Saturday, December 4, 2021

ကားလ်မာ့က်စ်အနှစ်၂ဝဝ မွေးနေ့

0 comments
ကားလ်မာ့က်စ်အနှစ်၂ဝဝ မွေးနေ့
ရဲဘော်ဖိုးသံချောင်း
အရေးတော်ပုံဂျာနယ်၊ အတွဲ(၃) အမှတ်(၁) မှာ ဖော်ပြမယ့်ဆောင်းပါး
ဆိုဗီယက်ယူနီယံပြိုကွဲမှု၊ ဘာလင်တံတိုင်းဖျက်သိမ်းမှု စတာတွေပေါ်ပြီးနောက်မှာ “သမိုင်းနိဂုံးချုပ်ပြီ”၊ “ကွန်မြူ နစ်ဝါဒအဆုံးတိုင်သွားပြီ”စတဲ့ပြောမှုဆိုမှုတွေ ကမ္ဘာမှာသောသောညံခဲ့ပါတယ်။ ကမ္ဘာလို့ဆိုလိုက်တော့ ဗမာပြည်လည်း အပါလို့ဆိုရမှာပါ။ ဒါပေမဲ့ ဒီကနေ့ ကမ္ဘာ့နိုင်ငံရေး၊ အယူအဆရေး တွေမှာ လွှမ်းမိုးနေတဲ့မေးခွန်းက ကွန်မြူနစ်ဝါဒ ခေါင်းပြန်ထောင်မယ့်လက္ခဏာတွေ ဘာကြောင့်တွေ့နေကြရတာလဲဆိုတာပဲ ဖြစ်ပါတယ်။ ကားလ်မာ့က်စ်ရဲ့ အကြိမ်၂ဝဝ မြောက်မွေးနေ့အခမ်းအနားတွေကို တခုတ်တရကျင်းပကြပြီး ကွန်မြူနစ်ကြေညာစာတမ်းကို ပြန်အမွှန်းတင် နေကြတာကို နိုင်ငံရေးလောကသားတိုင်း သတိမပြုမိဘဲမနေနိုင်ကြပါဘူး။
မာ့က်စ်ရဲ့မွေးနေ့အထိမ်းအမှတ်ကိုကျင်းပရာမှာ သူ့မွေးရပ်ဂျာမနီထက်တောင် ကျယ်ပြန့်နက်ရှိုင်းတယ်လို့ဆိုနိုင်တဲ့ အင်္ဂလန်နိုင်ငံမှာ အဲဒီမေးခွန်းတွေကို သုတေသနပြုတာ၊ အမြင်ဖလှယ်တာတွေလုပ်ကြပြီး အင်တာနက်တွေ၊ စာအုပ်ဆိုင် တွေမှာလည်းအရမ်းပျံ့နှံ့နေခဲ့ပါတယ်။ ၂၉နှစ်အရွယ် ကားလ်မာ့က်စ်နဲ့ ၂၇နှစ်အရွယ်အိန်ဂယ်တို့ ၁၈၄၈ ခုနှစ်မှာထုတ်ဝေ ခဲ့တဲ့ကွန်မြူနစ်ကြေညာစာတမ်းဟာ ကမ္ဘာပေါ်မှာခရစ်ယာန်သမ္မာကျမ်းပြီးရင် အရောင်းရဆုံးစာအုပ်လို့အသိအမှတ် ပြုခံရပြီး ဒီနေ့မှာ ကွန်မြူနစ်ကြေညာစာတမ်း ဘာကြောင့်အသက်ဝင်အရေးပါနေရသေးတာလဲ ဆိုတာဟာ စိတ်ဝင် စားစရာ၊ ဆွေးနွေးချင်စရာ အကြောင်းအရာတခုဖြစ်နေပါတယ်။ ပြောရရင် လူ့သမိုင်းတလျှောက်ပေါ်ပေါက်ခဲ့တဲ့ ဘာသာရေးမဟုတ်တဲ့ အဘိဓမ္မာတွေထဲမှာ မာ့က်စ်ဝါဒလောက် ဘယ်ဟာမှ တာရှည်တည်တံ့၊ စွဲကိုင်သူများခဲ့တာ မရှိပါဘူး။
တချို့လူတွေမေးတတ်ကြတဲ့မေးခွန်းတခုက လွန်ခဲ့အနှစ်၂ဝဝ က မာ့က်စ်ဝါဒဆိုတာကြီးဟာ အများကြီးမတူပြောင်း လဲသွားတဲ့ဒီနေ့ခေတ်ကြီးထဲမှာ အသုံးဝင်သေးလို့လားဆိုတာဖြစ်ပါတယ်။ မှန်ပါတယ်၊ ဒုံးပျံ-ဂြိုဟ်တုတွေလွှတ်တင်တာ၊ အီလက်ထရွန်းနစ်ပညာထွန်းကားလာတာ။ အပြောင်းအလဲတွေများလှပါတယ်။ ဒါကို မာ့က်စ်ဝါဒီတွေက မငြင်းပါဘူး။ ဒါပေမဲ့ အရင်းရှင်စနစ်ရဲ့အနှစ်သာရလက္ခဏာတွေပြောင်းလဲသွားပြီလား။ ဒီနေ့ခေတ်အရင်းရှင်စနစ်နဲ့ မာ့က်စ်-အိန်ဂယ်တို့ ခေတ်ကအရင်းရှင်စနစ်အကြားမှာ အနှစ်သာရအရ ဘာများခြားနားပါသလဲ။ နိုင်ငံလွန်ကော်ပိုရေးရှင်းကြီးတွေ(transnational corporations)တွေ ပေါ်ပေါက်လာလို့ အလုပ်သမားလူတန်းစားမှာ သွေးစုပ်ခံရတာလျော့နည်းသွားသလား။ ကုလသမဂ္ဂလိုအဖွဲ့အစည်းတွေပေါ်လာလို့ နိုင်ငံကြီးတွေကနိုင်ငံငယ်တွေအပေါ် အနိုင်ကျင့်သွေးစုပ်တာတွေပပျောက် သွားသလား။ လူ့အဖွဲ့အစည်းထဲမှာ ဆင်းရဲချမ်းသာကွာဟမှုတွေ ကျဉ်းမြောင်းသွားသလား။ အရင်းရှင်စနစ်ကရော အလုပ်သမားတွေကိုသွေး မစုပ်ဘဲ ရပ်တည်-ကြီးထွား-ရှင်သန်လို့ရနေပြီလား။
ဒီတော့ တချို့သောသဘောတရားဆရာတွေက ကမ္ဘာကြီးပေါ်မှာ လူတန်းစားကွဲပြားမှု၊ နိုင်ငံရေးအစုကွဲပြားမှု၊ စစ်ရဲ့ ခြိမ်းခြောက်မှုတွေရှိနေသရွေ့ လူတွေဟာမာ့က်စ်ဝါဒကိုပြန်မျှော်နေကြလိမ့်ဦးမယ်လို့ ဆိုလာကြပါတယ်။ လူတွေရဲ့အမြင် မှာလက်ရှိအရင်းရှင်စနစ်အပေါ် မျှော်လင့်ချက်ကင်းမဲ့ရုံမက ဆိုးဝါးယုတ်မာတဲ့အုပ်စိုးသူတွေရဲ့ဖိနှိပ်မှုကို မတွန်းလှန်နိုင်ကြတဲ့ နိုင်ငံရေးအင်အားစုတွေကိုလည်း စိတ်ပျက်လာကြပါတယ်။ အိုင်ဖုန်းတွေ၊ ဖေ့စ်ဘုတ်တွေခေတ်စားလာတဲ့ဒီခေတ် မှာ လူတွေဟာသူတို့တွေ့ကြုံနေရတဲ့ စိတ်ပျက်စရာတွေကိုရင်ဆိုင်ဖို့၊ ဖြေရှင်းဖို့ ခိုင်ခံ့တဲ့အတွေးအခေါ်တွေကို ရှာဖွေချင် လာကြပါတယ်။ အဲတော့ မာ့က်စ်ဝါဒကိုပဲပြန်တွေ့ပါတယ်။ ဒီအတွက်အကြောင်းရင်းတခုကတော့ မာ့က်စ်ဝါဒက လူတွေကို အသေယုံကြည်ခိုင်း၊ လက်ခံခိုင်းတာမဟုတ်ဘဲ ဦးနှောက်လှုပ်ရှားခွင့်၊ ဆင်ခြင်လက်ခံခွင့်ကို ဦးစားပေးတယ်ဆိုတာဖြစ် မယ်ထင်ပါတယ်။
ကမ္ဘာကြီးလုံးနေသေးတယ်ပဲဆိုဆို၊ ပြားသွားပြီးပဲပြောပြော ကမ္ဘာမြေပြင်ပေါ်မှာ အနိမ့်အမြင့်မညီမျှမှုတွေ၊ အတိုက် အခိုက်ဆန့်ကျင်မှုတွေကတော့ တည်ရှိမြဲတည်ရှိမြဲဖြစ်တယ်ဆိုတာ ဘယ်သူမှမငြင်းနိုင်ကြဘူး။ ဖူကူယားမားရဲ့ သမိုင်း နိဂုံးချုပ်ပြီဆိုတာကြီးပေါ်ထွက်ပြီးလို့ ငါးနှစ်အကြာမှာပဲ ထိုင်းနိုင်ငံကစလိုက်တဲ့ အာရှတိုက်ရဲ့ဘဏ္ဍာရေးအကျပ်အတည်း
ကြီးပေါ်ပေါက်ခဲ့ပြီး၊ ၁၆နှစ်အကြာဖြစ်တဲ့၂ဝဝ၈ခုနှစ်မှာတော့ ဥရောပကအစ ကမ္ဘာအနှံ့အပြားမှာ အင်မတန်ဆိုးဝါးတဲ့ စီးပွားရေးကပ်ကြီးနဲ့ ကြုံတွေ့ခဲ့ကြရတာကို မှတ်မိကြလိမ့်မယ်ထင်ပါတယ်။ အဲဒီနောက်၂ဝ၁၁ခုနှစ်၊ စက်တင်ဘာ ၁၇ရက်နေ့မှာ ကမ္ဘာ့အရင်းရှင်ဌာနချုပ်ကြီးလို့ဆိုရမယ့် နယူးယောက်မှာ “ဝေါလ်လမ်းမကြီးကိုသိမ်းပိုက်ကြ”ဆိုတဲ့ လူထုဆန္ဒပြပွဲကြီးပေါ်ပေါက်ခဲ့ပါတယ်။ ဒါဟာဆိုဗီယက်ယူနီယံပြိုကွဲသွားလို့ အရင်းရှင်စနစ်ကိုတိုက်မယ့်လူတွေမရှိတော့ ဘူးလို့စိတ်ကူးယဉ်တဲ့လူတွေကို သတိပေးလိုက်တဲ့ခေါင်းလောင်းသံလို့ ဆိုရမှာပါ။ ၉-၁ဝ-၁၈နေ့ကအေရှားတိုင်းမ်စ် (Asia Times) ဝက်ဘ်ဆိုက်ပေါ်က “ကမ္ဘာ့စီးပွားရေးထိုင်းမှိုင်းမှုကြီးတခုရှေ့မှာစောင့်နေပြီလား”ဆိုတဲ့ဆောင်းပါးထဲမှာ “၂ဝဝဂခုနှစ်တုန်းကလို ကမ္ဘာ့စီးပွားရေးထိုင်းမှိုင်းမှုကြီးနဲ့ ကြံုတွေ့နိုင်စရာတွေရှိနေကြောင်း”အိုင်အင်မ်အက်ဖ် က ထုတ် ပြောတယ်လို့ ထောက်ပြထားပါတယ်။ အရင်းရှင်စနစ်ရဲ့ဒီသံသရာရှိ နေသေးသရွေ့ ဒီစီးပွားရေးထိုင်းမှိုင်းမှုတွေ၊ ကပ် တွေရဲ့ဒဏ်တွေကို ဆင်းရဲတဲ့နိုင်ငံတွေနဲ့ပြည်သူတွေဟာ ခံစားနေရဦးမှာပဲဆိုတာကို နားလည်သဘောပေါက် သူတွေ ကတော့ ဒီလို အခြေအနေဆိုးတွေ ကိုလက်ပိုက်ကြည့်မနေနိုင်ကြပါဘူး။ နည်းလမ်းရှာကြတာပါပဲ။ ဒီတော့လည်း ဒီစနစ်ဆိုးကြီးနဲ့ ဒီကပ်ဆိုးတွေခွဲခြားလို့မရကြောင်းထောက်ပြတဲ့ တခုတည်းသောသဘောတရားဖြစ်တဲ့ မာ့က်စ်ဝါဒကို ပြန်ချဉ်းကပ်ကြ တာဟာမဆန်းပါဘူးလို့ဆိုရမှာပါ။ ၂ဝဝ၈ ခုနှစ်အရင်းရှင်စနစ်စီးပွားရေးအကျပ်အတည်းကြီးတုန်းကဆို ရင် ဒီစာတမ်းကို ကိုးကားလိုက်ကြတာမှသည်းသည်းလှုပ်မျှမဟုတ်ပါလား။
ဒါနဲ့ပြောင်းပြန် ဓနရှင်သဘောတရားတွေကပ်ဆိုက်နေတာကို အထင်ရှားဆုံး တွေ့နိုင်နေပါတယ်။ အဲဒါက အဘိဓမ္မာနယ်ပယ်မှာဖြစ်ပါတယ်။ မှန်ပါတယ်။ ဓနရှင်အဘိဓမ္မာဆရာတွေထဲမှာ ဟော့ဘ်စ်(Hobbes)၊ လော့ခ်(Locke)၊ ကန့်(Kant)၊ ဟီဂယ်)(Hegel)စတဲ့ ထူးချွန်တဲ့ဘောဂဗေဒပညာရှင်၊ အဘိဓမ္မာဆရာတွေပေါ်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ သူတို့တတွေဟာ အရင်းရှင်စနစ်က လူသား တွေအကြားမှာနေရာယူခါစ တိုးတက်တဲ့လက္ခဏာဆောင်နေတုန်းကာလက ပေါ်ခဲ့တာဖြစ်ပါတယ်။ အရင်းရှင်စနစ်အတွက် ကောင်းကျိုးတွေပြုခဲ့ကြပါတယ်။ ဒါပေမဲ့ အရင်းရှင်စနစ်ဟာ နယ်ချဲ့ စနစ်အဖြစ်အဆင့်ပြောင်းသွားပြီးပေမယ့်လည်း ကပ်ဘေးတွေနဲ့ဒင်းကြမ်းဖြစ်ကာ ဆုတ်ယုတ်တဲ့အပိုင်းကို ရောက်လာတဲ့အခါမှာတော့ “ထူးချွန်တဲ့” အဘိဓမ္မာဆရာတွေကို မွေးထုတ်မပေးနိုင်တော့ပါဘူး။ သူတို့ရဲ့ဝါဒဖြန့်ယန္တရားတွေဟာ ဘယ်ခါကနဲ့မှမတူအောင် ကျယ်ပြန့်စွာဝါဒဖြန့်နေကြပေမယ့် ဒီစနစ်ကြီးကိုခြေမန်းကွင်းစွပ်ထားတဲ့ ဒီကပ်ဆိုးတွေအကြောင်းနဲ့ ဒီကပ်ဆိုးတွေက လွတ်မြောက်ဖို့နည်းလမ်း စတာတွေကိုတော့ လူတွေလက်ခံယုံကြည်အောင် သူတို့မပြောနိုင်ကြတာအမှန်ပါပဲ။ သူတို့ ပြောတဲ့လွတ်လပ်တဲ့လုပ်ငန်း၊ ရင်းနှီးမြှုပ်နှံမှု၊ ဈေးကွက် စတာတွေကြောင့်ပဲ ဒီနေ့ကျွန်တော်တို့ နိုင်ငံရဲ့စီးပွားရေး ဟာ စုတ်ပြတ်သတ်နေပြီး ပြည်သူတွေဆင်းရဲနေကြတယ်ဆိုတာ ငြင်းလို့မရပါဘူး။
အင်္ဂလန်နိုင်ငံက ဂါးဒီးယန်းသတင်းစာကြီးထဲမှာပါတဲ့ဆောင်းပါးတပုဒ်မှာ ပြင်သစ်ကွန်မြူနစ်ပါတီရဲ့ သဘောတရား ပညာရှင်လည်းဖြစ်၊ ပါရီဝိဇ္ဇာတက္ကသိုလ်ကြီးတခုက အဘိဓမ္မာပါမောက္ခတဦးလည်းဖြစ်တဲ့ လူဝီအော်လ်သူဇာ (Louis Althusser)က မာ့က်စ်ဝါဒနဲ့ပတ်သက်လို့ရေးခဲ့တဲ့ဆောင်းပါးမှာ မာ့က်စ်ကို ဂရိအဘိဓမ္မာဆရာသေးလ်စ် (Thales)၊ အီတလီနက္ခတ္တဗေဒ နဲ့သင်္ချာပညာရှင် ဂယ်လီလီယို (Galileo) တို့နဲ့ အခုလိုကိုးကားထားပါတယ်။ “သေးလ်စ်က သချင်္ာ ပညာကို ဖော်ထုတ်လိုက်သလို၊ ဂယ်လီလီယိုက နက္ခတ္တပညာကိုဖော်ထုတ်လိုက်သလို မာ့က်စ်ကလည်းသမိုင်းကို ကံကြမ္မာရဲ့ဖန်တီးချက်၊ လူပုဂ္ဂိုလ်ကြီးတွေရဲ့လုပ်ဆောင်ချက်အဖြစ်ဖော်ပြနေတာတွေထဲကနေ လူတွေရဲ့လုပ်ဆောင်မှု ဖြစ်စဉ်အဖြစ်အသစ်ဖော်ထုတ်ရှင်းပြခဲ့ပါတယ်။ ခေတ်သစ်သမိုင်းခွဲခြမ်းစိတ်ဖြာမှုနဲ့ ရှေးဟောင်းယဉ်ကျေးမှုသုတေသန ပညာ(Archeology) က ခွဲခြမ်းစိတ်ဖြာမှုတွေဟာ မာ့က်စ်ရဲ့သုံးသပ်နည်းတွေအတိုင်းပဲ ခွဲခြမ်းစိတ်ဖြာကြတာပါ။ ဖိုကော်လ်တ်(Focault)ရဲ့ကနေ ဝေါ်လာစတိန်း(Wallerstein ) ရဲ့ ကမ္ဘာ့စနစ်များ သဘောတရားအထိ အားလုံးပဲ ဒီလမ်း ကိုလိုက်ကြတာဖြစ်ပါတယ်။”
မှန်ပါတယ်။ မာ့က်စ်နဲ့ပတ်သက်ပြီး နောက်လူတွေ ရင်သပ်ကြရတာရဲ့အကြောင်းတွေက သူနဲ့အိန်ဂယ်တို့နှစ်ဦးရဲ့ ကွန်မြူနစ်ကြေညာစာတမ်းနဲ့ အရင်းကျမ်းတို့မှာ ဟောကိန်းထုတ်ခဲ့တာတွေဟာ လက်တွေ့ဖြစ်ပေါ်နေလို့ဖြစ်ပါတယ်။ သူတို့ဟာ ကမ္ဘာ့စီးပွားရေးကပ်ကြီးတွေနဲ့ ဂလိုဘယ်လိုက်ဇေးရှင်းကိုဟောကိန်းထုတ်ခဲ့သလို လူ့အဖွဲ့အစည်းရဲ့ဖြစ်ပေါ် တိုးတက်မှုအဆင့်ဆင့် (ကမ္ဘာဦးလူသားအဆင့်ကနေ အရင်းရှင်စနစ်၊ ဆိုရှယ်လစ်စနစ်အထိ) ကိုလည်းခွဲခြမ်းစိတ်ဖြာပြခဲ့ ပါတယ်။
ဒီနေ့အခါမှာ ဗမာပြည်အပါအဝင် ကမ္ဘာပေါ်က ဖောက်ပြန်တဲ့အစိုးရတွေအဖို့ မာ့က်စ်ဝါဒဟာ သဘောတရားအရ အဓိက နံပတ်တစ်ရန်သူကြီးလို့သတ်မှတ်ထားတယ်ဆိုတာကို ပြန်ကြည့်လိုက်ရင် မာ့က်စ်ဝါဒပျောက်ကွယ်မသွားဘူးဆို တာထင်ရှားနေပါတယ်။ ၂ဝရာစုနှစ်အကုန်ပိုင်းတုန်းက ဆိုရှယ်လစ်နိုင်ငံဆိုတာတွေ ပြိုကျကုန်တာနဲ့ မာ့က်စ်ဝါဒခေတ် မရှိတော့ဘူး၊ အလုပ်မဖြစ်တော့ဘူးလို့ဆိုသူတွေကို မေးရမှာက ကမ္ဘာ့သမိုင်းမှာတခြားစနစ်တွေရော စတည်ထောင်စမှာ ရှုံးနိမ့်မှုတွေမရှိခဲ့ဖူးဘူးလား ဆိုတာဖြစ်ပါတယ်။ မာ့က်စ်ဝါဒီတွေအဖို့ကတော့ ပဲရစ်ဘုံအဖွဲ့ကွန်မြွန်းကြီးကနေ ဆိုဗီယက်ယူ နီယံလို ဟစ်တလာနဲ့ဝင်ရိုးစွန်းနိုင်ငံတွေကိုအနိုင်တိုက်နိုင်တဲ့ ဆိုရှယ်လစ်နိုင်ငံကြီးပေါ်ထွက်လာတာဟာ ဧရာမတိုးတက်မှု ကြီးဖြစ်ပါတယ်။ ဆိုဗီယက်ယူနီယံသူ့အကြောင်းနဲ့သူ ပျက်သွားတော့လည်း မာ့က်စ်ဝါဒီတွေဟာ ကွန်မြူနစ်ကြေညာစာတမ်း မှာ မာ့က်စ်နဲ့အိန်ဂယ်ရေးခဲ့တဲ့ “ပစ္စည်းမဲ့တွေမှာ နှောင်ကြိုးတွေကလွဲလို့ဘာမှဆုံးရှုံးစရာမရှိဘူး။ သူတို့မှာကမ္ဘာကြီးတခု အနိုင်ရစရာရှိနေတယ်”ဆိုတာကိုစွဲကိုင်မြဲစွဲကိုင်ထားကြသလို “ကမ္ဘာ့့အလုပ်သမားများညီညွတ်ကြလို့” လှုံ့ဆော် ကြွေး ကြော်ရင်း ရှေ့ကိုဆက်လက်ချီတက်နေကြမှာပါ။
ရဲဘော်ဖိုးသံချောင်း

0 comments:

Post a Comment