Friday, December 20, 2019

(ကလေးပေမယ့် တွေးတတ်တော့)

0 comments
(ကလေးပေမယ့် တွေးတတ်တော့)
ဖြစ်ပုံက ဒီလိုဗျ။ သက်လတ်ပိုင်းအရွယ် အမျိုးသား ၂ ယောက်က လိင်တူချင်းလက်ထပ်ပြီး တရားဝင် အကြင်လင်မယားအဖြစ်နေတယ်။ သားသမီး ထွန်းကားစရာမရှိတော့ မိဘများရဲ့စွန့်ပစ်ခံ အသက် ၁၁ နှစ်အရွယ် ယောက်ျာလေးတယောက်ကို အပြီးအပိုင် အမွေစားအမွေခံအဖြစ် မွေးစားတယ်။ ချာတိတ်က ၅ တန်းကျောင်းသား။ တနေ့ ကျောင်းမှာ သူတို့အတန်းပိုင်ဆရာမ မလာနိုင်တာနဲ့ အစားထိုးဆရာမက ခနတာဝန်ယူပြီး စာသင်တယ်။ စာသင်နေရင်း ဆရာမက ထွေရာလေးပါးပြောတော့ လိင်တူချင်းထိမ်းမြားလက်ထပ်တာ လိင်တူချင်း ချစ်ခင်စုံမက်ကြတာတွေကို ပစ်ပစ်ခါခါသဘောပြောတယ်။ ဒီတော့ ခုနပြောတဲ့ချာတိတ်က ဆရာမကို ဆရာမပြောသလိုတွေမဟုတ်ပါဘူး၊ အိမ်မှာ ကျနော့် မိဘတွေက ကျနော့်ကိုဆက်ဆံတာ၊ ကျနော့်ကိုချစ်တာ၊ သူတို့အချင်းချင်း တယောက်ကိုတယောက် ကြင်ကြင်နာနာရှိကြတာတွေ တွေ့ရသလို တခါမှလည်းရန်မဖြစ်ဖူးဘူး၊ လူတိုင်းနဲ့လည်း အဆင်ပြေတယ်၊ ဘုရားကျောင်းလည်း မှန်မှန်သွားတယ်၊ အရက် မူးယစ်ဆေးဝါးတွေလည်း ကင်းပါတယ်ဆိုပြီး ပြန်ပြောတယ။ ဒီတော့ ဆရာမ မင်းက သူတို့ကို အဖေအမေ ဘယ်လိုခေါ်လဲ။ ၂ ယောက်လုံးအဖေလား၊ ၂ ယောက်လုံးအမေလား၊ ဘယ်သူအဖေ ဘယ်သူအမေလဲဆိုပြီး ခတ်ချွတ်ချွတ်မေးတယ်။ ဒီတော့ ချာတိတ်ရဲ့သူငယ်ချင်းမလေး(နံမည်က ဆိုဖီတဲ့)က ဆရာမ အဲ့လိုမပြောပါနဲ့၊ သူ့ဟာသူ ဘယ်သူ့ကို ဘာခေါ်ခေါ် ခေါ်ပါစေ၊ နောက်ပြီး သူ့မိဘများက ကျမတို့မအပေါ်ရော ကျောင်းအပေါ်ရော တခြားလူတွေအပေါ်ရော ဘာမှ မှ မတရားလုပ်နေတာတာ ဒုက္ခပေးနေတာ အကျင့်ပျက်နေတာမှမဟုတ်တာ၊ သူတို့ဟာ သူတို့ ဘယ်လိုနေနေပါ ဆရာမအပူမပါပါဘူးဆိုပြီး ထပြောတယ်၊ ဆိုဖီက ခုနချာတိတ်မိသားနဲ့ သိကြတာမဟုတ်ပေမယ့် အတန်းဖော်ချင်းတွေဆိုတော့ သိတန်သလောက်သိတယ်။ ဆိုဖီ့စကားနားထောင်ပြီး ဆရာမက အေးလေ ကျောင်းကို ကျောင်းသားတွေကို တခြားလူတွေကို ဒုက္ခမပေးပေမယ့် အဲ့ဒါဟာ ဘုရားမကြိုက်တဲ့အလုပ် လုပ်တာမို့ အပြစ်ရှိတယ်လို့ ထပ်ပြောတယ်။ ဒီတော့ အီရစ်ကာဆိုတဲ့ နောက်ချာတိတ်မတယောက်က ဘုရားမကြိုက်တဲ့အလုပ်လို့ပြောတာ ဘယ်ဘုရားလဲဆရာမဆိုပြီးမေးတော့ ထာရဘုရားပေါ့၊ ဂျီးဇပ်စ်ခရိုက်စ်ပေါ့ဆိုပြီးဖြေတယ်၊ ဒီတော့ အီရစ်ကာက ဂျီးဇပ်စ် အဲ့သလိုပြောခဲ့တာ မရှိဘူးဆရာမ၊ မရှိတဲ့အပြင် ဂျီးဇပ်စ်နဲ့ ပီတာ(ပေတရု)က ဘာလိုလိုညာလိုလိုတွေဆိုပြီးတော့တောင် ပြောတာကြားဖူးတယ်ဆိုပြီး ထပြောတယ်။ တခန်းလုံးပွဲကျပြီး ပွက်နေတော့ ကျောင်းအုပ်ချုပ်ရေးမှူးက အပြင်ကနေ အသာနားထောင်နေတယ်။ အဲ့အချိန်မှာ ဆရာမက ရှက်ရမ်းရမ်းပြီး ခုနချာတိတ်ကို မင်းကသူတို့ကိုမိဘ Parent လို့ပြောတယ်နော်၊ တကယ်က မိဘဆိုတာ အမိနဲ့အဖကိုပြောတာ၊ မင်းမှာရှိတာက အမိနဲ့အဖမှမဟုတ်တာဆိုပြီး ကလေးနဲ့ ထပ် ဖက်ဖြစ်တယ်။ ဒီတော့ ချာတိတ်ကစိတ်ဆိုးပြီး သူတို့ဟာသူတို့ ဘာဖြစ်ဖြစ် ဘယ်လိုနေနေ သူတို့ဟာ ကျနော့်မိဘတွေ သူတို့ဟာ လူကောင်းတွေ သူတို့ဟာ ဘုရားကိုယုံတဲ့လူတွေ သူတို့ဟာ လူတွေကို ချစ်တတ်တဲ့လူတွေ လူဆိုးတွေမဟုတ်ဘူး လူဆိုးတွေမဟုတ်ဘူးဆိုပြီး ငိုယိုပြီး အော်ဟစ်ပြောတော့ တခန်းလုံးက ဆရာမကို အခန်းထဲကထွက်သွား အခန်းထဲကထွက်သွားလို့ ဝိုင်းအော်ကြတယ်။ ဒီတော့ ကျောင်းအုပ်ချုပ်ရေးမှူးဝင်လာပြီး အတန်းကိုထိန်းတယ်။ ကလေးတွေက မကျေနပ်ကြဘူး။ ဒါနဲ့ ကလေးမိဘတွေအကုန်ခေါ်ပြီး အကျိုးအကြောင်းရှင်းပြကြတယ်၊ ကျောင်းဘက်ကရော မိဘတွေဘက်ကရော မီဒီယာတွေနဲ့တွေ့တယ်။ သတင်းစာရှင်းလင်းပွဲလုပ်တယ်။ နောက်ဆုံး အစားထိုးဝင်သင်တဲ့ဆရာမကို ကျောင်းကနေ အလုပ်ြုတ်ပစ်တယ်၊ ကျောင်းအုပ်ချုပ်ရေးအဖွဲ့က ဒီဖြစ်ရပ်အတွက် ချာတိတ်ရဲ့ မွေးစားမိဘတွေကို အတိအလင်းတောင်းပန်တယ်။ နောက်နောင် မဖြစ်ဖို့တာဝန်ယူတယ်။ မီဒီယာတွေနဲ့တွေ့တာမှာ ခုနချာတိတ်၊ သူ့မိဘ(အမျိုးသား ၂ ယောက်) ဆိုဖီနဲ့အီရစ်ကာတို့လည်းပါတယ်။ ချာတိတ်နဲ့ ချာတိတ်မတွေ ပြောသွားတာ တကယ်အသားပါပါပဲ။ သတင်းသမားတယောက်က အီရစ်ကာကို ဂျီးဇပ်စ်နဲ့ပီတာက အီစီကလီဆိုတာနင့်ကို ဘယ်သူပြောတာလဲဆိုတော့ ပြောတာမဟုတ်ဘူး ဖတ်ဖူးတာ စာအုပ်တအုပ်ထဲမှာတဲ့။ ဒါဆို သူတို့ ၂ ယောက် အဲ့လိုဖြစ်တယ်ဆိုပြီး ရေးထားတာဖတ်ရတော့ နင့်စိတ်ထဲဘယ်လိုနေလဲတဲ့။ ဘာ ဘယ်လိုနေစရာ လိုလို့လဲ၊ အဲ့လိုနေလည်း နေပေ့စေပေါ့၊ အဲ့ဒါ သူတို့ကိစ္စပဲ၊ အဲ့လိုနေလို့ ဂျီးဇပ်စ်ရဲ့ လူသားတွေအပေါ်ချစ်တဲ့အချစ်နဲ့ အသက်စွန့်သွားရမှူတွေကို မထိခိုက်ပါဘူး၊ ကျမလည်း ဂျီးဇပ်စ်ကို ချစ်တာ ကြည်ညိုတာ လျော့မသွားပါဘူးတဲ့။ ဒါ ဒီမနက် သတင်းတွေလိုက်ဖတ်ရင်း တွေ့တာလေး ပြန်ပြောပြတာပါ။
မျိုးမြင့်ချို
ဒီဇင္ဘာ ၂ဝ၊ ၂ဝ၁၉

0 comments:

Post a Comment