Monday, June 1, 2020

ခေတ်သစ်မြန်မာ့သမိုင်း - ၂၂ဒေါက်တာသန်းထွန်းရေးတဲ့ A MODERN HISTORY OF MYANMAR 1752 - 1948 ကို ဘာသာပြန်တာပါ။

0 comments
ခေတ်သစ်မြန်မာ့သမိုင်း - ၂၂ဒေါက်တာသန်းထွန်းရေးတဲ့ A MODERN HISTORY OF MYANMAR 
1752 - 1948 ကို ဘာသာပြန်တာပါ။
အလောင်းမင်းတရားက ဒဂုံကို သိမ်းတဲ့အချိန်မှာ ဥရောပတိုက်သားတွေနဲ့ ပထမဆုံး ထိတွေ့ရတာပဲ။ အင်္ဂလိပ် သင်္ဘော ၃ စီးကိုဖမ်းလိုက်တယ်။ သူတို့ရဲ့ အမြောက်တွေနဲ့ လက်နက်ခဲယမ်းတွေကို သိမ်းယူတယ်။ ဒါပေမဲ့ ကပ္ပတိန်ဂျက်ဆင်က သူတို့ဟာ ကြားနေသူတွေပဲ။ ဒါကြောင့်မို့ အမြောက်တွေ ပြန်ပေးသင့်တယ်လို့ နိုင်ငံတကာဥပဒေအရ ခုခံကာကွယ်ပါတယ်။ အလောင်းမင်းတရားမှာ အားကောင်းတဲ့ လက်နက်တွေ လိုအပ်တယ်။ ဒါတွေကို အင်္ဂလိပ်ဆီက ရမယ်လို့ မျှော်လင့်ပါတယ်။ ပြင်သစ်ကိုယ်စားလှယ် ဗူနိုက သံလျင်မှာနေတယ်။ သူက သင်္ဘော ၃ စီးနဲ့ မွန်တွေကို ပြောင်ပြောင်တင်းတင်း ကူညီတယ်။ ဂျက်ဆင်ကို သူ့ရဲ့ အမြောက်တွေ ပြန်ပေးလိုက်တော့ သံလျင်ကို ကူးသွားပြီး မွန်တွေနဲ့ပေါင်းတယ်။ ဥရောပသင်္ဘောတွေက လောင်မီးလက်နက်တွေဟာ မြန်မာစစ်လှေတွေကို အကြီးအကျယ်ဒုက္ခပေးပါတယ်။ သံလျင်ကို သိမ်းပြီးတော့ ဗူနိုနဲ့ သူ့ရဲ့ သင်္ဘောသားတွေကို ကွပ်မျက်တယ်။ ဒါပေမဲ့ အင်္ဂလိပ်တွေက ဟိုင်းကြီးကျွန်းကို ထွက်ပြေးတယ်။ ကပ္ပတိန် ဗေကာဆိုတဲ့ အင်္ဂလိပ်တယောက် ရွှေဘိုကို ၁၇၅၅ ခုနှစ် စက်တင်ဘာလမှာ ရောက်လာတယ်။ မြန်မာနဲ့ ချစ်ကြည်ရေးစာချုပ် ချုပ်ဆိုဖို့ တောင်းဆိုတယ်။ သူက လက်ဆောင်အဖြစ် မှန်ဘီလူးတစ်လက်၊ ၁၂ ပေါင် အမြောက်တစ်လက်၊ ၉ ပေါင် အမြောက် ၃ လက်နဲ့ ယမ်းမှုန့်တွေ သေနတ်တွေ ယူလာတယ်။ ဂျက်ဆင် ကျူးလွန်တဲ့ ရိုင်းပျတဲ့ အပြုအမူတွေကို ဝန်ချတောင်းပန်တယ်။ အလောင်းမင်းတရားက စာချုပ်လက်မှတ်မထိုးဘဲ ကပ္ပတိန်ဗေကာကို ပြန်လွှတ်လိုက်တယ်။ ဒါပေမဲ့ ၁၇၅၇ ခုနှစ် ဇူလိုင်လ ၂၂ ရက် အလောင်းမင်းတရား မြန်အောင်ကို ရောက်နေချိန်မှာ ရေတပ်ဗိုလ် ရောဘတ်လက်စတာ ဘုရင်ကို လာတွေ့တယ်။ ၁၇၅၇ ခုနှစ် ဇူလိုင်လ ၂၄ ရက်မှာ စာချုပ် လက်မှတ်ထိုးဖြစ်တယ်။ 
စာချုပ်အရ အင်္ဂလိပ်ကုမ္ပဏီကို ဟိုင်းကြီးကျွန်းမှာ ခံတပ်ဆောက်ခွင့် ပြုလိုက်တယ်။ အခွန်လွတ် ကုန်သွယ်စေတယ်။ အပြန်အလှန်အနေနဲ့ အင်္ဂလိပ်ကုမ္ပဏီက တစ်နှစ်ကို ၁၂ ပေါင် အမြောက်တစ်လက်နဲ့ ယမ်းမှုန့်ပိဿာချိန် ၂၀၀ ပေးဖို့ ကတိပြုတယ်။ ကုမ္ပဏီကို ပုသိမ်မှာ စက်ရုံဆောက်ဖို့ နေရာပေးတယ်။
ပွန်ဒိချယ်ရီမှာရှိတဲ့ ပြင်သစ်ကုမ္ပဏီဟာ ကပ္ပတိန်ဗူနိုနဲ့ သူ့လူတွေကို ကူညီဖို့ သင်္ဘော ၃ စီး လွှတ်လိုက်တယ်။ ဒါပေမဲ့ သူတို့လာတာ သိပ်နောက်ကျသွားပြီ။ အလောင်းမင်းတရားက သံလျင်ကို သိမ်းတယ်။ ကပ္ပတိန် ဗူနိုနဲ့ သူ့နောက်လိုက်တွေကို ဖမ်းတယ်။ အလောင်းမင်းတရားက ဗူနိုကို သင်္ဘော ၃ စီးက ကပ္ပတိန်တွေဆီ စာရေးခိုင်းတယ်။ တစ်စင်းကလွတ်သွားပေမဲ့ ကျန်သင်္ဘောတွေကို အလွယ်တကူ သိမ်းနိုင်တယ်။ ဒီသိမ်းပိုက်မှုကနေ အလောင်းမင်းတရားဟာ ပေါင် ၂၀ အမြေက်ကြီး ၃၅ လက်၊ စက်သေနတ်ကြီး ၅ လက်၊ တစ်လုံးထိုးသေနတ် ၁၃၀၀ နဲ့ ယမ်းမှုန့်တွေ အမြောက်အမြား ရလိုက်တယ်။ အလောင်းမင်းတရားက ဗူနိုနဲ့ သူ့နောက်လိုက် အရာရှိတွေကို ကွပ်မျက်လိုက်ပေမဲ့ ပြင်သစ်သင်္ဘောသား ၂၀၀ ကျော်ကို အသက်ချမ်းသာပေးတယ်။ အဲဒီ ပြင်သစ်သင်္ဘောသားတွေက အလောင်းမင်းတရားလက်အောက်မှာ သေနတ်သမားတွေအဖြစ် အမှုထမ်းကြတယ်။ နမူနာတစ်ခုကတော့ ဝှေဗလိုင်ရာမီးလာဒ်ဟာ ကိုယ်ရံတော် တပ်ဗိုလ်လုပ်ပြီး အလောင်းမင်းတရားရဲ့ ပဲခူး၊ အယုဒ္ဓယနဲ့ မဏိပူရစစ်ဆင်ရေးတွေမှာ တိုက်ခဲ့တယ်။ သူ့ကို သီရိရာဇသူကျော်ထင်ဘွဲ့ပေးပြီး စစ်ကိုင်းခရိုင်ထဲက တပယ်မြို့ကို စားစေတယ်။ ၁၇၈၈ ခုနှစ်မှာ သူကွယ်လွန်တယ်။ သူ့ရဲ့အုတ်ဂူက အခုထိ စစ်ကိုင်းမှာ ရှိနေဆဲပါ။
၁၇၅၃ ခုနှစ်ကတည်းက အင်္ဂလိပ် အရှေ့အိန္ဒိယ ကုမ္ပဏီက ဟိုင်းကြီးကျွန်းကို သိမ်းထားတယ်။ အလောင်းမင်းတရားက သူတို့ကို ခံတပ်ဆောက်ခွင့်ပေးတာ ၁၇၅၅ ခုနှစ်ကျမှပါ။ အဲဒီအချိန်တုန်းက ကုမ္ပဏီဟာ အိန္ဒိယမှာ အလုပ်ရှုပ်နေတယ်။ ဒါကြောင့် ဟိုင်းကြီးကျွန်းက ပြန်ဆုတ်ပြီး ၁၇၅၉ ခုနှစ် မေလ ၁၃ ရက်မှာ စခန်းသိမ်းလိုက်တယ်။ ဒါပေမဲ့ လအနည်းငယ်အကြာ ၁၇၅၉ ခုနှစ် အောက်တိုဘာလမှာ အခြေစိုက်စခန်းကို ထိန်းသိမ်းဖို့ ဝန်ထမ်းအနည်းငယ် ပြန်ပို့ထားတယ်။ ပုသိမ်စားက နောက်လိုက် လူ ၁၀၀ နဲ့အတူ သူတို့ကို လာနှုတ်ဆက်သေးတယ်။ နောက်တစ်နေ့ ၁၇၅၉ ခုနှစ် အောက်တိုဘာလ ၆ ရက် မနက် ၉ နာရီလောက်မှာ မြန်မာနဲ့အင်္ဂလိပ်အရာရှိတွေ မနက်စာ အတူထမင်းစားနေတုန်း လူ ၂၀၀၀ဗြုန်းစားကြီးပေါ်လာပြီး အင်္ဂလိပ်နဲ့ သူတို့ရဲ့နောက်လိုက် အိန္ဒိယလူမျိုးတွေကို တိုက်ခိုက်တယ်။ အင်္ဂလိပ် ၈ ယောက်နဲ့ အိန္ဒိယလူမျိုး ၁၀၀ လောက် အသတ်ခံရတယ်။ အင်္ဂလိပ် ၄ ယောက် အဖမ်းခံရတယ်။ အင်္ဂလိပ်လူမျိုးတစ်ယောက်နဲ့ အိန္ဒိယလူမျိုး ၆၄ ယောက် သင်္ဘောနဲ့ ထွက်ပြေးတယ်။ ခုနပြောတဲ့ လက်နက်ကိုင်တွေက အမြောက်နဲ့ ဂိုဒေါင်ကို သိမ်းပြီး စခန်းတစ်ခုလုံး မီးတိုက်ပစ်တယ်။ ပြဿနာဖြစ်ရတဲ့ အကြောင်းရင်းက ဒီလိုပါ။ အလောင်းမင်းတရားရဲ့ လက်အောက်မှာ အဆင့်မြင့်အရာရှိတွေ ဖြစ်နေကြတဲ့ အာမေးနီးယန်းတွေက အရှေ့တိုင်းကုန်သွယ်ရေးမှာ အင်္ဂလိပ်တွေ အောင်မြင်နေတာကို မရှုစိမ့်ဘူး။ ဂရီဂိုရီလို့ခေါ်တဲ့ အာမေးနီးယန်းတစ်ယောက်က အလောင်းမင်းတရားကို သတင်းမှားပေးတယ်။ အင်္ဂလိပ်တွေက သူတို့စခန်းကို ခံတပ်ဆောက်ပြီး နေတယ်။ မွန်တွေကို သေနတ် ထောက်ပံ့တယ်။ ပုသိမ်မြစ်ကြောင်းအတိုင်း ဆန်တက်ပြီး တခြားကုန်သည်တွေကို ဟန့်တားနှောက်ယှက်နေတယ်ဆိုတာတွေပါ။ ဒါကြောင့် အလောင်းမင်းတရားက ဟိုင်းကြီးကျွန်းကို ရှင်းပစ်လိုက်ဖို့ အမိန့်ချတာပါ။
၁၇၆၀ ပြည့်နှစ် စက်တင်ဘာလမှာ ကပ္ပတိန် အဲလ်ဗက် လက်အောက်က အရှေ့အိန္ဒိယ ကုမ္ပဏီ သံအဖွဲ့ စစ်ကိုင်းက ဘုရင့်ဆီကို ရောက်လာတယ်။ ကုမ္ပဏီက အိန္ဒိယမှာ သိပ်အလုပ်များနေတယ်။ ဒါကြောင့် မြန်မာနဲ့ ထပ်ပြီး ပဋိပက္ခ မဖြစ်ချင်ဘူး။ ဒါပေမဲ့ သံအဖွဲ့က ဟိုင်းကြီးကျွန်း လူသတ်ပွဲအတွက် လျော်ကြေးပေးဖို့ အခိုင်အမာတောင်းဆိုတယ်။ ဒီပဲယင်းမင်းက ဘာတစ်ခုမှ လုပ်မပေးနိုင်ဘူးလို့ အကြောင်းပြန်တယ်။ ၁၇၅၉ ခုနှစ်က စာချုပ် မရှိတော့ဘူးလို့ ထောက်ပြတယ်။ ဘုရင်တစ်ပါး နတ်ရွာစံသွားရင် သူ့လက်ထက်က ပဋိဉာဉ်လည်း အဆုံးသတ်သွားပြီလို့ မြန်မာဘုရင်က ယူဆတယ်။ အကြောင်းကတော့ အဲဒီမတိုင်ခင် ပဋိဉာဉ် လုပ်ခဲ့ဖူးတဲ့ မြန်မာဘုရင်လည်း မရှိဘူး။ ဒါကြောင့် ပဋိဉာဉ်ရဲ့ သဘာဝကို နားမလည်ဘူး။ ဒါပေမဲ့ အကြင်နာတရားကို ရှေ့ရှုပြီး အင်္ဂလိပ်သုံ့ပန်း ၆ ယောက်ကိုတော့ ပြန်လွှတ်ပေးပါတယ်။ သူက ကုန်သွယ်ရေး လုပ်ခွင့်ပြုတယ်။ ဒါပေမဲ့ အင်္ဂလိပ်ကုမ္ပဏီက အခွန်ဆောင်ရမယ်။ ဟိုင်းကြီးကျွန်းမှာ နေရာကို ခွင့်ပြုပေမဲ့ အင်္ဂလိပ်ဌာနချုပ်ကို ပြန်တည်ထောင်ခွင့်မပြုဘူး။ ဒါကြောင့် အင်္ဂလိပ်တွေ ရန်ကုန်မှာ လာစုမိကြတယ်။ အဲသလို ဘုရင်ကို ဖူးမျှော်ပြီး ပြန်အလာမှာ အင်္ဂလိပ်က လက်နက်နဲ့ ခဲယမ်းမီးကျောက်တွေ ထောက်ပံ့ပါတယ်။ ဘုရင်ကတော့ စာချုပ် လက်မှတ်ထိုးဖို့ ပယ်ချလိုက်တယ်။ ဒါကြောင့် ဒီဆက်ဆံရေးက ပဋိဉာဉ်သဘော မသက်ရောက်ပါဘူး။ အချိန်မဆိုင်း လက်ငင်း ဖျက်သိမ်းနိုင်တဲ့ ဘုရင့် ကတိကဝတ်သာ ဖြစ်တယ်။ ဘုရင် စိတ်တိုင်းကျမှုအပေါ် လုံးဝ မူတည်နေတာပါ။

0 comments:

Post a Comment