Thursday, December 2, 2021

ပြစရာဆန္ဒမရှိတော့သူ

0 comments
ကျနော်သည် အမေရိကပြည်ထောင်စုသို့ပြစရာဆန္ဒ ဘာဆိုဘာမှမရှိတော့ဘဲ ရောက်လာသူဖြစ်ပါသည်။ ကျနော့် ရှိသမျှဆန္ဒကို ၁၉၈၈ တွင် အကုန်ပြခဲ့ပါသည်။ အမေရိကရောက်တော့ ပြစရာဆန္ဒလက်ကျန် ကျနော့်တွင်မရှိတော့ပါ။
ကျနော့်မှတ်တမ်းရုပ်ရှင်ဆရာက "အမေရိကရောက်လည်း ဗမာပြည်အရေး ဆက်လက်ပါဝင်နေကြောင်း ဇာတ်ဝင်ခန်း တခန်းတော့ ရိုက်ဖို့လိုနေသည်။ ထို့ကြောင့် ဆန္ဒပြပါ"ဆိုသဖြင့် ၈၈ ဒီမိုကရေစီရေး နှစ် ၂၀ ဆယ်ပွဲတွင် ဝင်ပြခဲ့ရပါသည်။ တက်တက်ကြွကြွ ပါဝင်ခဲ့သော်လည်း စိတ်ရင်းတိုင်းတော့ မဟုတ်ခဲ့။ ကျနော်က "ဆန္ဒပြမှ ဗမာ့နိုင်ငံရေးထဲပါနေတာမဟုတ်"ဟု သူ့ကိုရှင်းပြခဲ့သေး၏။ သူ သိတ် သဘောမပေါက်ခဲ့။
ကျနော်(တို့)ဒီမိုကရေစီလိုချင်သည်၊ ပြည်တွင်းစစ်ရပ်စဲပြီး ပြည်တွင်းငြိမ်းချမ်းရေးလိုချင်သည်၊ လူမျိုးစုအားလုံး တန်းတူရည်တူ သွေးစည်းသော ပြည်ထောင်စုကြီးကို လိုချင်သည်။ ထို လိုချင်သည့်ဆန္ဒများကို ၁၉၈၈ တွင် ပြ၍ တောင်းခဲ့ပါသည်။ မရပါ။
ထိုအခါ ကျနော်တို့လုပ်ရပါသည်။ လက်နက်ကိုင်တော်လှန်သောနည်းလမ်းကိုယုံသူ ကျနော့်သူငယ်ချင်းများက လက်နက်ကိုင်ကြပြီး ကျနော်အပါအဝင် လက်နက်မကိုင်တော်လှန်ရေးကိုယုံသူများက ထောင်အကျခံ စစ်အာဏာဖီဆန်ရေးကို လုပ်ကြပါသည်။
ဤသို့ဖြင့် နိုင်ငံရေးအကျဉ်းသားအဖြစ် ကျနော် ထောင်ထဲတွင် ၁၅ နှစ်နှင့် ၃ လ မျှနေခဲ့ရပါသည်။ ထို့အတွက် ကျနော် နောင်တရမရပါ။ အမှားလုပ်ခဲ့သူတယောက် မဟုတ်သဖြင့်လည်း လိပ်ပြာလုံပါသည်။ နိုင်ငံရေးအကျဉ်းသားဖြစ်ခဲ့ရခြင်းအတွက်လည်း ဂုဏ်ယူပါသည်။ မာနလည်း ထားပါသည်။
အမေရိကပြည်ထောင်စုသို့ရောက်လာပြီးသည့်အခါ များစွာသောဆန္ဒပြပွဲများတွင် ပါဝင်ရန်ကျနော့်အား သွေးဆောင်ကြသူများ စည်းရုံးကြသူများရှိပါသည်။ ကျနော် သူတို့၏ စေတနာနှင့် စိတ်အားထက်သန်မှုကို လေးစားမြတ်နိုးသော်လည်း "မပါ ပါရစေနဲ့ဗျာ၊ ကျနော့်မှာ ပြစရာဆန္ဒကုန်သွားလို့ပါ"ဟု ယဉ်ယဉ်ကျေးကျေး ငြင်းဆန်ရပါသည်။ ထိုရောအခါ အ‌မေရိကရောက်မှ ဗမာ့နိုင်ငံရေးစိတ် ထက်ထက်သန်သန်ဖြစ်လာသူတချို့က ကျနော့်အား နားမလည်ပါ။ အထင်သေးသလိုလို ပြက်ရယ်ပြုသလိုလို တုံ့ပြန်ကြသည့်အခါလည်းရှိပါသည်။ ကျနော်ကလည်း သူတို့ နားလည်အောင် ပြောမပြတတ်။ သူတို့ကိုလည်း စိတ်ထဲ သိတ် အထင်တကြီးမရှိတတ်။ ဆန္ဒ အလကားပြလို့ရသည့်နေရာရောက်မှ ဆန္ဒအလွန်အမင်း ပြချင်ကြသည့် ဖိုးတက်ကြွများဟုမြင်သည်။ သေနတ်ပြောင်းဝထိပ်ရပ်ပြီး ထောင်နှုတ်ခမ်းနင်းပြီး အာဏာဖီဆန်ရဲကြခဲ့သူများမဟုတ်ဟု နှိပ်နှိပ်နယ်နယ် ဖိဖိနင်းနင်းမြင်၏။ သို့ဖြင့် သူတို့နှင့်ကျနော် သိတ်အစေးမကပ်။ အဖြစ်က ကိုယ်ကလည်း သူ့အထင်မကြီး၊ သူကလည်း ကိုယ့်အထင်မကြီးခြင်းပင်။
ဖေဖော်ဝါရီတွင် ဗမာပြည်၌ မင်းအောင်လှိုင်-စိုးဝင်းဂိုဏ်း စစ်အာဏာသိမ်း၏။ ကျနော် အတော်ခံပြင်း၏။ စာပင် မရေးနိုင် မဖတ်နိုင်ဖြစ်ရ၏။ ညဘက်တွေလည်း အိပ်မပျော်ခဲ့။ ငါ ဒီကနေ ဗမာပြည်အတွက် ဘာလုပ်ပေးနိုင်သလဲတွေးတော့ မယ်မယ်ရရ ဘာမှမမြင်လှ။ တချို့လူတွေလို ဒီကလှမ်းပြီးဆန္ဒပြဖို့ကျတော့လည်း စိတ်ကမပါ။ မလုပ်ချင်။ သို့သော် တွေးမိတာတခုတော့ရှိ၏။ စစ်အာဏာသိမ်းမှုကြောင့် ပြည်တွင်းဖိနှိပ်မှုအားကြီးလာပြီး ပြည်ပနှင့် နယ်စပ်ဒေသများသို့ ထွက်လာမည့်သူများရှိလာနိုင်သည်။ ယခင့်ယခင် အရေးအခင်းတွေဖြစ်တုန်းကလည်း နယ်စပ်ထွက်ချလာသူတွေမနည်းလှ။ (ဥပမာ ဒီပဲရင်းလုပ်ကြံမှုနှင့် ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးများ) ဒီပဲယင်းတုန်းကတော့ ကျနော်က ဗမာပြည်က ထောင်ထဲမှာ။ တက်တခေါက်ခေါက်နှင့် မချိတင်ကဲဖြစ်ရုံမှတပါး ဘာမှမတတ်နိုင်ခဲ့။ ရွှေဝါရောင်ကျတော့ ကျနော်လည်း နယ်စပ်ရောက်နေပြီ။ နယ်စပ်ထွက်လာသည့် သံဃာတချို့ နိုင်ငံခြားသတင်းဌာနများနှင့်တွေ့သည့်အခါ စကားပြန် ကူလုပ်ပေးခဲ့၏။ တခါတရံမှရတတ်သည့် စကားပြန်ခရသည့် ငွေကြေးလေးများကိုလည်း ထိုသံဃာတို့အား နဝကမ္မ ကပ်ခဲ့သည်။ ထို့အတွက် စိတ်တွင် ငါတတ်နိုင်တဲ့ဘက်က ကူရတာဟုတွေးပြီး ပီတိဖြစ်ရ၏။
ယခုလည်း နယ်စပ်ထွက်လာမည့်သူများထဲမှ မိတ်ဆွေများ ရဲဘော်များ အမှုတွဲများ ထောင်ကျဖော်ကျဘက်များပါလာခဲ့လျှင် ဒီကနေလှမ်းပြီး နိုင်သလောက်ကူမည်ဟုပိုင်းဖြတ်ထား၏။ နောက်တော့ လူတွေထွက်ချလာ၏။ NUG, CRPH and PDF စတာတွေလည်း ပေါ်လာ၏။ ယင်း အစုအဖွဲများတွင် မိတ်ဆွေ ရဲဘော် ထောင်ကျဘက်တွေပါဝင်နေ၏။ ထို NUG, CRPH and PDF တွေကိုတော့ ကျနော် မလှူမတမ်း ရန်ပုံငွေ ခုထိ မကူဖြစ်သေး။ နောင်တွင် ကူမိမလားတော့မပြောတတ်။
သို့ဖြင့် နယ်စပ်နှင့် လွတ်မြောက်နယ်မြေရောက် မိတ်ဆွေတချို့အတွက် ပုဂ္ဂလိကအကူအညီတချို့ ပေးဖြစ်၏။ သိတ်များများစားစားတော့မဟုတ်။ ကျနော့် တပိုင်တနိုင် လက်နိုင်ခြေနိုင်မျှသာ။ ထိုသူတွေထဲမှာ တတိယနိုင်ငံ တနိုင်ငံငံသို့ လာရောက်အခြေချမည့်သူများပါသလို နယ်စပ်နှင့်လွတ်မြောက်နယ်မြေမှထိုင်ပြီး ဗမာ့နိုင်ငံရေးလုပ်သွားကြမည့် သူများလည်းရှိ၏။ တတိယနိုင်ငံထွက်လာမည့်သူများထဲမှ အမေရိကပြည်ထောင်စုသို့ ထွက်လာမည့်သူများလည်း ရှိနိုင်သည်။ ထိုသူတွေ ကံအားလျော်စွာ ဖို့တ်ဝိန်းရောက်လာလျှင် ကျနော် နိုင်သည့်ဘက်မှ စိတ်အားလူအားကူမည်ဟု တွေးထား၏။ ရောက်လာကြပါစေဟုလည်း ဆန္ဒပြုမိ၏။ သူတို့တွေ ပင်ပမ်းဆင်းရဲကြလှပြီ။ စစ်ကြောရေးဒုက္ခ ထောင်ဒုက္ခတွေ မချိမဆန့်ခါးစည်းခံပြီးကြရလှပြီ။ သေကွဲရှင်ကွဲဘဝများနှင့် ခါးသီးကြရလှပြီ။
သူတို့တွေ ဒီရောက်မှ ဆန္ဒပြချင်ကြသည်ဆိုလည်း ကျနော့်အနေဖြင့် ဘာမှမတတ်နိုင်။ ဘာသဘောထားမှ ပေးစရာမရှိ။ သူတို့အလိုအတိုင်းရှိကြစေချင်၏။ ကျနော်ကား ပြစရာဆန္ဒမရှိတော့သည့် သူသာတည်း။
မျိုးမြင့်ချို။ ဒီဇင်ဘာ ၂ ရက်။ ၂၀၂၁

0 comments:

Post a Comment