Tuesday, March 3, 2020

(ပြည်တကယ်ပျက်ရင် ဘယ်သူမှစက်ကွင်းမလွတ်ဘူး)

0 comments
(ပြည်တကယ်ပျက်ရင် ဘယ်သူမှစက်ကွင်းမလွတ်ဘူး)
မနေ့က အမေနှင့်ထိုင်ရင်း ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကြောင့် လူတွေ စိုးရိမ်စိတ်နှင့်အတူ ဆေးဝါး အစားအသောက် ရေအိမ်သုံးစက္ကူ ဆပ်ပြာ ပိုးသတ်လက်ဆေးရည်စသည့်များ အပြေးအလွှားဝယ်ယူနေကြ‌ကြောင်း အမေ့အားပြောဖြစ်ပါသည်။

ကျနော့်စကားဆုံးတော့ အမေက "မိုးပြိုအများတို့ ဖြစ်ခါမှရောက်လျားတို့ဆိုတာ နေရာတိုင်းတော့ ကောင်းတာမဟုတ်ဘူးထင်တယ်။ တချို့ကိစ္စတွေက စိုးရိမ်စိတ်ထားပြီး ကြိုကြိုတင်တင် ပြင်ဆင်ထားကာမှတော်ကာ ကျတာတွေလည်းရှိတယ်။ သိတ်အရမ်းကြီး မစိုးရိမ်မိဖို့တော့ လိုတာပေါ့"ဟုဆို၏။
ကျနော်က "စီးပွားရေးသမားတွေ လှန့်လုံးထွင်တာမျိုး တစိတ်ကိုတအိတ်လုပ် ပြောတာမျိုးတွေကြောင့်လည်း လူတွေအလန့်တကြားဖြစ်ပြီး ပစ္စည်းနင်းကန်ဝယ်စုလို့ ဈေးတွေ တက်ပေမယ့်ရောင်းမလောက် ဖြစ်တာမျိုးလည်းရှိတယ်အမေ။ ဒါပေမယ့် ဒီမှာက ရောင်းမလောက်သာ ဖြစ်ချင်ဖြစ်မယ် ဈေးကိုတော့ ချက်ခြင်းကြီး မတန်တဆတင်ဖို့ခက်ပါတယ်"ဟုပြောပြ၏။
"ကုန်သည်ပွဲစားဆိုတာမျိုးကတော့ အဲ့လိုလုပ်တတ်တဲ့သဘာဝရှိတာပဲ။။ လူကြီးတွေပြောတာရှိတယ် မှတ်လား ပြည်နာမှငွေရှာလို့ကောင်းတယ် ဆိုတာလေ။ စစ်ကြီးဖြစ်တုန်းကလည်း အဲ့သလိုပဲ။ ဒါပေမယ့် ပြည်တကယ်နာပြီဆိုတော့ အဲ့ဒီကုန်သည်ပွဲစားတွေပါ နာတာပါပဲ။ ဘယ်သူမှ စက်ကွင်း မလွတ်ဘူး သားရဲ့။ ရိုးရိုးလူဆင်းရဲတွေကမှ ဆုံးရှုံးစရာက နဂိုကတည်းကရှိမထားတော့ သိတ်မသိသာပေမယ့် အဲ့ဒီ လူချမ်းသာ ကုန်သည်ပွဲစားတွေဆုံးရှုံးတာက ပိုသိသာမြင်သာတယ်။ တချို့များဆို ကုန်းကောက်စရာမရှိအောင်ကို ဖြူခါပြာခါကျသွားတာမျိုးပဲ။ စစ်ပြီးတော့ ချွတ်ရောင်းစရာ အိမ်တိုင်တောင်မကျန်ဘူး။ အင်္ဂလိပ်ကစစ်ရှုံးတော့မယ် ပြေးတော့မယ်ဆိုတော့ မင်းတို့အဖိုးက သူခိုးဒမြတွေ ဆူပူသောင်းကျန်းတော့မှာပဲဆိုပြီး ပူတယ်။ တိုင်းပြည်တော့ ကမောက်ကမဖြစ်မှာပဲ။ ဂျပန်အစိုးရလည်း ဘယ်လိုနေမလဲ မသိသေးဘူးဆိုပြီး စိုးရိမ်တယ်။ မင်းတို့အဖွားက အင်္ဂလိပ်ပြေးတာတွေ ဂျပန်ဝင်တာတွေသိတ်တွေးတာမဟုတ်ဘူး။ သူတွေးတာက စစ်။ တိုင်းပြည်မှာ စစ်ဖြစ်တော့မယ်။ စစ်ဖြစ်ရင် လူတွေ ဒုက္ခရောက်ကြမယ်။ ပစ္စည်းတွေ ရှားမယ်။ ပြတ်လတ်မယ်။ လူတွေ ငတ်ကြမယ်။ ဒီတော့ စားစရာ ဝယ်စုတန်တာစုတယ်။ ဆန် ဆီ ဆား ငရုပ် ကြက်သွန်အပြင် ထောပတ်တွေလည်း ပုံးလိုက်ကိုဝယ်တာ။ ရေနံဆီတွေလည်း လေးထောင့်သံပုံးကြီးနဲ့အပြည့် ဝယ်လှောင်တာ။ အဝတ်စတွေလည်း ဝယ်စုတာ။ သူက စက်လည်း ချုပ်တတ်တာကိုး။ စစ်ဖြစ်လို့ ဒုက္ခရောက်ဦးတောင် ငါ့သားသမီးတွေ အဝတ်ရောအစားပါ တတ်နိုင်သလောက် မချို့တဲ့အောင်ဆိုပြီးတော့ပေါ့လေ။ ရှိတန်ဆာ မရှိဝမ်းစာဆိုပြီး သူဝယ်ဝယ်စုထားတဲ့ လက်ဝတ်လက်စားတွေ ရွှေတွေကိုလည်း လုံခြုံတဲ့နေရာ ဝှက်တန်ဝှက်တယ်”ဟုပြောနေတုန်း ကျနော်က ဘယ်နားမှာဝှက်တာလဲအမေဟုမေး၏။ “ခြံဝင်းထဲမှာပဲ။ သူ့ဘာသာမှတ်မိမယ့်နေရာမှာ အမှတ်အသားလေးလုပ်၊ ကျင်းတူးပြီးမြှုပ်တာလေ။ အိုးလေးထဲထည့်ပြီးတော့”ဟုဆို၏။ ကျနော်က အညာတွင် ရေတွင်းတူးရင်း ရွှေအိုးဖော်မိသွားသည့်မိသားစုကို သတိရလိုက်သေး၏။ “စစ်ပြီးတော့ အဲ့ဒါတွေပြန်တွေ့လားအမေ”ဟုမေးတော့ “အေးတွေ့တယ် ဘာတခုမှ လက်ရာခြေရာမပျက်ဘူး”ဟုဖြေ၏
ထို့နောက် “တနေ့ မင်းတို့အဖွားက ထမင်းတွေ အိုးအကြီးကြီးနဲ့ သုံးလေးအိုးချက်ချက်တယ်။ ပြီးတော့ ခြံထဲက နေသာတဲ့ကွက်လပ်နေရာမှာ ဖျာတွေခင်းပြီး ဖြန့်ဖြန့်လှန်းတော့တာပဲ။ မခြောက်သေးရင် ညနေကျ ပြန်ရုပ်။ ခြောက်သွားရင် စဉ့်အိုးကြီးတွေထဲ အောက်ကကောက်ရိုးခံပြီး သိပ်တော့တာပဲ။ တနေ့လည်း မဟုတ်ဘူး။ ရက်တော်တော်ကြာတယ်။ အမေတို့ကလေးတွေလည်း ထမင်းခြောက်လှန်းထားတဲ့နေရာမှာ ကျီးခြောက်ကြက်ခြောက် ခိုင်းတယ်။ နည်းနည်းသွေ့လာတဲ့ဟာတွေကို ဂေါ်လေးတွေနဲ့ထိုးပြီး ဟိုဘက်ဒီဘက်လှန်လှန်ခိုင်းတယ်။ အမေတို့က မင်းတို့အဖွားလုပ်နေတာကို သိတ်နားမလည်ဘူး။ ဒီးထမင်းခြောက်တွေ ဘာလုပ်ဖိ့ ဒီလောက်စုနေတာလဲဆိုပြီး။ ဒါနဲ့ အမေက မေးတော့ အဖိုးနဲ့အဖွားက“စစ်ဖြစ်ရင် ပြောမရဘူးသမီး ထမင်းချက်လို့ရချင်မှရမှာ။ နေဝင်မီးငြိမ်းအမိန့်တို့ မီးခိုးတိတ်အမိန့်တို့ထွက်လာနိုင်တယ်လို့ လူကြီးတွေပြောတယ်။ စစ်ပြေးရင်လည်း ပြေးရလိမ့်မယ်တဲ့။ အဲ့ဒီအခါကျ ထမင်းချက်ဖို့မလွယ်ဘူး။ အချိန်လည်း ရချင်မှရမှာလေ။ ထမင်းခြောက်လေးရှိတော့ သူ့ပြန်ချက်စားစား ပြုတ်စားစား စားလို့ရတယ်။ ချက်ချိန်ပြုတ်ချိန်မရလည်း ရေစိမ်စားလို့ရတာပေါ့။ နောက်ဆုံး ရေစိမ်စားဖို့ပါမရရင် ဒီအတိုင်းပါးစပ်ထဲပစ်ထည့်ပြီး ထညက်ခဲလေး ဘာလေးနဲ့ဝါးလည်း အဆာပြေတာပေါ့။ ပြီးတော့ ထမင်း‌ခြောက်က ဝန်ကျဉ်းတော့ သိမ်းရလည်းလွယ်တယ်လေ။ အထုတ်ခတ်သေးသေး တနိုင်စာလေးတွေထုတ်ထက်ပြီး၊ တယောက်တကိုယ်စာသယ်သွားလည်း ပြန်စုတော့ အများကြီးပြန်ရတာပေါ့ဆိုပြီး ရှင်းပြတော့မှ အမေတို့လည်း သိတာ”ဟု စကားစခနဖြတ်၏။
ကျနော်က “အမေတို့ ဒါဆို စစ်အတွင်း ထမင်းခြောက်စားရတဲ့ အခြေအနေရောက်ခဲ့လား”ဟုမေး၏။ “မရောက်လိုက်ဘူး သားရဲ့။ ဒါပေမယ့် အစားအသောက်တော့ ဂျပန့်ခေတ်တခေတ်လုံး ဆင်းရဲတယ်။ ဟိုဟာဝယ်မရ ဒီဟာဝယ်မရနဲ့။ နောက်ပြီးပိုက်ဆံတွေကလည်း ပေါကုန် တယ်လေ။ ဂျပန်က ရောက်စကအင်္ဂလိပ်ပိုက်ဆံနဲ့ သူ့ပိုက်ဆံအတူတူပဲပြောပြီး ပိုက်ဆံတွေမသိမ်းသေးချိန်တော့ ဝယ်ရခြမ်းရအဆင်ပြေ သေးတယ်။ နောက်ပိုင်း တပ်ကြီးတတပ်လာတိုင်း ပိုက်ဆံစက်တလုံးယူလာပြီး ရောက်တဲ့နေရာ ပိုက်ဆံတွေရိုက်ထုတ်တော့ ပိုက်ဆံတွေက ဘာမှတန်ဖိုးမရှိတော့ဘူး။ အင်္ဂလိပ်ပိုက်ဆံကလည်း သုံးမရတော့ဘူး။ ဂျပန်ပိုက်ဆံကလည်း တန်ဖိုးမရှိတော့ဘူး။ အံမယ်တန်ဖိုးသာမရှိတာ ပိုက်ဆံတွေက အသစ်ကျပ်ချွပ်တွေ။ ဆေးနံ့တောင်မပျောက်ဘူး။ အဲ့ဒီတုန်းက ဈေးသွားဝယ်လို့ ပိုက်ဆံနွမ်းရင် ဆိုင်က လက်မခံဘူး။ ပိုက်ံဆိုတာ ထောင်မလဲသဲကော်မှတဲ့။ ပိုက်ဆံတွေအဲ့လိုဖြစ်ကုန်တော့ ဆင်းရဲသားတွေလည်း ဒုက္ခရောက်တာပေါ့။ အေး အမေထင်တာကတော့ ကုန်သည်ပွဲစားတွေ ပိုဒုက္ခရောက်တယ်ထင်တယ်။ ဟိုဘက်ခေတ်ကပိုက်ဆံတန်ဖိုးနဲ့ သူတို့ဝယ်လှောင်ထားတဲ့ကုန်တွေက ဒီဘက်ခေတ် ပိုက်ဆံနဲ့ပြန်ရောင်းရတာလေ။ မရောင်းလို့လည်းမရဘူး။ မရောင်းရင် ဂျပန်ကဂိုဒေါင်လိုက်သိမ်းရင်း ပိုက်ဆံတွေစက်နဲ့လှည့်ထုတ်ပေးပြီး ဝယ်ရင်ဝယ်သွားတော့တာပဲ။ စားကုန်သောက်ကုန်ဆိုတာကလည်း တာရှည်လှောင်ထားလို့မှမရတော့ ရတဲ့ဈေးနဲ့ထုတ်ရောင်းရတော့တာပဲ။ မရောင်းခါမှ ဂိုဒေါင်ဖေါက်ခံရ အလုခံရမှာပဲဟာ။ ဒီတော့ သူတို့ အကြီးအကျယ်ရှုံးတာပေါ့။ ဒီကြားထဲ ဂျပန်က အလကားယူသေးတာလေ”ဟု စကားရပ်ပြီး ရေသောက်၏။
ချောင်းလည်း တချက်နှစ်ချက်ဆိုး၏။ ဒါနှင့်ကျနော်က “အမေချောင်းဆိုးနေလား”ဟုမေး၏။ “အေး ချောင်းခြောက်လေး နည်းနည်းနည်းနည်း ဆိုးချင်တယ်။ ဒါပေမယ့် ကံကောင်းတာက ဒီနေ့ ဆေးခန်းသွားဖို့ရှိတယ်။ ပုံမှန်ပြနေကျရက်ရောက်လာလို့ပါ။ ဘာမှထူးထူးခြားခြားတော့ မရှိပါဘူး။ ဒါပေမယ့် ချောင်းဆိုးဆိုးနေတာတော့ပြောဦးမှ”ဟုဆို၏။ ကျနော်လည်း အားနာသွား၏။ စကားလည်း ရပ်မှသင့်မည်ထင်၍ ဘာမှဆက်မမေးတော့။ ရေသောက်ပြီး အာခေါင်ခြောက်ပြေသွားဟန်တူသည့်အမေက “ပြည်နာမှ ငွေရှာလို့ကောင်းတယ်ဆိုတဲ့လူတွေလည်း ရှိပါတယ်။ ခေတ်ပျက်သူဌေးတွေပေါ့သားရယ်။ ဒါပေမယ့် သူတို့က နည်းပါတယ်။ ဒီလောက်ကြီးလည်း နင်လားငါလား မရကြပါဘူး။ ဂျပန်က အကုန်အုပ်ထားတာမဟုတ်လား။ ဘဝပျက်ကြတဲ့လူကအများစုပါ။ ဒါ့ကြောင့် အမေပြောတာ တကယ်ဖြစ်တော့ အားလုံးတကယ်ခံကြရတာ ချည်းပဲ။ ဘယ်သူမှမလွတ်ဘူး။ ဒါပေမယ့် ဘာမှပြင်ဆင်မှုမရှိပဲနေရင်တော့ ပိုဆိုးတာပေါ့။ မင်းတို့ အဖိုးအဖွားတွေ စိုးရိမ်စိတ်နဲ့ ကြိုပြင်ဆင်ထားတော့ ဂျပန့်ခေတ်တခေတ်လုံး အမေတို့ သိတ်အဆင်းရဲကြီးဆင်းရဲပြီးတော့ တော့ မနေခဲ့ရပါဘူး” ဟု စကားသတ်၏။ ကျနော်က “ ချို့တော့ချို့ငဲ့တာပေါ့လေ”ဟုထောက်ပေးမိ၏။ “အေး ချို့ငဲ့တာအမှန်ပဲ၊ ဒါပေမယ့် ဘာပြင်ဆင်မှုမှ မရှိတဲ့လူတွေထက်တော့ အများကြီးသက်သာတာပေါ့သားရယ်ဟုဆို၏။
ကျနော်က ကြိုပြင်ဆင်မထားရင် အခံရပိုဆိုးတယ်ဆိုသည့်အမေ့ဆုံးမစကားနှင့် ပြည်နာမှငွေရှာကောင်းတယ်ဆိုပေမယ့် ပြည်တကယ်ပျက်တော့ ဘယ်သူမှစက်ကွင်းမလွတ်ပါဘူးဟူသည့် အမေ့ဘဝပြဌာန်းချက်မှရလာသည့်ဒဿနတို့ကိုသဘောကျနေမိ၏။
မျိုးမြင့်ချို
၃၊ မတ်၊ ၂၀၂၀

0 comments:

Post a Comment