Sunday, December 15, 2019

(လူထုခြုံရင် လုံပါတယ်)

0 comments
(လူထုခြုံရင် လုံပါတယ်)
ဒေါ်အောင်ဆန်းစုကြည် လူထုခေါင်းဆောင်ဘဝတုန်းက တနေရာရာသွားရင် အတွင်းစည်း အပြင်စည်းနဲ့ အနီးကပ်လုံခြုံရေးဆိုပြီး လက်နက်ဆိုလို့ အပ်တိုတချောင်းတောင်မပါတဲ့ ကျနော်တို့တတွေက လုပ်ပေးခဲ့ဖူးပါတယ်။ သူ လုံခြံုခဲ့ပါတယ်။ ကုန်ကုန်ပြောရရင် ဒီပဲယင်းလိုကိစ္စကြီးမှာတောင် သူ လွတ်မြောက်သက်ရှင်ကျန်ရစ်ပါတယ်။ လူထုအရိပ်ခိုရင် လုံခြံုပါတယ်။ ဒီနေရာမှာ လုံခြံုတယ်ဆိုတာကို ရုပ်ပိုင်းလုံခြံုမှူနဲ့စိတ်လုံခြံုမှူ ၂ ခုစလုံးကို ညွှန်းပါတယ်။ သက်တော်စောင့်မလိုပါ။ ကျည်ကာကားမလိုပါ။ စကားပြောရင် ကျည်ကာမှန်နောက်က ပြောစရာမလိုပါ။ လူထုက အသက်နဲ့ထပ်ကာပေးထားတော့ လူထုရန်သူတွေလည်း သူ့အသက်ကိုလုပ်ကြံဖို့ မလွယ်ပါ။ လူထုခေါင်းဆောင်ဆိုတာလည် ရန်သူတော့ရှိပါတယ်။ ရန်သူဟာ ပြည်သူတော့မဟုတ်ပါ။ ရန်သူဟာ ပြည်သူထဲက မလာပါ။
ခု သူ ပါတီခေါင်းဆောင် အစိုးရခေါင်းဆောင် နိုင်ငံရေးသမားဘဝဖြစ်သွားတော့ သက်တော်စောင့်တွေရော ကျည်ကာကားတွေပါစီးနင်းနေရပါပြီ။ သူ ရုပ်ပိုင်းအရ လုံခြုံသလား မလုံခြံုသလားကတော့ မြင်ရုံနဲ့သိပါတယ်။ စိတ်ပိုင်းအရ လုံခြံုမှူ(စိတ်လုံခြံုမှူ)ရှိမရှိကတော့ သူပဲသိပါလိမ့်မယ်။ သေချာတာကတော့ လူထုက အသက်နဲ့ထပ်ကာကွယ်ပေးမထားတော့ သက်တော်စောင့်ဆိုတာ ထားရပါတယ်။ လူထုရင်ခွင်မလှူံတော့ ကျည်လုံကားစီးရပါတယ်။ သူ့မှာ ရန်သူရှိပါတယ်။ ရန်သူဟာ အချိန်မရွေး လက်စတုံးချင်တုံးပစ်လိုက်နိုင်တာလည်း ငြင်းမရပါ။ ဒါပေမယ့် အဲ့ဒီရန်သူဟာ ပြည်သူတော့မဟုတ်ပါ။ တပြည်တဲ့နေကြသူ ရန်သူ့ပြည်သူတွေထဲကတော့ သူ့အပေါ် ရန်သူလို့ပဲသဘောထားမှာပါ။ ရန်သူကိုယ်တိုင် ဒါမှမဟုတ် ရန်သူ့လူတွေဆီကနေသာ သူ့ရန်သူလာပါတယ်။
လူထုခေါင်းဆောင်ဖြစ်ဖြစ် ပါတီခေါင်းဆောင် အစိုးရခေါင်းဆောင် နိုင်ငံရေးသမားဖြစ်ဖြစ် ရန်သူ မိတ်ဆွေရှိပါတယ်။ မိတ်ဆွေကြောင့် နိုင်ငံရေးစိတ်လက်ချမ်းသာရသလို ရန်သူကြောင့် ရုပ်ပိုင်းဆိုင်ရာ မလုံခြုံမှူဖြစ်ပါတယ်။ စိတ်လုံခြံုမှူကတော့ မိမိရဲ့ တိုင်းပြည်နဲ့လူထုအပေါ်ထားတဲ့သဘောထား လူထုဘက်ကရပ်မရပ် ဖိနှိပ်သူနဲ့အတူရှိမရှိ စတဲ့ မူသဘောတွေ ရပ်တည်ချက်တွေအလျှောက် စိတ်မှာဖြစ်တဲ့ခံစားမှူပါ။
ရုပ်ပိုင်းဘဝလုံခြုံအောင် သက်တော်စောင့်တွေ ကျည်ကာကားတွေ ကျည်ကာမှန်တွေ လက်နက်ကိုင်အစောင့်အရှောက်တွေနဲ့ ဘေးပတ်ဝန်းကျင်က ဆောင်ရွက်ပေးလို့ရပေမယ့် စိတ်လုံခြံုမှူဆိုတာက မိမိရဲ့ နိုင်ငံရေးသီလ ဘယ်မျှစင်ကြယ်သလဲနဲ့သာဆိုင်ပါတယ်။ ဘေးလူက လုပ်ပေးလို့မရပါ။ စိတ်လုံတယ်ဆိုတာ နှလုံးသားမှာ ကိန်းတဲ့ အငြိမ်းဓာတ်ပါ။
မျိုးမြင့်ချို
ဒီဇင္ဘာ ၁၂၊ ၂ဝ၁၉

0 comments:

Post a Comment