မိုးတောင်က ချုန်း
#မြသန်းတင့် (ဘာသာပြန်)
(အချိန်နှင့် ဟင်းလင်းပြင်တို့သည် သိပ္ပံပညာနှင့် ဒဿနိကဗဒနယ်တွင် နှစ်ပေါင်းများစွာ အငြင်းပွါးခဲ့သော ပြဿနာများ ဖြစ်၏။ အိုင်းစတိုင်း၏ ရီလေတီဗရီ သီအိုရီ ပေါ်လာသည့်အခါတွင် အချိန်နှင့် ဟင်းလင်းပြင်တို့သည် အကြွင်းမဲ့ တည်နေသော အရာများ ဖြစ်သည်။ အချိန်နှင့် ဟင်းလင်းပြင်တို့သည် သူ့အလိုအလျောက် တည်ရှိနေသော အရာများ ဖြစ်သည် ... ဆိုသော သမားရိုးကျ ရူပဗေဒသည် မှေးမှိန်ပျောက်ကွယ်သွားခဲ့ကာ အချိန်နှင့် ဟင်းလင်းပြင်တို့သည် တစ်ခုနှင့်တစ်ခု ဆက်စပ်တည်ရှိ နေသည်ဟု ယူဆလာခဲ့ကြသည်။ ဟင်းလင်းပြင်ထဲတွင် ပစ္စည်းတစ်ခုသည် ရွေ့လျားမှုအလျင် ကြီးမားလာသည်နှင့်အမျှ အချိန်သည် ကျုံ့ဝင်သွားသည်၊ နှေးသွားသည် တွေ့လာရသည်။ ရူပဗေဒသုတေသနဌာနများတွင် အချိန်သည် ပြောင်းပြန် စီးဆင်းနိုင်ခြင်း ရှိမရှိ၊ ရပ်တန့်နိုင်ခြင်း ရှိမရှိကို လေ့လာစူးစမ်းနေကြသည်။
ယခု ဖော်ပြသော ရေး ဘရက်တာ(ဘာ!)ရီ၏ ဝတ္ထု၌ အချိန်သည် နောက်ပြန် စီးဆင်းနေသည်ဟူသော ယူဆချက်ကို အခြေပြုကာ ဇာတ်ဆောင်များသည် အတိတ်သို့ ပြန်သွားကြသည်ကို တွေ့နိုင်သည်။
ရေး ဘရက်တာ(ဘာ!)ရီသည် အမေရိကန် အမျိုးသားတစ်ယောက်ဖြစ်ပြီး 'အင်္ဂါဂြိုဟ်သွား မှတ်တမ်းများ' ဆိုသော ဝတ္ထုဖြင့် ထင်ရှားသည့် သိပ္ပံစာရေးဆရာတစ်ဦးဖြစ်ပြီး နောက်ပိုင်းတွင် သိပ္ပံဝတ္ထုတိုရှည်များစွာကို ရေးသားခဲ့သည်။ ဝတ္ထုတိုပေါင်း ၃၀၀ ခန့် ရေးခဲ့သည့်အနက် ၁၀၀ ခန့်သာလျှင် သိပ္ပံဝတ္ထုများ ဖြစ်ပြီး ကျန်ဝတ္ထုများမှာ 'သိပ္ပံဝတ္ထုဟု ခေါ်ရမည်ထက် လူမှုရေးဝတ္ထုများဟု ခေါ်သင့်သည်' ဟု အိုင်းဇက် အဆီးမော့က ဝေဖန်ခဲ့သည်။)
* * *
သူ့ရှေ့ရှိ ဆိုင်းဘုတ်မှ မီးပွင့်ကလေးများသည် မှိန်ချည်လင်းချည် ဖြစ်နေကြသည်။ အက်ကယ်သည် မျက်လုံးများကို မှိတ်လိုက်၏။ မျက်လုံးကို မှိတ်လိုက်သည့်တိုင် ဆိုင်းဘုတ်ပေါ်မှ စာတန်းများကို အာရုံထဲတွင် မြင်နေရသေးသည်။
“ကာလ တောပစ်ကိုယ်စားလှယ်လုပ်ငန်း။ အတိတ်ကာလမှ မည်သည့်နှစ်သို့ မဆို တောပစ် သွားနိုင်သည်၊ သင်ကြိုက်ရာ တောတောင်ကို ရွေးပါ၊ တာဝန်ယူ၍ လိုက်ပို့မည်”
အက်ကယ်၏ လည်ချောင်းထဲတွင် ပူနွေးသော သလိပ်တွေ ထလာသည်။ အက်ကယ်သည် သလိပ်ကို မျိုချလိုက်၏။ လက်ကို အိတ်ထဲမှ ထုတ်လိုက်သည့်အခါ သူ့ပါးစပ်တွင် ပြုံးရောင်သမ်းနေသည်။ အက်ကယ်သည် စားပွဲတွင် ထိုင်နေသူအား ဒေါ်လာ တစ်သောင်းတန် ချက်လက်မှတ်ကို ထောင်ပြလိုက်ရင်း ...
“တောပစ်သွားရင် ကျွန်တော် မသေမပျောက် ပြန်ရောက်လာမယ်လို့ ခင်ဗျားတို့ အာမခံသလား”
“ကျွန်တော်တို့အနေနဲ့တော့ ဘာကိုမှ အာမ မခံနိုင်ဘူး ခင်ဗျား၊ အဲ ... ဟိုမှာ ခင်ဗျား ပစ်တတ်ရင် ဒိုင်နိုဆောတို့ ဘာတို့တော့ ရနိုင်တယ်၊ ဟောဒါက အတိတ်ကာလကို တောပစ်ထွက်ရင် ခင်ဗျားကို လိုက်ပို့ပေးမယ့် လမ်းပြပဲ၊ မစ္စတာ ထရားဗစ် ... တဲ့၊ ဟိုရောက်ရင် ဘာကောင်ကို ပစ်ရမယ်၊ ဘယ်နေရာကို ပစ်ရမယ် ဆိုတာ သူ ပြောပြလိမ့်မယ်၊ သူက မပစ်နဲ့လို့ ပြောရင် မပစ်ပါနဲ့၊ အဲ ... သူ့ ညွှန်ကြားချက်ကို မလိုက်နာဘူး ဆိုရင်တော့ ခင်ဗျား ပြန်လာရင် နောက်ထပ် ငွေတစ်သောင်း ဒဏ်ရိုက်ခံရမယ်၊ အစိုးရကလည်း ခင်ဗျားကို ဥပဒေအရ အရေးယူလိမ့်မယ်”
အက်ကယ်သည် ရုံးခန်းကျယ်ကြီးထဲရှိ စက်ကြီးတစ်ခုကို လှမ်းကြည့်လိုက်သည်။ စက်ကြီးမှာ ကြီးမားသော စက်ယန္တရားကြီးတစ်ခုဖြစ်ပြီး သံမဏိသေတ္တာများ၊ ဝါယာကြိုးများဖြင့် ရှုပ်ထွေးလျက် ရှိကာ တဝီဝီမြည်လျက် ရှိသည်။ စက်ယန္တရားကြီးထဲမှ လိမ္မော်ရောင်၊ ငွေရောင်၊ အပြာရောင် စသည့် အရောင်များသည် တစ်လှည့်စီ လင်းလျက် ရှိကြ၏။ ကာလ၊ နှစ်၊ လ၊ ရက်၊ နာရီ၊ မိနစ်၊ စက္ကန့် စသည်တို့ကို လောင်ကျွမ်းနေသည့်နှယ်၊ စက်ယန္တရားကြီးသည် တဒီးဒီးမြည်လျက် ရှိသည်။
ခလုတ်ကလေးကို နှိပ်လိုက်သည်နှင့် လောင်ကျွမ်းနေသည့် အရာသည် ရပ်တန့်သွားကာ စက်ယန္တရားကြီးသည် ပြောင်းပြန်လည်ပတ်သွားသည်။ အက်ကယ်သည် အတိတ်ကာလ အမဲပစ်ကိုယ်စားလှယ်လုပ်ငန်း ကြော်ငြာထဲမှ စာလုံးများကို သွား၍ အမှတ်ရ၏။ ပြာပုံများ၊ လောင်ကျွမ်းနေသည့် အစအနများ၊ မီးသွေးတုံးများ၊ အမှုန်များထဲမှ ဟောင်းနွမ်းနေသော နှစ်ဟောင်းများနှင့် သစ်လွင်စိမ်းစိုနေသော နှစ်များသည် ခုန်ထွက်လာသည့်နှယ် ထင်ရသည်။ လေသည် နှင်းဆီနံ့ဖြင့် သင်းထုံလျက်။ ဖြူဖွေးသော ဆံပင်များသည် နက်မှောင်သွားကြလျက်။ တွန့်နေသော ပါးရေ နားရေများသည် ပျောက်ကွယ်သွားကြလျက်။ အရာအားလုံးသည် မျိုးစေ့ဘဝသို့ ပြန်ရောက်သွားကြသည်။ မရဏသို့ ရှောင်ပြေးသွားကြပြီးနောက် ဇာတိသို့ ပြန်ရောက် သွားကြသည်။ နေအစင်းများစွာသည် အနောက်ဘက် ကောင်းကင်မှ ထွက်ပေါ်လာပြီး အရှေ့ဘက်ကောင်းကင်တွင် ဝင်သွားကြသည်။ လအစင်းပေါင်းများစွာသည် သူတို့ အချင်းချင်း ဝါးမျိုစားသောက်ပစ်ကြသည်။ အရာအားလုံးသည် ဦးထုပ်ထဲမှ ယုန်ကိုထုတ်၍ ပြလိုက်သည့် မျက်လှည့်ပွဲတစ်ခုလို ပြောင်းသွားကြကာ ကမ္ဘာဦးမတိုင်မီ ကာလအစသို့ ပြန်ရောက်သွားကြသည်။ လက်ဖြင့် ခလုတ်ကလေး တစ်ချက် နှိပ်လိုက်ရုံမျှဖြင့် ထိုအရာများသည် လုံးဝပြောင်းလဲသွားကြသည်။
“အင်း ... ကာလယန္တရား ဆိုတာ ဒါမျိုးပဲ ထင်ပါရဲ့” ဟု အက်ကယ် တွေးကာ သက်ပြင်းချလိုက်သည်။ စက်ယန္တရားမှ အရောင်များသည် ရှည်လျား ပိန်ချုံးသည့် သူ့မျက်နှာပေါ်သို့ ထိုးကျနေသည်။ အက်ကယ်သည် ခေါင်းကို ယမ်းလိုက်ရင်း ...
“မနေ့ကသာ ကိတ် ရွေးကောက်ပွဲ ရှုံးခဲ့ပြီး အခြေအနေ မကောင်းခဲ့ရင် ဒီ ယန္တရားကြီး စီးပြီး အတိတ်ကို ထွက်ပြေးလို့ ရသားပဲ၊ ခုတော့ သမ္မတရွေးကောက်ပွဲမှာ ကိတ် နိုင်လို့ တော်သေးတာပေါ့လေ၊ အမေရိကန် ပြည်ထောင်စုအဖို့ ကံကောင်းတာပေါ့”
စားပွဲတွင် ထိုင်နေသူက ...
“ဟုတ်တာပေါ့၊ ကျွန်တော်တို့ ကံကောင်းတာပေါ့၊ ဒူးရှားသာ နိုင်ခဲ့ရင် ကျွန်တော်တို့တိုင်းပြည်မှာ အဆိုးဆုံး အာဏာရှင်စနစ် ဖြစ်မှာပဲ၊ ဒူးရှားဟာ အရာရာကို ဆန့်ကျင်တဲ့လူ၊ စစ်ဝါဒီ၊ အန္တိခရစ်၊ လူ့ဝါဒ ဆန့်ကျင်ရေးသမား၊ ပညာတတ် ဆန့်ကျင်ရေးသမား၊ ကျွန်တော်တို့ဆီကို လာပြီး လက်မှတ်ဝယ်ထားကြတဲ့ လူတွေကို မနည်းဘူး၊ တကယ်ပြောတာ၊ ရွေးကောက်ပွဲမှာ ဒူးရှား နိုင်လို့ရှိရင် ၁၄၉၂ ခုနှစ်ကို ပြန်နေဖို့ ကျွန်တော်တို့ဆီ လာပြီး စာရင်းသွင်းထားတဲ့လူတွေ အများကြီးပဲ၊ ဒါပေမဲ့ ကျွန်တော်တို့အလုပ်က ပစ္စုပ္ပန်က ထွက်ပြေးချင်တဲ့လူတွေကို လိုက်ပို့တဲ့လုပ်ငန်း မဟုတ်ဘူးလေ၊ တောပစ်ထွက်ချင်တဲ့ လူတွေကို လိုက်ပို့တဲ့လုပ်ငန်း၊ အေးလေ ... ဘာပဲဖြစ်ဖြစ် ခုတော့ ကိတ် သမ္မတဖြစ်သွားပြီ မဟုတ်လား၊ သိပ်ပူစရာ မလိုတော့ပါဘူး၊ ပူရမှာက ...”
“ကိုယ်လိုချင်တဲ့ ဒိုင်နိုဆောကို ရအောင် ပစ်နိုင်ဖို့ပဲပေါ့”
“ဒိုင်နိုဆော မဟုတ်ဘူး ခင်ဗျ၊ တိုင်ရန်နိုးဆောရပ်စ် ဆိုတဲ့ သတ္တဝါ၊ မိုးကြိုး ကင်းလိပ်ချောလို့ ခေါ်တာပေါ့၊ ရာဇဝင်မှာတော့ ကြောက်စရာအကောင်းဆုံး သတ္တဝါကြီးပေါ့၊ ရော့ ... ဟောဒီစာရွက်မှာ လက်မှတ်ထိုး၊ တစ်ခုခု ဖြစ်ရင်တော့ ကျွန်တော်တို့ တာဝန် မရှိဘူးနော်၊ အင်း ... အဲဒီ သတ္တဝါကြီးတွေက တော်တော်တော့ ဆာလောင်မွတ်သိပ်နေကြတယ်ဗျ”
“ဘာလဲ ခင်ဗျားက ကျုပ်ကို ကြောက်အောင် ခြောက်နေတာလား”
“ရှင်းရှင်း ပြောရရင်တော့ ခင်ဗျား ကြောက်အောင် ပြောနေတာပဲဗျ၊ ကျွန်တော့်အနေနဲ့ ပြောရရင်တော့ ကြောက်တတ်ရင် သိပ်မသွားစေချင်ဘူး၊ မနှစ်က ဆိုရင် လမ်းပြ ခြောက်ယောက်နဲ့ တောပစ်လိုက်သွားတဲ့ မုဆိုး ဆယ့်နှစ်ယောက်လောက် သေခဲ့ပြီးပြီ၊ ခုလည်း ခင်ဗျားနဲ့အတူ အတော်ဆုံး လမ်းပြ၊ အတော်ဆုံး မုဆိုးကို ထည့်ပေးလိုက်တာပဲ၊ ခု ခင်ဗျား သွားရမယ့်ခရီးဟာ နှစ်ပေါင်း သန်းခြောက်ဆယ်ဆီကို ပြန်သွားပြီး မဟာကာလကြီးထဲမှာ အကြီးဆုံးသော သတ္တဝါကြီးကို သွားပစ်ရမှာ၊ ဟောဒီမှာ ခင်ဗျားပေးထားတဲ့ ချက်လက်မှတ် ရှိသေးတယ်၊ မသွားချင်ဘူး ဆိုရင် ပြန်ယူနိုင်သေးတယ်”
အက်ကယ်သည် ချက်လက်မှတ်ကို အတန်ကြာမျှ စိုက်ကြည့်နေသည်။ သူ့လက်ချောင်းများသည် တုန်ယင်လျက် ရှိကြ၏။
“ကဲ ... ဒီလိုဆိုရင်လည်း ကံကောင်းပါစေလို့ ဆုတောင်းပါတယ်၊ ကျွန်တော်တို့လမ်းပြ ထရားဗစ်က ခင်ဗျား ကြည့်ချင်တဲ့နေရာတွေကို လိုက်ပြပါလိမ့်မယ်”
သူတို့နှစ်ယောက်သည် အခန်းကျယ်ကြီးကို ဖြတ်သန်းကာ ယန္တရားကြီးဆီသို့ တိတ်ဆိတ်စွာ လာခဲ့ကြသည်။ ငွေရောင်သတ္တုစက်ကြီးက တဒီးဒီး အော်မြည်လျက်။ အလင်းရောင်များက လင်းထိန်လျက်။
* * *
တစ်နေ့နှင့် တစ်ည၊ နောက်တစ်နေ့နှင့် နောက်တစ်ည၊ ထို့နေနာက် နေ့ည၊ နေ့ည၊ နေ့နှင့်ည၊ ညနှင့်နေ့၊ သီတင်းတစ်ပတ်၊ တစ်လ၊ တစ်နှစ်၊ ဆယ်စုနှစ် တစ်ခု၊ ခရစ်နှစ် ၂၀၅၅၊ ခရစ်နှစ် ၂၀၁၉၊ ခရစ်နှစ် ၁၉၉၉၊ ၁၉၅၇။ ထို့နောက်တွင်ကား စက်ယန္တရာကြီးသည် အရှိန်ပြင်းစွာဖြင့် အတိတ်ဆီသို့ ပြေးနေသည်။
သူတို့သည် အောက်စီဂျင် သံခမောက်များကို ဆောင်းလိုက်ပြီးနောက် ယန္တရားပေါ်ရှိ ယာဉ်တွင်း ဆက်သွယ်ရေးကိရိယာများကို စမ်းသပ်ကြည့်လိုက်ကြသည်။ အက်ကယ်သည် ထိုင်ခုံပေါ်တွင် ယိမ်းထိုးနေသည်။ သူ့မျက်နှာက ဖြူရော်လျက်။ တင်းမာလျက်။ လက်မောင်းများက တုန်နေသည်ကို သတိပြုလိုက်မိသည်။ သူ့ကိုယ်သူ ငုံ့ကြည့်လိုက်သည့်အခါ လက်ချောင်းများသည် ရိုင်ဖယ်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်ကို တွေ့ရသည်။ ယန္တရားပေါ်တွင် အခြားခြောက်ဦး ပါသေးသည်။ ယင်းတို့မှာ တောပစ်အဖွဲ့ခေါင်းဆောင် ထရားဗစ်၊ သူ့လက်ထောက် စပါးရင့်နှင့် အခြားမုဆိုးနှစ်ယောက် ဖြစ်သော ဘီးလင်းနှင့် ကရဲမားတို့ ဖြစ်ကြသည်။ သူတို့သည် တစ်ယောက်မျက်နှာကို တစ်ယောက် ကြည့်နေကြသည်။ နှစ်များသည် ယန္တရား နောက်တွင် မီးဟုန်းဟုန်း တောက်၍ ကျန်ရစ်ခဲ့ကြသည်။
“ဒီသေနတ်တွေနဲ့ ပစ်ရင် ဒိုင်နိုဆောသတ္တဝါကြီးတွေ ချက်ချင်း သေသွားပါ့မလား”
သူ့ပါးစပ်က စကားပြောနေသည်ကို အက်ကယ် သိလိုက်သည်။
ထရားဗစ်က ခေါင်းပေါ်တွင် ဆောင်းထားသည့် သံခမောက်အောက်မှ ရေဒီယိုက တစ်ဆင့် ပြန်ပြောသည်။
“တည့်တည့်မှန်ဖို့ လိုတယ်၊ ဒိုင်နိုဆော သတ္တဝါတွေမှာ ဦးနှောက်နှစ်ခု ရှိတယ်၊ တစ်ခုက ခေါင်းမှာ၊ နောက်တစ်ခုကတော့ ကျောရိုးမကြီး ထဲမှာ၊ ကျောရိုးကို သိပ်မပစ်ကြဘူး၊ ပထမပစ်ရင် မျက်လုံးနှစ်လုံးကို အရင်ပစ်၊ မျက်စိမမြင်တော့မှ ဦးနှောက်ကို ထပ်ပစ်"
ကာလယန္တရားကြီးသည် တဝေါဝေါ ခုတ်မောင်းနေသည်။ အချိန်ကာလသည် ရုပ်ရှင် ကော်ပြားကလေးတစ်ခုကဲ့သို့ နောက်သို့ ပြန်ပြေးနေသည်။ သူတို့နောက်တွင် နေအစင်းပေါင်း ဆယ်သန်းနှင့် လအစင်းပေါင်း ဆယ်သန်းတို့ ကျန်ရစ်ခဲ့ကြသည်။
“ကြည့်စမ်းဗျာ၊ ဒီယန္တရားကြီးကို မစီးဖူးသေးတဲ့ မုဆိုးတွေကတော့ ကျွန်တော်တို့ကို မနာလိုတိုရှည် ဖြစ်ကြမှာပဲ၊ ခု ကျွန်တော်တို့ သွားနေတဲ့ တောပစ်ခရီးနဲ့စာရင် အာဖရိကတိုက်ကြီးဟာ အီလီနွိုက် မြို့ကြီးလို ဖြစ်နေတယ်”
ယန္တရားကြီးသည် အရှိန်နှေးသွားသည်။ တဝေါဝေါ အော်မြည်သံသည် ပျောက်သွားကာ ခပ်သဲ့သဲ့မျှသာ မြည်နေသည်။ ခဏကြာလျှင် ယန္တရားကြီး ရပ်သွား၏။
ကောင်းကင်တွင် ထွန်းလင်းနေသည့် နေလုံးကြီးသည်လည်း ရပ်သွားသည်။
ယန္တရားကြီးကို ဖုံးလွှမ်း ရစ်ပတ်နေသည့် မြူနှင်းများသည် အဝေးသို့ ရှဲသွားကြကာ သူတို့အားလုံးသည် လွန်လေပြီးသော ကာလတစ်ခုသို့ ရောက်သွားကြသည်။ သူတို့ ရောက်သွားသည့်အချိန်ကာလသည် အလွန်ရှည်ဝေးသော အတိတ်ကာလ ဖြစ်၏။ လမ်းပြနှစ်ယောက်နှင့် မုဆိုး သုံးယောက်တို့သည် တင်ပျဉ်ခွေ၍ ထိုင်လိုက်ကြသည်။
လမ်းပြဖြစ်သည့် ထရားဗစ်က ...
“ခု ကျွန်တော်တို့ ရောက်နေတဲ့ အချိန်ဟာ ခရစ်တော်လည်း မမွေးသေးဘူး၊ မောရှေဟာလည်း ထာဝရဘုရားသခင်ကို ဖူးဖို့ တောင်ထိပ်ပေါ်ကို မသွားသေးဘူး၊ ပိရမစ် အဆောက်အအုံကြီးတွေဟာလည်း မြေကြီးထဲမှာပဲ ရှိသေးတယ်၊ ဘုရင် အယ်လိပ်ဇနြ္ဒာတို့၊ ဆီးဇာတို့၊ နပိုလီယန်တို့၊ ဟစ်တလာတို့ ဆိုတာကတော့ မပြောနဲ့၊ ဘယ်ဆီတောင် ရောက်နေမှန်း မသိသေးဘူး”
သူတို့အားလုံး ခေါင်းညိတ်ပြကြသည်။
“ခု ကျွန်တော်တို့ရောက်နေတဲ့ ကာလဟာ သမ္မတကြီးကိတ် မတိုင်မီ လွန်ခဲ့တဲ့ အနှစ်သန်းပေါင်း ခြောက်ဆယ်နဲ့ နှစ်ထောင့် ငါးဆယ့်ငါးနှစ်က အချိန်ပဲ”
ထရားဗစ်က အငွေ့တလူလူ ထွက်နေသော စိမ့်တောကြီးများ၊ သစ်တောကြီးများထဲမှ သတ္တုဖြင့် ခင်းထားသော လမ်းကလေးတစ်လမ်းကို ပြသည်။
“အဲဒီ လမ်းကလေးကတော့ ကျွန်တော်တို့ ကုမ္ပဏီက တောပစ်မုဆိုးတွေအတွက် ခင်းပေးထားတဲ့ လမ်းပဲ၊ သတ္တုလမ်းကလေးက မြေကြီးကနေပြီး ခြောက်လက်မလောက် အကွာမှာ တက်နေတယ်၊ သူ့ကို ဘယ်မြက်ပင်၊ ဘယ်သစ်ပင်မှ မထိဘူး၊ ဆွဲငင်အားကိုလည်း တွန်းလှန်နိုင်တဲ့ သတ္တုတစ်မျိုးနဲ့ လုပ်ထားတာ၊ လာလည်တဲ့လူတွေ ရှေးဟောင်းကာလကြီးနဲ့ မထိမိအောင် တမင် လုပ်ထားရတာ၊ ဒီတော့ အဲဒီလမ်းမပေါ်မှာပဲ နေပါ၊ လမ်းဘေးကို မဆင်းပါနဲ့၊ ဘယ်လိုပဲဖြစ်ဖြစ် အောက်ကို မဆင်းပါနဲ့၊ ဒါကို ခင်ဗျားတို့ မြဲမြဲမှတ်ထားပါ (တယ်?)၊ တကယ်လို့ ဆင်းမိရင်တော့ ဒဏ်ရိုက် ခံရလိမ့်မယ်၊ ပြီးတော့ ကျွန်တော်တို့ သဘောတူညီချက် မရဘဲနဲ့လည်း ဘယ်သတ္တဝါကိုမှ မပစ်ပါနဲ့”
“ဘာဖြစ်လို့လဲဗျ” ဟု အက်ကယ်က မေးသည်။
သူတို့တစ်သိုက်သည် ရှေးဟောင်းတောကြီးတစ်ခုထဲတွင် ထိုင်နေကြခြင်း ဖြစ်သည်။ အဝေးမှ ငှက်မြည်သံများကို ကြားရသည်။ ကတ္တရာနံ့၊ ပင်လယ်ဆားနံ့နှင့် စိုစွတ်သည့် မြက်ပင်နံ့တို့ကိုလည်း ရှူရှိုက်ရ၏။ ပန်းများသည် သွေးရောင် နီရဲနေကြသည်။
“ကျွန်တော်တို့ဟာ အနာဂတ်ကိုလည်း ပြောင်းလဲ မပစ်ချင်ဘူး၊ ပြီးတော့ ကျွန်တော်တို့ဟာလည်း အတိတ်ကို ပိုင်ဆိုင်တဲ့သူတွေ မဟုတ်ဘူး၊ အစိုးရကလည်း ကျွန်တော်တို့ ဒီကို လာတာကို သိပ်မကြိုက်ဘူး၊ ကာလယန္တရားနဲ့ ခရီးသွားတယ် ဆိုတာ အင်မတန် ကရိကထများတဲ့ကိစ္စ ခင်ဗျ၊ ဘုမသိ ဘမသိနဲ အရေးကြီးတဲ့ သတ္တဝါတစ်ကောင်ကို ပစ်မိရင်၊ ငှက်ကလေးတစ်ကောင် ပိုးကောင်ကလေးတစ်ကောင်ကို သတ်မိရင်၊ ဒါမှမဟုတ် ပန်းကလေးတစ်ပွင့်ကို ခူးမိရင်၊ မျိုးနွယ်တွေ ဘယ်လို ပေါ်ပေါက်ပြန့်ပွားလာတယ် ဆိုတာကို လေ့လာတဲ့နေရာမှာ ကွင်းဆက်ပြတ်သွားနိုင်တယ်”
“ကျွန်တော်တော့ ခင်ဗျား ပြောတာတွေကို သိပ်မရှင်းသေးဘူးဗျာ”
အက်ကယ်က ပြောသည်။ ထရားဗစ်က ...
“ကောင်းပြီ၊ ဒီလိုဆိုရင် ခင်ဗျားရှင်းအောင် ပြောပြမယ်၊ ဥပမာ- ခင်ဗျားဟာ ကြွက်ကလေး တစ်ကောင်ကို သတ်လိုက်မိတယ် ဆိုပါတော့၊ခင်ဗျားကတော့ ကြွက်ကလေးတစ်ကောင်ကို ခြေနဲ့ နင်းသတ်လိုက်တာပဲ၊ ဒါပေမဲ့ ဒီလို သတ်လိုက်တဲ့အတွက် ကြွက်တစ်ဒါဇင်လောက် သေသွားတယ်၊ တစ်ထောင်လောက် သေသွားတယ်၊ တစ်သန်းလောက် သေသွားတယ်၊ ပြီးတော့ ကုဋေတစ်ရာလောက် သေသွားတယ်”
“သေသွားတော့ကော ဘာဖြစ်သလဲဗျ”
ထရားဗစ်က စိတ်တိုဟန်ဖြင့် ...
“ဘာဖြစ်ရမှာလဲဗျ၊ ခင်ဗျား စဉ်းစားကြည့်ပေါ့၊ ဒီလောက်များတဲ့ ကြွက်တွေ အသက်ရှင်ကျန်ဖို့ အတွက် မြေခွေး ဘယ်နှစ်ကောင်လောက် အသေခံခဲ့ရမလဲ ဆိုတာ ခင်ဗျား တွက်ကြည့်ပေါ့၊ ကြွက်ဆယ်ကောင် အသက်ရှင်ဖို့အတွက် မြေခွေးတစ်ကောင် အစာငတ်ခံပြီး သေပေးရတယ်၊ မြေခွေးဆယ်ကောင် ကျန်ဖို့ ခြင်္သေ့တစ်ကောင် အစာငတ်ပြီး သေရတယ်၊ ခြင်္သေ့တစ်ကောင် အသက်ရှင်ကျန်ဖို့ အတွက် သန်းပေါင်းများစွာသော ပိုးမွှားတွေ၊ လင်းတတွေ အများကြီး သေပေးရတယ်၊ ဒီတော့ သဘောက ဘာလဲ၊ နောင်နှစ်ပေါင်း ငါးဆယ့်ကိုးသန်း ကြာတဲ့အခါကျတော့ ကမ္ဘာကြီးတစ်ခုလုံးမှာ ရှိတဲ့ ဂူအောင်းလူ တစ်ဒါဇင်လောက်ကလေးအနက် တစ်ယောက်က အစားအစာအတွက် တောဝက်တို့၊ ကျားသစ်တို့ကို လိုက်လံ ပစ်ခတ်တယ်၊ ဒီလိုနဲ့ အရပ်ဒေသမှာ တောဝက်တွေ၊ ကျားသစ်တွေ မျိုးပြုန်းသွားတယ်၊ ဒီလိုနဲ့ ဂူအောင်းလူဟာ အစာငတ်လာတယ်၊ ဂူအောင်းလူ ဆိုတာ သာမန် လူပုဂ္ဂိုလ်တစ်ယောက်ကို ဆိုလိုတာ မဟုတ်ဘူးနော်၊ အဲဒီ ဂူအောင်းလူဟာ အနာဂတ် မျိုးဆက်ကြီးကို မွေးဖွားလာတဲ့ လူမျိုးတစ်မျိုးဗျ၊ သူကနေပြီး သားဆယ်ယောက် ပေါက်လာတယ်၊ သူတို့ ဆယ်ယောက်ကနေပြီး သားတစ်ရာ ပေါက်လာတယ်၊ ဒီလိုနဲ့ လူ့လောကကြီးဟာ ပွားစည်းလာပြီး ယဉ်ကျေးမှုကြီးတစ်ခု ဖြစ်လာရတာဗျ၊ ဒီတော့ ဂူအောင်းလူတစ်ယောက်ကို ဖျက်ဆီးပစ်လိုက်ခြင်းဟာ လူ့မျိုးနွယ်တစ်ခုကို ဖျက်ဆီးပစ်လိုက်တာ၊ လူမျိုးတစ်မျိုးကို ဖျက်ဆီးပစ်လိုက်တာနဲ့ အတူတူပဲ၊ ခင်ဗျားက မြေကြီးကို ဖနောင့်တစ်ချက် ပေါက်လိုက်တာဟာ မြေငလျင်ကြီးတစ်ခု လှုပ်သွားနိုင်တယ်၊ ဒီလို မြေငလျင်ကြီးတစ်ခု လှုပ်သွားတဲ့အတွက် ကျွန်တော်တို့ ကမ္ဘာမြေကြီးနဲ့တကွ သတ္တဝါတွေရဲ့ကံကြမ္မာဟာ မဟာကာလကြီး တစ်လျှောက်လုံးမှာ ကျွမ်းထိုးမှောက်ခုံ ဖြစ်သွားနိုင်တယ်၊ ဂူအောင်းလူတစ်ယောက်ကို သတ်ခြင်းဟာ မမွေးသေးတဲ့ ကလေး ကုဋေတစ်ရာကို သတ်လိုက်တာနဲ့ တူတယ်၊ ဒီလိုသာ သတ်ခဲ့ ဖြတ်ခဲ့ကြရင် ရောမမြို့ကြီးကိုလည်း တောင်ခုနစ်လုံးပေါ်မှာ တည်ဆောက်နိုင်ခဲ့ကြမှာ မဟုတ်ဘူး၊ ဥရောပတိုက်ကြီး တစ်ခုလုံးဟာလည်း မည်းမှောင်နေတဲ့ တောအုပ်ကြီးတစ်ခု ဖြစ်နေမှာပဲ၊ ကြွက်ကလေး တစ်ကောင်ကို နင်းသတ်ပစ်လိုက်ခြင်းဟာ ပိရမစ် အဆောက်အအုံကြီးတွေကို ချေမှုန်းပစ်လိုက်တာနဲ့ အတူတူပဲ၊ ဒီလိုသာ လုပ်ခဲ့ကြရင်တော့ ခင်ဗျားခြေရာဟာလည်း ဂရင်းကင်ယွန်ကြီးလောက် နက်နေမှာပဲ၊ အဲလစ်ဇဘက် ဘုရင်မရယ်လို့လည်း မွေးလာတော့မှာ မဟုတ်တော့ဘူး၊ သမ္မတ ဝါရှင်တန်ရယ်လို့လည်း ရှိတော့မှာ မဟုတ်ဘူး၊ အမေရိကန် ပြည်ထောင်စုကြီးရယ်လို့လည်း ရှိတော့မှာ မဟုတ်ဘူး၊ ဒီတော့ ကျွန်တော်ပြောတဲ့အတိုင်း သတိထားပါ၊ လမ်းမပေါ်က နေပြီး အောက်ကို လုံးဝ မဆင်းပါနဲ့”
“ဒါဖြင့် မြက်ပင်ကလေးကိုတောင် မထိရတော့ဘူးပေါ့” ဟု အက်ကယ်က မေးသည်။
“ဟုတ်တယ်၊ သစ်ပင်ကလေးတွေကို ဖျက်ဆီးပစ်လိုက်ရင် ပြဿနာက ပိုပြီးတော့တောင် ရှုပ်လာနိုင်သေးတယ်၊ ဒီမှာ အမှားကလေးတစ်ခု မှားလိုက်ရုံနဲ့ နောင် အနှစ်သန်းပေါင်း ခြောက်ဆယ်ကြာတဲ့အခါမှာ ဘယ်လောက် အရှုပ်အထွေးတွေ ဖြစ်လာနိုင်သလဲ၊ ဘယ်လောက် များပြားလာနိုင်တယ် ဆိုတာ ခင်ဗျား စဉ်းစားကြည့်ပေါ့၊ အေးလေ၊ ကျွန်တော်တို့သီအိုရီဟာ မှားချင်လည်း မှားမယ်ပေါ့၊ အချိန်ကာလဆိုတာကို ကျွန်တော်တို့ ပြောင်းလို့ ရချင်မှလည်း ရမှာပေါ့၊ ခု ဒီမှာ ကြက်ကလေး တစ်ကောင် သေသွားတဲ့အတွက် နောင်မှာ ပိုးမွှားလောကကြီးဟာ မညီမမျှ ဖြစ်ပြီး တစ်ဖက်စောင်းနင်း ဖြစ်သွားနိုင်တယ်၊ အဲဒီကမှတစ်ဆင့် လူဦးရေ မညီမျှမှုကြီး ဖြစ်သွားနိုင်တယ်၊ နောင်မှာ ကောက်ပဲသီးနှံ အထွက်မကောင်းတဲ့နှစ်တွေ ပေါ်လာနိုင်တယ်၊ အဲဒီကမှတစ်ဆင့် စီးပွါးရေးကပ်ကြီးတွေ ပေါ်လာနိုင်တယ်၊ လူတွေ အစုလိုက် အပြုံလိုက် ငတ်မွတ်လာနိုင်တယ်၊ နောက်ဆုံးမှာ ဝေးလံတဲ့ တိုင်းပြည်တွေမှာတောင် လူမှုရေး ပြဒါးချိန်ဟာ ပြောင်းသွားနိုင်တယ်၊ ကြီးကြီးကျယ်ကျယ် မဟုတ်ဘဲ နည်းနည်းလေး လုပ်မိတာနဲ့လည်း အတောမသတ်တဲ့ ရလဒ်တွေ ဖြစ်ပေါ်လာနိုင်တယ်၊ ဥပမာ- အသက်ကလေး ပြင်းပြင်းရှူလိုက်ရုံ၊ စကားကလေး တိုးတိုးပြောလိုက်မိရုံ၊ လေထဲမှာ ဆံချည်ကလေး တစ်မျှင် လွင့်သွားရုံ၊ ပန်းဝတ်မှုန်ကလေး တစ်မှုန် လွင့်သွားရုံနဲ့လည်း အပြောင်းအလွဲတွေ ဖြစ်မယ်ဆိုရင် ဖြစ်နိုင်တာပဲ၊ မဖြစ်ဘူးလို့ ဘယ်သူမှ မပြောနိုင်ဘူး၊ ကျွန်တော်တို့လည်း တွေးတော မှန်းဆပြီး ပြောရတာ၊ ခု ကျွန်တော်တို့ အချိန်ကာလကြီးထဲကို ခရီးသွားနေကြရတာဟာ ရာဇဝင်အမြင်နဲ့ ကြည့်ရင် အင်မတန် မြည်ဟည်းတဲ့ ပြောင်းလဲမှုကြီးလား၊ ဒါမှမဟုတ် သစ်ရွက် လှုပ်တာလောက်၊ ချိုးချိုးချွတ်ချွတ် မြည်တာလောက်ပဲလား ဆိုတာ ကျွန်တော်တို့ကိုယ်တိုင် မပြောနိုင်သေးဘူး၊ ဒါကြောင့်မို့ ကျွန်တော်တို့ ဒီလောက် သတိထားနေရတာပေါ့၊ ခု ခင်ဗျား သိတဲ့အတိုင်း ကျွန်တော်တို့ ခရီးမထွက်ခင်မှာ ဒီယန္တရားကြီးကိုရော ဒီလမ်းကိုရော၊ ခင်ဗျားတို့ကိုယ်ခန္ဓာတွေ၊ အဝတ်အစားတွေကိုရော ပိုးမွှားတွေ သန့်စင်အောင် လုပ်ခဲ့ပြီးပြီ၊ ခု ကျွန်တော်တို့ခေါင်းပေါ်မှာ အောက်ဆီဂျင်ခမောက်တွေ ဆောင်းထားတာကတော့ ကျွန်တော်တို့ခေတ်က ဘက်တီးရီးယားတွေ ရှေးခေတ်လေထုထဲကို မရောက်အောင် ဆောင်းလာခဲ့ကြတာပဲ”
“ဘယ်သတ္တဝါကို ကျွန်တော် ပစ်ရမယ် မပစ်ရဘူး ဆိုတာ ကျွန်တော်တို့ ဘယ့်နှယ်လုပ် သိမလဲ”
“ခင်ဗျားတို့ ပစ်ရမယ့် သတ္တဝါတွေကို ဆေးနီနဲ့ မှတ်ထားတယ်၊ ဒီနေ့ ကျွန်တော်တို့ တောပစ်ထွက်မလာခင်မှာပဲ ကျွန်တော်တို့ လက်စပါးရင့်ကို ယန္တရားနဲ့ လွှတ်ခဲ့ ကြည့်ခိုင်းခဲ့ပြီးပြီ၊ သူ့ကို ကျွန်တော်တို့သွားရမယ့်ခေတ်ကို အသွားခိုင်းပြီး ပစ်ရမယ့် သတ္တဝါတွေကို ကြည့်ခိုင်းပြီးပြီ”
“သူတို့ကို သွားလေ့လာခဲ့တယ် ဆိုပါတော့”
လက်စပါးရင့်က ...
“ဟုတ်တယ်၊ အဲဒီခေတ်က သတ္တဝါတွေရဲ့ ဖြစ်ပေါ်တိုးတက်မှု သမိုင်းကြီးတစ်ခုလုံးကို လိုက်ကြည့်ပြီး အဲဒီသတ္တဝါတွေထဲမှာ ဘယ်သတ္တဝါဟာ အသက်ရှည်ဆုံးလဲ ဆိုတာကို ကြည့်ခဲ့ပြီးပြီ၊ သက်တမ်းရှည်တဲ့ သတ္တဝါဟာ သိပ်နည်းတယ်၊ သူတို့ မိတ်လိုက် ကြတာဟာလည်း သိပ်အကြိမ်မများဘူး ခင်ဗျ၊ သက်တမ်းကလည်း သိပ်တိုကြတယ်၊၊ သစ်ပင်တစ်ပင် ပိကျလို့ ဒါမှမဟုတ် ကတ္တရာတွင်းကြီးထဲကျလို့ သတ္တဝါတစ်ကောင် သေတော့မယ်ဆိုရင် အဲဒီနာရီ၊ မိနစ်၊ စက္ကန့်တို့ကို သေသေချာချာ မှတ်ထားလိုက်တယ်၊ ကျွန်တော်က အဲဒီသတ္တဝါတွေကို ဆေးတောင့်ဗုံးနဲ့ ပစ်လိုက်ရတယ်၊ ပစ်လိုက်တော့ အရေပေါ်မှာ ဆေးနီမှတ်ကြီး ထင်သွားတာပေါ့၊ အတိတ်ကို ပြန်သွားတဲ့နေရာမှာ ကျွန်တော်တို့ အချိန်ကိုက်ဖြစ်ဖို့လိုတယ်၊ အထူးသဖြင့် သတ္တဝါကြီး မသေခင် နှစ်မိနစ်လောက်အလိုမှာ ရောက်သွားဖို့လိုတယ်၊ ဒါမှ ကျွန်တော်တို့ တောပစ်တဲ့အဓိပ္ပါယ် ပေါ်မှာပေါ့၊ နို့မဟုတ်ရင် အသေကောင်ကြီးကို ပစ်သလို ဖြစ်နေမှာပေါ့၊ ကျွန်တော်တို့ဟာ တောပစ်တယ် ဆိုပေမယ့် အနာဂတ်မရှိတော့တဲ့ သတ္တဝါတွေ၊ သေအံ့မူးမူး သတ္တဝါတွေ၊ မိတ်လိုက်ခြင်း မပြုတော့တဲ့ သတ္တဝါတွေကိုသာ ပစ်တယ်၊ နောင်မှာ မျိုးဆက်မပြုန်းအောင်အတွက် အလွန် သတိထားရပါတယ်”
အက်ကယ်က စိတ်အား ထက်သန်စွာဖြင့် ...
“မသိလို့ မေးစမ်းပါရစေဦးဗျာ၊ ဒီနေ့ မနက်တင်ပဲ ခင်ဗျားဟာ အတိတ်ကာလက ပြန်လာခဲ့တယ် ဆိုရင် ခင်ဗျားဟာ ခု ကျွန်တော်တို့ တောပစ်ထွက်လာတဲ့ အဖွဲ့နဲ့ လမ်းမှာဝင်ပြီး တိုးမနေပေဘူးလား၊ ခင်ဗျားဟာ ပစ္စုပ္ပန်မှာလည်း ပါလာတယ်၊ အတိတ်ကလည်း ပြန်လာနေတယ် ဆိုရင် ခင်ဗျား နှစ်ကိုယ် ဖြစ်မနေဘူးလား၊ နောက်ပြီးတော့ ကျွန်တော်တို့တစ်တွေကော အသက်ရှင်လျက်နဲ့ ပြန်ရောက်လာပါဦးမလား”
ထရားဗစ်နှင့် လက်စပါးရင့်တို့သည် တစ်ယောက်ကို တစ်ယောက် လှမ်းကြည့်လိုက်ကြသည်။
“အဲဒါကတော့ သညာဝိပ္ပလ္လယသလို့ ခေါ်ချင်လည်း ခေါ်ပေါ့ဗျာ၊ အချိန်ကာလက ဒီလို အရှုပ်အထွေးတွေကို ဖြစ်ခွင့်မပြုဘူး၊ လူတစ်ယောက်ဟာ ဘယ့်နှယ်လုပ် နှစ်ကိုယ်ခွဲပြီး ကိုယ့်ကိုယ်ကိုယ် ပြန်တွေ့လို့ ရနိုင်ပါ့မလဲ၊ အတိတ်က ပြန်လာတဲ့လူနဲ့ ပစ္စုပ္ပန်က လာနေတဲ့ လူတစ်ယောက်ကို သူ့ကိုယ်သူ ပြန်မတွေ့အောင် အချိန်ကာလက ဘေးကို ရှောင်ပေးလိုက်တယ်၊ ༈ ခု ကျွန်တော်တို့ ယန္တရားကြီး ရပ်(မသွား?)မသွားခင်ကလေးမှာ ခုန်သွားတာကို ခင်ဗျား သတိပြုလိုက်မိမလား မသိဘူး၊ အဲဒါ အတိတ်က ပြန်လာတဲ့လူနဲ့ ကျွန်တော်တို့နဲ့ ဝင်တိုးမိတာဗျ။ လေယဉ်ပျံတစ်စင်းဟာ လေအိတ်တစ်ခုကို ဝင်တိုးမိသလိုပေါ့ဗျ၊ ဘာမှတော့Ꮎမမြင်ရဘူးပေါ့၊ ကျွန်တော်တို့ တောပစ်ခရီးဟာ ဘယ်လောက် အောင်မြင်မယ် မအောင်မြင်ဘူး၊ ကျွန်တော်တို့ ပစ်ချင်တဲ့ သတ္တဝါတွေကို တွေ့မယ် မတွေ့ဘူး၊ ကျွန်တော်တို့ ပစ္စုပ္ပန်ကို အသက်ရှင်လျက် ရောက်မယ် မရောက်ဘူး ဆိုတာကတော့ ဘယ်သူမှ အာမ, မခံနိုင်ပေဘူးပေါ့”
အက်ကယ်သည် ဖျော့တော့စွာသာ ပြုံးနိုင်တော့သည်။ ထရားဗစ်က.....
“ကဲ ... ကဲ ... ဒါတွေကို ပြောမနေကြနဲ့တော့၊ ကျွန်တော်တို့ ဆင်းကြမယ်”
သူတို့အားလုံးသည် ယန္တရားကြီးပေါ်မှ ဆင်းကြသည်။ တောကြီးက ထူထပ်သလောက် ကျယ်ဝန်းသည်။ သစ်ပင်ကြီးများကလည်း မြင့်မားသည်။ ကောင်းကင်တစ်ခုလုံးမှာလည်း ဂီတသံလို၊ ရွက်ဖျင်တဲများ တဖျပ်ဖျပ် မြည်သံလို အသံတွေဖြင့် ဆူညံ နေတော့သည်။ ထိုအသံများမှာ တာရိုဒက်တိုင်းလ်ခေါ် သတ္တဝါကြီးများ၏ ပြာမွဲမွဲအရောင်ရှိသော တောင်ပံခတ်သံများနှင့် လင်းနို့ကြီးများ၏ တောင်ပံခတ်သံများ ဖြစ်လေ၏။ အက်ကယ်သည် ကျဉ်းမြောင်းလှသော သတ္တုပြားလမ်းကလေးပေါ်တွင် ကိုယ်ကို ဟန်ချက်ညီအောင် ရပ်ရင်း လက်ထဲက သေနတ်ဖြင့် ပစ်မည့်ဟန် ချိန်ကြည့်လိုက်သည်။
“ဗျို့လူ ... မလုပ်နဲ့ ... မပစ်နဲ့၊ နောက်ပြောင်တဲ့သဘောနဲ့တောင် မချိန်နဲ့၊ မတော်လို့ သေနတ်ကျည်ဆန် ထွက်သွားရင် ဘယ့်နှယ်လုပ်မလဲ၊ တော်တော်ခက်တဲ့ လူပဲ”
ထရားဗစ်က အော်လိုက်သည်။ အက်ကယ်က မျက်နှာ နီရဲလျက်။
“ခင်ဗျားတို့ ပြောတဲ့ တိုင်ရန်နိုးဆောရပ်စ် သတ္တဝါကြီးဆိုတာ ဘယ်မှာလဲ"
လက်စပါးရင့်က နာရီကို ကြည့်လိုက်သည်။
“တစ်မိနစ်လောက်အတွင်းမှာ သူ့လမ်းကြောင်းကို ကျွန်တော်တို့ ရှာလို့ ရမှာပါ၊ သတ္တဝါကြီးကို မြင်ရင် အနီမှတ် ပါရဲ့လား ဆိုတာ သေသေချာချာ ကြည့်နော်၊ ကျွန်တော်တို့က ပစ်လို့ မပြောမချင်း မပစ်ပါနဲ့၊ ပြီးတော့လည်း ပြောလိုက်ဦးမယ်၊ လမ်းမပေါ်မှာပဲ နေပါ၊ လမ်းမပေါ်က အောက်ကို လုံးဝမဆင်းပါနဲ့”
သူတို့အဖွဲ့သည် လေတဟူးဟူး တိုက်နေသော မနက်ခင်းဆီသို့ လာခဲ့ကြသည်။
“အင်း ... တော်တော်တော့ ဆန်းတာပဲဗျာ၊ ကျွန်တော်တို့ခေါင်းပေါ်မှာ နှစ်သန်းပေါင်း ခြောက်ဆယ် ရှိနေတယ်၊ သမ္မတ ရွေးကောက်ပွဲကလည်း မနေ့ကတင် ပြီးသွားပြီးလို့ ကိတ်က အနိုင်ရသွားပြီ၊ ကျွန်တော်တို့ ခေတ်မှာ ပျော်ပွဲရွှင်ပွဲတွေ လုပ်နေကြတယ်၊၊ ဒါပေမဲ့ ကျွန်တော်တို့တစ်တွေကတော့ နှစ်တစ်သန်းလောက် နောက်ကျ ကျန်ခဲ့ကြပြီ၊ ပစ္စုပ္ပန်ကလူတွေ မရှိတော့ဘူး၊ ကျွန်တော်တို့တစ်တွေ လွန်ခဲ့တဲ့ လပေါင်းများစွာက စိတ်ညစ်စရာတွေ၊ တစ်သက်တာ စိတ်ညစ်စရာအကြောင်းတွေဟာလည်း မပေါ်လာကြသေးဘူး၊ ဒါတွေ ပေါ်ပေါက်ဖို့ စိတ်ကူးတောင် မရကြသေးဘူး၊ တော်တော်တော့ ဆန်းတာပဲ”
ထရားဗစ်၏အသံ ပေါ်လာသည်။
“ကဲ ... သေနတ်ခလုတ်ထိန်းတွေ ဖြုတ်ထားပါ၊ ပထမ အက်ကယ် ပစ်ပါ၊ ဒုတိယ ဘီးလင်း ပစ်ပါ၊ တတိယ ကရဲမား ပစ်ပါ”
“ကျွန်တော် ကျားလည်း ပစ်ခဲ့ဖူးပြီ၊ တောဝက်လည်း ပစ်ခဲ့ဖူးပြီ၊ ကျွဲရိုင်းလည်း ပစ်ခဲ့ဖူးပြီ၊ ဆင်အုပ်လည်း ပစ်ခဲ့ဖူးပြီ၊ ဒါပေမဲ့ ဒီတစ်ချီကျတော့ ဘာဖြစ်လို့မှန်း မသိဘူး၊ လက်တွေ တုန်နေပါလား”
အက်ကယ်က ပြော၏။
“အသာနေ ... အသာနေ” ဟု ထရားဗစ်က ပြောသည်။ ထို့နောက် ထရားဗစ်သည် လက်ကို မြှေက်ပြလိုက်ကာ
“ဟောဟိုမှာဗျို့၊ နှင်းမြူတွေထဲမှာ တွေ့လား၊ ခင်ဗျားတို့ ပစ်ချင်နေတဲ့ သတ္တဝါကြီး”
* * *
တောကြီးက ကျယ်ပြောလှသည်။ ငှက်မြည်သံ၊ ပွတ်တိုက်သံ၊ တီးတိုးသံ၊ သက်ပြင်းချသံတို့ဖြင့် ပြည့်လျက်။
ထိုစဉ် တံခါးတစ်ချပ်ကို ပိတ်လိုက်သည့်နှယ် ထိုအသံများသည် ရုတ်တရက် ရပ်သွားကြသည်။
အားလုံး တိတ်ဆိတ်လျက်။
မိုးချုန်းသံ ပေါ်လာသည်။
သူတို့ရှေ့ ကိုက်တစ်ရာခန့်အကွာ နှင်းမြူထဲမှ တိုင်ရန်နိုးဆောရပ်စ်သတ္တဝါကြီး ပေါ်လာသည်။
“ဟာ”
အက်ကယ် အလန့်တကြား အော်လိုက်မိသည်။
“ရှူး” ဟု ထရားဗစ်က အချက်ပေးလိုက်၏။
တိုင်ရန်နိုးဆောရပ်စ် သတ္တဝါကြီးသည် ဆီသုတ်ထားသကဲ့သို့ ပြောင်လက်နေသော ခြေထောက်ကြီးများဖြင့် လှမ်း၍ လာနေသည်။ သတ္တဝါကြီးမှာ သစ်ပင်တို့အထက် ပေသုံးဆယ်လောက် မြင့်နေသည့်အတွက် ကြောက်စရာ ဧရာမသတ္တဝါကြီး ဖြစ်နေသည်။ တိုင်ရန်နိုးဆောရပ်စ် သတ္တဝါကြီးသည် ဆီရောင်ပြောင်လက်နေသည့် တွားသွားတိရစ္ဆာန်တို့၏ ရင်ဘတ်ဖြူဖြူကြီးကို ရှည်လျားသော လက်သည်းကြီးများရှိသည့် လက်ကြီးဖြင့် ပိုက်လျက် ရှေ့သို့ တိုးလာ၏။ အောက်ခြေ နှစ်ချောင်းမှ ပစ္စတန်ကြီးများကဲ့သို့ တွန်းအားပေးနေသည်။ ခြေတစ်ချောင်း တစ်ချောင်းလျှင် ပေါင်တစ်ထောင်ခန့် လေးသည့် ခြေထောက်ရိုးများသည် ကြိုးကြီးများသဖွယ် အမြှောင်းအမြှောင်းထနေသည့် ကြွက်သားများထဲတွင် မြုပ်နေကြ၏။ ထိုကြွက်သားများ ပေါ်တွင်မူ ရှေးစစ်သည်တစ်ယောက်၏ သံကိုယ်ချပ်အင်္ကျီကဲ့သို့ ပြောင်လက်၍ ဗြုတ်ထနေသော အရေခွံကြီး ဖုံးထားသည်။ ပေါင်တစ်ချောင်း တစ်ချောင်းလျှင် တစ်တန်ခန့် လေးမည် ခန့်မှန်းရ၏။ ကိုယ်ခန္ဓာအထက်ပိုင်းသည် အသက်ပြင်းစွာ ရှူလျက်ရှိသည့် လှောင်အိမ်ကြီးတစ်ခုနှင့် တူနေပြီး ထိုခန္ဓာကိုယ် တစ်ဖက်တစ်ချက်မှ ပျော့ဖပ်နေသော လက်နှစ်ချောင်းသည် ရှေ့သို့ တွဲလောင်းကျလျက် ရှိ၏။ လက်မောင်းများမှာ ကြီးမားလှသည့်အတွက် လူတစ်ယောက်ကို ကစားစရာအရုပ်လေး တစ်ရုပ်နှယ် အသာလေး ကောက်ကိုင်ပစ်လိုက်နိုင်ပုံ ပေါ်လျက်(။?) မြွေသဏ္ဍာန်ရှိသော ဦးခေါင်းသည် ခွေလျက် ရှိလေ၏။ သတ္တဝါကြီးသည် ခေါင်းကို ခွေထားရာမှ ထောင်ကြည့်လိုက်ရာ သူ့ခေါင်းသည် ကောင်းကင်သို့ ရောက်သွားတော့မည်ဟုပင် ထင်လိုက်ရသည်။ ပါးစပ်ကြီးကို ဖြဲလိုက်သည့်အခါတွင် ဓားမြှောင်ကဲ့သို့ ချွန်ထက်သောသွားကြီးများကို မြင်လိုက်ရ၏။ ငှက်ကုလားအုတ် ဥလောက်ရှိသည့် မျက်လုံးကြီးသည် ပြူးကျယ်လျက် ရှိကာ ငတ်မွတ် ဆာလောင်သည့်အကြည့်ကို ဖော်ပြ နေကြသည်။ ပါးစပ်ကြီးကို ဖြဲထားပုံမှာ သေမင်းအပြုံးနှင့် တူလျက်ရှိ၏။ ပြေးသည့်အခါတွင် တင်ပါးဆုံရိုးနှင့် ပွတ်တိုက်မိသဖြင့် လမ်းတစ်လျှောက်တွင် သစ်ပင်ချုံနွယ်များသည် ကြေမွကျန်ရစ်ခဲ့ကြသည်။ ခြေသည်းတွေ ချွန်ထက်နေသည့် ခြေထောက်များဖြင့် စိုစွတ်နေသော မြေကြီးကို ကုတ်သွားသည့်အတွက် ခြောက်လမခန့်နက်သည့် အရာကြီးတွေ ကျန်ရစ်ခဲ့သည်။ သတ္တဝါကြီး၏အလေးချိန်သည် ဆယ်တန်ခန့်ရှိသည့်တိုင် ပြေးလွှားသည့်အခါတွင်မူ ဘဲလေးကချေသည် တစ်ယောက်ကဲ့သို့ ဟန်ချက်ညီလျက် ရှိ၏။ သတ္တဝါကြီးသည် တောထဲမှ နေရောင်လင်းလျက်ရှိသော ကွက်လက်(လပ်!) တစ်ခုဆီသို့ လာခဲ့ပြီးလျှင် လက်ကြီးနှစ်ဖက်ကို လေထဲသို့ မြှောက်နေသည်။
“သောက်ကျိုးနည်းဗျာ၊ လက်ကြီးတွေကို မြှောက်လိုက်တာ လကိုများ ရောက်မလား မဆိုနိုင်ဘူး” ဟု အက်ကယ်က ပြောလိုက်၏။
“ရှူး ... ရှူး၊ ကျွန်တော်တို့ကို မမြင်သေးဘူး၊ အသာနေ” ဟု ထရားဗစ်က လေသံကလေးဖြင့် ပြောလိုက်၏။
“ဒီအကောင်ကြီးကို ဘယ့်နှယ်လုပ်ပြီး ပစ်လို့ ရမှာလဲဗျာ၊ ကျွန်တော်တို့တော့ လာမိတာ မှားတာပဲ၊ ဘယ့်နှယ့်လုပ်မှ ပစ်လို့ရမှာ မဟုတ်ဘူး”
အက်ကယ်က ပြောသည်။ သူ့လက်ထဲမှ ရိုင်ဖယ်သေနတ်သည် ကလေးကစားစရာသေနတ်လို စွမ်းအားမဲ့နေသည်။
“ဗျို့ ဆရာ ... အသာနေစမ်းပါဦးဗျ”
“ကျွန်တော်တော့ ခြောက်အိပ်မက် မက်နေတယ် ထင်တာပဲ”
“ကဲ ... ဒီလောက် ရှိရင်လည်း ပြန်လှည့်ဗျ၊ ယန္တရားပေါ်ကို ပြန်တက်၊ ခင်ဗျားငွေကို တစ်ဝက် ပြန်အမ်းမယ်”
“ကျွန်တော်က အစက ဒီလောက်ကြီးမယ်မှန်းမှ မထင်ဘဲကိုးဗျ၊ မဖြစ်ပါဘူး၊ ကျွန်တော်တော့ ပြန်ချင်ပြီ”
“ဟာ ... ဟော ကျွန်တော်တို့ကို မြင်သွားပြီဗျ”
“ကိုယ်ပေါ်မှာတော့ ဆေးနီမှတ်ကြီးနဲ့ဗျ”
မိုးကြိုး ကင်းလိပ်(ချော!)ကြီးသည် ကိုယ်ကို ကြွလိုက်၏။ သံချပ်အင်္ကျီဝတ်ထားသည့်နှယ် ရှိသော ခန္ဓာကြီးသည် ထောင်ပေါင်းများစွာသော ငွေပြားများကဲ့သို့ ပြိုးပြက်နေကြသည်။ ထိုခန္ဓာကိုယ်မှ အငွေ့များသည် တထောင်းထောင်း ထွက်လျက် ရှိကြ၏။ ခန္ဓာကိုယ်ကြီးပေါ်တွင် ရွှံ့စေးတွေ ပေကျံလျက်ရှိပြီး အငွေ့များသည် ရွှံ့စေးများမှ တထောင်းထောင်း ထွက်လျက်ရှိကြ၏။ ထိုရွှံ့စေးများထဲတွင် ကပ်နေသည့် ပိုးမွှားများသည် တွန့်လိမ်လျက် ရှိနေကြလေရာ ခန္ဓာကိုယ်ကြီးတစ်ခုလုံးသည် မလှုပ်မရှား ငြိမ်သက်လျက်ရှိသည့်တိုင် လှုပ်ရှားတွန့်လိမ်နေသကဲ့သို့ ထင်မှတ်ရသည်။ ထိုစဉ် ထွက်သက်ကို ထုတ်လိုက်သည်တွင် ပုပ်ဟောင်သော အနံ့ကြီးသည် တစ်တောလုံးကို ဖုံးအုပ်သွားလေ၏။
“မဖြစ်ဘူးဗျာ၊ ကျွန်တော့်ကို ပြန်ပို့ပေးကြပါ၊ ဒီလိုဟာကြီးကို ကျွန်တော် တစ်ခါမှ မမြင်ဖူးဘူး၊ အစတုန်းကတော့ ကျွန်တော့်မှာ လမ်းပြကောင်းတွေ၊ မုဆိုးကောင်းတွေ ပါလာတဲ့အတွက် အသက်နဲ့ကိုယ် အိုးစားမကွဲဘဲ ပြန်ရောက်မယ်လို့ တွက်ထားတာ၊ ခုတော့ ကျွန်တော် မှားပြီ၊ လုပ်ပါဗျာ၊ ကျွန်တော့်ကို ပြန်ပို့ပေးကြပါ၊ ကြာကြာနေရင် ကျွန်တော် သေရပါလိမ့်မယ်”
အက်ကယ်သည် တတွတ်တွတ် တောင်းပန်လျက်ရှိ၏။
“အိုး ... ဟိုပြေး ဒီပြေး မလုပ်နဲ့လေ၊ သွား ... ယန္တရားကြီးပေါ် ပြန်တက်နေ” ဟု လက်စပါးရင့်က ပြောသည်။
“ဒီလိုဆိုရင်လည်း ကျွန်တော် ပြန်တက်နေတော့မယ်ဗျာ” ဟု ဆိုကာ အက်ကယ်သည် သူ့ခြေထောက်ကို လှမ်းကြည့်သည်။ သို့ရာတွင် သူ့ခြေထောက်များသည် ထုံကျဉ်နေကြလေပြီ။ လှမ်း၍ မရတော့သဖြင့် အက်ကယ်သည် ကြောက်လန့်တကြား အော်လိုက်သည်။
“အက်ကယ် သတိထားလေဗျာ”
အက်ကယ်သည် မျက်တောင် တဖျတ်ဖျတ် ခတ်ရင်း ရှေ့သို့ ခြေလှမ်းအနည်းငယ် လှမ်းကြည့်သည်။
“ယန္တရားကြီးက ဒီမှာ မဟုတ်ဘူးဗျ၊ ဟိုမှာ၊ အဲဒီဘက်ကို မသွားနဲ့”
သတ္တဝါကြီးသည် တစ်ချက်မျှ စူးရှစွာ အော်၍ ရှေ့သို့ တစ်ဟုန်ထိုး ပြေးလာနေလေပြီ။ လေးစက္ကန့်တွင် ကိုက်တစ်ရာခန့် ရောက်လာသည်။ ရိုင်ဖယ်သေနတ် မောင်းတင်သံများကို ကြားလိုက်ရပြီး မီးတွေ ပွင့်သွား၏။ သတ္တဝါကြီး၏ပါးစပ်မှ လေကိုမှုတ်ထုတ် လိုက်သဖြင့် သူတို့တစ်သိုက်သည် လေဆင်နှာမောင်းမိသကဲ့သို့ ဖြစ်သွားကာ ပုပ်ဟောင်သောအနံ့ကြီးနှင့်တကွ ရွှံ့နံ့၊ သွေးနံ့တို့ကို ရလိုက်၏။ သတ္တဝါကြီးမှာ ပါးစပ်ကြီးကို ဖြဲပြီး ကြောက်မက်ဖွယ် အော်ဟစ်လျက်ရှိလေရာ သွားများသည် နေရောင်ထဲတွင် တလက်လက် တောက်ပြောင်လျက် ရှိလေ၏။
အက်ကယ်သည် နောက်သို့ပင် ပြန်မကြည့်တော့ဘဲ သတ္တုပြား ခင်းထားသည့် လမ်းကလေးအတိုင်း ယန္တရားဆီသို့ အားကုန် စွတ်ပြေးလာခဲ့သည်။ လက်ထဲက သေနတ်မှာ ဘာမျှ အသုံးမဝင်တော့ပြီ။ ထို့နောက် အက်ကယ်သည် လမ်းမပေါ် ဆင်းကာ ဘေးသို့ ရောက်သွားပြီး ခြေဦးတည့်ရာသို့ လျှောက်သွားနေသည်။ တောကြီးမျက်မည်းထဲတွင် ဘယ်ရောက်၍ ဘယ်ပေါက်မည်ကို မပြောနိုင်။ သူ့ခြေထောက်များသည် ထူထပ်သော ရေညှိတောထဲတွင် နစ်သွားကြသည်။ ခြေထောက်များ သယ်ဆောင်ရာသို့ လိုက်ပါသွားသည်တွင် သူတို့နှင့် တဖြည်းဖြည်း ဝေးလာခဲ့သည်။
ရိုင်ဖယ်သေနတ်သံများ ပေါ်ထွက်လာပြန်သည်။ သို့ရာတွင် ထိုသေနတ်သံများသည် မိုးချုန်းသည့်နှယ် မြည်ဟည်းနေသော ဧရာမကင်းလိပ်ချောကြီး အော်မြည်သံထဲတွင် နစ်မြုပ်ပျောက်ကွယ်သွားကြ၏။
သတ္တဝါကြီး၏အမြီးသည် ထောင်လာကာ ဟိုမှသည်မှ ဝှေ့ယမ်းနေသည်။ သစ်ပင်များသည် ဓားနှင့် ပိုင်းလိုက်သကဲ့သို့ ပြတ်ကျကာ လဲကျကုန်ကြသည်။ သစ်ကိုင်းများ၊ သစ်ရွက်ကလေးများသည် တိမ်တိုက်ကြီးများသဖွယ် ကောင်းကင်သို့ ပျံတက်ကုန်ကြသည်။ သတ္တဝါကြီးသည် လက်သည်းကြီးများကို ထုတ်လျက် လူများကိုဖမ်းရန် ကြိုးစားနေသည်။ သူ့လက်ထဲသို့ ရောက်သွားလျှင် တစ်ပိုင်းတစ်(စ!)စီ ဖြစ်ကုန်တော့မည်။ ကျောက်တုံးကြီးများလောက်ရှိသည့် မျက်လုံးကြီးများဖြင့် သူတို့ကို စိုက်ကြည့်လျက်ရှိသဖြင့် သူတို့အရိပ်များကို ထိုမျက်လုံးကြီးများထဲတွင် ပြန်မြင်နေရသည်။ သူတို့သည် သတ္တဝါကြီး၏မျက်လုံးကို ချိန်၍ ပစ်လိုက်ကြပြန်သည်။
တိုင်ရန်နို(!း)ဆောရပ်စ်သတ္တဝါကြီးသည် ကျောက်ဆောင်ကြီးတစ်ဆောင်ကဲ့သို့လည်းကောင်း၊ တောင်ကြီးတစ်လုံးကဲ့သို့ လည်းကောင်း၊ အုန်းခနဲ မြည်ဟည်း၍ အောက်သို့ လဲကျသွားသည်။ ထို့နောက် ကြောက်စဖွယ် အော်ဟစ်ကာ သစ်ပင်များကို ဆုပ်ကိုင် ဆွဲနုတ်ရာမှ တစ်ဖန် သတ္တုပြားလမ်းကလေးကို ဆုပ်ကိုင်ကာ ချေမွနေသည်။ တောပစ်နေသော မုဆိုးတစ်သိုက်သည် နောက်သို့ ဆုတ်လာခဲ့ကြသည်။ အဝေးမှ သေနတ်များဖြင့် လှမ်းပစ်သည့်အခါတွင် ဆယ်တန်မျှ အလေးချိန်စီးသည့် ခန္ဓာကိုယ်ကြီးကို သွား၍ ထိပြန်သည်။ သတ္တဝါကြီးသည် အမြီးကြီးဖြင့် မြေကြီးကို တဘုန်းဘုန်း ရိုက်ပြီးနောက် မြွေကဲ့သို့ တွန့်လိမ်နေသော ခေါင်းကြီး လှုပ်ယမ်းရင်း တဖြည်းဖြည်း ငြိမ်သက်သွားသည်။ ပါးစပ်မှ သွေးများသည် တရဟော စီးကျလာကြ၏။ ကိုယ်ခန္ဓာထဲမှ အရည်အိတ်များ ပေါက်ကွဲထွက်ကာ နံစော်သောအရည်များသည် သူတို့ကိုယ်ပေါ်သို့ စင်ကုန်ကြသည်။ သူတို့တစ်သိုက်သည် ကြောင်၍ ရပ်ကြည့်နေကြသည်။
သတ္တဝါကြီး၏အော်သံမှာ တိတ်ဆိတ်ငြိမ်သက် သွားခဲ့လေပြီ။
တောကြီးတစ်ခုလုံးလည်း တိတ်ဆိတ်သွားလေပြီ။ တောင်ကြီး ပြိုလဲသွားပြီးသည့်နောက်တွင် အားလုံးသည် တိတ်ဆိတ်လျက်။ ခြောက်အိပ်မက် ပြီးသည့်အခါတွင် မနက်ခင်းသည် ငြိမ်သက်လျက်။
ဘီးလင်းနှင့် ကရဲမားတို့သည် သတ္တုပြား လမ်းကလေးပေါ်တွင် ထိုင်ချလိုက်ကြပြီး ထရားဗစ်နှင့် လက်စပါးရင့်တို့ကမူ မီးခိုးတွေ အူထွက်နေသော သေနတ်များကို ကိုင်ကာ ဆဲရေးတိုင်းထွာနေကြသည်။ ထိုအချိန်၌ကား အက်ကယ်သည် သတ္တုပြား လမ်းကလေးကို ပြန်တွေ့ကာ ယန္တရားကြီးပေါ်တွင် မှောက်လျက်သား ဖြစ်နေသည်။
ထရားဗစ်သည် ယန္တရားကြီးပေါ်သို့ တက်လာခဲ့ကာ မှောက်လျက်ကြီး လဲနေသော အက်ကယ်ကို လှမ်းကြည့်လိုက်၏။ ထို့နောက် သတ္တုသေတ္တာတစ်လုံးထဲမှ ဂွမ်းစများကို ယူ၍ ပြန်ဆင်းလာသည်။
“ရော့ ... ရော့၊ ခင်ဗျားတို့ကိုယ်ပေါ်က သွေးတွေ အရည်တွေကို သုတ်ပစ်လိုက်ဦး”
ကျန်လူများသည် သံခမောက်ပေါ်မှ သွေးများကို သုတ်ပစ်ကြသည်။ သူတို့လည်း ကျိန်ဆဲလျက် ရှိလေပြီ။ သတ္တဝါကြီးမှာ တောင်ပို့ကြီးတစ်လုံးလို လဲကျလျက်၊ ခန္ဓာကိုယ်ထဲမှ အသံများသည် တဖြည်းဖြည်း တိတ်ဆိတ်သွားကြသည်။ အဆို့များ၊ လျှာခင်များ၊ ပိုက်များ ပိတ်သွားကာ ဗုန်းဗုန်းလဲ ပျက်စီးသွားသည့် မီးရထားခေါင်းတွဲကြီး တစ်တွဲနှင့်ပင် တူတော့သည်။ သတ္တဝါကြီး၏အရိုးများသည် သွင်သွင်ကျိုးသွားကြကာ နူးညံ့သည့်လက်များမှာ ခန္ဓာကိုယ်ကြီးအောက်တွင် ပိနေသဖြင့် ကြေမွသွားသည်။ သို့တိုင် မသေသေး။ သူ့အသားများက တုန်ယင်နေဆဲ။
ထိုစဉ် ဝုန်းခနဲ မြည်သံကြီးကို ကြားလိုက်ရပြီးနောက် သစ်ပင်ကြီးတစ်ပင်သည် သတ္တဝါကြီးကိုယ်ပေါ်သို့ လဲကျသွားလေရာ သတ္တဝါကြီးမှာလည်း လုံးဝငြိမ်သက်သွားတော့သည်။
“အချိန်ကိုက်ပဲ၊ အမှန်က ကျွန်တော်တို့ မပစ်ရင်လည်း ဒီသစ်ပင်ကြီးဟာ ဒီသတ္တဝါကြီးပေါ်ကို လဲကျမှာပဲ၊ ခင်ဗျားတို့ ပစ်ခဲ့တဲ့ သတ္တဝါကြီးရဲ့ပုံကို ဓာတ်ပုံ ရိုက်ယူသွားချင်သေးလား”
လက်စပါးရင့်က လက်မှ နာရီကို ငုံ့ကြည့်လိုက်ရင်း တောပစ်မုဆိုးနှစ်ယောက်ကို လှမ်းမေးလိုက်သည်။
“ခင်ဗျာ ...”
“ခင်ဗျားတို့ လိုချင်ရင်လည်း အလကားပဲ၊ ဒီသတ္တဝါကြီးရဲ့ ဓာတ်ပုံကို အနာဂတ်ကို ယူသွားလို့ မရဘူးဗျ၊ ဒီသတ္တဝါကြီးဟာ ဒီနေရာ၊ ဒီအချိန်မှာ ဒီလိုပဲသေဖို့ သတ္တသဘာဝကြီးက ဖန်တီးထားပြီးသား၊ တောထဲမှာ ရှိတဲ့ ဘက်တီးရီးယားပိုးမွှားတွေ၊ ငှက်တွေ၊ အင်းဆက်ပိုးမွှားတွေဟာ သူ့အသားကို စားကြလိမ့်မယ်၊ ဒီလို စားခြင်းအားဖြင့်သာ သူတို့လည်း အသက်ရှင်နိုင်မယ်၊ သဘာဝကြီးက ဖန်တီးပေးထားတာ၊ ဒီသတ္တဝါကြီးနား ရပ်နေတဲ့ ခင်ဗျားတို့ရဲ့ဓာတ်ပုံကိုတော့ အနာဂတ်ကို ပြန်ယူသွားလို့ ရတယ်၊ ဒါပေမဲ့ ဒီသတ္တဝါကြီးရဲ့ပုံကိုတော့ ယူလို့ မရဘူး”
အနီးတွင် ရပ်နေသည့် မုဆိုးနှစ်ယောက်သည် သူပြောသည့် အဓိပ္ပါယ်ကို နားမလည်သဖြင့် ခေါင်းကို ယမ်းနေကြသည်။
သူတို့အားလုံးသည် သတ္တုလမ်းပေါ်တွင် ရွေ့လျားနေကြပြီးနောက် စက်ယန္တရားကြီးပေါ်သို့ ရောက်သည့်အခါတွင် ထိုင်ခုံများပေါ်၌ နွမ်းနယ်စွာ ထိုင်လိုက်သည်။ သူတို့သည် စက်ယန္တရားကြီးပေါ်မှနေ၍ ပြိုလဲ ပျက်စီးသွားသော သတ္တဝါကြီးကို ငေးကြည့် နေကြ၏။ ထိုအချိန်၌ကား တွားသွားငှက်များနှင့် ပိုးကောင်အမျိုးမျိုးတို့သည် ထိုသတ္တဝါကြီးကို အောင်သေအောင်သား စားသည့်နှယ် စားသောက်နေကြလေပြီ။
ယန္တရားကြီးကြမ်းပြင်မှ အသံတစ်ခုကြောင့် သူတို့သည် ခေါင်းထောင်၍ ကြည့်လိုက်ကြသည်။ အက်ကယ်သည် တစ်ကိုယ်လုံး တုန်ယင်ကာ ကြမ်းပြင်တွင် ထိုင်နေသည်ကို တွေ့ရသည်။
“ကျွန်တော် ထွက်ပြေးခဲ့တဲ့အတွက် ဝမ်းနည်းပါတယ်ဗျာ”
အက်ကယ်က ပြော၏။
ထရားဗစၠ ...
“ဗျို့ လူ ... ထ”
အက်ကယ်က ထိုင်ရာမှ ထသည်။ ထရားဗစ်က သူ့ကို သေနတ်ဖြင့် ချိန်လိုက်ရင်း ...
“သွား ... ခင်ဗျား တစ်ယောက်တည်း အဲဒီလမ်းပေါ်ဆင်း၊ ယန္တရားပေါ်ကို ပြန်မတက်ခဲ့နဲ့၊ ခင်ဗျား ဒီမှာ နေရစ်ခဲ့၊ ကျုပ်တို့နဲ့ ပြန်မလိုက်ခဲ့နဲ့”
လက်စပါးရင့်က ထရားဗစ် လက်ကို လှမ်းဆွဲလိုက်ရင်း ...
“ဗျို့ ... ဟိတ်လူ ... နေဦးလေ”
ထရားဗစ်သည် သူ့လက်ကို လာကိုင်သည့် လက်စပါးရင့်၏လက်ကို ပုတ်ချလိုက်သည်။
“ခင်ဗျား ဝင်မရှုတ်(ရှုပ်!)နဲ့၊ အသာနေ၊ ဒီလူကြောင့် ကျုပ်တို့အားလုံး သေကုန်တော့မလို့၊ ဒီလောက်ဆိုရင် တော်သေးတယ်၊ ကျုပ် ခွင့်လွှတ်နိုင်သေးတယ်၊ ခုတော့ သူ့ဖိနပ်နဲ့ တောထဲကို အကုန်လျှောက်နင်းသွားထားတယ်၊ အားလုံး ပျက်စီးကုန်တော့မယ်၊ ကြည့်စမ်းပါဦး၊ ခု ကျုပ်တို့ကုမ္ပဏီအနေနဲ့ အာမခံကြေးတွေ ဒေါ်လာ ထောင်ပေါင်းများစွာ လျော်ရတော့မယ်၊ တောထဲမှာ ပစ္စုပ္ပန်က ဘက်တီးရီးယားတွေ ရောက်ကုန်မှာစိုးလို့ လမ်းပေါ်က ဘယ်သူမှ မဆင်းပါဘူးလို့ အာမခံခဲ့ရတာ၊ ခု သူ လျှောက်သွားနေတော့ ဒီက အတိတ်က မြေကြီးကို သူ သွားထိမိပြီ၊ တော်တော်ခက်တဲ့လူဗျာ၊ ခု ကျွန်တော်တို့အစိုးရဆီ အစီရင်ခံစာ တင်ရတော့မယ်၊ ဒီလိုဆိုရင် ကျွန်တော်တို့ ခရီးသွားလိုင်စင်ကို ပြန်ပြီး ရုပ်သိမ်းလိုက်တော့မှာ၊ တော်တော်ဆိုးတဲ့ လူဗျာ၊ ခင်ဗျားဟာ အချိန်ကာလကိုလည်း ဖျက်ဆီးတယ်၊ သမိုင်းကိုလည်း ဖျက်ဆီးခဲ့တယ်”
“ဒီလောက်လည်း စိတ်ပူမနေပါနဲ့ဗျ၊ သူထိတာက နည်းနည်းကလေးပါ၊ အပေါ်ယံတင်ပါ”
“ဒါတော့ ဘယ်သူ ပြောနိုင်မလဲဗျ၊ သူ သိမှာပေါ့၊ ရှုပ်တယ်ဗျာ၊ အက်ကယ်ဆိုတဲ့လူ ဆင်း၊ ဒီယန္တရားကြီးပေါ်မှာတော့ မတင်နိုင်ဘူး”
အက်ကယ်က သူ့ရှပ်အင်္ကျီကို လက်ဖြင့် ဆုပ်ချေရင်း ...
“ကျွန်တော် လျော်ဆိုရင်လည်း လျော်ပါ့မယ်ဗျာ၊ ဒေါ်လာတစ်သိန်း ပေး ဆိုရင်လည်း ပေးပါ့မယ်”
ထရားဗစ်သည် အက်ကယ်၏ချက်လက်မှတ်စာအုပ်ကို စိုက်ကြည့်ရင်း တံတွေး ထွေးလိုက်သည်။
“မလိုချင်ဘူးဗျာ၊ ဆင်းဆို ဆင်း ... ဒါပဲ၊ ဟောဟို လမ်းနားမှာ သတ္တဝါကြီး ရှိတယ်၊ တံတောင်ဆစ် ရောက်သည်အထိ လက်ကို အဲဒီသတ္တဝါကြီးရဲ့ ပါးစပ်ထဲကို သွားထည့်၊ ပြီးတော့မှ ပြန်လာခဲ့၊ ဒီလိုဆိုရင်တော့ ဒီယန္တရားကြီးနဲ့ ပြန်ခေါ်မယ်”
“ဘာဆိုင်လို့လဲဗျာ၊ ဒီလို လုပ်တာတော့ မကောင်းပါဘူး”
“ဟေ့လူ ... သတ္တဝါကြီးက အသက်မရှိတော့ဘူးဗျ၊ အဲဒီသတ္တဝါကြီးရဲ့ ကိုယ်ပေါ်မှာ ကျည်ဆန်တွေ ကျန်ရစ်ခဲ့တယ်၊၊ အဲဒီ ကျည်ဆန်တွေ ကျန်ရစ်ခဲ့လို့ မဖြစ်ဘူး၊ အဲဒီ ကျည်ဆန်တွေဟာ အတိတ်က ပစ္စည်းတွေ မဟုတ်ဘူး၊ ပစ္စုပ္ပန်က ပစ္စည်းတွေ၊ သူတို့ ကျန်ရစ်ခဲ့ရင် အတိတ်ကာလဟာ တစ်မျိုးတစ်မည် ဖြစ်သွားနိုင်တယ်၊ ရော့ ... ဟောဒီမှာ ဓားပါတယ်၊ သတ္တဝါကြီးရဲ့ ခန္ဓာကိုယ်ထဲက ကျည်ဆန်တွေကို ထုတ်ယူခဲ့”
ယခုအချိန်တွင် တောကြီးမှာ အသံဗလံတို့ဖြင့် ဆူညံနေလေပြီ။ ငှက်တို့၏ မြည်သံ၊ သစ်ရွက်လှုပ်သံ၊ တောကောင်တို့ ပြေးလွှား သွားသံများကို ကြားနေရသည်။ အက်ကယ်သည် ရှေးဟောင်း အပျက်အစီးပုံလည်း ဖြစ်၍ ခြောက်အိပ်မက်များနှင့် ကြောက်မက်ဖွယ်တို့ကို မွေးဖွားပေးရာလည်း ဖြစ်သည့် သတ္တဝါသေကောင်ကြီး အနားသို့ ကပ်လာခဲ့သည်။ အက်ကယ်သည် အိပ်မက်ထဲတွင် ယောင်ယမ်း လမ်းလျှောက်နေသူကဲ့သို့ သတ္တုပြား လမ်းကလေးပေါ်တွင် လျှောက်လာခဲ့၏။
ငါးမိနစ်ကြာသည့်အခါတွင် အက်ကယ်သည် တုန်လှုပ်ချောက်ချားလျက် ပြေးလာခဲ့သည်။ သူ့လက်မောင်းတွင်လည်း သွေးနှင့် အရည်တို့ စိုရွှဲလျက်။ လက်ကို ဖြန့်လိုက်သည့်အခါတွင် လက်ထဲတွင် သံမဏိ ကျည်ဆန်အချို့ကို တွေ့ရသည်။ ထို့နောက် ဗိုင်းခနဲ လဲကျသွား၏။ လှုပ်ရှားခြင်း မရှိတော့။
“ခင်ဗျား ဒီလိုလုပ်ဖို့တော့ မကောင်းဘူးဗျာ” ဟု စပါးရင့်က ပြောသည်။
ထရားဗစ်က တိတ်ငြိမ်သက်လျက်ရှိသည့် အက်ကယ်၏ခန္ဓာကိုယ်ကို တွန်းထိုးလိုက်ပြီး ...
“ဘာဖြစ်လို့ မကောင်းရမှာလဲဗျ၊ ကောင်း မကောင်း နောက်တော့ ကြည့်ပေါ့၊ ခင်ဗျားလူ မသေပါဘူး၊ နောက်တော့ ဒီလူကို ဒီလို တောပစ်ထွက်ဆီ မခေါ်နဲ့တော့ဗျာ၊ ကဲ ... သွားမယ်၊ စက်ဖွင့်”
ထရားဗစ်က လက်စပါးရင့်ကို လက်မထောင်၍ အချက်ပေးလိုက်သည်။
* * *
ခရစ်နှစ် ၁၄၉၂၊ ခရစ်နှစ် ၁၇၇၆၊ ခရစ်နှစ် ၁၈၁၂။
သူတို့သည် လက်နှင့် မျက်နှာတို့ကို ဆေးကြောသန့်စင်လိုက်ကြသည်။ ရွှံ့တွေ သွေးတွေဖြင့် မာခေါက်နေသော အင်္ကျီနှင့် ဘောင်းဘီများကို လဲလိုက်ကြသည်။ အက်ကယ်မှာ လဲနေရာမှ ထကာ သူတို့ကို ကြောင်၍ ကြည့်နေသည်။ ထရားဗစ်မှာ မည်သို့မျှ မပြောဘဲ အက်ကယ်ကို ဆယ်မိနစ်ခန့်မျှ စိုက်ကြည့်နေ၏။
“ကျွန်တော့်ကို ဒီလို မကြည့်နဲ့ဗျာ၊ ကျွန်တော် ဘာလုပ်ခဲ့လို့လဲ” ဟု အက်ကယ်က ပြောသည်။
“ဒါတော့ ခင်ဗျား သိမှာပေါ့”
“ကျွန်တော် လမ်းမပေါ်က နည်းနည်းဆင်း သွားမိတယ်၊ ဒါ့ကြောင့် ကျွန်တော့်ဖိနပ်မှာ ရွှံ့လေး နည်းနည်းပါးပါး ကပ်လာတယ်၊၊ ဒီတော့ ခင်ဗျား ဘာလုပ်စေချင်သေးလို့လဲ၊ ဘုရားဆီ ဆုတောင်းရမှာလား”
“အေးလေ ... ဘာလုပ်ရမယ်ဆိုတာ နောက်ကျရင် သိမှာပေါ့၊ ခင်ဗျားကိုတော့ ကျုပ် သတိပေးထားလိုက်မယ်နော်၊ ခင်ဗျားကို သတ်ချင်တယ်ဆိုရင် အချိန်မရွေး သတ်နိုင်တဲ့အနေအထားမှာ ရှိနေသေးတယ်၊၊ ကျုပ်လက်ထဲမှာ သေနတ်ရှိနေတယ်”
“ကျွန်တော့်မှာ ဘာအပြစ်ရှိလို့လဲ၊ ကျွန်တော် ဘာမှ မလုပ်ခဲ့ရပါလား”
ခရစ်နှစ် ၁၉၉၉၊ ခရစ်နှစ် ၂၀၀၀၊ ခရစ်နှစ် ၂ဝ၅၅။ ယန္တရားကြီးသည် ရပ်သွား၏။
“ကဲ ... ဆင်း” ဟု ထရားဗစ်က ပြောသည်။
သူတို့ ရောက်နေသည့်အခန်းမှာ သူတို့ ထွက်လာခဲ့စဉ်က နေရာတွင်ပင် ရှိနေသည်။ သို့ရာတွင် အနေအထားတို့ မတူတော့၊ များစွာ ပြောင်းလဲလျက် ရှိနေပြီ။ စားပွဲတွင် ထိုင်နေသည့်လူမှာ ယခင်လူပင် ဖြစ်သော်လည်း ယခင်လူတော့ မဟုတ်တော့ပြီ။
ထရားဗစ်က ပတ်ပတ်လည်ကို ကြည့်လိုက်ပြီး ...
“ဒီမှာကော အားလုံး ချောချောမောမောပဲ မဟုတ်လား”
“ချောမောပါတယ်၊ ကဲ ... အိမ်ပြန်ရောက်လာတဲ့ လူတွေကို ကြိုဆိုပါတယ်ဗျာ”
ထရားဗစ်မှာ စိတ်အေးလက်အေး ရှိပုံမရသေး။ ပြတင်းပေါက်ကြီးမှာ(မှ?) ကျလာသည့် နေရောင်နှင့် လေထဲတွင် လွင့်နေသည့် အဏုမြူမှုန်များကို ငေးကြည့်နေသည်။
“ကဲ ... ဗျို့လူ အက်ကယ် ... သွားတော့ဗျာ၊ နောက်တော့ တောပစ်ထွက်ချင်တယ် ဆိုပြီး ကျုပ်တို့ဆီကို မလာနဲ့တော့၊ ဒါပဲ”
အက်ကယ်မှာ မလှုပ်မယှက်။
“ဗျို့လူ ... ကျုပ်ပြောနေတာ မကြားဘူးလား၊ ဘာကြောင်ကြည့်နေတာလဲ”
အက်ကယ်သည် အခန်းအလယ်ကောင်တွင် ရပ်ရင်း လေကို ရှူနေသည်။ လေထဲတွင် ဓာတ်တစ်မျိုး၏အနံ့ကို ရနေ၏။ အနံ့က ခပ်ပြေပြေကလေး သူ့ဂန္ဓာရုံက သိသည်ဆိုရုံမျှသာ ရှိသည့် အနံ့ကလေးဖြစ်သည်။ နံရံပေါ်တွင် အဖြူရောင်၊ အပြာရောင်၊ လိမ္မော်ရောင်။ စားပွဲကုလားထိုင်များကလည်း ထိုအရောင်၊ ပြတင်းပေါက်မှ လှမ်းမြင်လိုက်ရသည့် ကောင်းကင်ကြီးကလည်း ထိုအရောင်။ ထိုအရောင် ထိုအနံ့များထဲတွင် အတွေ့တစ်ခု ပါလာသည်။ အက်ကယ်၏အသားများသည် တဆတ်ဆတ် တုန်လာကြ၏။ အက်ကယ်သည် ထိုအရာများကို ရှိသမျှ အာရုံဒွါရတို့ဖြင့် ခံစားလျက်ရှိကြ၏။ တစ်နေရာရာမှာ ခရာမှုတ်သံလိုလို အသံတစ်မျိုးကို ကြားလိုက်ရသည်။ အက်ကယ်သည် ထိုအသံကို တိတ်ဆိတ်မှုဖြင့် တုံ့ပြန်၏။ တံခါး၏အစွန်၊ အခန်း၏ အစွန်တွင် ယခင်ကလူပင် ဖြစ်သော်လည်း ယခင်လူ မဟုတ်သော လူတစ်ယောက်သည် ယခင်စားပွဲပင် ဖြစ်သော်လည်း ယခင်က စားပွဲ မဟုတ်သော စားပွဲတစ်လုံးတွင် ထိုင်လျက်ရှိ၏။ ထိုလူ နောက် ပြတင်းပေါက်မှ လှမ်းကြည့်လိုက်သည့်အခါ လမ်းမပေါ်တွင် လူ ဥဒဟို သွားလာနေကြသည်။ မည်သည့်ကမ္ဘာလောကသို့ သူ ပြန်ရောက်နေသနည်း။ သူ မပြောနိုင်။ လေထဲတွင် လွင့်ပါးသွားကြသော စစ်တုရင်ရုပ်ကလေးများလို လှုပ်ရှား သွားလာနေသည့် လူများကိုသာ မြင်ရသည်။
အခန်းနံရံတွင် သူတို့ ထွက်လာခဲ့စဉ်က ကျန်ရစ်ခဲ့သည့် ဆိုင်းဘုတ်ကို မြင်ရသည်။
'ကာဠဋောပြစ် ကိုယ်ဇလယ် လုပ်ငမ်း
အဋိတ်ကာဠမှ မြီသိဏှစ်ဿို့ မဆို
ဋောပြစ် ဿွားဏိုင်သီ။
သင်ကျိုက်ယော(ယာ!) ဋောဋောင်ကို ယွေးဘာ။
ဋာဝံ ယူရွေ့ လိုက်ပို့မြီ'။
အက်ကယ်သည် ကုလားထိုင်တစ်လုံးတွင် ပစ်ထိုင်လိုက်မိသည်။ သူ့ဖိနပ်တွင် ပေနေသည့် ရွှံ့ခဲတစ်လုံးကို စမ်းကြည့်လိုက်၏။ ထို့နောက် ဖုန်မှုန့်များကို လက်ဖြင့်တို့ကြည့်သည်။
“မဖြစ်နိုင်ဘူး၊ ဒီလောက်ကလေးနဲ့တော့ ဘာမှဖြစ်နိုင်မှာ မဟုတ်ဘူး”
သူ့လက်ထဲက ရွှံ့ခဲထဲတွင်မူ အစိမ်းရောင်၊ ရွှေရောင်နှင့် မဟူရာရောင်တို့ တောက်ပလျက်ရှိသော လှပသည့် လိပ်ပြာသေကလေးတစ်ကောင်။
“ဒီလောက်ကလေးနဲ့တော့ ဘာမှ မဖြစ်နိုင်ဘူး၊ လိပ်ပြာကလေးတစ်ကောင် သေသွားရုံနဲ့တော့ ဘာမှမဖြစ်နိုင်ဘူး” ဟု တတွတ်တွတ် ပြောနေသည်။
လိပ်ပြာအသေကောင်ကလေးသည် သူ့လက်ထဲမှနေ၍ ကြမ်းပြင်ပေါ်သို့ ကျသွားသည်။ လိပ်ပြာက လိပ်ပြာလှလှကလေး။ သို့ရာတွင် ထိုလိပ်ပြာကလေးတစ်ကောင်သည် သဘာဝကြီးက ဖန်တီးပေးထားသည့် ဟန်ချက်ကို ကပြောင်းကပြန် ဖြစ်စေကာ ထို့နောက်တွင် အချိန်ကာလကြီးတစ်လျှောက်၌ သေးငယ်သော သတ္တဝါများ၊ ထို့ထက် အနည်းငယ်ကြီးသော သတ္တဝါများ၊ ထို့နောက်တွင် အကြီးဆုံးသော သတ္တဝါများအထိ မျိုးရိုးအစဉ်အဆက် တစ်ခုလုံး ပျက်ဆီးတိမ်ကောသွားစေခဲ့ပြီ။ အက်ကယ်၏ ခေါင်းထဲတွင် မူးနောက်လျက် ရှိ၏။ မဖြစ်နိုင်။ ဤမျှ သေးငယ်သော လိပ်ပြာကလေးတစ်ကောင် သေသွားရုံဖြင့် သဘာဝကြီးသည် တစ်မျိုးတစ်ဖုံ ပြောင်းလဲမသွားနိုင်။ ကမောက်ကမ ဖြစ်မသွားနိုင်။ လိပ်ပြာကလေးတစ်ကောင်သည် သဘာဝကြီးထဲတွင် ထိုမျှ အရေးမကြီးနိုင်။
သူ့မျက်နှာသည် အေးစက်လျက် ရှိ၏။ နှုတ်ခမ်းများသည် တရွရွ တုန်နေကြသည်။
“နေ ... နေစမ်းပါဦးဗျာ၊ မနေ့က သမ္မတရွေးကောက်ပွဲမှာ ဘယ်သူ အနိုင်ရသွားသလဲဟင်”
စားပွဲတွင် ထိုင်နေသူက ရယ်လိုက်ရင်း ...
“ခင်ဗျား တော်တော်နောက်တဲ့လူပဲ၊ သိလျက်သားနဲ့ မေးနေပြန်ပြီ၊ ဘယ်သူ ဖြစ်ရမလဲဗျ၊ ဒူးရှား နိုင်တာပေါ့၊ လူပျော့ ကိတ်ကတော့ ရှုံးသွားပြီလေ၊ ခုတော့ သတ္တိဗျတ္တိနဲ့ လုပ်ရဲကိုင်ရဲတဲ့ လူတစ်ယောက်ကို ရွေးကောက်လိုက်ကြပြီလေ၊ အလို ... အလို ... ဘာဖြစ်သွားတာလဲ”
စားပွဲတွင် ထိုင်နေသူသည် စကားကိုဆုံးအောင် မပြောနိုင်ဘဲ အက်ကယ်ကို ကြည့်၍ အံ့အားသင့်နေသည်။
အက်ကယ်သည် တစ်ချက်မျှ ညည်းလိုက်ပြီးနောက် ဒူးထောက် ထိုင်ချလိုက်၏။ ကြမ်းပြင်ပေါ်တွင် ကျနေသည့် လိပ်ပြာလှလှကလေးကို တုန်ယင်သောလက်များဖြင့် ကောက်ယူလိုက်သည်။
“ဒီမှာဗျာ၊ ဒီလိပ်ပြာကလေးကို အတိတ်ကို ပြန်ယူသွားလို့ မရဘူးလားဟင်၊ ဒီလိပ်ပြာကလေးကို အသက်ပြန်ရှင်အောင် လုပ်လို့ မရတော့ဘူးလား၊ အသစ်ကနေ ပြန်စလို့ မရတော့ဘူးလား၊ ဖြစ်နိုင်ရင် လုပ်ပေးကြပါဗျာ၊ ဖြစ်နိုင်ရင် ...”
အက်ကယ်သည် လှုပ်ရှားခြင်း မပြု။ တစ်ကိုယ်လုံး တုန်ယင်ကာ မျက်လုံးများကို မှိတ်ထားရင်း စောင့်ဆိုင်းနေသည်။ ထရားဗစ်၏ သက်ပြင်းတစ်ချက် ရှိုက်လိုက်သံ၊ သေနတ်ကို ကောက်ကိုင်လိုက်သံ၊ ခလုတ်ထိန်း ဖြုတ်သံ၊ သေနတ် မြှောက်လိုက်သံတို့ကို ကြားလိုက်ရလေသည်။
ထို့နောက် မိုးချုန်းသံတစ်ချက် ပေါ်လာသည်။
(Ray Bradbury ၏ A Sound of Thunder ကို ပြန်ဆိုသည် ရှုမဝ မဂ္ဂဇင်း အတွဲ ၃ဂ၊ အမှတ် ၄၅၃၊ ၁၉၈၅ ဖေဖော်ဝါရီ)
0 comments:
Post a Comment