Friday, December 20, 2019

(ဖြုတ်ချလို့ရရိုးလားနဲ့ မပြုတ်ခံနိုင်ရိုးလား)

0 comments
(ဖြုတ်ချလို့ရရိုးလားနဲ့ မပြုတ်ခံနိုင်ရိုးလား)
House of Representatives ခေါ်တဲ့အမေရိကန်အောက်လွှတ်တော်မှာ သမ္မတထရမ့်ကို အာဏာအလွဲသုံးစားမှု၊ လွှတ်တော်လုပ်ငန်းတွေကို ဟန့်တားနှောင့်ယှက်မှု စတဲ့ ၂ ချက်နဲ့ အယုံအကြည်မရှိအဆိုတင်ပြီး မဲခွဲဆုံးဖြတ်တာ အဆိုဘက်က အနိုင်ရသွားပါပြီ။ သဘောက အောက်လွှတ်တော်က သမ္မတကိုအယုံအကြည်မရှိအဆိုကို ထောက်ခံအတည်ပြုလိုက်ပြီဖြစ်ပါတယ်။
ဒါလောက်နဲ့တော့ သမ္မတကိုဖြုတ်မရပါ။ အောက်လွှတ်တော်ရဲ့ အနိုင်ရရှိမှုကို အတည်ပြုပေးဖို့ Senate ခေါ်တဲ့အထက်လွှတ်တော်ကို ထပ်တင်ရဦးမှာပါ။ အတည်ပြုထောက်ခံမှုရဖို့ အထက်လွှတ်တော်မှာ ဆွေးနွေးရပါမယ်။ ဆွေးနွေးပြီး မဲခွဲဆုံးဖြတ်ရမယ်။ ဆီနိတ်တာ ၁ဝဝ အနက် ၃ ပုံ ၂ ပုံသော ဆီနိတ်တာတွေက ထောက်ခံမှသာ အဲ့ဒီ အယုံအကြည်မရှိအဆိုဟာ လွှတ်တော် ၂ ရပ်လုံးမှာ အနိုင်ရပြီး သမ္မတပြုတ်မှာပါ။ ခု ဆီနိတ်ခေါ်တဲ့အထက်လွှတ်တော်မှာ ရီပါတ်ဘလီကင်န်က ၅၃ နေရာရထားပြီး ဒီမိုကရက်က ၄၅ ဦးနဲ့ တသီးပုဂ္ဂလ ၂ ဦး နေရာရထားတာပါ။
ဒီအတိုင်းမဲလည်းခွဲလို့ ဒီမိုကရက်တွေအကုန်လုံးက အဆိုကိုထောက်ဦးလို့ဆိုရင်တောင် ဘယ်လိုမှ နိုင်နိုင်ခြေမရှိပါ။ ထောက်ခံမဲ ၃ ပုံ ၂ ပုံရတဲ့အထိ ထရမ့်ပါတီရီဝင် ပတ်ဘလီကင်န်တွေကို ကိုယ့်ဘက်ပါအောင် ဖဲ့ထုတ်စည်းရုံးလို့ မရနိုင်မှန်းလည်း ဒီမိုကရက်တွေသိပြီးသားပါ။
ဒါ့အပြင် ဆီနိတ် Majority Leader ခေါ်တဲ့ အထက်လွှတ်တော်သဘာပတိ မစ်ချ်မက်ကောနယ်လ်ကလည်း သူ့ဆီရောက်လာရင် အပြတ်ဖြတ်ချမယ်ဆိုပြီး အတိအလင်းစိန်ခေါ်ထားတာပါ။ သူ့ထက်ကဲကတော့ အောက်လွှတ်တော်မှာ အဆိုမတင်ခင်ကတည်းက အပြင်းအထန်ဆန့်ကျင်ရင်း ထင်ရှားလာတဲ့ ရီပတ်ဘလီကင်န်အမာခံအထက်လွှတ်တော်အမတ် လင်ဇီးဂရေဟမ်ကလည်း ဒီအဆိုအတည်ပြုဖို့ရောက်လာရင် အမှိုက်ခြင်းထဲထည့်ပစ်မယ်လို့ ကြ့ုးဝါးနေတာပါ။
ဒီတော့ လူထုကြားမှာ သို့လောသို့လောတွေဖြစ်ကြပါတယ်။ အထက်လွှတ်တော်တင်တာနဲ့ ကွဲမှာပဲ။ ဒါဆို အောက်လွှတ်တော်က ဒီမိုကရက်တွေ ဘာဆက်လုပ်ကြမလဲ၊ မတင်လို့ကလည်း မရဘူးဆိုပြီးတွေးစရာဖြစ်ကုန်ကြတာပါ။ ဒါကို ခု ဗမာပြည်အပစ်ရပ်ရေးမှာ ခေတ်စားနေတဲ့စကားလုံးနဲ့ပြောရရင် တစ်ဆို့မှုဖြစ်နေပြီလို့ ပြောရမှာပါ။ ရှေ့မတိုးသာ နောက်မဆုတ်သာအနေအထားကြီးပါ။ ဒီမိုကရက်တွေ ဘာလုပ်မလဲ ဘာလုပ်မလဲနဲ့ တကမ္ဘာလုံးကလည်း နားစွင့်နေကြတာပါ။
ခုတော့ ဒီ တစ်ဆို့မှုကို ဖြည်မထုတ်နိုင်ပေမယ့် ထရမ့်နဲ့ ဆီးနိတ်ကရီပတ်ဘလီကင်န်တွေ အကျပ်ရိုက်စေမယ့် ဂယ်ပေါက်တခုကို ဒီမိုကရက်တွေက ရှာတွေ့သွားတယ်လို့ပြောရမယ့်သဘော ဖြစ်လာပါတယ်။ အောက်လွှတ်တော်မှာက ဒီမိုကရက်အမတ်က အများစုနေရာနိုင်ထားတာဆိုတော့ လွှတ်တော်ဥက္ကဌ Speaker of House က ဒီမိုကရက်ဝါရင့်အမတ်မကြီး နန်စီပလိုဆီဖြစ်ပါတယ်။
သူက အထက်လွှတ်တော်ကို ဒီအဆိုပြုချက်အတည်ပြုပေးဖို့ မတင်ခင်မှာ အထက်လွှတ်တော်အနေနဲ့ သူ့ဆီ ဒီအဆိုပြုချက်ရောက်လာရင် ဘယ်လိုကိုင်တွယ်မယ်ဆိုတဲ့ လုပ်ငန်းစဉ် Process ကို အရင်ထုတ်ပြန်ကြေညာပါ။ အဲ့သလိုကြေညာမှ အထက်လွှတ်တော်ကို ဒီအဆိုတင်ဖို့စဉ်းစားမယ်ဆိုပြီး ကြေညာလိုက်ပါတယ်။ လူတိုင်း ပါးစပ်အဟောင်းသားနဲ့ အံ့အားသင့်သွားစေတဲ့ ကစားကွက်လို့ပြောရမယ်ထင်ပါတယ်။ လူတွေ(အများစုကြီး)ထင်မထားတဲ့ ရွှေ့ကွက်လိုဖြစ်သွားပါတယ်။
ဒီတော့ အထက်လွှတ်တော်အနေနဲ့ နန်စီပြောသလို ဘယ်ပုံဘယ်နည်းကိုင်တွယ်လုပ်ဆောင်မှာပါလို့ ထုတ်ပြန်ကြေညာတာ မကြေညာတာကနောက်မှ။ အဲ့လို ကြေညာမယ်မကြေညာဘူးတွေကို အခြေအတင်ပြောဆို ငြင်းခုန်နေရတာနဲ့တင် ၂ဝ၂ဝ သမ္မတရွေးကောက်ပွဲက ဖင်နားကပ်သွားမယ်ထင်ပါတယ်။ အယုံအကြည်မရှိကိစ္စ အဖြူအမည်း မသဲကွဲသေးပဲ လိပ်ခဲတည်းလည်းဖြစ်နေတဲ့ အခြေအနေကြီးအောက်မှာ ထရမ့်အတွက် လုပ်ရကိုင်ရခက်သွားမှာတွေ အများကြီးဖြစ်သွားနိုင်ပါတယ်။ အယုံအကြည်မရှိအဆိုအတင်ခံရရုံမက အောက်လွှတ်တော်မှာပါ ရှူံးထားတဲ့သမ္မတတယောက်ဟာ ရွေးကောက်ပွဲမဲဆွယ်ပွဲတွေမှာ ဘာတွေ ဘယ်လိုအကန့်အသတ်ခံရဦးမလဲ၊ သမ္မတပါဝါ ဘယ်အထိ အထိန်းချုပ်ခံရမလဲစတာတွေကလည်း စိတ်ဝင်စားစရာတွေ ဖြစ်လာပါလိမ့်မယ်။ ၂ဝ၂ဝ ရွေးကောက်ပွဲအတွက် ဒီ အကျယ်အကျယ်မငြိမ်းဖွယ်ကိစ္စတွေက ထရမ့်အတွက်တော့ အဆက်မပြတ်အထိုးခံရမယ့် လက်သီးချက်တွေဖြစ်နေပါလိမ့်မယ်။
ဒီနေရာမှာဆက်ပြီးတွေးကြည့်ရတာက ဥပဒေတိုင်းမှာ ခြွင်းချက်ရှိတယ်ဆိုတာရယ်၊ ပြင်လို့မရတဲ့ဥပဒေရယ်လို့မရှိဘူးဆိုတာရယ်၊ ဥပဒေကပေးထားချက်အတွင်းကနေပဲ အဲ့ဥပဒေကို ကွင်းပြီး တိမ်းပြီးလုပ်သွားလို့ရတယ်ဆိုတာရယ် စတာတွေကတွေးစရာတွေပါ။ နိုင်ငံရေးအရတွေးရင် ဒိုးကနဲဒေါက်ကနဲ ပြောချလိုက်လို့ရပေမယ့် ဥပဒေကြောင်းအရစဉ်းစားရင် တခုခုကို ယတိပြတ်ပြောမရတဲ့အနေအထားတွေရှိတယ်ဆိုတာ ဆင်ခြင်တွေးဆစရာဖြစ်ပါတယ်။ ဒါကလည်း ဥပဒေလည်းရှိ ရှိတဲ့ဥပဒေကို ဥပဒေပြုသူတွေကိုယ်တိုင်ကလည်းနာခံ ဥပဒေလည်းစိုးမိုးမှုရှိမှဖြစ်တဲ့ အခြေအနေတွေ အောက်မှာပဲဖြစ်မယ်လို့ယူဆပါတယ်။
ဘာပဲဖြစ်ဖြစ်ပါ။ ကျနော်တို့ စောင့်ကြည့်ရမှာပါ။ လျှော့မတွက် ပိုမတွက်မိဖို့ပါ။ အမေရိကန်မှာ သမ္မတတယောက်ကို လွယ်လွယ်နဲ့ဖြုတ်ချလို့ရရိုးသာဆို စနစ်ကြီးပါ ဇောက်ထိုးမိုးမျှော်ဖြစ်တာကြာပါပြီ။ အလားတူပဲ ငါသမ္မတဆိုပြီး အာဏာအလွဲသုံးစားလုပ်လည်း ဘယ်သူမှ သမ္မတနေရာမမြဲဘူးဆိုတာ သာဓကတွေရှိခဲ့ပြီးပါပြီ။
မျိုးမြင့်ချို
ဒီဇင္ဘာ ၁၉၊ ၂ဝ၁၉

0 comments:

Post a Comment