Monday, July 26, 2021

သွက်လက်ချက်ချာသောမယ်မျှင်

0 comments
သွက်လက်ချက်ချာသောမယ်မျှင်
ဦးဖိုးကျား
ကျွန်ုပ်သည် နံနက်လမ်းလျှောက်လေ့ရှိ၏ ။ တစ်နံနက်၌ ရန်ကုန်မြို့ကျောက်မြောင်းဘက်သို့ လှည့်၍လျှောက်ခဲ့၏။ လမ်းတွင် ရုတ်တရက် မိုးရွာသည်နှင့် အနီးရှိ အိမ်ဆိုင်ငယ်ကလေးတစ်ခုသို့ မိုးဝင်၍ ခိုမိ၏။
အိမ်ခန်းကျဉ်းကျဉ်း၊ ဟောင်းနွမ်းသော ဆိုင်ခုံပေါ်တွင် ဆေးပြင်း လိပ်၊ ဆေးပေါ့လိပ်၊ မုန့်ပဲသရေစာ အနည်းငယ်မျှ တည်ခင်းထား၏။ ဆိုင်ရှင်မှာ ၁၅ နှစ် ၁၆ နှစ်ရွယ် သူငယ်မ ဖြစ်၏။ ပုံပန်း တော်သင့်ရုံ ရှိ၏။ အနေအထိုင် အဝတ်အစားတို့ကို မြင်ရသဖြင့် ဆင်းရဲ နွမ်းပါးကြောင်းကို သိရ၏။ သို့ရာတွင် ဝတ်စားပုံ၊ ထားပုံ၊ သိုပုံ၊ ဆိုင်ခင်းထားပုံ တို့ကို မြင်ရသဖြင့် ထိုသူငယ်မသည် သေချာသပ်ရပ် ကျကျနန ရှိသည်ကို အထူးသတိပြုမိ၏။
ဆိုင်သို့ဝင်မိလျှင် ထိုသူငယ်မက ပြုံး၍
“ဪ၊ ဦး မိုးဝင်ခိုတာ လား၊ ထိုင်ပါ ထိုင်ပါ၊ မိုးစဲမှ သွားတာပေါ့ ရှင်”
“အေး၊ ကျေးဇူးပါကွယ်၊ ဦးက ခုမနက် နေသာတာနဲ့ မိုးမရွာ ဘူးလားလို့ ထီးတောင်မယူခဲ့ဘူး”
“ဟုတ်ကဲ့၊ နေသာပေမယ့် မိုးသားမှ မကင်းဘဲ။ ခုမနက် မိုးရွာ မှာပေါ့ ဦးရဲ့”
“အေး၊ မင်းက အမှတ်အသားကောင်းသားပဲ” (သူ့ အရွယ်နှင့် စာသော် တော်ပေ၏ဟု စိတ်ထဲက ချီးမွမ်းမိ၏ ။)
ထို့နောက် ထိုသူငယ်မ ဘေးနားတွင် သတင်းစာဟောင်း၊ ဂျာနယ် ဟောင်း လေးငါးခု တွေ့မြင်ရသည်နှင့်
“ဪ၊ သတင်းစာဖတ်နေကျလား”
“ဟုတ်ကဲ့၊ ဆိုပါတော့ရှင်။ ကိုယ်တိုင်ဝယ်မဖတ်နိုင်ပါ။ အနီး အနားမှာ ဝယ်ဖတ်နိုင်တဲ့ လူများဆီက အဟောင်းအမြင်းကလေးများ တောင်းရမ်း ဖတ်ရပါတယ်။ မှန်မှန်လည်း မဖတ်ရဘူးဦးရဲ့”
“အေး...အေး၊ စာဖတ်တာ ကောင်းတာပေါ့ကွယ်၊ မင်း တော်တော် စာဖတ်တတ်သလား”
“ကျွန်မ ငယ်ငယ်က အိမ်မှာပဲ အဖေက စာသင်ပေးပါတယ်။ ကျွန်မတို့ ဆင်းရဲတယ်ရှင့် ၊ ကျောင်းမှာမနေနိုင်ဘူး။ အခုတော့ အဖေရော အမေရော ဆုံးသွားကြတာ လေးငါးနှစ် ရှိပါပြီ။ ကျွန်မနဲ့ မောင်လေးနဲ့ နှစ်ယောက်တည်း ရှိပါတယ်၊ အဲဒါနဲ့ တော့ဒီတော့ဒတ် ဖတ်တတ်ရာက ဟိုဟာဆွဲဖတ် ဒီဟာဆွဲဖတ်နဲ့ ခုတော့ တော်တော်ကလေး ဖတ်နိုင်ပါပြီ
ရှင့်”
“နေပါဦး၊ မင်း သတင်းစာဖတ်တာ တိုင်းရေးပြည်ရေး ဝါသနာ ပါလို့လား”
“တိုင်းရေးပြည်ရေး ဝါသနာပါလို့ရယ် မဟုတ်ပါဘူး၊ စာဖတ်ချင် တဲ့ ဝါသနာကလည်း ရှိ၊ ဖတ်ရင်လည်း မှတ်စရာ သားစရာ တွေ့တာနဲ့ ဖတ်တာပါပဲ”
“နို့- မင်းဖတ်တဲ့ သတင်းစာ ဂျာနယ်တွေမှာ မင်း ဈေးရောင်း တာနဲ့ တိုက်ရိုက်ဆိုင်တာများ ပါလို့လား” (စုံစမ်းလို၍မေးသည်)၊
“တိုက်ရိုက်တော့ ဘယ်ပါမလဲဦးရဲ့ ၊ နို့ပေမဲ့ ဟိုဒင်း ပြောတာလို ဆားများ စားရတယ်မရှိဘူး၊ ဟင်းခပ်တာနဲ့ ကုန်တာပဲဆိုသလိုပေါ့ ဦးရဲ့၊ စာဖတ်လို့ အကြားအမြင်များတော့ ဈေးရောင်းတာရော ဘာရော နေရာ တိုင်းမှာ စိတ်ကူးဉာဏ် အလိမ္မာတိုးတာပေါ့ ရှင်”
“အေး၊ ဟုတ်တန်ရာရဲ့ ၊ နေပါဦး၊ မင်းတို့မိန်းမတွေ ဒီသတင်း စာတွေ ဂျာနယ်တွေဖတ်ဖို့ လိုသလားကွဲ”
“ဟာ... ဦးကြီးနှယ်၊ လိုပါပြီလား။ ခုတစ်လော မကြားဘူးလား ရှင့်၊ မိန်းမအသင်းတွေဖွဲ့၊ ဝတ်လုံတွေဘာတွေတောင် ဖြစ်ကုန်ပြီ ဆိုပဲ ဦးရဲ့၊ ပြီးတော့လည်း ယောက်ျားဖြစ်ဖြစ် မိန်းမဖြစ်ဖြစ် စာတတ်ရင် ကောင်း တာပေါ့ ဦးရဲ့”
“မင်းတို့မောင်နှမနှစ်ယောက် ဘယ်လိုနေကြ စားကြသလဲကွဲ”
“ဪ...ကျွန်မမောင်လေးက ဟိုဘက်နားက ဦးမြဘူးကျောင်းမှာ နေတယ်၊ အခု သုံးတန်းရောက်နေပြီ။ စာမေးပွဲတိုင်း အောင်တယ်ဦးရဲ့ ။ ကျွန်မ ဈေးရောင်းလို့ တစ်နေ့တစ်မတ် ငါးပဲလောက် ကျန်တယ်။ အဲဒါ ကလေးနဲ့ ကျောင်းလခလည်း ပေးရတယ်၊ ဝတ်ဖို့၊ စားဖို့၊ နေဖို့လည်း ဒီအထဲကပဲ၊ တစ်ခါတစ်ခါ အဝတ်အစားအဆန်းကလေးများ ဝယ်ချင် ပါရဲ့၊ ရုပ်ရှင်လည်း ကြည့်ချင်တာပဲ၊ နို့ပေမဲ့ ပိုက်ဆံမလောက်တော့ ခြစ်ခြစ်ဖြုတ်ဖြုတ် ခြိုးခြံနေရတာပဲ ဦးရဲ့”
“အေး...သာဓုကွယ်၊ သာဓု။ မိုးလည်း စဲပြီ၊ ဦး သွားလိုက်ဦးမယ်”
ဆို၍ ထွက်ခဲ့၏။
နောက်တစ်နေ့နံနက်၌ ကျွန်ုပ်ရေးသော စာအုပ်ထဲမှ တော် သင့် သော ၅ အုပ်၊ ဗလာစာအုပ် ၁၂ အုပ်၊ သတင်းစာဂျယ်နယ်ဟောင်း ၁၀ စောင်လောက်တို့ကို ထုတ်ယူ၍ ထိုသူငယ်မ ဆိုင်ဘက်သို့ လျှောက် ခဲ့ပြန် ၏။နံနက် ခုနစ်နာရီခန့်တွင် ရောက်သွားရာ ထို ဝီရိယရှိသော သူငယ် မမှာ ဆိုင်အသင့် ခင်းကျင်းပြီးနှင့်သည်ကို တွေ့ရ၏။မြင်လျှင်ပင် နှုတ်ခွန်းဆက်၍
“ရော့ဟေ့၊ မင်းဖတ်ဖို့နဲ့ မင်းမောင် ကျောင်းမှာသုံးဖို့ စာအုပ်တွေ ယူလာတယ်၊ ရော့..ဖတ်ပေရော့”
ဆို၍ ပေးပြီးနောက် ထိုသူငယ်မသည် ကျေးဇူးတင်လွန်း၍ ပါးစပ် အဟောင်းသား ရှိနေစဉ် ကျွန်ုပ်သည် သုတ်သုတ်ထွက်ခဲ့လေ၏။ဤကား လွန်ခဲ့သော လေးငါးနှစ်က အဖြစ်အပျက်တည်း။
လွန်ခဲ့သောလက ကျွန်ုပ် စာတစ်စောင်ရ၍ ဖတ်ကြည့်ရာ အောက်ပါ အတိုင်း ပါလေ၏။
"ဦးရှင့်| စာအုပ်များပေးစဉ်က ရုတ်တရက် ထွက်သွား၍ ကျေးဇူးတင် စကားမှ မပြောလိုက်ရပါ၊ ပေးထားသောစာအုပ်ငါးအုပ်ကို ယခုဖြင့် အလွတ်ရမလောက် ရှိနေပါပြီ၊ ကျေးဇူး အင်မတန်တင်သည့်အတွက် ၄င်း ပေးသောနေ့ ကပင် ကျွန်မ၏ မှတ်တမ်း စာအုပ်တွင် စာရင်းတင်ထား လိုက်ပါသည်။ ဦးကို ဘယ်လို ကျေးဇူး ဆပ်ရမည်လဲဟု အမြဲတွေးနေပါ သည်။ ယခုမှ ၄င်း စာအုပ်တို့ကို ပုံနှိပ်တိုက်က ကျေးဇူးပြု၍ ယခုစာကို ထည့်လိုက်ပါသည်။ ကျွန်မတို့ဆိုင်ဘက်ကို လမ်းလျှောက်ခဲ့စေချင်ပါသည် ဦးရှင့်။
မယ်မျှင်
ကျွန်ုပ်သည် ထိုသူငယ်မကို မေ့နေရာမှ သတိရ၍ ခါတိုင်းလို ပင် ထီးမပါ၊ ဖိနပ်မပါ၊ ဖျင်အင်္ကျီလက်တိုနှင့် ထိုဆိုင်ဘက်သို့ နံနက် လမ်း လျှောက်ထွက်ခဲ့၏။ပထမဆိုင်နေရာတွင် အတန်ကောင်းမွန်သပ်ရပ်သော နှစ်ထပ် အိမ်ကို တွေ့ရ၏။ အောက်ထပ်တွင် ဆေးလိပ်အမျိုးမျိုး၊ ၎င်းပြင် ကုန်စုံ များ၊ တစ်ခြမ်းတွင် လက်ဖက်ရည်ဆိုင်၊ ၎င်းလက်ဖက်ရည်ဆိုင်တွင် လည်း မြန်မာလူငယ်များ အလုပ်လုပ်နေသည်တို့ကို တွေ့ရ၏။ စိတ်တွင် ဇဝေဇဝါ ဖြစ်နေ၍ အလုပ်သမားတစ်ယောက်ကို မေးရာ
“ဪ...မမမျှင်လား၊ ရှိပါတယ်။ သူတို့ အပေါ်ထပ်မှာ နေပါ တယ်။ ကျွန်တော်ပြောလိုက်ပါ့မယ်”
ဟု ပြောပြောဆိုဆိုနှင့် တက်သွား လေ၏။
မကြာမီပင် လက်ဖက်ရည်၊ မုန့်ပဲ သရေစာတို့ကို လောကွတ် ကြီး စွာဖြင့် ကျွေးမွေးပြီးမှ
“ဦးရဲ့ ကျေးဇူးကို ဘယ်တော့မှမမေ့ပါ၊ ပေးထားတဲ့ စာအုပ်ငါးအုပ်ကိုလည်း ဟောဒီမှာ ပေါင်းချုပ်ပြီး သားရေ အုပ်ထားပါတယ်”
ဟု ဗီရိုမှ ထုတ်၍ပြ၏။ မှတ်ထားသော စာ စာရင်း ကိုလည်း ပြ၏။ထို့နောက်ဆက်၍ မိမိစာဖတ်ဝါသနာရှိသဖြင့် ဗဟုသုတများစွာရကြောင်း၊ စိတ်ကူးအကြံအစည်တိုးကြောင်း၊ ထို့ကြောင့်ပင်လျှင် ယခင်ဆိုင်ငယ်မှ ယခုကိုယ်ပိုင်အိမ်နှင့် ဆိုင်ကြီးဖြစ်လာကြောင်း၊ မိန်းမ များ စာဖတ်သင့်ကြောင်း၊ ချွေတာသင့်ကြောင်း၊ ဘာကြောင်း ညာ ကြောင်းနှင့် နာရီဝက်ခန့် ကျွန်ုပ်အား “လက်ချာ”ပေးနေလေသတည်း။
ပြီးမှ ကျွန်ုပ်၏ အဝတ်အစားကို စိုက်ကြည့်၍
“ဪ... ဦးကို ကျေးဇူးဆပ်ချင်ပါတယ်၊ စာအုပ်ဖိုးတွေဟာ ၁ဝ ကျပ် ၁၅ ကျပ်လောက် ရှိပါလိမ့်မယ်၊ အဲဒီတော့ အနည်းဆုံး အဲဒီစာအုပ်ဖိုးတွေကို လက်ခံစေ ချင်ပါတယ်ဦးရဲ့”
“ဦးမှာ ပိုက်ဆံကြေးငွေ မချမ်းသာပါဘူး၊ နို့ပေမဲ့ စာအုပ်ဖိုးကို လက်ခံဖို့ တော့ ဖြစ်မယ်မထင်ဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ပေးတာနဲ့ ရောင်းတာ ခြားနားတာကို မင်းသိတယ်မဟုတ်လား၊ ဦးရဲ့ စာအုပ်ဖိုးကို လက်ခံရမှာဖြင့် မင့်လက်ဖက်ရည်ဖိုး၊ မုန့်ဖိုးတွေကိုလည်း လက်ခံရလိမ့်မယ်"
ဟု ပြောလိုက်ရာ နားလည်လွယ်သောထိုမိန်းကလေးသည်
ပြုံးနေလေတော့သတည်း။
ဆရာကြီး၏ကိုယ်တွေ့ဝတ္ထုတိုများစာအုပ်မှ

ရထားဘီးနှင့် ခဲလုံးများ

0 comments
ရထားဘီးနှင့် ခဲလုံးများ
ညနေ ငါးနာရီထိုးလျှင် ချစ်သူလာမယ်။ ငါးနာရီထက် ဘယ်နည်းနှင့်မှ ပို၍စောပြီး မပြန်နိုင်သည်ကို သိသည်။ လေးနာရီထိုးကတည်းက စောင့်ရှာသည်။ ကြို၍စောင့်သော တစ်နာရီသည် ပင်ပန်းခြင်းစင်စစ်ဖြစ်လေ၏။ ဘယ်တော့မှ မကုန်နိုင်တော့သည့် တစ်ဒင်္ဂလို့လည်း ဆိုချင်သည်။ လျှပ်တစ်ပြက်မျှကြာသော သံသရာလို့လည်း ခေါ်ချင်သည်။
စောင့်ဆဲတွင် ဂနာမငြိမ်ဖြစ်စမြဲပင်။ အိပ်ရာပေါ် လှဲလိုက်၏။ ပြီးတော့ ဟိုဘက်သည်ဘက် မသိဘဲ ယောင်ယမ်း၍လှိမ့်သည်။ အိပ်ရာပေါ်က ထထိုင်ပြီး ဖြုတ်ခနဲ စားပွဲဘေးတွင် မတ်တပ်ရပ်လျှက်ရှိပြန်သည်။ စိတ်က အရှေ့ကပြေးနေလေရာ လူက အတွင်လိုက်လုပ်သော်လည်း လုပ်မိသမျှ ပြန်ပြီးမမှတ်မိနိုင်ရှိရ၏။ လက်ချောင်းများသည် မလှတော့ဘဲ ကျိုးကြဲမသေမချာဖြစ်ကာ ပစ္စည်းပစ္စယကလေးများကို လှုပ်ဆွဲနေလေသည်။ ထို့နောက် လေတစ်ချက်ချွန်သည်။
ချစ်သူ၌ ယုံကြည်သူမို့ ပူလောင်ခြင်းတော့ မရှိချေ။
ကုလားထိုင်၌ထိုင်ကာ ဘာကိုပဲလုပ်တော့မလိုလိုနှင့် စင်စစ်တော့ ဘာမှလည်း လုပ်မည်မဟုတ်။ မလုပ်ဘဲ ပြတင်းပေါက်သို့ မျက်နှာမူသည်။ ပင့်တင်ထားသော ဇာခြင်ထောင်မှ ကြိုးများ ဖိုးရိုဖားရားကျသည်။ အရူးမအင်္ကျီလို မသေမသပ် ခုတင်ခြေရင်း တိုင်နှစ်တိုင်ကို သွယ်တန်းထားသည့်ကြိုး၌ မျက်နှာသုတ်ပုဝါ အစိမ်းနုပြောင်တစ်ထည်။ အပြာစင်းသော အဖြူတစ်ထည် အစွန်းအစချင်း ထပ်လျက်ရှိသည်။ ကြည့်ရင်း အဝတ်နှင့်လုပ်သောအရုပ်နှင့် တူသည်ဟု ထင်၏။ ကြာကြာတော့ မထင်နိုင်ချေ။ အကြောင်းကား ငါးနာရီထိုးလျှင် ချစ်သူလာမည့်အကြောင်းကား စိတ်တွင်ပို၍ ထင်လင်းနေပေ၏။
သို့သော် ခြင်ထောင်ဟိုဘက်၌ ပြတင်းကို တစ်ဝက်ကာသည့် ကန့်လန့်ကာ အဖြူသည် ခပ်ကြမ်းကြမ်း လွင့်ပါးနေပြန်သည်။ ကိုယ့်ဘက်ကို လွင့်ပါးကာ လက်ဆန့်တန်းခေါ်သလိုပင်။ ထိုအခါ မိုးသက်လေအေးက သူ့ခေါ်တာမဟုတ်ဘဲနှင့် ဝုတ်ခနဲ အပြေးဝင်လာ၏။ လေးထောင့် သံဆန်ကာကွက် အပြည့်ကာထားလေရာ လေသည်သာ အစိုင်အခဲဖြစ်ပြီး ပုံသဏ္ဌာန်တစ်ခုခုကို တစ်ခဏဖြစ်စေ ဆောင်နေနိုင်လျှင် လေးထောင့်ကွက်ကလေးများ ကြွေကြကြမည် ဖြစ်သည်။
ကြည့်စမ်း။ ထူထဲလေးလံသော ပြတင်းတစ်ဖက်တစ်ချက် ခန်းဆီးရှည်ကြီးပင် ဆင်အရေခွံလို လွန့်လေပြီ။
နာရီကို မကြည့်ချင်တော့ပေ။ သံသရာသည် ငါးမိနစ်ကာလပါတကားရယ်လို့ သိရတာ အောင့်သက်သက်နှင့် စိတ်အတော်ဆိုးချင်စရာတည်း။
ကျီးပျိုတစ်ကောင် ပြတင်းရွက်ဘောင်စွန်း၌ လာနား၏။ ဟိုကြည့်သည်ကြည့်နှင့် ကြောက်သလိုလိုနေသည့်ကြားက သာမည်ပြင်၏။ ကဲလေ … သာပါဦးရယ်လို့ မမြင်ချင်ယောင်ဆောင်လိုက်ပြန်တော့ ကျီးကလည်း မသိချင်ယောင်ဆောင်ကာ သာလေသည်။
သို့သော် ပြောချင်တယ် ကျီးရယ်၊ မင်းမသာသော်လည်း သူလာမှာတော့ အမှန်ပါပဲ။
ထိုခဏ၌ မျက်မှောင်အနည်းငယ်တွန့်သေး၏။ သူလာမယ့်အချိန်မှာ တခြားဧည့်သည်ခေါ်လာချင်တာလား ကျီး။
ကျီးပျိုက မသိသားဆိုးဝါးစွာပင် ဟန်ကျပန်ကျ သာပါသေး၏။ ကိုယ်ကတော့ ဂရုမစိုက်တော့ချေ။ ပြတင်းဘက်ကို ငေးမောပြန်လေသည်။ ပြတင်းဟိုဘက်ရှိ မမြင်ရသော လဟာပြင်။ လဟာပြင်ပြီးလျှင် ဝါမှောင်သော တိုက်ထိပ်တစ်စွန်းတစ်စနှင့် စိမ်းခြောက်သော ယင်းလိပ်လျော့တိလျော့ရဲကို တွေ့သည်။ ထိုနှစ်ခုကြားမှာ အညိုဆေးပျက်ပြယ်သော သွပ်မိုးတံစက်မြိတ်ကို အစအဆုံးမြင်ရသည်။
အရုပ်ဆိုးလှလေခြင်း။
ဟိုးနောက်ဆုံးရှိ ကောင်းကင်ကား ဖြူပေ၏။ ထူထပ်၏။ ကိုယ်နှင့် နီးစပ်လေသည်။ သင်္ကန်းမွဲပြာပြာနှင့် တရုတ်ဘုန်းကြီးတစ်ပါး စျာန်ပြန်သွားချင်လည်း သွားမည်။ တကယ်မြင်သည်မှာတော့ မိုးတိမ်တိုက်များ ဆင်သည်လာသည်ကိုတည်း။
ကဲ … ချစ်သူအရောက်နှေးတော့မည်။ မိုးကဖြင့် သည်းမည့်မိုးဖြစ်သည်လို့ ချက်ချင်းပြောင်းလဲ အုံပွေသော ရာသီက ပြောပြသည်။ တားမနိုင်ဆီးမရ ဖြိုင်သွန်ကျတော့မည်လေ။ ကျပါစေ … ။ မျက်ရည်ဆိုသည်မှာ တားဆီးကောင်းသည်မဟုတ်။ ကိုယ့်ဘာသာပဲ စိတ်ရှုပ်ရသည်။
မိုးရေထဲတိုးလာမည့်သူကို ကျေးဇူးတင်ခြင်းနှင့်ပင် စောင့်ဦးမည်။ သို့သော် သိပ်အေးမှာ စိုမှာပဲ။ ရေအစက်စက်နှင့် သီရီမှာကို မတွေ့ချင်ဘူး။ မိုးရွာတာနှင့် မလာတော့ပြီဆိုလျှင်တော့ ဝမ်းနည်းပြန်ဦးမည်တဲ့။ အားငယ်တတ်၊ အပျက်သာထင်တတ်သူမို့ လာမှာမဟုတ်ပါဘူးဟု ဖြေဖျောက်နှင့်သည်။ စိတ်အေးသွားသည်မှန်သော်လည်း ယောင်ချောက်ကာ တစ်ကိုယ်တည်း ငိုင်လာပြန်လေသည်။
တစ်ကယ်တော့ မိုးတိတ်ရင် သူလာမှာပဲ။
တံစက်မြိတ်ပေါ်၌ လှုပ်ရှားခြင်းကို ပထမသတိပြုသည်။ ထို့နောက် ခိုတွေ မိုးခိုနားကြသည်ကို သိမြင်သည်။ သူတို့သည် စွတ်စိုသော အတောင်များကို ခါနေကြလေသည်။ အားလုံးညိုပြာပြာအရောင်နှင့် အဖြူပြောက်ကလေး သုံးလေးပြောက်သာ အားရှိစရာ မြင်ရသည်။ အမြီးချင်းတေ့ကာ၊ ခေါင်းချင်းတိုက်ကာ၊ ခြေချင်းယှက်ကာ ဖြစ်ကတတ်ဆန်း လှုပ်လှုပ်ရွရွနေကြ၏။ မိုးသံကြားက မြင်ရ၏။
ခိုများသည် ကိုယ့်လိုစဉ်းစားနေကြမည်မထင်။ သူတို့သည် ဘယ်ချစ်သူကိုမှလည်း စောင့်နေသည်မဟုတ်။ မိုးတိတ်လျှင် ပျံလိုရာကို ပျံသွားကြမည်။ ဖြန့်လွှာခြုံရုံလာသော ဆည်းဆာပြာ၌ ငိုက်မျည်းကာ ညည်းသံပြုကြရုံသာ ရှိသည်။ ဒါတောင် အစီအစဉ်မရှိ၊ ကြုံသလို လုပ်သွားမည့်ခိုများပင်။
မိုးသည် သည်းပါလေ၏။ သည်းပါလေ၏။ သည်းပါလေ၏။ စိတ်ပင်မကူးလိုက်ရဘဲ (သို့မဟုတ် စိတ်ကူးကို ဖမ်းမမိလိုက်ဘဲ) အခန်းထောင့်ဘီရိုသို့ရောက်ကာ လက်များသည် နွားနို့တစ်ခွက် ဖျော်လေပြီ။
သတ္တိကောင်းလာပြီး နာရီကိုကြည့်သော် တကယ်တော့ ကံခေသူမို့ စောင့်စ ကနှင့် စပြီးရေတွက်လျှင် ခုနစ်မိနစ်ကုန်သွားပြီဆိုတာ သိရလေသည်။
ထိုခဏ၌ မိုးဖြုန်းခနဲ တိတ်၏။ အသံဗလံများ သေဆုံးကုန်ကာ ရေဒီယိုမှ သီချင်းဆိုနေသော ဒိုင်နာရှော၏အသံကြားရသည်။ ဝေးကွာလှသော ဘယ်အရပ်ကလဲဆိုတာ ဖြုတ်ခနဲ စဉ်းစားနေ၏။ ထို့နောက် ဒိုင်နာရှော၏အော်လန်းဆိုင်ကို တစ်ဝက်တစ်ပျက် ညည်းသည်။
ဝမ်းနည်းခြင်းကြွလာပြီး ချက်ချင်းပျောက်သွားပြန်သည်။ မျက်ရည်တောင် မအိုင်လိုက်ရခင် ကိုခိုတို့ ထပျံကုန်သည်။ ခေါင်းမာပျင်းရိသော တစ်ကောင်နှစ်ကောင်သာ တွေဝေနေရစ်ကြသည်။
စောစောကသာသည့် ကျီးလားမသိ၊ ကျီးတစ်ကောင် ပြတင်းပေါက်၏လေးထောင့်သဏ္ဌာန်ကို ဖြတ်ပြေးသည်။ လေရစ်ဝေ့၍ လိုက်သည်။ မိုးတစ်ပေါက် နည်းနည်းစဉ်ပြန်သည်။ ထိတ်လန့်သွားပြန်သည်။ သို့သော် ဒါနှင့်ပြီးသွားသည်။
မော်တော်ကားဟွန်းသံကြားသည်။ ကလေးများ လမ်းပေါ်ဆင်းဆော့ကြသံ၊ ရယ်မောသံကို ကြားသည်။ ကလေးမိခင်တို့၏ စိတ်မချသောနှလုံးခုန်သံလို သိပ်မြန်မှာပဲဟု စဉ်းစားသည်။
လေသည် နွေးလာသည်။ အရာရာသည် ကြည်လင်လာသည်။ ရာသီလင်းလာသည်။ ပြတင်းမှ ကန့်လန့်ကာများ ဣနြေ္ဒရကုန်သည်။ မျက်နှာသုတ်ပဝါများမှ အမွေးများပွနေသည်။ ကြောင်ကလေးပူစီနှင့် ပြိုင်မည့်ဟန်ရှိသည်။
ကိုယ့်လက်ချောင်းများ၌ လက်သည်းများပြောင်လက်နေသည်။ မာန်သွေးကြွသည်။ လှသည်။ အမြဲပြုပြင်ခဲ့သည်။ နောက်ဆုံး၌ကား ချစ်သူ၏ ကိုယ့်စိတ်လိုစောသော ခြေသံကို အဝေးမှ သဲ့သဲ့ပင်ဖြစ်သော်လည်း အရာအထောင်ကြား၌လည်း ခွဲခြားမှတ်မိသည့် သတိဖြင့် ကြားကာ နားဆက်၍ ထောင်လေ၏။

Saturday, July 24, 2021

ရင်ထဲရောက်လာသော ဦးနှောက်များ

0 comments
ရင်ထဲရောက်လာသော ဦးနှောက်များ 
ရှည်လျားသောချောင်းဆိုးသံက မှောင်ကုပ်ကုပ်အခန်းထဲမှနေပြီး အဆက်မပြတ် ထွက်ပေါ်နေသည်။ ရပ်သွားတော့မလိုလိုရှိလိုက်၊ ဆင့်ကဲ ထပ်ဆိုးလိုက်နှင့် မို့ ချောင်းတစ်ချက်နှင့် တစ်ချက်အကြားတွင် အသက်ပင်ရှူနိုင်ဟန်မတူ၊ လည်ချောင်းကျဉ်းကျဉ်းကလေးထဲတွင် အပြည့်အသိပ်နေရာယူထားဟန်ရှိသော ချွဲများနှင့် သလိပ်များကလည်း ချောင်းသံနှင့်အပြိုင် တဂူးဂူးနှင့် အလုအယက် မြည်နေပြန်သည်။
"အင်း ဒီအဘွားကြီးလည်း ဝဋ်ခံနေရတာပဲ။ ရောဂါကလည်း မပျောက်၊ သေကလည်း မသေနိုင်"
အိမ်အပြင်ကွပ်ပျစ်တွင် ထိုင်ရင်း ဝဲကုတ်နေသော သမက်ဖြစ်သူ ကိုအုန်းမောင်က စိတ်ပင်ပန်းစွာ တွေးသည်။ ပိန်ချပ်ပြားကပ်နေသော ရင်ပတ်ကလေးကို မောက်မောက်ပြီး ကြွလာအောင် ကြိုးစားပမ်းစား အသက်ရှူနေရမည့် အမေမြိုင်၏ရုပ်အသွင်ကို အခန်းတွင် ဝင်မကြည့်ဘဲ အတွေးထဲ၌ မြင်နေသည်။
"ရင်ကျပ်၊ ပန်းနာဆိုတာလည်း အင်မတန်ပျောက်ခဲတဲ့ ရောဂါပဲ။ ကြက်သည်းချေကို အစိမ်းလိုက် မျိုချရမယ်ဆိုလို့ ကြက်သည် ကိုချစ်တီးဆီက တောင်း တောင်းပြီး မျိုခိုင်းပေါင်းလည်း များလှပါပြီ"
ကြက်သည်းချေ အစိမ်းလိုက်မျိုခိုင်းသည်မှအပ ဘာမြန်မာဆေး၊ အင်္ဂလိပ်ဆေးကိုမှ မည်မည်ရရ ၀ယ်မကျွေးဖြစ်သည်ကိုတော့ ဆက်မတွေးတော့ဘဲ ချန်လှပ်ထားလိုက်သည်။ လျက်ဆားကလေး လျက်လိုက်၊ ကွမ်းရွက်ကလေး ငုံလိုက်၊ ဆားမီးဖုတ်ကလေးမျိုလိုက်နှင့် အမေမြိုင်သည် သူ့အသက်ကလေးကို သူကြံဖန်ပြီး ရှည်အောင်ဆက်နေခဲ့ရသည်ကိုလည်း အသိသားပင်။
"ငါသာဆိုရင်တော့ ဒီလိုဝေဒနာဆိုကြီးနဲ့ဆိုရင် အသက်ရှည်မနေချင်ပေါင်ဗျာ၊ ဘာလုပ်မှာလဲ ဝဋ်ခံနေရတာပဲ၊ ဟောကြည့် ဆိုးပြန်ပြီ"
ချွဲသံ သလိပ်သံများနှင့် ရောထွေးနေသော ချောင်းဆိုးသံက ကြားရသူပင် မောချင်လာသည်။ အခန်းတွင်းမှ သလိပ်ဟပ်သံကိုကြားရသော ကိုအုန်းမောင်ကလည်း ကွပ်ပျစ်ဘေးမြေကြီးပေါ်သို့ တံတွေးကို ပစ်ခနဲ ထွေးချလိုက်သည်။
"ဝဋ်ခံနေ ဝဋ်ခံနေ၊ အင်း ... ဝဋ်ဆိုက ဗုဒ္ဓဟူးနံဆိုတော့ လေး၊ ခံက နှစ်၊ နေက ခုနစ်၊ ဒီတော့ လေး နှစ် ခုနစ်၊ ဟ ဟား ဒီအပတ် ထိပ်စည်းက လေး နှစ် ခုနစ်များ ထွက်မှာလားမသိ"
တစ်ဆယ့်ငါးရက်တစ်ခါ တစ်လတစ်ခါ အစိတ်မျိုး သုံးဆယ်မျိုး ပူဇော်နေရသော်လည်း ကိုအုန်းမောင်သည် ထီထိုးရန် စိတ်မကုန်သေးချေ၊ မပေါက်ဘဲကုန်သွားသောငွေကို နှမြောသော်လည်း ပေါက်လျှင်ရလာမည့် ငွေက ပိုပြီးဆွဲဆောင်အားကောင်းနေသည်။ 
"ကိုအုန်းမောင်ရယ်၊ ကျပ်တို့မှာ လက်လုပ်လက်စား ဆင်းရဲသားတွေပါ။ တော် ရေထမ်းတာရော၊ ကျပ် ခေါက်မုန့်ရောင်းတာရော၊ နှစ်ယောက်ပေါင်းမှ အစိတ်သုံးဆယ်လောက်ရတာ၊ ကျပ်တို့ရဲ့ချွေးနှဲစာကလေးကို မသေချာ၊ မရေရာတဲ့အလုပ်ကြီးလုပ်ပြီး မဖြုန်းချင်စမ်းပါနဲ့"ဟု မိန်းမက အတန်တန်တားသည်။ သို့ပါသော်လည်း တစ်ပတ်လျှင် တစ်ဆယ်၊ တစ်ဆယ့်ငါးကျပ်ဖိုးမှ မထိုးရလျှင် ကိုအုန်းမောင် စိတ်မပျော်၊ ခလုတ်တိုက်လျှင်လည်း အတိတ်ကောက်၊ ခွေးကိုက်လျှင်လည်း နိမိတ်ကောက်ပြီး ကိုယ့်ကိုယ်ကိုယ် နေ့ချင်းညချင်း ချမ်းသာတော့မလို ထင်နေသည်။
"ငွေဆိုတဲ့ ငွေကလည်း တယ်ပြီးအကျင့်တန်တာပဲ၊ များများရှိတဲ့လူတွေဆီကိုသာ သွားချင်နေတယ်၊ နည်းနည်းမှမရှိတဲ့လူတွေဆီကိုတော့ လာဖို့ စိတ်ကူးတာမဟုတ်ဘူး .... ထွီ"
ကိုအုန်းမောင်က မြေကြီးပေါ်သို့ တံတွေးထွေးချလိုက်ပြန်သည်။
"တစ်ပတ်တစ်ပတ် တစ်ဆယ်ဖိုးပဲထား၊ တစ်လကို လေးဆယ်၊ တစ်နှစ်ဆိုရင် လေးရာ့ရှစ်ဆယ်၊ ဒီငွေကိုသာ စုထားမိရင် .... ဟင်း..."
ကိုအုန်းမောင်က နှမြောကြီးစွာနှင့် သက်ပြင်းချသည်။ သက်ပြင်းသာချခဲ့သော်လည်း အချိန်တန်လျှင် ဟိုလူပြောသောနံပါတ်က သေချာသလိုလိုနှင့်မို့ သူ့စိတ်ကိုသူ မနိုင်ဘဲ တစ်ဆယ် တစ်ဆယ့်ငါးကျပ်လောက်တော့ ထွက်ဦးမည်ကို ကြိုတင်ပြီးသိနေသည်။
"တော်ကြာနေ ဒီအဘွားကြီးက သေဦးမယ်၊ မသာစရိတ်က လိုဦးမယ်"
ကိုအုန်းမောင်က ဝါးကွပ်ပျစ်ပေါ်တွင် ပက်လက်လှဲအိပ်လိုက်သည်။ ဗာဒံပင်ပေါ်မော့ကြည့်လိုက်တော့ နီဝါရောင် ဗာဒံရွက်များက တဖျတ်ဖျတ် လှုပ်ခါနေသည်ကို ကိုအုန်းမောင်ကြည့်နေမိစဉ် ရွက်ဝါနှစ်ရွက်က ဖြုတ်ခနဲ ကြွေကာ သူ့နံဘေးသို့ တိတ်တိတ်ဆိတ်ဆိတ် ကျလာသည်။ ဒီအရွက်တွေ ကြွေသလို ယောက္ခမဖြစ်သူ အမေမြိုင်သည်လည်း မကြာမီ ကြွေရတော့မည်ဖြစ်ကြောင်းကို အလိုလိုသိနေသည်။
"သစ်ရွက်ကြွေတယ်ဆိုတာက သူ့ဟာသူ လေထဲလွင့်သွားသွား၊ အိမ်ခေါင်မိုးပေါ်တင်တင်၊ ရေကန်ထဲကျကျ ဘာအရေးလဲ၊ အင်း .... လူဆိုတာကတော့ ထွက်သွားပြီး ဘယ်ရောက်သွားတယ်မသိဘူး၊ ကျန်ခဲ့တဲ့ အသေကောင်ကြီးကို မြေကြီးထိရောက်အောင်ပို့ဖို့က လွယ်တာမှတ်လို့"
ချွဲသံ၊ သလိပ်သံများနှင့် ရောပြွမ်းနေသော ချောင်းဆိုးသံကို ကြားရပြန်၍ ကိုအုန်းမောင်မျက်နှာ အလိုလိုရှုံ့သွားသည်၊ ချောင်းဆိုးသံ အတန်ငယ် ရပ်သွားတော့ 
"ဘုရား.... ကယ်ပါ ဘုရား ....." 
တုန်ရီ လှိုက်မောစွာ ညည်းညူတမ်းတလိုက်သော အမေမြိုင်၏အသံကို မပီမသ ကြားရသည်။
"အမေ ဆန်ပြုတ်"
"မသောက်ချင်တော့ပါဘူးကွယ်"
"အမေကလည်းလေ ဆန်ပြုတ်ကလေးမှမသောက်ရင် အားပြတ်သွားမှာပေါ့။ ဟောဒီမှာ အာပြဲခြောက်ကလေးလည်း ဖုတ်လာတယ်"
"အေး ... အေး"
သူ့မိန်းမ မကျင်နှင့် အမေမြိုင်တို့ အပြန်အလှန်ပြောနေသည်ကို နားစွန့်ရင်း ကိုအုန်းမောင် နှုတ်ခမ်းကို မသိမသာမဲ့လိုက်သည်။
"ဆန်ပြုတ်ချည်းပဲ ထင်တုန်းက မသောက်ချင်ဘူးတဲ့၊ ငါးခြောက်ဖုတ် ပါတယ်ဆိုမှ အေး အေး တဲ့၊ တယ်လည်းသိလိုက်တဲ့ ပါးစပ်ပါလား ဟဲ့"ဟု တွေးသည်။
"ငါးခြောက်ဖုတ်ကျွေးကျွေး၊ ခေါက်ဆွဲပြုတ်ကျွေးကျွေး သေတာကတော့ သေခါနီးနေပါပြီ"
သူ့ကိုယ်ပေါ်သို့ ဝဲလွင့်ပြီးကျလာသော နီထွေးထွေးအရောင် ဗာဒံရွက်တစ်ရွက်ကို အသာပုတ်ချလိုက်သည်။ ဗာဒံရွက်က ကွပ်ပျစ်အောက်တွင် ခေတ္တနားနေပြီးနောက် လေတိုက်ရာဘက်သို့ ရှပ်တိုက်ပြီး လွင့်ထွက်သွားသည်။
"ဒါပေမယ့် သေမဲ့အတူတူ အိမ်ထဲမှာမသေဘဲ လမ်းပေါ်မှာ ကားတိုက်ပြီးသေရင် ဘယ်လောက်ကောင်းလိုက်မတုံး"
ကိုအုန်းမောင်က ရုတ်တရက် တွေးလိုက်မိပြီးမှ စိတ်ထဲတွင် အားနာသလိုလို ဖြစ်သွားသည်။ အိမ်ဘက်ကို မလုံမလဲနှင့် ဖျတ်ခနဲလှမ်းကြည့်မိလိုက်တော့ "ဘုရား ဘုရား ကယ်တော်မူပါဘုရား"ဟူသော အမေမြိုင်၏အသံတုန်တုန်ကို ကြားရသည်။
"ငါစဉ်းစားတာကိုများ သိသွားသလားမသိဘူး"ဟု တွေးပြီး ဒုံးခနဲ ရင်ခုန်သွားသော်လည်း "အဲဒီလိုသာဆိုရင် မြိုးမြိုးမြက်မြက်ကို လျော်ကြေးရမှာ၊ အသုဘစရိတ် နုတ်ပြီးတာတောင် ထောင်ချီပြီးကျန်နိုင်သေး၊ အဟေး"ဟု ဆက်ပြီးတွေးနေမိသည်။
* * * 
နှုတ်ခမ်းပဲ့နေသော သံဇလုံဝါဝါထဲမှ ကျဲတောက်တောက်ဆန်ပြုတ်သည် သောက်ချင်စဖွယ်မကောင်းလှပေ၊ အဆင်းက မလှရသည့်အထဲ ဆန်လုံးများက မနူးမနပ်ဘဲ မာဆတ်နေတော့ ဆန်ပြုတ်အရည်အချင်းနှင့်လည်း ပြည့်စုံခြင်းမရှိချေ။
"မီးသွေးကိုချွေတာရတော့ ဒီလိုပဲ ဖြစ်နေတော့မှာပေါ့၊ ဆန်ပြုတ်တစ်အိုး နူးအိနေအောင်ပြုတ်ဖို့က မီးသွေးဘယ်လောက်လိုသလဲ အမေလည်း သိမှာပါ"
သံဇလုံထဲမှဆန်ပြုတ်ကို သံဇွန်းနှင့် မွှေနေသော အမေ့ကိုကြည့်ရင်း မကျင်က စိတ်မကောင်းဖြစ်နေသည်။ သံကိုသံချင်းထိခတ်ပြီး တကျီကျီမြည်နေသော်လည်း အမေမြိုင်က ဆန်ပြုတ်သောက်ရမှာ ပင်ပန်းနေဟန်နှင့် တစ်ဇွန်းမျှ ခပ်မသောက်သေးချေ။
"အမေ ငါးခြောက်ဖုတ်"
" အေး... အေး"
အမေမြိုင်က ငါးခြောက်ဖုတ်ကလေးတစ်ဖတ်ကို ကောက်ပြီးဝါးသည်။ မီးသွေးအရှိန်နည်းနေမှ ဖုတ်ထားသောအာပြဲခြောက်သည် ကြွပ်ကြွပ်ရွရွမနေဘဲ ပျင်းတွဲတွဲဖြစ်နေသည်။ အမေမြိုင်က အားစိုက်၍ ဝါးရင်း ချောင်းတဟွတ်ဟွတ်ဆိုးပြန်သည်။
ရင်ဘတ်ဖိလို့လည်းမရ၊ ကျောဖိလို့လည်းမရ၊ အမေမြိုင်၏ချောင်းက သူ့ဟာသူ ရပ်ချင်မှရပ်တတ်သောချောင်းမို့ မကျင်က စိတ်ပင်ပန်းဆင်းရဲစွာနှင့် သူ့အမေအား ငေးကြည့်နေသည်။
"အမလေး ဘုရား ဘုရား"
အမေမြိုင်က သူ့လည်ချောင်းမြှောင်းမြှောင်းလေးကို လက်ပိန်ပိန်လေးနှင့် အသာကိုင်ကာ မောဟိုက်နေသည်။ နှာခေါင်းနှင့် အသက်ရှူရတာ အားမရ၍ ပါးစပ်ကိုပါ ဟပြီး ရောရှူနေရသည်။
"အမေလည်း ဒီလိုနဲ့ပဲ သွားတော့မယ် ထင်ပါရဲ့ "
မကျင်က ငါးခြောက်ဖုတ်ပန်းကန်လေးကို ငုံ့ကြည့်ရင်း တွေးသည်။ သူငယ်စဉ်တုန်းက ငါးရံ့ကိုယ်လုံးလေးနှင့် အလှကြီးလှခဲ့သော အမေ၊ သူအပျိုဖြစ်တော့လည်း ရင်မောက်မောက် တင်ကောက်ကောက်နှင့် အဝကြီးဝခဲ့သော အမေ၊ ထိုအမေသည် ယခုတော့လည်း သံပန်းကန်ထဲက အာပြဲခြောက်ကလေးလို ပိန်လှီခြောက်ကပ်၍ နေချေပြီ။ အမေ ဤမျှပိန်သွားနိုင်လိမ့်မည်ဟု ယခင်က လုံးဝမထင်ခဲ့မိချေ။
"အမေ .... ရေ"
"အေး"
အမေက ရေကို တစ်ငုံသောက်သည်။ ထို့နောက် ပါးစပ်ထဲမှာဝါး၍ မကြေသေးသော ငါးခြောက်ဖတ်ကလေးကို ကြမ်းကြားထဲသို့ ထွေးချလိုက်သည်။
"အမေက အာပြဲခြောက်မစားချင်ဘူးထင်ပါရဲ့ ။ ငါကလည်း ဒါကလွဲလို့ မကျွေးနိုင်"
သံပန်းကန်ထဲတွင် ငေါင်းစင်းစင်းလှဲနေသော အာပြဲခြောက် သုံး လေးဖတ်ကို ငေးကြည့်ရင်း မကျင် စိတ်အားငယ်ချင်လာသည်။ အမေမြိုင်က ဆန်ပြုတ်တစ်ဇွန်း နှစ်ဇွန်းသောက်သော်လည်း ငါးခြောက်ဖတ်ကို ထပ်မနှိုက်တော့ချေ။
"အမေ့ကိုကြည့်ရတာ ကမ္မဋ္ဌာန်းရုပ်ကလေးလိုပဲ ယဲ့ယဲ့ကလေးပဲ ကျန်တော့တယ်။ အမေအားရှိအောင်လည်း ငါမကျွေးနိုင်၊ အမေနေကောင်းအောင်လည်း ငါမကုနိုင်"
မကျင်က သက်ပြင်းချသည်။ 
"ငါးရံ့ခြောက်ဖုတ် ဆားပေါ့ပေါ့လေးကို ဆီရွှဲရွှဲဆမ်းပြီးပေးရင်တော့ အမေကြိုက်မှာပဲ" ဟုတွေးပြီး နေရင်းမှ ဈေးကြီးသော ငါးရံ့ခြောက်ကို အမေ့အတွက် တကူးတကဝယ်ပြီး မီးဖုတ်ပေးဖြစ်လိမ့်မည် မဟုတ်သည်ကိုလည်း ကိုယ့်ကိုယ်ကိုယ် သိနေသည်။
သို့သော်လည်း အမေသေတော့မှ "အမေရေ ... အမေရဲ့၊ ဟောဒီမှာ အမေစားချင်တဲ့ ငါးရံ့ခြောက်လေးလေ၊ သမီး ဖုတ်ပြီး ဆီဆမ်းလာပြီ အမေရဲ့၊ ထပြီးစားလှည့်ပါဦး"ဟု တမ်းတပြီး ငိုရမှာကို ကြောက်သည်၊ ရှက်လည်းရှက်သည်။
"အမေ့မှာ အချိန်လည်း သိပ်မကျန်တော့ပါဘူး။ အမေမသေခင်ကလေးမှာ အရသာရှိတာလေး ငါကျွေးရမှာပေါ့၊ ကြွေးတင်ရင်တင်၊ ကျွန်ဖြစ်ရင် ဖြစ်"
မကျင်က မသိမသာအံခဲပြီး စိတ်ကိုတင်းသည်။ 
"ကြွေး ... အင်း... ကြွေးဆိုလို့ အခုပဲ စားကြွေးက ငါးရာရှိနေပြီ၊ နေ့ပြန်တိုးက နှစ်ရာ ..."
ကြွေးကိစ္စကို စဉ်းစားနေတော့ မကျင်၏ခေါင်းထဲတွင် ဒိန်းခနဲ ဖြစ်သွားသည်။ ငါးရံ့ခြောက်ကိုလည်း ရုတ်တရက်မေ့သွားသည်။
"အင်း မပြောကောင်း မဆိုကောင်း အမေများ တစ်ခုခုဖြစ်ရင် ငွေက လိုဦးမယ်။ ချေးရငှားရဦးမယ်။ အပေါင်မပါဘဲ ချေးရတာလည်း အတိုးကြီးကြီးပေးပြီး ရှိခိုးဦးတင်"
ဆန်ပြုတ်ပန်းကန်မွှေနေသော အမေမြိုင်၏ လက်ချောင်းပိန်ပိန်လေးများကို ငေးကြည့်ရင်း မကျင် ဝမ်းပန်းတနည်းဖြစ်နေသည်။ သို့သော် ထိုဝမ်းနည်းနေသောစိတ်က အမေ့အတွက်ဖြစ်နေသည်ကိုကား သတိမထားမိပေ။
"ဖဲဝိုင်းလုပ်ရင်တော့ စရိတ်ကျေတဲ့အပြင် မြတ်တောင်မြတ်နိုင်သေး"
မကျင်သည် ဖျတ်ခနဲ တွေးလိုက်ပြီးမှ အရသာခံ၍မရသော ဆန်ပြုတ်ကို ကြိုးစားပြီး မျိုချနေသော အမေ့ကို မလုံမလဲလှမ်းကြည့်မိသည်။ သူ့ခေါင်းထဲသို့ ထိုအတွေးရောက်လာသဖြင့် မကျင်သည် ကိုယ့်ကိုယ်ကိုယ် ပြစ်တင်ရင်း အတွေးကိုဖြတ်မချဘဲ ဆက်တွေးနေသည်။
အမေ ဖဲကိုမုန်းကြောင်း တစ်ရပ်လုံးသိသည်၊ အဖေသည် ဖဲဝိုင်းတွင် ငြင်းခုန်ရန်ဖြစ်ရာမှ ဓားထိုးခံရပြီး သေဆုံးခဲ့ရသောကြောင့်ဖြစ်လေသည်။ ထိုစဉ်က မကျင် ဆယ်နှစ်သမီးခန့်ရှိပြီဖြစ်သည်။ 
"ဖဲသမားမသာပေမယ့် ဖဲဝိုင်းမထောင်ရဘူးဟေ့၊ အကောက်မရလို့ အကြွေးတောထဲ ငယ်ထိပ်ထိအောင် နစ်ချင်နစ်၊ ဒီဖဲကို ဒီတစ်သက် ငါ့အိမ်ပေါ် မတင်ရဘူး"ဟု အမေက တင်းမာစွာပြောခဲ့သည်ကို မကျင်မှတ်မိသည်။
"အမေ ဖဲကို ဒီလောက်မုန်းမှန်းသိရဲ့သားနဲ့ ငါ ဘာလို့ ဒီလိုတွေးရတာလဲ"
မကျင်က သူ့ကိုယ်သူမေးရင်း သက်ပြင်းကို ဟင်းခနဲချသည်။ ထို့နောက် "ဒါဆိုရင် စားကြွေး ငါးရာရော၊ နေ့ပြန်တိုး နှစ်ရာရော၊ ကျေသွားနိုင်တယ်"ဟု ဆက်ပြီးတွေးမိပြန်သည်။
"သမီး"
အမေမြိုင်ကခေါ်တော့ မကျင် လန့်သွားသည်။ သူတွေးနေတာတွေကို ကြားသွားပြီအထင်နှင့် ရင်တွေ တဖျပ်ဖျပ်ခုန်သွားသည်။ 
အမေမြိုင်က ဆန်ပြုတ်ဇလုံလေးကို လှမ်းပေးပြီး "ရော့ .. အမေမသောက်နိုင်တော့ဘူး"ဟု ပြောသည်အထိ ရင်အခုန်က မရပ်နိုင်ပေ။ အမေ၏ချုံးကျနေသော မျက်နှာပိန်ပိန်လေးကို ကြောင်တောင်တောင်နှင့် ပြန်ကြည့်နေပြီးမှ :
"အမေ ဖဲထုပ် .. အဲ အဲ.. ငါးခြောက်ဖုတ် မစားတော့ဘူးလား"ဟု အယောင်ယောင် အမှားမှားနှင့် ပြောလေသည်။
* * * 
“အမေရေ ထမင်းဆာပြီ"
သံဒိုးက အိမ်ထဲသို့ ဒိုးကလေးတစ်လုံးလို လိမ့်ဝင်လာသည်။ ဆန်ပြုတ်ဇလုံကိုင်ပြီး ထလာသော သူ့အမေမကျင်ကို မြင်သော်လည်း အရှိန်မသတ်နိုင်ဘဲ တည့်တည့်ဝင်ပြီးတိုက်မိသည်။
"မျောက်လောင်း၊ လုပ်လိုက်ရင် ဒါမျိုးချည်းပဲ"
မကျင်က လက်ထဲမှလွတ်ကျသွားသော သံဇလုံကို မကောက်နိုင်သေးဘဲ သံဒိုး၏ခေါင်းကို အရင်ခေါက်သည်။ မကြာခဏ အခေါက်ခံနေကျဖြစ်၍ အရေထူနေပြီဖြစ်သော သံဒိုးက သူ့ခေါင်းကို ပွတ်ပင်မပွတ်မိတော့ဘဲ "ဘာဟင်းတုံးဗျ အမေရ"ဟု မေးရင်း မီးဖိုဘက် ဝင်ပြေးသည်။
"နင့်အဖေရော"
"ဟိုမှာလေ"
သံဒိုးက ဗာဒံပင်ရိပ်မှ သူ့အဖေကို လက်ညှိုးထိုးပြသည်။ 
"ဘာလုပ်နေတာလဲ"
"ထိုင်နေတာလေ" 
"ရေထမ်းမသွားသေးဘူးလားလို့ မေးတာဟဲ့၊ ထိုင်နေတာတော့ ငါမြင်တာပေါ့”
"ရေတိုင်မှာ ပုံးတွေမှစီလို့၊ ရေကတော့ အဘွားမြိုင် သေးပေါက်သလောက်ပဲ ကျတယ်၊ တတောက်တောက်နဲ့"
သံဒိုးက ထမင်းအိုးကိုဖွင့်သည်။ လက်က ထမင်းအိုးကိုနှိုက်နေရင်း မျက်စိက ငါးပိရည်အိုးကို လှမ်းကြည့်သည်။ ငါးပိရည်မရှိလျှင်လည်း သံဒိုးက ထမင်းကိုဆားဖြူးပြီး ငရုတ်သီးစိမ်းကိုက်ကာ စားနိုင်သည်။
"အမေ ကျွန်တော် အသက်ဘယ်လောက်ရှိပြီလဲဟင်"
"အင်း ရှစ်နှစ်ပြည့်ပြီထင်ပါရဲ့ ၊ ဘာဖြစ်လို့လဲ" 
"ဪ၊ အဖေက ကျွန်တော်လည်း ရေထမ်းမယ်ဆိုတော့ မင်းငယ်သေးတယ်ဆိုလို့ပါ"
အမေမြိုင် မစားနိုင်သောငါးဖောင်ရိုးခြောက်ဖုတ်ကို သံဒိုးက ခုံမင် နှစ်သက်စွာ ဝါးနေသည်။ ဖုံထဲသဲထဲတွင် လူး၍ဆော့လာသောကြောင့် သူ့တစ်ကိုယ်လုံး ပေပြီး မဲနေသည်။ ကျောင်းကဆရာမက အစာမစားမီ လက်ကို စင်စင်ဆေးရမည်ဟု ဆုံးမခဲ့သော်လည်း သံဒိုးက ကျောင်းကစကားကို ကျောင်းမှာပဲထားခဲ့သည်။ ယခုလို ကျောင်းအကြာကြီးပိတ်ထားတော့ ပို၍ပင် မေ့သေးသည်။ နဂိုကတည်းက မကျေညက်သေးသော အလီပေါင်းများကိုလည်း မရတော့ပေ။ ဆော့လိုက် စားလိုက်နှင့်မို့ သူခေါင်းထဲတွင် ဂျင်၊ ဘောလုံး၊ သားရေကွင်း၊ ကျောက်ဒိုး စသည်များသာရှိတော့သည်။
"အမေ ကျော်မင်းနိုင်ကလေ ရထားပေါ်မှာ စီးကရက်ရောင်းမယ် တဲ့"
"ဟုတ်လား"
မကျင်က တစ်လုံးချိုင့်ကလေးထဲတွင် ထမင်းထည့်သည်။ အိမ်မှာ စားနေရလျှင် ကြာရော့မည် ။ ခေါက်မုန့်လုပ်ရင်းမှ စားတော့မည်ဟု စဉ်းစားမိ၍ ဖြစ်သည်။ 
"ေဩာ် ...အမေ အစ်မက မှာလိုက်တယ်။ အမေ မြန်မြန်လာပါ၊ သူ အိမ်သာတက်ချင်လှပြီတဲ့"
"အေး .. အေး... အခုသွားမှာပါ"
ခေါက်မုန့်ဆိုင်ကို ဆယ်နှစ်အရွယ်သမီးလက်ထဲ အပ်ခဲ့ရသည်။ သမီးက အတော်လေး ကူဖော်လောင်ဖက်ရနေပြီမို့ မကျင် အတန်ငယ် သက်သာသည်။
အခုလိုကျောင်းပိတ်နေတော့ ပိုပြီးတော့ပင် ဟန်ကျနေလေသည်။ 
"ငါးခြောက်ဖုတ်ကို အကုန်စားမပစ်နဲ့၊ နင့်အဖေနဲ့ နင့်အစ်မဖို့ ချန်ထားဦး"
မကျင်က သူ့ထမင်းချိုင့်ထဲသို့ ငါးပိရည်လောင်းချလိုက်ပြီး ငါးခြောက်သုံးလေးဖတ် ထည့်သည်။
"ဟော အမေချောင်းဆိုးပြန်ပြီ"
ရှည်လျားသောချောင်းဆိုးသံကို ကြားရပြန်တော့ မကျင် မော၍သွားသည်။ ခြေလှမ်းက အတန်ငယ်တုံ့သွားသည်။
"အဘွားမြိုင်ကလည်း အမြဲချောင်းဆိုးနေတာပဲ"
သံဒိုးက စိတ်ပျက်သလိုပြောသည်။ ထို့နောက် သူ့အမေမကျင် အနားသို့ တိုးကပ်လာပြီး ခပ်တိုးတိုးမေးသည်။
"အမေ အဘွားမြိုင်သေခါနီးပြီလားဟင်"
"ဟဲ့ကောင်လေး၊ ဘာတွေ လျှောက်ပြောနေတာလဲ"
မကျင်က ရင်ထဲတွင် ဒိတ်ခနဲ ဖြစ်သွားပြီး သံဒိုးကို မျက်လုံးပြူး၍ ကြည့်သည်။ 
"အဖေကပြောတယ်၊ အဘွားမြိုင်သေခါနီးနေပါပြီတဲ့" 
"သံဒိုးနော်"
သလိပ်ဟက်သံနှင့်အတူ "ဘုရား ဘုရား"ဟူသောတမ်းတသံကို ကြားရသည်။ ပင်ပန်းကြီးစွာ အသက်ရှူနေသံကို ဆက်၍ ကြားရသည်။
"အဘွားမသာကျရင် အမေဖဲဝိုင်းထောင်မှာလားဟင်"
သံဒိုးက အရေးကြီးသောအမူအရာနှင့် ခပ်တိုးတိုးမေးသည်။ 
"ဘာဖြစ်လို့လဲ"
မကျင်က သံဒိုး၏ခေါင်းကို ဒေါက်ခနဲခေါက်လိုက်ချင်သော်လည်း မခေါက်သေးဘဲ အသံကိုနှိမ့်၍ ပြန်မေးမိသည်။
"အစ်မက ပြောတယ်"
"အင်း"
"ဖဲသမားတွေက ညဘက်ဆိုရင် သိပ်ဆာတတ်တာတဲ့၊ ဟိုတစ်ခါ တာတီးအဘိုးသေတုန်းက အမေနဲ့သူနဲ့ ညဖက် ခေါက်မုန့်သွားရောင်းတာ အများကြီးရောင်းရတးတဲ့"
"အင်း"
အသုဘအိမ်ဘေးက တမာပင်ရိပ်တွင် သူတို့သားအမိ ခေါက်မုန့်သွားရောင်တာ မကျင် ပြန်တွေးမိသည်။ လက်မလည်အောင် ရောင်းခဲ့ရတာ အမှန်ပင်။
" ဒီတော့လေ"
"အင်း ... ဒီတော့"
"အဘွားမသာကျရင် အစ်မက ဖဲဝိုင်းရှိရင် သိပ်ကောင်းမှာတဲ့၊ သူက ခေါက်မုန့်ရောင်းမယ်တဲ့၊ ကျွန်တော်က ဘဲဥပြုတ်ရောင်းပါလားတဲ့"
စီးပွားရေးသမားကြီးလို ခပ်ကြွားကြွားပြောသော သံဒိုးအား ငေးကြည့်ရင်း မကျင်၏ခေါင်းထဲတွင် ထုံထိုင်းပြီး ရီဝေလာသလိုလိုရှိသည်။ 
"သူတို့တွေ အဘွားသေမှာ မစိုးရိမ်ဘူးလား၊ ဘာလို့ ဒီလိုတွေးရတာလဲ၊ ဘာလို့ ဒီလိုပြောရတာလဲ"ဟု စဉ်းစားနေရင်းမှ "အသုဘအိမ်ဆိုတာ ဖဲဝိုင်းရှိတတ်တာပဲ၊ ဒါက အဆန်းမှမဟုတ်တာ၊ အမေနားလည်မှာပါ"ဟု ဆက်ပြီး တွေးနေမိပြန်သည်။
အခန်းတွင်းမှ အဘွားမြိုင်၏ချောင်းဆိုးသံကို အဆက်မပြတ် ကြားရပြန်သည်။
"ဘုရား ဘုရား ... ကယ်တော်မူပါဘုရား"ဟု တုန်ရီလှိုက်မောစွာ တမ်းတသံကိုလည်း တစ်ဆက်တည်းကြားရသည်။
"နော် အမေ၊ ကျွန်တော် ဘဲဥပြုတ်ရောင်းမယ်နော် အမေ့"
သံဒိုးက မကျင်၏လက်ကို လှုပ်ပြီးထပ်ပြောသည်။ နှာခေါင်းဝမှ ယိုစီးကျလာသောနှပ်ချေးများကို ရွှီးခနဲ ပြန်ရှုံ့သွင်းရင်း 'နော်... နော်'ဟု ဆက်ပြီး ရွတ်နေသည်။

ဖုန်တွေ သဲတွေ လူးပေနေသော သံဒိုးအား မကျင်က မမြင်ဖူးသူလို ငေးကြည့်နေသည်။ ခေါင်းကို သွက်သွက်ကြီး ရမ်းပြလိုက်မည်ဟု စိတ်ကူးသည်။ သို့သော် ဘာဖြစ်လို့များ ခေါင်းကို မသိမသာ ညိတ်လိုက်မိသည်ကိုတော့ သူ့ကိုယ်သူ မသိ။ သိအောင်လည်း မတွေးချင်တော့ပေ။

အမေ့စျေးသေတ္တာကလေး

0 comments
အမေ့စျေးသေတ္တာကလေး
(၁)
အခုတလော အမေက ကျွန်မတို့ကို သူပိုင် အိမ်ထောင်မှု ပစ္စည်းဟောင်းကလေး တစ်ခုမဟုတ်တစ်ခု စိတ်ကူးလက်ရ ပေးတတ်ပါသည်။ ကျွန်မ သတိထားမိသလောက် အထူးသဖြင့် သည်ဘက်နှစ်တွေမှာ အသေးစိတ်လာသည်။ တလောက ရှေးက လှေကြီးတွေမှာသုံးကြသည့် လှော်တက်ကြီး တစ်ချောင်း ပေးပါသည်။ လှော်တက်ကြီးက ကျွန်မအရပ်ထက်ရှည်ပြီး တက်ပြားကြီးကပင် ဓာတ်ပုံကြီးကြီးတစ်ချပ်စာလောက် ရှိသည်။ ချေးတွေ ​ညှော်တွေက ဖြတ်သန်းမှုကို ပြနေသည်။ ကျွန်မက အိမ်ရောက်တော့ ဝင်းစက်သွားအောင် ကော်ဖတ် စားလိုက်သည်။ ဝင်းပသွားသော လှော်တက်ကြီးကို ကြည့်ရင်း သည်လှော်တက်ကြီးဖြင့် မြစ်စုန်မြစ်ဆန် လုပ်ကိုင်ကျွေးမွေးခဲ့သော ကျေးဇူးရှင် အဖေနှင့်အမေ လှေသမားဇနီးမောင်နှံကို မြင်ယောင်လာမိသည်။ 
မြစ်ဆိပ်က တက်လာတိုင်း သည်လှော်တက်ကို ထမ်းလာတတ်သော အဖေ အခု မရှိတော့။ လှော်တက်ကို လှေကြီးပေါ် မှာ မထားခဲ့ဘဲ ဟန်ပါပါ ထမ်းလာတာကို ထိုစဉ်က ကျွန်မ သဘောမပေါက်ခဲ့မိပါ။ တကယ်တော့ အဖေက သူ ပင်ပင်ပန်းပန်း လုပ်ကိုင် ကျွေးမွေးနေတာ သားသမီးတွေကို ပြခြင်းဖြစ်နိုင်သလို တစ်နည်းအားဖြင့် မောင်နှမတွေများသော ကျွန်မတို့ကို စာကြိုးစားကြ၊ ကိုယ့်တာဝန်ကိုယ် ကျေကြလို့ နှုတ်ကမပြောဘဲ လှော်တက်ကြီးကို ပြောခိုင်းခြင်းလည်း ဖြစ်နိုင်ပါသည်။ အခုတော့ သည်လှော်တက်ကြီးကို ကျွန်မတို့ဧည့်ခန်းမှာ ချိတ်ထားရင်း ကျွန်မ ဂုဏ်ယူနေတတ်ခဲ့ပြီ။ မော့ကြည့်လိုက်တိုင်း မိဘနှစ်ပါး ကျေးဇူးဂုဏ်ရည်သည် လှော်တက်မှတစ်ဆင့် ကျွန်မထံ စီးဆင်း လာတတ်ပါသည်။
လှော်တက်ကြီးပေးပြီး သိပ်မကြာခင်မှာ အမေက တုတ်ကလေးတစ်ချောင်းကို ပေးပြန်ပါသည်။ ရင်းတိုက်နှစ်သားလို မာကြောပြောင်လက်နေသည့် တစ်တောင်ခန့်ရှည်သည့် ကျပ်လုံးဝိုင်းသာသာ တုတ်ချောင်းကလေးတစ်ချောင်းသာ ဖြစ်၏။
“ဒါ အမေတို့ စဉ့်အိုးဖောင်တွေဆွဲပြီး စဉ့်အိုး မြေအိုးတွေရောင်းတုန်းက အိုးခေါက်တုတ်ပေါ့၊ အိုးဝယ်သူလာရင် ဒီတုတ်နဲ့ ခေါက်ခေါက် ပြရတာ၊ ဒေါင်ခနဲ မြည်ရင် ဝယ်သူကကြိုက်တော့ ဝယ်ဖြစ်အောင် ခေါက်ပြရတာပဲ၊ အမေတို့ တစ်သက်လုံးသိမ်းလာတာ မပျောက်စေနဲ့၊ အိုးခေါက်သံနဲ့ အမေတို့ ထမင်းစားလာခဲ့ရတာ သမီးရဲ့”
အမေက တုတ်ချောင်းကလေး၏ရာဇဝင်ကို ရှင်းပြသည်။ အမေ ရှင်းမပြသော်မှ သည်တုတ်ချောင်းကလေးကိုတော့ ကျွန်မ ကောင်းကောင်း အမှတ်ရနေမိပါသည်။ ကျွန်မငယ်ရွယ်စဉ် မူလတန်းကျောင်းသူဘဝတုန်းက အဖေနှင့် အမေက ဧရာဝတီမြစ်ရိုးတစ်လျှောက် စဉ့်အိုး စဉ့်ဖောင်တွေဆွဲရင်း ဆယ့်နှစ်ပွဲလိုက်၍ အိုးရောင်းခဲ့ကြဖူးသည်။ ပွဲတော်ရာသီအလိုက် ဆယ့်နှစ်ပွဲဈေးသည်တစ်ဖက်က လုပ်ကိုင်ရင်း တစ်ဖက်ကလည်း မြင်းခြံမြို့ မြောက်ဈေးထဲတွင် အိုးဆိုင်ကြီးဖွင့်ကာ ရောင်းခဲ့ကြပါသေးသည်။ မြင်းခြံမြောက်ဈေး အိုးဆိုင်ကို ကျောင်းပိတ်ရက်တိုင်း ကျွန်မ ဈေးကူလိုက်ရသည်။ ကပ်ကြမ်းကြီးတွေ ဆက်ခင်းကာ လှည်းသုံးစီးတိုက်စာလောက်များသော အိုးပုတ်တွေကို ပုံပေးရင်း အမေက ကျွန်မနှင့် ပစ်ထားတတ်သည်။ ဝယ်သူက အိုးပုတ်ကလေးတွေ လိုတာထက် ပိုယူတာ၊ ခိုးကြ ဝှက်ကြတာကို ကျွန်မက ကလေးပီပီ ပြောတိုင်း ဆိုတိုင်း အမေက“သမီးရယ် ခိုးပါစေ၊ ယူပါစေ၊ ကွဲပါစေ။ မြေထည်ပဲဟာ၊ မြတ်ပါတယ်အေ၊ အိုးဆိုင် လှည်းဝင်တိုးတာတောင် ခေါက်ချိုးကျန်ပါတယ်၊ ငါ့သမီးနှယ် မတွန့်တိုနဲ့"
အမေကတော့ ရာငါးဆယ်ဝင် ရာဝင်စဉ့်အိုးကြီးတွေကို တစ်ဒေါင်ဒေါင် ခေါက်ပြရင်း ဆုံးမနေတတ်သည်။ စဉ့်အိုးတစ်လုံး ဈေးတည့်ဖို့အရေး အမေ့မှာ အိုးခေါက်တုတ်ကလေးကို လက်အံသေအောင် ဆုပ်၍ စဉ့်အိုးတန်းကြား တစ်နေကုန် ချွေးတစ်လုံးလုံး ရှိနေတတ်သည်။ အခုတော့ ဟိုတုန်းက သတိမထားမိခဲ့သော တန်ဖိုးရယ်လို့ မသတ်မှတ်မိခဲ့သော အိုးခေါက်တုတ်ကလေးကို အမေက အမြတ်တနိုး သိမ်းခိုင်းနေပြန်ပြီ။ သည်တုတ်ချောင်းကလေးကိုလည်း ကော်ဖတ်ဖြင့်စားကာ ဘုရားစင်ပေါ်မှာ ကျွန်မ တင်ထားဖြစ်ခဲ့ပါသည်။
သည်တစ်ခါ အမေ ပေးပြန်သည့်ပစ္စည်းကတော့ ပိုက်ဆံသေတ္တာကလေးဖြစ်သည်။ သည်ပိုက်ဆံသေတ္တာကလေးကိုတော့ အမေ ပေးလိမ့်မည်ဟု ကျွန်မ မထင်ခဲ့ပါ၊ အမေကိုယ်တိုင်ပင်လျှင် အိမ်အပေါ်ထပ်က ဘီရိုဟောင်းထဲမှာ အမြတ်တနိုး သိမ်းဆည်းထားသည့် သေတ္တာကလေး ဖြစ်သည်ကတစ်ကြောင်း၊ အထဲမှာ ပိုက်ဆံတွေ အပြည့်အသိပ်ထည့်ထားသည်က တစ်ကြောင်းကြောင့် ဖြစ်၏။ သည်ပိုက်ဆံက အမေတို့ချွေးနည်းစာငွေတွေ ဖြစ်သည်။ သို့သော် ကျွန်မအပါအဝင် အမေ့သားသမီး မြေးသားတွေက သည်ပိုက်ဆံတွေကို ဘယ်သူကမှ ယောင်လို့ပင် စိတ်မဝင်စားကြပါ။ ထို့အတူ သေတ္တာကလေးကိုလည်း ပြန်စောင်းပင် လှည့်မကြည့်မိကြပါ။
“အမေတို့ အိမ်ထောင်ကျစက အိမ်ထောင်ဦးပစ္စည်းကလေး သမီးရဲ့၊ ညည်းအဖေနဲ့ငါ လူကြီးတွေ နေရာချထားလိုက်ကြတော့ လှေကြီးတစ်စီး လက်ဖွဲ့ လိုက်ကြတယ်၊ ပြီးတော့ ညည်းအမေကြီး မမယ်ခင်က ဒီပိုက်ဆံ
သေတ္တာကလေးကို ငါတို့ပေးသာပဲ၊ အဲသာ သူ့ဘွားအေလက်ထက်ကဟာတဲ့၊ တွက်သာကြည့်တော့၊ အနှစ်တစ်ရာ ပျော့ပျော့လောက် ရှိရောပေါ့အေ၊ ငါဖြင့် ယူသာလာရတယ် လိုချင်မက်စက်တယ် မရှိလှပေါင်၊
နောက်တော့မှ ဈေးရောင်းစားကြလို့ ပြောတာပါလားလို့ အောက်မေ့မိရတော့တယ်”
အခုတော့ သည်ပိုက်ဆံသေတ္တာကလေးကို ခေတ်အဆက်ဆက် ကိုင်ခဲ့ကြသူတို့ပင် လောကထဲက ထွက်ခွာသွားကြပါပြီ။ အမေပင်လျှင် ခပ်လှုပ်လှုပ်။ အမေက ပိုက်ဆံသေတ္တာဟောင်းကလေးကို ကျွန်မလက်ရောက် လက်ဆင့်ကမ်းပြန်တာလား။ အထဲမှာ ငွေစက္ကူတွေ ပါသေးသည်။ စိမ်းစိမ်းပြာပြာ ငွေစက္ကူကလေးတွေက မိဘနှစ်ပါး၏ ချွေးနှဲစာတွေ။ သည်သေတ္တာကလေး အိမ်ယူလာခဲ့တော့လည်း အမေ့အိုးသည်ဘဝဟောင်းကို သတိရမိပြန်သည်။
(၂)
ထိုစဉ်က ကျွန်မသည် မူလတန်းကျောင်းသူဘဝ ဖြစ်ပါသည်။ မြင်းခြံမြို့ မြောက်ဈေးတန်းထဲမှာ အမေက အိုးဆိုင်ကလေးဖွင့်ကာ အိုးရောင်းခဲ့တာ ကျွန်မ ပြောခဲ့ပါပြီ။ သည်အိုးတွေက ရွှေဘိုနယ်၊ ကျောက်မြောင်း၊ နွယ်ငြိမ်း၊ ရွှေကွန်ရွှေတိုက်ဘက်မှလာသော စဉ့်အိုး၊ စဉ့်ခွက်များ၊ မြင်းခြံနယ်တစ်ဝိုက်မှထွက်သော မြေအိုးများဖြင့် မြိုင်မြိုင်ဆိုင်ဆိုင်ရှိခဲ့သော အမေ့အိုးဆိုင်ကလေးကို ကျွန်မ မျက်စိထဲ အခုထိ မြင်ယောင်နေဆဲပဲ ဖြစ်၏။ ပြောင်လက်တောက်ပသော စဉ့်ထည်များ၊ နဘတ်အိုး၊ ရန္တပိုအိုး၊ မိတ္ထီလာအိုး၊ တောင်သာအိုး၊ ပခန်းအိုး စသည့် မြေထည်အိုးကလေးများက အမေ့ဆိုင်မှာ ပို၍ အရောင်းသွက်ပါသည်။ အမေ့အိုးဆိုင်ကလေးတွင် ကျောင်းပိတ်ရက်တိုင်း ကျွန်မ ဈေးကူရောင်းခဲ့ရတော့ တစ်နေကုန်နှင့် တစ်နေခန်း လာသမျှ ဈေးဝယ်ကို မူးစု ပဲစု မပျင်းမရိ စောင့်ရောင်းနေတတ်သော အမေ့ပုံရိပ်ဟောင်းနှင့် ကျေးဇူးတရားကို ကျွန်မ မမေ့နိုင်ပါ။ အဖေ့ပုဆိုးဟောင်းကို ခေါင်းကြီးပေါင်း ထဘီ တိုတိုဝတ်ကာ ဝယ်သူလာတိုင်း အညာနေပူပြင်းပြင်းထဲထွက်ကာ အိုးပြရသည့်အမေ။ ပူရမှန်းမသိ၊ ရောင်းဖို့သာ စိတ်သန်နေသည်။ တစ်အိုး ရောင်းရတော့ တစ်အိုးလျော့တာ မဟုတ်လား။
မြေအိုး အသုံးများကြသည့် အဲသည်ခေတ်တွေတုန်းကတော့ အမေ့အိုးဆိုင်ကလေးသည် သည်ခေတ် စတီးပစ္စည်းဆိုင်၊ ပလပ်စတစ်ဆိုင်တွေလိုပဲ အိမ်ထောင်မှုသုံး ပစ္စည်းအရောင်းဆိုင်ကလေးဖြစ်သည်။ အိမ်ရှင်မများ၏ မရှိမဖြစ် အိမ်သုံး မြေထည်ပစ္စည်းဆိုင်ကလေးမို့ ရောင်းပန်း ဝယ်ပန်း လှခဲ့သည်။ တစ်ခေတ်တစ်ခါက မြေထည်ယဉ်ကျေးမှု ကြီးခဲ့ဖူးသည်။ ထမင်းချက်လည်း မြေအိုး၊ ဟင်းချက်လည်း မြေအိုး၊ သောက်ရေလည်း မြေအိုး၊ ဘုရားညောင်ရေအိုးသည်ပင်လျှင် မြေညောင်ရေအိုး လည်ပင်းရှည်ကလေးတွေ။ “မျှော်လိုက်ရတာတော်၊ လည်ပင်းကို ညောင်ရေအိုးကျလို့”ဟု ပုံခိုင်းခဲ့ကြရသည့် မြေညောင်ရေအိုးကလေးတွေက ရေနှင့်ပန်း တွဲလိုက်သည့်အခါ ဘုရားစင်မှာ အိုးစိုစို၊ ပန်းစိုစို ကျက်သရေတော်တစ်မျိုး တိုးရသည်မဟုတ်ပါလား။ မြေအိုးဝယ်သူက မြေအိုးကလေးကို လက်ဖဝါးပေါ်တင်ပြီး အိုးပတ်ပတ်လည်ကို လက်ဆစ်ချောင်းကလေးများဖြင့် တဒေါင်ဒေါင် ခေါက်ကြည့်ကာ အိုးရွေးတတ်ကြသည်။ တစ်ခါတစ်ရံ အိုးရွေးမရဖြစ်နေသော ဈေးဝယ်ကို အမေက အိုးကူရွေးပေးရသေး၏။
“ဒီအိုး မယူနဲ့၊ အက်သံကလေး လိုက်နေတယ်၊ ဒီအိုးယူ ယောင်းမရဲ့၊ အိုးကို ဟင်းတန်းမချက်နဲ့ ၊ ဖိုခွင်ပေါ်တင်ပြီး မီးအပူနဲ့ အိုးကျင့်လိုက်ဦး၊ နှစ်လော သုံးလောလောက် ကျင့်ပစ်လိုက်၊ တကတည်း နေရော၊ တော် တစ်သက် လွတ်မကျလို့ကတော့ မကွဲလှချေသေးဘူး၊ သုံးပါလေ့”
အမေ့ မြေအိုးကလေးတွေက တစ်လုံးမှ တစ်မတ် ငါမူး၊ အိမ်ထောင်တိုင်းက အလွယ်တကူ သုံးစွဲနိုင်သည်။ ကျွန်မ မှတ်မိသလောက် ငါးဆယ်ဝင် စဉ့်အိုးကြီးတစ်လုံးမှ သုံးကျပ်ပါ။ ထိပ်တန်းအချောစား စဉ့်ကောင်းနဲ့မှ ငါးကျပ်။ ဈေးထဲတွင် ဈေးခြင်းတစ်ဖက် မြေအိုးကလေးတွေတစ်ဖက်ဖြင့် ဈေးဝယ်လာသူ အိမ်ရှင်မများ၏ဟန်ပန်ကလည်း ထိုခေတ်က ဈေးဝယ်မြင်ကွင်းတစ်ခုအဖြစ် ကျွန်မ စိတ်အာရုံတွင် ထင်ဟပ်နေခဲ့၏။ အမေ့အိုးဆိုင်ကလေး ဈေးရောင်းကောင်းသည့်နေ့ဆိုလျှင် အမေသေတ္တာကလေးထဲမှာ ကာတွန်းဦးအောင်ရှိန်၏ ဇာတ်လိုက်သူဌေး ကြီး ဦးကပ်စေး၏ငွေတိုက်ထဲက ဒင်္ဂါးအိတ်တွေလို အကြွေအနုတ်တွေနှင့် ပြည့်နေတော့၏။ ထိုသေတ္တာကလေးသည် ကျွန်မတို့ မမွေးခင်ကတည်းက ကျွန်မတို့အဘိုးအဘေးများ ပိုင်ဆိုင်ခဲ့ကြသော ရှေးဟောင်းပိုက်ဆံသေတ္တာကလေးမို့ ကျွန်မအတွက်တော့ ဘိုးမွေ၊ ဘမွေ၊ မိမွေ၊ ဖမွေ ဖြစ်၏။
“ဒီသေတ္တာကလေးက ငါတို့လှေကြီးနဲ့ ကုန်ကူးခဲ့ကြကတည်းက ထည့်ခဲ့ သိုခဲ့တဲ့ ပိုက်ဆံသေတ္တာကလေး၊ မပျောက်ပျက်ရပေါင်အေ၊ အကျိုးပေးလိုက်သာမှ” 
ပိုက်ဆံသေတ္တာကလေးမှာ ကျွန်းသားကို ရေနံချေးသုတ်ထားသောကြောင့် ရွှေညိုရောင်တောက်နေသည်။ သေတ္တာကလေးက အလျား ဆယ့်နှစ်လက်မ၊ အနံ ခုနစ်လက်မ၊ အမြင့် ငါးလက်မ ရှိသည်။ ထောင့်လေးထောင့်တွင် ကြေးဝါထောင့်ကွေးစွပ်များဖြင့် စရွေးမကျွတ်အောင် ကျွန်းသားထဲနစ်ဝင်အောင် စွန်ကုတ် ကုတ်ထားသည်။ သေတ္တာအဖုံးကို တွဲဆက်ထားသော ပတ္တာသေးသေးကလေးများမှာလည်း ကြေးပတ္တာကလေးများ ဖြစ်သည်။ သေတ္တာ ရှေ့မျက်နှာစာမှာ သော့ပေါက်ကလေးတစ်ပေါက် ပါသည်။ သေတ္တာအပေါ်ဖုံးမှာတော့ ပိုက်ဆံအကြွေထည့်စရာ တစ်လက်မခန့် ရှည်မျောမျော အပေါက်ကလေး ပါသည်။ သော့ပေါက်မှာရော အပေါ်အဖုံးမှာပါ ကြေးနန်းမျှင်ကလေးများကို အသားထဲမြှုပ်ကာ ကနုတ်ပန်းကလေးတွေ ဖော်ကာ ထွင်းထားပါသည်။ သေတ္တာအတွင်းပိုင်းတွင် ဘေးဘက်အကန့် အံဝှက်ကလေးပါသည်။ အဖုံးအပိတ်ကလေးနှင့် ဖြစ်၏။ သေတ္တာ၏ခါးပြတ်တွင် ကြေးဝါတုံးကလေးများခံထားသော အံပိတ်ကလေး ပါပါသည်။ အံပိတ်၏အောက်တွင် ငွေစက္ကူများ ထားလေ့ရှိပြီး အံပိတ်ပေါ်မှာတော့ အကြွေအနုတ်များ အပေါက်မှ ပစ်ချတတ်ပါသည်။ သေတ္တာ၏အဖုံးဘက်တွင် ကြေးပြားကြီး ကန့်လန့်ခံထားသော စာရွက်တို စာရွက်စများ ထည့်စရာ ဘောင်တန်းကလေး ရှိသည်။ သေတ္တာကလေး သေးသေးပေမယ့် အားလုံး စရွေးစွပ်ထားသည့် အနုကိုင် လက်သမားဆရာ လက်ရာတွေချည်း ဖြစ်ပါသည်။ သည်သေတ္တာကလေးကို ဘယ်သူကများ စိတ်ရှည်လက်ရှည် လုပ်ခဲ့တာပါလိမ့်။
(၃)
ဈေးသေတ္တာကလေးက အမေ့၏ မီးခံသေတ္တာကလေးဆိုလျှင် မမှားနိုင်ပါ။ သေတ္တာသော့ကို ခတ်ထားပြီး ပိုက်ဆံထည့်လိုလျှင် အဖုံးပေါ် အပေါက်ထဲသို့သွင်းကာ ထည့်လိုက်ရုံပင်။ အမေ အိုးရောင်းသည့်ငွေမှ အကြွေအနုတ်စေ့ကလေးများမို့ အပေါက်ထည့်လိုက်လျှင် ပိုက်ဆံမြည်သံ ဒေါက်ခနဲ ကြားရသည်ကပင် ကျွန်မအဖို့ ပျော်စရာ၊ ကြည်နူးစရာ ထင်ခဲ့ပါသည်။ ဈေးဝယ်ပေးသွားသော ပိုက်ဆံမှာ အပေါ့စေ့မဟုတ် အလေးစေ့ဆိုလျှင်တော့ ကျွန်မ ပိုတပ်မက်ပါသည်။ အလေးစေ့ဆိုတော့ ပိုက်ဆံကျသံက ပိုမြည်သောကြောင့် ဖြစ်ပါသည်။ 
ကျွန်မတို့ငယ်စဉ်တစ်လျှောက်လုံး သုံးစွဲခဲ့ရသော အကြွေ​စေ့ကလေးတွေက တော်တော်ချစ်စရာကောင်းပါသည်။ ငါးပြားစေ့၊ ဆယ်ပြားစေ့၊ တစ်မတ်စေ့၊ ငါးမူး​စေ့၊ တစ်ကျပ်စေ့ စသဖြင့် တစ်မျိုးတစ်ဘာသာ သူ့ပုံနှင့် သူ့ဒီဇိုင်းနှင့် ဖြစ်သည်။ ထို့အပြင် အပေါ့စေ့၊ အလေးစေ့ဟူ၍ နှစ်မျိုးရှိရာတွင် တန်ဖိုးညီ အကြွေစေ့ချင်းတူသော်လည်း ပုံစံဒီဇိုင်း ကွဲပြားနေတတ်သသည်။ ဥပမာ ဆယ်ပြားစေ့ အပေါ့စေ့မှာ ကနုတ်ပန်း ကနုတ်နွယ်ကလေးများဖြင့် ခပ်နှိပ်ထားသော်လည်း အလေးစေ့က ခြင်္သေ့ရုပ် ဖြစ်သည်။ လမ်းတွင် သွားရင်းလာရင်း ဆော့ကစားရင်း ပိုက်ဆံအကြွေစေ့ကလေးများ ကောက်တွေ့လျှင် ငွေထုပ်ကောက်ရသလို အလွန်ပျော်ရသည်။ တစ်ခါတစ်ရံ ချေးတက်နေသော ပိုက်ဆံ အစေ့ကလေးများကို တံတွေးဆွတ် မြေကြီးပေါ်ချ၍ ဖနောင့်နှင့် ပွတ်ကာ ပွတ်ကာ ချေးချွတ်ရသည်မှာပင် ကစားနည်းတစ်မျိုးဟု ထင်မှတ်ခဲ့ရသည်။ အမေ့သေတ္တာကလေးနှင့် ကျွန်မ ရင်းနှီးခဲ့ရသည်မှာလည်း သည်အ​ကြွေစေ့ကလေးတွေကြောင့် ဖြစ်ပါလိမ့်မည်။ 
အမေအိုးဆိုင်ကလေးမှာ ဈေးကူရောင်းရင်း ပိုက်ဆံအကြွေစေ့လေးများ သေတ္တာထဲ ခုန်ပေါက်နေသံ တချွင်ချွင်ကို ကျွန်မ ကြားချင်သည့်အခါတိုင်း သေတ္တာကလေးကို လှုပ်လှုပ်ပြီး နားထောင်ခဲ့ပါသည်။ သည်လို မလုပ်ကောင်းဘူးလို့လည်း အမေက ပြောတတ်သည်။ တစ်ခါတစ်ရံ အမေ့အလစ်တွင် ပိုက်ဆံသေတ္တာကို အပေါ်မြှောက်၍ မှောက်ကာ အပေါက်မှ တုတ်ကလေးဖြင့် ချု၍ အကြွေစေ့တစ်စေ့ရအောင် နှိုက်ပြီး ဈေးထောင့်က အာတာပူစီ ပြေးဝယ်စားရသည်မှာလည်း အရသာပိုလှ၏။ သည်တုန်းက အာတာပူစီတစ်ခုမှ ငါးပြား၊ နှုတ်ခမ်းပါးနားတွေ သကြားစေးထလောက်သော ပွပွကားကားကြီးမို့ တစ်ခုစားလိုက်လျှင်ပင် ချိုအိုင်သွားရတာ မဟုတ်လား။ 
ညနေဈေးသိမ်းချိန် ဈေးက အိမ်အပြန်မှာတော့ အမေ့ဈေးတောင်းထဲတွင် ဈေးသေတ္တာကလေးကို ထည့်ရွက်ကာ မှောင်ကြီးမည်းကြီးထဲ သားအမိတစ်တွေ ပြန်လာကြမြဲ ဖြစ်၏။ ရေမိုးချိုး ထမင်းချက်ပြုတ် စားသောက်ပြီး ညဘက်တွင် မီးခွက်ကလေးထွန်းကာ အမေ့ဈေးသေတ္တာကလေးကို ဖျာပေါ်သွန်ချရင်း ကျွန်မတို့ ပိုက်ဆံမျိုးတူ ရွေးရသည်။
“စောလင်းက ငါးပြားစေ့ ရွေး၊ ဝင်းနိုင်က ဆယ်ပြားစေ့ ရွေး၊ သမီးက မတ်စေ့ကလေးတွေ ရွေး၊ အပေါ့အလေးပါ တစ်ခါတည်း ခွဲရွေးနော်”
အနားတွန့်ကလေး ငါးတွန့်ပါသော မတ်စေ့ကလေးများကို အပေါ့စေ့တစ်ပုံ အလေးစေ့တစ်ပုံ ရွေးကာ ဆယ်စေ့၊ ဆယ်စေ့ ပုံထားရသည်။ ကျွန်မတို့ပုံထားသော ဆယ်စေ့ပုံကလေးတွေကိုမှ အမေက စက္ကူဖြင့်လိပ်ကာ “တောင့်”သည်။ စက္ကူအတွင်းမှ အကြွေစေ့ပုံစံအတိုင်း ပိုက်ဆံတောင့်ကလေးတွေက ပုံပေါ်နေသည်။ ဘယ်ဟာက မတ်စေ့တောင့်၊ ဘယ်ဟာက ကျပ်စေ့တောင့် မြင်ရုံနှင့် သိသာသည်။ အိုးလှည်းတွေလာလျှင် အိုးကုန်သည်တွေလာလျှင် အိုးဖိုးငွေကို အမေက အဆင်သင့် ပေးချေရုံသာ။ အမေ့သေတ္တာကလေးထဲက အကြွေစေ့ကလေးများသည် ကျွန်မ ကလေးဘဝတစ်လျှောက် အလွန်တပ်မက်ခဲ့ရသော သတ္ထုစင်အရုပ်များ ဖြစ်ခဲ့သည်။
(၄)
ကျွန်မတို့မိသားစု မြင်းခြံမှ မန္တလေးသို့ အပြီးပြောင်းရွေ့ ခဲ့ကြတော့ အမေအိုးဆိုင်ကလေးကို ဝမ်းနည်းပက်လက် မရောင်းရက် ရောင်းရက် ရောင်းပစ်ခဲ့ရသည်။ အဖေက မန္တလေးမြစ်ဆိပ်မှာ အခြေစိုက်ရင်း လှေကုန်ကူးချင်လို့ ပြောင်းခဲ့ကြခြင်း ဖြစ်သည်။ အမေ့သေတ္တာကလေးကတော့ ကျွန်မတို့နှင့်အတူ ပါလာခဲ့သည်။ အမေကတော့ သူ့အိုးဆိုင်ကလေးကို လွမ်းဖျားလွမ်းနာပင် ကျလိုက်သေး၏။ နောက်တော့ အမေက ကျွန်မတို့နေထိုင်သည့် မန္တလေးမြို့စွန် မြစ်ဆိပ်မှ အိမ်ရှေ့မျက်နှာစာမှာ တဲပြန့်ကလေးထိုးပြီး ဆိုင်ကလေးဖွင့်ခဲ့ပါသည်။ သည်တစ်ခါ အမေ့ဈေးဆိုင်ကလေးက မြေအိုးများ မဟုတ်တော့ပါ။ အဖေအညာဆန်လှေကြီးနှင့် တစ်ခေါက်တစ်ခေါက် တင်လာတတ်သော ဆန်၊ ဆီ၊ ဆား၊ ခွဲထင်းခြမ်း စသည့် အမာခံပစ္စည်းများနှင့်အတူ ကုန်စိမ်း၊ ကုန်ခြောက်၊ မုန့်ပဲသရေစာကလေးများပါ တင်ရောင်းသည့် ကုန်စုံဆိုင်ကလေးပဲ ဖြစ်သည်။ ဈေးရောင်းဝါသနာပါသည့် အမေ့မှာ သည်ဆိုင်ကလေးဖွင့်ဖြစ်တော့မှ အိုးဆိုင်ခံစားမှု ပျောက်သွားခဲ့သည်။
မနက်မိုးလင်းလျှင် သူ့ဈေးဆိုင်ကလေးထဲမှာ တလှုပ်လှုပ်နှင့် ချိန်လိုက် တွယ်လိုက်၊ ရောင်းလိုက်ဝယ်လိုက် လုပ်နေတတ်သော အမေ့ကို ကျွန်မတို့ အမြဲ မြင်တွေ့ခဲ့ရသည်။ ကျွန်မသည်ပင် အလယ်တန်းကျောင်းသူဘဝ ရောက်နေပြီ။ ကျွန်မ ကျောင်းပြန်လာသည်နှင့် အမေ့ဈေးဆိုင်ကလေးကို ဝင်ကူရသည်။ မီးသွေးတစ်ခြင်း အစိတ်၊ ခွဲထင်းတစ်စည်း တစ်ဆယ်၊ ဆန်တစ်ပြည် ဆယ့်နှစ်ကျပ်။ လက်မလည်အောင် ရောင်းခဲ့ရသည်။ သို့သော် အမေ့ဈေးသေတ္တာကလေးထဲမှာ ဟိုတုန်းကလို အကြွေအနုတ်ကလေးတွေ မဟုတ်တော့။ သေတ္တာအပေါက်ကလေးထဲကို ကျပ်တန် ငွေစက္ကူရွက်များကိုသာ လိပ်ခေါက်ထည့်ရပါသည်။ တစ်ခါတစ်ရံ ရှားရှားပါးပါး ရောက်လာတတ်သော အကြွေစေ့ကလေးများကလည်း ငွေစက္ကူတွေခံနေတော့ ဟိုတုန်းကလို တစ်ချွင်ချွင် မြည်မနေတော့ပါ။
ညတိုင်းညတိုင်း ဈေးဆိုင်ခန်းကဲလားကလေး ချပြီးလျှင် ကျွန်မတို့သားအမိ တစ်ကျပ်တန်၊ ငါးကျပ်တန်၊ ဆယ်တန် ငွေစက္ကူကလေးများကို ရွေးကြရပြီ။ ကျပ်တန်စည်းကလေးများကို သားရေပင်ဖြင့်စည်းပြီး ကပ်ထိုးရသည်။ အကြွေစေ့တွေလို စက္ကူဖြင့်လိပ်ကာ တောင့်စရာမလိုတော့။ မနက်လင်း၍ ကျောင်းသွားတော့မည်ဆိုလျှင် အမေက ကျွန်မတို့မောင်နှမတစ်တွေကို ဈေးသေတ္တာကလေးထဲက နှိုက်၍ တစ်ယောက်လျှင် တစ်ကျပ်စီ မုန့်ဖိုးပေးတတ်ပါသည်။ သည်တုန်းက နာမည်ကျော် မန္တလေးမြီးရှည်တစ်ပွဲမှ တစ်ကျပ်။ စားပျော်သည်ဆိုသော်လည်း သူ့ကာလနှင့် သူ့ပိုက်ဆံ မစားဖြစ်တာများသည်။
ကျွန်မ ဆယ်တန်းတက်သည်နှစ်မှာတော့ အမေ့ကျန်းမာရေး ချူချာလာသောကြောင့် ဈေးဆိုင်ကလေးကို ချုံ့လိုက်ရသည်။ တိုလီမုတ်စပစ္စည်းကလေးတွေ အမေ တင်မရောင်းတော့ပါ။ ဆန်၊ ဆီ၊ ထင်း၊ မီးသွေး စသည့် အမာခံ အထားခံ ကုန်ပစ္စည်းများကိုသာ အေးအေးသက်သာ ရောင်းတော့သည်။ သည်အခါမှာတော့ အမေ့ဈေးသေတ္တာကလေးထဲမှာ အရွက်ကလေးတွေ မဝင်ကြတော့ပါ။ ငွေစက္ကူကိုလည်း အမေ ချက်ချက်ချာချာ မရေတွက်တတ်တော့ပါ။ 
“ငါတို့က ရွာဘုန်းကြီးကျောင်းထွက်တွေဆိုတော့ ပဲတွေ ပိုင်တွေလောက် သင်ခဲ့ရတာကိုးအေ့၊ ဂဏန်းကြီးသွားရင် မတွက်တတ်တော့ဘူး”
အမေက သည်လိုပြောတိုင်း ကျွန်မတို့က ဝိုင်းရယ်ကြသည်။ အမေ့ဈေးသေတ္တာထဲက ငွေစက္ကူကို ညတိုင်လျှင် ကျွန်မက တစ်ထောင်အုပ် ကပ်ထိုးကာ စည်းပေးထားရသည်။ အမေ့ဈေးသေတ္တာထဲတွင် ခါတိုင်းလို အကြွေစေ့ကလေးတွေ၊ ကျပ်တန်ရွက်ကလေးတွေ ရှုပ်ယှက်ခတ်မနေတော့ပါ။ သယ်ရပိုးရ ကိုင်ရတွယ်ရတာလည်း ခါတိုင်းလောက် မလေးပင်တော့။ ညဘက် ဆိုင်သိမ်းလျှင် အမေ့ဈေးသေတ္တာကလေးထဲမှာ ငွေတွေ ပြည့်သိပ်လာတတ်သည်။ တစ်ခါတစ်ရံ ပိုက်ဆံသေတ္တာအဖုံးကလေးပင် မပိတ်မိအောင် ပွင့်အာနေတတ်၏။ ပိုက်ဆံတွေများလာတော့ အမေက သေတ္တာကလေးကို သော့ခတ်သိမ်းတတ်လာခဲ့ပြီ။
(၅)
အခုတော့ အမေ ဈေးမရောင်းနိုင်တော့ပါ။ အသက်အရွယ်ကလေးကလည်း ထောက်လာခဲ့ပြီ။ အမေ့ခေါင်းပေါ်က ဆံတံခွန်ဖြူလွလွကလေးတွေက ဇရာ၏အိုမင်းခြင်း အမှတ်လက္ခဏာကို ပြလာခဲ့ပြီ။ ကျွန်မတို့မောင်နှမတစ်တွေလည်း အရွယ်ရောက်လို့ ကိုယ့်ခြေထောက်ပေါ် ကိုယ် ရပ်နိုင်လာပြီမို့ အမေ ဈေးမရောင်းတော့တာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ မြေးတွေကိုထိန်းရင်း အိမ်မှာပဲ အနားယူခဲ့ပြီ။ အမေနှင့်အတူ အမေ့ဈေးသေတ္တာကလေးလည်း ပင်စင်ယူသွားခဲ့ရပြီ။ သို့သော် အမေ့မှာ ဈေးရင်းငွေတွေ အများကြီးကျန်နေပါသေးသည်။ နှစ်ပေါင်းငါးဆယ်ကျော် အသုံးပြုလာခဲ့သော အမေ့ဈေးသေတ္တာကလေးထဲမှာ အဖေနှင့်အမေတို့၏ ချွေးနည်းစာငွေတွေ အပြည့်ရှိနေသည်။
အသွေးစုံ၊ အရောင်စုံ၊ ဒီဇိုင်းစုံ လှပသော ထိုငွေစက္ကူကလေးများကို အမေသည် စိတ်ကူးရတိုင်း ထုတ်ကြည့်နေတတ်ခဲ့သည်။ အဖေ၏ လှေလှော် လှေခတ်ဘဝနှင့် သူ ဈေးရောင်းခဲ့ရသောဘဝတွေကို ပြန်အောက်မေ့ရင်း လွမ်းလွမ်းဆွေးဆွေးရှိပုံလည်း ရပါသည်။ မိဘဘိုးဘွားလက်ထက်ကတည်းက တယုတယ အသုံးပြုလာခဲ့သော ဈေးသေတ္တာကလေးကို ကျွန်မတို့သားသမီးများ အမွေဆက်မခံနိုင်ကြတာကိုလည်း စိတ်မကောင်းဖြစ်ပုံရသည်။ ကျွန်မတို့ မောင်နှမတစ်တွေကတော့ ဈေးရောင်းဈေးဝယ်ဘဝတွေ မဟုတ်ကြ။ ကိုယ်ဝန်ကိုယ် တစ်ပိုင်တစ်နိုင်ထမ်းကြရင်း အမေ့ဈေးသေတ္တာကလေးနှင့် ကျွန်မ ဝေးခဲ့တာပင် ကြာပြီ။
အမေက သူ့ဈေးသေတ္တာကလေး ကျွန်မကို အမွေပေးလိုက်သည့်နေ့က ကျွန်မ မျက်ရည်ကျမိပါသည်။ တစ်ချိန်က ရွှေညိုရောင်တောက်ပခဲ့ဖူးသော အမေ့ဈေးသေတ္တာကလေးက အခုတော့ ရေနံရောင်ပင် မစိုတော့။ အမေက ဖုန်ကလေးသုတ်ကာ ကျွန်မလက်ထဲ ထည့်လိုက်ခြင်း ဖြစ်သည်။
“တို့မျိုးရိုးက လှေသူကြီး ကုန်သည်မျိုးရိုး၊ လှေကြီးတွေနဲ့ ကုန်ရောင်း ကုန်ဝယ်လုပ်ရင်း ဘဝတွေ ဘဝတွေ ဖြတ်သန်းလာခဲ့ကြရတာများ ဟောသည် သေတ္တာကလေးရဲ့ သက်တမ်းသာ ခန့်မှန်းကြည့်ဟဲ့၊ နှစ်ပေါင်း တစ်ရာဆိုတာ နည်းရော့လား၊ ငါ့သားသမီးတွေကတော့ ဒီအမွေ ဆက်မခံနိုင်ကြဘူး၊ ဘာပဲဖြစ်ဖြစ်လေ တစ်ချိန်ချိန်တော့ အသုံးဝင်လို့ဝင်ငြား ငါ့သမီး သိမ်းထားကွယ်” 

အမေက ငွေစက္ကူရွက်ကလေးများကို ထုတ်ယူမထားဘဲ ပေးလိုက်ခြင်းဖြစ်သည်။ ကျွန်မကလည်း သည်အတိုင်းပဲ ယူလာခဲ့သည်။ အမေ့သေတ္တာကလေးက ကျွန်းသားရောင်မည်းမည်း ငွေစက္ကူတွေက အရောင်စုံ၊ လွမ်းစရာတော့ အကောင်းသား။

“နိုင်ငံတော်နှင့်တော်လှန်ရေး” အမှာ

0 comments
“နိုင်ငံတော်နှင့်တော်လှန်ရေး” အမှာ
နိုင်ငံတော်နှင့်တော်လှန်ရေးကျမ်းဟာ မာ့က်စ်ဝါဒ၊ လီနင်ဝါဒကျမ်းများထဲမှာ အရေးပါတဲ့ ကျမ်းကြီးတဆူဖြစ်ပါတယ်။ ဒီကျမ်းကို အမှာရေးပေးဖို့ ကမ်းလှမ်းလာတော့ ဆင်ထမ်းပြီး လမ်းလျှောက်ခိုင်းသလားလို့ တွန့်ဆုတ်မိပါတယ်။
ဒီကျမ်းဟာ အရင်းကျမ်းပြီးရင် သဘောတရားအရအနက်ရှိုင်းဆုံး ကျမ်းတဆူလို့ ဆိုချင်ပါတယ်။ ဘာကြောင့်လဲ။ အရင်းကျမ်းရဲ့အနှစ်ချုပ်သဘောတရားကိုမသိဘဲ မျက်မှောက်လူ့အဖွဲ့အစည်းမှာ ကြီးစိုးလွှမ်းမိုးနေတဲ့ အရင်းရှင်စနစ်က လူသားတို့ဘဝတခုလုံးအပေါ် သွေးစုပ်ခြယ်လှယ်ပုံအရင်းအမြစ်ကို နားမလည်နိုင်ဘူး။ ဒီလိုနားမလည်ရင် လူတွေကြားထဲမှာ ဆင်းရဲသူက ဆင်းရဲပြီး ချမ်းသာသူက ချမ်းသာ ဘာကြောင့်ကွဲပြားနေရတယ်ဆိုတာ သိပ္ပံနည်းကျစဉ်းစားလို့ ရမှာမဟုတ်ဘူး။ ပုန်ကန်တော်လှန်ရကောင်းမှန်း သိမှာမဟုတ်ဘူး။ ပုန်ကန်တော်လှန်ရေး မလုပ်နိုင်ရင် လူသားမျိုးနွယ်တခုလုံး အရင်းရှင်လူတန်းစားရဲ့ သွေးစုပ်ကျွန်ခံဘဝက လုံးဝမလွတ်မြောက်နိုင်ဘူး။ လူသားတွေဟာ ငရဲပန်းကို နတ်ပန်းလို့ထင်ပြီး ဆင်မြန်းရင် ဘဝအဆက်ဆက် မျိုးနွယ်လိုက် အလုပ်ကျွန်ဘဝက ရုန်းထွက်နိုင်မှာ မဟုတ်ဘူး။ လူဖြစ်ကျိုးနပ်မှာ မဟုတ်ဘူး။ တချိန်တည်းမှာ အရင်းရှင်နိုင်ငံကြီးတွေရဲ့ အံ့မခန်းဖွယ် ဖွံ့ဖြိုးတိုးတက်မှုတွေနဲ့ အပေါ်ယံရွှေမှုန်ကြဲ လူ့အခွင့်အရေးတွေ၊ အရင်းနဲ့အာဏာကို မထိပါးစေတဲ့ ဒီမိုကရေစီ ရွေးကောက်ပွဲတွေ၊ သမာသမတ်ကျတဲ့ တရားရုံးတို့ ဆိုတာတွေဟာ စင်စစ်တော့ တန်ဆာဆင်ထားတဲ့ ငရဲပန်းတွေလို့လည်း မြင်နိုင်စွမ်း ရှိမှာမဟုတ်ဘူး။

ဒီလိုပါပဲ နိုင်ငံတော်နဲ့ တော်လှန်ရေးကျမ်းရဲ့ သဘောတရားအရ စူးရှနက်ရှိုင်းပုံကို မလေ့လာ မသိရှိတဲ့ နိုင်ငံရေးသမားတဦးဟာ လကွယ်ညဉ့်သန်းခေါင်ယံအချိန်မှာ ထူထပ်တဲ့ တောကြီးမျက်မဲအလယ်ကောင်မှာ ရောက်ရှိနေသလို မိမိသွားရောက်ရမယ့် ခရီးလမ်းကို မှန်ကန်စွာ မြင်နိုင်စွမ်းရှိမှာ မဟုတ်ဘူး။ လူထုကိုလည်း မှန်ကန်စွာ ခေါင်းဆောင်နိုင်စွမ်းရှိမှာ မဟုတ်ဘူး။

ဒီနေ့ နိုင်ငံရေးလောကမှာ နိုင်ငံတော်ဆိုတာ ဘာလဲ၊ အစိုးရဆိုတာ ဘာလဲ၊ နိုင်ငံတော်အာဏာဆိုတာ ဘာလဲ၊ အစိုးရအာဏာဆိုတာ ဘာလဲဆိုတာကို နားလည်ပုံ နားလည်နည်း နှစ်မျိုးကွဲနေတယ်။ ပထမတမျိုးက နိုင်ငံတော်အစိုးရနဲ့အာဏာဆိုတာ လူသားအားလုံးအပေါ်မှာ ကျောသားရင်သား မခွဲခြားဘဲ လောကပါလတရားများနဲ့အညီ၊ မင်းကျင့်တရား ဆယ်ပါးနဲ့အညီ အုပ်ချုပ်စိုးမိုးရမယ့်အရာလို့ နားလည်မှုပါပဲ။ အစိုးရဆိုတာ အုပ်ချုပ်ရေးလုပ်ငန်းလုပ်ပြီး တရားဥပဒေပြုရေးကို လွှတ်တော်ကလုပ်ကာ တရားစီရင်ရေးက လွတ်လွတ်လပ်လပ် ဆောင်ရွက်ခွင့် ရှိရမယ်။ ဒါဟာ ဒီမိုကရေစီ မဏ္ဍိုင်ကြီးသုံးရပ်ဖြစ်တယ်။ ဒီမဏ္ဍိုင်ကြီး သုံးရပ်ကို ကောင်းမွန်စွာဆောင်ရွက်ရင် သန့်ရှင်းသော အစိုးရ၊ ကောင်းမွန်သော အစိုးရတရပ် ဖြစ်ပြီလို့ ဟောပြောပို့ချနေတာ တွေ့ရတယ်။ လက်တွေ့ ကမ္ဘာ့နိုင်ငံရေးလောကမှာ အဲဒီ မဏ္ဍိုင်ကြီး သုံးရပ်နဲ့ အုပ်ချုပ်လာတာ၊ ပဒေသရာဇ်စနစ်ကို ကမ္ဘာမှာဖြိုချပြီးကတည်းက ကျင့်သုံးလာလိုက်တာ အကျဉ်းထောင်တွေ ချဲ့ရ၊ စစ်တပ် ပုလိပ်တပ်တွေ ချဲ့ရ၊ ဒေသန္တရစစ်ပွဲတွေ ကမ္ဘာစစ်ပွဲကြီးတွေဖြစ်ရ၊ ဆင်းရဲချမ်းသာကွာဟမှုတွေ ပိုမိုပြင်းထန်လာ၊ အရင်းရှင် စီးပွားရေး လောဘဇောကြောင့် သဘာဝပတ်ဝန်းကျင် ပျက်၊ သယံဇာတပစ္စည်းတွေ ခြောက်ခမ်းနဲ့ နှစ်ပေါင်း သုံးရာကျော်ကြာ ကမ္ဘာကြီးမှာ တွေ့မြင်ခံစားနေရတယ်မဟုတ်ပါလား။
လူသားများရဲ့ ကမ္ဘာဦးခေတ်မှာ အစိုးရတို့၊ နိုင်ငံတော်တို့၊ မဏ္ဍိုင်ကြီး သုံးရပ်တို့၊ စစ်တပ်၊ ပုလိပ်တပ်၊ တရားရုံး၊ အကျဉ်းထောင်တို့ဆိုတာ နတ္ထိပါ။ ကုန်ထုတ်စွမ်းအားစုကို အဲဒီခေတ် လူသားတွေအားလုံး၊ လူမျိုးနွယ်စုအားလုံး စုပေါင်းပိုင်ဆိုင်ကြတယ်။ မိမိတို့ လိုအပ်သလောက် ခွဲဝေစားသောက်ကြတယ်။ ဒါဟာ ကမ္ဘာဦး ကွန်မြူနစ်ခေတ်လို့ သိပ္ပံနည်းကျ သမိုင်းပညာရှင်များက မှတ်ချက်ပြုပါတယ်။

ရှေးဦး ကွန်မြူနစ်ခေတ်အတွင်းမှာ ကျောက်ကုန်ထုတ်ကိရိယာ သုံးစွဲရာက ကြေး၊ သံသတ္တုများနဲ့ ကုန်ထုတ်ကိရိယာ တိုးတက်သုံးစွဲလာတယ်။ စိုက်ပျိုးရေး၊ မွေးမြူရေး ထွန်းကားလာတယ်။ ဒီအခါမှာ ပုဂ္ဂလိကပိုင်ဆိုင်မှုစနစ် ပေါ်လာတယ်။ ပုဂ္ဂလိကကုန်ထုတ်ပစ္စည်း ပိုင်ဆိုင်သူနဲ့ အဲဒီပိုင်ရှင်ထံမှာ မိမိလုပ်အားကိုပေးအပ်ပြီး ဝမ်းစာရှာစားရတဲ့ လုပ်အားစိုက်ထုတ်သူ လူတန်းစားစနစ် ပေါ်လာတယ်။ အဲဒီစနစ်ဟာ သုံမျိုး ပေါ်ထွန်းခဲ့တယ်။ ကျေးပိုင်ကျွန်ပိုင်ရှင်စနစ်၊ မြေရှင်ပဒေသရာဇ်စနစ်နဲ့ မျက်မှောက်ခေတ် အရင်းရှင်စနစ်တို့ ဖြစ်တယ်။ ဒီခေတ်သုံးခေတ်ဟာ သွေးစုပ်သူလူတန်းစားနဲ့ သွေးစုပ်ခံလူတန်းစားရယ်လို့ စီးပွားရေးစနစ်အရ ပေါ်ထွန်းခဲ့တယ်။

သွေးစုပ်သူ လူတန်းစားများဖြစ်တဲ့ ကျေးကျွန်ပိုင်ရှင်၊ မြေရှင်နဲ့ အရင်းရှင်တို့ဟာ သူတို့ခေတ်မှာ အုပ်စိုးသူလူတန်းစားများ ဖြစ်တယ်။ ဘုရင်များနဲ့ သမ္မတများ၊ ဝန်ကြီးချုပ်များ ဦးဆောင်တဲ့ အဲဒီ သွေးစုပ်သူလူတန်းစားများရဲ့အကျိုးစီးပွားကို အကာအကွယ်ပေးတဲ့အစိုးရနဲ့ နိုင်ငံတော်ဆိုတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် အစိုးရ၊ နိုင်ငံတော်ဆိုတာ လူတန်းစားများ ပေါ်ထွန်းတဲ့ခေတ်ကျမှ ပေါ်ပေါက်လာတာ ဖြစ်တယ်။

အဲဒီ အစိုးရနဲ့ နိုင်ငံတော်ရဲ့ အဆောက်အအုံတွေကတော့ အစိုးရအဖွဲ့၊ လွှတ်တော်၊ တရားရုံး၊ စစ်တပ်နဲ့ အခြားလက်နက်ကိုင်တပ်ဖွဲ့များ၊ အကျဉ်းထောင်နဲ့ အခြား အုပ်ချုပ်ရေးဌာနများ၊ ရုံးပြင်ကန္နားများ ဖြစ်ပါတယ်။ ဒီအဆောက်အအုံများကတဆင့် သွေးစုပ်သူ လူတန်းစားက အာဏာရှင်စနစ်အသီးသီးကို ပြဋ္ဌာန်းကျင့်သုံးကြတာပါပဲ။

ခေတ်သစ်အရင်းရှင်လူတန်းစားက မိမိရဲ့ ဓနရှင်အာဏာရှင်စနစ်ကိုဖုံးကွယ်ပြီး ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်၊ ရွေးကောက်တင်မြှောက်ခံအစိုးရဆိုတဲ့ အသွင်များနဲ့ ဖုံးအုပ်ထားတယ်။ သူတို့က အာဏာရှင်စနစ်ဟူသမျှကို ဆန့်ကျင်တယ်။ ပွင့်လင်းတဲ့ လူ့အဖွဲ့အစည်းကို လိုလားတယ်။ လူ့အခွင့်အရေးကို စောင့်ရှောက်တယ် စသည်ဖြင့် ကြွေးကြော်ဝါဒဖြန့်လေ့ရှိတယ်။ တရားမျှတမှုနဲ့တန်းတူညီမျှမှုဆိုတဲ့ လောကပါလတရားများကို ကျင့်သုံးတယ်လို့ဆိုတယ်။ လွတ်လပ်ရေး၊ ညီမျှရေးနဲ့ ညီရင်းအစ်ကိုတမျှချစ်ကြည်ရေးဆိုတဲ့ အလံသုံးလက်ကို အမြင့်ဆုံး လွှင့်ထူတတ်ကြတယ်။

အဲဒီ အရင်းရှင်ခေတ်မှာ အလုပ်သမားသပိတ်တွေ ဖြိုခွင်းခံရတယ်။ အလုပ်လက်မဲ့များ၊ မိန်းကလေးများ ပြည့်တန်ဆာဖြစ်ရ၊ ပြည်တွင်းစစ်ပွဲများ၊ ဆင်းရဲချမ်းသာ အကြီးအကျယ် ကွာဟကြ၊ ငတ်မွတ်ခေါင်းပါးကြ၊ သဘာဝရာသီဥတုတွေ ပျက်သုဉ်း၊ ကမ္ဘာစစ်ပွဲကြီးတွေ ဖြစ်ကြရ၊ ယနေ့တိုင်ပင် ကမ္ဘာမှာ ဆင်းရဲမျဉ်းအောက်လူသား သန်းထောင်ကျော် ရှိနေသေးတယ်မဟုတ်လား။ ၂၀၁၃ ခု Oxford လေ့လာမှု စစ်တမ်းများအရ ကမ္ဘာ့လူချမ်းသာ ၈၅ ယောက်ရဲ့ ကြွယ်ဝမှုဟာ တကမ္ဘာလုံးရဲ့ လူဦးရေထက်ဝက်ကျော်ရှိ ဆင်းရဲသားများရဲ့ ပိုင်ဆိုင်မှုနဲ့ ညီတယ်လို့ဆိုတယ်။

မာ့က်စ်၊ လီနင်ဝါဒက ပစ္စည်းမဲ့ အာဏာရှင်စနစ်ကို ကျင့်သုံးရမယ်လို့ ပွင့်ပွင့်လင်းလင်း လူထုကို ပြောကြားတယ်။ မာ့က်စ်၊ လီနင်ဝါဒက ဓနရှင်အာဏာရှင်စနစ်အပါအဝင် သွေးစုပ်သူ လူတန်းစားအားလုံးရဲ့ အာဏာရှင်စနစ်တွေကို ဖြိုချမယ်။ ပစ္စည်းမဲ့အာဏာရှင်စနစ်နဲ့ ဆိုရှယ်လစ်နိုင်ငံတော်ကို တည်ဆောက်မယ်။ လူထုဘဝ သာယာကြွယ်ဝတဲ့ စီးပွားရေးစနစ် တည်ဆောက်မယ်လို့ ပွင့်လင်းစွာပြောတယ်။ သို့သော် မာ့က်စ်၊ လီနင်ဝါဒဟာ ဓနရှင်လူတန်းစားလို ကောင်းမွန်သောအစိုးရရဲ့ မဏ္ဍိုင်ကြီးသုံးရပ်အောက်နဲ့ ဖုံးလွှမ်းထားတဲ့ ဓနရှင်အာဏာရှင်စနစ်တည်မြဲအောင်လုပ်တာမျိုး ပစ္စည်းမဲ့အာဏာရှင်စနစ်ကို အဲဒီ မဏ္ဍိုင်ကြီး သုံးရပ်အောက်မှာ တည်မြဲအောင် ကြိုးပမ်းမှာ မဟုတ်ဘူး။

မာ့က်စ်၊ လီနင်ဝါဒဟာ ဓနရှင်အာဏာရှင်စနစ်ကို ဖြိုဖျက်ရာမှာ အကြမ်းဖက် တော်လှန်ရေးနဲ့သာ ဖြိုဖျက်လို့ရမယ်လို့ ရှင်းရှင်းလင်းလင်း ဖော်ပြတယ်။ မာ့က်စ်က အကြမ်းဖက်တော်လှန်ရေးဟာ လူ့ဘောင်သစ်မွေးဖွားရေးရဲ့ လက်သည်ဖြစ်တယ်လို့ ပြောသလို ပစ္စည်းမဲ့တော်လှန်ရေးအောင်မြင်ရင်လည်း ဓနရှင်ဗျူရိုကရက် အုပ်ချုပ်ရေးယန္တရားကို တစမကျန် ဖျက်ဆီးပစ်မယ်လို့လည်း ပွင့်ပွင့်လင်းလင်း ပြောကြားထားပြီးဖြစ်တယ်။ ဓနရှင်တွေ ပြောသလို ငြိမ်းချမ်းရေးတို့၊ တရားဥပဒေစိုးမိုးရေးဘောင်အတွင်းက ဖြေရှင်းမယ်လို့ ပါးစပ်ကပြောပြီး၊ လက်တွေ့မှာ ဓနရှင်အာဏာရှင်စနစ်ကို ကျင့်သုံးပြီး စစ်တပ်နဲ့ ဗြောင် လူပေါင်းများစွာ သွေးချောင်းစီး သတ်ဖြတ်တာမျိုး၊ ကမ္ဘာပေါ်မှာ အကြီးမားဆုံး စစ်အုပ်စုကြီး ဖွဲ့တာမျိုး၊ အကျဉ်းစခန်းများ သို့မဟုတ် ဥပဒေပုဒ်မအမျိုးမျိုးနဲ့ ထောင်သွင်းအကျဉ်းချတာမျိုး၊ လိမ်လည်မှိုင်းတိုက် ရက်စက်တာမျိုး မာ့က်စ် လီနင်ဝါဒသမားများက မလုပ်ဘူး။

မာ့က်စ် လီနင်ဝါဒီများက လူတန်းစားရန်သူများရဲ့ တန်ပြန်တော်လှန် ပုန်ကန်မှုများအပေါ် အကြမ်းဖက်ဖိနှိပ်မှာကို ရှင်းရှင်းလင်းလင်း ဖွင့်ဆိုတယ်။ သို့သော် အလုပ်သမားလူတန်းစားနှင့် သွေးစုပ်အဖိနှိပ်ခံ ပြည်သူများအပေါ် ဒီမိုကရေစီအပြည့်အဝကျင့်သုံးမယ်လို့ ခွဲခွဲခြားခြားပြောခဲ့တယ်။ ဒါကြောင့် ဒီမိုကရေစီသဘောတရားဆိုတာ လူတန်းစားရပ်တည်ချက် ရှိတယ်။ သွေးစုပ်သူ၊ ဖိနှိပ်သူ လူတန်းစားအတွက် ဒီမိုကရေစီ မရှိနိုင်ပါ။

မာ့က်စ်ဝါဒဟာ တော်လှန်ရေးတို့၊ နိုင်ငံတော်အစိုးရတို့ဆိုတာကို လူတန်းစား တည်ရှိနေတဲ့ ကမ္ဘာမှာသာ အကန့်အသတ်နဲ့ ကျင့်သုံးတာဖြစ်တယ်။ ပစ္စည်းမဲ့လူတန်းစား အာဏာပိုင်စိုးပြီးနောက်မှာ တစတစ စီးပွားရေးဖွံ့ဖြိုးမှု၊ လူထုရဲ့ နိုင်ငံရေးနိုးကြားမှု၊ အသိအလိမ္မာတရား မြင့်မားလာခြင်းနဲ့ ကမ္ဘာ့လူ့အဖွဲ့အစည်းဝင်အားလုံး ပါဝင်လာနိုင်မှုအရ ပစ္စည်းမဲ့အာဏာကို ဖျက်သိမ်းမယ်၊ နိုင်ငံတော်အစိုးရဆိုတာကို ဖျက်သိမ်းမယ်။ တချိန်တည်းမှာပဲ လူတန်းစားကွဲပြားမှု အားလုံးကိုလည်းဖျက်သိမ်းပြီးသား ဖြစ်သွားစေရမယ်လို့ ရည်မှန်းတယ်။ အဲဒီအခါ ကွန်မြူနစ်လောကသို့ရောက်ပြီလို့ ဖွင့်ဆိုတယ်။ ဒါဟာ မာ့က်စ် လီနင်ဝါဒသမားတွေဟာ စိတ်ကူးယဉ်တာမဟုတ်ဘဲ သိပ္ပံနည်းကျ မုချမသွေဆိုက်ရောက်ရမယ့် လူသားသမိုင်းအနာဂတ် ဖြစ်ပါတယ်။ လူသားအားလုံး ဘက်ပေါင်းစုံမှာ လွတ်လပ်ငြိမ်းချမ်းပြီး အလျှံပယ်ကြွယ်ဝတဲ့ လူ့အဖွဲ့အစည်းအသစ် ဖြစ်ပါမယ်။

ဒါကြောင့် စာရှုသူ ကိုင်စွဲထားတဲ့ လီနင်ရဲ့ နိုင်ငံတော်နဲ့တော်လှန်ရေးကျမ်းဟာ နိုင်ငံရေး လေ့လာလိုက်စားလိုသူများနဲ့ သွေးစုပ်၊ အဖိနှိပ်ခံ လူမျိုးပေါင်းစုံ ပြည်သူတရပ်လုံးအတွက် ဓနရှင်စနစ်ရဲ့ တောကြီးမျက်မဲထဲ လကွယ်ညဉ့်သန်းခေါင်ယံအချိန် ရောက်ရှိစဉ်မှာ ရရှိလိုက်တဲ့ မဟာအလင်းတန်းကြီးဖြစ်ပါကြောင်း ညွှန်းဆိုလိုက်ရပါတယ်။ ။
၊ခမ်းဝင်း၊
(လီနင် ရေး The State and Revolution အား နေအောင်ရဲ မြန်မာပြန်ဆိုထားသည့် နိုင်ငံတော်နှင့်တော်လှန်ရေးကျမ်းမှ)