Friday, December 10, 2021

ပညာတတ်များ-အနုပညာရှင်များနဲ့နိုင်ငံရေးလူမှုရေး

0 comments
ပညာတတ်များ-အနုပညာရှင်များနဲ့နိုင်ငံရေးလူမှုရေး (တွိုင်ဘီ-အီကေဒါ ဆွေးနွေးခန်း၊ မြသန်းတင့်နှင့် မောင်သာမည)
ဆရာမြသန်းတင့်နဲ့မောင်သာမညတို့ဘာသာပြန်ခဲ့တဲ့ (တွိုင်ဘီ-အီကေဒါဆွေးနွေးခန်း) စာအုပ်ပါ အသိပညာကဏ္ဍထဲ က (ပညာတတ်များ-အနုပညာရှင်များနဲ့နိုင်ငံရေးလူမှုရေး) အခန်းဖြစ်ပါတယ်။
(တွိုင်ဘီကိုယ်ရေးအကျဉ်း- အာနိုး၊ ဂျေ၊ တွိုင်ဘီ။ ၁၈၈၉ လန်ဒန်မြို့ဖွား။ အောက်စဖို့နဲ့ဝင်ချက်စတာတို့က ရှေးဂရိနှင့် ရောမစာပေအနုပညာဘွဲ့ရ။ ၁၉၁၉-၁၉၂၄ ထိ လန်ဒန်တက္ကသိုလ် သမိုင်းပါမောက္ခ။ ၁၉၁၂-၁၉၉၅ ထိ တော်ဝင် တက္ကသိုလ် နိုင်ငံတကာလေ့လာရေးဋ္ဌာန ညွှန်မှူး၊ ၁၉၃၄-၁၉၆၁ အတွင်း ၁၂ တွဲရှိ သမိုင်းလေ့လာခြင်း ကျမ်းကြီး ထုတ်ဝေ။ အထူးကျော်ကြား။ ဘာသာပေါင်းမြောက်များစွာဖြင့်ဘာသာပြန်ခံရ။း ၁၉၇၅ အသက် ၈၆ အရွယ်တွင် ကွယ်လွန်)
(အီကေဒါကိုယ်ရေးအကျဉ်း- ဒိုင်စကု အီကေဒါ၊ ၁၉၂၈ တိုကျိုဖွား။ ဒဿနိက၊ နိုင်ငံရေး၊ စာပေ၊ အနုပညာ၊ ဘောဂဗေဒ၊ ဥပဒေ၊ ဓာတုဗေဒနှင့်အခြားပညာရပ်များလေ့လာ။ ၁၉၆၀ ဆိုကာဂက်ကိုင်း(ဂျပန်ဗုဒ္ဓဘာသာအဖွဲ့ချုပ်) ဥက္ကဋ္ဌ။ တက္ကသိုလ်တခုအပါအဝင် အထက်တန်းကျောင်းပေါင်းများစွာ တည်ထောင်ခဲ့သူ။ ဖူဂျီအနုပညာပြတိုက် ထူထောင်သူ။ ပညာရေးသုတေသနအရှေ့တိုင်းဋ္ဌာန၊ မီနန်အကအဖွဲ့နှင့် ဆေကျိုထုတ်ဝေရေးလုပ်ငန်းထူထောင်သူ။ ကဗျာ၊ သိပ္ဗံ၊ နိုင်ငံရေး၊ ယဉ်ကျေးမှုစသည့်ကျမ်းပေါင်း ၄၀ ကျော်ပြုစုခဲ့။ ခြောက်တွဲရှိ ဗုဒ္ဓအဘိဓမ္မာစွယ်စုံကျမ်း ထုတ်ဝေရေးကြီးကြပ်သူ။ သူ့ကျမ်းများအား ဘာသာပေါင်းမြောက်များစွာ ဘာသာပြန်ခံရ)
အီကေဒါ- တချို့လူတွေက လက်ရှိလူမှုရေးနိုင်ငံရေးပြဿနာတွေထဲမှာ တက်တက်ကြွကြွစိတ်ပါဝင်စားတဲ့ ပညာတတ်တွေ၊ စာရေးဆရာတွေ၊ အနုပညာသည်တွေကိုသဘောမကျကြဘူး။ ပညာတတ်ပညာရှင်တွေ၊ အနုပညာ ရှင်တွေဟာ နိုင်ငံရေးပြဿနာတွေထဲမှာ ပါဝင်ပတ်သက်လာရင် သူတို့ရဲသန့်ရှင်းစင်ကြယ်မှုနဲ့ ရိုးသားဖြောင့်မတ်မှုတွေ ဆုံးရှူံးသွားတတ်တယ်ဆိုတဲ့အယူအဆထဲမှာ အမှန်တရားတချို့ရှိတာဟုတ်ပါတယ်။ ဒါပေမယ့် လူဆိုတာလူ့အဖွဲ့ အစည်းနဲ့ သီးခြားခွဲပြီးမနေနိုင်တဲ့အတွက်ကြောင့် ကျနော်တို့အားလုံးဟာ နိုင်ငံရေးနဲ့ တနည်းနည်းပတ်သက်နေရတာ ချည်းပါပဲ။ မပတ်သက်ပဲနေလို့မရပါဘူး။ တောမှီရသေ့တပါးလို တကိုယ်တော်နေထိုင်လို့မရတဲ့အဖြစ်ဟာ ခေတ်သစ် လူသားရဲ့ကံကြမ္မာပဲဖြစ်ပါတယ်။ ဆင်စွယ်နန်းမြင့်မှာနေထိုင်တဲ့ ဒါမှမဟုတ် ပြင်ပကမ္ဘာနဲ့အဆက်ပြတ်နေတဲ့အလုပ်ခန်း တခုထဲမှာနေထိုင်တဲ့ ပညာတတ်တွေနဲ့အနုပညာရှင်တွေဟာ တကယ်အရေးပါတဲ့အလုပ်ကို လုပ်နိုင်မှမဟုတ်ပါဘူး။
တွိုင်ဘီ- ပညာတတ်တယောက် ဒါမှမဟုတ် အနုပညာရှင်တယောက်မဖြစ်ခင်မ ပထမဆုံးအနေနဲ့ လူသား တယောက်ဖြစ်ရပါမယ်။ လူသားမဟုတ်ပဲ ပညာတတ်ဖြစ်လို့မရဘူး။ လူမဟုတ်ပဲ အနုပညာရှင်ဖြစ်လို့မရဘူး။ လူဆိုတာ လူအချင်းချင်းအပြန်အလှန်ဆက်ဆံမှုပြုတဲ့ လူမှုရေးသတ္တဝါတစ်မျိုးပါ။ လူသားဟာ လူ့ဘဝရဲ့ပြဿနာတွေ ထဲမှာ ပါဝင်ပတ်သက်နေရသလို ကိုယ့်ခေတ်ကာလ ကိုယ့်နေရာဒေသနဲ့သာ သီးခြားသက်ဆိုင်တဲ့ပြဿနာတွေထဲ မှာလည်း ပါဝင်ပတ်သက်နေရပါတယ်။ လူသားအားလုံးနဲ့သက်ဆိုင်တဲ့ ရေရှည်ပြဿနာတွေကို မသိကျိုးကျွံပြုတဲ့ ပညာတတ်တယောက် ဒါမှမဟုတ် အနုပညာရှင်တယောက်ဟာ ကိုယ့်ကိုယ်ကို ရှင်လျှက်နဲ့သေစေမှာပဲ။ ဘယ်လို အတွေးအမြင်သစ် အယူအဆသစ်ကိုမှ တွေးခေါ်ကြံစည်နိုင်မှမဟုတ်တော့ဘူး။ သည်လို မသိကျိုးကျွံလုပ်မိတာဟာ စိတ်ဝင်စားမှုမရှိလို့ လုပ်မိတာဖြစ်ဖြစ် သူဟာ စိတ်ကူးညာဏ်ကွန့်မြူးဝေဆာခြင်း မရှိတော့ပါဘူး။ လူသားစွမ်းအား တွေကိုစုပုံထားပြီး ကိုယ့်ခေတ်ကာလ ကိုယ့်နေရာဒေသရဲ့ပြဿနာတွေကိုတော့ လျစ်လျူထားတဲ့တွေးခေါ်ရှင်ကြီးတွေ အနုပညာရှင်ကြီးတွေရှိခဲ့ပါတယ်။ ပလေတိုဟာ သူ့ဇာတိအေသင်မြို့မှာနေထိုင်ရတာကို သဘောမတွေ့ခဲ့ပါဘူး။ ဒါကြောင့် သူစိမ်းလို ခတ်ခွာခွာနေခဲ့ပါတယ်။ ဂျာမနီနဲ့နပိုလီယန်နဲ့ ထိပ်တိုက်တွေ့ဆုံမှုဟာ ဂျာမနီနိုင်ငံရဲ့ သမိုင်း အလှည့်အပြောင်းတခုဖြစ်တယ်ဆိုတာ ဂျာမန်သားကဗျာဆရာကြီးဂိုထေ သိမြင်ခဲ့ပေမယ့် သည်ထိပ်တိုက်တိုးမှုထဲမှာ နိုင်ငံရေးအရရော စိတ်ခံစားမှုအရပါ ပါဝင်ခဲ့ခြင်းမရှိပါဘူး။ သူတို့နဲ့ ဖြောင့်ဖြောင့်ဆန့်ကျင်သူတွေကတော့ မာ့က်စ်နဲ့ လီနင်တို့ပဲဖြစ်ပါတယ်။ မာ့က်စ်နဲ့လီနင်တို့ဟာ ကိုယ့်ခေတ်ကိုယ့်ဒေသရဲ့ပြဿနာတွေအပေါ် ပြင်းပြင်းပြပြ စိတ်ပါဝင်စားခဲ့ကြပါတယ်။ ထက်ထက်သန်သန်ပါဝင်ပတ်သက်ခဲ့ကြပါတယ်။ မာက်စ်ဆိုရင် သူ့ရဲ့ဒဿန အတွေးအခေါ်ကို နိုင်ငံရေးမှာလက်တွေ့အသုံးချဖို့အတွက် စီမံချက်တခုအဖြစ်ပြောင်းလဲခဲ့တဲ့အထိပါပဲ။ လီနင်ဆိုရင်လည်း ရုရှားနိုင်ငံရဲ့ အာဏာကိုအရသိမ်းပြီး အဲဒီအာဏာကိုရုရှတော်လှန်ရေးကြီးဖြစ်အောင် အသုံးချခြင်းအားဖြင့် မာက်စ်ရဲ့စီမံချက်ကို ရုရှပြည်မှာ လက်တွေ့အကောင်အထည်ဖော်ခဲ့တဲ့အထိပါပဲ။
အီကေဒါ- ဆော့ခရတ္တိ၊ ပလေတို၊ ရူးဆိုး၊ ဂိုထေ၊ မာက်စ်၊ လီနင်နဲ့ ဒိုစတောယက်စကီးတို့လို အလွန်ထူးချွန်ပြောင် မြောက်တဲ့တွေးခေါ်ရှင်တွေ၊ စာရေးဆရာတွေဟာ သူတို့ရဲ့အယူအဆအိုင်ဒီယာတွေနဲ့ လူ့သမိုင်းရဲ့အကြောင်းကို ပြောင်းလဲပစ်ခဲ့ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ဟာ လူ့ပြဿနာတွေထဲမှာ တက်တက်ကြွကြွပါဝင်ပတ်သက် ခဲ့ကြတာကိုး။ သူတို့ဟာ သူတို့ခေတ်မှာကြီးစိုးနေတဲ့ အတွေးအခေါ်အယူအဆတွေကို ဝေဖန်ခဲ့ကြတယ်။ အဲဒီအတွေး အခေါ်အယူအဆတွေထက်သာလွန်တဲ့ အတွေးအခေါ်အယူအဆတွေကို ဖော်ထုတ်ပြခဲ့ကြတယ်။ ပညာရှင်တွေက စာတမ်းရေးပြီး ကျောင်းသားတွေကို ဟောပြောပို့ချတဲ့အခါ ဒါမှမဟုတ် စာရေးဆရာတွေက သူတို့ရေးသားချက်တွေကို ထုတ်ဝေတဲ့အခါ ဒါမှမဟုတ် အနုပညာရှင်တွေက သူတို့လက်ရာတွေကို ထုတ်ဖော်တင်ပြတဲ့အခါ ဘဝတူလူသားတွေ ကို သူတို့ရဲ့အတွေးအခေါ်အယူအဆနဲ့ ရည်ရွယ်ချက်တွေ ပေးဆက်နေတာပါ။ သည်နည်းနဲ့ သူတို့ဟာ လူ့အဖွဲ့အစည်း နဲ့နိုင်ငံရေးအပေါ် သြဇာသက်ရောက်နေပါတယ်။ အနုပညာလက်ရာတခု ဒါမှမဟုတ် စာတမ်းတခုဟာ ကြီးကျယ်လာ တာနဲ့အမျှ သူ့ခေတ်ကာလအပေါ်မှာ သက်ရောက်တဲ့သြဇာကလည်း ပိုကြီးပါတယ်။ ကြီးမားတဲ့နိုင်ငံရေးပြောင်းလဲမှု အတွက် ပိုပြီး လမ်းခင်းပြင်ဆင်ပေးနိုင်ပါတယ်။ ပညာတတ်တွေ အနုပညာရှင်တွေအနေနဲ့ နိုင်ငံရေးကိုစိတ်ဝင်စားပြီး ကိုယ့်ခေတ်ရဲ့အခြေအနေတွေကိုပြုပြင်ရေးမှာ တက်တက်ကြွကြွပါဝင်ပတ်သက်ခြင်းဟာ မမှားယွင်းပါဘူး။ ဒါပေမယ့် အာဏာနဲ့ကျူးလွန်တတ်တဲ့မကောင်းမှုတွေထဲမှာ ကိုယ့်ရဲ့စိတ်ဝိညာဉ်ကိုအဆုံးရှုံးခံပြီး ကိုယ့်ကိုယ်ကိုရောတခြားသူ တွေကိုပါ ဖျက်ဆီးမိလိုက်တဲ့အထိ နိုင်ငံရေးမှာအတွင်းကျကျပါဝင်ပတ်သက်မှုမျိုးကိုလည်း ရှောင်ရှားဖို့ကတော့ အရေးအကြီးဆုံးပါပဲ။
တွိုင်ဘီ- ပညာတတ်တွေအနုပညာရှင်တွေဟာ ကိုယ့်ခေတ် ကိုယ့်ဒေသရဲ့ပြဿနာတွေနဲ့ပတ်သက်ရာမှာ မှန်ကန်တဲ့ လမ်းကတော့ အလယ်အလတ်လမ်းဖြစ်တယ်ဆိုတာကို ကျနော်သဘောတူပါတယ်။ သည်ပြဿနာတွေနဲ့ လုံးလုံးကင်းကွာရမှာမဟုတ်သလို သည်ပြဿနာတွေထဲမှာ လုံးလုံးပါဝင်ပတ်သက်ရမှာလည်း မဟုတ်ပါဘူး။ သည်လို အလယ်အလတ်လမ်းကိုတွေ့ရှိသွားတဲ့ စာပေသမားတွေကို ပုံစံထုတ်ပြရမယ်ဆိုရင် ကျနော်ကတော့ ၁၉ ရာစု ရုရှစာရေးဆရာကြီးများဖြစ်တဲ့ တာဂီနက်၊ ဒေ့စတိုယက်စကီးနဲ့တော်စတွိုင်းတို့ကိုရွေးထုတ်ပါမယ်။ အလယ်အလတ် လမ်းကိုတွေ့ခဲ့တဲ့ တွေးခေါ်ရှင်တွေအနေနဲ့ကတော့ စတိုးယစ်ဒဿနဂိုဏ်းကိုတည်ထောင်သူ ဇင်နိုနဲ့ဧပီကျူးရပ်စ်ကို ရွေးထုတ်ပါမယ်။ မြို့ပြနိုင်ငံတွေက ဂရိလူမျိုးတွေရဲ့ဘဝအတွက် လူမှုရေးနဲ့ကိုယ်ကျင့်တရားအရ ကျေနပ်အောင် မလုပ်ပေးနိုင်တဲ့ခေတ်ကာလမှာ သည် ဂရိတွေးခေါ်ရှင်နှစ်ဦး ပေါ်ထွန်းခဲ့တာပါ။ ဂရိတွေဟာ ကိုယ့်ကိုယ်ကိုပြန်ကြည့် တဲ့အခါ စိတ်ဓါတ်ရေးရာ ချွတ်ခြုံကျနေကြောင်း သိခဲ့ကြပါတယ်။ ဇင်နိုနဲ့ဧပီကျူးရပ််တို့က သူတို့ခေတ်ပြိုင် ဂရိလူမျိုးတွေအတွက် အမြင်သစ်အတွေးသစ်တွေ ဖော်ထုတ်ဖန်တီးခဲ့ကြတယ်။ သည်လိုနဲ့ ဂရိလူမျိုးတို့ရဲ့ ရိုးရာအဖွဲအစည်းဖြစ်တဲ့ မြို့ပြနိုင်ငံပြိုကွဲပျက်စီးသွားပြီးတဲ့နောက်မှာ ဂရိလူမျိုးတို့ရဲ့ဘဝကို ဆက်လက်ရှင်သန်နိုင်အောင် လုပ်ပေးခဲ့တယ်။
အီကေဒါ- အလယ်အလတ်လမ်းဟာ အကောင်းဆုံးပါပဲ။ ဒါပေမယ့် လက်တွေ့ကျင့်သုံးတဲ့အခါ အလယ်အလတ် လမ်းဟာ လျှောက်ဖို့အလွန်ခက်ပါတယ်။ အလယ်အလတ်လမ်းကို မလျှောက်နိုင်ခဲ့တဲ့ ပညာတတ်တွေအနုပညာရှင် တွေဟာ အာဏာရဲ့သားကောင်အဖြစ်ကို မကြာခဏကျရောက်သွားကြပါတယ်။ ဒီလိုနဲ့ အကျိုးဆက်အားဖြင့် ကိုယ့်ရဲ့ ဖန်တီးမှုအလုပ်တွေမပေါက်ဖွားလာအောင် ကိုယ့်ဘာသာတားဆီးပိတ်ပင်မိသွားကြတယ်။ သည်လိုအဖြစ်မျိုးတွေ သိတ်များလွန်းတာကြောင့် နိုင်ငံရေးနဲ့အာဏာကြားက ဆက်စပ်မှုအပေါ် စိုးရိမ်စိတ်တွေ ဖြစ်ပွားလာရတာပါ။ နိုင်ငံရေး အတွင်းပါဝင်နေကြတဲ့ ပညာတတ်တွေအနုပညာရှင်တွေအနေနဲ့ သည်လိုအခက်အခဲတွေကြားမှာ ဘယ်လိုခြေလှမ်းမျိုး တွေလှမ်းသင့်တယ်လို့ ဆရာကြီးထင်ပါသလဲ။
တွိုင်ဘီ- (အထက်တန်းစားမှန်လျှင် သူတပါးကိုကူညီရမည်)ဆိုတဲ့ ပြင်သစ်စကားပုံဟာ ပညာတတ်တွေ အနုပညာ ရှင်တွေအတွက် အလွန်မှန်ကန်တဲ့ ကျင့်ဝတ်စည်းမျဉ်းတခုလို့ ကျနော်မြင်ပါတယ်။ တခုတော့ရှိတယ်။ အထက်တန်း စားဆိုတာ မင်းစိုးရာဇာမျိုးရိုးကို ဆိုလိုတာမဟုတ်ပဲ လူသားဆန်တဲ့စိတ်ဓါတ်ကို ဆိုလိုတာတော့ ဖြစ်ရပါမယ်။ လူသား တယောက်ရဲ့အတွင်းမှာ အစိတ်အပိုင်းတရပ်အနေနဲ့ပါဝင်တဲ့ ကိုယ်ကျင့်တရားဆိုင်ရာ ဝတ္တရားတွေကိုပြောတာပါ။ သာမန်မျိုးရိုးကပေါက်ဖွားတဲ့ ဆော့ခရတ္တိဟာ မှူးမတ်မျိုးရိုးကဆင်းသက်လာတဲ့ သူ့တပည့်ပလေတိုလိုပဲ လူသားအား လုံးနဲ့သက်ဆိုင်တဲ့ ရေရှည်ပြဿနာကြီးတွေကို အဓိကအာရုံစိုက်ခဲ့ပါတယ်။ ဒါပေမယ့် ပလေတိုနဲ့မတူတာက ဆော့ခရတ္တိဟာ သူနေထိုင်ရာအေသင်မြို့ပြနိုင်ငံရဲ့ နိုင်ငံရေးဘဝအတွင်းမှာလည်း ပါဝင်ခဲ့တဲ့အချက်ပါပဲ။ ဆော့ခရတ္တိဟာ အငြင်းပွားမှုဖြစ်စေတဲ့နိုင်ငံရေးကိစ္စတွေထဲ ပါဝင်ပတ်သက်တာမျိုး လုပ်လေ့လုပ်ထမရှိပေမယ့် လူကြိုက်မများလှတဲ့ နိုင်ငံရေးလမ်းစဉ်တခုကို ကိုင်စွဲဖို့လိုအပ်လာပြီလို့ သူထင်ရင်တော့ သည်လိုလုပ်ရပ်မျိုးကို သူရဲ့နိုင်ငံရေးတာဝန်တရပ်အဖြစ်စဉ်းစားဖို့ ဝန်လေးခြင်းမရှိပါဘူး။ တခါကဆိုရင် လူကြိုက်သိတ်မများပေမယ့် ကိုယ်ကျင့်တရားအရ မှားယွင်းတဲ့လှုပ်ရှားမှုတခုကို အေသင်လူထုအစည်းအဝေးမှာ လူသိရှင်ကြားဆန့်ကျင်မဲပေးခဲ့ ပါတယ်။ ကိုယ့်ဟောပြောချက်တွေက စာရိတ္တပျက်ယွင်းတဲ့ဟောပြောချက်တွေပါလို့ ကိုယ့်ယုံကြည်ချက်နဲ့ အမှန်တရားကိုဆန့်ကျင်ပြီးဝန်ခံမယ့်အစား သေဒဏ်ကျခံဖို့ပဲ သူရွေးချယ်ခဲ့ပါတယ်။ သူ့အပေါ်သေဒဏ်ချမှတ်ပြီး တဲ့နောက်မှာ နိုင်ငံရပ်ခြားမှာသွားရောက်ခိုက်မို့ အခွင့်အရေးကိုရယူဖို့လည်း သူပြင်းထန်ခဲ့ပါတယ်။ နိုင်ငံရေးထဲပါဝင်ဖို့ ကြိုးစားနေတာလည်းမဟုတ် ရှောင်ရှားဖို့ကြိုးစားနေတာလည်းမဟုတ်တဲ့ ဆော့ခရတ္တိရဲ့အကျင့်အကြံဟာ ပညာတတ် တယောက် အနုပညာရှင်တယောက်အတွက် မှန်ကန်တဲ့အကျင့်အကြံလို့ ကျနော်ထင်ပါတယ်။
အီကေဒါ- ဆော့ခရတ္တိရွေးချယ်တဲ့အလယ်အလတ်လမ်းနဲ့ ဂေါတမဗုဒ္ဓရွေးချယ်တဲ့အလယ်အလတ်လမ်းကို နှိုင်းယှဉ် ကြည့်တဲ့အခါ ဘဝရှင်သန်နည်းတခုအနေနဲ့ဆိုရင် ဆော့ခရတ္တိရဲ့နည်းကို ကျနော်သဘောမကျပါဘူး။ မင်းညီ မင်းသားတပါးအဖြစ်မွေးဖွားလာခဲ့တဲ့ သိဒ္ဓတ္ထဂေါတမဟာ အလွန်ခံစားမှုပြင်းထန်ထက်မြက်တဲ့ လူငယ်တယောက် ဖြစ်တာကြောင့် နိုင်ငံရေးလုပ်မယ်ဆိုရင် မဟာဂရုဏာတွေနဲ့ပြည့်နေတဲ့ နိုင်ငံတော်အုပ်ချုပ်ရေးအဖွဲ့တခုကို တည်ထောင်နိုင်ခဲ့ပါမယ်။ ဒါပေမယ့် လူ့လောကကြီးကို ဆင်းရဲဒုက္ခမှကင်းလွတ်အောင် နိုင်ငံရေးကရော စီးပွားရေးကပါ မတတ်နိုင်ဘူးဆိုတဲ့အချက်ကို လင်းလင်းရှင်းရှင်း သဘောပေါက်သွားတဲ့အတွက်ကြောင့် ရဟန်းသာမဏေတို့ရဲ့ လမ်းစဉ်နောက်ကိုပဲလိုက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဂေါတမဗုဒ္ဓဟာ နိုင်ငံရေးကို စိတ်မဝင်စားတာယမဟုတ်ပါဘူး။ ဗောဓိညာဏ်ရရှိပြီးတဲ့နောက်မှာပင် သူ့ရဲ့ဆွေမျိုးသားချင်း မင်းစိုးရာဇာများနဲ့သူကြွယ်တွေကို ဆက်လက်ဟောကြား နေခဲ့ပါတယ်။ သည်လူတွေဟာ ရှေးဟောင်းအိန္ဒိယဒေသရဲ့ မြို့ပြနိုင်ငံများအတွင်းမှာ သြဇာအာဏာရှိကြသူများ ဖြစ်ပါတယ်။ ဗုဒ္ဓဟာ သူ့ရဲ့တရားဓမ္မတွေကို နိုင်ငံရေးလုပ်ငန်းတွေရဲ့ သဘောတရားရေးအခြေခံအဖြစ်ချမှတ်ဖို့ ရည်ရွယ်မျှော်မှန်းပြီး သည်လူတွေကို ဟောကြားခဲ့တာဖြစ်ပါတယ်။ ဗုဒ္ဓရဲ့အမြင့်ဆုံးရည်မှန်းချက်ကတော့ နိုင်ငံရေး ကိုကျော်လွန်ပြီး လူ့လောကကို သုခချမ်းသာဆီပို့ဆောင်ပေးမယ့် လမ်းတလမ်းထူထောင်ရေးပဲဖြစ်ပါတယ်။ ဗုဒ္ဓရဲ့ ဘဝသက်တမ်းတလျှောက်နဲ့ ဗုဒ္ဓဘာသာရဲ့သမိုင်းတလျှောက်လုံးမှာ နိုင်ငံရေးခေါင်းဆောင်တွေဟာ ဗုဒ္ဓဘာသာဝင် တွေအပေါ် နှိပ်ကွပ်ခဲ့တာမရှိပါဘူး။ ထူးခြားတာက ဗုဒ္ဓဘာသာဝင်တွေဟာ နိုင်ငံရေးအာဏာရှင်တွေနဲ့ ပတ်သက်ရတဲ့ အခါမျိုးမှာ နိုင်ငံရေးအာဏာကိုရည်မှန်းတဲ့အဆင့်ကနေ ပတ်သက်တာမျိုးမဟုတ်ပဲ သည့်ထက်ပိုမိုမြင့်မားတဲ့အဆင့် ကနေ ပတ်သက်တာဖြစ်ပါတယ်။
ဆော့ခရတ္တိကတော့ ဗုဒ္ဓနဲ့မတူပါဘူး။ သူ့ရဲ့အယူအဆတွေကို ခုခံကာကွယ်ရာမှာ မြို့ပြနိုင်ငံကအာဏာရှိသူ တွေကို ထိပ်တိုက်ရင်ဆိုင်ခဲ့ပါတယ်။ အညံ့ခံအလျှော့မပေးပဲ သေခြင်းတရားကိုရွေးချယ်ခဲ့ပါတယ်။ သူ့ရဲ့ထူးခြားတဲ့ သေဆုံးပုံကြောင့်ပဲ နောက်ပိုင်းရာစုနှစ်များအပေါ်မှာ သူ့အတွေးအခေါ်တွေရဲ့သြဇာဟာ ပိုမိုကြီးမားလာတာဖြစ်နိုင်ပါ တယ်။ ဗုဒ္ဓကတော့ ဆိုးဝါးလှတဲ့သေဆုံးပုံမျိုးကို ရင်ဆိုင်တွေ့ရအောင်ကိုယ့်ကိုယ်ကိုမလုပ်ခဲ့ပေမယ့် ဆော့ခရတ္တိရဲ့ သြဇာလိုပဲ ကြီးမားတဲ့သြဇာတရပ်ကို ရရှိခဲ့ပါတယ်။ ကျနော်ကတော့ ဆိုဆိုးရွားရွားသေဆုံးရဖို့ တမင်ရွေးချယ်လိုက် တာမျိုးကို အမှန်တရားအဖြစ်လက်မခံနိုင်ပါဘူး။ ဘာကြောင့်လည်းဆိုတော့ သည်လိုလုပ်ရပ်မျိုးက လူတွေအပေါ် နိုင်ငံရေးကိုမုန်သွားအောင် လှုံ့ဆော်ပေးလို့ပါပဲ။ နောက်ပြီး သည်လိုသေဆုံးမှုဖြစ်အောင် အဓိကလုပ်ဆောင်ခဲ့တဲ့ လူတွေအပေါ် မုန်းတီးအောင် လှုံ့ဆော်ပေးတာကြောင့်ပါ။ ဆော့ခရတ္တိနဲ့ဗုဒ္ဓကို ကျနော် ယှဉ်ကြည့်တဲ့အခါတွေ့ရတဲ့ အချက်ကတော့ ဆော့ခရတ္တိဟာ သူ့ကိုသေဒဏ်ပေးတဲ့ နိုင်ငံရေးအာဏာသမားတွေကိုရင်ဆိုင်ရာမှာ အဆင့်တူအနေ အထားနဲ့ရင်ဆိုင်ဖို့ရွေးချယ်ခဲ့ပါတယ်။ ဗုဒ္ဓရဲ့ချဉ်းကပ်နည်းကတော့ ကိုယ့်ကိုရန်လုပ်ဒုက္ခပေးမယ့်သူကို ပိုမိုမြင့်မားတဲ့ အဆင့်ကိုရောက်အောင် မြှင့်တင်ဖို့ကြိုးစားတဲ့နည်းဖြစ်ပါတယ်။ လောကီနယ်ထက်မြင့်တဲ့ လောကုတ္တရာနယ်ကို ရောက်အောင် မြှင့်တင်တဲ့နည်းပါ။ လောကုတ္တရာနယ်ပယ်မှာက ဆိုးရွားလှတဲ့ထိပ်တိုက်ရင်ဆိုင်တိုးမှုတွေ ပဋိပက္ခ ရန်ပွဲတွေဖြစ်ဖို့ မလိုအပ်ဘူးလေ။ ဗုဒ္ဓရဲ့ချဉ်းကပ်နည်းကို ကျနော်ပိုပြီးသဘောကျပါတယ်။
(အခြေအနေပေးလျှင် အခြားအခန်းများလည်း စာရိုက်တင်ပေးပါမယ်)
မျိုးမြင့်ချို
ဖေဖော်ဝါရီ ၅၊ ၂၀၁၂

0 comments:

Post a Comment