အညာနဲ့တမာ (နွေထနောင်း၊ ဆောင်းမန်ကျည်း)
လူထုဒေါ်အမာ
တစ်နေ့ကတော့ အောက်အရပ်မှာ နှစ်ပေါင်း ၃၀ လောက် ကြာအောင် သွားနေရတဲ့ ကျွန်မ တူကလေးတစ်ယောက် မန္တလေးကို တစ်ခေါက် ပြန်လာတယ်။ ဒါနဲ့ ကျွန်မက ရောက်တုန်းရောက်ခိုက် အေးအေးလူလူ စကားပြောရအောင် ငါ့အိမ်မှာလည်း ထမင်းစားဦးဟဲ့ဆိုပြီး သူ့ကို ထမင်း ခေါ်ကျွေးတယ်။ သူက စားလိုက်တာ ခေါင်းမဖော်ဘူး၊ ဘာတွေနဲ့ သူစားနေသလဲလို့ ကြည့်လိုက်တော့ ကျွန်မတို့ဆီက ရာသီဟင်း ခရမ်းချဉ်သီး ငါးပိချက်ကို တမာရွက်ပြုတ်နဲ့ တို့မြှုပ်ပြီး စားနေတာကိုး။ ကြက်သား ဟင်းကလေး ချက်ထားတာကို တို့ပုံတောင် မရဘူး။ "တမာရွက်က ဟိုမှာ မစားရဘူး ဒေါ်ဒေါ်ရဲ့" ဆိုပြီး တမာရွက်တွေချည်း ထမင်းထဲ မြှုပ်မြှုပ် စားနေတယ်။
ကျွန်မတို့ အညာမှာတော့ တမာပင်က ပေါသမှတ်လား၊ ဒီဇန်နဝါရီလလို ရာသီမှာ တမာပင်တွေက အရွက်တွေ ကြွေပြီး ရွက်နုကလေးတွေ ထွက်ကြပြီ။ အဲဒါကို ကျွန်မတို့က ချိုးယူပြီး ရေနဲ့ ပြုတ်တယ်။ အခါးရည်ကလေး ထွက်သွားပြီ ဆိုတော့ ဇီး(ဆီး) ချဉ်သီး ပြုတ်ကလေးနဲ့ အချဉ်သတ်တယ်။ တမာရွက် နုချိန်မှာ ဇီး (ဆီး) ချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီး(ဆီး) သီး ချဉ်ကလေးက ဇီး(ဆီး) နံ့လေး မွှေးတယ်လေ။ ဒါကြောင့် ကျွန်မတို့က ဇီး (ဆီး) ချဉ်သီးမှည့်ကလေးတွေကို ပြုတ်၊ နူးတော့ လက်နဲ့ချေနယ်ပြီး ရတဲ့ အချဉ်ရည်ကလေးထဲ ရေနွေးဖျောပြီးသား တမာရွက်ပြုတ်ကလေးကိုနှစ်ပြီး စိမ်ထားလိုက်တယ်။ ပြီးတော့ သူ့ကို အတို့အမြှုပ် လုပ်စားလေ့ရှိပါတယ်။
အောက်အရပ်က ဒီအချဉ်နှပ်ပြီး တမာရွက်ပြုတ်ကို တမာချဉ်လို့လည်း ခေါ်ကြရဲ့။ တမာချဉ်ကို ငါးပိချက်၊ ငါးပိရည်၊ ငံပြာရည်နဲ့လည်း တို့ကြ မြှုပ်ကြပါရဲ့။ ဒါပေမဲ့ ခုလို ဆောင်းမှာ ခရမ်းချဉ်သီးကလည်း အညာမှာ ပေါနေတော့ ခရမ်းချဉ်သီးနဲ့ ငါးပိနဲ့ အချဉ်ချက်ထားတဲ့ ခရမ်းချဉ်သီး ငါးပိချက်ကလေးနဲ့ တို့တော့ ပိုပြီး လိုက်ဖက်တယ်လေ။ တမာက အခါးမှုတ်လား။ ကျွန်မတို့အညာမှာ မန်းကျည်း၊ ထနောင်းနဲ့ တမာဟာ ပေါပေါများများ ပေါက်တဲ့အပင်မျိုးပါပဲ။ တမာကို NEEM လို့ ခေါ်ပြီး အိန္ဒိယကတော့ တမာဟာ သွားအတွက် အကောင်းဆုံးဆေးလို့ သတ်မှတ်တာမို့ သူတို့လူမျိုးဓလေ့ တမာရိုးနဲ့ သွားတိုက်ရုံသာမက တမာဆီနဲ့ သွားတိုက်ဆေးများပါ ထုတ်လုပ်နေလေရဲ့။ ကျွန်မတို့ဆီမှာတော့ တမာသီးတဲ့အခါ အစေ့ကို ဆီကြိတ်တယ်။ တမာရွက်နုကို လူတွေက စားတယ်။ ဒါပဲ အသုံးရှိပါသေးတယ်။ တမာရွက် နုတဲ့အခါ ရွက်နုခူးရင် တစ်ခုတော့ သတိထားရတယ်။ သူ့အကိုင်းက ဆတ်တယ်လေ၊ ဒါကြောင့် တံချူနဲ့ ခူးတာက အန္တရာယ်ကင်းတယ်။ တမာပွင့်တဲ့အခါ သူက အများကြီးလည်း ပွင့်တယ်။ မွှေးလည်း မွှေးတယ်။ ဒါကြောင့် ကျွန်မတို့ ကလေးဘဝမှာ တမာပန်းဟာ ချိုးစရာ၊ သင်္ကြန်အိုးထိုးစရာ ပန်းပါပဲ။ တမာဟာ မျိုးကွဲမျိုးပွား ဘယ်နှမျိုး ရှိသလဲတော့ မသိဘူး။
ကျွန်မတို့ဆီမှာတော့ ဟိုအရင်ကတည်းက ရှိတဲ့ တမာမျိုးကို ကျွန်မတို့က ဗမာမျိုးလို့ ခေါ်ကြတယ်။ စားတော့လည်း အဲဒါကို ပိုကြိုက်တယ်။ သူက အရွက်ကျဲတယ်၊ နည်းတယ်။ ကျွန်မတို့အထင် သူက အခါး နည်းပြီး ပိုဆိမ့်တယ်ထင်တယ်။ နောက်စိုက်တဲ့မျိုး တမာကတော့ အရင် ကျွန်မတို့ဆီမှာ ရှိနှင့်တာထက် ပိုပြီး အရွက်စည်ပါတယ်။ စားတဲ့လူက ရှိရင်းစွဲတမာ မရှိရင် အတူတူထားပြီး စားတာပါ။ သိပ်မခွဲတတ်ပါဘူး။ ဒီတမာနဲ့ ပတ်သက်လို့ မြသန်းတင့်က တမာနုချိန်စစ်တမ်းဆိုပြီး ၁၉၈၉ ခုနှစ်က ဆောင်းပါးတစ်ပုဒ် ရေးဖူးတယ်။ မြသန်းတင့်ကလည်း အညာသား၊ စာကလည်း အရေးကောင်းဆိုတော့ သူ့ "တမာနုချိန် စစ်တမ်း" က တမာနဲ့ပတ်သက်ပြီး တကယ့် စာတစ်စောင်ပေတစ်ဖွဲ့ဖြစ် ကျန်ရစ်ပါတယ်။ ကျွန်မတို့အညာက ဥတုရာသီက ပူစရာရှိလည်း တော်တော် ပူပြင်းတယ်။ ဖာရင်ဟိုက် ၁၀ဝ က ကျော်တာချည်းရယ်။ ပိုပူတဲ့ နှစ်တွေမှာ ၁၁၀ ဒီဂရီလောက်အထိ ပူလာတာ။ ဆောင်းရောက် ပြန်တော့လည်း ၇၀ ဒီဂရီလောက်အထိ အေးပြန်ရော။ နွေနဲ့ ဆောင်းမှာ အဲဒီလို ဖာရင်ဟိုက် ဒီဂရီ ၃- ၄၀ ခြားတော့ ဒီဥတုရာသီရဲ့ ဒဏ်ကို ခံနိုင်ဖို့ သဘာဝက ပေးနိုင်တဲ့ အကာအကွယ်ကိုလည်း လူက မက်မောရတယ် ထင်ပါရဲ့။
အပူအအေးကာကွယ်မှုနဲ့ ပတ်သက်လို့ "နွေထနောင်း ဆောင်းမန်ကျည်း" လို့ အညာမှာရှိတဲ့ ထနောင်းပင်နဲ့ မန်ကျည်းပင်ကို ခုံခုံမင်မင် မက်မောမှုနဲ့ စာဖွဲ့လေ့ရှိပါတယ်။ နွေခါမှာ ထနောင်းပင်က သိပ်အဖိုးတန်တာ အမှန်ပါ။ ဆောင်းရောက်တော့လည်း မန်ကျည်းပင်လေ။ အညာမှာ နွေရောက်ရင် ရာသီဥတုပူပူကြီးထဲမှာ နွေပေါက်မှ ရွက်သစ်တွေဝေလာတဲ့ ထနောင်းပင်က တစ်နွေလုံးကို သူ့အစွမ်းအစကလေးနဲ့ အန်တုနေသလား အောက်မေ့ရတယ်။ ရွက်နုစိမ်းစိမ်းကလေးတွေ ဝေနေတဲ့ ထနောင်းပင်ရဲ့အလှက စိတ်ချမ်းသာစရာ ကောင်းလိုက်တာ ကြည့်မဝဘူး။ ပြီးတော့ အလွန်ပူပြင်းနေတဲ့ ပတ်ဝန်းကျင်ထဲက သူ့အရိပ်ကလေးကလည်း တကယ်ပဲ အေးသွားတာပါ။ သစ်ပင်တွေရဲ့ အရွက်ဆိုတာ အစိမ်းချည်းပါပဲ။ ဘယ်အပင်က ဘာရွက်ဖြစ်ဖြစ် စိမ်းတာပါပဲ။ ဒါပေမဲ့ ထနောင်းပင်က ထနောင်းရွက်နု ထွက်လာတဲ့အခါ စိမ်းပုံက ဘာရွက်စိမ်းနဲ့မှ မတူပါဘူး။ အစိမ်းပေမယ့် အဝါစွက်တဲ့ အစိမ်းမို့ သူက စိုပြီးရွှင်ပြီး စိမ်းတဲ့အစိမ်း၊ ပူလွန်းလို့ တခြားအပင်တွေက အရွက်တွေက မကြွေသေးရင်လည်း အရောင်မလှတော့ဘဲ ရော်နေတဲ့အချိန်မှာ သူက ဝေနေတဲ့ ရွက်သစ်တွေက နုစိမ်းပြီး ဝါဖန့်ဖန့်ကလေး ရှိနေလိုက်ပုံက သစ်ရွက်သာဆိုတယ် အရောင်တွေ တောက်နေတဲ့ သစ်ရွက်ပါ။ ကျွန်မက ပန်းချီမျက်စိ မရှိလို့ အရောင်ကို ပန်းချီပြော မပြောတတ်လို့သာပေါ့။ ဒီအချိန် ဒီရာသီမှာ ထနောင်းရွက်နုကလေး စိမ်းလန်းနေပုံက သူအရိပ်ထဲ မဝင်ရသေးဘဲနဲ့ စိတ်ကို အေးချမ်းနှင့်စေတာမို့ အလွန်ကို နှစ်ခြိုက်ကျေနပ်ဖို့ ကောင်းတာပါ။
ပြီးတော့ ထနောင်းရော၊ မန်ကျည်းရော၊ အရွက်ရဲ့ ရွက်ဖတ်က သေးသေးကလေးတွေရယ်။ ဒါပေမဲ့ သူတို့က စိပ်စိပ်ကလေးထွက်တဲ့ အရွက်ဆိုတော့ အဝေးက လှမ်းကြည့်ရင် တစ်ရွက်ချင်း မမြင်ရဘဲ ထိစပ်နေတဲ့ အစိမ်းပြင်အဖြစ်နဲ့ မြင်ရတာ။ ဒါကြောင့် နေကိုကာတဲ့ အရိပ်ပေးကြစို့ဆိုတော့လည်း တခြား ဘာပင်တွေနဲ့မှ မတူဘူး။ တကယ်လုံအောင် မိုးပေး ကာပေးကြတဲ့ ရွက်စိပ်ကလေးတွေ။ ဒါကြောင့် ပူလောင်ပြင်းပြတဲ့ နေပူက လာတဲ့လူက ထနောင်းပင်ရိပ်ကို ဝင်လိုက်ရတဲ့အခါ သိသိသာသာ အေးသွားတယ်လေ။ ထနောင်းက ပင်စောက်ပင်ကြီးမျိုး၊ အကိုင်းအခက်က ဘေးဖြာထွက်တော့ ထီးမိုးသလို အရိပ်ရစေတယ်။ ထနောင်းဟာ အရိပ်ရရုံ အပင်တော့လည်း မကဘူး။ သူ့အရွက်ကို ကျွန်မတို့အညာက လူတွေက စားကြတယ်။ ထနောင်းရွက်နုကလေးတွေ ထွက်လာရင် ခူးပြီး ပြုတ်တယ်။ ထနောင်းရွက်နုပြုတ် ဈေးထဲမှာ ရောင်းတယ်။ ဝယ်လာခဲ့ အိမ်မှာ အရိုးသင်ပြီး နှမ်း၊ မြေပဲ၊ ပုစွန်ခြောက်၊ ဆီချက် နဲ့ သုပ်စားကြတယ်လေ။ သူက ချိုတယ်ချဉ်တယ်ဆိုတာမျိုး မဟုတ်ဘူး၊ ဆိမ့်တာပါ။ လူတွေက ထနောင်းပင်က အခေါက်ကို ခွာပြီးတော့ သားရေနယ်ရာမှာ သုံးတယ်။ ထန်းလျက်ချက်ရာမှာ ခပ်တယ်။ အရက်ချက်ရာမှာလည်း ထနောင်းခေါက်ကို ထည့်သေးတယ်။ ထနောင်းပင်ဟာ မကြီးလွယ်ဘူး။ မန်ကျည်းလိုပဲ နှစ်ရှည်စိုက်ရတဲ့ အပင်မျိုး။ သူ့ကို သေမကုန်အောင်တော့ အခေါက်ခွာသူတွေက သတိထားဖို့ လိုပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်မတို့မှာ စီးပွားရေးက အရေးကြီးလေတော့ နတ်နေကိုင်း မချန်နိုင်တာတွေက များများလာလို့ပါ။ ထနောင်းရဲ့ အစ်ကိုကတော့ မန်ကျည်းပေါ့။ ကျွန်မတို့ငယ်ငယ်က "နွေ ထနောင်း၊ ဆောင်းမန်ကျည်း" ဆိုတာကို အဓိပ္ပာယ် သေသေချာချာ သိတာမဟုတ်ဘူး။ ကြီးလာမှ မန်းကျည်းပင်ရိပ်ကြီး အုပ်အုပ်ဆိုင်းဆိုင်းရဲ့ အောက်ကို ဝင်လိုက်ရင် ဆောင်းတွင်းမှာ နွေးတာကို သိတယ်။ မန်ကျည်းပင်က ဆောင်းတွင်းမှာ အရွက်က စည်တုန်း ဆောင်းကုန်မှ သူက အရွက်ကြွေတာ။ အဲဒီတော့ မန်ကျည်းရွက် အထပ်ထပ်ကို နှင်းက မထိုးဖောက်နိုင်ဘူး ထင်ပါရဲ့။
မန်ကျည်းရွက်က ကြွေပြီဆိုရင် အရင်ကတော့ ကျွန်မတို့ ကလေးဘဝတုန်းက မန်ကျည်းရွက်နု ခူးလို့ အလွန်ကောင်းခဲ့တာပေါ့။ မန်ကျည်းပင်ပေါ် တက်ကြ၊ ရွက်နုခူးကြ၊ လွယ်အိတ်တွေနဲ့ သီချင်းတကြော်ကြော် မန်ကျည်းရွက်ခူးရင်း သီဆိုကြနဲ့ အလွန်ပျော်တာ။ မန်ကျည်းပင်က ကိုင်းခိုင်တော့ လူကြီးတွေကလည်း ကျိုးကျမှာ မပူဘူး။ တက်လို့ကောင်းတဲ့ အပင်ဆိုရင် တက်ကြပဲ။ မန်ကျည်းကိုင်းက ဆတ်မှ မဆတ်တာ။ လက်သန်း လက်ညှိုး တုတ်ရင် လူခိုစီးလို့ ရနေတယ်လေ။ မန်ကျည်းရွက်က ကြွေပြီဆိုရင်ဖြင့် မန်းကျည်းရွက် အကြွေကို မြေဩဇာသမား၊ ပန်းပင် သစ်ပင်စိုက်သမားက သိပ်ကြိုက်ပါတယ်။ မန်ကျည်းရွက်ဆွေး မြေဩဇာဆိုတာ သိပ်ကောင်းသတဲ့။ ပြီးတော့ မန္တလေးမှာ မန်ကျည်းပင်ကြီးတွေကလည်း ပေါမှပေါ။ ဒုတိယကမ္ဘာစစ်မီးကြီး မြို့ကို အလောင်မြိုက်ခံလိုက်ရတော့ ဘိုးစဉ်ဘောင်ဆက်က ရှိလာတဲ့ မန်ကျည်းပင်ကြီးတွေ စစ်မီးလောင်လို့ ကုန်ပါရော။ ပြာပုံထဲက ကုန်းထရတဲ့ မန္တလေးက ရုတ်တရက် အရိပ်အာဝါသရအောင် ဗာဒံပင်လို ချက်ချင်း အပင်ဖြစ်နိုင်တာတွေကို စိုက်ကြရတယ်။ မန်ကျည်းက အပင်တော်တော်နဲ့ ကြီးတာမဟုတ်တော့ မန်ကျည်းကို မစိုက်ကြတော့ဘူး။ လောလောဆယ် အရိပ်က ရချင်ကြတာကိုး။ စစ်ကြီးမဖြစ်ခင်ကတော့ တစ်မြို့လုံး မန်ကျည်းပင်တွေက ရပ်ကွက်တိုင်း လမ်းတိုင်း အိမ်ဝင်းတိုင်းမှာ ရှိနေတာ။ မန်ကျည်းက အရွက်သာစားရတာ မဟုတ်သေးဘူး။ ရွက်နုကလေး ဖားလာလို့ အဖူးနဲ့ အပွင့်ကလေးတွေ ဝင်လာပြီဆိုပြန်တော့လည်း ကျွန်မတို့က မန်ကျည်းဖူးကလေးတွေကို ခူးပြုတ်ပြီး
သုပ်စားကြပြန်ရော။ မန်ကျည်းပွင့် မန်ကျည်းဖူးကို အချဉ်လုပ်ပြီး သုပ်စားပြန်တော့လည်း မြေပဲဆံကလေး၊ နှမ်းကလေး၊ ဆီချက်ကလေးနဲ့ အချဉ်သနပ်ကလေးအဖြစ် စားလို့ ကောင်းပြန်ရော။ မန်ကျည်းက ဖူးပွင့်ပြီးရင် မကြာပါဘူး။ သီးကင်းကလေးတွေ ဝင်လာတော့တာပါ။ ကျွန်မတို့အညာက မန်ကျည်းသီးကို သီးကင်းစကစပြီး ရင့်လာ မှည့်လာ ခြောက်လာတဲ့အထိ အရွယ်မရွေး ခူးစားပါတယ်။ သီးနုကလေးတွေကို ထောင်းစား၊ ထောင်းပြီး ချက်စားလိုက်တာ အစေ့ဝင်လို့လာတဲ့အထိပါ။ အစေ့ဝင်တော့လည်း သီးရင့်ကို တစ်ခါ ပြုတ်ပြီး ချဉ်ရည်ဟင်းမှာ အချဉ်ရည်ထည့်ပြန်ပါရော။ သီးရင့်က မှည့်ချင်လို့ ရွမ်းလာတော့လည်း မန်ကျည်းသီးရွမ်းပြင်းကို မန်ကျည်းကြက်ဆူလို့ခေါ်ပြီး စပ်ချဉ်ဟင်းအဖြစ်နဲ့ ငါးပိတစ်များနဲ့ ချက်စားပြန်ပါရော။ မန်ကျည်းကြက်ဆူဟင်းက အနံ့လေးတစ်မျိုး မွှေးသေးတယ်။ မန်ကျည်းက မှည့်သွားပြီဆိုရင်တော့ တစ်နိုင်ငံလုံး သုံးဖို့၊ နိုင်ငံခြားတင်ပို့ဖို့အထိ ကျယ်ပြန့်သွားပြီလေ။
မန်ကျည်းမှည့်ဟာ အညာဒေသရဲ့ တစ်ခုသော ဝင်ငွေရတဲ့ ဒေသထွက်ကုန်ပါ။ အထူးသဖြင့် ကျောက်ပန်းတောင်း၊ ရမည်းသင်း စတဲ့ ဒေသတွေမှာ မန်ကျည်းဟာ စီးပွားရေးလုပ်ငန်း တစ်ခုပါ။ ကျောက်ပန်းတောင်းက ထွက်တဲ့ မန်ကျည်းက အသားထူလို့တဲ့ ဝယ်သမားက ဈေးပိုပေးရတယ်။ မန်ကျည်းထွက်တဲ့ ဒေသတွေမှာ ပြောတဲ့စကားတစ်ခု ရှိသေးတယ်။ "မန်ကျည်းတစ်လှည့် ဆီးတစ်လှည့်" ပါတဲ့။ အဓိပ္ပာယ်က ဒီနှစ်မန်ကျည်းက သိပ်သီးလို့ ဝင်ငွေကောင်းခဲ့ရင် ရှေ့နှစ်တော့ မန်ကျည်းက အသီးနည်းနည်းလျှော့မယ်၊ အဲဒီနှစ်က ဆီးအထွက် ကောင်းတဲ့နှစ်ဖြစ်တယ်လို့ ပြောချင်တာပါ။ ဒါက သစ်ပင်များရဲ့ထုံးစံ တစ်နှစ်မှာ အများကြီးသီးထားရင် နောက်နှစ်ဆက်ပြီး အများကြီး မသီးဘူးလေ အနားယူတဲ့သဘော၊ သီးတော့သီးတယ် ဒါပေမဲ့ အသီးလျှော့တယ်။ တစ်နှစ်နားလိုက် လျှော့လိုက်ရင် နောက်နှစ်တော့ ပိုသီးပြန်ရော၊ အထွက်ကောင်းပြန်ရော ဆိုတဲ့သဘောပါ။ စာရေးဆရာကြီး ဒါရိုက်တာ ဦးသုခ ရိုက်ကူးခဲ့တဲ့ အသုံးလုံးရုပ်ရှင်ကား "ဘယ်သူ ပြိုင်လို့ လှပါတော့နိုင်" ဇာတ်ကားမှာ " ရွှေရှိသယ်၊ ငွေရှိသယ်၊ မန်ကျည်း ရှိသယ်၊ စာသင်ဖို့ လိုပါဘူး" ဆိုတဲ့ စကားကလေး မှတ်မိကြမှာပေါ့၊ အညာက တချို့ဒေသမှာ မန်ကျည်းက စီးပွားရေးမှာ အရေးပါတာကို ပြောချင်တာပါ။
စီးပွားရေးကို ကိုင်တွယ်အုပ်ချုပ်မှု ပုံစံပြောင်းကာစ အချိန် တစ်ချိန်တုန်းကတော့ ဟာသလေးတစ်ခု ထွက်လာသေးတယ်။ အဲဒီ ဒေသဆိုင်ရာ အာဏာပိုင်တစ်ယောက်က မန်ကျည်းကို ဘယ်ရွေ့ဘယ်မျှသာ ရောင်းစားရမယ်၊ ဘယ်ရွေ့ဘယ်မျှကိုတော့ မျိုးအတွက် ချန်ထားရမယ်လို့ အမိန့်ပေးခဲ့ဖူးပါသတဲ့ ပြောစမှတ်ကလေးတွေပါ။ မန်ကျည်းပင်ဆိုတာ စိုက်ထားရင် တစ်ပင်ကို နှစ်တွေရာနဲ့ချီပြီး အသက်ရှည်တတ်တဲ့ အပင်မျိုး။ ပုဂံခေတ်က မန်ကျည်းပင် ခုထက်ထိ ရှိသေးတယ်လို့ ပြောနိုင်ပါတယ်။ မန်ကျည်းဟာ ကြီးခဲတယ်။ အသက်ရှည်တယ်။ ပြီးတော့ လေဒဏ်မိုးဒဏ် ခံတယ်။ ဘယ်မုန်တိုင်းတိုက်တိုက် မန်ကျည်းပင် ကြီးတွေ ပြတ်သတ် ပြိုလဲကုန်တယ်လို့ မဖြစ်လေ့ဘူး။ အပင်က သိပ်ခိုင်မြဲတဲ့ အပင်တွေပါ။ ဒီလို ခိုင်မြဲတော့ အကြောင်းမသင့်လို့ ခုတ်လှဲရရင် မန်ကျည်းသားကို လွှများနဲ့ ဖြတ်တောက်ပြီး စဉ်းတီတုံးများ အဖြစ် အသုံးပြုရပါတယ်။ မန်ကျည်းသားက သိပ်မာတယ် မဟုတ်လား။ စဉ်းတီးတုံးလုပ်လို့ အကောင်းဆုံးပဲ။
အဲဒီ မန်ကျည်းမာတဲ့ သတ္တိကြောင့် ဒီခေတ်မှာ ကြီးမားတဲ့ အန္တရာယ်တစ်ခု ပေါ်ပေါက်လာတာလည်း စိတ်မချမ်းမြေ့စရာ ကြားလာရတယ်။ အဲဒါကတော့ မန်ကျည်းသားက မာလို့ သူ့ကိုသွေးပြီး သူ့သွေးဖတ်ကို အမွှေးတိုင်လုပ်ငန်းသမားများက သုံးစွဲနေကြပါသတဲ့။ အဲဒီတော့ ရေစကြိုနယ်မှာဆိုရင် မန်ကျည်းပင်ကြီးတွေကို ခုတ်လှဲပြီး အမွှေးတိုင်လုပ်ဖို့ ရောင်းစားကြတာ မန်ကျည်းပင်ကြီးတွေ တော်တော်ကုန်ပြီလို့ ကြားရတယ်။ မန်ကျည်းဟာ ကျွန်းသစ်တောပြုန်းသလို ပြုန်းရရင် ကျွန်းပင်လို ပြန်စိုက်တော့ နှစ် ၈၀ နှစ် ၁၀ဝ နဲ့ အပင်ကြီး ဖြစ်မလာဘူး။ ပြီးတော့ မန်ကျည်းကို ပြန်စိုက်တဲ့ လူလည်း မရှိဘူး။
ဒါကြောင့် အရွက်ရော၊ အပွင့်ရော၊ အသီးရော၊ စားရတဲ့အပင်၊ တစ်ခါ ပေါက်နေရင် နှစ်ပေါင်း (၄-၅-၆၀ဝ) အသက်ရှင်နေတဲ့ အပင်ကြီးတွေမို့ သိပ်နှမြောရ ပါတယ်။ ဖြစ်နိုင်ရင် သူ့ကိုတော့ ချမ်းသာပေးကြပါလို့ တောင်းပန်ချင်လှတယ်။
လူထုဒေါ်အမာ
0 comments:
Post a Comment