောက်စုလောက်ဆီရောက်ခဲ့ပါတယ်။ "ခင်ဗျားတို့မိသားစုတွေမှာ တကယ်လို့ တခုခုဖြစ်လို့ တယ်လီဖုန်းတွေဘာတွေခေါ်ရမယ် အရေးဟယ်အကြောင်းရယ်ရှိလို့ စကားပြန်ခေါ်ရတာ အခက်အခဲရှိရင်တော့ ကျနော့်ဖုန်းကိုခေါ်ပါ။ လူကိုယ်တိုင် မလာနိုင်တောင် ဖုန်းနဲ့တဆင့်စကားပြန်လုပ်ပေးမယ်"ပြောတော့ "အေးကွယ် လိုတာနဲ့ ဖုန်းထိုးလိုက်မယ်၊ ပြောတာနဲ့တင် ကျေးဇူးတင်လှပြီ မောင်ရေ့"လို့ ဝမ်းပန်းတသာပြန်ပြောတဲ့မိသားစုက အမဲခြောက်ပါ နည်းနည်းပေးလိုက်ပါသေးတယ်။ 
ဘာပဲဖြစ်ဖြစ်ပါ ကျနော်တို့မှာ လင်ကိုယ်မယားနှစ်ယောက်ထဲလည်းဖြစ် ဝင်ငွေလည်းကိုယ်စီရှိ၊ နေစရာထိုင်စရာလေးလည်းရှိ၊ ကျန်းမာရေးအသိလေးတွေလည်း ကိုယ်စီရှိ၊ တခုခုဆို ဖြေတတ်တွေးတတ်လေးလည်းရှိ၊ သူ့ဘက်ကိုယ့်ဘက် ဆွေမျိုးမိတ်ဆွေအသိုင်းအဝိုင်းလေးလည်းရှိ၊ အင်္ဂလိပ်စကားလည်းပြောကြဆိုတော့ တခုခုဆို သိတ်ကြီးတော့အခက်တွေ့စရာမရှိဘူးလို့ ဖြေတွေး တွေးရတာပါပဲ။ ဒီကြားထဲကမှ ဖြစ်တယ်ဆိုလည်း မတတ်နိုင်ဘူး မိုးပြိုအများလို့ပဲသဘောထားရမှာပါ။
မျိုးမြင့်ချို
၁၄၊ မတ်၊ ၂၀၂၀

0 comments:

Post a Comment