Thursday, June 4, 2020

ခေတ်သစ်မြန်မာ့သမိုင်း - ၂၄ ဒေါက်တာသန်းထွန်းရေးတဲ့ A MODERN HISTORY OF MYANMAR 1752 - 1948 ကို ဘာသာပြန်တာပါ။

0 comments
ခေတ်သစ်မြန်မာ့သမိုင်း - ၂၄ဒေါက်တာသန်းထွန်းရေးတဲ့ A MODERN HISTORY OF MYANMAR 
1752 - 1948 ကို ဘာသာပြန်တာပါ။
#အင်္ဂလိပ်မြန်မာပထမစစ်ပွဲ
ဝေးလံသောအကြောင်းတရားများ
၁၈၁၃ ခုနှစ်မှာ မြန်မာတွေက မာဂျစ်ဆင်းကို မဏိပူရထီးနန်း အပ်ခဲ့တယ်။ ဂမ်ဗီယာဆင်းလို့ခေါ်တဲ့ နန်းပြိုင် အစ်ကိုက ကချာနယ်ထဲ ဝင်ပြေးတယ်။ မာဂျစ်ဆင်းက သွေးဆာတဲ့ အကြမ်းဖက်သမားပါ။ မြန်မာဘုရင်က သူကောင်းပြုထားတာကို မကြာခင်မှာပဲ မေ့သွားတယ်။ စစ်ကိုင်းမင်း နန်းတက်လာတော့ အခွန်ဘဏ္ဌာဆက်ဖို့ ပျက်ကွက်တယ်။ ဒါကြောင့် ၁၈၁၉ ခုနှစ်မှာ မြန်မာက မဏိပူရက်ု နောက်တကျော့ ဝင်တိုက်တယ်။ မာဂျစ်ဆင်းက ကချာနယ်ထဲ ဝင်ပြေးတယ်။ သူ့အစ်ကိုက သူ့ကို ခွင့်လွှတ်တယ်။ ဒါပေမဲ့ သူတို့ချင်း မသင့်မြတ်ရာက မြန်မာကို စစ်ကူတောင်းပြန်တယ်။ ၁၈၂၄ ခုနှစ်မှာ မြန်မာစစ်တပ်က ကချာကို ဝင်သိမ်းပြီး အစောင့်ရှောက်ခံနယ်မြေအဖြစ် ကြေညာလိုက်တယ်။
၁၈၁၆ ခုနှစ်မှာ မြန်မာတွေက အာသံသူပုန်ဘုရင်ခံကို နန်းပြန်တင်တယ်။ သိပ်မကြာခင် သူအသတ်ခံရတယ်။ ရာဇာချန်ဒရာခန်းလည်း ရာထူးက အဖယ်ခံရတယ်။ ၁၈၁၆ ခုနှစ်ထဲမှာပဲ မြန်မာတွေ ပြန်ရောက်လာပြီး ရာဇာချန်ဒရာခန်းကို ရာထူးပြန်ခန့်တယ်။ ဒါပေမဲ့ သူကိုယ်တိုင်လည်း မြန်မာဘုရင်ရဲ့ အမျက်ဒေါသကို ကြောက်လန့်ပြီး အင်္ဂလိပ်နယ်ထဲကို ဝင်ပြေးတယ်။ အင်္ဂလိပ်က သူ့ကို ကာကွယ်ပေးတယ်။ ရာဇာချန်ဒရာခန်းကို လွှဲအပ်ဖို့ ငြင်းဆိုတယ်။ ဒါကြောင့် မြန်မာတွေက အာသံပြည်သူ ၃၀,၀၀၀ ကို သုံ့ပန်းအဖြစ်ခေါ်လာတယ်။ ဒီအောင်ပွဲက မြန်မာတွေရဲ့ လောကကိုအောင်နိုင်သူဖြစ်ရေး စိတ်ကူးကို အားကောင်းသွားစေတယ်။ သူတို့က အင်္ဂလိပ်ကို နှိမ်နှင်းတိုက်ခိုက်ရတာကို ပျော်နေကြတာပါ။ စစ်ရေးမူဝါဒက အိန္ဒိယမှာရှိတဲ့ အင်္ဂလိပ်နဲ့ ပဋိပက္ခဖြစ်တဲ့ဆီ ဦးတည်လာနေပြီဆိုတာ ထင်ရှားပါတယ်။
မြန်မာ နယ်ခြားစောင့်တပ်က ရခိုင် စစ်တကောင်းနယ် နတ်မြစ်ဝမှာ စခန်းချနေတယ်။ တစ်ခါတရံ သူတို့နားကို ရောက်လာတဲ့ အင်္ဂလိပ်တွေကို သေနတ်နဲ့ လှမ်းပစ်တယ်။ ဒါကြောင့် ၁၈၂၃ ခုနှစ် ဖေဖော်ဝါရီလမှာ အင်္ဂလိပ်တွေက သူတို့ရဲ့ ကျေးတော်မျိုး ကျွန်တော်မျိုးတွေကို ကာကွယ်ဖို့ ရှာပူရီလို့ခေါ်တဲ့ ရှင်မဖြူကျွန်းကို စစ်တပ်ချထားလိုက်တယ်။ ၁၈၂၃ ခုနှစ် စက်တင်ဘာလ ၂၃ ရက် ညပိုင်းမှာ အမှတ်မထင် မြန်မာ ၁၀၀၀ လောက် ကျွန်းကို ရေကူးသွားပြီး အိန္ဒိယလူမျိုး စစ်သား ၁၂ ယောက်လောက်ကို သတ်ပစ်လိုက်တယ်။ အဲဒီနောက် ကျွန်းမှာ မြန်မာက လက်နက်ကိုင်အစောင့် ချထားလိုက်တယ်။ အိန္ဒိယဘုရင်ခံ လော့ဒ်အမ်းစ်ရက်က ဒီကိစ္စကို ဘုရင်က မသိကျိုးကျွံပြုနေတယ်ဆိုပြီး စာရေးကန့်ကွက်တယ်။ ဘုရင်က လူတွေကို စစ်ပွဲထဲ ဆွဲသွင်းတာ မဟုတ်ဘူး။ လူတွေက ဘုရင်ကို အင်္ဂလိပ်နဲ့ဖြစ်တဲ့ စစ်ပွဲထဲ ဆွဲသွင်းလိုက်တာပါ။ ၁၈၂၄ ခုနှစ် ဇန်နဝါရီလမှာ မြန်မာစစ်တပ်က စစ်တကောင်းကို ဝင်တိုက်ဖို့ ပြင်နေပါပြီ။ ၁၈၂၄ ခုနှစ် မတ်လ ၃ ရက်နေ့မှာ ဘုရင်က မြို့တော်ကို အမရပူရကနေ အင်းဝကို ရွှေ့လိုက်တယ်။ ၁၈၂၄ ခုနှစ် မတ်လ ၅ ရက်နေ့မှာ ဘုရင်ခံက မြန်မာပြည်ကို တရားဝင် စစ်ကြေညာလိုက်တယ်။
#အောင်ကျော်ဆန်းဘာသာပြန်ပါတယ်
နောက်နေ့တင်မှာက အင်္ဂလိပ်မြန်မာ ပထမစစ်ပွဲမို့ နည်းနည်းရှည်ပါမယ်။

0 comments:

Post a Comment