"စာတည်းအဖွဲ့၏အမှာစာ"
တစတစ ကွာကျလာတဲ့ မျက်နှာဖုံးကို ပြန်တပ်ဖို့ ၂၀၀၈ ခြေဥပြင်ရေးဆိုတဲ့ လှည့်ကွက်ကို ထုတ်သုံးလာပြီ။ အကြံကုန်လို့ ဂဠုန်ဆားချက်တဲ့သဘောလား။ လူထုအကျိုးစီးပွားကို ဘယ်တုန်းကမှ မဆောင်ကျဉ်းခဲ့တဲ့ ဒေါ်စုပါတီဟာ လူထုဘက်သားယောင်ယောင် အတိုက်အခံ ဟီးရိုးနေရာကနေ အစဉ်ကပြခဲ့တယ်။ လူထုပခုံးပေါ်နင်းပြီးတက်လာတဲ့ ဒေါ်စုအစိုးရဟာ ရှစ်လေးလုံး ဒီမိုခရေစီအရေးတော်ပုံကြီးကနေ လူထုအာဏာတည်ဆောက်ရမယ့်အစား ဒေါ်စုတို့ လစ်ဘရယ်ဒီမိုခရက်တသိုက်က လူထုကို နားလှည့်ပါးရိုက်ကာ စစ်အုပ်စုခင်းတဲ့ ရွေးကောက်ပွဲဝင်ခဲ့ကြတယ်။ ဒီလိုနည်းနဲ့ လူထုကို သစ္စာဖောက်ပြီး (စစ်)ဗျူရိုကရက် အရင်းရှင်လူတန်းစားကို အလုပ် အကျွေးပြုခဲ့ကြတယ်။
ဒါပေမယ့် နိုင်ငံရေး၊ စီးပွားရေးအာဏာကို တကယ်ချုပ်ကိုင်ထားတဲ့ စစ်အစိုးရက ဗီလိန်၊ ဒေါ်စုခေါင်းဆောင်တဲ့ လစ်ဘရယ် အချောင်သမားတသိုက်က လူထုဘက်သားဆိုတဲ့ လန်ကြုတ်ဇာတ်ကို ဆက်လက်ကပြနိုင်ခဲ့ကြတယ်။ စစ်အစိုးရက တဖက်သတ်ရေးဆွဲပြဌာန်းလိုက်တဲ့ ၂၀၀၈ ခြေဥထွက်လာတဲ့အခါ ခြေဥပြင်ရေးနဲ့လူထုထောက်ခံမှုကို မြှူပြပြီး လူထုဘက်တော်သားအယောင်ဆောင်ခဲ့ပြန်တယ်။ ခြေဥပြင်ရေး ကို ကတိကဝတ်တွေပေးပြီး လူထုမဲကို ယူကာ အစိုးရတက်လုပ်ခဲ့ပြန်တယ်။
အစိုးရဖြစ်လာချိန်မှာလည်း လူထုအကျိုးကို တစက်ကလေးတောင် မဖော်ဆောင်တဲ့အပြင် ဖိနှိပ်မှုအမျိုးမျိုးကိုသာ မရိုးနိုင်အောင်လုပ်ခဲ့တယ်။ (စစ်)ဗျူရိုကရက် အရင်းရှင်လူတန်းစားကိုတော့ တိုင်ကွန်လို့ခေါ်ပါ ပြောလိုက်၊ မိတ်ဖက် လုပ်ငန်းရှင်ကြီးများလို့ အလေးအမြတ်ပြုလိုက် လုပ်ခဲ့တယ်။ (စစ်)ဗျူရိုကရက် အရင်းရှင်လူတန်းစား အကျိုးအတွက် နယ်ချဲ့သမားတသိုက်ဆီ ပလူးပလဲလုပ်ခဲ့ရသေးတယ်။ အလုပ်သမားထုက သပိတ်မှောက်ရင် အကြမ်းဖက်ဖိနှိပ်ဖမ်းဆီး တရားစွဲတယ်။ လယ်သမားက စစ်အုပ်စုလုယူထားတဲ့မြေယာတွေ ပြန်ပေးပါတောင်းရင် ထောင်ထဲထည့်တယ်။ အလယ်အလတ်အလွှာက လွတ်လပ်စွာထုတ်ဖော်ဝေဖန်သူရှိလာရင် ပုဒ်ထီးပုဒ်မမျိုးစုံတပ် အရေးယူတယ်။ ဒီလို လူထုကိုသစ္စာဖောက်တဲ့လုပ်ရပ်တွေ တခုပြီးတခု ကျူးလွန်ကာ စစ်အုပ်စုကို အလုပ်အကျွေးပြုနေသူ ဒေါ်စုအစိုးရဟာ လူထုဘက်သား အယောင်ဆောင်ဖို့ ဓာတ်ပြားဟောင်းကြီးကို ထပ်ဖွင့်လာပါပြီ။ ခြေဥပြင်ရေးအတွက် ဇာတ်တိုက်နေကြပါပြီတဲ့။
မာ့(ခ်စ်)လီနင်ဝါဒကိုစွဲကိုင်ထားတဲ့ ကျနော်တို့ ဆိုရှယ်ဒီမိုကရက်တွေဟာ လူ့အဖွဲ့အစည်း အပြောင်းအလဲကို သမိုင်းရုပ်ဝါဒအမြင်အရ သုံးသပ်ပါတယ်။ ၂၀၀၈ ခြေဥပြင်ရေး/ဖျက်ရေးဟာ လစ်ဘရယ်ဒီမိုကရက်တွေက လူထုကို လှည့်စားဖို့သုံးတဲ့ ကစားကွက်ထက် မပိုပါဘူး။ ၂၀၀၈ ခြေဥကို ပြင်ရုံမက ဖျက်သိမ်းပြီး အသစ်ကပြန် ရေးလည်း လူ့အဖွဲ့အစည်းရဲ့ ကုန်ထုတ်စွမ်းအားစုကို မဖွံ့ဖြိုးနိုင်အောင် အညွန့်ချိုးထားတဲ့ "နယ်ချဲ့စနစ်ကို အမှီပြုထားသော (စစ်)ဗျူရိုကရက် အရင်းရှင်စနစ်"ကို မဖျက်သိမ်းသရွေ့ လူထုဘဝ ဘာမှ ထူးခြားလာမှာ မဟုတ်။ ဒီလိုသမိုင်းရေးအမြင် အားနည်းချွတ်ခြုံကျနေတဲ့ ကျော်ဝင်း၊ အောင်သူငြိမ်း၊ မင်းဇင် အစရှိတဲ့ ဖောက်ပြန်ရေးသမားတသိုက်ကတော့ အုပ်စိုးသူလူတန်းစား တကျော့ပြန်လှည့်စားလာပြန်တဲ့ လန်ကြုတ်ဇာတ်ကို သြဘာပေးနေကြပြန်ပြီ။
အခြေခံဥပဒေပြဿနာကို မာ့(ခ်စ်)ဝါဒအရ သုံးသပ်ထားတဲ့ စာတမ်းတစောင် ကား(လ်)မာ့(ခ်စ်) နှစ် ၂ဝဝပြည့် အခမ်းအနားမှာ ဖတ်ကြားတင်သွင်းခဲ့တာ တွေ့ရတယ်။ ရဲဘော်ဉာဏ်မျိုးအောင် ဖတ်ကြားခဲ့တဲ့ ဒီစာတမ်းကို လေ့လာကြည့်ရင် အုပ်စိုးသူလူတန်းစားရဲ့ လှည့်စားချက်ကို မြင်လာမယ်။ ဒါ့ကြောင့် "မာ့စ်ဝါဒနှင့် အခြေခံ ဥပဒေပြဿနာ" စာတမ်းကို ရွေးချယ်ဖော်ပြလိုက်ခြင်း ဖြစ်ပါတယ်။
စာတည်းအဖွဲ့
မာ့စ်ဝါဒနှင့် အခြေခံဥပဒေ ပြဿနာ
ယခု ဆွေးနွေးမယ့်အကြောင်းအရာကတော့ ဗမာနိုင်ငံရေးမှာ အငြင်းပွားနေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး/ဖျက်သိမ်းရေးပြဿနာ ဖြစ်တယ်။ ပြင်ဆင်ရေးသမားရော၊ ဖျက်သိမ်းရေးသမားတွေပါ အခြေခံဥပဒေကို ဝေဖန်ရာမှာ၊ လစ်ဘရယ်နှုန်းစံတွေကို လက်ကိုင်ပြုဝေဖန်နေတာ တွေ့ရတယ်။ စစ်တပ်နဲ့ စေ့စပ်ရေးကိုလိုလားတဲ့၊ ကျော်ဝင်းလို ကလောင်သမားတွေနဲ့ နိုင်ငံရေးသမားတွေကတော့ “တစတစ ပြင်ဆင်ရေးကို လိုလားကြတယ်။ တရားလွှတ်တော် ရှေ့နေကြီး ဦးကိုနီနဲ့ အမာခံ အတိုက်အခံနိုင်ငံရေးသမားတွေကတော့ “လုံးဝဖျက်သိမ်းရေးကို လိုလားကြတယ်။ ပထမအုပ်စုက ဒုတိယအုပ်စုကို “ရယ်ဒီကယ်ဆန်တယ်၊ စစ်တပ်က အာဏာပြန်သိမ်းလိမ့်မယ်လို့ ခြောက်လှန့် ရေးသားတာတွေ ဖတ်ရတယ်။
မာ့စ်ဝါဒီတယောက်အနေနဲ့၊ ကျနော် အမြင်မှာတော့၊ အခြေခံဥပဒေပြင်ဆင်ရေး/ဖျက်သိမ်းရေးသမား နှစ်စုလုံးဟာ၊ ဒီပြဿနာကို အပေါ်ထပ်နိုင်ငံရေးအဆောက်အအုံ (superstructure)သက်သက်ကိုကြည့်ပြီး ချဉ်းကပ်နေကြတယ်လို့၊ သုံးသပ်ပါတယ်။ အပေါ်ထပ်နိုင်ငံရေးအဆောက်အအုံ သက်သက်ကိုပဲကြည့်ပြီးတော့ ချဉ်းကပ်တဲ့အကျိုးဆက်က နိုင်ငံရေး နည်းပရိယာယ်ချမှတ်ရာမှာပါ မှားယွင်းမှုတွေပေါ်ပေါက်လာကြောင်း၊ မာ့စ်ဝါဒဘက်ကနေ တင်ပြသွားပါမယ်။
ပထမဆုံး၊ စီးပွားရေးအုတ်မြစ် (economic basis)နဲ့ အပေါ်ထပ်နိုင်ငံရေးအဆောက်အအုံ (superstructure) ဆက်စပ်ပုံ ကို ရှင်းရင်း၊ မာ့စ်ရဲ့ ရုပ်ဝါဒသမိုင်းအမြင် (Materialist Conception of History)ကို အကျဉ်းဆွေးနွေးပါမယ်။
၁။ ရုပ်ဝါဒ သမိုင်းအမြင်
မာ့စ်က ရုပ်ဝါဒသမိုင်းအမြင်ကို တည်ဆောက်ရာမှာ၊ လစ်ဘရယ်တွေလို စိတ်ကူးယဉ်နှုန်းစံတွေကို အခြေခံ တည်ဆောက်တာ မဟုတ်ဘူး။ လစ်ဘရယ်တွေက “လွတ်လပ်မှု၊ တရားမျှတမှု”စတဲ့ စိတ်ကူးယဉ် နှုန်းစံတန်ဖိုးတွေကို သက်သေပြစရာမလိုအောင် မှန်ကန်ပြီးသား၊ လူသားတွေလက်ခံပြီးသား စံအဖြစ် (self-evident truth) မှတ်ယူ ထားတယ်။ နိုင်ငံရေး အဆောက်အအုံတွေကိုသုံးသပ်ရာမှာလည်း၊ လစ်ဘရယ်တွေဟာ ဒီစံတွေလက်ကိုင်ပြုပြီး သုံးသပ်ကြတယ်။ မာ့စ်ကတော့၊ လက်တွေ့ လူမှုအရှိတရားကနေ အဆိုတွေတည်ဆောက်ပြီး၊ ရုပ်ဝါဒသမိုင်းအမြင်ကို တဆင့်ချင်း ရှင်းပြတယ်။
မာ့စ် တင်ပြတဲ့ ပထမအဆိုက၊ လူသားတွေ ရှင်သန်ဖြစ်တည် နေတယ်။ သမိုင်းကိုဖန်တီးနိုင်ဖို့ဆိုရင်၊ လူသားတွေဟာ အသက်ရှင်သန်နေထိုင်နိုင်ရမယ်။ အသက်ရှင်သန်နေထိုင်နိုင်ဖို့အတွက် တခြားလိုအပ်ချက်တွေ နောက်မှ၊ ပထမဆုံး စားစရာ ရှိရမယ်၊ သောက်စရာ ရှိရမယ်၊ နေထိုင်စရာ ရှိရမယ်၊ ဝတ်စရာ ရှိရမယ်။ ဒီတော့ လူသားတွေရဲ့ ပထမဆုံး အပြုအမူဟာ၊ ဒီလိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ဖို့အတွက် ကုန်ထုတ်လုပ်ရေးဆောင်ရွက်မှု ဖြစ်တယ်။ ဒါဟာ သမိုင်းခေတ်တိုင်းရဲ့ အခြေခံလိုအပ်ချက်၊ သမိုင်းဆိုင်ရာ ပြုမူချက် ဖြစ်တယ် (Karl Marx, “The German Ideology,”1845)။
ဒီနေရာမှာ၊ မာ့စ်က လူသားတိုင်းရဲ့ အခြေခံလိုအပ်ချက်ကို ပထမအဆိုအဖြစ် တည်ဆောက်ခြင်းအားဖြင့် သမိုင်းကို ရှုမြင်ရာမှာ၊ လူထုရဲ့ အခန်းကဏ္ဍကိုပါ ထည့်သွင်းနိုင်လာတယ်။ ရှေ့ပိုင်းကာလ သမိုင်းအမြင်တွေမှာတော့ “ကြီးမြတ်တဲ့ခေါင်းဆောင်တွေကသာလျှင် သမိုင်းကို ဖန်တီးနိုင်ကြောင်း၊ ကြီးမြတ်တဲ့အတွေးအခေါ် တွေကသာ သမိုင်းကိုဖန်တီးကြောင်း” လက်ခံရေးသားတာတွေ ရှိတယ်။ ဒါကြောင့် လီနင်က၊ ရှေ့ပိုင်းကာလ သမိုင်းရေးရာ သဘောတရားတွေဟာ လူထုရဲ့လုပ်ငန်းဆောင်ရွက်မှုအခန်းကဏ္ဍကို လစ်လျူရှုထားတယ်၊ ရုပ်ဝါဒ သမိုင်းအမြင်က သာလျှင် လူထုရဲ့ ဘဝဖြစ်တည်မှုအခြေအနေ၊ ပြောင်းလဲလာတဲ့အခြေအနေတွေကို ပထမဆုံး စတင်လေ့လာနိုင် စေကြောင်းဆိုတယ် (V.I. Lenin, “The Teachings of Karl Marx,” pp.16)။
အသက်ရှင်သန်ရေးလိုအပ်ချက်အတွက် ကုန်ထုတ်လုပ်မှုဆောင်ရွက်ရာမှာ၊ ကုန်ထုတ်ဆက်ဆံရေး (production relation) ပေါ်ပေါက်လာတယ်။ ကုန်ထုတ်ဆက်ဆံရေးပုံစံက ကုန်ထုတ်အင်အားစု (productive forces) တိုးတက် ဖြစ်ထွန်းမှုအဆင့်နဲ့ လိုက်လျောညီထွေစွာ ပေါ်ပေါက်လာရတယ်။ ဒီကုန်ထုတ်ဆက်ဆံရေး တခုလုံးနဲ့၊ စီးပွားရေး အဆောက်အအုံကို တည်ဆောက်ထားတယ်။ ဒီစီးပွားရေး အခြေခံအုတ်မြစ်ကိုအခြေခံပြီးတော့မှ၊ ဥပဒေဆိုင်ရာ၊ နိုင်ငံရေးဆိုင်ရာ အပေါ်ထပ်အဆောက်အအုံတွေ ပေါ်ထွန်းလာတယ်။ လူမှုရေးသိစိတ် ဖြစ်ပေါ်လာတယ်။ ယေဘုယျ ဆိုရရင်၊ ဘဝရှင်သန်ရေးအတွက် ရုပ်ဝတ္ထုထုတ်လုပ်မှုပုံစံက ဘဝရဲ့ လူမှုရေး၊ နိုင်ငံရေးနဲ့အသိပညာဖြစ်စဉ်ကို အဆုံးအဖြတ်ပြုပေးတယ်။ “သိစိတ် (consciousness)”က လူသားတွေရဲ့ ဖြစ်တည်မှုကို အဆုံးအဖြတ်ပြုတာ၊ ပြဌာန်းပေးတာ မဟုတ်ဘူး။ “လူမှုရေးဖြစ်တည်မှု (social existence) ”ကသာလျှင် လူသားတွေရဲ့ သိစိတ်ကို အဆုံးအဖြတ်ပြုပေးတယ်။ ပြဌာန်းပေးတယ် (Karl Marx, “A Contribution to the Critique of Political Economy,”1859)။
ပြန်ရှင်းရရင်၊ ကုန်ထုတ်အင်အားစုဆိုတာ ကုန်ထုတ်အရင်းအနှီး (means of production)နဲ့ လုပ်အားကိုဆိုလိုတယ်။ ကုန်ထုတ်အရင်းအနှီးမှာ ကုန်ထုတ်ကိရိယာ (instruments of production) နဲ့ကုန်ကြမ်းတို့ ပါဝင်တယ်။ လုပ်အားလို့ ဆိုရာမှာ ကုန်ထုတ်လုပ်သူရဲ့ ခွန်အားဗလ၊ အရည်အချင်း၊ အသိပညာနဲ့ တီထွင်ဖန်တီးတတ်မှုတို့ ပါဝင်တယ်။ ဒီကုန်ထုတ်အင်အားစု တိုးတက်ဖြစ်ထွန်းမှုအဆင့်အလိုက်၊ လိုလျောညီထွေဖြစ်မယ့် ကုန်ထုတ်ဆက်ဆံရေး ပေါ်လာ ရတယ်။ ဆိုတော့၊ ကုန်ထုတ်အင်အားစုဟာအခြေခံကျပြီး အရေးပါတယ်။ ကုန်ထုတ်အင်အားစုက လူသားတွေရဲ့ တီထွင်ဖန်တီးနိုင်မှု၊ နည်းပညာတိုးတက်မှုကြောင့် တိုးတက်ဖြစ်ထွန်းလာတယ်။ လက်ယက္ကန်းထက် စက်ယက္ကန်းက ကုန်ထုတ်အင်အားစုကို ပိုမိုတိုးတက်ဖြစ်ထွန်းစေတာမျိုးကို ဆိုလိုပါတယ်။ ဒါကြောင့် မာ့စ်က၊ လက်မှုစက်ရုံက ပဒေသရာဇ်အရှင်သခင်ရှိတဲ့လူ့အဖွဲ့အစည်းကို ဖြစ်ပေါ် စေပြီး၊ ရေနွေးငွေ့သုံးစက်ရုံကတော့ စက်မှုအရင်းရှင်ရှိတဲ့ လူ့အဖွဲ့အစည်းကို ဖြစ်ပေါ်စေလိမ့်မယ်လို့ဆိုတယ် (Karl Marx, “Poverty of Philosophy,” pp.219-20)။
ဒီအခြေခံပေါ်မှာ မူတည်ပြီးတော့မှ ကုန်ထုတ်ဆက်ဆံရေးတရပ် ပေါ်ပေါက်လာရတယ်။ ကုန်ထုတ်ဆက်ဆံရေးက ကုန်ထုတ်အရင်းအနှီးကို လူတန်းစားတခုကထိန်းချုပ်ထားနိုင်မှု၊ ပိုင်ဆိုင်မှုပေါ်မှာအခြေခံပြီးတော့ ဖြစ်ပေါ်လာတယ်။ ကုန်ထုတ်ဆက်ဆံရေးဆိုတာ ကျေးပိုင်ကျွန်ပိုင်စနစ်၊ ပဒေသရာဇ်စနစ်၊ အရင်းရှင်စနစ်၊ ကွန်မြူနစ်စနစ် စတာတွေကို ခေါ်တယ်။ ကုန်ထုတ်အရင်းအနှီး လက်မဲ့အလုပ်သမားတယောက်က ကုန်ထုတ်အရင်းအနှီးပိုင်ဆိုင်သူ အရင်းရှင်ဆီ လုပ်အားကိုရောင်းချပြီး၊ ကုန်ထုတ်လုပ်မှုဆောင်ရွက်နေတဲ့ လူ့အဖွဲ့အစည်းမှာ၊ အရင်းရှင် ကုန်ထုတ်ဆက်ဆံရေး ဖြစ်ပေါ်လာတယ်။ စကားပြောနိုင်တဲ့ကိရိယာတခုလို တခြားသူတွေ ဥပဒေအရပိုင်ဆိုင်ခံထားရသူတွေက ကုန်ထုတ် လုပ်မှုဆောင်ရွက်နေတဲ့ လူ့အဖွဲ့အစည်းမှာတော့၊ ကျေးကျွန်ကုန်ထုတ်ဆက်ဆံရေးဖြစ်တယ်။
နောက်တခုကတော့ ဒီကုန်ထုတ်ဆက်ဆံရေး စီးပွားရေးအုတ်မြစ်ကိုအခြေခံပြီးတော့မှ နိုင်ငံရေးဆိုင်ရာ၊ ဥပဒေ ဆိုင်ရာလိုမျိုး အပေါ်ထပ်အဆောက်အအုံတွေ လိုက်လျောညီထွေစွာ ပေါ်ပေါက်လာတယ်။ ဆိုလိုတာက အုပ်ချုပ်သူ လူတန်းစားရဲ့ စီးပွားရေးအာဏာကိုကာကွယ်ဖို့ ခိုင်မာဖို့လုပ်ရတယ်။ ဒီလိုလုပ်ပေးဖို့အတွက်၊ အပေါ်ထပ် နိုင်ငံရေး၊ ဥပဒေရေ အဆောက်အအုံတွေကို ဒီလူတန်းစားအကျိုးစီးပွားနဲ့ညှိယူပြီး၊ ပြောင်းလဲလာတယ်။
ကျေးပိုင်ကျွန်ပိုင်ခေတ်မှာ ကျေးကျွန်ပိုင်တွေရဲ့အကျိုးစီးပွား၊ ပဒေသရာဇ်ခေတ်မှာ မြေရှင်ပဒေသရာဇ်နဲ့ သူကောင်းမျိုးတွေရဲ့အကျိုးစီးပွား၊ အရင်းရှင်ခေတ်မှာ အရင်းရှင်တွေရဲ့အကျိုးစီးပွားကိုကာကွယ်ပေးဖို့အတွက် အစိုးရက နိုင်ငံရေးဆိုင်ရာ၊ ဥပဒေဆိုင်ရာ အပေါ်ထပ်အဆောက်အအုံတွေကို တည်ဆောက်ထားတယ်။ ဒါကြောင့်၊ “ခေတ်သစ်အစိုးရရဲ့ အုပ်ချုပ်ရေးအဖွဲ့ဆိုတာ အရင်းရှင်လူတန်းစားရဲ့အရေးကိစ္စတွေအတွက် စီမံခန့်ခွဲပေးနေတဲ့ကော်မတီသာ ဖြစ်တယ်” လို့ မာ့စ်နဲ့ အိန်ဂယ်က ကွန်မြူနစ်ကြေညာ စာတမ်းမှာဆိုတယ်။
ကုန်ထုတ်အင်အားစု တိုးတက်ဖြစ်ထွန်းမှုအဆင့်တခုကို ရောက်တဲ့အခါ၊ ရှိရင်းစွဲ ကုန်ထုတ်ဆက်ဆံရေးနဲ့ ပဋိပက္ခ ဖြစ်လာတယ်။ ရှိရင်းစွဲ ကုန်ထုတ်ဆက်ဆံရေးက ကုန်ထုတ်အင်အားစု ဆက်လက်တိုးတက်ဖြစ်ထွန်းရေးကို အဟန့် အတား ပြုလာတယ်။ ဒီအခါမှာတော့၊ လူမှုတော်လှန်ရေးပေါ်ပေါက်လာတယ်။ အုပ်ချုပ်သူလူတန်းစားလည်း ကုန်ထုတ်အင်အားစုတွေကို ဆက်လက်သိမ်းပိုက်မထားနိုင်တော့တဲ့အချိန်မှာ ရှိရင်းစွဲ ကုန်ထုတ်ဆက်ဆံရေးဟာ ပျက်စီးသွားတယ်။ ဒီလိုမျိုး စီးပွားရေးအခြေခံအုတ်မြစ် ပြောင်းလဲတာနဲ့အတူ အပေါ်ထပ် နိုင်ငံရေး အဆောက်အအုံ တွေလည်း အနှေးနဲ့အမြင်ဆိုသလို လိုက်ပါပြောင်းလဲတယ်။ ပဒေသရာဇ် ကုန်ထုတ်ဆက်ဆံရေးကို အရင်းရှင် ကုန်ထုတ်ဆက်ဆံရေးနဲ့အစားထိုးတာ၊ အရင်းရှင်စနစ်ကို ကွန်မြူနစ်စနစ်နဲ့အစားထိုးတာတွေဟာ ရှိရင်းစွဲ ကုန်ထုတ် ဆက်ဆံရေးက ကုန်ထုတ်အင်အားစုတိုးတက်ဖြစ်ထွန်းရေးကို အဟန့်အတားပြုလာတဲ့အခါမှာ ပေါ်ပေါက်လာတယ် (Jonathan Wolff, “Why Read Marx Today,” pp.55)။
နောက်ဆုံး တချက်ကတော့ သိစိတ်က လူမှုဖြစ်ရှိမှုကို ပြဌာန်းပေးတာမဟုတ်ဘူး၊ လူမှုဖြစ်ရှိမှုကသာ သိစိတ်ကို ပြဌာန်းပေးတာ အဆုံးအဖြတ်ပြုပေးတာဆိုတဲ့အချက်။ ကုန်ထုတ်အင်အားစုနဲ့ ကုန်ထုတ်ဆက်ဆံရေးပဋိပက္ခကြောင့်၊ လူမှုတော်လှန်ရေးပေါ်ပေါက်နေချိန်မှာ လူတန်းစားသိစိတ်ဟာ၊ ရုပ်ဘဝရဲ့ပဋိပက္ခ ၀ါ ကုန်ထုတ်အင်အားစုနဲ့ ကုန်ထုတ် ဆက်ဆံရေးရဲ့ပဋိပက္ခကြောင့် ဖြစ်ပေါ်လာတာဖြစ်ကြောင်း ရှင်းပြရလိမ့်မယ်။ အချုပ်ပြောရရင်- (၁) မာ့စ်ဝါဒဟာ လူတွေရဲ့ရုပ်ဘဝကို အဓိကထားပြီး သမိုင်းကိုလေ့လာတယ်။ လစ်ဘရယ်တွေလို စိတ်ကူးယဉ်တည်ဆောက်ထားတဲ့ ဒြပ်မဲ့စံနှုန်းတွေသက်သက်နဲ့တင် သမိုင်းကိုမလေ့လာဘူး။ (၂) မာ့စ်ဝါဒဟာ စီးပွားရေးနဲ့ နိုင်ငံရေးကြားဆက်စပ်မှုကို ထိုးထွင်းလေ့လာတယ်။ လစ်ဘရယ်တွေလို၊ အပေါ်ထပ် နိုင်ငံရေး ဥပဒေရေးဆိုင်ရာအဆောက်အအုံမှာတင် ဝဲလည် မနေဘူး။ ဒီ့အတွက်၊ မာ့စ်ဝါဒဟာ လူမှုပြဿနာတွေကို လက်တွေ့ကျကျ နက်နက်ရှိုင်းရှိုင်း ပိုနားလည်စေတယ်။ လစ်ဘရယ်တွေနဲ့ မာ့စ်ဝါဒီတွေကြားမှာ အစိုးရကိုရှုမြင်ပုံချင်းမတူကြောင်း ဆက်ဆွေးနွေးသွားပါမယ်။
၂။ အစိုးရဟာ လူတန်းစား ဖိနှိပ်ရေးကိရိယာ။ “အစိုးရဆိုတာ လူ့အဖွဲ့အစည်းဖြစ်ပေါ်တိုးတက်မှု အဆင့်တခုမှာ၊ လူ့အဖွဲ့အစည်းရဲ့ထွက်ကုန်တခုအဖြစ် ပေါ် လာတာဖြစ်တယ်။ အစိုးရရှိနေတာဟာ၊ ဒီလူ့အဖွဲ့အစည်းဟာဖြင့် မဖြေရှင်းနိုင်တဲ့ပဋိပက္ခဖြစ်နေပြီ၊ ဒီလူ့အဖွဲ့အစည်းမှာ ဖြေရှင်းနိုင်စွမ်းမရှိတော့တဲ့ ရန်ဘက်ပဋိပက္ခ နှစ်ဘက်အဖြစ် ကွဲထွက်နေပြီဖြစ်ကြောင်း ဝန်ခံချက်ပါပဲ။ စီးပွားရေးအရ ပဋိပက္ခအသွင်ဆောင်တဲ့ ဒီရန်ဘက်အုပ်စု နှစ်ခုဟာ အကျိုးမဲ့ ယှဉ်ပြိုင်ရင်း လူ့အဖွဲ့အစည်းရော ကိုယ်တိုင်ပါ မပျက်စီးစေရေးအတွက် ဒီပဋိပက္ခတွေကိုလျော့ချပြီး ကန့်သတ်ဘောင် တခုအတွင်း ‘တည်ငြိမ်အောင်’ ထိန်းထားနိုင်ဖို့အတွက်၊ လူ့အဖွဲ့အစည်းရဲ့အထက်မှာရှိတဲ့ အာဏာတရပ် လိုအပ် လာတယ်။ ဒါပေမယ့် လူ့အဖွဲ့အစည်းထိပ်မှာရပ်ရင်း လူ့အဖွဲ့အစည်းနဲ့ ပိုပိုကင်းကွာလာတာကတော့ အစိုးရဆိုတာ ပါပဲ”လို့ အိန်ဂယ်က ဆိုတယ်။ အစိုးရဆိုတာ စေ့စပ်ညှိနှိုင်းလို့မရတဲ့ လူတန်းစားပဋိပက္ခတွေကြောင့် ဖြစ်ပေါ် လာတာ ဖြစ်ကြောင်း၊ လူတန်းစားပဋိပက္ခကို မဖြေရှင်နိုင်သေးသရွေ့၊ အစိုးရဆိုတာ ရှိနေဦးမှာဖြစ်ကြောင်း၊ အစိုးရ ရှိနေတယ်ဆိုတဲ့အချက်က စေ့စပ်ညှိနှိုင်းမရတဲ့ လူတန်းစားပဋိပက္ခရှိနေတာကိုဆိုလိုကြောင်း လီနင်က ဆိုတယ် (V.I. Lenin, “The State and Revolution”)။
ဒီနေရာမှာ ဓနရှင်ပေါက်စနဲ့ မာ့စ်ဝါဒီအတုအယောင်တွေက အိန်ဂယ်ရဲ့စာကို တလွဲအဓိပ္ပာယ်ဖွင့်ဆိုကြတယ်။ အစိုးရ ဆိုတာ လူတန်းစားပဋိပက္ခကို စေ့စပ်ပေးရေးအတွက်လို့ ဆိုကြတယ်။ လူတန်းစားစေ့စပ်ရေးသာလုပ်ပေးနိုင်ရင် အစိုးရ ဆိုတာ ပေါ်လာစရာလည်းအကြောင်းမရှိဘူး။ ဆက်ရှိနေစရာလည်း အကြောင်းမရှိဘူးလို့ မာ့စ်က ဆိုတယ်။ အစိုးရဆိုတာ လူတန်းစားတရပ်က တခြားလူတန်းစားတရပ်ကို ဖိနှိပ်ရေးကိရိယာသာဖြစ်ကြောင်း၊ ‘တည်ငြိမ်အောင်’ ထိန်းထားရေးဆိုတာလည်း လူတန်းစားအချင်းချင်းပဋိပက္ခကို ပျော့အောင်လုပ်ပြီး (လူတန်းစားတရပ်က အခြား လူတန်းစားတရပ်ကို)ဖိနှိပ်မှုကို ဥပဒေကြောင်းအရ တရားဝင် အတည်ပြုပေး ဆက်ရှိနေစေရေးသာဖြစ်ကြောင်း မာ့စ်က ဆိုတယ်။
အစိုးရက လူတန်းစားတရပ်ဘက်ကရပ်တည်ပြီး၊ တခြား လူတန်းစားတရပ်ကို ဖိနှိပ်ပေးရေးအတွက် လက်နက် တပ်ဆင်ထားတဲ့ စစ်တပ်၊ ရဲတပ်ဖွဲ့၊ အကျဉ်းထောင်နှင့် ဗြူရိုကရေစီယန္တရားတွေကိုတည်ဆောက်ပြီး အာဏာကို ထူထောင်လာတယ်။ သက်ဦးဆံပိုင်ဘုရင်စနစ် ချုပ်ငြိမ်းပြီးတဲ့နောက်ပိုင်း၊ အရင်းရှင်လူတန်းစားရဲ့ ဗဟိုချုပ်ကိုင် အစိုးရအာဏာ ပေါ်ပေါက်လာတယ်။ အစိုးရယန္တရားရဲ့ အဓိကယန္တရားနှစ်ခုက ဗြူရိုကရေစီအုပ်ချုပ်ရေးနဲ့ အမြဲတမ်း တပ်မတော်ပဲ။ ဒီယန္တရားတွေဟာ လူ့အဖွဲ့အစည်းရဲ့ကပ်ပါးတွေဖြစ်တယ်။ ဒီ့အတွက် အခွန်အခ ကောက်ယူပြန် သေးတယ်။ အရင်းရှင်နဲ့အစိုးရယန္တရားတွေကြားမှာလည်း နှောင်ကြိုးတွေ သွယ်တန်းထားတယ်။ ဓနရှင် ဒီမိုကရေစီ စနစ်မှာ၊ အစိုးရအရာရှိတွေကို တိုက်ရိုက်လာဘ်ထိုးတာမျိုး၊ အစိုးရနဲ့ စီးပွားရေးအဖွဲ့အစည်းတွေ မဟာမိတ်ဖွဲ့တာမျိုး နည်းလမ်းတွေသုံးပြီးတော့ ဓနဥစ္စာက နိုင်ငံရေးကို သွယ်ဝိုက်သြဇာညောင်းတယ်။ ဒီမိုကရေစီ သမတနိုင်ငံဆိုတာ အရင်းရှင်စနစ်အတွက် အကောင်းဆုံး နိုင်ငံရေး ဥခွံဖြစ်တယ်။ အရင်းက ဒီနိုင်ငံရေးဥခွံကိုသာ ပိုင်ဆိုင်သွားပြီဆိုရင်၊ ဒီမိုကရေစီသမတနိုင်ငံမှာ ဘယ်လူပြောင်းပြောင်း၊ ဘယ်ပါတီပြောင်းပြောင်း အရင်းရဲ့ရပ်တည်မှုကို ပျက်အောင် မလုပ်နိုင်တော့ဘူးလို့ အိန်ဂယ်က ဆိုတယ်။
ဒါပေမယ့်၊ အစိုးရဆိုတာ ဟိုးရှေးပဝေဏသီကတိုင် ထာဝရတည်ရှိလာတာ မဟုတ်ဘူး။ အစိုးရနဲ့ အစိုးရအာဏာ ဆိုတာ ဘာမှန်းတောင်မသိတဲ့၊ အစိုးရမရှိတဲ့လူ့အဖွဲ့အစည်းတွေ ရှိတယ်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အဆင့်တရပ်မှာ၊ လူတန်းစားကွဲပြားလာတာကြောင့် အစိုးရဟာ လိုအပ်ချက်အရ ပေါ် ပေါက်လာတာဖြစ်တယ်။ ကုန်ထုတ်လုပ်မှု လျင်လျင်မြန်မြန် ဖွံ့ဖြိုးတိုးတက်လာပြီဆိုရင် လူတန်းစားကွဲပြားမှုရပ်တန့်ရမယ့်အချိန်၊ လူတန်းစားကွဲပြားမှုကြောင့် ကုန်ထုတ်လုပ်မှုကို အဟန့်အတားဖြစ်စေမယ့်အချိန် ရောက်လာလိမ့်မယ်။ လူတန်းစားကွဲပြားမှုရပ်တန့်သွားပြီဆိုတာနဲ့၊ အစိုးရဆိုတာလည်း မလွဲမသွေပျောက်ကွယ်သွားရလိမ့်မယ်။ ကုန်ထုတ်လုပ်သူတွေအချင်းချင်း တန်းတူညီမျှ သင်းပင်းဖွဲ့စည်းမှုကိုအခြေခံထားတဲ့ကုန်ထုတ်လုပ်မှုကို ပြန်လည်ဖွဲ့စည်းနိုင်ပြီဆိုရင် အစိုးရဆိုတာ ရှေးဟောင်းပစ္စည်း ပြတိုက်ထဲရောက်သွားလိမ့်မယ်လို့ အိန်ဂယ်က ဆိုတယ်။
အလုပ်သမားလူတန်းစား အာဏာရတဲ့အခါ ဓနရှင်ပိုင် ကုန်ထုတ်အရင်းအနှီးတွေကို လူ့အဖွဲ့အစည်းပိုင်အဖြစ် သိမ်းယူရမည်ဖြစ်ကြောင်း ဓနရှင်အစိုးရယန္တရားကို ‘ဖျက်သိမ်း’ပစ်ရမည်ဖြစ်ကြောင်း လက်တဆုပ်စာ ဓနရှင် အစုလေးက လူများစုအလုပ်သမားကိုဖိနှိပ်ရေးအတွက်ဖန်တီးထားတဲ့ ‘အကြမ်းဖက်ယန္တရား’ကို ဖျက်သိမ်းပြီး ဓနရှင် တန်ပြန်တော်လှန်ရေးသမားအကြွင်းအကျန်တွေရဲ့ရန်ကို ကာကွယ်ဖိနှိပ်ဖို့အတွက် အလုပ်သမားလူတန်းစားရဲ့ ပစ္စည်းမဲ့ အာဏာရှင်စနစ်ကို ထူထောင်ရမည်ဖြစ်ကြောင်း၊ ကုန်ထုတ်စွမ်းအားကို အမြန်ဆုံးတိုးတက်ဖြစ်ထွန်းအောင် လုပ်ဆောင်ပြီး လူတန်းစားကွဲပြားမှုသာ ပပျောက်သွားရင် ပစ္စည်းမဲ့အာဏာရှင်စနစ်အစိုးရလည်း အလိုအလျောက် ညှိုးခြောက်ပျောက်ကွယ်သွားမှာဖြစ်ကြောင်း အိန်ဂယ်က ဆိုတယ် (V.I. Lenin, “The State and Revolution,”)။
အစိုးရနဲ့ပတ်သက်လို့ မာ့စ်ဝါဒီတွေရဲ့အမြင်ကို အချုပ်ဆိုရရင်၊ (၁) လူတန်းစားကွဲပြားမှုကြောင့် အစိုးရပေါ် လာတာ ဖြစ်တယ်။ (၂) အစိုးရဆိုတာ လူတန်းစားတရပ်ဘက်ကရပ်တည်ပြီး၊ အခြားလူတန်းစားတရပ်ကို ဖိနှိပ်ရေးယန္တရားသာ ဖြစ်တယ်။ (၃) အစိုးရအကြမ်းဖက်ယန္တရားတွေဖြစ်တဲ့ ဗြူရိုကရေစီ၊ အမြဲတမ်းစစ်တပ်၊ ရဲတပ်ဖွဲ့၊ အကျဉ်းထောင် စတာတွေဟာ လူ့အဖွဲ့အစည်းဆီက အခွန်ကောက်ရပ်တည်နေတဲ့ကပ်ပါးတွေဖြစ်တယ်။ (၄) ဓနရှင်ဒီမိုကရေစီစနစ်မှာ အစိုးရဟာ လက်တဆုပ်စာ ဓနရှင်လူတန်းစားဘက်ကရပ်တည်ပြီးတော့၊ လူများစု အလုပ်သမားလူတန်းစားကို ဖိနှိပ်တယ်။ (၄) ဓနရှင် ဒီမိုကရေစီစနစ်မှာ၊ အရင်းရှင်တွေရဲ့ ဓနအင်အားက နိုင်ငံရေးအာဏာကို သြဇာညောင်းတယ်။ (၅) အလုပ်သမားလူတန်းစားဟာ အကြမ်းဖက်တော်လှန်ရေးနည်းဖြင့်သာ ဓနရှင်လူတန်းစားရဲ့အာဏာကို လုယူ နိုင်မယ်။ (၆) အလုပ်သမားလူတန်းစားဟာ လက်တဆုပ်စာဓနရှင်တွေပိုင် ကုန်ထုတ်အရင်းအနှီးတွေကို လူ့အဖွဲ့အစည်း ပိုင် သိမ်းယူရမယ်။ (၇) ဓနရှင် ဖိနှိပ်ရေးယန္တရားတွေကို အလုံးစုံဖျက်သိမ်းပြီး၊ ပစ္စည်းမဲ့အာဏာရှင်စနစ်နဲ့ အစားထိုး ရမယ်။ (၈) ကုန်ထုတ်အင်အားစုကို အစွမ်းကုန်ဖွံ့ဖြိုးတိုးတက်အောင်လုပ်ပြီး လူတန်းစားကွဲပြားမှု ပပျောက် သွားတဲ့အခါ ပစ္စည်းမဲ့အာဏာရှင်စနစ်ဟာလည်း အလိုအလျောက် ညှိုးခြောက်ပျောက်ကွယ်သွားလိမ့်မယ်။
၃။ ဓနရှင် ဒီမိုကရေစီစာပေ
ဒီဘက်ခေတ် ဗမာနိုင်ငံမှာ ဓနရှင်ဒီမိုကရေစီစာပေတွေပြန့်ပွားလာတယ်။ ကမ္ဘာ့အရင်းရှင်နိုင်ငံတွေမှာ ပညာတော်သင် သွားပြီးပြန်လာတဲ့ နေဝင်းမောင်၊ မင်းဇင်တို့လို ဓနရှင်ပေါက်စ ပညာတတ်တွေက ဓနရှင်ဒီမိုကရေစီစနစ်အကြောင်းကို ဗမာနိုင်ငံမှာ သင်တန်းဖွင့် ပြန်သင်ပေးကြတယ်။ မင်းဇင်ရဲ့ ဆရာဖြစ်သူ ဒီမိုကရက်တိုက်ဇေးရှင်းစကော်လာ လာရီ ဒိုင်မွန်းဆိုတာ ကွန်မြူနစ်ဝါဒဆန့်ကျင်ရေးနဲ့ ဓနရှင်ဒီမိုကရေစီဝါဒ ဖြန့်ချိရေးသမားဖြစ်တယ်။ လာရီဒိုင်မွန်းပါတဲ့ National Endowment for Democracy (NED)အဖွဲ့ရဲ့ အထောက်ပံ့ခံ နိုင်ငံရေးသင်တန်းကျောင်းတွေက ဓနရှင် ဒီမိုကရေစီစနစ်တည်ဆောက်ရေးကို ပို့ချပေးတယ်။ NED အထောက်အပံ့နဲ့ စာစောင်ထုတ်ဝေဖြန့်ချိတာတွေလည်း ရှိတယ်။ ပြည်တွင်းက နိုင်ငံခြား အထောက်ပံ့ခံ အရပ်ဘက်အဖွဲ့အစည်းတချို့က လူငယ်တချို့လည်း ဒီသင်တန်းတွေ တက်ပြီးတော့ ပြန်လည်ပို့ချတာတွေ လုပ်ကြတယ်။ အကျိုးအဆက်က ဓနရှင်ဒီမိုကရေစီအတွေးအခေါ်တွေ ပြန့်လာ တယ်။ မာ့စ်ဝါဒီတွေအနေနဲ့ ဒီအတွေးအခေါ်တွေရဲ့သရုပ်မှန်ကိုဝေဖန်ပြဖို့ လိုပါတယ်။ ဒီဝေဖန်ရေးက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး/ ဖျက်သိမ်းရေးနဲ့လည်း ဆက်စပ်နေလို့ ဖြစ်တယ်။
လာရီဒိုင်းမွန်းက သူရဲ့ ဓနရှင်ဒီမိုကရေစီစံတွေကို အမေရိကန်တော်လှန်ရေးကယူထားတာဖြစ်တယ်။ “အ သက်ရှင်သန်ခွင့်၊ လွတ်လပ်ခွင့်နှင့်ပျော်ရွှင်မှုကိုရှာဖွေခွင့်တို့မှာ အမေရိကန်နိုင်ငံသား သီးသန့်အခွင့်အရေးအဖြစ် အမေရိကန် လွတ်လပ်ရေးကြေညာစာတမ်းမှာ ရေးထားခြင်းမဟုတ်ပေ။ လူသားတိုင်းကို တန်းတူညီမျှဖန်ဆင်းထားပြီး၊ ဖန်ဆင်းရှင်က ၄င်းတို့ကို မည်သူတဦးတယောက်ကမျှ မချိုးဖျက်နိုင်သည့်အခွင့်အရေးတွေကို အပ်နှင်းထားသည်လို့ ကြေညာစာတမ်းမှာ ဆိုထားသည်။ …ယင်းအခွင့်အရေးတို့ကို လုံခြုံစေရန်အလို့ငှာ၊ အအုပ်ချုပ်ခံတို့၏ သဘောဆန္ဒ တူမှုဖြင့် တရားသောအာဏာကိုရထားသောအစိုးရကို လူထုထဲမှဖွဲ့စည်းသည် (Larry Diamond, “The Spirit of Democracy,” pp.17)”။
စိတ်ကူးယဉ် ဓနရှင်ဒီမိုကရေစီဝါဒီတို့ ထုံးစံအတိုင်း လာရီဒိုင်းမွန်းက ဒြပ်မဲ့စိတ်ကူးစံတွေကို သက်သေပြစရာ မလိုအောင်မှန်ကန်ပြီးသား၊ တလောကလုံးအမှန်တရားအဖြစ် ယူထားတယ်။ စိတ်ကူးယဉ်သမားတွေက၊ စိတ်ကူးစံ (Ideas)က သမိုင်းကိုဖန်တီးတယ်လို့ယုံကြည်သူတွေဖြစ်တယ်။ မာ့စ်ဝါဒလို လူမှုလက်ရှိ အရှိတရားကိုစေ့ငုလေ့လာပြီး၊ လက်တွေ့ လွတ်မြောက်ရေးလမ်းစဉ်ကို ညွှန်မပြပေ။ ဒါ့အပြင်၊ ဓနရှင်ဒီမိုကရေစီဝါဒီတွေက အစိုးရတရပ်ဟာ လူတန်းစားပဋိပက္ခတွေအထက်မှာရှိပြီး၊ မည်သည့်လူတန်းစားဘက်ကမျှရပ်တည်ခြင်းမရှိသော ကြားနေ အဆုံးအဖြတ် ပြုသူအဖြစ် အစိုးရကို လက်ခံထားကြသည်။
ဒီမိုကရေစီစနစ်ကို အဓိပ္ပာယ်ဖွင့်ဆိုရာမှာလည်း အရည်အသွေး အနိမ့်၊ အမြင့် ခွဲခြားဖွင့်ဆိုပြတယ်။ အနိမ့်စား ဖွင့် ဆိုမှုမှာ၊ ဂျိုးဇက်ရွှန်းပီတာရဲ့ ဖွင့်ဆိုချက်ကိုယူပြီး၊ ဒီမိုကရေစီဆိုတာ တသီးပုဂ္ဂလလူတွေက လူထုမဲ ရရေးအတွက် လွတ်လပ်စွာယှဉ်ပြိုင်မှုကတဆင့် နိုင်ငံရေးဆုံးဖြတ်ပိုင်ခွင့်ရရှိခြင်းလို့ ဖွင့်တယ်။ အရည်အသွေးမြင့် ဖွင့် ဆိုချက် မှာတော့ လက္ခဏာ (၁၀)ချက် ပါတယ်။ အတိုချုပ်ကတော့၊ တသီးပုဂ္ဂလလွတ်လပ်ခွင့်၊ လူမျိုးရေး ဘာသာရေး လွတ်လပ်ခွင့်၊ နိုင်ငံသားတိုင်းမဲပေးခွင့်နှင့် အရွေးကောက်ခံပိုင်ခွင့်၊ ရွေးကောက်ပွဲမှာ စစ်မှန်တဲ့ပွင့်လင်းမှုရှိရေး၊ တရားဥပဒေရှေ့မှောက်မှာ လူတိုင်းတန်းတူညီမျှရှိခွင့်၊ လွတ်လပ်တဲ့တရားစီရင်ရေးစနစ်၊ ရွေးကောက်ခံတွေကို အင်စတီကျူးရှင်းအရ ထိန်းကျောင်းနိုင်ရေး၊ သတင်းမီဒီယာနဲ့ အရပ်ဘက်အဖွဲ့အစည်းလွတ်လပ်ခွင့်၊ စစ်တပ်ကို အရပ်ဘက် ရွေးကောက်ခံတို့က ထိန်းချုပ်နိုင်ရေး စသဖြင့်။ ဒုတိယသတ်မှတ်ချက်ကတော့ ဓနရှင်ဒီမိုကရေစီစံတွေ ဖြစ်တယ်။ ဓနရှင်ဒီမိုကရေစီထုံးစံအတိုင်း နိုင်ငံရေးလွတ်လပ်ခွင့်ကိုသာ ဇောင်းပေးထားတယ်။
Analytical Marxist ဂျယ်ရီကိုဟင်ရဲ့ “လွတ်လပ်မှုနှင့် ငွေကြေး (Freedom and Money)” ဆောင်းပါးကို ကိုးကား ပြောရရင်၊ ဓနရှင်ဒီမိုကရေစီစနစ်အောက်မှာ ငွေမရှိရင် လွတ်လပ်မှု မရှိဘူး။ အန်ဂလို-ဆက်ဆွန် နိုင်ငံရေး အစဉ်အလာမှာ၊ လွတ်လပ်မှုဆိုရင် ကိုယ့်စိတ်ကြိုက်ရွေးချယ်လုပ်ဆောင်မှုကို တဦးဦးက ဟန့်တားပိတ်ပင်တာ မရှိသရွေ့ လွတ်လပ်တယ် (Negative Freedom)လို့ ယူဆကြတယ်။ ကိုဟင်က ငွေကြေးမရှိဘဲ ရထားသွားစီးတာ၊ ရှော့ပင်းမောက ပစ္စည်းကောက်ယူ(အလစ်သုတ်)တာလုပ်ရင် အရင်းရှင်လူ့အဖွဲ့အစည်းမှာ လက်မှတ်စစ်ကပဲဖြစ်ဖြစ်၊ လုံခြုံရေးကပဲ ဖြစ်ဖြစ် လာရောက်တားမြစ်ပိတ်ပင်တာခံရမည်ဖြစ်ကြောင်း ငြင်းချက်ထုတ်တယ်။ အကြောင်းက အရင်းရှင်လူ့အဖွဲ့အစည်းမှာ၊ ပုဂ္ဂလပစ္စည်းပိုင်ခွင့်ဆိုတာ သက်သေပြစရာမလိုအောင်မှန်ပြီးသား အမှန်တရားတခုလို လက်ခံထားလို့ ဖြစ်တယ်။
အရင်းရှင်စနစ်နဲ့ ဒီမိုကရေစီစနစ်ဆိုတာ လုံးဝသဟဇာတဖြစ်တဲ့ အရာနှစ်ခုမဟုတ်ပေ။ ဓနဥစ္စာက နိုင်ငံရေးအာဏာကို လွှမ်းမိုးမှုရှိတယ်။ ဒါကို လာရီဒိုင်းမွန်းတောင် နိုင်ငံရေးသိပ္ပံပညာရှင် စတီဗင်လဗစ်စကီနဲ့ လူကန်ဝေးတို့စာကို ကိုးကား ဝန်ခံထားတယ်။ “အာဏာရပါတီအများစုဟာ အာဏာလက်ကိုင်ရှိမှုရဲ့အကျိုးကျေးဇူးကို ခံစားရပါတယ်။ မီဒီယာကို လွယ်လင့်တကူ အသုံးချနိုင်တယ်။ စီးပွားရေးလုပ်ငန်းတွေဆီက ရန်ပုံငွေကောက်ခံရတာ လွယ်ကူတယ်။ ရွေးကောက်ပွဲ လှုံ့ဆော်ကာလမှာ အစိုးရ သယ်ယူပို့ဆောင်ရေးယာဉ်နဲ့ဝန်ထမ်းတွေကို အသုံးပြုနိုင်တယ်။ အာဏာရပါတီက အစိုးရ အသုံးစရိတ်နဲ့ အကျိုးခံစားခွင့်တွေကို ကိုယ့်ပါတီမဲဆန္ဒနယ်နဲ့ မဲဆန္ဒရှင်တွေအတွက် အသုံးချတာမျိုး (Larry Diamond, pp.24)”။
ဒါပေမယ့်၊ ဓနရှင်ဒီမိုကရေစီ၀ါဒီ ဒိုင်းမွန်းက ဓနရှင်ဒီမိုကရေစီစနစ်ကို အတင်းကာဖို့လုပ်ပြန်တယ်။ “ဥပဒေ စည်းမျဉ်းတွေကို ကွက်ကျားချိုးဖောက်ခြင်း သို့မဟုတ် အာဏာရပါတီက နှိုင်းရအားသာချက်ကိုအသုံးချခြင်းတို့ ရှိသော်လည်း မဲဆန္ဒရှင်တို့အဖို့ ပုံမှန်နိုင်ငံရေးနည်းလမ်းမှတဆင့် အသုံးမကျသော ရွေးကောက်ခံကို ဖြုတ်ချနိုင်ပါက၊ ရွေးကောက်ပွဲမှာ ဒီမိုကရေစီနည်းမကျဟု မဆိုနိုင် (Larry Diamond, pp.25)”လို့ ဆိုထားပြန်တယ်။
မာ့စ်-အိန်ဂယ်တို့ ဆိုသလိုပင် အစိုးရဆိုတာ လူတန်းစားဖိနှိပ်ရေးကိရိယာသာဖြစ်တယ်။ ဓနရှင်ဒီမိုကရေစီကလည်း သူ့စနစ်ကိုဆန့်ကျင်လာရင်တော့ အင်အားသုံးမည်ဖြစ်ကြောင်း လာရီဒိုင်းမွန်းက ဆိုထားတယ်။ “အနောက်နိုင်ငံက အခြေကျပြီးဒီမိုကရေစီနိုင်ငံတွေအပါအဝင် အုပ်ချုပ်မှုစနစ်အားလုံးသည် တရားဝင်မှု (legitimacy) နှင့် အင်အားသုံး မှုကို အနည်းအကျဉ်းတော့ ရောထွေးသုံးသည်။ အစိုးရ၏စနစ်တခုကို နိုင်ငံသားတိုင်းက တရားဝင်သည်ဟု လက်ခံ ထားသောနိုင်ငံ ရှိနိုင်ဖွယ်ရာမရှိပေ။ တခါတရံတွင် စနစ်ကိုဆန့်ကျင်လာသည့်အပြုအမူကို အပြစ်ပေးရန်နှင့် အမိန့် နာခံရန်အတွက် အင်အားသုံးခြိမ်းခြောက်မှုသည် လိုအပ်သည် (Larry Diamond, pp.89)”။ အစိုးရဆိုတာ လူတန်းစား ဖိနှိပ်ရေးကိရိယာလို့ မာ့စ်ဝါဒီတွေကလက်ခံထားတော့၊ ဒီအချက်ကို ငြင်းစရာ မရှိပေ။ ထပ်မေးစရာ ရှိလာသည်က ဘယ်လူတန်းစားဘက်ကရပ်တည်ပြီး ဘယ်လူတန်းစားကိုဖိနှိပ်မည်နည်းဆိုသောမေးခွန်း ဖြစ်တယ်။
“…စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုက လူလတ်တန်းစားများလာစေပြီး၊ ပြည်သူလူထုအဖို့ သတင်းအချက်အလက်နှင့် ပညာရေးအဆင့်အတန်းကို မြှင့်တင်ပေးနိုင်သည်။ …..စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမှတဆင့် ဝင်ငွေတက်လာမှု၊ စီးပွားရေးလုံခြုံမှုနှင့် အဆင့်မြင့်ပညာရေး ကျယ်ကျယ်ပြန့်ပြန့်သင်ကြားပေးနိုင်မှုက အောက်ခြေအလွှာကလူတွေကို ရေရှည်မျှော်လင့်ချက်ဖြစ်ပေါ်စေပြီး၊ နိုင်ငံရေးနှင့်ပတ်သက်လို့ တစတစချင်း ပြောင်းလဲမှုအမြင်ကို ဖြစ်ပေါ်စေခြင်း အားဖြင့်၊ လူတန်းစားတိုက်ပွဲပုံသဏ္ဍာန်ကို အဆုံးအဖြတ်ပြုပေးနိုင်သည် (Larry Diamond, pp.98)” လို့ မာတင် လစ္စက် စာကို ကိုးကားထားတယ်။
အရင်းရှင်စနစ်အောက်မှာ၊ ဘယ်တော့မှ စေ့စပ်လို့မရနိုင်မယ့် လူတန်းစားပဋိပက္ခကိုစေ့စပ်ဖို့ကြိုးပမ်းတဲ့ အမြင်ပဲ။ အောက်ဆုံးအလွှာကလူတွေကို မျှော်လင့်ချက်အနည်းငယ်ပေးပြီး၊ လူတန်းစားသိစိတ်ကို လမ်းလွှဲအောင်ကြိုးပမ်းတဲ့ အမြင် ဖြစ်တယ်။ “သည်းခံနိုင်မှု၊ တခြားသူတွေနှင့် ယုံကြည်မှု၊ အာဏာကိုသံသယရှိမှုနှင့် လွတ်လပ်မှု တန်ဖိုးထားမှု လိုမျိုး ယဉ်ကျေးမှုဆိုင်ရာ ပြောင်းလဲလာမှုဟာလည်း နိုင်ငံရေးအကျိုးအဆက်တွေ အများကြီးဖြစ်စေပါတယ်။ တချက်ကတော့၊ (အသနားခံစာတင်တာ၊ ဆန္ဒဖော်ထုတ်တာ၊ စားသုံးသူ သပိတ်မှောက်တာ လိုမျိုး) ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒဖော်ထုတ်မှုတွေကို ဖြစ်ပေါ်စေပါတယ်။ ဒီလှုပ်ရှားမှုတွေက အုပ်ချုပ်သူထိပ်တန်းအလွှာကို စိန်ခေါ်နိုင်ပါတယ်။ ဒီသက်ရောက်မှုက ဒီမိုကရေစီဘိုးအေနိုင်ငံတွေရော၊ လက်သစ်နိုင်ငံတွေအတွက်ပါ မှန်ပါတယ်။ လက်သစ် နိုင်ငံ တွေမှာဆိုရင် အာဏာရှင်စနစ်ကိုဖြိုချဖို့ လူထုအုံကြွမှုတွေတောင် ကျဆင်းလာပါတယ် (Larry Diamond, pp.101)”။ အုပ်ချုပ်သူ လူတန်းစားကို တိုက်ရာမှာ၊ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်နည်းက စိန်ခေါ်နိုင်စွမ်း ရှိတယ် လို့ လာရီတို့ ပြောနေတာ ဖြစ်တယ်။
လာရီဒိုင်းမွန်းတင်ပြနေတဲ့၊ ဓနရှင်ဒီမိုကရေစီစနစ်ကို အချုပ်ပြောရရင်၊ (၁) စိတ်ကူးယဉ်နှုန်းစံတွေကို တလောကလုံး စံနှုန်းအဖြစ်လက်ကိုင်ပြုရင်း လူ့အဖွဲ့အစည်းပြောင်းလဲရေးကို စိတ်ကူးနေတာဖြစ်တယ်။ (၂) နိုင်ငံရေးလွတ်လပ်ခွင့်ကို ဇောင်းပေးပြီး စီးပွားရေးလွတ်လပ်ခွင့်ကိုတော့ ဒီမိုကရေစီစနစ်သတ်မှတ်ရာမှာ မပါဝင်။ (၃) အာဏာရပါတီနှင့် အုပ်ချုပ်သူတွေဟာ စီးပွားရေးလုပ်ငန်းတွေနဲ့ဆက်နွှယ်နေတယ်။ အရင်းက နိုင်ငံရေးအာဏာအပေါ် လွှမ်းမိုးမှုတော့ ရှိတယ်။ (၄) ဓနရှင်ဒီမိုကရေစီစနစ်ကို ဆန့်ကျင်လာရင် အင်အားသုံး ဆောင်ရွက်မယ်။ (၅) အောက်ဆုံးလွှာကို ဝင်ငွေနှင့်ပညာရေး အတိုင်းအတာတခုအထိမြှင့်ပေးရင်း၊ နိုင်ငံရေးမှာ တစတစ ပြောင်းလဲရေးအမြင်ကိုဖြစ်ပေါ်အောင် လုပ်ပြီး၊ လူတန်းစားသိစိတ်ကိုလမ်းလွှဲနိုင်ဖို့ဖြစ်တယ်။ (၆) ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်နည်းက အာဏာလက်ရှိ ထိပ်တန်းအလွှာကို စိန်ခေါ်နိုင်တယ်လို့ ဆိုတယ်။ ကဲ…. ဓနရှင် ဒီမိုကရေစီဝါဒီတွေ ဗမာနိုင်ငံရေးမှာ ဘယ်လို အကြံပြုချက်တွေ ပေးသလဲ ဆက်ကြည့်ကြရအောင်ပါ။
အပိုင်း(၂)ကိုဖတ်ရန်
"မာ့စ်ဝါဒနှင့်အခြေခံဥပဒေပြဿနာ အပိုင်း(၂)"
၄။ ဗမာနိုင်ငံရေးမှာ ဓနရှင်ဒီမိုကရေစီဝါဒီတွေရဲ့ အကြံပြုချက်
“အသွင်ကူးပြောင်းနေတဲ့ အာဏာရှင်အုပ်ချုပ်ရေးစနစ်တွင်းမှာ၊ အာဏာကိုလက်မလွှတ်လိုသော၊ သို့မဟုတ် ဒီမိုကရေစီကို အူလှိုက်သည်းလှိုက်ငြင်းဆန်နေသော ‘အမာသမား’နှင့် အာဏာရှင်အုပ်ချုပ်ရေးစနစ်မှာပါဝင်သူ ဖြစ်သော်လည်း အုပ်ချုပ်ရေးစနစ်ကိုဖွင့်ပေးပြီး နိုင်ငံသားလွတ်လပ်ခွင့် ခွင့်ပြုပေးဖို့၊ ရွေးကောက်ပွဲအရ တရားဝင်မှုကို တနည်းနည်းနဲ့အသုံးချဖို့ နားချလို့ရတဲ့ ‘အပျော့သမား’ အကွဲမှာ၊ အမြဲတမ်းနီးပါးလောက်ဖြစ်တတ်သည် (Larry Diamond, “The Opening in Burma,” Journal of Democracy, pp.138, October-2012, Vol-23, No-4)။”
“အလားတူပင်၊ အတိုက်အခံအုပ်စုထဲမှာလည်း ‘အလယ်အလတ်သမား’နှင့် ‘ရယ်ဒီကယ်’ အကွဲ ရှိနိုင်ကြောင်း၊ အလယ်အလတ်သမားတွေက ဒီမိုကရေစီစနစ်ကိုယုံကြည်သက်ဝင်ပြီး တိုက်ပွဲဝင်ဖူးသော်လည်း၊ ဒီမိုကရေစီစနစ် အကူးအပြောင်းအတွက် အာဏာရှင်အုပ်ချုပ်သူတွေနှင့် ညှိနှိုင်းဖို့လိုအပ်ကြောင်း သဘောပေါက်သူတွေဖြစ်ကြောင်း၊ ရယ်ဒီကယ်တွေကတော့ စေ့စပ်ညှိနှိုင်းရေးမလုပ်လိုဘဲ ဆန္ဒပြနည်း၊ လူထုအုံကြွမှုပုံသဏ္ဍာန် တနည်းနည်းကို အသုံးချပြီး အာဏာကို ဘယ်လိုအခြေအနေမှာပင်ဖြစ်ပါစေ လွှဲပြောင်းပေးဖို့လိုလားကြကြောင်း၊ အာဏာရှင် အုပ်ချုပ် ရေးစနစ်အဖို့ စစ်ရှုံးတာ၊ ဘဏ္ဍာရေးကျပ်တည်းတာမျိုးကြုံနေရင်တော့ အာဏာလွှဲပြောင်းပေးဖို့နည်းကလွဲလို့ တခြားနည်းလမ်း မရှိကြောင်း၊ သို့သော် စည်းလုံးညီညွှတ်နေသည့်အုပ်ချုပ်ရေးစနစ်ကို အတိုက်အခံက အတင်း အင်အားသုံး လုပ်ဆောင်ခြင်းနည်းဖြင့် မည်သည့်အကူးအပြောင်းမှလုပ်ဆောင်လို့ မရကြောင်း ရေးထားတယ် (Larry Diamond, pp.139)။”
“ဗမာအာဏာရှင်စနစ်က စည်းလုံးမှုရှိနေပြီး အဓိကအကျိုးစီးပွားကိုကာကွယ်ဖို့ရန် အင်အားသုံးအကြမ်းဖက်ဖို့ အဆင်သင့်ဖြစ်နေတာက တကြောင်း၊ နိုင်ငံရေးအကျဉ်းသားအများစုက ထောင်ထဲမှာဖြစ်တာကတကြောင်း၊ တိုင်းရင်းသားဒေသဘက်တွေမှာ တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်နေတာက တကြောင်း၊ အုပ်ချုပ်ရေးစနစ်ကို သွားစိန်ခေါ်ရင် ဘယ်လောက်ထိဆိုးဝါးတဲ့အကျိုးအဆက်တွေကို ကြုံရမယ်ဆိုတာ မသေချာကြောင်း၊ ဒါကြောင့် ဒီမိုကရေစီစနစ်ကူးပြောင်းလိုပါက အာဏာရှင်တွေဘက်မှ အပျော့သမားတွေနှင့် အတိုက်အခံဘက်မှ လက်တွေ့ကျပြီး ပျော့ပျောင်းသောခေါင်းဆောင်တွေ အတူတကွတွေ့ဆုံပြီး၊ သဘောတူညီချက်တွေ ယူရလိမ့်မည်ဖြစ်ကြောင်း၊ နှစ်ဖက် အပြန်အလှန်ပဋိညာဉ်ပြုမှုမှာ နှစ်ဖက်လုံးရဲ့ လုံခြုံရေးကို တည်ဆောက်ဖို့လိုတယ်ဟု ရောဘတ်ဒါးက ဆိုကြောင်း၊ ….တဖက်ဖက်က အာဏာရလာရင်တောင် (တခြားတဖက်ရဲ့) အဓိက အကျိုးစီးပွားကို မဖျက်သိမ်းဖို့ ယုံကြည် နိုင်ရမည်ဖြစ်ကြောင်းဆိုတယ် (Larry Diamond, pp.139)။
အမေရိကန် တော်လှန်ရေး၊ ပြင်သစ်တော်လှန်ရေးကဆင်းသက်လာတဲ့ ဓနရှင်ဒီမိုကရေစီစံနှုန်းတွေကို ဆုပ်ကိုင်ထားတဲ့ လာရီဒိုင်းမွန်းက “စေ့စပ်ရေးလမ်းကြောင်း”ကို အကြံပြုနေတာဖြစ်တယ်။ ဒါဟာ ဓနရှင်ဒီမိုကရေစီဝါဒီတွေရဲ့ ကြောင်သူတော်ဆန်မှု၊ ရှေ့နောက် မညီမှုပဲ။ ပဒေသရာဇ်စနစ်ကိုဖြိုချရာမှာ အမေရိကန်တော်လှန်ရေးရော၊ ပြင်သစ်တော်လှန်ရေးပါ တိုက်ယူခဲ့ရတာဖြစ်တယ်။ ပဒေသရာဇ်စနစ်ကို အပြီးပိုင် ဖြိုချတော်လှန်ပြီးမှ ဓနရှင် ဒီမိုကရေစီယန္တရားသစ်ကို တည်ဆောက်နိုင်တာဖြစ်တယ်။ ခုတော့ အာဏာရှင်စနစ်ကို မုန်းလှပါပြီဆိုတဲ့ လာရီ ဒိုင်းမွန်းဟာ အာဏာရှင်စနစ်ရဲ့ယန္တရားကို အပြီးပိုင်ဖြိုချရေးထက် နှစ်ဖက် စေ့စပ်ညှိနှိုင်းရေး (၀ါ) စျေးဆစ်ရေးကို အကြံပေးနေတယ်။ ဒါ့အပြင်၊ စစ်တပ်ကို အရပ်ဘက်ကထိန်းချုပ်ရေးနဲ့ တရားဥပဒေစိုးမိုးရေးကို လွန်လွန်ကျူးကျူး ဆောင်ရွက်မိရင် စစ်တပ်ဘက်က အာဏာပြန်သိမ်းနိုင်ကြောင်း အစိုးရိမ်လွန် နေပြန်တယ်။ နဂိုကတိုင် စေ့စပ် ညှိနှိုင်းရေးနဲ့ ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်ရေးနည်းနာလောက်ကိုသာ အာဏာရှင်တွေကိုတိုက်နည်းအဖြစ် လက်ခံထား လိုသူဖြစ်လေတော့၊ အခြေခံဥပဒေပုဒ်မတွေပြင်ဆင်ရေးအတွက်လည်း ညှိနှိုင်းကြစေလိုကြောင်း ဆိုတယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာတောင် နိုင်သူအကုန်ယူစနစ် (FPTP)ကို ကျင့်သုံးရင် NLDပါတီ အပြတ်အသတ်နိုင်တဲ့အခါ၊ ၁၉၉၀ ရွေးကောက်ပွဲလို စစ်တပ်က အာဏာလွှဲမပေးပဲ နောက်ပြန်ဆုတ်သလိုဖြစ်နိုင်လို၊ NLDပါတီ ကိုယ်တိုင် အခုမဲပေးပုံ စနစ်ကို လက်မခံသင့်ကြောင်း လာရီက သူ့ တပည့် မင်းဇင်ဆောင်းပါးကို ကိုးကားထားလိုက်သေးတယ် (Larry Diamond, pp.143)။
အချုပ်ဆိုရရင်၊ ဓနရှင်ဒီမိုကရေစီ ၀ါဒီတွေဟာ (၁) လူထုက သမိုင်းကိုဖန်တီးသူလို့ မယုံကြည်ဘူး။ ကြီးမြတ်သူ တွေကသာလျှင် သမိုင်းကိုဖန်တီးသူလို့ ရှေးပဝေဏသီက အတွေးအခေါ်က ရုန်းမထွက်နိုင်သူတွေဖြစ်တယ်။ ဒါကြောင့်၊ ထိပ်ပိုင်းခေါင်းဆောင်စုချင်း ကြိတ်ဝိုင်းသဘောတူညီမှုယူကာမျှဖြင့် စနစ်အပြောင်းအလဲလုပ်နိုင်မယ်လို့ စိတ်ကူးယဉ် နေကြတယ်။ (၂) အာဏာရှင်စနစ်ကို အဆုံးထိတိုက်ရင်း အာဏာရှင်ယန္တရားကို အပြီးအပိုင်ဖြိုချပြီး ဓနရှင်ဒီမိုကရေစီ တော်လှန်ရေး ပြီးမြောက်အောင်ဆောင်ရွက်ဖို့တောင် စိတ်ကူးမရှိကြဘူး။ လက်ရှိ အာဏာရှင်ယန္တရားထဲမှာ အာဏာ ခွဲဝေမျှယူဖို့သာဖြစ်တယ်။ (၃) အုပ်ချုပ်သူလူတန်းစားကိုဖြိုချရာမှာ အကြမ်းနည်းအားဖြင့်သာလျှင် ဖြိုဖျက်နိုင်မယ်လို့ မာ့စ်ဝါဒီတွေလို ခိုင်မာတဲ့ယုံကြည်ချက် မရှိဘူး။ ဓနရှင်ဒီမိုကရေစီစနစ်အခြေကျပြီးသား အနောက်နိုင်ငံတွေမှာသုံးတဲ့၊ ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်ခြင်းလို နည်းနာလောက်နဲ့ အာဏာရှင်စနစ်ကို နောက်ဆုံးမှာ အောင်ပွဲဆင်နိုင်မယ် ထင်နေ ကြတယ်။ (၄) စီးပွားရေး အခြေခံအုတ်မြစ်နဲ့ အပေါ်ထပ်နိုင်ငံရေးအဆောက်အအုံရဲ့ ဆက်စပ်မှုကို မာ့စ်ဝါဒီတွေလို နားမလည်တဲ့အတွက်၊ နိုင်ငံရေးပြဿနာကို အပေါ်ထပ်အဆောက်အအုံပြင်ဆင်ရေးနည်းနာတွေနဲ့ ဖြေရှင်းဖို့ ကြိုးစားနေတယ်။ ဥပမာ မဲပေးတဲ့စနစ်ပြောင်းလဲတာမျိုး။ တိုတိုဆိုရရင် ဓနရှင်ဒီမိုကရေစီဝါဒီတွေဟာ ဗမာနိုင်ငံ စစ်အာဏာရှင်စနစ် အပြီးအပိုင်ဖြိုဖျက်ရေးကို လုပ်ဆောင်နိုင်မည်မဟုတ်ပေ။ ဓနရှင်ဒီမိုကရေစီတော်လှန်ရေးကိုပင် ပြီးမြောက်အောင် ဆင်နွှဲနိုင်မည်မဟုတ်။ အခြေခံဥပဒေဖျက်သိမ်းရေး ဘာကြောင့် ခက်ခဲရသလဲ၊ အခြေခံဥပဒေက တကယ့် နိုင်ငံရေးပြဿနာလားဆိုတာကို မာ့စ်ဝါဒဘက်က ဆက်ဆွေးနွေးပါမယ်။
၅။ အခြေခံဥပဒေက ပင်မပြဿနာ မဟုတ်
မာ့စ်ဝါဒီတွေရဲ့ သမိုင်းအမြင်ကို အထက်မှာရှင်းခဲ့ပြီးပါပြီ။ (၁) တရားဥပဒေ၊ ဘာသာရေး၊ ယဉ်ကျေးမှု၊ အုပ်ချုပ်ရေး စနစ် စတဲ့ အပေါ်ထပ် နိုင်ငံရေးအဆောက်အအုံတွေဆိုတာ စီးပွားရေးအခြေခံအုတ်မြစ်ဖြစ်တဲ့ ကုန်ထုတ် ဆက်ဆံရေးအပေါ် အခြေခံပြီးတော့မှပေါ်ပေါက်လာတာဖြစ်ကြောင်း ဆိုပြီးပါပြီ။ ကုန်ထုတ်ဆက်ဆံရေးဆိုတာလည်း၊ ကုန်ထုတ်အရင်းအနှီးကိုထိန်းချုပ်ထားနိုင်မှု ပိုင်ဆိုင်မှုအပေါ်မှာအခြေခံပြီးတော့ ပေါ်ပေါက်လာတာဖြစ်တယ်။ (၂) ဒါ့အပြင်၊ အစိုးရဆိုတာ လူတန်းစားကွဲပြားမှုကြောင့်ပေါ်ပေါက်လာတာဖြစ်ကြောင်း၊ လူတန်းစား တစားဘက်ကရပ်တည်ပြီး၊ အခြားလူတန်းစားကို ဖိနှိပ်ရေးယန္တရားသာဖြစ်ကြောင်း ဆိုခဲ့ပြီးပါပြီ။ (၃) အစိုးရ ကာကွယ်ပေးတဲ့လူတန်းစားဆိုတာ၊ ကုန်ထုတ်ဆက်ဆံရေးမှာ ကုန်ထုတ်အရင်းအနှီးကိုပိုင်ဆိုင်ထားသူလူတန်းစား ဖြစ်တယ်။ ဒါကြောင့် ကျေးပိုင်ကျွန်ပိုင် ခေတ်မှာ ကျေးကျွန်ပိုင်ရှင်တွေ၊ ပဒေသရာဇ်ခေတ်မှာ ပဒေသရာဇ်အရှင်သခင်ကြီးတွေ၊ အရင်းရှင်ခေတ်မှာ အရင်းရှင် ကြီးတွေ အကျိုးစီးပွားဘက်က အစိုးရကရပ်တည်တာ ဖြစ်တယ်။
ဆိုတော့ ဥပဒေဆိုတာ လူတန်းစားတစားရဲ့အကျိုးစီးပွားကိုကာကွယ်ပေးတဲ့ အပေါ်ထပ် နိုင်ငံရေးအဆောက်အအုံ တခုသာဖြစ်တယ်။ ဥပဒေဆိုတာ အုပ်ချုပ်သူလူတန်းစားအကျိုးစီးပွားကိုကန့်လန့်ကာအုပ်ပြီး လူထုတရပ်လုံး အကျိုး စီးပွားအတွက်လို့ ထင်ယောင်ထင်မှားဖြစ်အောင်ဖန်တီးထားတယ်။ ဒီတော့၊ မေးစရာ မေးခွန်းတခု ရှိလာတယ်။ စာရွက်စုတ်၊ စက္ကူစုတ်၊ စာအုပ်တအုပ်ထဲမှာရေးသားထားတဲ့ဥပဒေတွေကို ဘာကြောင့် လူထုက လွယ်လွယ်ကူကူ ပြင်ဆင်တာ၊ ဖျက်သိမ်းတာမလုပ်နိုင်ရတာလဲ။ အုပ်ချုပ်သူလူတန်းစားက လက်နက်ကိုင် ရဲတပ်ဖွဲ့၊ စစ်တပ်၊ အကျဉ်း ထောင်၊ ဗြူရိုကရေစီ စတဲ့ ယန္တရားတွေသုံးပြီးတော့ အဖိနှိပ်ခံလူတန်းစားကိုဖိနှိပ်နိုင်နေလို့ ဖြစ်တယ်။ မေးစရာ တခု ထပ်ရှိ လာပြန်တယ်။ ဒါဆို အုပ်ချုပ်သူလူတန်းစားကရော ဒီဖိနှိပ်ရေးယန္တရားတွေသုံးပြီးတော့ အကြမ်းဖက်မှုတွေ ဘာကြောင့် လုပ်ရတာလဲ။တကယ်ပဲ ဒီဥပဒေကို ကာကွယ်ချင်လို့လား။ သက်မဲ့စာအုပ်တအုပ်အတွက် သက်ရှိ လူတွေကို ဖိနှိပ်နေတယ်ဆိုတာ ရယ်စရာဟာသတခုမျှသာဖြစ်တယ်။ အဓိကက အုပ်ချုပ်သူလူတန်းစားဟာ သူတို့ရဲ့ ကုန်ထုတ်အရင်းအနှီးတွေပိုင်ဆိုင်ထားမှုနဲ့ နိုင်ငံရေးအာဏာကိုကာကွယ်ဖို့သာဖြစ်တယ်။ ဒါဆိုရင် အဓိကပြဿနာက အုပ်ချုပ်သူလူတန်းစားက စီးပွားရေးအာဏာနဲ့နိုင်ငံရေးအာဏာကို လက်ဝါးကြီးအုပ် ချုပ်ကိုင်ထားတဲ့ပြဿနာပဲ။ ဒီချုပ်ကိုင်ထားမှုကို အဖိနှိပ်ခံလူထုက ထိပါးလာမှာ အသေအလဲကာကွယ်နေတဲ့ပြဿနာပဲ။ ဒါဆိုရင်၊ အဓိက ပြဿနာက ဖွဲ့စည်းပုံအခြေခံဥပဒေပြဿနာမဟုတ်ဘူးဆိုတာပေါ်လွင်လာပြီ။ စာအုပ်ထဲကပြဿနာမဟုတ်ဘူးဆိုတာ ထင်ရှားလာပြီ။ အဓိကပြဿနာက စာအုပ်အပြင်ဘက် တကယ့်လူမှုဘဝအရှိတရားမှာ အခြေခံနေတယ်ဆိုတာ ပြသနေတယ်။ တကယ့်လူမှုလက်တွေ့ဘဝမှာဖြစ်ပျက်နေတဲ့၊ ဖိနှိပ်သူနဲ့အဖိနှိပ်ခံလူတန်းစား ပြဿနာ၊ အုပ်ချုပ်သူနဲ့ အအုပ်ချုပ်ခံပြဿနာ၊ ကုန်ထုတ်အရင်းအနှီးလက်ရှိနဲ့ ကုန်ထုတ်အရင်းအနှီးလက်မဲ့ ပြဿနာသာ ဖြစ်တယ်။ တနည်း အားဖြင့် စစ်ဗြူရိုကရက်အရင်းရှင်စနစ်ပြဿနာ ဖြစ်တယ်။ အခြေခံဥပဒေပြဿနာဆိုတာ ဒီပြဿနာတွေကို မြင်နိုင်စွမ်းမရှိအောင်လှည့်ဖျားဖို့အတွက် ပုဝါပါး ဖုံးထားတာသာဖြစ်တယ်။
ဒီတော့ ပြဿနာမတူရင် ပြဿနာကိုဖြေရှင်းမယ့်နည်းနာလည်း မတူနိုင်ဘူး။ အခြေခံဥပဒေပြဿနာ ၀ါ စာအုပ် တအုပ်ရဲ့ပြဿနာမျှသာလို့ ယူဆကြတုန်းက ဒီပြဿနာကိုဖြေရှင်ဖို့ စိတ်ကူးယဉ်ဆန်တဲ့နည်းလမ်းတွေ အများကြီး ချပြကြတယ်။ တချို့က ဓနရှင်ဒီမိုကရေစီ၀ါဒီတွေအကြံပြုသလို စစ်အာဏာရှင်ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ ဖြည်းဖြည်းချင်း ညှိပြင်ဖို့ ပြောတယ်။ တချို့က လက်ရှိလွှတ်တော်ထဲက ပြင်ဖို့/ဖျက်သိမ်းဖို့ ပြောတယ်။ တချို့က လွှတ်တော်ပြင်ပလမ်းကြောင်းနဲ့ တနည်းအားဖြင့် လွှတ်တော်ပြင်ပမှာ နိုင်ငံရေးအင်အားစုတွေအားလုံးပါဝင်တဲ့ အသစ်ရေးဆွဲရေးလမ်းကြောင်းကသွားဖို့ ပြောတယ်။ ဒီနည်းနာတွေအားလုံးဟာ အခြေခံဥပဒေပြဿနာ၊ စာအုပ် တအုပ်ပြဿနာလို့လွဲမှားပြီးမြင်ရာက ဆင်းသက်လာတဲ့ လွဲမှားတဲ့စိတ်ကူးယဉ်လမ်းစဉ်တွေသာဖြစ်တယ်။ လက်ရှိကာလအထိ စစ်အာဏာရှင်စနစ်ကြီးစိုးထားတုန်းဆိုတာမေ့မျောပြီး၊ အနောက်နိုင်ငံက အခြေကျပြီး ဓနရှင် ဒီမိုကရေစီနိုင်ငံတွေမှာလို အေးအေးဆေးဆေးဖြေရှင်းနိုင်မယ်လို့ အထင်ရောက်နေတာသာဖြစ်တယ်။
တကယ့်ပြဿနာက စစ်ဗြူရိုကရက်အရင်းရှင်စနစ်ပဲ။ စာအုပ်ကလေးတအုပ်ကို ပြင်နိုင်ရုံမျှနဲ့ ဒီပြဿနာကို ဖြေရှင်းနိုင်မှာမဟုတ်ဘူး။ ဒီစာအုပ်ဖျက်သိမ်းရေးအတွက်လည်း စစ်အာဏာရှင်တွေက အေးအေးဆေးဆေး ထိုင်ကြည့်နေမှာ မဟုတ်ဘူး။ စစ်အာဏာရှင်တွေဆိုတာ ဇာတကပုံပြင်ထဲကဘုရင်လို သံဝေဂရပြီး တောထွက်မယ့်လူ တယောက်မှ မရှိဘူး။ စစ်ဗြူရိုကရက်အရင်းရှင်စနစ်ကိုဖျက်သိမ်းနိုင်ဖို့ဆိုရင် အေးအေးချမ်းချမ်းနည်းနဲ့ ဘယ်တော့မှ အောင်မြင်မှာ မဟုတ်ဘူး။ အဖိနှိပ်ခံ အလုပ်သမား၊ လယ်သမား၊ ကျောင်းသားနဲ့ မြို့နေဆင်းရဲသား စတဲ့ လူထု လူတန်းစားပေါင်းစုံပါဝင်တဲ့“တိုက်ပွဲ”က တဆင့်၊ အောင်ပွဲခံနိုင်မှသာ ဒီပြဿနာကို ဖြေရှင်းနိုင်မယ်။ ဒီတိုက်ပွဲကို ဦးဆောင်ရာမှာလည်း မှန်ကန်တဲ့ တော်လှန်ရေးအဘိဓမ္မာကိုကိုင်စွဲထားတဲ့၊ မာ့စ်-လီနင်ဝါဒဆုပ်ကိုင်ထားတဲ့ ပါတီတခုရဲ့ ဦးဆောင်မှုကို ခံယူမှသာ၊ စစ်ဗြူရိုကရက်အရင်းရှင်စနစ်ယန္တရားကို အလုံးစုံဖျက်သိမ်းပြီး၊ ဒီမိုကရေစီသစ်ကို တည်ဆောက်နိုင်လိမ့်မယ်။
ဒီနေရာမှာ စစ်ဗြူရိုကရက်အရှင်းရှင်စနစ်အကြောင်း နည်းနည်း ရှင်းဖို့လိုတယ်။ ဒါမှ၊ “တိုက်ပွဲ”နည်းလမ်းကပဲ သူတို့ရဲ့ စီးပွားရေးအာဏာ၊ နိုင်ငံရေးအာဏာတွေကို ဖျက်သိမ်းနိုင်မယ်ဆိုတာ ထင်ရှားမယ်။ မဟုတ်ရင် စိတ်ကူးယဉ်မှုတွေ ဝင်ရောက်လာနိုင်တယ်။ ၁၉၅၈ ပါလီမန်ခေတ်ကတိုင် စစ်တပ်ပိုင်စီးပွားရေးကို စတည်ဆောက်လာတယ်။ ၁၉၆၂ မှာတော့ စစ်တပ်က တနိုင်ငံလုံးကို စီးပွားရေးအရရော နိုင်ငံရေးအရာပါ လက်ဝါးကြီးအုပ်ချုပ်ကိုင်ဖို့ အာဏာသိမ်း လိုက်တယ်။ ၁၉၈၈ နောက်ပိုင်းမှာ စစ်တပ်က အရင်းရှင်စီးပွားရေးစနစ် ၀ါ တံခါးဖွင့် စီးပွားရေးစနစ်ကို ပြန်အစပြု လာတယ်။ အဲဒီကာလမှာ၊ အစိုးရပိုင်လုပ်ငန်းတွေကို ပုဂ္ဂလိကပိုင်ပြုရေးလုပ်တယ်။ တဖက်မှာလည်း၊ စစ်တပ်ပိုင် စီးပွားရေးတွေဖြစ်တဲ့ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းနဲ့ ဦးပိုင်ကုမ္ပဏီတွေထောင်ပြီး ဗမာ့စီးပွားရေးရင်းမြစ်တွေကို ချုပ်ကိုင်ထားတယ်။ တဖက်မှာကျ၊ စစ်အာဏာရှင်တွေက သူတို့နဲ့ ပလဲနံပသင့်မယ့် အရပ်သားတွေကို သူကောင်းပြု ပြီးတော့ ခရိုနီသမားတအုပ်ကိုမွေးထုတ်လာတယ်။ အရင်းရှင်စျေးကွက်စီးပွားရေးအတွက် အစိုးရပိုင်လုပ်ငန်းတွေကို ပုဂ္ဂလိကပိုင်ပြုရာမှာလည်း ဒီခရိုနီအုပ်စုကို ချိုးချိုးခြောင်ခြောင်စျေးနဲ့ ချပေးတယ်။ ၂၀၁၅ သိန်းစိန်အစိုးရ ဆင်း မသွားခင်၊ လက်ကျန် အစိုးရလုပ်ငန်းတွေကို ပုဂ္ဂလိကပိုင်ပြုရေးလုပ်တာမှာ ခရိုနီတွေ အမြတ်ထွက်ပြန်တယ်။ ဒေါ်စု အစိုးရတက်လာပြီးနောက်ပိုင်း ကမ္ဘာ့အရင်းရှင်နိုင်ငံတချို့က ခရိုနီတချို့ကို နာမည်ပျက်စာရင်းသွင်းထားတာ ပယ်ဖျက် ပေးတယ်။ နိုင်ငံတကာအရင်းရှင်တွေ ရင်းနှီးမြှုပ်နှံမှုလုပ်တဲ့အခါမှာ စစ်တပ်ပိုင်စီးပွားရေးနဲ့ ခရိုနီအရင်းရှင်တွေပိုင် ကုမ္ပဏီတွေနဲ့ ပူးတွဲလုပ်ဆောင်ကြတယ်။ ဗမာနိုင်ငံက ကမ္ဘာ့အရင်းရှင်စီးပွားရေးနဲ့ ပြန်ချိတ်ဆက်လာတယ်။ ကမ္ဘာ့ အရင်းရှင်တွေရဲ့ စီးပွားရေးလက်ဝေခံလူတန်းစားက စစ်ဗြူရိုကရက်အရင်းရှင်နဲ့ ခရိုနီအရင်းရှင်လူတန်းစားပဲ ဖြစ်တယ်။
အစိုးရပိုင်လုပ်ငန်းတွေကို ပုဂ္ဂလိကပိုင်ပြုတုန်းက တချို့ လုပ်ငန်းတွေကို စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီနဲ့ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းလက်အောက်ကို လွှဲပြောင်းပေးတာတွေလည်း ရှိတယ်။ ဦးပိုင်ကုမ္ပဏီက ၂၀၁၀-၂၀၁၁ တုန်းက တနှစ်တာအမြတ် အမေရိကန်ဒေါ်လာ (၄၈) သန်း ရှိတယ် (Aung Min and Toshihiro Kudo, “Chapter (6) Business Conglomerates in the Context of Myanmar’s Economic Reform,”)။
ဒါ့အပြင် တခြား လည်ပတ်လုပ်ကိုင်နေတဲ့ လုပ်ငန်းသစ်တွေလည်း အများကြီးရှိသေးတယ်။ စစ်အာဏာရှင်တွေကို အမှီပြုပြီး ကြီးထွားရှင်သန်လာတဲ့ ခရိုနီအုပ်စုထဲကလူတွေကတော့၊ ကမ္ဘောဇဘဏ်ပိုင်ရှင် ဦးအောင်ကိုဝင်း (ခ) ဆရာကျောင်း၊ ရွှေသံလွင် ဦးကျော်ဝင်း၊ ဂိုးဒင်းဖလားဝါးကုမ္ပဏီက ဦးအောင်ထွေး၊ ဦးကျော်မြင့်၊ ရူဘီဒရက် ဂွန်ကျောက်မြတ်နဲ့ ကုမ္ပဏီက ဦးနေဝင်းထွန်း၊ ရွှေတောင်အုပ်စုက ဦးအိုက်ထွန်း၊ Mother Trading and Constructionက ဦးအောင်မြင့်၊ Kyaw Tha Companyက ဝင်းလွင်၊ လွိုင်ဟိန်းကုမ္ပဏီက ဒေါက်တာ စိုင်းစမ်ထွန်း၊ Super One Group of Companyက ဒေါ်စန်းစန်းရီ၊ ထူးကုမ္ပဏီက ဦးတေဇ၊ Max Myanmarက ဦး ဇော်ဇော်၊ Asia World Group of Companiesက ဦးထွန်းမြင့်နိုင်၊IGE Group of Companiesက ဦးအောင်သောင်းသားတွေ ဖြစ်တဲ့ နေအောင်၊ ပြည်အောင်၊ FMI Groupက ဦးသိန်းဝေ၊ IBTCကုမ္ပဏီက ပက်စီဦးသိန်းထွန်း သား ဦးအောင်မိုးကျော် စသဖြင့်။ တခြား ကျန်သေးပါတယ်။ ဒီခရိုနီအုပ်စုက စစ်အာဏာရှင်တွေကိုအမှီပြုပေါ်ပေါက်လာပြီး၊ စစ်အာဏာရှင်အုပ်ချုပ်ရေးကို ထောက်ပံ့ပေးနေသူတွေလည်းဖြစ်တယ်။ ဒီခရိုနီတသိုက်ရဲ့အောက်မှာ၊ ဗမာနိုင်ငံရဲ့ မြေယာ၊ သွင်းကုန်၊ ထုတ်ကုန်၊ ကုန်ထုတ်လုပ်ရေး၊ သယ်ယူပို့ဆောင်ရေး၊ ဘဏ်လုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း စသဖြင့် အကုန်လုံးကို ချုပ်ကိုင် ထားတယ်။ ဒီတော့၊ ဗမာ့စီးပွားရေးကို ချုပ်ကိုင်ထားတာဟာ စစ်ဗြူရိုကရက်အရင်းရှင်တွေနဲ့ ခရိုနီအရင်းရှင်တွေပဲ။
ဒီစီးပွားရေးအုတ်မြစ်ပေါ်မှာ အခြေခံပြီးတော့၊ အပေါ်ထပ် နိုင်ငံရေးအဆောက်အအုံ ပေါ်လာတာပဲ။ စစ်အာဏာရှင် တွေက၊ အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီမှာ ဗီတိုအာဏာကိုင်ထားတယ်။ လွှတ်တော်ထဲမှာ စစ်သား အစိတ်သား ထည့်ထားတယ်။ လက်နက်ကိုင်စစ်တပ်တခုလုံးက အရပ်သားတွေရဲ့ထိန်းချုပ်မှုကနေ ကင်းလွတ်နေတယ်။ ပြည်ထဲရေး၊ နယ်စပ်နဲ့လုံခြုံရေးစတဲ့ ယန္တရားတွေကိုလည်း စစ်အာဏာရှင်တွေက ချုပ်ကိုင်ထားတယ်။
မြို့နယ်အုပ်ချုပ်ရေးဆိုတာ လူထုနဲ့အနီးစပ်ဆုံး အခြေခံအုပ်ချုပ်ရေးယူနစ် ဖြစ်တယ်။ ဒါတွေ အားလုံးကိုလည်း၊ စစ်အာဏာရှင်တွေကပဲ ချုပ်ကိုင်ထားတယ်။ ဆိုတော့ အပေါ်ထပ် နိုင်ငံရေးအဆောက်အအုံကြီးတခုလုံးဟာ စစ်ဗြူရိုကရက်အရင်းရှင်လူတန်းစားရဲ့အကျိုးစီးပွားကို အကာအကွယ်ပြုပေးဖို့၊ အခိုင်အမာပြုဖို့သာဖြစ်တယ်။ အခြေခံဥပဒေထဲမှာပြဌာန်းထားတဲ့ပြဌာန်းချက်တွေအားလုံးကလည်း စစ်ဗြူရိုကရက်အရင်းရှင်လူတန်းစားရဲ့ အကျိုးစီးပွားကို ထင်ဟပ်ထားချက်သာဖြစ်တယ်။ လက်ရှိ လွှတ်တော်၊ အစိုးရ၊ တရားစီရင်ရေးဆိုတာ အနှစ်မရှိတဲ့၊ အကာသက်သက်သာ ဖြစ်တယ်။
စစ်ဗြူရိုကရက်အရင်းရှင်လူတန်းစားရဲ့အကျိုးစီးပွားကို မထိပါးသရွေ့၊ ဘယ်ပါတီတက်တက်၊ ဘယ်ပုဂ္ဂိုလ် ဦးဆောင် ဦးဆောင် အဖိနှိပ်ခံလူတန်းစားရဲ့ဘဝဟာ တိုးတက်လာစရာအကြောင်း မရှိဘူး။ ရှစ်လေးလုံး အရေးတော်ပုံမှာ လူထုကျောကိုခွစီးပြီး အစိုးရဖြစ်နေတဲ့ ဒေါ်စုဦးဆောင်တဲ့ NLD ပါတီဟာလည်း ဖောက်ပြန်ရေးလမ်းစဉ်ကိုလိုက်နေပြီ ဖြစ်တယ်။ ဒေါ်စုရဲ့ အမျိုးသားရင်ကြားစေ့ရေးလမ်းစဉ်ဟာ စစ်ဗြူရိုကရေစီယန္တရားကို အလုံးစုံဖျက်သိမ်းရေး၊ စစ်ဗြူရိုကရက်တွေနဲ့ ခရိုနီအရင်းရှင်တွေပိုင်တဲ့ စီးပွားရေးရင်းမြစ်တွေကို လူ့အဖွဲ့အစည်းအတွက် သိမ်းယူရေး၊ စတာတွေကို လုံးဝ မတို့ထိဝံ့ဘူး။ ဒီလိုမျိုး အခြေခံစီးပွာရေးအုတ်မြစ်နဲ့ အပေါ်ထပ် နိုင်ငံရေးအဆောက်အအုံရှိတဲ့ အခြေအနေမှာ ရွေးကောက်ပွဲအနိုင်ရ NLD ပါတီဟာလည်း စစ်ဗြူရိုကရက်နဲ့ ခရိုနီအရင်းရှင်တွေရဲ့အကျိုးစီးပွားကို အလုပ်အကျွေးပြုရုံသက်သက်သာ ဖြစ်တယ်။ ဒါ့ကြောင့်လည်း ဒေါ်စုက “ခရိုနီတွေကို ခရိုနီတွေလို့ မခေါ်ပါနဲ့။ တိုက်ကွန်လို့ ခေါ်ပါ” ဆိုတာမျိုး၊ စကားလုံးလေးကအစ စပ်စပ်ထိမခံ ဖြစ်လာတာပဲ။
ဒီစစ်ဗြူရိုကရက်အရင်းရှင်စနစ်ရဲ့ ဖိစီးမှုပြဿနာတွေဟာ လယ်သမား၊ အလုပ်သမားတွေရဲ့ ဆန္ဒပြတောင်းဆိုမှုတွေက သက်သေထူနေတယ်။ ဆန္ဒပြတောင်းဆိုမှုတွေအားလုံးနီးပါးဟာလည်း တောင်းဆိုချက်တွေကို ဖြည့်ဆည်း မပေးနိုင်တာများတယ်။ စစ်ဗြူရိုကရေစီယန္တရားရဲ့ဖိစီးမှု ဖိနှိပ်မှုကိုတော့ အလုပ်သမား၊ လယ်သမားနဲ့ ကျောင်းသား တွေရဲ့ ဆန္ဒထုတ်ဖော်တောင်းဆိုမှုမှာ အကြမ်းဖက်ဖြိုခွင်းနှိပ်ကွပ်ခံရမှုတွေက သက်သေပြနေတယ်။ တိုတိုပြောရရင်၊ ဗမာနိုင်ငံရေး ပင်မပြဿနာဟာ အခြေခံဥပဒေစာအုပ်ထဲမှာ မရှိဘူး။ အပြင်ဘက် လက်တွေ့လူမှုဘဝမှာ ဖြစ်ရှိ နေတယ်။ ဒီလက်တွေ့လူမှုဘဝမှာ အုပ်ချုပ်သူနဲ့အအုပ်ချုပ်ခံတွေရဲ့ပဋိပက္ခတွေ ဒင်းကြမ်းပြည့်နေတယ်။ အအုပ်ချုပ်ခံ၊ အဖိနှိပ်ခံတွေဘက်ကရပ်တည်ပြီး၊ ဒီပဋိပက္ခကိုဖြေရှင်းပေးနိုင်မှသာ၊ ဗမာ့နိုင်ရေးထွက်ရပ်လမ်း ဖြစ်တယ်။ ဒီထွက်ရပ် လမ်းဟာလည်း အုပ်ချုပ်သူတို့ထုံးစံအတိုင်း အာဏာကို သက်ဆုံးတိုင်ကိုင်ထားလိုတာကြောင့် အေးအေးချမ်းချမ်း စေ့စပ်ရေးလမ်းကိုလျှောက်ရမယ့် ထွက်ရပ်လမ်း မဟုတ်ဘူး။ တိုက်ပွဲလမ်းစဉ်သာဖြစ်တယ်။ တိုက်ပွဲမရှိရင် အောင်ပွဲ မရှိဘူး ဆိုတာ၊ အဖိနှိပ်ခံတွေရဲ့ လက်တွေ့ကျတဲ့ လမ်းစဉ်ပဲ။
ဉာဏ်မျိုးအောင်
0 comments:
Post a Comment