(ဘားရ်မား)
ကျနော်တို့က Girl ကို ဂဲလ်ဟု အသံထွက်သော်လည်း အမေရိကန်တို့က အာရ်သံပီသစေရန် ဂရဲလ်ဟုထွက်သည်။ ကျနော်တို့က Birthday ကို ဘာ့သ်ဒေးဟုထွက်ပြီး အမေရိကန်တို့က ဘာ့ရ်သ်ဒေးဟု ထွက်သည်။ ကျနော်တို့က Park ကို ပါ့က်ဟုထွက်ပြီး သူတို့က ပါ့ရ်က်ဟုထွက်ပါသည်။ ကျနော်တို့က Burma ကို ဘားမားဟုအသံထွက်သော်လည်း အမေရိကန်တို့က အာရ်သံကို ပီသစေရန် ဘားရ်မားဟုထွက်ပါသည်။ အခြားလည်း အာရ်အသံထွက်တွေ များပါသည်။
ကျနော်ရောက်စက စာလုံးပေါင်းပြောသည့်အခါနှင့် အသံထွက်သည့်အခါ ခနခနမှားတတ်သည်မှာ Z နှင့် R ဖြစ်ပါသည်။ ကျနော်တို့က Z ကို ဇက်စ်ဟုထွက်ပြီး အမေရိကန်တို့က ဇီးဟုထွက်ပါသည်။ Zaw ကို ကျနော်တို့က ဇက်စ်အေဒဗလျူဟုပြောလျှင် သူတို့နားမလည်ပဲ ဇီးအေဒဗလျူ ဆိုမှ သဘောပေါက်ပါသည်။ ကျနော်တို့က စကားလုံး အလယ်တနေရာရာတွင် R ပါသည့်စကားလုံးကို အာရ်သံအပီအသ မထွက်သော်လည်း သူတို့ကထွက်ပါသည်။ တချို့ အာရ်သံပါသည့်စကားလုံးများမှာ ကျနော်တို့အတွက် အသံထွက်ရ အတန်ငယ်ခက်ပါသည်။
ကျနော့် ဇာတိတိုင်းပြည်အမည်ကို ပြောရသည့်အခါတိုင်း ဘားရ်မားဟုထွက်ရန် ခုထိသတိထားနေရပါသည်။ တသက်လုံး ဘားမားဟုပြောခဲ့သည် မဟုတ်လား။ ရောက်ခါစက ဘားမားဟု ပြောပြောမိသဖြင့် Bahamas က လားဟု ပြန်မေးတာလည်း သုံးခါလောက်ကြုံဖူးပါသည်။ "မဟုတ်ဘူး၊ အိန္ဒိယနဲ့ တရုတ်ကြားက တိုင်းပြည်ပါ။ ထိုင်းတို့ လာအို ဘန်းဂလားဒေ့ရှ်တို့က တို့ အိမ်နီးချင်း တိုင်းပြည်တွေပါ။ အရှေ့တောင်အာရှကပါ"ဆိုပြီး တနံတလျားရှင်းပြရသည်လည်းရှိပါသည်။ ဘားမားတော့မသိပဲ ဘဟားမားစ်တော့သိရကောင်းလားဟု ကျွဲမြီးတိုရပါသည်။
ဗမာပြည်လို နိုင်ငံ ခတ်လတ်လတ်တခု၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်တယောက်ထွက်ခဲ့ရာ၊ ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံတွင်လည်း စစ်အာဏာအာရှင်စနစ်ဆန့်ကျင်ရေး ဒီမိုကရေစီရေးနှင့်လွတ်လပ်ခွင့်တွေအတွက် အသက်ဘဝတွေပေးပြီး တစိုက်မတ်မတ်အားသွန်ခွန်စိုက် တွန်းလှန်ရုန်းကန်နေရသည့်တိုင်းပြည်ကို မသိရကောင်းလားဟု မချိတင်ကဲလည်း ဖြစ်ရပါသည်။ အာရ်သံအပီအသထွက်ပြီး တိုင်းပြည်အမည်ပြောလိုက်လို့ ဗမာပြည်ကမှန်းသိပြီး"ဪ မင်းက ဗမာပြည်ကကိုး" သိမှတ်ပြုသံကြားလိုက်လျှင် "ငါ့ဇာတိမြေကို သူသိသားပဲ"ဟုတွေးကာ ရင်ထဲ ပီတိဖြစ်ပါသည်။
လူသည် ပဝတ္တိသားဖြစ်လျှင် ဇာတိကို အောက်အောက်မေ့မေ့ဖြစ်တတ်ပါသည်။ ထို့အတူ မိမိဇာတိမြေကိုလည်း လူတွေကသိလျှင် ဝမ်းမြောက်တတ်သည် ထင်ပါသည်။
မျိုးမြင့်ချို
ဒီဇင်ဘာ ၁၂။ ၂၀၂၁
(နံမည်)
ကျနော်တို့ ညီအကိုမောင်နှမများတွင် အငယ်များ၏အမည်များအား မိဘများထက် အမကြီးဖြစ်သူက ရွေးခြယ် မှဲ့ပေးဖြင်းဖြစ်ပါသည်။ ကျနော့်အမည်မှာ မျိုးမြင့်ဖြစ်ပြီး လူမျိုးဂုဏ် ဆွေမျိုးဂုဏ်မြင့်စေရန်ဘာမှမလုပ်ခဲ့ဖူးသလို မြင့်မြတ်သည်ဆိုသော အမျိုးမှမွေးဖွားလာသူလည်းမဟုတ်ပါ။ သာမန်မိဘများမွေးဖွားလာသည့် သူလိုကိုယ်လို လူတယောက်သာဖြစ်ပါသည်။ သို့သော် ကျနော်ကား မျိုးမြင့်ဖြစ်နေခဲ့ပါသည်။
“မျိုးမြင့်”မှာ တကယ်တော့ တလုံးတည်းအသံထွက်ရသည့်စကားလုံး ဖြစ်ပါသည်။ မျိုး သတ်သတ် မြင့်သတ်သတ် မဟုတ်မှန်း လူတိုင်းသိပါသည်။ အမေရိကလာရန် နောက်ဆုံးအင်တာဗျူးကို Department of Homeland Security (DHS) နှင့်လုပ်သောအခါ First Name, Last Name ခွဲပြီး ပြောဖို့ ဖြည့်ဖို့လိုလာပါသည်။ ဤသို့ဖြင့် Myo သည် First Name ဖြစ်လာပြီး၊ Myint မှာ Last Name ဖြစ်သွားပါတော့သည်။
ကျနော့်အမည်မှာ အမေရိကန်တွေအဖို့ တလုံးတည်းအသံအနေနှင့် ထွက်ရခက်နေပါသည်။ ဘယ်သူမှ မျိုးမြင့်ဟု ပီပီသသမထွက်နိုင်ကြပါ။ တချို့က မယိုးမင့်ဟုထွက်ပြီး တချို့က မေယိုးမြင့် တချို့က မယိုးမြင့်ဟုထွက်ကြပါသည်။ သူတို့က First Name ဖြစ်သည့် ကိုယ်ပိုင်အမည်ကိုသာ အဖျားဆွတ်ခေါ်လေ့ရှိကြပါသည်။ သို့တိုင်အောင် မျိုးကို မယိုး မေယိုး တွေဖြစ်နေပါသည်။ Myint တလုံးတည်းဆိုလျှင်တော့ အထိုက်အလျှောက် ပီကြပါသည်။ ထို့သို့ မပီမသ ခေါ်သဖြင့် ကျနော်စိတ်မဆိုးပါ။ သူတို့အမေရိကန်အမည်များတွင်လည်း ကျနော့်အဖို့ အသံထွက်ရအလွန်ခက်သော အမည်များစွာရှိပါသည်။ အမည်အသံထွက် အပြန်အလှန်မပီသောကြောင့်လည်း တယောက်ကိုတယောက် စိတ်မဆိုး စိတ်မခုကြပါ။ အသံထွက် မပီသည်ကို ရယ်ရယ်မောမောနှင့်ပြောရင်း ပြီးသွားကြပါသည်။ ကျနော့်အမည်အသံထွက်ရ ခက်သဖြင့် ကျနော့်အား လူနှင့်နံမည်တွဲပြီး မှတ်မိနေကြသူများလည်း မနည်းလှပါ။
လူတို့သည် အမည်ခေါ်ပြီး နှုတ်အဆက်ခံရသည်ကို နှစ်သက်သည်ဟု မိတ္တဗလဋီကာဆရာ ဒေးကာနယ်ဂျီက ဆိုပါသည်။ လူနှင့်အမည်ကို တွဲမှတ်သားတတ်အောင်ကြိုးစားရုံမက အမည်တပ်ပြီ နှုတ်ဆက်စကားဆိုချင်းမှာ လူလူချင်းပေါင်းသင်းဆက်ဆံရေးတွင် အရေးပါသည့်ကိစ္စဟုဆိုပါသည်။
ကျနော့်အမည်အား ပီသည်ဖြစ်စေ မပီသည်ဖြစ်စေ အမည်တပ်ပြီး “Hi, Myo”ဟုဆိုကာ ပဋိသန္တာရစကားဖြင့် နှုတ်ဆက်ခံရလျှင် ကျနော်လည်း သောမနသဖြစ်ပါသည်။ ကျနော်လည်း လူအများအား နံမည်တပ်ပြီး နှုတ်ဆက်စကားဆိုရန် အခါခပ်သိမ်းအားထုတ်ပါသည်။ သို့သော် သိတ်မအောင်မြင်လှပါ။ နံမည်မေ့နေသည့် အသိများ ရှိနေပါသေးသည်။
မျိုးမြင့်ချို
ဒီဇင်ဘာ ၁၂။ ၂၀၂၁
(အသားတု)
မနေ့က ဗမာပြည်ဖွားမိသားစုပိုင် ကုန်စုံဆိုင်တဆိုင်သို့ ရောက်ခဲ့ပါသည်။ ဝယ်စရာခြမ်းစရာများဝယ်ရင်း လျှောက်ကြည့်မိပါသည်။ တနေရာတွင် အသားတုအထုတ်များတွေ့ရာ မစားဖူးသဖြင့် စမ်းချက်စားကြည့်ရန် တထုတ်ဝယ်ပါသည်။ ထိုအချိန်တွင် ဆိုင်ရှင်အနားရောက်လာသဖြင့် “အသားတုက ဒီမှာ ရောင်းကောင်းလား” ဟု မေးကြည့်သည့်အခါ “ရောင်းတော့ရောင်းရပါတယ်”ဟု မယုတ်မလွန်ဖြေပါသည်။ “ဘယ်သူတွေ ဝယ်သလဲဗျ”ဟု ထပ်မေးတော့ “သတ်သတ်လွတ်သမားတွေ အဝယ်များတယ်။ တခြားသူတွေလည်း ဝယ်တာရှိပါတယ်။ ဒါပေမယ့် နည်းတယ်။ အကိုရော သတ်သတ်လွတ်သမားလား”ဟု မေးပါသည်။
သူပြောသည့် “သတ်သတ်လွတ်သမားတွေ”မှာ မည်သူတွေမှန်း ကျနော်မပြောတတ်သော်လည်း ဗုဒ္ဓသာသနာ ယုံကြည်သူများထဲတွင် သတ်သတ်လွတ်စားသူများရှိပါသည်။ ဒေဝဒတ္ထရဟန်းက ရဟန်းတွေအားလုံး သတ်သတ်လွတ် စားရန် ဗုဒ္ဓမြတ်စွာထံအရေးဆိုသည့်အခါ ဗုဒ္ဓက စားလိုကစားနိုင်သည် မစားလိုက မစားပဲနေနိုင်သည်ဟု ပြန်မိန့်သည်ကိုထောက်လျှင် ဗုဒ္ဓမြတ်စွာလည် သတ်သတ်လွတ်စားခြင်းမစားခြင်းအပေါ် လူတဦးချင်း ရဟန်းတပါးချင်းဆိုင်ရာကိစ္စဟု သဘောထားဟန်ရှိပါသည်။ အစ္စလမ်ဘာသာတွင်တော့ သတ်သတ်လွတ်ကိစ္စ မရှိဟုထင်ပါသည်။ မွတ်ဆလင်မ်တွေထဲ သတ်သတ်လွတ်သမားတယောက်ကိုမျှ ကျနော်မတွေ့ဖူးပါ။
အသားဟင်းတခုခုမှမပါလျှင် ထမင်းမစားချင်သူများ ကျနော်ဆုံဖူးပါသည်။ သူတို့သည် အသားငါးဟင်းလျာတို့ကို ဆေးလိပ်အရက်စွဲသလို စွဲနေသူတွေများလားတော့ မပြောတတ်ပါ။ ဆေးလိပ်တို့အရက်တို့စွဲလျှင် ဖြတ်ရခက်သော်လည်း အပြီးတိုင်တကယ်ပြတ်သွားသူများ အမြောက်အမြားရှိပါသည်။ ဆေးလိပ်အရက်ဖြတ်သည်မှာ သူများပြောလို့၊ ကျမ္မာရေးကြောင့်လို့ ဖြတ်လိုက်ရသူများတွင် အနုစားစိတ်ဝေဒနာတခုရပြီး ကိုယ်၌က သောက်ချင်စိတ် မရှိတော့သဖြင့်ဖြတ်သူများတွင် ထိုပြဿနာမရှိကြပါ။ ဖြတ်မည်ပိုင်းဖြတ်ပြီးကာမှ ပြန်သောက်သူများလည်း မနည်းလှပါ။ ထိုသူတို့အား စိတ်မနိုင်သူများ သို့မဟုတ် ရုပ်အသွေးအသား၏တောင်းဆိုချက်ကို မလွန်ဆန်နိုင်သူများဟု ခေါ်ရမည်ထင်ပါသည်။
သတ်သတ်လွတ်သမားများထဲတွင် အသားတုစားသူများရှိသော်လည်း ဆေးလိပ်အရက် ယတိပြတ် ဖြတ်လိုက်သူများတွင်တော့ ဆေးလိပ်တု အရက်တုသောက်သူများမရှိပါ။ ထို့အတူ အသားတုပါမစားတော့သည့် သတ်သတ်လွတ်သမားလည်း အမြောက်အမြားရှိပါသည်။ အသားတုစားသည့် သတ်သတ်လွတ်သမားမှာ သူတို့၏ အာသီသကို မနိုင်လို့များလားဟု ကျနော်တွေးမိပါသည်။ အသားစားချင်သည့်စိတ်အာလျပြေလိုပြေငြား အသားတုစားကြတာလည်း ဖြစ်နိုင်ပါသည်။ အသားစားခြင်းအပေါ်စွဲနေသည့် စိတ်ဝေဒနာအနုစားကို အသားတုဖြင့်ကုစားနေတာများလားလည်း မပြောတတ်ပါ။
ကျနော်က အသားနှင့်ငါးဟင်းယှဉ်လာလျှင် ငါးကိုရွေးခြယ်သူဖြစ်ပါသည်။ ခုချိန်ထိတော့ အသားငါးစား ရှောင်ကြဉ်ရန် စိတ်ကူးမရှိသေးပါ။ အကယ်၍ရှိလို့ဖြတ်မည်ဆိုပါက အသားတုငါးတုများတော့ စားဖြစ်မည်မထင်ပါ။ ၁၆ နှစ်သားလောက်ကတည်းက စသောက်ခဲ့သည့်ဆေးလိပ်ကို ကျနော်ဖြတ်လိုက်သည်မှာ ၁၂ နှစ်ရှိပါပြီ။
မျိုးမြင့်ချို ဒီဇင်ဘာ ၁၂။ ၂၀၂၁
0 comments:
Post a Comment