Saturday, March 7, 2020

ဆရာဒဂုန္တာရာ ရေးသူ-ပထဝီမောင်တင် [

0 comments
ဆရာဒဂုန္တာရာရေးသူ-ပထဝီမောင်တင် [၁၃၆၂ ခု၊ တန်ဆောင်မုန်းလ။ ၂၀၀၀ ခု၊ နိုဝင်ဘာထုတ် မာယာမဂ္ဂဇင်း ပြန်လည်ကူးယူ ဖော်ပြပါတယ်]

ဒဂုန်တာရာကို ကျွန်တော်က ကိုဌေးမြိုင်လို့ပဲ ခေါ်တယ်။ သူနဲ့ ကျွန်တော်က ရန်ကုန် ၁၄ လမ်းမှာ နေတုန်းကတည်းက၊ တာရာမဂ္ဂဇင်း စထုတ်လာ ကတည်းက သိတယ်။ ရင်းနှီးခဲ့တယ်။ အထူးသဖြင့် သူဝတ်စားတာကို ကြည့်ပြီး နောက်ပြောင်နေတော့ ပိုရင်းနှီးတယ်။ သူက ဘယ်တော့မှ ဘန်ကောက်လုံချည် ခါးကချတာ မဟုတ်ဘူး။ စကားပြောရင်လည်း အေးအေးနဲ့ ပြောတယ်။ သူ ဒီလိုနေ၊ ဒီလိုဝတ်၊ ဒီလိုပြောတာကို နောက်ပြောင်နေရင် သူက သူ့ဟာသူ နေတယ်။ အင်မတန် သည်းခံနိုင်တယ်။ ဒါကြောင့် ပိုရင်းနှီးတယ်။

သူက ဗိုလ်ချုပ်အောင်ဆန်း၊ ကိုလှဖေ(ဗိုလ်လကျ်ာ)၊ သခင်သန်းထွန်း၊ ကိုဗဟိန်းတို့နဲ့ တော် တော် ရင်းတယ်။ တတွဲတွဲလဲ နေတယ်။ ကိုဗဟိန်းနဲ့ကတော့၊ အရင်းနှီးဆုံး အတွဲဆုံးပဲ။ နှစ်ယောက်စလုံးက စာသမားချင်းဆိုတော့ သိပ်အတွဲညီတယ်။ ဒါကြောင့် ရှမ်းပြည်နယ်က ပြန်လှဲ့ခဲ့ရတဲ့ တရုတ်ပြည်ခရီးမှာ သူတို့နှစ်ယောက် သွားခဲ့ကြတာပေါ့။
ဗိုလ်ချုပ်တို့ ဂျပန်ပြည်က ပြန်လာပြီး BIA ရုံးမှာ သူ့ကို ခေါ်ထားသေးတယ်။ တပ်မတော်ဝါဒ ဖြန့်ချိရေးအနေနဲ့ ထားတာ ဖြစ်မယ်။ အဲဒါ ခဏပဲ လုပ်ပြီး ထွက်သွားတယ်။ ကြာကြာ မလုပ်ဘူး။သူက စာသမား၊ စစ်ရေးသမား မဟုတ်ဘူး။ ဟို ကျောင်းသားဘဝ ကတည်းက အိုးဝေမဂ္ဂဇင်းမှာ သူတို့ လုပ်ခဲ့ကြတာ မဟုတ်လား။
၁၉၃၇ ခုနှစ်က ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂမှ ထုတ်ဝေတဲ့ 'မျိုးညွန့်' မဂ္ဂဇင်းမှာ သူ အယ်ဒီတာ လုပ်ဖို့ပဲ။ သူ လုပ်မဲ့အလှည့်ကျမှ မဂ္ဂဇင်းက ရပ်သွားတယ်။ မျိုးညွန့်မဂ္ဂဇင်းကို ခုခေတ်လူငယ်တွေ သိကြမှာ မဟုတ်ဘူး။ ကျောင်းသားသမဂ္ဂကနေ ထုတ်ခဲ့တယ်လို့လဲ သိကြမှာ မဟုတ်ဘူး။ မျိုးညွန့်မဂ္ဂဇင်းကို ၁၉၃၇ ခုနှစ် စက်တင်ဘာလမှာ အတွဲ ၁၊ အမှတ် ၁ စ ထုတ်ခဲ့တယ်။ အမှတ် ၂ က ဒီဇင်ဘာလမှာ ထုတ်ခဲ့တယ်။ အမှတ် ၃ ကို ထုတ်တယ်။ ပြီးတော့ ရပ်သွားတယ်။ ကျွန်တော့်ဆီမှာ မျိုးညွန့်မဂ္ဂဇင်း အမှတ် ၂ ရှိတယ်။ မဂ္ဂဇင်းတည်းဖြတ်သူ (အယ်ဒီတာ) မောင်ဘဟိန်း၊ အတိုင်ပင်ခံ ဦးကျော်မြင့် ဝတ်လုံတော်ရ။ တန်ဖိုး လေးပဲ။ မဂ္ဂဇင်းကို ရန်ကုန်မြို့ မြန်မာ့ဇေယျာ စာပုံနှိပ်တိုက်မှာ ရိုက်၍၊ မောင်ဘေသန်းက ထုတ်ဝေသည်လို့ ရေးထားတယ်။ အမှတ် ၂ မဂ္ဂဇင်းမှာ ကိုနု၊ ကိုဘဟိန်း၊ ကိုသိန်းဖေ၊ ကိုညိုမြ၊ သခင်လေးမောင်နဲ့ သုပဏ္ဏက (သခင်သန်းထွန်း) တို့က ပါဝင် ရေးသားကြတယ်။ ဒါက ကြုံလို့ ပြောတာပါ။
ကိုဌေးမြိုင်က ကျောင်းသား လှုပ်ရှားမှုတွေမှာ ပါခဲ့တယ်။ ၁၉၃၈ ခုနှစ် ဒီဇင်ဘာ ၁၅ ရက် ကျောင်းသားတွေ ပုဒ်မ ၁၄၄ ဖီဆန်ပြီး ဆန္ဒပြပွဲလုပ်တဲ့အခါ၊ တူတဇင် အမှတ်အသားနဲ့ အလံနီကြီးကို ကိုင်ပြီး ကိုယ်တိုင် ပါဝင်ခဲ့တဲ့လူ ဖြစ်တယ်။ ၂၀ ရက်နေ့ အတွင်းဝန်ရုံး ဝိုင်းတုန်းကလဲ ပါဝင်ခဲ့တယ်။ ဒီပွဲမှာ ကိုအောင်ကျော် ကျဆုံးခဲ့တယ်။
၁၃၀၀ ပြည့် အရေးတော်ပုံနဲ့ ပါတ်သက်ပြီး ကိုဌေးမြိုင် ကိုယ်တိုင်သိတာတွေ အများကြီးပါ။ မြန်မာနိုင်ငံရဲ့ အရေးပါတဲ့ နိုင်ငံရေးခေါင်းဆောင်တွေနဲ့ သူက တွဲနေခဲ့၊ အတူနေခဲ့သူပါ။ ကိုသိန်းဖေ(ဦးသိန်းဖေမြင့်) အရှေ့ကနေဝန်းထွက်သည့်ပမာရေးတော့ ၁၃၀၀ပြည့်အခန်းမှာ ကိုဌေးမြိုင် စာတွေ ကိုးကားခဲ့ရတာ ကြည့်ပါလား။
သူကိုယ်တိုင်သိ၊ သူကိုယ်တိုင် ပါဝင်ပါတ်သက်တာတွေ အများကြီး ရှိပါတယ်။ သူက ပြောခဲပါတယ်။
ဂျပန်ခေတ်မှာ သူက တော်လှန်ရေးခေါင်းဆောင်တွေနဲ့ အတူနေတယ်။ ရန်ကုန်မှာ အနေများ တယ်။ ဗိုလ်လကျ်ာအိမ်မှာ အနေများတယ်။ သခင်သန်းထွန်းအိမ်မှာနေတယ်။ ဗိုလ်ချုပ်အိမ်မှာလဲ ဝင်လိုက်ထွက်လိုက် နေလိုက်ပါပဲ။
ကိုဗဆွေကြီးနဲ့လဲ ရင်းနှီးပါတယ်။ ကိုကျော်ငြိမ်းထက် ပိုရင်းနှီးပါတယ်။ သူက အဲဒီလို နိုင်ငံရေး ခေါင်းဆောင်တွေနဲ့ သိသလို နိုင်ငံရေးပါတီတိုင်း ပါတီတိုင်း အကြောင်းတွေကို လေ့လာတယ်။ သုံးသပ်တယ်။ သိတယ်။ သူကြိုက်ရင် ကြိုက်တယ်။ မကြိုက်ရင် မကြိုက်ဘူး ပွင့်ပွင့်လင်းလင်း ပြောတယ်။ ဆိုရှယ်လစ်တွေ မှားရင် မှားတာကို ပြောတယ်။ ကွန်မြူနစ်ပါတီ လွန်ရင်လဲ လွန်သွားတာ ပြောတယ်။ ပြောရဲတယ်။ လူတွေကလဲ ရင်းနှီးကြတယ်။ သူက သူ့ ရပ်တည်ချက်နဲ့ သူနေတယ်။ စစ်ပြီးစ လောက်မှာ ကျွန်တော်ဆီမှာ စာပေသစ်မဂ္ဂဇင်း လာရိုက်တယ်။ ကျော်အောင်ရယ်၊ မြသန်း(မြသန်းတင့်) ရယ်၊ ကိုသန်းတင်ရယ်ပေါ့ဗျာ။ ကိုသန်းတင်က အင်မတန် သည်းခံနိုင်တဲ့လူ။ စာပေသစ်မ၈္ဂဇင်းကို သူကပဲ အကုန်အကျခံပြီး ထုတ်ခဲ့တာ၊ နှစ်အုပ် သုံးအုပ်မှာပဲ ရပ်သွားတယ်။ ရပ်ရတဲ့ အကြောင်းလဲ ရှိတယ်။ ထားတော့။
နိုင်ငံရေး၊ ကျောင်းသားလှုပ်ရှားမှု၊ စာပေ၊ ငြိမ်းချမ်းရေး လုပ်ငန်းတွေမှာ သူက အာရုံစိုက် ထားတယ်။ စာပေကို သိပ်မြတ်နိုးတယ်။ စာပေမြတ်နိုးလို့ အမြတ်အစွန်းအတွက်၊ ငွေကြေးအတွက် မဟုတ်ပဲ၊ စာအုပ်ထုတ်တဲ့လူဆိုတာ အတော်နည်းပါတယ်။ သူက တာရာ မဂ္ဂဇင်းထုတ်တာ။ ဂန္ထဝင်ဂျာနယ်ထုတ်တာလုံးလုံး အမြတ်အစွန်းအတွက် မဟုတ်ဘူး။ စာပေကို မြတ်နိုးလို့ ထုတ်ခဲ့တာ။ ဒီစာအုပ်တွေမှာ သူဘာတွေ ရေးခဲ့သလဲ။ ဖတ်ကြည့်ပါလား။ တိုင်းချစ်ပြည်ချစ်စိတ်၊ နိုင်ငံရေးလှုပ်ရှားမှု၊ ကျောင်းသားလှုပ်ရှားမှု၊ စာပေရေးရာ ဒါတွေ သူရေးခဲ့တာပဲ။
ကိုဌေးမြိုင်က ပင်ကိုယ်က သိပ်ရိုးတယ်။ ရိုးရိုးစင်းစင်းပဲ ပြောတတ်၊ နေတတ်၊ စားတတ်တယ်။ ဘာဟိတ်ဟန်မရှိပါဘူး။ သူ့မှာ ရင်းနှီးတဲ့ ကျောင်းနေဖက် သူငယ်ချင်း သုံးယောက်ရှိတယ်။ မင်းနဲ့ ငါနဲ့ တရင်းတနှီး ပြောကြ ခင်ကြတဲ့ လူတွေ။ ကနေ့ထိ သက်ရှိထင်ရှား ရှိကြသေးတယ်။ ဘီဘီစီ ဦးမောင်မောင်ရယ်၊ ဆရာတိုက်စိုးရယ်ပဲ။ သူတို့က ငယ်ပေါင်းကြီးဖော်။ သိပ်ရင်းနှီးတဲ့လူတွေ။ သိပ်ခင်မင်ကြတဲ့ လူတွေ။
ကိုဌေးမြိုင်ဟာ စစ် နဲ့ ငြိမ်းချမ်းရေးမှာ သူက ငြိမ်းချမ်းရေးသမားလို့ ကျွန်တော်မြင်တယ်။ ဟိုတုန်းက ဗိုလ်ချုပ်ရဲ့ စစ်ရုံးက ဆင်းပြေးလာတာလဲ ဒါပဲ။ ဗိုလ်ချုပ်နဲ့ ဗိုလ်လကျ်ာနဲ့ ပတ်သက်တဲ့လူတွေ တော်တော်များများ စစ်ထဲရောက်ကုန်ကြတာပဲ။ စစ်ထဲဝင်သွားကြတာပဲ။ သူတယောက်ပဲ စစ်ထဲမ ရောက်တာ။ စစ်ထဲမဝင်တာ။ နောက်ပိုင်း သူငယ်ချင်းတွေ အချင်းချင်း လက်နက်ကိုင် တိုက်ခိုက်ကြ တော့လဲ တောက်လျှောက် သူဆန့်ကျင်ခဲ့တာပဲ မဟုတ်လား။ လူမျိုးစု အခွင့်အရေးတွေမှာ သူ အတော်တော် မှန်မှန်ကန်ကန် ရပ်တည်ခဲ့တယ်။
ငြိမ်းချမ်းရေး၊ ညီညွတ်ရေး၊ တန်းတူရေးတွေ သူ စွဲစွဲမြဲမြဲ သုံးခဲ့တာပဲ။ ကိုဌေးမြိုင် စာတွေဖတ် ပြီး တချို့လူတွေက ပြောကြတယ်။ ဗိုလ်ချုပ်အောင်ဆန်းအကြောင်း၊ ဗိုလ်လကျ်ာ ကိုဘဟိန်းတို့ အကြောင်း၊ စစ်နဲ့ငြိမ်းချမ်းရေးအကြောင်း၊ ကမ္ဘာ့ငြိမ်းချမ်းရေးခရီးတွေအကြောင်း၊ စာပေရေးရာ အကြောင်း၊ သူရေးနေတာ ဖန်တရာ တေနေပြီ။ အပ်ကြောင်းထပ်နေပြီတဲ့။ ဒီလို ထင်ကြတယ်။ ဒါပေမယ့် ကျွန်တော်သိတယ်။ သူက ဒါတွေကို အလကားရေးနေတာ မဟုတ်ဘူး။ အဓိပ္ပါယ်မရှိနေရး နေတာ မဟုတ်ဘူး။ အဓိပ္ပါယ်ရှိရှိ ရေးနေတာ၊ သမိုင်းဖြစ်ရပ်တွေကို မျက်ခြေမပြတ် မလစ်လပ်အောင် ရေးနေတာလို့ ကျွန်တော်မြင်တယ်။ သူ ထောင်က လွတ်လာတော့ သူ့ကို ကျွန်တော် တော်တော် လေးစားတယ်။ သူက ထောင်ထဲမှာ တော်တော် တည်တည်ငြိမ်ငြိမ် နေခဲ့တာ။ မှန်မှန်ကန်ကန် ရပ်တည်ခဲ့တာကို ကျွန်တော် သိပါတယ်။
ဒါ ကိုဌေးမြိုင်ကို ကျွန်တော်သိတာ၊ မြင်တာ ပြောတာ။ နောက် ပြောရင်၊ ပြောစရာတွေ အများကြီး ရှိပါတယ်။ နောက်ဆုံး ပြောချင်တာက သူ့ခမျာ အခု အသက်က ရလာ၊ မျက်စိကလဲ ဒုက္ခပေးလာပြီး၊ မမြင်မကန်းပေါ့ဗျာ။ မြင်လဲ ကောင်းကောင်း မမြင်ရှာပါဘူး။ ကန်းလဲမကန်းဘူး။ ခမျာ မျက်စိ ဒုက္ခခံနေရရှာတယ်။
ကျွန်တော် သူ့ကို မေတ္တာရပ်ခံထားတယ်။ 'တို့ခေတ်ကိုတော့ ရောက်ရမည်မှာ မလွဲပါ' ရေးပြီးပြီ။ 'တို့ကိုယ်ကျိုး လုံးလုံးမပါ' ဆိုတဲ့ ၀တ္ထုရေးပါလို့ ပြောတာ ကြာလှပြီ၊ ခုထက်ထိ မရေးသေးဘူး။
[ဦးအုန်းမြင့် တိုးတက်ရေး]
ကိုဌေးမြိုင်ကို ကျွန်တော် စသိတာလား။ နေဦးဗျ။ ဂျပန်ဝင်ကာစလေးမှာ ကျိုက်လတ်ကို BIA ကသိမ်းတော့ ဗိုလ်ရန်နိုင် တပ်က သိမ်းတယ်။ ဗိုလ်ရန်နိုင် (ကိုထွန်းရှိန်)က ကိုဌေးမြိုင်နဲ့ သိပ်ခင်တယ်။ တက္ကသိုလ်မှာ အတူတူ။ သူတို့ သူငယ်ချင်းတွေ ဆိုတော့ ကျိုက်လတ်သိမ်းပြီး ဗိုလ်ရန်နိုင်က ကိုဌေးမြိုင်အိမ်မှာ တည်းနေပါတယ်။
တနေ့တော့၊ ဒီသတင်း ဖျာပုံကနေ ကျွန်တော်တို့ သိတယ်။ သိတော့ ကျွန်တော်ရယ်၊ ကိုလှရွှေရယ်၊ ဖျာပုံကနေ ကျိုက်လတ် သွားကြတယ်။ ဗိုလ်ရန်နိုင်နဲ့ သွားတွေ့ကြတယ်။ အဲဒီမှာ ကိုဌေးမြိုင်ကို စတွေ့တယ်။ စပြီး သိရတယ်။ ကျွန်တော်က ဒီတုန်းက သူ့စာတွေ ဖတ်နေပြီ။ ဒဂုန်တာရာရဲ့ ပရိသတ်ပေါ့ဗျာ။ သူ့စာတွေနဲ့ အရင်သိပြီးမှ လူကို အဲဒီမှာ စသိတာ။
သူ့ကို မှတ်မှတ်ရရ အဖြစ်ဆုံးတွေ့ခဲ့ရတဲ့ နောက်တနေရာဟာ ရန်ကုန်ထောင်ကြီးထဲမှာ တွေ့ရတာပဲ။ ဒီတုန်းက သူက ထောင်မကျပဲ ထောင်ထဲရောက်လာပြီး တနေကုန် စကားတွေ ပြောခဲ့ရတာ။ ခင်ဗျားကို ကျွန်တော်ပြောဖူးတယ်။ ကျွန်တော်တို့ လေးယောက်ရိုက်ထားတဲ့ ဓါတ်ပုံလေ။ ကိုဌေးမြိုင်(ဒဂုန်တာရာ)ရယ်၊ ကျွန်တော်ရယ်၊ မောင်နေဝင်းရယ်၊ ဗန်းမော်တင်အောင်ရယ် ရိုက်ထား တဲ့ပုံ။ အဲဒါ ကျွန်တော်၊ ကိုနေဝင်းနဲ့ဗန်းမော်တင်အောင်က ထောင်ကျနေတာ။ သူက အပြင်ကလာတာ။ ဓါတ်ပုံကို ရိုက်တာက လူထုဦးလှရဲ့တူ ဝင်းမော်ဦး ကိုတင်မောင်။ ဓါတ်ပုံရိုက်တဲ့နေရာက ကျွန်တော့် အခန်းမှာ။ ဒီတုန်းက ရန်ကုန်ထောင်ကြီးမှာ နိုင်ငံရေးအကျဉ်းသမားတွေကို အထူးတန်းထားသေးတယ်။ အဲဒါ ၁၉၅၃ ခုနှစ်လို့ မှတ်မိတာပါပဲ။
ကိုဌေးမြိုင် ထောင်ထဲ ရောက်လာပုံက ဒီလိုဗျ။ ပထမ အကြိမ်က ကျွန်တော်တို့က ဆရာကြီး သခင်ကိုယ်တော်မှိုင်းကို ကန်တော့ချင်တယ်ဆိုပြီး သက်ဆိုင်ရာကို တောင်းဆိုကြတယ်။ ခွင့်ပြုချက် ရတယ်။ ခွင့်ပြုချက်ရတော့ ဆရာကြီးကို ကိုဌေးမြိုင်က ထောင်ဗူးထဲ ခေါ်လာတယ်။ ထောင်ဗူးထဲမှာပဲ ကျွန်တော်တို့က ပုတီးလေးတွေ၊ ဘာလေးတွေနဲ့ ကန်တော့ကြတယ်။ အဲဒါတခါ။
နောက်တခါက ဒီဇင်ဘာ အားကစားပွဲတွေ လုပ်တဲ့အခါ ထောင်တွင်းမှာလဲ အားကစားပွဲတွေ ဘာတွေ လုပ်တယ်။ အပြင်လူလဲ ဖိတ်တယ်။ ဒီတုန်းက ထောင်ကော်မတီကို အလံနီ၊ ပြည်သူ့ရဲဘော်၊ ကွန်မြူနစ်ပါတီ သုံးပါတီ အကျဉ်းသားကော်မတီက ကိုင်ထားတယ်။ နိုင်ငံရေး အကျဉ်းသားတွေကိစ္စ အာဏာပိုင်များနဲ့ ပြောဖို့ ဆိုဖို့ပေါ့ဗျာ။ အဲဒီမှာ အားကစားကော်မတီ ဥက္ကဌက ထောင်ကျနေတဲ့ လူထုဦးလှ။ အဲဒီ အားကစားပွဲကို အပြင်လူ ဖိတ်တဲ့အခါ ကိုဌေးမြိုင်ပါလာတယ်။ အဲဒီလိုနည်းနဲ့ သူထောင်ထဲ ရောက်လာတာ။
ကျွန်တော် မှတ်မိတယ်။ ဗန်းမော်တင်အောင်က သူ့ကိုပြောတယ်။ (ကိုဌေးမြိုင်) ကို ပြောတယ်။ "ခင်ဗျားက ဘယ်တော့မှ ထောင်ကျမယ့်လူမဟုတ်ဘူး။ ဒါကြောင့် ထောင်ထမင်း ထောင်ဟင်းစားရမှာ မဟုတ်ဘူး။ ဒါကြောင့် အခု ခင်ဗျားကို ကောင်းကောင်းမကျွေးဘူး၊ ထောင်ထမင်း၊ ထောင်ဟင်းပဲ ကျွေးလွှတ်မယ်" စားဖူးအောင်ဆိုပြီး တကယ်ပဲ ထောင်ထမင်း၊ ထောင်ဟင်းကျွေးလွှတ်လိုက်တယ်။ သူကလဲ စားသွားတယ်ဗျ။
နောက်တခု ထောင်ထဲမှာ အားကစားသမားတွေ ချီတက် အလေးပြုပွဲ လုပ်တယ်။ ထောင်ပိုင်က သူအလေးပြု ခံချင်တယ်။ ဒီကလဲ အားကစားကော်မတီ ဥက္ကဌဦးလှကိုပဲ အလေးပြု ကြမယ်ဆိုပြီး ဖြစ်ကြတယ်။ တော်တော်နဲ့ မဆုံးဖြတ်နိုင်ဘူး။ နောက်ဆုံးမှ စေ့စပ်ကြတော့ ဦးလှကို ချီတက် အလေးပြုမယ်၊ ဦးလှက အလေးပြုခံမယ်၊ ထောင်ပိုင်က ဦးလှဘေးမှာ ရပ်နေရမယ်။ အဲဒါနဲ့ ပြတ်သွားတယ်။ အဲဒီနေ့ သူရောက်လာတာ မနက်ကိုးနာရီ သာသာ ၁၀နာရီ လောက်ကရောက်တာ ညနေ ၃နာရီကျော် လေးနာရီ လောက်မှ ပြန်သွားတာပဲ။
နောက် ဗန်းမော်တင်အောင် အခန်းမှာတောင် ကျွန်တော်နဲ့ဗန်းမော်တင်အောင်တို့ တွဲပြီး ဓါတ်ပုံ ရိုက်ကြသေးတယ်။ အဲဒီပုံလဲ ရှိတယ်။
အဲဒီတုန်းက စာအကြောင်း၊ နိုင်ငံရေးအကြောင်း၊ လူပုဂ္ဂိုလ်တွေအကြောင်း တနေကုန် ပြောကြ တာ မှတ်မှတ်ရရပါပဲဗျာ။ အဲဒါ သူ ထောင်မကျပဲ ထောင်ထဲ ရောက်လာခဲ့တာ။
နောက်ပိုင်း ဗိုလ်လကျ်ာကိစ္စနဲ့မှ ထောင်ကျတော့တာ။ သူ့ကို ကျွန်တော်မြင်တာက သူဟာ စာပေသမား၊ ငြိမ်းချမ်းရေးသမားလို့ မြင်ပါတယ်။ သူဟာ တချိန်လုံး ယုံကြည်ချက်ပေါ်မှာ သစ္စာရှိရှိ ရပ်တည်တဲ့ ပုဂ္ဂိုလ်ပါ။
[လေထီးအုန်းမောင်]

တနေ့ ၁၉၉၅ ခုနှစ်၊ မတ်လ ၃ ရက်နေ့မှာ ဦးလေး(ဦးအုန်းမြင့်-တိုးတက်ရေး) က ခေါ်လို့ သူ့အိမ် ကျွန်တော် ရောက်သွားပါတယ်။ အဲဒီမှာ ဆရာဒဂုန်တာရာ၊ ဦးအုန်းမောင်(လေထီး)၊ ဦးအုန်းမြင့် (တိုးတက်ရေး)တို့နဲ့ ဆုံဖြစ်ပါတယ်။ လူကြီးတွေ ဆုံတဲ့အခါ အင်မတန် မှတ်စရာ သားစရာ အကြောင်း အရာတွေ စကားတွေကို ကြားရတတ်ပါတယ်။ အခုလဲ ဒီပုဂ္ဂိုလ်ကြီးတွေ ဆုံတဲ့အခါ သူတို့ ကြုံခဲ့ တွေ့ခဲ့ ဖြတ်သန်းခဲ့ရတဲ့ သမိုင်းဖြစ် ရပ်ဇာတ်ကွက်တွေ၊ ခေတ်ကာလရဲ့ အခြေအနေတွေ၊ သမိုင်းဇာတ်ဆောင် များရဲ့ အကြောင်းတွေကို နားထောင်ရတာ အင်မတန်မှ အဖိုးတန်လှ ပါတယ်။
နက်ဖန်ဆိုရင် ဆရာဒဂုန်တာရာ ကလောမြို့ကို ပြောင်းဖို့ ရွှေ့ဖို့ ပြင်ဆင်နေပါပြီ။ အဲဒီလို မပြောင်းခင် မရွှေ့ခင် သူတို့ လူကြီးများဆုံပြီး စကားပြောကြတဲ့ ဝိုင်းပါ။ ကျွန်တော်က နာယူရတဲ့ သူပါ။ အင်မတန် ကံကောင်းလှပါတယ်လို့ ကျွန်တော်ခံစားရပါတယ်။
ကျွန်တော် မရှင်းမလင်းဖြစ်နေတဲ့ သမိုင်းအချက်အလက်တခုကိုလဲ လူကြီးများ ခွင့်ပြုလို့ မေးခွင့်ရလိုက်ပါတယ်။ အဲဒါကတော့
"ကျွန်တော် စာအုပ်များမှာ ဖတ်ရတဲ့ ဗမာပြည်ကွန်မြူနစ်ပါတီ ဖွဲ့တဲ့ နေရာဌာနဟာ သုံးနေရာ လောက် ဖြစ်နေတာ တွေ့ရပါတယ်။ တနေရာက ရန်ကုန်မြို့၊ စမ်းချောင်းရပ်၊ မြေနုလမ်း အိမ်အမှတ် ၁၁ မှာလို့ ဆိုပါတယ်။
နောက်တနေရာက ရန်ကုန်မြို့။ ၄၉ လမ်း အမှတ် ၁၈၈ လို့ ဆိုတယ်။ (ဘုံဘဝမှာဖြင့် စတုတ္ထတွဲ စာ-၃၀၆)။
နောက်တခုက ကုလားရဲဘော်များ စုပေါင်းနေထိုင်တဲ့ ဘားလမ်း (ယခု မဟာဗန္ဓုလပန်းခြံ လမ်း)၊ ရန်ကုန် လို့ ဆိုပါတယ်။ ဘယ်ဟာ အမှန်ဖြစ်ပါသလဲ ခင်ဗျာ" လို့ မေးတဲ့အခါ ဆရာဒဂုန်တာရာ က "သခင်စိုးကိုယ်တိုင် ပြောခဲ့ ရေးခဲ့တာတော့၊ မြေနုလမ်း အမှတ်၁၁၊ စမ်းချောင်းမှာလို့ ပြောပါတယ်။ အဲဒီအိမ်က ကိုဗဟိန်းနဲ့ ကိုထွန်းရှိန် (ဗိုလ်ရန်နိုင်) အတူငှားနေတဲ့အိမ်၊ မျက်နှာချင်းဆိုင်မှာ မခင်ကြီး အိမ်ရှိတယ်။ ကိုဗဟိန်းနဲ့ မခင်ကြီးက ကြိုက်နေကြတုန်း။ ကိုထွန်းရှိန်ကတောင် စနေပြီလေ။ ကလေး တယောက် အဲဒီအိမ် လာလာနေတယ်။ ကိုဗဟိန်းက ကလေးချစ်တတ်တယ်။ ဓာတ်စက်လဲ သိပ် ဝါသနာပါတယ်။ ဓာတ်ပြားသီချင်းတွေ ဖွင့်ဖွင့်ပြီး နားထောင်ကြလေ့ရှိတယ်။ သီချင်းသိပ်ကြိုက်တယ်။ ဒါကြောင့် ကိုဗဟိန်းကို ကျွန်တော်က သိပ်ခင်တာ။ အဲဒီအိမ်မှာ ဖွဲ့တယ်လို့ မှတ်မိတယ်" လို့ ပြောပါတယ်။
နောက်စကားတွေ ဆက်ပြောကြရင်း ဆရာက စကားတလုံး ဆက်ပြောပါတယ်။ "အကြောင်း အရာတခုကို စဉ်းစားတဲ့အခါ အချက်အခိုင်ဆုံး ပြောနိုင်သူဟာ ခေါင်းဆောင်ဖြစ်တာပဲဗျ။ ကျွန်တော်က ကမ္ဘာ့ငြိမ်းချမ်းရေးကိစ္စ လုပ်တုန်းက အတွေ့အကြုံအရ ပြောရရင် တချို့ပဂ္ဂိုလ်တွေဟာ အစည်းအဝေး တက်သာလာတာ ဘာမှ ပြောစရာမရှိ ဆိုစရာ မပါကြဘူး မပြောကြဘူး။ မပြောနိုင်ကြဘူး။ ကမ္ဘာငြိမ်းချမ်းရေး ကိစ္စတွေ သိပ်မလေ့လာတော့ သိပ်မပြောနိုင်ကြဘူးပေါ့။ လေ့လာတဲ့လူ၊ စာများများ ဖတ်တဲ့လူက ပြောနိုင်တယ်။ ဆိုနိုင်တယ်။ ပြောနိုင် ဆိုနိုင်သူက ခေါင်းဆောင်ဖြစ်သွားတာပဲဗျ" စတဲ့ စတဲ့ စကားတွေ ကြားနာခဲ့ရတယ်။
ကျွန်တော့်မှာ အဲဒီနေ့က မှတ်စရာတွေ မကုန်နိုင်အောင် ကြားရတယ်။ ပညာရခဲ့ပါတယ်။ ဆရာကျန်းမာပါစေ။ အသက်ရာကျော် ရှည်ပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

ပထဝီမောင်တင်
စာပေဂျာနယ်၊ အတွဲ ၃၊ အမှတ် ၄၊ ၁၉၉၅ ဒီဇင်ဘာ။

0 comments:

Post a Comment