Tuesday, August 28, 2018

ကျွန်းဆွယ်အရေးအခင်းမှ အမှတ်တရများ။ (လှကျော်ဇော)

0 comments
ကျွန်းဆွယ်အရေးအခင်းမှ အမှတ်တရများ။ (လှကျော်ဇော)
အခုတလော ရှေးခေတ်ဟောင်း အောက်မေ့ဖွယ်တွေ- များလိုက်တာ။ ကျွန်မတို့တတွေမှာလည်း ရှေ့မီ နောက်မီသူများ ဖြစ်မှန်းမသိဖြစ်လာနေကြလေတော့ ကိုယ်ကြုံခဲ့ဆုံခဲ့ရတာလေးတွေ မှတ်မိတုန်း ရေးရပါဦးမယ်။
ကျွန်းဆွယ်အရေးအခင်းကာလက ကျွန်မတို့မိသားစုဖြတ်သန်းခဲ့ရတဲ့အတွေ့အကြုံလေးပါ။
ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ တော်လှန်ရေးကောင်စီ အစိုးရခေတ်- ၁၉၆၉ခုနှစ်မှာ ရန်ကုန် အောင်ဆန်းကွင်းမှာ အရှေ့တောင်အာရှ ကျွန်းဆွယ်နိုင်ငံများရဲ့အားကစားပွဲကြီး(S.E.A.P.Games)ကို ကျင်းပခဲ့ပါတယ်။ ဒီဇင်ဘာ-၆-ရက်မှာ ဖွင့်ပွဲအခမ်းအနား အကြီးအကျယ် ကျင်းပပါတယ်။ ပြီးတော့ အားကစားပွဲစဉ်များကို နေရာတွေခွဲ ကျင်းပကြပါတယ်။ ၉ ရက်နေ့ သမိုင်းကောလိပ်မှာကျင်းပတဲ့ လက်ဝှေ့ပွဲ ကျောင်းသားအများအပြား လက်မှတ်ဝယ်မရတဲ့အမှုကစပြီး (လက်မှတ် မှောင်ခိုထုတ်ရောင်းတယ်-ဆိုတဲ့ သတင်းကလည်း ပြန့်နေတာဖြစ်လို့) ပြဿနာတွေတက်ပါတော့တယ်။ တခါ ဘွဲ့နှင်းသဘင်ခန်းမမှာကျင်းပတဲ့ ဂျူဒိုပွဲမှာလည်း ကျောင်းသားတွေ မကျေမနပ်ဆန္ဒပြကြပြီး မြို့ထဲ ချီတက်ဖို့ကြိုးစားကြပါသေးတယ်။

အောင်ဆန်းအားကစားကွင်းမှာပြုလုပ်တဲ့ ဘောလုံးပွဲစဉ်တခုမှာလည်း လက်မှတ်ဝယ်မရကြတဲ့ ကျောင်းသားလူငယ်တချို့ ဒေါသပေါက်ကွဲပြီး လူစုလူဝေးနဲ့ ရန်ကုန်မြို့လယ်ခေါင်ဆင်းချလာပြီး လမ်းတလျှောက် တွေ့သမျှ ကားတွေ၊ အဆောက် အဦးတွေ (ရုပ်ရှင်ရုံတွေ) စတာတွေကို မီးတင်ရှို့ဖျက်ဆီး လုပ်ကြပါတယ်။ ဒီအထဲမှာ ဒေါ်ခင်မေသန်း (ဗိုလ်ချုပ်နေဝင်းဇနီး) ပိုင်တယ်လို့ သတင်းကြီးနေတဲ့ အင်းဝစာအုပ်တိုက်လည်း ပါသွားပါတယ်။ အဲဒီကာလက ကွမ်းယာဆိုင်ကအစ ပြည်သူပိုင်သိမ်းတဲ့ လုပ်ငန်းတွေအပေါ် လူထုကမကျေမနပ်ဖြစ်နေတဲ့အရှိန်နဲ့လည်း ဆက်နေဟန်ရှိပါတယ်။

လူထုမကျေနပ်တာလည်း မပြောနဲ့လေ။ သူတို့လုပ်ပုံတွေကလည်း ကြည့်ဦး။ ကားတွေ-တိုက်တွေ အကုန်သိမ်းပစ်ပြီးတဲ့နောက်နေ့ အဲဒီကားတွေ-အိမ်တွေပေါ် စစ်ဗိုလ်တွေ အခန့်သားတက်မောင်း-တက်နေကြနဲ့။ ပြောဆိုဆက်ဆံတာတွေကလည်း မောက်မာသလားမပြောနဲ့။ တချို့ လုပ်ငန်းပိုင်ရှင်ကြီးတွေ ရုတ်တရက်ကြုံလိုက်ရတဲ့ လောကဓံတရား မခံနိုင်ဖြစ်ပြီး ဦးနှောက်သွေးကြောတွေပြတ်ကုန်-ပိတ်ကုန်နဲ့ ကျွန်မတို့ရန်ကုန်ဆေးရုံကြီးက အရေးပေါ်ဌာန လက်မလည်အောင်အလုပ်များခဲ့ဖူးပါတယ်။
ဒါတွေကြောင့်လည်း ပါဟန်တူပါရဲ့။ အဲဒီလူအုပ်ကြီးက တဖက်ကလည်း မီးရှို့ဖျက်ဆီးမှုတွေလုပ်-တဖက်ကလည်း အစိုးရဆန့်ကျင်ရေး ကြွေးကြော်သံများ(ပုဂွိုလ်ရေးတွေလည်း ပါတယ်။ ဗိုလ်နေဝင်းကို နံမည်နဲ့ဖော်-ဆဲတာတွေလည်းပါသတဲ့) အော်ကြဟစ်ကြပါတယ်။ အစိုးရအနေနဲ့ကလည်း အခုလို နိုင်ငံတကာပွဲကျင်းပပြီး မိမိရဲ့တရားဝင်မှု(legitimacy)ကို ပြသဖို့လုပ်ဆောင်ရာမှာ-အရှက်တကွဲ အကျိုးနည်းဖြစ်ရလေတော့ အတော်စိတ်ဆိုးသွားဟန်ရှိပါတယ်။ အဲဒီ ရန်ကုန်မြို့လည်ခေါင် တခွင်တပြင်ကြီးကိုပိတ်လိုက်ပြီး တွေ့သမျှလူတွေကို သိမ်းကျုံးဖမ်းပါတော့တယ်။ ပြီးတော့ ထရပ်ကားတွေပေါ်တင်ပြီး အင်းစိန်ထောင်ကို ပို့လိုက်ပါတော့တယ်။

အဲဒီကာလက ကျွန်မတို့မောင်နှမတတွေထဲမှာ အငယ်ဆုံးမောင်လေးကလွဲလို့ ကျန်အကြီး-၄-ယောက်စလုံး တက္ကသိုလ်ရောက်နေကြ ပါပြီ။ အကြီးဆုံးကျွန်မက ဆေး-နောက်ဆုံးနှစ်(ခ)။ စန်းက စီးပွားရေးတက္ကသိုလ်နောက်ဆုံးနှစ်၊ ကိုအောင်နဲ့ကိုကျော် တို့ ၂ယောက်က ဝိဇွာ-သိပ္ပံမှာ။ အဲဒီနေ့ ကိုကျော်(ကျော်ဇောဦး)က ဗိုလ်အောင်ကျော်လမ်းက ကျူရှင်ကိုသွားတက်ပါတယ်။ သူ့တို့သူငယ်ချင်းတွေ စုတက်တဲ့အထဲ ပင်စီရွှေ(တော်လှန်ရေးကောင်စီဝန်ကြီး-ဗိုလ်မှုးကြီးမောင်ရွှေသမီး)လည်း ပါပါတယ်။ အဲဒီခေတ်က တော်လှန်ရေးကောင်စီဝင်တွေက မာစီးဒီးဘက်န်စ်တွေ စီးကြပါတယ်။ ပင်စီတို့ကားကြီးက ကျူရှင်ကျောင်းရှေ့ရပ်ထားပြီး ကျောင်းအဆင်းကို စောင့်နေတတ်ပါတယ်။ အောင်ဆန်းကွင်းထဲ ပြဿနာတက်ပြီး လူအုပ်ကြီးက ထိမ်းမနိုင်သိမ်းမရ လမ်းတွေ့သမျှကားတွေမီးရှို့နေပြီ-ဆိုတဲ့ သတင်းထွက်လာတော့-ကျူရှင်ဆရာက ကျောင်းပိတ်လိုက်ပြီး ကျောင်းသားတွေကို အိမ်ပြန်ခိုင်းပါတယ်။ သူ့ကျောင်းရှေ့က ကားကြီးကြောင့် သူကျောင်း တုတ်ဆက်မှာ စိုးဟန်တူပါတယ်။
ပင်စီက ကိုကျော့်ကို သူ့ကားနဲ့လိုက်ဖို့ ခေါ်ပါတယ်။ သူတို့က ဝင်ဒါမီယာကို ပြန်တာဖြစ်တော့ မြေနီကုန်းမှာချပေးမယ်လို့ ပြောပါတယ်။ ကိုကျော်က မလိုက်ရဲပါဘူးဗျာ။ ကိုယ့်ဟာကိုယ်သာ သတိထားပြန်ပါ။ နင် အိမ်ပြန်ရောက်ရင် မေမေ့ကိုသာ ဖုန်းဆက်ပြီး ငါ ပြန်လာနေပြီ-ဆိုတာသာပြောပေးပါလို့မှာလိုက်ပါတယ်။ ကိုကျော်က ရုတ်ရုတ်ရက်ရက်တွေဖြစ်ရင် လိုင်းကားတွေလည်း ပိတ်တတ်တာကြောင့် လမ်းလျှောက်ပြန်ရကောင်း ပြန်ရနိုင်တာကြောင့် မေမေစိတ်ပူနေမှာစိုးလို့ မှာလိုက်တာပါ။

သူထင်တဲ့အတိုင်းပဲ ဘာလိုင်းကားမှ မရှိတော့ဘူး။ ဒီတော့ လမ်းဆက်လျှောက်နေတုန်းမှာပဲ လမ်းထိပ်တွေကို ထရပ်ကားတွေနဲ့ပိတ်ရပ်ပြီး အဲဒီကားတွေပေါ်က ရဲတွေဆင်းလာပြီး တွေ့သမျှလူကိုဆွဲ ကားတွေပေါ်တင်တော့တာပဲ။ ဒီတော့ သူလည်း တွေ့တဲ့လမ်းထဲထိုးဝင်ပြီး တိုက်လှေကားထစ်တွေမှာ ဝင်ထိုင်နေလိုက်တယ်တဲ့။ တိုက်ခန်းတခန်းကို တံခါးခေါက်ပြီး သူ အထဲဝင်နေပါရစေလို့ တောင်းပန်ပေမယ့် တိုက်ခန်းရှင်က တံခါးဖွင့်မပေးဘူးတဲ့။ ဒီလိုနဲ့ လမ်းမကြီးပေါ်ကလူတွေအကုန်ဖမ်းပြီးတော့ ဘေးလမ်းတွေကို တလမ်းစီဝင်ရှင်းပါတယ်။ တိုက်တတိုက်ပြီးတတိုက် လှေကားတွေကိုတက်ရှင်းတာမှာ ကိုကျော်လိုပဲ လှေကားထစ်တွေမှာ ဝင်ထိုင် ပုန်းနေကြသူတွေအားလုံးကိုလည်း ဖမ်းပြီး ထရပ်ကားတွေပေါ်တင် အင်းစိန်ခေါ်သွားပါတော့တယ်။

ပင်စီက သူ့အိမ်ပြန်ရောက်တော့ မေမေကို ဖုန်းနဲ့လှမ်းပြောပါတယ်။ “အန်တီ-ကျော်ဇောဦးက မှာလိုက်တယ်။ သူ အိမ်ပြန်လာနေပြီ။ စိတ်မပူပါနဲ့” တဲ့။ ဒီတော့ ကျွန်မတို့လည်း အေးအေးပဲပေါ့။ ဒါပေမဲ့ တော်တော်နဲ့ ပြန်ရောက်မလာတော့ အိမ်မှာ ဘယ်သူမှ မထိုင်နိုင်တော့ပါဘူး။ ည ၈ နာရီ- မြန်မာ့အသံသတင်းမှာတော့ ဆူပူသောင်းကျန်းမှုတွေအကြောင်းနဲ့ အဲဒီဆူပူသူတွေအားလုံးကို ဖမ်းဆီးထိန်းသိမ်း လိုက်ပြီးဖြစ်ကြောင်းသတင်းတွေ ပါလာပါတယ်။ အစောပိုင်းကတည်းက ထရပ်ကားကြီးတွေနဲ့လူတွေဖမ်းတင်ပြီး အင်းစိန်ဘက် မောင်းသွားတယ်ဆိုတဲ့သတင်းလည်း ကြားထားပြီးပါပြီ။ ဒါနဲ့ မေမေလည်းပင်စီကို ထပ်ဖုန်းဆက်ပြီး ကိုကျော် ပြန်မရောက်သေးကြောင်း၊ အဲဒီဖမ်းသွားသူတွေထဲ ပါသွားမသွား စုံစမ်းပေးပါလို့ပြောတော့ ပင်စီက သူ့အဖေ အခုထိ အိမ်ပြန်မလာသေးဘူး။ အိမ်ပြန်လာလာချင်း မေးပေးပါ့မယ်လို့ပြောပါတယ်။ အတော်မိုးချုပ်မှ ပင်စီက ဖုန်းပြန်ဆက်လာပြီး သူ့အဖေပြန်ရောက်လာလို့ သူ အကျိုးအကြောင်းမေးကြည့်တာ အားလုံးကိုသိမ်းကျုံးဖမ်းထားပေမယ့် စစ်ဆေးပြီးရင်-ဆူပူမီးရှို့မှုတွေထဲမပါဝင်ရင် ပြန်လွှတ်မှာဖြစ်ကြောင်း ဘာမှ စိတ်မပူဖို့ ပြောပါတယ်။ မေမေက ဖမ်းသွားတဲ့ထဲ ပါမပါသေချာအောင် စုံစမ်းပေးပါ။ ဘယ်ဆီဘယ်ဝယ်ရောက်နေမှန်းမသိလို့ပါလို့သာ ထပ်ပြောလိုက်ပါတယ်။

ပြောလို့သာပြောရတာ။ ဖေဖေ့နံမည်ပါလာရင် ဘယ်သူမှ သိပ်မကူညီရဲပါဘူး။ ဗိုလ်နေဝင်း ဘုန်းမီးနေလတောက်လေ ကျွန်မတို့မိသားစု အနေကျပ်လေ ဖြစ်နေတဲ့ကာလပါ။ တကယ်တော့ အဲဒီကာလက ရန်ကုန်တိုင်း တိုင်းမှူးက ဗိုလ်ချုပ်ကျော်ထင်ပါ။ ဂျပန်တော်လှန်ရေးအတွင်းတုန်းက ဖေဖေ့တိုင်း(၄)ကပါ။ ဒုတိုင်းမှူး ဗိုလ်မှူးကြီးမျိုးညွန့်(ကွယ်လွန်)က ကျွန်မတို့နဲ့ ဦးလေး တော်ပါတယ်။ မေမေ့ မောင်ဝမ်းကွဲပါ။ ဦးလေးက သူဆယ်တန်းကျတော့ စိတ်ဓာတ်ကျပြီး စစ်တပ်ထဲဝင်ပါရစေဆိုပြီး မေမေ့ အမေ(ဦးလေးအဖေနဲ့ မောင်နှမ တော်ပါတယ်။) ကို လာပြောတော့ အဘွားက မေမေတို့ဆီလာအပ်ပါတယ်။ ဖေဖေက ဆယ်တန်းတော့ အောင်အောင်သင်ပါကွာ။ ငါတို့ ကျောင်းထားပေးပါ့မယ်ဆိုပြီး ကျောင်းထားပေးပါတယ်။ အဲဒီနှစ်မှာပဲ ဦးလေး ဆယ်တန်းအောင်ပြီး ဖေဖေက တပ်ထဲသွင်းပေးပြီး ဗိုလ်သင်တန်းဝင်သွားတာပါ။ (ဗိုလ်ချုပ်မှုးကြီးသန်းရွှေနဲ့ O.T.S.ကျောင်းတပတ်ထဲပါ။) ဦးလေးက သူ စစ်ဗိုလ်ဖြစ်ကတည်းက သူညီ သူညီမတွေ တယောက်ပြီးတယောက် မြို့ခေါ် စာသင်ပေးခဲ့ပါတယ်။ ဦးလေးက နယ်မှာ တာဝန်ကျတာများလို့ အဲဒီဦးလေးညီရောညီမရော ကျွန်မတို့စမ်းချောင်းအိမ်လေးမှာပဲနေခဲ့ကြရပြီး ဒီိကပဲ ကျောင်းတက်ကြ၊ ဘွဲ့ရတဲ့သူ ရကြ၊ အလုပ်ဝင်ကြနဲ့ အိမ်ထောင်တွေကျမှပဲ ကျွန်မတို့အိမ်က ခွဲသွားကြတာပါ။ ဒါကြောင့် ဦးလေးကရော ကျွန်မတို့အဘွားအပါ ဖေဖေနဲ့မေမေကို သူတို့မိသားစုရဲ့ကျေးဇူးရှင်လို့ သဘောထားပါတယ်။ ဒါတွေကို သူက ဗိုလ်ချုပ်ကျော်ထင်ကို အကြောင်းစုံပြောပြ ထားပါတယ်။ သူ့အနေနဲ့ ဖေဖေကို တနှစ်ကို(၂)ကြိမ်လောက်တော့ သွားကန်တော့ပါရစေလို့လည်း ခွင့်တောင်းထားပါတယ်။ အဲဒီတုန်းက ကျွန်မတို့အဘွားကလည်း ကျွန်မတို့နဲ့ နေနေပါတယ်။ ဦးလေးက သီတင်းကျွတ်တို့ သင်္ကြန်တို့မှာ လာကန်တော့တတ်ပါတယ်။ (တခါတရံ)အဘွားနေမကောင်းတာကြားရင်လည်း လာတတ်ပါတယ်။ လာခွင့်တောင်းပြီးမှ လာရတာတောင် ဦးလေးက ညအတော် မိုးချုပ်မှလာရဲပြီး ကားကိုလည်း ကျွန်မတို့အိမ်ရှေ့ထိ မောင်းမလာရဲပါဘူး။ မြေနီကုန်းမှာဖြစ်ဖြစ်၊ ရှမ်းလမ်းထိပ်မှာဖြစ်ဖြစ် ရပ်ထားခဲ့ပြီးမှ အိမ်ကို လမ်းလျှောက်လာရတာပါ။ ကျွန်မတို့အိမ်ရှေ့ရပ်တဲ့ကားတိုင်း နောက်နေ့ ထောက်လှမ်းရေးက ခေါ်စစ်တတ်ပါတယ်။ ဖေဖေရော မေမေရော ဦးလေးလာတိုင်း နောင် မလာပါနဲ့ကွာ။ တို့နားလည်ပါတယ်။ မင်းတို့ အနေရအထိုင်ရကျပ်ပါ့မယ်လို့ ပြောလေ့ရှိပါတယ်။ ဦးလေးကလည်း ကန်တော့ရင်း တခါတရံ မျက်ရည်ကျတတ်ပါတယ်။

အဲဒီကာလက ကျွန်မတို့ရဲ့ ဆီဆုံလမ်းအိမ်လေးဟာ ပတ်ပတ်လည် ထောက်လှမ်းရေးတွေနဲ့ဝိုင်းနေတာပါ။ အိမ်လာလည်တဲ့လူတိုင်း နောက်ကိုလည်း လိုက်လေ့ရှိပါတယ်။ တမင် ခြိမ်းခြောက်တာပါ။ ဒါကြောင့် တော်ရုံလူဘယ်သူမှ မလာရဲပါဘူး။ စစ်အာဏာရှင် လက်အောက် အလွန်သတိကြီးစွာ၊ စိတ်ကျဉ်းကျပ်စွာနေလာရတာဖြစ်လို့ အဲလိုဘဝမျိုးဖြတ်သန်းရသူတွေကို ကျွန်မတို့က စာနာတတ်-လေးစားတတ်နေတာပါ။

ဖေဖေကလည်း ကိုယ့်ကြောင့် သူများဒုက္ခရောက်မှာ သိပ်စိုးရိမ်ပါတယ်။ ဒါပေမဲ့ အခု ကိုကျော့်ကိစ္စ ပေါ်လာတော့ မတတ်နိုင်တော့ပါဘူး။ အဓိက က အဲဒီဖမ်းသွားတဲ့သူတွေထဲ သူပါသွားလားသိချင်တာပါ။ ဒါ့အပြင် ဆောင်းတွင်း (ဒီဇင်ဘာလ)ကြီးဖြစ်တာကြောင့် မေမေက သူ့သား တိုက်ပုံလေးပဲ ဝတ်သွားတာဖြစ်လို့ အနွေးထည်ပို့ချင်လာပါတယ်။ ဒီတော့ ဦးလေးကိုပဲ လှမ်းဆက်သွယ်ရပါတော့တယ်။ ဦးလေးရဲ့ညီဖြစ်တဲ့ ဆရာဦးဘဌေးကိုလွှတ်ပြီး စုံစမ်းမေးမြန်းရပါတယ်။ ဒီတင် ကိုကျော် အင်းစိန်ထောင်ထဲ ရောက်နေတာသိရပြီး အဝတ်အစားလည်း ပို့လို့ရသွားပါတယ်။ ဦးလေးက ဘာမှမပူကြဖို့ အားလုံး စစ်ဆေးပြီးရင် ပြန်လွတ်လာမှာပါလို့ အကြောင်းကြားလာပါတယ်။ ဗိုလ်မှူးကြီးမောင်ရွှေကလည်း သူ့သမီးနဲ့ ကျူရှင်တကျောင်းတည်း အတူတက်နေတာဖြစ်ကြောင်း၊ အဲဒီကျောင်းအလွှတ်မှာ ရောပါသွားတာဖြစ်ကြောင်း အင်းစိန်ထောင်တာဝန်ခံတွေကို လှမ်းပြောကြောင်းလည်း ကြားရပါတယ်။

ဒီလိုနဲ့ နောက်(၂)ပတ်လောက်ကြာပြီး တနေ့မှာ ရန်ကုန်ုမြို့တော်ခန်းမကနေ ဖုန်းဝင်လာပါတယ်။ (အဲဒီကာလက ရန်ကုန်မှာ အရေးပေါ်အမိန့််ထုတ်ထားလို့ ရန်ကုန်တိုင်းစစ်ဌာနချုပ်က မြို့တော်ခန်းမမှာ ရုံးထိုင်နေပါတယ်။) ရန်ကုန်တိုင်းမှူးရဲ့ကိုယ်ရေးအရာရှိ(ပီအေ) က ဖေဖေနဲ့စကားပြောပါရစေလို့ဆိုပါတယ်။ ဖေဖေ ဖုန်းကိုင်လိုက်တော့ ဗိုလ်ချုပ် ကျွန်တော်တို့ ကျော်ဇောဦးကို မြို့တော်ခန်းမကို ခေါ်လာပါပြီ။ သူ့ကို လာခေါ်လို့ရပါပြီလို့ပြောပါတယ်။ ဒီတော့ ဖေဖေက မင်းတို့ လွှတ်မှာဆိုရင် လွှတ်လိုက်ပေါ့။ ဘာလာခေါ်စရာလိုသလဲလို့ ပြောတော့ အဲဒီစစ်ဗိုလ်က ဗိုလ်ချုပ်ကိုယ်တိုင် လာစရာမလိုပါဘူး။ အစ်မကြီးကိုလွှတ်လည်း ရပါတယ်။ ကျွန်တော်တို့က လူကြီးမိဘတွေ လက် ပြန်အပ်တယ်ဆိုတဲ့သဘောပါ။ အုပ်ထိန်းသူတယောက်ယောက်က လက်မှတ်ထိုး လက်ခံဖို့လိုပါတယ်လို့ ထပ်ပြောပါတယ်။ ဖေဖေက စိတ်တိုသွားပြီး ဟေ့ငါလည်း မလာနိုင်ဘူး။ သူ့ အမေလည်း မလွှတ်နိုင်ဘူး။ နေပါဦး။ မင်းတို့က ငါ့သားကို လမ်းပေါ်က ဖမ်းသွားတာ။ လမ်းပေါ်ဘဲပြန်လွှတ်လိုက်။ ဒီကောင် အိမ်ပြန်လာတတ်တယ်လို့ဆိုပြီး ဖုန်းချလိုက်ပါတယ်။ အဲဒီအချိန် ဖေဖေ ဖုန်းပြောနေတာကို နောက်က ရပ်နားထောင်နေတဲ့ မေမေရဲ့သောကရိပ်တွေနဲ့ညိုနေတဲ့ မျက်နှာလေး ရုတ်တရက်ညှိုးကျသွားတာကို ကျွန်မ အခု စာရေးနေရင်း ပြန်မြင်ယောင်လာပြီး စိတ်ထဲမကောင်းလိုက်တာလေ။ မေမေကိုလည်း သနားလိုက်တာ။
နောက်တနာရီလောက်ကြာတော့ မြေနီကုန်းရဲဌာနက ဌာနမှူးဆိုသူဆီက ဖုန်းလာပါတော့တယ်။ ဒီနေရာမှာ တခုတော့ ပြောရဦးမယ်။ ကျွန်မက ရဲဌာနလို့မှတ်မိနေပါတယ်။ ကိုအောင် (အောင်ကျော်ဇော)ကတော့ လဝကရုံးလို့ဆိုပါတယ်။ ထားပါတော့။ အဲဒီလူက ကျော်ဇောဦး သူတို့ဆီရောက်နေပြီ။ အိမ်ကလူကြီးတယောက်ယောက် လာကြိုပါတဲ့။ ဒီတော့ ဖေဖေက ဦးလေး ကိုဘဌေးနဲ့ကိုအောင်ကို- သွားကြိုကြဆိုပြီး လွှတ်လိုက်ပါတယ်။ အဲဒီရောက်တော့ ကိုကျော်ကို လက်ခံရပါတယ်ဆိုတာကို ဦးလေးက လက်မှတ်ထိုးပေးခဲ့ရပါတယ်။ ဒါပေမဲ့ ဦးလေး ကိုဘဌေးက ဒီကိစ္စ ဖေဖေကို ပြန်မပြောပြရဲဘဲ မေမေကိုပဲ တိုးတိုးကြိတ်ကြိတ် ပြောပြထားပါတယ်။ ဖေဖေ တောက်လျှောက် သိမသွားပါဘူး။

နောင်မှသိရတဲ့ ဇာတ်လမ်းစုံကတော့ ဖေဖေက ငါတို့ ဘယ်သူမှလာမခေါ်နိုင်ဘူးဆိုတော့ သူတို့ ရန်ကုန်တိုင်းကလူကြီးတွေ ခေါင်းချင်းရိုက်ပြီး ဘယ်လိုဆက်လုပ်ကြမလဲလို့ တိုင်ပင်ကြသတဲ့။ ကျွန်မတို့ဦးလေးဒုတိုင်းမှူးက ကဲဒီလိုဆိုရင် ကျွန်တော်ရုံးကအပြန် ခေါ်သွားပြီး အိမ်ပြန်ပို့လိုက်ပါ့မယ်လို့ ဆိုတော့ ဗိုလ်ချုပ်ကျော်ထင်က ပျာပျာသလဲနဲ့(အထက်ကအမိန့်ရ ထားဟန်တူတယ်တဲ့)ဟာ အိမ်တိုင်ရာရောက် ပြန်ပို့တယ်ဆိုတာတော့ မဖြစ်ဘူး။ ပြီးတော့ လက်မှတ်ကလည်း ထိုးခိုင်းရဦးမှာလို့ ဆိုပြန်သတဲ့။ လွှတ်တာကတော့ ဒီနေ့ ဖြစ်အောင်ကိုလွှတ်ရမှာလို့လည်း ဆက်ပြောသတဲ့။ ဒီတော့ ဦးလေးက ကဲပါ ဗိုလ်ချုပ်ရယ်။ ကျွန်တော်ပဲခေါ်သွားပြီး ရဲဌာနကို အပ်လိုက်ပါ့မယ်။ ပြီးတော့မှ အိမ်က လူတယောက်ယောက်ကို လာခေါ်ခိုင်းလိုက်ပါ့မယ်ပြောပြီး ကိုကျော် ကို သူ့ကားနဲ့တင်ခေါ်လာတာပဲ။

ဇာတ်လမ်းက ဒီတင် မဆုံးသေးပါဘူး။ နောက်ဆက်တွဲဖြစ်ရပ်ကလေး ရှိပါသေးတယ်။ အဲဒါပါ ထည့်ပြောမှ ပြည့်စုံမှာပါ။ အဲဒီကာလတုန်းက ကျွန်မနဲ့ဖေဖေက တခါတရံ(ဥပမာ-စနေ-တနင်္ဂနွေလိုနေ့မျိုး) မနက်အစောထ လမ်းလျှောက်တတ်ပါတယ်။ တော်လှန်ရေးပန်းခြံထဲလျှောက်ဖြတ်ပြီး ရွှေတိဂုံဘုရားတက် အလယ်ပစ္စယံတပတ်ပတ်ပြီး တခါတရံ အနောက်မုဒ် တခါတရံ မြောက်ဘက်မုဒ်က ဆင်းပြန်တတ်ပါတယ်။
အဲဒါ တနေ့ တော်လှန်ရေးပန်းခြံထဲ လမ်းလျှောက်နေတုန်း ရှေ့မှလည်း ဘောင်းဘီတိုနဲ့လူတယောက် မျက်နှာချင်းဆိုင်က ပြေးလာနေတာတွေ့ရပါတယ်။ မနက်အစောလည်းဖြစ် ဆောင်းတွင်းလည်းဖြစ်တော့ မြူတွေနဲ့ဆိုင်းနေပြီး လူလုံးမကွဲလှပါဘူး။ ကျွန်မတို့သားအဖရှေ့ ရောက်လာတော့ အဲဒီပြေးနေတဲ့သူ ဖျတ်ခနဲရပ်သွားပြီး၊ ဟာ ဗိုလ်ချုပ်ဆိုတဲ့။ အာမေဍိတ်သံနဲ့အတူ သတိဆွဲပြီး အလေးပြုလိုက်တာ တွေ့လိုက်ရပါတယ်။ ဖေဖေလည်းအံ့သြသွားဟန်ရှိပြီး သြော်မင်းကိုးတဲ့။ ဖေဖေက သူ့လက်အောက် အလုပ်လုပ်ဖူးသူတွေကို မာဖီ (အရပ်ဝတ်)နဲ့ တွေ့လည်း မှတ်မိတတ်တယ်လို့ မေမေပြောဖူးတာ သတိရလိုက်မိပါတယ်။ တန်တော့။ ဖေဖေတော့ အဲဒီလူကို မှတ်မိသွားပြီလို့ စိတ်ထဲထင်လိုက်မိရုံရှိသေး ဖေဖေကဆက်ပြီး ဒါနဲ့ မင်း အင်းစိန်ထောင် ထောင်ပိုင်ဖြစ်နေတယ်ဆိုလို့ မေးလိုက်ပါတယ်။ ဟုတ် ဟုတ်ကဲ့လို့ အဲဒီလူ အထစ်ထစ်အငေါ့ငေါ့နဲ့ ဖြေလည်းဖြေလိုက်ရော။ ဖေဖေက နေစမ်းပါဦးကွာ။ မင်းတို့လုပ်ပုံက။ ခွေးကို ရိုက်တောင် ခွေးရှင်မျက်နှာကြည့်ရသေးတယ်။ အခုတော့ ငါ့သားကို သူဟာသူ ကျောင်းသွားတက်တာ။ သောရောဖမ်းသွားပြီး ရိုက်လွှတ်လိုက်တာ။ အိမ်ပြန်ရောက်တော့ ချောင်းဆိုးတိုင်းသွေးပါနေလို့ ဓာတ်မှန်ပြေးရိုက်လိုက်ရသေးတယ်။ မင်းးတို့တတွေ ဆူပူသူတွေဘာတွေကို ဖမ်းတာ ဖမ်းပေါ့ကွာ။ ဖမ်းရမှာပေါ့။ ဖမ်းပီးရင်တော့ လူလိုသူလိုဆက်ဆံမှပေါ့။ သားချင်းသမီးချင်း စာနာမှပေါ့။ မင်းတို့သားရွယ် သမီးရွယ်တွေပဲ။ မင်းတို့က ဒီလိုလုပ်လိုက်ရင် မင်းတို့ကိုကြောက်သွား လိမ့်မယ်လို့ ထင်တယ်။ ဟုတ်လား။ မုန်းသွားတာကွ။ မုန်းသွားကြတာ။ အခု မင်းတို့ကို လူတွေ ဘယ်လောက် မုန်းနေတယ်ဆိုတာသိကြရဲ့လားလို့ ဆက်တိုက်ကြီး ပြောလိုက်ပြီးမှ၊ ကဲပါကွာ။ မင်းလည်းချွေးတွေသံတွေနဲ့။ သွားတော့ သွားတော့။ ငါလည်း ဆက်လမ်းလျှောက်လိုက်ပါဦးမယ်ဆိုပြီး ကျွန်မတို့သားအဖ ထွက်လာခဲ့ပါတယ်။ တော်တော်လျှောက်လာပြီးမှ ကျွန်မလှည့်ကြည့်လိုက်တော့ အခုနလူ ကျွန်မတို့ ထားခဲ့တဲ့နေရာမှာဘဲ ငူငူကြီး ဆက်ရပ်နေတာတွေ့လိုက်ရပါတယ်။

ဖေဖေကတော့ သူပြောချင်တာတွေ ပြောလိုက်ရလို့ထင်ပါရဲ့။ စိတ်လွတ်လက်လွတ် ခပ်သွက်သွက်ဆက်လျှောက်နေလို့ ကျွန်မမှာ အမောတကောအမီလိုက်-လိုက်ရတာ။
အဲဒီကာလ(လွန်ခဲ့တဲ့-၄၇-နှစ်က)-ကျွန်မမှတ်မိသလောက် အဖြစ်အပျက်ကလေးပါပဲ။
လှကျော်ဇော။
၁၃-၆-၂ဝ၁၆။

ဘာစန်းသီး အောင်မေသုနှင့်အမှတ်ရစရာများ (အပြင်လူရဲ့ဘားမားရုဒ် နံပတ် ၂)

0 comments
ဘာစန်းသီး အောင်မေသုနှင့် အမှတ်ရစရာများ
“နင့် နံမည်လေးက အတော်လှတာပဲ”ဟု ဆိုချိန်တွင် မစန်းသီမျက်နှာ ဝင်းကနဲဖြစ်သွားသည်ကို သတိထားလိုက်မိသည်။ “လူကော ဦးလေး”တဲ့ “အင်း လူလား လူလည်းချောပါတယ်ဟာ”ဟု မယုတ်မလွန်ပြန်ဖြေမိသည်။
တကယ်က မစန်းသီသည် မိန်းမလှစာရင်းဝင်ဟု မဆိုနိုင်သော်လည်း ဟိန္ဒူသွေးစစ်စစ်ဖြစ်သည့်အတိုင်း မျက်လုံးမျက်ခုံးကောင်းကောင်း နှာတံပေါ်ပေါ်နှင့် ကြည့်ကောင်းသည်။ မဲသော်လည်း အသားအရည်စိုစိုပြေပြေရှိသည်။ မျက်နှာချို၏။ စိတ်ထားကောင်း၏။ ဗမာစကားကို အိန္ဒိယတိုက်သားအသံထွက်နှင့် တတ်နိုင်သလောက် သိမ်သိမ်မွေ့မွေ့ ကြိုးစားပြောတတ်၏။ စာမတတ်၊ ကျောင်းမနေဖူး။ လမ်းထိပ် ထမင်းဆိုင်က တောက်တိုမယ်ရအလုပ်သမား။ နိုင်ငံရေးနှင့် စင်္ကြဝဋ္ဌာတခုစာလောက်ဝေးသူ။
၁၉၈၉ ခုနှစ်။ အင်းစိန်ထောင် တိုက်ဝင်းများရှိ ၄ တိုက် ၃ ခန်း။ ၁၂ ပေ ၈ပေ အခန်းကျဉ်းလေးတခု။ အတူနေသူများက ဦးအောင်မေသု (မင်းလှ အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်)၊ ကိုမြင့်လှိုင်(ခေါ်)ကိုမြင့်(ထောက်ကြန့် )၊ ကိုမျိုးကြည်(မှော်ဘီ)၊ ကိုသိန်းထူး(ခေါ်) ကိုသက်ဇင်(ပုသိမ်)နှင့် ကျနော်။ အားလုံးတွင် ဦးအောင်မေသုက အသက်အကြီးဆုံး။
ကျနော်တို့က သူ့ကို ဦးသုဟုခေါ်သည်။ အစ္စလာမ်ဘာသာဝင်။ လူမျိုးကတော့ ကျနော်လည်း မမေးမိခဲ့။ ၅ ယောက်ထဲတွင် နိုင်ငံရေးဘဝ အတွေ့အကြုံအစုံလင်ဆုံး။ ကျွန်းပြန်။ (၉)တန်းကျောင်းသားဘဝမှစတင်ခဲ့သည့် သူ့နိုင်ငံရေးလမ်းတလျှောက်လုံး ဆူးညှောင့်ခလုပ် ကန်သင်းများ တင်းကြမ်း။ မဆလတခေတ်လုံး လှုပ်မရလွန့်မရအောင် နှိပ်ကွပ်ခံရသည့်ကြားမှ ဘဝကို အပမ်းတကြီးထူထောင်ခဲ့ရသူ။ အသားညိုညို၊ လူကောင် သေးသေး၊ ခါးကလည်း မဆိုစလောက်လေး ခပ်ယိုင်ယိုင်၊ အူကျရောဂါ ဆိုးဆိုးရွားရွား၊ ထောင်ဝင်စာဆိုသည် ကလည်း လာတချက် မလာတချက်။ သို့နှင့်တိုင် ဘယ်တော့မှ ဘဝကိုစိတ်မပျက်။ မညီးညူတတ်။ ရယ်ရယ်မောမော ပျော်ပျော်ရွှင်ရွှင်နှင့် ကြိတ်မှိတ်ပေတေပြီးခံ၏။
တယောက်နှင့်တယောက် တနေ့လျှင် ၂၃ နာရီခန့် မျက်နှာချင်းဆိုင်ချင်ချင် မဆိုင်ချင်ချင် ဆိုင်နေရသည့်အနေအထား။ အိပ်ချိန်မှတပါး စကားတွေပြောကြသည်။ နိုင်ငံရေး၊ ဒဿန၊ စာပေအနုပညာ၊ သူ့အကြောင်းကိုယ့်အကြောင်း အကြောင်းပေါင်းလည်းစုံသလို တခါတရံ မတူသည့်အမြင်များက လေးလေးနက်နက် ပြင်းပြင်းထန်ထန် ငြင်းကြခုံကြဆီအထိ ဆိုက်သွားသည်လည်းရှိ၏။ ထိုအခါမျိုးတွင် သူက ဘယ်တော့မှ ခုံသမာဓိမလုပ်သလို သူ့တရားကိုလည်း ဇွတ်ထူထောင်လေ့မရှိ။ သူ့အမြင်သူပြောပြီး သူ့ရပ်ခံချက်အတိုင်းသူရပ်သည်။
“မဟာအောက်တိုဘာတော်လှန်ရေးကြီးအပြီးနဲ့ ဒုတိယကမ္ဘာစစ်အပြီး နှောင်းပိုင်းကာလတွေမှာ ကမ္ဘာ့ပြည်သူတွေရဲ့တိမ်းညွှတ်မှုက လက်ဝဲတိမ်းညွှတ်မှုနဲ့ဆိုရှယ်လစ်ရေး၊ ပြည်သူ့ဒီမိုကရေစီထူထောင်ရေးဗျ၊ အခုဟာက လက်ယာတိမ်းညွှတ်မှုနဲ့ဈေးကွက်စီးပွားရေး၊ ပါတီစုံဒီမိုကရေစီထူထောင်ရေး၊ ဆိုတော့ ကျနော်တို့ အမြင်တွေတင်မကဘူး လုပ်ဟန်နည်းနာတွေပါ ပြောင်းကိုပြောင်းရမယ်။ မပြောင်းရင် ပြတ်ကျန်ခဲ့လိမ့်မယ်”
“ကွန်မြူနစ်ဆန့်ကျင်ရေးလုပ်တာဟာ ဒီမိုကရေစီရေးတိုက်ပွဲဝင်တာဖြစ်တယ်၊ ကွန်မြူနစ်ကိုတိုက်ဖို့ဆို စစ်အာဏာရှင်နဲ့တောင်ပေါင်းမယ် ဆိုတဲ့ အတွေးအခေါ်ရှိသူတွေရဲ့နိုင်ငံရေးလားရာကို ဘာမှပြောစရာမရှိပါဘူး၊ သူတို့ရွေးချယ်တဲ့လမ်းက သူတို့ကို ခေါ်သွားမှာပါဗျာ”
“နိုင်ငံရေးလုပ်တယ်ဆိုတာ အာဏာလိုအပ်လို့လုပ်ရတာပဲ၊ တနည်းပြောရရင် အာဏာလိုချင်လို့ဗျာ၊ အာဏာလိုချင်တယ်ဆိုတာကလည်း ပဒေသရာဇ်တွေစကားနဲ့ပြောရရင် ရှင်ဘုရင်လုပ်ချင်တာပဲ၊ တခုတော့ရှိတယ်ဗျ ဘုရင်လုပ်ချင်သူဆိုတာ ညံ့လို့မရဘူးဗျ၊ ညံတဲ့သူလည်း ဘယ်တော့မှ ဘုရင်မဖြစ်ဘူး” စသည်ဖြင့် သူပြောခဲ့ဖူးသည့် စကားများစွာအနက်မှတချို့ကို ယခုတိုင် မှတ်မှတ်ထင်ထင်ရှိနေသေး၏။
တနေ့ကျနော်က သူ့ကို “ဦးသုရဲ့နံမည်က တော်တော်ထူးခြားတယ်နော်၊ ဒီလိုနံမည်မျိုးက အမှည့်နည်းတယ်လို့ထင်တာပဲဟုဆိုကာ သူ့အမည်ကို စပ်စုမိ၏။ သူက ထုံးစံအတိုင်း ပါးချိုင့်ပေါ်သည်အထိ တချက်ပြုံးလိုက်ပြီး“ကျနော်က အရင်တုန်းက နီအောင်မေသုဗျ၊ နံမည်ရှေ့မှာ နီပါတယ်။ ဗိုလ်စက်ရောင်ကတော့ ခင်ဗျားတို့ကြားတဲ့အတိုင်းပဲ ဧဝံမေသုတံတဲ့၊ ကျနော်တို့ခေတ်က နီ ဆိုတာကို လက်ဝဲ အတွေးအခေါ်ရှိသူတချို့ နံမည်ရှေ့မှာ မြတ်မြတ်နိုးနိုးတပ်ကြတာဆိုတော့ ကျနော်လည်းတပ်တာပေါ့ဗျာ”ဟုဆို၏။
“ကျနော်ဆိုလိုတာက အောင်မေသုဆိုတာကိုပါ၊ ရုတ်တရက်ဆို ပါဋ္ဌိလိုလိုဘာလိုလိုနဲ့၊ ဥပမာဗျာ သုမောင်ဆိုပါတော့ ကောင်းသောလူကလေး ဆိုတာမျိုး”ဟုဆိုတော့ သူပြုံးသာနေသည်။ ဘာမှမပြော။
သည်တော့မှ ကျနော်က မစန်းသီအကြောင်းသူ့ကိုပြောပြသည်။ “ဒါနဲ့ မစန်းသီ၊ နင့် ဒီနံမည်ကို ဘယ်သူပေးတာလဲဟ၊ ပြောပါဦး၊ နင့်မိဘ ပေးတာလား” ဗမာစကားပင် အနိုင်နိုင်ပြောနေကြရသည့် မစန်းသီ၏မိဘများက မစန်းသီဆိုသည့်နံမည်လှလှလေးကို ရွေးပေးနိုင်လောက်မည်မထင်သဖြင့် မေးမိလိုက်၏။ “မဟုတ်ဘူး ဦးလေးကျမ ၁၃ နှစ်လောက်က ရပ်ကွက်ထဲကို မှတ်ပုံတင်ရုံးကလူကြီးတွေ လာတယ်။ မှတ်ပုံတင်မရှိသေးသူတွေကို မှတ်ပုံတင်လုပ်ပေးတော့ အမေနဲ့ကျမ သွားတယ်၊ အဲဒီ စာရေးတဲ့လူကြီးက ကျမနံမည်မေးတော့ ကျမက နံမည်ပြောပြတယ်၊ ကျမမှာ ဗမာနံမည် မရှိဘူး၊ ကုလားနံမည်ပဲ ရှိတာ၊ ဟိန္ဒူလို ဘာစန်းသီးလို့ခေါ်တယ်၊ ဘာစန်းသီးလို့ပြောတော့၊ သူက ၂ ခါ ၃ ခါ ပြန်မေးတယ်၊ ကျမကလည်း ဘာစန်းသီး ဘာစန်းသီးလို့ပဲ ပြန်ပြန်ဖြေတယ်၊ သူက ဘယ်လို ကြားသလဲတော့မသိပါဘူး ဦးလေးရာ၊ နောက် မှတ်ပုံတင်ရတော့မှ ဘေးအိမ်ကလူကိုပြတော့ သူက “ဟဲ့ နင်က ဗမာနံမည်တွေ ဘာတွေနဲ့ပါလား”လို့ ပြောပြီး“ဒီမှာလေ နင့်နံမည်က မစန်းသီဖြစ်သွားပြီတဲ့၊ ဒါနဲ့ပဲ မစန်းသီဖြစ်သွားတာ ဦးလေးရ”ဟု ကျနော့်ကို ပြောဖူးကြောင်း ဦးသုကို ကျနော် ပြန်ပြောပြ၏။
ကျနော့စကားဆုံးတော့ “ခင်ဗျားက ကျနော့နံမည်ကိုရော ဘယ်ကနေဘယ်လို ဖြစ်လာတယ်ထင်လို့လဲ”ဟု မေး၏။ “ကျနော့်အသိထဲမှာ ရမ်းမသူးတို့ အူမူရ်သူးတို့ဆိုတဲ့နံမည်နဲ့ မွတ်စလင်မ်တွေရှိတယ်၊ ကျူလီယာတွေလို့ထင်တာပဲ၊ သိတ်တော့ မသေချာဘူး၊ ဗမာစကားပြောတာ လည်း မစန်းသီလိုပဲ ခပ်ယိုင်ယိုင်ရယ်၊ တခါ ဦးသုကလည်း အစ္စလာမ်ဘာသာဝင်၊ အစ္စလာမ့်နံမည်လည်း ရှိမှာပေါ့၊ နောက်ပြီးဦးသု ပြောတာမှာလည်း ဦးသုအဖေက ဗမာလိုသိပ်မပီဘူးဆိုတော့၊ ကျနော်တွေးမိတာက မစန်းသီလိုမျိုး မှတ်ပုံတင်အရာရှိ၊ ဒါမှမဟုတ်လည်း ကျောင်းစအပ်တုန်းက ကျောင်းစာရေးက အကြားလွဲပြီးရမ်းမသူးတို့ အူမူရ်သူးတို့ကနေများ အောင်မေသု ဖြစ်လာသလားလို့ပါ”ဟု ပြန်ဖြေ၏။
ကျနော့်စကားဆုံးတော့ ထူထဲရှည်လျားလှသည့် မျက်ခုံးမွှေးကြီးများကို အသာအယာ ဆွဲယူပွတ်သတ်နေရင်းက “ခင်ဗျား တော်တော် ကြံကြံဖန်ဖန်တွေးတဲ့သူပဲ၊ ယုတ္တိလည်းကျ၊ ဟုတ်လည်းအဟုတ်ပဲ၊ ဒါပေမယ့် ခင်ဗျားတွေးမိသလို ဟုတ်တယ်မဟုတ်ဘူးဆိုတာထက် ဒီ အောင်မေသုဆိုတဲ့နံမည်က ကျနော့်အဖေကိုယ်တိုင် ရွေးပြီးပေးခဲ့တာဗျာ၊ ဘာပဲ ဖြစ်ဖြစ်လေ၊ ရမ်းမသူးကနေ ဒါမှမဟုတ် အူရ်မူသူးကနေ အောင်မေသု ဖြစ်တာဖြစ်ဖြစ်၊ အောင်မေသုကနေပဲ အောင်မေသုဖြစ်တာ ဖြစ်ဖြစ်ပါ၊ အရေးမကြီးပါဘူး၊ ကျနော် အောင်မေသုအဖြစ်နဲ့ အောင်မေသုဖြစ်နေရတာကိုပဲ ကြိုက်ပါတယ်၊ နောက်လည်း အောင်မေသုပဲဖြစ်နေဦးမှာပါ”ဟု ဆိုကာ ထုံးစံအတိုင်း ခပ်ပြုံးပြုံး၊
သည်လိုနှင့် သည်ညနေခင်းကား ကုန်ဆုံးသွားရပြန်သည်။ ကျနော်မြင်ခဲ့ဖူးသည့်အောင်မေသုကား အောင်မေသုအဖြစ်နှင့်သာ နေသွား သေသွားခဲ့ပါသည်။
မျိုးမြင့်ချို၂ဝ၁၁ မတ်

Monday, August 27, 2018

"ချင်တယ်" မျိုးမြင့်ချို

0 comments
"ချင်တယ်"
အမေရိကန်နေလို့ အထင်မကြီးနဲ့။ ခြံလေးစိုက်တယ် ကြက်လေး ငှက်လေးမွေးတယ်။ ခွေးလေး၂ ကောင်ရှိတယ်။ ကွန်ပြုတာ ၂ လုံးရှိတယ်။ အိုင်ဖုန်းတလုံး ရှိတယ်။ ရှက်ဗီ ၉၉ မော်ဒယ်လ် ထရပ်ပစ်ကပ်တစီးရှိတယ်။ အကြွေးနဲ့ နှစ်သုံးဆယ်အပေါင်ချထားရတဲ့အိမ်လေးတလုံးရှိတယ်။ စကားပြန်နဲ့ဘာသာပြန်အလုပ်ကို အဆိုင်မင်န်ရတဲ့အခါ လုပ်တယ်။ လကုန်ရင် ဟိုဘီလ် ဒီဘီလ်တွေနဲ့ နှလုံးနောက်ခေါင်းခြောက်ရတယ်။ ရှာသမျှငွေလေး ဓနရှင်တွေဆီပြန်ပေးရင်း အသက်ကိုတရက်ချင်း လီလီပြီးဆက်ရတယ်။

သာရေးတော့သွားခဲတယ်။ နာရေးတော့ တတ်နိုင်သမျှသွားတယ်။ သေခြင်းတရားကို စေ့ငုတယ်။ လူတွေအများကြီးထဲမှာ လူလေး လေးငါးယောက်လောက်ကိုဘဲ သဟာယပြုတယ်။ လူအများကြီးဆက်ဆံရမှာကို စိုးတယ်။ လူတွေကို လူ့မနောလူ့သဘောတွေကို သိချင်ပေမယ့် သူများအကြောင်းတွေ မသိချင်ဘူး။ ကိုယ့်အကြောင်းကိုယ်သိရင် လူ့အကြောင်းသိတယ်လို့သဘောပေါက်တယ်။

စိတ်ကျဝေဒနာ Depression ရှိတယ်။ PTSD ရှိတယ်။ Anxiety ရှိတယ်။ တခါတလေ ဘာသံတွေမှန်းမသိဘူး အလိုလိုကြားတယ်။ တခုခုလုပ်ခိုင်းနေသလိုလို၊ အမိန့်ပေးတာလိုလို၊ ဆဲဆိုကြိမ်မောင်းသလိုလို၊တိုင်းတိုင်းထွာထွာ ပြောသလိုလို၊ ကျိန်စာတိုက်နေတာလိုလို၊ ငိုချင်းချသံတွေလိုလို၊ ကြောင်တွေကိုက်နေတာလိုလို အသံဗလံတွေ ဆူညံပွက်နေတာဘဲ။ တခါတလေ အိပ်ခန်းထဲ ဆင်တွေဝင်လာသလိုလို၊ ကိုယ့်ရင်ဘတ်ကို တယောက်ယောက်က ဓါးမြှောင်နဲ့ ထိုးစိုက်ချတော့မယ့်ဟန် ပြင်နေတာလိုလို၊ မှင်စာလို လူသေးသေးအကောင်လေးတွေ ကိုယ့်တကိုယ်လုံး ရွပိုးထိုးသလို ရွစိတက်သလို ထိုးလာ တက်လာသလိုလိုတွေဖြစ်တယ်။ ဘာရုပ်မှန်းမသိတဲ့အရုပ်တွေ အကောင်တွေ မြင်တယ်။ သေကြောင်းကြံဖူးတယ်။ အိမ်မက်ဆိုးတွေ ခြောက်အိပ်မက်တွေနဲ့ ညတိုင်းနီးပါး နပမ်းလုံးရတယ်။ လန့်နိုးလာရင်တကိုယ်လုံး ချွှေးတွေနစ်နေတယ်။ တညလောက် ညလုံးပေါက် ဘာအိပ်မက်မှမမက်ဘဲ နှစ်နှစ်ခြိုက်ခြိုက်အိပ်ချင်တယ်။ နိုးတဲ့အခါလည်း စိတ်ကြည်ကြည်လင်လင်လေးနဲ့ နိုးချင်မိတယ်။

ဆေးတွေသောက်ရတယ် ပဲကြီးလှော်စားသလိုဘဲ။ လူကဒုက္ခိတဖြစ်ရတဲ့အထဲ စိတ်ကပါမသန်မစွမ်းဖြစ်တယ်။
တခါတလေ အရက်ကို မသောက်ရင်ပုလင်းထဲ သိုးသွား ပုပ်သွားမှာစိုးသလိုမျိုး နေ့မနားညမအား ရွပ်ရွပ်ချွန်ချွန်သောက်တယ်။ အားလုံးကို မေ့ပြစ်လိုက်တယ်။ အမူးပြေရင် စိတ်က ပိုကျတယ်။ သေတဲ့အကြောင်းချည်း တွေးတယ်။

တခါတရံ ဝင်သက်ထွက်သက်လေးမှတ်ရင်း meditation လုပ်တယ်။ ထောင်ထဲမှာ ၅ နှစ်လောက်ဆက်တိုက်န နေ့တိုင်း meditation Practice လုပ်ခဲ့တော့ စိတ်တည်ငြိမ်အေးချမ်းနေတဲ့ အရသာကို တဝကြီးခံစားဖူးတယ်။ မျက်နှာလည်း ကြည်လင်နေတယ် အဲ့ဒီတုန်းက။

meditation လုပ်တာကို စိတ်လေ့ကျင့်ခန်းလို့သဘောမထားသလို ဘာဝနာပွားတယ် တရားမှတ်တယ်လို့လည်း မမှတ်ဘူး။ meditation ဆိုတာ ဘယ်သူမှ မပိုင်တဲ့အရာဖြစ်တယ်။ ဘယ်ဘာသာတရားဆိုင်းဘုတ်မှ လာကပ်လို့မရတဲ့အရာဖြစ်တယ်။ နိဗ္ဗန်ကိုမတောင့်တဘူး။ ကောင်းကင်ဘုံလည်း မမျှော်လင့်ဘူး။ ရှေ့ဘဝနောက်ဘဝတွေ ခေါင်းထဲမရှိဘူး။ ရှိနေတဲ့ဘဝကိုလည်း မပျော်မွေ့ဘူး။ မနှစ်ခြိုက်ချင်ဘူး။

ဗမာပြည်ကိုလည်း လွမ်းတယ်။ ငယ်သူငယ်ချင်းတွေ အဆွေအမျိုးတွေ နိုင်ငံရေးလုပ်ဖော်ကိုင်ဘက် ထောင်ကျဖော်ကျဘက်တွေနဲ့လည်း ပြန်ဆုံချင်တယ်။ ဖေ့စ်ဘွတ်ပေါ်ကနေ သိကျွမ်းခင်မင်ရသူတွေနဲ့လည်း လူချင်းဆုံဖူးချင်တယ်။ လဘက်ရည်ဆိုင် ထိုင်ချင်တယ်။ ဖြတ်ထားတဲ့ဆေးလိပ်လည်း ပြန်သောက်မိမယ်။ စာအုပ်တန်းဘက် လမ်းလျှောက်ချင်တယ်။ ငှက်ပျောရွက်ပေါ် ပုံကျွေးတဲ့ချစ်တီးထမင်းကို နယ်နယ်ဖတ်ဖတ်စားချင်ပေမယ့် လက်မရှိတော့ ဇွန်းခက်ရင်းနဲ့ဘဲ စားရမယ်။ အငြိမ့်ကောင်ကောင်းလေး တပွဲလောက် ကြည့်ချင်တယ်။ ကွက်စိပ်ဟောတာ နားထောင်ချင်တယ်။ ချင်တယ်တွေ များတယ်။ ဘာမှတော့ဖြစ်မလာဘူး။

ထိုင်လည်းမနေချင်ဘူး။ ထိုင်နေလို့လည်း ဘာမှဖြစ်မလာဘူး။ ဒါပေမယ့် ထိုင်နေတာက လောကကြီးကိုလိမ်လည်လှည့်ဖျား မကောင်းကြံနေတာထက်တော့ကောင်းတယ်။ ဒါကြောင့်တခါတလေ တနေကုန်တယောက်တည်း ထိုင်နေတတ်တယ်။
ကျနော်ပြောတာတွေကြောင့် ခင်ဗျားစိတ်ညစ်မှာလည်းစိုးတယ်။
ဇူလိုင် ၂၁၊ ၂၀၁၈

"ရှင်နေတဲ့နေ့တနေ့" မျိုးမြင့်ချို

0 comments
"ရှင်နေတဲ့နေ့တနေ့"
ကျနော့်ဘဝမှာ မွေးနေ့ကို တကြိမ်ဘဲလုပ်ဖူးတယ်။ အသက် ၄၀ ပြည့်တုန်းက ထောင်ထဲမှာ။ ချာတိတ်တချို့ လဘက်ရည်သောက်ချင်တယ် မုန့်စားချင်တယ် လန်ဒန်စီးကရက်သောက်ချင်တယ်လို့ဆိုပြီး အနုကြမ်းစီးသလို နားပူနားဆာလုပ်လွန်းလို့ လုပ်ဖြစ်သွားတာပါ။
အမေရိကန်သူအိုင်းရှစ်မနဲ့ အကြောင်းပါပြီးတဲ့နောက် ကိုယ်ကသာ ကိုယ့်မွေးနေ့မေ့မေ့နေတာ သူက မမေ့ဘူး။ စစ်တုရင် chess board and Pieces သေတ္တာလေးဝယ်ပေး၊ နာရီဝယ်ပေး၊ အဝတ်အစားဝယ်ပေး၊ ဘာဝယ်ပေးညာဝယ်ပေးလေးတွေလုပ်တော့ အားနာပါးနာနဲ့ Happy Birthday လုပ်ရတာဘဲ။ ကိတ်တော့ တခါမှ မလှီးပါဘူး။ ဇနီးသည်က ကိတ်မျိုးစုံကို လှပဆန်းကြယ်အောင်ဖုတ်တတ်တယ်။ သူတို့အဆွေအမျိုးထဲ တယောက်ယောက် မင်္ဂလာဆောင်ရင် မင်္ဂလာကိတ်ကို၊ မွေးနေ့လုပ်ရင် မွေးနေ့ကိတ်ကို သူ့ကိုပဲလာလာအပ်ကြတယ်။ ဖုတ်ခဖိုးလည်းမကုန် အပျံစားလည်းရဆိုတော့။ ဇနီးသည်ကတော့ ဆံထုံးလည်းစိုက် ဆီလည်းစိုက်တာပါဘဲ။ လေငါးခြောက်ဆင့် သူ့မင်္ဂလာကိတ်မုန့်ကြီး ပြီးသွားရင် ကြည့်ပြီး ပီတိတွေဖြာ ဝမ်းတွေသာနေပုံများ မပြောနဲ့တော့။ ပြီးရင် လွတ်ကျရင် အသက်ထွက်သွားမယ့် ခလေးပေါက်စကို ပွေ့မထားသလို မ ပြီး ကားနောက်ခန်းက ထိုင် မင်္ဂလာဆောင်အခန်းအနားကို ယူသွားတော့တာဘဲ။ ကျနော်က ဒရိုင်ဗာပေါ့။ ကျနော့်အတွက် မွေးနေ့ကိတ်လုပ်မယ်ဆိုတိုင်း မလုပ်ပါနဲ့ကွာ မင်းပင်ပမ်းပါတယ်၊ ငါလည်း ကိတ်မလှီးချင်ပါဘူးပြောပြီး နှစ်သိမ့်ရတယ်။ အသက် ၆၀ ဆယ်ပြည့်ရင်တော့ ငါလည်းမုန့် ဖုတ်မယ်။ နင်လည်း လှီးရမယ်လို့ ဝန်ခံခိုင်းတယ်။ ၆၀ အထိ ငါအသက်ရှင်နေသေးရင်တော့ လုပ်ပါ့မယ်ကွာလို့ ပြန်ပြောပြီး ချွေးသိပ်ထားရတယ်။
ကျနော်က ကိုယ့်မွေးနေ့ ကိုယ့်ဘာသာ မေ့နေတာများတယ်။ မွေးနေ့ကို သတိရတဲ့အခါလည်း ဘာမှမထူးတဲ့ အခြားနေ့ရက်တရက်လိုပါဘဲ။ မွေးနေ့သံန္နိဋ္ဌာန်တို့ဘာတို့လည်း မချခဲ့မိဖူးပါဘူး။ အသက်တနှစ်ကြီးသွားပါပေါ့လားလို့လည်း နိဗ္ဗိန္နလေသံထွက်ပြီး တရားသံဝေဂမရပါဘူး။ ရှင်နေသေးတဲ့နေ့တွေထဲက နေ့တနေ့ထက် ပိုအမှတ်မရဘူး။ လှိုင်းအတက် သဲထဲမှာပျောက်သွားတဲ့ခြေရာလို ပြယ်သွားတာပါဘဲ
လူတချို့မွေးနေ့တွေကို ဂရုတမပြုပြီး ဝှဲချီးကျင်းပနေတာတွေ့လည်း စိတ်ထဲ သိတ်အရာမထင်ပါဘူး။ ဖိတ်ရင်လည်း သွားခဲပါတယ်။ အသောက်ကလေးပါတဲ့ပွဲမျိုးဆိုရင်တောင် သေချာကျနချိန်ပြီးမှ သွားပါတယ်။ သေရည်၏ကောင်းခြင်း၊ သောက်ဖော်၏ကောင်းခြင်း၊ နေရာနဲ့အချိန်ကောင်းခြင်းကို ကြောင့်ကြစိုက်ပါတယ်။ သုရာကောင်းပြီး ကျန်သုံးခုမကောင်းရင်ဘာမှ မကောင်းဘူးမဟုတ်လား။ ကလေးမွေးနေ့အကြောင်းပြုပြီးသောက်တဲ့ အသောက်ဝိုင်းတွေ မှိုလိုပေါက်နေပေမယ့် တခုတ်တရအဖိတ်ခံရပေမယ့် တခေါက်လားပဲ သွားဖူးပါတယ်။ ဘီယာကို အရက်ထက်မူးအောင်သောက်ပြီး ပွဲဆူတဲ့ပုဂ္ဂိုလ်တယောက်ကြောင့် စောစောစီးစီး ဝိုင်းပျက်ပြီးထပြန်လာရကတည်းက နောက်ဆို အဲ့လိုပွဲတွေ မသွားဖြစ်တော့ဘူး။
အမေရိကန်အများစုကြီးကတော့ ဘယ်လောက်ဆင်းရဲဆင်းရဲ မွေးနေ့တော့ ရေခဲချောင်းလေးတချောင်း cup cake လေးတခု ဘီယာလေး သုံးလေးပုလင်းနဲ့ အဖြစ်သဘော စတိသဘောလေးတော့လုပ်ပြီး မွေးနေ့အာသာ ဖြေကြတာပါဘဲ။ သူတို့အတွက် မွေးနေ့ဆိုတာမှာ လေးနက်တဲ့အဓိပ္ဗါယ်တခု ဆောင်ကျဉ်းပုံရတယ်။
ဒီမှာမွေးတဲ့ ဗမာကလေးတွေလည်း မွေးနေ့ကို တမ်းတမ်းတတ လုပ်ကြပါတယ်။ သူတို့အဖေအမေတွေခမျာလည်း သူတို့ကြေနပ်အောင် မဖြစ်မနေတော့လုပ်ပေးရှာကြပါတယ်။ အမေရိကန်ယဉ်ကျေးမှုထဲ လူဖြစ်လာ လူလားမြောက်လာသူလေးတွေမဟုတ်လား။ ဖယောင်းတိုင်မီးမှုတ် ကိတ်လှီးရင်း ဟက်ပီးဘာ့သ်ဒေးတူးယူရင်း တနှစ်စာ တခါနွှဲကြတာပါဘဲ။
ကလေးတွေချည်းပဲလုပ်တဲ့မွေးနေ့မျိုးလေးတွေကိုသဘောကျတယ်။ ကြည့်ရတာ စိတ်လက်ချမ်းသာ ကြည်နူးမိတယ်။ သူတို့အချင်းချင်း သွားကျိုးသွားကျဲလေးတွေနဲ့ စကားတွေတဖေါင်ဖေါင် ပြောကြ ရီကြမောကြ၊ ကိတ်မုန့်အပေါ်သားတွေ နှုပ်ခမ်းပါးနမ်းတွေ ပေကျံအောင်စားကြနဲ့ ဘေးက ကိုယ်ပါ ပြုံးမိရယ်မိတယ်။
ကျနော်ထောင်ထဲတုန်းက ဘယ်သူနဲ့လည်းမသိဘူး ငြင်းဖူးတယ်။ သူက ဒီနေ့မွေးနေ့ပြီး နောက်တရက်ကို တနှစ်ပြောင်းတယ်လို့ခေါ်ရမယ်ဆိုတယ်။ ဥပမာ ဒီနေ့အသက်လေးဆယ်ပြည့်ရင် မနက်ဖြန်မှာ တယောက်ကကအသက်ဘယ်လောက်လဲမေးရင် ၅၀ လို့ပြောရမှာဖြစ်တယ်လို့ဆိုတယ်။ ကျနော်က အသက် ၄၀ နဲ့တရက်လို့ပြောမှ မှန်မယ်လို့ပြောတယ်။ နောက်ဆုံးတော့ လူကြီးသူမတဦးက ၅၀ ထဲဝင်ပြီ ဒါမှမဟုတ် ၄၀ စွန်းပြီလို့ပြောတာ ပိုကောင်းမယ်ဆိုပြီး ကြားချပေးလို့ ၂ ယောက်လုံး ပါးစပ်ပိတ်သွားတယ်။ အင်း...ဒါလည်း ကျနော့် ၄၀ ပြည့်မွေးနေ့မှာဖြစ်ခဲ့တာပါ။
၄၀ မှာ ဘဝစတယ်ဘာညာဆိုတာကို လက်ခံသူတွေလည်း များလှတယ်။ ဒါဆို ၄၀ မပြည့်ခင်ဆုံးပါသွားရှာသူတွေက ဘဝတောင် မ စ လိုက်ရသေးဘူးလို့ မှတ်ရမလားမသိဘူး ထားပါတော့ ၄၀ ဆယ်မှာ ဘဝ စစ ဘယ်နှဆယ်မှာ ဘဝ စစ သိတ်တော့ ရေးကြီးခွင်ကျယ်လုပ်စရာတော့ မရှိလှဘူးထင်တာပါဘဲ။
ကျနော့်မွေးနေ့လား။ ဖေဖေါ်ဝါရီလ ၁၀ ရက်၊တနင်္ဂနွေသားပါ။ နံမည်နဲ့တော့ နေ့နမ်မသင့်ပါဘူး။ မသင့်တာလည်းကောင်းပါတယ်။ အမေရိကန်အများစုက သူတို့မွေးရက် မွေးလ မွေးခုနှစ်ကို အသေမှတ်ကြတာ ဘယ်နေ့မှာမွေးလဲမေး တရာမှာ ကိုးဆယ့်ကိုးရောက်က သူတို့မွေးတဲ့နေ့ကို မသိကြဘူး။ ကျနော်လည်း ခု အမေရိကားမှာဆိုတော့ မွေးတဲ့နေ့နဲ့ နမ်နဲ့ မကိုက်တာ ဘာအရေးမှမရှိတော့ဘူးမဟုတ်လား။
ခင်ဗျားတို့ မွေးနေ့တွေ ပျော်ပျော်ရွှင်ရွှင်နဲ့ ကျင်းပနိုင်ပါစေ။ ကျနော် အနုမောဒနာခေါ်ပါတယ်ဗျာ။
မျိုးမြင့်ချို
ဇူလိုင် ၂၁၊ ၂၀၁၈

ခေတ်မြစ် (အပြင်လူရဲဘားမားရုဒ်က ပထမအပုဒ်ပါခင်ဗျ)

0 comments
ခေတ်မြစ် (အပြင်လူရဲဘားမားရုဒ်က ပထမအပုဒ်ပါခင်ဗျ)
“မြစ်တမြစ်မြစ်”ကို ပထဝီပေါ်တင်ကြည့်လျှင် သည်မြစ်ကြီးဘယ်ကစ။ ဘယ်တုန်းကစ။ ဘာတွေဖြစ်ခဲ့။ ဘယ်လိုစီးဆင်းသွား။ ဘယ်မြို့ ဘယ်ရွာ ဘယ်နေရာတွေဖြတ်စီး။ ဘယ်နေရာမှာ ဘယ်လောက်ကျယ် ဘယ်လောက်ကျဉ်း။ ဘယ်လောက်ရှည်လို့ဘယ်လိုဆုံး စသည်များ ထွက်လာမည်။
“မြစ်”ကို ခေတ်ပေါ်တင်ကြည့်လျှင် သည်မြစ်ကြီးနှင့်အတူ ဘာသမိုင်းတွေ မွေးဖွားခဲ့။ ဘာသမိုင်းတွေ ချုပ်ငြိမ်းခဲ့။ ဘာသမိုင်းတွေ စီးဆင်းခဲ့။ ဘာသမိုင်းတွေ စီးဆင်းဆဲ စသည်များမြင်လာမည်။
မြစ်တမြစ်မြစ်ကို ပထဝီပေါ်တင်ကြည့်သည်မှာ မြစ်၏ရုပ်ပိုင်းသဘောကို ထုတ်ယူလို၍ဖြစ်ပြီး၊ မြစ်ကို ခေတ်ပေါ်တင်ကြည့်သည်မှာ ခေတ်၏အရွေ့သဘောကို စောကြောလို၍ဖြစ်၏။
ထို့ကြောင့် ပထဝီသဘောမြစ်သည် ခေတ်သဘောမြစ်လိုမဟုတ်။ မတူနိုင်။ တူလို့မဖြစ်။ ပထဝီမြစ်တွင် အစရှိ၏။ အဆုံးရှိ၏။ ခေတ်မြစ်က ထိုသို့မဟုတ်။ လူ့သမိုင်းရှိသရွေ့တည်၏။ သမနိ ရှည်၏။
ခေတ်တခေတ်သည် မြစ်တမြစ်မဟုတ်။ ခေတ်ကိုက မြစ်ဖြစ်၏။ မြစ်တွင်ဇာတိရှိ၏။ ဇာတိတွင် ရေတစက်ဖြင့် ချက်မြုတ်ရ၏။ ချက်မြုတ်ရာမှ ခေါင်းချရာခရီးတွင် လက်တက်ပေါင်းများစွာကိုလက်ခံပြီး စည်စည်ပင်ပင် ရှင်သန်စီးဆင်း၏။ စီးဆင်းရာတလျှောက်တွင် ကြေသည့် နေရာကြေ၍ ကြမ်းသည့်နေရာကြမ်း၏။ ကြေကြေကြမ်းကြမ်းစီးဆင်းရင်း ကွေ့ကွေ့ကောက်ကောက်လည်းရှိရ၏။ မကွေ့မကောက်လျှင် မြစ် မမြည်တော့။
တခါတရံတွင် မြစ်သည် ဖြောင့်ဖြောင့်မြန်မြန်စီးလိုသဖြင့် မြစ်ကျိုးအင်းများထားခဲ့ပြီး ဆက်ထွက်ရတတ်သေး၏။ မြစ်မှန်လျှင် တကမ်းဖြိုပြီး တသောင်ထွန်းပေးရ၏။ သောင်ထွန်းရင်း ကျွန်းလည်းဖေါ်ရ၏။ ပေါ်သည့်ကျွန်းတိုင်းလည်း နုံးတင်မြေနု မဟုတ်တတ်။
မြစ်တွင် ဗီဇသဘောရှိ၏။ ထိုဗီဇသဘောသည် ဇာတိတွင်ပြ၏။ ဇာတိပြရင်းပင် ထိုဇာတိချုပ်၏။ ဇာတိမချုပ်ခင် ဇာတ်ရုပ်ဖျောက်၏။ ဇာတ်ရုပ်ပျောက် မြစ်တမြစ်သည် နာမည်အမျိုးမျိုးချန်ခဲ့ပြီးမှ ပင်လယ်ဝတွင်ခေါင်းချ၏။ ခေါင်းချရုံဖြင့် ဝိဉာဉ်ကင်းပြီဟုမဆိုနိုင်။ မြစ်၏ဝိဉာဉ်သည် အလျဉ်မပြတ် စီးဆင်းနေသည့်ရေဖြစ်၏။ ရေမခမ်းသရွေ့ မြစ်မကန်း။
ဧရာဝတီသည် မြစ် ဖြစ်၏။ မြစ်တမြစ် မဟုတ်။ ထို့ကြောင့် သူသည် ခေတ်လည်းဖြစ်၏။ သူ့ဝိဉာဉ်အလျဉ်သည် မကန်းသေး။ သူ့ဝိဉာဉ်တွင် ခေတ်အလျဉ်တို့အား သယ်ပိုးထားဆဲ။ ဧရာဝတီနှင့်အတူ ခေတ်တို့စီးဆင်းနေဆဲ။
မြစ်၏ခေါင်းချရာတွင် ပင်လယ်ကိုသန္ဓေတည်၏။ မြစ်ပေါင်းစုံဂဟေဆက်ရာမှ ပင်လယ်ကိုဖွားမြင်လာ၏။ သူက ရေစီးညင်သာသည့်မြစ် ရေစီးကြမ်းသည့်မြစ်ဟုမခွဲခြားပဲ ကြည်ကြည်ဖြူဖြူထွေးပွေ့ယူ၏။ မြစ်ယဉ်မြစ်ရိုင်းတိုင်းကို သူ့ထံတွင် ရောနှောခိုင်းပြီး၊ မြစ်တိုင်း၏ သမိုင်းကိုလည်း လက်ခံသိမ်းဆည်းပေးထားသေး၏။ မြစ်ကိုယဉ်ကျေးစေသည့်ပင်လယ်သည် တခါတရံတွင်း ရိုင်းစိုင်းလွန်း၏။
မြစ်သည် ခေတ်ဟုဆိုလျှင် ပင်လယ်သည် “ခေတ်တို့၏သမိုင်း”။ ဗီဇသဘောအရ ပင်လယ်သည် တည်ငြိမ်အေးဆေးဟန်ရှိသော်လည်း ဝန်းကျင်၏ စေ့ဆော်မှောက်လှန်မှုကြောင့် တခါတရံတွင် လှိုင်းထန်၏။ လူ့သမိုင်းသည် လှိုင်းထန်၏။ အကောင်းနှင့်အဆိုး၊ အကျိုးနှင့်အပြစ်၊ အနှစ်နှင့်အကာ၊ အာဏာနှင့်ဖီဆန်မှု၊ ဖိစီးမှုနှင့်တွန်းလှန်မှု၊ ဓမ္မနှင့်အဓမ္မ၊ အသစ်အဟောင်းပဋိပက္ခ စသည်တို့ဖြင့် ဗြောင်းဆန်နေ၏။ ထိုလှိုင်းများကား အစဉ်လှုပ်ခတ်ရင်း အဆက်မပြတ်ရှင်သန်နေ၏။
ခေတ်ဆိုသည့်မြစ်သည် သမိုင်းခေတ်များအားကျောပိုးပြီး ခေတ်သမိုင်းတို့သိမ်းဆည်းရာ ပင်လယ်သို့မျက်နှာမူ၏။ တရွေ့ရွေ့စီးဝင်နေ၏။
ပင်လယ်ရောက်လျှင် သမိုင်းခေတ်များဆုံမည်။ စုံလည်း စုံမည်။ သမိုင်းခေတ်များ ဆုံလျှင်၊ တစုံလုံးကို မြင်ရ၏။
ခေတ်မြစ်နှင့်လိုက်ပါ စီးနေဆဲတွင် သမိုင်းကိုဖြတ်ကြည့်ပါက ခေတ်တဖြတ်အမြင် သို့မဟုတ် မြစ်တဖြတ်အမြင်ဖြင့်သာ တင်းတိမ်စရာရှိ၏။
သမိုင်းကို ခေတ်တဖြတ် (သို့) မြစ်တဖြတ်အမြင်သက်သက်နှင့် ကောက်ကိုင်ကြည့်ပါမူ ယူစရာ သင်ခန်းစာတခုတည်းကိုသာ ပြေးမြင်မိ၏။ အမှန်က ခေတ်တိုင်းတွင် ယူစရာသင်ခန်းစာများရှိသလို ယူစရာနမူနာများလည်းရှိ၏။ သင်ခန်းစာယူခြင်းမှာ ကောင်းသည့်အရာဖြစ်၍ နောင်ကို အရင်လိုမမှားဖို့ဖြစ်၏။ နမူနာမယူနိုင်လျှင် နှုန်းစံတန်ဖိုးချိန်ဆဖို့ တိုင်းစရာမရှိဖြစ်တတ်၏။ နမူနာမယူလျှင် အရင်လိုနောင်ကိုလည်း မှားတတ်စရာရှိသေး၏။
ပင်လယ်ရောက်မှ တစုံလုံးကိုမြင်ရမည်ဖြစ်သော်လည်း ပင်လယ်ရောက်မှ တစုံလုံးကိုကြည့်ရမည်ဟု မဆိုလို။ မြစ်တဖြတ်အမြင်ကို ပင်လယ်ပေါ်လှမ်းတင်ကြည့်နိုင်ပါမူ သင်ခန်းစာရော နမူနာပါ ခပ်ရေးရေးတော့ မြင်နိုင်စွမ်းမည်ထင်၏။
မျိုးမြင့်ချို မတ် ၂ဝ၁၁

"ကိုချစ်ဖေ" မျိုးမြင့်ချို

0 comments
"ကိုချစ်ဖေ"
မိုးက ညကတည်းက တစိမ့်စိမ့်ရွာနေသည်မို့ ကိုချစ်ဖေ အိပ်ယာထဲ မိုးအေးအေးနှင့် ကွေးကောင်းကောင်း ကွေးနေမိသည်။ တချက်တချက် လေလှန်လိုက်လျင် သွပ်မိုးပေါ် တဖျောက်ဖျောက်ကျနေသည့်မိုးစက်များက တဗြောင်းဗြောင်းဖြစ်ကုန်သည်။ ထမင်းကြမ်းကို ချဉ်ပေါင်ရည်တည်၊ ငါးနှပ်ခြောက်ဖုတ်လေးနှင့်စားရင်း ကရားထဲကလက်ကျန် အဖန်ရည်အေးလေးနှင့် မျှောမျှောချပြီး တနပ်ပြီးခဲ့ရသည်။
စားပြီးနောက် တနေကုန် ကျောခင်းလိုက် မှောက်လိုက်လှန်လိုက်နှင့် ခုနိုးတော့ နာရီပြန်ထိုး ၃ချက်တီးနေပြီ။ ဒါနဲ့အိပ်ယာကလူးလဲထပြီး ခနငုတ်တုတ်ထိုင်ရင်း အဖန်ရည်လေး တည်သောက်ရရင်ကောင်းမလား ယမကာလေးနည်းနည်း မှီဝဲရကောင်းမလား ဝေခွဲမရဖြစ်နေသည်။

ကိုချစ်ဖေက အရက်ကို အရက်သမားလိုသောက်သူတော့မဟုတ်။ တခါတလေ အာလျလေးလည်းဖြစ်၊ ရာသီဥတုလေးကလည်း ကိုယ့်ဘက်ပါ၊ ရုံးလည်းပိတ်ဆိုလျင်တော့ တခွက်တဖလားတော့ မော့တတ်သည်။
ခုလည်း မော့ရင်ကောင်းမလား အဖန်ရည်တည်ရကောင်းမလား ဇဝေဇဝါဖြစ်နေသည်။ အပြင်ဘက်ခေါင်းပြူကြည့်တော့ မိုးတစွက်စွက်၊ ဗွက် တ ထထ။ လမ်းပေါ်လျှံနေသည့် မြောင်းပုပ်ရေတွေ တလျှံလျှံ။ ဒီရေပုပ် ရေဆိုးတွေထိမိပြီး ခြေခုံက နှင်းခူနာ အယားတက်မှာလည်း စိုးရသေးသည်။ ဒီနှင်းခူက လေးငါးခြောက်နှစ်လောက်ရှိပြီ၊ မပျောက်တတ်သေး။ ငါးပိငံပြာရည်ရှောင်ရင်း လိမ်းဆေးလေး မှန်မှန် လိမ်းပေးနေလျင် အယားသက်သာလို အပွားလည်းနည်းသည်။ အစားတချက်မှားပြီ၊ ရေမသန့်တာတွေနှင့် ထိမိပြီဆိုလျင်တော့ သေလောက်အောင်ယားသည်။ ဘီးနှင့်ခြစ်လိုက် ဝါးကြောနှင့်သပ်ချလိုက်နှင့် အသားနီလန်သွားပြီး အယားနည်းနည်းသက်သာမှ ဆေးလေးလူးပြီး အဝတ်စသန့်သန့်လေး အုပ်ထားရသည်။ နို့မို့ဆိုလျင် သားနံရည်ထွက်ပြီး စေးထန်းထန်းတွေဖြစ်နေတတ်သည်။
ဒါနှင့် မထူးပါဘူးကွာအဖန်ရည်လေးဘဲ တည်သောက်တာ ကောင်းပါတယ်ဟုတွေးပြီး မီးဖိုချောင်ဘက် ထထွက်လာခဲ့သည်။ မီးမွှေးဖို့ ထင်းရှူးသားလေးတချောင်းနှင့် သစ်သားပေါက်စနလေးတွေ ဘေးချပြီး မီးသွေးအိုးအဖုံးကိုဖွင့်လိုက်တော့မှ မီးသွေး တက်တက်စင်ပြောင်နေတာကို တွေ့ရသည်။ နဖူးကိုရိုက်ပြီး သေလိုက်ပါတော့ကွာဟုတချက်ညည်းရင်း အိမ်ရှေ့ခန်းထဲ ပြန်ဝင်ချလာသည်။ လဘက်ခြောက်လည်း မရှိတော့။

မီးသွေးကုန်သွားတာ မနေ့က မနက်စာချက်ပြီးကတည်းကဖြစ်သည်။ မနေ့ရုံးအသွား အပြန်တွင် နှစ်လမ်းကျော်က မီးသွေးဆိုင်တွင် မီးသွေးတခြင်းဝယ်မည် လမ်းထဲကဆိုင်တွင် လဘက်ခြောက် တထုပ်ဝယ်မည်ဟု တွေးထားသော်လည်း ဝယ်ဖို့မေ့သွားခဲ့သည်။ အဖန်ရည်ကိစ္စကတော့ စိတ်နှင့်ပင် ကူးမရတော့။ ရေပုပ်ရေဆိုးတွေထဲလည်း လမ်းမလျှောက်ချင်။ ဒါဆို သုရာလေး သုံးပက်လောက် ချလိုက်ရရင်ကောင်းမလားဟု စိတ်က လည်ထွက်သွားပြန်သည်။ သေတင်းကုပ်က လမ်းထိပ်တွင်ရှိသမို့ သွားရမှာကမဝေးလှ။ သို့သော် ရေဆိုးတွေထဲတော့ လျှောက်ရမည်။ မီးသွေးသွားဝယ်ဝယ် အရက်ထွက်ဝယ်ဝယ် လမ်းကတော့ ဒီရေဆိုးရေလျှံလမ်းကိုဖြတ်မှ တဖက်ကမ်းကိုရောက်မည်။
ကိုချစ်ဖေ အပြင်ထွက်ရကောင်းမလား မကောင်းမလားနှင့် ချီတုံချတုံဖြစ်နေသည်။ မီးသွေးက ဒီညနေမှမဝယ်လျှင် မနက် ရုံးထမင်းဂျိုင့်အတွက် ကိစ္စရှိတော့မည်။ မဝယ်မဖြစ် ဝယ်ရမည်။ ရာသီဥတုက ကိုယ့်ဘက် ဘယ်လောက်ပါပါ ဘယ်လောက်ရှိရှိ မသောက်လို့လည်း ဘာမှတော့မဖြစ်။ မီးသွေးကတော့ ဝယ်မှဖြစ်မည်။ ကဲကွာ ရေဆိုးမကလို့ဘာဖြစ်ဖြစ် နှင်းခူယားလည်းမတတ်နိုင်ဘူး အပြင်တော့ထွက်ရမှာဘဲ၊ တလက်စတည်း အဖန်ခြောက်လေးလည်း တထုပ်လောက်ဆွဲခဲ့ဦးမှဆိုပြီး ထီးကောက်ကြီးဖွင့်ကာ လမ်းပေါ်ထွက်ခဲ့သည်။ ရေတွေရွှံ့တွေ တဇိဇိနှင့် ချော်မလဲအောင် မနည်းသတိထားသွားရင်း လမ်းထိပ်ရောက်လာသည်။

သေတင်းကုပ်မှာ လူတွေပြည့်နေသည်။ အထဲကဖွင့်ထားသည့် ကာရာအိုကေသံကလည်း ခတ်တိုးတိုး ပျံ့လွင့်နေသည်။ ဆိုင်ဘက်ကြည့်ရင်း ပါးစောင်မှာ သွားရည်ထွက်လာတာကို သတိထားမိသည်။ မသောက်တော့ပါဘူးကွာ မီးသွေးဘဲအရင်သွားဝယ်မယ် ပြီးရင် လမ်းထဲကဆိုင်က လဘက်ခြောက်ဝယ်ပြီး မိုးရေနဲ့ အဖန်ရည်လေး တည်သောက်တာအေးပါတယ်ဟုဆုံးဖြတ်ပြီး နှစ်လမ်းကျော်က မီးသွေးဆိုင်ဆီရောက်လာသည်။ မီးသွေးတခြင်းဝယ်သည်။ မီးသွေခြင်းလက်ကဆွဲရင်း ဆိုင်ပြင် ထွက်လိုက်တော့ မိုးက သည်းသည်းထန်ထန်ရွာချတော့သည်။ လေလည်းပါသည်။
ဒါနဲ့ ပုဆိုးတိုတို တင်းတင်းစီးပြီး မိုးရွာထဲထွက်ချလာသည်။ မိုးက လေဆော့သဖြင့် ဘက်ပေါင်းစုံမှ လှည့်ပတ် ပက်၏။ ထီးလည်း လန်ထွက်သွားလိုက် ပြန်တည့်လိုက်နှင့် လူတကိုယ်လုံးလည်း မိုးရေနစ်နေပြီ။ လေပက်လိုက်တိုင်း ခိုက်ခိုက်တုန်အောင် ချမ်းလာသည်။ လမ်းထိပ်ပြန်ရောက်တော့ ဖိနပ်ချွတ်ပြီး လက်ကကိုင်ကာ ထီးတဘက် မီးသွေးခြင်းတဘက် ဖိနပ်တဘက်နှင့် ကိုရို့ကားယားတွေ ဖြစ်နေသည်။ သေတင်းကုပ်မှ ကာရာအိုကေသံကိုလည်း မိုးသံလေသံကြားမှ ကြားနေရသေးသည်။
စိတ်က ဆိုင်ထဲရောက်သွားသည်။ ဝင်သွားပြီး ဝီစကီလေး ၃ ပက်လောက်ချလိုက်ရရင်ကောင်းမလာဟု စိတ်ထဲပေါ်လာသည်။ အာလျနှင့်ချဉ်ခြင်းလေးလည်း တက်လာသည်။ ဒီလောက် အေးနေတာ ဝမ်းတွင်း တေဇောဓါတ်လေး ထည့်မှဖြစ်မည်။ သို့မဟုတ်လျင် ညကြ ဖျားနိုင်သည်။ ဖျားလျင် ရုံမတက်နိုင်ဖြစ်မည်။ ရုံးကလည်း ပျက်လို့မဖြစ်၊ အပျက်များသည်ဟု အရာရှိက ပြီးခဲ့သည့်အပတ်ပင် ညိုငြင်ဖူးသည်။
ဒါနှင့်လမ်းထဲချိုးဝင်မည့်ခြေဦးသည် သေတင်းကုပ်ဘက် လည်ထွက်သွားသည်။ ဆိုင်ထဲတော့ ထိုင်မသောက်ချင်။ ကာရာအိုကေဆိုသံ မူးသံကြီးတွေ ငြင်းကြခုန်ကြသံတွေကို မနှစ်မြို့။ အိမ်ဝယ်သွားပြီး အိမ်ကြမှ နားအေးပါအေးချတာပေါ့တွေးပြီး ကြွပ်ကြွပ်အိပ်နှင့် ဝီစကီ ၃ ပက်ဝယ်ချလာခဲ့သည်။ ဝီစကီထုတ်၊ မီးသွေးခြင်း၊ ထီး၊ ဖိနပ်တွေနှင့် ချော်မလဲအောင် မနည်းသတိထားပြီး အိမ်ပြန်ရောက်လာသည်။ မီးသွေးခြင်းကြီးက လေးသထက် လေးလံလာနေသည်။
တံစက်မြိတ်လှေကားရင်းက မိုးရေခံစဥ့်အိုးထဲ ဖလားနှစ်ခပ်ခပ်ပြီး တဗွမ်းဗွမ်းနေအောင် ခြေထောက်ကို စင်နေအောင်ဆေးသည်။ အိမ်ထဲရောက်တော ဝီစကီထုပ်ကိုချ၊ မီးသွေးခြင်းကို မီးဖိုချောင်ဘက် ဆွဲထွက်သွားတော့ မီးသွေးခြင်းမှ ရေတွေ တတောက်တောက်ကျနေတာကို သတိထားမိသည်။ သွားပါပြီကွာ မီးသွေးတွေ ရေရွှဲကုန်ပြီ၊ ဘယ့်နှယ်လုပ်ခြောက်အောင် ပြန်လုပ်ရပါ့မလဲ။ ဒီအတိုင်းဆို မနက်ဖြန် ထမင်းဗူးအတွက် ဘယ်လိုမှမဖြစ်နိုင်တော့။

ကဲရှိပစေတော့ နောက်မှရောက်ယားဘဲ။ တခုခု ဝယ်စားတာပေါ့ဟုတွေးရင်း မီးသွေးတွေကို အိုးထဲမထည့်ဘဲ ကြမ်းပေါ်ဖြန့်တော့မှ တချို့မီးသွေးအကျစ်လေးတွေက ရေမစုပ် ရေမဝင်တာကိုတွေ့တော့ ဝမ်းသာသွားသည်။ ရေနွေးတအိုးကျိုစာတော့ ရှိသည်။ ဒါလေးတွေဘေးဖယ်ထားလိုက်ပြီး မီးမွှေးသည်။ မာမားခေါက်ဆွဲခြောက် သုံးထုတ်ကို ကြက်ဥသုံးလုံးထည့်ပြီး ပြုတ်သည်။ ကိုက်လန်ရွက်နည်းနည်း ခပ်သည်။ အမြည်းလည်းအမြည်း ညစာလည်းညစာလုပ်ရမည်။

ခေါက်ဆွဲနူးတော့ ပန်းကန်လုံးကြီးထဲသွန်ချကာ အိမ်ရှေ့ခန်းပြန်ထွက်လာသည်။ အဝတ်စိုတွေကိုလဲပြီး ဝရန်တာကကြိုးတန်းပေါ် လွှားသည်။ ဝီစကီကိုဖန်ခွက်ထဲငှဲ့သည်။ ရေတဖန်ခွက်ခပ်သည်။ ခြေထောက်တွေကို ပုဆိုးဟောင်းတထည်နှင့် ခြောက်သည်အထိသုတ်သည်။ နှင်းခူက ကြွနေနှင့်ပြီ။
ဒါနှင့် ဘီးကြမ်းကြီးနဲ့ ဝါးကြောကိုပါယူသည်။ တင်ပုလ္လင်အကျအနထိုင်ကာ သုရာလေးတကျိုက် ကျိုက်လိုက် မာမားခေါက်ဆွဲပြုတ်လေး ခပ်သောက်လိုက်နှင့် ဝမ်းခေါင်းထဲပူဆင်း နွေးတေးတေးအရသာကိုခံရင်း ဇရက်မင်းစည်းဇိမ်ယူနေတုန်း နှင်းခူနာက ယားစပြုလာသည်။ ဘီးနှင့်အရင်ခြစ်သည်။ ပြီးတော့ ဝါးကြောဖြင့်သပ်ချသည်။ နှင်းခူယားသည့်အယားသည် ဘာအယားနှင့်မှမတူ အူထဲအသဲအထိ ယားသလိုယားတာမျိုးဖြစ်သည်။ အသားနီတွေလန်လာပြီး သွေးစလေးတွေထွက်လာတော့မှ အကုပ်အခြစ်ကိုရပ်ပြီး မြွေနှစ်ကောင်ပွေးဆေးကို ဂွမ်းနှင့်ဆွတ်ပြီး သုတ်ချလိုက်သည်။ စပ်လိုက်သည့်ဖြစ်ခြင်း။ အက်ဆစ်နှင့်ပက်သလိုမျိုး ခံစားရသည်။သို့သော်အယားထက်စာလျင် အစပ်ကမှတော်သေးသည်။

ခနနေတော့ အစပ်ပြေ အယားလည်းပြေသွားသည်။ ဒီတော့မှ ဝီစကီခွက်ဘက် လက်ပြန်ရောက်သည်။
ကိုချစ်ဖေ ထွေတေတေဖြစ်လာပြီ။ ရီဝေဝေလည်းနေသည်။ စိတ်က တက်ကြွမြင့်မောက်လာသလိုလည်း ရှိသည်။ သို့နှင့် အပြီးသတ်ခွက်ကပ်ကိုမော့အပြီးမှာ ကြမ်းပေါ် အသာလှဲချလိုက်သည်။ ဒီတော့မှ လဘက်ခြောက် မဝယ်ခဲ့မိတာကို ပြန်သတိရသည်။

အေးလေ အရက်သောက်နေမှဘဲ အဖန်ရည် ဘာသောက်စရာလိုမလဲဟုတွေးရင်း မျက်တောင်တွေ စဉ်းကျလာသည်။ မျက်လုံးကို မှိတ်လိုက်တော့ ကမ္ဘာကြီး ပတ်ချာလည်နေသည်။ ဒီလိုနှင့် တဖြည်းဖြည်း လည်ရင်းလည်ရင်း အိပ်ပျော်သွားသည်။
မီးသွေးရေစိုတာတွေ မနက်ထမင်းဘူးတွေ အဖန်ခြောက်တွေ ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်ပြီး ကိုချစ်ဖေကြီးလည်း မှောက်သွားတော့သည်။
မျိုးမြင့်ချို
ဇူလိုင် ၂၁။ ၂၀၁၈

"မြက် ပန်းသီးနှင့်စစ်" မျိုးမြင့်ချို

0 comments
"မြက် ပန်းသီးနှင့်စစ်"
အင်ဒီယားနားပြည်နယ် ဘာဖြစ်တယ်မသိ။ မနေ့ကနှင့် ဒီနေ့ တနေ့လုံး နွေခေါင်ခေါင်ကြီးမှာ မိုးတွေထစ်ချုန်းရွာပါသည်။ လေတွေကလည်း ဟူးဟူးရားရား။ ဒီ့မတိုင်မီက အလျှံငြီးငြီးအပူရှိန်ကြောင့် ကောက်ရိုးရောင် သွေ့ခြောက်သွားသည့်မြက်ပင်များ အသက်မှုတ်သွင်းလိုက်သလို ဟုန်းကနဲ ထစိမ်းကြသည်။ မြက်ခင်းတွေစိမ်းတော့ မျက်လုံးတွေအေးရသည်။

တကယ်တော့ နွေဆိုသည်မှာ အမေရိကန်တွေ မြက်ရူးထချိန်နှင့် ဆိုင်ကယ်သရဲတို့ အိပ်ဇောသံ တဗြန်းဗြန်းနှင့် ငန်းဖမ်းချိန်လည်းဖြစ်ပါသည်။ အမေရိကန်တွေက တဆောင်းလုံးနှင်းဖုံးပြီး သေငယ်ဇောနှင့်မျောနေသည့် မြက်ခင်းဝါတာတာတွေ နွေဦးပေါက်နှင့်အတူ တစတစစိမ်းရောင်စိုလာသည့် မြက်ပျိုပင်ပေါက်လေးတွေကို အရသာခံ ကြည့်ကြသည်။ နံနက်ခင်း နေနုနုတွင် မြက်ခင်းတွေပေါ် ဖြာကျလာသည့် ဦးပေါက်နွေ၏နေခြည်ဖျာပုံမှာ ပသာဒဖြစ်သလို ပနံလည်းတင့်လှပါသည်။
နွေရောက်လို့ မြက်တွေ နည်းနည်းသွေ့လာလျင် ရေပိုက်တွေတန်းကာ အလိုအလျောက်လည်သည့် ရေပန်းတွေနှင့်မြက်ခင်းတွေ ရေဖြန်းကြပါသည်။ မြက်ပါးသည့်နေရာ ကွက်သည့်နေရာများကို မြက်စေ့တွေ ကြဲကာကြဲကာ ကောက်ရိုးပါးပါးလေးအုပ် မြက်သားပေါက်ရန် မီးနေခန်းပြင်သလို ပြင်ပေးကြပါသည်။ မြက်တွေရှည်လာသည့်အခါ ၃ လက်မအရှည်လောက်ချန်ကာ လက်တွန်းမြက်ရိပ်စက်များ လူစီးမြက်ရိပ်စက်ကြီးငယ်စုံဖြင့် အားရပါးရရိပ်ကြ တိကြပါသည်။ ပြီးလျင်ရေဖျန်းပြန်ပါသည်။ ရှည်လာလျင် တခါပြန်ရိပ်ကြပါသည်။ ဤသို့ဖြင့် ရိပ်တပြန်မွေးတပြန် သံသရာလည်နေပါသည်။ မြက်ခင်းအလှကို Landscaping နှင့်တွဲကာ ခြံ တန်ဆာဆင်ကြပါသည်။

ကျနော်က မြက်ခင်းစိမ်းတွေကြည့်ရင်း အညာက ကန်ရေသောက် မြက်ခြောက်စားနေရသည့် နွားတွေ ဆိတ်တွေ သိုးတွေကို ဒီခေါ်လာပြီး မြက်ခင်းတွေထဲလွှတ်ကာ မြက်နုချိုလေးတွေကို လွေးစေချင်မိပါသည်။ မြက်ခင်းအထိုင် မြေကမ္ဗလာပြင်မှပေါက်နေသည့် အိမ်ဝင်းအတွင်းက တပင်စနှစ်ပင်စ ပန်းသီးပင်တွေမှာလည်း လေယူရာမတိမ်းမညွှတ် ကျောက်ထီးတန္တုလို မတ်နေကြပါသည်။ နွေဆိုလျှင်ပန်းသီးတွေ လှိုင်လှိုင်သီးကြပါပြီ။ ခူးလည်းမခူးနိုင် စားလည်းမစားနိုင် ရောင်းရန်လည်း ဗမာပြည်လို ခေါင်းရွက်ဗျတ်ထိုး လမ်းလေးပျံကြရောင်းမရသည်မို့ အသီးတွေကြွေကြွေကျနေသည်ကို သည်တိုအတိုင်း လက်ပိုက်ကြည့်နေရုံသာရှိပါသည်။ ဗမာပြည်က လူဆင်းရဲသားသမီးလေးတွေ ဒီခေါ်ပြီး ပန်းသီး တဝကျွေးချင်လှပါသည်။

ထိုပန်းသီးကြွေတွေကိုမြင်တိုင်း ငယ်ငယ်ကပန်းသီးကို ပြန်အမှတ်ရမိပါသည်။ ချင်းတောင်မှထွက်သော ပန်းသီးမှာ အနံ့အရသာ မွှေးပျံ့ချိုအီနေရုံမက အသားကလည်း မွှတ်နေပါသည်။ ကျနော်တို့ငယ်ငယ်က ပန်းသီးဆိုသည်မှာ လူမမာဓါတ်စာဖြစ်ပါသည်။ သိမ်ကြီးဈေး စီရုံအောက်ထပ်နှင့် သံဈေးလောက်တွင်သာ ရပါသည်။ ဆေးရုံလူနာမေးသွားလျင် ဝယ်ဝယ်သွားတတ်သည့်အသီးဖြစ်ပါသည်။ သူဋ္ဌေးစာလည်း ဖြစ်ပါသည်။ ဆင်းရဲသားများ အနားပင်မသီနိုင်ပါ။ လူဆင်းရဲတို့ကား မာလကာသီး သရက်သီးတို့လောက်နှင့် တင်းတိမ်ရပါသည်။ ပန်းသီးသည် ဆင်းရဲသားစာ မဟုတ်ပါ။

လူတွေဆင်းရဲကြသည်ဆိုသည်မှာ တိုင်းပြည်ဆင်းရဲခြင်းဖြစ်ပါသည်။ လူဆင်းရဲများသောနိုင်ငံသည် နိုင်ငံတကာအလည်တွင် လူရာမဝင်သလို တွင်ကျယ်လို့လည်း မရပါ။ လူတွေ ကြပ်ကြပ်ဆင်းရဲလာလျင် ရာဇဝတ်မှုတွေထူပြောလာပါသည်။ ခိုးရဲသူခိုး၊ လုရဲသူလု၊ ဒမြတိုက်ရဲသူ ဒမြတိုက်ကာ နောက်ဆုံး တိုင်းပြည်ဗြောင်းဆန်ကာ သူပုန်ထရပါတော့သည်။ ထိုခါ ပြည်တွင်းစစ်တွေ ဖြစ်လာရပါသည်။ ပြည်တွင်းစစ်ဖြစ်ရခြင်း အခြားအခြေခံအကြောင်းရင်းတွေလည်း များစွာရှိပါသည်။ လွတ်လပ်ခွင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် အခြားနိုင်ငံရေးကိစ္စများ လူတန်းစားကိစ္စများမှာလည်း စစ်ဖြစ်စေသည့် မြေကအမြစ်စစ်စစ်တွေဖြစ်ပါသည်။

ပြည်တွင်းစစ်ဖြစ်ဖြစ် ဘာစစ်ဖြစ်ဖြစ် စစ်ဆိုသည်မှာ မျှော်ကောင်း ကြိုကောင်းသည့်အရာမဟုတ်ပါ။ စစ်ဖြစ်လျင် လူတွေသေကြ သတ်ကြပါသည်။ သွေးချောင်းစီးပါသည်။ စစ်သည် တိုင်းပြည်ကို ခြေမွရုံဖြင့်အားမရ မုဆိုးမတွေ သားပျောက်ရှာမိဘတွေ ဖခင်မဲ့ကလေးတွေ ဒုက္ခိတတွေကိုပါ ကြောက်ခမန်းလိလိ မွေးထုတ်ပေးပါသည်။

စစ်သည် လက်နက်နှင့်အဖိနှိပ်ခံရသဖြင့် လက်နက်ဖြင့် ပြန်တွန်းလှန်ရခြင်းဖြစ်သည်ဟု နိုင်ငံရေးသုခမိန်များက အဟောထုတ်ပါသည်။ ဟုတ်တန်သလောက်ဟုတ်သော်လည်း နဂိုကတည်းက စစ်ကိုမလိုလား လက်နက်ကိုင်လမ်းစဉ်ကို မယုံကြည်သူများကမူ စစ်ကိုရှောင်ကာ ဖိနှိပ်မှုကို လူထုတိုက်ပွဲ လူထုလှုပ်ရှားမှုတွေနှင့် ဖီဆန်အာခံကာ အနုနည်းဖြင့်ကြိုးပမ်းကြပါသည်။ လက်နက်ကိုင်လမ်းစဉ် ယုံသူများက လက်နက်ကိုင်ကြပါသည်။ ထို့ကြောင့် ဘာလက်နက်ကိုင် ညာလက်နက်ကိုင်ဆိုသည့် အသင်းအပင်းတွေပေါ်လာရပါသည်။

ကျနော်တို့ပြည်တွင် ဗကပ အပါအဝင် လူမျိုးစုလက်နက်ကိုင် ခုခံတော်လှန်စစ်ဆင်နွှဲနေသည်မှာ နှစ် ၇၀ ရှိပါပြီ။ တနည်းပြောရလျင် ကမ္ဘာ့ဘိုးသက်ရှည်ပြည်တွင်းစစ်ဖြစ်ပါသည်။ ခုချိန်ထိ ဘယ်သူ့ဘယ်သူမှ မနိုင်သေးပါ။ စစ်မီးကား တောက်ဆဲဖြစ်ပါသည်။ တိုင်းပြည်လည်း ရစရာမရှိအောင် ဖွတ်သထက် ညစ်နေပါပြီ။ ငြိမ်းချမ်းရေ အတုအယောင်တွေ အပစ်အခတ်ရပ်စဲရေးမသမာမှုတွေနှင့် ဒင်းကြမ်းဖြစ်နေပါသည်။ မီးစတဘက်ရေမှုတ်တဖက် အပစ်အခတ်ရပ်စဲရေးမှာလည်း သေနတ်သံတွေတညံညံနှင် ပြန်ပြန်ပေါက်ကြပါသည်။ စစ်သည်မကောင်းပါ။ လိုလားဖွယ်လည်းမဟုတ်ပါ။ ငြိမ်းချမ်းရေး စစ်ပြေငြိမ်းရေးသည်သာ လိုလားနှစ်မြို့ဖွယ်ဖြစ်ပါသည်။ မတရားသဖြင့် ဖိနှိပ်အုပ်စိုးနေသူများအား တရားနည်းလမ်းမှန်စွာဖြင့်တုန့်ပြန် ဖီဆန်အာခံကြဖို့လိုပါသည်။ ပြည်တင်းလျင် မင်းမခံနိုင်ပါ။ ၁၃၅၀ ပြည့်တွင် ပြည်တင်းခဲ့ပါသည်။ မင်းတို့မခံနိုင်ကြပါ။ သို့သော်ခေါင်းဆောင်တွေမညီညွတ် နောက်လိုက်တွေ စိတ်ဝမ်းကွဲပြားခဲ့ကြသဖြင့် စစ်အာဏာရှင်စနစ် အဓွန့်ရှည်နေခြင်းဖြစ်ပါသည်။

အာဏာရှင်ဆိုသည်မှာ ဓနရှင်အာဏာရှင်ဖြစ်ဖြစ် စစ်ဗျူရိုကရက်လက်ဝါးကြီးအုပ် အာဏာရှင်ဖြစ်ဖြစ် တပါတီအဏာရှင်ဖြစ်ဖြစ် မကောင်းပါ။ သို့သော် လူတန်းစားရှိသည့် လူ့အဖွဲ့အစည်းတွင် သူ့လူတန်းစားကို ကိုယ်စားပြုသည့် သူ့လူတန်းစားအကျိုးကိုသာဆောင်မည့် အာဏာရှင်များရှိရမည်မှာ မုချမသွေဖြစ်ပါသည်။
ကျနော်တို့သည် မိမိယုံကြည်ရာလူတန်းစားအကျိုးစီးပွားအတွက် လူတန်းစားဒီမိုကရေစီအတွက် အာဏာရှင်များကို တွန်းလှန်အာခံဖီဆန်ကာ မိမိတို့လွတ်လပ်ရေး လွတ်မြောက်ရေးတွေအတွက် သေသည့်တိုင် ကြိုးပမ်းကြရပါမည်။
မိမိကိုယ်ကို လွတ်လပ်ခွင့်မရှိဟုယူဆသောလူမျိုးသည် တွေးခေါ်စဉ်းစားရန် စိတ်မဝင်စားတတ်ပါ။ ကျနော်တို့ တွေးခေါ်စဉ်းစားသည့်လူမျိုးဖြစ်အောင် ကျင့်ကြံဖို့လိုနေပါသေးသည်။
မျိုးမြင်ချို
ဇူလိုင် ၂၁၊ ၂၀၁၈

"အမေ့နေ့ တနေ့" (မျိုးမြင့်ချို)

0 comments
"အမေ့နေ့ တနေ့"
အမေ နား အတန်ငယ်ထိုင်းပြီ။ Hearing Aid လေးရှိသော်လည်း မတပ်။ နားထဲ ခိုးလို့ခုလုဖြစ်နေတာကို ကြိုက်ဟန်မတူ။ သူနှင့် စကားပြောလျင် အသံမြှင့်ပြီးပြောရသည်။
ခါးလည်း နည်းနည်းကိုင်းပြီ။ တောင်ဝှေးကူရလောက်သည့် အခြေအနေမျိုးတော့မဟုတ်။
ဆံတွေလည်း ဖြူပြီ။ သို့သော် အုန်းဆီနံ့ကား အမြဲသင်းပျံ့နေသည်။
မျက်စေ့တော့ မမှုံသေး The holy Quran ကို မျက်မှန်မပါဘဲ ဖတ်နိုင်နေတုန်းဖြစ်သည်။
ရှေ့ဘက် အောက်သွားလေးတချောင်းနှင့် အံသွား၃ ချောင်းလည်း ကြွေပြီ။ သို့သော် ပဲလုံးလှော်ရွရွလေးများကို ကျိုးကျိုးကြွပ်ကြွပ်ကြွပ်အသံထွက်အောင်ဝါးရင်း၊ အမဲသားပြုတ်ကြော် နူးနူးနပ်နပ်ကိုစားရင်း၊ မုန့်ဟင်းခါးထဲ ပဲကြော် ခြေထည့်ရင်း ဖြည်းဖြည်းသာသာ စားတတ်သည်။ ပါးစပ်ကသာမပြောသော်လည်း သွားရင်းတွေတော့ နည်းနည်းနာပုံရသည်။ တခါတခါ ဝါးနေရင်း အဝါးရပ်ကာ ခံတွင်းထဲကအစာကို လျှာဖြင့် ဟိုဘက်ဒီဘက် ပို့တာကို သတိထားမိသည်။
မေ့လည်း ထိုက်သလောက်တတ်စပြုပြီ။ သို့သော် ဂျပန်ခေတ်အကြောင်း၊ သူ့ညီအကိုမောင်နှမတွေ ငယ်ဘဝအကြောင်၊ အရပ်ထဲလူတွေအကြောင်း၊ ငယ်ပေါင်းဖော်တွေအကြောင်းတော့ လုံးစေ့ပတ်စေ့ပြောပြနိုင်သေးသည်။ "အမေလည်းမေ့မေ့လျော့လျော့တွေဖြစ်လာပြီ"ဟုပြောတော့ ညီတော်မောင် ကျော်ကျော်မြင့်က "အမာ့အသက်အရွယ်နဲ့ ဒီလောက်မေ့တာ တော်သေးတာပေါ့။။ ကျနော်တို့ဆို စိတ်များပလားဆို မေ့တာတွေမပြောနဲ့ အမာ့ထက်တောင်ဆိုးသေး" ဟုပြောတော့ သူ စိတ်ကြေနပ်ပုံဖြေသာပုံပေါ်ပါသည်။

ခြေတွေလက်တွေမတုန်သေးသော်လည်း အသံတော့ တုန်ချင်သည့်ဘက် ယိုင်စပြုပြီ။
မျက်နှာတွင် အရေးအကြောင်းတွေထင်စပြုလာသလို လည်ပင်း လက်မောင်းအိုးတို့လည်း တွဲစပြုပါပြီ။ သို့သော် အသက်အရွယ်နှင့် မမျှအောင် သန်မာနေပါသေးသည်။

ဆရာဝန်ပေးထားသည့် အကြောအချဉ်ပြေဆေး ညမနက်ကို ပုံမှန်အပျက်အကွက်မရှိ အမေ့အလျော့မရှိသောက်သလို ဗမာဝမ်းပျော့ဆေးလေးလည်း ညတိုင်း အိပ်ယာမဝင်မီသောက်ပြီးမှ အိပ်သည်။ ဘယ်သူမှ ဆေးသောက်ရန်သတိပေးစရာမလို။ ညီမနှင့်ယောက်ဖက မနက် ညနှင့် နေ့အလိုက် အကန့်လေးတွေကန့်ထားသည့် ပလပ်စတစ်ဗူးပြားလေးထဲ ဆေးတပတ်စာတခါ ဖြည့်ဖြည့်ပေးရသည်။
မနက်တိုင်း ၅နာရီခွဲဆိုလျင်ထပြီး ကိုယ်လက်သန့်စင်ပြီး အရုံတက်ဘုရားဝတ်ပြုဆုတောင်း တရက်မှမပျက်။ ဖျားနေတာတောင် ဝတ်တက်မပျက်ကွက်။ ပြီးလျင်အောက်ဆင်းပြီး မနက်ဆေးသောက်သည်။ ထို့နောက် ညက မဆေးကြောဘဲ Sink ထဲကျန်နေသည့် ပန်းကန်ခွက်ယောက်များကို ဆေးကြောသည်။
စားပွဲသုတ်လိုက် ဟိုလုပ်လိုက် ဒီလုပ်လိုက်ဗာဟီရလေးတွေ ဇယ်စက်သလို လုပ်သည်။ ကြက်သွန်အခွံသင်လိုက်၊ ကန်စွန်း ပဲတောင့်လေးတွေ ချိုးလိုက်ဆိတ်လိုက်၊ နွှေးစရာရှိသည့်ဟင်းများ နွှေးလိုက်နှင့် တနာရီပြည့်သည့်အခါ ပေါင်မုန့် ၂ ယှက်ကို ကင်စက်ထဲထည့်ပြီး မီးကင်သည်။ စထရော်ဘယ်ရီယိုသုတ်သည်။ ကော်ဖီ အချိုပေါ့ပေါ့လေးတခွက်ဖျော်သည်။ ထမင်းစားပွဲဝိုင်းကုလားထိုင်ပေါ်ထိုင်ချရင်း "မနက်ဆေးက သောက်ပြီး တနာရီကြာမှ အစား စားရတယ်သားရဲ့"ဟုပြောပါသည်။ မနက်တိုင်းပြောသည့်စကားဖြစ်ပါသည်။ မစားခင် တခုခုကိုရွတ်ဖတ်ရန် မမေ့သလို စားပြီး ရွတ်ဖတ်ရန်ကိုလည်း မပျက်ကွက်။
"ညက အိပ်လို့ကောင်းလိုက်တာ ခေါင်းချတာနဲ့ တချိုးတည်း အိပ်ပျော်သွားတယ်၊ ဆီးသွားဖို့ နှစ်ခါ ထရတာကလွဲလို့ တောက်လျှောက်အိပ်တာဘဲ။ ခုမနက်လင်းတော့ စိတ်လက်ကြည်လင်နေတယ်"ဟု ပြောပါသည်။ ကျနော် အားကျလိုက်သည့်ဖြစ်ခြင်း။ ကျနော်မသေခင် သူ့လိုတညလောက်လေးဖြစ်ဖြစ် အိပ်ပျော်ချင်မိပါသည်။

လှုပ်တုတ်လှုပ်တုတ်နှင့် တကုပ်ကုပ် လုပ်စရာလေးတွေလုပ်ပြီး တနေကုန်အငြိမ်နေ အအားနေတယ်ရယ်လို့ သိတ်မရှိလှ။ သူ့စိုက်ခင်းလေးထဲက အပင်လေးတွေကိုရေလောင်းရင်း "သားငါးဆေးတဲ့အရည် ဆန်ဆေးရေတွေကို အမာက ဗူးပင်မှာ အမြဲလောင်းတာ၊ ဟောဒီ ပြင်းတော်သိမ်ပင်လေးတွေ ရှောက်ပင်တွေ ကင်ပွန်းချဉ်ပင် ပျားစားရွက်အပင်တွေက ဆောင်းဆို အိမ်ထဲအကုန်သွင်းရတာ နွေဦးပေါက်မှအပြင်ပြန်ထုတ်နဲ့ အလုပ်တော့ရှုပ်ပေမယ့် စားလို့လည်းရ ဆေးဘက်လည်းဝင်ဆိုတော့ မတတ်နိုင်ဘူးလုပ်ရတာဘဲ"ဟုပြောရင်း ရှောက်ရွက် မနုမရင့်လေးတွေကို ပျားစားရွက်လေးတွေကို ကပ်ကျေးသေးသေးလေးနှင့် ဖြတ်နေပါသည်။ "ရှောက်က လေဖြတ်တာ လေဖြန်းတာတွေကို ကာကွယ်တယ်။ လေလည်တယ် ဝမ်းမီးလည်းကောင်းတယ်။ ပျားစားရွက်ကတော့ သွေးတိုးဆီးချိုသမားတွေ တနေ့ ၂ရွက်ပဲစား အချိန်တန်ရင် အင်္ဂလိပ်ဆေးလွတ်တယ်"ဟုလည်း အမြဲပြောပါသည်။ ကျနော့်ကိုလည်း ထမင်းစားတိုင်းရှောက်ရွက် ၂ ရွက် ပျားစားရွက် ၂ ရွက် ဆိတ်ဆွပြီး ပန်းကန်ထဲ ထည့်ပေးပါသည်။ ကျန်ာလည်း အတို့အမြှုတ်သလောနှင့် လေးရွက်လုံးကုန်အောင်စားပါသည်။
"ဟို့နေ့က ကန်ပွန်းချဉ်ရွက်လေး တအိုးစာရလို့ ညှပ်ပြီး ပုဇွန်ခြောက်လေးခပ် ငါးခူလေးတုံးတစ်ထည့်ပြီး ချဉ်ရည်ဟင်းလေးချက်တာ စားကောင်းလိုက်တာ၊ ငရုပ်သီးဆားထောင်းလေးနဲ့ ငါးခူကြော်နှပ်ကလေးနဲ့" ဟုပြောပါသည်။

ခနနေတော့ မရင်နှစ် အိပ်မှုံစုံဝါးနှင့် ဖက်လုံးကြီးပိုက်ကာ အောက်ဆင်းလာပြီး "နာနီဆလမ်မာလေးကွမ်း" တချက်ပြောပြီး ဧည့်ခန်းထဲက ဆိုဖါခုံရှည်ပေါ် ငူငူငေါင်ငေါင်ထိုင်ပါသည်။ အမေက "သမီးလေး မျက်နှာသစ် သွားတိုက် ခေါင်းဖြီး၊ ပြီးရင် Breakfast စားမယ်။ နာနီကြက်ဥကြော်ထားတယ်။ ထမင်းလည်းရှိတယ်၊ မုန့်ဟင်းခါးလည်းရှိတယ်၊ Pancake စားမယ်ဆိုရင်တော့ မေမေနိုးလာမှလုပ်ပေးမယ် ခနစောင့်"ဟုဆိုပြီး တိုက်တိုက်တွန်းတွန်း နှိုးနှိုးဆော်ဆော်လုပ်ပါသည်။ မရင်နှစ်က ထုံးစံအတိုင်း "မုန့်ဟင်းခါး"ဟုပြောက ရေအိမ်ခန်းထဲဝင် မျက်နှာသစ်သွားတိုက်လုပ်နေချိန်တွင် အမေက မုန့်ဟင်းခါးပွဲပြင်ပါသည်။ မရင်နှစ်ထွက်လာတော့ မုန့်ဟင်းခါးစားရင်း သူ့နာနီနှင့် တော်ကီတွေပွားပါတော့သည်။

တအောင့်လောက်ရှိတော့ သင်းသင်းအေးနိုးလာပါသည်။ ကော်ဖီသောက်ရင် "ဒီနေ့အပွိုင်မင်န်ယ်က ဘယ်နေရာမှာ ဘယ်လောက်ကြာမယ်။ မွေးလူနာဆိုတော့ ပြောမရဘူး တနေကုန်ချင်လည်း ကုန်မှာ အမာ။ ဒီနေ့မနက်စာ ဘာနဲ့ဘာနဲ့ချက်မယ် ညနေစာ ဘာနဲ့ဘာနဲ့ဘာနဲ့ချက်မယ်တွေပြောရင်း ညက Deep Freezer ထဲကထုတ်ပြီး sink ထဲ ထည့်အရည်ပျော်ခိုင်းထားသည့် ခဲတဝက်ပျော်တပိုင်းဖြစ်နေသော အသားထုတ်ကို ဆကြည့်ရင်း ၅၀ သားလောက်ရှိမယ်၊ ကျနော် အချိန်မီပြန်လာရင် ကျနော်ချက်မယ်။ နေ့လည်လောက်ဆို အကုန်အရည်ပျော်ပါပြီ၊ အမာ မုန်လာရွက်ချဉ်ရည်ဟင်းလေးတအိုးဘဲ ချက်ထား၊ နားနာနေနေ နေ။ ဘာမှမလုပ်နဲ့။ ရင်နှစ်ကို ဂိမ်းစ်မကစားစေနဲ့။ တီဗီကိုလည်း အကြာကြီးမကြည့်စေနဲ့၊ သူ့ကို YouTube မကြည့်ရဘူး ခလေးတွေကြည့်တဲ့လိုင်းတွေဘဲ ခလေးပရိုဂရမ်တွေပဲကြည့်ရမယ်လို့ ပြောထားပြီးသား၊ နက်စ်ဖလစ်ကြည်ရင်လည်း ခလေးကားတွေဘဲကြည့်ရမယ်လို့၊ အချိန် ဘယ်လောက်ပဲကြည့်ရမယ်လို့ မှာထားတယ်။ တက်ဘလက် မကိုင်စေနဲ့၊ အိုင်ပေါ့တ်တော့ သူ သီချင်းထောင်ဖို့ပေးထားမယ်။ စာလည်းဖတ်ခိုင်း၊ အိမ်စာတွေလည်း လုပ်ခိုင်း အမာ၊ ဆိုဖီယာနဲ့ တယ်လီဖုန်းပြောရင်လည်း တနာရီထက်ပိုမပြောစေနဲ့၊ နို့မို့ဆို ဒီကလေး ညဘက်ညဘက်တွေ ကောင်းကောင်းမအိပ်ဘူး"ဟု စကားတွေတသီကြီးပြော တတန်းကြီးမှာပါသည်။ အမေက "အေးအေး ငါကြည့်ထားမယ်၊ ဒါပေမယ့် နင့်သမီးက လိမ္မာပါတယ် အမေက မကြည့်ရဘူး မကိုင်ရဘူးပြောထားရင် မကြည့်ဘူးမကိုင်ပါဘူး။ အမာ သူ့စိတ်ကို စမ်းကြည့်ချင်တာနဲ့ဟိုနေ့က သမီး တီဗီကြည့်ချင်လည်းကြည့်လေ နာနီ မေမေ့ကို ပြန်မပြောပါဘူးလို့ပြောတာတောင် မေမေကမကြည့်ရဘူးလို့မှာထားတယ် သမီးမကြည့်ဘူးလို့ပြောတယ်" ပြောရင်း သူ့မြေးဆံစလေးတွေကို ပွတ်သပ်ပေးနေပါသည်။ "အမာ သူ့ကို နည်းနည်းသတိထားကြည့်ပါ။ အကြာကြီးမကြည့်စေနဲ့။ ကျနော်အဝတ်အစားလဲလိုက်ဦးမယ် ခနနေရင်ထွက်မယ်"ဟု ပြောပြီး အပေါ်ပြန်တက်သွားပါသည်။

အမေက "ရင်နှစ် သမီးကြားတယ်နော် မေမေမှာတာတွေ"ဟုဆိုတော့"သမီးသိတယ် နာနီ" ဟုပြောပါသည်။ သို့နှင့်နေ့လည်စားချိန်ရောက်၍ အမေနှင့်ကျနော် ထမင်းအတူစားပါသည်။ သူစားရင်း အရိုးထွင်ထားသည့် ငါးကြော်နှပ်လေးတွေကို ကျနော့်ပန်းကန်ထဲ ထည့်ထည့်ပေးပါသည်။ သူလည်းစားပါသည်။ စားနိုင်ပါသည်။ "အမာ ခုလို ကျန်းမာနေတာကြောင့် သားသမီးတွေ ဝမ်းသာနေကြတာ အမာသိတယ်။ အမာလည်း တတ်နိုင်သလောက် သတိလေးထားရင်း စားနေလုပ်နေတာဘဲ" ဟုပြောပါသည်။

ထမင်းစားပြီး ကျနော်က ထမင်းစားပွဲကမထဘဲ ကွန်ပြူတာကို ကောက်ဖွင့်တော့ အမေက "လမ်းလေးဘာလေးနည်းနည်းလျှောက်ဦး၊ ထိုင်ချည်းမနေနဲ့၊ အစာမကြေဖြစ်တတ်တယ်။ သိတ်မကြေရင်တော့ ဦးချိန်တီလည်းရှိတယ်၊ ရှောက်ပေါင်းဆေးလည်းရှိတယ်၊ လေလည်းလည်တယ် ရင်လည်းချောင်တယ်၊ နည်းနည်းလျက်ချင်ရင် ဟောဟိုက အံဆွဲထဲမှာ" ဟုပြောကာ စားပြီးသားပန်းကန်တွေကို ဆေးပါသည်။ အိမ်ပြင်ထွက်လိုက် အပင်လေးတွေကြည့်လိုက်လုပ်ရင်း လမ်းလျှောက်ရင်း "ဒီတရက်နှစ်ရက်မိုးရွာလိုက်တာ တော်ကောင်းသွားတယ်၊ အပင်လေးတွေ ရေလောင်းလွတ်သွားတယ်။ စိုက်ပျိုးရေးသမားတွေလည်း ဝမ်းသာမှာဘဲ၊ ကောင်းတယ် သူတို့ ရေဖိုးသက်သာတာပေါ့၊ အကုန်အကျသက်သာတော့ အသီးအနှံတွေလည်း ဈေးကျတာပေါ့၊ ဈေးကျတော့ လူတွေလည်း များများ ပိုဝယ်စားနိုင်တာပေါ့၊ ဘုရားသခင်ဘာလုပ်တယ် ဒါအကောင်းပဲ။ အလ္လာဟ်အလိုမတူရင် ဘာမှမဖြစ်ဘူး။ သစ်ရွက်တရွက်တောင်မလှုပ်ဘူး"ဟု တွတ်တွတ်တွတ်တွတ်နှင့်ပြောပါသည်။

ခနနေတော့ အိမ်ထဲပြန်ဝင်လာပြီး "အမာ ခန လှဲဦးမယ်" ပြောပြီး ဆိုဖါခုံရှည်ပေါ် စောင်လေးခြေထောက်အုပ် ရင်ဘတ်အုပ်ရင်း မှေးနေရာက " ခြေထောက်က ခြေအိပ်စွပ်ထားတာတောင် အေးနေတယ်။ အဲ့ဒါမကောင်းဘူး၊ နွေးနေအေင်ထားမှ ကေင်းတာ"ဟုပြောကာ ပြန်မှိန်းနေပါသည်။
တနာရီသာသာလောက်မှေးပြီးနောက် ထလာပါသည်။ ညနေစာအတွက် မုန်လာရွက်ချဉ်ရည်ဟင်းချက်ရန် မုန်လာရွက်တွေကို သင်ပါသည်။ ကား garage ထဲကမီးဖိုပေါ် ဒယ်အိုးတင် ဆီထည့် သင်းသင်းအေး စက်နှင့်ကြိတ်ပေးသွားသည့် ကြက်သွန်ဖြူနီ ငရုပ်သီးအထောင်းကိုထည့်ကာ ဆီသတ်ပြီး ချက်ပါတော့သည်။ ကျက်တော့ ဖိုပေါ်ကချပြီး "အမာ ရေမိုးချိုးလိုက်ဦးမယ်။ မင်းလည်း ခေါင်းကနေလောင်းပြီး အေးနေအောင်ချိုးချ၊ ဒါမှအပူစင်ပြီး လူကျန်းမာမှာ"ဟု ပြောလည်းပြော အိမ်ပေါ်ထပ်ကို လှုပ်လှုပ်လှုပ်လှုပ်နှင့် တက်သွားပါသည်။ ကျနော်က "အမာလှေခါးအတက်အ ဆင်း သတိထားနော်ဆိုတော့ "အေး အမာ အမြဲသတိတားတယ်။ ထမိန်ကိုလည်း တိုတိုဝတ်တယ်"ဟု ပြန်ပြောပါသည်။

သည်လိုနှင့် သင်းသင်းအေး ပြန်ရောက်လာပါသည် မရင်နှစ်က မာမီဟုခေါ်ရင်း ဖတ်လက်စ စာအုပ်ကိုချကာ သူ့အမေဆီ အပြေးသွားပြီးဖက်ပါသည်။ ဒီကလေး စာအလွန်ဖတ်ပါသည်၊ အရွယ်နှင့်မလိုက်အောင်ကို ဖတ်ပါသည်။ သူ့အဖေကလည်း အချိန်ရတိုင်း စာကြည့်တိုက် ခေါ်ခေါ်သွားပါသည်။ ဖအေ (ရဲမော်ကထူး)က ဗီဒီယိုကားတွေငှား သမီးက စာအုပ်တွေငှားကာ တပွေ့ တပိုက်နှင့်ပြန်လာတတ်ပါသည်။ သင်းသင်းက "အမာရော"ဟုမေးသဖြင့် "အပေါ်မှာရေချိုးနေတယ်" ဟု ပြန်ဖြေရင်း "နင့်အပွိုင်မင်န်အဆင်ပြေရဲ့လားဟုမေးတော့ ပြေတာရော မပြေတာရောပြောပြပါသည်။ သူလည်း အပေါ်တက်အဝတ်အစားလဲပြီးပြန်ဆင်းချလာပါသည်။ "ဆာလိုက်တာ"ပြောရင်း ထမင်းခူးကာ နယ်ဖတ်စားပါသည်။

ထိုအချိန်တွင် အမေပြန်ဆင်းလာပါသည်။ ခေါင်းလျှော်ခဲ့ပုံပေါ်ပါသည်။ အရေတွန့်စပြု အရေးအကြောင်းတွေ ထင်စပြုလာသည့် မျက်နှာပြင်ပေါ်ဝယ် သနပ်ခါးစလေးတွေ မြင်ရပါသည်။ သနပ်ခါး ပါးပါးလူးလာသည်ထင်ပါသည်။ "သင်းသင်းရေ အမာ မုန်လာရွက်ချဉ်ရည်ချက်ထားတယ်။ ကျန်တာတော့ နင့်သဘောရှိသာချက်တော့၊ ရင်နှစ် အာရဗီစာဖတ်ချိန်ရောက်တော့မယ်"ဟု ပြောရင်း "ကဲ..မရင်နှစ် ရေမိုးချိုး၊ ဝဇူလုပ် ခနနေရင် အာရဗီစာဖတ်ချိန်ရောက်တော့မယ်၊ ထ အပေါ်တက်ရေချိုးတော့" ဟုပြောက ဆိုဖာတွင်ထိုင်ကာ ဆံပင်တွေသွေ့သွားအောင် သဘက်နှင့်သုတ်ပါသည်။ သွေ့သွားတော့ ဘရှပ်နှင့်ခေါင်းဖီးပါသည်။

တအောင့်လောက်ကြာတော့ မရင်နှစ် အပေါ်ထပ်မှ "နာနီပြီးပြီ"ဟု လှမ်းအော်ပါသည်။ "အေးအေး နာနီလာပြီ"ဟုပြောလည်းပြော အိမ်ပေါ်လည်းတက်သွားပါသည်။ မရင်နှစ်နာ အာရဗီစာဖတ်ချိန်မှာ တနာရီခွဲလောက်ကြာမည်ထင်ပါသည်သူ။ ပြီးတော့ မြေးအဖွားနှစ်ယောက် အောက်ဆင်းလာပြီး ညစာစားဖို့ လုပ်ပါသည်။ သင်းသင်းအေးလည်း ဟင်းတွေအကုန်ကျက်ပါပြီ။ အမေ ထမင်းစားပြီးနောက် ခြံပြင်ထွက်ပြီး သူ့အပင်လေးတွေကြည့်လိုက် လမ်းလျှောက်လုပ်ပါသည်။

သည်လိုနှင့် ၆ နာရီထိုးပါသည်။ "အမာ မဂရစ်နမားဇ်ဖတ်တော့မယ်"ဟုဆိုကာ ညဆေးသောက်ပါသည်။ "ဝမ်းပျော့ဆေးရော အမာ"ဟု ကျနော်မေးတော့ သူက "ညအိပ်ယာဝင်ကာနီးမှ သောက်ရတာ"ဟုပြောရင်း ဆေးလုံးလေးတွေကို ရေနှင့်မျှောချပြီး တလှုပ်လှုပ်နှင့်အပေါ်ထပ်တက်သွားပါသည်။
ဤသို့ဖြင့် အမေ့အတွက် တနေ့တာပြီးသွားပါသည်။
အမေကားအိုပြီ။ ရုပ်လည်းကျပြီ။ သို့သော် လှမြဲလှနေဆဲပင်။
မျိုးမြင့်ချို
ဇူလိုင် ၂၂၊ ၂၀၁၈

“လယ်သမားဈေး ဈေးပတ်ခြင်း” မျိုးမြင့်ချို

0 comments
“လယ်သမားဈေး ဈေးပတ်ခြင်း”
ပြီးခဲ့တဲ့ စနေနေ့က လေဟာပြင်လယ်သမားဈေး (Farmer Markets) သွားတယ်။ မရင်နှစ်လည်း ခေါ်သွားတယ်။ အိမ်က မထွက်ခင်တုန်းကတော့ ဟိုရောက်ရင် ဒိုးနတ်Donut စားမယ်တဲ့။ ဂျု့စ် Juice တခုခု သောက်မယ်တဲ့။ ဟိုရောက်လို့ ဈေးပတ်တော့ ပီဇာ Pizza ကို ကားနောက်တွဲပေါ်မှာ အင်္ဂတွေနဲ့ ဖိုလုပ်တင်ထားပြီး ထင်းမီးနဲ့ဖုတ်တဲ့ ပီဇာဆိုင်နားလည်းရောက်ရော "ဘဘ..ပီဇာစားမယ်"ဆိုပြီး ဖြစ်ပါလေရော။ ဒါနဲ့ "ဒိုးနတ်ရော စားဦးမလား" ဆိုတော့ "မစားတော့ဘူး ပီဇာဘဲ" တဲ့။ ဇနီးက သူလည်း"ပီဇာစားမယ်" ဖြစ်တယ်။ "အေးလေ ဒါဆိုလည်း ပီဇာ စားကြပေါ။ ငါကတော့ ဘလက်ကော်ဖီ Black Coffee တခွက်သောက်မယ်"ပြောပြီး ပီဇာတဲလေးရှေ့ရောက်လာကြတယ်။

ဟင်းလင်းပြင်ထဲက လယ်သမားဈေးတွေက နွေဦးပေါက်ရာသီကစလို့ ဆောင်းမဝင့်တဝင်အချိန်ထိပဲ ဖွင့်ပြီး ကျန်တဲ့ ဆောင်းဦးပေါက်နဲ့ ဆောင်းတွင်းတတွင်းလုံးကို အပူပေးထားတဲ့ မိုးလုံလေလုံ အဆောက်အဦးတွေမှာ ဆက်ဖွင့်ကြပြန်တယ်။ ဒီ လယ်သမားကြီးတွေဘဲ ဒီအိမ်ရှင်မတွေဘဲ ဈေးလှည့်ရောင်းကြတာပါ။ လေဟာပြင် လယ်သမားဈေးမှာက တဲလေးတွေ Booths ထိုးပြီး ရောင်းကြ တာလေ။ တချို့လည်း နောက်ပွင့် ထရပ်ကားအလတ်စားတွေနဲ့ ကားပေါ်ကနေ ရောင်းတာ။ တပတ်တကြိမ် စနေနေ့တိုင်း မနက် ၈ နာရီလောက်နေ နာရီပြန်တချက်တီးအထိဘဲ။ လူတွေကြက်ပျံမကျမဟုတ်ပေမယ့် စည်တော့စည်ကားလှပါတယ်။

ဈေးမှာ သူတို့ တပိုင်တနိုင်စိုက်ထား ပျိုးထားတာလေးတွေ၊ လုပ်ထားတာလေးတွေ၊ တောကြက်ဥ လေးတွေ၊ ကြက်သားဝက်သားတွေ၊ ပျည်းရည်စစ်စစ်တွေ၊ ပျားသလက်ကြီးတွေ၊ ဟင်းသီးဟင်းရွက် အစုံတွေ၊ ခေါက်မုန့်လိုဟာမျိုး မျက်စေ့ရှေ့တင် လုပ်ရောင်းတာမျိုးတွေ၊ ဝက်ပေါင်ခြောက်တွေ၊ ဘေကင်န်တွေ၊ အိမ်မှာချက်တဲ့ ပန်းနံ့စုံဆပ်ပြာတုံးတွေ၊ လိုးရှင်းတွေ၊ ဖန်စီဆန်တဲ့ လက်နဲ့လုပ်တဲ့ လက်ဝတ်လက်စားလေးတွေ အို…အစုံပါဘဲ။ ပြောရရင် ဆုံးမယ်မထင်မဘူး။ အမယ်စုံ အိမ်တွင်းဖြစ် ခြံတွင်းဖြစ်ပစ္စည်းတွေချည်းပါဘဲ။ မနက်ရောင်းမယ့်ပြောင်းဖူး မနေ့ညနေကမှအပင်ကချိုးတာလာ။ အလားတူဘဲ ကျန်တဲ့အသီးအနှံ အရွက်တွေဆိုလည်း လတ်ဆတ်လိုက်တာမှ လွန်ပါရော။

Sweet Water ကုပ္ဗဏီက တကိုယ်တော် တခါတလေလည်း Band နဲ့ တူရိယာတွေတီး သီချင်းတွေဆိုကြနဲ့။ ရှေ့မှာလည်း ဂစ်တာထည့်တဲ့ ဂစ်တာအိပ်အမာစားကို ဖွင့်ချထားတယ်။ နားထောင်သူတွေကလည်း သံပန်းထိုင်ခုံလေးတွေမှာ ကော်ဖီခွက်လေးတွေ ကိုယ်စီကိုင် ထိုင်လို့။ ဈေးသွားဈေးလာတွေကလည်း အဲ့ဒီ ဂစ်တာအိပ်ကြီးထဲ ငွေစက္ကူတွေ ထည့်ထည့်သွားလို့၊ ထည့်တာမှ တရိုတသေထည့်ကြတာပါ။ သူတေင်းစား ခွက်ထဲ ဆယ်ပြားစေ့ ချွင်ကနဲပစ်ထည့်တာနဲ့တခြားစီပါ။ ပြောင်းပြန်ပါ။

ကျနော်တို့မောင်နှံကတော့ ရာသီမရွေး ဈေးပတ်တိုင်းနီးနီး ရောက်ကြပါတယ်။ အိမ်မှာက ရေချိုးရင် လယ်သမားတွေချက်တဲ့ လာဗင်ဒါအနံ့သင်းထားတဲ့ဆပ်ပြာအတုံးကိုပဲ သုံးကြတာပါ။
ပီဇာတဲလေးကလည်း နံမည်ရဆိုင်တွေကလို ပီဇာတွေကို ကြိုဖုတ်မထားဘူး။ ဝယ်သူမှာမှ ချက်ခြင်း ထလုပ် ထဖုတ်ပေးတာ။ ကျနော်က ပိုက်ဆံထုတ်ရင်း"သမီးစားချင်တာမှာလေ" ဆိုတော့ ချီးစ် Cheese ပီဇာ တစိတ်တဲ့။ ဆိုင်ရှင်က "အစိတ် စိတ်မရောင်းဘူး။ တခုလုံးဘဲ ရောင်းတာ"လို့ပြန်ပြောတော့ ကျနော့်မျက်နှာကို ဘယ်လိုလဲဆိုတဲ့မျက်နှာပေးနဲ့ တချက်မော့ကြည့်တယ်။ "ဒါဆိုလည်း တခုလုံး ယူလိုက်ပေါ့။ ဒီမှာနဲ့လမ်းမှာ စားလို့မကုန်ရင် အိမ်ကြစားပေါ့”လို့ပြောပြီး တခုမှာလိုက်တယ်။ အဝိုင်းကသိတ်မကြီးဘူး၊ crust ကလည်း ခပ်ပါးပါးလေး၊ ချီးစ်နိုင်နိုင်ထည့်ပြီး ချက်ဖြင်း ထဖုတ်တယ်။ အနံ့ကသင်းနေတာပဲ။ ကျက်ပြီဆိုတော့မှ ဖော့ပန်းကန်ပြားပေါ် Paper Towel လေးခင်းပြီး ၆ စိတ် စိတ်ထားတဲ့ပီဇာတင်ပြီး လာပေးတယ်။ ကျနော်က “ဘောက်စ်နဲ့ထည့်ပေးပါ”ဆိုတော့ “ဘောက်စ်က တဒေါ်လာ”တဲ့။ ဒါနဲ့ ဆယ်ဒေါ်ပေးလိုက်တယ်။

သူနဲ့ မျက်စောင်းထိုးက ကော်ဖီစေ့ကို အခုလှော် အခုထောင်း အခု ဖျော်ပြီးရောင်းတဲ့ဆိုင်ကနေ ဘလက်ကော်ဖီတခွက် မှာတယ်။ မရင်နှစ်က ပီဇာဗူးကြီးပိုက်လို့။ ဇနီးသည် သူဝယ်ထားတဲ့ အသီးအရွက်တွေ ဆပ်ပြာတုံးတွေနဲ့ တခြားတိုလီမုတ်စတွေထည့်ထားတဲ့ အိပ်ကြီးကိုတဘက်ကဆွဲ ကျနော့်ကော်ဖီခွက်ကို တဘက်ကိုင်လို့ ဈေးပတ်ကြတယ်။ ကျနော်က ဂျိုင်းထောက် ၂ ဘက်နဲ့ ဆိုတော့ ဘာမှကိုင်မရ ပြုမရဘူးလေ။ လက်ကလည်း တဘက်ပဲရှိတာ မဟုတ်လား။ ဈေးပတ်လို့ ဝတော့ တကိုယ်တော်ဂစ်တာသမား ရှေ့တည့်တည့်ကသံပန်းခုံလေးမှာ သွားထိုင် သီချင်းနားထောင် ပီဇာစား ကော်ဖီလေးသောက်ရင်းပေါ့။ ဈေသွားဈေးပြန်တွေလည်း ငေးရင်းပေါ့။

ပီဇာ နှစ်စိတ်လောက်စားလည်းပြီးရော မရင်နှစ်က “ဘဘ ရေဆာတယ်”လုပ်ရော။ “သွား ဟိုးမှာတွေ့လား ရေခဲပုံးတွေချပြီး ရေပုလင်းတွေ ဝေနေတာ၊ အဲ့ဒါ Free ဘဲ။ အလကားပေးတာ။ သွားယူချေ” ဆိုတော့ ထသွားပြီး ရေ ၂ ဗူးယူလာတယ်။ “တဗူးဆို ရရက်သားနဲ့ ဘာလို့ နှစ်ဗူးယူလာသလဲ”ဆိုတော့ “ဘဘနဲ့ကယ်ရင် သောက်ဖို”လို့ပြောတယ်။ ကယ်ရင်လည်း ပီဇာစားထားတာမို့ အာခြောက်ဟန် တူပါတယ်။ “Thank you, Yin Hnit” ပြောပြီး တဂွပ်ဂွပ် သောက်တော့တာဘဲ။

ပြန်အထွက်မှာ ကုန်စိမ်းဆိုင်လေးတဆိုင်က ပြုတ်စားဖုတ်စားတဲ့ပြောင်းဖူး Sweet Corn တခါဇင် ဝယ်တယ်။ လေးဒေါ်ခွဲပဲပေးရတယ်။ တချို့ဆိုင်တွေမှာ ၆ ဒေါ် ၇ ဒေါ်လာ တင်ရောင်းကြတယ်။ ဒီဆိုင်လေးက ဈေးချိုတယ်။ အသက် ၇၅ ရွယ်လောက် ဘိုးအိုဘွားအိုမောင်နှံရောင်းတဲ့ဆိုင်လေးဘဲ။
နောက်တော့ ကျနော်တို့ ပြန်ခဲ့ကြတယ်။ ဈေးတပတ်တော့ပြီးပြီပေါ။ မရင်နှစ်ကလည်း ပီဇာတစိတ် ထုတ်ပြီး ဝါးလို့။ စကားတွေလည်း ဖေါင်လောက်အောင်ပြောလို့။ ကယ်ရင်က ကားမောင်းရင် သူနဲ့ အတိုင်အဖေါက်ညီညီ။ ကျနော်ကတော့ နောက်ခန်းမှာထိုင်ရင်း ထောက်ကြန့်ကဈေးလေးကို လွမ်းလို့။
မျိုးမြင့်ချို
ဇူလိုင် ၂၅၊ ၂၀၁၈

ဗကပနဲ့ ကျောင်းသားသမဂ္ဂ(ရဲဘော်ကျင်မောင်)

0 comments
ဗကပနဲ့ ကျောင်းသားသမဂ္ဂ
ဗကပ၏ဇာတိဇစ်မြစ်
တကသ၊ ဗကသနဲ့ တို့ဗမာအစည်းအရုံး(သခင်ပါတီ)တို့အထဲမှာ ဗကပ သန္ဓေတည်ပြီး ၁၉၃၉ မှာမွေးဖွားလာတာ ဖြစ်ပါတယ်။

ဗမာပြည်က ခေတ်ပညာတတ်တွေဟာ ၁၉၁၇ ရုရှားတော်လှန်ရေးအမြောက်သံကို ၁၉၂၀ မတိုင်မီကတည်းက ကြားပါတယ်။ ၁၉၂၀ လွန်တော့ ဗမာပြည်မှာ အိန္ဒိယကွန်ကွန်မြူနစ်ပါတီနဲ့ တရုတ်ကွန်မြူနစ်ပါတီတို့ရဲ့ လှုပ်ရှားမှုများကတဆင့်လည်း အောက်တိုဘာတော်လှန်ရေး၊ ဗော်လ်ရှီဗစ်ပါတီ ကွန်မြူနစ်ပါတီသဘောတရားများကို လေ့လာမှတ်သားရပါတယ်။ ဘိလပ်ပြန်များကယူလာတဲ့ မာ့က်စ် လီနင် စတာလင်တို့ရဲ့ ကွန်မြူနစ်သဘောတရားစာအုပ်များကိုလည်း လေ့လာရပါတယ်။ ဒီလိုနဲ့ (တကသ၊ ဗကသ) ကျောင်းသားတွေ၊ သခင်ပါတီထဲက သခင်ပါတီဝင် တွေဟာ မာ့က်ဝါဒလေ့လာရေးအစုအဖွဲ့များ ဖွဲပြီး မာ့က်ဝါဒလေ့လာကြပါတယ်။ စာအုပ်စာတမ်းရေးပြီး ထုတ်ဝေကြတယ်။

၁၉၃၆၊ ၁၉၃၈ ကျောင်းသားသပိတ်များနဲ့ ၁၃၀၀ပြည့် အရေးတော်ပုံကြီး ပြီးတဲ့နောက်မှာတော့ ဗမာပြည် ကွန်မြူနစ်ပါတီဖွဲ့စည်းဖို့ အခြေအနေပေးလာတယ်။ ဖွဲ့စည်းတော့ သဘာဝကျစွာပဲ လေ့လာရေးအုပ်စု ခေါင်းဆောင်တွေဟာ ဗကပရဲ့ခေါင်းဆောင်တွေ ဖြစ်လာကြတယ်။ အစုဝင်တွေက ပါတီဝင်တွေ ဖြစ်လာကြတယ်။

လွတ်လပ်ရေးတိုက်ပွဲဝင်ကာလက တိုးတက်တဲ့ နိုင်ငံရေးကျောင်းသားများဟာ တို့ဗမာအစည်းအရုံး (သခင်ပါတီ) ဝင်စမြဲပဲ။ ဒါကြောင့်ပဲ ဗကပရဲ့ခေါင်းဆောင်ရော၊ ပါတီဝင်တွေပါ သခင်ဘွဲ့ခံသူချည်း ဖြစ်လာရတာပဲ။

ကြုံကြိုက်လို့ အဖြစ်အပျက်ကလေးတခုကို ပြောချင်ပါတယ်။ KIO နဲ့ ဗကပ မဟာမိတ်ဖွဲ့တုန်းက ဖြစ်တာပါ။ ဗကပ က KIO ကို လက်နက်တွေကူညီခဲ့တယ်။ လက်နက်မပေးခင် KIA တပ်ဖွဲ့ဝင်တွေကို ပြည်သူ့ ဒီမိုကရေစီလုပ်ငန်းစဉ်သဘောတရား သင်တန်းပေးတယ်။ သင်တန်းဆရာက “ဗကပသမိုင်း” ပြောတော့ ပါတီခေါင်းဆောင်တွေအားလုံးက သခင်ဘွဲ့ခံသူတွချည်း ဖြစ်နေတယ်။ နားကလောလာလို့ထင်ပါရဲ့။ KIA ဗိုလ်တယောက်က ထပြီးကောတယ်။ “သခင်ယေရှုတယောက်ပဲ ကြားဖူးတယ်။ ခုတော့ ဗကပမှာ သခင်တွေများလှချည်လှပါလား” လို့ပြောဖူးတယ်။

၁၉၄၅ အလွန် ဗကပရဲ့ရေသောက်မြစ်
ရေသောက်မြစ်က “ဗကသ”””အလုပ်သမားသမဂ္ဂ””တောင်သူလယ်သမားသမဂ္ဂ” စတာတွေဖြစ်တယ်။ သခင်ပါတီ တဇာတ်သိမ်းသွားပြီ။ ဖောက်ပြန်သွားပြီ။ အဲ့ဒီတုန်းက ဗကပလည်း ဥပဒေတွင်း O/G ပါတီဖြစ်သလို ဗကသ၊ အလုပ်သမား လယ်သမားသမဂ္ဂတွေလည်း တရားဝင်တွေချည်းဖြစ်တယ်။ ဒါ့ကြောင့် ဘာမှ လျှို့လျှို့ဝှက်ဝှက် လုပ်နေစရာမလိုဘူး။ ဗကပရဲ့ ကွန်ဖရင့်တွေ၊ အစည်းအဝေးတွေမှာ ဗကသကျောင်းသားတွေ တက်မြဲဖြစ်တယ်။ ဒါ့ကြောင့်လည်း ဘယ်ကျောင်းသားက ကွန်မြူနစ်ပဲဆိုတာကို အားလုံးကသိကြတာပဲ။ ဗကပရဲ့ တင်းကျပ်တဲ့စည်းမျဉ်းကို မလိုက်နာနိုင်တော့လို့ ကိုသန်းထွန်း (ဒေါက်တာ သန်းထွန်း) က ပါတီကထွက်ပြီး ကျောင်းဆရာလုပ်တယ်။ ပညာတော်သင်သွားဖို့လျှောက်တော့ ပညာသင်ရွေးချယ်ရေးအဖွဲ့က လူခေါ်တွေ့တယ်။ အဖွဲ့ဥက္ကဌဦးကျော်ငြိမ်းက သူ့ကို ကွန်မြူနစ်ယူဂျီ လုပ်နေတယ်လို့ သံသယဖြစ်ပြီး မေးမြန်းစစ်ကြောခဲ့တာပဲ။ မေးပုံဖြေပုံကို “ငါပြောချင်သမျှ ငါ့အကြေင်း” မှာ ဖတ်ရတယ်။

၁၉၄၈ အလွန်ကာလ
ဗကပ ပါတီက တောထဲရောက်သွားပြီ။ ဗကသ က တရားဝင်အဖွဲ့အစည်းပဲ။ အာဏာပိုင်တွေက “ဗကသ” ကို မယုံဘူး။ ဦးနုကစပြီး ဦးကျော်ငြိမ်း ဗိုလ်ခင်မောင်လေးတို့ကလည်း ရန်ဘက်လို့ပဲသဘောထားတယ်။ သူတို့က တချိန်က ဗကသခေါင်းဆောင်တွေချည်းပဲ။ ဒါပေမဲ့ ဗကသကို ရန်ဘက်လို့ပဲ သဘောထားတယ်။ ဗကသကို ဗကပ ယူဂျီလို့ပဲ သံသယရှိကြတယ်။
ဦးနုက ပါးစပ်နဲ့ပဲခြိမ်းခြောက်တယ်။ ဦးကျော်ငြိမ်းက သေနတ်နဲ့ ခြိမ်းခြောက်တယ်။ ဗိုလ်ခင်မောင်လေးကတော့ သူကိုယ်တိုင်သေနတ်ဖောက်ပြီး ခြိမ်းခြောက်တယ်။ ဒါက “ဗကသ” ခေါင်းဆောင်ဟောင်းတွေရဲ့ ရန်လုပ်ပုံဖြစ်တယ်။ စစ်အာဏာသိမ်းအစိုးရလက်ထက်မှာလည်း ဗကသကို ဗကပယူဂျီလို့ပဲ သံသယရှိတယ်။သူတို့က “ဗကသ”မှာ တခါမှမလုပ်ဖူးဘူး။ သံယောဇဉ်မရှိဘူး။ ဒါ့ကြောင့် သေနတ်နဲ့ခြိမ်းခြောက်ရုံတင်မကဘူး။ သေနတ်နဲ့ ပစ်တယ်။ ပစ်တာကလည်း သေအောင် ချိန်ပစ်တာ။ အစုလိုက်အပြုံလိုက်သေအောင် ပစ်တာပဲ။
ဒီလိုနဲ့ ဗကပလည်း မြေလျှိုးရပြီ။ မြေလျှိုးရတာ နှစ် ၅၀ နီးနေပြီ။ ရှေ့မှာလည်း မြေလျှိုးနေရမှာပဲ

ရှေ့တခေါ်မျှော်ကြည့်
ဗကပနဲ့ ဗကသ ရပ်တည်ချက်တူနေလို့ အမြင်တူ၊ အတွေးတူ၊ အလုပ်တူခဲ့ကြတယ်။ ရှေ့တခေါ်မျှော်ကြည့်တော့ “၂၀၀၈ အခြေခံဥပဒေ” နဲ့ “၂၀၁၀ ရွေးကောက်ပွဲ” ကိစ္စဟာ ဘီလူးစည်း လူ့စည်းခွဲမယ့် စည်းကြောင်းဖြစ်မယ်။ ပြီးရင် အကြီးအကျယ် ပြန်လည်စုစည်းမှုကြီးဖြစ်မယ်လို့ ဗကပ က မြော်မြင်ပါတယ်။ ဘယ်သူတွေ ဘယ်လိုလုပ်ကြမယ်တော့ မပြောတတ်ပါ။ သတင်းတွေတော့ အများကြီး ကြားပါတယ်။ “ရွေးကောက်ပွဲ ဥပဒေ” ထွက်လာရင် ရှင်းလာပါလိမ့်မယ်။ ဒီတခါမှာလည်း ဗကပနဲ့ဗကသ အမြင်တူ၊ အတွေးတူ၊ အလုပ်တူကြလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ချီတက်ရမယ့်ခရီး ဝေးပါတယ်။ အခက်အခဲတွေ တင်းကျမ်းဖြစ်နေပါတယ်။ ဘာပဲဖြစ်ဖြစ် မိမိတို့ သံန္နိဌာန်ခိုင်မာစွာနဲ့ချီတက်ရင် ကျော်နင်းနိုင်မယ်လို့ ယုံကြည်ပါတယ်။ ဒါဟာ ဗကပရဲ့ နှစ် ၇၀ ပြည့် သဝဏ်လွှာဖြစ်ပါတယ်။ ဗကသ က ၇၃ နှစ်ပါ။ မကြာမီ ၇၅ နှစ်ပြည့်ပါမယ်။ ပိုမိုကောင်းမွန်တဲ့ တောက်ပတဲ့အနာဂတ်ကို ချီတက်ကြပါစို့။
ရဲဘော်ကျင်မောင်
၂၀၀၉ သြဂုတ်
ဒီဆောင်းပါးဟာ၂၀၀၉ ကနေ ၂၀၁၃ အတွင်းထုတ်ဝေခဲ့တဲ့ ပြည်သူ့အာဏာဂျာနယ်များထဲမှာ ရဲဘော်ကျင်မောင်ရေးခဲ့တဲ့ ဆောင်းပါးများအနက်က တပုဒ်ဖြစ်ပါတယ်။ ကျနော် စာအုပ်ဖတ်ပြီး ကျန်သူတွေလည်း သိသင့်တယ်ထင်လို့ စာရိုက်ပြီး ပြန်တင်တာဖြစ်ပါတယ်။

ရန်သူကို မိတ်ဆွေဖြစ်အောင်လုပ်ရေးနဲ့ ပတ်သက်တဲ့အတွေးအခေါ် (ဆွေးနွေးချက်)ရဲဘော်ကျင်မောင်

0 comments
ရန်သူကို မိတ်ဆွေဖြစ်အောင်လုပ်ရေးနဲ့ ပတ်သက်တဲ့အတွေးအခေါ်(ဆွေးနွေးချက်)
(၁)ရန်သူကို မိတ်ဆွေဖြစ်အောင်လုပ်တဲ့အတွေ့အကြုံတွေ မိမိတို့မှာလည်းရှိပါတယ်။ ပြည်ပအတွေ့အကြုံတွေလည်း လေ့လာဖူးပါတယ်။ တွေ့ရှိရတာက ပိုပြီးကြီးကျယ်တဲ့ခြိမ်းချောက်မှုကြီ၊ အန္တရာယ်ကြီးကို နှစ်ဘက်စလုံးကမြင်ကြမှ၊ အသိအမှတ်ပြုကြမှ မိတ်ဆွေဖြစ်အောင် လုပ်ရေးအောင်မြင်တာပဲ။

၁၉၃၈-၁၉၃၉ က မိမိတို့နဲ့ အင်္ဂလိပ်ဟာ ရန်ဘက်ပဲ။ ဒါပေမဲ့ ဖက်ဆစ်ဝါဒရဲ့ခြိမ်းချောက်မှုကြီး အန္တရာယ်ကြီးပေါ်လာတော့ မိတ်ဆွေဖြစ်ရေးကို စတင်ပြီးကြိုးစားခဲ့တာပဲ။အင်္ဂလိပ်ဘက်က အင်တင်တင်လုပ်ခဲ့ပေမယ့် နောက်ဆုံးကြတော့ မိတ်ဆွေဖြစ်သွားကြတာပဲ။ ဒါဟာ ကိုယ်ပိုင် အတွေ့အကြုံဖြစ်တယ်။

ပြည်ပအတွေ့အကြုံလေ့လာတော့လည်း ဒီလိုပဲ တွေ့ရတာပါပဲ။ ရုရှားနဲ့အဂ်လိပ် ရန်ဘက်ဖြစ်နေတာကနေ ဟစ်တလာနာဇီတို့ရဲ့ ခြိမ်းချောက် မှုကြီး၊ စစ်အန္တရာယ်ကြီးကျရောက်လာတော့ မိတ်ဆွေဖြစ်သွားကြတယ်။ အိမ်နီးချင်းတရုတ်ပြည်ကို လေ့လာတော့လည်း ဒီလိုပဲတွေ့ရတယ်။ အခုဆိုရင် တရုတ်ပြည်ကွန်မြူနစ်ပါတီ (CPC) နဲ့ ကူမင်တန် (KMT) တကျော့ပြန်ပြီး မိတ်ဖက်ဖြစ်နေကြပြန်ပြီ။ ဘာ့ကြောင့်လဲ။ ပိုကြီးတဲ့ ခြိမ်းခြောက်မှုကြီးကို နှစ်ဘက်စလုံးက မြင်ကြလို့ပဲ။ နှစ်ဖက်စလုံးက မြင်ကြမှ၊ အသိအမှတ်ပြုကြမှလည်း အောင်မြင်တာပဲ။ တဘက်တည်းမြင်နေလို့တော့ ဘာမှဖြစ်မလာနိုင်ဘူး။

(၂) လက်တွေ့ကျကျ စဉ်းစားရမယ်။ နဝတ/နအဖ က NLD ကို “ဘုံရန်သူ” လို့ သတ်မှတ်ထားတယ်။ ထွက်သမျှစာနယ်ဇင်းတွေမှာ ရှေ့ဆုံးကနေပြီး ဖော်ပြခိုင်းထားတယ်။ ချေမှုန်းကြရမယ်လို့လည်း ဆိုတယ်။ ဒီလိုသဘောထားရှိသူကို မိတ်ဆွေဖြစ်အောင် ဘယ်လိုမှ မလုပ်နိုင်ပါဘူး။ ဒါ့ကြောင့် စေ့စပ်ဆွေးနွေးပြီး ရင်ကြားစေ့ရအောင်လို့ NLD က အာပေါက်မတတ်ပြောနေတာပဲ။ SPDC ဗိုလ်သန်းရွှေတို့ကတော့ အဲ့ဒီလိုမမြင်ဘူး။ “၂၀၀၈ အခြေခံဥပဒေ”ရဲ့အာဏာ သက်ရောက်လာရင် “ခေတ်မီဖွံ့ဖြိုးတဲ့နိုင်ငံတော်သစ်” ဖြစ်လာမယ်လို့ မြင်နေတယ်။ “ပြည်တွင်းပြည်ပ အဖျက်သမားတွေကို ဘုံရန်သူအဖြစ်” ချေမှုန်းပစ်ရမယ်လို့ ဆော်သြနေတယ်။ လက်တွေ့လည်း လုပ်နေတယ်။ အခုဆိုရင် အင်းစိန်ထောင်ထဲမှာ NLD ချေမှုန်းရေး လုပ်နေတယ်။ မိတ်ဆွေဖြစ်လာဖို့နေနေသာသာ ရန်ပွဲက ပိုပြီးကြီးလာမယ့် အနေအထားရှိနေတယ်။

(၃) သူ့ဘက်ကမမြင်ရင်လည်း မြင်တဲ့ဘက်ကလျှော့ပေးလိုက်လို့ပြောရင်တော့ အဲ့ဒါဟာ မူမဲ့တဲ့ကျေအေးရေးပဲ။ သစ္စာဖောက်မှုပဲ ဖြစ်လိမ့်မယ်။ မူပေါ်မှာ ကြံ့ကြံ့ခိုင်ခိုင်၊ နည်းနာမှာ ပျော့ပျောင်းဖို့ပဲ လိုတယ်။ မူမဲ့တဲ့ကျေအေးရေးလုပ်ရင် ပြည်သူကလက်မခံဘူး။ ဒဏ်ခတ် လိမ့်မယ်။ ဦးနု ပထစ အကျနာတာကို သင်္ခန်းစာယူရမယ်။ ဦးနုလည်း ရန်သူကိုမိတ်ဆွေဖွဲ့ခဲ့တာပဲ မဟုတ်ဘူးလား။ ဒီ့အရင်ကလည်း “စော စိန် မော်” အကျနာခဲ့တယ်မဟုတ်လား။

(၄) ရန်သူက မိတ်ဆွေဖြစ်ဖို့ဆိုရင် ပြည်တွင်းပြည်ပအဖျက်သမားအား ဘုံရန်သူအဖြစ်ချေမှုန်းကြဆိုတဲ့ သဘောထားကို ဖြုတ်ပေးတာက အစချီပါ။ ဒုတိယက နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးပါ။ တတိယခြေလှမ်းက စေ့စပ်ဆွေနွေးပါ။ အဲဒီခြေလှမ်း သုံးလမ်း SPDC က လှမ်းရင် မိတ်ဆွေဖြစ်ဖို့ နီးစပ်ပါပြီ။ နအဖက ဒီခြေလှမ်း လှမ်းမယ့်အရိပ်အယောင်မတွေ့ပါဘူး။ ဒီခြေလှမ်း သုံးလမ်းလှမ်းရင် ဘယ်သူနဲ့မဆို မိတ်ဆွေဖြစ်မှာပဲ။

(၅) “လက်တွေ့နိုင်ငံရေး” ထောင့်က ချဉ်းကပ်ပြီးတဲ့နောက်မှာ အတွေးအခေါ်(အဘိဓမ္မာ) ထောင့်က ချဉ်းကပ်ကြည့်ကြပါဦးစို့။ ကွန်မြူနစ်တွေယုံကြည်တာက ဆန့်ကျင်ဘက်ချင်းပေါင်းစည်းရေး(ညီညွတ်မှု) ဟာ အခြေအနေတခုသာ ဖြစ်ပါတယ်။ ယာယီသာ ဖြစ်ပါတယ်။ နှိုင်းယှဉ်ချက်အရသာ ဖြစ်ပါတယ်။ ဆန့်ကျင်ဘက်ချင်း တိုက်ခိုက်မှုကတော့ အကြွင်းမဲ့ဖြစ်တယ်လို့ ယုံကြည်ပါတယ်။

ညီညွတ်မယ်ဆိုရင် ဘာအတွက် ညီညွတ်မှာလဲ။ ရန်ဖြစ်ရမှာ ကြောက်သွားလို့လား၊ ပျင်းသွားလို့လား၊ ကိုယ့်ဘက်ကရှုံးမှာပဲ ထင်လို့လား၊ အဲဒီလို ညီညွတ်ရေးမျိုးဆိုရင် ကြာရှည်မခံပါဘူး။ ကျနော်တို့ရဲ့ ဦးသိန်းဖေ(မြင့်)ဟာ ‘ရှက်ကိုး ရှက်ကန်းမာ့က်စ်ဝါဒီ” မာ့က်စ်ဝါဒီအဖြစ်နဲ့ပဲ ဘဝနိဂုံးချုပ်သွားရပါတယ်။ သူဟာ ဦးနု၊ ဦးကျော်ငြိမ်း၊ ဗိုလ်နေဝင်းတို့နဲ့ မိတ်ဆွေဖြစ်ခဲ့ပါတယ်။ ဦးကျော်ငြိမ်းကဆိုရင် ဗကပကို မတရာသင်း မကြောညာပဲ ထားပါသေးတယ်။ ဦးသိန်းဖေမြင့်က ဗကပကို အပိုင်စီးနိုင်မယ်ထင်လို့ပါ။

အဲ့ဒီ ဦးကျော်ငြိမ်းလှည့်ကွက်ကြောင့်ပဲ အထက်ဗမာပြည်မှာ ပြဿနာပေါ်ဖူးတယ်။ ကွန်မြူနစ်ဖမ်းပွဲကနေ ထွက်ပြေးလွတ်မြောက်လာတဲ့ ခရိုင်ခေါင်းဆောင်တွေ မတ် ၃ဝ ရက်နေ့မှာ “မိုးစပ်တောင်ဆွေးနွေးပွဲ” လုပ်တယ်။ သုံးခရိုင် မြင်းခြံ၊ စစ်ကိုင်း၊ ကျောက်ဆည်ကလူတွေ တက်ပါတယ်။ အမျာုးက လက်နက်ကိုင်တိုက်ဖို့ ပြောပါတယ်။ မြင်းခြံသံမဏိမောင်မောင်(ကိုအောင်သူ)ကတော့ ပါတီကို မတရားသင်း ကြေညာတာမဟုတ်ဘူး။ ဗဟိုကညွှန်ကြားချက်(လက်နက်ကိုင်တိုက်ပွဲတိုက်ဖို့) လည်း မရှိဘူး။ လက်ဝဲကျွံနေတဲ့ခင်ဗျားတို့ကိုသာ ဖမ်းတာပဲ။ မြို့ပေါ်မှာ ပါတီဆိုင်းဘုတ်တွေဖြုတ်မပစ်ပဲ ထားကြည့်ပါ။ ဒါ့ကြောင့် သူက မြင်းခြံပြန်မယ်။ ဗဟိုနဲ့ဆက်မယ်။ ခင်ဗျားတို့ကို လက်ဝဲကျွံလူတွေ အဖြစ် ပါတီကထုတ်ပစ်တဲ့ ကြေညာချက်ထုတ်မယ်ပြောပြီး မြင်းခြံပြန်သွားတာပါ။ နောက်ကျမှသိရတာက သူ မန္တလေးထောင်ထဲ ရောက်နေတယ်ဆိုတာ သိရတာပါပဲ။ ကိုသိန်းဖေအဖြစ်မရှိမှန်း ကိုကျော်ငြိမ်းသိမှ မတရားသင်းကြေညာတာပဲ။ ဒီကိစ္စရေးတာက NLD အစဉ်းစား မမှားဖို့ ရေးတာပဲ။

(၆) ခု ဖဆပလတို့၊ ဆိုရှယ်လစ်ပါတီတို့ ပြန်ပြီးထူထောင်မယ်ဆိုရင် နအဖအပေါ်(ထားတဲ့)  သူတို့ရဲ့သဘောထားလည်း သိရရင် အားပေးမှာပါ။ ဒါကို ရန်သူကို မိတ်ဆွေဖြစ်အောင် လုပ်တာပဲလို့ပြောရင် ရပါတယ်။ ထာဝရရန်သူ ထာဝရမိတ်ဆွေဆိုတာ မရှိနိုင်ပါဘူး။ ဘယ်သမိုင်းတကွေ့မှာ ဘယ်လိုရပ်တည်လဲဆိုတာကိုပဲ ကြည့်ရမှာပါ။ ပြည်ပရေးရာမှာဆိုရင်လည်း ဒီလိုပဲ ချဉ်းကပ်ရရပါမယ်။ သမိုင်းဆိုတာ နောက်ပြန်ရစ်ကြည့်လို့သာ ရပါတယ်။ ရှေ့ကိုရစ်ကြည့်လို့ မရပါဘူး။ ဒီကိစ္စ နောင်မှာဆွေးနွေးသင့် ဆွေးနွေးကြတာကောင်းပါတယ်။ ခုတော့ ပစ္စုပ္ပန်နဲ့အနာဂတ်ကိုပဲကြည့်တာ ကောင်းပါတယ်။

ရဲဘော်ကျင်မောင်
၂ဝဝ၉ သြဂုတ်
ဒီဆောင်းပါးဟာ၂၀၀၉ ကနေ ၂၀၁၃ အတွင်းထုတ်ဝေခဲ့တဲ့ ပြည်သူ့အာဏာဂျာနယ်များထဲမှာ ရဲဘော်ကျင်မောင်ရေးခဲ့တဲ့ ဆောင်းပါးများအနက်က တပုဒ်ဖြစ်ပါတယ်။ ကျနော် စာအုပ်ဖတ်ပြီး ကျန်သူတွေလည်း သိသင့်တယ်ထင်လို့ စာရိုက်ပြီး ပြန်တင်တာဖြစ်ပါတယ်။

တရုတ် - အမေရိကန် ကုန်သွယ်ရေးစစ် ကြည်ဝင်း

0 comments
တရုတ် - အမေရိကန် ကုန်သွယ်ရေးစစ်
ကြည်ဝင်း
အရေးတော်ပုံဂျာနယ်၊ အတွဲ(၂) အမှတ်(၁၂) မှာ ဖော်ပြမယ့်ဆောင်းပါး

ဒီနှစ် ဇူလိုင် ၆ ရက်နေ့မှာ အမေရိကန်က ဒေါ်လာ ၃၄ ဘီလျံတန်ဖိုးရှိတဲ့ တရုတ်သွင်းကုန်တွေအပေါ် အခွန် ၂၅% စည်းကြပ်ဖို့ သတ်မှတ်ခဲ့တယ်။ တရုတ်ပြည်ကလည်း အလားတူပဲ ဒေါ်လာ ၃၄ ဘီလျံတန်ဖိုးရှိ
အမေရိကန်သွင်းကုန်တွေအပေါ် အခွန်တိုးမြှင့်စည်းကြပ်မယ်လို့ ကြေညာခဲ့တယ်။ နောက်မကြာခင်မှာပဲ သမ္မတထရမ့်က ဒေါ်လာ ၂၀၀ ဘီလျံတန်ဖိုးရှိတဲ့ တရုတ်သွင်းကုန်စာရင်းထုတ်ပြန်ပြီး အခွန် ၁၀% စည်းကြပ်မယ်လို့ ဆိုပါတယ်။ တရုတ်နိုင်ငံကလည်း ဒီလုပ်ရပ်ဟာ လုံးဝကျိုးကြောင်းမဆီလျော်ဘူး၊ လုံးဝလည်း လက်ခံနိုင်စရာမရှိဘူးလို့ တုံ့ပြန်ပြောဆိုခဲ့တယ်။ ဒါ့အပြင် တရုတ်ပြည်အနေနဲ့ အလားတူ လက်တုံ့ပြန်သွားမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။

သမ္မတထရမ့်ဟာ သမ္မတရွေးပွဲမဲဆွယ်ကာလကတည်းက တရုတ် - အမေရိကန်ကုန်သွယ်ရေးဟာ တရားမျှတမှုမရှိဘူး။ တရုတ်နိုင်ငံဟာ သူ့နိုင်ငံရဲ့ငွေကြေးတန်ဖိုးကို ရှိသင့်တဲ့တန်ဖိုးထက် လျှော့ချသတ်မှတ်တဲ့နည်းအပါ အခြားနည်းပေါင်းစုံနဲ့ အမေရိကန်နဲ့ကုန်သွယ်ရေးမှာ မတရားအမြတ်ထုတ်နေတယ်။ ဒါကို လက်သင့်မခံနိုင်ဘူး စသဖြင့် ပြောဆိုမဲဆွယ်ခဲ့တာ ဖြစ်တယ်။ တရုတ် - အမေရိကန်ကုန်သွယ်ရေးမှာ အမေရိကန်ဘက်က နှစ်စဉ် နှစ်စဉ် အမေရိကန်ဒေါ်လာ ဘီလျံ ၂၀၀ မှ ၆၀၀ အကြားအရှုံးပေါ်နေတယ်လို့လည်း ဆိုပါတယ်။ နောက်ပြီး တရုတ်နိုင်ငံဟာ အမေရိကန်ရဲ့ ဉာဏပစ္စည်း (Intellectual Property IP) တွေကိုလည်း နည်းမျိုးစုံနဲ့ ခိုးယူသုံးစွဲနေတယ်လို့လည်း စွပ်စွဲပါတယ်။ ဒါတွေကို သူသမ္မတဖြစ်လာရင် ဖြေရှင်းမှာဖြစ်တယ်လို့ဆိုခဲ့ပါတယ်။ အခုတော့ ရွေးကောက်ပွဲကတိကို အကောင်အထည်ဖော်လာတာလို့ ဆိုသူတွေလည်း ရှိပါတယ်။ ဒါပေမဲ့ ဒီနှစ် နိုဝင်ဘာမှာကျင်းပမယ့် အမေရိကန်လွှတ်တော်နှစ်လည်ရွေးကောက်ပွဲနဲ့ အချိန်ကိုက်နေတာကတော့ စဉ်းစားစရာ ဖြစ်လာပါတယ်။

တရုတ်နိုင်ငံဟာ ၁၉၇၈ မှာ တံခါးဖွင့်ပေါ်လစီစတင်ကျင့်သုံးခဲ့စဉ်ကစပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်လာခဲ့တာ ဖြစ်ပါတယ်။ အခုအချိန်မှာတော့ အမေရိကန်ပြီးရင် ကမ္ဘာ့ဒုတိယအကြီးဆုံး စီးပွားရေးနိုင်ငံဖြစ်လာခဲ့ပါပြီ။ မကြာခင်မှာ အမေရိကန်နေရာကို ၀င်ယူတော့မှာဖြစ်တယ်လို့လည်း အများက ခန့်မှန်းနေကြတာဖြစ်တယ်။ ဒါကြောင့် အမေရိကန်ဟာ လက်ဦးမှုယူပြီး တရုတ်ပြည်အပေါ် စီးပွားရေးထိုးစစ် စတင်လိုက်တာလို့ ဆိုနိုင်ပါတယ်။ ဒီနှစ် မတ်လမှာ အမေရိကန်နိုင်ငံထဲတင်သွင်းတဲ့ သံမဏိကို ၂၅% နဲ့ အလူမီနီယမ်ကို ၁၀% အခွန်စည်းကြပ်မယ်လို့ သမ္မတထရမ့်က ကြေညာခဲ့တယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ကနေဒါ (သံမဏိအများဆုံးတင်သွင်းတဲ့နိုင်ငံ)၊ ဘရာဇီးလ် (ဒုတိယအများဆုံးတင်သွင်းနိုင်ငံ)၊ ဂျာမနီနဲ့တောင်ကိုးရီးယားစတဲ့နိုင်ငံတွေကို ဒီစာရင်းကနေ ပယ်ဖျက်ပေးခဲ့တယ်။ ဒါကြောင့် အမေရိကန်ရဲ့ အဓိကဦးတည်ချက်ဟာ တရုတ်နိုင်ငံပဲဆိုတာ ပိုထင်ရှားလာတယ်။

အမေရိကန်နိုင်ငံအနေနဲ့ တရုတ်နိုင်ငံဆီက အဓိကအချက် ၃ ချက်လိုချင်နေတာ ဖြစ်တယ်။ ပထမအချက်အနေနဲ့ အမေရိကန်ဘဏ်ကြီးတွေနဲ့ကော်ပိုရေးရှင်းကြီးတွေဟာ တရုတ်နိုင်ငံတွင်းရှိ သူတို့လုပ်ငန်းတွေအပေါ် ပိုင်ဆိုင်ခွင့် ၅၁% ရပြီး နောက်ပိုင်းမှာ ၁၀၀% ပိုင်ဆိုင်ခွင့်အထိ ရချင်တယ်။ ဒုတိယအားဖြင့် နှစ်စဉ် အမေရိကန်ကုန်ပစ္စည်း အထူးသဖြင့် အနောက်အလယ်ပိုင်းဒေသထွက် (ရီဘတ်ပလီကန်ရဲ့အမာခံမဲဆန္ဒနယ်တွေဖြစ်တယ်။ တရုတ်နိုင်ငံကလည်း ဒီနယ်တွေကထွက်တဲ့ ပဲပုပ်၊ ဝက်သား စတာတွေကို ပစ်မှတ်ထားတယ်။) လယ်ယာထုတ်ကုန်တွေ အနည်းဆုံး အမေရိကန်ဒေါ်လာ ၁၀၀ ဘီလျံဖိုး ထပ်ဝယ်စေချင်တယ်။ တတိယအချက်ကတော့ ဉာဏပစ္စည်းဆိုင်ရာဖြစ်တယ်။ တရုတ်နိုင်ငံတွင်းလုပ်ငန်းလာလုပ်တဲ့ အမေရိကန်ကုမ္ပဏီတွေဟာ တရုတ်ပြည်ကို နည်းပညာမျှဝေပေးရတာကို ပယ်ဖျက်ပေးဖို့ ဖြစ်တယ်။ ဒါဟာ အမေရိကန် အထူးသဖြင့် ကာကွယ်ရေးနဲ့ထောက်လှမ်းရေးဌာနတွေက အစိုးရိမ်ဆုံးကဏ္ဍဖြစ်တယ်။ နောက်လာမယ့် နည်းပညာမျိုးဆက်တွေဖြစ်တဲ့ ၅ ဂျီ (5G) နည်းပညာ၊ ဉာဏ်ရည်တုနည်းပညာ (Artificial Intelligence) နဲ့ ဆိုက်ဘာလုံခြုံရေးဆိုင်ရာကဏ္ဍတွေမှာ အမေရိကန်ကို တရုတ်က ကျော်တက်သွားမှာကို အထူးစိုးရိမ်နေကြတာ ဖြစ်တယ်။ ဒီကဏ္ဍတွေမှာ အမေရိကန်ကို တရုတ်က ကျော်တက်သွားရင် စီးပွားရေးမှာသာမက စစ်ရေးဘက်မှာပါ တရုတ်နိုင်ငံက အသာစီးရသွားမှာ ဖြစ်တယ်။ အမေရိကန်ရဲ့ စီးပွားရေးကော စစ်ရေးအရပါ ကမ္ဘာ့နံပါတ်တစ်နေရာကို တရုတ်က ၀င်ယူသွားမှာကို ကြိုစိုးရိမ်နေတာ ဖြစ်တယ်။ ဒီနံပါတ်တစ်နေရာကို နှစ်ပေါင်းများစွာရယူထားတဲ့ အမေရိကန်နိုင်ငံဟာ နည်းမျိုးစုံသုံးပြီး အသေအလဲကာကွယ်မယ်ဆိုတာ ဧကန်မုချပဲ ဖြစ်တယ်။ တရုတ်နိုင်ငံကလည်း နည်းပညာမှာ နောက်ကျကျန်ခဲ့လို့မဖြစ်ဘူးဆိုတာ သိတယ်။ ဒီ ၃ ချက်မှာ ပထမ ၂ ချက်ကို တရုတ်နိုင်ငံက လိုက်လျောနိုင်တယ်လို့ ဆိုတယ်။ တတိယဉာဏပစ္စည်းကဏ္ဍမှာ ထစ်နေတာ ဖြစ်တယ်။ နောက်ပြီး ထရမ့်ဟာ ဒီလွှတ်တော်သက်တမ်းဝက် ရွေးကောက်ပွဲမပြီးခင်မှာ မဲဆွယ်နိုင်ဖို့ တရုတ်ဖဲချပ်ကိုင် ကစားနေဖို့များတယ်လို့ ခန့်မှန်းတာတွေလည်း ရှိတယ်။ ဒါကြောင့် တရုတ်နဲ့ဒီကြားထဲ သဘောတူညီချက်ရသွားဖို့ ဖြစ်နိုင်ခြေနည်းတယ်လို့ ဆိုတယ်။

အခု အမေရိကန်နဲ့တရုတ် အပြန်အလှန် အခွန်တိုးကောက်နေကြတဲ့ ပမာဏဟာ တကယ်ပြောရရင် များလှတယ်လို့ မဆိုနိုင်ပါ။ တရုတ်နိုင်ငံက အမေရိကန်ထံတင်သွင်းတဲ့ ကုန်ပစ္စည်းတန်ဖိုး အမေရိကန်ဒေါ်လာ ၃၄ ဘီလျံနဲ့ သံမဏိနဲ့အလူမီနီယမ် ၂-၃ ဘီလျံ ပဲ ရှိပါသေးတယ်။ ၂၀၁၇ စုစုပေါင်း အမေရိကန်သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၂.၃၆ ထရီလျံနဲ့ နှိုင်းယှဉ်ရင် များလှတာ မဟုတ်ပါ။
အခုလို အခွန်တိုက်ပွဲဖြစ်လာတာကြောင့် ဘယ်လိုဆုံးရှုံးမှုတွေ ဖြစ်သလဲ။ လောလောဆယ်တော့ တရုတ်အပါအဝင် နိုင်ငံအတော်များများရဲ့ငွေတန်ဖိုးဟာ ဒေါ်လာနဲ့ယှဉ်ရင် ကျကုန်ပါတယ်။ အမေရိကန်ဒေါ်လာ တန်ဖိုးမြင့်လာတာဟာ ကုန်သွယ်ရေးစစ်ပွဲကြောင့်သက်သက်တော့ မဟုတ်ပါ။ အမေရိကန်ဗဟိုဘဏ်က အတိုးနှုန်းမြှင့်လိုက်တာကြောင့်လည်း ပါပါတယ်။ ဒီကုန်သွယ်ရေးစစ်ပွဲရဲ့ သက်ရောက်မှုဟာ စိတ်ဓာတ်ပိုင်းဆိုင်ရာက ပိုများတယ်လို့ ပညာရှင်တဦးကတော့ ကောက်ချက်ပေးပါတယ်။ အထက်မှာဆိုသလို အခွန်တိုးကောက်တဲ့ ကုန်ပစ္စည်းပမာဏဟာ များလှတယ်လို့ မဆိုနိုင်ပါဘူး။ ဒါပေမဲ့ တရုတ်နိုင်ငံတွင်းမှာ စတော့ရှယ်ယာဈေးတွေ ကျပါတယ်။ အမေရိကန်စတော့ဈေးကတော့ အနည်းငယ်တက်တာ တွေ့ရတယ်။
တရုတ်နိုင်ငံဟာ ပို့ကုန်အပေါ်အဓိကမှီခိုပြီး စီးပွားရေးကြီးထွားအောင်လုပ်ခဲ့တာဖြစ်တယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ပြည်တွင်းစားသုံးအားကိုချဲ့ထွင်တဲ့နည်းနဲ့ စီးပွားရေးကြီးထွားစေတဲ့နည်းဘက် ပြောင်းလာနေတာ ဖြစ်ပါတယ်။ ပြည်ပပို့ကုန်အပေါ်မှီခိုတာဟာ ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်းမှာ လျော့ကျလာခဲ့တာ တွေ့ရတယ်။ တရုတ်နိုင်ငံရဲ့ ပြည်ပပို့ကုန်ဟာ ၂၀၀၆ ခုနှစ်မှာ ပြည်တွင်းစုစုပေါင်းထုတ်ကုန် (GDP) ရဲ့ ၃၅.၅% ရှိခဲ့ရာက ၂၀၁၇ ခုနှစ်မှာတော့ ၁၈.၁% ပဲ ရှိတော့တယ်။ တရုတ်နိုင်ငံရဲ့ပြည်ပပို့ကုန်ကြီးထွားနှုန်းဟာ ၁၉၉၈-၂၀၀၇ ဆယ်စုနှစ်က ၂၂.၆% ရှိပြီး ၂၀၀၈-၂၀၁၇ ဆယ်စုနှစ်မှာတော့ ၇.၉% ပဲ ရှိတော့တယ်။ အလားတူပဲ အမေရိကန်နိုင်ငံကို တရုတ်နိုင်ငံက တင်ပို့တဲ့ပို့ကုန်ကြီးထွားနှုန်းဟာ ၁၉၉၈-၂၀၀၇ ဆယ်စုနှစ်တုန်းက ၂၂% ရှိရာက ပြီးခဲ့တဲ့ ဆယ်စုနှစ်မှာတော့ ၇% ပဲ ရှိတော့တယ်။ ပြည်ပပို့ကုန်ဟာ တရုတ်နိုင်ငံရဲ့စီးပွားရေးကို အဓိကမောင်းနှင်နေတဲ့ အင်ဂျင်မဟုတ်တော့ဘူး။ ဒါကြောင့် အခွန်တိုးကောက်တာကြောင့် တရုတ်နိုင်ငံရဲ့ပို့ကုန်ကျဆင်းမှုဟာ စုစုပေါင်းပြည်တွင်းထုတ်ကုန် (GDP) အပေါ် သက်ရောက်မှု နည်းပါလိမ့်မယ်။

တရုတ်-အမေရိကန်ကုန်သွယ်မှုကိုကြည့်ရင် အမေရိကန်တင်ပို့ကုန်တွေက အများစု လယ်ယာထွက် ပစ္စည်းတွေနဲ့ အပြီးသတ်ကုန်ချောတွေ ဖြစ်တယ်။ အများစုက အမေရိကန်ကုမ္ပဏီပိုင်တွေ အမေရိကန်ပြည်တွင်းမှာပဲ ထုတ်လုပ်တာတွေဖြစ်တယ်။ ရာနှုန်းပြည့်အမေရိကန်ပိုင်လို့ ဆိုနိုင်တယ်။ တရုတ်ပြည်က တင်ပို့ကုန်တွေကျတော့ တခြားနိုင်ငံမျိုးစုံကလာတဲ့ ပစ္စည်းအစိတ်အပိုင်းတွေကို တရုတ်ပြည်တွင်းမှာတပ်ဆင်ထားတဲ့ ကုန်ပစ္စည်းတွေများတယ်။ တရုတ်ပြည်တွင်းရှိ အမေရိကန်ကုမ္ပဏီနဲ့ ကုမ္ပဏီခွဲတွေရဲ့ ထုတ်ကုန်တွေလည်း ပါကြတယ်။ ဥပမာ တရုတ်ပြည်မှာတပ်ဆင်တဲ့ အိုင်ဖုန်းအိတ်စ် (iPhone x) မှာ ပါဝင်တဲ့အစိတ်အပိုင်းတွေဟာ တောင်ကိုးရီးယား၊ ဂျပန်နဲ့ အမေရိကန်အပါ နိုင်ငံအတော်များများက ထုတ်တာတွေဖြစ်တယ်။ (iPhone x) ရဲ့ ထုတ်လုပ်တပ်ဆင်ကုန်ကျစရိတ်ဟာ အမေရိကန်ဒေါ်လာ ၃၇၀ ဖြစ်တယ်။ အဲဒီတန်ဖိုးရဲ့ ၃-၆% သာ တရုတ်ပြည်နဲ့သက်ဆိုင်တယ်။ (iPhone x) လက်လီရောင်းဈေးကတော့ ၉၉၉ ဒေါ်လာ ဖြစ်ပါတယ်။ တရုတ်ပြည်မှာတပ်ဆင်ပြီး အမေရိကန်နိုင်ငံကို တင်ပို့တာကြောင့် အဲဒီ ၃၇၀ ဒေါ်လာက တရုတ်ပြည်ပို့ကုန်စာရင်းထဲဝင်သွားပေမယ့် တရုတ်နဲ့ဆိုင်တာက အဲဒီတန်ဖိုးရဲ့ ၃ - ၆% ပဲ ဖြစ်တယ်။ (iPhone x) က အခွန်တိုးကောက်တဲ့အထဲတော့ မပါပါဘူး။ ရှင်းပြရာမှာလွယ်ကူလို့ ဥပမာပေးတာ ဖြစ်ပါတယ်။ ဆိုလိုချင်တာက တရုတ်ပြည်ပို့ကုန်ဆိုပြီး အခွန်တိုးကောက်တာမှာ တရုတ်နိုင်ငံတနိုင်တည်း ထိခိုက်မှာမဟုတ်ဘဲ အမေရိကန်ကုမ္ပဏီတွေအပါ အခြားနိုင်ငံအတော်များများကိုပါ ထိလိမ့်မယ်ဆိုတာပါ။

သမ္မတထရမ့်က သံမဏိနဲ့အလူမီနီယမ်တွေအပေါ် အခွန်တိုးကောက်မယ်ဆိုတာကို အမေရိကန်ပြည်တွင်း က သံမဏိနဲ့အလူမီနီယမ်ထုတ်လုပ်သူတွေက ကြိုဆိုကြပေမယ့် အဲဒီကုန်ကြမ်းကိုသုံးပြီး ထုတ်လုပ်နေတဲ့ အလုပ်ရုံစက်ရုံတွေအတွက်ကတော့ သတင်းဆိုးပဲ ဖြစ်ပါလိမ့်မယ်။ ဥပမာသံမဏိကို ကြည့်ပါ။ သံမဏိကိုသုံးပြီး ကား၊ ရထား၊ လေယာဉ်တွေ ထုတ်လုပ်တယ်။ အဆောက်အအုံတွေ၊ တံတားတွေ တည်ဆောက်ရာမှာလည်း သံမဏိချောင်းကိုသုံးရတယ်။ စက်မျိုးစုံထုတ်ရာမှာလည်း မပါမဖြစ်ဘူး။ အမေရိကန်နိုင်ငံမှာ သံမဏိနဲ့ဆက်နွယ်နေတဲ့လုပ်ငန်းမျိုးစုံမှာ အလုပ်သမား ၆.၅ သန်းရှိတယ်။ သံမဏိထုတ်လုပ်တဲ့ စက်မှုလုပ်ငန်းတွေမှာတော့ အလုပ်သမား ၁၄၀, ၀၀၀ ပဲ ရှိတယ်။ သံမဏိဈေးတက်ပြီဆိုရင် သံမဏိသုံးထုတ်ထားတဲ့ပစ္စည်းတွေလည်း ကျွဲကူးရေပါ တက်ကြမှာ ဖြစ်တယ်။ သိသာတဲ့ ဥပမာတခုပေးရရင် အမေရိကန်ထုတ် မော်တော်ကားတွေ နိုင်ငံတကာဈေးကွက်မှာ ယှဉ်ပြိုင်တဲ့အခါ တပန်းရှုံးတော့မှာ ဖြစ်တယ်။

နေရောင်ခြည်ကနေစွမ်းအင်ထုတ်ပေးတဲ့ ဆိုလာပြားတွေမှာလည်း အလားတူတွေ့ရမှာ ဖြစ်တယ်။ အမေရိကန်မှာ ဆိုလာပြားထုတ်လုပ်မှုမှာ တိုက်ရိုက်လုပ်ကိုင်နေတဲ့အလုပ်သမားဟာ ၂, ၀၀၀ ပဲ ရှိတယ်။ ဒါပေမဲ့ ဆိုလာပြားတပ်ဆင်တာနဲ့ ထိန်းသိမ်းရေးအပိုင်းမှာတော့ အလုပ်သမားပေါင်း ၂၆၀, ၀၀၀ ရှိတယ်။ အခု အဲဒီလုပ်ငန်းဟာတုံ့ဆိုင်းနေပြီမို့ အဲဒီအလုပ်သမားတွေအတွက်တော့ ရင်လေးစရာပါ။
အခု ထရမ့်က ဒုတိယအကျော့အဖြစ် အမေရိကန်ဒေါ်လာ ၁၆ ဘီလျံတန်ဖိုးရှိ တရုတ်သွင်းကုန်တွေအပေါ် အခွန် ၂၅% ကောက်မယ်လို့ ကြေညာလိုက်ပြန်ပါတယ်။ အမေရိကန် ကုန်သွယ်ရေးကိုယ်စားလှယ်ရုံး (US Trade Representative Office) မှာ အမေရိကန်ကုမ္ပဏီတွေနဲ့စက်မှုလုပ်ငန်းအုပ်စုကြီးတွေ ဒါဇင်ပေါင်းများစွာက လာရောက်အစစ်ခံရာမှာ အခွန်တွေ ဆက်တိုးကောက်နေမယ်ဆိုရင် သူတို့အနေနဲ့ မတတ်သာဘဲ ကုန်ဈေးနှုန်းတွေတိုးမြှင့်ရလိမ့်မယ်လို့ ထွက်ဆိုခဲ့ကြတဲ့ကြားက အခုလို ထပ်တိုးစာရင်းကို ထုတ်ပြန်ခဲ့တာပါ။ တရုတ်နိုင်ငံကလည်း ချက်ချင်းပဲ အခွန်တိုးကောက်မယ့်စာရင်းထုတ်ပြီး လက်တုံ့ပြန်ခဲ့ပါတယ်။

အမေရိကန်ဟာ တရုတ်နိုင်ငံအပြင် တူရကီနဲ့လည်း အမေရိကန်နိုင်ငံသားတရားဟောဆရာကို ဖမ်းထားတဲ့ကိစ္စနဲ့ပတ်သက်ပြီး အငြင်းပွားနေတာ ဖြစ်တယ်။ အဲဒါကို အကြောင်းပြုပြီး ဒဏ်ခတ်အရေးယူမှု လုပ်နေတာကြောင့် တူရကီနိုင်ငံသုံးငွေကြေးတန်ဖိုး ထိုးကျပြီး အကျပ်ဆိုက်နေတယ်။ ဒီထက်ပိုဆိုးမှာက အီရန်ဖြစ်တယ်။ တရုတ်၊ ရုရှား၊ ဂျာမနီ၊ ပြင်သစ်၊ အင်္ဂလန်စတဲ့နိုင်ငံတွေနဲ့ အမေရိကန်ပါ သဘောတူလက်မှတ်ထိုးထားတဲ့ အနုမြူဆိုင်ရာ အီရန်နဲ့သဘောတူစာချုပ်ကနေ အမေရိကန်က နုတ်ထွက်ခဲ့တယ်။ သူ့တနိုင်ငံတည်းသဘောနဲ့ စည်းကမ်းချက်အသစ်တွေ တောင်းဆိုတယ်။ စီးပွားရေးပိတ်ဆို့ဒဏ်ခတ်မှုတွေ ကြေညာထားတယ်။ ဒီပိတ်ဆို့မှုကိုဖောက်ဖျက်ပြီး အီရန်နဲ့ ကုန်သွယ်မှုလုပ်တဲ့ ကုမ္ပဏီတွေကိုပါ အရေးယူမယ်လို့ဆိုထားတာ ဖြစ်တယ်။ ဘယ်လိုဆက်ဖြစ်မလဲဆိုတာတော့ စောင့်ကြည့်ရမှာဖြစ်တယ်။

အခု ဖြစ်နေတဲ့ အမေရိကန် - တရုတ်ကုန်သွယ်ရေးစစ်ပွဲက အစပဲ ရှိပါသေးတယ်။ အရပ်ရပ်ကုန်သွယ်မှု ပမာဏနဲ့ ယှဉ်ရင်လည်း များလှတယ်လို့ မဆိုနိုင်သေးပါဘူး။ ဒါပေမဲ့ ကမ္ဘာ့အကြီးဆုံးစီးပွားရေးပိုင်ရှင်နဲ့ ဒုတိယအကြီးဆုံး စီးပွားရေးပိုင်ရှင်တွေအကြားမှာ ဖြစ်နေတာမို့ ဂယက်ကတော့ သေးမှာမဟုတ်ပါ။ ဂလိုဘယ်လိုက်ဇေးရှင်းခေတ်မို့ ဒီ ၂ နိုင်ငံအကြားမှာပဲ ပြီးသွားမှာလည်း မဟုတ်ပါ။
အခုလို အမေရိကန်က အခွန်တိုးကောက်နေတာကို ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ဆီ တရုတ်နိုင်ငံက တိုင်ကြားမယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ (WTO)လည်း ဒီကိစ္စ ဖြေရှင်းပေးနိုင်မယ် မထင်ပါ။ ဖြေရှင်းချိန်ကလည်း တနှစ်ကျော်ကြာလေ့ရှိပါတယ်။ အခု ကုန်သွယ်ရေးစစ်ကနေ ငွေကြေးစစ်အထိ ဖြစ်သွားမယ်၊ ဘဏ်လုပ်ငန်းတွေ ဖရိုဖရဲ ဖြစ်လာမယ်ဆိုရင် အခြေအနေတွေက ပိုဆိုးသွားမှာ ဖြစ်ပါတယ်။ အခုကိုပဲ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့က ဒီကုန်သွယ်ရေးစစ်ပွဲကြောင့် ၂၀၂၀ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးကြီးထွားမှု ထိခိုက်ကျဆင်းလိမ့်မယ်လို့ ထုတ်ပြန်လာပါတယ်။ တရုတ်ကအဆောက်အအုံဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေအစောကြီးကတည်းကလုပ်ထားတာဖြစ်တဲ့အတွက် တောင့်ခံနိုင်သော်လည်းတူရကီလိုအလယ်အလတ်ဖွံ့ဖြိုးဆဲနိုင်ငံတခုအဖို့အတော်ဖရိုဖရဲဖြစ်သွားတာ မြင်တွေ့ရပါတယ်။မည်သို့ပင်ဆိုစေကျွဲနှစ်ကောင်ကြားနိုင်ငံငယ်များက မြေဇာပင်ဖြစ်ကြမှာပါ။
ကြည်ဝင်း

စင်္ကာပူကို ကျော်မတက်ခင် ခရီးတထောက်ရောက်သွားတဲ့ ဒေါ်စုခရီး

0 comments
စင်္ကာပူကို ကျော်မတက်ခင် ခရီးတထောက်ရောက်သွားတဲ့ ဒေါ်စုခရီး (ဖောင်ပိတ်)
အေးငြိမ်း
အရေးတော်ပုံ ဂျာနယ်၊ အတွဲ(၂) အမှတ်(၁၂) ရဲ့ ဖောင်ပိတ်ဆောင်းပါး

အချိန်အားဖြင့် ပြည်တွင်းမှာ ဒီချုပ်အစိုးရအနေနဲ့ အကုန်လုံးလက်ဦးမှုမဲ့နေချိန် သွားတဲ့ခရီးဖြစ်တယ်။
- တချိန်မှာ စိတ်ကောင်းလေးများ ဝင်လာလေမလား ထင်ထားခဲ့တဲ့ စစ်တပ်နဲ့ရင်ကြားစေ့ရေးကလည်း ရွှေငုံးမင်းအမြီး မျှော်သလို နီးလျက်နဲ့ ဝေးနေဆဲ။
- လူသိန်းသောင်းထဲက မိမိစိတ်ကြိုက် ခေါင်းခေါက်ရွေးချယ်လိုက်တဲ့ သမ္မတတယောက် လက်လန်သွားခဲ့ပြီ။ လက်ရွေးစင်ထဲက ဖြုတ်ပစ်လိုက်ရတဲ့ ပြည်ထောင်စုဝန်ကြီးက ၂ ပါး၊ တိုင်းနဲ့ ပြည်နယ်ဝန်ကြီးချုပ် ၂ + ဝန်ကြီး ၇ ပါး ရှိလာခဲ့ပြီ။ ဖြုတ်ရတော့မယ်သူတွေကလည်း တန်းစီနေဆဲ။
- တချိန်က မိမိကို ယုံကြည်ကိုးစားခဲ့၊ ထောက်ခံခဲ့၊ မဟာမိတ်ပြုခဲ့တဲ့ (လက်နက်ကိုင်/ လက်နက်မဲ့) တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ လူပုဂ္ဂိုလ်တွေ၊ နိုင်ငံရေးပါတီတွေနဲ့လည်း ကင်းကွာနေခဲ့ပြီ။
- ပြည်သူတွေ မမြင်မတွေ့လိုတော့တဲ့ ၂ဝဝ၈ ကိစ္စလည်း မပြီးမပြတ် ချောင်ထိုးထားလိုက်ရပြီ၊ လွှတ်တော်ထဲက ၂၅% သော တပ်မတော်သားကိုယ်စားလှယ်တွေကို ဖယ်ရှားသွားနိုင်ဖို့ ဆွေးနွေးညှိနှိုင်းတဲ့နည်းနဲ့ တဆင့်ပြီးတဆင့် လုပ်ဆောင်သွားမယ်ဆိုတဲ့ ချွေးသိပ်စကားပဲ ကြားလိုက်ရတယ်၊ အင်မတန် လက်တွေ့မကျတဲ့စကားပါ၊ အချိန်ဘယ်လောက်ယူမယ် မပြော၊ ဦးပေါ်ဦးဆင်ဖြူတော်လို ဖြစ်မှာကိုတော့စိုးမိတယ်၊ ဒါမှမဟုတ် လွှတ်တော်မှာ NLD အနေနဲ့ ၇၅% ပိုင်ထားပြီးသား ၂၅ % သော စစ်တပ်ကိုယ်စားလှယ်တွေထဲက ဒုရဲမှူး မိုးရန်နိုင်လိုလူတချို့ ထွက်လာဖို့များ မျှော်လင့်ပြောသလားတော့ မသိ။
- တိုင်းပြည်စီးပွားရေးကလည်း ဂျက်လေယာဉ်ကြီး ပျံတက်သလို တရှိန်ထိုးတက်မလာဘဲ တလိမ့်ခေါက်ကွေးကျဆင်းကာ ပြည်သူတွေ ငတ်ပြတ်စပြုနေတဲ့ချိန်။
- နိုင်ငံရဲ့ ကုန်သွယ်ရေးလိုငွေက ၃ လအတွင်း ဒေါ်လာသန်း ၁ဝဝဝ ကျော် ရှိနေချိန်။ ကျပ်ငွေတန်ဖိုး တလအတွင်း စံချိန်တင်ထိုးကျနေတယ်၊
- ခိုးမှု၊ တိုက်မှု၊ လုယက်မှု၊ သတ်ဖြတ်မှု၊ မုဒိန်းမှု မူးယစ်ဆေးကုန်ကူးမှု စတဲ့ ရာဇဝတ်မှုကြီး/ငယ်တွေ ပြောင်ပြောင်တင်းတင်းလုပ်လာကြလို့ ပြည်သူတို့ဘဝ မလုံမခြုံဖြစ်လာချိန်။
- သဘာဝ ရေကြီးရေလျှံဘေးနဲ့ လူလုပ်ဘေး(ရခိုင်၊ ကချင်၊ ရှမ်းပြည်နယ်တွေဘက် စစ်တပ်သောင်းကျန်းမှုတွေ) ကြောင့် တပြည်လုံး ကျီးလန့်စာစားဖြစ်နေကြချိန်။
- စစ်တပ်အနေနဲ့ လူမျိုးတုံးမျိုးဖြုတ်မှုတွေ လုပ်ခဲ့တယ်ဆိုပြီး နိုင်ငံတကာက ဗမာပြည်က တာဝန်ရှိသူအာဏာပိုင်တွေကို အပြစ်ပေးအရေးယူဖို့ တောင်းဆိုလာချိန်မှာ သူပေးချင်တဲ့ မက်ဆေ့ခ်ျ(သတင်းစကား) ကို ပြည်ပထွက်ပြောတာဖြစ်တယ်။
- ရေဘေးသင့်၊ စစ်ဘေးသင့်၊ ဝမ်းရေးဘေးသင့်၊ ၂ဝဝ၈ ဘေးသင့်နေတဲ့ပြည်သူတွေ လမ်းပေါ်မထွက်ကြနဲ့ဆိုတဲ့ အကြောင်းကြားချက်ပါသလို နိုင်ငံတကာကိုလည်း စစ်တပ်နဲ့ ကျွန်မတို့ကို ခွဲမနေပါနဲ့ တသဘောတည်းပဲ …. ဆိုတာကို ပြလိုက်တာဖြစ်တယ်။
“ကျမတို့အနေနဲ့ နိုင်ငံကို ကပြောင်းကပြန်ဖြစ်တဲ့ တော်လှန်ရေးလုပ်ပြီး ပြောင်းလဲတာမျိုး အားမပေးဘူး၊ ကျမတို့ စိတ်ရှည်ပါမယ်၊ ကျမတို့ မဆုတ်မနစ် ကြိုးစားမယ်၊ ကျမတို့ ဥပဒေဘောင်အတွင်းက လုပ်မယ်” …. ဆိုတဲ့ မိန့်ခွန်းကို ကြည့်ရင် သူ့ရဲ့ရပ် တည်ချက်၊ သဘောထား၊ လုပ်ငန်းစဉ်ကိုပါ-ဝါကျ ၄ ကြောင်းနဲ့ ရှင်းရှင်းလင်းလင်းဖော်ပြလိုက်တာ ဖြစ်တယ်။
ဒီလိုပြောတာကို - မြန်မာ့နိုင်ငံရေးကို တပ်မတော်က ထာဝရဦးဆောင်သွားမယ်…. ဆိုတဲ့ စစ်အုပ်စုက ကြိုက်ပါမယ်၊ ဒေါ်စု ကိုယ်တိုင်လည်း အန္တရာယ်စက်ကွင်းထဲက လွတ်ကင်းသွားနိုင်ပါတယ်။
ဒါပေမဲ့ ဒါဟာ နိုင်ငံရေးချွတ်ခြုံကျမှုပဲ ဖြစ်တယ်။ သူတို့စိတ်ရှည်နိုင်ကြပေမယ့် ပြည်သူတွေ စိတ်ရှည်ကြတော့မှာ မဟုတ်တာ -သူတို့ သိဖို့ကောင်းပါပြီ။
အေးငြိမ်း
(၂၄-၈-၂၀၁၈)

Sunday, August 26, 2018

ခေတ်မြစ်(မျိုးမြင့်ချို)

0 comments
ခေတ်မြစ် (အပြင်လူရဲဘားမားရုဒ်က ပထမအပုဒ်ပါခင်ဗျ)

“မြစ်တမြစ်မြစ်”ကို ပထဝီပေါ်တင်ကြည့်လျှင် သည်မြစ်ကြီးဘယ်ကစ။ ဘယ်တုန်းကစ။ ဘာတွေဖြစ်ခဲ့။ ဘယ်လိုစီးဆင်းသွား။ ဘယ်မြို့ ဘယ်ရွာ ဘယ်နေရာတွေဖြတ်စီး။ ဘယ်နေရာမှာ ဘယ်လောက်ကျယ် ဘယ်လောက်ကျဉ်း။ ဘယ်လောက်ရှည်လို့ဘယ်လိုဆုံး စသည်များ ထွက်လာမည်။
“မြစ်”ကို ခေတ်ပေါ်တင်ကြည့်လျှင် သည်မြစ်ကြီးနှင့်အတူ ဘာသမိုင်းတွေ မွေးဖွားခဲ့။ ဘာသမိုင်းတွေ ချုပ်ငြိမ်းခဲ့။ ဘာသမိုင်းတွေ စီးဆင်းခဲ့။ ဘာသမိုင်းတွေ စီးဆင်းဆဲ စသည်များမြင်လာမည်။

မြစ်တမြစ်မြစ်ကို ပထဝီပေါ်တင်ကြည့်သည်မှာ မြစ်၏ရုပ်ပိုင်းသဘောကို ထုတ်ယူလို၍ဖြစ်ပြီး၊ မြစ်ကို ခေတ်ပေါ်တင်ကြည့်သည်မှာ ခေတ်၏အရွေ့သဘောကို စောကြောလို၍ဖြစ်၏။
ထို့ကြောင့် ပထဝီသဘောမြစ်သည် ခေတ်သဘောမြစ်လိုမဟုတ်။ မတူနိုင်။ တူလို့မဖြစ်။ ပထဝီမြစ်တွင် အစရှိ၏။ အဆုံးရှိ၏။ ခေတ်မြစ်က ထိုသို့မဟုတ်။ လူ့သမိုင်းရှိသရွေ့တည်၏။ သမနိ ရှည်၏။

ခေတ်တခေတ်သည် မြစ်တမြစ်မဟုတ်။ ခေတ်ကိုက မြစ်ဖြစ်၏။ မြစ်တွင်ဇာတိရှိ၏။ ဇာတိတွင် ရေတစက်ဖြင့် ချက်မြုတ်ရ၏။ ချက်မြုတ်ရာမှ ခေါင်းချရာခရီးတွင် လက်တက်ပေါင်းများစွာကိုလက်ခံပြီး စည်စည်ပင်ပင် ရှင်သန်စီးဆင်း၏။ စီးဆင်းရာတလျှောက်တွင် ကြေသည့် နေရာကြေ၍ ကြမ်းသည့်နေရာကြမ်း၏။ ကြေကြေကြမ်းကြမ်းစီးဆင်းရင်း ကွေ့ကွေ့ကောက်ကောက်လည်းရှိရ၏။ မကွေ့မကောက်လျှင် မြစ် မမြည်တော့။

တခါတရံတွင် မြစ်သည် ဖြောင့်ဖြောင့်မြန်မြန်စီးလိုသဖြင့် မြစ်ကျိုးအင်းများထားခဲ့ပြီး ဆက်ထွက်ရတတ်သေး၏။ မြစ်မှန်လျှင် တကမ်းဖြိုပြီး တသောင်ထွန်းပေးရ၏။ သောင်ထွန်းရင်း ကျွန်းလည်းဖေါ်ရ၏။ ပေါ်သည့်ကျွန်းတိုင်းလည်း နုံးတင်မြေနု မဟုတ်တတ်။

မြစ်တွင် ဗီဇသဘောရှိ၏။ ထိုဗီဇသဘောသည် ဇာတိတွင်ပြ၏။ ဇာတိပြရင်းပင် ထိုဇာတိချုပ်၏။ ဇာတိမချုပ်ခင် ဇာတ်ရုပ်ဖျောက်၏။ ဇာတ်ရုပ်ပျောက် မြစ်တမြစ်သည် နာမည်အမျိုးမျိုးချန်ခဲ့ပြီးမှ ပင်လယ်ဝတွင်ခေါင်းချ၏။ ခေါင်းချရုံဖြင့် ဝိဉာဉ်ကင်းပြီဟုမဆိုနိုင်။ မြစ်၏ဝိဉာဉ်သည် အလျဉ်မပြတ် စီးဆင်းနေသည့်ရေဖြစ်၏။ ရေမခမ်းသရွေ့ မြစ်မကန်း။
ဧရာဝတီသည် မြစ် ဖြစ်၏။ မြစ်တမြစ် မဟုတ်။ ထို့ကြောင့် သူသည် ခေတ်လည်းဖြစ်၏။ သူ့ဝိဉာဉ်အလျဉ်သည် မကန်းသေး။ သူ့ဝိဉာဉ်တွင် ခေတ်အလျဉ်တို့အား သယ်ပိုးထားဆဲ။ ဧရာဝတီနှင့်အတူ ခေတ်တို့စီးဆင်းနေဆဲ။

မြစ်၏ခေါင်းချရာတွင် ပင်လယ်ကိုသန္ဓေတည်၏။ မြစ်ပေါင်းစုံဂဟေဆက်ရာမှ ပင်လယ်ကိုဖွားမြင်လာ၏။ သူက ရေစီးညင်သာသည့်မြစ် ရေစီးကြမ်းသည့်မြစ်ဟုမခွဲခြားပဲ ကြည်ကြည်ဖြူဖြူထွေးပွေ့ယူ၏။ မြစ်ယဉ်မြစ်ရိုင်းတိုင်းကို သူ့ထံတွင် ရောနှောခိုင်းပြီး၊ မြစ်တိုင်း၏ သမိုင်းကိုလည်း လက်ခံသိမ်းဆည်းပေးထားသေး၏။ မြစ်ကိုယဉ်ကျေးစေသည့်ပင်လယ်သည် တခါတရံတွင်း ရိုင်းစိုင်းလွန်း၏။

မြစ်သည် ခေတ်ဟုဆိုလျှင် ပင်လယ်သည် “ခေတ်တို့၏သမိုင်း”။ ဗီဇသဘောအရ ပင်လယ်သည် တည်ငြိမ်အေးဆေးဟန်ရှိသော်လည်း ဝန်းကျင်၏ စေ့ဆော်မှောက်လှန်မှုကြောင့် တခါတရံတွင် လှိုင်းထန်၏။ လူ့သမိုင်းသည် လှိုင်းထန်၏။ အကောင်းနှင့်အဆိုး၊ အကျိုးနှင့်အပြစ်၊ အနှစ်နှင့်အကာ၊ အာဏာနှင့်ဖီဆန်မှု၊ ဖိစီးမှုနှင့်တွန်းလှန်မှု၊ ဓမ္မနှင့်အဓမ္မ၊ အသစ်အဟောင်းပဋိပက္ခ စသည်တို့ဖြင့် ဗြောင်းဆန်နေ၏။ ထိုလှိုင်းများကား အစဉ်လှုပ်ခတ်ရင်း အဆက်မပြတ်ရှင်သန်နေ၏။
ခေတ်ဆိုသည့်မြစ်သည် သမိုင်းခေတ်များအားကျောပိုးပြီး ခေတ်သမိုင်းတို့သိမ်းဆည်းရာ ပင်လယ်သို့မျက်နှာမူ၏။ တရွေ့ရွေ့စီးဝင်နေ၏။

ပင်လယ်ရောက်လျှင် သမိုင်းခေတ်များဆုံမည်။ စုံလည်း စုံမည်။ သမိုင်းခေတ်များ ဆုံလျှင်၊ တစုံလုံးကို မြင်ရ၏။
ခေတ်မြစ်နှင့်လိုက်ပါ စီးနေဆဲတွင် သမိုင်းကိုဖြတ်ကြည့်ပါက ခေတ်တဖြတ်အမြင် သို့မဟုတ် မြစ်တဖြတ်အမြင်ဖြင့်သာ တင်းတိမ်စရာရှိ၏။

သမိုင်းကို ခေတ်တဖြတ် (သို့) မြစ်တဖြတ်အမြင်သက်သက်နှင့် ကောက်ကိုင်ကြည့်ပါမူ ယူစရာ သင်ခန်းစာတခုတည်းကိုသာ ပြေးမြင်မိ၏။ အမှန်က ခေတ်တိုင်းတွင် ယူစရာသင်ခန်းစာများရှိသလို ယူစရာနမူနာများလည်းရှိ၏။ သင်ခန်းစာယူခြင်းမှာ ကောင်းသည့်အရာဖြစ်၍ နောင်ကို အရင်လိုမမှားဖို့ဖြစ်၏။ နမူနာမယူနိုင်လျှင် နှုန်းစံတန်ဖိုးချိန်ဆဖို့ တိုင်းစရာမရှိဖြစ်တတ်၏။ နမူနာမယူလျှင် အရင်လိုနောင်ကိုလည်း မှားတတ်စရာရှိသေး၏။

ပင်လယ်ရောက်မှ တစုံလုံးကိုမြင်ရမည်ဖြစ်သော်လည်း ပင်လယ်ရောက်မှ တစုံလုံးကိုကြည့်ရမည်ဟု မဆိုလို။ မြစ်တဖြတ်အမြင်ကို ပင်လယ်ပေါ်လှမ်းတင်ကြည့်နိုင်ပါမူ သင်ခန်းစာရော နမူနာပါ ခပ်ရေးရေးတော့ မြင်နိုင်စွမ်းမည်ထင်၏။
မျိုးမြင့်ချို မတ် ၂ဝ၁၁

ဒေါက်တာလှကျော်ဇော်ရဲ့အမှာစာ

0 comments
(ကျနော့်ရဲ့ အပြင်လူရဲ့ဘားမားရုဒ် စာအုပ်လေးမှာပါတဲ့ စာ အပုဒ် ၃ဝ ကို ဒီနေ့ကစပြီး တနေ့တပုဒ်နှုန်းလောက် (တခါတလေလည်း ပိုချင်ပိုမှာပါ) ခွဲခွဲတင်ပေးပါ့မယ်။ ဒါက ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောရဲ့သမီး ဒေါက်တာလှကျော်ဇော ချီးမြှင့်တဲ့အမှာစာပါခင်ဗျား။
ခင်မင်ရင်းချာစွာ(မျိုးမြင့်ချို)

ဒေါတ်တာလှကျော်ဇော၏အမှာစာ
 
ဆရာကြီးသခင်ကိုယ်တော်မှိုင်းက“ဆရာမသေခင် ဗမာပြည်ကြီး ငြိမ်းချမ်းရေးရတာ မြင်ချင်တယ်”လို့ အကြိမ်ကြိမ်ဆိုခဲ့ဖူးပါတယ်။
ဖေဖေကလည်း သူ(၉၁)နှစ်ပြည့်မွေးနေ့(၂ဝ၁ဝ ဒီဇင်ဘာ(၃)ရက်နေ့)က ထုတ်ပြန်ခဲ့တဲ့ “မျိုးချစ်ပြည်ချစ်တပ်မှူးတပ်သားများသို့
“ပန်ကြားလွှာ” မှာ “ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်ပြီး ကျန်တော်တို့မျိုးဆက် တည်ထောင်ခဲ့တဲ့ဗမာ့တပ်မတော်ကြီးကို ပြည်သူ့ တပ်မတော်ကြီးအဖြစ် ကျွန်တော်မသေခင် ပြန်လည်မြင်တွေ့ပါရစေ”လို့ပြောခဲ့ပါတယ်။
ဖေဖေဟာ ၁၉၇၆ခုနှစ်(လက်နက်ကိုင်တော်လှန်ရေးထဲရောက်လာချိန်)ကစလို့ တောက်လျှောက် အခွင့်ရရင်ရသလို သူအင်မတန် သံယောဇဉ်ရှိတဲ့တပ်မတော်သားများကို သူအင်မတန်ချစ်တဲ့ပြည်သူတွေအပေါ် ရန်သူလိုသဘောမထားဘဲ “အမိအဖ”လို သဘောထားဖို့ တိုက်တွန်းပြောဆိုနှိုးဆော်လာခဲ့တာပါ။ ဆရာကြီးမှိုင်းရော ဖေဖေရော သူတို့ဆန္ဒတွေပြည့်ဝမသွားပါဘူး။ နောက်မျိုးဆက်တွေရဲ့ တာဝန်တွေအဖြစ် ထားခဲ့ပါတယ်။

ဗမာပြည်ကြီး စစ်မှန်တဲ့ ရေရှည်တည်တံ့တြဲ့ငိမ်းချမ်းရေးရဖို့ဆိုတာ ဒီဗမာ့တပ်မတော်ကြီးက ပြည်သူဘက်မှရပ်တည်စဉ်းစားတဲ့
ပြည်သူ့အကျိုးကိုဦးထိပ်ပန်တဲ့ “ပြည်သူ့တပ်မတော်”တရပ် ဖြစ်မှသာလျှင် ဖြစ်နိုင်ပါလိမ့်မယ်။ ဒီအချက်ကိုခံယူထားတဲ့ ကျွန်မတို့ တတွေဟာ ပြည်တွင်းလှုပ်ရှားမှုတွေအကြား ပေါ်ပေါက်လာတတ်တဲ့ စစ်တပ်တွင်းကနေပြီး ပြည်သူလူထုဘက် ကူးပြောင်းရပ်တည်လာသူများကို စိတ်ဝင်တစားရှိတတ်ပါတယ်။ သူတို့ရဲ့အတွေးအခေါ် ဖြတ်သန်းမှုတွေကိုလေ့လာမိပါတယ်။
ဒီလိုနဲ့ ကျွန်မ ကိုမျိုးမြင့်ကို လေ့လာကြည့်ပါတယ်။ သူနဲ့ ပုဂ္ဂိုလ်အရမသိကျွမ်းခင်ကတည်းက သူ့ရေဒီယို(အာရ်အက်ဖ်အေ) ဆောင်းပါးများက စလို့ သူ့ဘလော့ဂ်ကွန်ရက်မှာရေးသမျှတွေကို လက်လှမ်းမီသမျှလိုက်ဖတ်မိပါတယ်။ သူ့ဘဝဇာတ်ကြောင်းတွေ့ ဆုံမေးမြန်းခန်းတွေ ဖတ်ရင်းက ကျွန်မအလွန်စိတ်ဝင်စားတဲ့သူ့စကားတခု သွားတွေ့ပါတယ်။ အဲဒါကတော့“ကျွန်တော် ထမင်းငတ်လို့စစ်ထဲလိုက်ခဲ့တာ” တဲ့။
ဒီစကားကို ကျွန်မစိတ်ဝင်စားရတဲ့အကြောင်းကလည်း ရှိပါတယ်။ ၁၉၇၄/၇၅/၇၆ခုနှစ်များမှာ မဆလစစ်အစိုးရကိုဆန့်ကျင်တဲ့ လူထုလှုပ်ရှားမှုတွေ အဆက်မပြတ်ပေါ်ထွက်ခဲ့ပါတယ်။ ဒီလှုပ်ရှားမှုတွေကို အစိုးရက အကြမ်းဖက်နှိမ်နင်းပါတယ်။ ဒီတော့ မြို့ပေါ် နေမရသူတွေ အဖမ်းမခံချင်သူတွေ လက်နက်ကိုင်တော်လှန်ရေးပဲ လုပ်စရာကျန်တော့တယ်ဆိုပြီး တောထဲအလုံးအရင်းနဲ့ ရောက်လာကြပါတယ်။

ဒီတုန်းက မဆလစစ်အစိုးရဖြုတ်ချရေးအတွက် လက်နက်ကိုင်တော်လှန်ရေးကို ဦးဆောင်လုပ်ဆောင်နေတဲ့ “ဗမာပြည်ကွန်မြူနစ်ပါတီ”ရဲ့ ဌာနချုပ်ရှိရာ“ပန်ဆန်း”(ယခုအခေါ် ပန်ခန်း)ကို လမ်းအသွယ်သွယ်ကနေ ရောက်ရှိလာတာပါ။ တချို့က မြေအောက်အဆက်အသွယ်တွေ ရှိပေမယ့် တချို့ကတော့ စမ်းတဝါးဝါး စွန့်စွန့်စားစားနဲ့ရောက်လာခဲ့ကြတာပါ။ ဒီထဲမှာ အတွေးအခေါ်အမျိုးမျိုးနဲ့ လူစုံပါလာပါတယ်။ မြို့ပေါ်နေ ဓနရှင်ပေါက်စ အလွှာစုံပါလာတာပါ။ အဆင့်အမျိုးမျိုးနဲ့ပညာတတ်တွေလည်း ပါလာပါတယ်။ ဒီဓနရှင်ပေါက်စပညာတတ်တွေဟာ တော်လှန်ရေးသမားဘဝခံယူရာမှာ အခက်အခဲဆုံးက “မိမိအတ္တမာန”ကို တိုက်ချွတ်ရာမှာ ဖြစ်ပါတယ်။ ဒီလို မိမိမာနနဲ့မိမိအတွေးအခေါ်ကို တိုက်ပွဲဆင်နေရင်း တခါတရံ အခန့်မသင့်ဘဲ မာနအညွှန့်အညှောက်ကလေးတွေ ပြူထွက်လာတတ်ပါတယ်။ ဒီမှာတင်“ငါတို့ ထမင်းငတ်လို့ တော်လှန်ရေးလာလုပ်တာမဟုတ်ဘူး”ဆိုတဲ့စကားထွက်လာပါတယ်။
ဒီစကားကို ချေဖျက်ပေးပြီး ကျွန်မတို့တတွေကို ရာသက်ပန်တော်လှန်ရေးသမားတွေအဖြစ်ခံယူဖို့ နိုင်ငံရေးအရပညာပေးခဲ့သူကတော့အရှေ့မြောက်စစ်ဒေသ ဒုနိုင်ငံရေးမှူး ဗဟိုကော်မတီဝင်ရဲဘော်စိုးသိန်း(ကွယ်လွန်)ပါ။ သူက ခင်ဗျားတို့တတွေ ထမင်းငတ်လို့ တော်လှန်ရေးလာလုပ်တာမဟုတ်မှန်း ကျွန်တော်တို့သိပါတယ်။ ဒါပေမယ့် ခင်ဗျားတို့အနေနဲ့ ထမင်းငတ်လို့ တော်လှန်ရေး လုပ်သူများရဲ့အတွေးအခေါ်မျိုး စိုက်ထူရမယ်။ ထမင်းငတ်လို့တော်လှန်ရေးလာလုပ်သူကသာလျှင် တော်လှန်ရေးကြီး ကောင်းအောင် အောင်မြင်အောင်လုပ်မှာ။ သူတို့ကပဲ တော်လှန်ရေးမအောင်မချင်း ရာသက်ပန်တော်လှန်ရေးလုပ်မှာ။ ကျန်သူတွေ ထမင်းမငတ်သူများကတော့ တော်လှန်ရေးရဲ့အချိုးအကွေ့တွေမှာ တော်လှန်ရေးကို စွန့်ခွာကျောခိုင်းသွားတတ်ကြတယ်တဲ့။

ကျွန်မတို့အတွက် တသက်စာမှတ်လောက် သားလောက်တဲ့စကားပါ။ ဒီအဖြစ်အပျက်မျိုးရှိခဲ့တာကြောင့် ကိုမျိုးမြင့်ရဲ့ “ကျွန်တော် ထမင်းငတ်လို့ စစ်ထဲလိုက်ခဲ့တယ်”ဆိုတဲ့စကားကို ကျွန်မစိတ်ဝင်စားမိတာပါ။
သြော် ဒါကြောင့်ပဲ ထင်ပါရဲ့။ ကျွန်မတို့တတွေ အရေးအကြောင်း ကြုံတိုင်း(ဝမ်းသာစရာဘဲဖြစ်ဖြစ် ဝမ်းနည်းစရာဘဲဖြစ်ဖြစ်) တရှိုက်မက်မက်ဆိုတတ်လေ့ရှိတဲ့(အသံထွက်မဆိုနိုင်တောင် ရင်ထဲက တီးတိုးဆိုညည်းတတ်တဲ့)“နိုင်ငံတကာ့သီချင်း”မှာ “ထလော့ အငတ်ဘေးကျရောက်သူ တို့တတွေ”လို့ အစချီခဲ့တာကိုး။ တကယ်တော့ ကျွန်မတို့ဗမာပြည်သူတွေ အငတ်ဘေးကျနေတာ ကြာလည်း ကြာလှပေါ့။ ဘက်လည်း စုံလှပေါ့။ စားရေးသောက်ရေး၊ နေရေးထိုင်ရေးတွေသာမက ကျန်းမာရေး၊ ပညာရေး၊ ယဉ်ကျေးမှုစတဲ့နယ်ပယ်စုံမှာ ချွတ်ခြုံကျမှုကိုအကောင်းဆုံးဖော်ပြနေတာကတော့ ကမ္ဘာ့အလယ်မှာ ဗမာပြည်ဟာ“ဖွံ့ဖြိုးမှုအနိမ့်ဆုံးနိုင်ငံ”ဖြစ်နေတာ အနှစ်(၃ဝ)နီးပါး ရှိနေမှုပါပဲ။
ဒီတော့ ကျွန်မတို့တတွေအားလုံး အကြောင်းရင်းကို ရှာဖွေလာကြပါတယ်။ တရားခံကတော့ “စစ်အာဏာရှင်စနစ်” ဖြစ်တယ်ဆိုတာ တညီတည်း တွေ့ရှိခဲ့ကြပါတယ်။ တပြည်လုံး (အုပ်စိုးသူ စစ်အုပ်စုအပါ) ဒီစနစ်ကိုပြုပြင်ဖို့ လုပ်ဆောင်လာကြပါတယ်။ သူတို့ကတော့ အပေါ်ယံသဏ္ဍာန်ပြောင်းလဲမှုကို လုပ်ပြချင်တာသာဖြစ်ပြီး ကျန်သူတွေကတော့ အနှစ်သာရအရပါပြောင်းလဲချင်တာပါ။ ဒီပဋိပက္ခကို ရေရှည် နည်းလမ်းပေါင်းစုံရှာဖွေပြီး တိုက်ပွဲဆင်ဖြေရှင်းရမှာပါ။ ကျွန်မတို့ ရှေ့လျှောက်ရဦးမယ့်ခရီးဟာ ရှည်လည်းရှည် ကြမ်းလည်းကြမ်းပါတယ်။ ပြည်သူ့အကျိုးမှတပါး အခြားမရှိသူများအဖို့ ဒီလိုအချိန်မှာ နေ့တဓူဝလုပ်ဆောင်ရမယ့်တာဝန်တရပ်ရှိပါတယ်။ မိမိကိုယ်ကိုလည်း ပြုပြင်တည်ဆောက် ဘေးပတ်ဝန်းကျင်ကလူများကိုလည်း ကူညီတည်ဆောက်ပေးဆိုတဲ့တာဝန်ပါ။

ဒီလိုတာဝန်ကို ကိုမျိုးမြင့်ဟာ ဒုက္ခိတတန်မဲ့နဲ့ အလွန်တာဝန်ကျေစွာ ထမ်းဆောင်နေပါတယ်။ တမင်းမဝလို့ စစ်ထဲလိုက်ခဲ့တဲ့ကိုမျိုးမြင့်ဟာ ပြည်တွင်းစစ်နဲ့စစ်အာဏာရှင်စနစ်ကပေးလိုက်တဲ့ သေရာအထိပါသွားမယ့်ဒဏ်ရာဒဏ်ချက်ကို သူကိုယ်တိုင် ဘဝနဲ့ရင်းပြီး ခါးသည်းစွာ ခံစားရအပြီးမှာ ဒီတခါတော့ သူ့အတွက်မဟုတ်ဘဲ တပြည်လုံးပြည်သူတွေ ထမင်းဝရာဝကြောင်းလမ်းရှာရင်းက သူဘဝပေးအသိနဲ့ ပြည်သူတရပ်လုံးရဲ့ ရှစ်လေးလုံးစစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလမ်းကြောင်းပေါ် ရောက်လာခဲ့တာပါ။

အခုတော့ သူကလေ့လာရေးတွေ အပတ်တကုတ်လုပ်ပြီး ရရှိချက်တွေဖြစ်တဲ့ (သူ့)အတွေးအမြင်သစ်တွေကို အဆက်မပြတ် ဖြန့်ဝေ ပေးနေတာပါ။ သူ့အရေးအသားတွေကလည်း တိုတိုတုတ်တုတ်နဲ့ ထိမိပြီးနားလည်လွယ်တဲ့ အရေးအသားပါ။
သူ့ဘလော့ဂ်ကွန်ရက်ကိုဖွင့်ကြည့်ရင် သူ့ရဲ့လုံ့လဝိရိယကြီးမှုကို မြင်နိုင်ပါတယ်။ တခြား လူမှုရေးလုပ်ငန်းတွေ လုပ်ဆောင်နေတာကိုလည်း ကြားနေရပါတယ်။ ဒါကြောင့်ပဲ သူ့ရဲ့စေတနာဇွဲလုံ့လ လုပ်ဟန်ကောင်းတွေကို လေးစားထောက်ခံတဲ့အနေနဲ့ ဒီအချက်တွေစိမ့်ဝင်ဖော်ပြနေတဲ့ သူ့ရဲံဆောင်းပါးတွေကို စုပေါင်းထုတ်ဝေလိုက်တဲ့စာအုပ်အတွက် ကျွန်မ ဒီအမှာစာကို ဂုဏ်ယူဝမ်းမြောက်စွာနဲ့ ရေးသားလိုက်ပါတယ်။ ကိုမျိုးမြင့်တယောက် ကျန်းမာစွာနဲ့ ဒီလိုမျိုးဆောင်းပါးတွေ အဆက်မပြတ်ရေးနိုင်ပြီး ပြည်သူတွေကိုမျှဝေနိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။
လှကျော်ဇော။
၁၅ ရက် ၁ လ ၂ဝ၁၅