Thursday, December 19, 2019

(Phase One က ပြေငြိမ်းရေးအဆုံးသတ်ဖို့ အစလား)

0 comments
(Phase One က ပြေငြိမ်းရေးအဆုံးသတ်ဖို့ အစလား)
တရုတ်-အမေရိကန် ကုန်သွယ်စစ်ပြေငြိမ်းရေးဆွေးနွေးပွဲ Phase One သဘောတူညီချက်ရသွားပြီးလို့ နှစ်ဘက်ထိပ်သီးတွေလက်မှတ်ထိုးအတည်ပြုကြမယ့်အကြောင်း ကျနော်ပြောပြီးသားမို့ ထပ်မပြောတော့ပါ။ Phase One က တစုံလုံးဆိုင်ရာ ကုန်သွယ်မှုပြဿနာကိုဖြေရှင်းဖို့ လမ်းစဟုတ်တယ်မဟုတ်ဘူး ပြောဖို့က အတော်ခက်နေပါသေးတယ်၊ အခု ထရမ့်ကို အယုံအကြည်မရှိဆို အောက်လွှတ်တော်မှာတင် မဲခွဲဆုံးဖြတ်ပြီးပါပြီ။ နိုင်ပါတယ်။ အထက်လွှတ်တော်(ဆီးနိတ်)ဆက်တက်ရင် ဒီမိုကရက်တွေ ခဲလေသမျှသဲရေကျဖြစ်ဖို့ရှိပါတယ်။ ဒါပေမယ့် တရုတ်ကတော့ လက်ခမောင်းမခတ်ဦးတောင် လက်ဖျောက်လောက်တော့ တီးနေမှာပါ။ တရုတ်ဘက်က နောက်လာမယ့်ဆွေးနွေးပွဲတွေကို ၂ ဘက်စလုံးက အလောတကြီးမလုပ်မိကြဖို့လိုတယ်လို့ပြောပြီး ၂ဝ၂ဝ အမေရိကန်သမ္မတရွေးကောက်ပွဲပြီးချိန်အထိ ဆွဲဆန့်ထားချင်တာ သေချာနေပါတယ်။ တရုတ်သမ္မတရှီကျင့်ဖျဉ်ဟာ ထရမ့်လိုရွေးကောက်ပွဲမျိုးနဲ့ သမ္မတအရိုက်အရာကို မျှော်မှန်းအားကိုးနေဖို့မလိုတဲ့ ရာသက်ပန်သဘောသမ္မတဖြစ်နေပါတယ်။ ဒါကို ဒီမိုကရေစီမကျဘူးလို့ပြောမယ်ဆိုရင် တရုတ်ပြည်မှာ ကွန်မြူနစ်ပါတီအာဏာရထားတယ်ဆိုတာကိုတော့ သတိချပ်မှရမှာပါ။
အမေရိကန်က တရုတ်ဘဏ္ဏာရေးဈေးကွက်ကို ထိုးနှက်နေတာတွေ ပေါ်လာနေပါတယ်။ တရုတ်ဘဏ်အသေးတချို့ပြိုလဲတာရှိပါတယ်။ တရုတ်ဘက်ပြောတာကတော့ ဒီပြိုလဲမှုဟာ တရုတ်ဘဏ်လုပ်ငန်းတခုလုံးရဲ့ ၄ ရာခိုင်နှုန်းအောက်ပဲ ရှိတယ်လို့ဆိုပါတယ်။ ဘယ်လောက်ပဲရှိရှိ ထိတာတော့ ထိနေတာပဲမဟုတ်လားလို့ အားတက်သရောပြောသူလည်း ပြောပါတယ်။ တရုတ်ဘက်က နောက်တချက် သူတို့ပြောတာက ဒီ ဒေဝါလီခံတဲ့သဘော ပိတ်ပစ်လိုက်တဲ့ဘဏ်တွေက အရှူံးပေါ်နေတာ ကြာနေပြီဖြစ်လို့ အစိုးရအနေနဲ့ ဝင်ဆယ်တာ မလုပ်တော့ဖို့ ဆုံးဖြတ်လိုက်တာကြောင့်လို့လည်း ကြားရပါတယ်။
တရုတ်ဗဟိုဘဏ်ဆိုတာက ငွေကြေးပေါ်လစီနဲ့ ဘဏ္ဏာရေးပေါ်လစီတွေ ချမှတ်ကျင့်သုံးရာမှာ အမေရိကန်ဗဟိုဘဏ်လောက် လွတ်လပ်မှုနဲ့ ဆုံးဖြတ်ပိုင်ခွင့်တွေ မရှိပါ။ အမေရိကန်ဗဟိုဘဏ်ဥက္ကတွေက သမ္မတအမည်စာရင်းတင်သွင်းပြီး ဆီးနိတ်ကမဲခွဲဆုံးဖြတ် ခန့်အပ်တာဖြစ်ပါတယ်။ သမ္မတခန့်တွေလို့ ပြောမရပေမယ့် သမ္မတအမည်စာရင်းတင်သွင်းသူတွေပါ။ ဒါပေမယ့် ငွေကြေးနဲ့ ဘဏ္ဏာရေးပေါ်လစီတွေ ချမှတ်ကျင့်သုံးရာမှာတော့ အတော့်ကိုလွတ်လပ်ပါတယ်။ တရုတ်ဗဟိုဘဏ်ကတော့ ကိစ္စကြီးငယ်တိုင်းမှာ အစိုးရရဲ့ ထီးရပ်အောက်နေသွားနေရတာပါ။ ဒါ့ကြောင့် ထရမ့်က တရုတ်ဗဟိုဘဏ်ဥက္ကဌက တရုတ်သမ္မရှီပဲလို့ ဗြောင်ကြီးထွက်ပြောတာဖြစ်ပါတယ်။
တကယ့်အကျပ်အတည်းကြီးတွေမှာတောင် အမေရိကန်ဗဟိုဘဏ်ဟာ အစိုးရခိုင်းတိုင်း နောက်ဆုံးမှလုပ်ရပေမယ့် ရှေ့ပိုင်းမှာတော့ ရနိုင်သမျှ ကလန်ကဆန် ကဏ္ဍကောစတော့ လုပ်ကြဖြစ်ကြပါတယ်။ ဒါပေမယ့် အစိုးရဆိုတဲ့ အုပ်ချုပ်ရေးအာဏာကိုတော့ အဆုံးသတ်မှာ လွန်ဆန်လို့မရပါ။ လိုက်လျောရပါတယ်။ အဲ့သလိုမှ မလိုက်လျောလည်း အစိုးရ ဘာလုပ်ဖို့ ထားနေရမလဲလို့ မေးစရာကြီးဖြစ်မှာပါ။ ဗဟိုဘဏ်ဘက်က ကလန်ကဆန် ကဏ္ဍကောစလုပ်တယ်ဆိုတာကလည်း ဘဏ္ဏာအရင်းရှင်ကြီးတွေရဲ့ အကျိုးစီးပွား မထိခိုက်အောင်နဲ့ အောက်ခြေလူထုကြားမှာ ချိန်ညှိပြီးလုပ်ရတာပါ။
ဘဏ္ဏာအရင်းရှင်ကြီးတွေဘက်ချည်း ဇောင်းပေးလိုက်ရင်လည်း အခြေခံဆင်းရဲသား အလုပ်သမားဆိုတဲ့ အများတကာ့အများစုကြီးကို သွားထိမှာပါ။ အဲ့ဒီအခါ လူထုမကျေနပ်ချက်တွေ ပေါက်ကွဲပြီး လမ်းမတွေလူပြည့်သွားမှာပါ။ အစိုးရကုလားထိုင်လှုပ်မှာပါ။ အစိုးရကုလားထိုင်လှုပ်ရင် ကျန်တာအကုန် ခါပါတယ်။ နှစ် ၂ ရာကျော် အခိုင်အခံတည်ရှိ လည်ပတ်လာတဲ့ ဗျူရိုကရေစီယန္တယားကြီး(တချို့ကလည်း အင်တစီကျူးရှင်းလို့ သုံးပါတယ်)တွေဟာ အလွယ်တကူ ကျိုးပျက်သွားဖို့မရှိဘူးဆိုတာ မှန်ပါတယ်။ ဆိုဗီယက်ယူနီယံ ပြိုကျသလိုမျိုး အမေရိကန်ပြိုလဲမသွားနိုင်ဘူးဆိုတာလည်း ခုချိန်ထိ ငြင်းမရပါ။ သူ့ယန္တယား သူ့လည်ပတ်ပုံဟာ ဘယ်လောက် အခိုင်အဖြီးအတောင့်အတင်းရှိနေရသလဲဆိုတာက အစိုးရတွေ (ပါတီတွေ)တလှည့်စီ အာဏာယူသွားကြ ပြောင်းသွားကြပြေီး ပိုခိုင်ခံ့ ပိုတောင့်တင်းအောင် တည်ဆောက်ယူသွားကြလို့ပါ။ အားနည်းတာ ခေတ်နဲ့မဆီလျော်တော့တာတွေကို အလှည့်ကျအာဏာရသူတွေက နည်းနည်းပါးပါး ဖာတာထေးတာ မွမ်းတာမံတာလောက်လုပ်ပြီး ဆက်ခရီးသွားနေနိုင်တာက သက်သေပါ။
ပြန်ကောက်ရရင် တရုတ်ဘဏ္ဏာရေးဈေးကွက်ုကို အမေရိကန်က ထိုးနေပါတယ်။ Phase One သဘောတူညီချက်ရထားပါပြီ၊ နောက်ကျန်တာတွေကိုတော့ ၂ဝ၂ဝ ရွေးကောက်ပွဲအပြီးမှ ဆက်ဆွေးနွေးကြလိမ့်မယ်လို့ ၂ ဘက်စလုံးက ကိုယ့်တွက်ကိန်းနဲ့ကိုယ် ခတ်ကွင်းပြင်နေကြပါတယ်။ ၂ဝ၂ဝ ရွေးကောက်ပွဲဟာ ကုန်သွယ်စစ်ပြေငြိမ်းရေးအတွက် တကယ့် အစပဲဖြစ်မယ်ထင်ပါတယ်။ ခု Phase One ကတော့ ထရမ့်မဲဆွယ်ရေးအတွက် သုံးကောင်းရုံလောက် လှန်ပြတဲ့ဖဲတချပ်လို့ ဆိုသူတွေလည်း ဆိုနေကြကြောင်းပါခင်ဗျား။
မျိုးမြင့်ချို
ဒီဇင္ဘာ ၁၉၊ ၂ဝ၁၉

0 comments:

Post a Comment